နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
15.10.2017

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ် ရွှေဇား​ကျေးရွာသို့ ​​လာ​ရောက်​​သော မြို့နယ်​ လ.ဝ.က အဖွဲ့နှင့်​ နယ်​ခြား​စောင့်​ရဲအဖွဲ့က NVC လက်​မခံလျှင်​ ရွာလုံးကျွတ်​ မီးရှို့ပစ်​မည်​ဟု ​ဒေသခံရိုဟင်​ဂျာ​ကျေးရွာသားများကို ​ခြိမ်း​ခြောက်​၍ ​ဒေသခံအချို့ကို NVC အတင်းအဓမ္မ ထုတ်​​ပေးခဲ့​ကြောင်း သတင်းရရှိပါသည်​။

မြို့နယ်​ လ.ဝ.က အဖွဲ့နှင့်​ နယ်​ခြား​စောင့်​ရဲများအဖွဲ့သည်​ ​အောက်​တိုဘာလ (၁၃) ရက်​​နေ့က စပြီး မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်​စုသို့ ​သုံးရက်​ဆက်တိုက် ​ရောက်​ရှိလာခဲ့သည်​။ ပထမ​နေ့နှင့်​ ဒုတိယ​နေ့တွင်အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့သည်​ ​ရွှေဇား​ကျေးရွာအုပ်​စု ဂုံးနားရွာသို့ သွား​ရောက်​ခဲ့ပြီး ​ဒေသခံရွာသားများကို NVC လက်​ခံရန်​ အမျိုးမျိုး ဖြား​ယောင်း၍ စည်းရုံးခဲ့​သော်​လည်း ရွာသားများက NVC သည်​ ၎င်းတို့ကိုင်​​ဆောင်​ရမည့်​ ကဒ်​ပြားတစ်​ခုမဟုတ်​​ကြောင်း၊ ၎င်းတို့သည်​ အမျိုးသားမှတ်​ပုံတင်​ကဒ်​ပြား ကိုင်​​ဆောင်​သူများ သို့မဟုတ်​ ၎င်းတို့၏ သားသမီး ​မြေးမြစ်​များ ဖြစ်​​​သော​ကြောင့်​ တည်​ဆဲဥပ​ဒေအရပင်​လျှင်​ NVC ကို ၎င်းတို့ကိုင်​​ဆောင်စရာ မလို​အပ်​ကြောင်း အကျိုးအ​ကြောင်း​ပြောပြပြီး NVC ကို လက်​ခံရန်​ ငြင်းဆန်​ခဲ့သည်​။

သို့​သော်​ အဆိုပါ မြို့နယ်​ လ.ဝ.က အဖွဲ့နှင့်​ နယ်​ခြား​စောင့်​ရဲအဖွဲ့တို့သည် ယနေ့ အောက်​တိုဘာလ (၁၅) ရက်​​နေ့ရက်​​တွင် ရွှေဇား​ကျေးရွာ၊ ​မြောက်​အုပ်​စု၊ ကပ္ပ​ကောင်းရွာသို့ ​လာရောက်၍ ရွာသားများကို NVC လက်​ခံရယူရန်​ ခြိမ်း​ခြောက်​ ဖိအား​ပေးခဲ့သည်။ အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့၏ ရွာသားများအ​ပေါ် ခြိမ်း​ခြောက်​ပုံကို ​ဒေသခံတစ်​ဦး​က --

“အဲ့ဒီ NVC ထုတ်ပေးမယ့်အဖွဲ့က ကျွန်တော်တို့ရွာကို လာတာ ဒီ​နေ့နဲ့ဆို သုံးရက်​ရှိပြီ။ အရင်​နှစ်​ရက်​မှာ အမျိုးမျိုးဖြား​ယောင်းပြီး NVC လက်​ခံဖို့ စည်းရုံးခဲ့တယ်။ လူ​တွေကလည်း တည်​ဆဲဥပ​ဒေ​ဘောင်​အတွင်းက ပြန်​​ချေပ​မေးခွန်းထုတ်​လာ​တော့ ဒီ​နေ့က အရမ်းကိုခြိမ်းခြောက်ခဲ့တယ်။ သူတို့ထုတ်​​ပေးတဲ့ NVC လက်​မခံရင်​ တခြားရွာ​တွေကို မီးတင်​ရှို့သလို မီးရှို့ပစ်​ပြီး ခွေး​ပြေးဝက်​​ပြေး ​ပြေးရ​အောင်​ လုပ်​ပစ်​မယ်​လို့ ပက်​ပက်​စက်​စက်​ကို ခြိမ်း​ခြောက်​ခဲ့တယ်​” ဟု RB News သို့ပြောသည်။

နောက်​ဆုံးတွင်​ အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့သည်​ ဦးကော်​ဘိရ်​အမတ်​အိမ်​သို့ အတင်းအဓမ္မဝင်​​ရောက်​ပြီး ဦးကော်​ဘိရ်​အမတ်​ကို NVC အတင်းထုတ်​​ပေးခဲ့သည်​။ ထို့အပြင်​ G.E အလုပ်​လုပ်​ပြီး ပြန်​လာ​သော အလုပ်​သမားအချို့ကိုလည်း လမ်းမှ ဖမ်းဆီး​၍ NVC အတင်းအဓမ္မထုတ်​​ပေး၍ လွှတ်​​ပေးခဲ့သည်​။ အတင်းအဓမ္မထုတ်​ပေးသည့် NVC ကိုလက်​ခံရ​သော ​ဒေသခံအချို့တို့မှာ -

၁။ အာ​လောမ်​ (ဘ) ​ဦးဇော်​ဟိရ်​အမတ်
၂။ အ​ဗ်​ဒူ​မော်​​တော်​လောပ်​ (ဘ) ဦးအ​ဗ်​ဒူရှုက္ကူရ်
၃။ ဖိုက်​ဆဲလ်​ (ဘ) ဦးဟား​ဆောန့်
၎။ အာယုပ်​ခါန်​ (ဘ) ဦးဟာလာမျာ
၅။ ဇူဘိုက်​ရ်​ (ဘ) ​ဦးဘော်​ဒီအာ​လောမ်
၆။ မာမတ်​ဟားယာတ်​ (ဘ) ဦးအာဘုလ်​​ဖော်​ယာစ်
၇။ ဟားဘဲစ်​အမတ်​ (ဘ) ဦးရှားမ္မျာ တို့ဖြစ်​ကြသည်​။

မောင်​​တောမြို့နယ်​တွင်​ ​ရိုဟင်​ဂျာ​ကျေးရွာ တစ်​ရာ​ကျော်​ရှိခဲ့ရာ ၉၀% ​ကျော်​​သောကျေးရွာများကို အစိုးရလက်​နက်​ကိုင်​အဖွဲ့နှင့်​ အစွန်းရောက်​ရခိုင်​များက ပူး​ပေါင်း၍ မီးရှို့​ခဲ့သည်​။ ​ရွှေဇား​ကျေးရွာသည်​ မီးမရှို့ရ​သေးဘဲ ကျန်​ရှိ​နေ​သောရွာ ရွာအနည်းငယ်​ထဲတွင်​ တစ်​ရွာလည်း ဖြစ်​သည်​။ ​ရွှေဇား​ကျေးရွာအုပ်​စု ​ဂေါင်​ညာရွာတွင်​လည်း အိမ်​​ခြေ ၅၀ နီးပါးကို လွန်ခဲ့သည့်လတွင် မီးရှို့ခဲ့​သေးသည်​။ သို့​သော်​ ​ရွာငယ်​ ၁၄ ခုရှိ​သော ​ရွှေဇား​ကျေးရွာသည်​ ​မောင်​​တောမြို့နယ်​ရှိ ​ကျေးရွာများတွင်​ အကြီးဆုံး​ကျေးရွာ ဖြစ်​သလို မြန်​မာအာဏာပိုင်​များက စီးပွား​ရေးဇုံအဖြစ်​ လျာထား​သော ​နေရာတစ်​ခုလည်း ဖြစ်​သည်​။ 

မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ဦးမျိုးမြင့်​ကို NVC အဖွဲ့၏ ခြိမ်း​ခြောက်​မှုနှင့်​ပတ်​သက်​၍ RB News မှ ဆက်​သွယ်​​မေးမြန်းခဲ့ရာက ၎င်းက -

“သူတို့ အဓိက ​ရွှေဇားကို ပစ်​မှတ်​ထားတာ အ​ကြောင်း နှစ်​ခုရှိတယ်​။ ပထမတစ်​ခုက ​ရွှေဇားရွာမှာ NVC ​ထုတ်​​ပေးလို့ ​အောင်​မြင်​ရင်​ ဒီမှာ ကျန်​ရှိ​နေတဲ့ လူဦး​ရေရဲ့ ၅၀ ရာခိုင်​နှုန်းကို ​နိုင်​လိုက်​တဲ့သ​ဘောဖြစ်​သွားမယ်​။ ဒုတိယ တစ်​ခုက ဒီရွာကို မြန်​မာအစိုးရက လိုချင်​​နေပုံရတယ်​။ ဘာလို့ဆို​တော့ သူတို့က အဲ့ဒီရွာမှာ စီးပွား​ရေးဇုံတည်​​ထောင်​မယ်​ဆိုပြီး ဆိပ်​ကမ်း​တွေဘာ​တွေ​တောင်​ ​ဆောက်​​နေတယ်​။ NVC ကိုလက်​မခံရ​ကောင်းလား၊ ဒီ​ကောင်​​တွေ ဥပ​ဒေလိုက်​မနာဘူး ဘာညာအ​ကြောင်းရှာပြီး မီးရှို့ချင်​​နေပုံရတယ်​။

လူ​တွေက​တော့ ဒီကဒ်​က အာရ်​ကာန်​ရဲ့ဌာနေဖြစ်​တဲ့ ငါတို့ရိုဟင်​ဂျာနဲ့ ဘယ်​လိုမှမပတ်​သက်​ဘူး ဆိုပြီး ခံယူထား​တော့ သူတို့ ဘယ်​လိုပဲ ခြိမ်း​ခြောက်​ခြိမ်း​ခြောက်​ လက်​ခံမှာ မဟုတ်​ဘူး။ ငါတို့ရဲ့ အရာရာကို သူတို့ ဖျက်​ဆီးပစ်​ပြီပဲ။ အခုက ​သေမထူး ​နေမထူးနဲ့ ဘဝမျိုးမှာ ဒီလို ​ပေါက်​ကရတွေ လာလုပ်​​နေတာ လူ​တွေကို တမင်​ ဒုက္ခ​ပေး​နေတယ်​လို့ ထင်​တယ်​။ အဓိကက လူ​တွေ တစ်​​ယောက်​မကျန်​ အကုန်​ထွက်​​ပြေးသွား​အောင်​ လုပ်​​နေတာပါပဲ” ဟု ဖြေဆိုသည်။ 

ဒီမိုက​ရေစီ အစိုးရအ​နေဖြင့်​ ပြည်​သူများ လက်​မခံချင်​သည့်​ NVC ကို ပြည်သူအား ခြိမ်း​ခြောက်​ အနိုင်​ကျင့်၍ ​အတင်းထုတ်​​ပေး​နေခြင်းသည်​ ပြဿနာကို ​ဖြေရှင်း​နေသည်​ဟု ဆိုလိုရာ မ​ရောက်​ဘဲ ကြီးနိုင်​ငယ်​ညှင်း ဖိနှိပ်​​နေသည့်​ မင်းဆိုးမင်းညစ်​များ၏ လုပ်​ရပ်​ဆိုးသာ ဖြစ်​​ကြောင်း၊ ပြည်​​ထောင်​စုအစိုးရအ​နေဖြင့်​ ​ဒေသခံရိုဟင်​ဂျာများထဲမှ ​လူကြီးများနှင့်​ ​ပွင်းလင်းမြင်​သာ​စွာ သေချာ ​ဆွေး​နွေးပြီးမှ နိုင်​ငံသားစီစစ်​​ရေး လုပ်​ငန်းများကို လုပ်​သင့်​​ကြောင်း ဦးမျိုးမြင့်​က ဖြည့်​စွက်​​ပြောပါသည်။

ရိုဟင်​ဂျာပြည်​သူများ အ​နေဖြင့်​လည်း ရိုဟင်​ဂျာများနှင့်​ မည်​သို့မျှ မအပ်​စပ်​​သော NVC ကို ဥပ​ဒေ​ဘောင်​အတွင်းက ​ထောက်​ပြ၍ လက်​မခံကြရန်​ မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ဦးမျိုးမြင့်​က ​နှိုးဆော်သည်ဟု ဆိုသည်။ 







ယျာတင် (ရိုဟင်းသား)
RB News
11.10.2017

အကြမ်းဖက်ဂုဏ်​ထူးရခဲ့တဲ့ ဝီရသူအဖွဲ့ကို အစိုးရလုံခြုံ​ရေးအစီအမံနဲ့ ရခိုင်​ပြည်​နယ်​ကို ခဏခဏ ပို့​နေတာ​တွေအတွက်​ လက်​ရှိအစိုးရမှာ တာဝန်​ရှိပါတယ်​။ ဒီအကြမ်းဖက်​ဘုန်းကြီးဟာ ပြဿနာကို တကယ်​မီး​မွေး​နေတာ သိရက်​သားနဲ့ အစိုးရက ဒီအတိုင်းလွှတ်​ထားတာ တကယ်​ ​မေးခွန်းထုတ်​ဖို့ ​ကောင်းပါတယ်​။ ရခိုင်​​မြောက်​ပိုင်းမှာ ပြဿနာ မဖြစ်​ခင်​ ရက်သတ္တပတ်အနည်းငယ် အလိုမှာ ဒီအကြမ်းဖက်​ဘုန်းကြီး ရခိုင်​ပြည်​နယ်​ကို လာသွားခဲ့တယ်​။ ဒီအကြမ်းဖက်​ဘုန်းကြီးဟာ ​မောင်​​တော၊ ဘူးသီး​တောင်​နဲ့ ရ​သေ့​တောင်​ကို မွတ်စလင် ကင်းစင်​နယ်​​မြေ ဖြစ်​​စေရမယ်​လို့ ကြုံးဝါးထားတာလည်း ရှိတယ်​။ ရိုဟင်​ဂျာ​တွေကို တိရစ္ဆာန်​နဲ့ ခိုင်းနှိုင်းထားတာလည်း ရှိတယ်​။ ​နောက်​လည်း အဆိုးဆုံး စကားလုံး​တွေနဲ့ တိုက်​ခိုက်ခဲ့​တာ​တွေရှိတယ်​။ ဒါ​တွေကို အစိုးရက ဥပ​ဒေ​ဘောင်​ထဲက ယခုထိ ​ဖြေရှင်း​ပေးတာ မရှိ​သေးဘူး။ ဒီကိစ္စအတွက်​ ကျ​နော်​တို့ တရားအတိုင်း အသံထုတ်​ဖို့လိုတယ်​။

ARSA၊ AA ဒါမှမဟုတ်​ အခြားတိုင်းရင်းသား လက်​နက်​ကိုင်​​တွေရဲ့ လုပ်​ရပ်​​တွေကို အကြမ်းဖက်​တယ်​လို့ ​ပြောသလိုမျိုး ဒီဘုန်းကြီးအဖွဲ့ရဲ့ လုပ်​ရပ်​​တွေကိုလည်း အကြမ်းဖက်​မှု​ သက်ရောက်​တယ်​လို့ အစိုးရက ပြည်​သူကို တရားဝင်​ချပြဖို့လိုတယ်​။ သတင်းစာ​တွေမှာ အတိအလင်းထည့် ကြေညာဖို့လိုတယ်​။ ဥပ​ဒေအရ ထိထိ​ရောက်​​ရောက်​ အ​ရေးယူဖို့လိုတယ်​။ မဟုတ်​ရင်​ မြန်​မာပြည်​ရဲ့ ဥပ​ဒေက အကြမ်းဖက်​ရင်​ဖက်​ပါ​စေ ဘုန်းကြီးဖြစ်​ရင်​ အကာအကွယ်​​ပေးတဲ့ အသွင်​​ရောက်​​နေမယ်​။ ဒီဘုန်းကြီးရဲ့ အမုန်းတရား ထွင်​ထွင်​​ဟောခွင့်​ရ​နေခြင်းက မြန်​မာနိုင်​ငံရဲ့ ဒီမိုက​ရေစီအ​ရေး၊ တရားဥပ​ဒေစိုးမိုးမှုအ​ရေးမှာ အင်​မတန်​ ပိတ်​ဆို့ဟန့်​ထားမှုဖြစ်​​နေတာ အသိဉာဏ်​ရှိသူတိုင်း သိရှိနေသလို လက်​​တွေ့​ရင်​ဆိုင်​​နေရပြီးလည်း ဖြစ်​တယ်​။ ဒီ့အတွက်​လည်း ကျ​နော်​တို့ မျှမျှတတ အသံထုတ်​ဖို့လိုပါတယ်​။

အပြစ်​မဲ့တဲ့လူ​တွေကို သတ်​ဖြတ်​တာ၊ ဒါမှမဟုတ်​ သတ်​ရန်​ အား​ပေးလှုံ့​ဆော်တာ၊ အမုန်းတရားဖြန့်​တာ​ စတဲ့ ဥပ​ဒေပ လုပ်​ရပ်​ဆိုးတွေ ကျူးလွန်​သူ ဘယ်​သူမဆို အကြမ်းဖက်​သမားပါပဲ။ အဖွဲ့ဖြစ်​ရင်​ အကြမ်းဖက်​အဖွဲ့အစည်းပါပဲ။ ဘုန်းကြီးမို့လို့ အကြမ်းဖက်​သမား၊ အကြမ်းဖက်​အဖွဲ့အစည်း မ​ပြောရဘူးလို့​ပြောရင်​ ​ဒေါ်​အောင်​ဆန်းစုကြည်ရဲ့ တရားဥပ​ဒေစိုးမိုး​ရေးဆိုတာလည်း လူရယ်​စရာ ပြက်​လုံး​လောက်​ပဲ ဖြစ်​​လိမ့်​မယ်​။ ဒီ့အတွက်​ ကျ​နော်​တို့ ညီတူညီမျှ အသံထုတ်​ဖို့လိုပါတယ်​။

ရခိုင်​ပြည်​နယ်​အ​ရေးနဲ့ပတ်​သက်​ပြီး အသံထုတ်​​နေသူ​တွေကလည်း မျှမျှတတ အသံထုတ်​ဖို့လိုပါတယ်​။ ARSA ရဲ့လုပ်​ရပ်​​တွေဟာ ဥပ​ဒေအရ၊ Logic အရ၊ ကမ္ဘာ့ပညာရှင်​များရဲ့ သတ်​မှတ်​ချက်​အရ အကြမ်းဖက်​မှု​ရောက်​ခဲ့ရင်​ သူတို့ကိုလည်း ​ဝေဖန်​​ထောက်​ပြရမယ်​။ ရှုတ်​ချရမယ်​။ ကျ​နော်​ကိုယ်​တိုင်​လည်း ပြင်းပြင်းထန်​ထန်​ ​ဝေဖန်​ရှုတ်​ချပါမယ်​။ ရိုဟင်​ဂျာမို့လို့ အကြမ်းဖက်လုပ်​ရပ်​ လုပ်​​နေသူ​တွေကို အကာအကွယ်​​ပေး​ပြောဆိုဖို့ မရှိပါဘူး။ (ARSA ဖြစ်​​ပေါ်လာခြင်းရဲ့ ဆက်​စပ်​အ​ကြောင်းတရား​တွေအ​ကြောင်းကို လက်​​တွေ့​လေ့လာချက်​အရ​ရော၊ logic အရ​ရောက်​ နောက်​မှ ​ရေးပြမယ်​)

တစ်​ဆက်​တည်းမှာပဲ မြန်​မာအစိုးရက လူနည်းစု ရိုဟင်​ဂျာ​တွေကို နှစ်​​ပေါင်းများစွာကတည်းက စီမံကိန်းကျကျ ဖိနှိပ်​ရက်​စက်​ညှဉ်းပန်းလာတယ်​။ သူတို့ရဲ့ နိုင်​ငံသားအခွင့်​အ​ရေး​တွေကို အပထား၊ အ​ခြေခံလူ့အခွင့်​​တွေကို​တောင်​ ပိတ်​ဆို့ထားတယ်​။ ဒီအပြင်​ လူ ၆-သိန်း​ကျော်​ကို ဒုက္ခသည်​ဘဝ​ တွန်းပို့ခဲ့တာ​တွေ၊ အပြစ်​မဲ့ က​လေးသူငယ်​​တွေ၊ အားနွဲ့တဲ့အမျိုးသမီး​တွေ၊ အိုမင်းမစွမ်းဖြစ်​​နေတဲ့ သက်​ကြီးရွယ်​အို​တွေ များစွာကို သတ်​ဖြတ်​တာ​တွေ၊ သူတို့အိမ်​​တွေကို မီးရှို့တာ​တွေ၊ အ​ခြေအမြစ်​မရှိတဲ့ စွပ်​စွဲချက်​နဲ့ ဖမ်းဆီးပြီး နှစ်​ရှည်​​ထောင်​ဒဏ်​ချမှတ်​တာ​တွေ၊ လူ​ထောင်​​ပေါင်းများစွာကို Black list အဖြစ်​ ​ကြေငြာခဲ့တာ​တွေ စတဲ့ လူမဆန်​တဲ့ မတရားမှု​တွေအတွက်​လည်း ဥပ​ဒေ​ဘောင်​အတွင်းက ကျ​နော်​တို့ ​ထောက်​ပြဖို့လိုတယ်​။ ရှုတ်​ချဖို့လိုတယ်​။ ဒီ့အတွက်​လည်း ကျ​နော်​တို့ မျှတညီမျှစွာ အသံထုတ်​​ပေးဖို့ လိုပါတယ်​။

ထောက်​ခံသင့်​တဲ့ ပုဂ္ဂိုလ်​၊ အဖွဲ့အစည်း​တွေကို ​ထောက်​ခံရမယ်​လို့ ခံယူရင်​ ရှုတ်​ချသင့်​တဲ့ပုဂ္ဂိုလ်​​၊ အဖွဲ့အစည်း​တွေကိုလည်း ရှုတ်​ချရမယ်​။ ဒါကို မျှတမှုလို့​ခေါ်တယ်​။ တရားမျှတမှုကို ရင်​မှာ ပိုက်​ပြီး မျှတတဲ့ အသံထုတ်​မှု​တွေ ကျ​နော်​တို့ ရဲရဲဝံ့ဝံ့ထုတ်​ဖို့လိုတယ်​။

ခင်​​ဗျားတို့ရဲ့ အသံထုတ်​မှု၊ ​ထောက်​ပြမှု​တွေဟာ ညီမျှပါ​စေ။ မျှတပါ​စေ။ အ​ကြောက်​တရားထဲ ပိတ်​မိပြီး အားကြီးသူအလိုကျ (အကြမ်းဖက်​မှု​ရောက်​​ရောက်​) အသံထုတ်​​နေတာထက်​ အသံတိတ်​ပြီး​နေတာ ပိုသာမြတ်​ပါတယ်​။

ရိုဟင်​ဂျာဆိုတာလည်း လူသားပါပဲ​။ ကမ္ဘာ့အဆိုးဆုံး ဖိနှိပ်​ရက်​စက်​ညှဉ်​ပန်းမှုဒဏ်​ကို နှစ်​ရှည်​လ​ပေါင်းများစွာ ဖိစီးခံစား​နေရသူ​တွေပါ။ ဒီလူ​တွေကို တစ်​ဖက်​သတ်​ လက်​ညိုးထိုးပြီး အပြစ်​တင်​ အသံထုတ်​​​နေတာ​တွေကို victim blaming လို့​ခေါ်တယ်​။ Victim blaming ​တွေလုပ်​​နေသူ​မှာ တကယ်​​တော့ တရားမျှတမှု မရှိလို့ပါပဲ။ ရိုဟင်​​ဂျာတွေ လက်​ရှိခံစား​နေရတဲ့ဘဝနဲ့ တစ်​ရက်​​လောက်​သာ ​နေကြည့်​ရင်​ Victim blaming လုပ်​​နေတာ​တွေကို ငါတို့ ဒီတစ်​သက်​ လုပ်​ခဲ့မှာ မဟုတ်​ပါဘူးဆိုတာ ကျ​နော်​ ရဲရဲကြီးအာမခံပါတယ်​။

သင်​တို့ ငါတို့ရဲ့ အသံထုတ်​မှု​တွေ တရား​ပါ​စေ။ ညီမျှပါ​စေ။ မျှတပါ​စေ။

နိုင်​ငံ​တော်​အလံ နဲ့ သက်​မဲ့ရိုက​လေး

ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB ကဗျာ
10.10.2017

ဘယ်​ဖက်​ရင်​အုံး​အောက်​တည့်​တည့်​ နီရဲတဲ့ နှလုံးသားရှိတယ်
ဝါ၊စိမ်း၊နီ၊ အလယ်​မှာ ကြယ်​တစ်​ပွင့်​နဲ့ အလံ​တော်
အဲ့ဒီအလံ​တော်​ကို နှလုံးသားရှိရာ ဘယ်​ဖက်​ရင်​အုံးနဲ့ ကပ်​ထားတယ်

ဪ ....
သူတို့က နိုင်​ငံ​တော်​ကို ချစ်​မြတ်​နိုးတယ်
သူတို့က အလံ​တော်​ကို တန်​ဖိုးထားတယ်​။
အသက်​ရှိတုန်းကလည်း ​နှလုံးသားနဲ့ကပ်​ထားတဲ့အလံ​တော်
အသက်​မရှိ​တော့လည်း ​ဆက်​လက်​လွှင့်​​ထူနေဆဲပါ
သူတို့က နိုင်​ငံ​တော်​ကို ချစ်​မြတ်​နိုးစွာ ဝတ်​ဆင်​ထားတယ်
သူတို့က အလံ​တော်​ကို အသက်​နဲ့လဲပြီး တန်​ဖိုးထားတယ်​။

ဒီမှာ ...!!!
ခိုးဝင်​ခေါ်တာ ခင်​​ဗျားတို့အပိုင်း
ကိုယ့်​နိုင်​ငံကို ကိုယ်​ချစ်​မြတ်​နိုးတာ ကိုယ့်​အပိုင်း
ကိုယ့်​အလံ​တော်​ကို ကိုယ်​တန်​ဖိုးထားတာ ကိုယ့်​အပိုင်း
လူဆိုတာ ကိုယ့်​သမိုင်း ကိုယ်​​ရေးရတာ​လေ။

နိုင်​ငံ​တော်​ရဲ့ ခွဲခြားဖိနှိပ်​မှု သား​ကောင်​ဖြစ်​နေရသူများ
အသက်​​​တွေကို နတ်​မြစ်​အလယ်​မှာ ​ပေးဆပ်​ခံလိုက်​ရတယ်​။
ဒါ​ပေမယ့်​....!!!
ကိုယ်​ချစ်​တဲ့ နိုင်​ငံ​တော်​အလံကို
နှလုံးသားအ​ပေါ်တည့်​တည့်​ ဘယ်​ဖက်​ရင်​အုံးနဲ့ ကပ်​ထား​နေဆဲပါ
ဟုတ်​တယ်​ ...
သူတို့က နိုင်​ငံ​တော်​ကို ချစ်​မြတ်​နိုးစွာ ဝတ်​ဆင်​ထားတယ်
သူတို့က အလံ​တော်​ကို အသက်​နဲ့လဲပြီး တန်​ဖိုးထားတယ်​။


[ဓါတ်​ပုံ - ဖိနှိပ်​ရက်​စက်​မှုဒဏ်​ကို မခံနိုင်​၍ တိုင်းတစ်​ပါးသို့ ထွက်​​ပြေးခိုလှုံနိုင်​ရန်​ ကြိုးစားရင်း နတ်​မြစ်​အလယ်​မှာ ​လှေမြုပ်​၍ အသက်​ဆုံးပါးသွားသည့်​ ရိုဟင်​ဂျာ က​လေးငယ်​များ]





RB News
8.10.2017

ဘာလူခါလီ၊ ဘင်္ဂလားဒေ့ရှ် ။ ။ သြဂုတ်လ (၂၅) ရက်နေ့မှစ၍ မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော အပြစ်မဲ့ ရိုဟင်ဂျာပြည်သူများ သေဆုံးခဲ့ရပြီး ၅ သိန်းကျော် အိုးအိမ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ခိုလှုံနေရသည်။

သြဂုတ်လ (၂၅) ရက်နေ့မှစ၍ ရိုဟင်ဂျာများ၏ နေအိမ်များကို မြန်မာစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက နေ့စဉ်နေ့တိုင်း မီးရှို့ဖျက်ဆီးလျက်ရှိပြီး၊ အိုးအိမ်စွန့်ခွာသွားသည့် ရွာများမှ ရိုဟင်ဂျာများပိုင် ပစ္စည်းများ၊ ကျွဲ၊ နွားများကို ရခိုင်အစွန်းရောက်များက ခိုးယူလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဌ ဦးထွန်းခင် က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာကျောင်းသားများနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ငါးဘာသာဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကိုမောင်မောင်မြင့်က ၎င်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဂုဏ်ပြုခဲ့သော်လည်း တက္ကသိုလ် တက်ခွင့်မရခဲ့ဟု ပြောဆိုသည်။ ၎င်းက မြန်မာနိုင်ငံဖွား တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို တိုင်းရင်းသားဟု အသိအမှတ် ပြုခဲ့သော်လည်း ယခုအခါ တက္ကသိုလ်တက်ခွင့်ပင် မပေးတော့သည်ကို မေးခွန်းစရာ ဖြစ်နေသည်ဟု ဆိုသည်။

ဦးထွန်းခင် က တွေ့ဆုံမေးမြန်းထားသည့် ကျောင်းသားနှစ်ဦး ကိုမောင်မောင်ရွှေနှင့် ကိုမောင်မောင်မြင့် တို့၏ ဗီဒီယိုကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။





"နာကျည်းလွန်းပါ​တယ်​"

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
5.10.2017

အ​မြောက်​သံ၊ ​သေနတ်​သံတွေကို ကာရံလုပ်​ပြီး
သေ​ကြေပျက်​စီးမှုကို က​ဗျာလုပ်​ရ​အောင်
ဒီနှလုံးသားမှာ အစွမ်းအစ နည်းတယ်​။

လောင်​ချာ​တွေ၊ အ​မြောက်​​တွေ
ကျည်​ဆံ​တွေ၊ ​ဗုံး​တွေ
မုန်းတီးမှု​တွေ၊ မနာလိုမှု​တွေ
ငါတို့ဌာ​နေမှာ တစ်​ဖက်​သတ်​ လာဖူးပွင့်​​​တော့
ဌာ​နေထဲက ငှက်​က​လေး​တွေ
ရှောင်​နိုင်​ရာသို့ ဝရုန်းသုန်​ကာ ပျံသန်းသွားချိန်
ငှက်​က​လေး​တွေရဲ့ အ​တောင်​ပံ​တွေ
ရိုက်​ချိုးခံရတဲ့ သတင်းစကားများ
ကြားရများ​တော့ နားခါးလွန်းပါတယ်​။

ပြာလင်​​သော​ကောင်းကင်​​ကို​ ​နောက်​ခံထားပြီး
ပျံသန်းခွင့်​ မသာဘူး
မီးခိုး​တွေက တိမ်​တိုက်​​တွေ​အစား ​နေရာယူ
မိုးသား​တွေ​တောင်​ စိတ်​​ကောက်​သွားတယ်​။

ကောင်းမှာပဲ... မိုး​တွေ ရွာသွန်းရင်​​လေ
လူ​နေအိမ်​​တွေကို ဝါးမြို​နေတဲ့ မီးကို
မီးထဲအပစ်​ခံရတဲ့ အပြစ်​မဲ့ က​လေး​တွေကို
မိုးစက်​​တွေက သပ်​​ပေးနိုင်​ခဲ့မှာ​ပေါ့။

အ​တောင်​စုံ ချိုးခံရတဲ့ လူတွေရဲ့ မျက်​ရည်​စက်​​တွေ
နေရာမှားမှာ စွန့်​ပစ်​ခံပစ္စည်း ဖြစ်​​နေရခြင်း မရှိရင်
မီး​တောက်​ထဲက အိမ်​​လေး​တွေကို
အဲ့မျက်​ရည်​စက်​​တွေက ကယ်​နိုင်​ခဲ့မှာ။
မီး​တောက်​ထဲ အပစ်​ခံရတဲ့ က​လေးငယ်​ကိုလည်း
မျက်​ရည်​စက်​​တွေက သွားခြုံ​ပေးနိုင်​​ခဲ့မှာပဲ။

လူ့ဂုဏ်​သိက္ခာ​သေး​သေး​လေး အတွက်
ပေးဆပ်​ရမှုက မတန်​တဆဖြစ်​​နေရ​လေ​တော့
ရှေးက ကဝိ​တွေရဲ့ဆိုစကား နည်းပ​ဒေသ​တွေ​​တောင်
မှားယွင်းကုန်​​လေပြီ။

ကမ္ဘာ့အဖိနှိပ်​ခံဆုံး ဂုဏ်​ပုဒ်​မှ
အဆင့်​​လျှော့ပစ်​ချင်​​နေတဲ့ လူ​တွေကို
အကြမ်းဖက်​သမားဆိုပြီး အပြစ်​တင်​ရက်​ရင်
သင့်​လူသား ဝိ​သေသ​တွေဟာ
တောထဲက ကျားရိုင်းထက် မသာ​လောက်​ပါဘူး။

မျက်​စိအဆုံးမှာ ​ကောင်းကင်​ရှိတယ်
မျှော်​လင့်​ချက်​ကို အဲ့အထိ ဆွဲဆန့်​လိုက်​တယ်​။
ဇီဝိန်​​တွေကို လမ်းခင်းလို့
အာဇာနည်​​တွေ ဆက်​​လျှောက်​ခဲ့တယ်​။
ဒါ​တွေက
မ​နေ့ညက မက်​မိတဲ့ အိပ်​မက်​ပါ​လေ။

အမိဝမ်းမှ ထွက်​လာကတည်းက
မမြည်းစမ်းနိုင်​ခဲ့တဲ့ လူ့ဂုဏ်​သိက္ခာ​တွေ
ကမ္ဘာပတ်​ပြီး ရှာ​တွေ့ခွင့်​မရ​တော့တဲ့ အခါ
ကိုယ့်​အိုးနဲ့ ကိုယ်​တိုင်​ ချက်​စားချင်​​နေတဲ့
သင်​တို့ ငတ်​မွတ်​​နေသူ​တွေရဲ့လုပ်​ရပ်​က
လုံးဝဥဿုံ မမှန်​ကန်​ရင်​​တောင်
တစ်​စက်​​လေးမှ မမှားပါဘူး။

အရွယ်​စုံ ​လောင်​စာ​တွေရဲ့ ​ပေးဆပ်​ရမှု​တွေ
မေ့ရခက်​မယ့်​ ​သမိုင်းမှာ
ခမ်းနားကြီးကျယ်​စွာ ​ရေးမိခွင့်​ရဖို့
ငါတို့မှာ
အသက်​​စုံ​တွေ စာမျက်​နှာ လုပ်​နေရတာ
တကယ်​​တော့
ဟောဒီအသည်းထဲမှာ နာကျည်းလွန်းပါတယ်​။




မခင်ဖြူထွေး
5.10.2017

အခုပြုလုပ်သွားတဲ့ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲအတွင်းမှာတော့ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အခြေအနေအထိ ဖြစ်နေတယ်လို့ ဆိုပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က ဝေဖန်ပြောဆိုသွားပါတယ်။ ဒီပြဿနာအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့လည်း ပြောသွားပါတယ်။ အပြည်စုံကို မခင်ဖြူထွေးက ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ အလုံးအရင်း ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေကို ထောက်ပြပြီး ဒါဟာ ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က ဒီကနေ့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပါအ၀င် မြန်မာနိုင်ငံထဲမှာ မှီတင်း နေထိုင်နေထိုင်သူ အားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိပ်တန်း ဦးစားပေး ဆောင်ရွက်ရလိမ့်မယ်လို့ မစ္စတာ Royce က ပြောသွားပါတယ်။

“လွန်ခဲ့တဲ့တလက ဒေါ်အောင်ဆန်းစုကြည်ဆီ ကျနော် ရေးပို့ခဲ့တဲ့စာထဲမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့သလိုပါပဲ… လူမျိုး၊ ဘာသာမရွေး မြန်မာနိုင်ငံထဲမှာ ရှိနေသူတွေကို ကာကွယ်ဖို့ သူမရဲ့အစိုးရနဲ့ စစ်တပ်မှာ တာဝန်ရှိပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို တရားဥပဒေနဲ့အညီ အပြစ်ပေးရပါမယ်။ ဒီစိန်ခေါ်မှုတွေကို သူမနဲ့ စစ်ခေါင်းဆောင်တွေ ရင်ဆိုင် ဖြေရှင်းရပါလိမ့်မယ်။ ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဆိုတာ ကျနော်တို့ နှစ်ပေါင်းများစွာ ဦးစားပေး ဆောင်ရွက်လာတဲ့ကိစ္စပါ။ ဒီလိုကာကွယ်ဖို့ဆိုတာမှာ ရိုဟင်ဂျာတွေကို ချန်လှပ်ထားလို့ မရပါဘူး။ ဒါက ကျင့်ဝတ်သိက္ခာဆိုင်ရာ ကိစ္စပါ။ နိုင်ငံတော် လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စပါ။ ဒီကမ္ဘာပေါ်က ဘယ်လိုနေမှာပဲ ဖြစ်ဖြစ် အစွန်းရောက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ တိုးလာတာက ဘယ်သူ့အတွက်မှ ပိုပြီး လုံခြုံမလာပါဘူး။”

ဒီကနေ့ ကြားနာပွဲမှာ မကြာခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကလည်း သူ့ခရီးစဉ် လေ့လာချက်တွေနဲ့ပတ်သက်လို့ တင်ပြသွားပါတယ်။ ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းမှုတွေကို အစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ရပ်ပစ်ခဲ့တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပေမဲ့လို့လည်း ရခိုင်ပြည်နယ် တွင်းမှာ ခုချိန်ထိ အကြမ်းဖက်မှုအခြေအနေတွေ ဆက်ပြီး ရှိနေတယ်လို့ မစ္စတာ Murphy ကပြောပါတယ်။ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေအတွက် ကြက်ခြေနီလှုပ်ရှားမှုတွေနဲ့ အကူအညီတွေ ပေးနေတယ်လို့ မြန်မာ အစိုးရဘက်က ပြောဆိုထားတာပါ။ ဒါပေမဲ့ ဒီ ကြက်ခြေနီလှုပ်ရှားမှု တခုတည်းနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းလို့ မရဘူလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ ICRC ကိုယ်တိုင်က ပြောဆိုခဲ့တဲ့အကြောင်း မစ္စတာ Murphy က ထောက်ပြပါတယ်။ ဒါကြောင့် လိုအပ်နေသူတွေထံ အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဒေသတွင်း ၀င်ရောက်ခွင့်ပြုဖို့ တိုက်တွန်းသလို၊ သတင်းမီဒီယာတွေ သွားရောက် လေ့လာခွင့်ပေးဖို့ လိုအပ်တဲ့အကြောင်းလည်း မစ္စတာ မာဖီက ပြောသွားပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်တခုတည်းရဲ့ ပြဿနာ မဟုတ်ဘူးလို့ သူက ပြောသွားပါတယ်။

“အခု ဒီအကျပ်အတည်းပြဿနာဟာ ရခိုင်ပြည်နယ်တွင်းမှာတင် ဖြစ်နေတာမဟုတ်ဘဲ၊ တခြား မြန်မာပြည်ရဲ့ ဆန်းသစ်စ ဒီမိုကရေစီဟာလည်း အလှည့်အပြောင်းကို ရောက်နေပါတယ်။ ပြဿနာကို ကြီးကြီးမားမား တုံ့ပြန်ကိုင်တွယ်လိုက်တာကြောင့် နိုင်ငံတကာက အကြမ်းဖက်အဖွဲ့တွေကို ဖိတ်ခေါ်သလိုဖြစ်နေပါတယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေကိုလည်း ခြိမ်းခြောက်မှုတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုတွေရပ်တန့်ပြီး လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေ လုပ်နိုင်အောင် ကျနော်တို့အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံနေပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းကလည်း ကျနော်ကိုယ်တိုင် မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါအ၀င် အစိုးရအရာရှိကြီးတွေ စစ်တပ်အရာရှိကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးပြီး၊ အပြစ်ရှိသူတွေကို ကိုင်တွယ်မယ်၊ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာတွေကို ကတိက၀တ်ပေးထားပါတယ်။ ဒါပေမဲလည်း ပကတိ မြေပြင်အခြေအနေကတော့ ဆိုးဝါးနေဆဲပါ။ ဒါကြောင့် ဒီ ကတိက၀တ်အတိုင်း အပြည့်အ၀ ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ ဆောင်ရွက်သွားရပါလိမ့်မယ်။”

လက်ရှိ ဒုက္ခသည်တွေအတွက် ရေရှည်ခိုင်မာတဲ့ အဖြေထုတ်နိုင်ဖို့နဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ကိစ္စဟာ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အဓိက စိုးရိမ်ချက်ဖြစ်တယ်လို့လည်း မစ္စတာ Murphy က ပြောပါတယ်။ ရခိုင်ပြဿနာ ချဉ်းကပ်တဲ့နေရာမှာ အမေရိကန်တဦးတည်း အနေနဲ့ ဆောင်ရွက်မှာ မဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေ အပါအ၀င် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ သိပ်ကိုလိုအပ်နေတဲ့ ဖိနှပ်မှုတွေလျော့ပါးအောင်၊ တာဝန်ခံမှုရှိအောင်၊ ဒီမိုကရေစီထွန်းကားရေးနဲ့ ဖွံ့ဖြိုးရေး ပိုမိုခရီးရောက်အောင်၊ အမေရိကန်ပြည်ထောင်စုက အားလုံးခြုံသုံးသပ်တဲ့ မူဝါဒကိုချမှတ် ဆောင်ရွက်နေပါတယ်။ အားလုံးလူ့ဂုဏ်သိက္ခာရှိရှိ နေနိုင်ကြဖို့ ကျနော်တို့ တနိုင်ငံတည်း လုပ်မှာမဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ သတ္တိရှိရှိပြောဆိုပေးနေတဲ့ အဖွှဲအစည်းတွေနဲ့ပါ တိုင်ပင်ညှိနှိုင်းနေပါတယ်။ လောလောဆယ် အကျပ်အတည်းတွေ ဖြစ်နေတာဟာ ကွန်ကရက်လွှတ်တော်နဲ့ ကျနော်တို့ ကြိုးစားပမ်းစားအားထုတ်ပေးခဲ့ကြတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိလွယ်ခိုက်လွယ် ဖြစ်စေနိုင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန် သမ္မတ၊ ဒုသမ္မတ အပါအ၀င် အမေရိကန် ထိပ်တန်း အရာရှိတွေ အနေနဲ့ အခိုင်အမာ ထိတွေ့ဆက်ဆံမှုတွေ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း မစ္စတာ Murphy က ပြောသွားပါတယ်။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ဂိတ်တွေ ဖွင့်ပြီး ကြိုဆိုခဲ့တဲ့အပေါ်မှာတော့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Royce က ဒီကနေ့ ကြားနာပွဲမှာ ချီးကျူးပြောဆိုသွားပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ကတိပြုထားတဲ့အတိုင်း အသစ်ထပ်မံ ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် ခိုလုံစရာနေရာတွေနဲ့ အကူအညီတွေ ပေးသွားဖို့ကို မစ္စတာ Royce က တိုက်တွန်း ပြောဆိုသွားပါတယ်။

MYARF
RB News
2.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် များသို့ ကုလသမဂ္ဂမှ အရာရှိများ၊ သံတမန်များကို အစိုးရ အစီအစဉ်ဖြင့် သွားရောက်လေ့လာခွင့် ပြုခဲ့ရာ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုသည့် ရိုဟင်ဂျာတစ်ဦးကို နယ်ခြားစောင့်ရဲများက လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် တိမ်းရှောင်နေရသည်။

ကုလသမဂ္ဂ အရာရှိများ၊ သံတမန်များသည် မောင်တောမြို့နယ် ပန်းတောပြင် ရွာသို့ နှစ်သုတ်ခွဲ၍ ယနေ့ အောက်တိုဘာလ (၂) ရက်နေ့ နေ့လည် ၁၂ နာရီခွဲတွင် တစ်သုတ်၊ နာရီဝက်​အကြာခန့်တွင် တစ်သုတ်ခွဲ၍ ရောက်ရှိလာခဲ့သည်။

အာဏာပိုင်များက ယခင်ကတည်းက အကျပ်ကိုင်ထားပြီး၊ သင်ထားပေးသည့် ဒေသခံများနှင့် တွေ့ဆုံပေးခဲ့ပြီး၊ အဓိကအားဖြင့် ကျေးရွာ ယာယီတာဝန်ခံ ဦးအဏ္ဏ၀ါရ်နှင့် အဖွဲ့အား တွေ့ဆုံပေးခဲ့သည်။

“အဓိကတော့ ယာယီတာဝန်ခံနဲ့ အဖွဲ့ကို တွေ့ပေးတယ်။ ဒီရွာမှာ လူတွေ အေးအေးချမ်းချမ်း နေနိုင်ခဲ့တယ်။ အစိုးရက စောင့်ရှောက်ပေးတယ်။ အမြဲပဲ လာကူညီနေတယ် စသည်ဖြင့် ပြောခိုင်းတယ်။ အာဏာပိုင်တွေကလည်း သံတမန်တွေ အနားက မခွာတော့ အစိုးရအလိုကျ ပြောလိုက်ရတယ်။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထိုသို့တွေ့ဆုံစဉ် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သည့် ဒေသခံရိုဟင်ဂျာတစ်ဦးက ကြားဝင်၍ အခြေအနေမှန်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ရှင်းပြခဲ့သည်။ ၎င်းက ၎င်း၏ အိမ်ကိုလည်း အာဏာပိုင်များနှင့် ရခိုင်များက မီးရှို့ခဲ့ကြောင်း အကျယ်တ၀န့်ရှင်းပြခဲ့သည်။

ကုလသမဂ္ဂ အရာရှိများ၊ သံတမန်များ ပြန်လည် ထွက်ခွာသွားသည်နှင့် အာဏာပိုင်များက ၎င်းအား အပူတပြင်း လိုက်လံရှာဖွေနေကြောင်း၊ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုခဲ့သူလည်း ၎င်းအား ဖမ်းဆီးတော့မည်ကို သိရှိ၍ ချက်ချင်းဆိုသလို တိမ်းရှောင်သွားခဲ့ကြောင်း၊ ညနေ ၅ နာရီခွဲ အချိန်တွင် မန်ကျည်းချောင်း ရဲမှူးက နယ်ခြားစောင့်ရဲ နှစ်ဦးကို ကျေးရွာယာယီတာဝန်ခံအား စစ်ဆေးရန် သွားရောက် ခေါ်ခိုင်းခဲ့သည်။ ယာယီတာဝန်ခံက နယ်ခြားစောင့်ရဲ နှစ်ဦးနှင့် သွားမည် ဟန်ပြုပြီးမှ ထွက်ပြေးသွားခဲ့သည်။

ထို့နောက် ပန်းတောပြင်နှင့် အနီးဝန်းကျင် ကျေးရွာများရှိ စစ်တပ်မှ တာဝန်ခံ တပ်ရင်းမှူးကို ဖုန်းခေါ်၍ အကြောင်းစုံ တင်ပြခဲ့ရာ တပ်ရင်းမှူးက “အင်္ဂလိပ်လို ပြောတဲ့လူက အစိုးရကို မဟုတ်မမှန် စွပ်စွဲတယ်။ သူက အကြမ်းဖက်သမားပဲ။ သူ့လိုလူကြောင့် အစိုးရ သိက္ခာကျတယ်” ဟု ပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပန်းတောပြင်ရွာသားများသည် မန်​ကျည်း​ချောင်း နယ်​ခြား​စောင့်​စခန်းမှ ရဲမှူး၏ လိုက်လံရှာဖွေခြင်း၊ ပြောဆိုမှုများကြောင့် ကြောက်လန့်လျက် ရှိပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် စီစဉ်လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။



ဓါတ်ပုံ - MOI


အဗ်ဒူလ်အဇီဇ်နှင့် ဇာဟိတ် (ဓါတ်ပုံ - HRW)


RB News
1.10.2017

၉ နှစ်အရွယ်သာ ရှိသေးတဲ့ အဗ်ဒူလ်အဇီဇ်ရဲ့ ရုပ်ရည်က အသက်ထက်ကြီးတဲ့ အရွယ်လို့ ထင်နေရတယ်။ လွန်ခဲ့တဲ့ ၄ ပတ်ကျော်အချိန်က သူ့ရဲ့မိဘနှစ်ပါးနဲ့ မောင်နှမ (၃) ယောက်ကို ဗမာစစ်သားတွေ သတ်ဖြတ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး မိသားစု (၇) ယောက်ရှိတဲ့ထဲက သူ့ရဲ့ ၆ နှစ်သား ညီလေးတစ်ဦးသာ အသက်ရှင်ခွင့် ရခဲ့တယ်။ 

လွန်ခဲ့တဲ့ သြဂုတ်လ (၃၀) ရက်နေ့က တူလာတူလီ ဆိုတဲ့ရွာလေးက ရာနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ဗမာစစ်သားတွေက ၀င်ရောက်သတ်ဖြတ်တဲ့အချိန်မှာ အဗ်ဒူလ်အဇီဇ်က သူ့ရဲ့ (၆) နှစ်သား ညီလေး ဇာဟိတ်ကို လက်ဆွဲပြီး ကျည်ဆံတွေကြားကနေ ချောင်းကို ကူးပြီး ပြေးတယ်။ သူတို့လို ချောင်းဖြတ်ပြေးသူတွေကို စစ်သားတွေက ပစ်နေတော့ ချောင်းကူးနေရင်းနဲ့ အချို့သေဆုံးခဲ့တယ်။ 

သူတို့ ညီအစ်ကိုနှစ်ယောက် ချောင်းကူးနေရင်းနဲ့ သူတို့ရဲ့ ဖခင် မူဖီးဇ် (အသက် ၃၅ နှစ်) ကို စစ်သားတွေကို ပစ်သတ်လိုက်တာကို မြင်လိုက်ရပြီး၊ သူတို့မိခင်ဖြစ်သူ ရာဘူ (အသက် ၃၀ နှစ်)၊ သူတို့ရဲ့ အစ်ကို ဂျနာသ်အုလ္လာ (အသက် ၁၀ နှစ်)၊ ညီလေး ရှာဘုလ္လာ (အသက် ၅ နှစ်) နဲ့ ညီမလေး မူမ်သာဇ် (အသက် ၃ နှစ်) တို့ကို စစ်သားတွေက နီးရာအိမ်တစ်အိမ်ထဲ ထည့်ပြီးနောက် မီးတောက်မီးလျှံတွေ ထွက်လာတာကို တွေ့လိုက်ရတယ်။

သူတို့လိုပဲ ဘင်္ဂလားဒေ့ရှ်က ကူသူပါလောင် ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ၁၀ နှစ်သား အလီ ရဲ့ မိဘနှစ်ပါးနဲ့ မောင်နှမ (၃) ယောက်ကိုလည်း ဗမာစစ်သားတွေက သတ်ဖြတ်ခဲ့တယ်။ ဒီကလေးကို စောင့်ရှောက်ထားသူတွေက အလီ က သူ့ရဲ့ မိသားစုကို သတ်ဖြတ်တာ တွေ့ပြီးကတည်းက စကားမပြောတော့ဘူးလို့ ဆိုတယ်။ 

Human Rights Watch မှ Emergency Director Peter Bouckaert ရေးသားထားသည့် Rohingya Children Witness Crimes Against Humanity ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။ 

(ဓါတ်ပုံ - AP)


RB News
1.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဩဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့၌ မီးရှို့ခဲ့ပြီး အဆိုပါကျေးရွာသူကျေးရွာသားများ၏ ကျွဲ၊ နွား များကိုလည်း ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့သည်။

ထိုသို့ ဓားပြတိုက်လုယက် သွားခဲ့သည့် ကျွဲ၊ နွား များထဲတွင် ကျီးကန်းပြင်တောင်ရွာမှ ၁။ ဦးဒိလ်မာမတ်၊ ၂။ ဦးအီမာန်ဟူးဆောင်း နှင့် ၃။ ဦးဘော်ရှောရ်တို့ သုံးဦးပိုင်ဆိုင် ကျွဲ၊ နွား (၄၅) ကောင်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး သူရစန်းလွင်၏ အမာခံလူများဖြစ်ကြသည့် ရွှေဇားကျေးရွာမှ ဦးရွှေမောင်နှင့် လိပ်ရကျေးရွာမှ ဦးကာသိမ်းတို့ကို အပ်ထားခဲ့သည်။

ထိုသို့ အပ်ထားသည်ကို ကြားသိ၍ ကျွဲ၊ နွား ပိုင်ရှင်များ၏ ဆွေမျိုးများက စက်တင်ဘာလ (၂၉) ရက်နေ့တွင် ဦးရွှေမောင်နှင့် ဦးကာသိမ်းတို့ထံ သွားရောက်၍ ၎င်းတို့၏ ကျွဲ၊ နွား များကို ပြန်ပေးရန်တောင်းဆိုခဲ့သည်။ သို့သော် ဦးရွှေမောင်နှင့် ဦးကာသိမ်းတို့က ၎င်း ကျွဲ၊ နွားများကို ကွပ်ကဲရေးမှူးက အပ်ထားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ပြန်ပေး၍ မရကြောင်း ဖြေဆိုခဲ့သည်။

"သူတို့က လယ်သမားကြီးတွေ၊ အိမ်တွေဘာတွေလည်း အကုန် မီးရှို့ခံရတာ၊ ကျွဲ နွားတွေလည်း အလုခံရတယ်၊ ဘာဆိုဘာမှမကျန်တော့တာ၊ ဒီတော့ သူတို့ခမျာ သူတို့ရဲ့ ကျွဲ နွားတွေ ပြန်ရမလား ဆိုပြီး သွားတောင်းတာ၊ ဟိုက ကွပ်ကဲရေးမှူးနဲ့ကိုင်ပြောတော့ သူတို့ခမျာ မရဘဲ ပြန်လာရတယ်ပေါ့နော်" ဟု ကျွဲ၊ နွားပိုင်ရှင်များနှင့် နီးစပ်သူတစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ကျွဲ၊ နွား များကို စက်တင်ဘာလ (၃၀) ရက်နေ့တွင် ရွှေဇားကျေးရွာမှ တဆင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ တင်ပို့ရောင်းချလိုက်သည်ဟု ဒေသခံများက ပြောပါသည်။

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် မြန်မာအစိုးရ၏ လက်နက်ကိုင်များက ရိုဟင်ဂျာများ၏ အိမ်များကို လာရောက်မီးရှို့မှုကြောင့် ဒေသခံရိုဟင်ဂျာများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းတို့၏ အိမ်မွေး တိရစ္ဆာန်များ၊ ဥစ္စာပစ္စည်းများကို အာဏာပိုင်များနှင့် အစွန်းရောက်ရခိုင်များက လုယက်ယူဆောင် သွားခဲ့သည်။ လုယက်ထားသည်များထဲမှ ပစ္စည်းအချို့ကို ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ရန် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ တင်ပို့ရောင်းချချင်သည်များကို ကွပ်ကဲရေးမှူးက ၎င်းနှင့်နီးစပ်သည့် ရိုဟင်ဂျာများကို ပြန်၍ အသုံးချသည်ဟု အဆိုပါဒေသခံက ပြောပါသည်။


ဟိန္ဒူအလောင်းများ ရှာတွေ့သည်ဟု ကြေညာပြီးနောက် အသတ်ခံရသူများ၏ ဆွေမျိုးဆိုသူများ အစုလိုက်အပြုံ မြှပ်ထားသည့် ကျင်းအနီးတွင် ငိုနေကြစဉ် (ဓါတ်ပုံ - Reuters)

Mahadi Al Hasnat 
Dhaka Tribune
1.10.2017

စက်တင်ဘာလ (၂၇) ရက်နေ့မှာ ဖကီရာဘဇာရ် (ခမောင်းဆိပ်) နားမှာ ဟိန္ဒူ လူသေအလောင်း ၄၅ လောင်း အစုလိုက်အပြုံလိုက် မြှပ်ထားတဲ့ကျင်းကို ရှာတွေ့ခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့တယ်။

ဘင်္ဂလားနိုင်ငံကို ၅ သိန်းကျော် ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိလာတာမှာ ဟိန္ဒူက လက်တစ်ဆုပ်စာလောက်သာ ရှိတယ်။ သူတို့က သတင်းထောက်တွေ၊ အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူတို့ရဲ့ မွတ်စလင် အိမ်နီးချင်းတွေလို မီးရှို့ခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ ပြောပြခဲ့တယ်။ 

မောင်တောမြို့နယ် ခမောင်းဆိပ်က ရောက်လာတဲ့ ဟိန္ဒူဒုက္ခသည်တွေက သူတို့က အမည်းရောင်မျက်နှာဖုံးအုပ်တွေက သူတို့ကို ဘယ်လို ပုံစံနဲ့ ပစ်သတ်ခဲ့တာတွေ၊ ဘယ်လိုပုံစံနဲ့ ဓါးနဲ့ထိုးသတ်ခဲ့ပြီး အလောင်းတွေကို ကျင်းထဲမြှပ်ခဲ့တာတွေကို ပြောပြခဲ့တယ်။ 

လွန်ခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကစပြီး သူတို့ထွက်ဆိုခဲ့တာ အချို့ကို စပြီးပြောင်းလဲပစ်လာတယ်။ ကော့ဇ်ဘဇားခရိုင်၊ အူကီးယားမြို့က သီးခြားဒုက္ခသည်စခန်းမှာနေတဲ့ ဟိန္ဒူတွေက သူတို့ကို မွတ်စလင် လက်နက်ကိုင်တွေက တိုက်ခိုက် သတ်ဖြတ်ခဲ့တာဆိုပြီး အပြစ်ပုံချလာတော့တယ်။

လွန်ခဲ့တဲ့အပတ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ကူသူပါလောင် ဒုက္ခသည်စခန်းက ဟိန္ဒူအမျိုးသမီးတွေက အမျိုးသားတစ်စုက သူတို့ကို အစ္စလာမ်ဘာသာကို အတင်းအဓမ္မ ပြောင်းခိုင်းပြီး ခေါ်လာခဲ့တယ်လို့ AFP သတင်းဌာနကို ပြောတယ်။ 

အဲဒီအမျိုးသမီးတွေထဲက တစ်ဦးက သူ့ကို အတင်းအဓမ္မ နမားဇ် ၀တ်ပြုခိုင်းပြီး ဘူရ်ခါဝတ်ခိုင်းတယ်လို့ အိန္ဒိယက Inida Today ဆိုတဲ့ မဂ္ဂဇင်းရဲ့ သတင်းထောက်ကို ပြောတယ်။

သြဂုတ်လ အကုန်ပိုင်းမှာ Reuters သတင်းဌာနက ဟိန္ဒူအမျိုးသမီးတွေကို ရခိုင်ဗုဒ္ဓဘာသာဝင်တွေက တိုက်ခိုက် သတ်ဖြတ်ခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း ရေးသားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ ပြောတာတွေကို ပြောင်းပြီး သူတို့ကို တိုက်ခိုက်ခဲ့တာ ရိုဟင်ဂျာမွတ်စလင်တွေ ဖြစ်ကြောင်း၊ သူတို့ကို ဒီကိုခေါ်လာပြီး ရခိုင်ဗုဒ္ဓဘာသာတွေကို အပြစ်ပုံချဖို့ ပြောခိုင်းဖြစ်တယ်ဆိုပြီး ထွက်ဆိုပြန်တယ်။

စက်တင်ဘာလ (၂၇) ရက်နေ့မှာ မြန်မာအစိုးရက ခမောင်းဆိပ်နားမှာ ဟိန္ဒူအလောင်း ၄၅ လောင်း အစုလိုက် အပြုံလိုက် မြှပ်ထားတဲ့ကျင်းကို ရှာတွေ့တယ်လို့ ကြေညာခဲ့တယ်။ ပြည်တွင်းပြည်ပ သတင်းထောက်တွေက ရွာရဲ့အပြင်မှာ ခင်းကျင်းပြသထားတဲ့ အရိုးသာမြင်ရတဲ့ အလောင်းတွေကို သွားကြည့်ခဲ့ကြပြီး၊ အနားမှာတော့ ၀မ်းနည်းပူဆွေးနေတဲ့ ဆွေမျိုးဆိုသူတွေ ရှိနေကြတယ်။

မောင်တောမြို့တွင် မီးရှို့ခံထားရသည့် ရွာကို ကောင်းကင်မှ မြင်ရသည့် မြင်ကွင်း (ဓါတ်ပုံ - Reuters)

ရိုဟင်ဂျာက ရိုဟင်ဂျာကိုသတ်တာလား?

မြန်မာစစ်တပ်ကတော့ အခုသတ်ဖြတ်မှုအတွက် အာရ်ကာန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ကို အပြစ်ပုံချတယ်။ သတင်းထောက်တွေက အစိုးရကစီစဉ်တဲ့ တရားဝင်ခရီးစဉ်ကလွဲပြီး ကျန်တဲ့အချိန် ၀င်ခွင့်မရတာကြောင့် မှန်ကန်မှု ရှိ/မရှိကို စုံစမ်းခွင့်မရှိဘူး။

အဲဒီနေ့မှာဘဲ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဟိန္ဒူဒုက္ခသည်တွေကို မြန်မာပြည်ပြန်လာဖို့ ရခိုင်ပြည်နယ်အစိုးရက ပြောတယ်။ သူတို့ကို စစ်တွေမှာ သေချာ ဂရုစိုက်ထားမယ်လို့ မြန်မာသတင်းဌာနက ရေးသားချက်အရ သိရှိရတယ်။ 

အခုဆောင်းပါးရေးသားသူက အူကီးယားက ဟိန္ဒူဘုရားကျောင်းနားမှာရှိတဲ့ ကြက်ခြံအတွင်းမှာ ယာယီဆောက်လုပ်ထားတဲ့ အိမ်တွေမှာရှိတဲ့ ဟိန္ဒူဒုက္ခသည်တွေဆီ သွားရောက်ခဲ့တယ်။ အဲဒီမှာရှိသူ အများစုက မောင်တောမြို့နယ် ချီကန်ချာရီ၊ ဖကီရာဘဇာရ် (ခမောင်းဆိပ်) နဲ့ ဘော်လီဘဇာရ် (ကြိမ်ချောင်း) တို့က သူတွေဖြစ်တယ်။ 

ဒုက္ခသည်တွေက သူတို့က အမည်းရောင်အဖွဲ့ (ဟာလာပါတီ) ရဲ့ သတ်ဖြတ်မှုကို ရှောင်ရှားဖို့ အသက်လုပြီး ပြေးလာခဲ့ရတယ်လို့ ဆိုတယ်။ သူတို့က အဲဒီအဖွဲ့က ရိုဟင်ဂျာမွတ်စလင်တွေ ဖြစ်တယ်လို့ ယုံကြည်နေကြတယ်။

“မွတ်စလင်အကြမ်းဖက်သမားတွေက မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်နေတဲ့ ဟိန္ဒူတွေအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်မှုတွေ ဖြစ်နေတယ်” လို့ အသက်ငယ်ငယ်ရွယ်ရွယ် ဟိန္ဒူအမျိုးသမီး ပူဂျာမာလိခ်က ပြောတယ်။  သူမရဲ့ ခင်ပွန်းသည်ကို သြဂုတ်လ (၂၅) ရက်နေ့မှာ အမည်းရောင် မျက်နှာဖုံးအုပ် အဖွဲ့က သတ်ဖြတ်လိုက်တယ်လို့ ဆိုတယ်။

“အစိုးရက မွတ်စလင်တွေကို ကျွန်မတို့လို အစိမ်းရောင် ဒုတိယတန်းစား နိုင်ငံသားပေးချင်တယ်။ သူတို့က မလိုချင်ဘူး။ သူတို့က မော့ဂ် [ရခိုင်] တွေလို အနီရောင် ပထမတန်းစား နိုင်ငံသားဖြစ်ချင်တယ်” လို့ သူမကဆိုတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံသား (၃) မျိုးရှိပြီး အစိမ်းရောင်ကဒ်ကတော့ ပြုနိုင်ငံသားဖြစ်ပြီး၊ ပြည်ပက ၀င်ရောက်လာသူတွေကို ပေးတာပါ။ 

ဟိန္ဒူဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၀င်ရောက်လာတဲ့ အချိန်မှာတော့ သူတို့ရဲ့ ဖခင်တွေနဲ့ ခင်ပွန်းသည်တွေကို မြန်မာစစ်တပ်က မွတ်စလင်တွေကို သတ်ဖြတ်တာမှာ မကူညီလို့ သတ်ဖြတ်ခဲ့တယ်ဆိုပြီး သတင်းဌာနတွေကို ပြောဆိုခဲ့ကြတယ်။ 

မိခင်လောင်း အသက် (၁၈) နှစ်အရွယ် အနီကာဒါဟ် - ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူသူပါလောင် ဟိန္ဒူဒုက္ခသည် စခန်းမှာ အခြား မိသားစု ၇၇ စုနဲ့ အတူ နေထိုင်လျက်ရှိပြီး၊ သူ့ရဲ့ ခင်ပွန်းကို သြဂုတ်လ (၂၇) ရက်နေ့မှာ မြန်မာစစ်တပ်က သတ်လိုက်တယ်လို့ ဆိုတယ်။ ဒီဓါတ်ပုံကို စက်တင်ဘာလ (၁၉) ရက်နေ့မှာ ရိုက်ကူးထားတာပါ။ (ဓါတ်ပုံ - Mahmud Hossain Opu/Dhaka Tribune)

New Age သတင်းဌာနရဲ့ ကော့ဇ်ဘဇား သတင်းထောက် နူရူလ်အစ္စလာမ်ကတော့ “သူတို့ [ဟိန္ဒူ] ဘင်္ဂလားဒေ့ရှ်ကို မွတ်စလင်ဒုက္ခသည်တွေနဲ့ ရောက်လာတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေက သူတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့မှာ သူတို့ပြောထားတာတွေ အသံသွင်းထားတာရှိပါတယ်” လို့ ပြောတယ်။ 

“မြန်မာစစ်တပ်နဲ့ ဗုဒ္ဓဘာသာဝင်တွေက ကျွန်မရဲ့ ခင်ပွန်းကို မွတ်စလင်တွေကို သတ်ဖြတ်တာမှာ ၀င်မကူညီလို့ သတ်လိုက်တယ်” လို့ ကိုယ်ဝန်ဆောင် ဟိန္ဒူအမျိုးသမီး အနီကာဒါဟ် က သြဂုတ်လကုန်ပိုင်းမှာ New Age သတင်းဌာနကို ပြောခဲ့တယ်။ 

သူမက Reuters Television က အကြီးတန်း သတင်းထောက်ကိုလည်း သူမ ခင်ပွန်း သတ်ဖြတ်ခံရပြီးတဲ့နောက် မွတ်စလင်ရွာမှာ သွားနေခဲ့ပြီး အဲဒီကနေ မွတ်စလင်တွေနဲ့ အတူ ဘင်္ဂလားဒေ့ရှ်ကို လာခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်။ 

နောက်အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ ပဒ်မာဘလာ က ဘင်္ဂလားဒေ့ရှ်ကို သြဂုတ်လ (၃၀) ရက်နေ့မှာ ရောက်ရှိလာပြီး အဲဒီသတင်းထောက်ကိုပဲ “မော့ဂ် [ရခိုင်] တွေက သူတို့ကို ခုတ်သတ်နေတယ်” လို့ ပြောခဲ့တယ်။ Reuters သတင်းထောက်ဆီမှာ အသံသွင်းထားတာ အခုထိ ရှိနေတယ်။ 

ဟိန္ဒူအမျိုးသမီး တော်တော်များများက မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ရှောင်ကွင်းဖို့အတွက် မွတ်စလင်အိမ်နီးချင်းများရဲ့ အကူအညီကို ယူခဲ့တယ်လို့ ပြောကြတယ်။ 

“အမည်းရောင်အဖွဲ့က သေနတ်တွေ၊ ဗုံးတွေနဲ့ လူသေစေနိုင်တဲ့ လက်နက်တွေနဲ့ အတူ ကျွန်တော်တို့ကို ငါးရက်တိတိ ကျွန်တော်တို့ရဲ့ အိမ်တွေထဲမှာ ပိတ်လှောင်ထားခဲ့တယ်။ မွတ်စလင် အိမ်နီးချင်းတွေရဲ့ အကူအညီယူပြီး ကျွန်တော်တို့ ရအောင် ထွက်ပြေးလာခဲ့ကြတာပါ” လို့ အာရီမာဟန်ရူဒရာ က Dhaka Tribune ကို ပြောပါတယ်။ 

သူရဲ့ပြောပြချက်အရ ဟိန္ဒူ ၆၀၇ ဦး ဒုက္ခသည်စခန်းမှာ ရှိနေတယ်။ 

မွတ်စလင်တွေက ဘာပြောကြလဲ?

အစိမ်းရောင်ကဒ်နဲ့ နိုင်ငံသား ဖြစ်နေတဲ့ ဟိန္ဒူတွေက မွတ်စလင်တွေထက် သာနေတယ်။ ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ ပညာသင်လို့ရတယ်။ အလုပ်လုပ်လို့ရတယ်။ အစိုးရဆေးရုံတွေမှာ ဆေးကုသလို့ရတယ်။ သူတို့ လွတ်လွတ်လပ်လပ် ခရီးသွားလို့ရတဲ့အပြင် မဲထည့်ခွင့်လည်း ရှိကြတယ်။ 

ရိုဟင်ဂျာတွေက ရိုဟင်ဂျာလို့ အသိအမှတ်ပြုခံပြီး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ လိုချင်တဲ့အပြင် နိုင်ငံရဲ့ မူဝါဒအနေနဲ့ ကန့်သတ်ပိတ်ပင်ထားတာတွေကို ပယ်ဖျက်ပေးတာ လိုချင်ပေမယ့် ဘယ်တော့မှ ဖြစ်လာဖို့တော့ မရှိဘူး။ 

ရိုဟင်ဂျာအများစုကတော့ ဘာသာမတူတဲ့ အုပ်စုနှစ်ခုကြားမှာ အမုန်းတရားတွေ ဖန်တီးပြီး ကွဲပြားနေအောင် မြန်မာအစိုးရက ရေရှည် စီမံကိန်းနဲ့ လုပ်ထားတယ်လို့ ထင်နေကြတယ်။ 

ခမောင်းဆိပ်က မွတ်စလင် ဒုက္ခသည် ဟာရှူမျာ (ဓါတ်ပုံ - Mahadi Al Hasnat/Dhaka Tribune)

“ကျွန်တော်တို့ မွတ်စလင်တွေနဲ့ ဟိန္ဒူတွေက ကျွန်တော်တို့ရွာမှာ အတူနေကြတာ နှစ်ပေါင်း တစ်ရာ မကတော့ဘူး။ ဘာသာမတူကြတာကြောင့် ဘာပြဿနာမှ မဖြစ်ဘူး” လို့ ကူသူပါလောင်ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ခမောင်းဆိပ်က မွတ်စလင်ဒုက္ခသည် ဟာရှူမျာ က ပြောပါတယ်။ 

“ဘင်္ဂလားဒေ့ရှ်ကို ရောက်လာပြီးတော့ လွန်ခဲ့တဲ့ အပတ်က ကျွန်တော့်ရဲ့ ဟိန္ဒူအိမ်နီးချင်းနဲ့ ကူသူပါလောင်ဈေးမှာတွေ့တယ်။ သူက ကျွန်တော့်ကို စတွေ့တာ။ အဲဒါနဲ့ သူက ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီးတော့ ကျွန်တော့်တို့ ငိုကြတယ်” လို့ ဟာရှူမျာက ဆက်ပြောတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ရိုဟင်ဂျာမွတ်စလင် အချို့ကတော့ ဟိန္ဒူအချို့က အကြမ်းဖက်မှုစဖြစ်ကတည်းက မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တွေဖက်ကနေ ရပ်တည်နေတယ်လို့ ဆိုတယ်။ 

“ဟိန္ဒူတွေက စစ်တပ်နဲ့ မော့ဂ်တွေနဲ့ ပေါင်းပြီး မွတ်စလင်တွေကို သတ်တယ်။ သူတို့ မွတ်စလင်တွေဆီက လုယက်တာတွေ၊ မွတ်စလင်အိမ်တွေ မီးရှို့တာတွေမှာ ၀င်ကူညီတယ်။ သူတို့နဲ့ အာဏာပိုင်တွေနဲ့ သိနေတယ်တော့” လို့ ခမောင်းဆိပ်က ရိုဟင်ဂျာဒုက္ခသည် အဗ်ဒူဆလာမ်က ပြောပါတယ်။ 

“ဟိန္ဒူနဲ့ မွတ်စလင်တွေရဲ့ ဆက်ဆံရေးက ဒီတစ်လအတွင်းမှာ သိသိသာသာ ဆိုးရွားလာတယ်” လို့ သူက Dhaka Tribune ကို ပြောတယ်။ 

ကွဲပြားအောင် လုပ်ဆောင်ထားခြင်း

မြန်မာစစ်တပ်က စွပ်စွဲသမျှကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ARSA က လူသိရှင်ကြား ခိုင်မာစွာ ရှုတ်ချတယ်။ 

“ARSA အနေနဲ့ အဖွဲ့ဝင်တစ်ဦးဦးက လူသတ်မှု၊ လိင်အကြမ်းဖက်မှု၊ အတင်းအဓမ္မ စေခိုင်းမှု တစ်ခုခုကို သြဂုတ်လ (၂၅) ရက်နေ့ သို့မဟုတ် ယင်းရက်အနီးဝန်းကျင်တွင် ဖကီရာဘဇာရ်၊ ရီခ်သာပုရ်၊ ချီကန်ချာရီတို့မှာ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုတယ်” လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်။ 

အဲဒါဆိုရင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဟိန္ဒူတွေကို ဘယ်သူတွေ သတ်တာလဲ?

ရိုဟင်ဂျာဒုက္ခသည်တွေကတော့ ARSA က တိုက်ခိုက်ပြီးတဲ့နောက်မှာ မြန်မာစစ်တပ် ရာနဲ့ချီတဲ့ ရွာသားတွေကို ဘာသာဝင် ခွဲခြားခြင်း မရှိဘဲ သတ်ဖြတ်ခဲ့တယ်လို့ ဆိုတယ်။

“စစ်တပ်က ဂိမ်းကစားနေတာ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစိုးရလူတွေက ဟိန္ဒူရွာတွေကို တိုက်ခိုက်ခဲ့ပြီး မွတ်စလင်တွေကို အပြစ်ပုံချ၊ ပြီးတော့ မွတ်စလင်တွေကို အမြစ်ပြတ် သုတ်သင်လို့ရအောင် လုပ်တာ” လို့ သြဂုတ်လကမှ ARSA ထဲကို ၀င်လိုက်တဲ့ မိုဟာမတ်အယာစ် က ပြောပါတယ်။ 

ARSA က မတိုက်ခိုက်ခင် ရက်ပိုင်းအလိုမှာ ARSA ထဲ ၀င်ရောက်ခဲ့တဲ့ မိုဟာမတ်အယာစ်က ဟိန္ဒူနဲ့ မွတ်စလင်ကြား ကွဲလွဲမှုတွေ ဖြစ်လာတာကို အသုံးချပြီး ဟိန္ဒူဘက်က ရပ်တည်ပြပြီး သူတို့အတွက် အလုပ်လုပ်နေတယ် လို့ပြောတယ်။ 

ARSA အဖွဲ့ဝင်တွေမှာ သတ်မှတ်ထားတဲ့ ၀တ်စုံမရှိတဲ့ အတွက် အမည်းရောင် မျက်နှာဖုံးတပ်ပြီး ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်စရာ အကြောင်းမရှိဘူးလို့ အယာစ်က စောဒကတက်ပြီး ပြောတယ်။ 

“ကြမ်းကြုတ်ယုတ်မာဖို့အတွက် ဘယ်သူဘယ်ဝါဆိုတာ ဖုံးကွယ်ဖို့ လိုတဲ့အတွက် မျက်နှာဖုံး အသုံးပြုတာ။ မြန်မာစစ်တပ်က လုပ်နေတာတွေ မဖြစ်မနေလုပ်နေရတယ်လို့ တရားဝင် သက်သေပြလို့ရအောင် ရိုဟင်ဂျာမွတ်စလင်တွေကို လုပ်ကြံတာ” 

“တကယ်လို့ ဟိန္ဒူတွေကို မွတ်စလင်တွေက တိုက်ခိုက်တယ်ဆိုရင် မွတ်စလင်တွေနဲ့ အတူ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံဖို့ သူတို့ ကြောက်နေကြမှာ မဟုတ်ဘူးလား?” လို့ သူက မေးခွန်းထုတ်ပါတယ်။

ဟိန္ဒူတွေမှာ မြန်မာပြည်က နိုင်ငံသားရှိတယ်။ သူတို့ကို အစိုးရက ပြန်လာခိုင်းတယ်။ အဲဒါကြောင့် မွတ်စလင်တွေ အပေါ် အပြစ်ပုံချပြီး အစိုးရဘက်မှာ သစ္စာရှိတယ်ဆိုတာကို ပြနေတယ်လို့ အယာစ် စွပ်စွဲတယ်။ 

အခြား ARSA အဖွဲ့ဝင်တစ်ဦး တပ်မှူးလို့ ပြောသူကတော့ Dhaka Tribune ကို ဖုန်းကနေ စာပို့ပြီး မြန်မာစစ်တပ်က ရှာတွေ့တဲ့ လူသေအလောင်းတွေက ရိုဟင်ဂျာအလောင်းတွေ ဖြစ်နိုင်တယ်လို့ ဆိုတယ်။ 

“အခု သူတို့က အဲဒီအလောင်းတွေကို ပြပြီး ဟိန္ဒူတွေကို သူတို့ အမျိုးတွေရဲ့ အလောင်းတွေပါဆိုပြီး ရှေ့မှာ ထားပြီး အတင်းအဓမ္မ ငိုခိုင်းနေတယ်” လို့ သူက ပြောပါတယ်။ 

“ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်ထဲကို ၀င်ရောက်ပြီး မြန်မာစစ်တပ်က ဘယ်လို ရက်စက်ယုတ်မာ ကြမ်းကြုတ်ထားလဲ ဆိုတာက စစ်ဆေးချင်တယ်။ ရိုဟင်ဂျာတွေရဲ့ အလောင်းတွေကို သူတို့ မြှပ်ထားတယ်။ အဲဒီမှာ စစ်ဆေးမှု တစ်စုံတစ်ရာ ရှိခဲ့ရင် မြန်မာစစ်တပ်က စွပ်စွဲခံရမှာ သေချာတယ်။ အဲဒါကြောင့် သက်သေအထောက်အထားကို ဖျက်ဆီးတဲ့အနေနဲ့ မွတ်စလင်အလောင်းတွေကို ဟိန္ဒူအလောင်းတွေ လုပ်ပစ်လိုက်တာ” လို့ အဆိုပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။ 

အိန္ဒိယကို သွားချင်သူများ

ပြည်တွင်းထဲကို ပြောင်းမသွားဘဲ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရောက်လာရတာလဲလို့ မေးကြည့်တဲ့ အခါ ဟိန္ဒူဒုက္ခသည် ဘူဘန်ပါလ် က ဘင်္ဂလားဒေ့ရှ်က ပိုနီးလို့ ရောက်လာခဲ့တာလို့ ဆိုတယ်။ 

“ကျွန်တော်တို့ရဲ့ အသိုင်းအ၀ိုင်း ခေါင်းဆောင် နီရ်မာလ်ဒါဟ် က ကျွန်တော်တို့ ပြန်လာလို့ ရအောင် လုပ်ပေးမယ်။ အဲဒီမှာ လုံခြုံတယ်လို့ ပြောတယ်” လို့ ဖြည့်စွက် ပြောတယ်။ 

အခြားသော ဒုက္ခသည်တွေကို ရခိုင်ပြည်နယ် အစိုးရရဲ့ ဟိန္ဒူတွေကို စစ်တွေကို ပြန်လာဖို့ ကြေညာချက်နဲ့ ဖိတ်ခေါ်တာကို ကြားမိရဲ့လားလို့ မေးတဲ့အခါမှာတော့ သူတို့က မြန်မာပြည်မှာ နေရတာ မလုံခြုံဘူး၊ အိန္ဒိယကိုသာ သွားချင်တယ်လို့ ဆိုကြတယ်။ 

ကြက်ခြံထဲမှာ ယာယီနေထိုင်ကြတဲ့ ဟိန္ဒူဒုက္ခသည်များ (ဓါတ်ပုံ - Mahadi Al Hasnat/Dhaka Tribune)

“ကျွန်မကတော့ အိန္ဒိယမှာ လုံခြုံတယ်လို့ ခံစားရတယ်။ မြန်မာပြည်မှာတော့ ဘယ်တော့မှ မလုံခြုံဘူးလို့ ခံစားရတယ်” လို့ အမျိုးသမီးတစ်ဦးက Dhaka Tribune ကို ပြောပါတယ်။

မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် မြှပ်ထားတဲ့ ကျင်းတွေကို ရှာတွေ့တယ်လို့ ကြေညာပြီးတဲ့နောက်မှာ  ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး တရားစီရင်ဖို့ အိန္ဒိယနိုင်ငံက ချက်ချင်း တုန့်ပြန် ပြောကြားခဲ့တယ်။ 

“မြန်မာပြည်မှာ ထိခိုက်မှု ရှိခဲ့တဲ့ လူတွေအတွက် ကျွန်တော်တို့ရဲ့ စိုးရိမ်ကြောင့်ကြမှုကို အသိပေးခဲ့တယ်။ ထိခိုက်မှုရှိတဲ့ မိသားစုတွေ အားလုံး သင့်တင့်တဲ့ လျော်ကြေး ရသင့်တယ်” လို့ အိန္ဒိယ ပြင်ပရေးရာ ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရာဗီးရှ်ကူမားရ်က သတင်းသမားတွေကို ပြောခဲ့တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အကျော်ကြားဆုံး သတင်းဌာန တစ်ခုဖြစ်သည့် Dhaka Tribune တွင် အောက်တိုဘာလ (၁) ရက်နေ့၌ Mahadi Al Hasnat ရေးသားသည့် Who really attacked the Rohingya Hindus in Rakhine? သတင်းဆောင်းပါးကို ဘာသာပြန်ထားသည်။





RB News
22.9.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးရွာတွင် မြန်မာစစ်တပ်က မြှပ်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီကျော် အချိန်တွင် ဘူးသီးတောင်မြို့နယ် မိကျောင်းဈေး ကျေးရွာရှိ အာရဗီစာသင်ကျောင်း ခြံဝန်းအတွင်း မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒေသခံများက မြန်မာစစ်တပ်မှ စစ်သားများက အဆိုပါ မိုင်းကို မြှပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

“စစ်သားတွေ ရွာထဲကို နှစ်ကြိမ်လာပြီး စခန်းချတယ်။ စခန်းချတိုင်း အဲဒီ အာရဗီကျောင်းမှာ နေတယ်။ လွန်ခဲ့တဲ့လ ၂၉ ရက်နေ့မှာ လာတယ်။ တစ်ပတ်လောက် နေသွားတယ်။ ဒီလ ၁၀ ရက်နေ့လောက်မှာ တစ်ခါ ထပ်လာတယ်။ ၄ ရက်လောက် နေသွားတယ်။ စစ်သား အင်အား ၃၀ လောက်ရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

မိုင်းမြှပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အခြားဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောပါသည်။

“လွန်ခဲ့တဲ့ ၁၉ ရက်နေ့က အာရဗီကျောင်းရဲ့ အနီးအနားက ရွာသူရွာသားတွေကို စစ်သားတွေက ခေါ်ပြီး အစည်းအဝေး လုပ်ခဲ့တယ်။ အာရဗီကျောင်းက နှစ်ထပ် အဆောက်အဦပါ။ စစ်သားတွေ အချို့နဲ့ ရွာသူရွာသားတွေ အပေါ်ထပ်မှာ အစည်းအဝေးလုပ်တယ်။ အဲဒီအချိန်မှာ အောက်ထပ်မှာ စစ်သားအချို့ ကျန်ခဲ့တယ်။ အဲဒီကျန်ခဲ့တဲ့ စစ်သားတွေ မိုင်းမြှပ်ခဲ့တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ရွာထဲကို ဘယ်လက်နက်ကိုင်အဖွဲ့မှ လာတာ မရှိဘူး”

မိုင်းပေါက်ကွဲပြီးနောက် ယခင်က နိုင်ငံတော် အတိုင်ပင်ခံ၏ သတင်းထုတ်ပြန်ရေးကော်မီတီ ယခု သတင်းထုတ်ပြန်ရေး ကော်မီတီမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ၇ နာရီခန့်အကြာတွင် ဓါတ်ပုံများဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဗလီရှေ့ဆောင်ဆရာ မော်လ၀ီကူသုဗ်အူဒင်အား နယ်ခြားစောင့်ရဲတစ်ဦးက အင်တာဗျူးလုပ်သည့် ဗီဒီယိုကို လွှင့်ထုတ်ခဲ့သည်။

အဆိုပါ ဗီဒီယိုရိုက်ကူးခြင်းနဲ့ ပတ်သက်၍ ဒေသခံတစ်ဦးက “ရွာထဲက လူတွေအားလုံး နေအိမ်စွန့်သွားတုန်းက ဗလီဆရာလည်း ပါတယ်။ အာဏာပိုင်တွေ အတင်းအဓမ္မ ပြန်ခေါ်လာတော့ အဲဒီ ဗလီဆရာကိုလည်း ပြန်ခေါ်လာတယ်။ ဗလီဆရာရဲ့ ဖခင်ဖြစ်သူက အလွန်ကို နာမည်ကြီး ဆရာတစ်ယောက် ဖြစ်တော့ အခု မော်လ၀ီကူသုဗ်ကိုလည်း လူတွေ အရမ်းလေးစားကြတယ်။ သြဇာလည်း ညောင်းတယ်။ အဲဒီတော့ ဆရာကူသုဗ်ကို နယ်ခြားစောင့်ရဲတွေက ဖိအားပေးပြီး ပြောခိုင်းတဲ့ အတိုင်း ပြောရတာပါ။ ဆရာက အာဆာ နာမည်တောင် သေချာသိသူ မဟုတ်ဘူး။ ပြောခိုင်းတဲ့အတိုင်းကို မနည်း ကြိုးစားပြီး ပြောနေတယ်၊ ပြီးတော့ သေချာနားထောင်ရင် နောက်ကနေ သင်ပေးနေတဲ့ အသံကိုလည်းကြားပါလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။

အစိုးရနဲ့ စစ်တပ်က လက်လုပ်မိုင်းဟု ပြောဆို၍ ဓါတ်ပုံများ တင်ထားခြင်းနှင့် ပတ်သက်၍ မောင်တောခရိုင်မှ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက “လက်လုပ်မိုင်း ဆိုတာ ယမ်းရှိရင် လုပ်တတ်ရင် ဘယ်သူမဆို လုပ်လို့ရနေတာပဲ။ ဗမာစစ်တပ်ဖြစ်လို့ လက်လုပ်မိုင်း မလုပ်ဘူးလို့ ပြောလို့လည်း မရဘူး။ အဓိက အာဆာကို ချောက်တွန်းချင်လို့ လက်လုပ်မိုင်း ဓါတ်ပုံတွေ ထုတ်ပြတာ။ ပြီးတော့ ဒီမှာ အရေးကြီးတာက အာဆာ ဆိုတာ ရိုဟင်ဂျာ အဖွဲ့၊ အစ္စလာမ်ဘာသာဝင်တွေ၊ သူတို့ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ဘာသာရဲ့ ကျောင်းတစ်ကျောင်းမှာ အခုလို မိုင်းမြှပ်မလား၊ ယုတ္တိရှိဖို့လိုတယ်” ဟု သုံးသပ်ပြောဆိုသည်။ 



မိုင်းပေါက်ကွဲခြင်းနှင့် ပတ်သက်၍ RB News ၏ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဖြစ်သူ M.S. Anwar မှ Twitter ပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရေးသားမီ ဦးစွာရေးသား ဖော်ပြခဲ့သည်။ စစ်တပ်၏ ကျူးလွန်မှုကို ပြန်လည် ချေပရန်အတွက် နယ်မြေတွင်း သြဇာညောင်းသည့် မော်လ၀ီကူသုဗ်အူဒင်ကိုပါ အတင်းအဓမ္မ ပြောဆိုခိုင်း၍ ၀ါဒဖြန့်နေခြင်း ဖြစ်သည်။

ယနေ့ နေ့လည်ပိုင်းတွင် ငါးရန့်ချောင်းကျေးရွာအုပ်စု ငါးရန့်ချောင်းရွာနှင့် ကျီးနှုတ်သီးရွာတို့ရှိ ရိုဟင်ဂျာများ၏ နေအိမ်များကို စစ်သားများ၊ နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များ ပူးပေါင်း၍ မီးရှို့ခဲ့သည်။ 

ဗြိတိန်ဝန်ကြီးချုပ် Theresa May

21.9.2017

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်း ပြောဆိုသွားပါတယ်။

“အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆောင်ရွက်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့နဲ့ အာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရအာဏာပိုင်တွေကို ကျမ တောင်းဆိုပါတယ်။” - လို့ ဗြိတိန် ၀န်ကြီးချုပ် Theresa May ကပြောသွားတာပါ။

အမေရိကန် ဒုသမ္မတ Mike Pence ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေဟာ နိုင်ငံတကာရဲ့ ငြိမ်းချမ်းကို ခြိမ်းခြောက်ရာ ရောက်နေတယ်လို့ ဆိုပြီး ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ ကုလသမဂ္ဂအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သင့်တဲ့အကြောင်း မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တိုက်တွန်း ပြောဆိုသွားပါတယ်။ ဒီအတောအတွင်း အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်က ဒေသခံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။

ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ အင်အားသုံး နှိမ်နင်းမှုတွေကို အဆုံးသတ်ပြီး ပဋိပက္ခတွေအတွင်း ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာမူစလင်တွေ အရေး ရေရှည် ဖြေရှင်းနိုင်မယ့် အဖြေတခု ရှာဖွေဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက တကျော့ပြန် ပြန်လည် ဖြစ်ပွားလာခဲ့တဲ့ အကြမ်းဖက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကလည်း ဒီလ ၁၉ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။
ICRC လူသာချင်း စာနာမှု အထောက်အကူပေးမှုကို ဒေသခံတွေ လာရောက်ကန့်ကွက်စဉ် (Information commitee)

ဗွီအိုအေမြန်မာပိုင်း
21.9.2017

စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ လူအုပ်ကြီးက လူသားချင်းစာနာမူဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ပို့မှာကို မနေ့က အတင်းဝင်ရောက်ဟန့်တားခဲ့တာကြောင့် ရဲတွေက သေနတ်ဖောက်လူစုခွဲခဲ့ပြီး သံသယရှိသူ (၈) ဦးကို ဖမ်းဆီးလိုက်ပါတယ်။

မြန်မာအစိုးရ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ကြေညာချက်ထဲမှာ အင်အား ၃၀၀ ခန့်ရှိတဲ့ ဒီလူအုပ်ကြီးက ICRI အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အနေနဲ့ မောင်တောဒေသက ဒုက္ခသည်တွေဆီပို့မယ့် ထောက်ပံ့ရေးပစ္စည်းတွေကို ပြန်ချပြီး၊ စက်လှေမထွက်ဖို့တားမြစ်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီစက်လှေအနေနဲ့ စစ်တွေမြို.ဆင်ခြေဖုံး ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းအနီး ဘူးသီးတောင်စက်လှေဆိပ်ကနေ မထွက်ခွာခင် တင်ထားတဲ့ မီးအိမ်၊ အမျိုးသမီးသုံးပစ္စည်းနဲ့ အဝတ်အစားအပါအဝင် ဒီ ထောက်ပံရေးပစ္စည်းတွေဟာ ဘင်္ဂါလီတွေဆီပို့မှာလို့ သံသယရှိပြီး မြို့နေရခိုင်လူအုပ်က ခုလိုတားဖြစ်ခဲ့တာလို့ ဒေသခံအရာရှိတစ်ဦးက ဆိုပါတယ်။

သံဃာတော်များနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေပေါင်းပြီး လူအုပ်ကြီးကို ဖျောင်းဖျခဲ့ပေမဲ့ လူအုပ်ဘက်က ဂျင်ကလိတွေ၊ ခဲတွေ၊ မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် နောက်ဆုံးမိုးချုပ်ကြီးမှာ သေနပ်ဖောက် လူစုခွဲခဲ့တာကြောင့် ည (၁၁) နာရီခန့်မှာ လူစုကွဲသွားခဲ့တယ်လို့ မြို့မိမြို့ဖတစ်ဦးက ရှင်းပြပါတယ်။

တပ်မတော်အနေနဲ့ပါ နောက်ဆုံးအားဖြည့်ပေးတဲ့ ဒီလူစုခွဲမှုထဲမှာ ရဲတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး လူအုပ်ထဲမှာပါတဲ့ သံသယရှိသူ (၈) ဦးကို ဆက်လက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ အစိုးရသတင်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သြဂုတ်လ (၂၅) ရက်နေ့မှာ မြန်မာအများအခေါ် ဘင်္ဂါလီ၊ သူတို့အခေါ် ရိုဟင်ဂျာ အကြမ်းဖက်အုပ်စုအနေနဲ့ လုံခြုံရေးစခန်းတွေကို တပြိုင်နက်တိုက်ခိုက်အပြီး၊ တပ်မတော်ဖက်က နယ်မြေရှင်းလင်းတိုက်ခိုက်ရာမှာ လူတွေရာနဲ့ချီသေခဲ့ရပြီး၊ ရွာပေါင်းများစွာမီးရှို.ခံရကာ၊ စစ်ပွဲပဋိပက္ခတွေကနေလွတ်ဖို့ လူပေါင်း သိန်းတွေနဲ့ချီ ပြည်တွင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။

အိုးအိမ် စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာ အတွက် ထောက်ပံ့ရေး ပစ္စည်းဝေစဉ်။
20.9.2017

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၃၂ သန်းနီးပါး ကူညီပေးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာဆိုရင် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် သမ္မတ Trump အစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ် အကူအညီအများအပြား ပေးအပ်တာ ဖြစ်ပါတယ်။

အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရော၊ ရခိုင်ပြည်နယ် အတွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတဲ့ ဒုက္ခသည်တွေ အတွက်ပါ အခုအကူအညီတွေကို ပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ ကုလသမဂ္ဂ အထွေထွညီလာခံမှာ တရားဝင် ထုတ်ပြန် ကြေညာသွားတာပါ။

အခုထောက်ပံ့ငွေ ဒေါ်လာ ၃၂ သန်းနီးပါး ထပ်မံ ပေးအပ်လိုက်တာကြောင့် အမေရိကန်အစိုးရအနေနဲ့ ဒီနှစ် ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုအကူအညီ ပေးတာဟာ စုစုပေါင်း ဒေါ်လာ ၉၅ သန်းနီးပါးအထိ ရှိသွားပြီလို့လည်း ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ရန်ကုန်-အမေရိကန်သံရုံးကလည်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ကိစ္စ ကိုင်တွယ် ဖြေရှင်းနေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ပြောသွားတဲ့အပေါ်မှာ ကြိုဆိုကြောင်းနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်း ဒီကနေ့ ထုတ်ပြန် ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လထဲ အကြမ်းဖက်မှုတွေ တကျော့ပြန် ပြန်လည် ဖြစ်ပွား ခဲ့ပြီးတဲ့နောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၄ သိန်းကျော်ရှိတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

Rohingya Exodus