နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
3.9.2017

တိုကျို၊ ဂျပန် -- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်နေခြင်း အတွက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဦးစီး၍ တိုကျိုမြို့တွင် လမ်းလျှောက် ဆန္ဒပြပွဲတစ်ရပ်ကို စက်တင်ဘာလ (၁) ရက်နေ့က ကျင်းပခဲ့သည်။ 

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာများ၏ ရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်း၊ ရိုဟင်ဂျာများကို နေအိမ်များ မောင်းထုတ်၍ တစ်ဖက်နိုင်ငံသို့ တွန်းပို့နေခြင်းများအတွက် ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ 

ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ အမှုဆောင်များနှင့် အတူ အဖွဲ့ဝင် (၇၀) ဦး၊ ဂျပန်နိုင်ငံမှ ကျောင်းသား (၃၀) ဦးနှင့် ဂျပန်နိုင်ငံ အခြေစိုက် သတင်းဌာနများမှ သတင်းထောက်များ ပါဝင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။ 

ထို့နောက် တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးခန်းတွင် ရိုဟင်ဂျာများကို မြန်မာစစ်တပ်က အကြမ်းဖက်နေခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) က စာတစ်စောင် ပေးအပ်ခဲ့သည်။






























နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson

ဗွီအိုအေမြန်မာပိုင်း
3.9.2017

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မူဆလင်တွေကိုရော တခြားလူမှုအ၀န်းအ၀ိုင်းတွေကိုပါ ထိခိုက်နေတဲ့ အကြမ်းဖက်မှုနဲ့ မလိုမုန်းထား ဘက်လိုက်မှုတွေ အဆုံးသတ်စေဖို့ လုပ်ဆောင်ပါလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိတို့ခေတ်ရဲ့ အတုယူ အားကျဖွယ်အကောင်းဆုံး လူပုဂ္ဂိုလ် တဦးဖြစ်ပေမဲ့ သူ့အဆိုအားဖြင့် - ရိုဟင်ဂျာတွေပေါ် ပြုမူဆက်ဆံပုံကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေတယ်လို့ စက်တင်ဘာလ ၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

နိုင်ငံကို ခေတ်မီအောင်လုပ်တာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံကို ညီညွတ်အောင်လုပ်ဖို့ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေ အားလုံးကို အခုအခါမှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ မြန်မာစစ်ဘက်ရဲ့ ထောက်ခံ ပံ့ပိုးမှုကို ဒေါ်အောင်ဆန်းစုကြည် ရဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သူ့ရဲ့ ကြိုးပမ်း ချက်တွေ အချည်းနှီး ဖြစ်မသွားဖို့ အထူး အရေးကြီးကြောင်း၊ ဒီလုပ်ဆောင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံက လူထုအားလုံး မိမိတို့ရဲ့ အပြည့်အ၀ ထောက်ခံ မှုကို ရကြမှာဖြစ်ကြောင်း ၀န်ကြီး Johnson ကပြောထားပါတယ်။

ထုတ်ပြန်ချက်မှာ ဖော်ပြထားတာအရ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ နွမ်းပါးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမှု အ၀န်းအ၀ိုင်းတွေအတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီအဖြစ် ဗြိတိန်ပေါင်စတာလင် ၈ သန်းနီးပါး UK နိုင်ငံက ကူညီပံ့ပိုး ခဲ့ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကလဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရခိုင်ပြည် အရေး ဆွေးနွေးဖို့ ဗြိတိန်က ကမကထပြု တင်သွင်းခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ အခြေခံအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့လဲ မြန်မာအစိုးရကို ဗြိတိန်နိုင်ငံက တိုက်တွန်းထားပါတယ်။




ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကို Rohingya Blogger တည်ထောင်သူ ဦးဘစိန်၊ ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောနှင့် ဒီမိုကရေစီနှင့် လူ့ခွင့်အရေး ပါတီ ဥက္ကဌ ဦးကျော်မင်းတို့က ပါဝင်ဆွေးနွေးထားသည်။



RB News
28.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မစည်ပင်ဈေးတွင် ဈေးဝယ်၍ ပြန်သည့် ရိုဟင်ဂျာများ၏ ပစ္စည်းများအားလုံးကို ဈေးတာဝန်ခံများက မတရားသဖြင့် သိမ်းဆည်းလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် မြို့မစည်ပင်သာယာဈေးတွင် ဈေးဝယ်၍ ပြန်သည့် ရိုဟင်ဂျာများ၏ ပစ္စည်းများအားလုံး၊ မည်သည့် ပစ္စည်းကိုမဆို ဈေးအပြင်သို့ သယ်ဆောင်ခွင့် မပေးဘဲ ၀ယ်ယူထားသည့် ပစ္စည်းများအားလုံးကို ဈေးတာဝန်ခံများ ဖြစ်ကြသည့် ဦးမောင်အေးချမ်း (ဒု-ဦးစီးမှူး၊ စည်ပင်) နှင့် ဦးမောင်လှသိန်း (ခ) ကာချေ (ဈေးတာဝန်ခံ) တို့က ဂိတ်အပေါက်ဝများတွင် အစောင့်များ ထား၍ သြဂုတ်လ (၂၅) ရက်နေ့မှ စ၍ အတင်းအဓမ္မ သိမ်းဆည်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရခိုင်လူမျိုးများနှင့် စစ်တပ်မှ လာရောက် ၀ယ်ယူ၍ ပြန်သည့်အခါ နှောက်ယှက်ခြင်း လုံးဝမရှိဘဲ ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းကိုသာ ပစ်မှတ်ထား၍ သိမ်းဆည်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဖြည့်စွက် ပြောပါသည်။ 

ထိုကဲ့သို့ သိမ်းဆည်းနေခြင်းကြောင့် ဘူးသီးတောင်မြို့ရှိ ရပ်ကွက်ဈေးဆိုင်ငယ်များနှင့် မြို့အနီးအနားရှိ ဈေးဆိုင်ငယ်များတွင် ကုန်ပစ္စည်းများ ပြတ်လတ်လျက် ရှိသည်။ ဘူးသီးတောင်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေး တစ်ခုတည်းသာ အဓိက အားထားရသည့် ဖြစ်ပြီး၊ ရိုဟင်ဂျာများမှာ စားသောက်ကုန်ပစ္စည်းများ ၀ယ်ယူရန် အခက်အခဲ ကြုံတွေ့လျက် ရှိသည်။ 

ဈေးတာဝန်ခံများ ဖြစ်ကြသည့် ဦးမောင်အေးချမ်း (ဒု-ဦးစီးမှူး၊ စည်ပင်) နှင့် ဦးမောင်လှသိန်း (ခ) ကာချေ (ဈေးတာဝန်ခံ) တို့သည် မြို့မစည်ပင်ဈေးအတွင်း အရောင်းအ၀ယ် လုပ်နေကြသည့် ဈေးဆိုင်ပိုင်ရှင်များကိုလည်း အမြဲလိုလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်သူများ ဖြစ်သည်ဟု သိရှိရသည်။ 




ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များ

အင်ကြင်းနိုင်
28.8.2017

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပိတ်မိနေကြတဲ့ ရခိုင်နဲ့ မွတ်စလင်ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှုတွေ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံတွေကပြောပါတယ်။

ဘေးလွတ်ရာမှာ ခိုလှုံနေကြတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ထောက်ပံ့မှုအကူအညီတွေကို တနင်္ဂနွေနေ့ကစလို့ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ပြောထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးပြောပြမှာပါ။

တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့ဟာ မောင်တော ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူတွေ၊ ၀န်ထမ်းတွေကို ဘေးကင်းလုံခြုံရာဘက် ရွှေ့ပြောင်းထားနိုင်တဲ့ အခြေအနေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့ဖို့ လိုအပ်တဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှု ဆောင်ရွက်ခဲ့ကြပါတယ်။

မောင်တောမြို့နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတဦး
လက်ရှိအခြေအနေထိ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ ကပ်နေတဲ့ မောင်တော ဒေသ မြောက်ပိုင်း ရခိုင်ရွာ တချို့မှာတော့ အကြမ်းဖက်တိုက်ခိုက်မှု ထပ်ပြီးခံရမှာကို စိုးရိမ်တဲ့အတွက် ရွာသူရွာသားတွေဟာ နေအိမ်တွေကို မပြန်ရဲကြသေးပဲ ဘေးလွတ်ရာမှာ ခိုလှုံနေကြရတယ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းလို့ရတဲ့ ကြိမ်ချောင်းလုံခြုံရေးစခန်းမှာ ခိုလှုံနေတဲ့ ကြိမ်ချောင်းကျေးရွာသား မောင်လူအေးက ပြောပါတယ်။

“ကိုယ့်အိမ်တွေကိုလည်း ပြန်လို့မရသေးပါဘူးခင်ဗျ။ ကျနော်တို့ အခုအချိန်အထိ စောင့်ကြည့်နေတုန်းပါ အကြမ်းဖက်သမားတွေဝင်လာမလားဆိုပြီးတော့ ကျနော်တို့ အခုအချိန်အထိစောင့်ကြည့်နေတုန်းပါ။ စားနပ်ရိက္ခာကတော့ ကျနော်တို့အခုလောလောဆည်ရှိတာလေးတွေနဲ့ပဲ လုံလောက်အောင် လုပ်နေရပါတယ်။ စားနပ်ရိက္ခာတွေယူလို့မရဘူးခင်ဗျ ဒီလမ်းတောက်လျှောက်မှာ အကုန်လုံး မိုင်းတွေထောင်ထားလို့ သွားလို့လာလို့ ထွက်လို့ကိုမရတာပါခင်ဗျ။”

မောင်တောမြို့အရှေ့ဘက် ၁ မိုင်ကျော်အကွာမှာရှိနေတဲ့ မြို့သူကြီး လို မွတ်စလင်ရွာ တချို့ အနားတ၀ိုက်မှာတော့ အဲဒီက လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခံရမှုမျိုးမရှိပေမယ့် လုံခြုံရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် မွတ်စလင်ရွာသားတွေဟာ ဘေးလွတ်ရာ နီးစပ်တဲ့ ရွာတွေဘက်ကို ထွက်ပြေးနေကြရတယ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းလို့ရတဲ့ မြို့သူကြီး ရွာသား ကိုလှထွန်းကပြောပါတယ်။

“အဲဒီရွာကို ဒီနေ့ စစ်တပ်ကနေလာပြီးတော့ ညနေ ၅ နာရီမှာ လောင်စာယူပြီးတော့ မီးရှို့ပစ်တယ်။ တရွာလုံးနီးပါးကို မီးရှို့ပစ်တယ်။ ပြီးတော့ လူတွေက ထွက်ပြေးကြတာပေါ့နော် အဲဒီမှာ ကလေးငယ်တွေလည်းပါတယ်။ ပြီးတော့ သက်ကြီးရွယ်အိုတွေလည်းပါတယ်၊ ပြီးတော့ ကိုယ့်အသက်ကို ကိုယ်လုပြေးကြတာပေါ့နော် လုပြီးတော့ ပြေးနေရတာပေါ့။”

နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ မွတ်စလင်ရွာတွေအနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ပူးပေါင်းမှုမရှိရင် အစိုးရလုံခြုံရေးတပ်တွေကို မကြောက်ကြဖို့ပြောထားပေမယ့် အကြမ်းဖက်သမားတွေကိုနှိမ်နင်းရေးကိစ္စမှာ သူတို့အနေနဲ့ အစိုးရလုံခြုံရေးတပ်တွေနဲ့ မပူးပေါင်းချင်လို့မဟုတ်ပဲ အရင်အတွေ့ အကြုံတွေအရစိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ကိုလှထွန်းက ဆိုပါတယ်။

“မပူးပေါင်းတာမဟုတ်ဘူး။ လူတွေက ကြောက်ရွံ့ပြီးတော့ ထွက်ပြေးသွားတာ ။ အဲဒီလိုပူးပေါင်းမယ်ဆိုပြီးတော့ ရွာမှာနေရင်လည်း လူတွေက အသတ်ခံရမှာကို စိုးရိမ်တယ်။ အဲဒါကျနော်တို့မှာ ဘာအာမခံချက်မှလည်း မရှိဘူးလေ။ ဥပမာ ကျနော်နေမယ်ဆိုပါစို့၊ ကျနော့်ကိုဖမ်းလိုက်ရင် အကြမ်းဖက်စာရင်းထဲထည့်မှာ ၊ ဒီမှာ အဲဒီလိုအဖမ်းခံရပြီးတော့ အဲဒီစာရင်းမှာ ပါသွားရင် တရားရေးပိုင်းကိုသွားမယ်။ တရားရေးပိုင်းကိုသွားရင် ဒီမှာရှေ့နေတွေဘာတွေလည်း ငှားခွင့်မရဘူး၊ ကျနော်တို့ပြောတာတွေလည်းဘယ်သူမှမယုံဘူး။ အဲဒါကြောင့် လူတွေက စောစောကတည်းက ရှောင်လေကောင်းလေဆိုတဲ့ပုံစံနဲ့ ထွက်ပြေးသွားတာ။”

လက်ရှိ မြို့သူကြီးရွာနားတ၀ိုက်က ကျေးရွာတွေမှာ ပိတ်မိနေသူတွေ၊ ဘေးလွတ်ရာပြေးနေသူတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်း အခုလိုပြောပါတယ်။

“ပိတ်မိနေတယ်ဆိုတော့ လူတွေက လုံးဝကိုရွာအပြင်ကို မထွက်နိုင်ဘူးလေ။ ပြီးတော့ ပြောင်းရွှေ့ရတဲ့လူတွေလည်းအများကြီးဆိုတော့ လူတွေမှာအဓိက ဆေးဝါးကုသမှုတွေ လိုအပ်နေသေးတယ်။ အစားအသောက်တွေကတော့ ရတယ် လူတွေကတော့ မစားရင်လည်းရတယ်။ ဒါပေမယ့် ဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရှိတယ်၊ သက်ကြီးရွယ်အိုတွေရှိတယ် ပြီးတော့ Serious ဖြစ်နေတဲ့ ရောဂါသည်တွေရှိတယ် လူနာရှင်တွေရှိတယ်။”

သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် အပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်များ

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်သမားတွေဟာ မောင်တောမြို့ကို စနစ်တကျဖျက်ဆီးဖို့ ကြံစည်လုပ်ဆောင်နေကြောင်းနဲ့ မီးရှို့၊ လက်လုပ်ဗုံးတွေဖောက်ခွဲပြီး သေနတ်နဲ့ပ စ်ခတ်မှုတွေ မနေ့က နေ့လည်ပိုင်းအထိရှိနေသေးတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေအပါအ၀င် သေဆုံးသူ ၁၀၄ ဦးရှိနေပြီး အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအကြမ်းဖက်မှုမှာ ပါဝင်တဲ့ ARSA ခေါ် Arakan Rohingya Salvation Army ကို အကြမ်းဖက်အုပ်စုအဖြစ် မြန်မာအစိုးရက တရားဝင်ကြေညာထားပါတယ်။



ဦးမန်း
RB News
26.8.2017

သင်သာ ရိုဟင်ဂျာတစ်ယောက်ဖြစ်မယ်ဆိုရင်

မြန်မာနိုင်ငံအတွင်း နေထိုင်မည်ဆိုပါက ရင်ဆိုင်ရမည့် အချက် (၇) ချက်

(၁) နံပါတ် တစ်အနေနဲ့ အသေချာဆုံးက သင် ရိုဟင်ဂျာ ဖြစ်ကြောင်းကို ယောင်လို့တောင် အခြားလူမျိုး တစ်ဦးဦးကို သွားမပြောမိစေနှင့်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာ ကြေညာမိပါက သင့်ရဲ့ လုံခြုံမှု အခြေအနေကို မည်သူမှ အာမမခံနိုင်ပါ။

(၂) သင်သာ ရိုဟင်ဂျာတစ်ယောက် ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ မွေးရာပါ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးပြီ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ခံရမှု၊ စာသင်ကြားနိုင်မှုတို့အပြင် ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးမျိုးကိုပါ သင် ရရှိဖို့ ခက်ခဲမှာပါ။

(၃) မြန်မာစစ်တပ်ကို သေလောက်အောင်မုန်းတီးတဲ့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာမုန်းတီးရေးမှာတော့ အားလုံး စစ်တပ်နဲ့ တစ်သားတည်း ဖြစ်နေပါတယ်။ သမိုင်းကြောင်းအစဉ်အလာအရ ရိုဟင်ဂျာတွေဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ခဲ့တယ်ဆိုပေမယ့် ရိုဟင်ဂျာတစ်ယောက်အနေနဲ့ စစ်မှုထမ်းဖို့ဆိုတာ မြောက်ကိုးရီးယားမှာ ဒီမိုကရေစီရတော့မယ်ဆိုတဲ့ သတင်းလို မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါပဲ။

(၄) သင် ရိုဟင်ဂျာတစ်ယောက် ဖြစ်မယ်ဆိုရင် နိုင်ငံခြားကို အလွယ်တကူ ထွက်သွားလို့ ရနိုင်ပါမလား။ နိုင်ငံခြား ခရီးစဉ်သွားဖို့နေနေသာသာ ပြည်တွင်း ခရီးစဉ်မျာမှာပင် သွားဖို့ မလွယ်ကူပါ။ စစ်ဆေးရေးအထပ်ထပ်၏ မေးမြန်း စုံစမ်းခြင်းနဲ့အတူ အခန့်မသင့်ရင် သင့်လေယာဉ်၊ ဘက်စ်ကား အချိန်ဇယားမှ သွေဖီပြီး နောက် တစ်ခေါက် လက်မှတ် ထပ်ဝယ်ရပါလိမ့်မည်။

(၅) ရိုဟင်ဂျာများဟာ အစ္စလာမ်ဘာသာကိုးကွယ်သည့် မွတ်စ်လင်များ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ အားကောင်းမှုနှင့် အစိုးရ၏ လျစ်လျူရှုမှုတို့ကြောင့် ဘာသာရေးလွတ်လပ်ခွင့် ပျောက်ဆုံးနေပါတယ်။ ရိုဟင်ဂျာတစ်ယောက်အနေနဲ့ ဘာသာရေးဝတ်ပြုခွင့်နဲ့ ဘာသာရေး အထိမ်းအမှတ် ပွဲလမ်းသဘင်တွေ ဆင်နွှဲခွင့် ရရှိရေးဟာ ဒေါ်လာတစ်သန်းတန် ထီပေါက်သလို ကြီးမားတဲ့ အိပ်မက်ကြီး တစ်ခုပါပဲ။

(၆) ရိုဟင်ဂျာ လို့ မိမိကိုယ်မိမိကြေညာလိုက်ပါက သင်ရဲ့ နိုင်ငံသား ကဒ်ပြား ရရှိဖို့ အိပ်မက်ဟာ မဖြစ်နိုင်တော့ပါဘူး။ သင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်သူဟု လဝက မှ အတည်ပြုလိုက်ပြီး ဘဝတစ်လျှောက်လုံး နိုင်ငံမဲ့ အနေနဲ့ နေထိုင်သွားရမှာပါ။

(၇) အဆိုးတကာ့ အဆိုးထဲက အဆိုးဆုံးလို့ ပြောခံရနိုင်တဲ့အချက်က သင်သာ ရိုဟင်ဂျာဆိုရင် အချိန်မရွေး အကြမ်းဖက်သမားဟု အစိုးရက သံသယရှိနိုင်ပါတယ်။ မြက်ခုတ်ရန် ဓားရှည် ကိုင်ဆောင်သွားခြင်းပဲ ဖြစ်ဖြစ် ငှက်ပစ်ရန် လေးဂွ ကိုင်ဆောင်ထားခြင်းပဲ ဖြစ်ဖြစ် အကြမ်းဖက် သမားတစ်ယောက် အဖြစ် အစိုးရက အချိန်မရွေး သတ်မှတ်လို့ ရပါတယ်။ ဥပမာ အနေနဲ့ အစိုးရရဲ့ အင်္ဂလိပ်လို ရေးသားထားတဲ့ ဖေ့ဘုတ်စ်ပေ့ခ်ျတွေမှာ လေ့လာနိုင်ပါတယ်။

MYARF
RB News
26.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သီဟိုဠ်ကျွန်းကျေးရွာ (ခ) ဘကားဂုံးနားကျေးရွာအုပ်စု ရွာမကို မြန်မာစစ်တပ်က လောင်ချာများဖြင့် ပစ်ခတ်၍ နေအိမ်ပေါင်း အနည်းဆုံး ၁၀၀ ကျော် မီးရှိုးသောကြောင့် ရွာသားများ ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည်

ဩဂုတ်လ (၂၈) ရက် နေ့လည် ၃ နာရီခွဲမှစ၍ မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နွားရုံတောင်တံတားအနားမှနေ၍ သီဟိုဠ်ကျွန်းကျေးရွာ (ခ) ဘကားဂုံးနားကျေးရွာအုပ်စု ရွာမကို လောင်ချာများဖြင့် အနည်းဆုံး အချက် ၄၀ ခန့် ပစ်ခတ်သဖြင့် ယင်းကျေးရွာရှိ ရွာသူရွာသားများ လွတ်မြောက်ရာကို ထွက်ပြေးသွားခဲ့ရကြောင်း၊ အိမ်ခြေအနည်းဆုံး ၁၃၀ ခန့် မီးလောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မီးလောင်နေသည့် အိမ်များထဲတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ပိတ်မိနေနိုင်သည်ဟု ယူဆရသော်လည်း သတင်းရယူရရန် အလွန်ခက်ခဲနေကြောင်း မောင်တောခရိုင်၏ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက --

“လောင်ချာတွေ အဆက်မပြတ်ပစ်ခတ်တော့ လူတွေ ဝရုန်းသုန်ကား ထွက်ပြေးသွားကြရတယ်။ ဒီလိုမျိုး မထင်မှတ်ဘဲ လောင်ချာနဲ့ပစ်ခတ်တော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပိတ်မိပြီး သေဆုံးနိုင်တယ်။ ထွက်ပြေးလာတဲ့ လူတွေကလည်း ပြန့်ကျဲသွားတော့ လိုက်ပြီး မေးရခက်နေတော့ အတိအကျ မသိနိုင်သေးဘူး။ အိမ်ခြေကတော့ ၁၃၀ လောက်ရှိမယ်။ လူတွေကလည်း ကြောက်ရွံ့နေတာပေါ့နော်။ အသတ်ခံရမှာ ဒီနေ့လား မနက်ဖြန်လား ဆိုပြီး နေ့တွေ ရေတွက်နေတယ်။ အခြေအနေကတော့ တော်တော်ဆိုးတယ်။ အစိုးရလက်နက်ကိုင်တွေဘက်က အရပ်သားတွေကိုပဲ ပစ်မှတ်ထားတာ တွေ့ရတယ်။”

သြဂုတ်လ (၂၅) ရက်နေ့ နံနက်ပိုင်းမှ စ၍ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် နေအိမ် ရာနှင့်ချီ၍ မီးလောင် ဆုံးရှုံးသွားရပြီး အနည်းဆုံး နှစ်ရာနီးပါးခန့် သေဆုံးခဲ့ရသည်။ ထို့အပြင် လူဦးရေ ငါးသောင်းနီးပါးခန့် ဒုက္ခသည်များ ဘ၀သို့ ရောက်ရှိနေရသည်။ (သတင်းများကို ဆက်လက် တင်ပြပေးပါမည်)





MYARF
RB News
23.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့များက ရိုဟင်ဂျာလူမျိုးများကို သတ်ဖြတ် သုတ်သင်ရေး တစ်ဖန် စတင်နေပြီဟု ရသေ့တောင်မှ ဒေသခံများက ပြောပါသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ အင်အား (၂၀၀) ကျော်တို့သည် သြဂုတ်လ (၂၃) ရက်နေ့ နံနက် ၅ နာရီတွင် ချွတ်ပြင်ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်၍ စခန်းတစ်ခုလုံးကို ထွက်ပေါက်မရှိအောင် ၀န်းရံပိတ်ဆို့၍ ဒုက္ခသည် အမျိုးသား (၁၀၀) နီးပါးကို အခန်းများမှ ဆွဲထုတ်ပြီးနောက် ဓါးများဖြင့်ထိုး၊ သေနတ်များဖြင့် ရိုက်နှက်၍ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



ဖမ်းဆီးရန် အခန်းများမှ ဆွဲထုတ်စဉ် မော်လ၀ီ ဘာသာရေးဆရာများကို ရွေး၍ ဓါးများဖြင့် ထိုးခြင်း၊ သေနတ်ဖြင့် ခေါင်းကွဲသည့် အထိ ရိုက်နှက်ခြင်းများ ပြုလုပ်သည်ဟု မျက်မြင်သက်သေများက ပြောပါသည်။

မော်လ၀ီ အိုဘိုင်ဒူရာမာန်နှင့် မော်လ၀ီမိုဟာမတ်ယူနုစ် တို့နှစ်ဦးကို ဓါးများဖြင့် အကြိမ်ကြိမ် ထိုးခြင်းကြောင့် အူများထွက်လာခဲ့ရာ ထိုနေရာမှ ဒရွတ်တိုက်ဆွဲ၍ ဒုက္ခသည်စခန်း၏ တောင်စောင်းရှိ ချုံပုတ်နားတွင် ချထားခဲ့ကြောင်း၊ ဦးမိုဟာမတ်ဟာရှိမ်း၊ ဦးဘော်ရှိရ်အာမတ်နှင့် ဦးအဗ်ဒူလ်အာမီးန် တို့ (၃) ဦးကို ခေါင်းကွဲ၍ သွေးများ ဒလဟောယိုစီးလာသည့် အထိ ရိုက်နှက်ပြီးနောက် အလားတူ ဒရွတ်တိုက်ဆွဲ၍ ချုံပုတ်နားတွင် ချထားပြီး စစ်သားများ ၀ိုင်းစောင့်နေခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဦးမိုဟာမတ်အလီ၊ ဦးအဗ်ဒူလ်အာမီးန်၊ ဦးအဒူရော်ကိမ်း တို့မိသားစုများထံမှ ရွှေနားကပ်၊ ဆွဲကြိုး၊ နှာခေါင်းနားကပ်များ အပါဝင် ရွှေ (၆) ကျပ်သား လုယက်သွားခဲ့သည်။

ဦးနူရ်ဟာရှိမ်း (ဘ) ဦးအဒူရောန်၊ ဦးအဒူရောန် (ဘ) ဦးမူဇေရ်၊ ဦးအိုမောရ်ဟမ်းဇား၊ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးကာလာမျာ၊ ဦးအဒူရောဇူးမ် (ဘ) ဦးဆော်ယာဒ်၊ ဦးဘေလာလ် (ဘ) ဦးအလီဟူစိန်း၊ ဦးဂျမာလ် (ဘ) ဦးနော်ဘီဟူစိန်း၊ ဦးမုဂိုလ်အာမတ် (ဘ) ဦးမော်တူဘော်လီ၊ ဦးရိုင်ဟားန်၊ ဦးဆုလ်တာန် (ဘ) ဦးနူရ်အာလောမ်၊ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးအာဘူလ်ဟာရှိမ်း၊ ဦးဟာလာဆင် (ဘ) ဦးဇာဖော်ရ်၊ ဦးမာမတ်ဟူဆောင်း (ဘ) မော်လ၀ီမုဂိုလ်အာမတ်၊ ဦးအလီဟူစိန်း (ဘ) ဦးယူဆုပ် အပါအ၀င် (၉၄) ဦးကို ကားကြီး (၃) စီး၊ ကားငယ် (၄) စီးတို့ဖြင့် တင်ဆောင်၍ စေတီပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။




ရခိုင်အကြံပေးကော်မရှင် အပြီးသတ် အစီရင်ခံစာ အပ်နှင်း ( Myanmar President Office)

မေခ
23.8.2017

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဟာ သူဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီ ရင်ခံစာကို မြန်မာသမ္မတ ဦးထင်ကျော်ထံကို ပေးအပ်လိုက်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ဗွီအိုအေကိုပြောပါတယ်။ သမ္မတဦးထင်ကျော်ကအစီရင်ခံစာပါ အကြံပြုချက်တွေကို သေချာလေ့ လာ ဆန်းစစ် ပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းက မေခကပေးပို့ ထားတာပါ။

သြဂုတ်လ၂၄ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကိုအများသိအောင် ထုတ်ပြန်မှာ ဖြစ်သလို ဒီမတိုင်ခင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရနဲ့ လွှတ်တော်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကိုဖီအာနန်က တွေ့ဆုံခဲ့ပြီး အပြီးသတ်အစီရင်ခံစာကိုပေးအပ်ခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သတ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ခုလိုပြောပြတာပါ။

“ကိုဖီအာနန်ကော်မရှင်က သူတို့ရဲ့ ဒီ Final Recommendation လေ အဲဒါကို ဒီ ၂၃ ရက်နေ့မှာ သမ္မတကြီးလက်ထဲကိုထည့်တာ စာအုပ်နဲ့ရိုက်ပြီးတော့ ထည့်တယ်။ ဒါပေမယ့် အဲဒါတွေအကုန်လုံးကို မဖတ်ရသေးဘူး။ မဖတ်ရသေးဘူးဆိုတော့ ဘာတွေပါသလဲဆိုတာ အနုစိတ်တော့မသိရသေးဘူး ။ သမ္မတကြီးကတော့ ဒီမှာရှိတဲ့ Recommendationတွေအပေါ်မှာမူတည်ပြီးတော့ ဒါကိုသေချာလေ့လာမယ်၊ လေ့လာပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်မယ် ဆိုတာပြောလိုက်တယ် ဒါပဲအဓိကတော့ ဒါပါပဲ။”

ပြီးခဲ့တဲ့ မတ်လကထုတ်ပြန်ထားတဲ့ ကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံသာပါ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။

“ရာခိုင်နှုန်းကတော့ မသိဘူး ၀န်ကြီးဌာနအလိုက်တော့။ ဒါပေမယ့် ဒီ report ကိုကြည့်လိုက်တဲ့အခါကျတော့ မလုပ်နိုင်တာကတော့ နဲနဲနည်းတယ် ၊ လုပ်နိုင်တဲ့ကိစ္စတွေပဲများတော့ တော်တော်များများတော့ ဆောင်ရွက်လိုက်ကြတယ်။ ဆောင်ရွက်လိုက်တယ်ဆိုတာက နဂိုတည်းကလည်းဆောင်ရွက်နေတာပါပဲ။ ဆောင်ရွက်နေတာပဲ ဒါပေမယ့်သူတို့က အထူးပြုပြီးတော့ ပြောတဲ့ဟာတွေကတော့ မြန်မြန်လေးဆောင်ရွက်ဖြစ်သွားတယ်။ Birth Registration လုပ်တာတို့ Mobile Health Team တွေလွှတ်တာတို့ ဒါမျိုးတွေပေါ့နော်။ ရွာတွေကြားထဲမှာ ဈေးလေးတွေဖွင့်ပြီးတော့ ၂ ဖက် အဖွဲ့အစည်းတွေကို သဟဇာတဖြစ်အောင် အဲဒီပုံစံမျိုးပေါ့နော်။ ဒါပေမယ့် အဲဒါကို ကျနော်တို့ လုပ်တော့လုပ်နေတာပေါ့နော် လုပ်တဲ့ကြားက ပြဿနာက ထပ်ဖြစ်ပြန်ရော ဖြစ်တာနဲ့ပဲ ကျနော်တို့မှာ ခဏနားတယ် အဲလိုမျိုးတွေဖြစ်နေတာပေါ့နော် ကျနော်တို့မှာလည်း။ သို့သော်လည်း ကျနော်တို့ လုပ်တဲ့အလုပ်တွေကတော့ သူ့အကြံပေးချက်တွေကတော့ မဆိုးပါဘူး ပြီးခဲ့တဲ့ ကြားဖြတ်မှာတုန်းကတော့ အဲဒါတွေကတော့ ကျနော်တို့ တော်တော်လေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဝန်ကြီးဌာနကတော့ ရာခိုင်နှုန်းတော်တော်များတယ်။ အကုန်လုံးနီးပါးဆောင်ရွက်နိုင်တဲ့သဘောဖြစ်တယ်။”

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က ကြားဖြတ် အစီရင်ခံစာကို အခုနှစ် မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက အကြံပေး ချက် တဝက်လောက်ကို အကောင်အထည် ဖော်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်းပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့ HRW ကတော့ ကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးသလိုကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံ သာပါ အကြံပြုချက်တွေကိုလည်း မြန်မာအစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ ထင်မြင်ချက်ပေး ထားပါတယ်။

ဒီကနေ့ ကိုဖီအာနန်ကော်မရှင်က အစိုးရအဖွဲ့တွေအပြင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဘက်က ရခိုင်လွှတ်တော်ကိုယ် စားလှယ်တွေနဲ့တွေ့ဖို့ကြိုးစားခဲ့ပေမယ့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကမတွေ့ခဲ့ဘူးလို့ပြောပါတယ်။

ရခိုင်အမျိုးသား ပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နောက်ထပ်ထွက်ပေါ်လာမယ့် ကော်မရှင်အစီရင်ခံစာ က ရခိုင်ပြည်နယ်အတွက် ဘာအကျိုးအမြတ်မှ ရရှိစေနိုင်မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။

“ဒီကနေ့ ကျနော်တို့ရခိုင်ပြည်နယ်ရဲ့ပြဿနာကို ကျနော်တို့အသိဆုံးပါ။ ဒီတော့ ကိုဖီအာနန်ကော်မရှင်က ယေဘုယျပဲ သူတို့ပြောနိုင်ပါလိမ့်မယ် တကယ့်လက်တွေ့ ဟိုမှာဖြေရှင်းရမယ့်ကိစ္စတွေကတော့ တော်တော့်ကိုခက်တယ်။ ရခိုင်မှာဖြစ်ပေါ်နေတာက ဆင်းရဲဒုက္ခကြောင့် ကျနော်တို့ ၂ ဖက်လူ့အဖွဲ့အစည်းဟာ ပြဿနာဖြစ်နေတာမဟုတ်ဘူး။ ကျနော်တို့ နယ်မြေကျူးကျော်ဝင်ရောက်မှုကတဆင့် နိုင်ငံသားအဆင့်ရလိုမှု၊ ရိုဟင်ဂျာဆိုတဲ့ ဒီစကားလုံးကိုတီထွင်ပြီးတော့ နိုင်ငံသားဖြစ်လိုမှု ၊ အဲဒီကနေတဆင့် ကျနော်တို့က နယ်မြေကို သိမ်းပိုက်မှု အဲလိုအမျိုးသားအမြင်နဲ့ကြည့်ပါတယ်။ အဲဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လောက်ပဲလုပ်တယ်ပြောပြော ဒီကိစ္စတွေက ပြေလည်သွားမှာမဟုတ်ဘူး အောက်ခြေမှာ။ သူတို့ကို နိုင်ငံသားစစ်ဆေးဖို့ဆိုတာကလည်း ဒါအဓိကလုပ်ရမယ့်အချက်ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံသားစစ်ဆေးမှုမခံဘူး၊ စာရင်းကောက်တောင်မခံဘူး အဲဒါကြောင့် ဘယ်လိုလုပ်ဆက်ပြီးဖြေရှင်းမလဲဆိုတာကတော့ ဒါက နိုင်ငံရေးပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုဖီအာနန်ရဲ့ကော်မရှင်အစီရင်ခံစာကိုတော့ ကျနော်တို့မျှော်လင့်ထားပါတယ်၊ ဒါပေမယ့် တကယ်တန်းလက်တွေ့တော့ ထိထိရောက်ရောက် အစိုးရလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး။”

ကြာသပတေးနေ့ မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး လူထုကိုချပြမယ့် အပြီးသတ် အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတားဆီးရေး၊ ပြန်လည်သင့်မြတ်ရေး၊ အခြေခံ ဝန်ဆောင်မှုများ ရရှိနိုင်ရေး၊ လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ အကြောင်းအရာတွေ ပါဝင်လိမ့်မယ်လို့ ကော်မရှင်က အသိပေးထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့တာဝန်ပေးချက် အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်ပြီး နိုင်ငံတကာပညာရှင် ၃ ယောက် မြန်မာပညာရှင် ၆ ယောက်တို့ ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

MYARF
RB News
23.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနှံ့တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၂၁) ရက်နေ့တွင် မောင်တောမြို့နယ် ဧတာလျာ ကျေးရွာအုပ်စု၊ သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု၊ နွားရုံတောင် ကျေးရွာအုပ်စု၊ ရေနောက်ငါးသား ကျေးရွာအုပ်စု များသို့ နယ်ခြားစောင့်ရဲများ၊ စစ်သားများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မ.က.ဖ အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကျေးရွာအုပ်စု အသီးသီး ၀န်းရံပိတ်ဆို့၍ အပြစ်မဲ့ ဒေသခံရွာသားများကို ဖမ်းဆီးသွားခဲ့သည်။ 

ဧတာလျာရွာမှ (၅) ဦး၊ သီဟိုဠ်ကျွန်းမှ (၃) ဦး၊ မြို့မကညင်တန်းမှ (၁) ဦး၊ ရေနောက်ငါးသားမှ (၄) ဦး - စုစုပေါင်း (၁၃) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဧတာလျာရွာမှ ဖမ်းဆီးခံရသူများမှာ --

(၁) ဦးဟာမိတ်ဟူစိန်း
(၂) ဦးအာဘူလ်ကာဆိမ်း 
(၃) ဦးအာဆောဒ်အူလ္လာ 
(၄) ဦးနူရ်ဂျာမာလ် 
(၅) ဦးနူရ်ဂျာဘဲရ်

မြို့မကညင်တန်းမှ ဖမ်းဆီးခံရသူမှာ --

(၁) မော်လ၀ီ ကော်ဘိရ်

သီဟိုဠ်ကျွန်းမှ ဖမ်းဆီးခံရသူများမှာ --

(၁) ဦးဘော်ရှိရ်အာမတ်
(၂) ဦးနော်ဘီဟူစိန်း
(၃) ဦးအာယုပ်ခါးန် (ခ) ဦးမာမတ်အာယာစ်
(၄) ဦးအိန်နားအာမီးန်

ရေနောက်ငါးသားမှ ဖမ်းဆီးခံရသူများမှာ -- 

(၁) ဦးကာမာလ် 
(၂) ဦးဟာမိတ်ဟူစိန်း
(၃) ဦးရော်ရှိတ်
(၄) ဦးအီဆားမတ် -- တို့ဖြစ်ကြသည်။




MYARF
RB News
23.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဦးလှဖေ ကျေးရွာအုပ်စုကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ၀န်းရံပိတ်ဆို့ပြီး အပြစ်မဲ့ ရွာသား (၄၉) ဦးကို ဖမ်းဆီးခဲ့ပြီးနောက် (၂၅) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေမပေးနိုင်သည့် (၂၄) ဦးကို တရားစွဲ၍ ထောင်ချရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးလှဖေ ကျေးရွာအုပ်စုသို့ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ အင်အား (၄၀၀) ခန့် ရောက်ရှိလာပြီး ရွာကို ၀န်းရံပိတ်ဆို့ကာ ရွာသား (၄၉) ဦးကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ အချို့ကို သတိလစ်သည့်အထိ ရိုက်နှက် ကန်ကျောက်ကာ ဖမ်းဆီး၍ လက်ထိပ်ခတ်၊ ကြိုးများ တုတ်၍ ဒရွတ်တိုက်ဆွဲကာ စက်လှေပေါ်သို့ တင်ဆောင်၍ ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖမ်းဆီးသွားသူများကို လူမဆန်စွာ ညှဉ်းပန်းရိုက်နှက် နှိပ်စက်ပြီးနောက် သြဂုတ်လ (၁၇) ရက်နေ့တွင် (၁၂) ဦးကို ငွေကျပ် ၃ သိန်းခွဲစီ ညှစ်ယူ၍ လည်းကောင်း၊ သြဂုတ်လ (၁၈) ရက်နေ့တွင် (၁၃) ဦးကို ငွေကျပ် ၄ သိန်းခွဲစီ ညှစ်ယူ၍ လည်းကောင်း ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေမပေးနိုင်သည့် (၂၄) ဦးကို သြဂုတ် (၁၈) ရက်နေ့တွင် ဘူးသီးတောင် တရားရုံးသို့ ပို့ဆောင်၍ တရားစွဲဆိုပြီး ထောင်ချရန် စီစဉ်နေကြောင်း သိရှိရသည်။ 

ငွေမပေးနိုင်၍ တရားစွဲဆိုခံထားရသူများမှာ --

(၁) ဦးမာမတ်အီဆုပ် (ဘ) ဦးဖောဇော်လ်အာမာန် (အသက် ၃၅ နှစ်)
(၂) ဦးမာမတ်ဖူရ်ခါန် (ဘ) ဦးဖောဇော်လ်အာမာန် (အသက် ၃၀ နှစ်)
(၃) ဆရာအာနီစ် (ဘ) ဦးမာမတ်ဆော်လိမ် (အသက် ၂၈ နှစ်)
(၄) မာမတ်ဒူလ္လာ (ဘ) ဦးအမီရုလ်ဟောက် (အသက် ၁၉ နှစ်)
(၅) ဟာဘီဘုလ္လာ (ဘ) ဦးအမီရုလ်ဟောက် (အသက် ၁၇ နှစ်)
(၆) ဦးမာမတ်ဂျာဘဲရ် (ဘ) ဦးကာလာမျာ (အသက် ၄၀ နှစ်)
(၇) ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးကာလာမျာ (အသက် ၄၆ နှစ်)
(၈) ဦးဟူစိန်းအာမတ် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၄၀ နှစ်)
(၉) ဦးဆာဒေခ်ဟူစိန်း (ဘ) ဦးမာမတ်ရှားကဲရ် (အသက် ၃၀ နှစ်)
(၁၀) ဦးအေဆာန်အူလ္လာ (ဘ) ဦးလေဒူးမျာ (အသက် ၃၀ နှစ်)
(၁၁) နူရ်မာမတ် (ဘ) ဦးလေဒူးမျာ (အသက် ၂၁ နှစ်)
(၁၂) ဦးဆော်လာမတ်အုလ္လာ (ဘ) ဦးလေဒူးမျာ (အသက် ၃၈ နှစ်)
(၁၃) ဦးအာဇီဇုလ္လာ (ဘ) ဦးအဒူရာမာန် (အသက် ၃၃ နှစ်)
(၁၄) ဟာရှိမ်း (ဘ) ဦးအဒူရာမာန် (အသက် ၂၀ နှစ်)
(၁၅) ဦးအာရော်ဖ်အူလ္လာ (ဘ) ဦးအဒူလ်ဟာဒီးစ် (အသက် ၃၀ နှစ်)
(၁၆) ဦးနော်ဇိရ်အူလ္လာ (ဘ) ဦးအာဘူကာလာမ် (အသက် ၂၇ နှစ်)
(၁၇) ဦးမာမတ်အီလီယာစ် (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၃၈ နှစ်)
(၁၈) ဇာဟိတ်ဟူစိန်း (ဘ) ဦးတော်ဇုလ်အာမတ် (အသက် ၁၉ နှစ်)
(၁၉) ဦးဟာဖီးဇ်ဟာဆောင်း (ဘ) ဦးအာဘူလု (အသက် ၄၅ နှစ်)
(၂၀) အဒူရာမာန် (ဘ) ဦးအဒူရော်ကိမ်း (အသက် ၂၅ နှစ်)
(၂၁) ဦးအီမာန်ဟူစိန်း (ဘ) ဦးဘာဆဲရ် (အသက် ၃၅ နှစ်)
(၂၂) မော်လ၀ီဆောလာမတ်အူလ္လာ (ဘ) ဦးဘောဒူဇာမာ
(၂၃) ဦးအာမာန်အုလ္လာ (ဘ) ဦးဂေါ်နုမျာ (အသက် ၄၅ နှစ်)
(၂၄) ဘော်ရှိရ်အာမတ် (ဘ) ဦးဟာရွန်ရော်ရှိတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ကြသည်။

သြဂုတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှ တောတောင်ပေါ်သို့ အလုပ်လုပ်ရန်နှင့် နွားကျောင်းရန် သွားနေကြသူများ အနက် (၅) ဦးကို စစ်သားများက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ကာ ညနေ (၅) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ရိုက်နှက်ခံရပြီး ငွေကျပ် တစ်သိန်းစီ ညှစ်ခံရသူများမှာ --

(၁) ဦးမာမတ်အာမီးန် (ဘ) ဦးမာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)
(၂) ဦးအာယာစ် (ဘ) ဦးဆင်မျာ (အသက် ၃၉ နှစ်)
(၃) ဟာမိတ်ဟူစိန်း (ဘ) ဦးနူရ်အာမတ် (အသက် ၁၈ နှစ်)
(၄) မာမတ်နူရ် (ဘ) ဦးအဒူလာမိတ် (အသက် ၁၈ နှစ်)
(၅) ဦးယာစီးန် (ဘ) ဦးဆွေယောဒ်ဟူစိန်း (အသက် ၃၃ နှစ်) -- တို့ဖြစ်ကြသည်။ 



ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံ ရောက်ရှိ (Ministry of Foreign Affairs Myanmar)


မြင့်မြင့်ခိုင်
22.8.2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အစီအရင်ခံစာ တင်သွင်းဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အနေနဲ့ သြဂုတ်လ ၂၄ရက်နေ့ မတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အစီရင်ခံစာ တင်ပြဖို့ရှိပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာ ကိုဖီ အာနန်နဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံသွားဖို့လည်း ရှိနေ တာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါ မယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင် အ နေနဲ့ အပြီးသတ် အစီရင်ခံစာကို ပြည်သူလူထုထံမချပြခင်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေထံ တင်ပြသွားဖို့ရှိတယ်လို့ ကော်မရှင် အဖွဲ့ ဝင် ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့အသေးစိတ်ကတော့ လုံခြုံရေးအရမပြောဖို့ မေတ္တာရပ်ခံထားပါတယ်။ ကျနော်တို့ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကော်မရှင်ကလည်း ပြည်သူ့အစိုးရက တာဝန်ပေးထားတာလေ။ အဲဒီတော့ အစိုးရကိုကျနော်တို့ တင်မယ် တင်ပြီးရင် ၂၄ ရက်နေ့ကျရင် ပြည်သူအများသိအောင် သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်ခင်ဗျ။ ကျနော်တို့ အကြံပြုသွားမှာပါခင်ဗျ ကျနော်တို့ တာဝန်ပေးတဲ့လူတွေနဲ့ အားလုံးတွေ့ဖို့အစီအစဉ်ရှိပါတယ်။”

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အကြံပေး အစီရင်ခံစာတင်ပြဖို့အတွက် ကုလ အတွင်းရေးမှူးချုပ် ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ သြဂုတ်လ ၂၂ရက်နေ့ မွန်းလွဲပိုင်း ၃နာရီမှာ ရန်ကုန်မြို့ကို ရောက်ရှိလာတာပါ။ သြဂုတ်လ၂၄ရက်နေ့ ကြာသပတေးနေ့မှာတော့ ရခိုင်ပြည်နယ် အကြံပေး ကော်မ ရှင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အများပြည်သူသိအောင် အပြီးသတ်အစီရင်ခံစာကို ချပြမှာ ဖြစ်ပါ တယ်။

ရခိုင် အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတားဆီးရေး၊ ပြန်လည် သင့်မြတ်ရေး၊ အခြေခံ ဝန်ဆောင်မှုတွေရရှိနိုင်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင် ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အကြောင်းအရာတွေ ပါဝင်မယ်လို့ ကော်မရှင်ဘက်က အသိပေးထားပါ တယ်။

ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ဟာ မနက်ဖြန်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။ ရခိုင် အမျိုးသားပါတီ ဘက်ကတော့ ဒီ တွေ့ဆုံမှုမှာ မပါဝင်လိုကြောင်း အကြောင်းပြန်ကြားထားတယ်လို့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ပေါ့နော် ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အမတ်တွေကို မနက်ဖြန်တွေ့ဖို့ ကိုဖီအာနန်ဘက်က တောင်းဆိုတဲ့ပုံပဲ ဆိုတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီဘက်က အမတ်တွေကတော့ မတွေ့လိုဘူးဆိုတဲ့သဘောနဲ့ ပြန်ကြားထားတာရှိတယ်။ ဘာကြောင့်ဆိုရင် အစကတည်းက ကျနော်တို့ ကိုဖီအာနန်ကော်မရှင်ဖွင့်စဉ်ကတည်းက ကျနော်တို့ ပြည်သူ့လွှတ်တော်ဘက်မှာလည်း ကန့်ကွက်တာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံဥပဒေအရ အဲဒီလို နိုင်ငံတကာနဲ့ ယှဉ်တဲ့ ပုဂ္ဂိုလ်များနဲ့ ရခိုင်ပဋိပက္ခကို စုံစမ်းဖွဲ့စည်းပိုင်ခွင့်ကို ဥပဒေအရမရှိဘူး။”

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ပြဿနာကို မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံ ပြုချက်တွေလောက်နဲ့တင် ဖြေရှင်းနိုင်မယ် အနေအထားမရှိဘူးလို့လည်း ဒေါက်တာအေးမောင်က သူ့ အမြင်ကို ပြောပါတယ်။

“အဲဒီတော့ နောက်ဆုံးအစီရင်ခံစာ ထွက်တော့မယ်၊ မထွက်ခင် မနက်ဖြန်ဆိုလားတပတ်ခါဆိုလား ၊ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်။ အဲဒီတော့ သူ့အစီရင်ခံစာကို ဒီဘက်က အစိုးရလွှတ်တော် ၊ တပ်မတော်ဘက်က ဘယ်လောက်အထိ လက်ခံမလဲ အဲဒါကတော့ ကျနော်တို့ မပြောနိုင်ဘူး။ အဲဒီတော့ ကျနော်တို့နားလည်တာက လက်ရှိ ရခိုင်ဘက်မှာဖြစ်နေတဲ့ ပြဿနာသည် နိုင်ငံတကာအဖွဲ့အစည်းတခုမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တဦး လာရောက်ပြီးမှ ၊ ခုနကပြောသလို လေ့လာစုံစမ်းပြီးမှ အကြံပြုတာလောက်နဲ့ ဖြေရှင်းလို့ရမယ့်အနေအထားမဟုတ်ဘူးလို့ ကျနော်တို့ဘက်က သုံးသပ်တယ်။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကိုတော့ ၂၀၁၇ မတ်လတုန်း က ထုတ်ပြန်ခဲ့ပြီး အဲ့ဒီအစီရင်ခံစာပါ အကြံပေးချက်တွေရဲ့ တဝက်လောက်ကိုတော့ အကောင်အထည် ဖော်ထားနိုင်ပြီလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုထားတာလည်းရှိပါတယ်။

ရခိုင်အကြံပေးကော်မရှင်ဟာ ရခိုင်ပြည်နယ်ထဲက မတူကွဲပြားတဲ့ အသိုင်းအဝိုင်း နှစ်ခုကြားက နက်နဲတဲ့ ပြဿနာတွေ ပြေလည်နိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို အဓိက အကြံပြုနိုင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိမရှိဆိုတာကို အဓိက စုံစမ်းဖို့ မဟုတ်ပါဘူး။

ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ်လမှာ ဖွဲ့စည်းခဲ့ပြီး ၂လအကြာမှာ ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူနည်းစု မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကတော့ ကုလသမဂ္ဂက သံသယရှိသလိုမျိုး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မရှိခဲ့ ဘူးလို့ ပြောဆိုထားတာလည်းရှိပါတယ်။

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce

ဗွီအိုအေမြန်မာပိုင်း
22.8.2017

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးအတွက် လတ်တလော စစ်တပ်အင်အားတွေတိုးချခဲ့ပြီးနောက် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce ကတိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေအများ ဆုံးရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်တွေချထားရာက လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်တယ်လို့ California ပြည်နယ်က Republican အမတ် Royce ကဆိုပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့လိုတယ်ဆိုတာ အမေရိကန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားပြောဖို့လိုတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို အောက်လွှတ်တော်မှာ မတ်လက လုပ်ခဲ့စဉ်မှာလည်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ ကိစ္စကိုကုလသမဂ္ဂကတဆင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စုံစမ်းဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

Ed Royce နှင့် နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်

ဝါရှင်တန်မြို့တော်ကို ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ်က လာခဲ့စဉ်ကလည်း ရိုဟင်ဂျာတွေဖိနှိပ်ခံနေရတဲ့အပေါ် စိတ်ပျက်မိတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဒေသခံတွေ သတ်ဖြတ်ခံရမှု ဖမ်းဆီးခံရမှုတွေ တိုးလာတဲ့အတွက် လုံခြုံရေးတိုးမြှင့်ပေးဖို့ ရခိုင်အမျိုးသားပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုခဲ့ပြီးနောက် ခုလိုတပ်တွေ တိုးချခဲ့တာဖြစ်ပါတယ်။ စစ်တပ်တွေကို ယာယီမဟုတ်ဘဲ အမြဲတမ်းချထားပေးဖို့ လွှတ်တော်မှာ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေကြား နှစ်ပေါင်းကြာရှည်ထဲကရှိနေခဲ့တဲ့ ပြဿနာတွေပြေလည်နိုင်ရေးနဲ့ အေးချမ်းဖံွ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်အစီရင်ခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က ကြာသပတေးနေ့မှာ ထုတ်ပြန်ဖို့ရှိနေပါတယ်။

ရခိုင်ပြည်နယ်မောင်တောခရိုင်ထဲမှာ လက်နက်ကိုင်တချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပါတ်သက်လို့ စုံစမ်းခဲ့တဲ့ မောတောဒေသစုံစမ်းရေးကော်မရှင်ကတော့ကုလသမဂ္ဂက စွပ်စွဲခဲ့သလို လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမျိုးတွေ မရှိခဲ့သလို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ ယူဆနိုင်တဲ့အခြေအနေမျိုးလည်း မတွေ့ရှိခဲ့ရဘူးလို့ August လဆန်းပိုင်းက အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ ကော်မရှင်ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ ဒီအပေါ် နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တချို့က ဝေဖန်ခဲ့ပါတယ်။

MYARF
RB News
21.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာ နယ်မြေပိုင် ကျေးရွာများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူးနှင့် ရင်းနှီးသူများက ရွာသားများကို ခြိမ်းခြောက်၍ နယ်မြေမှူးအတွက် ငွေကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် ကျွန်းပေါက်ကျေးရွာအုပ်စု၊ ကျွန်းပေါက်ရွာတွင် ဦးဟာဖီးဇ်အနိုဝါရ် (ဘ) ဦးဟာဘီရာမာန်နှင့် ယင်းကျေးရွာအုပ်စု ကျောက်ဆည်ရွာနေ မော်လ၀ီမာမတ်အာမီးန် (ဘ) ဟာဂျီဦးအာဘူကာဆိမ်း တို့နှစ်ဦးထံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူးနှင့် ရင်းနှီးသူ တင်းမေးကျေးရွာအုပ်စုနေ ဦးမာမတ်ဇူဘိုင် (ဘ) ဦးမော်ဆာန်အလီက နယ်မြေမှူးအတွက် ငွေကျပ် (၅) သိန်း တောင်းခဲ့သည်။ ဦးဟာဖီးဇ်အနိုဝါရ်နှင့် မော်လ၀ီ မာမတ်အာမီးန် တို့က ဦးမာမတ်ဇူဘိုင် တောင်းခံသည့် ငွေကျပ် (၅) သိန်းကို မပေးသဖြင့် အကြမ်းဖက်ခေါင်းဆောင်များဟု အမည်စာရင်း ရေးသွင်းထားကြောင်း သိရှိရသည်။ 

ငွေမပေးသူနှစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးရန် နေ့စဉ် အိမ်တိုင်ရာရောက်  လိုက်လံရှာဖွေလျက် ရှိပြီး၊ ထိုကဲ့သို့ ငွေမပေးခဲ့သူ တင်းမေကျေးရွာမှ မော်လ၀ီမာမတ်အလီ ကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ မောင်နှမရွာတွင် နယ်မြေမှူးနှင့် ရင်းနှီးသူများ ဖြစ်ကြသည့် ဟာဂျီဦးအာဘူလ်ဘော်ရှော်ရ်နှင့် ဦးဟာမိတ် အပါအ၀င် (၄) ဦးတို့က ရွာသား (၅၃) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းမှ သိန်း (၂၀) ထိ ပေးရန် တောင်းခံလျက် ရှိသည်။ ရွာသား (၃၀) နီးပါးက ငွေပေးလိုက်သဖြင့် ငွေပေးနိုင်သူများ နေအိမ်တွင် နေနိုင်သော်လည်း ငွေမပေးနိုင်သည့် ရွာသားများမှာ နေအိမ်တွင် မနေနိုင်တော့ဘဲ တိမ်းရှောင်နေရကြောင်း၊ မိုးကြီးလေကြီးထဲတွင် ဒုက္ခပေါင်းများစွာဖြင့် ရွာအပြင်သို့ တိမ်းရှောင် နေရကြောင်း၊ ငွေမပေးနိုင်သူများကို နယ်ခြားစောင့်ရဲများက နေ့စဉ်နေ့တိုင်း အိမ်တိုင်ရာရောက် လာရောက် ရှာဖွေလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 



MYARF
RB News
21.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မင်းကြီးရွာသို့ ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ဒေသခံရိုဟင်ဂျာများ၏ နေအိမ် (၃) လုံး ဖြိုဖျက်ခဲ့ပြီး၊ ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၂၀) ရက်နေ့ နံနက် ၄း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း မင်းကြီးရွာသို့ ကြိမ်ချောင်း နယ်မြေပိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၆) ခုမှ တပ်ဖွဲ့ဝင် (၈၀) ဦးခန့် ၀င်ရောက်လာပြီး ရွာကို ၀န်းရံ ပိတ်ဆို့ကာ ဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀၀ ကျော်ကို နေအိမ်များမှ ထွက်စေပြီး ဗလီဝတ်ကျောင်းတော်၏ ခြံဝင်းအတွင်းတွင် စုထားခဲ့သည်။ ၎င်းတို့က ဒေသခံများကို နေအိမ်များမှ ထွက်လာရာတွင် နှောင့်နှေးသည်ဟု ဆိုကာ ဆဲဆိုခြင်း၊ ဖိနပ်များဖြင့် ကန်ကျောက်ခြင်း၊ လက်သီးများဖြင့် ထိုးကြိတ်ခြင်း၊ ခေါင်းပုဝါ ခြုံလာသူများကို ရွေး၍ ပါးရိုက်ခြင်း၊ ပုဝါများ ဆွဲယူ၍ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် အဆိုပါ နယ်ခြားစောင့်ရဲများသည် ဦးဆုလ်တာန်အာမတ် (ဘ) ဦးအဒူကော်ရီးမ် ၏ ငွေကျပ် သိန်း (၇၀) တန် အိမ်တစ်လုံး၊ ဦးမိုဟာမတ်အာလောမ် (ဘ) ဦးအာဘူအာလောမ် ၏ ငွေကျပ် သိန်း (၄၀) တန် အိမ်တစ်လုံး၊ ဦးမိုဟာမတ်နူရ် (ဘ) ဦးကာလာမျာ ၏ ငွေကျပ် (၁၀) သိန်းတန် အိမ်တစ်လုံး တို့ကို ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ 

ရွာမှ ပြန်လည်ထွက်ခွာချိန်တွင် ဆိုလာပြား (၅) ခု၊ ဘက်ထရီ (၈) လုံး၊ Power Bank (၄) လုံး၊ ခို (၂၃) ကောင်နှင့် ကြက် (၅၅) ကောင် တို့ကို လိုင်စင်ရ ဓါးပြများကဲ့သို့ လုယက် ယူဆောင်သွားကြောင်း ဒေသခံများက ပြောပါသည်။ 






MYARF
RB News
21.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနားကျေးရွာအုပ်စု၊ နူရူလ္လာရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀န်းရံပိတ်ဆို့ပြီး အပြစ်မဲ့ရွာသား (၆) ဦးကို ဖမ်းဆီးသွားပြီး၊ နေအိမ် (၃) လုံး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၂၀) ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု၊ နူရူလ္လာရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ အင်အား ၂၀၀ ခန့်က ရုတ်တရက် ၀င်ရောက်စီးနင်းပြီး နေရာအနှံ့ ရှာဖွေခဲ့သည်။ ၎င်းတို့ ရှာဖွေစဉ် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဦးအဒူမော်တော်လောဖ် (ဘ) ဦးအာဘူလ်ကာဆိမ်း၊ ဒေါ်ရုခ်ဘာနာ (ဘ) ဦးနော်ဇီအာမတ်နှင့် ဦးဘိုက်ထား (ခ) ဟာရွန်ရော်ရှိတ် (ဘ) ဦးအဒူဇော်ဘော်ရ် တို့ (၃) ဦး၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အလုပ်သွားရန် နေအိမ်များမှ ထွက်လာသည့် ဦးနူရ်အစ္စလာမ် (ဘ) ဦးအီဆုပ်ဇော်လာလ်၊ ဦးဖိုင်ဆဲလ် (ဘ) ဦးနူရ်အစ္စလာမ်၊ ဦးဆာဒေခ် (ဘ) ဦးကာဆိမ်း၊ ဦးရှောမ်ရှုအာလောမ် (ဘ) ဦးကာဆိမ်း၊ ဦးဒိလ်မာမတ် (ဘ) ဦးဟာဆောင်း နှင့် ဦးအဒူရှကူရ် (ဘ) ဦးအစ္စမိုင်လ် တို့ကို အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 



RB News
20.8.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု ဘော်တလီ ၂ ရွာမှ ဒေသခံတစ်ဦးကို နယ်ခြားစောင့်ရဲများက လုပ်ကြံ၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၁၉) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဇီးပင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲ (၇) ဦးသည် ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု၊ ဘော်တလီ ၂ ရွာသို့ ရောက်ရှိလာခဲ့ပြီး ယင်းရွာမှ ဦးအာဘူတာဟဲရ် (ဘ) ဦးအဒူရှကူရ်၏ နေအိမ်ကို ၀င်ရောက်စီးနင်း စစ်ဆေးခဲ့သည်။ နေအိမ်တွင် ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့်ရဲများက ၎င်းတို့နှင့်အတူ အသင့်ယူဆောင်လာသော ဘင်္ဂလားငွေ တာကာ တစ်ဆယ်တန် တစ်ရွက်ကို နေအိမ်၏ တစ်နေရာတွင် ထား၍ နေအိမ်တွင်းမှ ရှာဖွေတွေ့ရှိသည့်ပုံစံဖြင့် လုပ်ကြံကာ အိမ်ရှင်ဖြစ်သူ ဦးအာဘူတာဟဲရ် ထံမှ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများသည် နေအိမ်ကို ရှာဖွေစစ်ဆေးရာတွင် အိမ်ရှင်များကို အတူလိုက်ကြည့်ခွင့် မပေးဘဲ မိသားစုဝင်များ အားလုံးကို နေအိမ်များ၏ အပြင်သို့ ထုတ်၍ ထိန်းသိမ်းထားလေ့ရှိသည်။ ထိုကဲ့သို့ ပိုင်ရှင်များအား အတူလိုက်ကြည့်ခွင့် မပေးခြင်းမှာ ၎င်းတို့နှင့် အတူပါလာသည့် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ နေအိမ်ထဲတွင် ထားရှိရန် ဖြစ်ပြီး၊ ပြဌာန်းထားသည့် ဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ 



MYARF
RB News
19.8.2017

မောင်​​တော ။ ။ ရခိုင်ပြည်နယ်၊ ​မောင်​​တောမြို့နယ်​မှ ညောင်​​ချောင်းရွာသား တစ်​ဦးသည် မြို့ထဲတွင်ဆိုင်​​ရောင်းပြီး ည​နေအိမ်​ပြန်​စဉ် ပန်း​တောပြင်​ နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း သတင်းရရှိပါသည်။ 

ဩဂုတ်​လ ၁၇ ရက်​​နေ့၊ ည​နေ ၅ နာရီခွဲအချိန်​၌ မြို့ထဲတွင် ဆိုင်​​ရောင်းပြီး အိမ်​ပြန်​လာသူ ​ညောင်​​ချောင်း​ကျေးရွာသား ဦးမိုဟာမတ်​ ​အေ​မေရာန် (ဘ) ဦး​ဖော်​​ဇော်​လ်​အမတ်​ (အသက် ၃၀ နှစ်) ကို ပန်း​တောပြင်​ နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများက အ​ကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ၎င်းကို ဖမ်းဆီး​ခဲ့ခြင်းနှင့် ပတ်သက်၍ မျက်​မြင်​ သက်​​သေတစ်​ဦးက --

“အတူတူ ဆိုင်​ကပြန်​လာတာ။ မကျည်းချောင်းစခန်းက ရဲမှူးလည်း စခန်းထဲရှိတယ်​။ သူ့ကို ခဏ ဆိုပြီး ​ခေါ်တယ်။ ​နောက်​​တော့ အိမ်​ပြန်​ခွင့်​မပြုဘဲ ဖမ်းလိုက်တယ်​” ဟု ပြောပါသည်။  

ဖမ်းဆီးခံရသူသည်​ ​မောင်​​တောမြို့​ပေါ်တွင်​ စက်​ဘီးနှင့်​အပိုပစ္စည်း ​ရောင်းဝယ်​​နေသည့်​ လူငယ်​တစ်​ဦးဖြစ်​ပြီး အကျင့်​စာရိတ္တ​ အလွန်ကောင်းမွန်​သည်​ဟု ၎င်းနှင့် ရင်းနှီးသူများက ဆိုသည်​။

ည​နေ ၉ နာရီခွဲ​ခန့် အချိန်​တွင်​ ၎င်းကို မကျည်း​ချောင်းစခန်းသို့ ​ခေါ်​ဆောင်​သွားပြီး ​သြဂုတ်လ (၁၈) ရက်နေ့တွင် ​မောင်​​တောတရားရုံးသို့ ​ခေါ်​ဆောင်​လာပြီး ရမန်​ ရယူခဲ့သည်​ဟု ​ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းသည်​ ခန္ဓာကိုယ် သေးငယ်၊ အရပ်ပု၍ အားအင်​ချည်​နဲ့သူတစ်​ဦး ဖြစ်ပါသည်​။ အ​မေအိုတစ်​ဦး၏ တစ်​ဦးတည်း​သော သားဖြစ်​သည့်​ ဦးမိုဟာမတ်အေမာရာန်သည်​ အလွန်​ပင်​ ​အေး​အေးချမ်းချမ်း ​နေထိုင်သူတစ်​ဦးဖြစ်​သည်​ဟု ၎င်းနှင့်​ရင်းနှီးသူများက ပြောပါသည်။ 

၎င်းကို မတရားသဖြင့် အကြောင်းမဲ့ ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး ​ကော်​မတီက “လုံခြုံရေးတပ်ဖွဲ့ဝင်များသည်​ သြဂုတ် ၁၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် လှည့်ကင်းဆောင် ရွက်စဉ် မသင်္ကာတရားခံ ဖမ်းဆီးရမိသည်” ဟု သတင်းထုတ်​ပြန်​ခဲ့သည်​။ 

နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး ​ကော်​မတီ၏ သတင်းထုန်​ပြန်​ချက်​နှင့်​ ပတ်​သက်​၍ ​မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေးကို ​စောင့်​ကြည့်​​လေ့လာ​နေသည့်​ အဖွဲ့မှ ကိုထွန်းနိုင်​ကို ​မေးမြန်းခဲ့ရာ ၎င်းက နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး ​ကော်​မတီ၏ သတင်းထုတ်​ပြန်​မှုသည်​ လိမ်​ညာမှုသက်​သက်​သာ ဖြစ်​သည်​ဟု ဆိုသည်​။ 

“ဒါက သက်​သက်​ လိမ်​ညာ​နေတာ​ဗျာ။ ​အောက်​က သတင်းပို့တဲ့အတိုင်း နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးက မစီစစ်​ဘဲ တင်​​နေကြတာ။ ဒီလူငယ်က မြို့ထဲမှာဆိုင်​​ရောင်းပြီး ပြန်​လာတာ​ဗျ။ အချိန်​က ည​နေ ၅ နာရီခွဲပါ။ ဒီလူငယ်ရဲ့ ဆိုင်​​သော့တွဲ၊ လက်​ကိုင်​ဖုန်းနဲ့၊ သူစီးလာတဲ့ စက်​ဘီးက အခုထိ ပန်း​တောပြင်​ နယ်​ခြား​စောင့်​စခန်းမှာ ရှိ​နေတယ်​။ အဲ့ဒါ​တွေသွားယူဖို့ မိသားစုဝင်​​တွေကို ​ခေါ်​နေတာ သူ့အ​မေက မသွားချင်​ဘူး။ လှည့်​ကင်းလှည့်နေတဲ့အချိန် ဖမ်းတယ်ဆိုရင်​ သူ့မှာ ဆိုင်​​သော့တွဲပါလာစရာလား” ဟု ကိုထွန်းနိုင်က ပြောပါသည်။ 

အားအင်​ချည်​နဲ့သည့်​ ဦးမိုဟာမတ်​​အေ​မေရာန်​ကို နယ်​ခြား​စောင့်​ရဲများက ၎င်းတို့၏ ထုံးထမ်းဓ​လေ့အတိုင်း ညှဉ်းပန်း နှိပ်​စက်​မည်​ကို ​ဒေသခံများက အထူးစိုးရိမ်​​နေကြသည်​။ 

ဤကဲ့သို့ အပြစ်​မဲ့သူတစ်​ဦးကို အ​ကြောင်းမဲ့ဖမ်းဆီးပြီး မသင်္ကာမှုတပ်၍ အရေးယူနေသည့် အာဏာပိုင်​များ၏ လုပ်​ရပ်​များ ရပ်​တန့်​သင့်​ပြီ ဖြစ်​​ကြောင်း၊ အပြစ်မဲ့တစ်ဦးဖြစ်သည့် ဦးမိုဟာမတ်အေမာရာန်ကို အမြန်ဆုံး လွှတ်ပေးရန် ဒေသခံများ အားလုံး၏ ကိုယ်စား ပြည်ထောင်စုအစိုးရထံ တောင်းဆိုပါသည်ဟု ကိုထွန်းနိုင်က ပြောပါသည်။




(ဓါတ်ပုံ May Wong/Channel News Asia)

RB News
18.8.2017

မြန်မာအစိုးရက ရခိုင်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် လော်ဘီ ပြုလုပ်ရန်အတွက် အထူးသံတမန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဘီဘီစီမြန်မာပိုင်းတွင် ဒေါ်ခင်လှ (ကျောင်းဆရာမဟောင်း)၊ ဒေါ်စောခင်တင့် (ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်) နှင့် ဦးမင်းလွင်ဦး (လူ့အခွင့်အရေးရှေ့နေ) တို့က ပါဝင် ဆွေးနွေးထားသည်ကို အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။ 




Rohingya Eye
RB News
17.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း သင်္ဂနက်ကျေးရွာတွင် ပိတ်ဆို့ခံထားရသည့် ဒေသခံရိုဟင်ဂျာများမှာ အပြင်သို့ သွားလာခွင့်မရသည့် အပြင် အာဏာပိုင်များ အသုံးချနေသည့် ရခိုင်အစွန်းရောက်များ၏ ဒဏ်ကိုလည်း ဆိုးဆိုးရွားရွားခံနေရကြောင်း သတင်းရရှိပါသည်။ 

ရသေ့တောင်မြို့နယ် မြောက်ပိုင်း သင်္ဂနက်ကျေးရွာတွင် ရိုဟင်ဂျာအိမ်ခြေ ၂၆၀ ခန့်ရှိသည်။ အများအားဖြင့် တောင်ယာခုတ်လုပ်ငန်းများ လုပ်ကိုင်ကြပြီး၊ ယခုအခါ တောင်ပေါ်သို့ သွားခွင့်မရှိသည်မှာ နှစ်လခန့်ရှိနေပြီ ဖြစ်သောကြောင့် စားဝတ်နေရေး ကျပ်တည်းလျက် ရှိသည်။ ယခင်က ရခိုင်ရွာထဲရှိ ဈေးဆိုင်များသို့ သွားရောက်၍ လိုအပ်သည်များကို ၀ယ်ယူနိုင်ခဲ့သော်လည်း ချွတ်ပြင်ရွာသားတစ်ဦး ပျောက်ဆုံးသည့် အချိန်မှစ၍ သွားလာခွင့် ပိတ်ပင်ခံရသောကြောင့် ဆေးဝါးနှင့် စားကုန်ပစ္စည်းများ ပြတ်လတ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၁၆) ရက်နေ့ နေ့လည် ၃ နာရီခွဲ အချိန်တွင် ယင်းကျေးရွာ၏ အနောက်ဘက်လမ်း အနီးတွင် နွားကျောင်းနေသည့် ဦးကာဒိရ်ဟူဆောင်း (ဘ) ဦးဟာလာ (အသက် ၅၀ နှစ်) ကို စစ်သားများ ကင်းလှည့်နေစဉ် တွေ့ရှိသွားပြီး ခေါ်ယူ၍ လူမဆန်စွာရိုက်နှက်ခဲ့သောကြောင့် သေလုမျောပါး ဖြစ်နေကြောင်း သိရှိရသည်။ 

သြဂုတ်လ (၁၅) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင်လည်း ဦးမာမတ်ကာဆိမ်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၅၅ နှစ်) သည် ၎င်း၏ နွားများကို ရွာ၏ တောင်ဘက် တောင်တန်းအနီး အစာကျွေးနေစဉ် ချွတ်ပြင်ရွာမှ ရခိုင်အစွန်းရောက်နှစ်ဦးက ၎င်း၏ နွားများကို ရခိုင်ရွာထဲသို့ မောင်းသွင်းခဲ့သည်။ ထိုသို့ မောင်းယူနေစဉ် ၎င်းက ၎င်း၏နွားများကို ပြန်လည်တောင်းခံသောအခါ ချုံပုတ်အတွင်းမှ နယ်ခြားစောင့်ရဲ ၀တ်စုံဖြင့် ရခိုင်အစွန်းရောက် တစ်ဦး ထွက်လာပြီး လူမဆန်စွာ ရိုက်နှက်သောကြောင့် ဦးခေါင်းနှင့် မျက်နှာတို့တွင် သွေးထွက် ဒဏ်ရာရရှိခဲ့သည်။ ၎င်းအား ရွာသားများက ထမ်းယူ၍ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့ရကြောင်း သိရှိရသည်။ 

ရခိုင်အစွန်းရောက်များ မောင်းယူသွားသည့် နွားများနှင့် ပတ်သက်၍ ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ တိုင်တန်းပြီးနောက် သြဂုတ်လ (၁၆) ရက်နေ့တွင် မောင်းသွင်းသွားသည့် နွား (၂၅) ကောင် ပြန်လည် ရရှိခဲ့ကြောင်း၊ အဆိုပါ အစွန်းရောက်များကို အာဏာပိုင်များက နောက်ကွယ်မှ ကူညီပံ့ပိုးမှုကြောင့် ယခုကဲ့သို့ အတင့်ရဲနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 



MYARF
RB News
17.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင်ကျေးရွာအုပ်စု ရီးဒါအရှေ့ရွာမှ ရိုဟင်ဂျာများ၏ နေအိမ်နှစ်လုံးကို ပူးပေါင်းအဖွဲ့က ၀ိုင်း၍ အတင်းအဓမ္မ ဖြိုဖျက်လိုက်ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင်ကျေးရွာအုပ်စု ရီးဒါအရှေ့ရွာသို့ ကြိမ်ချောင်း နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများ၊ စစ်သားများ၊ လ.၀.က နှင့် ရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၁၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် လူဦးရေ စစ်ဆးသည့် ပုံစံဖြင့် ၀င်ရောက်၍ ဦးအာယုပ်နှင့် ဦးဟာဆောင်း (ဘ) ဦးအာဘူအာလောမ် တို့ ညီအစ်ကိုနှစ်ဦး၏ နေအိမ်များကို အတင်းအဓမ္မ ဖြိုဖျက်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အိမ်များကို ဖြိုဖျက်၍ ရရှိသော သစ်များ၊ ၀ါးများ၊ အိမ်သုံးပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများ၊ အ၀တ်အထည်များ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် အခြားရွှေငွေများ အားလုံးကို သိမ်းဆည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောပါသည်။ 

တစ်ချိန်တည်းတွင် ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ ဆန်အိတ်များဖွင့်၍ ဆန်များကို လွှင့်ပစ်ခဲ့သည်။ ထို့အပြင် ဦးဖော်ကီရ်အာမတ် (ဘ) ဦးဆုလ်တာန်ထံမှ ငွေကျပ် ၄ သောင်း၊ ဦးနူရ်ဟူစိန်း (ဘ) ဦးဘော်ဒူဇာမာ ထံမှ ငွေကျပ် တစ်သောင်းလေးထောင်၊ မော်လ၀ီနူရ်ဟူစိန်း (ဘ) ဦးအဒူဇော်ဘောရ် ထံမှ မိုဘိုင်းဖုန်း နှစ်လုံး၊ ကြက် ၄ ကောင်၊ ခို ၆ ကောင်၊ ဦးမာမတ်အုလ္လာ (ဘ) ဦးအဒူဇော်ဘော်ရ် ထံမှ ကြက် ၉ ကောင်၊ ခို ၄ ကောင်၊ သစ်တုံး (၆" x ၆") ၄၀၊  ဦးဆော်လိမ် (ဘ) ဦးမာမတ်အာလောမ် ထံမှ လက်သမား ပစ္စည်းများအားလုံး၊ သစ်တုံး ၄၀၊ ပရိဘောအသစ် ၁၂ စုံ၊ ဦးဇူဘိုင်ရ် (ဘ) ဦးအလီအာမတ် ထံမှ ကွန်ပိုက် တစ်ခု၊ သစ်တုံး ၅၀၊ လွှကြီး နှစ်ခု၊ ခို ၁၀ ကောင်၊ ကြက် ၁၄ ကောင်၊ ဓါတ်မီး ၃ ခု၊ လွှကြီး တစ်ခု စသည်တို့အပြင် အိမ်သုံးပစ္စည်းများပါ လုယက်၍ ကားပေါ်သို့ တင်ဆောင်သွားကြောင်း၊ ဒေါ်ရော်ဟီးမာခါတူ (ဘ) ဦးအလီအာမတ်က အိမ်တွင်းမှ ပစ္စည်းများ မယူရန် ဟန့်တားသောကြောင့် ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ကြောင်း၊ ဦးယာကုပ် (ဘ) ဦးဘော်ဒီအာလောမ် မိသားစုဝင်များ၏ အ၀တ်အစားများကို မီးဖွားထားသူ သမီးကြီး မီးလုံနေသော မီးဖိုပေါ်သို့ တင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။ 



MYARF
RB News
16.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စု ချင်းရွာမှ နွားကျောင်းသားများနှင့် လယ်သမားများကို စစ်သားများနှင့် ရခိုင်အစွန်းရောက်များက ဖမ်းဆီး၍ သွေးထွက် ဒဏ်ရာရသည့် အထိ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

သြဂုတ်လ (၁၅) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စု ချင်းရွာသို့ စစ်သားများနှင့် ရခိုင်အစွန်းရောက်များ ၀င်ရောက်၍ နွားကျောင်းသားများနှင့် လယ်သမားများကို မတရားသဖြင့် ဖမ်းဆီးပြီး သွေးထွက်ဒဏ်ရာရသည့် အထိ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရိုက်နှက် ညှဉ်းပန်းနှိပ်စက် ခံရသူများမှာ -- 

(၁) ဦးအဒူလော်တီ (ဘ) ဦးနူရ်အာမတ် (အသက် ၅၀ နှစ်)
(၂) ဦးအဗ်ဒူလ္လာ (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၄၃ နှစ်)
(၃) ဦးဟာဘီရာဟ်မာန် (ဘ) ဦးဘာရူးမျာ (အသက် ၃၉ နှစ်)
(၄) ဦးရော်ဟီးမူလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၄၀ နှစ်)
(၅) မိုဟာမတ်အီနုစ် (ဘ) ဦးရော်ဟီးမူလ္လာ (အသက် ၂၀ နှစ်)
(၆) ရာမ်ဇာန်အလီ (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၂၅ နှစ်)
(၇) မိုဟာမတ်အီနုစ် (ဘ) ဦးဆီဒိခ်အာမတ် (အသက် ၂၁ နှစ်)
(၈) မာမတ်အာလောမ် (ဘ) ဦးအဒူဟာမိတ် (အသက် ၁၃ နှစ်)
(၉) ဦးမာမတ်ကာဆိမ်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၅၅ နှစ်)
(၁၀) ဦးကာဒိရ်ဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၀ နှစ်)
(၁၁) ဆယဒူရာမာန် (ဘ) ဦးရူရှောင်းအလီ (အသက် ၂၀ နှစ်)
(၁၂) အဒူရာမာန် (ဘ) ဦးရူရှောင်းအလီ (အသက် ၁၅ နှစ်) -- တို့ဖြစ်ကြသည်။ 






၂၀၁၆ခုနှစ် ဇူလိုင်လက ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

အင်ကြင်းနိုင်
16.8.2017

ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုတွေ ရှိနေဆဲ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်ပြီး CPC (Country of Particular Concern) လို့ခေါ်တဲ့ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ကြောင်း မနေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှု အမေရိကန်က ပိတ်ပင်ထားတာကို ဆက်လက်ပြီး ထားရှိမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ကမ္ဘာတ၀ှမ်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံတို့က ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ နှစ်ပတ်လည် အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာမှာဝန်ကြီး Rex Tillerson က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ ဘာသာရေးနှိပ်ကွပ်မှုနဲ့ သည်းခံနိုင်မှု နည်းပါးခြင်းဟာ ဒီကနေ့ သိပ်ကို ထင်ရှားနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးဟာ ဘာသာရေး ကန့်သတ်မှုတွေ ဘာသာရေး အခြေခံတဲ့ ရန်လိုမုန်းထားမှုတွေရဲ့ အောက်မှာ နေထိုင်ကြရတာ ဖြစ်ပါတယ်။ ဘာသာရေး လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက် နိုင်ခြင်း မရှိရင် တည်ငြိမ်မှု နည်းပါးမယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေမယ်။ အစွန်းရောက်တွေက အခွင့်ရေးယူပြီး ခြေကုပ်ယူကြမှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကျနော်တို့ အနေနဲ့ လစ်လျူရှုမထားနိုင်ပါဘူး။ကမ္ဘာတ၀ှမ်း ဘာသာရေး လွတ်လပ်မှု တိုးတက်စေဖို့ ဒီအခြေအနေတွေကို သမ္မတ ထရမ့် အစိုးရက ဖြေရှင်းပေးဖို့ သံဓိဌာန် ခိုင်မာပါတယ်။ ”

ဘာသာရေး လွတ်လပ်ခွင့် အဆိုးဆုံး (၇) နိုင်ငံတွေကတော့ အီရန်၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ ဘာရိန်း၊ တရုတ်၊ ပါကစ္စတန်နဲ့ ဆူဒန်ဖြစ်ကြပြီး ဒီနိုင်ငံတွေမှာ ဘာသာရေး ကိုးကွယ်မှုကြောင့် အကျဉ်းချတာ၊ ကွက်မျက်တာ၊ နှောင့်ယှက် ဟန့်တားတာတွေ ပြုလုပ်နေတဲ့ အကြောင်း Tillerson က ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ကတော့ CPC လို့ခေါ်တဲ့ အထူးစိုးရိမ်နေရဆဲ နိုင်ငံစာရင်းထဲမှာ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု၊ သူတို့ ကိုးကွယ်တဲ့ ဘာသာရေး အဆောက်အဦးတွေ ဖြိုချဖျက်စီးခံရမှု၊ ဘာသာရေး မုန်းတီးအောင် လှုံဆော်မှုတွေ ရှိနေကြောင်း ဖေါ်ပြထားပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေရဲ့လုံခြုံရေးကို ဥပဒေအရ အကာအကွယ်ပေးဖို့ အားနည်းနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌ ကိုရှိုင်းက ပြောပါတယ်။

“ ဘာသာရေး အစွန်းရောက်တဲ့ အဖွဲ့တွေကလည်း ဒီ NLD အစိုးရကို သွေးတိုးစမ်းတဲ့ အပိုင်းတွေက တော်တော်လေးကို များလာတယ်။ အခု ဘယ်လောက်အထိ အခြေအနေက ဖြစ်လာတုန်း ဆိုတော့ တခြား အရင်နှစ်တွေက ဆိုရင် နယ်တွေ နယ်တွေမှာ ဖြစ်လာရာကနေ ပြီးတော့မှ ဒီနှစ် ၂၀၁၇ ခုနှစ်ထဲမှာ ရန်ကုန်မြို့ထဲ အထိကို ၀င်လာတဲ့ အနေအထားကို ရှိတယ်။ ကျနော်တို့ သာကေတမှာ ဖြစ်တယ်။ နောက်ပြီးတဲ့ အခါ ကြတော့ ဒီ တောင်ညွန့်မှာ ဖြစ်သွားတယ်ပေါ့နော်။ နောက် ဒီသင်္ဃန်းကျွန်းဘက်မှာ ဆိုရင်လည်း ကြိုကြားကြိုကြားလေးတွေ ဖြစ်လာတာရှိတယ်။ ဒါပေမဲ့ အဲလိုဖြစ်လာတဲ့ ဖြစ်စဉ်တွေ အပေါ်မှာ အစိုးရဘက်က ကိုင်တွယ်မှု အခြေအနေကတော့ အခုအချိန်အထိ အားနည်းနေသေးတာ တွေ့ရတယ်ပေါ့။ သာကေတမှာ ဖြစ်သွားတဲ့ ကိစ္စမျိုးဆိုရင် တကယ့်တကယ်မှာ ဆိုရင် အစိုးရက တရားဥပဒေနဲ့ ထိထိရောက်ရောက်ကို သူ့အနေနဲ့ ထိန်းသိမ်းလို့ ရပါရဲ့နဲ့ သူ့အနေနဲ့ မထိမ်းသိမ်းနိုင်ခဲ့တဲ့ အခြေအနေမျိုးကို တွေ့တယ်။ အဲ့တော့ ဒီလိုမျိုးတွေ ဖြစ်လာတဲ့ အပေါ်မှာ တဖက်ကလည်း ပိုပိုပြီးတော့မှ သူက အကဲစမ်းလာတဲ့ ပုံစံမျိုးတွေ သွားတွေ့ရတယ်။ ”

အလားတူ လူနည်းစုကိုးကွယ်တဲ့ ဘာသာရေး ဘုရားရှိခိုးကျောင်း အဆောက်အဦးတွေ တည်ဆောက်ခွင့်မှာလည်း ကန့်သတ်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန် အခြေစိုက် မြန်မာ- ကက်သလစ် ဘုန်းတော်ကြီး Timothy Hkui Shing Ling ကအခုလို ပြောပါတယ်။

“ ဥပမာ ကျနော်တို့ ဘုရားကျောင်း ဆောက်တဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆောက်လို့ မရတာ။ ကတ်သလစ် အသင်းတော် အနေနဲ့ ပြောတာနော်။ ပြီးတော့ ကျနော်တို့ စာသင်ကျောင်းတွေ ဖွင့်တဲ့အခါမှာ သိပ်ပြီးတော့မှ လွတ်လွတ်လပ်လပ် ဒီမိုကရေစီ မရခင်ကတည်းက သိပ်မရှိခဲ့သေးတာ။ ”

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့၂၀၁၆ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ ဘာသာရေး ပွဲတော်တွေနဲ့ ပတ်သက်လို့ ခွဲခြားဖိနှိပ်မှုတွေ ရှိနေကြောင်း ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့တမန်တော်နေ့ အခမ်းအနားကို နှစ်ပေါင်းများစွာ ကျင်းပလာရာမှာ အခုနောက်ပိုင်း အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အခြေအနေကို ကိုရှိုင်းက အခုလိုပြောပါတယ်။

“ ဒီအစ္စလာမ် ဘာသာဝင်တွေရဲ့ ကျနော်တို့ရဲ့ ဒီတမန်တော်နေ့ အခမ်းအနားပေါ့။ ဒါ နှစ်စဉ်နှစ်တိုင်း ဟိုးရှေး ဘုရင်မင်းမြတ်တွေ လက်ထက်ကတည်းက နေပြီးတော့မှ တနိုင်ငံလုံး ကျင်းပလာခဲ့တာပေါ့။ ဒီတမန်တော်နေ့ အခမ်းအနားကို ဆိုရင် နောက်ပိုင်းမှာ ဒီမျိုးချစ်အမည်ခံ အဖွဲ့တွေက နေပြီးတော့မှ လာရောက်တားဆီးတယ်။ သူတို့က နေပြီးတော့မှ လူအုပ်နဲ့ လာပြီးတော့ ဆန့်ကျင် ဆန္ဒပြတာတွေ လုပ်ပြီဆိုရင် အစိုးရက နေပြီးတော့ ဒီပွဲကို ပိတ်သိမ်းဖို့ ဆိုပြီးတော့မှ လုပ်လာတယ်။ ဒါဟာလုံးဝ တရားနည်းလမ်းမကျဘူး တရားဥပဒေနဲ့ လုံးဝကို မညီညွတ်ဘူး။”

အစီရင်ခံစာထဲမှာ ၂၀၁၆ ခုနှစ် အတွင်း ဘာသာရေး အကြမ်းဖက်မှုတွေထဲ ထင်ရှားတဲ့ ဖြစ်ရပ်တွေ အဖြစ် ဇွန်လက ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန် ကျေးရွာမှာအစ္စလာမ် ဘာသာဝင်တွေရဲ့နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အဦး တခု ကို အကြမ်းဖက် အုပ်စုက ဖျက်ဆီးပြီး မွတ်စလင် ရွာသားတချို့ ထိခိုက် ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်၊ အဲဒီနောက် ဇူလိုင်လမှာ ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ယာယီ ဗလီ ဝတ်ပြုကျောင်း အဆောက်အဦးကို ရာချီတဲ့လူအုပ်က မီးရှို့ဖျက်စီးခဲ့တာတွေကို ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်က လူနည်းစု မွတ်စလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း အစီရင်ခံစာမှာ အကျယ်တ၀င့် ဖေါ်ပြထားပါတယ်။ ၂၀၁၆ခုနှစ် အောက်တိုဘာလ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီး နောက်ပိုင်း အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေအပေါ် လုံခြုံရေး အကြောင်းပြချက်နဲ့ ပိုပြီး ခွဲခြားဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်တွေက ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလ နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသူပေါင်း ခန့်မှန်းခြေ ၇၀,၀၀၀ လောက်ရှိပြီး အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ပုန်းအောင်း ခိုလှုံနေကြသူပေါင်း ၂၃,၀၀၀ လောက်ရှိပါတယ်။

၁၉၉၈ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေအရ မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကတည်းက စလို့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး CPC လို့ခေါ်တဲ့ အထူး စိုးရိမ်နေရဆဲ နိုင်ငံစာရင်း သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အတူမြန်မာနိုင်ငံကို CPC နိုင်ငံအဖြစ် ပြန်သတ်မှတ်ခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးက အဆင့်မြင့် အစိုးရအရာရှိတွေဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့သလို ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ရတဲ့ ရခိုင်နဲ့ ကချင် ပြည်နယ်တွေကို သွားရောက်ခဲ့ပြီး ဒေသခံအာဏာပိုင်တွေ၊ NGO တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတို့မှာလည်း လူငယ်နဲ့ ဘာသာရေး သည်းခံမှု ထောက်ခံအားပေးတဲ့ အရပ်ဖက်၊ လူ့အဖွဲ့အစည်းတွေ ကြား ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

NLD အစိုးရလက်ထက် ဘာသာရေးနဲ့ ပတ်သက်လို့ ထူးခြားတိုးတက်မှုတွေထဲမှာ ဘာသာရေး၊ လူမျိုးရေး မုန်းတီးအောင် လှုံ့ဆော်နေတဲ့ မဘသ အဖွဲ့ကြီးကို တားမြစ်ပိတ်ပင်နိုင်ခဲ့တဲ့ အချက် အစီရင်ခံစာထဲမှာ ထည့်သွင်းဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေကို ပြည်နယ်နဲ့ တိုင်းအနှံ့ ဖွဲ့စည်းခွင့်ပြုပြီး လူ့အဖွဲအစည်းတွေ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းချက်တွေ ကိုလည်း အသိအမှတ်ပြုထားပါတယ်။

Rohingya Exodus