အမျိုးသားရေး လက္ခဏာနဲ့ ရိုဟင်ဂျာ | ဌေးလွင်ဦး
မြန်မာပြည်တွင်းမှာ-၂၀၁၂ ခု စက်တင်ဘာ ၁၇ ရက်နေ့က အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဆိုင်ရာ ဆွေးနွေးပွဲ- ဆိုတာကို ကျင်းပတော့-၊ အဲ့ဒီလို ဆွေးနွေးပွဲတွေကို ကျင်းပခြင်းများကို ကြိုဆိုပါတယ်။ ရန်ဖြစ်နေမယ့် အစား တွေ့ဆုံဆွေးနွေးပွဲ နည်းလမ်းတွေနဲ့ ဖြေရှင်းမှုဟာ ပိုမိုသင့်မြတ်တယ်လို့လည်း ခံယူပါ တယ်။
ဒါပေမယ့် ဒီနေရာမှာ အမျိုးသားရေး လက္ခဏာ လို့ ပြောလာတော့--၊ ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူများ အနေနဲ့ အမျိုးသားရေး လက္ခဏာ ဆိုတာကို ဘယ်လိုများ ခံစားထားပါသလဲလို့ မေးစရာ ဖြစ်နေပါတယ်။ သူတို့ ဆိုလိုတဲ့ အမျိုးသားရေး လက္ခဏာ ဆိုတာ အ၀တ်အစားများလား၊ သို့မဟုတ် ဘာသာတရားကိုပဲ ဆိုလိုသလား ဆိုတာ ကွဲပြားဘို့ လိုပါမယ်။
အ၀တ်အစား ဆိုင်ရာမှာ- မြန်မာတစ်နိုင်ငံလုံးက ဗမာဝတ်စုံကို ၀တ်စားဆင်ယင်ရမယ်လို့ မောင်ပိုင်စီးခွင့် မရှိပါ။ ကရင်လူမျိုးက ကရင်ဝတ်စုံ၊ ချင်းလူမျိုးက ချင်းဝတ်စုံ၊ ရှမ်းလူမျိုးက ရှမ်းဝတ်စုံ၊ ကချင်လူမျိုးက ကချင်ဝတ်စုံကို ၀တ်ဆင်မှာပါပဲ။ ဒါဟာ သူရဲ့ လူမျိုးဆိုင်ရာ လွတ်လပ်ခွင့်- သူ့လူမျိုးရဲ့ ဂုဏ် အင်္ဂါရပ် ဖြစ်ပါတယ်။ အလားတူ ရိုဟင်ဂျာများကလည်း သူတို့ဝတ်စုံကို သူတို့ ၀တ်ဆင်မှာပါပဲ။ သူတို့ရဲ့ လွတ်လပ်ခွင့်ကို စော်ကားခွင့် မရှိသလို၊ အဲ့သလို အ၀တ်အစားမျိုးကို ၀တ်ဆင်လို့ သူတို့ကို နိုင်ငံခြားသား ဖြစ်ရမယ်လို့ စွပ်စွဲခွင့် မရှိပါ။
ကချင်ဝတ်စုံဟာ တရုတ်ပြည်ဘက်က ဂျင်းဖေါတို့ရဲ့ ၀တ်စုံနဲ့ တူနေလို့၊ ကချင်စကားဟာ တရုတ်ဂျင်းဖေါတို့ရဲ့ စကားနဲ့ တူနေလို့၊ ကချင်ရုပ်ရည်ဟာ တရုတ်ဂျင်ဖေါလူမျိုးစု ရုပ်ရည်နဲ့ တူနေလို့- ဆိုတဲ့ သတ်မှတ်ချက်မျိုးနဲ့ ကချင်များကို မြန်မာပြည်ထဲက မောင်းထုတ်ခွင့်၊ တိုင်းရင်းသားအဖြစ်မှ ပါယ်ဖျက်ခွင့် မရှိသလို- ရိုဟင်ဂျာများကို လည်း သူတို့ရဲ့ ရုပ်ရည်၊ အ၀တ်အစား၊ စကားအပြောအဆိုများက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်းမျိုးနွယ် များနဲ့ တူညီနေလို့ ဆိုပြီး- သူတို့ကို ဘင်္ဂလီ အဖြစ် စွပ်စွဲခွင့် လုံးဝ မရှိပါ။
ဘာသာတရားကြောင့်လို့ အကြောင်းပြရင်လည်း တောင်တန်းဒေသနေ ခရစ်ယာန်များများနဲ့ ဘိုးစဉ်ဘောင် ဆက် မြန်မာမွတ်ဆလင်စစ်စစ်များကိုပါ ရည်ရွယ်ချက်နဲ့ ခွဲခြားလိုမှုသာ ဖြစ်ပါတယ်။ ဒီလိုကိစ္စများကိုလည်း လုံးဝ လက်ခံနိုင်ခြင်း မရှိပါ။
နောက်ထပ် အဓိက အချက်က- ရိုဟင်ဂျာနဲ့ ဘင်္ဂလီ ဆိုတာကို အခုထိ မှားယွင်းနေတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ တစ်ကယ်ကိုနှိုက်နှိုက်ချွတ်ချွတ် မသိရင်လည်း ကျွန်တော် မလေ့လာရသေးဘူး၊ ကျွန်တော် မသိသေးဘူးလို့ ရဲ ရဲတင်းတင်း ၀န်ခံလိုက်သင့်တယ်။ အခုတော့ သိသလိုလိုနဲ့ ဟိတ်ကြီးဟန်ကြီးထုတ်ပြီး- ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလီပဲ ဖြစ်တယ်လို့ အတင်းစွပ်စွဲနေတဲ့ ကိစ္စက ရုပ်ဆိုးလွန်းလှပါတယ်။
ဒီကိစ္စကို သေချာရေရာအောင်သိဘို့- ဘင်္ဂလားဒေ့ရှ်မှာ လူမျိုးစုပေါင်း ဘယ်လောက်ရှိသလဲ။ ဆိုတာတော့ အရင်လေ့လာသင့်တယ်။ ဘင်္ဂလားဒေ့ရှ်လို့ ဖြစ်လာတဲ့ နိုင်ငံထဲမှာ လူမျိုးစုပေါင်း များစွာ ရှိနေတယ်။ အဓိက ဘင်္ဂေါနယ်သား လူမျိုးကြီး အုပ်စုနဲ့ စစ်တကောင်းနယ်သား လူမျိုးကြီး အုပ်စု နှစ်စု ပါဝင်တယ်။ ဒါဟာ နေရာဒေ ပေါ်မူတည်ပြီး လူမျိုးစု နှစ်စုကို သတ်မှတ်ထားတာပါ။ စစ်တကောင်းနယ် အုပ်စုထဲမှာပဲ လူမျိုးစုပေါင်း ၄၀ ကျော်ရှိနေတယ်။
ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို လွတ်လပ်ရေးရပြီး ခေတ်ပါလီမန်က အတည်ပြုပေးလို့- ဒီနေ့ မျက်ကန်းမျိုးချစ် များက ရိုဟင်ဂျာ ဆိုတာ အခုမှ ပေါ်လာတာပါ- ဆိုပြီး ရိုဟင်ဂျာခံယူသူ လူသားတွေကိုပါ ပါလီမန်က သတ်မှတ် ပေးတဲ့နေ့မှ ဘင်္ဂလားဘက်က ခေါ်လာပြီး လူမျိုးသတ်မှတ်ပေးလိုက်သလိုလိုတွေ လျှောက်ပြောနေကြတာ လည်း အံ့သြစရာပါ။
ဒီလူမျိုးဟာ ရခိုင်ဒေသ မြောက်ပိုင်းရဲ့ လူလလက်ငုတ် လူမျိုးဖြစ်တယ်- ဆိုတာ သမိုင်းပျောက်နေတယ်။ သူတို့ အပေါ်မှာ မာဂဓတိုင်း (အခု ဘင်္ဂလားပြည် အပါအ၀င် တိုင်းဒေသကြီး)က စာပေ၊ ယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရခြင်း သာဖြစ်တယ်။ သူတို့က ဘင်္ဂလားက ပြောင်းရွှေ့လာခြင်း မဟုတ်ဘဲ၊ ရခိုင် ဘုရင် အဆက်ဆက်က- ဘင်္ဂလား စာပေကို နန်းတွင်းစာ အဖြစ်သုံးပြီး ဘင်္ဂလားစကားကို တရားဝင်ပြောခဲ့၊ ဘင်္ဂလားနာမည်ကို ခံယူခဲ့မှုကြောင့် သူတို့အပေါ်မှာ စာပေ၊ စကားများ လွှမ်းမိုးသွားခြင်းသာ ဖြစ်ခဲ့တယ်။ (သမိုင်းကို သေချာအောင် ပြန်လှန်ဘို့ လို တယ်။) အခု မြန်မာစာ- က၊ ခ၊ ဂ၊ ဃ၊ င ဆိုတာ ဘင်္ဂလားစာ- ကော၊ ခေါ၊ ဂေါ၊ ဃဟော၊ ငေါ- က ကူးပြောင်း ထားကြောင့် လက်တွေ့ လေ့လာကြည့်စေလိုတယ်။
ရခိုင်ဒေသ ဆိုတာ မြန်မာတစ်ပိုင်း၊ ဘင်္ဂလား တစ်ပိုင်း လွှမ်းမိုးရာ အရပ်ဖြစ်တယ်။ အဲ့ဒီမှာ တောင်ပိုင်းသား မြောက်ပိုင်းသား၊ အနောက်သား ဆိုတဲ့ ဒေသဇာတိအစွဲတွေ အခုထိ စွဲကပ်နေပါသေးတယ်။ အလားတူပဲ ရခိုင် မွတ်ဆလင်ထဲမှာလည်း- တောင်ပိုင်းသား၊ မြောက်ပိုင်းသား၊ အနောက်သား ဆိုတာ အစွဲရှိနေပါသေးတယ်။ ဘယ် ရိုဟင်ဂျာကမှ အနောက်သား (ဘင်္ဂလီ)များကို ကြည်ဖြူခြင်း မရှိပါ။ လူတိုင်းမှာ ဇာတိစိတ်၊ ဇာတိစွဲများ ရှိသလို- ရိုဟင်ဂျာများဟာလည်း သူတို့ ဇာတိစိတ် ရှိကြတယ်။
ဘာသာစကားတူလို့- ဘာသာစာနီးစပ်လို့ လူမျိုးနှစ်မျိုးဟာ တစ်မျိုးတည်းဖြစ်ရမယ်လို့ ဆုံးဖြတ်ခြင်းဟာ အလွန် တရာ ဗဟုသုတ ကင်းမဲ့ရာ ရောက်ပါတယ်။ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံကို သွားကြည့်လိုက်ပါ။ ဘာသာစကား ၉၀ ရာနှုန်းတူညီတယ်၊ စကားပြောလေသံက အညာသား နဲ့ ရန်ကုန်သားလောက်ပဲ ကွဲပြားတယ်။ - ဒါပေမယ့် သူတို့ဇာတိစိတ်မှာ ငါက လာအိုလူမျိုး၊ ငါက ထိုင်းလူမျိုး ဆိုတာ ကွဲပြားပြီးသား ဖြစ်နေတယ်။ ဒါက လူမျိုး အတူ တူပဲ ဖြစ်ရမယ်လို့ အတင်းအဓမ္မဆုံးဖြတ်ခွင့်၊ သတ်မှတ်ခွင့် မရှိပါ။
သမိုင်းအရကိုက- ဘင်္ဂလားဒေ့ရှ်နယ်က လူမျိုးမဟုတ်တဲ့ ရခိုင်နယ်က ဒီလူမျိုးကို ဘင်္ဂလားဒေ့ရှ်က သူ့နိုင်ငံသား သူ့လူမျိုးမဟုတ်ပါဘူး-လို့ ပြောတာကို ဘင်္ဂလားဒေ့ရှ်ဘက် အတင်းခံငြင်းနေတယ် ဆိုပြီး ကိုကိုကြီးက စိတ် ကွက်ချင်သေးတယ်။ ရာဘင်ဒြာနာ့သ်တဂိုးနဲ့ ရိုဟင်ဂျာများ လူမျိုး တူသလိုလိုတွေ လျှောက်ပြောလိုက်သေး တယ်။ အတော့ကို ဗဟုသုတ လိုပါသေးတယ်။ တဂိုးက ချာတူးဘာချာ လူမျိုးနွယ်ဖြစ်တယ်၊ ချာတူးဘာချာ စကားကိုပြောတယ်။ တဂိုးက ဘင်္ဂလာ အနောက်ဘက် လူမျိုးဖြစ်ပြီး စစ်တကောင်းလူမျိုးနဲ့ သီးခြား လူမျိုးဖြစ် တယ်။ ရိုဟင်ဂျာများက ရခိုင်နယ်က ဇာတိလူမျိုးဖြစ်တယ်၊ သူတို့ဟာ နယ်မြေအရ ဘင်္ဂလာအရှေ့ဘက် အခြမ်း ရှိ စစ်တကောင်း လူမျိုးနဲ့ နီးစပ်မှု ရှိတယ်၊ တဂိုးနဲ့ ရိုဟင်ဂျာ လူမျိုးနွယ်အရ ဘယ်လိုမှ မပတ်သက်ဘူး ဆိုတာ တောင် မသိဘဲ အတင်းရောစပ်နေတာဟာလည်း အင်မတန်မှ စိတ်ပျက်ဘို့ ကောင်းလှပါတယ်။
အတိတ်မှာ အာဏာရှင်တွေ၊ မျက်ကန်းမျိုးချစ်တွေက ဘယ်လိုပဲ သမိုင်းကို ဖျောက်ဘို့ ကြိုးစားပါစေ- ဒီခေတ် ဒီအခါမှာ နိုင်ငံတော်ကို ဦးဆောင်မယ့် ခေါင်းဆောင်များ အနေနဲ့-၊ ဗဟုသုတရှိသင့်ပါတယ်။ စိတ်ထားကြီး မြတ် သင့်ပါတယ်။ ကမ္ဘာကို လေ့လာသင့်ပါတယ်။ မျက်ကန်းမျိုးချစ်စိတ်နဲ့ လူမျိုးစုငယ်များကို နှိပ်ကွပ်ဘို့ ကြိုးစား ခြင်း မျိုးကို ရပ်တန့်သင့်ပါတယ်။ မိမိရဲ့ စကားတိုင်းဟာ မှတ်တမ်းအဖြစ် ကျန်ရှိနေတယ်- ဆိုတာကိုလည်း သတိ ထားမိဘို့ လိုပါတယ်။
အစ္စလာမ်ကို မုန်းလို့ ရိုဟင်ဂျာကို မုန်းနေတာမျိုးတော့ မဖြစ်သင့်တော့ပါ။
ဌေးလွင်ဦး
Myanmar Muslim Civil Rights Movement