အမျိုးစောင့် ဥပဒေ ဆိုတာ လူ့အခွင့် အရေး ချိုးဖေါက်မှု အဖြစ် အမျိုးသမီး အဖွဲ့တွေ ကြေညာ
17.6.2013
ဗုဒ္ဓ ဘာသာဝင် အမျိုး သမီးတွေ ဘာသာခြားနဲ့ အိမ်ထောင် ပြုတာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အမျိုးစောင့် ဥပဒေ ဆိုတာဟာ ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာလူ့အခွင့် အရေးကြေညာ စာတမ်း အပိုဒ် (၁၆) မှာ ဖေါ် ပြ ထားတဲ့ အရွယ် ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း လွတ်လပ်စွာ လက်ထပ် ထိမ်းမြားခွင့် ရှိတယ် ဆိုတဲ့ အချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ အမျိုး သမီး အဖွဲ့ တွေက မနေ့က ရက်စွဲ နဲ့ ကြေ ညာ ချက် ထုတ်ပြန် လိုက်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ Rainfall အမည် ရှိတဲ့ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်း တည်ထောင်သူ နိုင်ငံရေး အကျဉ်း သူဟောင်း ဒေါ်ဇင်မာအောင်က အခုလို ပြောပါတယ်။
"ဗုဒ္ဓဘာသာ အမျိုးသမီး တွေပေါ့နော်၊ ဘာသာခြားနဲ့ လက်ထပ်ခွင့်ကို ထိန်းချုပ်မယ့် ဟာမျိုး၊ လက်ထပ် မယ် ဆိုလို့ရှိရင်လည်း ခွင့်ပြုချက်တွေ အဆင့်ဆင့် ယူပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်ရှောက် ဖို့ ဆိုပြီး တော့လေ အဲဒီ ဥပဒေ တင်သွင်းဖို့ ဘုန်းကြီးတို့ ကြိုးစားနေတယ်၊ အထက် ဗမာပြည် အတွက်ကို ဆရာတော် ဦးဝီရသူ ကနေပြီးတော့ တာဝန်ယူ ပြီးတော့ ဒီဥပဒေကြမ်း တင်သွင်းဖို့ လုပ်နေ ပါတယ် ဆို ပြီးတော့၊ အဲဒီ ဥပဒေကြမ်းကို အမျိုးစောင့် ဥပဒေ မူကြမ်းလို့ ခေါ်ဆို ထားတယ် ပေါ့နော် အဲဒါကို ကြား လိုက်လို့၊ အဲဒါကို ကျမတို့ အမျိုး သမီး အဖွဲ့ နေပြီးတော့ လူ့အခွင့် အရေး ရှုထောင့် ကနေ ကြည့်ကြည့် လက်ခံ နိုင်စရာ အကြောင်း မရှိဘူးလို့ မြင်တယ်လေ"
ဒီသဘောထား ကြေညာချက်ကို ဒေါ်ဇင်မာအောင် တို့ရဲ့ RAINFALL အဖွဲ့နဲ့အတူ၊ အခရာ အမျိုးသမီးအဖွဲ့၊ KWEG ကရင် အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့၊ ဖန်တီးအိမ် အဖွဲ့၊ ၈၈ မျိုးဆက် (အမျိုးသမီး အဖွဲ့)၊ တက္က သိုလ် ကျောင်းသားများ သမဂ္ဂ (တ-က-သ)၊ Colorful Girls နဲ့ Triangle Women Support Group ဆိုတဲ့ အမျိုးသမီး အဖွဲ့ တွေက ပူးတွဲ ထုတ်ပြန် လိုက်တာပါ။
အဲဒီ အမျိုးစောင့် ဥပဒေ ဆိုတာကို မန္တလေးမြို့၊ မစိုးရိမ်တိုက်က ဆရာတော် အရှင် ဝီရသူက ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေက ရန်ကုန်တိုင်း မှော်ဘီ မြို့နယ် အောက်ဝါးနက် ချောင်းရွာက ဓမ္မဒူ တ ဇေတ ဝန်တောရ အရှင်ဆေကိန္ဒာရာမ ကျောင်းမှာမြန်မာနိုင်ငံက ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေ အဆုံးသတ် ချုပ်ငြိမ်းရေး အတွက် ဆိုပြီး ကျင်းပခဲ့တဲ့ သံဃာ့ အစည်း အဝေးမှာ တင်သွင်း ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာတော် အရှင် ဝီရသူကို တနင်္လာနေ့ မနက်ပိုင်းက လျှောက်ထား မေးမြန်း ခဲ့ရာမှာ မိမိအနေနဲ့ အဲဒီလို တင်သွင်း ခဲ့ခြင်း လုံးဝ မရှိကြောင်းနဲ့ အထက် မြန်မာပြည် အတွက် ပြည် သူ တွေထံက လက်မှတ် ကောက်ယူ ရေးကို တာဝန် ယူခဲ့ခြင်း သာဖြစ်ကြောင်း RFA ကို မိန့်ကြား ပါတယ်။