နောက်ဆုံးသတင်း/ဆောင်းပါးများ

အကြမ်းဖက်မှုများ အတွက် လန်ဒန်မြို့တွင် ဆုတောင်းပွဲ ကျင်းပ


RB News 
4.6.2013 

လန်ဒန် ။ ။ ၂၀၁၂ - ၂၀၁၃ ခုနှစ် များတွင် ရိုဟင်ဂျာ များနှင့် အခြားသော မြန်မာ မွတ်စလင် များအပေါ် အကြမ်းဖက် ခဲ့သည် များနှင့် ပတ်သက်၍ အင်္ဂလန် နိုင်ငံ၊ လန်ဒန် မြို့တွင် ဆုတောင်းပွဲ တစ်ခုကို ယမန်နေ့ (ဇွန်လ ၃ ရက်) ကကျင်းပ ခဲ့သည်။ 

အခမ်းအနားကို လန်ဒန် အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (BROUK) မှ ဦးစီး၍ ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာ မွတ်စလင် အစည်းအရုံး (ယူကေ) နှင့် Burma Campaign UK တို့ပါဝင် တက်ရောက် ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ၁၀၀ ကျော် တက်ရောက် ခဲ့သည်။ 


BROUK ၏ အထွေထွေ အတွင်းရေးမှူး ဦး အဟမတ်ဂျမာလ်မှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက် ခဲ့ပြီး၊ ဦးဂျမာလ်မှ အခမ်းအနားကို ၂၀၁၂ - ၂၀၁၃ ခုနှစ် များတွင် ရိုဟင်ဂျာ များနှင့် အခြား မွတ်စလင် များအပေါ် အကြမ်းဖက် ခဲ့သည်များကို ခံစား ရခဲ့သည့် သူများ အတွက် အထူး ကျင်းပ ရခြင်း ဖြစ်ကြောင်း၊ ကြိုတင် ကြံစည်မှုကြောင့် သတ်ဖြတ် ခံရသည့် မွတ်စလင် များအတွက် အထူး ဆုတောင်းပွဲ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ 


 

ထို့နောက် BROUK ဥက္ကဌ ဦးထွန်းခင်မှ ခေတ်အဆက်ဆက်တွင် မွတ်စလင် များအပေါ် မည်ကဲ့သို့ အကြမ်းဖက်ခဲ့သည် များနှင့် BROUK ၏ လှုပ်ရှားမှု အခန်း ကဏ္ဍကို ရှင်းလင်းပြီး၊ ရိုဟင်ဂျာ အမျိုးသမီး များ၏ ဘ၀နှင့် အမျိုးသမီးများ ဘ၀ မြှင့်တင်ရေး အကြောင်းကို ဘူးသီးတောင် မြို့နယ် အထက်တန်းကျောင်းမှ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှမှ ပြောကြား ခဲ့သည်။ 


Burma Campaign UK မှ Campaign Officer မဝေနှင်းပွင့်သုန်မှ မြန်မာ အစိုးရမှ နိုင်ငံတကာ ဥပဒေ များကို ချိုးဖောက်၍ ရိုဟင်ဂျာ များကို ဆက်ဆံ လျက်ရှိကြောင်း၊ မြန်မာ ပြည်သူ များကို ပြည်သူများ အားလုံး တန်းတူ ညီတူ အခွင့် အရေး ရရေး အတွက် နိုးကြား ပေးရန် လိုအပ်ကြောင်း တို့ကို ပြောကြား ခဲ့သည်။ 


ထို့နောက် “Guardians of the Bookshelf dimension” စာအုပ် ရေးသား ခဲ့သည့် ၁၂ နှစ် အရွယ် ရိုဟင်ဂျာ ကျောင်းသူ၊ “The Society of Authors UK” အဖွဲ့ဝင် မရီဒွာနာ ဂျာမလ်မှ ၎င်းခံစား သီဖွဲ့ခဲ့သည့် ကဗျာကို ရွတ်ဆိုခဲ့ရာ အခမ်းအနား တက်ရောက် လာသူများမှ ၎င်း၏ ကဗျာကို တခဲနက် အားပေး နှစ်သက် ခဲ့သည်။ 


မြန်မာ မွတ်စလင် အစည်းအရုံး (ယူကေ) ဥက္ကဌ ဦးကျော်စွာမှ မြန်မာ့ သမိုင်း တစ်လျှောက်တွင် မွတ်စလင် များသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရသည်ထိ အတူ လက်တွဲ၍ ကြိုးပမ်း ခဲ့ကြောင်း၊ ယခုအခါ မွတ်စလင် များအနေဖြင့် မိမိတို့၏ အခွင့်အရေး ရရန်အတွက် အထူး ကြိုးစား ဆောင်ရွက် ရန်လိုအပ် နေကြောင်း ပြောကြား ခဲ့သည်။ 


အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့ (ARNO) ဥက္ကဌ ဦးနူရ် အစ္စလာမ်မှ ယခု ဖြစ်ပေါ် နေသည့် အကျပ် အတည်းများနှင့် ပတ်သက်၍ ၎င်း၏ သုံးသပ်ချက်များ၊ အကြမ်းဖက် မှုများနှင့် ပတ်သက်၍ တာဝန် ရှိသူများ၊ မွတ်စလင် များကို အကြမ်းဖက် ရသည့် အကြောင်းရင်း များကို သုံးသပ်၍ ပြောဆို ခဲ့သည်။ 

ထို့နောက် BROUK မှ စုဆောင်း ထားသည့် ဓါတ်ပုံများကို ရိုဟင်ဂျာ သီချင်း တစ်ပုဒ်ဖြင့် ပြသပြီးနောက် အရှေ့လန်ဒန် ဗလီ ၀တ်ကျောင်းတော်မှ ရှေ့ဆောင် ဆရာ Shaikh Abdul Qayum မှ ဒိုအာ ဆုတောင်းပြီး၊ အခမ်းအနားကို တက်ရောက် လာသူများအား ညစာဖြင့် တည်ခင်း၍ ရုပ်သိမ်း ခဲ့ကြောင်း သိရပါသည်။

Comment ရေးရန်

Rohingya Exodus