နောက်ဆုံးသတင်း/ဆောင်းပါးများ

မီဒီယာကို သတင်းပို့ခြင်းကြောင့် မိသားစုဝင်များ နိုင်ငံတွင်းမှ မောင်းထုတ်ခံရ

RB News
15.11.2013

မောင်တော ။ ။ လွန်ခဲ့သည့် ရက်ပိုင်းက ဆိုင်ကယ် ထဲသို့ WY မူးယစ် ဆေးဝါး ပစ်သွင်း၍ လုပ်ကြံ ဖမ်းဆီး ခံရသည့် ဦးဆီရာဇ်မျာ၏ မိသားစု ၀င်များကို မီဒီယာသို့ သတင်းပို့သည့် အတွက် တပ်ရင်း (၃၄၅) မှ ဒုတပ်ကြပ် ဇော်ဇော်က တစ်ဖက်နိုင်ငံသို့ မောင်းထုတ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ်၊ ဗန္ဓုလ ကျေးရွာမှ ဦးဆီရာဇ်မျာ အား လုပ်ကြံဖမ်းဆီး ပြီးနောက် မီဒီယာတွင် သတင်း ဖော်ပြခြင်း ခံရသဖြင့် အမှတ် (၃၄၅) ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူးက ထိုအမှု စစ်ဆေးမည်ဟု ညွန်ကြားချက် ထွက်ပေါ်ပြီးနောက် ဒုတပ်ရင်းမှူးနှင့် ၎င်း၏ တပည့်ဖြစ်သူ ဒုတပ်ကြပ် ဇော်ဇော် တို့သည် ဗန္ဓုလ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန်၊ ပြည်သူ့စစ် ဒု-ခေါင်းဆောင် ဦးဖြူသာမောင်၊ ရာအိမ်မှူး ဦးမောင်သိန်းအောင်၊ ရပ်မိ ရပ်ဖ ဦးကျော်ဟိန်း၊ ဆယ်အိမ်မှူး ဦးအာဇူမာလ် ဟူစိန်း၊ ရာအိမ်မှူး ဦးအနိုဝါရ် တို့ကို ဗန္ဓုလ အမှတ် (၁) ရဲစခန်းတွင် နိုဝင်ဘာလ (၉) ရက်နေ့က ခေါ်ယူ တွေ့ဆုံပြီး မမှန်ကန်သည့် အချက် များကို သက်သေခံ ခိုင်း၍ လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

သက်သေခံ ခိုင်းသည့် အချက် များမှာ -- (၁) ဦးဆီရာဇ်မျာ သည် WY မူးယစ် ဆေးဝါး မှောင်ခို လုပ်နေသည်မှာ အချိန် ကြာမြင့် နေပြီ ဖြစ်ကြောင်း (၂) ဦးဆီရာဇ်မျာ တွင် တဖက်နိုင်ငံ တွင်လည်း နေအိမ် ရှိကြောင်း (၃) ဦးဆီရာဇ်မျာသည် လွန်ခဲ့သည့် တစ်လကျော်က ပင် တဖက် နိုင်ငံသို့ ထွက်ပြေး ခဲ့ကြောင်း (၄) ဦးဆီရာဇ်မျာ သည် ရယက အဖွဲ့ဝင် တာဝန် ထမ်းဆောင် ခဲ့စဉ်က ရွာသူ/သား များကို ညှဉ်းပန်း နှိပ်စက် ခဲ့ကြောင်း (၅) ၎င်းသည် နစက၏ တပည့် တစ်ဦး ဖြစ်ကြောင်း -- စသည့် အချက် များကို လက်မှတ် ရေးထိုး၍ သက်သေ ခံခိုင်း ခဲ့သည်။ 

ထို့နောက် ယင်းနေ့ ည ၈ နာရီ ကျော်တွင် ဒုတပ်ကြပ် ဇော်ဇော် အပါအ၀င် စစ်သား ၅ ဦး လာရောက်၍ ဦးဆီရာဇ်မျာ၏ မိသားစု ၀င်များကို အတင်း အဓမ္မ ခေါ်ယူ၍ နယ်စပ် မိုင်တိုင် ၅၀ အထိ အတူ လိုက်ပါပြီး၊ တဖက် နိုင်ငံသို့ မောင်းထုတ် ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုသို့ မိသားစု များကို မောင်းမထုတ် မှီ နေ့ လည် ပိုင်းတွင် ဒုတပ်ကြပ် ဇော်ဇော်သည် ဦးဆီရာဇ်မျာ၏ နေအိမ်သို့ သွားရောက်ပြီး၊ ရာဘာတုံး ဆန်စက်၊ လယ် ထွန်စက်၊ဆိုလာနှင့်အခြားပစ္စည်း များကိုယူ၍ရောင်းချခဲ့သည်။ရောင်းချ ရသည့် ငွေများကို ၎င်းမှ ယူဆောင် သွားခဲ့ကြောင်း သိရှိ ရပါသည်။ 

ဦးဆီရာဇ်မျာအား လုပ်ကြံဖမ်းဆီးရာတွင် အဓိကပါဝင်သူများမှာ ဗန္ဓုလကျေးရွာ အုပ်ချုပ်ရေးမှူးဦးမောင်စိန်၊ ပြည်သူ့စစ် ဒု-ခေါင်းဆောင်ဦးဖြူသာမောင်၊နစကတပ်ဖွဲ့ဝင် ဟောင်း ဦးမြင့်ဆွေ (ထောင်ထွက်)၊ ရာအိမ်မှူး ဦးမောင်သိန်းအောင်နှင့် ဒုတပ်ကြပ် ဇော်ဇော် တို့ဖြစ်သည်။ ၎င်းတို့သည် အထက် အာဏာပိုင် များကို မဟုတ်မမှန် သတင်းပေး၍ စီးပွားရှာသူ များဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။ ၎င်းတို့၏ ညှဉ်း ပန်းနှိပ်စက်မှုများကြောင့် တဖက် နိုင်ငံသို့ ထွက်ပြေး သွားရသူ အိမ်ခြေ တစ်ရာကျော် ခန့်ရှိ ပြီး ဖြစ်ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus