နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရားတန်းအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ဗြိတိန်အမတ်များ တောင်းဆို



RB News
26.2.2014

လန်ဒန် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာတွင် လွန်ခဲ့သည့်လက ရိုဟင်ဂျာလူမျိုးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဗြိတိန် လွှတ်တော်အမတ်များက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တောင်းဆိုလိုက်ကြောင်း ဗြိတိန်နိုင်ငံ ပါလီမန် အင်တာနက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာအစိုးရက ဒုချီရားတန်းတွင် ဇန်န၀ါရီလ အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ကျေနပ်လောက်ဖွယ် ရှိသော စုံစမ်းမှုကို ပြုလုပ်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရသည်ဟု ဗြိတိန်လွှတ်တော် အမတ်များက ဆိုသည်။

ဗြိတိန်လွှတ်တော်အမတ် ၁၀ ဦးတို့၏ ဆွေးနွေးပွဲတွင် မြန်မာအစိုးရမှ ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည်ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် တောင်းဆိုနေမှုများကို ပယ်ချလျက်ရှိပြီး၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်သည့် လူမျိုးတုန်း သန့်စင်ရေး ပြုလုပ်နေမှုများ၊ လူသား ဖြစ်တည်မှုများ အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အထောက်အထား အပြည့်အစုံနှင့် ရေးသားထားသည့် အစီရင်ခံစာ များကိုလည်း ပယ်ချခဲ့သည်ကို တွေ့ရှိရကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အရ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် မြန်မာအစိုးရက ငြင်းဆန်နေခြင်း၊ ရိုဟင်ဂျာများ အပေါ် အစိုးရမှ ကျူးလွန်နေသည့် ပြစ်မှုများကို စုံစမ်း စစ်ဆေးခွင့်နှင့် ရိုဟင်ဂျာများ အပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ငြင်းပယ်နေခြင်း များကို ပြင်းထန်စွာ ရှုတ်ချသည်ဟု ပြောကြားသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဗြိတိန်အစိုးရကို လွတ်လပ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်၍ ရိုဟင်ဂျာများ အပေါ် မြန်မာအစိုးရက ကျူးလွန်နေသည့် ပြစ်မှုများကို စစ်ဆေးနိုင်ရန် အမြန်ဆုံး လုပ်ဆောင်ရန် တောင်းဆိုကြောင်း ဗြိတိန် လွှတ်တော် အမတ်များက လက်မှတ်ရေးထိုး၍ အဆိုတင်သွင်း ခဲ့ကြောင်း ဗြိတိန်နိုင်ငံ လွှတ်တော် အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

Comment ရေးရန်

Rohingya Exodus