နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂါဇာ ကိစ္စနဲ့ ဗြိတိန် အငယ်တန်း ၀န်ကြီး နှုတ်ထွက်



ဘီဘီစီမြန်မာပိုင်း
5.8.2014

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး ဗြိတိန် အစိုးရ ထားရှိတဲ့ ဝါဒ သဘောထားဟာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ ဘယ်လိုမှ လက်ခံနိုဖွယ် မရှိတဲ့ အတွက်လို့ ဆိုကာ ဗြိတိသျှ နိုင်ငံခြားရေး ဌာနရဲ့ အငယ်တန်း ဝန်ကြီး တစ်ဦး ဖြစ်တဲ့ Sayeeda Warsi ဟာ ရာထူးကနေ နှုတ်ထွက် သွားပါတယ်။

Baroness ဆိုတဲ့ အမျိုးသမီးတွေကို ပေးတဲ့ သူကောင်းဘွဲ့ ရရှိထားတဲ့ Baroness Warsi ဟာ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို ပေးတဲ့ သူမရဲ့ စာထဲမှာ အခုလို ရာထူးက နှုတ်ထွက်ရတဲ့ အတွက် ဝမ်းနည်းပါကြောင်း၊ ဒါပေမယ့် ဂါဇာနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ မူဝါဒဟာ ဗြိတိန် နိုင်ငံရဲ့ ဂုဏ်သိက္ခာ အစဉ်အလာကို ထိခိုက် ပျက်စီး စေတယ်လို့ ယုံကြည်ပါကြောင်း ရေးသားထား ပါတယ်။

Baroness Warsi ဟာ ဗြိတိသျှ အစိုးရ ကက်ဘိနက် အဖွဲ့ဝင် ပထမဦးဆုံး မွတ်ဆလင် အမျိုးသမီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ကင်မရွန်း ဘက်ကလည်း Baroness Warsi နှုတ်ထွက်တဲ့ အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပြီး၊ ဗြိတိန် အစိုးရဟာလည်း ဂါဇာမှာ ဖြစ်ပျက် နေတာတွေနဲ့ ပတ်သက်ပြီး လက်မခံ နိုင်ကြောင်း အမြဲ ပြောဆို နေခဲ့တာ ဖြစ်သလို၊ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက် စလုံးက ခြွင်းချက်မရှိ အပစ်ရပ်ကြဖို့ ဆက်တိုက် တောင်းဆို နေခဲ့တာလည်း ဖြစ်ပါတယ်လို့ တုံ့ပြန်ခဲ့ ပါတယ်။

Comment ရေးရန်

Rohingya Exodus