နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောတွင် စစ်ဆေးခံရန် တိုက်တွန်းမှုကို လူထုက ပယ်ချ




Rohingya Eye
RB News
29.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင် ရပ်ကွက်တွင် မ.က.ဖ အရာရှိ တစ်ဦးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တို့က နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ ပြုလုပ်လျက် ရှိသော အမည်ခံ လူဦးရေ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် တိုက်တွန်းမှုကို မောင်တော လူထုက ပယ်ချ လိုက်ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မ.က.ဖ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ထွန်းဘော်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းတို့သည် မောင်တောမြို့နယ် မြို့မတောင် ရပ်ကွက်ရှိ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဦးအောင်ထွန်းဘော်က “ဤရပ်ကွက်တွင် စစ်ဆေးမခံသူ အများအပြား ရှိကြောင်း၊ စစ်ဆေးမခံလို့ မရနိုင်ကြောင်း၊ စစ်ဆေးမခံသူ များကို နောက်ဆုံးတွင် အရေးယူသွားမည် ဖြစ်ကြောင်း၊ ယခု စစ်ဆေးမှုမှာ လူမျိုး၊ ဘာသာနှင့် မသက်ဆိုင်ကြောင်း၊ လူဦးရေ ကောက်ခံ နေခြင်းသာ ဖြစ်ကြောင်း၊ အိမ်ထောင်စု စာရင်း ခွဲခြင်းနှင့် ပြောင်းခြင်း များကို လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ရပ်မိရပ်ဖ တစ်ဦးက မိမိတို့ ဘိုးစဉ်ဘောင်ဆက် ဤမြေတွင် မွေးဖွား၍ ဤမြေတွင် ကြီးပြင်း လာနေသည်မှာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ကြောင်း၊ မိမိတို့ကို ခိုးဝင် ဘင်္ဂလီများ အဖြစ် စာရင်းကောက်ခံ နေခြင်းကို လုံးဝ လက်မခံ နိုင်ကြောင်း၊ မိမိတို့သည် ရိုဟင်ဂျာ လူမျိုးများ ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် မိမိတို့ကို ခိုးဝင် ဘင်္ဂလီ အဖြစ် ပြောဆိုနေခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ရာ ဦးအောင်ထွန်းဘော်က ခိုးဝင် ဘင်္ဂလီ အဖြစ် ခေါ်ဆို နေသူမှာ အစိုးရ မဟုတ်ကြောင်း၊ မွတ်စလင်များ၏ အတိုက်အခံ အဖွဲ့အစည်း ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

မောင်တောမြို့နယ် ကိုယ်စားပြု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ကျောက်လှေကား ကျေးရွာမှ စစ်ဆေးမခံ၍ ဖမ်းဆီးရခံသူ (၈) ဦးကဲ့သို့ မဖြစ်စေရန် အတွက် စစ်ဆေးခံရန် မိမိ အနေဖြင့် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

သြဂုတ်လ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့များတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ ရှေ့နေ ဦးအာမန် အုလ္လာနှင့် ဦးမော်ဂျီအုလ္လာ (ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်) တို့သည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို ပါဝင် စစ်ဆေးခံရန် တိုက်တွန်း ခဲ့သော်လည်း ၎င်းတို့၏ တိုက်တွန်းမှု အပေါ် ဒေသခံ လူထုက သံသယ ဖြစ်လျက် ရှိနေကြပြီး၊ ထိုကဲ့သို့ တိုက်တွန်းမှုကို လက်မခံနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ဦးအောင်ထွန်းဘော်၏ ပြောကြားချက် အရ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အမည်ခံ လူဦးရေ စစ်ဆေးမှုကို စက်တင်ဘာလ (၁၄) ရက်နေ့ထိ နောက်ဆုံးထား၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus