နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့တွင် ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲ၍ အပြစ်မဲ့ (၄) ဦးကို မတရားသဖြင့် ဖမ်းဆီးထား



RB News
1.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဗုံးဖောက်ခွဲသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အပြစ်မဲ့ ဒေသခံ (၄) ဦးကို မတရား သဖြင့် ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် ဘူးသီးတောင် မြို့နယ် ကုန်သွယ် လယ်ယာ ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ဆိုကာ ရခိုင် အစွန်းရောက် များက ရဲတပ်ဖွဲ့နှင့် အခြားသော ဌာနဆိုင်ရာများသို့ သတင်း ပေးပို့ခဲ့သည်။ ထို့အပြင် ပြည်တွင်း မီဒီယာများကိုလည်း သတင်း ဖြန့်ဝေခဲ့သည်။

ရခိုင် အစွန်းရောက်များ ဖြန့်ဝေသည့် ဗုံးပေါက်ကွဲမှု သတင်းနှင့် ပတ်သက်၍ ဘူးသီးတောင် မြို့နယ် အခြေစိုက် စစ်ဗျူဟာနှင့် တပ်မတို့က မသိရှိကြောင်း စုံစမ်း သိရှိရပါသည်။

ဗုံးပေါက်ကွဲသည်ဟု ပြောဆိုနေသည့် ကုန်သွယ် လယ်ယာရုံး ဘေးပတ်လည်တွင် တပ်မကြားစခန်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ရိပ်သာ၊ မ.က.ပ ရုံး၊ စ.ရ.ဖ ရုံးနှင့် အထူး သတင်းတပ်ဖွဲ့ (SB) ရုံးများ ရှိပြီး ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များ မရှိသည့် အပြင် ညပိုင်းတွင် မည်သည့် ရိုဟင်ဂျာ တစ်ဦး တစ်ယောက်မှ အသွားအလာ မပြုလုပ်ကြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အထူး သတင်း တပ်ဖွဲ့၊ ကုန်သွယ် လယ်ယာရုံး၊ လ.၀.က နှင့် ရဲများ ပူးပေါင်း၍ ရသေ့တောင် မြို့နယ်မှ လက်ပစ်ဗုံး ပြုလုပ်ရာတွင် ကျွမ်းကျင်သူများကို ခေါ်ယူလာပြီး ဘူးသီးတောင်မြို့နယ်တွင် လက်ပစ်ဗုံး ပြုလုပ်နည်း သင်တန်းများ ပို့ချလျက် ရှိကြောင်း ဒေသခံများမှ တဆင့် စုံစမ်း သိရှိရပါသည်။

အဆိုပါ သင်တန်းကို လ.၀.က ဒု-ဦးစီးမှူး (ကွန်ပျူတာဆိုင် ဖွင့်လှစ်ထားသူ) ဦးဇော်လင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲအုပ် မြတ်ထွေး၊ မြို့မ စခန်းမှူး ဦးတင်လှ၊ ဦးမောင်လှိုင်စိုးနှင့် ဒုရဲအုပ်ဟောင်း ဦးကျော်လှ တို့က ဦးဆောင်၍ တပ်မနှင့် စစ်ဗျူဟာတို့ မသိအောင် ပို့ချလျက် ရှိသည်ဟု ဆိုသည်။

သင်တန်းပို့ချ နေသည့် အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သင်တန်းသားများ အချင်းချင်းကြား ပြောဆိုနေမှုကို ကြားသိခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ပြောဆိုနေသည့် နေရာမှာ ဒေသခံ ရိုဟင်ဂျာများနှင့် ဝေးကွာနေသည့် နေရာ ဖြစ်သောကြောင့် ဒေသခံ ရိုဟင်ဂျာ အများစုမှာ အဆိုပါ ပေါက်ကွဲမှု အသံကို မကြားခဲ့ရဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လ.၀.က ဒု-ဦးစီးမှူး၊ ကွန်ပျူတာဆိုင် ဖွင့်လှစ် ရောင်းချနေသူ ဦးဇော်လင်းက ရဲများနှင့် ပူးပေါင်း၍ ၎င်း၏ စီးပွား ပြိုင်ဘက် ဖြစ်သူ ကွန်ပျူတာ ဆိုင်ရှင် ဦးမာမတ်ဒူလ္လာ (ဘ) ဦးအီဆုပ်ဇော်လာလ်နှင့် အခြား (၂) ဦးကို နိုဝင်ဘာလ (၁) ရက်နေ့ နံနက် ၈ နာရီကျော်တွင် ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၈) နာရီကျော် အချိန်တွင် ဦးမာမတ်ဒူလ္လာ၏ ဆိုင်ကို ရဲအုပ်မြတ်ထွေးနှင့် အဖွဲ့ရောက်ရှိ လာပြီး၊ ဦးမာမတ်ဒူလ္လာနှင့် အခြား (၂) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး၊ နေ့လည် ၂ နာရီ အချိန်တွင် ဦးမာမတ်ဒူလ္လာ၏ ဆိုင်သို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်၍ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဘင်္ဂလား မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ခု ဆိုင်ထဲတွင် ထား၍ ဆိုင်အတွင်းမှ ဘင်္ဂလား ဆင်းမ်ကဒ် ရသည်ဟု ဆိုကာ ဆိုင်မှ အလုပ်သမား တစ်ဦးကို ထပ်မံ ဖမ်းဆီး သွားခဲ့သည်။

ဒေသခံ တစ်ဦးက “ကျွန်တော်တို့ ဘူးသီးတောင်မြို့မှာ ရှိတဲ့ ရဲတွေရဲ့ အိတ်ထဲမှာ WY ဆေးပြား၊ ဆေးခြောက်နဲ့ ဘင်္ဂလား ဆင်းမ်ကဒ်တွေ အမြဲရှိတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေကို အဲဒါတွေနဲ့ အကွက်ဆင် ဖမ်းပြီး ငွေညှစ်တယ်၊ ရိုက်နှက် နှိပ်စက်မှုတွေ လုပ်တယ်။ ငွေမပေးနိုင်တဲ့ သူတွေကို အမှုဆင်ပြီး ထောင်ချတယ်။ အခုလည်း ဆိုင်ထဲက ဘင်္ဂလား ဆင်းမ်ကဒ် ရတယ်ဆိုပြီး အလုပ်သမား တစ်ယောက်ကို ဖမ်းသွားတာပါ” ဟု RB News သို့ပြောပါသည်။

ဗုံးပေါက်ကွဲသည်ဟု ပြောဆိုလျက် ရှိပြီး အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ဖမ်းဆီး ထားသော်လည်း၊ ကုန်သွယ် လယ်ယာရုံး အနီး ပတ်ဝန်းကျင်တွင် နေထိုင်သည့် ရခိုင်လူမျိုး များ၏ နေအိမ်များကို စစ်ဆေးခြင်း လုံးဝ မရှိဘဲ၊ အနေဝေးသည့် ဒေသခံ ရိုဟင်ဂျာများကို တမင် ပစ်မှတ် အဖြစ် ထား၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောပါသည်။

မတရား စွပ်စွဲ ဖမ်းဆီးခံထားရသူ ဦးမာမတ်ဒူလ္လာနှင့် အခြား (၃) ဦးကို မြို့နယ် ပြည်သူ့ ဆေးရုံသို့ ခေါ်ဆောင် သွားပြီး၊ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးသည့် အချိန်တွင် ဗုံးနှင့် သက်ဆိုင်သည့် မည်သည့် ပစ္စည်း တစ်စုံတစ်ရာ သိမ်းဆည်း မရခဲ့သော်လည်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေက ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွင် ဗုံးနှင့် ပတ်သက်သည့် သက်သေခံ ပစ္စည်းများ ရရှိခဲ့သည်ဟု လိမ်ညာ၍ ပြောဆိုခဲ့သည်။

ရခိုင် အစွန်းရောက်များ၊ မြို့နယ် အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း ပုဒ်မ ၁၄၄ ကို မရုပ်သိမ်း စေရန်၊ တည်ငြိမ်နေသော မြို့နယ် အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြား လာစေရန်၊ အေးချမ်းစွာ နေထိုင်နေသည့် ဒေသခံ ရိုဟင်ဂျာများ အပေါ် ပြည်ထောင်စု အစိုးရမှ အယုံအကြည်မဲ့ လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ တမင် ဖန်တီးခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus