နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ငန်းချောင်းတွင် စစ်သားများက လုယက် ဖျက်ဆီးမှုများ ပြုလုပ်သည့် အပြင် ချောဆွဲသွားသည့် ကားကို ပြန်မအပ်သေး

Rohingya Eye
RB News
29.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာတွင် စစ်သားများ ၀င်ရောက်၍ လုယက်၊ ဖျက်ဆီးခြင်းများ ပြုလုပ်သည့် အပြင် ကားတစ်စီးကို တစ်နေ့တာ အတွက် ချောဆွဲသွားပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံခြင်း မရှိသေးကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ငန်းချောင်း ကျေးရွာသို့ အောက်တိုဘာလ (၁၄) ရက်နေ့မှစ၍ စစ်သားများ ၀င်ထွက်ခဲ့သည်။

အောက်တိုဘာလ (၂၃) ရက်နေ့တွင် စစ်သားများက ဦးအီနုစ် (ဘ) ဦးမိုဟာမတ်ရှော်ဖီ (အသက် ၄၃ နှစ်) ၏ ကျပ်သိန်း ၁၅၀ တန်း Lifan ကားတစ်စီးကို နောက်တစ်နေ့ ပြန်ပေးမည်ဟု ဆိုကာ ချောဆွဲသွားပြီး ယနေ့ထိ ပိုင်ရှင်ထံ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အောက်တိုဘာလ (၂၁) ရက်နေ့တွင် စစ်သားများက ဈေးတွင်းရှိ စားကုန်ဆိုင် ဆိုင်ခန်း (၃) ခန်း၏ တံခါးများကို ရိုက်ချိုး၍ ပစ္စည်းများ လုယက်ယူပြီး ဖားဝပ်ချောင်း ကျေးရွာအုပ်စုရှိ န.တ.လ ရွာသို့ သယ်ဆောင် သွားခဲ့သည်။

လုယက်ခံရသည့် စားကုန်ဆိုင် ပိုင်ရှင်များမှာ --

(၁) ဦးအာလောမ် (ဘ) ဦးအဘူအာလောမ် (အသက် ၂၇ နှစ်)
(၂) ဦးအေကေရာမ် (ဘ) ဦးဝါရဲစ် (အသက် ၃၅ နှစ်)
(၃) ဦးမာမတ်ဆာဒဲခ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၂၈ နှစ်) တို့ဖြစ်သည်။

အောက်တိုဘာလ (၂၈) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် အဆိုပါ ကျေးရွာအုပ်စု ဂေါနောဘီရာရွာသို့ စစ်သားများ ၀င်ရောက်လာပြီး ဦးကော်လိမ် (ဘ) ဦးမာမတ် (အသက် ၅၀ နှစ်) နေအိမ်မှ အ၀တ်အထည် အချို့ လုယက်ယူဆောင်သွားပြီး၊ ဦးလေရာယာ (ဘ) ဦးဆွေတာမတ် (အသက် ၄၅ နှစ်) ၏ နေအိမ်မှ ဆိုလာပြားတစ်ခုနှင့် ခို များ လုယက်ယူဆောင် သွားခဲ့သည်။

အလားတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာလတ်၏ နေအိမ်ကိုလည်း ၀င်ရောက်စစ်ဆေးပြီး၊ ခြံဝင်းထဲမှ ဆိတ်တစ်ကောင်ကို လုယက်ယူဆောင် သွားခဲ့သည်။ စစ်သားများသည် ရွာထဲသို့ ၀င်ရောက်ပြီး လုယက်ယူသမျှ ပစ္စည်းများ၊ လယ်ကွင်းပြင်များတွင် တွေ့ရှိသော ကျွဲ၊ နွား၊ ဆိတ်များကို ဖားဝပ်ချောင်း ကျေးရွာအုပ်စုရှိ န.တ.လ ရွာသို့ ယူဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ရွာလူကြီးတစ်ဦးက “စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်နေတယ် ဆိုပြီး အိမ်ထဲကို ၀င်စစ်တယ်။ တရားမ၀င် ဘာမှ မတွေ့ဘူး။ ဒါပေမယ့် အဖိုးတန် ပစ္စည်းတွေကို လုတယ်။ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ တွေ့သမျှ ဆိတ်တွေကို သတ်ဖြတ်ပြီး စားသောက်တယ်။ ကျွဲ၊ နွားတွေကို ကျတော့ န.တ.လ ရွာတွေထဲကို မောင်းသွင်းနေတယ်။ ကျွန်တော်တို့ကို ဆင်းရဲသား ဘ၀ ရောက်အောင် တွန်းပို့ နေတာပဲ” ဟု ပြောသည်။


Comment ရေးရန်

Rohingya Exodus