နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျွဲဝယ်သူကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က မတရားဖမ်းဆီး၍ ငွေကျပ် ၁၈ သိန်းညှစ်



MYARF
RB News
5.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူ  ကျေးရွာမှ ကျွဲဝယ်ယူသည့် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က မတရားသဖြင့် ဖမ်းဆီး၍ ငွေကျပ် (၁၈) သိန်း ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာမှ ဦးအာဘူကာလာမ်သည် ကျောက်ပန္ဒူ ကျေးရွာ (ရှိတာဖ်) သို့ သွားရောက်ပြီး ၎င်းရွာမှ ဦးအဒူဟာကီးမ်နှင့် ဦးမိုဟာမတ် ရှောဘူတို့ထံမှ ကျွဲ (၇) ကောင်ကို ငွေကျပ် ၄၉ သိန်းဖြင့် ၀ယ်ယူခဲ့သည်။ ထို့နောက် ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းကို အကြောင်းကြားပြီး ကျွဲတစ်ကောင်လျှင် ငွေကျပ် ၂၀၀၀ နှုန်းပေး၍ သယ်ယူခွင့် ရယူခဲ့သည်။

ဦးအာဘူကာလာမ်က ကျွဲများကို ၎င်း၏ ရွာသို့ သယ်ဆောင်သွား နေစဉ် အင်းဒင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၎င်းတို့ကို အကြောင်းကြားရန် ပျက်ကွက်သည်ဟု ဆိုကာ ကျွဲများနှင့် အတူ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအာဘူကာလာမ်ကို နိုဝင်ဘာလ (၄) နံနက် ၁၁ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေကျပ် (၁၈) သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးအာဘူကာလာမ်သည် ကျောက်ပန္ဒူ၊ အင်းဒင်၊ သ၀န်ချောင်း စသည့် ကျေးရွာများမှ ကျွဲ၊ နွားများ ၀ယ်ယူ၍ အလယ်သံကျော်နှင့် မောင်တောမြို့ပေါ်တွင် ပြန်လည် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus