နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာလူထု သဘောထား ::::: ဆွဲ၊တင်၊စစ် ချက်ချင်းရပ်

န.စ.က လက်ထက်က ဆွဲ၊တင်၊စစ်


ကိုဘခက်
RB News
25.1.2015

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရခိုင်ပြည်နယ် အနောက်ဘက် ဒေသ နိုင်ငံခြားသားများ မတရား ခိုးဝင်မှု ကာကွယ် တိုက်ဖျက်ရေး အဖွဲ့ (မ.က.ဖ) များသည် အဖွဲ့လိုက်ခွဲကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် ဆွဲ၊တင်၊စစ် ဟုခေါ်သော အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းနှင့် မိသားစု ဓါတ်ပုံ ရိုက်ကူးခြင်း လုပ်ငန်းများကို ၂၀၁၅ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စ၍ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မိသားစု ဓါတ်ပုံ ရိုက်ခ ၁၀၀၀ ကျပ်၊ ကလေးတစ်ယောက် အိမ်ထောင်စု စာရင်းတွင် တင်လျှင် ၅၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ (ကလေး အသက်အရွယ်ပေါ် မူတည်၍)၊ မိမိနေရပ်မှ နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာ သွားသူများကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် အတွက် ၁၀၀၀၀ ကျပ်မှ ၄၀၀၀ ကျပ် အထိ (ကျေးရွာ တစ်ရွာနှင့် တစ်ရွာ မတူညီ)၊ သေဆုံး သွားသော မိသားစုဝင် များအား အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် အတွက် ၅၀၀၀ ကျပ်၊ လက်ထပ်ခြင်း ကိစ္စများတွင် သတို့သမီး အိမ်ထောင်စု စာရင်း ပြောင်းဝင်နိုင်ရန်နှင့် လက်ထပ် စာချုပ် ဆောင်ရွက် ပေးရန် အတွက် ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ စသည်ဖြင့် အိမ်ထောင်စု တစ်စုစီမှ ငွေကြေး မြောက်မြားစွာ ကောက်ခံလျက် ရှိသည်။

အသစ်မွေးဖွားလာသော ကလေးများကို အိမ်ထောင်စု လူဦးရေ စာရင်းတွင် တင်ပေးရာ၌ မိဘ နှစ်ပါး စလုံး အိမ်ထောင်စု လူဦးရေ စာရင်းတွင် ရှိမှသာ ဆောင်ရွက် ပေးသည်။ ဤသို့ ငွေကြေး မြောက်မြားစွာ ကောက်ခံခြင်းသည် ဇန်န၀ါရီလ ၁၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဦးဥတ္တမ ခန်းမတွင် ကျင်းပသော အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ လူကြီးများအား ပြောဆိုခဲ့သည်နှင့် လွန်စွာ ကွဲလွဲနေပါသည်။

ရိုဟင်ဂျာ လူထု အနေဖြင့် န.စ.က မှ ဆောင်ရွက်ခဲ့သော ဆွဲ၊တင်၊စစ် လုပ်ငန်းများကို ယခုအခါ ပြန်လည် လုပ်ဆောင် နေခြင်းနှင့် ပတ်သက်၍ သံသယများစွာ ဖြစ်ပေါ်လျက် ရှိသည်။ ရိုဟင်ဂျာ လူထုသည် ၎င်းတို့အား ဘင်္ဂါလီ ဇတ်သွင်း နေသည်ဟု ယူဆနေသည် သာမက၊ ယခုလတွင် ကြေညာထားသော နိုင်ငံသား စီစစ်ရေး လုပ်ငန်းများတွင် ရိုဟင်ဂျာ များအား ဘင်္ဂါလီဟု အတင်းအကျပ် ခံယူစေရန် စနစ်တကျ ဘက်ပေါင်းစုံမှ ဆောင်ရွက် နေခြင်း ဖြစ်သည်ဟု အလေးအနက် ယူဆနေကြသည်။ ထို့အပြင် အထက်တွင် ဆိုခဲ့သော ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ရဲမှူးချုပ်တင်ကိုကိုမှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အမေရိကန် သမ္မတကြီး မစ္စတာ အိုဘားမား တို့၏ ရိုဟင်ဂျာများအား နိုင်ငံသား အခွင့်အရေးနှင့် တန်းတူ အခွင့်အရေးများ ပေးအပ်ရန် တောင်းဆိုခဲ့ခြင်း အပေါ် ပြက်ရယ်ပြု စော်ကားခဲ့သည်။ ၎င်းမှ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာရှိသော နိုင်ငံဖြစ်၍ ပြည်ပမှ စွက်ဖက်ခြင်းသည် မည်သို့မျှ အကျိုးသက်ရောက်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။ ရိုဟင်ဂျာ များကိုလည်း မည်သည့်အခါမှ မွေးရာပါ နိုင်ငံသား အခွင့်အရေး ရမည်ဟု အိပ်မက်တောင် မမက်ရန်နှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ ရရှိသော၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု အဆင့်အတန်း အတိုင်းသာ ရရှိမည်ဟု ပြောဆိုခဲ့သည်။

ရိုဟင်ဂျာ ဆက်လက် ပြောဆိုနေလျှင် ဒုက္ခသည် စခန်းများတွင် ထား၍ တတိယ နိုင်ငံသို့ ပို့ဆောင် ပေးမည်ဟု ခြိမ်းခြောက် ခဲ့သည်။ အမှန်ဆိုလျှင် ရိုဟင်ဂျာများသည် ဒုတိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု မြန်မာအစိုးရက ခံယူနေပါက တတိယနိုင်ငံသို့ ပို့ရန် မဟုတ်ဘဲ၊ ပထမနိုင်ငံသို့သာ ပို့ရန် ကြိုးစားသင့်သည်။

လက်ရှိ ဆွဲ၊တင်၊စစ် ဆောင်ရွက်ရာတွင် ရိုဟင်ဂျာများမှ ပါဝင်မှု အနည်းငယ်သာ ရှိသည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့ အထိ မောင်တောမြို့နယ်တွင် ကျေးရွာ အုပ်စု ၁၀၄ စု အနက် ၉ အုပ်စုတွင် လည်းကောင်း၊ ဘူးသီးတောင် မြို့နယ်ရှိ ၈၅ အုပ်စု အနက် ၃ အုပ်စု၊ ရသေ့တောင် မြို့နယ်ရှိ ရိုဟင်ဂျာများ နေထိုင်ရာ ကျေးရွာအုပ်စု ၁၃ စု အနက် တစ်စုတွင်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ကျန်အုပ်စုများတွင် ရိုဟင်ဂျာ လူထုက ဆွဲ၊တင်၊စစ် ဆောင်ရွက်နေမှုတွင် ပါဝင် ဆောင်ရွက်ခြင်း မရှိဘဲ ကန့်ကွက်လျက် ရှိသည်။

ဆွဲ၊တင်၊စစ် ဆောင်ရွက် ပြီးစီးခဲ့သည့် ကျေးရွာများ အနက် ဘူးသီးတောင် မြို့နယ်တွင် တောင်ခြေရပ်ကွက်နှင့် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း ကျေးရွာ တို့သည် ငွေကြေး အများဆုံး ကောက်ခံခဲ့သည့် နေရာများ ဖြစ်သည်။ ဘူးသီးတောင် မြို့နယ်ရှိ ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဖော်တော်ပြင် ကျေးရွာတွင် မိသားစု ၆ စု၊ ယင်းမရွာတွင် ၅ စု၊ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် နယ်ခြားစောင့်တပ်မှ ဗိုလ်လေး တစ်ဦးနှင့် တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ မိသားစု ၁၀ စုအား သေနတ်ဖြင့် ချိန်၍ လုပ်ဆောင်ခဲ့သည် -- များအပါအ၀င် မိသားစု အနည်းငယ်သာ ဆွဲ၊တင်၊စစ် တွင် ပါဝင်ခဲ့သည်။

ဤကဲ့သို့ ရွာသားများ၏ ငြိမ်းချမ်းစွာ ကန့်ကွက် နေခြင်းအပေါ် မကျေနပ်သော အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးနှင့် အပေါင်းအပါ များသည် မြို့မိမြို့ဖ အချို့ ဖြစ်သော ဦးရော်ဖိတ်၊ ဆရာ ဦးအဘူကာလာမ် တို့နှင့် အတူ ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာတွင် ရပ်ရွာလူကြီးများနှင့် တွေ့ဆုံ၍ ဆွဲ၊တင်၊စစ် လုပ်ငန်းတွင် ပါဝင်ရန် ဖိအားပေးခဲ့သည်။ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် တောင်ဘဇား နယ်ခြားစောင့် စခန်းမှူးသည် ငရန့်ချောင်း ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာလူမျိုး အစိုးရ ၀န်ထမ်းများ အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၊ လယ်သမားကြီးများ စသည်တို့အား ခေါ်ယူ တွေ့ဆုံပြီး ခြိမ်းခြောက်မှုများစွာ ပြုလုပ်ခဲ့သည်။ ၎င်းက ဆွဲ၊တင်၊စစ် တွင် မပါသော ကျေးရွာသားများကို ရွာပြင် ထွက်ခွင့် ပေးမည် မဟုတ်ကြောင်း၊ စက်လှေများကို ခရီးထွက်ခွင့် ပိတ်ပင်ခြင်း၊ ဆိုင်ကယ် တက္ကစီ များကို ခရီးသွားခွင့် ပိတ်ပင်ခြင်း တို့ကို ကနဦး လုပ်ဆောင်၍ ဆက်လက်ပြီး ဆွဲ၊တင်၊စစ် တွင် ပါဝင် ဆောင်ရွက်ခြင်း မရှိပါက ဇန်န၀ါရီလ ၂၆ ရက်နေ့မှ စတင်၍ ကျေးရွာသား များကို ဖမ်းဆီး ချုပ်နှောင်ခြင်း တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ဤကဲ့သို့ ရိုဟင်ဂျာ လူထုအား ဖိအားပေးခြင်းသည် မြန်မာနိုင်ငံတွင် လက်ရှိ ဖော်ဆောင် နေသော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ဆန့်ကျင် နေပါသည်။ ထို့အပြင် ဆွဲ၊တင်၊စစ် လုပ်ငန်း ဆောင်ရွက်ရန် မည်သည့် ဥပဒေပေါ်တွင် အခြေပြု၍ ဆောင်ရွက် နေသည်ကိုလည်း ရိုဟင်ဂျာ လူထု အနေဖြင့် သိရှိခြင်း မရှိပါ။

ဤကဲ့သို့ ဥပဒေနှင့် မညီညွတ်သော ဆွဲ၊တင်၊စစ် လုပ်ငန်းအား ပြည်ထောင်စု အစိုးရမှ ချက်ချင်း ရပ်တန့်ပေးရန် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူထုက တောင်းဆိုပါကြောင်း တင်ပြအပ်ပါသည်။

Comment ရေးရန်

Rohingya Exodus