နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲများက အပြစ်မဲ့ လူငယ် (၄) ဦးကို ရိုက်နှက်၍ ငွေ ၁၄ သိန်း ညှစ်



MYARF
RB News
12.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ပန်းတောပြင် တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၇) ဦးသည် ဇူလိုင်လ (၁၁) ရက်နေ့ ည (၈) နာရီ အချိန်တွင် ညောင်ချောင်း ကျေးရွာသို့ သွားရောက်ပြီး ကွမ်းယာဆိုင်တွင် ထိုင်၍ ကွမ်း၊ ဆေးလိပ် သောက်နေသော လူငယ် (၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကင်းစခန်းသို့ ခေါ်ဆောင် သွားကာ ချုပ်နှောင် ထားပြီး လူမဆန်စွာ ရိုက်နှက်၍ ညမထွက်ရ အချိန် ကျော်လွန်ပြီး ထွက်ခဲ့သည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းခဲ့သည်။

ထို့နောက် ည ၁၁ နာရီ ကျော်ခန့်တွင် ကျေးရွာ တာဝန်ခံ ဦးမာမတ်အနိုဝါရ်နှင့် အဖွဲ့ကို ခေါ်ယူလာပြီး ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ (၄) ဦးထံမှ ငွေကျပ် ၁၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် အပြစ်မဲ့ လူငယ် (၄) ဦးလုံးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး၊ ၎င်းတို့ထဲမှ ဟူစိန်းအာမတ်၏ အခြေအနေမှာ အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိ နေသည်။ ဇူလိုင်လ (၁၂) ရက်နေ့တွင် ဟူစိန်းအာမတ်၏ မိဘများက အခြေအနေ စိုးရိမ်ရသဖြင့် မောင်တော ဆေးရုံသို့ ပို့၍ ဆေးကုသခွင့် ရရန် ကျေးရွာ တာဝန်ခံ ဖြစ်သူ ဦးမာမတ်အာနိုဝါရ် ထံမှ ထောက်ခံချက် တောင်းရာ ကျေးရွာ တာဝန်ခံက ဆေးရုံသို့ ပို့လျှင် လူသိရှင်ကြား ဖြစ်သွားမည် ဖြစ်၍ ထောက်ခံချက် မပေးဘဲ ၎င်းရွာမှ ရမ်းကု တစ်ယောက် ဖြစ်သူ ဦးအစ္စမိုင်လ် ထံတွင် ဆေးကုသမှု ခံယူခိုင်းကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ရမ်းကုက ဆေးကုသ ပေးနေသော်လည်း အခြေအနေမှာ တိုးတက်မှု မရှိဘဲ ဆက်လက် စိုးရိမ်နေရသည်ဟု ဆိုသည်။ 

ငွေကျပ် ၁၄ သိန်း ညှစ်ခံရသူများမှာ -- 

(၁) ဟူစိန်းအာမတ် (ဘ) ဦးအလီဟူစိန်း (အသက် ၂၅ နှစ်)
(၂) မာမတ်ဟာရွန် (ဘ) ဦးအဒူလာကိမ်း (အသက် ၂၄ နှစ်)
(၃) အဒူလ်ဟာကိမ်း (ဘ) ဦးလာလ်မာမတ် (အသက် ၁၆ နှစ်)
(၄) မာမတ်ကာဆိမ်း (ဘ) ဦးအစ္စလာမ် (အသက် ၂၀ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus