နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဒေသခံ ရွာသား တစ်ဦးကို လုပ်ကြံသော အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခြင်း မရှိ



MYARF
RB News
19.9.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြိုကနယ် ဘဂုံးနား ကျေးရွာအုပ်စု ကန်ကြီးပြင်ရွာ (ဖာစ်ကော်ရိဘိလ်) မှ ဦးဒီလူးနှင့် ဦးအာဘူရှောမား တို့၏ သားတို့သည် ရခိုင်အစွန်းရောက် ၉၆၉ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် အမှတ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုး၏ ခိုင်းစေမှုအရ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ဘဂုံးနား ကျေးရွာအုပ်စု ကန်ကြီးပြင်ရွာမှ ဦးမော်နို၏ ခြံဝင်း ထဲရှိ ၀ါးနက်တောထဲတွင် ဖောက်ခွဲရေး ပစ္စည်း အချို့ ထည့်သွင်း ပေးခဲ့သည်။ ထို့နောက် ၎င်းတို့ သုံးဦးသည် ဦးမော်နို၏ အိမ်တွင် ဖောက်ခွဲရေး ပစ္စည်းများ စုဆောင်း ထားသည်ဟု ဘူးသီးတောင် မြို့မ ရဲစခန်းနှင့် စစ်ဗျူဟာသို့ အကြောင်းကြားခဲ့သည်။ 
ယင်းနေ့ ည ၇ နာရီအချိန်တွင် စစ်ဗျူဟာမှ G-2 အပါအ၀င် ကားသုံးစီးဖြင့် စစ်သားများ၊ ဆိုင်ကယ် ၁၅ စီးဖြင့် ရဲတပ်ဖွဲ့ဝင် ၃၀ ဦး၊ အမှတ် (၁၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ တပ်ရင်းမှူးနှင့် နယ်ခြားစောင့်ရဲများသည် ကန်ကြီးပြင်ရွာသို့ သွားရောက်၍ ရွာကို ၀န်းရံ ပိတ်ဆို့ကာ ဦးမော်နို၏ အိမ်နှင့် ခြံဝင်းကို စစ်ဆေးကြရာ ၀ါးနက်တော ထဲတွင် ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိခဲ့သည်။ စစ်ဆေးသည့် အချိန်တွင် ဦးမော်နိုတို့ သားအဖ နှစ်ဦး အိမ်တွင် မရှိသောကြောင့် ဦးမော်နို၏ ဇနီးနှင့် ချွေးမ တို့ကို ဖမ်းဆီးခဲ့သည်။ ထိုအချိန်တွင် ဘဂုံးနား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းက စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရဲများကို ဦးမော်နိုမှာ အစွန်းရောက် သမား တစ်ဦး မဟုတ်ကြောင်း၊ အများ ကြည်ညို လေးစားသည့် လူကြီးလူကောင်း တစ်ဦး ဖြစ်ကြောင်း၊ ယခု ရှာဖွေတွေ့ရှိသည့် ပစ္စည်းများမှာ ဦးမော်နို စုဆောင်း ထားသည့် ပစ္စည်းများ မဖြစ်နိုင်ကြောင်း၊ သတင်းပို့ခဲ့သူများ၏ လုပ်ကြံ ဖန်တီးမှုသာ ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။ 

စစ်ဆေးနေသည့် အချိန်တွင် ဦးမောင်လှိုင်စိုး၏ ခိုင်းစေချက်ဖြင့် ဖောက်ခွဲရေး ပစ္စည်းများ ဦးမော်နို၏ ခြံဝင်း အတွင်းတွင် ထားပေးခဲ့သည့် ဦးဒီလူးနှင့် ဦးအာဘူရှောမား၏ သားဖြစ်သူလည်း ရဲများ၊ စစ်သားများနှင့် အတူ ရှိနေခဲ့ရာ၊ ရဲများနှင့် စစ်သားများက ၎င်းတို့ကိုလည်း စစ်ဆေးရန် လိုအပ်သည်ဟု ဆိုကာ ဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဘဂုံးနား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းက ဦးမော်နိုကို ရဲစခန်းသို့ ခေါ်သွားကာ စစ်ဆေးခံစေခဲ့သည်။ ရဲများနှင့် စစ်သားများက ဦးမော်နိုကို စစ်ဆေး၍ လူကောင်း ဖြစ်သည်ဟု သိရှိသွားပြီး ၎င်းနှင့် အတူ ဇနီးနှင့် ချွေးမ ဖြစ်သူတို့ကိုပါ လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့နောက် ဦးဒီလူးနှင့် ဦးအာဘူရှောမား၏ သားဖြစ်သူတို့ကို ဆက်လက် စစ်ဆေးခဲ့ရာ ၎င်းတို့သည် ဦးမောင်လှိုင်စိုးနှင့် ပူးပေါင်း၍ လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ သို့ဖြစ်၍ ၎င်းတို့ကို နှစ်ဦးကို ဆက်လက် ထိန်းသိမ်း ထားသော်လည်း အမှုတွင် အဓိက တရားခံ ဖြစ်သူ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus