နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်ဖြင့် ပြုပြင်သည့် ဗလီနှင့် အာရဗီကျောင်း ဂေါပကများ ခြိမ်းခြောက်ခံရ



MYARF
RB News
19.9.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်ဖြင့် ပြုပြင်သည့် ဗလီနှင့် အာရဗီ စာသင်ကျောင်းများမှ ဂေါပကများကို ဆင့်ခေါ်၍ ခြိမ်းခြောက် ဆဲဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လတွင် ဘူးသီးတောင် မြို့နယ်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိခဲ့စဉ်က ဘူးသီးတောင် မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဘော်ရှိရ်အာမတ်၏ တင်ပြမှုကြောင့် သမ္မတ ဦးသိန်းစိန်က ကိုမန် ဆိုင်ကလုံး မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဗလီများနှင့် အာရဗီ စာသင်ကျောင်းများ ပြုပြင်ရန် ခွင့်ပြုခဲ့သည်။ 

ထို့ကြောင့် ဂေါပကများက ဗလီများနှင့် အာရဗီကျောင်း အချို့၏ အမိုးအကာများ အနည်းအကျဉ်း ပြုပြင်ခဲ့သည်။ 

စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဖိုးခေါင်ချောင်း၊ ကကျဘက်၊ စိမ်းညှင်ပြင်၊ ဂူတာပြင်၊ ဖရုံချောင်း၊ မြောင်းနား၊ ဘုရားပြင်အောင်ပ၊ အလယ်ချောင်း၊ ကကျဘက်ကံပြင်၊ သပိတ်တောင် ကျေးရွာတို့မှ ဂေါပကများ၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် သိမ်တောင်ပြင်၊ ဒုအိုးသည်မ၊ ရွှေထား စသည့် ကျေးရွာများမှ ဂေါပကများနှင့် အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ များကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ အစည်းအဝေး ကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက “မင်းတို့ ဘင်္ဂလီတွေက ဒီတိုင်းပြည်ကို မင်းမဲ့ တိုင်းပြည်လို့ ထင်နေတာလား၊ ဘာကြောင့် မင်းတို့ လုပ်ချင်သလို လုပ်နေတာလဲ၊ ဒီတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ အစိုးရရှိတာ၊ ဥပဒေ ရှိတာ မင်းတို့ ဘင်္ဂလီတွေ မသိကြဘူးလား၊ ဥပဒေကို နားလည်းမလည်ဘူး၊ လိုက်နာတာလည်း မရှိဘူး၊ အသိဥာဏ် မရှိတဲ့ကောင်တွေ” ဟု ဦးစွာ ဆဲဆိုခဲ့သည်။ ထို့နောက် “မင်းတို့ ဗလီတွေ၊ အာရဗီ ကျောင်းတွေ ပြုပြင်တာ ဘယ်သူ့ဆီက ခွင့်ပြုချက်ယူခဲ့လဲ၊ ဘယ်သူတွေ လုပ်နေတယ်၊ ဘယ်နှစ်ကျောင်း ပြင်ခဲ့တယ် ဆိုတာ ငါတို့ အားလုံးသိတယ်၊ အားလုံး အရေးယူခံရမယ်၊ နောက်ထပ် ဗလီတွေ အာရဗီကျောင်းတွေ သက်ဆိုင်ရာက ခွင့်ပြုချက် မရဘဲ ပြုပြင်ရင် ကျောင်းတွေ၊ ဗလီ ပိတ်ခံရမယ်၊ လုပ်တဲ့သူတွေလည်း ထောင်ချခံရမယ်” ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းက အကယ်၍ ပြုပြင်လိုပါက သက်ဆိုင်ရာမှ ခွင့်ပြုချက် ယူ၍ ပြုပြင်နိုင်ကြောင်း ပြောကြားသော်လည်း ဂေါပက များက ခွင့်ပြုချက် ယူပါက ငါးသိန်း ကုန်ကျမည့် အလုပ်တစ်ခု အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သာသနာရေး ဦးစီးဌာနမှူး တို့ကို ဆယ်သိန်းမက ပေးရသည့် အတွက် ခွင့်ပြုချက် တောင်းခံရန် ၀န်လေး နေကြသည်။ ငွေပေးပါကလည်း ခွင့်ပြုချက်ကို ချက်ချင်း မပေးဘဲ ခြောက်လ၊ တစ်နှစ်ထိ အချိန်ဆွဲလေ့ ရှိသည်ဟု သိရသည်။ 

ခွင့်ပြုချက် ပေးလျှင်လည်း အလျား၊ အနံ အတိအကျ သတ်မှတ်ပေးပြီး၊ ခွင့်ပြုသည်ထိ တစ်လက်မ၊ တစ်ထွာ ပိုလျှင်လည်း ပြန်လည်၍ ဖျက်ခိုင်းပြီး၊ အရေးယူခြင်းခံရသည်။ ခွင့်ပြုချက်ကိုလည်း ၀ါး၊ ဓနိ၊ သက္ကယ်မိုး အတွက်သာ ခွင့်ပြုပြီး၊ သွပ်မိုးနှင့် အုတ်ကာ အတွက် ခွင့်ပြုခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus