နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော၊ ပညောင်ပင်ကြီး ကျေးရွာမှ လူကုန်ကူး စက်လှေ နှစ်စီး ထွက်ခွာ



MYARF
RB News
15.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ ကျေးရွာအုပ်စု ရွာသစ်ရွာမှ ဦးမာမတ်ခါန် (ဘ) ဦးမာမတ်အီလီယာစ်၊ ဦးကော်ဘိရ် (ဘ) ဦးဇော်ကော်ရီယာ နှင့် ဦးကော်ဘိရ် (ဘ) ဦးအဒူလော်တီ (BD ပြေး) တို့ (၃) ဦးသည် မောင်တော မြို့နယ် မြောက်ပိုင်းနှင့် ဘူးသီးတောင် မြို့နယ် များသို့ ခရီးသွား လှည့်လည်၍ ဒေသခံများကို အမျိုးမျိုး မက်လုံးပေး မြူဆွယ်ကာ မလေးရှားနိုင်ငံသို့ ပို့ပေးမည်ဟု ဆို၍ မောင်တော မြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီး ကျေးရွာသို့ ခေါ်ဆောင်လာပြီး ပညောင်ပင်ကြီး ကျေးရွာရှိ လူကုန်ကူး ပွဲစားများ ဖြစ်သော ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးမာမတ်ကာဆိမ်နှင့် ဦးနူရ်အာလောမ် (ဘ) ဦးအာမတ်ဆော်ယိဒ် တို့ထံ ရောင်းချလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ လူကုန်ကူး ပွဲစားများက ပညောင်ပင်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တာစ်အုလ္လာအား လူတစ်ဦးလျှင် ငွေကျပ် တစ်သောင်းစီ ပေးကာ စက်လှေပေါ်တင်၍ ထိုင်းနိုင်သို့ ပို့ဆောင်လျက် ရှိသည်။ ထိုင်းနိုင်ငံသို့ ရောက်သည်နှင့် ထိုင်းနိုင်ငံရှိ လူကုန်ကူး ပွဲစားများ ဖြစ်သည့် ဦးအိုမောရ်နှင့် ဦးဟာရွန်တို့က လက်ခံရယူပြီး ထိုမှတဆင့် မလေးရှားနိုင်ငံသို့ ပို့မည်ဟုဆိုကာ အခြား လူကုန်ကူး ပွဲစားများ လက်ထဲသို့ ရောင်းချလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ဦးအိုမောရ်ဆိုသူသည် ထိုင်းဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုတတ်သူ ဖြစ်၍ ထိုင်း လ.၀.က၊ ရဲအရာရှိ များနှင့် ခင်မင် ရင်းနှီးသူ တစ်ဦး ဖြစ်သည်။ 

ပညောင်ပင်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တာစ်အုလ္လာ ကောက်ခံသည့် ငွေကျပ် တစ်သောင်းစီကို ၎င်းကိုယ်တိုင် မကောက်ခံဘဲ ၎င်း၏ ညီဖြစ်သူအား ကောက်ခံစေသည်။ ယခု အောက်တိုဘာလ အတွင်းတွင် ပညောင်ပင်ကြီး ကျေးရွာမှ စက်လှေ နှစ်စီး ထွက်ခဲ့သည်။ အောက်တိုဘာလ လဆန်းပိုင်းတွင် တစ်စီးနှင့် (၇) ရက်နေ့တွင် တစ်စီး ထွက်ခဲ့သည်။ လဆန်းပိုင်းတွင် ထွက်ခွာခဲ့သည့် စက်လှေမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိသွားခဲ့ပြီး၊ (၇) ရက်နေ့ ထွက်ခွာသည့် စက်လှေမှာ ယခု အချိန်ထိ ထိုင်းပင်လယ်ပြင်တွင် မျှောနေသည်ဟု ယခုနှစ်တွင် လူကုန်ကူးမှု အကြီးအကျယ် ပြုလုပ်သည့် ပွဲစား တစ်ဦးထံမှ စုံစမ်းသိရှိရကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းက ၂၀၁၄ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ သွားနေသည့် စက်လှေ တစ်စီးကို ဘင်္ဂလား ပင်လယ်အော်တွင် ကင်းလှည့်နေသော မြန်မာ့ရေတပ်မှ ဖမ်းဆီးမိသည့်အခါ ငွေကျပ် သိန်း ၂၀ ပေး၍ ဆက်လက် ထွက်ခွာခွင့် ရယူခဲ့သည်ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus