နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးညီညီထွန်းက ဒေသခံ ရိုဟင်ဂျာကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်



MYARF
RB News
13.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လိပ်ရကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးညီညီထွန်းနှင့် အဖွဲ့သည် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျောက်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးမာမတ်ဟူစိန်း (ဘ) ဦးနာဇီရ်ဟူစိန်း၏ အိမ်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ရဲမှူးနှင့် အဖွဲ့ကို ဦးမာမတ်ဟူစိန်းက ဧည့်ခံ ကျွေးမွေးခဲ့သည်။ ပြန်သွားချိန်တွင် ရဲမှူးက ဦးမာမတ်ဟူစိန်းကို “မနက်ဖြန် နယ်မြေ (၄) ရုံးကို လာလည်ပါ” ဟု ဖိတ်ခေါ်သဖြင့် ဦးမာမတ်ဟူစိန်းက နိုဝင်ဘာလ (၂၁) ရက်နေ့တွင် နယ်မြေ (၄) ရှိ ရဲမှူးညီညီထွန်း၏ ရုံးသို့ သွားရောက်ခဲံသည်။ 

ဦးမာမတ်ဟူစိန်းသည် ရဲမှူးညီညီထွန်း၏ ရုံးခန်းသို့ ရောက်သည်နှင့် ရဲမှူးက ဦးမာမတ်ဟူစိန်းကို WY မူးယစ် ဆေးဝါး ရောင်းဝယ်နေသည်ဟု စွပ်စွဲ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်ကာ ငွေကျပ် သိန်း ၃၀ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၂၇) ရက်နေ့ ညပိုင်းတွင် ရဲမှူးညီညီထွန်းသည် ဇီးပင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (စခန်း ၁၀) သို့သွားရောက်၍ ၎င်းစခန်းမှ စခန်းမှူး ရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ ၁၀ ဦးကို ခေါ်ယူပြီး ရေတွင်းပြင် ကျေးရွာသို့ သွားရောက်၍ ဦးရှုနာမျာ (ဘ) ဦးဂျိန်နောတ်အာလီ၏ နေအိမ်ကို ၀န်းရံကာ ဦးရှုနာမျာကို ဖမ်းဆီးပြီး ဇီးပင်ချောင်း စခန်းသို့ ခေါ်ဆောင်သွားကာ WY ရောင်းဝယ်သည်ဟု စွပ်စွဲပြီး တစ်ညလုံး ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့သည်။ 

နိုဝင်ဘာလ (၂၇) ရက်နေ့တွင်ပင် ရဲမှူးညီညီထွန်းက ကျောက်ချောင်း ကျေးရွာမှ ဥက္ကဌဟောင်း ဦးဖေရုစ် (ဘ) ဦးကာလာမျာကို ငွေကျပ် ၁၀ သိန်းနှင့် ၎င်းအား လာရောက် တွေ့ဆုံရန် ကျောက်ချောင်း ကျေးရွာ တာဝန်ခံ ဦးနူရ်မာမတ် (ဘ) ဦးကွလ္လာမျာမှ တစ်ဆင့် သတင်းပို့ခဲ့ရာ ဦးဖေရုစ်က အခြားသူများကို ညှဉ်းပန်း နှိပ်စက်ခဲ့သည့် သတင်းကိုကြား၍ လူကိုယ်တိုင် သွားရောက် မတွေ့ဆုံဘဲ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးနူရ်မာမတ်မှ တစ်ဆင့် ငွေကျပ် ၁၀ သိန်း ပို့ခဲ့သည်။ 

နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ရဲမှူးညီညီထွန်းနှင့် အဖွဲ့သည် ဇီးပင်ချောင်း ကျေးရွာသို့ သွားရောက်၍ ဦးဆော်ယာဒ်နူရ် (ဘ) ဦးအိုမောရ်အာဘာစ်ကို ဖမ်းဆီးပြီး WY ရောင်းဝယ်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့သည်။ နိုဝင်ဘာလ (၉) ရက်နေ့ကလည်း ကျောက်ချောင်း ကျေးရွာအုပ်စု အလယ်ရွာမှ ဦးအာလီအာမတ် (ဘ) ဦးအာလီဟူစိန်းနှင့် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ပလိပြင်ရွာမှ ဦးဂျာဘူရာမန် (ဘ) ဦးဟာဆောင် တို့ကို ဖမ်းဆီး၍ တစ်ဦးထံမှ ငွေကျပ် ၇ သိန်း ၅ သောင်းစီ၊ စုစုပေါင်း ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့သည်။ 

ဒီဇင်ဘာလ လဆန်းပိုင်းတွင် ရဲမှူးညီညီထွန်းက ကြိမ်ချောင်းဈေးရှိ ဆိုင်ရှင်ကြီးနှင့် လုပ်ငန်းရှင် များကို ကြိမ်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (၂၄) သို့ အစည်းအဝေး ခေါ်ယူ၍ အမျိုးမျိုး ခြိမ်းခြောက်ကာ တစ်ဦးထံမှ ငွေကျပ် ငါးသောင်းမှ တစ်သိန်းထိ ညှစ်ယူခဲ့သည်။ နယ်မြေ (၄) အပိုင် ကျေးရွာများရှိ လုပ်ငန်းရှင်များကိုလည်း ထိုကဲ့သို့ ခြိမ်းခြောက်၍ ငွေညှစ်ယူခဲ့သည်။ ထိုသို့ မတရားသဖြင့် ငွေညှစ်နိုင်ရန် ကျောက်ချောင်း ကျေးရွာ တာဝန်ခံ ဦးနူရ်မာမတ်၊ ဦးကာမာလ် (ခ) မောင်မောင်စိုး၊ ဇီးပင်ချောင်း ကျေးရွာ တာဝန်ခံ ဦးအာယုဖ်၊ လိပ်ရကျေးရွာမှ ဦးအာယုဖ် (ဘ) ဦးကာဆိမ်းတို့က ကျေးရွာများရှိ ချမ်းသာသူများ၏ စာရင်းကို ရဲမှူးထံ ပေးပို့လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ရဲမှူးက ၎င်း၏ တပည့်များကို ဖုန်းတစ်လုံးစီ ပေးထားကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus