နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးငြိမ်းချမ်းအေးက လူငယ်တစ်ဦးကို လုပ်ကြံ ဖမ်းဆီး၍ ငွေ (၆) သိန်း ညှစ်



MYARF
RB News
25.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ပဒင်း ကျေးရွာအုပ်စု၊ ရေပုံးပြင်ရွာမှ မာမတ်နုရ် (ဘ) ဦးယာဟယားသည် ဇန်န၀ါရီလ (၂၂) ရက်နေ့ ည ၁၁း၃၀ နာရီ အချိန်တွင် မိမိ၏ အိမ်ခြံဝင်းထဲ၌ MPT ဆင်းမ်ကဒ်သုံး ဖုန်းဖြင့် စကားပြောနေသည်ကို ဂေါ်ဒူသာရ တံတား ကင်းစခန်းတွင် နေထိုင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့က ညကင်းလှည့်နေစဉ် တွေ့ရှိခဲ့သည်။ 

ရဲမှူးနှင့် အဖွဲ့က ခြံဝင်းထဲသို့ ၀င်ရောက် စစ်ဆေးရာ MPT ဆင်းမ်ကဒ်သုံး ဖုန်းကိုသာ တွေ့ရှိသော်လည်း ဘင်္ဂလား ဖုန်းဖြင့် စကားပြော နေသည်ဟု လုပ်ကြံ ဖမ်းဆီးပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

မာမတ်နုရ်က မိမိတွင် အပြစ်မရှိသဖြင့် ရဲမှူး တောင်းသည့်ငွေကို ပေးရန် ငြင်းဆန်ရန် အခွင့်အရေး ရှိသော်လည်း ဖမ်းဆီးပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကာ လူမျိုး ဘာသာ ခွဲခြား၍ ညှဉ်းပန်း နှိပ်စက်၍ အမှုအမျိုးမျိုး လုပ်ကြံ ဖန်တီးပြီး ဒုက္ခရောက်အောင် ပြုလုပ်မည်ဟု ရဲမှူးက ခြိမ်းခြောက်သောကြောင့် တောင်းသည့်ငွေကို ပေး၍ လွတ်မြောက်လာခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ညစဉ်ညတိုင်း ရိုဟင်ဂျာရွာများ ထဲသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေသိန်းချီ ညှစ်လေ့ ရှိသည်။

Comment ရေးရန်

Rohingya Exodus