ကျောက်ပြင်ဆိပ် မူလတန်းကျောင်းမှ ကျောင်းသား/သူများ၏ စာအုပ်၊ ပစ္စည်းများကို အပြင်သို့ ရောင်းချနေ
MYARF
RB News
30.6.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်ချစ်ငြိမ်းစိုးသည် ကျောင်းသားများ အတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေရန် ထုတ်ပေးထားသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံ၊ လွယ်အိတ်များနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများကို ကျောင်းသားများကို မပေးဘဲ အပြင်တွင် ရောင်းစားနေကြောင်း သတင်း ရရှိပါသည်။
“သူငယ်တန်း၊ ပထမတန်းနဲ့ ဒုတိယတန်း ကျောင်းသား တွေအတွက် ပုံနှိပ်စာအုပ် တစ်အုပ်နှစ်အုပ်လောက်သာ ပေးပြီး ကျန်တာတွေကို အကုန်ရောင်းလိုက်တာ၊ တတိယတန်းနဲ့ စတုတ္တတန်းကို ကျတော့ ပုံနှိပ်စာအုပ် တစ်အုပ်တောင်မှ မပေးဘူး။ အခြားပစ္စည်းတွေလည်း မပေးဘူး” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
နိုင်ငံသူနိုင်ငံသားတိုင်း မူလတန်း ပညာမသင်မနေရ စီမံကိန်းသစ်နှင့် အညီ ကလေးတိုင်း ကျောင်းနေပျော်ရေးနှင့် ကျောင်းတက်ရေး လွယ်ကူချောမွေ့စေရေး အတွက် ယခု ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှ စ၍ မူလတန်း အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူတိုင်း အတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် အခမဲ့ ဖြန့်ဝေလျက် ရှိသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ စသည့် ကျောင်းအသုံးအဆောင် ပစ္စည်းများကို နိုင်ငံတော် အစိုးရမှ ထောက်ပံ့နေသော်လည်း ကျောင်းအုပ်ဆရာမကြီးက အပြင်သို့ ရောင်းချလျက် ရှိသောကြောင့် ကျောင်းသား/သူများ နစ်နာလျက် ရှိသည်။

