နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့နယ် အခြေအနေကို အခွင့်ကောင်း၍ စစ်မှုထမ်းဟောင်းအဖွဲ့က ရိုဟင်ဂျာများပိုင် ကန်များကို သိမ်းဆည်းရောင်းချ

MYARF

RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၄ မိုင် အမှတ် (၆) ရပ်ကွက်မှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကန်များကို စစ်မှုထမ်းဟောင်း အဖွဲ့က သိမ်းဆည်း၍ ရောင်းချလိုက်ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် ၄ မိုင်၊ အမှတ် (၆) ရပ်ကွက်ရှိ ဗလီကြီးပိုင် ရေကန်နှင့် ဦးအောင်သာကျော်နှင့် ဦးမာမတ်တို့ ပိုင်ဆိုင်သည့် ငါးမွေးမြူရေးကန် (၃) ကန်ကို ၄ မိုင်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့မှ ဦးကျော်မောင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှကျော်တို့က မောင်တောမြို့တွင် တည်ငြိမ်မှု မရှိသည်ကို အခွင့်ကောင်းယူ၍ စစ်မှုထမ်းဟောင်း သက်သာချောင်ချိရေး အတွက် သိမ်းဆည်းလိုက်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

သိမ်းဆည်းလိုက်သည့် ငါးမွေးမြူရေးကန် (၃) ကန်ကို ဦးလှခင် ထံသို့ ငွေကျပ် သိန်း (၃၀) ဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှကျော်နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ဦးကျော်မောင် တို့က ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် အရောင်းအ၀ယ် စာချုပ်ချုပ် ဆို၍ ရောင်းချလိုက်ကြောင်း သိရှိရသည်။ 

“ပိုင်ရှင်တွေကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှု မိတ္တူတွေနဲ့ အုပ်ချုပ်ရေးမှူး ရုံးကို သွားတယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အတင်းအဓမ္မ ကျူးကျော် သိမ်းပိုက်ပြီး ရောင်းစားတဲ့ အတွက် ခရိုင်အဆင့်ထိ တိုင်မယ် ပြောတော့လည်း အရေးတောင် မလုပ်ဘူး။ စာရွက်စာတမ်းတွေကို သေချာ ကြည့်ရုံသာ ကြည့်တယ်။ မတည်ငြိမ်မှုကို အခွင့်ကောင်း ယူပြီး ပိုက်ဆံရှာနေကြတာ။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 


Comment ရေးရန်

Rohingya Exodus