နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲများက ဒေသခံ (၃) ဦးထံမှ ငွေသိန်းချီညှစ်

MYARF

RB News
5.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် န.စ.က စခန်း ၂၄) မှ တပ်ဖွဲ့ဝင် (၃၀) ဦးခန့် ပါဝင်သော အဖွဲ့သည် ဒေသခံရိုဟင်ဂျာ (၃) ဦးထံမှ ငွေသိန်းချီ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် (၃၀) ဦးခန့်သည် စက်တင်ဘာလ (၁၉) ရက်နေ့ နံနက် (၁) နာရီခန့် အချိန်တွင် မြို့မိချောင်းကျေးရွာမှ မော်လ၀ီ ဦးနူရူလ်အာမီးန် (ဘ) ဦးနူရ်ဟူစိန်း (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ ခြံစည်းရိုးကျော်၊ အိမ်တံခါးများ ရိုက်ချိုး၍ ၀င်ရောက်ပြီး စစ်ဆေးခဲ့သည်။ မော်လ၀ီ ဦးနူရူလ်အာမီးန် ကို မတွေ့သဖြင့် အစ်ကိုဖြစ်သူ ဦးဟာနီဖာ (အသက် ၄၇ နှစ်) နှင့် ဦးဟာနီဖာ၏ သားမက် ဦးတော်ယုပ် (ဘ) ဦးကာလာမျာ တို့နှစ်ဦးကို လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးခံရသည့် အပြစ်မဲ့နှစ်ဦးကို စက်တင်ဘာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် နယ်ခြားစောင့်ရဲများက ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ စက်တင်ဘာလ (၁၆) ရက်နေ့ ည (၁၂) နာရီခန့် အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် နတ်ချောင်း (ပဒကားဒေ၀ါနာလီ) ကျေးရွာမှ ဦးဖော်ရိတ်အာလောမ် (ဘ) ဦးဆော်ယဒူရာမန် (အသက် ၅၂ နှစ်) ၏ နေအိမ်ထဲသို့ ဓါးပြများ ၀င်သကဲ့သို့ အိမ်တံခါးများ အားလုံး ရိုက်ချိုး ၀င်ရောက်ပြီး မြေကိုပါ တူးဆွ လှန်ကြည့်ခဲ့သည်။ 

နယ်ခြားစောင့်ရဲများက ဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘဲ ပြန်သွားခဲ့သော်လည်း အိမ်ရှင်ဖြစ်သူ ဦးဖော်ရိတ်အာလောမ်ထံမှ ငွေကျပ် သိန်း (၃၀) ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲ များက ယခုကဲ့သို့ နေ့စဉ်ရက်ဆက် ယခင်ကထက် ပိုမိုဆိုးရွားစွာ လုပ်နေခြင်းမှာ အာနန် ကော်မရှင်၏ နယ်မြေကွင်းဆင်း ခရီးစဉ်တွင် ဒေသခံရိုဟင်ဂျာများ ပြောရဲဆိုရဲ မရှိတော့အောင် ခြောက်လှန့် နေခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန် သုံးသပ်နေကြသည်။ 




Comment ရေးရန်

Rohingya Exodus