နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ဆေးရုံအုပ်ကြီးက သေမှုသေခင်း အလောင်းများ မခွဲစိတ်ဟုဆိုကာ ငွေညှစ်

Rohingya Eye
RB News
3.10.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးသည် သေမှုသေခင်းအလောင်းများ ခွဲစိတ်ခြင်းမပြုလုပ်ဟု ဆိုကာ မိသားစုဝင်များထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ လှဘော်ဇား ကျေးရွာမှ မာမတ်ဇီးယာရောဒ် (ဘ) ဦးအဘူဆီဒိတ် (အသက် ၁၃ နှစ်) သည် စက်တင်ဘာလ (၂၂) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် စက်ဘီးစီး၍ မြို့ပေါ်မှာ နေအိမ်သို့ ပြန်လာစဉ် လမ်းတစ်ဝက်တွင် မိုးကြိုးထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

မာမတ်ဇီးယာရော်ဒ်၏ ရုပ်အလောင်းကို ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မောင်တောပြည်သူ့ဆေးရုံသို့ သေမှုသေခင်း စစ်ဆေးရန်အတွက် ပို့ဆောင်ခဲ့သည်။ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက အလောင်းကို ခွဲစိတ်မှု မပြုလုပ်ဟုဆိုကာ မိသားစုဝင်များထံမှ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

အလားတူ စက်တင်ဘာလ (၂၂) ရက်နေ့တွင်ပင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ပဲ့ထိန်း ဦးအေနာမူလ္လာ (ဘ) ဦးအာမာန်အုလ္လာ (အသက် ၄၅ နှစ်) ဦးဆောင်သော စက်လှေတစ်စီးသည် နယ်မြေရုံးမှ ခွင့်ပြုချက် ရယူပြီး နေ့လည် (၂) နာရီအချိန်တွင် ပင်လယ်ပြင်သို့ ထွက်ခွာခဲ့သည်။ ၎င်းတို့၏ စက်လှေသည် ကျောက်ပန္ဒူကျေးရွာ၊ လောခေါန်းချောင်းသို့ ရောက်သည့်အခါ ၎င်းတို့စက်လှေကို ဦးတည်၍ ကင်းလှည့်စက်လှေတစ်စီးလာနေသည်ကို မြင်၍ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ နောက်ပြန်လှည့် မောင်းနှင်ခဲ့ရာ ညနေ ၅း၃၀ နာရီအချိန်တွင် ကင်းလှည့်စက်လှေမှပစ်ခတ်မှုကြောင့် ပဲ့ထိန်း ဦးအေနာမူလ္လာမှာ သေနတ်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ စက်လှေပေါ်တွင် လိုက်ပါလာသူများ ရေထဲခုန်ချ၍ လွတ်မြောက်သွားခဲ့သည်။ 

စက်လှေပေါ်တွင် လိုက်ပါသွားသော (၁၅) နှစ်အရွယ် လူငယ်တစ်ဦးသည် စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၄) နာရီအချိန်တွင် ရွာသို့ ပြန်လည် ရောက်ရှိလာပြီး ရွာသားများကို အကျိုးအကြောင်း ပြောပြခဲ့ရာ၊ ရွာသားများက ဦးအေနာမူလ္လာ၏ အလောင်းကို လိုက်လံရှာဖွေခဲ့ပြီး၊ နံနက် (၆) နာရီအချိန်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် နယ်မြေ (၇) မှ နယ်ခြားစောင့်ရဲများက ဦးအေနာမူလ္လာ၏ အလောင်းကို အလယ်သံကျော် ဆေးရုံသို့ သေမှုသေခင်း စစ်ဆေးရန် ပို့ဆောင်ခဲ့သည်။ 

အလယ်သံကျော် ဆေးရုံသို့ မောင်တော ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း ရောက်ရှိလာပြီး၊ မိသားစုဝင်များကို အလောင်းကို မခွဲစိတ်လိုပါက ငွေကျပ် (၁၀) သိန်း ပေးရမည်ဟု ပြောဆိုရာ မိသားစုဝင်များက ငွေကျပ် (၁၀) သိန်း ပေး၍ အလောင်းကို ရွာသို့ သယ်ဆောင်သွားပြီး ယင်းနေ့ ညနေ (၄) နာရီအချိန်တွင် သဂြိုဟ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မောင်တော ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းသည် ဆေးရုံတက်၍ ဆေးကုသရသည့် ရိုဟင်ဂျာ လူနာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်နေသူ တစ်ဦးဖြစ်ပြီး၊ ၎င်းနှင့် ပတ်သက်၍ မီဒီယာတွင် ဖော်ပြခဲ့သော်လည်း အာဏာပိုင်များက အရေးမယူခြင်းမှာ အထက်အာဏာပိုင်များကို ခွဲတမ်းပေးနေသောကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်း၏ လုပ်ရပ်များကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေး၍ အမြန်ဆုံး အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။


Comment ရေးရန်

Rohingya Exodus