နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံကျေးရွာတွင် ပစ်ခတ်မှုကြောင့် ၁၂ နှစ်မှ ၁၅ နှစ် အရွယ် ကလေးတစ်ချို့ သေဆုံး

RB News
14.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စုတွင် ယနေ့ နံနက် အစောပိုင်းက စစ်တပ်မှ ၀င်ရောက် ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် ကလေး အချို့ သေဆုံးခဲ့ကြောင်း၊ စစ်သားများက ကလေးအချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်အစောပိုင်းတွင် လောင်းဒုံကျေးရွာအုပ်စုသို့ စစ်သားများ ၀င်ရောက်လာပြီး ဖော်ကီတောင်၊ ကြိုက်ချောင်းနှင့် ကျွန်းခေါင်း ကျေးရွာများ အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင်း ရွာသားများ အားလုံး ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

"ဖော်ကီတောင်ရွာကနေ စပြီး စစ်သားတွေက အဆက်မပြတ် ပစ်လာတာ ကြိုက်ချောင်းမှာရှိတဲ့ ၀တ်ပြုဆောင်မှာ ၀တ်ပြုနေတဲ့ အသက် ၁၂ နှစ်ကနေ ၁၅ နှစ် အရွယ် ကလေးတွေကိုပါ ပစ်လို့ ကလေးတွေက ချောင်းကို ဖြတ်ပြီး မျာဇင်ရွာဘက်ကို ထွက်ပြေးသွားရတယ်။ ကလေး အချို့ သေနတ်မှန်ပြီး သေသွားကြတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာ အတိအကျ ပြောဖို့ အတွင်းထဲထိ ၀င်လို့မရဘူး။ ကလေးအချို့ကို စစ်သားတွေ ဖမ်းသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“ဖမ်းခံရတာက အနည်းဆုံး ၁၀ ယောက်မက ရှိမယ်” ဟု ၎င်းက ဖြည့်စွက် ပြောပါသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင် ရေတွင်းကျွန်းနှင့် ဒူးတန်း ကျေးရွာများ အတွင်းသို့ စစ်သားများ စီးနင်း ၀င်ရောက်ပြီး အမျိုးသမီးများကို နေအိမ်များမှ ဆွဲထုတ်ကာ တစ်နေရာတွင် စုထားခဲ့ပြီး၊ ဖမ်းဆီး သတ်ဖြတ်ခံရမည်ကို စိုးရိမ်၍ ရွာအတွင်း ပုန်းအောင်း နေသည့် အမျိုးသားများနှင့် လူငယ်များကို ရှာဖွေ ဖမ်းဆီးခဲ့သည်။

“ထုံးစံအတိုင်း စစ်သားတွေက အိမ်တွေထဲ ၀င်တယ်။ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို လုတယ်။ မလိုချင်တာတွေကို ဖျက်ဆီးပစ်တယ်။ ပြီးတော့ လူကြီး၊ လူငယ် ၃၀ နီးပါးကို ဖမ်းဆီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက် အစောပိုင်းမှစ၍ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လောင်ချာများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ အချို့ ကို နေအိမ်များ အတွင်း ပိတ်လှောင်၍ မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ကျေးရွာ (၄) ခုကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကျေးရွာ (၄) ခုပေါင်း နေအိမ် (၁၅) အိမ်လောက်သာ ကျန်တော့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။



Comment ရေးရန်

Rohingya Exodus