နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘဂုံးနား အနောက်ရွာမှ လူငယ်နှစ်ဦးကို ဖမ်းဆီး

MYARF
RB News
11.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာအုပ်စုမှ အပြစ်မဲ့ လူငယ်နှစ်ဦးကို ယနေ့ နေ့လည်ပိုင်းတွင် စစ်သားများက ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့ နေ့လည် ၃း၄၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု၊ အနောက်ရွာမှ ဦးနော်ဇိရ်အာမတ်၏ နေအိမ်သို့ စစ်သားများ ရောက်ရှိလာပြီး၊ ၎င်း၏ သားနှစ်ဦး ဖြစ်သူ ဦးရော်ဟီမုလ္လာ (အသက် ၂၉ နှစ်) နှင့် မော်လ၀ီ အာမာန်အုလ္လာ (အသက် ၂၇ နှစ်) တို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဘဂုံးနားကျေးရွာအုပ်စုသို့ နိုဝင်ဘာလ (၇) ရက်နေ့မှစ၍ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်လာပြီး အမျိုးသမီးများကို တစ်နေရာတွင် စုထားပြီး၊ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ လုယက်ခြင်း၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်း၊ သက်ကြီးရွယ်အို အချို့ကို ရိုက်နှက်ခြင်းများကို နိုဝင်ဘာလ (၁၀) ရက်နေ့ အထိ ဆက်တိုက်ပြုလုပ်ခဲ့သည်။

အာဏာပိုင်များက သံသယ ရှိသည်ဟု ဆိုကာ အပြစ်မဲ့ ဒေသခံ ပြည်သူများကို အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ဖမ်းဆီးခြင်းများ စတင်ပြုလုပ်လာခဲ့ပြီး၊ အထူးသဖြင့် ပညာတတ်လူငယ်များနှင့် ဘာသာရေး ဆရာများကို ပစ်မှတ်ထား ဖမ်းဆီးနေသည်ကို တွေ့ရသည်။

ယနေ့ ဖမ်းဆီးခံရသူ နှစ်ဦးမှ တစ်ဦးမှာ ပညာတတ်လူငယ်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ ဘာသာရေး ဆရာဖြစ်သည်။ ညီအစ်ကို နှစ်ဦးစလုံးသည် အေးချမ်းစွာ နေထိုင်ကြသူများ ဖြစ်ပြီး၊ စစ်သားများက အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus