နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံ ဆင်သေပြင်မှ ညီအစ်မ ၃ ဦးကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက မုဒိမ်းကျင့်

MYARF

RB News
10.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၃) ဦးကို နိုဝင်ဘာလ (၉) ရက်နေ့ ညပိုင်းတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၉) ရက်နေ့ ည (၉) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် အလယ်ရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဦး ---- ၏ နေအိမ်ကို စစ်ဆေးရန်ဟု ၀င်ရောက်ခဲ့သည်။ ၎င်းတို့ဝင်ရောက်လာချိန်တွင် နေအိမ်တွင် အမျိုးသားများ မရှိသည်ကို အခွင့်ကောင်းယူ၍ ဦး --- ၏ ဇနီးဖြစ်သူကို အိမ်အပြင်သို့ ဆွဲထုတ်ထားပြီး သမီး (၃) ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

“စစ်သားတွေ အိမ်ထဲဝင်လာတော့ အမျိုးသားတွေ ဘယ်မှာလဲ မေးတယ်။ ကြောက်လို့ အိမ်မှာ မနေကြတော့ဘူးလို့ ပြောတာနဲ့ မိန်းကလေးတွေရဲ့ အမေကို အိမ်အပြင်ဆွဲထုတ်ပြီး သမီး (၃) ယောက်ကို မုဒိမ်းကျင့်ကြတယ်။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

စစ်သားများနှင့် နယ်ခြားစောင့်ရဲများ၏ လူမဆန်စွာ မုဒိမ်းကျင့်ခြင်း ခံရသည့် အမျိုးသမီးများမှာ အသက် (၁၇) နှစ် အရွယ်တစ်ဦး၊ အသက် (၂၁) နှစ် အရွယ်တစ်ဦးနှင့် အသက် (၂၃) နှစ် အရွယ်တစ်ဦးတို့ ဖြစ်ပြီး၊ ၎င်းတို့ (၃) ဦးသည် ညီအစ်မအရင်းများ ဖြစ်ကြသည်။ အသက် (၂၃) နှစ်အရွယ် ဖြစ်သူမှာ အိမ်ထောင်သည်ဖြစ်သည်။ 

“စစ်သားတွေက မုဒိမ်းကျင့်တဲ့အပြင် ငွေသား ၂ သိန်းနဲ့ ရွှေငါးမူးသား ရှိတာလည်း လုယူလိုက်တယ်” ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

“ကျွန်မတို့ အိမ်ထဲမှာ ရှိတဲ့ အစားအသောက်၊ အသုံးအဆောင် ပစ္စည်းတွေ အကုန်ဖျက်ဆီးပစ်တယ်။ အဲဒီ အပျက်အစီးတွေက စားစရာလေး နည်းနည်းပါးပါးနဲ့ အိုးခွက်နည်းနည်း ယူပြီး လယ်ကွင်းထဲ သွားနေတာတောင် လယ်ကွင်းထဲ အထိ လာပြီး အကုန်ဖျက်ဆီးပစ်တယ်။ ကျွန်မတို့မှာ ဘာမှ စားစရာမရှိတော့ဘူး။ စားစရာမရှိတာထက် ပိုဆိုးတာက ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာပါ။ ကျွန်မတို့ အမျိုးသမီးတွေကို အနိုင်ကျင့် စော်ကားနေတာ၊ မုဒိမ်းကျင့်နေတာကို အမြန်ဆုံး ဖြေရှင်းပေးကြပါ။” ဟု အဆိုပါ အမျိုးသမီးက ဆက်လက်ပြောသည်။ 

နိုဝင်ဘာလ (၉) ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်အောက်ရွာသို့  စစ်သားများ ၀င်ရောက်၍ တစ်နာရီခန့်ကြာ ရွာအတွင်း လှည့်လည်ပြီးနောက် အမျိုးသမီးများ အားလုံးကို ရွာမှ ထွက်သွားရန် အမိန့်ပေးခဲ့သည်။ စစ်သားများက တစ်နာရီအတွင်း မထွက်သွားပါက ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် အမျိုးသမီးများသည် နီးစပ်ရာ ရွာများရှိ ဆွေမျိုးများ၏ အိမ်များတွင် ခိုလှုံနေရပြီး စားသောက်ရန် အခက်အခဲ ကြုံတွေ့လျက် ရှိကြောင်း သိရှိရသည်။ 

မုဒိမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တော အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေသူ တစ်ဦးကို RB News မှ ဆက်သွယ် မေးမြန်းကြည့်ရာ မုဒိမ်းမှုဖြစ်ပွားခဲ့ခြင်းမှာ မှန်ကန်ကြောင်း၊ မုဒိမ်းကျင့်ခံခဲ့ရသည့် ကာယကံရှင် အမျိုးသမီးများနှင့် ၎င်းတို့ ဆက်သွယ်ခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးများ၏ ထွက်ဆိုချက် အသံဖိုင်များ ၎င်းတို့တွင် ရှိနေကြောင်း အတည်ပြု ပြောကြားသည်။ 


Comment ရေးရန်

Rohingya Exodus