နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော နတ်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူးက ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်

MYARF
RB News
16.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နတ်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးက ဒေသခံရိုဟင်ဂျာများကို နေ့စဉ်နေ့တိုင်း ဖမ်းဆီး၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း နတ်ချောင်းကျေးရွာအုပ်စုနှင့် ပဒကားရွာသစ် ကျေးရွာအုပ်စုကြားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် ပဒကားရွာသစ်သို့ ဆိုင်ကယ်ဖြင့် ရုတ်တရက် ၀င်ရောက်လာပြီး မုဆိုးများက အမဲလိုက်သကဲ့သို့ အနည်းဆုံး ဒေသခံရွာသားတစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး စခန်းတွင် တစ်ညလုံး ခြောက်ပေါက်ထည့်၍ နှိပ်စက်ကာ နောက်နေ့ မနက်တွင် ငွေကျပ် တစ်သိန်းမှ သုံးသိန်းထိ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးလျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇွန်လ (၁၄) ရက်နေ့တွင် အဆိုပါ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၃) ဦးတို့သည် မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် ရွာတွင်းသို့ ရုတ်တရက်ဝင်ရောက်လာပြီး ရွာတွင်းလမ်းပေါ်တွင် တွေ့ရှိသော မာမတ်အာလောမ် (ဘ) ဦးမာဆောင်း (အသက် ၂၆ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စခန်းတွင် တစ်ညလုံး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ နောက်ဆုံးတွင် အကြမ်းဖက်သမား အဖြစ် ပုဒ်မတပ်၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ အလားတူ ရွာသား (၄) ဦးကိုလည်း ဖမ်းဆီးပြီး ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus