နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြန်ဝန်ဟောင်း ဦးရဲထွဋ်၏ ပြောကြားချက်များကို ချေပခြင်း

နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ပြုလုပ်သည့် ရခိုင်အရေးနှင့် လုံခြုံရေးအမြင် ဟောပြောပွဲမှ ဦးရဲထွဋ်၏ ပြောကြားချက်များကို ချေပခြင်း

(News Watch Facebook Page တွင် ဖော်ပြထားသည်များကို ကောက်နှုတ်၍ ချေပသည်)

Yu Naing (နည်းပညာ တက္ကသိုလ်)
RB News
21.11.2017

ဘူးသီးတောင်၊ မောင်တောဒေသရှိ ဗလီဆရာ(တရားဟောဆရာ) ၇၅ရာခိုင်နှုန်းသည် မလေးရှားနှင့် ဆော်ဒီအာရေဗီယားတို့တွင် ဘာသာရေးသင်တန်းတက်ဖူးသည်ဟု ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားသည်။ နိုဝင်ဘာ ၁၇ရက်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel၌ ပြုလုပ်သည့် ရခိုင်အရေးနှင့် လုံခြုံရေးအမြင် ဟောပြောပွဲတွင် ဦးရဲထွဋ်က ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"၂၀၁၂ ခုနှစ်မှာ ကော်မရှင်လုပ်တဲ့အခါမှာ မေးလိုက်တဲ့အခါမှာ ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ တရားဟောဆရာရဲ့ ၇၅ရာခိုင်နှုန်းက မလေးရှားနဲ့ ဆော်ဒီအာရေဗီယားကို ရောက်ဖူးတယ်။ အဲဒီမှာ သွားပြီးတော့ သင်တန်းတက်ခဲ့ဖူးတယ်"ဟု ဦးရဲထွဋ်က ပြောကြားသည်။


ချေပချက်

ဦးရဲထွဋ်၏ ကလေးဆန်ဆန် ပြောချင်ရာပြော check and balance မရှိသော ပြောစကားများကို လူကြီးလူကောင်းဆန်ဆန် ချေပရန် စကားလုံးပင် ရှာမတွေ့မိပါ။ သို့သော် အောက်ပါ အချက်များဖြင့် အတတ်နိုင်ဆုံး ကြိုးစားပြီး ချေပသွားမည်ဖြစ်သည်။

(၁) ၁၉၆၂ ခုနှစ်မှစခဲ့သော ရိုဟင်ဂျာများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများသည် ၁၉၉၀ နှစ်များမှစ၍ ပိုမိုပြင်းထန်လာခဲ့သည်။ ရခိုင်ပြည် မြောက်ပိုင်းကို ဒေသန္တရ အမိန့်ဖြင့် အုပ်ချုပ်ခဲ့သည်။ အမိန့်များစွာထဲမှ တစ်ခုမှာ သက်ဆိုင်ရာ နစက ရုံး(သို့) ထောက်လှမ်းရေး ရုံးသို့ ကျေးရွာအသီးသီးမှ ထူးခြားချက်ကို အစီရင်ခံတင်ပြရခြင်း ဖြစ်သည်။ ယုတ်စွအဆုံး ကျယ်လောင်သော အသံကိုပင် သူတို့ထံအစီရင်ခံရသည်။ ထိုနည်းတူ သက်ဆိုင်ရာ ကျေးရွာလူကြီးမှ ထောက်ခံစာမယူပဲ ခရီးလွန်နေသူများကိုလည်း အချိန်အကန့်အသတ်အတွင်း အစီရင်ခံရသည်။ ဦးရဲထွဋ် စွပ်စွဲသကဲ့သို့ ရိုဟင်ဂျာ ဗလီဆရာများ မလေးရှား၊ဆော်ဒီတို့တွင် ဘာသာရေး သင်တန်းတက်လိုလျှင် ဦးစွာပထမ ထိုဗလီဆရာများသည် Arakan မှ Bangladesh ကိုခရီးလွန်နေရမည်။ ခရီးလွန်နေလျှင် ကျေးရွာလူကြီးမှ အစီရင်ခံမည်။ အစီရင်ခံလျှင် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်မည်။ အာဏာပိုင် များမှ ထွက်ပြေးသူ၏ မိသားစုဝင်များမှ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်မည်။ ထိုအစဉ်အလာမှာလည်း ဥပဒေကဲ့သို့ပင် အာဏာတည်နေခဲ့သည်။ နှစ်ပေါင်း(၃၀) တိုင်တိုင် ရိုဟင်ဂျာများကို Family Photo ဖြင့် နှစ်စဉ်နှစ်တိုင်း ဆွဲ၊တင်၊စစ် အမည်ဖြင့် Verification လုပ်သည်။ Arakan မြေမှ တစ်ခါထွက်သွားသော ရိုဟင်ဂျာတိုင်း အမိမြေကိုပြန်လာခွင့်မရှိချေ။ အဘယ်ကြေင့်ဆိုသော် အိမ်ထောင်စုစာရင်းတွင် နာမည် အပျက်ခံရသောကြောင့်ဖြစ်သည်။ အထက်ဖော်ပြပါ ဒေသန္တရ အမိန့်အရ ဆိုလျှင် ဦးရဲထွဋ် စွပ်စွဲသကဲ့သို့ ဗလီဆရာများ မလေးရှား၊ဆော်ဒီမှ သင်တန်းယူ၍ ပြန်လာခွင့် ရှိပါဦးမည်လော့။ အထက်ဖော်ပြပါ ဒေသန္တရ အမိန့်အကြောင်း ဦးရဲထွဋ် မသိလျှင် ယခုသက်ရှိထင်ရှားရှိနေသော မည်သည့် နစက ဝန်ထမ်းကိုမဆို မေးမြန်း၍ မိမိ၏ Knowledge ကို Update လုပ်ထားလိုက်ပါဟု အကြံပေးချင်သည်။ အကယ်၍ ပြန်လာခဲ့ပါမူ ထောင်ဒဏ် အနည်းဆုံး (၅)နှစ်ခံရသည်ကို ရိုဟင်ဂျာ တိုင်းသိသည်။ ထို့ပြင်တဝ ပုဒ်မ အမျိုးမျိုးတပ်၍ ညှင်းပန်း နှိပ်စက်သည်၊ မဆီမဆိုင် ထောင်ဒဏ် နှစ်ရှည်လများ ချမှတ်သည်။ဤကဲ့သို့သော နှိပ်စက်မျိုးကို မည်သူပြေးတွေ့ချင်မည်နည်? ကမ္ဘာအရပ်ရပ်တွင် ရိုဟင်ဂျာများပြန့်ကြဲသွားရခြင်းမှာ ဤအကြောင်းကြောင့်ဖြစ်သည်။ အစိုးရ အဆက်ဆက် မှတ်တမ်းများ အရလည်း ရိုဟင်ဂျာများသည် လူမဆန်သော နှိပ်စက် မှုမျိုးကို မခံနိုင်၍ ထွက်းပြေးသည်သာရှိသည်၊ မည်သည့်အကြောင်းကြောင့်မှ ပြန်ဝင်လာသည်ဟူ၍ မရှိပေ။ ဤသို့သော မြေပြင်အခြေအနေများ ရှိနေပါလျှက် ဦးရဲထွဋ်၏ မှတ်ချက်စကားများသည် မည်သူ့ကိုမှ ယုံကြည်ခြင်း အလျဉ်းမရှိသော၊ မောက်မာ တတ်သော ရခိုင်တို့အတွက် သရဲတစ္ဆေလို ခြေက်လှန့် စရာအဖြစ် ထင်ကျန်ခဲ့လိမ့်မည်။

(၂) တစ်ရွာမှတစ်ရွာသို့ ခရီးသွားရန်ပင် ခွင့်ပြုချက် လိုအပ်သော ရိုဟင်ဂျာများ ဆော်ဒီ၊မလေးရှား နိုင်ငံများသို့ ရက်ရှည် ဘာသာရေးသင်တန်း တက်ရန် သွားသည်ဟု စွပ်စွဲခြင်းမှာ ယုတ္တိဗေဒနည်းအရ ပြန်ဝန် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးရဲထွဋ်၏ သိက္ခာကို မည်သည့်နေရာတွင် ထားသိုရမည်နည်း? ၂၀၁၂ ခုနှစ် ရခိုင်ကော်မရှင်တွင် ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်လည်း ပါဝင်ခဲ့သည်။ ဒေါက်တာ ကိုယ်တိုင် NRS (Northern Rakhine State) UNHCR နှင့် လက်အောက်ခံ NGOs များတွင် (၁၅) နှစ်ကျော် လုပ်ခဲ့သည် ဟုဆိုသည်။ UNHCR နှင့် NGO ဝန်ထမ်းရိုဟင်ဂျာ များသည်ပင်လျှင် သွားလာရန်အတွက် ခွင့်ပြုချက်ကိုင်ဆောင်ရသည်ကို ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ် ကိုယ်တိုင်သိပြီးဖြစ်မည်။ ဦးရဲထွဋ် ၂၀၁၂ ရခိုင်ကော်မရှင် ညွှန်းခြင်းမှာ မည်သူ၏ မရိုးသားမှုနည်း? ရိုဟင်ဂျာများ ပိတ်လှောင်ခံထားရသည်မှာ နှစ်ပေါင်းမနည်းတော့ချေ။ ၇၅% သော ဗလီဆရာများကို နိုင်ငံခြားပြန် ဖြစ်အောင် ပိတ်လှောင်ခံ ရိုဟင်ဂျာတို့၏ စီးပွါးရေးအခြေအနေက စွမ်းဆောင် ခဲ့နိုင်ပါမည်လော။ သို့လော သို့လော စဉ်းစားဆင်ခြင် စရာအချက်များစွာရှိသည်။ပကတိအခြေအနေမှန်ကို စေ့စေ့ ငှငှ မလေ့လာဘဲ ထင်ရာမြင်ရာ လိုရာဆွဲပြီး ကောက်ချက်ချခြင်းမှာ ISEAS တွင် Visiting Senior Fellow လုပ်နေသော ဦးရဲထွဋ် အတွက် သင့်မြတ်ပါ၏လော။ ဖော်ပြပါ ပုံများသည် နစက ၏ဒေသန္တရ ဥပဒေ၊အမိန့်များစွာထဲမှ တစ်ချို့တစ်ဝက် ဖြစ်သည်။




မောင်တောဒေသတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၂၂၂ကျောင်းသာရှိပြီး ဗလီ ၁၂၇၈လုံ၊ အာရဗီစာသင်ကျောင်း ၁၁၄၃ကျောင်းနှင့် ဘုရားရှိခိုးကျောင်း ၁၇ ကျောင်းရှိကြောင်းလည်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။ ဘူးသီးတောင်၊ မောင်တောဒေသတွင် အထကျောင်း ၂၆ကျောင်း၊ အလကကျောင်း ၂၁၆ကျောင်းနှင့် အမကကျောင်း ၁၆၂ကျောင်း၊ စုစုပေါင်း အစိုးရစာသင်ကျောင်း ၄၀၄ကျောင်းရှိကြောင်းလည်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။ ယင်းအချက်အလက်များသည် ၂၀၁၄၊ ၂၀၁၅ခုနှစ်က ရရှိခဲ့သည့် အချက်အလက်များ ဖြစ်သည်ဟု လည်းဦးရဲထွဋ်က ပြောကြားခဲ့သည်။

ယင်းဗလီဆရာများသည် ဆော်ဒီအာရေဗီယားရှိ ဘာသာရေးအယူသည်းသည့် ဝဟာဗီဂိုဏ်းမှ အယူဆများကို ပြန်သယ်လာကြသည်ဟုလည်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။

"ဒီဗလီဆရာတွေရဲ့ ပညာသင်ထောက်ပံ့မှုကို ဘယ်သူကပေးလဲဆိုတော့ ဆော်ဒီယာရေဗီးယားက နေပြီးတော့ ပေးတယ်။ ဆော်ဒီအာရေဗီယားရဲ့ ဝဟာဗီဆိုတဲ့ ဂိုဏ်းကပိုပြီးတော့ အယူသည်းတယ်။ အဲဒီတော့ ဒီဝဟာဗီဂိုဏ်းမှာ လုပ်တဲ့သင်တန်းသားတွေ၊ သူတို့သည်ပြန်သယ်လာတဲ့အခါမှာ အဲဒီက အယူအဆတွေ ပြန်သယ်လာတယ်"ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။


ချေပချက်

(၁) ဦးရဲထွဋ်သည် ဤတစ်ချီတွင်လည်း ရောသမ လိုက်ပြန်သည်။ အစိုးရကျောင်းများကို အထက၊အလက၊အမက သီးသန့် ခွဲထုတ်ပြပြီး ဗလီနှင့် အာရဗီစာသင်ကျောင်း အားလုံးကို အရေအတွက်တစ်ခုတည်းဖြင့် ကိန်းဂဏန်းနှင့် ကစားလိုက်ပြန်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ စိုးရိမ် မုန်းတီးစိတ်ကို ပိုမိုပြင်းပြလာအောင် နိုးဆွပေးသော အရေးအသားဟု ဆိုနိုင်သည်။ ဦးရဲထွဋ်၏ အဆိုအရ ရိုဟင်ဂျာ ၉ ၅% ရှိသော မောင်တော ဒေသတွင် ရိုဟင်ဂျာများအတွက် ဗလီ ၁၂၇၈ လုံးနှင့် အာရဗီစာသင်ကျောင်း ၁၁၄၃ ကျောင်းရှိနေသည်မှာ ဘာဆန်းသနည်း? ဗလီ ၁၂၇၈ လုံးတွင် သာမာန်ဗလီနှင့် ဂျာမေဗလီပေါင်း ဖြစ်သည်။ ရွာတစ်ရွာတွင် အနည်းဆုံး သာမာန်ဗလီ (၄)ခုနှင့် ဂျာမေဗလီ (၁) ရှိတတ်သည်။ ထိုနည်းတူ အာရဗီစာသင်ကျောင်းတွင်လည်း အခြေခံပညာသင် အာရဗီကျောင်းနှင့် အာရဗီ တက္ကသိုလ်ကျောင်း ဟူ၍ရှိသည်။ ရွာတစ်ရွာတွင် အခြေခံ ပညာသင် အာရဗီကျောင်း အနည်းဆုံး (၄)ကျောင်း မှအတက် ရှိတတ်ပြီး ကျေးရွာ(၄)ခု ပေါင်း၍မှ အာရဗီ တက္ကသိုလ်ကျောင်း တစ်ကျောင်း ရှိတတ်သည်။ အာရဗီကျောင်းနှင့်ဗလီတို့၏ အရေအတွက်သည် ပြစားမှု အတွက်မဟုတ်ဘဲ လူနေအိမ် တည်ရှိမှုပေါ်မူတည်၍ ဖြစ်တည်လာရခြင်း ဖြစ်သည်။ ယနေ့အချိန်ထိ မွတ်စလင်တို့၏ ဗလီ၊ အာရဗီကျောင်း များတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ နှင့် ဆန့်ကျင်သော လုပ်ရပ်၊အပြုအမူ မျိုးကို သက်သေနှင့်တကွ တင်ပြနိုင်ပါမည်လော? ဆန့်ကျင်ဘက်အား ဖြင့် ဘုန်းကြီးကျောင်းများတွင် ဗုဒ္ဓတရားတော်နှင့် ဆန့်ကျင်သော အပြုအမူ၊လုပ်ရပ်များ FB ပေါ်တွင် ပျံ့နှံ့ နေသည်ကို ဦးရဲထွဋ် သိပြီးဖြစ်မည်ဟု ယုံကြည်သည်။

(၂) မောင်တော ဒေသရှိ ရိုဟင်ဂျာ အယောက်(၁၀၀၀) တွင် အဘယ်မျှသော အရေအတွက်သည် ဦးရဲထွဋ် ထိုးကျွေးရန် ကြိုးစားသည့် ဝဟာဗီ ဆိုသော ဝေါဟာရကို သိသနည်း? စစ်တမ်းကောက်ယူကြည့်ပါ။ ထင်ရာလျှောက် မစိုင်းပါလေနှင့်။ ဦးရဲထွဋ် ဖတ်ဖူးမှတ်ဖူးသော ဝဟာဗီ အကြောင်းအသုံးချလိုလျှင် တန်ရာတန်ရာ ချိတ်ဆက် သုံးသပ်ပါ။ အိစ္စလာမ် Critics များကပြောသော ဝဟာဗီ အကြောင်းကို မဆီမဆိုင် ရိုဟင်ဂျာများနှင့် တွဲဆက်ခြင်းသည် ပြဿနာကို ပိုမိုရှုပ်ထွေးစေခြင်းမှအပ တစ်ခြား မည်သည့်အရာမျှ စွမ်းဆောင်ပေး နိုင်မည်မဟုတ်ပေ။

ဘင်္ဂါလီကလေးငယ်များသည် မူလတန်းပြီးလျှင် အာရဗီစာသင်ကျောင်းများသို့ ရောက်သွားကြောင်း၊ အသက် ၅၀၊ ၆၀အရွယ် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြားတွင် ဆက်ဆံရေးရှိကြောင်း၊ ၁၉၉၀ ဝန်းကျင်နှစ်များမှ စတင်ကာ အာရဗီကျောင်းများ ပိုမိုအားကောင်းလာကြောင်း၊ အသက် ၃၀အရွယ် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြားတွင် ဆက်ဆံရေးလုံးဝ မရှိတော့သည့် အနေအထားရှိကြောင်း၊ ဘင်္ဂါလီကလေးငယ်များသည် မူလတန်းပြီးလျှင် အာရဗီစာသင်ကျောင်းများသို့ ရောက်သွားခြင်းကြောင့် အသိုင်းအဝိုင်းနှစ်ခုကြားတွင် အတူယှဉ်တွဲနေထိုင်ရန် အခွင့်အရေး နည်းလာကြောင်းလည်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။

"ဒီမှာ(အာရဗီစာသင်ကျောင်း)က နေ့လည်စာ ကျွေးတာရှိတယ်၊ ထောက်ပံ့တာရှိတယ်ဆိုတော့ ကလေးတွေက ဒီမှာရောက်သွားတဲ့အခါမှာ အသိုင်းအဝိုင်းနှစ်ခုကြားမှာ အတူနေထိုင်ဖို့ အခွင့်အရေး တဖြည်းဖြည်းနည်းလာတယ်"ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။


ချေပချက်

(၁) မွတ်စလင်နှင့် အစ္စလာမ်ကိုပင် ခွဲခြားမသိတတ်သော လူများစုနေထိုင်ရာ နိုင်ငံ၏ ပြန်ဝန်ဟောင်း အနေဖြင့် ရိုဟင်ဂျာ မွတ်စလင်တို့၏ ဘဝနေထိုင်မှုပုံစံကို နားမလည် ခြင်းသည် သဘာဝကျလှသည်။ ရိုဟင်ဂျာများသည် ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိမိတို့၏သားသမီးများကို အခြေခံ အာရဗီပညာကို ကျမ်းမြတ်ကုရ်အာ(င်)န်ကို ရွတ်ဖတ်နိုင်သည် အထိသင်ကြား ပေးလေ့ရှိကြသည်။ မူလတန်းကျောင်းနေပညာကိုလည်း အခြေခံ အာရဗီ ပညာနှင့် တွဲလျှက် အချိန်သီးခြားစီခွဲ၍ သင်ယူကြသည်။ ဥပမာ- မနက်ပိုင်း အခြေခံအာရဗီ ကျောင်းကိုတက်လျှင် နေ့ခင်းပိုင်းတွင် အစိုးရမူလတန်းကျောင်းကို တက်ကြသည်။ မနက်ပိုင်း အစိုးရမူလတန်းကျောင်း တက်လျှင် နေ့လည်ပိုင်းတွင် အခြေခံအာရဗီကျောင်းကို တက်ကြသည်။ ဦးရဲထွဋ် ပြောသကဲ့သို့ ရိုဟင်ဂျာ ကလေးတိုင်းသည် မူလတန်းပြီးလျှင် အာရဗီစာသင်ကျောင်း သို့ရောက်သွားသည် မဟုတ်ပဲ မိမိ၏ဝါသနာ မိဘ၏ဝါသနာပေါ် မူတည်၍ တစ်ချို့သည်သာ အာရဗီတက္ကသိုလ်ကျောင်း ကိုရွေးချယ်ကြသည်။ တစ်ချို့မာမူ အလယ်တန်း၊ အထက်တန်း ဆက်တက်ကြသည်။ တစ်ချို့ကမူ စီးပွါးရေး အခြေအနေအရ လုံးဝကျောင်းထွက် သွားကြသည်။ အာရဗီ တက္ကသိုလ်ကျောင်းတွင်လည်း မြန်မာစာကို သင်ယူကြရသည်။ သို့သော် အစိုးရ၏ မွတ်စလင်များအပေါ် ခွဲခြားဆက်ဆံမှု၊ မွတ်စလင် ဘာသာရေးပညာရပ်များကို ထိန်းချုပ်မှု၊ ဥပေက္ခာပြုမှုစသည်တို့ကြေင့် လိုသလောက် ခရီးမပေါက်ချေ။

(၂) ၁၉၉၀ နောက်ပိုင်းနှစ်များမှစ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပြဿနာ ပိုမိုရှုပ်ထွေးလာခဲ့သည်။ နတလ ကျေးရွာများကို ရိုဟင်ဂျာတို့၏မြေပေါ်တွင် ရိုဟင်ဂျာရွာများနှင့် ကြားညှပ်တည်ထောင်ပေးခဲ့ခြင်း၊ နစက(BIHQs) အထူးတပ်များကို ရခိုင်မြောက်ပိုင်းတွင် ချထားပေးခြင်း စသည်တို့မှ စတင်ခဲ့သည်။ နတလ ရွာနေသူ အများစုသည် ဘင်္ဂလားဒေ့ခ်ျမှ တင်သွင်းလာသော ဘင်္ဂလီမော့ဂ်များ၊ ALP အဖွဲ့မှ ထိုစဉ်က လက်နက်ချ အလင်းဝင်လာသူများ၊ ရန်ကုန် အင်းစိန် ကျူးကျော် ရပ်ကွက်မှ ဗမာများ၊ ရခိုင်ပြည်နယ် အရပ်ရပ်မှ စစ်မှုထမ်းဟောင်းများ၊ စားဝတ်နေရေး မဖူလုံသော သာမာန် ရခိုင်များ ဖြစ်ကြသည်။ နတလရွာများသည် သာမာန် ရခိုင်ရွာများနှင့် နိုင်းယှဉ်လျှင် အခွင့်ထူးခံများဖြစ်သည်။ နတလရွာများ၏ စားဝတ်နေရေး ကိစ္စအဝဝကို အစိုးရက ရိုဟင်ဂျာတို့၏ ချွေးနှဲစာများမှ ဖြည်းဆည်းပေးနေခဲ့သည်။ သူတို့သည် အစိုးရ၏ Special Attention ကိုရသောကြောင့် ပတ်ဝန်းကျင်ရိုဟင်ဂျာများ အပေါ် ရန်လိုကြသည်။ မောက်မာ ကြမ်းတမ်းစွာ ဆက်ဆံကြသည်။ နယ်မြေခံ နစက၊ရဲ တို့နှင့်ပူပေါင်း၍ ရိုဟင်ဂျာများ အပေါ်နှိပ်စက်ကြသည်။ မနေ့တစ်နေ့ကမှ ရောက်လာသော နတလ ရွာသားများကို မိမိတို့ပိုင် လယ်မြေများလည်း ဆုံးရှုံးခံရ၊ နေ့စဉ်လိုလို ဗိုလ်ကျစိုးမိုးခြင်းလည်း ခံရသည့် ရိုဟင်ဂျာများအတွက် အတူယှဉ်တွဲ နေထိုင်ရေးသည် သူတို့ပြုမူသမျှကို လည်စင်းခံပေးနေရခြင်းထက်မပိုချေ။ မောင်တောနှင့် ဘူးသီးတောင် မြို့ပေါ်ရပ်ကွက်များတွင် အသက်အရွယ် အကန့်အသက်မရှိပဲ ရခိုင်နှင့် ရိုဟင်ဂျာ အချင်းချင်း အကြားရင်းနှီးခင်မင်မှု၊ ချစ်ကြည်မိတ်ဆွေဖွဲ့ ပေါင်းသင်းမှု စသည်တို့သည် ယနေ့ထိတိုင်ရှိနေသေးသည်။ ဗလီနှင့် ရခိုင်အိမ် ကပ်လျှက်၊ စေတီနှင့် ရိုဟင်ဂျာအိမ် မျက်နှာချင်းဆိုင်လျှက် တည်ရှိနေသည်။ ရိုဟင်ဂျာကလေးတွေ မူလတန်းပြီးလျှင် အာရဗီကျောင်းရောက်သွားသောကြောင့် အတူယှဉ်တွဲ နေထိုင်ရန် အခွင့် အရေးနည်းပါးလာသည်ဟု ဆိုလိုခြင်းမှာ ရိုဟင်ဂျာများကို Religious Extremists တံဆိပ်ကပ်ချင်သော ဦးရဲထွဋ်၏ မရိုးသားမှုပင်ဖြစ်သည်။ ၂၀၀၄ ခုနှစ်က မောင်တောနှင့် ဘူးသီးတောင် မယက မှကောက်ယူသော ရိုဟင်ဂျာများ၏ အတန်းသင်ပညာ တတ်မြောက်မှု အရေအတွက် စစ်တမ်းကို ရှာဖွေဖတ်ရှုပါ။ ၎င်းစာရင်းဇယားအရ ရိုဟင်ဂျာများအားလုံးသည် အာရဗီကျောင်းထွက်လား၊ သို့တည်းမဟုတ် ဘွဲ့ရ အစိုးရကျောင်းထွက်များလည်း ပါဝင်သလား ဆိုသည်ကို ဆန်းစစ်ကြည့်ပါ။ အတူယှဉ် တွဲနေထိုင်ရေး policy ကို Annan Commission ကလည်း အကြံပြုထားသည်များရှိသည်။ဦးရဲထွဋ်၏ မယောင်ရာ ဆီလူး အလွဲတချော် သုံးသပ်ခြင်းသည် ဦးရဲထွဋ်၏ Senior Visiting Fellow အဆင့်နှင့် သဟဇာတဖြစ်မှု မရှိသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။

(၃) မိမိကိုယ်ပင် အနိုင်နိုင် ရပ်တည်နေရသော အာရဗီကျောင်း၊အာရဗီတက္ကသိုလ်ကျောင်း များသည် ကလေးများကို နေ့လယ်စာကျွေးသည်၊ထောက်ပံ့သည်၊ ထို့ကြောင့် အသိုင်းအဝိုင်း(၂) ခုကြားယှဉ်တွဲနေထိုင်ရန် အခွင့်အရေး နည်းလာသည်၊ ဆိုသော စကားများမှာ ယုတ္တိမဲ့လွန်းလှပေသည်။ အာရဗီတက္ကသိုလ် ကျောင်းဆရာများ၏ လစာ အနည်းဆုံး (၃) (၄) လ စာအထိ pending ဖြစ်နေတတ်သည်။ အကြောင်းမှာ လစာအတွက် ဒေသခံများအပေါ် မူတည်နေရ၍ ဖြစ်သည်။ နေ့လယ်စာကျွေးသည် ဆိုသော စကားမှာလည်း တစ်ခါတစ်ရံတွင် ပြည်တွင်း အလျူရှင်များ ယတြာချေလိုလျှင် အာရဗီကျောင်းသို့ သွားလှူဒါန်းခြင်းမျိုးရှိသည်။ ၎င်းကို ဦးရဲထွဋ်က ရေးကြီးကွင်ကျယ် ပုံကြီးချဲ့နေလျှင်၊ အားပေးနေလျှင် အသိုင်းအဝိုင်း နှစ်ခုကြား ယှဉ်တွဲနေထိုင်ရေးက ဝေးမြဲဝေးနေမည်။

ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်မှုနှင့် အကျိုးစီးပွား၊ နိုင်ငံသားဖြစ်ခွင့်ရှိသည် ဆိုသည့်အရှိတရား၊ တိုင်းရင်းသားမဖြစ်နိုင်ဆိုသည့်အရှိတရားနှင့် အကြမ်းဖက်ဝါဒသည် ဒေသတွင်းလုံခြုံရေးပြဿနာ ဖြစ်သည် ဆိုသည့် အရှိတရားလေးခုအပေါ် အခြေခံကာ ဖြေရှင်းသင့်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ချေပချက်

(၁) ရိုဟင်ဂျာ အရေးနှင့် ပတ်သက်လာလျှင် ဦးရဲထွဋ်တို့သည် ရခိုင်များကို လွန်စွာငဲ့ညှာတတ်ကြသည်၊ အကြင်နာများပိုတတ်ကြသည်။ ရခိုင်များ၏ စိုးရိမ်မှုနှင့် အကျိုးစီးပွါးများထဲတွင် ဗမာများကို နှင်ထုတ်ခြင်းလည်းပါဝင်သည်၊ ရခိုင်ပြည်ကို ရခိုင်လူမျိုးများသာလျှင် အုပ်ချုပ်လိုခြင်းလည်း ပါဝင်သည်၊ ရခိုင်ပြည်ထွက် သယံဇာတကို သူတို့ မျှဝေခံစားလိုခြင်းလည်း ပါဝင်သည်၊ ဤသည်တို့သည် အနည်းအကျဉ်းသာဖြစ်သည်။ ရခိုင်တို့၏ အကျိုးစီးပွါး များစွာအနက် အနည်းအကျဉ်းကိုသာ ဆောင်ကြဉ်းပေးခြင်း မပြုပဲ ရိုဟင်ဂျာများကို အဘယ်ကြောင့် ထိုးကျွေးချင်ကြသနည်း။ ရိုဟင်ဂျာနှင့်ပတ်သက်လာလျှင် ရခိုင်များကို အဘယ်ကြောင့် ကိုယ်ချင်းစာတတ်လာကြသနည်း? ဤသို့သော အရေးအသားကြောင့် ဦးရဲထွဋ်နှင့် အပေါင်းအပါတို့၏ မရိုးသားသော စိတ်ရင်းစေတနာကို ဖော်လွင်စေသည်။

(၂) နိုင်ငံသား၊ တိုင်းရင်းသား နှင့် အကြမ်းဖက် ဝါဒ စသော စကားလုံးများသည် ဦးရဲထွဋ်တို့ အချိန်အခါ၊ နေရာဒေသ၊ လူမျိုးဘာသာ ပေါ်မူတည်၍ လိုသလိုသုံးတတ်သော စကားလုံးများထက် အဓိပ္ပါယ်ပို မဆောင်ပေ။ ကိုးကွယ်မှုပေါ်မူတည်၍ နိုင်ငံသား၊တိုင်းရင်းသား ချက်ချင်းဖြစ်နိုင်သည်။ ဥပမာ- ဘင်္ဂလားဒေ့ခ်ျမှ တင်သွင်းသော ဘင်္ဂလီမော့ဂ်များ၊ တရုတ် ပေါက်ဖော်ကြီးများ(ဥပမာ-ဦးသိန်းစိန် လက်ထက်တွင် မုန်ဝမ်းဗမာ တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုပေးလိုက်သော မုန်ဝမ်း တရုတ်၊ စစ်အစိုးရလက်ထက်တွင် တရုတ်(ကိုးကန့်) တို့၏ကန့်ကွက်မှုကြောင့် တိုင်းရင်းသား အဖြစ်ပြန် သတ်မှတ်ပေးသော ကိုးကန့်တရုတ်) စသည်၊စသည်။ ရိုဟင်ဂျာတို့၏ နိုင်ငံသား၊တိုင်းရင်းသား အရှိတရားနှင့် ပတ်သက်၍ သမိုင်းချင်းယှဉ် ဖြေရှင်းရန် ရိုဟင်ဂျာနှင့် ရိုဟင်ဂျာမဟုတ်သော ပြည်တွင်းပြည်ပ သမိုင်းဆရာများက စိန်ခေါ်နေသည်မှာ ကြာလှပြီဖြစ်သည်။ သို့သော် မသိချင်ယောင်ဆောင် ပတ်ပြေးနေသည်မှာလည်း အကြိမ်ပေါင်း မနည်းတော့ပြီ။

(၃) တကမ္ဘာလုံးအတိုင်းအတာ နှင့်ခြုံကြည့်လျှင် အကြမ်းဖက်မှု၊ အကြမ်းဖက်ဝါဒ စသည့်စကားလုံးများကို mis-use (သိသိကြီးနှင့် မှားယွင်းသုံးခြင်း) လုပ်နေခြင်း ဖြစ်သည်။ Actually, the Burmese government wants to level Rohingya as Islamists/Religious Extremists and, push them to the side of global extremist main stream, to secure a place in the name of terrorism combat. အိစ္စလာမ်ကြောက် ရောဂါသည် တကမ္ဘာလုံးတွင် ခေတ်စားလာသလို မြန်မာနိုင်ငံတွင်လည်း မွတ်စလင်ကို မုန်းတီးနေခြင်းမှာ မဆန်းကြယ်လှပါ။ သို့သော် ခြားနားချက်ကရှိသည်။ အနောက်နိုင်ငံသားများသည် အပြစ်အပျက် တစ်ခု၏ နောက်ကွယ်က အကြောင်းရင်းကို စူးစမ်းရှာဖွေ လိုစိတ်ရှိကြသည်။ အမှန်တရားကို တွေ့အောင်လေ့လာကြသည်။ ထို့ကြောင့် Islam ကို မုန်း၍စွန့်ခွါ သွားမည့် အစားလက်ခံယုံကြည်လာကြသည်။ ယနေ့ကမ္ဘာတွင် Fastest Growing Religion အဖြစ်သတ်မှတ်ခြင်းခံရသည်။ မြန်မာပြည်မှာမူကား စူးစမ်းလေ့လာလိုစိတ် မရှိပဲ သူများအပြောနောက် တကောက်ကောက် လိုက်ပါတတ်ကြသည်။ Rumors ကိုအယုံလွတတ်သည်။ ထိုအကြောင်းများကြောင့် ဗုဒ္ဓသာသနာ သည် ကမ္ဘာပေါ်တွင် မကောင်းဂုဏ်ပုဒ်နှင့် ကျော်ကြားခဲ့လေပြီ။ Declining Religion အဖြစ်မှတ်တမ်း ဝင်နေသည်။

နိဂုံး

ရိုဟင်ဂျာအရေးကို စိတ်ခံစားချက်နှင့် ဖြေရှင်း၍ရမည်မဟုတ်ပေ။ ကဗျဆန်လွန်းသော စိတ်ကူးယဉ် စကားလုံးများသည် ရိုဟင်ဂျာ အရေး အဖြေရှာရန် အတွက် အထောက်အကူ မဖြစ်ပေ။ ပကတိမြေပြင် ဆန်းစစ်လေ့လာမှုမှ ရရှိလာသော တွေ့ရှိချက်များ၊ သမိုင်းအမှန်ကို လက်ခံအကောင်အထည် ဖော်နိုင်မှု စွမ်းရည် သတ္တိများ၊ လူကိုလူလို မြင်နိုင်သော Universal လူမှုကျင့်ဝတ်တရားများ စသည်တို့အပေါ် အခြေခံနိုင်မှသာ ပြဿနာဖြေရှင်းရေး အတွက်နည်းလမ်းပေါ်ထွက်လာမည်ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus