နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများ နယ်ခြားစောင့်ရဲ ၀တ်စုံဝတ်ဆင်၍ ပန်းတောပြင် ကျေးရွာတွင် စခန်းချထားမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်

MYARF
RB News
3.3.2018

မောင်တော ။ ။ စစ်သားများသည် နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင် ကျေးရွာအုပ်စုသို့ ၀င်ရောက် စခန်းချထားသည်။ 

မတ်လ (၂) ရက်နေ့တွင် လက်နက်အပြည့်ပါ အင်အား ၅၀ ခန့်ရှိသည့် စစ်သားများသည် နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာသို့ ၀င်ရောက်လာပြီး ကျေးရွာ ဥက္ကဌဟောင်း ဦးအီလီယာစ်၏ အိမ်အလွတ်တွင် စခန်းချ၍ တစ်ညအိပ်ခဲ့သည်။ 

ယနေ့ မတ်လ (၃) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ပန်းတောပြင်ကျေးရွာအုပ်စု ရွာကြီးသို့ ၀င်ရောက်၍ ရွာဝင်အစပိုင်းရှိ ဦးမာမတ်ရှားဟ်၏ နေအိမ် အလွတ်တွင် စခန်းချ၍ နေထိုင်လျက်ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများ အုပ်စုထဲမှ စစ်သားအချို့သည် ရွာထဲရှိ ဆိုင်များသို့ သွားရောက် ဈေးဝယ်ယူ၍ ယင်းအိမ်တွင် ချက်ပြုတ်စားသောက်ပြီး ယခု ညအချိန်ထိ ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။

ယခုအချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်း မရှိသေးကြောင်း၊ လွန်ခဲ့သည့် အပတ်ကလည်း နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ စစ်သားအဖွဲ့ တစ်ဖွဲ့ ပန်းတောပြင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ရွာသစ်တွင် တစ်ည၊ ရွာကြီးတွင်တစ်ညအိပ်၍ နောက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

၎င်းတို့က ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်းများ မပြုလုပ်သော်လည်း စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ရိုဟင်ဂျာများ၏ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်း လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ ရိုက်နှက် သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ရွာထဲသို့ စစ်သား (သို့) နယ်ခြားစောင့်ရဲများ ၀င်လာလျှင် အထိတ်တလန့် ဖြစ်ရသည်ဟု ဒေသခံများက ဆိုသည်။ 



Comment ရေးရန်

Rohingya Exodus