နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင်မှ ဖမ်းဆီးထားသူ (၄) ဦးနှင့် ဆက်နွယ်ပြီး ကျေးရွာတာဝန်ခံကို နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ယူစစ်ဆေး

MYARF
RB News
29.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာ တာဝန်ခံ ဦးလှရွှေကို (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ယူ စစ်ဆေးခဲ့သည်။

ဇွန်လ (၁၉) ရက်နေ့မှစ၍ ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ခေါ်ယူ၍ အလုပ်လုပ်ခိုင်းခဲ့သည့် ရိုဟင်ဂျာ အလုပ်သမား (၄) ဦးကို ဇွန်လ (၂၄) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဆင်းမ်ကဒ် တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးပြီးနောက် ဇွန်လ (၂၅) ရက်နေ့တွင် မောင်တောတရားရုံးမှ ရမန်ယူကာ (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

အဆိုပါ အလုပ်သမား (၄) ဦးကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ဇွန်လ (၂၈) ရက်နေ့တွင် ကျီးကန်းပြင်ကျေးရွာတာဝန်ခံ ဦးလှရွှေကို (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဦးလှရွှေအား ဖမ်းဆီးခံထားရသည့် အလုပ်သမား (၄) ဦးက ကျီးကန်းပြင်ကျေးရွာတွင် အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများရှိသည်ဟု ထွက်ဆိုထားသည်ဟု ပြောဆို၍ ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

အလုပ်သမား (၄) ဦးကို ဖမ်းဆီးစဉ်က ဘင်္ဂလားဆင်းမ်ကဒ် တွေ့ရှိသည်ဟု ဆို၍ ဖမ်းဆီးခဲ့သော်လည်း ယခုအခါ အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု နယ်ခြားစောင့်ရဲများက ပြောဆိုနေသည်။ 

ကျေးရွာတာဝန်ခံ စစ်ဆေးခံရသဖြင့် ရွာကိုလည်း ၀န်းရံ၍ စစ်ဆေးကာ အပြစ်မဲ့များကို ဖမ်းဆီးနိုင်သည့် အခြေအနေ ရှိနေသဖြင့် အမျိုးသားများ နေအိမ်များတွင် နေထိုင်ရန် ကြောက်ရွံနေကြသည်။

“အစိုးရ လက်နက်ကိုင်တွေ လာပြီး စစ်ရင်တော့ တွေ့သမျှ အမျိုးသားတွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲမယ်။ မတရားဖမ်းမယ်။ တစ်ချို့ကို ငွေညှစ်ပြီး ပြန်လွှတ်ပေးမယ်၊ တစ်ချို့ကို မတရားထောင်ချလိုက်မယ်၊ အဲဒါတွေကြောင့် အမျိုးသားတွေက အိမ်တွေမှာ နေဖို့ ကြောက်နေကြတယ်။ အမျိုးသားတွေ အိမ်မှာမရှိတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ဆိုသူတွေက အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ လိင်အကြမ်းဖက်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဆက်စပ်သတင်း -- https://bit.ly/2MymvZr




Comment ရေးရန်

Rohingya Exodus