နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ ရိုဟင်ဂျာများ၏ ခြံဝင်း ခြံစည်းရိုးများ ပယ်ဖျက်ပေးရန် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်

MYARF
RB News
5.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုး အကာများကို ပယ်ဖျက်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များသို့ အမိန့်စာ ပေးပို့ခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ပေးပို့ခဲ့သည့် အမိန့်စာတွင် (၇) ရက်အတွက် ပယ်ဖျက်ပေးရန် ရေးသားထားပြီး အကယ်၍ (၇) ရက်အတွင်း ပယ်ဖျက်ခြင်းမရှိပါက ကွင်းဆင်းစစ်ဆေးသည့်အခါ တွေ့လျှင် အရေးယူသွားမည်ဟု ရေးသားထားသည်။ အဆိုပါ အမိန့်စာကို ဇူလိုင်လ (၂) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး၊ ရပ်ကွက်ကျေးရွာအချို့တွင် ဇူလိုင်လ (၃) ရက်နေ့တွင် ကြေညာခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုးများကို လုံးဝ ပယ်ဖျက်ရန် အမိန့်ပေးပြီးနောက် နယ်ခြားစောင့်ရဲများ ကွင်းဆင်း၍ ခြံစည်းရိုးများကို ကိုယ်တိုင် ဖျက်ဆီးခဲ့သည်။

ထိုအချိန်မှစ၍ ယနေ့ထိ မောင်တောရှိ ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုးများ လုံလုံခြုံခြုံ မရှိပေ။ လမ်းမကြီး တစ်လျှောက်ရှိ အိမ်ခြံဝင်းများတွင် အမျိုးသမီးများ လုံလုံခြုံခြုံ ဖြစ်စေရန် ခြံဝင်း၏ အစိတ်အပိုင်း အချို့ကို တာပေါ်လင်၊ ပလတ်စတစ်များဖြင့် ကာထားရသည်။ အချို့က သွပ်၊ ၀ါးများဖြင့် ကာထားသည်။ ထိုသို့ကာထားသည်ကိုလည်း ပယ်ဖျက်ရန်၊ လမ်းမကြီးမှ ကြည့်လျှင် အိမ်နောက်ဖေးထိ မြင်ရအောင် ထားရမည်ဟု နယ်ခြားစောင့်ရဲများက အမိန့်ပေးသည်။

“ရိုဟင်ဂျာတွေ ခြံစည်းရိုး ကာထားတာက အမျိုးသမီးတွေနဲ့ အိမ်နဲ့ခြံဝင်း လုံခြုံဖို့ပါ။ အခု ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်ကြောင့် အမျိုးသမီးတွေ မလုံခြုံတော့ဘူး။ အမိန့်ကလည်း ရိုဟင်ဂျာတွေ အတွက်သီးသန့် ဖြစ်နေတယ်။ အခြားလူမျိုး၊ ဘာသာဝင်တွေ အတွက် မဟုတ်ဘူး။ အရင် ကွပ်ကဲရေးမှူးကလည်း ရိုဟင်ဂျာတွေရဲ့ ခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့ပြီး အခြားလူမျိုး ဘာသာဝင်တွေရဲ့ ခြံစည်းရိုးတွေ လုံးဝ ဖျက်ဆီးခြင်း၊ ပယ်ဖျက်ခြင်း မရှိခဲ့ဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက ခြံစည်းရိုးများ ပယ်ဖျက်ပေးရန် အမိန့်မထုတ်ပြန်မီ ဇွန်လ (၂၉) ရက်နေ့နှင့် (၃၀) ရက်နေ့များတွင် တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူးနှင့် အဖွဲ့သည် ဒုညောင်ပင်ကြီး၊ ပန်းတောပြင် ကျေးရွာများသို့ သွားရောက်၍ ခြံစည်းရိုးများ ပယ်ဖျက်ရန်၊ ပုဇွန်ကန်များရှိ တဲများ၏ နံရံများ ဖျက်ပစ်ရန် ပြောဆိုခဲ့သည်။

ယခု ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ထုတ်ပြန်ချက်မှာ တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူး၏ ပယောဂကြောင့်သာ ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။




Comment ရေးရန်

Rohingya Exodus