နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကချင် စစ်ပြေး ဒုက္ခသည် များ၏ အခြေအနေ အစီအရင်ခံစာ ထုတ်ပြန်ပွဲတွင် HRW အဖွဲ့ အာရှဒေသ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ရှင်းလင်း ပြောဆို နေစဉ်။ (ဓါတ်ပုံ - RFA)


RFA မြန်မာပိုင်း
1.3.2014

လူ့ အခွင့်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက လက်ရှိ ဖိနှိပ် ချုပ်ချယ်တဲ့ ဥပဒေတွေ၊ ခေတ်နဲ့ မလျော်ညီတော့ တဲ့ ဥပဒေ တွေကို ပယ်ဖျက် (သို့မဟုတ်) ပြင်ဆင်ဖို့ အတွက် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာ အစိုးရ ထံက ကတိ ရရှိခဲ့ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ က ဒီနေ့ ပြောကြား လိုက်ပါတယ်။

မြန်မာပြည်ကို ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း သွားရောက် ခဲ့တဲ့ HRW အဖွဲ့ရဲ့ အာရှတိုက် ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Mr. Phil Robertson က RFA ရုံးချုပ်ကို ဒီကနေ့ လာရောက် ခဲ့စဉ်မှာ အခုလို ပြော ကြားလိုက်တာပါ။

ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားဖို့ မြန်မာ အစိုးရထံ က ကျနော်တို့  ကတိ စကားရ ခဲ့ပါတယ်။ ဒီအတွက် ကျနော်တို့ ဘက်က အသေးစိတ် ပြင်ဆင် ရမယ်၊ အဲဒါတွေ ကတော့ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စ၊ အခု နောက်ပိုင်း ဖိနှိပ်မှု ပုံစံသစ်နဲ့ ပေါ်ထွက် လာတဲ့ လွတ်လပ်စွာ စုဝေး ဆန္ဒပြခွင့်ကို ထိန်းချုပ် ထားတဲ့ ပုဒ်မ ၁၈ ကို ပြင်ဆင်ရေး ကိစ္စနဲ့ လူ့အခွင့် အရေးကို ဖိနှိပ် ချုပ်ချယ်ရာ ရောက်နေတဲ့ တခြား ဥပေဒ တွေကို ပူးပေါင်း ပြင်ဆင်ရေး ကိစ္စတွေ ဖြစ်တယ်လို့  သူက ပြောသွားတာပါ။

ဒါ့အပြင် မကြာသေးခင် ရက်ပိုင်း အတွင်း သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ပေးပို့လိုက်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေနဲ့ ပတ်သက်လို့ မေးမြန်းရာ မှာတော့ အဲဒီ ဥပဒေကို ပြဌာန်း လိုက်မယ် ဆိုရင် မြန်မာ ပြည်သူတွေ အနေနဲ့  အကြီးအကျယ် လူ့အခွင့် အရေး ချိုးဖေါက် ခံရမှာ ဖြစ်တဲ့ အတွက် ဒါဟာ သိပ်ကောင်းတဲ့ အတွေး အခေါ် မဟုတ်ပါဘူးလို့ Phil Robertson က ပြောပါတယ်။

HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ရဲ့ အာရှတိုက် ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး မစ္စတာ Phil Robertson နဲ့  တွေ့ဆုံ မေးမြန်းခန်း အပြည့်အစုံကို နားဆင်နိုင်ပါတယ်။



ယူကရိန်းသမ္မတဟောင်း Viktor Yanukovych သတင်းစာရှင်းလင်းပွဲ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄)

28.2.2014

ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ယူကရိန်း သမ္မတ Viktor Yanukovych က သူ့ဟာ နိုင်ငံထဲက ထွက်ခွာအောင် တွန်းအားပေး ခံခဲ့ရတယ်လို့ ဆိုပြီး ယူကရိန်းနိုင်ငံ အနာဂတ်အတွက် တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ သောကြာနေ့က ရုရှားနိုင်ငံ Rosto-on-Don မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Yanukovych က အတိုက်အခံတွေဟာ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရား ကြီးစိုးအောင်လုပ်ပြီး ယူကရိန်းနိုင်ငံကို ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ကီးယပ်ဖ်မြို့မှာရှိနေတဲ့ ကြားဖြတ်အစိုးရ ဟာ တရားဝင်မှုမရှိဘူးလို့လည်း သူက ပြောလိုက်ပါတယ်။ အာဏာကို သူ့အဆို လူနည်းစုဖြစ်တဲ့ ဖက်ဆစ်ဝါဒီ လူငယ်တွေက သိမ်းယူခဲ့ကြ တာလို့ ဆိုပါတယ်။ လက်ရှိ အခြေအနေကို ဖြေရှင်းဖို့နည်းလမ်းဟာ ဒီနှစ်အစောပိုင်း ရွေးကောက်ပွဲတွေ အစောတလျင် ကျင်းပနိုင်ဖို့ အတွက် သူနဲ့ အတိုက်အခံတွေကြား အစောပိုင်းကရရှိခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ မစ္စတာ Yanukovych က ပြောပါတယ်။

ယူကရိန်းနိုင်ငံမှာ သိပ်မကြာခင်ကဖြစ်ခဲ့တဲ့ အဓိကရုန်းတွေအတွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရလိမ့်မယ် လို့လည်း သူ ပြောသွားပါတယ်။ ကီးယပ်ဖ်မြို့ လမ်းမတွေနဲ့ ရင်ပြင်တွေမှာရှိတဲ့ အဟန့်အတားတွေကို ချက်ချင်း ဖယ်ရှားပေးပြီး လက်နက်ကိုင် တပ်ဖွဲ့တွေ မြို့တော်ကနေ ထွက်ခွာပေးရလိမ့်မယ်လို့လည်း ဆိုပါတယ်။

တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက် သူ စိတ်မကောင်း ဖြစ်ရကြောင်း ယူကရိန်းပြည်သူတွေကို ပြောခဲ့ပြီးတော့၊ တရားမဲ့လုပ်ရပ်တွေကို ဟန့်တားပြီး တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထားနိုင်တဲ့ စွမ်းအား သူ့မှာ မရှိခဲ့ဘူးလို့ မစ္စတာ Yanukovych က ပြောပါတယ်။ မစ္စတာ Yanukovych ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကီးယပ်ဖ်မြို့တော်ကနေ ထွက်ခွာသွားခဲ့ပြီး သူ ဘယ်ရောက်နေတယ်ဆိုတာကို ဘယ်သူမှ သေချာမသိခဲ့ရပါဘူး။

ကြားဖြတ်အစိုးရကတော့ သူနဲ့ တခြားအရာရှိတွေကို ဆန္ဒပြသူတွေ အများအပြားကို သတ်ဖြတ်မှုနဲ့ စွပ်စွဲထားပြီး ပြီးခဲ့တဲ့သီတင်းပတ်က သူ့အပေါ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ ပါတယ်။



RFA မြန်မာပိုင်း
28.2.2014

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တစ်စုံတရာ တိုးတက်မူရှိလာတာမှန်ပေမဲ့၊ စိန်ခေါ်မူတွေကို ကျော်လွှားနိုင်ဖို့အတွက် ဆောင်ရွက်စရာတွေ အများအပြား ရှိနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုပါတယ်။

ကမ္ဘာတ၀ှမ်း နိုင်ငံပေါင်း ၈၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက၂၀၁၃ ခုနှစ်အတွက် တွေ့ရှိချက်အစီရင်ခံစာကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာပါ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး John Kerry က ပြောဆိုခဲ့တာပါ။

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကမ္ဘာ့နေရာဒေသတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မူတွေနဲ့ ပတ်သက်ပြီး၊ ဆီးရီးယားနိုင်ငံရဲ့ဖြစ်စဉ်တွေ၊ ဆူဒန်နိုင်ငံက ဖြစ်စဉ်တွေနဲ့ နိုင်းယှဉ်ပြီး၊ မြန်မာနိုင်ငံ တိုင်းရင်းသားနယ်မြေတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တဖြည်းဖြည်း တိုးတက်မှုတွေ ရှိလာနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry က နှစ်ပေါင်းများစွာ အထီးကျန်နေတဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်းခြင်း တိုးတက်လာနေပါတယ်။

အာဏာရှင်အုပ်ချုပ်မှုလည်း မရှိတော့သလို၊ အမေရိကန်ပြည်ထောင်စုနဲ့ အပြုသဘောဆောင် လက်တွဲဆောင်ရွက်မူတွေရှိလာပြီး၊ အပြည်ပြည်ဆိုင်ရာနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ အများကြီးကျန်နေသေးသလို၊ စိန်ခေါ်မူတွေလည်း ရှိနေသေးတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။



RFA မြန်မာပိုင်း
28.2.2014

လာမယ့် မတ်လ ၂၉ ရက်နေ့မှာ စတင်မယ့်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ နာဂလူမျိုးတွေရဲ့ ကုတ်နံပါတ်ကို ချင်းလူမျိုးအောက်မှာ ထည့်သွင်းဖော်ပြထားတာကို လက်မခံနိုင်ကြောင်း နာဂလူမျိုးတွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကန့်ကွက်လိုက်ပါတယ်။

ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းနဲ့ပတ်သတ်တဲ့ ဌာနေတိုင်းရင်းသား နာဂလူမျိုးတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဂလူမျိုးတွေဟာ ချင်းတိုင်းရင်းသား မျိုးနွယ်စုဝင်တွေ မဟုတ်တဲ့အတွက် သီးခြားသတ်မှတ်ပေးဖို့ နာဂရိုးရာ ယဉ်ကျေးမူအဖွဲ့ဝင် ဦးစိန်မောင်က အခုလိုတောင်းဆိုလိုက်တာပါ။

"အဓိကက ချင်းကုတ်ထဲမှာ ထည့်ထားတဲ့အတွက်ကြောင့်မို့ နာဂဟာ သီးသန့်လူမျိုးဖြစ်တယ်၊ ဒီသန်းခေါင်စာရင်း ကောက်တဲ့အခါမှာ သီးသန့်ကုတ်နံပါတ်အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတော်အနေနဲ့ တရားဝင် ကြေညာပေးဖို့ တောင်းဆိုတယ်"

သန်းခေါင်စာရင်း ကောက်ယူမယ့်ပုံစံမှာ နာဂလူမျိုးတွေရဲ့ကုတ်နံပါတ်ကို ချင်းလူမျိုး ကုတ်နံပါတ်အောက်မှာ ၄၃၁ နဲ့ ဖော်ပြထားသလို နာဂမျိုးနွယ်စုတွေဖြစ်တဲ့ တန်ကွန်၊ မလင်နဲ့ အနန်တို့ကိုလည်း နာဂလူမျိုးထဲမှ ခွဲထုတ်ပြီး ချင်းလူမျိုး ကုတ်နံပါတ်အောက်မှာ ဖော်ပြထားတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ တွေ့ဆုံရာမှာ တိုင်းရင်းသားတွေက သန်းခေါင်စာရင်းပုံစံမှာ ဖေါ်ပြထားတဲ့ လူမျိုးနဲ့ မျိုးနွယ်စု ကုတ်နံပါတ်တွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဝန်ကြီး ဦးခင်ရီက ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံပြီးမှသာ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ နာဂလူမျိုး တိုင်းရင်းသားတွေကတော့ သန်းခေါင်စာရင်း ကောက်ခံတဲ့ လုပ်ငန်းစဉ်တွေ မစတင်ခင်နဲ့ လုပ်ဆောင်ပြီးနောက်ပိုင်းမှာပါ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်နိုင်ရေးအတွက် လွှတ်တော်က အတည်ပြုပေးဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ နာဂမျိုးနွယ်စုပေါင်း ၇ မျိုး ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးက လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ ခန္တီးမြို့နယ်တွေအပြင် ကချင်ပြည်နယ်က မြစ်ကြီးနားမြို့နဲ့ ရှင်ဘွေယန်မြို့ စတဲ့မြို့တွေမှာ အများဆုံးနေထိုင်ကြပြီး လူဦးရေစုစုပေါင်း သုံးသိန်းခွဲခန့်ရှိတယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီးက လေရှီးမြို့နယ် ၊ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပါတယ်။ အိန္ဒိယနိုင်ငံ နာဂလန်း(ဒ်)ပြည်နယ် ၊ အာသံပြည်နယ်နဲ့ မဏိပူရပြည်နယ် စတဲ့ပြည်နယ်တွေမှာလည်း နာဂလူမျိုးတွေ နေထိုင်ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org

ဗွီအိုအေမြန်မာပိုင်း
28.2.2014

MSF နယ်စည်းမထား ဆရာဝန်များ အဖွဲ့ရဲ့ မြန်မာနိုင်ငံ အတွင်းက လုပ်ငန်းတွေ အားလုံးကို မြန်မာ အစိုးရက တဖက်သတ် ဆုံးဖြတ်ချက်နဲ့ ရုတ်တရက် ရပ်ဆိုင်းလိုက်ဖို့ အကြောင်းကြားတဲ့ အပေါ်မှာ အရမ်း အံ့အား သင့်မိကြောင်းနဲ့ အခုလို သူတို့ လုပ်ငန်းတွေ ပိတ်ပင် ခံလိုက်ရတဲ့ အတွက် လက်ရှိ ကြည့်ရှု စောင့်ရှောက်နေတဲ့ ထောင်နဲ့ချီတဲ့ လူနာတွေရဲ့ ကံကြမ္မာကို စိုးရိမ်မိကြောင်း MSF – Hollands က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ အတွင်းက ရခိုင်၊ ရှမ်း၊ ချင်းပြည်နယ်တွေနဲ့ ရန်ကုန်မြို့တို့မှာရှိတဲ့ သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံ လိုက်ရတဲ့အတွက် HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှု မပေးနိုင်တော့ဘူး လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တီဘီရောဂါ ဝေဒနာသည် တွေလည်း သူတို့အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါးကုသမှုတွေ ခံယူလို့မရတော့ဘူးလို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် MSF က လက်ရှိ ဆေးကုသမှုပေးနေတဲ့ HIV/AIDS ဝေဒနာသည် ၃ သောင်းနဲ့ တီဘီရောဂါဝေဒနာသည် ၃ ထောင်ကျော်ကို အကြီးအကျယ် ထိခိုက်နစ်နာစေမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ရှိနေကြပြီး လူသားချင်းစာနာမှုအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ဒုက္ခသည်တွေကို အခြေခံ ကျန်းမာရေး ကုသမှုတွေ ပေးနိုင်တော့မှာ မဟုတ်ဘူးလို့လည်း MSF ရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

MSF အဖွဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ဘက်မလိုက်ပဲ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ ရခိုင်ပြည်နယ်အတွင်းက MSF ရဲ့ လုပ်ငန်းတွေကိုသာ မြန်မာအစိုးရက ရပ်ဆိုင်းတာ ဖြစ်တဲ့ အကြောင်း ပြောဆိုထားပါတယ်။
၆၇ကြိမ်မြောက် ပြည်ထောင်စု အခမ်းအနား တိုင်းရင်းသားများ တက်ရောက်။ (ဖေဖော်ဝါရီလ ၁၂၊ ၂၀၁၄)

ကိုဥာဏ်ဝင်းအောင်
27.2.2014

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ တိုင်းရင်းသား မျိုးနွယ်စုတွေက သူတို့ရဲ့ တိုင်းရင်းသားအမည်တွေ စာရင်းမှာ ကျန်ခဲ့တာမျိုး လူမျိုးစုကြီး တခုခုအောက်မှာ မှားယွင်းဖေါ်ပြခံရတာမျိုးတွေကို စိုးရိမ်နေကြ ပါတယ်။ ဒါပေမယ့် အရင် စစ်အစိုးရ လက်ထက်က ဖေါ်ပြလာခဲ့တဲ့ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅)မျိုးဆိုတာဟာ ၁၉၇၃/ ၈၃ ခုနှစ်တွေတုန်းက လူဝင်မှု ကြီးကြပ်ရေးက ကောက်ခံ ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး အခုချိန်ထိ သုံးစွဲနေတာပဲဖြစ်ကြောင်း ၊ လူဝင်မှုကြီးကြပ်ရေး အကြီးအကဲက ဖြေရှင်းပြောဆို လိုက်ပြီး ၊ တိုင်းရင်းသား မျိုးနွယ်စု ခွဲခြားသတ်မှတ်မှုနဲ့ ပတ်သက်လို့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူပြီးသွားတဲ့အခါမှ လွှတ်တော်ထဲမှာ ဆွေးနွေး ဆုံးဖြတ်ဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးဦးခင်ရီက တိုင်းရင်းသားအဖွဲ့ပေါင်း ၁၀ဖွဲ့ကို မနေ့က နေပြည်တော်မှာ ဖိတ်ခေါ်ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား အဖွဲ့တွေဘက်က သူတို့ရဲ့ စိုးရိမ်မှုတွေကို တင်ပြခဲ့သလို ဝန်ကြီး ဦးခင်ရီကလည်း ပြန်လည်ဖြေရှင်းမှုတွေ ရှိခဲ့ပါတယ်။ သွားရောက်တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေထဲမှာ ကချင်၊ ကရင်၊ ကယန်း၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ နာဂ ၊ တအာင်း၊ ပလောင်နဲ့ တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ NGO အဖွဲ့တဖွဲ့လည်း ပါဝင်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရေးမှာ တိုင်းရင်းသားတွေဘက်က စိုးရိမ်မှုနဲ့ပတ်သက်ပြီး မနေ့က ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့က တာဝန်ရှိသူ ဒေါ်ခွန်ဂျာက အခုလိုပြောပြပါတယ်။

"ကျမတို့ ဘုံ တင်ပြတာကတော့ နံပတ်တစ် အချက်ကတော့ ဒီ ၁၃၅ ကုဒ် ခွဲထားတာကြောင့် ကျမတို့ တိုင်းရင်းသားတွေအားလုံးဆီမှာ အကုန် ထိခိုက်တယ်ပေါ့။ အထူးသဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေမှာ တိုက်ရိုက် ထိခိုက်နေတာဖြစ်တဲ့ အတွက်ကြောင့် လူဦးရေရဲ့ ၄၀% မှာ ထိခိုက်တဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေကို ၁၃၅ ကုဒ်ခွဲထားတာကို ကန့်ကွက် ပါတယ်ပေါ့။

ဒုတိယတချက်ကတော့ ဒီကုဒ်ကြောင့်မို့လို့ ကျမတို့ တိုင်းရင်းသားတွေအတွင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာတယ်။ အဲ့ဒီ့အပေါ်မှာ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ခြေ ရှိတဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စများ ဖြေရှင်းပြီးတဲ့အခါကျမှ သန်းခေါင် စာရင်းကောက်ယူမှုကို လုပ်ပေးပါ ဆိုပြီး ရွှေ့ဆိုင်းပေး ဖို့ တောင်းဆိုတာဖြစ်တယ်ရှင့်။"

တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးဆိုပြီး မြန်မာ အစိုးရလက်ထက်က သုံးနေတာဟာ ၁၉၈၃ကောက်ခံမှု စာရင်းတွေအပေါ် အခြေခံတာ သာဖြစ်တယ်လို့ လဝက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"ကျနော်တို့ဆီမှာ ၁၉၇၃နဲ့ ၁၉၈၃မှာ ၇၃မှာ ကောက်တုန်း ကလည်း မြန်မာနိုင်ငံ ထဲမှာ ဒီတိုင်းရင်းသား ၁၃၅မျိုးပဲ တွေ့တယ်။ ၈၃မှာကောက် တုန်းကလည်း ဒီလူမျိုးတွေပဲ တွေ့တယ်။ ၁၃၅မျိုးဟာ အမှန်လို့ မဆိုလိုဘူး။ လောလောဆယ် ဒါ ၁၃၅ မျိုးပဲ သိထားလို့ ၁၃၅မျိုးပဲ ဖော်ထုတ်ထားတာ၊ အဲ့ဒီ့အထဲမှာ တချို့လူမျိုးတွေ ဆိုရင် ၄ယောက်ပဲ ရှိတယ်။ ဥပမာအားဖြင့် ကချင်လူမျိုးစုထဲမှာ ပါတဲ့ လူမျိုးတမျိုးဆိုရင် ၄ယောက်ပဲ ရှိတော့တယ်။ အဲ့လို အင်မတန်နည်းသွားတဲ့ လူမျိုးတွေလည်းရှိတယ်။ တချို့ကျတော့လည်း လူမျိုး အမည်ပြောင်းတာပေါ့။ ဥပမာ တိုင်လျံပေါ့။ တိုင်လျံဆိုတာ ရှမ်းအခေါ်ဖြစ်တယ်။ သူတို့လူမျိုးအမည်ကို ရှမ်းနီလို့ ပြောင်းချင်တယ်ပေါ့။ အဲ့လိုပြောတယ်။

တချို့ကျတော့လည်း အုပ်စုတစ်ခုထဲကနေ တစ်ခုကိုပြောင်းချင်တယ်။ ဥပမာအားဖြင့် ဂေကိုတို့ ဂေဘာတို့ပေါ့။ သူတို့လက်ရှိက ကယန်းအုပ်စုမှာ ရှိတယ်။ အဲ့တာကို ကရင်အုပ်စုထဲကို တချို့က ပြောင်းချင်တယ်။ တချို့က ကယန်းအုပ်စုထဲကို ပြောင်းချင်တယ်။ အဲ့လိုလေးတွေရှိတော့။ ဟိုဟာပေါ့။ အခုလက်ရှိ အတည်ပြုထားတဲ့ စာရင်းနဲ့ပဲ အရင်ကောက်လိုက်တာ။"

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကွန်ပျူတာမှာ စာရင်း သွင်းနိုင်ဖို့ အတွက် တိုင်းရင်းသား မျိုးနွယ်စု တစ်ခုချင်းစီကို နံပတ် ၁ခုစီ သတ်မှတ်ထားပြီး သုံးစွဲသွားမှာဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စု အမည်နဲ့ ဘယ်မျိုးနွယ်စု အောက်မှာ ပါသလဲ ဆိုတဲ့ ခွဲခြားပုံကိုတော့ လာမယ့် ကာလတွေ အတွင်း လွှတ်တော်မှာ ဆွေးနွေးသွားဖို့ ပြင်ဆင်ထားကြောင်း လဝက ညွှန်ချုပ် ဦးမြင့်ကြိုင်ကပြောပါတယ်။

"ဒီကုဒ်နံပတ်ပေးတယ်ဆိုတာ ကျနော်တို့ဆီက ကျနော့်ဦးစီးဌာန ဌာနခွဲတခုက ကွန်ပျူတာတွေ ဖတ်နိုင်အောင် ဒီပရိုဂရမ် စက်တွေ ဖတ်နိုင်အောင် ပေးလိုက်တဲ့ အဆင့်ပဲ ရှိတယ်။ နိုင်ငံတော်အဆင့်မဟုတ်ဘူး။ ဒီ ၁၃၅မျိုး မှန်ပါတယ်လို့ မဆိုလိုဘူး။ အခု ကျနော်တို့က ဒီတိုင်းရင်းသားလူမျိုးနဲ့ ပတ်သက်လို့ ရှိရင် နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ နောက်တခုက လူ့အခွင့်အရေး လည်းဖြစ်တဲ့အတွက် ပြောဆိုသမျှကို မှတ်တမ်းတင် ရေးသွင်းမယ် လို့ကျနော်တို့က ဖြေကြားခဲ့ပါတယ်။ အဲ့တာကြောင့် တိုင်းရင်းသား လူမျိုးတွေကလည်း ဒါတွေကို ကျေနပ် လက်ခံသွားပါတယ်။

ပြီးလို့ရှိရင် ကျနော်တို့တွေဟာ သန်းခေါင်စာရင်း လုပ်ငန်း ပြီးတဲ့အခါမှာ ဒုတိယလုပ်ငန်းစဉ်အဖြစ် သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ နောက် ယဉ်ကျေးမှုဦးစီးဌာနက ပညာရှင်တွေ၊ သမိုင်းပညာရှင်တွေနဲ့ လွှတ်တော်မှာ ကျနော်တို့ တိုင်းရင်းသား ရေးရာကော်မတီနဲ့ ကျနော်တို့ အစည်းအဝေးကြီးတစ်ခုကျင်းပပြီး အတည်ပြု ဆုံးဖြတ်ပြီးတော့မှ တိုင်းရင်းသားလူမျိုးစု အမည်စာရင်းတွေ ကို ပြန်ပြီးတော့ အတိအကျ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။ "

အခုလို သန်းခေါင်စာရင်းကောက်ချိန်ရောက်မှ တိုင်းရင်းသားတွေ ဘာကြောင့် အထူးစိုးရိမ်နေရတာလဲဆိုတာနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဒေါ်ခွန်ဂျာက အခုလို ထပ်ပြောပါတယ်။

" အဲ့တော့ ကျမတို့ လောလောဆယ် သန်းခေါင် စာရင်းကောက်ယူ တာဟာလည်း နိုင်ငံတော်စီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်တယ်။ အဲ့တော့ စီမံကိန်းဆိုတာ ဘတ်ဂျက်တွေဖြစ်တယ်။ ခွဲတမ်းတွေဖြစ်တယ်ပေါ့။ အဲ့တော့ လူဦးရေဆိုရင် နည်းတယ်။ များတယ် ဆိုရင် ဒီဘက်ကလည်း ဘတ်ဂျက် နည်းတယ်။ များတယ်ဆိုတဲ့အပေါ် မူတည်သွားမှာဖြစ်တယ်။ ဥပမာ စာသင်ကျောင်းပဲဖြစ်ဖြစ်ပေါ့။ လူဦးရေများရင် စာသင်ကျောင်း များများဆောက်မယ်။ လူဦးရေနည်းရင် စာသင်ကျောင်း နည်းနည်းပဲ ဆောက်မယ်။ ဆိုတဲ့အခါမှာ ကျမတို့ လူဦးရေ( Population) ဟာ Resources ဖြစ်သွားတယ်။

နောက်တခုကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီလူဦးရေတွေဟာ Reflect လာလုပ်မှာပဲ။ အနည်းဆုံး လူဦးရေများတယ် ဆိုရင် ရေးရာဝန်ကြီး တစ်ယောက်ရမယ်။ ဥပမာ ရန်ကုန်တိုင်းမှာဆိုရင် လူဦးရေ စုစုပေါင်းရဲ့ ၀.၀၁ ရာခိုင်နှုန်းရှိတယ်ဆိုရင် ကျမတို့ ကချင်တိုင်းရင်းသားရေးရာ တစ်ယောက် လျောက်ခွင့် ရှိတယ်ပေါ့။ အကယ်လို့ အုပ်စုမှားယွင်းနေတယ်ဆိုရင် လူဘယ်လောက်ပဲ များလာလာ၊ သူများရဲ့ အုပ်စုမှာပဲ ဂဏန်း များလာပြီးတော့ တခြားအဖွဲ့တွေပဲ ရေးရာ ဝန်ကြီး ရသွားမှာဖြစ်တယ်။ အဲ့တာမျိုးတွေပေါ့။"

သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ တပ်မတော် ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးထားပြီး သွားရေးလာရေး ခက်ခဲတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ အဲ့ဒီ့အဖွဲ့အတွင်းက လုပ်အားပေးတွေရဲ့ အကူအညီနဲ့ သန်းခေါင်စာရင်းတွေ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။



Hla
RB News
27.2.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ် တို့မှ ရန်ကုန်မြို့သို့ လူကုန်ကူးသူ ပွဲစားများဖြင့် သွားနေသည့် ရိုဟင်ဂျာ ၁၈ ဦးမှ ၁၁ ဦး အသတ်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ ရိုဟင်ဂျာ ၁၈ ဦးတို့သည် ချင်းလူမျိုး လူကုန်ကူးသူ ပွဲစားနှစ်ဦးတို့နှင့်အတူ တောင်ပေါ်လမ်း အတိုင်း ရန်ကုန်မြို့သို့ ထွက်ခွာ ခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အဆိုပါ ၁၈ ဦးတို့သည် လမ်းပြများ ဖြစ်သည့် ပွဲစားများနှင့် အတူ မင်းပြားမြို့နယ် အလွန် ကုန်ခါးချောင်း အနီးသို့ အရောက်တွင် ရခိုင် အကြမ်းဖက် သမားများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ထွက်ပြေးကြရာ ၇ ဦးမှာ အသက်ပြေးမှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ကျန်သည့် ၁၁ ဦး အသတ်ခံခဲ့ရကြောင်း အသက်ဘေးမှ လွတ်မြောက်လာသူများ၏ ပြောပြချက်များ အရသိရှိရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အသတ်ခံရသူ ၁၁ ဦးမှာ --

(၁) နော်ဇီရ်အာမတ် (ဘ) မော်လ၀ီဦးအဒူဂျလိလ် (အသက် ၁၈ နှစ်)
(၂) ကာလာချေ (ဘ) ဦးအဒူရာမန် (အသက် ၁၇ နှစ်)
(၃) မောင်ဘ (ဘ) ဦးအဒူရာဇတ် (အသက် ၂၅ နှစ်)
(၄) အဒူမာဘုဒ် (ဘ) ဦးဒူဒူအလီ (အသက် ၂၃ နှစ်)
(၅) ဇော်နာဘောဒ္ဒိန် (ဘ) ဦးဖော်ဇော်လ်ကရီးမ် (အသက် ၁၉ နှစ်)
(၆) အေနာမုလ်ဟောက် (ဘ) ဦးမိုဟာမတ်ဟမ်းဇာ (အသက် ၂၂ နှစ်)
(၇) အလီအာက်ဘာရ် (ဘ) ဦးမိုဟာမတ်အာက်ဘာရ် (အသက် ၂၅ နှစ်)
(၈) မိုဟာမတ်နူးရ် (ဘ) ဦးအဘူတာဟဲရ် (အသက် ၃၀ နှစ်)
(၉) အနိုဝါရ် (ဘ) ဦးနူးရ်ဟာဆန်း (အသက် ၂၀ နှစ်)
(၁၀) အုမာရ်ဖာရုခ် (ဘ) ဦးအဒူဂဖာရ် (အသက် ၂၄ နှစ်)
(၁၁) ၀ါဇီရာမန် (ဘ) ဦးအဒူဟာရှင်မ် (အသက် ၂၅ နှစ်) -- ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးများမှာ အမိုးဖွင့် ထောင်ထဲတွင် နေရသကဲ့သို့ ဖြစ်နေလျက်ရှိရာ အလုပ်အကိုင် အခွင့်လမ်း မရှိဘဲ စားဝတ်နေရေး အတွက် နေ့စဉ် ဒုက္ခရောက် နေရသဖြင့် မိမိတို့ ရှိရာ ရောင်းချ၍ ကောင်းမွန်သည့် ဘ၀ ရရှိရန် စွန့်စွန့်စားစား ရေလမ်း ခရီး၊ ကုန်းလမ်း ခရီးများဖြင့် ထွက်ပြေးလျက် ရှိသော်လည်း အများစုမှာ လိုရာခရီး မရောက်ဘဲ လမ်းတွင် အသက်အန္တရာယ်ဖြင့် ရင်ဆိုင်ရပြီး၊ အသက်ပေါင်း များစွာ ဆုံးရှုံးနေရကြောင်း ဒေသခံများက ပြောပါသည်။


MYARF
RB News
27.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒို ကျေးရွာအုပ်စုမှ လမ်းတွင် ရပ်နေသည့် ရိုဟင်ဂျာ လူငယ် ၃ ဦးကို ရဲများနှင့် ရွာလူကြီးတို့က ဖမ်းဆီး၍ မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် ၆ သိန်းညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈း၃၀ နာရီခန့်တွင် မောင်တောမြို့နယ်၊ ကျောက်ပန္ဒို ကျေးရွာအုပ်စု၊ ရွာကြီးရွာမှ စေတီပြင်ရွာသို့ သွားသည့်လမ်း လမ်းဘေး၌ ရပ်နေသူသည့် ရိုဟင်ဂျာ လူငယ် (၃) ဦးကို အင်းဒင် အခြေစိုက် ရဲကင်းမှ ရဲတပ်ဖွဲ့ ၄ ဦး၊ ကျောက်ပန္ဒို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းနှင့် ဦးရဖိခ် တို့က တရားမ၀င် မိုဘိုင်းဖုန်း ကိုင်ဆောင် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခဲ့ကြောင်း သိရှိရပါသည်။ ရဲများက ၎င်းတို့ ၃ ဦးကို ရှာဖွေခဲ့ပြီး ဖုန်းများ မရရှိခဲ့သော်လည်း တရားမ၀င် ဖုန်းကိုင်ဆောင် ထားသည်ဟု ဆိုကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျောက်ပန္ဒို ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တစ်ဦးထံမှ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

မတရားသဖြင့် ဖမ်းဆီးခံရပြီး ငွေကျပ် နှစ်သိန်းစီ ညှစ်ခံရသူများမှာ --

(၁) ရိုင်အုလ္လာ (ဘ) ဦးဂိုနီမျာ (အသက် ၁၈ နှစ်)
(၂) အဘုလ်ကာစင် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၂၅ နှစ်)
(၃) ဦးဟာရှင်မ်အုလ္လာ (ဘ) ဦးမူဆာအလီ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ရဲများလာစဉ် မတရား ဖမ်းဆီးခံရမည်ကို စိုးရွှံ၍ ရှောင်ထွက် သွားသော ဆော်လိမုလ္လာ (ဘ) ဦးဖယာစ်အဟမတ် (အသက် ၁၈ နှစ်) ကို ဖမ်းဆီးပြီး ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် ဒေသဆိုင်ရာ အာဏာပိုင် အများစု ကိုယ်တိုင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မိုဘိုင်းဖုန်း များကို တရားမ၀င် သုံးစွဲလျက်ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာများကို မကြာခဏ ဆိုသလို ဘင်္ဂလား ဖုန်းများ သုံးစွဲနေသည်ဟု စွပ်စွဲ ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




27.2.2014

ဗွီဒီယိုတွေ တင်ထားတဲ့ YouTube အင်တာနက် စာမျက်နှာ ထဲက မူဆလင် ဆန့်ကျင်ရေး ဗွီဒီယို တခုကို ဖြုတ်ပစ်ဖို့ အမေရိကန် အယူခံ တရားရုံး တရုံးက Google ကုမ္ပဏီကို အမိန့်ထုတ် ညွှန်ကြား လိုက်ပါတယ်။

Innocence Muslims ဆိုတဲ့ ဗွီဒီယိုထဲမှာ တမန်တော် မိုဟာမက်ကို မကောင်းမြင် ပုံဖော် ထားတာကြောင့် နိုင်ငံတကာမှာ အမျက် ဒေါသ ထွက်ပြီး ကန့်ကွက် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။

လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလက ၀င်ရောက် တိုက်ခိုက် ခဲ့ချိန်နဲ့ အဲဒီဗွီဒီယို YouTube ပေါ်မှာ တက်တဲ့ အချိန်က တိုက်ဆိုင် ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် အမေရိကန် သံအမတ် အပါအ၀င် အမေရိကန် နိုင်ငံသား လေးဦး သေဆုံးခဲ့ ရပါတယ်။

ဗွီဒီယိုကို ဖြုတ်ပေးဖို့ YouTube ကို တရားစွဲဆို လျှောက်ထားခဲ့တဲ့ သရုပ်ဆောင် အမျိုးသမီး တစ်ဦးကို ဆန်ဖရန်စစ္စကိုမြို့ အမှတ် ၉ အမေရိကန် Circuit Court ကနေ အနိုင် ပေးလိုက်တာ ဖြစ်ပါတယ်။ ဗွီဒီယို ဇာတ်လမ်းဟာ မူဆလင် ဆန့်ကျင်ရေး ဆိုတာကို မသိဘဲ လှည့်ကွက်မိပြီး သရုပ်ဆောင် ခဲ့တာပါလို့ အမျိုးသမီးက ပြောခဲ့ပြီး အဲဒီ ဗွီဒီယိုကြောင့် အသက် အန္တရာယ် ခြိမ်းခြောက်မှု များစွာကို ကြုံခဲ့ ရတယ်လို့ ပြောပါတယ်။

နေပြည်တော်မှ ရခိုင်ပြည်နယ် အစိုးရသို့ ပေးပို့ခဲ့သည့် ဖက်စ်ကြေးနန်း


RB News
27.2.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်ရှိ ဟော်လန်နိုင်ငံ အခြေစိုက် AZG (Artsen zonder Grenzen) သို့မဟုတ် Médecins Sans Frontières (MSF) မှ အခမဲ့ ဆေးကုသပေးနေသော ဆေးခန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ ရခိုင်ပြည်နယ် အစိုးရ၏ ညွန်ကြားချက်အရ ပိတ်ထားရသဖြင့် ပုံမှန်ဆေးဝါး ကုသမှု ခံယူနေသည့် ပြည်သူများ နစ်နာလျက်ရှိသည်ဟု သတင်းရရှိပါသည်။

ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်မှ ရခိုင်ပြည်နယ် အစိုးရသို့ MSF/AZG ၏ အစိုးရနှင့် သဘောတူညီ ရယူထားသည့် MoU (နားလည်မှု စာချွန်လွှာ) ကိုသက်တမ်း မတိုးပေးရန်၊ INGO လိုင်စင်ဖျက်သိမ်းရန် ဖက်စ် ကြေးနန်းဖြင့် အကြောင်းကြားစာ ပို့ခဲ့သည်။ ညနေ ၅ နာရီခွဲတွင် MSF/AZG မှ တာဝန်ရှိသူများကို ရခိုင်ပြည်နယ် အစိုးရက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း RB News မှ စုံစမ်းသိရှိရပါသည်။

ရခိုင်ပြည်နယ် အစိုးရနှင့် MSF/AZG တို့တွေ့ဆုံပြီးနောက် ဆွေးနွေးမှု အသေးစိတ်ကို မသိရှိရသေးသော်လည်း လိုင်စင်ပိတ်သိမ်းခွင့်၊ နားလည်မှုစာချွန်လွှာ သက်တမ်းမတိုးရန် ကိစ္စများကို ပြောကြားခဲ့ခြင်း မရှိဟု စုံစမ်းသိရှိရသည်။ သို့သော်လည်း ယနေ့ နံနက်ပိုင်းမှ စ၍ ရခိုင်ပြည်နယ် အ၀န်းရှိ MSF/AZG ၏ဆေးခန်းများ အားလုံးကို ပိတ်ထားလိုက်သည့် အတွက် ပုံမှန်ဆေးဝါး ကုသမှု ခံယူနေသည့် လူနာများမှာ ယနေ့ နံနက် ၉ နာရီမှ စ၍ ဆေးခန်းများ ရှေ့တွင် တန်းစီ စောင့်ဆိုင်းခဲ့သော်လည်း ဆေးခန်းများ မဖွင့်လှစ်သောကြောင့် ၎င်းတို့၏ ပုံမှန်ဆေးဝါးကုသမှုများ အတွက် ဆုံးရှုံး နစ်နာ နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

MSF/AZG သည် ရခိုင်ပြည်နယ်ရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများ အဓိက အားကိုးအားထား ပြုရသော အခမဲ့ ၀န်ဆောင်မှု ပေးနေသည့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံ အစိုးရ ကိုယ်တိုင် မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာတွင် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုကို ဖော်ထုတ်ရာတွင် တစိတ်တပိုင်း အဖြစ် ပါဝင်ခဲ့မှုကြောင့် အစိုးရမှ မကျေနပ်၍ ဆန္ဒပြပွဲများ နေ့စဉ် အဆက်မပြတ် ဖန်တီးပြီး ယခုကဲ့သို့ အပြီးအပိုင် မောင်းထုတ်ရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။ MSF/AZG ကိုအစိုးရ၏ လုပ်ပိုင်ခွင့်အရ မောင်းထုတ်နိုင်မည် ဖြစ်သော်လည်း လိုအပ်လာမည့် ကျန်းမာရေး ၀န်ဆောင်မှုများကို နိုင်ငံတော် အစိုးရမှ ဖြည့်ဆည်း ပေးနိုင်မည့် အလားအလာ လုံးဝ မရှိကြောင်း ရခိုင်အရေး ကျွမ်းကျင်သူများက ဆိုသည်။ အစိုးရ၏ မှားယွင်းသော ဆုံးဖြတ်ချက်သည် အစိုးရအတွက် ထိခိုက်နစ်နာမှု ရှိမည်မဟုတ်သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ ဆေးကုသ ပေးနေသည့် အတွက် ရခိုင်ပြည်နယ်ရှိ လူမှု အသိုင်းအ၀ိုင်း အားလုံး ထိခိုက် နစ်နာ ဆုံးရှုံးမည်သာ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်မှ စတင်၍ အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှု ပေးနေသည့် MSF/AZG သည် နှစ်စဉ် လူနာ ၅ သိန်းကျော်ကို ကုသပေးလျက် ရှိပြီး၊ HIV/AIDS နှင့် အဆုတ်ရောဂါ ဝေဒနာရှင် များကိုလည်း ကုသပေးလျက်ရှိသည်။ ထို့အပြင် ၂၀၀၅ ခုနှစ်မှ စ၍ ငှက်ဖျား ရောဂါ ဝေဒနာရှင် ၁၂ သိန်းကျော်ကို ဆေးဝါးကုသမှု ပေးခဲ့ကြောင်း သိရှိရပါသည်။

ဦးဝီရသူကို ၂၀၁၃ ခုနှစ် ဇွန်လ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပသော အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)


27.2.2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။

ဆရာတော်ဦးဝီရသူနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူတဦးဖြစ်သော ဦးဝင်းတင်တို့ မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ဦးဝီရသူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကာလ ရှည်ကြာစွာ ဒီမိုကရေစီ အရေးတိုက်ပွဲဝင်ခဲ့သူဖြစ်ခြင်းကို လေးစား အသိအမှတ် ပြုသော်လည်း အခြေခံဥပဒေတွင် ပါရှိ နေသော ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အချက်များကို ဆက်လက်ထားရှိသင့်ကြောင်း ဦးဝီရသူက ဆိုသည်။

“ဦးပဉ္ဇင်း အပါအ၀င် လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ပုဒ်မ ၅၉ ကိုပြင်လိုက်ရင် တရုတ်လို၊ မူစလင်လို တိုင်းရင်းသား မဟုတ်တဲ့သူတွေ သမ္မတဖြစ်လာမှာကို ဦးပဉ္ဇင်း စိုးရိမ်တယ်” ဟု ဦးဝီရသူက ဧရာဝတီသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောဆိုသည်။

တရုတ် သို့မဟုတ် မူစလင်များ သမ္မတ အဖြစ် ရွေးချယ်ခံရပြီးနောက် နိုင်ငံအရေးကိစ္စများတွင် နိုင်ငံခြားလွှမ်းမိုးမှု များရှိလာမည်ကို စိုးရိမ်ကြောင်း ဦးဝီရသူက ပြောဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ နိုင်ငံခြားသားတဦးနှင့် လက်ထပ်ထားသူ သို့မဟုတ် သားသမီးများက နိုင်ငံ ခြားသားဖြစ်နေသူများ သမ္မတဖြစ်ခွင့်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်ခဲ့ပြီး သူ၏ သား ၂ ဦးကလည်း ဗြိတိန် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ပြောဆိုသော ဦးဝီရသူ၏ စိုးရိမ်မှုကို သဘောမတူဟု အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ သမ္မတရာထူးအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူးလို့ သူ့ကို ကျနော်ပြောပြ ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအတွက်နဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတာပါ” ဟု ဦးဝင်းတင်က ဆိုသည်။

ဦးဝီရသူ၏ ပုဒ်မ ၅၉(စ)ကို ပြုပြင်ရေးကို လက်မခံကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ဦးဝီရသူက ဖိတ်ခေါ်သဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံရာတွင် ဦးဝီရသူ၏ သဘောထားများသည် မရေရာမှုများရှိကြောင်း ဦးဝင်းတင် က ဆိုသည်။

“သူကဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်ဘူး ဆိုတာ ကျနော်တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေး ကောက် ပွဲမှာ အနိုင်ရတာကို မလိုချင်ဘူး။ နိုင်ငံခြားသားတယောက်နဲ့ လက်ထပ်ခဲ့သူတယောက်ကို အာဏာ မရစေချင်ဘူး” ဟု ဦးဝင်းတင် က ပြော သည်။

ဦးဝီရသူက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပါကလည်း ဒေါ်အောင်ဆန်းစုကြည် က သမ္မတ တာဝန်မယူဘဲ အခြားသူ တဦးတယောက်ကို သမ္မတရာထူး ထမ်းဆောင်စေ၍ ၎င်းက နောက်ကွယ်မှ ထိန်းချုပ်သည့် အနေအထားမျိုး ဖြစ်စေလိုကြောင်း သူ့ကို ပြောကြားခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။ ဦးဝင်းတင်က ထိုသို့ သဘောမျိုး ဆောင်သည့် “နောက်ကွယ်နိုင်ငံရေး”ကို NLDက လက်ခံမည် မဟုတ်ကြောင်း ဦးဝီရသူကို အခိုင်အမာပြောပြ ခဲ့သည်ဟု လည်း ဆိုသည်။

“မြန်မာ့နိုင်ငံရေးမှာ ဘုန်းတော်ကြီးတွေပါဝင်တဲ့ အစဉ်အလာရှိတဲ့အတွက် နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ဘုန်းတော်ကြီး တွေရဲ့ပါဝင်မှုကို အသိအမှတ်ပြုပါတယ်လို့ သူ့ကို ကျနော်ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်မှုက အဖွဲ့အစည်း တခု အတွက်မဟုတ်ဘဲ တိုင်းပြည်မှာရှိသူအားလုံး အကျိုးရှိဖို့က အရေးကြီးတယ်လို့လဲ ပြောခဲ့ပါတယ်” ဟု ဦးဝင်းတင်ကဆိုသည်။

ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူစလင်များကြား ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည့် မူစလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ပြောဆိုစွပ်စွဲခံရသူလည်း ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုတွင် ဆရာတော် တချို့က ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမျိုးဘာသာကို ကာကွယ်ကြရန် နှင့် မူစလင်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက် ကြရန် ဟောပြောတိုက်တွန်းခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်လှုပ်ရှားမှုသည် အစဉ်အလာတခုလို ဖြစ်နေပြီး ၂၀၀၇ ခုနှစ်က သံဃာတော် များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ၎င်းတို့ဝတ်ဆင်သော သင်္ကန်းအရောင်ကို အစွဲပြု၍ “ရွှေဝါရောင် တော်လှန်ရေး” ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။



ဥာဏ်လှိုင်လင်း
27.2.2014

နေပြည်တော်
။ ။ လိုအပ်ပါက ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက် ပေးပါရန် သမ္မတပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည့် မျိုးစောင့် ဥပဒေ အပါအဝင် ဘာသာရေး၊ လူမှုရေးဆိုင်ရာ ဥပဒေလေးခုကို သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာန များက ပြုစု၍ ပြန်လည် တင်ပြရန် ဖေဖော်ဝါရီလ ၂၇ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

“၀န်ကြီးဌာန များနှင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်း များက ဥပဒေကြမ်း တစ်ရပ်စီ တင်ပြပေးပါရန်”ဟု ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက လက်မှတ်ဖြင့်
နိုင်ငံတော် သမ္မတ ထံသို့ ယနေ့ (ဖေဖော်ဝါရီလ ၂၇ရက်) ပြန်လည် ပေးပို့မည့် သဝဏ်လွှာတွင် ရေးသားထားသည်။

ယင်းတို့ကို ဥပဒေအဖြစ် ပြဋ္ဌာန်းပေးရန် နိုင်ငံတော် သမ္မတထံသို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒ န္တ တိလောကာဘိဝံသက ပြည်သူတို့၏ လက်မှတ် တစ်သန်းကျော်ဖြင့် စာရေးသားပေးပို့ တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီ ၂၅ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ လိုအပ်သလို ဆောင်ရွက်ပေးရန် သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယနေ့ လွှတ်တော်က ပြန်လည်ပေးပို့ရာတွင် သမ္မတ၏ သဝဏ်လွှာပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကို သာသနာရေး ဝန်ကြီးဌာန၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့်
တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး
ဌာနတို့က တာဝန်ယူ ရေးဆွဲသင့်သည်ဟု ဖော်ပြထားသည်။

ရုရှားလိုလားတဲ့သမ္မတ Viktor Yanukovych ကို ဆန့်ကျင်သူတွေ လွတ်လပ်ရေးရင်ပြင်ကို ချီတက်နေစဉ်။

26.2.2014

ယူကရိန်းနိုင်ငံ တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ Simferopol မှာ ရုရှားလိုလားတဲ့အုပ်စုတွေနဲ့ အနောက်အုပ်စု လိုလားတဲ့ ကြားဖြတ်အစိုးရကို ထောက်ခံသူတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေပါတယ်။

Crimean ပြည်နယ်မြို့တော်က ကွင်းပြင်မှာ ဆန့်ကျင်ဘက် ၂ ဖွဲ့အကြား အပြန်အလှန် အော်ဟစ်ပြီး ခဲတွေနဲ့ ပစ်ပေါက်နေကြတာမှာ တချို့ ခေါင်းမှာ ခဲမှန်ပြီး သွေးတွေထွက်နေတာကို တွေ့ရပါတယ်။

Crimean ကျွန်းဆွယ်ဒေသမှာ နေထိုင်သူ အများစုဟာ ရုရှားအစိုးရကို ထောက်ခံသူတွေဖြစ်ပေမဲ့ ရုရှားကိုဆန့်ကျင်တဲ့ လူနည်းစု Tatar တွေလည်း ဒီဒေသမှာ နေထိုင်နေတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ လူဦးရေ ၄၆ သန်းရှိတဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားလိုလားတဲ့ အရှေ့ဘက်ခြမ်းနဲ့ အီးယူလိုလားတဲ့ အနောက်ဘက်ခြမ်းဆိုပြီး တိုင်းပြည် နှစ်ခြမ်းကွဲမယ့်အရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။

ဒီအတောအတွင်း ယူကရိန်းမှာ ရုရှားလိုလားတဲ့သမ္မတ Viktor Yanukovych ပြုတ်ကျသွားပြီးတဲ့နောက် တိုင်းပြည်အတွင်း အရှေ့ပိုင်း၊ အနောက်ပိုင်းဆိုပြီး ၂ ခြမ်း ကွဲပြားမယ့်အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့က ငြင်းဆိုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံမှာ ညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံအပြီး ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောပါတယ်။

ယူကရိန်းနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေဟာ စစ်အေးခေတ်တုန်းက အရှေ့ - အနောက်အုပ်စုတွေ ကွဲပြားနေမှုနဲ့ တူညီတယ်ဆိုတဲ့ ပြောဆိုမှုကို နိုင်ငံခြားရေးဝန်ကြီး Kerry က ပယ်ချလိုက်ပါတယ်။

Dr. Rajiv Shah

ကိုသားညွန့်ဦး
ဗွီအိုအေမြန်မာပိုင်း
26.2.2014

မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီး အားကောင်းခိုင်မာလာစေဖို့ ကူညီဆောင်ရွက်ပေးမှု တစိတ်တပိုင်းအနေနဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ် USAID အကြီးအကဲ Dr. Rajiv Shah ဟာ မနက်ဖြန်ဆိုရင် မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ဖို့ ရှိပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

USAID အကြီးအကဲ Dr. Shah ဟာ ဖေဖ၀ါရီလ ၂၇ ရက်နေ့ကနေ ၂၈ နေ့အထိ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်ကို ရောက်ရှိမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုတွေ ပိုမို နက်နက်ရှိုင်းရှိုင်းနဲ့ အားကောင်းလာစေဖို့အတွက် အရပ်ဖက် လူမှုအသိုင်းအ၀ိုင်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အကူအညီ ပေးသွားမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်အတိုင်း USAID အနေနဲ့ ဆောင်ရွက်နေရာမှာ အခု Dr. Shah ခရီးစဉ်ဟာ ဒီပိုင်းဖြတ်ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်းမှာတော့ Dr. Shah အနေနဲ့ အစိုးရပိုင်းရော အရပ်ဖက်က ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံပြီး၊ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ရန်ကုန် အမေရိကန်သံရုံး အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“Dr. Shah အနေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင်းအပြင် အခြားဖွံ့ဖြိုးရေးဆိုင်ရာ လက်တွဲဘက် အဖွဲ့တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ USAID ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပုံစံသစ်အရ ဆန်းသစ်ပြီး အလုံးစုံ ဖွံ့ဖြိုးမှုဖြစ်လာဖို့ဆိုတဲ့ USAID ရဲ့ ပိုင်းဖြတ်ချက်ကို အဓိက အလေးပေး ဆွေးနွေးသွားမှာပါ။”

Dr. Shah အနေနဲ့ မနက်ဖြန် ရန်ကုန်မှာ အရပ်ဖက် လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ရှိသလို၊ ကျေးလက်ဖွံ့ဖြိုးရေး အရှိန်အဟုန် ကောင်းမွန်လာရေးအတွက် လက်တွဲ ဆောင်ရွက်မှုရဲ့ ထိရောက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့လည်း မနက်ဖြန်ညနေပိုင်း ရန်ကုန် UNOPS ရုံးဝင်းထဲမှာ မိန့်ခွန်းပြောဆိုမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာရှိစဉ်ပဲ သောက်ရေသန့် ကူညီထောက်ပံ့ရေး အစီအစဉ်တခုကိုလည်း ဖွင့်လှစ်ပေးသွားဖို့ ရှိပါတယ်။

“ပိုပြီးကျန်းမာတဲ့ မြန်မာပြည်အတွက် လက်တွဲဖက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မှာ P&G ကုမ္ပဏီနဲ့အတူလုပ်မယ့် တကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ Global Development Alliance ရဲ့ ပထမဆုံးလှုပ်ရှားမှုကို Dr. Shah အနေနဲ့ ရန်ကုန်မှာ ဖွင့်လှစ်ပေးပါလိမ့်မယ်။ အဲဒီအစီအစဉ်ဟာ ၀မ်းရောဂါကြောင့် သေဆုံးရတဲ့ အရေအတွက် သိသိသာသာ ကျဆင်းသွားဖို့ သောက်ရေသန့် လီတာ သန်း ၁၀၀ ခန့် အကူအညီပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။”

အမေရိကန်သံရုံး တာဝန်ရှိသူက ပြောဆိုသွားတာပါ။ ပုဂ္ဂလိကပိုင်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့အခါ စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေးနဲ့ မိုဘိုင်းနည်းပညာပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာအောင် ဘယ်လို ကြိုးပမ်းဆောင်ရွက်နိုင်မလဲဆိုတာ အလေးပေး ဆွေးနွေးလိမ့်မယ်လို့ သိရပါတယ်။

နေပြည်တော်မှာတော့ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အစိုးရနဲ့ USAID အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံကို Dr. Shah အနေနဲ့ လာရောက်တာဟာ ဒါ ဒုတိယမြောက် ဖြစ်ပါတယ်။ မနှစ်ဆန်းပိုင်းတုန်းက ပထမဆုံးအကြိမ် လာခဲ့တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အလှူရှင်အဖွဲ့အစည်းတွေထဲမှာ USAID ရဲ့ ထိစပ်ဆောင်ရွက်မှုတွေကို အားအရဆုံးဖြစ်တယ်လို့ TBC (The Border Consortium) ရဲ့ စီမံကိန်းဒါရိုက်တာ ဒေါ်နီလာမြိုင်က ပြောပါတယ်။

“အလှူရှင်တွေအားလုံးပေါ့နော် နိုင်ငံတကာ အလှူရှင်တွေထဲမှာတော့ သူတို့ရဲ့အလုပ်ကို အားအရဆုံးလို့ ပြောရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ civil society group တွေနဲ့လည်းပဲ သေသေချာချာ ထိထိရောက်ရောက် ဟိုဟာပေါ့လေ အမြဲတမ်း တိုင်ပင်တယ်။ ဆွေးနွေးတယ်။ အမြဲတမ်း ထိစပ်မှုရှိတယ်။ အသံနားထောင်တယ်ပေါ့။ ပြီးသွားတဲ့အခါကျတော့ civil society တွေ လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့က နောက်ကွယ်ကနေ အမြဲတမ်း ထောက်ပံ့ပေးတယ်ပေါ့လေ။ လိုအပ်တဲ့ နည်းပညာပိုင်းအရရော၊ ငွေကြေးအရရော၊ အားလုံးကို အမြဲတမ်း ထောက်ပံ့ပေးတယ်ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ USAID ကိုတော့ အားရပါတယ်။”

မေး။ ။ Dr. Shah အခုလာတယ်ဆိုရင် ဒုတိယမြောက် လာတာပေါ့နော်။ Dr. Shah လာခြင်းအားဖြင့်ရော လက်ရှိ လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဘယ်လောက်အထိ အထောက်အပံ့ဖြစ်စေနိုင်မလဲ။

ဖြေ။ ။ “တစ်အချက်ကတော့ ဘာလဲဆိုရင် အစိုးရနဲ့ပတ်သက်ပြီးတော့ ပေါ်လစီပိုင်း၊ ဘာဖြစ်လို့လဲဆိုတော့ အခု လတ်တလော အခြေအနေမှာ ဒီအသင်းအဖွဲ့တွေ မှတ်ပုံတင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ နောက်ဆုံး သူတို့ အတည်ပြုဖို့ရှိပါတယ်။ ဒီအချိန်မှာ ရောက်လာတယ် ဘာညာဆိုတော့ သူတို့ရဲ့ ဖိအားလေးနဲ့ ဘာနဲ့ဆိုရင် ကိုယ်လိုချင်တဲ့ ပုံစံလေးများ ထွက်လာမလား အဲ အဲ့ဒါလေးလည်း မျှော်လင့်တယ်ပေါ့။”

USAID အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးနေတဲ့ အထဲမှာတော့ ၅ နှစ်အောက် ကလေးငယ်သေဆုံးမှုနှုန်း လျော့ကျလာစေဖို့ ဆိုတာကို ရည်မှန်းချက်ထား ဆောင်ရွက်နေတာရှိပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးတွေအတွက်လည်း ဆောင်ရွက်နေတာ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကပဲ USAID က ဦးဆောင်ပြီးတော့ Cisco၊ Google၊ HP၊ Microsoft တို့ပါတဲ့ အမေရိကန်က အဆင့်မြင့် နည်းပညာ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး၊ အုပ်ချုပ်ရေးစနစ်မှာ ပွင့်လင်းမြင်သာမှု ရှိလာရေးအတွက် digital နည်းပညာ ပိုမို ကျယ်ပြန့်စေဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ လာရောက် လေ့လာစူးစမ်းမှုတွေ လုပ်ခဲ့ပါတယ်။



မောင်သမာဓိ
RB News
26.2.2014

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (Fortify Rights) က ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ရိုဟင်ဂျာများကို မြန်မာ အစိုးရမှ လူသားထု တစ်ရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇ၀တ်မှုများ (Crime against humanity) ကို ကျုးလွန်နေကြောင်း ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ည ၈း၁၅ တွင် BBC သတင်းဌာနမှ ကြေငြာသွားပါသည်။

ရိုဟင်ဂျာများအပေါ် ခရီးသွားလာခွင့်နှင့် လက်ထပ်ထိမ်းမြားခွင့် ပိတ်ပင်ထားမှုများ သာမက တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရ ဆိုသော ပြဌာန်းချက် များတွင် အစိုးရ ပါဝင် ပတ်သက်သော အထောက်အထားများ ရရှိထားပါသည်ဟု (Fortify Rights) အဖွဲ့က ထုတ်ပြန် ကြေငြာသည့် အပေါ် ဦးရဲထွဋ်က တုန့်ပြန်ရာတွင်

(၁) ခိုးဝင်မှုများကို ကာကွယ်ရန်၎င်း၊ နောက်ထပ် ပဋိပက္ခ ထပ်ဖြစ်မည် စိုးသောကြောင့် ၎င်းရိုဟင်ဂျာများ၏ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားရပါသည်။

(၂) ရိုဟင်ဂျာများသည် အစ္စလာမ် ဘာသာ၏ ခွင့်ပြုချက်အရ မိန်းမ ၄ ယောက်ယူရာတွင် အသက် မပြည့်သော ခလေးများကိုပါ လက်ထပ်ယူသောကြောင့် ကလေး အခွင့်အရေး ကာကွယ် သည့် အနေဖြင့် လက်ထပ်ထိမ်းမြားခွင့် ဥပဒေကို စစ်အစိုးရက ပြဌာန်းခဲ့ရပါသည်။

(၃) သားဆက်ခြားလိုသော ရိုဟင်ဂျာ အမျိုးသမီးများ၏ ရွေးချယ်မှုကို ဘာသာရေး ဆရာများက ဟန့်တားသော ကြောင့် စစ်အစိုးရက ရိုဟင်ဂျာ တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရဟု အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

(၄) ၁၉၈၂ နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတို့၏ တရားဝင်ရပ်တည်မှုကို စီစစ်ပေးမည် ဖြစ်သော်လည်း တိုင်းရင်းသား အဖြစ် လုံးဝ လက်မခံနိုင်ပါဟု အတိအလင်းဆိုပါသည်။

BBC သတင်းကြေငြာသူ အစား ဦးရဲထွဋ်ကို ကျနော် မေးချင်သော မေးခွန်းများ။

(ဦးရဲထွဋ်၏ ပြောကြားချက်များနှင့် ယှဉ်တွဲ ဖတ်ရှုပါရန်)

(၁) ရိုဟင်ဂျာ ဒုက္ခသည် များသည် အသက်ရှင် ရပ်တည်ရေး အတွက် ရိက္ခာဝယ်ယူမှုနှင့် ဆေးဝါး ကုသရန် အတွက် ခရီးသွားလာမှုများကို အဓမ္မပိတ်ပင် ခံရပါသည်ဆိုသော သတင်းများ ထွက်ပေါ်နေရာ မှန် ကန်မှုရှိ၊ မရှိ သိချင်ပါသည်။

တဆက်တည်း မေးချင်တာက န.စ.က ၏ ၁၀ စုနှစ်ပေါင်းများစွာ ခရီးသွားလာခွင့် ပိတ်ပင် ခံထားရ သော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အတွင်းသို့ အဆက် မပြတ် ခိုးဝင်နိုင်ပါသေးသည်ဟု ဆိုပါလျှုင် လွတ်လပ်စွာ ခရီးသွားလာခွင့် အပြည့်ရှိသော တစ်ဖက်နိုင်ငံမှ တရုတ်များ ပိုမိုခိုးဝင်နိုင်ပါသည်ဟု မီဒီယာများက ထောက်ပြသည့်အပေါ် မည်သို့ ဖြေရှင်းချင်ပါသလဲ။

(၂) အသက်မပြည့်မီ လက်ထပ်ထိမ်းမြားမှုကို ကလေးအခွင့်အရေးအရ ကာကွယ်ပေးရပါသည် ဆိုသောကြောင့် အခြား ကလေးအခွင့်အရေးများဖြစ်သော အခမဲ့ ပညာသင်ခွင့်၊ စံချိန်မှီ ကျန်းမာရေး စောင့်ရှောက် ခံပိုင်ခွင့်နှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် စွမ်းဆောင်ခွင့်များကို မည်ကဲ့သို့ အကာအကွယ် ပေးထားပါသလဲ။

ကလေး အခွင့်အရေးနဲ့ ပတ်သက်လို့ နောက်ထပ် သိချင်တာ တစ်ခုက အသက်ပြည့်ပြီးသူ ရိုဟင်ဂျာ အမျိုးသမီးနှင့် အမျိုးသားတို့အနေဖြင့် အစိုးရထံ ခွင့်ပြုချက် မတောင်းဘဲ နှစ်ဦး သဘောတူ လက်ထပ်လျှင် လင်မယား နှစ်ယောက်စလုံးကို သာမက မွေးဖွားလာသော ကလေးကိုပါ ထောင်ဒဏ် အပြစ်ပေးခံရသည် ဆိုသော သတင်းများကရော မှန်ကန်မှု ရှိပါသလား။

(၃) စစ်အစိုးရ လက်ထက်ကတည်းက တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရ၊ ခွင့်ပြုချက် မရှိ လက်မထပ်ရ၊ ခရီးမသွားရဆိုတဲ့ ဥပဒေ၊ ပုဒ်မတွေ အောက်မှာ ၁၀ စုနှစ် ၅ စုတိုင်တိုင် ရှိနေတဲ့ ရိုဟင်ဂျာရဲ့ လူဦးရေ ဟာ ပေါက်ကွဲနေ ဆဲဘဲ ဆိုတဲ့ ပြောဆိုမှုတွေကရော ဘယ်အတိုင်းအတာအထိ မှန်ပါသလဲ။

နောက်ဆုံးကောက် ယူခဲ့တဲ့ ၁၉၈၃ ခုနှစ် သန်းကောင်စာရင်း ကောက်ယူစဉ်က ရခိုင်ပြည်မှာ ရိုဟင်ဂျာ/ဘင်္ဂါလီ လူမျိုးများကိုပါ ထည့်သွင်း ကောက်ယူခဲ့ပါသလား။

(၄) အဖြူရောင်ကဒ်ဖြင့် မဲပေးခွင့်ရှိသော်လည်း ထူးဆန်းစွာ နိုင်ငံမဲ့ သကဲ့သို့ ဖြစ်နေသည့် ရိုဟင်ဂျာ များကို ကမ္ဘာက စိတ်ဝင်တစား အနီးကပ် စောင့်ကြည့် နေကြပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေပြဌာန်း ပြီးတဲ့ အချိန်ကစတွက်ရင် ယနေ့အချိန် အခါအထိ ရိုဟင်ဂျာတွေကို စီစစ်ပြီး နိုင်ငံသားကဒ်ကို ထုတ်ပေးဖို့ ရတဲ့ အချိန် ၃၂ နှစ်ဟာ မလုံလောက်နိုင်အောင် ဖြစ်နေတဲ့ အခြားအခက် အခဲများ ရှိနေသေးရင် သိချင်ပါသည်။

ဦးရဲထွဋ် မည်ကဲ့သို့ ပြန်ဖြေမည်ကို ရော်ရမ်း မှန်းဆလျှက်

မောင်သမာဓိ



RB News
26.2.2014

လန်ဒန် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာတွင် လွန်ခဲ့သည့်လက ရိုဟင်ဂျာလူမျိုးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဗြိတိန် လွှတ်တော်အမတ်များက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တောင်းဆိုလိုက်ကြောင်း ဗြိတိန်နိုင်ငံ ပါလီမန် အင်တာနက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာအစိုးရက ဒုချီရားတန်းတွင် ဇန်န၀ါရီလ အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ကျေနပ်လောက်ဖွယ် ရှိသော စုံစမ်းမှုကို ပြုလုပ်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရသည်ဟု ဗြိတိန်လွှတ်တော် အမတ်များက ဆိုသည်။

ဗြိတိန်လွှတ်တော်အမတ် ၁၀ ဦးတို့၏ ဆွေးနွေးပွဲတွင် မြန်မာအစိုးရမှ ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည်ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် တောင်းဆိုနေမှုများကို ပယ်ချလျက်ရှိပြီး၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်သည့် လူမျိုးတုန်း သန့်စင်ရေး ပြုလုပ်နေမှုများ၊ လူသား ဖြစ်တည်မှုများ အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အထောက်အထား အပြည့်အစုံနှင့် ရေးသားထားသည့် အစီရင်ခံစာ များကိုလည်း ပယ်ချခဲ့သည်ကို တွေ့ရှိရကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အရ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် မြန်မာအစိုးရက ငြင်းဆန်နေခြင်း၊ ရိုဟင်ဂျာများ အပေါ် အစိုးရမှ ကျူးလွန်နေသည့် ပြစ်မှုများကို စုံစမ်း စစ်ဆေးခွင့်နှင့် ရိုဟင်ဂျာများ အပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ငြင်းပယ်နေခြင်း များကို ပြင်းထန်စွာ ရှုတ်ချသည်ဟု ပြောကြားသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဗြိတိန်အစိုးရကို လွတ်လပ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်၍ ရိုဟင်ဂျာများ အပေါ် မြန်မာအစိုးရက ကျူးလွန်နေသည့် ပြစ်မှုများကို စစ်ဆေးနိုင်ရန် အမြန်ဆုံး လုပ်ဆောင်ရန် တောင်းဆိုကြောင်း ဗြိတိန် လွှတ်တော် အမတ်များက လက်မှတ်ရေးထိုး၍ အဆိုတင်သွင်း ခဲ့ကြောင်း ဗြိတိန်နိုင်ငံ လွှတ်တော် အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

Hla
RB News
25.2.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အကျဉ်းထောင်တွင် ထောင်ပြောင်း၍ ရောက်ရှိလာသော အကျဉ်းသား တစ်ဦးကို အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့သည်ကို အကြောင်းပြု၍ သော့ကိုင်က လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်တွေမြို့ အကျဉ်းထောင်သို့ ထောင်ပြောင်း ရောက်ရှိလာသော ဦးကျော်သန်း (ဘ) ဦးကျော်ကြီးအောင် (၁၄/တစ - ၈၂ က) ဆိုသူကို အစ္စလာမ် ဘာသာသို့ ကူးပြောင်းခဲ့သည်ကို အကြောင်းပြု၍ သော့ကိုင် ဦးရွှေစောက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း စစ်တွေ အကျဉ်းထောင်မှ လွတ်မြောက်လာသူ တစ်ဦးက ပြောပါသည်။

ဦးကျော်သန်းသည် လွန်ခဲ့သည့် ငါးနှစ်က ၎င်း၏ ကိုယ်ပိုင် စိတ်ဆန္ဒဖြင့် ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်း ခဲ့သူဖြစ်သည်။ အကျဉ်းထောင်ထဲတွင် အကျဉ်းသား၏ ကိုးကွယ်သည့် ဘာသာကို မေးမြန်း၍ စွက်ဖက် ပြောဆိုခွင့် မရှိသော်လည်း ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်ဆန် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ဦးရွှေစောသည် ထောင်မှူး ဦးဝင်းမောင်၏ အားကိုးရသည့် တပည့်တစ်ဦး ဖြစ်သည့် အတွက် ရုံးသော့ကိုင် ရာထူးကို ရရှိထားသူ ဖြစ်သည်။ ၎င်းသည် ထောင်ထဲတွင် WY စာတမ်းပါ မူးယစ်ဆေးဝါးများ၊ ဆေးခြောက်များ ရောင်းချနေသူ တစ်ဦး ဖြစ်သည်ဟု သိရှိရပါသည်။

စစ်တွေ အကျဉ်းထောင် (ဓါတ်ပုံ - New Mandala)

Hla
RB News
25.2.2014

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပိုက်သည် ကျေးရွာ အုပ်စုတွင် ငါးပိုက်ချနေသည့် ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရခိုင် အစွန်းရောက် များက ဓါးဖြတ်ခုတ်ရန် ကြိုးစားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ညပိုင်း ၉ နာရီခန့်တွင် ကျောက်တော်မြို့နယ်၊ ပိုက်သည် ကျေးရွာအုပ်စု၊ အောက်ပိုက်သည် ကျေးရွာမှ မိုဟာမတ် ခါလိဒ် (ဘ) ဦးကာလူ (အသက် ၂၀ နှစ်) သည်မိသားစုများ စားဝတ်နေရေး အတွက် ကုလားတန်မြစ်တွင် ပိုက်ချ၍ ငါးဖမ်းနေစဉ် စက်လှေ တစ်စီးဖြင့် ရခိုင် အစွန်းရောက်များ ရောက်ရှိလာပြီး ကောင်းမွန်စွာ နှုတ်ဆက်၍ အနားကပ်လာပြီး ဓါးဖြင့် ခုတ်ရန် ကြိုးစားစဉ် မိုဟာမတ်ခါလိဒ်မှ ရွာသားများကို အော်ဟစ်၍ အကူအညီ တောင်းခံခဲ့သည်။ အနီးအနားမှ ရွာသားများ အချိန်မှီရောက်ရှိ လာခဲ့ခြင်းကြောင့် အစွန်းရောက်များက ဓါးဖြင့်ခုတ်ရန် အလျင်မမှီဘဲ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ကျောက်တော်မြို့နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များမှာ ၂၀၁၂ ခုနှစ် နှစ်လယ်မှစ၍ ရရာ ကျပန်း အလုပ်လုပ်ကိုင်၍ မိသားစုများ၏ စားဝတ်နေရေးကို ဖြေရှင်း နေရပြီး၊ သွားလာမှုများကိုလည်း ယခင်ကထက် ကန့်သတ် ထားခြင်းကြောင့် မိမိတို့၏ အနီးအနားရှိ လယ်ယာမြေများတွင် ရရာ အလုပ်ကြမ်းများကိုသာ လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ ဒေသတွင်း အခြေအနေ တည်ငြိမ် အေးချမ်းလာသော်လည်း နိုင်ငံတော် အစိုးရမှ လွတ်လပ်စွာ သွားလာ လုပ်ကိုင်ခွင့်များကို မပေးဘဲ အမိုးဖွင့် အကျဉ်းထောင်များထဲတွင် ထားသကဲ့သို့ ဆက်လက် ထားရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

ကျောက်တော်မြို့ ကုလားတန်မြစ် (ဓါတ်ပုံ - Google)

RB News
25.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ အထက်တန်းကျောင်းသို့ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု တစ်စုစီမှ ရပ်မိရပ်ဖ လေးဦးစီကို ရဲမှူးချုပ်တင်ကိုကိုက ဆင့်ခေါ်၍ ခြိမ်းခြောက်မှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အစည်းအဝေးသို့ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးများ။ မကဖ အဖွဲ့မှူး၊ အလယ်သံကျော် အခြေစိုက် တပ်ရင်းမှူးနှင့် ဌာနဆိုင်ရာများမှ အရာရှိများ တက်ရောက် ခဲ့ပြီး၊ ရဲမှူးချုပ်တင်ကိုကိုက တရား ဥပဒေ စိုးမိုးရေး၊ ဒုချီရားတန်းမှ ပြဿနာများ အကြောင်းကို ပြောကြား ခဲ့သည်။

ဒုချီရားတန်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို လှည့်ကင်း တာဝန် ထမ်းဆောင် နေစဉ် ရွာသားများမှ ဓါးဖြင့် ခုတ်သတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်နောင် ရဲများကို အနှောက်အယှက် ပေးပါက ယခု ခံစားရသည်ထက် အဆပေါင်းများစွာ ပိုမို၍ ခံစားရမည် ဖြစ်ကြောင်း၊ ဤဒေသတွင် နေထိုင်သူများသည် တရားမ၀င် ခိုးဝင် လာသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် ဤနိုင်ငံ၏ ဥပဒေကို လေးစား ရမှာဖြစ်ကြောင်း၊ တူညီသည့် အခွင့်အရေးကို ရမည် မဟုတ်ကြောင်း၊ မောင်တော တောင်ပိုင်းတွင် မကြာမှီ ရဲစခန်း ၃ ခုကို သရေကုန်းဘောင်၊ အလယ်သံကျော်နှင့် အင်းဒင်တို့တွင် စခန်းချပြီး ရဲအင်အား ၅၀၀ အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း၊ ယခင် နစကက အိမ်များကို ညဘက် ရှောင်တခင် ၀င်စစ်သကဲ့သို့ ပြန်လည် စစ်ဆေးတော့မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ထို့နောက် မကဖ အဖွဲ့မှူးက မွေးဖွားသည့် ကလေးကို တပတ်အတွင်း မှတ်ပုံမတင်ပါက မိဘများကို ထောင်ဒဏ် နှစ်နှစ် ချမှတ်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားကို တည်းခိုခွင့် ပေးပါက အိမ်ရှင်နှင့် ဧည့်သည် နှစ်ဦးလုံးကို ထောင်ဒဏ် ၅ နှစ် ချမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်သည့်အခါ မှန်ကန်စွာ ဖြေဆိုရန် ပြောကြားခဲ့သည်။ ခရိုင်နှင့် ရဲတပ်ဖွဲ့မှူး များကလည်း မကဖ အဖွဲ့မှူးမှ ပြောကြား ခဲ့သည်များကိုသာ ထပ်ဆင့် ရှင်းလင်းခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့မှူးက ရဲများသည် ပြည်သူများကို သတ်ရန် မဟုတ်ကြောင်း၊ ရဲများကို ယုံကြည်ရန် လိုအပ်ကြောင်း အကယ်၍ ရဲများကို မယုံကြည်ပါက ဒုချီရားတန်းတွင် ဖြစ်ပွားခဲ့သည်ထက် ပိုမိုဆိုးရွားလိမ့်မည် ဖြစ်ကြောင်း ခြိမ်းခြောက်၍ ပြောဆိုခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အစည်းအဝေးကို နေ့လည် ၁ နာရီတွင် စတင်ခဲ့ပြီး၊ နေ့လည် ၃ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။


Sindi Khan
RB News
25.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာတွင် ပေါ့ဆမှုကြောင့် မီးစတင်လောင်သည့် အိမ်မှအိမ်ရှင်အား လုံထိန်းရဲများက ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာတွင် ပေါ့ဆမီးကြောင့် မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ မီးစတင်လောင်ကျွမ်းသည့် အိမ်မှာ ဦးမော်ဂုလ်အာမတ် (ဘ) ဦးမော်စီအုလ္လာ (အသက် ၅၃ နှစ်) ၏ နေအိမ်ဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ၎င်း၏ နေအိမ်တစ်ခုလုံး ပြာကျသွားခဲ့သည်။ အိမ်ရှင်ဖြစ်သူ ဦးမော်ဂုလ်အာမတ်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူ တစ်ဦးဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်သည်။ နေအိမ်တွင် စုဆောင်းထားသည့် အဖိုးတန် ပစ္စည်းများ မရှိဘဲ၊ ၎င်းစုဆောင်း ထားသည့် စပါးတင်း ၂၀၀ မှ တစ်ဝက်ကျော် မီးလောင်ကျွမ်းမှုထဲ ပါသွားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မီးလောင်ကျွမ်းပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးမော်ဂုအာမတ်ကို အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ခဲ့သည်။ ထို့နောက် အမှတ် (၁၂) ရဲကင်းစခန်း တာဝန်ခံ တပ်ကြပ်ကြီး ဇော်လတ်မင်းက မီးလောင်ရသည့် အတွက် ခြိမ်းခြောက် ပြောဆိုခြင်းကြောင့် ငွေကျပ် ၇၃၀၀၀/- ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာကိမ်း ရှေ့မှောက်တွင် ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာကိမ်းသည် မီးလောင်ဆုံးရှုံးမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် မိသားစုကို စောင့်ရှောက် ရမည့်အစား တပ်ကြပ်ကြီး ဇော်လတ်မင်း အလိုကျ ငွေကျပ် ၇၃၀၀၀/- ကိုပေးရန် ဖိအား ပေးခဲ့မှုကြောင့် ကျေးရွာသူ/သားများ လွန်စွာ စိတ်ပျက်လျက် ရှိသည်ဟု ဆိုသည်။

ထို့အပြင် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တပ်ကြပ်ကြီး ဇော်လတ်မင်းနှင့် အဖွဲ့က ကင်းစောင့်နေသူ ၉ ဦးထံမှ ကြက်တစ်ကောင်စီနှင့် ငွေကျပ် တစ်ထောင်စီ ယူခဲ့သည်ကို RB News သို့သတင်းပေးပို့သည့် အတွက် အဆိုပါ ၉ ဦးကို ဆင့်ခေါ်၍ ဆူပူကြိမ်းမောင်း ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ သတင်းပို့သူကို မြို့နယ် အာဏာပိုင် များထံ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်မှုများပါ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် အဆိုပါ ၉ ဦးကို တပ်ကြပ်ကြီး ဇော်လတ်မင်းနှင့် အဖွဲ့ လာခဲ့စဉ်က မည်သည့် ပစ္စည်း၊ ငွေကြေးမှ မပေးခဲ့ရကြောင်း ခံဝန်လက်မှတ် တောင်းယူခဲ့သည်ဟု ဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာကိမ်းသည် ရိုဟင်ဂျာ လူမျိုးတစ်ဦး ဖြစ်သော်ငြားလည်း ကျေးရွာသူ/သားများကို ကာကွယ် စောင့်ရှောက်ခြင်းမရှိဘဲ အထက် အာဏာပိုင်များ အလိုကျ ခိုင်းစေသည့်အတိုင်း ပြုလုပ်သည့် အပြင်၊ ၎င်း၏ တပည့် တစ်ဦးဖြစ်သူ အာဇီဇုလ်ဟောက် (ဘ) ဦးအာရှုပ်ဇော်မာနှင့် ပူးပေါင်း၍ ဒေသခံ အချို့ကို ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောပါသည်။




RB News
25.2.2014

ဘန်ကောက် ။ ။ ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Fortify Rights က မြန်မာ အစိုးရ ၀န်ကြီးဌာန များမှ ပေါက်ကြား လာသည့် အထောက်အထားများ အရ ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်ရန် မြန်မာအစိုးရ ကိုယ်တိုင် မူဝါဒချမှတ်ထား ခဲ့သည်ဟု ယနေ့ ဘန်ကောက်မြို့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်ပါသည်။

အဆိုပါ Fortify Rights မှ မြန်မာအစိုးရ ၀န်ကြီးဌာနများမှ ပေါက်ကြားလာသည့် အထောက်အထား စာရွက်စာတမ်း ၁၂ စောင် လက်ခံရရှိခဲ့ပြီး၊ ၈ စောင်ကို ၎င်းတို့အဖွဲ့မှ ထုတ်ပြန်သည့် ၇၉ မျက်နှာပါ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။ ကျန်သည့် ၄ စောင်ကို လုံခြုံရေးအရ မထုတ်ပြန်ဘဲ ထားရှိထားသည်ဟု အစီရင်ခံစာတွင် ရေးသား ထားသည်။ အစီရင်ခံစာတွင် မြန်မာ အစိုးရက ရိုဟင်ဂျာများ၏ လွတ်လပ်စွာ သွားလာခွင့်၊ လက်ထပ် ထိမ်းမြားခွင့်နှင့် ကလေး မွေးဖွားခွင့်များ၊ စသည့် အခြေခံ လူ့အခွင့်အရေး များကို စနစ်တကျ စီမံကိန်း ချမှတ်၍ ကျူးလွန် နေဆဲဖြစ်သည်ဟု ရေးသားဖော်ပြ ထားပါသည်။

၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ စစ်အစိုးရ လက်ထက်တွင် ဗဟိုအစိုးရမှ ပြည်နယ် အစိုးရ၊ မြို့နယ် အာဏာပိုင် များထံသို့ အဆင့်ဆင့် ညွန်ကြား၍ လူ့အခွင့်အရေး ချိုးဖောက်ရန် မူဝါဒချမှတ် ခဲ့ခြင်းဖြစ်ပြီး၊ သိမ်းဆည်းထားသည့် အထောက် အထား ၄ ခုမှာ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ချမှတ်ခဲ့သည့် မူဝါဒများ ဖြစ်သည်ဟု ဆိုသည်။

ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရမှ ရိုဟင်ဂျာ လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများမှာ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဖြစ်ပြီး၊ ရရှိထားသည့် အထောက်အထားများအရ အစိုးရမှ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများသည် နိုင်ငံတကာ ဥပဒေများဖြင့် ငြိစွန်းနေကြောင်း ထောက်ပြ ဖော်ပြထားသည်။

Fortify Rights ၏အစီရင်ခံစာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ရိုဟင်ဂျာ လူမျိုးများကို လက်ထပ်ခွင့် ကန့်သတ်ထားခြင်း၊ ကလေး နှစ်ဦးထက် ပိုမို၍ မွေးဖွားခွင့်ကို ကန့်သတ်ထားခြင်း၊ တစ်ရွာမှ တစ်ရွာသို့ သွားလာခွင့် များကို ကန့်သတ်ထားခြင်း တို့ကြောင့် ကျန်းမာရေး၊ လူမှုရေး နယ်ပယ်များတွင် အခက်အခဲမျိုးစုံ ကြုံတွေ့ရမှုများကိုလည်း ထောက်ပြ ဝေဖန်ထားသည်။ ထို့အပြင် လက်ထပ်ခွင့် ရရှိရန်အတွက် အုပ်ချုပ်ရေး အာဏာပိုင်များကို ငွေအမြောက်အမြား ပေးရသည့် ကိစ္စများကိုလည်း ထည့်သွင်း ရေးသားထားသည်။

Fortify Rights ကအစိုးရအနေဖြင့် ထိုကဲ့သို့ ချမှတ်ထားသည့် မူဝါဒများကို အမြန်ဆုံး ဖျက်သိမ်းရန် လိုအပ်ပြီး၊ ကျုးလွန် ဖောက်ဖျက်သူများကို အရေးယူ ဆောင်ရွက်ရန်၊ လွတ်လပ်စွာ စုံစမ်းနိုင်သည့် စုံစမ်းရေး အဖွဲ့များကို ခွင့်ပြုရန် တောင်းဆို ထားသည်။

ယနေ့ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်ကို အေပီ သတင်းဌာနမှ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိဟု အေပီသတင်းဌာန၏ သတင်းတွင် ရေးသား ဖော်ပြထားသည်။ ထိုကဲ့သို့ မဖြေကြားခဲ့ခြင်းမှာလည်း ဒုချီရားတန်း ပြဿနာတွင် အေပီ သတင်းဌာနမှ သတင်းမှန် ဖော်ထုတ် ရေးသားခဲ့သည်ကို မကျေနပ်ကြောင်း ပြသသည့် အနေဖြင့် မဖြေဆိုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။

ရန်ကုန်မြို့အခြေစိုက် မြန်မာတိုင်းမ် သတင်းဌာနသို့ ပြန်လည်ဖြေကြားရာတွင် မြန်မာအစိုးရ အနေဖြင့် Fortify Rights မှထုတ်ပြန်သည့် ကြေညာချက်များကို စိတ်ဝင်တစား ဖတ်ရှုခြင်း မရှိကြောင်း ဖြေကြားခဲ့သည်။

MYARF
RB News
25.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာအုပ်စုမှ ရိုဟင်ဂျာလူမျိုးများ၏ အိမ် ၃ လုံး မီးရှို့ခံရကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက်လင်းအားကြီး ၂း၃၀ နာရီတွင် မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာအုပ်စု၊ ဖုရ်ဆီရွာမှ ရိုဟင်ဂျာ လူမျိုးများ၏ နေအိမ် ၃ လုံး မီးရှို့ခံခဲ့ရကြောင်း သိရှိရပါသည်။ လွန်ခဲ့သည့်လ ၁၃ ရက်နေ့ညနှင့် ၁၄ ရက်နေ့ နံနက်များတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင် အစွန်းရောက် များ၏ အကြမ်းဖက်မှုကြောင့် အိမ်ရှင်များ ထွက်ပြေး တိမ်းရှောင် ခဲ့၍ နေအိမ်များတွင် လူမရှိဘဲ လွတ်နေခဲ့သည်။

နေအိမ်များတွင် အိမ်ရှင်များ မရှိသဖြင့် ပေါ့ဆမီး မဟုတ်သည်မှာ သေချာပြီး၊ ရခိုင် အစွန်းရောက်များ (သို့မဟုတ်) လုံခြုံရေး တာဝန်ယူထားသည့် ရဲများမှ မီးရှို့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရမှ ယုတ္တိကင်းမဲ့လှစွာ မိမိတို့၏ နေအိမ်ကို မိမိတို့ မီးရှို့သည်ဟု စွပ်စွဲ ပြောဆိုပြီး ၎င်းတို့၏ လုံခြုံရေးရဲများနှင့် နောက်ကွယ်မှ ကြိုးကိုင်၍ လှုပ်ရှားခိုင်းထားသည့် ရခိုင် အစွန်းရောက်များ၏ လုပ်ရပ်များကို ထုတ်ဖော် ပြောကြားခြင်း မရှိသည်ကို တွေ့ရှိရသည်။ လွန်ခဲ့သည့်လ ကလည်း လုပ်ကြံ၍ ဓါတ်ပုံများ ရိုက်ကူးပြီး သံတမန်များကို ပြသခဲ့သေးသည်။

ယနေ့ နံနက် ၂း၃၀ နာရီတွင် မီးရှို့ခံရသည့် နေအိမ်များ၏ ပိုင်ရှင် အမည်များမှာ --

(၁) ဒေါ်ဟာမီဒါ
(၂) ဒေါ်မောရီယမ်ခါတူ (ခ) ဘုတ္တာနီး
(၃) ဦးအော်ဆီရာန် -- တို့ဖြစ်သည်။




24.2.2014

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီးရင် နှစ်အတော်ကြာ အတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြန်လည်ပြုပြင်ဖို့ ရှိ မရှိ ဒီနေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက မေးမြန်းခဲ့လို့ ဒုတိယ၀န်ကြီးက ဖြေကြားခဲ့တာပါ။

လက်ရှိ သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုးများ စာရင်းဟာ နှစ်အတော်ကြာ မစိစစ်နိုင်တာကြောင့် မှန်ကန်တယ်လို့ တရားသေမပြောနိုင်ကြောင်းနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီးရင် ပြင်ဆင်သွားနိုင်မယ်တဲ့အတွက် ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"လက်ရှိပြုစုထားတဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးဟာ နှစ်ပေါင်းများစွာ ပြန်လည်စိစစ်ခြင်းမရှိခြင်း၊ တရားဝင်ပြင်ဆင်၊ ပယ်ဖျက် ထပ်မံအတည်ပြုခြင်း မရှိတဲ့အတွက်ကြောင့် ဒီစာရင်းကို မှန်ကန်သည်ဟု တရားသေ စွဲကိုင်အတည်ပြု ဆောင်ရွက်နေခြင်းလည်း မဟုတ်ကြောင်း၊ မကြာခင်ဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်းစဉ်ဟာ မည်သည့်လူမျိုးစုဟာ မြေပြင်မှာ အမှန်တကယ်ရှိနေသည်၊ မည်သည့်လူမျိုးစုများဟာ ပျောက်ကွယ်သွားသည်၊ မည်သည့်လူမျိုးစုအသစ်များ ထပ်မံတွေ့ရှိသည် စသည်တို့အား သိရှိနိုင်မည်ဖြစ်ပါတယ်၊ ပြန်လည်ပြင်ဆင်၊ အတည်ပြုရန် တွေ့ရှိပါကလည်း စာရင်းကောက်ပြီးအချိန်မှာတော့ ဒုတိယအဆင့် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ စုံလင်စွာပေါင်းစပ်ပြီးတော့မှ ပြန်လည်သုံးသပ်ပြီးတော့မှ ပြင်ဆင်သွားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်"

သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟာ လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ် မတိုင်ခင်ကတည်းက ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးစု ၈ ခုအပေါ် မူတည်ပြီး ကချင်မျိုးနွယ်စု ၁၂ စု၊ ကယား မျိုးနွယ်စု ၉ စု၊ ကရင်မျိုးနွယ်စု ၁၁ စု၊ ချင်းမျိုးနွယ်စု ၅၃ စု၊ ဗမာမျိုးနွယ်စု ၉ စု၊ မွန်မျိုးနွယ်စု ၁ စု၊ ရခိုင်မျိုးနွယ်စု ၇ စု၊ ရှမ်းမျိုးနွယ်စု ၃၃ စုဆိုပြီး အတည်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကို လာမယ့် မတ်လ ၂၉ ရက်နေ့ ညကနေ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူသွားမှာ ဖြစ်ပါတယ်။



အယ်ဒီတာ့အာဘော်
RB News
24.2.2014

ဖေဖော်ဝါရီလ ၆ ရက်နေ့က လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး နောက်ပိုင်း ထွက်ပေါ်လာတဲ့ ရလာဒ်လို့ လူပြောများပြီး၊ ဒေါက်တာ ကျော်ရင်လှိုင်ကို အရေးပါသည့် အခန်းကဏ္ဍမှာ တာဝန် ပေးထားတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဒုချီရားတန်း ကျေးရွာကို သွားရောက် ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ များကို တွေ့ဆုံ စစ်ဆေး မေးမြန်းခဲ့ ပါတယ်။

လွန်ခဲ့တဲ့လ ကလည်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သွားပြီး ဒေသခံ ရိုဟင်ဂျာ များကို စစ်ဆေး မေးမြန်းခဲ့တယ်။ အသတ်ခံရသူ ၅၂ ဦးရဲ့ စာရင်းကို ရယူခဲ့ပေမယ့်လည်း ချက်ချင်း ဆိုသလို ဦးစစ်မြိုင်က မီဒီယာများကို လိမ်ညာ ပြောခဲ့တဲ့ အပြင် ကျည်ဆံမိုး ရွာသွန်းပေးနိုင်ခဲ့ပြီး၊ အသက်ပေါင်း များစွာကို နာရီပိုင်းအတွင်း သတ်ဖြတ်နိုင်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို ခေတ်မှီ လက်နက်တွေနဲ့ လဲလှယ် ပေးသင့်တယ်လို့ အစီရင်ခံခဲ့တယ်။ အဲဒီလို ပြောဆိုခြင်းက နောက်ထပ် အသက်ပေါင်း များစွာကို လျင်မြန်စွာ သတ်ဖြတ်နိုင်ဖို့ လက်နက် လဲလှယ်ပေး ပါလို့ တောင်းဆိုတာနဲ့ အလား သဏ္ဍန်တူ နေပါတယ်။ လူ့အခွင့်အရေး ကော်မရှင်လို့ အမည်ကောင်းကို တပ်ထား ပေမယ့်လည်း ရိုဟင်ဂျာကို ဘင်္ဂလီလို့ သမုတ်ခဲ့ခြင်းသည် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေးကို နားလည်မှု လုံးဝ (လုံးဝ) မရှိဘူး ဆိုတာကို ဖော်ထုတ် ပြခဲ့တာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့ပြီးတဲ့ နောက်မှာ ကျွန်တော်တို့ လေ့လာ စုံစမ်း သိရှိရ သလောက် ဥက္ကဌ ဖြစ်သူ ဒေါက်တာ သာလှရွှေက သမာသမတ်ကျသူ တစ်ဦး ဖြစ်ပေမယ့် အဖွဲ့ထဲမှာ အတွင်းရေးမှူး အဖြစ် ဒေါက်တာ ကျော်ရင်လှိုင် ပါဝင်လာခြင်းက မောင်တောမြို့နယ် ဒေသခံ အားလုံးရဲ့ မျှော်လင့်ချက် အလုံးစုံကို ဖျက်ဆီး ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးနဲ့ ကမန်လူမျိုးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲမှာ ဒေါက်တာကျော်ရင်လှိုင် ဘာလဲဆိုတာ ကျွန်တော်တို့ အားလုံးသေချာ သိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က ပြဿနာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို အသေအချာ လေ့လာခဲ့တဲ့ ပါမောက္ခ ကင်တားနားက အဲဒီလို ထပ်လုပ်ဦးမယ် ဆိုတာ သေချာသိနေတဲ့ အပြင် ယခု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သမ္မတက ဖွဲ့စည်းပေးထားတာ ဖြစ်တာကြောင့် လွတ်လပ်မှု မရှိတဲ့အတွက် ထွက်လာတဲ့ ရလာဒ်ကို ကြည့်ပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွက် တောင်းဆိုရလိမ့်မယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ အခုလည်း ဒေါက်တာကျော်ရင်လှိုင်နဲ့ မြန်မာ့ ရုပ်မြင်သံကြား တို့ရဲ့ မေးမြန်းခန်းအရ လိမ်ညာ ဖုံးကွယ်တဲ့ အစီရင်ခံစာ တစ်စောင် ထွက်လာဖို့ ရှိတယ်လို့သာ ကျွန်တော်တို့ ခန့်မှန်းမိပါတယ်။

သို့ပေမယ့် ဒေါက်တာကျော်ရင်လှိုင်နဲ့ အဖွဲ့ကို သိစေချင်ပါတယ်။ စုံစမ်း စစ်ဆေးရေး ကော်မရှင်နဲ့ ဒေသခံ ရိုဟင်ဂျာတွေ တွေ့ဆုံပြီး မေးမြန်းခဲ့တဲ့ အသံဖိုင် အပြည့်အစုံ ကျွန်တော်တို့ RB – Rohingya Blogger မှာ ရှိနေပါတယ်။ အဲဒီ အသံဖိုင်တွေကို စိတ်ဝင်စားသူတိုင်း နားထောင်နိုင်ဖို့ တင်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ယုတ်မာ ကောက်ကျစ်တဲ့ ဒေသဆိုင်ရာ အာဏာပိုင် များကြောင့် ကျွန်တော်တို့ အနေနဲ့ ကာယကံရှင်များရဲ့ လုံခြုံရေးကို စိုးရိမ်လို့ မတင်တော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ စုံစမ်း စစ်ဆေးရေး ကော်မရှင် ကိုယ်တိုင် ဓါးခုတ် ဒဏ်ရာ ရခဲ့တဲ့သူကို မောင်တော ပြည်သူ့ ဆေးရုံမှာ ဆေးကုသဖို့ တင်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မိသားစုကို ပြန်အပ်သယောင် ဓါတ်ပုံ ရိုက်ပြီးမှ ရဲတွေက ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။ အခုအချိန်ထိ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာ မသိရသလို၊ ဖမ်းဆီးခံရသူရဲ့ အသက် အန္တရာယ်ကိုလည်း ဘယ်သူ့မှ အာမခံလို့ မရပါဘူး။ တကယ်လို့ အသံဖိုင်မှာ ပါတဲ့ သူများလည်း ယခုလို ဖြစ်ခဲ့ရင် ဆိုတာကို တွေးတောပြီး ကျွန်တော်တို့အနေနဲ့ အသံဖိုင်တွေ မတင်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ။

စုံစမ်း စစ်ဆေးရေး ကော်မရှင် အနေနဲ့ သေနတ် ဒဏ်ရာရသူ၊ ဓါးခုတ်ခံရသူ၊ သွေးစွန်းနေတဲ့ နံရံတွေ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ အားလုံး မြင်ဖူးခဲ့ပြီးပါပြီ။ ခိုင်လုံတဲ့ အထောက်အထား ပေါင်းများစွာကို မသိကျိုးကျွန်ပြုပြီး အစိုးရ အလိုကျ လိမ်ညာထားတဲ့ အစီရင်ခံစာ ထုတ်ပေးမယ် ဆိုရင်လည်း ထုတ်ပေးနိုင်ပါတယ်။

သို့ပေမယ့် ရိုဟင်ဂျာလူမျိုးများ အတွက် ရပ်တည်နေတဲ့ ကျွန်တော်တို့ RB – Rohingya Blogger ကတော့ ရရှိထားတဲ့ အသံဖိုင်တွေနဲ့ ငြိမ်ခံနေမယ်လို့ မထင်ပါနဲ့လို့ အသိပေးချင်ပါတယ်။ စစ်ဆေး မေးမြန်းထားတဲ့ အသံတွေနဲ့ ဘာတွေလုပ်လို့ရသလဲ ဆိုတာ Professional တစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင် နားလည်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီတော့ ဒေါက်တာကျော်ရင်လှိုင်ရဲ့ Professionalism ကဘာလဲဆိုတာကို သိရဖို့ ရိုဟင်ဂျာပြည်သူများက စောင့်မျှော်နေပါကြောင်း ..

RB – Rohingya Blogger ၀ိုင်းတော်သားများ

(ဓါတ်ပုံ - AFP)

ဦးထက်ရှိန်
24.2.2014

ရခိုင်ပြည်နယ်တွင် ပဋိပက္ခမီးများ ပြန်လည်တောက်လောင်ကတည်းက သတင်း အချက်အလက် စစ်ပွဲတစ်ခုကို အပြိုင်အဆိုင် နွှဲခဲ့ကြသည်။ သတင်းအချက်အလက်များ နှင့်ပတ်သက်၍ တော်တော်လေး မျှမျှတတ ကိုင်တွယ်ခဲ့သည်ဟု ဆိုနိုင်သော ကာလအပြီးတွင် အစိုးရသည် ပြီးခဲ့သည့်လက ဒူးချီးရာတန်းကျေး ရွာတွင် ဖြစ်ပွါးခဲ့သည့် သွေးထွက်သံယိုဖြစ်ရပ်ကို အရေးမကြီးဟန် ပြုမူခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ခံရသူဒုက္ခသည်များအား အပြစ်တင်ခဲ့ သလို ဒူးချီးရာတန်း ဖြစ်စဉ်အပေါ် အစိုးရအရာရှိများက သံတမန်များနှင့် သတင်းသမားများအား ရှင်းပြခဲ့ သည့် ပွဲတွင်လည်း အပြစ်များကို ဒုက္ခသည်များထံသို့ လွှဲချခဲ့သည်။ မူစလင်တစ်ဦးမှ အသတ် မခံခဲ့ရ ကြောင်း ဦးရဲထွဋ်က ပြောခဲ့ သည်။ ထိုရှင်းလင်းပွဲသို့ မဇ်္ဈိမ၊ ဧရာဝတီနှင့် မြန်မာတိုင်း(မ်)တို့ကဲ့သို့သော မီဒီယာ အဖွဲ့အစည်းများအားလည်း တက်ရောက်ခွင့် မပေးခဲ့ပေ။ တက်ရောက်ခွင့်ရခဲ့သည့် မီဒီယာ အဖွဲ့အစည်းများကိုလည်း မေးခွန်းထုတ်ခွင့်မပြုခဲ့ပေ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (‪#‎UNHCR‬) က ဇန်န၀ါရီလ ၂၄ ရက်ကထုတ်ပြန်ခဲ့သည့် ကြေညာချက် တစ်စောင်ထဲတွင် ဒူးချီးရာတန်ဖြစ်စဉ်တွင် အနည်းဆုံးလူ ၄၀ ဦးခန့် အသတ်ခံခဲ့ရကြောင်း ယုံကြည်စိတ်ချရလောက်သည့် အထောက်အထား များရှိနေသည်ဟု ဖော်ပြထားခဲ့သော်လည်း ပြည်တွင်း မီဒီယာအဖွဲ့အစည်း အများစုကမူ အစိုးရက ခိုင်လုံလှသော တကယ့်အချက်အလက် အမှန်များကိုသာ တင်ပြခဲ့သလိုပုံစံမျိုးဖြင့် အစိုးရအရာရှိ များကရှင်းပြခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ အကြောင်းကို ရေးသား ဖော်ပြခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီး ဦးကိုကို ကဲ့သို့သော နိုင်ငံရေးသမားများကလည်း ပြည်သူများသည် တရားဥပဒေ စိုး မိုးရေးကို ထိခိုက်စေနိုင်သည့် မှားယွင်းသော သတင်းတင်ဆက်မှုများကို ခွင့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ပြောခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက်္ကဋ္ဌ ဦးအေးသာအောင်ကလည်း ကုလသမဂ်္ဂ နှင့် နိုင်ငံတကာ အန်ဂျီအိုများက ဖြန့်ချိသော သတင်းအချက်အလက်မှားများကြောင့် ရခိုင်ဗုဒ္ဓဘာသာများနှင့် မူစလင်အသိုင်း အ၀ိုင်းများအကြား တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။

တာဝန်မဲ့စွာ သတင်းတင်ဆက်မှုသည် တင်းမာမှုများ ပြေလျော့သွားရန် အထောက်အကူ ပြုလိမ့်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ရန် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအား တာလီဘန် တိုက်ခိုက်ရေးသမားများက သင် တန်းများပေးနေသည်ဟူသော အထောက် အထားမခိုင်လုံသည့် ကောလာဟလကို သူရိယအလင်းဂျာနယ်က မကြာသေးမီက ဖော်ပြခဲ့ရာ တင်းမာမှုများကို မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်စေခဲ့သည်။ ထိုကဲ့သို့သော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် အခြေအမြစ် မရှိ သော အစွဲအလမ်းများနှင့် သဘောထားကျဉ်းမြောင်းမှုများကို ပြင်းထန်စွာ ဆန့်ကျင်သောစကားမျိုးကို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အသိအမြင် ကြွယ်ဝလှသော နိုင်ငံရေးသမားမျိုးပင် မပြောရဲကြပေ။ ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့မပြောသည်မှာ ရွေးကောက်ပွဲတွင် သူ့ကိုထောက်ခံမည့် မဲဆန္ဒရှင် လျော့ကျသွားမည်ကို မလိုလား၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ 

အမုန်းတရားဖြန့်ချိရေးသည် အမြဲတမ်း အန္တရာယ်ကြီးလှကာ အထူးသဖြင့် နိုင်ငံသားများက အွန်လိုင်း သတင်း အချက်အလက်များကို ဝေဖန်အကဲဖြတ်ကာ စစ်ထုတ်နိုင်စွမ်းမ ရှိသေးသည့် နိုင်ငံမျိုးတွင် ပို၍ အန္တ ရာယ်ကြီးကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ (‪#‎USIP‬) ၏ “မြန်မာနိုင်ငံအတွင်း မီဒီယာ နှင့်ပဋိပက္ခများ” ဟူသော အစီရင်ခံစာထဲတွင် ရေးသားထားသည်။ “ယခင်က ကန့်သတ်ချုပ်ချယ်ထားမှုများ အောက်တွင် အမှန်အမှားများ ရောထွေးနေသည့် အစိုးရ ကျောထောက်နောက်ခံပြု သတင်းများကိုသာ ဆယ်စုနှစ်များစွာ မှီခိုခဲ့ရသည့် ပြည်သူများအနေဖြင့် ယေဘုယျအားဖြင့် မီဒီယာရေးရာ သိမြင်နားလည်မှု အကြီးအကျယ် နိမ့်ကျလျက်ရှိနေကာ ကောလဟလများအား တကယ့် အချက်အလက်မှန်များကဲ့သို့ ယုံ ကြည် အလေးထားကြဟန်ရှိနေသည်ဟု အစီရင်ခံစာထဲတွင် ရေးသားထားသည် ” ဟု အစီရင်ခံစာထဲ တွင် ပါရှိသည်။ 

မြန်မာနိုင်ငံတွင် အလယ်အလတ် အသံများထက် အစွန်းရောက်သော အသံများသာ လွှမ်းမိုးနိုင်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖြစ်လျက်ရှိကြောင်းနှင့် လူမှုမီဒီယာများသည် မနှစ်မြို့ဖွယ်ရာ သဘောထားများ ပေါ် ထွက်လာရေးတွင် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်သလို ဖြစ်နေကြောင်းIPC ၏ အစီရင်ခံစာထဲတွင် ဆိုထားသည်။

ဇန်န၀ါရီလ ၂၈ ရက်တွင် ဒူးချီးရာတန်း၌ နေအိမ်အလုံး ၂၀ မီးရှို့ခံခဲ့ရရာ သမိုင်းတစ်ပတ် ပြန်လည်လာ သကဲ့သို့ပင် ဖြစ်သည်။ ထိုအိမ်များတွင် နေထိုင်ကြသူ မူစလင် အိမ်သူအိမ်သားများကိုယ်တိုင် ၎င်းတို့၏ နေအိမ်များကို မီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုခဲ့ကြသည်။ သို့ရာတွင် ဆင်းရဲမွဲတေလှ သာ ထိုသူများသည် ၎င်းတို့နေထိုင်ရာ အိမ်များနှင့် ပိုင်ဆိုင်မှုများကို အဘယ်ကြောင့် ကိုယ်တိုင် မီးရှို့ခဲ့ ကြသနည်း ဆိုခြင်းမှာမူ မရှင်းမလင်း ကျန်ရစ်လျက် ရှိသည်။ အလားတူစွာပင် သစ်ရွက်များကို ဓာတ်ဆီ ထဲတွင်နှစ်ကာ မူစလင်အိမ်များ၏ ခေါင်မိုးပေါ်တွင် မီးလောင်အောင် လုပ်ထားဟန်ရှိသည့် ဓာတ်ပုံများ ဇန်န၀ါရီလ ၂၉ ရက်က ‪#‎Facebook‬ လူမှုကွန်ရက် စာမျက်နှာ တစ်ခုပေါ်တွင် တက်လာခဲ့သည်။ ထို ဓာတ် ပုံများမှာ နေ့အလင်းရောင်အောက်တွင် ရိုက်ထားခဲ့ခြင်းဖြစ်ရာ မီးမလောင်မီ နာရီအနည်းငယ်ကတည်းက ကြိုတင် ရိုက်ကူးထားသောပုံများ ဖြစ်ဟန်ရှိသည်။ မီးလောင်အောင် ရဲများက စီစဉ်အကွက်ချခဲ့ ခြင်းဟု ထိုဓာတ်ပုံများက သက်သေပြခဲ့ပါသလား သို့မဟုတ် နောက်ပိုင်းကျမှ ရွာသားများက ပြင်ဆင်အကွက်ဆင် ကာ ရိုက်ကူးခဲ့ခြင်းလား၊ သို့မဟုတ် တကယ့် အစစ်အမှန်ဓာတ်ပုံများ ဖြစ်ပါသလားဟူသည့် မေးခွန်းများ ကျန်ရှိနေပေသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် အမတ်ဦးရွှေ မောင်ကမူ အာဏာ ပိုင်များကို အပြစ်တင်သင့် ကြောင်း ရှင်းရှင်းလင်းလင်းတွေး ခဲ့သည်ဟုဆိုသည်။ ဒီမိုကရက်တစ် မြန်မာ့အသံ(‪#‎DVB‬) နှင့် အင်တာဗျူး တစ်ခုတွင် ဦးရွှေမောင် ပြောကြားခဲ့သည့် မှတ်ချက်များကြောင့် ရဲများက စုံစမ်းစစ် ဆေးမှု ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်ကိုကိုယ်စားပြုသည့် မွတ်ဆလင်တစ်ဦးဖြစ်သူ လွှတ်တော်အမတ် ဦးရွှေမောင်က သူ၏ Facebook အင်တာနက် စာမျက်နှာတွင် ရေးသားခဲ့သည်မှာ သမ္မတ၏ တိုက်ရိုက်အမိန့်များအောက်တွင် စစ်ဆေး မေးမြန်းခြင်းခံခဲ့ရကြောင်း ဆိုခဲ့သည်။

အသရေဖျက်မှုနှင့် စွဲချက်တစ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း လွှတ်တော်အမတ် ဦးရွှေမောင် ခြိမ်း ခြောက်ခံခဲ့ရသည်။ အနာဂတ်တွင် သူ၏အမြင်များကို သူ၏စိတ်ထဲတွင် သာထားရန်အတွက် အထက်ဖော် ပြပါနည်းလမ်းဖြင့် ဆက်ဆံကာ ဦးရွှေမောင်အား သတိပေးလိုက်ခြင်းလားဟု မေးစရာ ဖြစ်လာသည်။

သတင်းအချက်အလက် စစ်ပွဲ၏ အခြားတစ်ဖက်တွင်မူ ရခိုင်ရှိ မွတ်စလင်လူနည်းစုများနှင့် ရခိုင်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ ရှိနေကြသည်။

ရိုဟင်ဂျာဘလော့ဂါကဲ့သို့သော ၀က်ဘ်ဆိုဒ်များသည် သတင်းများကို မွတ်စလင်ရှုထောင့်မှ ရေးသားခြင်း အားဖြင့် အစိုးရ တင်ပြသည့်လိုင်းကို တန်ပြန်လုပ်ဆောင်နေကြသည်။ ထိုဘလော့ဂ်သည် မကြာသေး ခင်က အဖြစ်အပျက်များကို သတင်းများ ရေးသားရာတွင် ဒုက္ခသည်များ၏ အတိဒုက္ခများကို အသားပေး၍ တင်ဆက်ခဲ့သည်။ Facebook နှင့် ‪#‎Twitter‬ အင်တာနက် စာမျက်နှာများကို အသုံးပြု၍ သတင်းဖြန့်ကြ ခြင်းများလည်း ရှိသည်။

ကုလသမဂ္ဂအေဂျင်စီများနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (‪#‎MSF‬) ကလည်း အစိုးရ၏အမြင်များကို တန်ပြန်ထိန်းညှိရန် ကြိုးစားကြသည်။ ကံမကောင်း အကြောင်းမလှစွာပင် ကုလသမဂ္ဂသည် ထိထိရောက် ရောက် ဆက်သွယ်ဆောင်ရွက်နိုင်စွမ်း ကင်းမဲ့နေပုံရသည်။ ကုလသမဂ္ဂ အေဂျင်စီများနှင့် MSF တို့မှာ သိမ်မွေ့သော အနေအထားများတွင် ရောက်ရှိနေရခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် အခင်းဖြစ်ပွားရာ နေရာများသို့ ၀င်ရောက်လိုသော်လည်း ထိုကဲ့သို့ ၀င်ရောက်ခွင့်ကို အစိုးရကသာလျှင် ပေးပိုင်ခွင့် ရှိပေ သည်။ ၎င်းတို့၏တည်ရှိမှုကို ဘက်လိုက်သည်ဟု ရခိုင်ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းများက ရှုမြင်နေကြရာ ရခိုင်ပြည်နယ်အတွင်းရှိ အထက်ဖော်ပြပါ နိုင်ငံတကာအဖွဲ့အစည်းများ ပိုမို အကျပ်ဆိုက် အောင်ပြုလုပ်ရန် မတုံ့ဆိုင်းခဲ့ကြပေ။ လွန်ခဲ့သော သုံးပတ်ခန့်က စစ်တွေနှင့် ဘူးသီးတောင်တို့တွင် MSF နှင့် ကုလသမဂ္ဂတို့ ဒေသအတွင်းမှ ခုနစ်ရက်အတွင်း ထွက်ခွာပေးကြရန် အရေအတွက် များလှစွာသော ရခိုင်များ ဆန္ဒပြခဲ့ ကြသည်။ ဆန္ဒပြမှုများ ရှိခဲ့သော်လည်း ထိုဆန္ဒပြမှုများမှာ နိုင်ငံတကာက စောင့်ကြည့်ခြင်းကို မကြိုဆို လက်မခံလိုကြောင်း အရိပ်လက္ခဏာပင် ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် အစိုးရက ရခိုင်ပြည်နယ်တွင် အလုပ်လုပ်နေကြသည့် နိုင်ငံတကာအဖွဲ့အစည်း အနည်းဆုံး အဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာများကို ထပ်မံသက်တမ်းတိုးခြင်းမရှိရာ ထိုအဖွဲ့ အစည်းများအတွက် ဖိအားများ ပိုမိုလာကာ ဒေသတွင်းမှ ထွက်ခွာချင်ထွက်ခွာ သို့မဟုတ် ၎င်းတို့၏ နည်း လမ်းများကို ပြောင်းရတော့မလို ဖြစ်နေသည်။ 

အာဏာပိုင်များမှာလည်း ခက်ခဲသော အနေအထားတွင် ကျရောက်နေပြန်ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိနေရာ ရခိုင်ပြည်နယ်အတွင်း နောက်ထပ်ဖြစ်ရပ်ဆိုးများ ထပ်မံ ပေါ်ပေါက်လာပါက နိုင်ငံတကာအလယ်တွင် အရှက်ရဖွယ် ရှိနေသည်။ အကယ်၍ ကုလသမဂ္ဂနှင့် MSF တို့သာ ဒေသတွင်းမှ လုံးလုံး ထွက်ခွာသွားခဲ့ပါက ပဋိပက္ခများသည် နိုင်ငံတကာ မမြင်ကွယ်ရာသို့ ရောက်ရှိသွားမည်ဖြစ်ရာ အစိုးရအတွက် အနေအထား ပိုမို ကောင်းမွန်သွားမည်ဖြစ်သော်လည်း ရခိုင်၌ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း အသက်ပေါင်းသောင်းနှင့် ချီကာ ကယ်ဆယ်ခဲ့သည့် MSF ကဲ့သို့ သော အဖွဲ့အစည်းမျိုးကို နှင်ထုတ်ခြင်းမျိုး ဖြစ်သွားပါက အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

အနှောင့်အယှက်ပေးသော နည်းလမ်းကမူ နိုင်ငံတကာ အဖွဲ့အစည်းများ အထုပ်အပိုးပြင်ကာ ထွက်ခွာ သွားကြနိုင်သည့် အခြေအနေမျိုးကို ဖြစ်လာစေနိုင်သော ပိုမိုနူးညံ့သိမ်မွေ့သည့် နည်းလမ်းတစ်ခု ဖြစ် လာနိုင်သည်။

ဇန်န၀ါရီလ ၃၀ ရက်က ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ၀န်ကြီး Hugo Swire က မိန့်ခွန်းပြောရန် မိနစ်ပိုင်းအလိုတွင် ပြုလုပ်မည့်နေရာပြောင်းပေးရန် ဖိအားပေးခြင်း ခံခဲ့ရစဉ်ကလည်း ထိုကဲ့သို့သော နည်းဗျူဟာမျိုး အလုပ်ဖြစ်ခဲ့ပုံရသည်။ မစ္စတာ Hugo ‪#‎Swire‬ က အတိမ်းအစောင်းမခံသော စကားမျိုး မိန့် ခွန်းထဲတွင် ထည့်သွင်း ပြောဆိုလိမ့်မည်ဟု အာဏာပိုင်များ သတင်းအနံ့ ကြိုတင်ရသွားခဲ့ခြင်း ဖြစ်ပါ သလား။

နောက်ထပ် တစ်ပတ်ခန့်အကြာတွင် အိုဘားမားအစိုးရအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး အရာရှိ Judith Cefkin သည် သူ၏ သတင်းစာ ရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့သည်။ သူက မည်သည့် အကြောင်းပြချက်မှ မပေးသော်လည်း ရခိုင် ပြည်နယ်အတွင်းရှိ အုပ်စုလိုက် ပဋိပက္ခများ နှင့်ပတ်သက်၍ အတိမ်းအစောင်းမခံသော မှတ်ချက်မျိုးပေးရန် အချိန်အခါမဟုတ်ကြောင်း အစိုးရက အချက်ပြလိုက်ပုံ ရသည်။ 

သတင်းအချက်အလက် စစ်ပွဲကြောင့် တကယ့်အချက်အလက်မှန်များကို သိရှိနိုင်ရန်မှာ မဖြစ်နိုင်သလောက် ရှိနေပေသည်။ လူအများအကြား ပြင်းထန်လှသော ခံစားချက်များဖြင့် ဒေါသတကြီး ငြင်းခုန်နေခြင်း များ ကြောင့်လည်း အလယ်အလတ်ဝါဒီများကို နှုတ်ဆိတ်စေခဲ့သည်။ 

ရခိုင်ပြည်နယ် အတွင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဆိုးများနှင့်ပတ်သက်၍ သမာသမတ်ကျသော စုံစမ်း စစ်ဆေးမှု မပြုလုပ်ရသေးသရွေ့ အစိုးရ၏ ထုတ်ပြန်ချက်များကို တန်ပြန်နိုင်ရန်အတွက် ဖွင့်ချပြောဆိုမှု များကြောင့် ရဲများ၏ စစ်ဆေးမေးမြန်းခြင်းကို ခံရနိုင်သလို တာဝန်မဲ့သော သတင်း တင်ပြမှုများသည်လည်း အခြေအမြစ်မရှိ သော အစွဲအလမ်းများနှင့် သဘောထား ကျဉ်းမြောင်းမှုကို မီးလောင်ရာလေပင့်ပေးသကဲ့ သို့ ဖြစ်စေနိုင်ရာ ထိုကဲ့သို့ ပြုလုပ်နေ ကြဦးမည်ဆိုပါက မလိုအပ်သော ဒုက္ခအများအပြားကို ဖြစ်ပေါ်စေခဲ့သည့် အခြေအနေ တစ်ရပ်အား ပြေလည်အောင် ဖြေရှင်းပေးရာမရောက်ဘဲ ပိုမို အရှိန်မြင့်တက်လာ အောင် ပြုလုပ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်ပါသည်။




Hla
RB News
23.2.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဟော်လန်နိုင်ငံမှ AZG ဟုခေါ်သည့် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ MSF အားထွက်သွားရန် ရခိုင်အစွန်းရောက် များက စတုတ္တအကြိမ်မြောက် ဆန္ဒပြခဲ့ပြီးနောက် ဒေသခံများက MSF ရုံးကို အကြမ်းဖက်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟု ခန့်မှန်းနေကြကြောင်း သတင်းရရှိပါသည်။

MSF သည် ရခိုင်ပြည်နယ်တွင် အခြေစိုက်၍ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှုများ ပေးနေသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရှိနေပြီ ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ်နှင့် တီဘီရောဂါများ အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ ပြုလုပ်ပေးနေသည့် အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း လူနာ ငါးသိန်းခန့် အထိ ကုသပေးလျက်ရှိပြီး၊ ၂၀၀၅ ခုနှစ်မှ စ၍ ရခိုင်ပြည်နယ်တွင်း ငှက်ဖျား ရောဂါသည် ၁၂ သိန်းကျော်ကို ကုသပေးခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF ရုံးရှေ့တွင် ရခိုင်အစွန်းရောက် ၃၀၀ ကျော် စုဝေး၍ MSF အဖွဲ့ကို ရခိုင်ပြည်နယ်မှ အမြန်ဆုံး ထွက်ခွာသွားရန် စတုတ္တအကြိမ်မြောက် စုရုံး ဆန္ဒပြခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲသို့ ထိုင်းနယ်စပ် အခြေစိုက် ရခိုင်တပ်မတော် (Arakan Army) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းဇံဝေလည်း တက်ရောက် ပါဝင်ခဲ့ကြောင်း ရခိုင်သတင်းဌာန များမှ ရေးသား ဖော်ပြခဲ့သည်။

ရခိုင်အရေး ကျွမ်းကျင်သူများက ယခုကဲ့သို့ ဆန္ဒပြနေခြင်းမှာ နေပြည်တော် အစိုးရ၏ ကြိုးကိုင်မှုကြောင့်သာ ဖြစ်ပြီး၊ ဆန္ဒပြသူများကိုလည်း နေ့စား အဖြစ် တစ်ဦးကို ငွေကျပ် ၃၀၀၀ စီပေးအပ်ကြောင်း ဒေသခံများမှ RB News သို့ပြောပါသည်။ MSF သည် နိုင်ငံတော်အစိုးရမှ မဖြည့်ဆည်း ပေးနိုင်သည့် ကျန်းမာရေး ကဏ္ဍကို စေတနာဖြင့် လာရောက်၍ ဖြည့်ဆည်း ပေးနေခြင်းသာ ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ထိ မည်သည့် ပြဿနာ တစ်စုံတစ်ရာမှ မရှိခဲ့သော်လည်း၊ လွန်ခဲ့သည့်လက မောင်တောမြို့နယ် ဒုချီရားတန်းတွင် ဖြစ်ပွားခဲ့သည့် ပြဿနာတွင် MSF မှ ဒဏ်ရာရရှိသူ ၂၂ ဦးကို ဆေးကုသ ပေးခဲ့မှုကို ထုတ်ဖော် ပြောကြားခဲ့ခြင်းကြောင့် နေပြည်တော် အစိုးရမှ ယခုကဲ့သို့ ကြိုးကိုင်၍ ရခိုင်ပြည်နယ် အတွင်းမှ မောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရမှ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ပေးထားသော်လည်း နေပြည်တော် အစိုးရ၏ သဘော အလိုမကျသည့် သပိတ်စခန်းများ၊ ဆန္ဒဖော်ထုတ်မှုများကို အစိုးရ ကိုယ်တိုင် ကန့်သတ်လေ့ရှိသည်။ ရခိုင်ပြည်နယ်တွင် မင်းမဲ့စရိုက် ဆန်ဆန် ပြုလုပ်သော်ငြားလည်း အစိုးရကိုယ်တိုင် ပါဝင်ပတ်သက် နေမှုကြောင့် ယခုကဲ့သို့ နိုင်ငံတကာ ရှေ့မှောက်တွင် မျက်နှာငယ် စရာများကိုလည်း ခွင့်ပြုထားခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဖြစ်ပေါ်နေသည် များကို နေပြည်တော် အစိုးရက မထိန်းသိမ်းဘဲ လွှတ်ထားမည် ဆိုပါက MSF ရုံးကို အကြမ်းဖက်မည့် အနေအထားတွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ ဆန္ဒပြမှုများနှင့် ပတ်သက်၍ MSF တာဝန်ခံများက ကြုံတွေ့နေရသည့် အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း အစိုးရ အနေဖြင့် ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ အတွက် လိုအပ်နေသရွေ့ ရခိုင်ပြည်နယ်တွင်းမှ ထွက်ခွာသွားမည် မဟုတ်ကြောင်း သတင်း မီဒီယာများကို ပြောကြားခဲ့သည်။



RB News
23.2.2014

ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြားမှာ မလိုမုန်းတီးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ရိုဟင်ဂျာ ကျောင်းသားတွေက ပညာဆက်လက် သင်ကြားဖို့ အခက်တွေ့နေတယ်လို့ Al Jazeera သတင်းဌာနက စစ်တွေမြို့မှာ သွားရောက် ရိုက်ကူးခဲ့တဲ့ မှတ်တမ်း ဗီဒီယိုကို အောက်တွင် ရှုစားနိုင်ပါပြီ။


အတိုက်အခံခေါင်းဆောင် Suthep Thaugsuban ဦးဆောင်တဲ့ ဆန္ဒပြသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဝန်ကြီးချုပ် ယင်းလပ်ရဲ့ ယာယီရုံးဖွင့်လှစ်ထားရာ ကာကွယ်ရေးဝန်ကြီးဌာနရုံးရဲ့ သတ်မှတ်လိုင်း တဘက်တချက်မှာ ရှိနေကြစဉ်။

23.2.2014

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူနေသူ လူအုပ်ကို အမည်မသိသေနတ်သမားတွေက စနေနေ့ညက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘန်ကောက်မြို့နဲ့ ၁၈၆ မိုင်လောက်ဝေးတဲ့ Trat ခရိုင်အတွင်း အတိုက်အခံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မီတီဝင် ၅၀၀ လောက် စုဝေး ဆန္ဒပြနေတဲ့နေရာကို အမည်မသိလူတစုက Pick Up ကား ၂ စင်းနဲ့ ရောက်လာပြီး သေနတ်နဲ့ တွေ့ရာကို ပစ်ခတ်ခဲ့တဲ့အပြင် ပေါက်ကွဲစေတဲ့အရာ ၂ ခုနဲ့ပါ လူအုပ်ထဲကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတချို့ဟာ စိုးရိမ်ရတဲ့အနေအထားမှာရှိပြီး သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုတိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူထဲ တစ်ဦးကတော့ ၁၂ နှစ်သားအရွယ် လူငယ်လေးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချကြောင်း ဝန်ကြီးချုပ် ယင်းလပ် ရှင်နဝါကလည်း သူမရဲ့ Facebook အင်တာနက် လူမှုကွန်ယက်ကတဆင့် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စနေနေ့က ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အစိုးရဆန့်ကျင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲက နောက်ဆုံး ဖြစ်ရပ်ဖြစ်ပြီး အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အင်္ဂါနေ့က ဘန်ကောက်မြို့လယ် အစိုးရရုံးတွေအနားမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်မှုတွေအတွင်းမှာတော့ ၂ ဖက်စလုံးက လက်နက်တွေကို အသုံးပြုခဲ့တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားက ဒုက္ခသည် စခန်းအတွင်းက စစ်ဘေးရှောင် ဒုက္ခသည် တိုင်းရင်းသားများ။

မနန္ဒာချမ်း
23.2.2014

KIO ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရကြား တိုက်ပွဲတွေဖြစ်နေတဲ့ ၃ နှစ်နီးပါးကာလ အတွင်းမှာ ပထမဦးဆုံးအကြိမ် တရုတ်ကြက်ခြေနီ အဖွဲ့ကနေ ကချင်ပြည်နယ် လိုင်ဇာမှာရှိတဲ့ IDP ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို လာရောက်ပေးအပ်ခဲ့ပါတယ်။ ကချင် ဒုက္ခသည်တွေကူညီရေး ကော်မတီကနေတဆင့် ဒုက္ခသည်တွေအတွက် ပေးအပ်တဲ့ ဒီအကူအညီတွေထဲမှာ အဓိကကတော့ အိမ်သုံးပစ္စည်းတွေ ပါဝင်တယ်လို့ ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။ တချိန်တည်းမှာပဲ လိုင်ဇာကနေ အစိုးရတပ်တွေ ဆုတ်ခွာနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

KIO ဌာနချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ထဲက IDP ဒုက္ခသည်စခန်း ၁ ခုနဲ့ လိုင်ဇာမြို့ပြင်က IDP ဒုက္ခသည်စခန်း ၂ ခုတို့ကို တရုတ်ကြက်ခြေနီအဖွဲ့ ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်ခဲ့ပြီး အဲ့ဒီမှာရှိတဲ့ ဒုက္ခသည်တွေအတွက် အိမ်သုံးပစ္စည်းတွေကို ပထမဆုံးအကြိမ် ကူညီထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးပိုင် ရှင်ဟွာသတင်းမှာတော့ - တရုတ်ကြက်ခြေနီအဖွဲ့ကနေ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ပေးအပ်တဲ့ တရုတ်ငွေ ယွမ် ၅ သန်း၊ အမေရိကန်ဒေါ်လာ ၈ သိန်း ၂ သောင်း တန်ဖိုးရှိတဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ သောကြာနေ့ ရောက်ရှိသွားပြီး ဒုက္ခသည်အိမ်ထောင်စု ၁ သောင်းအတွက် ပေးအပ်သွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
လောလောဆယ် လိုင်ဇာမှာရှိတဲ့ ဒုက္ခသည် အိမ်ထောင်စု ၄,၀၀၀ ကျော် အတွက်ကိုတော့ ကချင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီက လက်ခံရရှိခဲ့တယ်လို့ ဦးဒွဲပီဆာ က ပြောပါတယ်။

“လိုင်ဇာမှာပေးတာတော့ ၄ ထောင် ၂ ရာလုံးပေါ့။ ကျန်တဲ့ဟာ ၈၀၀ တော့ တခြားကိုပေးမယ်ဆိုတာ ပါတယ်။ ကျနော်တို့သတင်းအရဆိုရင်တော့ ကမ်ပိုင်ဒီ-ပေါ့။ ကမ်ပိုင်ဒီဆိုတာ ဗမာအစိုးရရုံးရှိတဲ့ နယ်စပ်နေရာပေါ့။ အဲဒီမှာ ဗမာပြည်ကြက်ခြေနီအဖွဲ့ကို လွှဲပေးမယ်ဆိုတာ သတင်းလောက်တော့ကြားတယ်။ စောင်တွေ၊ အခင်းတွေပါတယ်။ နောက် ဆန်၊ ဆန်က တစ်ပြည်လောက်ပဲထင်တယ်။ နောက် ဆား၊ သကြား၊ ဆီ၊ အိမ်သုံးပစ္စည်း ဆယ်မျိုးလား၊ ဘယ်လောက်လဲတော့ ကျနော်တို့လည်း ကောင်းကောင်း မဖွင့်ရသေးဘူးနော်။ သူတို့အစိုးရတပ်နဲ့ ကြက်ခြေနီကို တာဝန်ပေးတဲ့သဘော သက်ရောက်တယ်။ သူတို့ တရုတ်ပြည်က Red Cross – secretary ကိုယ်တိုင်ပါပြီးမှ ယူနန်ပြည်နယ်၊ -- ပြည်နယ်အဆင့်ဆင့်ပေါ့လေ- လူကြီး ၅ ယောက်နဲ့ အဖွဲ့ဝင်တွေအားလုံး အယောက် ၂၀ လောက် ရောက်လာပါတယ်။”

အခုလို တရုတ်နိုင်ငံက ကူညီဖို့အတွက် KIO ဘက်ကနေ တောင်းလျှောက်ဖို့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တရုတ်ဘက်က အလွတ်သဘော ပြောဆိုတာတွေ ရှိခဲ့ပေမယ့် KIO ဘက်ကတော့ အကူအညီပေးဖို့ တောင်းခံမှုတွေ မလုပ်ခဲ့ဘူးလို့ ဦးဒွဲပီဆာ က ဆက်ပြောပြပါတယ်။

“၂၀၁၁ နှောင်းပိုင်းကနေ စာတင်ပါ။ စာတင်ရင် ကူညီမယ်ဆိုတာ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က တခါတည်းမဟုတ်ဘူးလေ။ ၂ ခါ၊ ၃ ခါပေါ့။ ဗဟိုမှာလည်း ဒါ စဉ်းစားတာပဲ။ စာတင်လို့တော့ ကျနော်တို့က မတင်ဘူးဆိုတဲ့ အပိုင်းမှာပေါ့။ ကူညီချင်တယ်ဆိုရင်လည်းပဲ ဒုက္ခရှိပြီးသားဆိုတာ သူတို့ သိပြီးသားပဲ။ ကျနော်တို့ စာတော့ မတင်ဘူးဆိုပြီး စာမတင်ခဲ့ဘူး။ သူတို့အစီအစဉ်က နဂိုရ်ကနေ ရှိတော့ရှိတယ်။ အခုမှ တကယ့် တရားဝင် လာကူညီတာလို့ ကျနော်တို့ သတ်မှတ်လို့ရပါတယ်။”

လိုင်ဇာမြို့ KIO ထိန်းချုပ်ရာပတ်ဝန်းကျင်မှာ ဒုက္ခသည်စခန်း ၄ ခုရှိပြီး ဒုက္ခသည်ဦးရေကတော့ ၁ သောင်း ၅ ထောင်နီးပါး ရှိပါတယ်။ ဒါ့အပြင် KIO ဌာနချုပ်ရှိရာ လိုင်ဇာဒေသတ၀ိုက်မှာ အစိုးရတပ်တွေဘက်က တပ်အင်အား အလုံးအရင်းနဲ့ ချထားတာရှိခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ တော်တော်များများဟာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာရှိတဲ့ တပ်စခန်းဆီ ပြန်ဆုတ်ခွာနေတာတွေ ရှိနေတယ်လို့လည်း ဦးဒွဲပီဆာ က ပြောပါတယ်။ ဘာကြောင့် ဆုတ်ခွာတယ်ဆိုတာ အတိအကျ သတင်းမရသေးပေမယ့် ထူးခြားမှုတော့ ရှိတယ်လို့ သူက အခုလို ပြောပါတယ်။

“လိုင်ဇာပတ်ဝန်းကျင်မှာ သူတို့ အင်အားထိုးထားတာလေ- ဖြည့်ထားတဲ့ အင်အားတွေပေါ့-လဲတာလားတော့ မသိဘူး။ ကားအစီး ၁၀၀ တချို့ ပြောတာတော့ ၉၉ စီး၊ ဗန်းမော်၊ မိုးမောက်ဘက်ကို ပြန်ခေါ် သွားတယ်လို့ ပြောကြတယ်။ ပြန်ဆင်း သွားတာပေါ့။ ရှေ့တန်းကနေ ပြန်ဆင်း သွားတာ။ သူတို့ ဗန်းမော်ကနေ ဖားကန့်ကို ပြန်လှည့်သလားတော့ မသိဘူး။ ဖားကန့်ဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာလည်း သတင်းတော့ မကြားဘူး။ ကောလဟာလသတင်းဆိုရင်တော့ နည်းနည်း တန်ဖိုးရှိတဲ့ ကျောက်စိမ်းရတယ်၊ တနိုင်တပိုင်လုပ်တဲ့လူတွေ တူးမိတော့ - နည်းနည်းတန်ဖိုးရှိတဲ့ ကျောက်စိမ်းရတယ်၊ ဒါကို ဗမာတပ်တွေက နေရာယူပြီးမှ လုံခြုံရေး အင်အားဖြည့်ထားတယ်ဆိုတာတော့ ဒါလောက်တော့ ကြားပါတယ်။ ဒါနဲ့ ပတ်သက်သလားတော့ မသိဘူး။”

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ ဒီစစ်ပွဲတွေ စတင်ကတည်းက ကချင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပြီး စစ်ပြေးဒုက္ခသည်ဦးရေဟာလည်း ၁ သိန်းကျော်သွားပြီ လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောဆိုထားကြပါတယ်။

Rohingya Exodus