Rohingya Eye
RB News
4.6.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် ဇန်န၀ါရီလ၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်း ကျေးရွာမှ အပြစ်မဲ့ (၈) ဦးကို ထောင်ဒဏ် (၇) နှစ်စီ ချမှတ် လိုက်ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၁၃) ရက်နေ့ ညပိုင်းနှင့် (၁၄) ရက်နေ့ နံနက်ပိုင်းတို့တွင် အာဏာပိုင်များက မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး၊ အပြစ်မဲ့ ရွာသား (၈) ဦးကို ဖမ်းဆီး၍ မေလ (၂၈) ရက်နေ့က မောင်တောမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၇) နှစ်စီချမှတ် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မတရားသဖြင့် ဖမ်းဆီး အပြစ်ပေးခံရသူများ ထဲတွင် သက်ကြီး ရွယ်အိုများလည်း ပါဝင်ပြီး၊ ကျန်းမာရေး အခြေအနေ ဆိုးရွားသူများလည်း ပါဝင်ကြောင်း သိရှိရပါသည်။ စီရင်ချက် ချမှတ်ခဲ့သည့် တရားသူကြီးက အထက် အမိန့် အရ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ တရားစီရင်ရေးတွင် အုပ်ချုပ်ရေးမှ ပါဝင်၍ ဖိအား ပေးခွင့် မရှိသော်လည်း ရိုဟင်ဂျာ လူမျိုးများကို မတရား သဖြင့် ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ရေး မူဝါဒသည် နိုင်ငံတော် အစိုးရမှ ချမှတ်ထားသည့် မူဝါဒ ဖြစ်သည့် အတွက် ယခုကဲ့သို့ အပြစ်မဲ့များကို မတရား သဖြင့် စီရင်ချက်ချရန် နိုင်ငံတော် အစိုးရမှ လမ်းညွန် ညွန်ကြားခြင်း ဖြစ်သည်။
အဆိုပါ အပြစ်မဲ့ (၈) ဦး၏ မိသားစုများမှာ အလွန်ဆင်းရဲသည့် မိသားစုများ ဖြစ်သည့် အတွက် ၎င်းတို့ အနေဖြင့် ထောင်ဝင်စာ တွေ့ရန်ပင် အလွန်ခက်ခဲလိမ့်မည် ဖြစ်ကြောင်း၊ မတရား အပြစ်ပေး ခံရသည့်သူများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း မိသားစုဝင်များက ပြောပါသည်။
မတရား ဖမ်းဆီး အပြစ်ပေးခံရသူ (၈) ဦးမှာ --

(၁) ဦးဒေါဘီလ္လာ (ဘ) ဦးနေဇာမ် (အသက် ၇၅ နှစ်)
(၂) ဦးကမာလ်အူဒင် (ဘ) ဦးနေဇာမ်အူဒင် (အသက် ၆၀ နှစ်)
(၃) ဦးရှော်မ်ရှု (ဘ) ဦးဘော်ဒီအာလမ် (အသက် ၅၀ နှစ်)
(၄) ဇိုက်အာလမ် (ဘ) ဦးအလီအာဘော်ရ် (အသက် ၂၅ နှစ်)
(၅) ဦးနူရ်မုစ်တာဖာ (ဘ) ဦးအလီဟူစိန်း (အသက် ၅၀ နှစ်)
(၆) ရော်ဖိခ် (ဘ) ဦးလာလ်မျာ (အသက် ၂၀ နှစ်)
(၇) ဦးရော်မ်အလီ (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်)
(၈) ဦးရှော်မ်ရှုအာလမ် (ဘ) ဦးဒေါရား (အသက် ၃၀ နှစ်) -- တို့ဖြစ်ပါသည်။

![]() |
| အလယ်သံကျော် မောင်တူလာရွာမှ ဦးဂျမာလ်ဟူစိန်း |
Rohingya Eye
RB News
4.6.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ယာဉ်ထိန်းရဲက ဖမ်းဆီး ရိုက်နှက် နှိပ်စက်ပြီး ငွေညှစ်ခဲ့ပြီး၊ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ တစ်ဦးထံမှ ငွေညှစ်၍ မရသည့် အတွက်ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၃၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ ဥဒေါင်း ကျေးရွာမှ ဦးဟူဆောင်းအာမတ် (ဘ) ဦးမော်တီရာမန် (အသက် ၄၀ နှစ်) သည် မောင်တောမြို့မ ဈေးကြီးမှ အပြန် ကညင်တန်းသို့ အရောက်တွင် ယာဉ်ထိန်းရဲ စခန်းမှ ရဲများက ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင် ပတ်သက်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး၊ လူမဆန်စွာ ရိုက်နှက် နှိပ်စက်ပြီး ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ငွေကျပ် နှစ်သောင်းကို ဒုရဲအုပ် အောင်ခိုင်သိန်းအား ပေးခဲ့ရကြောင်း သိရှိရပါသည်။ ယာဉ်ထိန်းရဲ၏ တာဝန်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သူများကိုသာ ဖမ်းဆီးပိုင်ခွင့် ရှိသော်လည်း၊ ဦးဟူဆောင်းအာမတ်ကို အာဏာ အလွဲသုံးစား ပြုလုပ်ပြီး ယာဉ်ထိန်းရဲများက ခြိမ်းခြောက် ရိုက်နှက် နှိပ်စက်ပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။
မေလ (၁၅) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာရွာမှ ဦးဂျမာလ်ဟူစိန်း (ဘ) ဦးနော်ဘီဟူဆောင်းကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦး တို့က လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးဂျမာလ်ဟူစိန်းကို ခြိမ်းခြောက်၍ ငွေကျပ် ၁၀ သိန်း ပေးပါမည်ဟု ခံဝန်တွင် လက်မှတ် ရေးထိုးခိုင်းခဲ့သည်။
မေလ (၂၀) ရက်နေ့ ညနေ (၄) အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဦးဂျမာလ်ဟူစိန်းကို ဆင့်ခေါ်ပြီး၊ ငွေကျပ် ၁၀ သိန်းကို အုပ်ချုပ်ရေးမှူးက တောင်းရာ ဦးဂျမာလ်ဟူစိန်း မတတ်နိုင်သည့် အတွက် ပေးရန် မလွယ်ကူဟု ဖြေကြား သဖြင့် အုပ်ချုပ်ရေးမှူးနှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦး တို့က လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ညှဉ်းပန်း နှိပ်စက် ရိုက်နှက်ခံရသူ ဦးဂျမာလ်ဟူစိန်းသည် သက်ကြီး ရွယ်အို တစ်ဦး ဖြစ်ပြီး၊ အရိုက်ခံထားရသည့် ဒဏ်ရာများမှာ ယခုထိ ပျောက်ကင်းခြင်း မရှိသေးကြောင်း ဒေသခံများက ပြောပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ အုပ်စု (၆) စုတွင် အလုပ်လက်မဲ့ မုဆိုးမ ဖြစ်နေသူများကို WFP မှ ရိက္ခာများ ဖြန့်ဝေပေးခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အချို့မှ အနှောက်အယှက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မေလ (၃၁) ရက်နေ့နှင့် ဇွန်လ (၁) ရက်နေ့များတွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ အုပ်စု (၆) စုရှိ အလုပ်လက်မဲ့ ဖြစ်ပြီး စားဝတ် နေရေး ခက်ခဲ နေသည့် မုဆိုးမများကို WFP (ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့) က ဆန်၊ဆီ၊ဆားနှင့် ပဲများကို လူမျိုး ဘာသာ မခွဲခြားဘဲ ဖြန့်ဖြူး ပေးခဲ့သည်။ ငါးခူရ ကျေးရွာ အုပ်စုရှိ WFP ဂိုဒေါင်မှ တဆင့် ဖြန့်ဖြူး ပေးခဲ့ခြင်း ဖြစ်ပြီး၊ ရဲတပ်ရင်းမှူး ရဲမှူးကြီး မိုးညို၏ လက်အောက်မှ ရဲမှူးတစ်ဦး၊ စ.ရ.ဖ နှင့် အခြားသော ဌာနများမှ WFP ၏ ဂိုဒေါင်ကို သွားရောက်၍ စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အာဏာပိုင်များက စစ်ဆေး မေးမြန်းရာတွင် ထောက်ပံ့ပေးရခြင်း အကြောင်းရင်းနှင့် ခွင့်ပြုချက် ရရှိပုံများကို မေးမြန်း ခဲ့ရာ၊ WFP မှ တာဝန်ရှိသူများက အလုပ်လက်မဲ့ ဖြစ်နေသည့် မုဆိုးမများကိုသာ ထောက်ပံ့ခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ အာဏာပိုင်များက ကျေးရွာများတွင် ဖြန့်ဖြူးနေမှုများကို ကွင်းဆင်း စစ်ဆေးခဲ့သော်လည်း၊ WFP မှ ဖြေကြားသည့် အတိုင်းသာ အလုပ်လက်မဲ့ ၀င်ငွေမရှိသည့် မုဆိုးမများကိုသာ ထောက်ပံ့နေသည်ကို လေ့လာ သိရှိသွားခဲ့ကြောင်း သိရှိရပါသည်။
သို့သော်လည်း အာဏာပိုင်များက ကျေးရွာ အုပ်စု တစ်စု အတွက် ဆန်အိတ် (၂) အိတ်စီ ပေးရမည်ဟု WFP မှ တောင်းခံ ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ WFP မှ စာရင်း ဇယား အတိအကျဖြင့် နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်နှင့် လုပ်ကိုင်နေသည့် အတွက် အာဏာပိုင်များ တောင်းခံသည့် ဆန်အိတ် (၁၂) အိတ်ကို မပေးခဲ့ကြောင်း သိရှိရပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘောက်ရှုဖွေရာ (အောင်ဇံ) ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့်၍ သတ်ဖြတ်လိုက်ကြောင်း သတင်း ရရှိပါသည်။
ဇွန်လ (၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် မြန်မာ့ တပ်မတော် တပ်ရင်း ၃၅၂ မှာ တပ်မတော်သား အချို့သည် မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘောက်ရှုဖွေရာ (အောင်ဇံ) ကျေးရွာ အုပ်စု၊ ဆာလေတောင် ကျေးရွာရှိ ဦးဇော်ကီရ် အာမတ်၏ နေအိမ်သို့ ၀င်ရောက်ခဲ့သည်။ ထို့နောက် ဦးဇော်ကီရ်အာမတ်၏ ဇနီး ဖြစ်သူ ဒေါ်အနိုဝါရ်ဘေဂမ်ကို အုပ်စုလိုက် မုဒိန်းကျင့် ခဲ့သည်။
ဒေါ်အနိုဝါရ်ဘေဂမ်သည် လူမဆန်သည့် စစ်သားများ မုဒိန်းကျင့် နေစဉ်ပင် သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ လူမဆန်သည့် စစ်သားများသည် တစ်ဦးပြီး တစ်ဦး မုဒိန်းကျင့် ခဲ့ကြပြီး၊ လေးယောက်မြောက်တွင် တိရိစ္ဆာန် သဖွယ် စစ်သားများ၏ လူမဆန်မှုကြောင့် ဒေါ်အနိုဝါရ်ဘေဂမ် သေဆုံးခဲ့ရသည်။
လွန်ခဲ့သည့် ရက်ပိုင်းကလည်း မောင်တောခရိုင်မှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၄) နယ်မြေ တာဝန်ခံ ရဲမှူး ဝေလင်းကိုနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တို့က အုပ်စုလိုက် မုဒိန်းကျင့် ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက် ပေးခြင်း မရှိခဲ့ပေ။
ဇွန်လ (၃) ရက်နေ့က ဒေါ်အနိုဝါရ်ဘေဂမ်ကို မုဒိန်းကျင့်၍ သတ်ဖြတ်လိုက်ခြင်းနှင့် ပတ်သက်၍လည်း အထက် အာဏာပိုင်များမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။
နေပြည်တော် ဗဟိုအစိုးရနှင့် စစ်တွေ ပြည်နယ် အစိုးရ တို့မှ နယ်မြေ အာဏာပိုင်များ၏ ရက်စက်မှု များကို သိရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည်မှာ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ရေး မူဝါဒသည် မြန်မာ အစိုးရ ကိုယ်တိုင် ချမှတ် ထားသည့် မူဝါဒ ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။
MYARF
RB News
3.6.2014
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ရဲတပ်သား နှစ်ဦးက ဒေသခံများထံမှ ငွေမြောက်မြားစွာကို မဟုတ်မမှန် စွပ်စွဲခြင်းများ ပြုလုပ်၍ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
ရသေ့တောင်မြို့နယ်၊ စေတီပြင် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ရဲတပ်သား ကျော်သိန်းနှင့် ရဲတပ်သား ဘစိန်တို့သည် အောက်ဖော်ပြပါ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
(၁) မေလ (၁၉) ရက်နေ့တွင် စေတီပြင် ကျေးရွာ အုပ်စု၊ နီလာမ်ဘောရ်ရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး ဖြစ်သည့် ဦးမာမတ်ရှော်ရိဖ်နှင့် ဦးဖော်ကိရ်မာမတ် တို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဦးမာမတ်ရှော်ရိဖ် ထံမှ ငွေကျပ် ခြောက်သောင်းနှင့် ဦးဖော်ကိရ်မာမတ် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။
(၂) မေလ (၂၀) ရက်နေ့တွင် စေတီပြင် ကျေးရွာ အုပ်စုမှ ဦးဘောက်ရှုမျာ (ဘ) ဦးအဘူကောရ်ကို နေအိမ် ပြုပြင်သည်ဟု စွပ်စွဲ၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့သည်။
(၃) မေလ (၂၂) ရက်နေ့တွင် စေတီပြင် ကျေးရွာ အုပ်စုမှ မော်လ၀ီ ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအဒူဆော်လာမ်ကို အမျိုးသမီး တစ်ဦးနှင့် တရားမ၀င် ပေါင်းသင်းခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် ဦးအဒူဆော်လမ် (ဘ) ဦးဇော်လာလ်အာမတ်ကို RSO နှင့် ဆက်သွယ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၁၄ သိန်း ညှစ်ယူခဲ့သည်။ မော်လ၀ီ ဦးအာတာအုလ္လာ (ဘ) ဦးနူရ်ဆော်လာမ် ကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ သွားခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။

ဆွေမွန်
3.6.2014
အပြစ်မဲ့ နိုင်ငံသား ၁၀ ဦးအား လူ ၃၀၀ ခန့်မှ လူမြင်ကွင်း အလယ်တွင် နေ့ခင်း ကြောင်တောင် အရှင် လတ်လတ် ဦးနှောက် ထွက်အောင် ရိုက်သတ် ခဲ့သော်လည်း တရားခံ မရှိသေးပါ။ မဖော်ထုတ် ပေးသေးပါ။
ကျူးလွန် ခံရသူများ ထဲတွင် သင့်ညီအကို မောင်နှမများ ပါဝင်နေပါက သင်မည်ကဲ့သို့ ခံစားရမည်နည်း။
သေဆုံးသော မိသားစုများ အတွက် မျှတမှု မည်ကဲ့သို့ ပေးကြ မည်နည်း။
၎င်းတို့၏ ကြေကွဲ ခံစားနေရမှု များအား မည်သည့် အရာဖြင့် အစားထိုး ပေးကြ မည်နည်း။
အင်မတန် ဘာသာ တရား ကိုင်းရှိုင်း ယဉ်ကျေး သိမ်မွေ့ကြသော မြန်မာ လူမျိုးတို့ နေထိုင်ရာ ဒေသဟု နိုင်ငံ တကာတွင် အမည်ကောင်း ရှိသော မြန်မာပြည်တွင် တရားခံ ဖော်ထုတ် ပေးဖို့ တောင်းဆို ပေးသော (မွတ်ဆလင်မ် မဟုတ်သော အဖွဲ့အစည်း) လုံးဝ မရှိသေးပါ။
ကျွန်တော် ဒီနေ့ ဒီသီချင်းကို ရင်ထဲကသာ (အသံမထွက်ရဲဘဲ) တီးတိုး ဆိုနေမိပါသည်။
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ၊ တို့ပြည်...တို့မြေ...
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်....တို့မြေ...
"များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်....တို့မြေ..."
ကျွန်တော့် မျက်ရည်တွေ ပါးပြင်မှာ စီးကျနေဆဲပါ။
မျှတမှုကို ရှာပေးကြပါ.....
RB News
3.6.2014
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တပ်ရင်း (၅၃၅) မှ ဗိုလ်ကြီး တစ်ဦးတို့က ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၃၁) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) မှ ဒုရဲအုပ် လင်းဇော်လှသည် အိမ်ဆောက်ရန် သစ်များ သယ်ဆောင် လာသည့် ဇီးပင်ချောင်း ကျေးရွာ အုပ်စု အလယ်ရွာမှ ဦးဟိုက်ရုဘော်ရှော်ရ် (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၃၂ နှစ်) ကို လမ်းခုလတ်မှ တား၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။ ဦးဟိုက်ရုဘော်ရှော်ရ်သည် အိမ်ဆောက်ရန် မြို့နယ် အုပ်ချုပ်ရေးရုံးမှ တရားဝင် ခွင့်ပြုချက် ရရှိထားပြီး၊ နေအိမ်အတွက် သစ်များ သယ်ဆောင် လာစဉ် လမ်းခုလတ်တွင် ဒုရဲအုပ် လင်းဇော်လှက လမ်းခွန် ပေးရမည်ဟု ဆိုကာ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ လမ်းခွန် ပေးရန် မလိုအပ်သော်လည်း အာဏာ အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်သည့် ဒုရဲအုပ် လင်းဇော်လှက “ဒီလမ်းကို မင်းတို့ ဖောက်တာ မဟုတ်ဘူး။ အဲဒီအတွက် ငါ့ကို လမ်းခွန် ပေးရမယ်” ဟု ပြောကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အဆိုပါ ဒုရဲအုပ် လင်းဇော်လှသည် မေလ (၃၁) ရက်နေ့တွင်ပင် အောင်စစ်ပြင် ကျေးရွာ အုပ်စု ကြက်ကျိန်းရွာမှ အာနီဆုလ်မုစ်တာဖာ (ဘ) ဦးကာလာမျာ (အသက် ၂၂ နှစ်) ထံမှလည်း ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။ အာနီဆုလ် မုစ်တာဖာသည် ၀ါးများကို ၀ါးရောင်းခွင့် ကိုယ်စားလှယ် ရထားသူများထံမှ ၀ယ်ယူ၍ ကားဖြင့် သယ်ဆောင်ပြီး ကျေးရွာများတွင် သွားရောက်၍ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ ဒုရဲအုပ် လင်းဇော်လှက ၀ါးများကို ကားပေါ်တင်၍ ရောင်းချခွင့် မရှိဟု ယုတ္တိ မရှိသည့် စကားပြော၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မေလ (၂၃) ရက်နေ့တွင် တပ်ရင်း (၅၃၅) မှ ဗိုလ်ကြီး ဇာနည်အောင်သည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု ချောင်းကုလားရွာမှ ဦးအလီဂျိုဟာရ် (ဘ) ဦးအိုဘိုင်ဒူလ်ဟောက် (အသက် ၄၈ နှစ်) ကို ခြံအတွင်းမှ အမှိုက်များ မီးရှို့သည်ကို အကြောင်းပြ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
![]() |
| ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲထည့်နေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
ထက်နိုင်ဇော်
3.6.2014
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပါအ၀င် ရွေးကောက်ပွဲ အားလုံးတွင် အမျိုးသား လွတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ မဲအချိုးကျ ကိုယ်စားပြု (Proportional Representative – PR) စနစ်ကို ကျင့်သုံးရန် အမျိုးသား လွှတ်တော်တွင် လက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လာမည့် မည်သည့် ပါတီစုံ ရွေးကောက်ပွဲများတွင် မဆို အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူလိုက်ခြင်း ဖြစ်သည်။
မဲအချိုးကျ ကိုယ်စားပြု (PR) စနစ်ဆိုသည်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံး ရရှိသူက အနိုင်ရရှိသည့် ပုံစံမဟုတ်ဘဲ ထောက်ခံမဲ အချိုးကျအပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် ရရှိသည့်ပုံစံ ဖြစ်သည်။
ပါတီစုံ ဒီမိုကရေစီ စနစ် မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ရန်နှင့် ပြည်သူလူထု၏ ဆန္ဒအများစု လွှတ်တော်အတွင်းသို့ ရောက်ရှိရန် မဲအချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် လွှတ်တော်သို့ တိုက်တွန်းရခြင်း ဖြစ်ကြောင်း၊ ယင်း PR စနစ်ကို လွယ်လွယ်ကူကူ ကျင့်သုံးနိုင်ရန် အမျိုးသားလွှတ်တော်အတွက် တင်သွင်းရခြင်း ဖြစ်ကြောင်း ယင်းအဆို တင်သွင်းခဲ့သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဧရာဝတီသို့ ပြောသည်။
“ပါတီစုံ ဒီမိုကရေစီ ဖြစ်ဖို့အတွက် PR ကို တင်တာ။ အခု ပါတီက ၆၅ ခု တောင် ရှိနေပြီ။ သို့သော်လည်း နိုင်သူ အကုန်ယူ စနစ်သာ လုပ်မယ်ဆိုရင်တော့ မဲ ၅၁ ရာခိုင်နှုန်း ရရင် နိုင်တဲ့သူက နိုင်သွားပြီးတော့ ကျန်တဲ့ ၄၉ ရာခိုင်နှုန်း မဲတွေက Waste ဖြစ်သွားလိမ့်မယ်။ ကျန်တဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေက အလကား ဖြစ်သွားမယ်။ အပယ်ခံ ဖြစ်သွားမယ်။ အချိုးချ စနစ်လုပ်ရင် ပြည်သူလူထုရဲ့ ဆန္ဒ ၉၅ ရာခိုင်နှုန်းလောက်က လွှတ်တော်ထဲကို ရောက်သွားမှာ။ အဲဒါကြောင့် PR စနစ်ကို လုပ်နေတာ” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ အဆိုကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံမဲပေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ NLD က ကိုသိမ်းဆွေကို ကန့်ကွက်ဖို့ တာဝန်ပေးလိုက်တယ်လေ။ ကန့်ကွက်ဖို့ ပြောချင်တာကို ပြောခွင့် မပေးဘူး။ အဲဒါနဲ့ မဲခွဲမယ်ဆိုပြီး ခွဲလိုက်တော့ သူတို့က ၁၆၅ မဲ လို့ သိရတယ်။ ထောက်ခံတဲ့သူကို ရေတွက်ရမှာ အကုန်လုံးနီးပါးက ထပြီး ထောက်ခံလိုက်တော့ အများစု ဖြစ်သွားတာပေါ့။ ကျနော်တို့က လွှတ်တော်ထဲမှာ လူနည်းစု ဆိုတော့ ဘာမှ လုပ်မရဘူး။ တိုင်ရင်းသား တချို့တောင် ထပြီး ထောက်ခံတယ်။ ကြံ့ခိုင်ရေးနဲ့ စစ်တပ်က လူတွေ အားလုံးက ထောက်ခံကြတယ်” ဟု ဒေါက်တာမြင့်နိုင်က ဆိုသည်။
PR စနစ်ကို လွှတ်တော်တွင် စတင်ဆွေးနွေပါက ကန့်ကွက် ဆွေးနွေးသွားရန်ရှိပြီး PR စနစ်ကို ထောက်ခံသော တိုင်းရင်းသား များမှာလည်း အာဏာရ ကြံ့ခိုင်ရေးပါတီမှ တိုင်းရင်းသား အမတ်များသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။
PR စနစ်ကို ကန့်ကွက်သော အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုရင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျ စနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလို ဖြစ်လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ် ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာတာကို ကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ် တွင်သွားတယ်။ အခုဒီက ဒီမိုကရေစီ စနစ်က အပင်ပေါက်လေး ပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုးတော့ အဖြစ်မခံနိုင်ဘူး” ဟု ပြောသည်။
PR စနစ်ကျင့်သုံးရန် ထောက်ခံသော ပါတီများမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်ပြီး ကန့်ကွက်နေသော ပါတီများမှာ အတိုက်အခံ အင်အားကြီးပါတီဖြစ်သည့် NLD နှင့် တိုင်းရင်းသား ပါတီ တချို့တို့ ဖြစ်သည်။

ရိုဘားမား
RB News
3.6.2014
ဝေ့ အေမှာ အောက်သား စကား မပြောကေ့ … ရခိုင်ကို အလည်တစ်ခေါက် ရောက်စဉ်က ဗမာ စကား ပြောမိလို့ သတိပေးခံရဖူးတဲ့ စကား တစ်ခွန်းပေါ့ဗျာ။ နှစ်တွေ အတန်ကြာသွားပေမယ့် နားထဲမှာ စွဲနေတုန်းပဲ။ အောက်သားဆိုတဲ့ စကားလုံးကို သေချာ နားလည်ဖို့ လေ့လာခဲ့ရတော့ ဒီအကြောင်းအရာကို အခုထိ သတိရနေတုန်းပါ။
ရိုဟင်ဂျာကို တိုက်ဖို့ ရခိုင်တွေက အောက်သားနဲ့ ပေါင်းပြီး တစ်သားတည်းလို့ ကြွေးကြော်နေပေမယ့် … တကယ်တော့ ရခိုင်တွေက အောက်သားတွေကို ရိုဟင်ဂျာထက် ပိုမုန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရခိုင်တွေက ရိုဟင်ဂျာကို အလွန်ကို မုန်းတီးတယ်လို့ ဆိုပေမယ့်လည်း ရိုဟင်ဂျာ စကားကို နားထောင်လို့ ရတဲ့ အပြင် ပီပီသသနဲ့ လိုက်ပြောဖို့ ကြိုးစားရင်းနဲ့ ရိုဟင်ဂျာ စကား ပီပီသသ ပြောတတ်တဲ့ ရခိုင်တွေ အများကြီး၊ ဒါပေမယ့် ဗမာစကား (သူတို့ အခေါ် အောက်သား စကား) ကိုတော့ နားထောင်လို့တောင် မရကြဘူး၊ အဲဒီလောက်တောင် မုန်းကြတယ်။ အဲဒီမှာတင် အမုန်းချင်း ယှဉ်ရင်တောင် အောက်သားကို ပိုမုန်းတယ် ဆိုတာ အထင်အရှားပါပဲ။ အင်္ဂလိပ်ကို မောင်းထုတ်ဖို့ ဂျပန်နဲ့ ပေါင်းဆိုတဲ့ ခေတ်ဟောင်း သီအိုရီကို ရခိုင်တွေ ပြန်သုံးနေတယ် ဆိုရင် မမှားပါဘူး။ ၁၇၈၄ ခုနှစ် ကတည်းက ဗမာ့ကျွန် (သူတို့ အခေါ် အောက်သား) ဘ၀ရောက်ခဲ့ရတယ်၊ ဗမာ ကိုလိုနီ လက်အောက်မှာ နေနေရတယ် ဆိုတဲ့ အတွေးတွေနဲ့ နားကျည်း မုန်းတီးမှုတွေကို ရှေ့တန်းတင်ပြီး ဂလဲ့စားချေဖို့ မွတ်စလင် တိုက်ခိုက်ရေးကို အကြောင်းပြပြီး ပြည်မရဲ့ အနယ်နယ် အရပ်ရပ်မှာ ပုန်းအောင်းပြီး ဇတ်လမ်းတွေ တဖြေးဖြေးစမယ် ဆိုတာမျိုး လှိုင်သာယာမှာ လုပ်သွားလေသလား?
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်း တစ်ပုဒ်ပါ။ ဇွန်လ (၂) ရက်နေ့ မနက် ၁၀ နာရီမှာ လှိုင်သာယာ မြို့နယ် အမှတ် (၂၀) ရပ်ကွက်က နာရေး တစ်ခုက မုန့်ဟင်းခါး ဟင်းအိုး သယ်လာတဲ့ ကိုသန်းလွင်က ရခိုင် (ခ) ကျော်အောင်သန်းကို မတော်မဆ တိုက်မိပါတယ်။ အဲဒါကို နေ့လည် (၂) နာရီမှာ ရခိုင် (ခ) ကျော်အောင်သန်းက အရက်ဆိုင်မှာ ကိုသန်းလွင်ကိုတွေ့တော့ ဘီယာပုလင်းနဲ့ ရိုက်ဖို့ ကြိုးစားတယ်။ ဆိုင်ရှင်က ဖျန်ဖြေပေးတော့ ကိုသန်းလွင်က အရက်ဆိုင် ကနေ ရှောင်ပေးလိုက်တယ်။ မတော်မဆ တိုက်မိတာကို မကျေနပ်နိုင် ဖြစ်နေတဲ့ ရခိုင် (ခ) ကျော်အောင်သန်းက နောက်ကနေ လိုက်သွားပြီး အသွား (၁၀) လက်မရှိတဲ့ ၀က်အူလှည့်နဲ့ ထိုးလိုက်တာ ကိုသန်းလွင်ခမျာ လှိုင်သာယာ ဆေးရုံကို ပို့နေတုန်းမှာပဲ သေဆုံး သွားရလေတယ်။ (သတင်း အပြည့်အစုံ - http://on.fb.me/1udHd2p)
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းကို ဖတ်ရတော့ ကျွန်တော် သတိရမိတာက အောက်သားတွေ အပေါ် ရခိုင်တွေရဲ့ နားကျည်ချက်၊ မုန်းတီးမှုတွေပါပဲ။ နှစ်ပေါင်း ၂၀၀ ကျော်က အငြိုးအတေးတွေကို ကြုံရာနေရာမှာ ဂလဲ့စားချေမယ်ဆိုပြီး လှိုင်သာယာမှာ လုပ်သွားလေသလား? တကယ်တော့ ပြဿနာထဲ ပါဝင်သူနှစ်ဦး စလုံးက ဗုဒ္ဓဘာသာဝင်တွေပါ။ အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်နဲ့ပေါင်း၊ ပြီးတော့ ဂျပန်ကိုတိုက်ဆိုတဲ့ ခေတ်ဟောင်း သီအိုရီကို အမှတ်ရ ကြမယ်ဆိုရင်ဖြင့် …
(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်)
Rohingya Eye
RB News
2.6.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အတွက် ဒေသခံများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဦးနူရ်ဟာရှိမ်သည် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဒင်က ငွေရှာပေးရန် ပြောထားသည့် အတွက် ဒေသခံများကို အကြောင်း အမျိုးမျိုး ရှာ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
(၁) မေလ (၃၀) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဦးအဒူလ္လာ (ဘ) ဦးဘာဆာမျာ (အသက် ၃၃ နှစ်) ကို လက်ထပ် ထိမ်းမြားခွင့် အတွက် ခွင့်ပြုချက် မယူဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၉၀၀၀၀/- ညှစ်ယူခဲ့သည်။ ဦးအဒူလ္လာသည် မည်သည့် အခါကမှ လက်ထပ်ထိမ်းမြား ခဲ့ခြင်း မရှိသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဒင်မှ ညှဉ်းပန်း နှိပ်စက်မည်ကို ကြောက်၍ အုပ်ချုပ်ရေးမှူး ညှစ်သည့်ငွေကို ပေးခဲ့ရသည်။
(၂) မေလ (၂၉) ရက်နေ့တွင် ဦးအာမီးန်အုလ္လာ (ဘ) ဦးဖေရုစ်ခန် (အသက် ၆၅) ၏ သားဖြစ်သူမှ ဇနီးနှင့် နှစ်ဦးသဘောတူ ကွာရှင်းသည်ကို အကြောင်းပြ၍ အုပ်ချုပ်ရေးမှူးက ဦးအာမီးန်အုလ္လာ ထံမှ ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူခဲ့သည်။
(၃) မေလ (၂၃) ရက်နေ့တွင် ကိုမောန်ဆူးရ် (ဘ) ဦးမာမတ်ဆိဒိတ် (အသက် ၂၅ နှစ်) ကို ခြံထဲရှိ သစ်ပင်ကြီး တစ်ပင်ကို ခွင့်ပြုချက် မယူဘဲ ခုတ်သည်ဟု အကြောင်းပြ၍ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၃၀၀၀၀/- ညှစ်ယူခဲ့သည်။
(၄) မေလ (၂၀) ရက်နေ့တွင် ဦးမောဂုလ်အာမတ် (ဘ) ဦးအေဇာရ် (အသက် ၇၀ နှစ်) သည် ဆိုင်ကယ် မောင်းနှင် နေစဉ် လူတစ်ဦးကို တိုက်မိခဲ့ပြီး၊ တိုက်ခံရသူကို လျော်ကြေး ပေးရန် မလိုအပ်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက ဆိုင်ကယ် တိုက်မှုကို အကြောင်းပြ၍ ဦးမောဂုလ်အာမတ် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည်။
ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခဲ့သည့် ငွေများမှာ ဒုရဲအုပ် အောင်ဒင် အတွက်ဖြစ်ပြီး၊ ဒေသခံ ရွာသားများက ယခုကဲ့သို့ မတရား သဖြင့် ငွေညှစ်ခြင်း အတွက် မကျေမနပ် ဖြစ်နေသော်လည်း အာဏာကို အလွဲသုံးစား ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက်မည်ကို စိုးရွံ၍ နှုတ်ဆိတ် နေရသည်ဟု ဆိုသည်။ ပွင့်ဖြူချောင်းတွင် လူဦးရေ နည်းပါးပြီး၊ ဆင်းရဲသည့် ရွာတစ်ရွာ ဖြစ်သည်။ ရွာသား အများစုမှာ ကျပန်း အလုပ်သမား ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
2.6.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒေသခံ ရိုဟင်ဂျာများ၏ ထင်းများကို မတရား သိမ်းယူခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၃၀) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဒေသခံ ရိုဟင်ဂျာ (၇) ဦးထံမှ ထင်းစည်း ၂၀၀ စည်းကို မတရား သိမ်းယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဒေသခံ (၇) ဦးသည် ထင်းများကို တောင်မှ ခုတ်ယူလာခဲ့ခြင်း ဖြစ်ပြီး၊ ထင်းစည်း တစ်စည်း၏ တန်ဖိုးမှာ ကျပ် တစ်ထောင် ရှိသည့် အတွက် စုစုပေါင်း ငွေကျပ် နှစ်သိန်းဖိုး ဆုံးရှုံးခဲ့ရသည်။
ထင်းစည်းများ သိမ်းဆည်းခံရသည့် ပိုင်ရှင် (၇) ဦးမှာ --
(၁) မော်လ၀ီ ဦးအနိုဝါရ် (ဘ) ဦးအာဘူရှော်မာ (အသက် ၃၅ နှစ်)
(၂) ကိုဟာဆောင် (ဘ) ဦးရှုနာအလီ (အသက် ၂၀ နှစ်)
(၃) ဦးမာမတ် (ဘ) ဦးဖေရန်အလီ (အသက် ၄၂ နှစ်)
(၄) ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးရှော်မုလုခ် (အသက် ၃၅ နှစ်)
(၅) ဦးဆော်လီမုလ္လာ (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၃၂ နှစ်)
(၆) ဦးအာမန်အုလ္လာ (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၅၀ နှစ်)
(၇) ဦးနူရ်မာမတ် (ဘ) ဦးဇော်ဖောရ် (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။
အလားတူ မေလ (၃၀) ရက်နေ့တွင်ပင် ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးဖော်ယာစ် (အသက် ၃၃ နှစ်) ကို နေအိမ် ပြုပြင် ခဲ့သည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။
မေလ (၂၉) ရက်နေ့ကလည်း ကော်ဘိရ်အာမတ် (ဘ) ဦးမုစ်တာအာမတ် (အသက် ၂၇ နှစ်) ကို ဘင်္ဂလားဖုန်း ကိုင်ဆောင်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု မြောက်ရွာမှ ရပ်မိရပ်ဖများကို အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုက မဟုတ်မမှန် စွပ်စွဲ၍ စစ်ဆေးပြီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မေလ (၂၃) ရက်နေ့ ညနေပိုင်းတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု၊ မြောက်ရွာမှ ရပ်မိရပ်ဖ (၄၀) ဦးသည် ကျေးရွာ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ ထိုကဲ့သို့ အစည်းအဝေး ကျင်းပနေသည်ကို ရဲမှူး ဝေလင်းကို၏ တပည့် ဖြစ်သူ ဦးမောင်မောင်က ဦးဟိုက်ရုဘော်ရှော်ရ်နှင့် အပေါင်းအပါ တို့သည် RSO သင်တန်း ပေးရန်နှင့် တဖက်နိုင်ငံမှ လက်နက်များ ၀ယ်ယူရန် စည်းဝေးနေသည်ဟု ရဲမှူး ဝေလင်းကိုထံ မဟုတ်မမှန် သတင်းပို့ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့နောက် မေလ (၂၄) ရက်နေ့ ည (၁၀) နာရီ အချိန်တွင် ရဲမှူး ဝေလင်းကို၏ တပည့် ဦးမောင်မောင်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၅) ဦးတို့က ရပ်မိရပ်ဖ (၈) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ရပ်မိရပ်ဖ (၈) ဦးကို ရဲမှူး ဝေလင်းကိုက နိုင်ငံတော် ဆန့်ကျင်ရေးများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး၊ အကယ်၍ ဦးမောင်မောင် သတင်းပို့သည့် အတိုင်း ပေါ်လွင်ပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါသည်။ ရပ်မိရပ်ဖ (၈) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ရဲမှူး ဝေလင်းကိုက ဦးဟိုက်ရုဘော်ရှော်ရ် ထံမှ ငွေကျပ် ငါးသိန်း တောင်းထားသည်ဟု ဆိုသည်။
ဖမ်းဆီး စစ်ဆေးခံရသူ များမှာ --
(၁) ဦးဟိုက်ရုဘော်ရှော်ရ် (ဘ) ဦးအဒူရှကူရ် (အသက် ၄၅ နှစ်)
(၂) မော်လ၀ီ ဦးအာရော်ဖ်အုလ္လာ (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၄၀ နှစ်)
(၃) မော်လ၀ီ ဦးအီနုစ် (ဘ) ဦးနော်ဘီအုလ္လာ (အသက် ၃၅ နှစ်)
(၄) ဦးအော်လီအာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၄၀ နှစ်)
(၅) ဦးဆူလူး (ဘ) ဦးဖော်ဇော်ကရီးမ် (အသက် ၅၀ နှစ်)
(၆) ဦးဇူဘိုင်ရ် (ဘ) ဦးလာလ်မျာ (အသက် ၃၂ နှစ်)
(၇) ဦးနူရ်ဘော်ရှော် (ဘ) ဦးအဒူရှကူရ် (အသက် ၅၀ နှစ်)
(၈) ဦးမူဖီဇူလ္လာ (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၃၇ နှစ်) -- တို့ဖြစ်သည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျင်းပသည့် လစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေးတွင် ရဲမှူးချုပ် တင်ကိုကိုက ရှောင်တခင် အိမ်ထောင်စု လူဦးရေ စစ်ဆေးမှု ပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်တွင် လစဉ် ကျင်းပသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေးကို ဇွန်လ (၁) ရက်နေ့ နေ့လည် ၁၂ နာရီမှ ၃ နာရီထိ သီရိမင်္ဂလာ ခန်းမတွင် ကျင်းပခဲ့ရာ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့နှင့် အတူ အမှတ် (၁) နယ်ခြားစောင့်တပ်ဖွဲ့ ကွပ်ကွဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုလည်း တက်ရောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အစည်းအဝေးတွင် ရဲမှူးချုပ် တင်ကိုကိုက မောင်တောခရိုင်၏ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူ ဆောင်ရွက် ပေးနေကြောင်း၊ နယ်မြေ တည်ငြိမ် အေးချမ်းရန် အရေးကြီးကြောင်း၊ တည်ငြိမ် အေးချမ်းမှ ဤဒေသ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ ကောလဟလများ မပြန့်ပွားရန် အရေးကြီးကြောင်းတို့ ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် ဇွန်လ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့ အတွင်း ရှောင်တခင် အိမ်ထောင်စု လူဦးရေ စာရင်း စစ်ဆေးခြင်း ခေါင်းစဉ်ဖြင့် တစ်အိမ်တက်ဆင်း ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ရဲမှူးချုပ် တင်ကိုကို၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဒေသခံများက စိုးရိမ် ကြောင့်ကြ လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“လူဦးရေ စစ်တဲ့ အလုပ်ကို အရင်က န.စ.က လုပ်ခဲ့တာ၊ တကယ်တော့ ဒီအလုပ်က လ.၀.က ရဲ့အလုပ်ဖြစ်ပါတယ်။ အရင် န.စ.က တုန်းလို ဓါတ်ပုံမရိုက်ဘူး လို့တော့ ရဲမှူးချုပ် တင်ကိုကိုက ပြောပါတယ်။ ဒါပေမယ့် န.စ.က ရဲ့ နှိပ်စက်ခြင်း ပေါင်းစုံကို ခံစားလာရတဲ့ ကျွန်တော်တို့ ဒေသခံတွေ ကတော့ န.စ.က နေရာမှာ အစားထိုးထားတဲ့ နယ်ခြားစောင့်တပ်က လူဦးရေ စစ်မယ်ဆိုတာကို တော်တော်လေး စိုးရိမ်နေတယ်။ န.စ.က ကိုဖျက်သိမ်း လိုက်ပေမယ့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကလည်း န.စ.က နဲ့ အမည်ကွဲလိုသာ ဖြစ်နေတယ်။ ညှဉ်းပန်း နှိပ်စက်တဲ့ နေရာမှာ အတူတူဘဲ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
“ကျွန်တော်တို့ အနေနဲ့ တန်းတူ ရည်တူ အုပ်ချုပ်တာကိုဘဲ လိုချင်တယ်။ တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ လူမျိုးကိုဘဲ သီးသန့် ခွဲခြား အုပ်ချုပ်နေတယ်။ အရင် စစ်အစိုးရ လက်ထက်ကလည်း ဒီအတိုင်းဘဲ။ အခု ဒီမိုကရေစီ အစိုးရ တက်လာတော့ ပိုတောင် ဆိုးသွား သလိုပါဘဲ။ ကျွန်တော်တို့ကို လူမှုရေး၊ စီးပွားရေး၊ သွားလာရေး၊ ပညာရေးနဲ့ အခြေခံ လူ့အခွင့် အရေးတွေ အားလုံး ပိတ်ပင်ထားတာ နှစ်ပေါင်း ၄၀ နီးပါး ရှိနေပြီ။ လ.၀.က ရဲ့ အလုပ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က အရင် န.စ.က လို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မယ် ဆိုရင်တော့ ကျွန်တော်တို့ လုံးဝ လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော်တို့က တိုင်းပြည်ကို အကျိုးပြုဖို့ဘဲ အမြဲစဉ်းစားတယ်။ အစိုးရ အနေနဲ့ ငါတို့မှာ အာဏာ ရှိတယ်ဆိုပြီး လုပ်ချင်တိုင်း လုပ်တာကို ရပ်သင့်ပါပြီ” ၎င်းက ဆက်လက် ပြောပါသည်။

1.6.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ပြင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးသည် နယ်မြေ ကျော်၍ ဖုံညိုလိပ် ကျေးရွာသို့ သွားပြီး ဒေသခံ ရိုဟင်ဂျာများကို ရမ်းကား ဆဲဆို ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယမန်နေ့ (ဇွန်လ ၁) ညပိုင်း အချိန်တွင် ဘူးသီးတောင် မြို့နယ် သရက်ပြင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်သည် ၎င်းအုပ်ချုပ်ရသည့် ကျေးရွာအုပ်စုကို ကျော်၍ ဖုံညိုလိပ် ကျေးရွာ အုပ်စုသို့ ရောက်ရှိလာပြီး၊ ဒေသခံ ရိုဟင်ဂျာမျာကို မတော်မတရား ဆဲဆိုခြင်း၊ လူမျိုးရေး ပြဿနာရှာခြင်း၊ ရိုဟင်ဂျာ ရွာသားများကို စိန်ခေါ်ခြင်းနှင့် ရွာကို မီးရှို့ပစ်မည်ဟု ဆိုကာ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရွာသားများက ၎င်းတို့ရွာ အုပ်ချုပ်ရေးမှူး ဦးလှမောင်တင်ကို ခေါ်လာပြီး ထိုကဲ့သို့ ရမ်းကားနေသည်ကို ပြသခဲ့သည်။ သို့သော်လည်း ဦးလှမောင်တင်၏ ရှေ့မှောက်တွင်လည်း သရက်ပြင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က လူမဆန်စွာ ဆဲဆို ရမ်းကားမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ရခိုင်လူမျိုး တစ်ဦး ဖြစ်သည့် ဦးမောင်သန်းလှိုင် (ဘ) ဦးမောင်ရွှေက သရက်ပြင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်ကို ဆိုင်ကယ်ဖြင့် တင်၍ ခေါ်ထုတ်သွားခဲ့ကြောင်း သိရှိရပါသည်။
ဖုံညိုလိပ် ကျေးရွာ အုပ်စုမှ ဒေသခံ ရွာသား အများစုမှာ သရက်ပြင် ကျေးရွာတွင် လယ်ယာမြေ လုပ်ငန်း လုပ်ကိုင်ခြင်း၊ နွားကျောင်းခြင်းနှင့် တောင်ယာ စိုက်ခင်းလုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။ အဆိုပါ ရွာသားများမှာ သရက်ပြင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်၏ ရမ်းကားမှုကြောင့် သရက်ပြင်ရွာသို့ သွားရောက်၍ အလုပ်လုပ်လျှင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်လျက် ရှိကြသည်။
လွန်ခဲ့သည့် ရက်ပိုင်းက သရက်ပြင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်မှ ဒေသခံ ရွာသား အချို့ကို ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်ခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ သရက်ပြင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်၏ စော်ကား ဆဲဆို ရမ်းကားမှုများကို ဒေသခံ ရွာသားများ သည်းခံနေကြသော်လည်း သည်းခံနိုင်စွမ်း ကုန်လျှင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။
Rohingya Eye
RB News
31.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တောရဲစခန်း အချုပ်ခန်းတွင်းရှိ အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ရရန် ငွေကြေးများ ပေးနေရသလို၊ အချုပ်ခန်းတွင်း ညှဉ်းပန်း နှိပ်စက်မှုများ မပြုလုပ်ရန် ငွေပေးနေရကြောင်း သတင်း ရရှိပါသည်။
မောင်တောခရိုင်သို့ ဒု-ရဲမှူးကြီး ရွှေသန်း ပြောင်းရွှေ့လာသည့် အချိန်မှစ၍ မောင်တောမြို့ရှိ မောင်တော ရဲစခန်းရှိ အချုပ်ခန်းတွင် ချုပ်နှောင် ခံထားရသည့် အကျဉ်းသားများကို မိသားစုများက တွေ့ဆုံလိုလျှင် ငွေကြေး မြောက်မြားစွာ ကုန်ကျခံပြီးမှသာ တွေ့ဆုံခွင့် ရလျက် ရှိသည်။
အကျဉ်းသား တစ်ဦးကို မိသားစုဝင် တစ်ဦးက တွေ့ဆုံလိုလျှင် ဂိတ်ဝင်ကြေး အဖြစ် ငွေကျပ် ၁၀၀၀/- ပေးရသည့် အပြင် တွေ့ဆုံခွင့် အတွက် ငွေကျပ် ၁၀၀၀/- ပေးရသည်။ အစားအသောက် တစ်ကြိမ် ပို့လျှင်လည်း တစ်ကြိမ် အတွက် ငွေကျပ် ၂၀၀ စီပေးနေရပြီး၊ နံနက်စာ၊ နေ့လည်စာနှင့် ညနေစာ ပို့သူများမှာ နေ့စဉ် ၆၀၀/- ကျပ် ကုန်ကျလျက်ရှိသည်။ ထိုကဲ့သို့ ငွေကြေးများ ပေးနေရသည်မှာ ငွေကြေး တတ်နိုင်သူများ အတွက် ပြဿနာ မဟုတ်သော်လည်း ဆင်းရဲ နွမ်းပါးသည့် မိသားစုများမှာ ထိုကဲ့သို့ ပေးနေရခြင်း အတွက် အစားအသောက်များ ပို့နိုင်ခြင်း မရှိဟု ဒေသခံများက RB News သို့ပြောပါသည်။
ဆင်းရဲနွမ်းပါးသည့် အကျဉ်းသားများမှာ အချုပ်ခန်းမှ ကျွေးသည့် အစားအသောက်များကိုသာ စားသောက်နေရပြီး၊ အဆိုပါ အစားအသောက်များမှာ သန့်ရှင်းမှု မရှိသလို၊ ၀အောင်ကျွေးမွေးခြင်းလည်း မရှိပေ။ အချုပ်ခန်းတွင် အချိန်ကြာ နေရသူများမှာ နဂိုမူလ ပုံသဏ္ဍန် မရှိတော့ဘဲ ခန္ဓာကိုယ် ပိန်ချုံး လာနေကြသည်။ အလွန်သေးငယ်သည့် အချုပ်ခန်းတွင် ညစ်ပတ် နေသည့်အတွက် ညပိုင်းတွင် ခြင်ကိုက်သည့်ဒဏ်ကို အကျဉ်းသားများ အလူးအလဲ ခံစားနေရပြီး၊ အချုပ်ခန်းမှ ထွက်လာသည့် အချိန်တွင် ရောဂါစွဲကပ် လာကြသည်။
မောင်တောမြို့နယ် ၃ မိုင် ဝေသာလီ န.တ.လ ရွာမှ လက်နက်များနှင့် WY မူးယစ်ဆေးဝါး များဖြင့် ဖမ်းဆီးခံရသူ ဦးသန်းမောင်သည် အချုပ်ခန်းတွင်းသို့ ဘင်္ဂလား မိုဘိုင်းဖုန်း သွင်းသည့် အတွက်ဟုဆိုတာ မေလ (၂၅) ရက်နေ့မှ စ၍ အချုပ်ခန်းတွင်းသို့ ပစ္စည်းများ သွင်းခွင့် ပိတ်ပင်လိုက်သောကြောင့် အကျဉ်းသားများ အတွက် အစားအသောက်များ ပို့ခွင့် ပိတ်ပင်ထားခံရကြောင်း ဒေသခံများက ဆိုသည်။ ယခင်က ငွေကြေးကုန်ကျခံပြီး အစားအသောက်များ ပို့ခွင့် ရခဲ့သော်လည်း ယခုအခါ ပိတ်ပင်ထားခံရသည့် အတွက် အကျဉ်းသားများ၏ စားသောက်ရေး အတွက် မိသားစုများ စိုးရိမ်ပူပန်လျက် ရှိကြသည်။
နယ်ထိန်း အဖွဲ့ဝင် ရဲတပ်ကြပ်ကြီး စံလှအောင်က အကျဉ်းသားများကို လူမဆန်စွာ ရိုက်နှက် နှိပ်စက်မှု အမျိုးမျိုး ပြုလုပ်လျက် ရှိပြီး၊ ၎င်းကို ငွေကျပ် နှစ်သောင်းမှ လေးသောင်း အထိ ပေးမှသာ ရိုက်နှက်မှုများကို ရပ်တန့်လျက် ရှိသည်။ တပ်ကြပ်ကြီး စံလှအောင်သည် ရိုဟင်ဂျာ အကျဉ်းသားများကို ရိုက်နှက် နှိပ်စက်၍ စီးပွားရှာလျက် ရှိပြီး၊ ကညင်တန်းရွာမှ ဦးမိုဟာမတ်အီနုစ် (ဘ) ဦးမိုဟာမတ်ဟာရှင်မ် (အသက် ၃၀ နှစ်) သေဆုံးသွား ရခြင်းမှာလည်း အဆိုပါ တပ်ကြပ်ကြီး၏ လူမဆန်စွာ ရိုက်နှက် နှိပ်စက်မှုကြောင့် ဖြစ်ကြောင်း သေဆုံးသူ၏ အလောင်းကို ရင်ခွဲ စစ်ဆေးပြီးနောက်တွင် သိရှိခဲ့ရကြောင်း မိသားစုဝင်များက ဆိုသည်။ အမှတ် (၃) ရပ်ကွက် ရှီဒါရွာမှ ဦးမာမတ်ဒေါလာလ် (ဘ) ဦးမာမတ်ဖူရုခ် (အသက် ၅၀) ၏ ခြေထောက် အဆစ်များ ပျက်စီး သွားရခြင်းမှာလည်း အဆိုပါ တပ်ကြပ်ကြီး၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
Rohingya Eye
RB News
31.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ခမောက်ဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံတို့ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို လုပ်ကြံ၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ခမောက်ဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးစိုးနိုင် တို့သည် အခြား ကျေးရွာများသို့ သွားရောက်၍ အလုပ်လုပ်သည့် ရွာသားများ၊ အလည် အပတ်သွားသည့် ရွာသားများကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ လုပ်ကြံပြီး အတင်းအဓမ္မ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
မေလ (၂၅) ရက်နေ့က ငွေညှစ်ခံရသူများ --
(၁) မာမတ်အီဆုပ် (ဘ) ဦးမီးရ်အာမတ် (အသက် ၂၇ နှစ်) - မီးဇာလီရွာမှ - ညှစ်ခံရသည့်ငွေကျပ် ၄ သောင်း
(၂) အီမာရာန် (ဘ) ဦးအမီးရ်ဟမ်ဇာ (အသက် ၂၃ နှစ်) - မီးဇာလီရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း
(၃) ယာစင်းန် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၁၈ နှစ်) - မီးဇာလီရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း
(၄) မိုဟာမတ်ဇူနိုက် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၅ နှစ်) - မီးဇာလီရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း
အထက်ပါ လေးဦးထံမှ ငွေကျပ် တစ်သိန်း ခြောက်သောင်းကို မီးဇာလီရွာမှ ရာအိမ်မှူး ဖြစ်သူ ဦးအာဘူ (ဘ) ဦးဖော်ကီရ်အာမတ် (အသက် ၅၀ နှစ်) က အုပ်ချုပ်ရေးမှူး၏ အမိန့်အရ ကောက်ခံပေးခဲ့ကြောင်း သိရှိရပါသည်။
မေလ (၂၁) ရက်နေ့ကလည်း အုပ်ချုပ်ရေးမှူး၏ အမိန့်အရ မီးချောင်းကြီးရွာမှ ရာအိမ်မှူး ဦးမာမတ်အာယုဘ် (ဘ) ဦးအော်လီအာမတ်က ဖော်ကုတ်အစ္စလာမ် (ဘ) ဦးအဒူကူဒူစ် ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာ လေးဦးကို ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု၊ ဂုံးနားရွာသို့ ကျောက်ဖြူသား သေကံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃) ဦး၊ ညောင်ချောင်း ကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၀) ဦးတို့ ရောက်ရှိလာပြီး၊ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှနှင့် ရာအိမ်မှူး အချို့၏ ညှဉ်းပန်း နှိပ်စက် ငွေညှစ်မှုနှင့် ပတ်သက်၍ ဒေသခံ ရွာသားများက မြို့နယ် အုပ်ချုပ်ရေးမှူးသို့ လိပ်မူ၍ တိုင်ကြားစာ ပို့ခဲ့သည့် ကိစ္စကို ကျေးရွာ အုပ်ချုပ်ရေးမှူးက မကျေနပ်၍ ဒေသခံ ရွာသား ၄ ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဖမ်းဆီးခိုင်းပြီး ငွေညှစ်ခြင်း ဖြစ်သည်ဟု ဒေသခံများ ဆိုသည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့် အမျိုးသား၊ အမျိုးသမီး (၄) ဦးကို ညောင်ချောင်း စခန်းတွင် လူမဆန်စွာ ရိုက်နှက် နှိပ်စက်ခဲ့ပြီးနောက် ၎င်းတို့ တောင်းခံသည့် ငွေရမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ --
(၁) ဦးရော်ရှိတ် (ဘ) ဦးနော်ဇီဟူဆောင်း (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/-)
(၂) ဦးရော်ဖိခ် (ဘ) ဦးရော်ရှိတ် (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/-)
(၃) ဒေါ်အာယေရှာခါတူ (ဘ) ဦးမာမတ်ရော်ဖိခ် (ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀/-)
(၄) ဒေါ်မာဂျီဒါ (ဘ) ဦးရာမောက်ဒုလ္လာ (ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀/-) -- တို့ဖြစ်ပါသည်။
RB News
30.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၁) နယ်မြေ အပိုင်ရှိ ဗန္ဓုလ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို ခြေမြန်တပ်ရင်း (၃၅၃) မှ ပေါ်တာ ဆွဲသွားကြောင်း သတင်း ရရှိပါသည်။
ယနေ့ (မေလ ၃၀) ရက်နေ့ နံနက် (၇) နာရီ ကျော်အချိန်တွင် ခြေမြန်တပ်ရင်း (၃၅၃) မှ မောင်တော မြို့နယ် မြောက်ပိုင်း အမှတ် (၁) နယ်မြေ အပိုင်ရှိ ဗန္ဓုလ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တွင် ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲတွင် အသုံးချရန် ပေါ်တာဆွဲသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တွင် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု မြန်မာ မီဒီယာများနှင့် နိုင်ငံပိုင် သတင်းဌာနများမှ ဖော်ပြလျက် ရှိသော်လည်း အမှန် တကယ် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ မြန်မာ့ တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် ပေါ်တာဆွဲခံရသူ များမှာ --
(၁) ဦးဆယာဒ်ဒူအာမီးန် (ဘ) ဦးဟာစန်ရှရီးဖ် (အသက် ၂၈ နှစ်)
(၂) ဦးရှဖီကူရာမန် (ဘ) ဦးအာရှရဖ်အလီ (အသက် ၅၂ နှစ်)
(၃) ဦးဟူစိန်အာမတ် (ဘ) ဦးမိုဂိုလ်အာမတ် (အသက် ၄၈ နှစ်)
(၄) ဦးဟူစိန်ဂျိုဟာရ် (ဘ) ဦးမိုဂိုလ်အာမတ် (အသက် ၄၅ နှစ်)
(၅) ဦးရှမ်ရှုအာလမ် (ဘ) ဦးဟူစိန်းအာမတ် (အသက် ၃၀ နှစ်)
(၆) ဦးခါလဲသ်ဟူစိန်း (ဘ) ဦးရှေ့ခ်အာမတ် (အသက် ၃၀ နှစ်)
(၇) ဦးမူဆာ (ဘ) ဦးမာမတ်အလီ (အသက် ၃၀ နှစ်)
(၈) ဦးဆယာဒ်ဟူစိန်း (ဘ) ဦးဆယာဒ်အတ်ဘာရ် (အသက် ၃၀ နှစ်)
(၉) ဦးမာမတ်ရှရီးဖ် (ဘ) ဦးမာမတ်ဒူလ္လာ (အသက် ၃၂ နှစ်)
(၁၀) ဦးရှော်ဖိတ် (ဘ) ဦးနူရ်အာလမ် (အသက် ၄၈ နှစ်) -- တို့ဖြစ်သည်။
ယခုကဲ့သို့ ပေါ်တာဆွဲသွားခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းသာ ဖြစ်ပြီး၊ ပေါ်တာဆွဲခံရသူများကို ရှေ့တန်းတွင် ထား၍ အသုံးချရန် ဖြစ်သည်။ ပေါ်တာဆွဲခံရသူများမှာ ညပိုင်းအထိ ပြန်လည် ရောက်ရှိ မလာခြင်းကြောင့် မိသားစုဝင်များက လွန်စွာ စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
RB News
30.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် အမှတ် (၄) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် ဒေသခံ ရိုဟင်ဂျာများ၏ ပုဇွန်ကန်များမှ ပုဇွန်များကို မတရား သိမ်းယူပြီး တစ်ဖက်နိုင်ငံသို့ ရောင်းစား ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် လွန်ခဲ့သည့် ဧပြီလက လိပ်ရ ကျေးရွာအုပ်စု အတွင်းရှိ ပုဇွန်ကန် ပိုင်ရှင် ၅၂ ဦးထံမှ ပုဇွန်ကန် တစ်ဧကစီ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး တာကာငွေ ၂၀၀၀ စီညှစ်ယူခဲ့သည်။ ငွေညှစ်စဉ် အခါက တစ်ဧက အတွက် တာကာငွေ ၂၀၀၀ ကျပ်စီ ပေးပါက ပုဇွန် အရောင်း အ၀ယ် ပြုလုပ်ရာတွင် အနှောက်အယှက် မပေးဘဲ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
သို့သော်လည်း ယနေ့ (မေလ ၃၀) နံနက် ၆ နာရီခန့် အချိန်တွင် လိပ်ရကျေးရွာ အုပ်စု၊ တောင်ရွာ အတွင်းရှိ ပုဇွန်ကန် (၆) ကန်မှ ပုဇွန် ကီလို ၂၂၀ ကို မတရား သိမ်းဆည်း၍ တစ်ဖက်နိုင်ငံမှ ကုန်သည်များကို ရောင်းစားလိုက်ကြောင်း ဒေသခံများက ပြောပါသည်။ ရဲမှူးဝေလင်းကိုက သိမ်းဆည်းလိုက်သည့် ပုဇွန် ကီလို ၂၂၀ ကို တစ်ကီလိုလျှင် တာကာငွေ ၅၀၀ ဖြင့် ရောင်းချခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ပုဇွန် တန်ဖိုးအားဖြင့် တာကာငွေ တစ်သိန်း တစ်သောင်း (မြန်မာငွေကျပ် ၁၃ သိန်း ၂ သောင်း) ဆုံးရှုံးခဲ့ရသည်။
ယနေ့ နံနက်ပိုင်းတွင် သိမ်းဆည်းခံရသည့် ပုဇွန်ကန် ပိုင်ရှင်များမှာ --
(၁) ဦးနူရ်အစ္စလာမ် (ဘ) ဦးရှော်ဖီ (အသက် ၄၅ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၃၀)
(၂) မော်လ၀ီ ဦးနူရ်မိုဟာမတ် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၂၀)
(၃) ဦးအဘူဆူဖီယန် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၃၅ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၃၀)
(၄) ဦးအာမီးရ်ဟူစိန်း (ဘ) ဦးအုမာရ်ဟမ်ဇား (အသက် ၃၅ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၅၀)
(၅) ဦးဆွေတာလမ် (ဘ) ဦးအာဘုလ်ဟာရှင်မ် (အသက် ၃၀ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၆၀)
(၆) ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးအာဘုလ်ဟာရှင်မ် (အသက် ၄၀ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၄၀)
ရဲမှူး ဝေလင်းကိုသည် လွန်ခဲ့သည့် ရက်ပိုင်းက ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မုဒိန်း ကျင့်ခဲ့သော်လည်း နိုင်ငံတော် အစိုးရမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့် အပြင် နေ့စဉ် ရက်ဆက် ဒေသခံများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ် နေခြင်းများကိုလည်း လျစ်လျူရှုထားခြင်း အားဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ကွပ်ကဲရေးမှူး ဖြစ်သူ ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင် ရဲမှူး ဝေလင်းကိုထံမှ ဝေစု ရနေသည့် အတွက် ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ခြင်း မရှိခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

ယုံကြည်မှု ဆိုင်ရာ ကိစ္စရပ် တွေမှာ အစိုးရက ၀င်ရောက် စွက်ဖက်ခွင့် ပေးထားတဲ့ ဒီ ဥပဒေကြမ်းဟာ ဘာသာရေး လူမျိုးရေး တင်းမာမှုတွေ ဖြစ်လာစေဖို့ အစိုးရက မီးထိုး ပေးတာ ဖြစ်တယ်လို့ HRW အာရှ ဒေသ ဆိုင်ရာ ညွန်ကြားရေးမှုး Brad Adams က ပြောပါတယ်။ အခု အဆိုပြု ထားတဲ့ ဥပဒေ မူကြမ်း အရ ဆိုရင် ဘာသာ ကူးပြောင်း လိုသူ မြန်မာ နိုင်ငံသားတွေ အနေနဲ့ သာသနာရေး ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန၊ အမျိုးသား ရေးရာ စတဲ့ အစိုးရ ဌာနတွေက ဒေသ တာဝန် ရှိသူတွေရဲ့ ခွင့်ပြုချက် အဆင့်ဆင့် ယူရမှာ ဖြစ်တယ်လို့ HRW ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီ ဥပဒေ အတည် ပြုခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ မိမိ ဆန္ဒ ထုတ်ဖော်ခွင့် စတဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်လိမ့်မယ် လို့လည်း HRW က သတိ ပေးထား ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အနေနဲ့ လွတ်လပ်စွာ ထိမ်းမြား လက်ထပ်ခွင့် ဆိုတဲ့ CEDAW အမျိုးသမီးများ အပေါ် ခွဲခြား ဆက်ဆံမှု ဆိုင်ရာ ပပျောက်ရေး သဘော တူညီချက်ပါ အမျိုးသမီး အခွင့်အရေး တွေကိုလည်း ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ မျိုးစောင့် ဥပဒေ ဆိုပြီး အမျိုးသမီးတွေ ဘာသာခြား ထိမ်းမြား လက်ထပ်မှုကို ကန့်သတ်ဖို့ ဆိုပြီး အဆိုပြုမှုတွေ ရှိခဲ့တာကြောင့် မြန်မာ သမ္မတ ကနေ လွှတ်တော်ကို ဒီ ဥပဒေတွေ ပြဌာန်း ပေးဖို့ ဆိုပြီး တင်ပြ ခဲ့တာပါ။ ဒီနောက် လွှတ်တော်ကနေ အပိုင်း လေးပိုင်း ခွဲပြီး ဥပဒေ ပြုစုဖို့ ဆိုပြီး အစိုးရကို ပြန်တာဝန် ပေးခဲ့ပါတယ်။ အခု ဥပဒေကြမ်း ကတော့ သာသာနာရေး ၀န်ကြီးဌာနက ရေးဆွဲ တင်ပြတဲ့ မူကြမ်း ဖြစ်ပါတယ်။
RB News
29.5.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်း ကျေးရွာရှိ တွဲဖက် မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ကျောင်းသား လက်ခံရာတွင် ၎င်းတောင်းသည့် ငွေကို မပေးပါက ကျောင်းမလက်ခံဟု ပြောကြားကြောင်း သတင်း ရရှိပါသည်။
၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ကျောင်းသားများ လက်ခံလျက်ရှိရာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်း ကျေးရွာရှိ တွဲဖက် မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ကျောင်းသား/သူများ လက်ခံရာတွင် ငွေကျပ် ၅၀၀/- ပေးမှသာ လက်ခံနိုင်မည်ဟု ပြောကြားပြီး၊ ငွေကျပ် ၅၀၀/- မပေးသည့် ကျောင်းသား/သူ များကို လက်မခံနိုင်ဟု ပြောကြားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တပ်မင်းချောင်း ကျေးရွာရှိ တွဲဖက် မူလတန်းကျောင်းတွင် လက်ဝဲဒက် ပုဇွန်ချောင်း ကျေးရွာ အုပ်စုမှ ကျောင်းသား/သူ ၃၀၀ နှင့် ကျောက်ဖြူတောင် ကျေးရွာ အုပ်စုမှ ကျောင်းသား/သူ ၃၀ ကျော် ပညာ သင်ကြားလျက် ရှိသည်။ အဆိုပါ ကျေးရွာများတွင် အစိုးရ မူလတန်း ကျောင်းမရှိသဖြင့် အခြား ရွေးချယ်စရာ ကျောင်းမရှိကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် UNICEF မှ ထောက်ပံ့သည့် စာအုပ်စာတမ်းလည်း မရဟု ဆိုသည်။
အဆိုပါ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းမြင့်သည် စစ်ဗျုဟာ အခြေချ ရုံးအုပ် စာရေးကြီး၏ ဇနီးဖြစ်၍ လိုအပ်သည်ထက် သြဇာ အာဏာ ပိုသုံးနေသည်ဟု ဒေသခံများက သုံးသပ် ပြောဆိုသည်။ ယခုကဲ့သို့ ကျောင်းသား/သူ များထံမှ ငွေတောင်းခံခြင်းနှင့် ပတ်သက်၍ မြို့နယ် ပညာရေးမှူးရုံးကို အကြောင်းကြား တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရှိရပါသည်။
RB News
29.5.2014
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ အမှတ် (၄) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် ဒေသခံ တစ်ဦးကို လုပ်ကြံ ဖမ်းဆီးပြီး ငွေညှစ်၍ မရသဖြင့် ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် မေလ (၂၇) ရက်နေ့ ည ၉ နာရီ အချိန်တွင် လိပ်ရ ကျေးရွာ အုပ်စု၊ တောင်ရွာမှ ဦးဆွေတာလမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၂၈) နှစ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၄) ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ တပည့်ဖြစ်သူ ဦးမောင်မောင်တို့နှင့် အတူ နေအိမ်မှ သွားရောက် ဖမ်းဆီးခဲ့သည်။
ရဲမှူး ဝေလင်းကိုက ဦးဆွေတာလမ်ကို ဘင်္ဂလား မိုဘိုင်းဖုန်း ကိုင်ဆောင်နေသည်ဟု စွပ်စွဲသည့် အပြင် အင်တာနက်တွင်လည်း သတင်းဖြန့်နေသူဟု စွပ်စွဲ၍ ငွေကျပ် သိန်း ၅၀ ညှစ်ရန် ကြိုးစားခဲ့သည်။ ဦးဆွေတာလမ်က ရဲမှူး ဝေလင်းကို တောင်းခံသည့် ငွေကျပ် သိန်း ၅၀ ကို ပေးရန် မတတ်နိုင်သဖြင့် မေလ (၂၉) ရက်နေ့တွင် ကြိမ်ချောင်း ရဲစခန်းသို့ ပို့ဆောင်၍ တရားစွဲပြီး ထောင်ချရန် စီစဉ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရဲမှူး ဝေလင်းကို၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့် ဖြစ်သူ ဦးမောင်မောင် တို့သည် လွန်ခဲ့သည့် ရက်ပိုင်းက လိပ်ရကျေးရွာမှ အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့သေးသည်။
ရဲမှူး ဝေလင်းကိုသည် ဒေသခံ ရိုဟင်ဂျာများကို အလွန် ရက်စက်စွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိသော်လည်း အထက် အာဏာပိုင်များက အရေးယူ ဟန့်တားခြင်း မရှိသောကြောင့် တစ်နေ့ တစ်ခြား ပိုမိုဆိုးရွားစွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
![]() |
| လူမဆန်စွာ ရိုက်နှက်ခံရသည့် ကိုကာလုံးညား |
RB News
29.5.2014
ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ထောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးက လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး သတ်ပစ်ရန် ကြိုးစားခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ (မေလ ၂၉) နေ့လည် ၃ နာရီ အချိန်တွင် ကျောက်တော်မြို့နယ် တောင်ထောင် ကျေးရွာမှ ကိုကာလုံးညား (ခ) မိုဟာမတ် အစ္စာမာအိလ် (ဘ) ဦးဒေါ်လိလ် (အသက် ၃၅ နှစ်) သည် ကျေးရွာ အနောက်ဘက်ရှိ တောတွင် သစ်လုံးလေးများ ခုတ်ရန် သွားနေစဉ် တောင်ထောင် ကျေးရွာအုပ်စု ဂါပု ကျေးရွာ (မြိုလူမျိုးများ နေထိုင်သည့်ရွာ) နေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွေးမောင်နှင့် အခြား နှစ်ယောက်တို့က ကိုကာလုံးညားကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် မျက်နှာကို ဒူးဖြင့်တိုက်၊ ဖနောင့်ဖြင့် ပေါက်သဖြင့် နှာခေါင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွေးမောင်က “မင်းတို့ ဘင်္ဂလီ ကုလားတွေ အားလုံးကို အသေသတ် ပစ်မယ်” ဟုပြော၍ ကိုကာလုံးညားကို တောထဲသို့ ခေါ်ဆောင် သွားနေစဉ် ကိုကာလုံးညားက ထွက်ပြေး လွတ်မြောက် လာခဲ့ကြောင်း သိရှိရပါသည်။
မြိုလူမျိုး ဖြစ်သည့် ဦးအထွေးမောင်နှင့် အပေါင်းအပါ များသည် ဒေသခံ ရိုဟင်ဂျာ လူမျိုးများ အပေါ် မကြာခဏ အကြမ်းဖက် ရက်စက်လေ့ ရှိသည်ဟု ဒေသခံများက ဆိုသည်။
RB News
28.5.2014
မောင်တော ။ ။ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့၊ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၏ လက်အောက်ခံ ကြိမ်ချောင်း နယ်မြေစခန်းမှ ဒုရဲအုပ် မျိုးဇော်ဝင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး တို့သည် ကြိမ်ချောင်း နယ်မြေစခန်းရှေ့ လမ်းမကြီးပေါ်မှ ဖြတ်သန်း သွားလာလျက် ရှိသော ဒေသခံ ရိုဟင်ဂျာ များကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ နေ့စဉ် ငွေညှစ်လျက် ရှိပြီး၊ အချို့ကို ဖမ်းဆီးချုပ်နှောင်၍ အမှုဆင်ပြီး ဒုက္ခပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။
အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ ကြိမ်ချောင်း နယ်မြေ စခန်းတွင် စခန်းမှူး ရဲအုပ် (IP) အပါအ၀င် တပ်ဖွဲ့ဝင် အင်အား ဆယ်ဂဏန်းခန့်ထိရှိပြီး၊ ၎င်းတို့ထဲမှ ဒုရဲအုပ် မျိုးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင် နှစ်ဦးတို့သည် စခန်းရှေ့မှ ဖြတ်သန်း သွားလာ နေသော ဒေသခံ ရိုဟင်ဂျာများကို ရပ်ခိုင်း၍ စစ်ဆေးခြင်း၊ ၎င်းတို့ မကြည်ဖြူသူများ၏ အိတ်များထဲသို့ WY ဆေးပြားများ ထည့်၍ လုပ်ကြံပြီး ဖမ်းဆီး ငွေညှစ်ခြင်း၊ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း တို့ကြောင့် ဒေသခံများ ဈေးသွားလာ ရာတွင် လည်းကောင်း၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း အခက်အခဲများ ကြုံတွေ့နေရပြီး၊ ထိုကဲ့သို့ ပြုမှုနေခြင်းကြောင့် ကြောက်လန့် ထိတ်လန့်ခြင်းများနှင့် စိုးရိမ် ပူပန်မှုများ တိုးပွားလျက် ရှိသည်။
ဒုရဲအုပ် မျိုးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင် နှစ်ဦးတို့သည် ဒေသခံများထံမှ ညှစ်ယူ ရရှိသည့် ငွေများမှ သုံးပုံ တစ်ပုံကို ၎င်းတို့ သုံးဦး ခွဲဝေယူပြီး၊ ကျန်သည့် နှစ်ပုံကို ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၊ ရဲတပ်ရင်းမှူး ရဲမှူးကြီး မိုးညိုနှင့် ကြိမ်ချောင်း နယ်မြေ စခန်း စခန်းမှူး တို့ကို ခွဲဝေပေးရကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို ငွေညှစ်ရန် အတွက် ရဲမှူးချုပ်၊ ရဲမှူးကြီးနှင့် စခန်းမှူးတို့က အာဏာကုန် ပေးအပ်ထားသည့် အတွက် ဘယ်သူ့ကိုမှ ကြောက်ရန် မလိုဟု ဒေသခံများကို မကြာခဏ ပြောဆိုလေ့ ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မေလ (၁၉) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် အောင်စစ်ပြင် ကျေးရွာ အုပ်စုမှ ကိုဖူရ်ကာန် (ဘ) ဦးနူရ်အာလမ် (အသက် ၂၃ နှစ်) သည် ဆိုင်ကယ်ဖြင့် စခန်းရှေ့ လမ်းမကြီးမှ ဖြတ်သန်းပြီး ၎င်း၏ နေအိမ်သို့ အပြန်တွင် ဒုရဲအုပ် မျိုးဇော်ဝင်း၏ တပည့် နှစ်ဦးက ဆိုင်ကယ်ကို ရပ်ခိုင်းပြီး စစ်ဆေးခဲ့သည်။ ကိုဖူရ်ကာန်၏ ခန္ဓာကိုယ်နှင့် ဆိုင်ကယ်ကို ရှာဖွေပြီး မည်သည့် ပစ္စည်း တစ်စုံတစ်ရာကို မတွေ့ရှိခဲ့သော်လည်း အကြောင်းမဲ့ ငွေ ၅ သိန်းညှစ်ရာ၊ ကိုဖူရ်ကာန်က အကြောင်းမဲ့ ငွေပေးရန် မတတ်နိုင်ဟု ပြန်လည်ဖြေကြား ခဲ့သည်။ ထို့နောက် ရဲနှစ်ဦးက ဆိုင်ကယ်ထဲသို့ WY ဆေးပြား နှစ်ပြား ထည့်၍ မူးယစ်ဆေးဝါး မိသည်ဟု ဆိုကာ ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ရဲများက တစ်ညလုံး လူမဆန်စွာ ညှင်းပန်း ရိုက်နှက် နှိပ်စက်ပြီး မေလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် မောင်တော ရဲစခန်းသို့ ပို့ဆောင်၍ ယခု အချိန်ထိ ချုပ်နှောင်ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အဆိုပါ ရဲတပ်ဖွဲ့နှစ်ဦးသည် အောင်စစ်ပြင် ကျေးရွာမှ ဦးအဘူတော်ယုဘ် (ဘ) ဦးအဘူလ်ကာဆိမ်း၊ ဦးရာမတ်အလီ (ဘ) ဦးအလီအာမတ်နှင့် ဦးရှောဒေါရ်အစ္စလာမ် (ဘ) ဦးကုရ်ဘာန်အလီ တို့ကို စခန်းရှေ့မှ ဖြတ်သန်း သွားလာစဉ် ဆိုင်ကယ်များကို ရပ်ခိုင်း၍ စစ်ဆေးပြီး တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ငွေကျပ် နှစ်သိန်းစီ တောင်းခဲ့သည်။ အဆိုပါ ဒေသခံ (၃) ဦးကလည်း ကိုဖူရ်ကာန် ကဲ့သို့ လုပ်ကြံ ဖမ်းဆီး ချုပ်နှောင်ခံရမည်ဟု ခြိမ်းခြောက်ခံရသဖြင့် တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီ ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
မေလ (၂၄) ရက်နေ့တွင်လည်း လောင်းဒုံး ကျေးရွာမှ ဦးကာလာမျာ (ဘ) ဦးတာန်ဒါမျာကိုလည်း အထက်ပါ ကဲ့သို့ စစ်ဆေးပြီး၊ ဒုရဲအုပ် မျိုးဇော်ဝင်းနှင့် တပည့် ရဲနှစ်ဦးက ခြိမ်းခြောက်၍ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။ အလားတူ မေလ (၂၅) ရက်နေ့ကလည်း အခြားသော ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် (၁၀) သိန်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။
ဒုရဲအုပ် မျိုးဇော်ဝင်း၏ တပည့် နှစ်ဦးသည် လိပ်ရကျေးရွာ အခြေစိုက် နယ်မြေ (၄) မှ ပြောင်းရွှေ့လာသူများ ဖြစ်ပြီး၊ လိပ်ရ ကျေးရွာတွင်လည်း ထိုကဲ့သို့ ပြုလုပ်ခဲ့ပြီး၊ ကွပ်ကဲရေးမှူး၊ တပ်ရင်းမှူးနှင့် စခန်းမှူး တို့နှင့် နားလည်မှု ရယူ၍ ကြိမ်ချောင်း စခန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့က လူကြီးများအတွက် ငွေများများ ရှာဖွေပေးရန် ကြိမ်ချောင်း စခန်းသို့ ပြောင်းရွှေ့ ခန့်အပ်ထားခံရခြင်း ဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။
RB News
28.5.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးမျိုးနိုင်သည် ဧည့်စာရင်းကို အကြောင်းပြ၍ ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ ၂၆ ရက်နေ့ ညသန်းခေါင်ယံ (၁) နာရီ (မေလ ၂၇ ရက်နေ့ နံနက် ၁ နာရီ) အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးမျိုးနိုင်သည် ရဲတပ်ဖွဲ့ဝင် အင်အား (၂၀) ဖြင့် အမှတ် (၁) အနောက်ရပ်ကွက်သို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အတူ ၀င်ရောက်၍ ဧည့်စာရင်း စစ်မည်ဟု ဆိုကာ နေအိမ်များကို စစ်ဆေးခဲ့သည်။
ဦးမျိုးနိုင်နှင့် ရဲတပ်ဖွဲ့ဝင် များသည် ဦးဟာရွန်၏ နေအိမ်သို့ ၀င်ရောက်၍ ဦးဟာရွန်၏ ညီမဖြစ်သူကို ဆော်ဒီ အာရေဗျာ နိုင်ငံသို့ ပို့ပေးခဲ့သည်ဟု စွပ်စွဲကာ ဦးဟာရွန် ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးဟာရွန်ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့နောက် ဦးဟာရဲစ်၏ နေအိမ်သို့ ၀င်ရောက်၍ တရားဝင် ဧည့်စာရင်း တိုင်ကြားပြီး နေထိုင်လျက် ရှိသော ဦးဟာရဲစ်၏ တူဖြစ်သူကို ဧည့်စာရင်း မတိုင်ဟု မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။
ဦးဟာရဲစ်၏ တူဖြစ်သူကို တရားရုံး၌ တရားစွဲဆိုခဲ့ပြီး တရားရုံးမှ ဒဏ်ငွေ ၁၀၀၀/- ချမှတ်ခဲ့သော်လည်း ပြန်လည် လွတ်မြောက်ရေး အတွက် နယ်ထိန်းခေါင်းဆောင် ဦးမျိုးနိုင်နှင့် ရဲတပ်ဖွဲ့ဝင် များကို ငွေကျပ် တစ်သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒီနှိမ်နင်းမှုဟာ အသုံးပြုသူ သန်း ၈၀၀ ကျော်ရှိတဲ့ WeChat လို အင်တာနက် လူမှု ကွန်ယက်တွေကို သုံးနေကြသူတွေ အပေါ်မှာ ပစ်မှတ် ထားသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် အင်တာနက် သတင်း ဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ထားတာပါ။
မမှန်မကန် စာတိုတွေ ရေးသား ဖြန့်ဝေတာ အပါအ၀င် အကြမ်းဖက် ၀ါဒနဲ့ အကြမ်းဖက် လုပ်ရပ်တွေ၊ ကာမစိတ်ကို နှိုးဆော်တဲ့ အရာတွေနဲ့ ဆက်စပ်တဲ့ သတင်း အချက် အလက်တွေ၊ ကောလဟာလ ဖြန့်ဝေ နေကြသူ တွေကို အဓိက ထားပြီး နှိမ်နင်းမယ်လို့ ဖော်ပြ ထားပါတယ်။
ဆင်ဆာ ပိတ်ပင်တဲ့ ဘယ်လို ဥပဒေ တွေကို သုံးသွားမယ် ဆိုတာ အတိအကျ ဖော်ပြ မထားပေမဲ့ လူမှု ကွန်ယက် ၀န်ဆောင်မှု ပေးသူတွေ အနေနဲ့ အစိုးရရဲ့ တောင်းဆိုချက်နဲ့ အညီ လိုက်နာ ဆောင်ရွက် ရလိမ့်မယ် လို့လည်း ဖော်ပြထား ပါတယ်။
တရုတ်နိုင်ငံဟာ လူသုံးများတဲ့ facebook နဲ့ Twitter လို နိုင်ငံခြားက အင်တာနက် လူမှု ကွန်ယက်တွေကို အစောပိုင်း ကတည်းက ပိတ်ပင် ထားတာပါ။ ပြည်တွင်းက လူမှု ကွန်ယက်တွေ ကိုပဲ လူတွေ ပိုအသုံးပြုအောင် လုပ်ထားပြီး အစိုးရက အလွယ်တကူ ထိန်းချုပ်နိုင်အောင် လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
RB News
28.5.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်သည် ဒေသခံ ရိုဟင်ဂျာ သုံးဦးကို မဟုတ်မမှန် စွပ်စွဲ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင်မြို့နယ်၊ သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်သည် အမှတ် (၂၁) စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို ခေါ်ယူ၍ ဦးဟာမိတ်ဟူဆောင်း၏ နေအိမ်ကို ၀င်ရောက် ရှာဖွေခဲ့သည်။ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ဦးဟာမိတ်ဟူဆောင်း၏ နေအိမ်တွင် တရားဝင် ဧည့်စာရင်း တိုင်ကြား၍ နေထိုင်နေသည့် ဦးမာမတ်ဆီဒိတ် (ဘ) ဦးအလီအာမတ်ကို ဦးဟာမိတ်ဟူဆောင်း၏ သမီးဖြစ်သူနှင့် တရားမ၀င် ပေါင်းသင်း နေထိုင်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဦးမာမတ်ဆီဒိတ်ကို ၎င်း၏ နေအိမ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ဦးမာမတ်ဆီဒိတ်ကို လူမဆန်စွာ ရိုက်နှက်ပြီး ငွေကျပ် ၅ သိန်း ညှစ်ရာ၊ သည်းမခံနိုင်တော့သည့် အဆုံးတွင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်ကို ငွေကျပ် ၅ သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့အပြင် ဦးတာရဲခ် (ဘ) ဦးအော်လီအာမတ်နှင့် ဦးရှောမ်ရှု (ဘ) ဦးနူရ်မာမတ် တို့ကို အကြမ်းဖက်သမား များကို ထမင်းကျွေးသည်ဟု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က လုပ်ကြံစွပ်စွဲ၍ ဦးတာရဲခ် ထံမှ ငွေကျပ် ၃ သိန်းနှင့် ဦးရှောမ်ရှု ထံမှ ငွေကျပ် ၂ သိန်း ၃ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး များသည် လုပ်ပိုင်ခွင့် အာဏာကို အလွှဲသုံးစား ပြုလုပ်ပြီး ဒေသခံများကို ရဲလက်သို့ အမှုဆင်၍ အပ်မည်ဟု ခြိမ်းခြောက်သောကြောင့် အုပ်ချုပ်ရေးမှူး၏ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်နှင့် ငွေညှစ်မှုဒဏ်ကို အပြစ်မဲ့ ရွာသားများ အလူးအလဲ ခံနေကြရသည်။
RB News
27.5.2014
သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်၏ နေအိမ် ခြံစည်းရိုး ပြုပြင် ကာရံခြင်းကို သံတွဲမြို့ရှိ မဘသ အဖွဲ့မှ ပြဿနာရှာ၍ တားဆီး ကန့်ကွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
သံတွဲမြို့ တာဝတိံသာလမ်းနှင့် မဟာဗန္ဓုလမ်း လမ်းထောင့်ရှိ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်၏ နေအိမ် ခြံစည်းရိုး ပြုပြင် ကာရံခြင်းကို သံတွဲမြို့ရှိ မဘသ အဖွဲ့မှ ပြဿနာရှာ တားဆီး ကန့်ကွက်ခဲ့ကြောင်း သံတွဲမြို့ NLD လူမှု ကွန်ယက်မှ RB News သို့ပြောပါသည်။
တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်သည် ဘာသာပေါင်းစုံဖြင့် သဟဇာတ ဖြစ်အောင် နေထိုင်သည့် မြို့မိမြို့ဖ တစ်ဦး ဖြစ်ပြီး ၎င်း၏ နေအိမ် ခြံစည်းရိုး ပြုပြင်ခြင်းကို မဘသ အဖွဲ့မှ တားဆီး ကန့်ကွက်ခြင်းသည် ဥပဒေမဲ့ ပြုလုပ်ခြင်းသာ ဖြစ်သည်။ ရှေ့နေ ဦးခင်မောင်၏ နေအိမ် ခြံစည်းရိုး ကာရံခြင်းနှင့် ပတ်သက်ပြီး သံတွဲမြို့နယ် စည်ပင်သာယာရေးရုံးမှ ခွင့်ပြုချက် ရယူထားပြီး ဖြစ်သော်လည်း သံတွဲမြို့ မဘသ အဖွဲ့မှ တားမြစ်နေခြင်းသည် ဥပဒေ အထက်တွင် မဘသ အဖွဲ့ရှိနေသကဲ့သို့ ဖြစ်နေသည်။
သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ မဘသ အဖွဲ့မှ ရှေ့နေ ဦးခင်မောင်၏ နေအိမ် ခြံစည်းရိုး ကာရံခြင်းအား ကန့်ကွက်သည့် စာများ ရောက်လာ၍ မြို့နယ် အုပ်ချုပ်ရေးမှူးမှ လိုက်လျော ပေးစေလိုကြောင်း ရှေ့နေ ဦးခင်မောင်ကို ခေါ်ပြောခဲ့ရာ ရှေ့နေ ဦးခင်မောင်က လူတိုင်း အပေါ် မေတ္တာ တရားထားသူ တစ်ဦးပီပီ လိုက်လျော ပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ရှေ့နေ ဦးခင်မောင်သည် သံတွဲမြို့နယ်ရှိ မျက်လုံး ကွယ်နေသည့် ဝေဒနာရှင် များအား လူမျိုး မရွေး၊ ဘာသာ မရွေး အခမဲ့ ဇီဝိတ ဒါန ပြုခဲ့သည့် အပြင် သံတွဲမြို့ရှိ သီတဂူ ဆရာတော်၏ သီတဂူ ဆေးရုံတွင်လည်း အလှူငွေများ တစ်တက်တစ်အား ပူးပေါင်း ပါဝင် လှူဒါန်းခဲ့ပြီး ဘာသာတိုင်း အပေါ် မေတ္တာတရား ထားသူ တစ်ဦး ဖြစ်သည်။
ထိုကဲ့သို့ ပုဂ္ဂိုလ် တစ်ဦး၏ နေအိမ် ခြံစည်းရိုး ကာရံခြင်းအား သံတွဲမြို့ မဘသ အဖွဲ့မှ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ကန့်ကွက်စာ ပို့၍ တားဆီးခြင်းသည် အလွန် အရုပ်ဆိုး အကျည်းတန်ပြီး၊ မြို့သူ မြို့သားများမှလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စိတ်မချမ်းမသာ ဖြစ်နေရသည်ဟု NLD လူမှုကွန်ယက်က ဆိုသည်။

မစ္စတာ Modi ဝန်ကြီးချုပ် တာဝန်ယူတာ တရက်ပြည့်တဲ့ အင်္ဂါနေ့က နယူးဒေလီမှာ တွေ့ဆုံ ခဲ့ကြတဲ့ ခေါင်းဆောင် ၂ ဦးဟာ မဆွေးနွေးခင်မှာပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဆွဲ နှုတ်ခဲ့ ကြတာပါ။
မစ္စတာ Modi ဟာ တနင်္လာနေ့က ကျင်းပတဲ့ သူ့ရဲ့ ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ဖို့ မစ္စတာ Sharif ကို မမျှော်လင့်ဘဲ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပါကစ္စတန် ခေါင်းဆောင် တဦး အနေနဲ့ အခုလို အခမ်းအနား မျိုးကို ပထမဆုံး အကြိမ် အဖြစ် တက်ရောက် ခဲ့တာလည်း ဖြစ်ပါတယ်။
ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက် ခဲ့ကြတဲ့ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်လဒိုက်၊ ဘူတန်၊ နီပေါ နဲ့ မော်ရေးရှပ်စ် နိုင်ငံတွေက ခေါင်းဆောင်တွေလည်း မစ္စတာ Modi နဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အိန္ဒိယ ခေါင်းဆောင်သစ် အနေနဲ့ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် အဓိကထား ဆောင်ရွက် သွားမယ့် အခြေအနေကို မကြုံစဖူး တွေ့နေ ရပါတယ်။
၂၀၀၈ ခုနှစ်က ပါကစ္စတန် စစ်သွေးကြွတွေကြောင့် လူပေါင်း ၁၆၆ ဦးသေဆုံး ခဲ့ရတဲ့ မွန်ဘိုင်း အတိုက်ခိုက်ခံရမှု နောက်ပိုင်း နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန် အိမ်နီးချင်း ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ဆိုးရွား လာခဲ့တာ ဖြစ်ပါတယ်။
Rohingya Eye
RB News
27.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ရခိုင် အစွန်းရောက် (၇) ဦးက ၀ိုင်းရိုက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၂၅) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ ဦးမာမတ်နူရ် (ဘ) ဦးအာမတ်ရှော်ရိဖ်သည် (အသက် ၂၅ နှစ်) ဘဂုံးနား ကျေးရွာရှိ ယောက္ခမ အိမ်သို့ အလည်သွားရောက်ပြီး စက်ဘီးဖြင့် ပြန်လာနေစဉ် ဇော်မတတ် ကျေးရွာမှ ရခိုင် အစွန်းရောက် (၇) ဦးက ၀ိုင်းဝန်း ရိုက်နှက်ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဇော်မတတ်ကျေးရွာမှ ရခိုင် အစွန်းရောက် များသည် စက်ဘီးဖြင့် ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများကို မကြာခဏ အနှောက် အယှက်ပေး ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။
အလားတူ မောင်တောမြို့ မီးစက်ခွဆုံ ပြန်ကြားရေး ရုံးရှေ့မှ ဆိုင်ကယ်ဖြင့် သွားနေသည့် အသက် ၂၅ နှစ် အရွယ် ရိုဟင်ဂျာ လူငယ် တစ်ဦးကို ဘုန်းကြီး နှစ်ပါးက ရဲများ ရှေ့မှောက်တွင် ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း သိရှိရပါသည်။ သို့သော် ရဲများက တစ်စုံတစ်ရာ ဟန့်တားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- သမ္မတကြီး ဦးသိန်းစိန်သို့ ပြည်ပရောက် NDPHR မှ အိတ်ဖွင့်ပေးစာ
- သိမ်တောင်ပြင်မှ ကျေးရွာတာဝန်ခံနှင့် ရွာမျက်နှာဖုံးများကို အာဏာပိုင်များက လုပ်ကြံဖန်တီးမှုများ ပြုလုပ်၍ ဖမ်းဆီးထောင်ချရန်နှင့် ငွေညှစ်ရန် ကြိုးစားလျက်ရှိ
- ဘယ်သူက အိမ်ရှင်လဲ
- မလေးရှားသံအဖွဲ့ စစ်တွေ ဒုက္ခသည်စခန်း သွားရောက်
- အမှန်ကို ချစ်ပါ - အပိုင်း (၈)
- ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်သားများက ရပ်တန့်ခိုင်းပြီး လုယက်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ