နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
28.3.2014

ရန်ကုန် ။ ။ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် ကမ္ဘာ့ လူဦးရေး ရန်ပုံငွေ အဖွဲ့ UNFPA က သန်းခေါင်စာရင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ယနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည်ကို လွတ်လပ်စွာ ပြောဆိုခွင့် ရှိကြောင်း ရေးသားထားပါသည်။

UNFPA ၏ ကြေညာချက်၌ မတ်လ ၂၆ ရက်နေ့ ညပိုင်းတွင် စစ်တွေမြို့၌ နိုင်ငံတကာ အန်ဂျီအိုနှင့် အန်ဂျီအို အဖွဲ့အစည်း များကို လူအုပ်စုများဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် အလွန်စိုးရိမ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိသည့် အဖွဲ့အစည်းများကို အကာအကွယ် ပေးရန် တောင်းဆိုကြောင်း ရေးသား ဖော်ပြထားသည်။

UNFPA ၏ ကြေညာချက်၌ မတ်လ ၃၀ ရက်နေ့တွင် စတင်မည့် သန်းခေါင်စာရင်း ကောက်ခံမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင် ပြဿနာများ ဖြစ်ပေါ်လာမည်ဟူသည့် သတင်းများကြောင့် စိုးရိမ်ပူပန်လျက် ရှိကြောင်း၊ အခြေအနေ တိုးတက်မှုပေါ် မူတည်၍ UNFPA က လိုအပ်သည့် ၀န်ထမ်းများကို ဆက်လက် ထားရှိရန် ဆုံးဖြတ်မည် ဖြစ်ကြောင်းကို ရေးသား ဖော်ပြ ထားသည့် အပြင် မြန်မာအစိုးရ ကုလသမဂ္ဂနှင့် အလှူရှင် နိုင်ငံများ၏ သဘော ဆန္ဒ အရ လူ့အခွင့် အရေးအရ သော်လည်းကောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းများ အရသော် လည်းကောင်း မြန်မာနိုင်ငံတွင်းရှိ လူတိုင်း သန်းခေါင်စာရင်း ကောက်ခံမှုတွင် ပါဝင်မည်ဟု ကတိပြုထားကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင်းရှိ လူတိုင်းက မိမိတို့၏ လူမျိုး အမည်ကို ထည့်သွင်းခွင့် ပြုမည်ကိုလည်း မြန်မာ အစိုးရက ကတိပြုထားကြောင်း ထည့်သွင်း ရေးသား ဖော်ပြထားသည်။

UNFPA က စာရင်းကောက်များနှင့် ဖြေဆိုမည့်သူများကို လုံခြုံမှု ပေးနိုင်မှသာ ယုံကြည်စိတ်ချ ရသည့် သန်းခေါင်စာရင်း ရလာဒ်ကို ရရှိမှာ ဖြစ်ကြောင်း၊ ဖြေဆိုမည်သူများမှာ မေးခွန်းများ ဖြေဆိုနေသည့် အချိန်တွင် လုံခြုံမှု ရှိနေသည်ဟု ခံစား နေရန် ရှိနေဖို့ လိုသလို၊ စာရင်းကောက် များကလည်း ဖြေဆိုသည့် အဖြေများ အားလုံးကို ယုံကြည် စိတ်ချရသည့် အထိ မှတ်တမ်း ရမည်ဖြစ်သည်ဟု ဆိုသည်။ စာရင်းကောက်ခံစဉ် အတွင်း ခြိမ်းခြောက်မှုနှင့် ကြောက်ရွံမှု မရှိစေရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။ သန်းခေါင်စာရင်း ကောက်ခံရာတွင် အာဏာပိုင်များက လုံခြုံရေး အတွက်ဟု ဆိုကာ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စံချိန်များကို ချိုးဖောက်ခြင်း မပြုလုပ်ဘဲ၊ လူတိုင်း၏ လူ့အခွင့်အရေး များကို တရားမျှတစွာ ဖြည့်ဆည်း ပေးရမည် ဖြစ်ကြောင်း၊ စာရင်းကောက်ရာ တွင်လည်း အားလုံး တန်းတူရည်တူ ပါဝင်ရမည်ဟု ယနေ့ ထုတ်ပြန်ထားသည့် UNFPA ၏ ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

(ဓါတ်ပုံ - Facebook)


မြတ်ကျော်သူ၊ ကေဇူး 
28.3.2014

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၆ ရက်ညက စတင်ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့များမှ နိုင်ငံခြားသား ၀န်ထမ်းများ အပါအ၀င် ထိုအဖွဲ့အစည်းများတွင် အလုပ် လုပ်နေသော ၀န်ထမ်းများအား ရန်ကုန်သို့ နေ့တွင်းချင်း ပို့လိုက်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန် ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က မတ် ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့ရှိ အန်ဂျီအိုဝန်ထမ်းများကို ရခိုင်ဒေသတချို့က ရုံးခန်းများအဆောက်အအုံများ၊ လာရောက်ဖျက် ဆီးမှုကြောင့် ထိုသို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့တွင် ဖြစ်ခဲ့သည့် မငြိမ်သက်ဖြစ်မှုကြောင့် ရဲများက ခြောက်လှန့်ပစ်ခတ် လူစုခွဲရာတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးနှင့် ထောက် လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး မင်းအောင်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားထားသည်။ မဇ္ဈိမအနေနှင့်မူ သတင်းရေသားချိန်အထိ သီးခြား အတည် မပြုနိုင်သေးပေ။

ဝန်ထမ်းများကို ရန်ကုန်သို့ ကယ်ထုတ်

“ဆက်နေရင် ထိန်းချုပ်ရခက်သွားလိမ့်မယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို (ရန်ကုန်ကို) ပြန်ပို့လိုက် တယ်”ဟု ဦးဝင်းမြိုင်က ပြောသည်။

၎င်း၏ ပြောဆိုချက်များအရ စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း ၂၃ ခုရှိပြီး ပြန်ပို့ သောဝန်ထမ်းများမှာ စစ်တွေမြို့ရှိ ရုံးများတွင် တာဝန်ထမ်းဆောင်သူများ ဖြစ်သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက “စစ်တွေမှာ ရှိတဲ့လူ အားလုံး ပြန်ပို့တာ တော့ မဟုတ်ဘူး။ တချို့ ပြန်ပို့တာ။ တချို့ကိုတော့ လုံခြုံတဲ့နေရာမှာ ထားပါတယ်”ဟု မဇ္ဈိမကို အတည် ပြု ပြောဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်များ အရ ၂၇ ရက် ညနေ ၃ နာရီ ၎င်းရရှိ သည့်သတင်းတွင် နိုင်ငံခြားသား ၂၀ နှင့် မြန်မာ ၃၀ ကို စစ်တွေရှိ ရဲရိပ်သာတွင် ခေတ္တ ရှောင်တိမ်းခိုင်း ထားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမှ ရန်ကုန်သို့ နောက်ဆုံး ဆိုက်ရောက်သည့် Air Mandalay လေယာဉ်ပေါ်တွင် ပါ ၀င်လာသည့် ရခိုင်သားကြီး စာပေမှ ဦးဦးလှမြင့်၏ လေဆိပ်တွင် ပြောဆိုချက်အရ လေယာဉ်ပေါ်တွင် နိုင်ငံခြားသား လေးဦးမှ ခြောက်ဦး အထိသာ ပါဝင်ပြီး အစောပိုင်း ထွက်ခွာ သွားသည့် လေယာဉ် များတွင်လည်း နိုင်ငံခြားသားများ ပါဝင်သည်ဟု ဆိုသည်။

လတ်တလော အခြေအနေတွင် စစ်တွေ မှ ရန်ကုန်သို့ ပြန်ရောက်သည့် နိုင်ငံခြားသား များကို အဆက် အသွယ် မရသေးဘဲ ယနေ့ မတ်၂၈ တွင်လည်း စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်သို့ နိုင်ငံခြားသားများ ထပ်မံ ရောက်ရှိ လာဦးမည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။

ရုန်းရင်းဆန်ခတ်မှု စတင်ဖြစ်ပေါ်ပုံ

မတ်လ ၂၆ ရက်က စစ်တွေမြို့ရှိ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် မာတေဇာ (Malteser Inter- national)မှ နိုင်ငံခြားသား ၀န်ထမ်း အမေရိကန် နိုင်ငံသူ တစ်ဦးက သာသနာ့ အလံကို ဘောင်းဘီအိတ် တွင်း ထည့်ယူသည်ဆိုကာ စစ်တွေမြို့နယ်ဒေသခံ ၃၀ ကျော်က ယင်းအမျိုးသမီးနေထိုင်ရာ နေအိမ်ကို ၀ိုင်းကာ ထုတ်ပေးရန်တောင်းဆိုခဲ့သည်ဟု ရခိုင်ပြည်နယ် ရှေ့နေချုပ်နှင့် ဒုချရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးဦးသာပွင့်က မဇ္ဈိမကို ပြောသည်။

ထို့နောက် လူတစ်ရာခန့် လူစုဝေးမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ထိန်းသိမ်းသဖြင့် လူစုကွဲခဲ့သည်။

စစ်တွေ၊ မြို့မိ၊ မြို့ဖ ဦးသန်းထွန်းဆိုသူက ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ကို ပြောပြရာတွင် “သူက အလံ တိုင်ကအလံကို ဆွဲချတယ်။ သာသနအလံကို။ ဆွဲချပြီးတော့ သူက ပြောပြလို့မသင့်တဲ့ မဖွယ်မရာအလုပ် တွေ လုပ်တယ်ဗျာ။ သာသနအလံကို ဆွဲဖြုတ်တယ်။ လုံးလိုက်တယ်။ တင်ပါးတွေ ကြားမှာ၊ ပေါင်ကြား တွေမှာပွတ်တယ်။ ပြီးတော့မှ သာသနအလံကို ဘောင်းဘီဘေးအိတ်ထဲ ထည့်လိုက်တယ်”ဟု ဆိုသည်။

သာသာနအလံကို အမေရိကန်သူက မဖွယ်မရာပြုလုပ်ခြင်းသည် လုံးဝမဟုတ်ဘဲ ကောလာဟလသာ ဖြစ်သည်ဟု ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ငြင်းဆိုသည်။

“မီးရှို့တာတွေ၊ ဘာတွေတော့ ကျွန်တော်ပြောလို့ မရသေးပါဘူး။ အတည်ပြုနိုင်သလောက်တော့ “အပျက် အစီး” ရှိပါတယ်။ သာသနအလံကို မဖွယ်မရာလုပ်တယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး”ဟု ဦးအေးဝင်း က မဇ္ဈိမကို ပြောသည်။

မတ် ၂၆ ရက် ည ၁၀ နာရီဝန်းကျင်တွင် လူနှစ်ရာခန့် ထပ်မံစုဝေးကာ ရပ်ကွက်အချို့ရှိ မာတေဇာ (Malt- eser International) ရုံးခွဲများကို ခဲများဖြင့်ပစ်ပေါက်မှုများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးရဲဝန်ထမ်းများက သေ နတ်ဖြင့်ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်။

ထိုသို့ ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေများနှင့်ပတ်သက်၍ “တစ်ဖက်ကလည်း လေးစားမှုမရှိသလို ဖြစ်တယ်။ ဒါကို ဒေါသနဲ့တုံ့ပြန်နေတာ လူအုပ်စုဖြစ်ပြီး ထိန်းချုပ်ဖို့ခက်နေတော့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ် နေတယ်”ဟု ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးဦးသာပွင့်က သုံးသပ်သည်။

မတ်လ ၂၇ တွင် မာတေဇာရုံးများအပါအ၀င် အန်ဂျီအိုရုံးများ စုစုပေါင်း ၁၀ ရုံးကျော်ကို ထပ်မံ ခဲဖြင့်ပစ် ပေါက် ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု ဦးဦးသာပွင့်က ပြောသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်

စစ်တွေမြို့၏ လက်ရှိ အခြေအနေ များကြောင့် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ အလုပ်လုပ်ကြရန် ကြေညာပြီး ပုဒ်မ ၁၄၄ ကို မတ် ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ဒေသခံလူမှုအဖွဲ့ အစည်း များနှင့် ရဟန်း သံဃာများက ညနေ ၃ နာရီခန့်တွင် လူစုခွဲ၍ မြို့တွင်း၌ လှည့်လည် ကြေညာမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်တွေမြို့တွင် ညမထွက်ရအမိန့်အား ၅ နာရီ လျှော့ချပေး ခဲ့ပြီး၊ လတ်တလောဖြစ်စဉ်များကြောင့် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို ပြန်လည်ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

နိုင်ငံတကာ သတင်းများတွင် ဖော်ပြမှု

အေအက်ဖ်ပီ၏ မတ်လ ၂၇ ရက် သတင်းတစ်ပုဒ်တွင် “လူသားချင်းစာနာမှု အကူအညီပေးရေး နိုင်ငံတ ကာအဖွဲ့တစ်ခု၏ ရုံးခန်းများကို ၀ိုင်းထားသော လူအုပ်ကြီး လူစုကွဲသွားစေရန်အတွက် သတိပေးပစ်ခတ် မှုများကို လုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်ခဲ့ရသည်”ဟု ဆိုသည်။

စစ်တွေဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းရေးသားသော အချိန်အထိ Malteser အဖွဲ့ထံမှ မှတ်ချက်တစ်စုံ တစ်ရာရရှိခြင်း မရှိသေးဟုလည်း အေအက်ဖ်ပီသတင်းဌာနက ဆိုသည်။

လူစုခွဲရန်အတွက် ရဲများက သတိပေးပစ်ခတ်မှုများ အချက် ၄၀-၅၀ ခန့် ပြုလုပ်ခဲ့ရကြောင်းလည်း ဦးဝင်းမြိုင်က ပြောခဲ့သည်ဟု အေပီသတင်းဌာနက ဖော်ပြထားသည်။

ကြာသပတေးနေ့တွင်လည်း အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ လူသားချင်းစာနာမှု အကူအညီပေး ရေး နိုင်ငံတကာဝန်ထမ်းများ နေထိုင်ကြသော လမ်းတစ်လမ်းထဲတွင်၊ လူ ၁,၀၀၀ ကျော်ရှိသော လူအုပ် ကြီးက အိမ်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်းလည်း အေပီသတင်းဌာနက မတ်လ ၂၇ ရက်တွင် ရေးသားထားသည်။

နိုင်ငံတကာ၏ စိုးရိမ်ချက်များ

အမေရိကန်သံရုံးမှ ကြေညာချက်

အမေရိကန်နိုင်ငံသား/သူ အနည်းဆုံး သုံးဦးပါဝင်သည့် နိုင်ငံတကာအကူအညီပေးရေး ၀န်ထမ်းများကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရပြီး အကူအညီပေးရေးအဖွဲ့များ၏ ရုံးများနှင့် အကာကွယ် မဲ့နေသူများကို ကာကွယ်နိုင်သည့် လုံခြုံရေးအင်အား နည်းပါးခြင်းတို့ကြောင့် အမေရိကန်အနေနှင့် စိုးရိမ် ပူပန်ဆဲဖြစ်သည်ဟု သံရုံးက ထုတ်ပြန်လိုက်သည်။

ဗြိတိသျှသံရုံးမှ ကြေညာချက်

ဗြိတိသျှ သံရုံး အနေနှင့်လည်း ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရ များကို အကြမ်းဖက်မှု များနှင့် လူသားချင်း စာနာမှု ဆိုင်ရာများ အတွက် အကာအကွယ်များ ပြုလုပ်ပေးရန် အစောပိုင်း ကတည်းက ပြောဆို ထားပြီး ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ၎င်းတို့အနေနှင့် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ထုတ်ပြန် ချက်တွင် ထည့်သွင်းထားသည်။

ကုလသမဂ္ဂမှ ကြေညာချက်

လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးမှုများ လျော့ကျလာခြင်းသည် အကူအညီပေးနေသည့်လူပုဂ်္ဂိုလ် များအတွက် အပြုသဘောမဆောင်သည့် သက်ရောက်မှုမျိုး ဖြစ်လာစေနိုင်မည်ကို အထူးစိုးရိမ်မိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ရေးအရာရှိ မစ္စတာToily Kurbanov က ထုတ်ပြန်လိုက်သည်။



RB News
28.3.2014

မောင်တော ။ ။ သန်းခေါင်စာရင်း ကောက်ယူရန် စရိတ်ကို နိုင်ငံတော် အစိုးရနှင့် နိုင်ငံတကာမှ တာဝန်ယူထား သော်လည်း မောင်တောခရိုင် အတွင်းတွင် သန်းခေါင်စာရင်း ကောက်ယူရန် စရိတ်ဟုဆိုကာ ဒေသခံ ရိုဟင်ဂျာများထံမှ အတင်းအဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ တောင်ပိုင်း ကံပူး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယာဒ်အာလမ်က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း၏ ညွန်ကြားချက် အရ သန်းခေါင်စာရင်း ကောက်ယူစရိတ်ဟု ဆိုကာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၃၀၀၀ စီကောက်ယူလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် မောင်တောမြို့နယ် အတွင်းရှိ အခြား ရွာများတွင်လည်း ကောက်ခံလျက် ရှိပြီး၊ အချို့ရွာများတွင် ငွေကြေး တတ်နိုင်သူများကို ရွေးချယ်၍ ကောက်ခံလျက် ရှိကြောင်း သိရှိ ရပါသည်။

အလားတူပင် ဘူးသီးတောင်မြို့နယ်၊ ငရန့်ချောင်း (တောင်ဘဇား) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှ ကလည်း ကျေးရွာ အုပ်စု အတွင်းရှိ ရွာငယ် ၁၇ ရွာကို သန်းခေါင်စာရင်း ကောက်ယူ စရိတ် အတွက်ဟုဆိုကာ တစ်ရွာလျှင် နှစ်သိန်းကျပ်နှုန်း၊ စုစုပေါင်း ၃၄ သိန်း ပေးရမည်ဟု ပြော၍ ရပ်မိရပ်ဖ များမှ တဆင့် ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။ ရွာအုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှကို ဒေသခံ ရွာသားများက မေးမြန်းသည့် အခါ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၏ ညွန်ကြားချက်အရ ကောက်ခံခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ်ရှိ ကျောက်ဖြူသား သေကံ ကျေးရွာအုပ်စု၊ သေကံခွဆုံ ကျေးရွာ အုပ်စု တို့တွင်လည်း သန်းခေါင် စာရင်း စရိတ်ဟု ဆိုကာ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။

အချက်အလက်အချို့ကို MYARF မှ ပံ့ပိုးသည်။  

စစ်တွေက နိုင်ငံတကာ အကူအညီ ပေးရေး လုပ်သားတွေနဲ့ NGO ဝန်ထမ်းတွေ ပြည်တွင်း လေကြောင်းလိုင်းနဲ့ ရန်ကုန် လေဆိပ်ကို ဆိုက်ရောက်လာ။ (မတ် ၂၇၊ ၂၀၁၄)


ကျော်ကျော်သိန်း
28.3.2014

ရခိုင်ပြည်နယ်က ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေရဲ့ရုံးတွေ တိုက်ခိုက်ခံ ခဲ့ရတဲ့ အပေါ် အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ပြောလိုက်ပါ တယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အကာအကွယ်ပေးဖို့ ကုလ သမဂ္ဂက မြန်မာအစိုးရကို တောင်းဆိုသလို အကူအညီပေး လုပ်သားတွေ ဘေးကင်းလုံခြုံရေး အထူးအရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ရဲ့ ကြာသပတေးနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွေအတွင်း အသီးသီး တုန့်ပြန် ပြောဆိုခဲ့ကြတာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူလူချင်းအကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူးရဲ့ ထုတ်ပြန်ချက်ကို ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ နေရာဌာန တွေကို ဘယ်သူဘယ်ဝါမှန်းမသိသူတွေက မကြာသေးခင်က တိုက်ခိုက်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ လူလူချင်း အကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး Toily Kurbanov က အထူးပဲ စိုးရိမ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မြန်မာအစိုးရက အကာအကွယ်ပေးဖို့ သူ့ရဲ့ထုတ်ပြန်ချက် ထဲမှာ တောင်းဆိုထားပါတယ်။ ဘေးရန်မကင်းတဲ့ကြားကပဲ ကုလသမဂ္ဂနဲ့ လူလူချင်းစာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်နေသူတွေကို အသက်ကယ် အကူအညီတွေ ဆက်ပြီး ပေးသွားဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်။”

စစ်တွေမြို့အခြေစိုက် Malteser International အဖွဲ့ရဲ့ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာလုပ်တယ်ဆိုတဲ့ သတင်း ထွက်လာပြီးတဲ့နောက် စစ်တွေမှာရှိတဲ့ NGO ရုံးတွေ၊ NGO ၀န်ထမ်းတွေ နေထိုင်တဲ့ အိမ်တွေကို ဒေသခံအချို့က ဗုဒ္ဓဟူးနေ့ညနေပိုင်းကစပြီး ဖျက်ဆီးခဲ့ကြ တယ်လို့ စစ်တွေပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ဗွီအိုအေကိုပြောပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေဟာ ကြာသပတေးနေ့ မနက်ပိုင်းအထိ ဆက်ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေအပေါ် အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Marie Harf က အခုလိုပြောပါတယ်။

“အိုးအိမ်တွေပျက်စီးခဲ့ရပြီး အမေရိကန်နိုင်ငံသား သုံးဦးထက်မနည်းအပါအ၀င် အပြည်ပြည် ဆိုင်ရာ အကူအညီပေး လုပ်သားတွေကို ဘေးကင်းရာဆီ အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်း ခဲ့တဲ့ထိဖြစ်ခဲ့ရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို စစ်တွေမြို့မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အပေါ် ကျမတို့ အထူးပဲ စိုးရိမ်ပါတယ်။”

လူလူချင်းစာနာမှုဆိုင်ရာ အကူအညီပေးလုပ်သားတွေရဲ့ လုံခြုံရေးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်မှုတချို့ ရှိပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့အင်အား အလုံ အလောက်မရှိတာ၊ တရားဥပဒေစိုးမိုးမှု အားနည်းတာ၊ အကြမ်းဖက်မှု မဖြစ်အောင်နဲ့ မပြန့်ပွား အောင် အကာအကွယ်ပေးဖို့၊ အကူအညီပေးလုပ်သားတွေ၊ သူတို့ရဲ့ရုံးတွေနဲ့ တခြား အကာ အကွယ်မဲ့လူထုတွေကို အကာအကွယ်ပေးဖို့ အားနည်းတာတွေအပေါ် အထူးစိုးရိမ်ဆဲ ဖြစ်ပါ တယ်လို့လည်း မာရီး ဟာ့ဖ်ကပြောပါတယ်။

အကြမ်းဖက်အခြေအနေ စဖြစ်ရတာကတော့ Malteser International အဖွဲ့ရဲ့ နိုင်ငံခြားသူ ၀န်ထမ်းက သာသာနာ့အလံကို ဆွဲဖြဲပြီး မတော်တရော်လုပ်တာကို ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက မြင်သွားပြီးတော့ သတင်းပြန့်သွားတာကနေ မကျေမနပ်ဖြစ်သူတွေ စုဝေးပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဦးအောင်မြတ်ကျော်က ရှင်းပြပါတယ်။

လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့အတွက် လုပ်ဆောင်ရမှာတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက မြန်မာတာဝန်ရှိသူတွေနဲ့ ဆက်သွယ် ဆွေးနွေးနေတယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

“လိုအပ်နေသူတွေအတွက် လူလူချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမဲ့ ပုံမှန် ရောက်ဖို့နဲ့ အဲဒီအကူအညီတွေကို ထိထိရောက်ရောက် ပေးပို့နိုင်ဖို့ရာ လူလူချင်းစာနာမှုဆိုင်ရာ လုပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အထူးအရေးကြီးပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခရဲ့ အရင်းခံအကြောင်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ရေရှည်ခံမယ့်အဖြေတစ်ခုရရှိရေး လုပ်ဆောင်ဖို့၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေတွေကို ဖန်တည်းပေးဖို့ မြန်မာအစိုးရကို ကျမတို့ ဆက်ပြီး အားပေးတိုက်တွန်းပါတယ်။ ဒီ ကြိုးပမ်းမှု တွေမှာ ကူညီထောက်ပံ့ဖို့ အမေရိကန်ပြည်ထောင်စုက အဆင်သင့်ရှိပါတယ်။”

သင့်တင့်လျောက်ပတ်တဲ့ တုန့်ပြန်မှု လုပ်ဆောင်ဖို့နဲ့ ကျူးလွန်သူတွေ တာဝန်ခံမှုရှိစေရေး သေချာအောင်လုပ်ဖို့ ကုလသမဂ္ဂရဲ့ လူလူချင်းအကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး တွိုင်လီ ကူရ်ဘာနော့ဗ်ကလည်း မြန်မာတာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသလို နိုင်ငံခြားသားတွေ အကုန်လုံးကို စစ်တွေဟော်တယ်မှာ လုံခြုံရေး ပေးပြီးတော့ ရန်ကုန်ပြန်နိုင်အောင် စီစဉ်ပေးနေတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။



RB News
27.3.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထွန်းက စေတီပြင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများကို ခေါ်ယူ တွေ့ဆုံ၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မဖြည့်ရန် ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထွန်းက စေတီပြင် ကျေးရွာ အနီးတ၀ိုက်ရှိ ကျေးရွာများမှ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၃ ဦးစီကို ခေါ်ယူ၍ တွေ့ဆုံ ခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟု ရေးခွင့် ပြုနိုင်မည် မဟုတ်ကြောင်း ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို ဘင်္ဂလီဟုသာ ရေးပါမည်ဟု အတင်းအဓမ္မ လက်မှတ် ရေးထိုး ခိုင်းခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာ ရပ်မိရပ်ဖများက မိမိတို့သည် ဘင်္ဂလီများ မဟုတ်သဖြင့် လက်မှတ် ရေးထိုး နိုင်မည် မဟုတ်ဟု ငြင်းဆို၍ လက်မှတ် မရေးထိုးဘဲ ပြန်ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

အလားတူပင် ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်း ကျေးရွာ တွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှက ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို အထက်အမိန့်အရ ဟုဆိုကာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂလီ သို့မဟုတ် မွတ်စလင် ဟုသာ ဖြည့်ရမည် ဖြစ်ကြောင်း၊ ရိုဟင်ဂျာဟု ဖြည့်မည် ဆိုပါက စာရေးသား၍ လက်မှတ် ရေးထိုးပြီး စာတင် ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဦးကျော်လှက အကယ်၍ ရိုဟင်ဂျာဟု ပြောမည် ဆိုပါက စာရင်းကောက်များက စာရင်းကောက်မည် မဟုတ်ကြောင်း ပြောကြားရာ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ များက မိမိတို့ အနေဖြင့် မိမိတို့၏ လူမျိုး အမည်ကိုသာ ရေးမည် ဖြစ်ကြောင်း၊ အကယ်၍ စာရင်းကောက်များက စာရင်း မကောက်လည်း မိမိတို့ အတွက် ပြဿနာ မဟုတ်ကြောင်း၊ မိမိတို့သည် ရိုဟင်ဂျာ များသာ ဖြစ်၍ ရိုဟင်ဂျာဘဲ ဖြစ်ရမည်ဟု ရဲရဲဝံ့ဝံ့ တုန့်ပြန် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။




RB News
27.3.2014

ရမ်းဗြဲ ။ ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာမှ ဒေသခံ များကို သန်းခေါင်စာရင်းနှင့် ပတ်သက်၍ လ.၀.က တိုက်နယ်မှူးက ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၄ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ မူလတန်းလွန် ကျောင်းတွင် ကျောက်နီမော်မှ ဒေသခံများကို ကျောက်နီမော် လ.၀.က တိုက်နယ်မှူး ဦးကျော်ကျော်အောင်၊ ကျောက်နီမော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်၊ စာရေး ဦးဇော်မင်းနိုင် တို့က ခေါ်ယူ တွေ့ဆုံ ခဲ့သည်။
တွေ့ဆုံပွဲတွင် ဦးကျော်ကျော်အောင်က ခရိုင် လ.၀.က ဦးစီးမှူး၏ အမိန့်အရ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်မည့် မေးခွန်း အမှတ် (၇) ကိုးကွယ်သည့် ဘာသာ၊ အမှတ် (၈) လူမျိုး နေရာများတွင် မဖြည့်စွက်ရန်၊ အကယ်၍ ဖြည့်စွက်မည် ဆိုပါကလည်း ဘင်္ဂါလီဟုသာ ဖြည့်စွက်ရန် ပြောကြားခဲ့သည်။ ဦးကျော်ကျော်အောင်က အကယ်၍ ၎င်းပြောကြားသည့် အတိုင်း မလိုက်နာဘဲ အခြား လူမျိုး အမည် တစ်စုံ တစ်ရာ ဖြည့်စွက် ရေးသားပါက ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး အစရှိသည့် အရေးပေါင်းစုံတွင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျောက်နီမော် ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးကျော်ကျော်အောင် ပြောကြားခဲ့သည် များကို ရွာသူ ရွာသား များအားလုံးကို ရှင်းပြပြီး မတ်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီတွင် လက်ခံ သဘောတူကြောင်း ရွာသူရွာသားများက လက်မှတ် ရေးထိုး၍ အကြောင်းပြန်ရမည်ဟု သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ ပြောကြား ခဲ့သည်။ သန်းခေါင်စာရင်း ဥပဒေအရ မည်သူ တစ်ဦး တစ်ယောက်ကမှ တိုက်တွန်း၊ ခြိမ်းခြောက် ပြောဆိုခွင့် မရှိသော်လည်း ရခိုင်ပြည်နယ် အနှံ့အပြားရှိ မြို့နယ် များတွင် ဒေသခံ မွတ်စလင်များကို နည်းမျိုးစုံ ခြိမ်းခြောက် လျက်ရှိသည်။




RB News
27.3.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးနှင့် လ.၀.က ဒုဦးစီးအရာရှိ တို့က ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မရေးရန် ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ လ.၀.ကမှူး ဦးလှဝင်းနိုင်တို့က ကျေးရွာ အုပ်စု ၁၅ စုမှ အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မရေးရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက သန်းခေါင်စာရင်း ကောက်ယူသည့် အခါ လူမျိုး၊ ဘာသာကို ကွက်လပ် ထားရန် ပြောဆို ခဲ့ပြီး၊ ကျန်သည့် မေးခွန်းများကိုသာ ဒေသခံများမှ ဖြေဆိုရမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ အကယ်၍ ပြောဆိုထားသည့် အတိုင်း မလိုက်နာပါက ပြဿနာ ဖြစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ထို့နောက် မြို့နယ်ခွဲ လ.၀.ကမှူး ဖြစ်သူ ဦးလှဝင်းနိုင်က “မင်းတို့ ဘင်္ဂလီဘဲ၊ ဘင်္ဂလီဘဲ ရေးရမယ်။ ရိုဟင်ဂျာ ရေးရင် ငါတို့ လက်မခံဘူး။ မင်းတို့ ရွာသား တွေကို ရှင်းပြ။ သန်းခေါင် စာရင်း ကောက်ယူတာ ငါတို့ လိုအပ်ချက် အရ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ အစည်းအဝေးသို့ တက်ရောက် လာသူများကို သန်းခေါင် စာရင်း ဖြေဆိုရာတွင် အာဏာပိုင်များ ပြောကြားသည့် အတိုင်း လိုက်နာ ပါမည်ဟု အတင်း အကျပ် လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

လ.၀.ကမှူး ဦးလှဝင်းနိုင်သည် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ လူမှု ဘက်စုံ ကူညီ စောင့်ရှောက်ရေး အသင်း၏ ဥက္ကဌ ဖြစ်ပြီး တစ်ဖက်နိုင်ငံက ဘင်္ဂလီ - ရခိုင်များကို စည်းရုံး၍ ခေါ်လာနေသူ တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် တဖက်နိုင်ငံရှိ ရခိုင် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ရင်းနှီး ကျွမ်းဝင်သူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



အယ်ဒီတာ့အာဘော်
RB News
27.3.2014

သန်းခေါင်စာရင်း ကောက်ယူမယ့် အချိန်နီးကပ် လာတာနဲ့ အမျှ ရခိုင်ပြည်နယ် အ၀န်းမှာ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေက ဒေသခံ ရိုဟင်ဂျာ တွေကို အစည်းအဝေး တွေခေါ်ယူပြီး ခြိမ်းခြောက်တာတွေ တစ်နေ့ထက် တစ်နေ့ များပြား လာနေပါတယ်။ အဲဒီလို ခြိမ်းခြောက်ခြင်းက ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ သန်းခေါင်စာရင်း ဥပဒေနဲ့ ဆန့်ကျင် နေပမယ့်လည်း ပြည်ထောင်စု အစိုးရ ကိုယ်တိုင်က အဲဒီလို ခြိမ်းခြောက်ဖို့ ညွှန်ကြားထားတာမို့ အရေးယူ ဆောင်ရွက် ပေးခြင်းလည်း မရှိပါဘူး။

ဒေသဆိုင်ရာ အာဏာပိုင်တွေက လူမျိုးနေရာမှာ ဘာမှ မဖြည့်ဘဲ ကွက်လပ်ချန်ဖို့ ပြောနေတာ ရှိသလို၊ လူမျိုးနေရာမှာ ဘင်္ဂါလီလို့ ဖြည့်ပါဆိုပြီး အတင်း အဓမ္မ ခြိမ်းခြောက် တိုက်တွန်း နေတာလည်း ရှိပါတယ်။ ပျော့ပျောင်းစွာ ပြောတာ ရှိသလို၊ ရာထူးနဲ့ မလိုက်ဖက်အောင် ညစ်ညမ်းတဲ့ အသုံးအနှုန်း တွေကိုပါ သုံးစွဲပြီး ခြိမ်းခြောက် နေတာတွေလည်း လေ့လာ တွေ့ရှိရပါတယ်။ အဲဒါတွေ အပြင် လူမျိုးနေရာမှာ ဘင်္ဂါလီလို့သာ ရေးပါမယ် ဆိုပြီး ခံဝန်ချက် လက်မှတ်ရေးထိုး ခိုင်းနေတာလည်း ရှိသလို၊ လူမျိုးနေရာမှာ ရိုဟင်ဂျာလို့သာ ရေးမယ့် အကြောင်းကို လက်မှတ်ထိုးပြီး စာတင်ပါလို့ အာဏာပိုင်တွေက အတင်းအဓမ္မ ပြောဆိုနေတာ တွေလည်း ရှိပါတယ်။

ဥပဒေအရ အာဏာပိုင်တွေမှာ အခုလိုမျိုး လုပ်ပိုင်ခွင့် လုံးဝ (လုံးဝ) မရှိပါဘူး။ အဲဒီ အတွက်ကြောင့် အာဏာပိုင် တွေတောင်းတဲ့ စာတွေကို ပေးစရာ မလိုဘူးလို့ ကျွန်တော်တို့ RB ၀ိုင်းတော်သားများက အသိပေးချင်ပါတယ်။ သန်းခေါင်စာရင်းကို စာရင်းကောက် များက အိမ်တိုင်ရာရောက် လာရောက်ပြီး ကောက်ယူ ရမှာ ဖြစ်ပြီး၊ မိမိတို့ အနေနဲ့ ယခင် န.စ.က ဆွဲ၊တင်၊စစ် လို သွားပြီး ဖြေစရာလည်း အကြောင်း မရှိပါဘူး။ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ထုံး လုပ်နည်းက တစ်နိုင်ငံလုံး တစ်မျိုးတည်းသာ ဖြစ်ပါတယ်။ အဲဒီတော့ မိမိတို့ရဲ့ နေအိမ်များမှာသာ စောင့်ဆိုင်းပြီး ဖြေဆိုကြပါ။ ပြီးတော့ သန်းခေါင်စာရင်း ဖြေဆိုရာမှာ မည်သည့် စာရွက် စာတမ်းကိုမှ ပြစရာလည်း မလိုပါ။ အမျိုးသား မှတ်ပုံတင် ကဒ်ပြား၊ ယာယီ သက်သေခံ ကဒ်ပြား၊ အိမ်ထောင်စု စာရင်းနဲ့ အခြား မည်သည့် စာရွက် စာတမ်းကိုမှ ပြဖို့ မလိုအပ်ပါ။

သန်းခေါင်စာရင်း ဖြေဆိုရာမှာလည်း မိမိ အတွက် အဆင်ပြေမယ့် မေးခွန်းကနေ စပြီး ဖြေခွင့် ရှိပါတယ်။ မေးခွန်းကို အစဉ်လိုက် ဖြေရမယ်လို့ ပြဌာန်းထားခြင်း မရှိပါဘူး။ အဲဒါကြောင့် သန်းခေါင်စာရင်း ဖြေဆိုမယ့် ရိုဟင်ဂျာများ အနေနဲ့ စာရင်းကောက်များကို မေးခွန်း နံပါတ် (၈) အရင် ဖြေမယ်လို့ ပြောပါ။ မေးခွန်း နံပါတ် (၈) ကို မိမိတို့ရဲ့ ဆန္ဒအတိုင်း လူမျိုးနေရာမှာ “ရိုဟင်ဂျာ” - ကုဒ်နံပါတ် 914 ကိုဖြည့်လိုက်မှသာ ကျန်တဲ့ မေးခွန်းများကို ဖြေဆိုပါလို့ အကြံပြုချင်ပါတယ်။ ဖြေဆိုတဲ့အတိုင်း မှန်မှန်ကန်ကန် ရေးခြင်း ရှိ/မရှိကို အရင်စစ်ဆေးပါ။ စစ်ဆေးခွင့် ရှိပါတယ်။ ပြီးမှသာ ကျန်တဲ့ မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါလို့ အလေးအနက် ပြောချင်ပါတယ်။ အကယ်၍ မိမိတို့ရဲ့ ဆန္ဒအတိုင်း ရိုဟင်ဂျာ လူမျိုး - ကုဒ်နံပါတ် 914 ဖြည့်မပေးဘူး ဆိုရင် ဆက်ဖြေစရာလည်း မလိုအပ်ပါဘူး။

သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ စာရင်းကောက်၊ လုံခြုံရေးနဲ့ အခြား တစ်ဦးတစ်ယောက်က မိမိရဲ့ ဆန္ဒအတိုင်း ဖြည့်သွင်းခြင်း မရှိဘူး၊ အနှောက်အယှက် တစ်စုံတစ်ရာ ပေးတယ်ဆိုရင် UNFPA ရဲ့ Hotline ဖြစ်တဲ့ 1840 ကိုချက်ချင်း ဖုန်းဆက် အကြောင်းကြားပါ။ UNFPA က ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ပြီးရင် ဒုတိယ တာဝန် အရှိဆုံး အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့ RB ၀ိုင်းတော်သားတွေ အနေနဲ့ ရိုဟင်ဂျာ မိဘပြည်သူများ တွေ့ကြုံလာတဲ့ အခက်အခဲ များကို အချိန်နဲ့ တပြေးညီ အတတ်နိုင်ဆုံး သတင်းရေးသား ပေးမှာ ဖြစ်သလို၊ ကုလသမဂ္ဂနဲ့ အခြားသော အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ နိုင်ငံတကာ သံရုံးများကိုလည်း အချိန်မှီ သတင်း ပေးပို့ သွားမှာ ဖြစ်ပါတယ်။

လ.၀.က ၀န်ကြီး ဦးခင်ရီက စစ်တွေမြို့မှာ ခြိမ်းခြောက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တဲ့ နောက်မှာ စစ်တွေမြို့မှာ ရှိတဲ့ နိုင်ငံခြားသား တွေကို အပြီးမောင်းထုတ်ဖို့ လုပ်ကြံဖန်တီးမှု တစ်ခု စလိုက်တာ မတ်လ ၂၆ ရက်နေ့ ညပိုင်း ကတည်းက ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ရိုဟင်ဂျာတိုင်းရဲ့ အသွေးအသားထဲက ရိုဟင်ဂျာကို ဘယ်လို ခြိမ်းခြောက်မှုနဲ့မှ ပြောင်းလဲ နိုင်မှာ မဟုတ်ဘူးဆိုတာကို လ.၀.က ၀န်ကြီး ဦးခင်ရီနဲ့ အပေါင်းအပါများ နားလည် ထားပါလို့ ကျွန်တော်တို့ RB ၀ိုင်းတော်သားများ ပြောချင်ပါတယ်။

ရိုဟင်ဂျာ မိဘ ပြည်သူများ အနေနဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့ ကာလမှာ တွေ့ကြုံရတဲ့ အခက် အခဲများကို Viber, WeChat, Whatsapp ကနေတဆင့် ဖုန်းနံပါတ် 0049 179 6535213 သို့ဆက်သွယ်ပြီး အကြောင်းကြား နိုင်ပါတယ်။


Rohingya Blogger - RB ၀ိုင်းတော်သားများ

မြန်မာ - ဘင်္ဂလား နယ်စပ် ခြံစည်းရိုး (ဓါတ်ပုံ - UCA News)


RB News
27.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ် အတွင်းတွင် အကြမ်းဖက်ရန် ၀င်ရောက် ခဲ့သည့် ဘင်္ဂလီ - ရခိုင် အုပ်စု တစ်စုသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးနားတွင် ရှိနေပြီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံဖက်သို့ ပြန်လည် ကူးရန် အတွက် ဘင်္ဂလား ဒေ့ရှ် နယ်ခြား စောင့်တပ်၏ အလစ်ကို စောင့်ဆိုင်း နေကြောင်း သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုး အနီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာ နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်၍ အကြမ်းဖက်ရန် ၀င်ရောက်ခဲ့သည့် ၃၀ ဦးခန့် ပါဝင်သည့် ဘင်္ဂလီ - ရခိုင် အုပ်စု တစ်စုက ဘင်္ဂလား ဒေ့ရှ် နိုင်ငံဖက်သို့ ပြန်လည် ကူးရန် အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်၏ အလစ်ကို စောင့်ဆိုင်း လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) ရပ်ကွက်မှာ ရှိတဲ့ ယခင် ဦးရှိတ်အာမတ်ရဲ့ အိမ်နားမှာ ဘင်္ဂလီ - ရခိုင် အုပ်စု တစ်စု လွန်ခဲ့တဲ့ နှစ်နာရီ လောက်က စပြီး ထိုင်စောင့် နေကြတယ်။ တဖက်နိုင်ငံကို ကူးဖို့ အတွက် ဟိုဘက်က နယ်ခြား စောင့်တပ်ရဲ့ အလစ်ကို စောင့်နေတာပါ။ ကျွန်တော်တို့ ဒေသခံ လုံခြုံရေးတွေကို အကြောင်းကြား ပါတယ်။ ဒါပေမယ့် လာလည်း မကြည့်ဘူး။ လာကြည့်မယ်လို့ တောင် မပြောဘူး။ ကျွန်တော်တို့ မောင်တောမှာ နေ့စဉ် ရက်ဆက် မီးရှို့မှု တွေ ဖြစ်နေတာတွေနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။ တရားမ၀င် ၀င်ရောက်လာလို့ တရားမ၀င် ပြန်ထွက် နေတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက သိသိကြီးနဲ့ လွှတ်ပေး ထားသလို ဖြစ်နေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။




ကိုမိုးဇော်
26.3.2014

အမေရိကန် အောက်လွှတ်တော် အမတ်တွေက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးဖို့ မြန်မာအစိုးရအပေါ် တောင်းဆိုတာဟာ မြန်မာပြည်ရဲ့ နောက်ခံ နိုင်ငံရေးသမိုင်းကို တိတိကျကျ လေ့လာမှုမရှိဘဲ ပြောဆိုတာသာ ဖြစ်တယ်လို့ မြန်မာ အစိုးရရဲ့ ပြောခွင့်ရသူက တုံ့ပြန်လိုက်ပါတယ်။

ဒီအရေးကိစ္စဟာ မြန်မာပြည်ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တာကြောင့် ပြင်ပက ဖိအားပေး ဆောင်ရွက်တာမျိုးကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ် သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂါလီ လို့ ခေါ်ဆိုသုံးစွဲနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက အစ္စလာမ် ဘာသာဝင်တွေကို တိုင်းရင်းသားအဖြစ် ချက်ချင်း အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးဖို့အတွက် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ဆက်ဆံရေးကော်မတီ ကြားနားပွဲမှာ အင်္ဂါနေ့က ဆွေးနွေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုအပေါ်မှာတော့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန် ပြောဆိုပါတယ်။

“အဲ့ဒီမှာ ပြဿနာက တိုင်းရင်းသား လူနည်းစုဆိုတဲ့ ကိစ္စနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စနှစ်ခုကို လာပေါင်းလို့ မရဘူး။ ၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ကိုက်ညီတဲ့ ဘင်္ဂါလီ မှန်သမျှ နိုင်ငံသားဖြစ်ခွင့်အတွက် ဆောင်ရွက်ပေးမယ်ဆိုတာ ကျနော်တို့က အမြဲတမ်း ပြောခဲ့ပြီးသားပဲ။ တိုင်းရင်းသားဖြစ်ခွင့်ဆိုတာက ဗြိတိသျှလက်ထက်မှာ သန်းခေါင်စာရင်း ကောက်ကတည်းကိုက သူတို့ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ အဲ့ဒီစကားလုံးဆိုတာလည်း ဒါ ၁၉၅၀ လောက်ကမှ စပြီး ပေါ်လာတဲ့ စကားလုံးကြီး။ အဲ့ဒီနှစ်ခုကို ခွဲခွဲခြားခြား နားမလည်ဘဲနဲ့ ပေါင်းပြီးတော့ ထည့်တာတော့ သူတို့ဟာသူတို့ ဒီ ပြည်တွင်းနိုင်ငံရေးအရ lobby group တွေရဲ့ အလိုကျ လိုက်လုပ်တာလို့ပဲ ပြောရမှာပဲ။ ကျနော်တို့ကတော့ ဘာမှ အလေးထားပြီး လိုက်လုပ်ပေးစရာ မလိုပါဘူး။ အမေရိကန်က လွှတ်တော်အမတ်တွေက သူများနိုင်ငံရဲ့အကြောင်းကို ပြောမယ်ဆိုရင် အဲ့ဒီနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေရဲ့ နောက်ကြောင်းတို့၊ အကြောင်းရင်းခံတို့ကို တိတိကျကျ လေ့လာပြီးမှ ပြောသင့်တာပေါ့ဗျာ။”

အမေရိကန် အောက်လွှတ်တော်အမတ်တွေက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြုမူဆက်ဆံတာတွေ တိုးတက်အောင် မလုပ်ရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ဟာ ပြည့်မီမှာ မဟုတ်ကြောင်းနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ နိုင်ငံတကာက လိုအပ်တဲ့ နည်းလမ်းတွေသုံးပြီး ဖိအားပေး ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒီအပေါ်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“နိုင်ငံတကာက ဖိအားပေးလို့လည်း မရပါဘူး။ ဒါ ကျနော်တို့ရဲ့ ပြည်တွင်းရေး ကိစ္စပဲ။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ကိစ္စပဲ။ အမေရိကန်နိုင်ငံမှာ လုပ်နေတဲ့ လူဝင်မှုကြီးကြပ်ရေး ပြဿနာကို ကျနော်တို့က ဖိအားပေးလို့ မရသလို၊ ကျနော်တို့နိုင်ငံက လူဝင်မှုကြီးကြပ်ရေး ပြဿနာ၊ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ပြဿနာကို ဘယ်သူကမှ လာပြီးတော့ ဖိအားပေးလို့ မရပါဘူး။ ကျနော်တို့မှာ လူ့အခွင့်အရေးနဲ့ မညီလို့ အကြံပြုချင်တယ်ဆိုရင်တော့
ပြုလို့ရမယ်။ ဒါလောက်ပဲ။”

ရန်ကုန်တိုင်းဒေသကြီးက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ ပထ၀ီနိုင်ငံရေးအရ မြန်မာပြည်ရဲ့ တိုင်းရင်းသားအရေးဟာ အရေးကြီးကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၈ မျိုးရှိတယ်။ အဲ့ဒီရဲ့အောက်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်။ အဲ့ဒီထဲမှာ ရိုဟင်ဂျာဆိုတာလည်း မရှိဘူး။ ရိုဟင်ဂျာဆိုတာ ပါလည်းမပါဘူး။ ကျနော်တို့နိုင်ငံရဲ့ ပထ၀ီဝင် အနေအထားအရ အနောက်ဘက်မှာ ဧရိယာမိုင်အားဖြင့် မကွေးတိုင်းသာသာလောက်ပဲရှိတယ်။ လူဦးရေက သန်း ၁၆၀ ကျော်နေပြီ။ population က အရမ်းကို ကြီးထွားနေတယ်။ ပြီးတော့ အဲ့ဒီအထက်မှာ အိန္ဒိယရှိတယ်။ သန်း ၁၃,၀၀ ကျော်နေပြီ။ အရှေ့ဘက်မှာ တရုတ်နိုင်ငံရှိတယ်။ တရုတ်နိုင်ငံက သန်း ၁၆,၀၀ ကျော်ရှိတယ်။ အဲဒီလိုမျိုး လူဦးရေများပြားလွန်းတဲ့ နိုင်ငံကြီးတွေကြား ထဲမှာနေတဲ့ ကျနော်တို့ နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေအရေးဟာ သိပ်ကို အရေးကြီးတယ်။ တနိုင်ငံနဲ့တနိုင်ငံ ပထ၀ီ နိုင်ငံရေးမတူဘဲနဲ့ သူတို့က ဒါမျိုး သေချာ မလေ့လာဘဲနဲ့ ဒါမျိုး မလုပ်သင့်ဘူးလို့ ကျနော် မြင်ပါတယ်။
နောက်တခုက ဒါဟာ တနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို တနိုင်ငံက ၀င်ရောက် စွက်ဖက်တာဖြစ်နေတယ်။”

ဘူးသီးတောင်၊ မောင်တော မူဆလင်ဒေသခံတွေကို အခြေခံထားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီရဲ့ အတွင်းရေးမှူး ဦးကျော်စိုးအောင်ကတော့ သူတို့တွေဟာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉၄၇ ဥပဒေရေးဆွဲစဉ်ကတည်းက တိုင်းရင်းသားအဖြစ် ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ခေါ်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုးတွေနဲ့အတူတူ ကျနော်တို့ ရိုဟင်ဂျာဒေသကို ကိုယ်စားပြုတဲ့ ကျနော့်အဖေရယ်၊ နောက် မောင်တောက တယောက်ရယ်၊ တိုင်းရင်းသားလူမျိုးကိုယ်စားပြုတဲ့အထဲမှာ နှစ်ဦးပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့နေရာမှာ။ ဦးနေ၀င်း အာဏာတက်လာပြီး တတိုင်းပြည်လုံးမှာ လူတွေအားလုံး အခွင့်အရေး ဆုံးရှုံးတဲ့နေရာမှာ ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေကလည်း ထိပ်ဆုံးကနေ လူ့အခွင့်အရေး ဆုံးရှုံးခံရတယ်။ အဲ့ဒီနောက်ပိုင်း ၁၉၈၈၊ 88 နောက်ပိုင်းကျတော့ ၂၀၁၀ ပြည့်က အဆိုးဆုံးပေါ့ဗျာ။ နောက်ဆုံး အခု ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာ သမိုင်းမှာမရှိဘူးဆိုပြီးတော့ တချို့သော ပုဂ္ဂိုလ်တွေက ပြောနေတယ်။ အဲ့ဒါတွေကိုတော့ ကျနော်တို့က လက်မခံဘူး။”

ဦးကျော်စိုးအောင်က သူတို့ဒေသက လူထုတွေဟာ လက်ထပ်ထိမ်းမြားခွင့်၊ ခရီးသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ပြောဆိုပေမဲ့ မြန်မာအစိုးရဘက်ကတော့ လူမျိုး၊ ဘာသာ ခွဲခြားပြီး ဆက်ဆံတာ မရှိကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ မကြာမီ စတင်တော့မယ့် သန်းခေါင်စာရင်း
ကောက်ယူရာမှာ ရိုဟင်ဂျာလူမျိုးအမည် မထည့်သွင်းဖို့အတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ စုက တောင်းဆိုထားပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ဘူးသီးတောင်၊ မောင်တော နယ်တွေမှာ ပြည်သူ့ဆန္ဒ ကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြု ရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ လူ ၂၀၀၀ လောက် ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။



RB News
26.3.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးသည် ကိုးတန်ကောက် ကျေးရွာ အုပ်စုသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများနှင့် တွေ့ဆုံ၍ သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာ မဖြည့်ရန် အလွန် ရိုင်းပျသည့် အသုံးအနှုန်းများ သုံး၍ ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထွန်းသည် ကိုးတန်ကောက် ကျေးရွာ အုပ်စု၊ ချိန်ခါလီ ရခိုင်ရွာသို့ သွားရောက်၍ အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ရိုဟင်ဂျာ များကို ခေါ်ယူ တွေ့ဆုံ၍ အလွန်ရိုင်းပျ၊ ရင့်သီးစွာ ပြောဆိုပြီး သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မရေးရန် ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးက အလွန်ကို ရိုင်းပါတယ်။ ရာထူးကြီး ရထားရက်နဲ့ သုံးတဲ့ အသုံးအနှုန်းတွေက အရမ်းကို ရိုင်းပျ ရင့်သီးလွန်း ပါတယ်။ မင်းတို့ အားလုံးက ဘင်္ဂလီတွေဘဲ၊ ဘင်္ဂလီ ပြောရင် -ီး ဖြစ်လားလို့ ဆဲဆိုပြီး ခြိမ်းခြောက်ပါတယ်။ အခုမင်းတို့ ဒီဘ၀ရောက် နေတယ်။ ရိုဟင်ဂျာ ပြောရင် မင်းတို့ အခြေအနေ ဒီထက် ဆိုးလာလိမ့်မယ်။ ပြီးတော့ သန်းခေါင်စာရင်းမှာ မင်းတို့ ဘင်္ဂလီထည့်မယ်လို့ပြော ဆိုပြီး အတင်း အဓမ္မ ပြောခိုင်းတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ကို ရိုက်နှက် နှိပ်စက်မှာ စိုးလို့ အဲဒီနေရာက အမြန်ပြန်ရဖို့ အတွက် ပြီးစလွယ် ပြောလိုက် ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ဒေသခံများသည် ၎င်းတို့ကို ခြိမ်းခြောက်လည်း ဂရုစိုက်မည် မဟုတ်ဘဲ၊ သန်းခေါင် စာရင်းတွင် ကုဒ်နံပါတ် ၉၁၄ နှင့် ရိုဟင်ဂျာကို ရေးမှသာ ကျန်သည့် မေးခွန်းများကို ဆက်လက် ဖြေဆိုရန် ဆုံးဖြတ် ထားကြသည်ဟု ပြောပါသည်။




RB News
26.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ ရဲစခန်းမှူးနှင့် နယ်ထိန်း ခေါင်းဆောင်၊ စရဖ တပ်ဆွယ်မှူး တို့သည် ဒေသခံ အများအပြားကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက်ပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မျိုးနိုင်သည် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်အတူ အမှတ် (၁) အနောက် ရပ်ကွက်မှ ဦးမာမတ်အလီ (ဘ) ဦးဆူလေမန်၏ အိမ်ကို ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး တို့မပါဘဲ ၀င်ရောက်၍ ဦးမာမတ်အလီကို အကြောင်းမဲ့ ဖမ်းဆီး ခဲ့သည်။ ထို့နောက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ရောက်ရှိလာပြီး၊ ဦးမာမတ်အလီကို လွှတ်ပေးရန် ပြောဆို ခဲ့သော်လည်း ရဲများက မလွှတ်ပေးဘဲ ရဲစခန်းသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင်ထားကာ တစ်ညလုံး ရိုက်နှက် နှိပ်စက် ခဲ့ပြီး၊ မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင် ငွေကျပ် ၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ရဲစခန်းမှူး ဖြစ်သူ ရဲအုပ်မြတ်ထွေး ကလည်း သိမ်တောင် ကျေးရွာ အုပ်စု၊ အတွင်းငှက်သေ ကျေးရွာ၊ ကျောက်ဆိပ် ကျေးရွာ များသို့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးဖြင့် သွားရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၂၀ ဦးကို ဖမ်းဆီး၍ ဘူးသီးတောင် မြို့နယ် ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ ဖမ်းဆီး ထားသူ ၂၀ ဦးထဲမှ ၄ ဦးကို ငွေညှစ်ပြီး ပြန်လည် လွှတ်ပေး ခဲ့သည်။ လွှတ်ပေးခဲ့သည့် ၄ ဦးထံမှ ငွေကျပ် ၂၇ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။ ရဲအုပ် မြတ်ထွေးသည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီး၍ မကြာခဏ ငွေညှစ်လေ့ ရှိပြီး၊ အထက် အာဏာပိုင် များကို တိုင်ကြားပါက ဖမ်းဆီး၍ ပုဒ်မ တစ်ခုခု တပ်၍ တရားစွဲဆိုပြီး ထောင်ကျအောင် ပြုလုပ် လေ့ရှိသည်ဟု ဒေသခံ များက ဆိုသည်။

ငွေညှစ်ခံရသူ ၄ ဦးမှာ --

(၁) ဦးအာမတ် (ဘ) ဘဇူရ်မျာ (သိမ်တောင်) ညှစ်ခံရသည့် ငွေ ၇ သိန်း
(၂) ဦးဆွေယာဒ်ဇာမာ (သိမ်တောင်) ညှစ်ခံရသည့် ငွေ ၅ သိန်း
(၃) ဦးဆလီမုလ္လာ (သိမ်တောင်) ညှစ်ခံရသည့် ငွေ ၈ သိန်း
(၄) မော်လ၀ီ ဘရှီးရ်အာမတ် (သိမ်တောင်) ညှစ်ခံရသည့် ငွေ ၇ သိန်း -- တို့ဖြစ်သည်။

မတ်လ ၂၅ ရက်နေ့ကပင် ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာအုပ်စု အခြေစိုက် စရဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်က မော်လ၀ီ ဦးအာရော်ဖုလ္လာ (ဘ) ဦးဟာရှိမ်း (အသက် ၄၀ နှစ်) ကို လူကုန်ကူးမှုတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ အဆိုပါ စရဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် မကြာခဏ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်လေ့ ရှိသူ တစ်ဦး ဖြစ်ပြီး၊ ဗျူဟာမှူးဖြင့် တိုင်လျှင်လည်း ဂရုမစိုက်ဟု ခြိမ်းခြောက်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ရဲအုပ် မြတ်ထွေးနှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး တို့သည် သေကံခွဆုံ ကျေးရွာ အုပ်စု၊ ခွဆုံ ရွာသို့ သွားရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၁၁) ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ရဲအုပ်မြတ်ထွေးက အဆိုပါ (၁၁) ဦးကို ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ချုပ်နှောင် ထားပြီး ငွေညှစ်၍ ရမှသာ ပြန်လည် လွှတ်ပေးဖွယ် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးညီညီကလည်း လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရွာသား အများအပြားကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ ရွာသားများက RB News သို့ ပြောပါသည်။

ဖမ်းဆီးခံရသည့် ခွဆုံကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အပြစ်မဲ့ (၁၁) ဦးမှာ --

(၁) ဦးနူရ်ဆလာမ် (ဘ) ဦးနူးရ်မာမတ်
(၂) ဦးဆာလေ (ဘ) ဦးဆယာဒ်အာမတ်
(၃) ဦးဒိလ်မာမတ် (ဘ) ဦးအာမတ်ဟူစိန်း
(၄) ဒေါ်နူရူဘီဘီ (ဘ) ဦးဒလ္လာ
(၅) ဦးမိုဟာမတ်ဟာရှိမ်း (ဘ) ဦးကာဆိမ်း
(၆) ဒေါ်ဒိလ်ဒါရ်ဘေဂမ် (ဘ) ဦးဟာရှိမ်း
(၇) ဦးရာမ်ဇာန်အလီ (ဘ) ဦးအဒူဟူစိန်း
(၈) ဦးဟိုင်ဟူစိန်း (ဘ) ဦးအမီးရ်ဟာကိမ်း
(၉) ဦးရှော်ဖိတ် (ဘ) ဦးဇာဖောရ်
(၁၀) ဦးအယုဘ် (ဘ) ဦးအမီရုလ္လာ
(၁၁) ဦးရှောမ်ရှု (ဘ) ဦးနူးရ်မုစ်တာဖာ -- တို့ဖြစ်ပါသည်။




RB News
26.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ဒုရဲမှူး တစ်ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) နယ်မြေ၊ စခန်း အမှတ် (၉) အခြေစိုက် အမှတ် (၃၇) ရဲတပ်ရင်းမှ ဒုရဲမှူး ဝေလင်းကို (ဒု-နယ်မြေမှူး၊ အမှတ် (၄) နယ်မြေ) နှင့် လိပ်ရ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ များကို မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း၊ တိတ်တုံး (ခြောက်ပေါက်) တွင်ထည့်ထားခြင်း၊ ငွေညှစ်ခြင်းနှင့် လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

မတ်လ ၂၁ ရက်နေ့က လိပ်ရကျေးရွာ အုပ်စု၊ အလယ်ရွာနေ ဦးရော်ရှိတ်အာမတ် (ဘ) ဦးမာမာတ်ဘောက်ရှု (အသက် ၃၈ နှစ်) ၏ နေအိမ်သို့ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဒုရဲမှူး ဝေလင်းကိုနှင့် တပ်ဖွဲ့ဝင်များ ၀ိုင်း၍ နေအိမ်ထဲသို့ ကျူးကျော်၍ ၀င်ရောက်ခဲ့သည်။ ထို့နောက် ဦးရော်ရှိတ်အာမတ်ကို တိုင်တန်းထားသည့် အတွက် လာရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

နယ်မြေစခန်း အချုပ်ခန်းတွင် အပြစ်မဲ့ ဦးရော်ရှိတ်အာမတ်ကို ချုပ်နှောင် ထားခဲ့ပြီး ညနေ ၅ နာရီ အချိန်တွင် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ အဆိုပါ ငွေနှစ်သိန်းကို ဒုရဲမှူး ဝေလင်းကိုက တစ်သိန်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက တစ်သိန်း ခွဲဝေယူခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

RB News
26.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်း ကျေးရွာ အုပ်စု၊ ဒိုးတန်းဈေးတွင် ယနေ့ နံနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၇ ခန်း မီးလောင်၍ ပြာကျခဲ့ ရကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် အစောပိုင်း ၃း၄၀ နာရီတွင် မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်း ကျေးရွာ အုပ်စု၊ ဒိုးတန်းဈေးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ ဦးမာမတ်ရော်ရှိတ်၏ ဆိုင်ခေါင်မိုးမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးစတင်လောင်ပြီး မကြာမီ ရွာသားများ သိရှိခဲ့ပြီး ၄း၂၀ နာရီတွင် မီးငြိမ်းသတ် နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ဆိုင် ၇ ခန်း ပြာကျ သွားကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။

မီးမလောင်မှီ မိနစ် ၂၀ ခန့်တွင် ငါးခူရ ကျေးရွာမှ ရခိုင် လူမျိုး ၄ ဦး ဆိုင်ကယ် နှစ်စီးဖြင့် ဒိုးတန်းဈေး အနီးမှ ဖြတ်သွား ခဲ့ကြောင့် မျက်မြင် သက်သေများက ပြောပါသည်။ ဒိုးတန်းဈေးနှင့် ရခိုင် နတလ ရွာသည် ၄ ဖာလုံခန့်သာ ကွာဝေးပြီး အရှေ့ဖက်တွင် တည်ရှိသည်။ ခေါင်မိုးမှ စတင်ခဲ့သည့် မီးမှာ သာမာန် မတော်မဆ လောင်ကျွမ်းသည့် မီးမဟုတ်ဘဲ၊ ရှို့မီးသာ ဖြစ်သည်ဟု ဒေသခံများက သုံးသပ်ကြောင်း RB News သို့ပြောပါသည်။

မီးလောင်သွားသည့် ဆိုင်ခန်းများ၏ ပိုင်ရှင်များမှာ --

(၁) ဦးမာမတ်ရော်ရှိတ် (ဘ) ဦးမာမတ်ဟူစိန်း (စားကုန်ဆိုင်) စဉ်တောင်ရွာမှ
(၂) ဦးတာဟေရ် (ဘ) ဦးမာမတ်ရှော်ဖီ (စားကုန်ဆိုင်) စဉ်တောင်ရွာမှ
(၃) ဦးအီလီယာစ် (ဘ) ဦးနော်ဘီဟူစိန်း (စားကုန်ဆိုင်) စဉ်တောင်ရွာမှ
(၄) ဦးဟူဆောင်န် (ဘ) ဦးအဒူရာမန် (စားကုန်ဆိုင်) စဉ်တောင်ရွာမှ
(၅) ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးဒိလ်မာမတ် (စားကုန်ဆိုင်) စဉ်တောင်ရွာမှ
(၆) ဦးဟော်လိလ်အာမတ် (ဘ) ဦးအဒူမော်ဇိတ် (စားကုန်ဆိုင်) စဉ်တောင်ရွာမှ
(၇) ဦးဟော်လိလ်အာမတ် (ဘ) ဦးအဒူမော်ဇိတ် (မုန့်ဆိုင်) စဉ်တောင်ရွာမှ -- တို့ဖြစ်သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်တွင် ရခိုင် လူမျိုးများ ရိုဟင်ဂျာ ရွာများသို့ ၀င်ရောက်ခြင်းနှင့် ပတ်သက်၍ မတ်လ ၁၆ ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တို့ ပုံမှန် အစည်း အဝေးတွင် တင်ပြခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ရခိုင်များသည် ညအချိန်တွင် ဖားရှာခြင်း ဖြစ်သဖြင့် ၎င်းတို့ကို ဖမ်းဆီးရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ သည် ရခိုင်များ အတွက် အကျုံးမ၀င်ဘဲ ဒေသခံ ရိုဟင်ဂျာများ အတွက်သာ ဖြစ်သည်။

မတ်လ ၂၄ ရက်နေ့က ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် ၅ နယ်မြေ ရဲစခန်းမှူးက ရိုဟင်ဂျာ ကျေးရွာများတွင် ညဘက် ကင်းစောင့်သည့် အခါတွင် လက်နှိပ် ဓါတ်မီး မသုံးရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းကလည်း မောင်တောမြို့နယ် မြောချောင်း ကျေးရွာ အုပ်စု၊ မြောချောင်းရွာတွင် ဆယ်အိမ်မှူး ဦးမာမတ်အာလမ်၏ နေအိမ် ခေါင်မိုးမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အချိန်မှီ ငြိမ်းသတ်နိုင်မှုကြောင့် ၎င်း၏ အိမ်ခေါင်မိုးနှင့် ဘေးအိမ် ခြံစည်းရိုး မီးလောင်ပြီး အနည်းငယ် ပျက်စီး ခဲ့ကြောင်း သိရှိရပါသည်။

Sindi Khan မှ အချက်အလက် အချို့ ကူညီ ပံ့ပိုးသည်။






ရခိုင်ပြည်နယ် ဒုချီယားတန်းရွာ မီးလောင်မှုဖြစ်စဉ် (ဓာတ်ပုံ - ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)


ကျော်ကျော်သိန်း
26.3.2014

ရိုဟင်ဂျာတွေကို တိုင်းရင်းသား လူနည်းစုအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးဖို့ကိစ္စ လုပ်ဆောင်ဖို့ အမေရိကန် အောက်လွှတ်တော်အမတ်တွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ကြပါတယ်။ အောက်လွှတ်တော် ဆုံးဖြတ်ချက်တခုကို ထပ်ပြီး ဖြည့်စွက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ အဲဒီလို တောင်းဆိုထားတာပါ။

အင်္ဂါနေ့ကလုပ်ခဲ့တဲ့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကြားနာပွဲအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ ပြောခဲ့ကြတာနဲ့ ဖြည့်စွက် ဆုံးဖြတ်ချက်အကြောင်း ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံရေးမှာ အဓိကကျတဲ့ နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင် ထောက်ခံထားပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အောက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၄၁၈ ကို ဖြည့်စွက်တဲ့ ဆုံးဖြတ်ချက်ကို မတ်လ ၂၅ ရက် အင်္ဂါနေ့က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ တင်သွင်း အတည်ပြုခဲ့ကြတာပါ။

အတည်ပြုချမှတ်လိုက်တဲ့ ဖြည့်စွက်ချက်နဲ့ ပတ်သက်ပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ကယ်လီဖိုးနီးယားပြည်နယ် Republican အောက်လွှတ်တော်အမတ် Ed Royce က ကြားနာပွဲအတွင်း အခုလို ပြောခဲ့ပါတယ်။

“၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ရိုဟင်ဂျာမူဆလင်တွေရဲ့ တရားဝင်ဖြစ်မှု အနေအထားကို ရှင်းလင်းခြင်းအားဖြင့် အခုဖြည့်စွက်ချက်က မူလဆုံးဖြတ်ချက်ကို အားကောင်းစေပါတယ်။ ဒီနှစ်အစောပိုင်းက ရိုဟင်ဂျာ ၄၈ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်ခဲ့တာနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ထည့်သွင်းပြီးတော့ ဆုံးဖြတ်ချက်ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီစေပါတယ်။ ရိုဟင်ဂျာတွေကို တိုင်းရင်းသား လူနည်းစုအဖြစ် သတ်မှတ်ပြီး နိုင်ငံသားအဆင့် ပေးပြီးတော့ ချက်ခြင်း အသိအမှတ်ပြုဖို့ မြန်မာအစိုးရကို တောင်းဆိုထားတဲ့ စာပိုဒ်ကို ထပ်ပြီး ဖြည့်စွက် ထည့်သွင်းထားပါတယ်။”

အမေရိကန် လွှတ်တော်အမတ်တွေက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲကြပေမဲ့လည်း မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ် ဒေသခံတွေ အပါအ၀င် မြန်မာလူထုထဲမှာ ဒီလိုခေါ်ဝေါ်တာကို သဘောမတူကြသူတွေရှိပြီး အစိုးရကိုယ်တိုင်က ဘင်္ဂါလီလို့ပဲ ခေါ်ဝေါ်သုံးစွဲပါတယ်။

မစ္စတာ Royce ပြောသွားတဲ့ထဲက ရိုဟင်ဂျာ ၄၈ ဦး အသတ်ခံရတဲ့ဖြစ်ရပ်ဆိုတာ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်ကို ရည်ညွှန်းပုံရပါတယ်။ အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်ကတော့ အဲဒီလို အသတ်ခံရတဲ့ဖြစ်ရပ်မျိုး မရှိခဲ့ဘူးလို့ ငြင်းထားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံက မူဆလင် လူနည်းစုတွေအပေါ် ဆိုးရွားတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို အခိုင်အမာ ယုံကြည်တဲ့ အမေရိကန် လွှတ်တော်အမတ်တွေ ရှိနေတယ်ဆိုတာကို ဖြည့်စွက် ဆုံးဖြတ်ချက်ကို ထောက်ခံပြောဆိုခဲ့တဲ့ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Eliot Engel ပြောတာ နားထောင်ကြည့်ရင် သိနိုင်ပါတယ်။

“မြန်မာအစိုးရဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်ဘက်အုပ်ချုပ်မှုကနေ အရပ်ဘက် အစိုးရတရပ်ဆီ အသွင်ကူးပြောင်း နေတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ အရေးကြီးပါတယ်။ သတ်ဖြတ်မှု၊ တရားလက်လွတ် ဖမ်းဆီးမှု၊ အိုးအိမ်တွေကို ဖျက်ဆီးမှုတွေကြောင့် လူပေါင်း ၁၄၀,၀၀၀ ဟာ နိုင်ငံတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို ထောင်ပေါင်းများစွာဟာလည်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားတို့ အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေရပါတယ်။ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ ပြန်ပြီး ပေါင်းစည်းဖို့ မြန်မာနိုင်ငံဟာ တကယ်ပဲ ကြိုးစားနေတယ်ဆိုရင် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ ကျနော် ဒီဆုံးဖြတ်ချက်ကို ထောက်ခံသလို ကျနော့်လုပ်ဖော်ကိုင်ဘက်တွေ ထောက်ခံကြပါလို့လည်း အားပေး တိုက်တွန်းပါတယ်။”

အောက်လွှတ်တော် ဆုံးဖြတ်ချက်အမှတ် ၄၁၈ မှာ မူဆလင် လူနည်းစုတွေကို ဖိနှိပ်နေတာတွေ အဆုံးသတ်ဖို့နဲ့ လူမျိုးစုနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေ အားလုံးအတွက် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တောင်းဆိုထားတယ်လို့ နိုင်ငံခြားရေးရာ ကော်မတီဝင်တဦးဖြစ်သူ ဖလော်ရီဒါပြည်နယ် Republican အောက်လွှတ်တော် အမတ် မစ္စ Ileana Ros-Lehtinen က ပြောပါတယ်။

“လက်ရှိအစိုးရလက်အောက်မှာ မူဆလင် လူနည်းစုတွေဟာ ဆက်ပြီး ဘေးဒုက္ခကြုံနေကြရပါတယ်။ ဖိနှိပ်အရေးယူမှုနဲ့ ခွဲခြားဆက်ဆံမှုကို ဆက်ပြီး ပြုလုပ်နေသလို ဒီလူနည်းစုတွေကို ရက်ရက်စက်စက် တိုက်ခိုက်တာတွေ ရပ်ဆိုင်းရပါမယ်။ လူမျိုးစုနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးတွေကို ဒီဆုံးဖြတ်ချက်ကနေ အကာအကွယ် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာအစိုးရကို တောင်းဆိုထားတာတွေသာမက အမေရိကန် အစိုးရကိုပါ တောင်းဆိုထားတာတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စလုပ်လာပြီးတဲ့နောက် အမေရိကန်အစိုးရက မူဝါဒ ပြောင်းလဲပြီး ထိတွေ့ဆက်ဆံနေတာကို လွှတ်တော်အမတ်တွေက အဓိက ဦးတည် ပြောဆိုကြပါတယ်။

“ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြုမူဆက်ဆံပုံတွေကို တိုးတက်အောင် မလုပ်ဘဲနဲ့တော့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်တွေကို ပြည့်မီပါတယ်လို့ မြန်မာအစိုးရအနေနဲ့ မပြောနိုင်ပါဘူး။ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး ကိစ္စကို ဦးစားပေးအဖြစ် သတ်မှတ်ရပါမယ်။”

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Republican လွှတ်တော်အမတ် Ed Royce ပါ။

အခု ထပ်ပြီး ဖြည့်စွက်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထက် ပိုပြင်းထန်တဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ ဒီအပေါ် မြန်မာအစိုးရဘက်က တုံ့ပြန်ချက်ကို ချက်ခြင်းမသိရသေးသလို သူတို့ ဆုံးဖြတ်ချက်ပါ တောင်းဆိုချက်တွေအတိုင်း မြန်မာအစိုးရက လုပ်ဆောင်လာအောင် အမေရိကန် လွှတ်တော်အမတ်တွေ ဘယ်လောက် တွန်းတွန်းတိုက်တိုက် လုပ်ကြမလဲဆိုတာကလည်း မသိနိုင်သေးပါဘူး။


Civil Rights Movement (CRM) 
တန်းတူညီမျှအခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့


ထုတ်ပြန်ကြေငြာချက် ၄/၂၀၁၄ (၂၀၁၄ ခု မတ်လ ၂၆ ရက်)

အတင်းအဓမ္မ ဘင်္ဂလီ ဇာတ် သွင်းခံရလျှင် ဗဟိုအစိုးရ၏ တာဝန်သာ ဖြစ်

မြန်မာနိုင်ငံ၏ လူဦးရေ စာရင်းကို ကောက်ယူမည့် နေ့ရက်များ နီးကပ်လာနှင့် အမျှ တိုင်းရင်းသား ရိုဟင်ဂျာတို့မှာ နည်းမျိုးစုံဖြင့် ခြိမ်းချောက်ခံ၊ နှိပ်စက်ခံရလျှက် သန်းခေါင်းစာရင်းတွင် ရိုဟင်ဂျာ ဟူသော အမည်နာမကိုပင် ထည့်သွင်းခြင်း မပြုရန် ရခိုင်ပြည်နယ်ရှိ အာဏာပိုင်များ၊ လ၀ကများက အာဏာ အင်အား သုံး ခြိမ်းချောက်နေသည့် အထောက်အထားများကို နေ့စဉ် ရရှိနေပေသည်။

ရခိုင်ဒေသမှ မဟာမေဒင် ရိုဟင်ဂျာများမှာ ရခိုင်ဒေသသို့ မြန်မာဘုရင် ဘိုးတော်မောင်ဝိုင်း မသိမ်းပိုက်မှီကပင် ရိုဟင်ဂျာ ဆိုသည့် အမည်နာမဖြင့် တည်ရှိခဲ့ပြီး-၊ ယနေ့တိုင် ရိုဟင်ဂျာဟူသည့် အမည်နာမဖြင့်သာ ခိုင်ခိုင် မာမာရပ်တည်နေကြောင်း ကမ္ဘာ့အသိုင်းအ၀ိုင်းမှ နက်နက်နဲနဲလေ့လာ သိရှိပြီးလည်း ဖြစ်နေသည်။

သန်းခေါင်စာရင်း ကောက်ယူသည် ဖြစ်စေ၊ မကောက်ယူသည် ဖြစ်စေ တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး၏ လူဦး ရေ စာရင်းအား ကမ္ဘာ့ကုလ သမဂ္ဂအပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ NGO များ၊ ပတ်ဝန်းကျင်ဒေသနိုင်ငံ များမှ အနီးစပ်ဆုံး စာရင်းကောက်ယူ သိပြီးသားလည်း ဖြစ်နေသည်။

ထိုသို့ ကမ္ဘာ့ရှေ့မှောက် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ရိုဟင်ဂျာ လူမျိုးတို့ ရှိနေပါလျှက် သန်းခေါင် စာရင်း ကောက်ခံပြီးသည်မှ- မြန်မာအစိုးရအနေဖြင့် ရခိုင်ဒေသတွင် ရိုဟင်ဂျာ လူမျိုးမရှိ - ဘင်္ဂလီလူမျိုးသာ ရှိသည်ဟု လိမ်ညာခဲ့သော် ထိုမှ ဖြစ်လာသော ကောင်းကျိုး ဆိုးကျိုးအားလုံးသည် ဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိ အာဏာရ အစိုး၌သာ လုံးလုံးလျှားလျှား တာဝန်ရှိသည် ဖြစ်ကြောင်း ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ ထုတ်ပြန်ကြေငြာလိုက်သည်။

ထိုသို့ လူမျိုးလိုက်ဖျောက်ဖျက်မှု၊ သမိုင်းလိမ်လည်မှုနှင့် နှိပ်စက်ညှင်းပန်းတို့အား ကမ္ဘာ့အသိုင်းအ၀ိုင်းဖြင့် ပူး ပေါင်းလျှက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆုံးဖြတ်ပြီး ဖြစ်ပေသည်။


မိုးကျော်
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း)
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့




မေယုချစ်သူ
RB News
25.3.2014

စစ်တွေ ။ ။ ယနေ့ မတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် လ.၀.က မှူး တို့သည် စစ်တွေမြို့မှ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၁၃ ဦးကို ခေါ်ယူတွေ့ဆုံပြီး၊ သန်းခေါင်စာရင်း ကောက်ခံသည့် အခါတွင် လူမျိုးနေရာ၌ ရိုဟင်ဂျာများသည် ဘင်္ဂလီဟုသာ ရေးသွင်းရန် သဘောတူရမည် ဖြစ်ကြောင်း၊ အကယ်၍ ဘင်္ဂလီရေးရန် သဘောမတူပါက စာရင်းကောက်ခံမည့် ရခိုင်လူမျိုးဆရာ၊ ဆရာမများက ရိုဟင်ဂျာတို့၏ စာရင်းကို ကောက်ခံမည် မဟုတ်ဟု ပြောဆို ခဲ့ကြောင်း၊ စာရင်းကောက်ခံ လျှင်လည်း လူမျိုးနေရာတွင် ဘာမှမရေးပဲ ကွက်လပ်ထားလျှင် သဘောတူရမည် ဖြစ်ကြောင်း အတင်း တိုက်တွန်း ပြောဆိုခဲ့ကြောင်း စစ်တွေဒေသခံ များက RB News သို့ပြောပါသည်။

ရိုဟင်ဂျာ ရပ်မိရပ်ဖ များက ပြန်လည် ပြောဆိုသည်မှာ ၄င်းတို့သည် ရိုဟင်ဂျာ လူမျိုး အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြပြီး၊ သန်းခေါင်စာရင်း ကောက်ခံရာတွင် အမှန်အတိုင်း လူမျိုးအမည် ရိုဟင်ဂျာဟုသာ ရေးသွင်းရန် သဘောတူ မည်ဖြစ်ကြောင်း၊ မိမိတို့ မဟုတ် မမှန်သော လူမျိုးနာမည် တစ်ခုကို မမှန်မကန် ရေးသွင်းရန် သဘော မတူနိုင်ကြောင်း၊ နိုင်ငံတော် အစိုးရကလည်း မိမိတို့၏ လူမျိုးနာမည်ကို မိမိတို့ ဘာသာ စိတ်ကြိုက် အမည်မှန်ကို ရေးသွင်းနိုင်မည်ဟု နိုင်ငံတော် သတင်းစာများတွင် မတ်လ ၁၈ ရက်နေ့က ရှင်းလင်း ရေးသား ထားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့ ရိုဟင်ဂျာ လူမျိုး များသည် မိမိတို့ လူမျိုး နာမည်မှန်ကို အမှန်အတိုင်း ရေးသွင်းရန်သာ သဘောတူကြောင်း၊ အကယ်၍ မိမိတို့ လူမျိုး နာမည် မဟုတ်သော နိုင်ငံခြားသား လူမျိုး တစ်မျိုး၏ နာမည်ကို ရေးသွင်းပါက မိမိရိုဟင်ဂျာ လူမျိုးများက သဘောမတူ နိုင်ကြောင်း၊ ထို့အပြင် လူမျိုး နေရာတွင် ကွက်လပ်ထား ပါကလည်း မိမိတို့ သဘောမတူ နိုင်ကြောင်း၊ မိမိတို့ လူမျိုးနာမည် ရိုဟင်ဂျာကို မိမိတို့ ရှေ့တွင် ရေးသွင်း ဖြည့်စွက်ပါမှ မိမိတို့သည် သန်းခေါင် စာရင်း ကောက်ခံရာတွင် ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

သို့သော် ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြန်လည် ပြောကြားသည်မှာ ရခိုင်ပြည်နယ် အစိုးရသည် ဗဟိုအစိုးရနှင့် ပြည်ထောင်စု အစိုးရ၏ ညွှန်ကြားချက်ကို လိုက်နာရန် မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ၏ ညွှန်ကြားချက် အတိုင်းသာ ပြုလုပ် ဆောင်ရွက် ရမည် ဖြစ်ကြောင်း။ ရခိုင်ပါတီ (RNDP) နှင့် ရခိုင်လူမျိုး ဆန္ဒပြသူတို့၏ သဘောဆန္ဒ အတိုင်းသာ ဘင်္ဂလီဟု ရေးသွင်းရန် သဘောတူ ရမည်ဖြစ်ကြောင်း အတင်း အဓမ္မ ခြိမ်းခြောက်ကာ ကြိမ်းမောင်း ပြောဆိုသွားကြောင်း သိရသည်။ ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်လူမျိုး အစွန်းရောက် များသည် ဗဟိုအစိုးရ၏ လမ်းညွှန်ချက် ဥပဒေ စည်းမျဉ်း များကို မျက်ကွယ်ပြုကာ ရိုဟင်ဂျာ တို့၏ သဘော ဆန္ဒကိုလည်း နည်းမျိုးစုံ သုံးကာ ဆန့်ကျင် ကန့်ကွက်သည့် အပြင် ရခိုင်ပြည်နယ်၏ ဘူမိပုတြ (မူလလူမျိုး) တစ်မျိုးအား လူမျိုး ဖျောက်ကာ နိုင်ငံခြားမှ ခိုးဝင်လာသူများ အဖြစ် ဖန်တီးရန် လုပ်ဆောင် နေခြင်းသာ ဖြစ်ကြောင်း ရိုဟင်ဂျာ လူကြီး မိဘများက ပြောဆို နေကြသည်။



RB News
25.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် စခန်းမှ လ.၀.က အရာရှိ တစ်ဦးက စက်လှေဖြင့် နိုင်ငံခြား ထွက်သွားသူများကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် ဆိုကာ ဒေသခံများထံမှ ငွေကျပ် ၄၂ သိန်းကျော် ရယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် စခန်းမှ လ.၀.က အရာရှိ တစ်ဦးဖြစ်သူ ဦးတင်ဇော်လင်း (လ၀က ၅၅၁၄) သည် ယခုလ လဆန်းပိုင်းမှ စ၍ ပတ်ဝန်းကျင် ကျေးရွာများ ဖြစ်သော မြင်းလွတ်၊ သပြေတော၊ ကျောင်းတောင်နှင့် ဥဒေါင်း ကျေးရွာများမှ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် မလေးရှားနိုင်ငံနှင့် အခြား နိုင်ငံများသို့ ထွက်ခွာသူများကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခဟု ဆိုကာ ဥဒေါင်းရွာမှ ဦးဖော်ယာဇူလာ (ဘ) ဦးဘော်ဆိရ်ကို အသုံးပြု၍ ကျန်ရစ်ခဲ့သော မိသားစုများထံမှ လူတစ်ဦး အတွက် ငွေကျပ် ၇ ထောင်မှ တစ်သောင်း အထိ ကောက်ခံ လျက်ရှိသည်။ ဦးတင်ဇော်လင်းက သန်းခေါင်စာရင်း မကောက်ယူမှီ နိုင်ငံခြား ထွက်ခွာသွားသူ များကို အပြီး ပယ်ဖျက် ရမည်ဟု အထက်မှ ညွန်ကြားထားသည်ဟု ပြောကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု စာရင်းကို ပြရန် မလိုအပ်သလို၊ နိုင်ငံခြား ထွက်ခွာသွားသူ များကိုလည်း သန်းခေါင် စာရင်း ကောက်ယူသည့် အခါ ထည့်သွင်း၍ ပြောကြား ရမည်ဖြစ်သည်။ ဦးတင်ဇော်လင်းသည် ရိုးသား ဖြူစင်သည့် ဒေသခံများကို ရာထူးဖြင့် ခြိမ်းခြောက်၍ ငွေညှစ် နေခြင်းသာ ဖြစ်သည်။

ဦးတင်ဇော်လင်းသည် မြင်းလွတ်ရှိ မိသားစု ၂၀၀ ကျော်မှ ငွေကျပ် ၁၇ သိန်း၊ သပြေတောရှိ မိသားစု ၆၀ ကျော်မှ ၅ သိန်း ၅ သောင်း၊ ကျောင်းတော်ရှိ မိသားစု ၁၀၀ ကျော်မှ ငွေကျပ် ၈ သိန်း၊ ဥဒေါင်းရှိ မိသားစု ၁၆၀ ကျော်မှ ငွေကျပ် ၁၂ သိန်း ရယူခဲ့ကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။ ငွေမပေးနိုင်သည့် မိသားစုများထံမှ အိမ်ထောင်စု စာရင်းများကို သိမ်းဆည်း ခဲ့ပြီး စခန်းသို့ လာ၍ ငွေပေးပြီး ရွေးရန် ဆင့်ခေါ် ထားကြောင်း သတင်း ရရှိပါသည်။



MYARF
RB News
25.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း သရက်အုပ် ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်းကို ယခင် န.စ.က ပြုလုပ်သည့် အတိုင်း ဆွဲ၊တင်၊စစ် ပုံစံ ပြုလုပ်မည် ဖြစ်ပြီး၊ လူမျိုး အမည် နေရာတွင် ကွက်လပ် ထားမည်ဟု ဒေသခံများကို ခေါ်ယူ၍ ကြေညာ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမောင်သည် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်မည့် ဘာသာပြန်များ၊ ကျေးရွာ ရပ်မိရပ်ဖ များကို ခေါ်ယူ၍ သရက်အုပ်ရှိ မူလတန်း ကျောင်းတွင် တွေ့ဆုံ၍ လူမျိုး နေရာတွင် မည်သည့် လူမျိုးမှ မရေးဘဲ ကွက်လပ် ထားရန် ပြောကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အမှတ် (၆) နယ်မြေတွင် ကျေးရွာအုပ်စု ၆ စုရှိပြီး ကောက်ကွက် ၃၀ ကျော် ရှိသည်ကို အဖွဲ့ခွဲ၍ ကောက်မည် မဟုတ်ဘဲ၊ အဖွဲ့ ၃၀ ကျော်စုပေါင်းပြီး ကောက်ကွက် တစ်ခုစီ ကောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ကောက်လျှင် အဖွဲ့ တစ်ဖွဲ့စီတွင် ၈ ယောက်စီ၊ အဖွဲ့ ၃၀ ကျော်မှ လူ ၂၄၀ ကျော် ပါဝင်မည် ဖြစ်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ပါဝင်မည် ဖြစ်ပြီး၊ ယခင် န.စ.က ဆွဲ၊တင်၊စစ် ကဲ့သို့ လုံခြုံရေး အင်အား အသုံးပြု၍ လူမျိုးနေရာတွင် ကွက်လပ်ချန်ရန် အင်အား သုံး၍ အတင်းအဓမ္မ ပြုလုပ်မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြသည်။

သန်းခေါင်စာရင်း နည်းဥပဒေ များအရ အဖွဲ့ တစ်ဖွဲ့လျှင် လုံခြုံရေး တစ်ဦးသာ ပါဝင်ရမည် ဖြစ်သော်လည်း အုပ်ချုပ်ရေးမှူး ဦးထွန်းမောင်က အဖွဲ့တစ်ဖွဲ့လျှင် လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦးစီ ပါဝင်မည်ဟု ပြောကြားခဲ့သည်။



Rohingya Eye
RB News
25.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သံဒါဝါချ ကျေးရွာမှ ထင်းခုတ်သွား၍ ထင်းခုတ်လာသည့် သားအဖ ၃ ဦးထံမှ ထင်းများနှင့် ဓါးကို သိမ်းယူ၍ နောက်နောင် ထင်းမခုတ်ရန် ခံဝန်ချက်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၀ ရက်နေ့က ထင်းခုတ်သွား၍ ထင်းခုတ်လာသည့် မောင်တောမြို့နယ်၊ သံဒါဝါချ ကျေးရွာ အရှေ့ရွာမှ ဦးမာမတ်အာမီးန် (အသက် ၄၅ နှစ်) နှင့် လူမမယ် ကလေး ၂ ဦးတို့ကို ရဲများက ဖမ်းဆီး၍ မောရ၀တီ ရဲကင်း စခန်းသို့ ခေါ်ယူ သွားခဲ့သည်။ ရဲကင်းစခန်းသို့ ရောက်သည့် အခါ စစ်တပ်မှ ဗိုလ်တင်မောင်က ခုတ်လာသည့် ထင်းများနှင့် ဓါးကို သိမ်းယူလိုက်ပြီး နောက်နောင် ထင်းမခုတ်ရန် ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

၎င်းရွာ၏ အရှေ့ဘက် တောင်ကုန်း အနီးတွင် လမ်းတစ်လမ်း ဖောက်လုပ်ထားပြီး၊ ၎င်းလမ်းကို ရခိုင်လူမျိုးများမှ အပ အခြား လူမျိုးများ ဖြတ်ကျော်ခြင်း၊ လမ်းလျှောက်ခြင်း မပြုလုပ်ရန် တားမြစ် လိုက်သဖြင့် တောင်ပေါ် တက်၍ ထင်းခုတ်မည့် သူများမှာ အခက်ကြုံလျက် ရှိကြသည်။ ထိုကဲ့သို့ ကန့်သတ်လိုက်သဖြင့် ဒေသခံ ရိုဟင်ဂျာများ၏ စားဝတ် နေရေးတွင် ထိခိုက်မည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
25.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင် ကျေးရွာ အုပ်စုတွင် ရဲများက ဆင်းမ်ကဒ်များ ရောင်းချသည်ကို ဒေသခံ ရိုဟင်ဂျာများက မ၀ယ်ယူသဖြင့် အကြောင်းမဲ့ မတရား ငွေညှစ်ခြင်း ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၂ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ရဲစခန်းမှ ရဲများသည် အင်းဒင် ကျေးရွာ အတွင်းရှိ အိမ်များသို့ ၀င်ရောက်ပြီး အကြောင်းမဲ့ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းရဲများသည် ၁၅၀၀ ကျပ်တန် ဆင်းမ်ကဒ်များကို သောင်းချီသည့် ဈေးနှုန်းဖြင့် ရွာသားများကို အတင်း အဓမ္မ ရောင်းချခဲ့ရာ ဒေသခံ ရွာသားများက မ၀ယ်ယူ သဖြင့် အကြောင်းမဲ့ ၀င်ရောက်၍ ငွေညှစ်ခြင်း ဖြစ်သည်ဟု ဒေသခံ ရိုဟင်ဂျာ ရွာသားများက RB News သို့ ပြောသည်။

ထို့အပြင် နေအိမ်များကို ယခင် န.စ.က လက်ထက်ကပင် ခွင့်ပြုချက် များဖြင့် ပြင်ဆင် ခဲ့သော်လည်း အိမ်များကို ခွင့်ပြုချက် မယူဘဲ ပြင်ဆင်သည်ဟု စွပ်စွဲမှုများပင် ပြုလုပ် ခဲ့သည်။

အကြောင်းမဲ့ ငွေညှစ်ခံရသူ များမှာ --

(၁) မော်လ၀ီ ဇူဘိုင်ရ် (ဘ) ဦးဂျာဖောရ် အာမတ် (အသက် ၂၈ နှစ်) ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀/-
(၂) ဦးအီမာန်ဟူစိန်း (ဘ) ဦးဟာဘီအုလ္လာ (အသက် ၃၆ နှစ်) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀/-
(၃) ကိုဟိုက်ရ်ဟူဆောင် (ဘ) ဦးဟာဘီအုလ္လာ (အသက် ၂၄ နှစ်) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀/-
(၄) ဦးဖော်ဇော်လ်အာမတ် (ဘ) ဦးအဟာမူဒူ (အသက် ၄၈ နှစ်) ညှစ်ခံရသည့် ငွေကျပ် ၆၀၀၀၀/-
(၅) ဦးမူဇော်ဒေါရ် (အသက် ၄၀ နှစ်) ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/-
(၆) ကိုဟာဘီဇုလ္လာ (အသက် ၂၄ နှစ်) ညှစ်ခံရသည့် ငွေကျပ် ၆၀၀၀၀/- -- တို့ဖြစ်သည်။



Sindi Khan
RB News
25.3.2014

မောင်တော ။ ။ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုး အမည်ကို လွတ်လပ်စွာ ဖြည့်ခွင့် ရှိသည်ဟု လ.၀.က ၀န်ကြီး ဦးခင်ရီနှင့် လ.၀.က ဌာနမှ အကြီးတန်း အရာရှိများက အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း မောင်တောမြို့မှ ရွာအုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ဒေသခံ အချို့ကို ရိုဟင်ဂျာ အမည်ရေးရန် စည်းရုံးသည်ဟု စွပ်စွဲ၍ ခေါ်ယူ စစ်ဆေးပြီး ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၂ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ရဲစခန်းသို့ ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ဒေသခံ ၄ ဦးကို ရိုဟင်ဂျာ အမည် ဖြည့်ရန် စည်းရုံး နေသည်ဟု စွပ်စွဲ၍ ခေါ်ယူပြီး ခြိမ်းခြောက် ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်ရာတွင် မောင်တော ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန် ရှိသူများ ပါဝင်ခဲ့ပြီး၊ နောက်နောင် စည်းရုံးပါက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံရမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ ထို့အပြင် ၎င်းတို့ကို ခေါ်ယူ၍ ခြိမ်းခြောက်သည် ကိုလည်း မီဒီယာသို့ မပြောရန် တားမြစ်ခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို ရိုဟင်ဂျာ ရေးရန် စည်းရုံး စရာပင် မလိုဘဲ၊ နဂိုမူလ ဘိုးစဉ် ဘောင်ဆက် ရိုဟင်ဂျာများ ဖြစ်သဖြင့် ရိုဟင်ဂျာဟုသာ ဖြည့်ရန် အသင့်ရှိနေကြသည်။

အင်းဒင်ရဲစခန်းသို့ ဆင့်ခေါ်ခံရပြီး ခြိမ်းခြောက် ခံရသူများမှာ --

(၁) မော်လ၀ီ တော်ယုဘ် (ဘ) ဦးအဒူဟာမိတ် (အသက် ၄၀ နှစ်) အင်းဒင် ကျေးရွာမှ
(၂) ဦးဇီယာဘူရာမန် (ဘ) ဦးဘော်ရှီရ် (အသက် ၃၂ နှစ်) ခွချောင်း ကျေးရွာမှ
(၃) ဦးနူးရ်ဂျမာလ် (ဘ) ဦးအဒူရဟီးမ် - ခွချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး
(၄) ဦးဇကရီယာ (ဘ) ဦးအန်ဇူလ်ဟောက် (အသက် ၄၉ နှစ်) ခလုံးကျေးရွာ အုပ်ချုပ်ရေးမှူး
(၅) ဦးနေဇာမ် (ဘ) ဦးကော်ရီမုလ္လာ (အသက် ၄၅ နှစ်) ခလုံးကျေးရွာမှ -- တို့ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ် ခြံစည်းရိုး (ဓါတ်ပုံ - UCA News)


RB News
25.3.2014

နတ်ချောင်းဆူရီ ။ ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ နတ်ချောင်းဆူရီ မြို့နယ်၊ ခေါင်းဒုံး ကျေးရွာ အုပ်စုတွင် မြန်မာနိုင်ငံ နယ်စပ်မှ တရားမ၀င် ဖြတ်ကျော်သွားသော ဘင်္ဂလီ-ရခိုင် အစွန်းရောက် အုပ်စု တစ်စုကို ယနေ့ ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နှစ်နိုင်ငံ နယ်စပ် မှတ်တိုင် ၃၅ အနီးမှ မြန်မာ့ နယ်စပ် ခြံစည်းရိုးကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ နတ်ချောင်းဆူရီ မြို့နယ်၊ ခေါင်းဒုံး ကျေးရွာ အုပ်စု၊ အောက်ဘာခ်ျ ဖာရီ ဒိုင်းနက်ရွာသို့ ၀င်ရောက် သွားသည့် ဘင်္ဂလီ-ရခိုင် အစွန်းရောက် ၃၀ ပါဝင်သော အုပ်စု တစ်စုကို ကင်းလှည့်နေသည့် BGB တပ်ရင်း လက်အောက်ခံ တောင်ပြို BGB စခန်းမှ ဆူဗေဒါအဒူ မောန်တိန် ဦးစီးသည့် ကင်းလှည့် အဖွဲ့မှ ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မောတောမြို့ ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂလီ-ရခိုင် အုပ်စုသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်ပြီး၊ လွန်ခဲ့သည့် တစ်လခန့်က မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်၍ မောင်တော၊ စစ်တွေမြို့များသို့ သွားရောက် ခဲ့သူများ ဖြစ်သည်။ မောင်တောမြို့တွင် လတ်တလော ဖြစ်ပွားခဲ့သည့် မီးရှို့မှုများတွင် ပါဝင် ပတ်သက်ခဲ့သူများဟု ယူဆရပြီး၊ အဆိုပါ အဖွဲ့သည် သာသနာ့ အလံကိုင်၍ နယ်စပ်ကို ဖြတ်ကျော်ခဲ့ပြီး၊ ဖမ်းဆီးရမိသည့် အချိန်တွင်လည်း သာသနာ့ အလံကိုင်ဆောင် ထားကြောင်း သိရှိရသည်။ ၎င်းတို့သည် မောင်တောနှင့် စစ်တွေမြို့တွင် လှုပ်ရှားနေသည့် ၉၆၉ အဖွဲ့နှင့်လည်း ပတ်သက် နေသူများ ဖြစ်ပြီး၊ မကြာခင်က စစ်တွေမြို့သို့ သွားရောက် ခဲ့သည့် အစွန်းရောက် ဘုန်းကြီး ဦးဝီရသူနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ယူဆကြောင်း စစ်တွေမြို့ ဒေသခံများက ပြောပါသည်။

ယနေ့ ညနေ ၆ နာရီ အချိန်တွင်လည်း မောင်တောမြို့နယ်၊ အမှတ် (၆) နယ်မြေ၊ လှဘော်ဇား (ကညင်တော) ကျေးရွာ အုပ်စုတွင် မင်္သကာ ဖွယ်ရာ ရခိုင် အစွန်းရောက် ငါးဦးကိုတွေ့ရှိခဲ့ပြီး ဒေသခံ ရွာသားများက တစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အပ်နှံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။



RB News
25.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကျော်လှ၏ သားဖြစ်သူ ဦးအောင်နိုင်ထွန်းက တစ်အိမ်တက်ဆင်း၍ သန်းခေါင်စာရင်း ကောက်ခံရာတွင် လူမျိုးအမည်နှင့် ကုဒ်နံပါတ်ကို မေးမြန်းမည် မဟုတ်ဟု အသိပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဦးအောင်နိုင်ထွန်းသည် ကျောင်းဆရာ တစ်ဦး ဖြစ်ပြီး၊ သန်းခေါင်စာရင်း ကောက်ခံရာတွင် ပါဝင်မည့် စာရင်းကောက် တစ်ဦးလည်း ဖြစ်သည်။ ၎င်းမှ ပြောရာတွင် မိမိအနေဖြင့် သန်းခေါင်စာရင်း ကောက်ခံရေး အတွက် စာရင်းကောက် သင်တန်းကို တက်ရောက်ပြီး ဖြစ်ကြောင်း၊ အထက် အာဏာပိုင်များမှ နောက်ဆုံး ညွန်ကြားချက်မှာ သန်းခေါင်စာရင်း ဖြေဆိုသူများထံမှ လူမျိုး အမည်နှင့် ကုဒ်နံပါတ်ကို မေးမြန်းမည် မဟုတ်ကြောင်း၊ သန်းခေါင်စာရင်း ပုံစံကို ဖြေဆိုသူကို ပြမည် မဟုတ်ကြောင်း၊ အကယ်၍ ဖြေဆိုသူက ကြည့်ရန် တောင်းမည် ဆိုပါက လုံခြုံရေးကို နှောက်ယှက်နေသည်ဟု ပြော၍ ဖမ်းဆီးမည် ဖြစ်ကြောင်း ဂူတာပြင် ကျေးရွာ အုပ်စုနှင့် အနီးအနားရှိ ရွာများသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ပြောခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

သန်းခေါင်စာရင်း ဥပဒေ အရ မေးခွန်း ၄၁ ခုကို စာရင်းကောက်များက အပြည့်အစုံ မေးမြန်း၍ ဖြေဆိုသူမှ ပြောသည့် အတိုင်း ရေးသွင်း ရမည် ဖြစ်ပြီး၊ ဖြေဆိုသူမှ ၎င်းပြောဆိုသည့် အတိုင်း ရေးသားခြင်း ရှိ/မရှိကို စစ်ဆေးခွင့် ရှိသည်။ သို့သော်လည်း ရခိုင်ပြည်နယ်တွင် မြို့နယ် အနှံ့အပြား၌ ရိုဟင်ဂျာဟု မရေးသားရန် အာဏာပိုင်များက ခြိမ်းခြောက် လျက်ရှိပြီး၊ ယခုအခါ လူမျိုး အမည်နှင့် ကုဒ်နံပါတ်ကို ကွက်လပ်ချန်၍ ၎င်းတို့ စိတ်တိုင်းကျ ရေးသားရန် စီစဉ်လျက် ရှိသည်။

ဒေသခံများက အကယ်၍ ဥပဒေကို ချိုးဖောက်ပြီး အာဏာပိုင်များ စိတ်တိုင်းကျ ပြုလုပ်မည် ဆိုပါက သန်းခေါင်စာရင်းကို ဖြေဆိုရန် ဆန္ဒမရှိဟု RB News သို့ပြောသည်။



RB News
25.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ယနေ့ နံနက်ပိုင်းတွင် ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ အချို့ကို တွေ့ဆုံ၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မဖြည့်ရန် ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်ဘာလီ တို့သည် ကကျက်ဘက် ကျေးရွာအုပ်စု မူလတန်း လွန်ကျောင်းတွင် အလယ်ကျောင်း၊ မြောင်းနား၊ ဘဂုံးနား ကျေးရွာ အုပ်စုများမှ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို ခေါ်ယူ၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မဖြည့်ရန် ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တွေ့ဆုံပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာ လူမျိုးဟု ထွက်ဆိုပါက ၎င်းနှင့် ဒေသခံများကြား ချစ်ခင် ရင်းနှီးမှု ရှိတော့မည် မဟုတ်ကြောင်း၊ သန်းခေါင်စာရင်းသည် ရိုးရိုးတန်းတန်း လူဦးရေ စာရင်းကောက်ခြင်း ဖြစ်ကြောင်း၊ ရိုဟင်ဂျာထည့်၍ ရှုပ်ထွေး၍ မလုပ်ရန် လိုကြောင်း၊ ရိုဟင်ဂျာဟု ပြောပါကလည်း စာရင်းကောက်များက ရေးမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု ပြောပါက စာရင်းကောက်များနှင့် ပြဿနာ ဖြစ်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက တွေ့ဆုံပွဲသို့ လာရောက်သည့် ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို ရိုဟင်ဂျာဟု မရေးပါဟု ကတိ မပြုလျှင် ပြန်ခွင့် ပေးမည် မဟုတ်ဟု ပြောပြီး အကျပ်ကိုင်ခဲ့ရာ၊ ရပ်မိရပ်ဖများက ထိုနေရာမှ ထွက်ခွာခွင့် ရရေးအတွက် ဦးသန်းရွှေ စိတ်ကျေနပ်အောင် ကတိပေးဟန် ပြုလုပ်၍ ပြန်လည် ထွက်ခွာခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်ဘာလီက လူမျိုး ရေးသည် မရေးသည်မှာ ၎င်းနှင့် မဆိုင်ကြောင်း၊ ၎င်းအနေဖြင့် တိုက်တွန်းခြင်းလည်း ပြုလုပ်မည် မဟုတ်ကြောင်း၊ ၎င်း၏ တာဝန်မှာ လုံခြုံရေး တာဝန်ယူရန်သာ ဖြစ်ပြီး၊ လုံခြုံရေးကို ကောင်းမွန်စွာ တာဝန်ယူ သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဿနာ မဖြစ်ပွားရန် ထိန်းသိမ်းကြရန် မေတ္တာ ရပ်ခံကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရိုဟင်ဂျာ ရပ်မိရပ်ဖ များက စာရင်းကောက်များက ၎င်းတို့ ထွက်ဆိုသည့် အတိုင်း ရိုဟင်ဂျာဟု မရေးသားပါက အမှတ်စဉ်(၉) မှ (၄၁) ထိ မေးခွန်းများကို ဆက်လက်၍ လုံးဝ ဖြေဆိုမည် မဟုတ်ကြောင်း၊ သန်းခေါင်စာရင်းတွင် မည်သူမဆို မိမိ၏ လူမျိုးကို လွတ်လပ်စွာ ရေးသားခွင့် ရှိပြီး၊ မိမိတို့အနေဖြင့် ရေးသားခွင့် မရပါက မည်သည့် အခြေအနေကို မဆို ရင်ဆိုင်ရန် အသင့်ရှိသည်ဟု ပြောပါသည်။



MYARF
RB News
24.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်းတွင် ၉၆၉ အဖွဲ့များ လှုပ်ရှားလျက် ရှိပြီး၊ ဘုန်းကြီးကျောင်း များတွင် စုဝေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာရှိ တောင်ပေါ် ကျောင်းတိုက်၊ ငါးခူရ ကျေးရွာ အုပ်စု၊ မြို့သစ်ရွာရှိ ဘုန်းကြီးကျောင်းနှင့် ခြံပြင် ကျေးရွာရှိ ကျောင်းတိုက် များတွင် ၉၆၉ အဖွဲ့များ စုဝေး၍ အစည်းအဝေးများ ပြုလုပ် လျက်ရှိကြောင်း ဒေသခံများက RB News သို့ ပြောသည်။

မတ်လ ၁၈ ရက်နေ့မှ စ၍ ၎င်းအဖွဲ့သည် အနီးအနားရှိ ရိုဟင်ဂျာ ရွာများသို့ ၀င်ရောက်၍ မီးလောင်စေသည့် ဓာတု အမှုန့်များ ဖြန့်ကျဲခြင်း၊ ညသန်းခေါင်ယံတွင် ၀င်ရောက်၍ မီးရှို့ရန် ကြိုးစားခြင်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ယင်းနေ့ညတွင် အောင်စစ်ပြင် ကျေးရွာ အုပ်စု၊ ရိဒါရွာ၊ ကြိမ်ချောင်း ကျေးရွာ အုပ်စု၊ ရွာသစ်နှင့် လောင်းဒုံး ကျေးရွာ အုပ်စု၊ ကျွန်းခေါင်း ရွာများသို့ ၀င်ရောက်၍ ကြိုးစား ခဲ့သော်လည်း ရွာသူ ရွာသားများ၏ နိုးကြားမှုကြောင့် မအောင်မြင် ခဲ့ကြောင်း သိရှိ ရသည်။

မတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် ကြိမ်ချောင်း ကျေးရွာ အုပ်စု အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်သိန်းနှင့် ကြိမ်ချောင်း ဆေးရုံတွင် တာဝန်ကျနေသည့် ဒေါက်တာ နုကေသီဇံ၏ ခင်ပွန်း ဖြစ်သူ တို့က ကြိမ်ချောင်း ဆေးရုံ ၀င်း၏ မီးများကို ပိတ်၍ ရခိုင်အစွန်းရောက် ၂၀ ကျော်ကို ဆေးရုံထဲတွင် ခေါ်ယူ၍ စုရုံး ထားခဲ့သည်။ သို့သော်လည်း ရွာထဲတွင် ရွာသားများ ကင်းလှည့်လျက် ရှိသောကြောင့် အကြံအစည် အထမမြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထိုနေ့တွင်ပင် ပဒကား ဒေ၀န်အာလီ ကျေးရွာသို့ ရခိုင်အစွန်းရောက်များ ၀င်ရောက်၍ မီးရှို့ရန် ကြိုးစားရာ ​ ရွာသားများ စုပေါင်း၍ ကာကွယ် ခဲ့သောကြောင့် ရခိုင် အစွန်းရောက် ထွက်ပြေး သွားခဲ့သည်။

ယနေ့ နေ့လည် ၃ နာရီခန့်တွင် ရေတွင်းကျွန်း ကျေးရွာအုပ်စု၊ ရေတွင်းကျွန်း ကျေးရွာတွင် ဟိုင်းလပ်ကား တစ်စီး ပေါ်တွင် ရခိုင် အစွန်းရောက် ၇ ဦး သေနတ်များ ကိုင်လျက် စီးနင်း၍ ဖြတ်သန်း မောင်းနှင် သွားသည်ကို မြင်ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ ပြောပါသည်။

သန်းခေါင်စာရင်း အချိန် နီးကပ်လာသည့် အမျှ ခြိမ်းခြောက်မှုများ ပိုမိုများလာပြီး၊ ဒေသခံ ရိုဟင်ဂျာများက အကြမ်းဖက် ခံရမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။



RB News
24.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အလယ်ချောင်း (အာလီညှောင်) ကျေးရွာ အုပ်စုသို့ ရခိုင်များက ဖားရှာသည်ဟု ဆိုကာ ၀င်ရောက်၍ နှောက်ယှက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်မှ စ၍ ဘူးသီးတောင်မြို့နယ် အလယ်ချောင်း (အာလီညှောင်) ကျေးရွာ အုပ်စုသို့ ရခိုင် လူမျိုး ၅၀ ခန့် ညစဉ် ညတိုင်း ဖားရှာသည်ဟု ဆိုကာ ၀င်ရောက် နေသဖြင့် ဒေသခံများ စိတ်အနှောက် အယှက် ဖြစ်လျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“ရခိုင်တွေက ဖားစားတယ်။ အဲဒီတော့ သူတို့ ညဘက်ထွက်ပြီး ဖားရှာတာက အစမ်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရွာထဲ ၀င်ရှာလေ့ မရှိဘဲ၊ အခုမှ လူ ၅၀ ကျော် တပြိုက်နက် ဖားဝင်ရှာတယ် ဆိုတာတော့ သံသယ ဖြစ်စရာပါ။ အဲဒီတော့ နေ့စဉ် ရက်ဆက် ဆိုတော့ အနှောက် အယှက် ဖြစ်လာတယ်။ ကျွန်တော်တို့ ရွာတွေကို မီးရှို့မလား ဆိုပြီး စိုးရိမ် ပူပန် နေရတယ်။” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

ရခိုင်များ ဖားရှာသည့် အချိန်သည် ပုဒ်မ ၁၄၄ အရ သတ်မှတ်ထားသည့် အချိန်ကို ကျော်လွန်၍ ဖြစ်ပြီး၊ သတ်မှတ်ထားသည့် အမိန့်အရ မည်သူ တစ်ဦး တစ်ယောက်မှ အပြင်ထွက်ခွင့် မရှိသော အချိန်တွင် ဖြစ်သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက နီးစပ်ရာ လုံခြုံရေးများကို သတင်းပို့ တိုင်ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း၊ ဒေသခံ ရိုဟင်ဂျာများကို လုံခြုံရေး ပေးခြင်း မရှိဟု ဒေသခံများက ပြောသည်။



MYARF
RB News
24.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဆင်သေပြင်ရွာနှင့် ဖန်မြောင်းရွာတို့ကို ရခိုင် အစွန်းရောက် အဖွဲ့မှ ဓာတု ပစ္စည်းများ သုံး၍ မီးရှို့ခဲ့ပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီး ၅ ဦးကို ဖမ်းဆီးပြီး ၎င်းတို့၏ လိင်အင်္ဂါများကို မီးရှို့၍ မဟုတ်မမှန် ၀န်ခံခိုင်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၀ ရက်နေ့က လောင်းဒုံး ကျေးရွာအုပ်စု ဆင်သေပြင် ကျေးရွာမှ မီးစတင် လောင်ကျွမ်း ခဲ့ပြီး၊ ပေ ၁၀၀ ကျော် ချောင်းခြားနေသည့် ငါးစားကြူး ကျေးရွာ အုပ်စု ဖန်မြောင်းရွာမှ အိမ်များလည်း မီးလောင်သွားခဲ့သည်။ မီးလောင်ခြင်းမှာ ပေါ့ဆမီးကြောင့် မဟုတ်ဘဲ၊ ရခိုင် အစွန်းရောက်များက ဓာတု ပစ္စည်းများဖြင့် စနစ်တကျ မီးရှို့ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင် အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားပြီး ကြိမ်ချောင်း ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။

တစ်ဖန် မတ်လ ၁၅ ရက်နေ့တွင်လည်း အဆိုပါ ကျေးရွာ နှစ်ခုတွင် ထပ်မံ၍ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ အပြစ်မဲ့ အမျိုးသမီး ၄ ဦးကို ဖမ်းဆီး၍ ကြိမ်ချောင်း ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး၊ ဖမ်းဆီးခံရသည့် အမျိုးသမီး ၅ ဦး စလုံးကို ကိုယ့်အိမ်ကိုယ် မီးရှို့သည်ဟု အတင်း အဓမ္မ ၀န်ခံ ခိုင်းခဲ့ရာ၊ အမျိုးသမီးများက မဟုတ်မမှန်သည်ကို ၀န်မခံ နိုင်ကြောင်း ငြင်းဆန်သဖြင့် ရဲများက ဖယောင်းတိုင်မီးများဖြင့် အမျိုးသမီးများ၏ လိင်အင်္ဂါများကို မီးရှို့ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အမျိုးသမီး ၅ ဦးကို မတ်လ ၁၆ ရက်နေ့တွင် ကြိမ်ချောင်း ဆေးရုံသို့ ဆေးကုသရန် ပို့ခဲ့ပြီး၊ ဆေးရုံမှ ဆရာဝန် ဖြစ်သူ ဒေါက်တာ နုကေသီဇံက ရဲများကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်သဖြင့် ပြစ်တင်ဝေဖန် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မတ်လ ၁၇ ရက်နေ့တွင် အမျိုးသမီး ၅ ဦးကို မောင်တောမြို့ တရားရုံးတွင် စစ်ဆေးခဲ့ပြီး၊ ကြိမ်ချောင်း ရဲစခန်းတွင် ဆက်လက် ချုပ်နှောင် ထားခဲ့သည်။ အမျိုးသမီးများထဲတွင် နို့စို့ ကလေး တစ်ဦး၏ မိခင် ပါသည့်အတွက် အဆိုပါ ကလေးကို ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ရဲစခန်းသို့ ခေါ်ယူခဲ့ကြောင်း သိရှိရသည်။ အမျိုးသမီးများတွင် အ၀တ်လဲရန် အ၀တ်အစား မရှိသဖြင့် ကြိမ်ချောင်းမှ စေတနာရှင် များက အ၀တ် ၃ စုံစီ ပေးခဲ့သည်။ ယခုအခါ အဆိုပါ အမျိုးသမီး ၅ ဦးကို မောင်တော ရဲစခန်းသို့ ခေါ်ယူလာပြီး ဆက်လက် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။



RB News
24.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်အတွင်းရှိ မောင်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်များမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာ လူမျိုး အမည် မဖြည့်ရန် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်သည် ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင် စာရင်း ကောက်ယူသည့် အခါတွင် ရိုဟင်ဂျာ လူမျိုး အမည် မဖြည့်ရန် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ ပြောပါသည်။ ၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ၀င်ရောက်လာသူ တစ်ဦး ဖြစ်ပြီး၊ ဒေသခံများ၏ ဆန္ဒမဲ မပါဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်လာသူ တစ်ဦး ဖြစ်သည်။ ၉၆၉ ဂိုဏ်း၏ မောင်တောမြို့နယ် မြောက်ပိုင်း တာဝန်ခံ တစ်ဦး ဖြစ်ပြီး၊ ကြိမ်ချောင်းဈေး မီးလောင်မှုကို နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားခဲ့သူ တစ်ဦး ဖြစ်သည်ကို အာဏာပိုင်များ သိရှိခဲ့သော်လည်း အရေးယူခံရခြင်း မရှိသူ တစ်ဦး ဖြစ်သည်။ ကြိမ်ချောင်းမှ ဒေသခံများသည် ရဲတပ်သား ဇော်ဇော်အောင်၏ နေ့စဉ် ဒုက္ခပေးမှု ပေါင်းစုံအကြား ယခု ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ခြိမ်းခြောက်မှုကြောင့် ပိုမို၍ စိတ်ပျက်လျက် ရှိသည်ဟု ဆိုသည်။

အလားတူ ကွမ်းသီးပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေကလည်း ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်း ကောက်ယူသည့် အခါ ရိုဟင်ဂျာ လူမျိုး အမည် မထည့်ရန် အနုနည်းဖြင့် သော်လည်းကောင်း၊ အကြမ်းနည်း ဖြင့်သော် လည်းကောင်း၊ ခြိမ်းခြောက်လျက် ရှိကြောင်း သိရှိရသည်။

တောင်ပြိုလက်ဝဲမြို့မှ စစ်ဖက်ရေးရာ လုံခြုံရေး တာဝန်ခံ ဦးအောင်ခိုင်ဖြိုးကလည်း ၎င်းနှင့် ဆက်နွယ်နေသူ များမှ တဆင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည် မဖော်ပြ၍ အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုနေသည်ဟု ဒေသခံများက RB News သို့ ပြောသည်။

ဘူးသီးတောင်မြို့နယ် တွင်လည်း အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက တစ်အိမ်တက်ဆင်း ပြုလုပ်၍ အကယ်၍ ရိုဟင်ဂျာ ရေးပါက ကြီးမားသည့် ပြဿနာ ဖြစ်မည် ဖြစ်ကြောင်း ၎င်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၏ ခိုင်းစေချက် အရ လာရောက်၍ ပြောရခြင်း ဖြစ်ကြောင်း၊ ရိုဟင်ဂျာဟု ရေးပါက ငြိမ်းချမ်းစွာ နေ၍ ရမည် မဟုတ်ကြောင်း အမျိုးမျိုး ပြောဆို၍ ခြိမ်းခြောက် ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



Rohingya Eye
RB News
23.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရှီလ်ခါလီ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ရခိုင် ၃ ဦးက ငွေလုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရှီလ်ခါလီ ကျေးရွာမှ ဦးအူလာမျာ (ဘ) ဦးရော်ရှိတ်အာမတ်သည် မောင်တောမြို့ ပေါ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေမည့် သားဖြစ်သူကို ကျောင်းသို့ လိုက်ပို့ပြီး အပြန်တွင် ဦးဥတ္တမလမ်း ပေါ်ရှိ ဖြိုး လဘက်ရည်ဆိုင် အနီးသို့ အရောက်တွင် ရခိုင် ၃ ဦးက ဖမ်းချုပ်၍ ၎င်းအိတ်ကပ်ထဲရှိ ငွေကျပ် ၇၀၀၀ ကိုလုယက် ယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့အပြင် ဦးအူလာမျာ၏ ယာယီ သက်သေခံ ကဒ်ပြားကိုလည်း အဆိုပါ ရခိုင် ၃ ဦးက စုတ်ဖြဲ၍ ဖျက်ဆီး ခဲ့ကြောင်း သိရှိရပါသည်။

နေ့အချိန်တွင် အတင့်ရဲ၍ ချုပ်နှောင်ပြီး လုယက်ခဲ့သည့် ရခိုင် ၃ ဦးကို လုယက်ခံရသူက အမှုဖွင့်လျှင်လည်း ဥပဒေအရ ကာကွယ် ပေးမည် မဟုတ်သောကြောင့် အမှုမဖွင့်ဘဲ နေရပ်သို့သာ ပြန်သွားခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

Rohingya Exodus