နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
29.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းထွန်းသည် တာဝန်ဖြင့် စစ်တွေမြို့သို့ ပြောင်းရွှေ့မည်ဟု သတင်းလွှင့်၍ အတင်းအဓမ္မ ငွေကြေး ကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နေသည့် ရဲအုပ်သောင်းထွန်းသည် တာဝန်ဖြင့် စစ်တွေမြို့သို့ ပြောင်းရွှေ့မည်ဟု သတင်းလွှင့်၍ အတင်း အဓမ္မ အလှူငွေများ ကောက်ခံလျက် ရှိသည်။ အတင်း အဓမ္မ ကောက်ခံသည့် အလှူငွေကို စေတနာဖြင့် ပေးသော လက်ဆောင်ဟု အရှက်မဲ့စွာ ခေါင်းစဉ်တပ်၍ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲအုပ်သောင်းထွန်း အတွက် စေတနာဖြင့် ပေးသော လက်ဆောင်ဟု အရှက်မဲ့စွာ ကောက်ခံနေသည့် ငွေများကို မောင်တောမြို့နယ် နာရီစင် အနီးတွင် ဓါတ်ဆီရောင်းသည့် ကိုအဘုချေ (ဘ) ဦးနူရ်ဟူစိန်က ကောက်ခံ ပေးနေရကြောင်း သိရှိရပါသည်။

စီးပွားရေး အဆင်မပြေ၍ မပေးနိုင်သူများကို ခြိမ်းခြောက်မှုများပင် ပြုလုပ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ အများစုမှာ စီးပွားရေး အဆင်မပြေသော်လည်း ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ပေးနေရပြီး၊ ဒေသခံများက ယခုကဲ့သို့ အတင်း အဓမ္မ အလှူငွေ ကောက်ခံနေသည့် ရဲအုပ်သောင်းထွန်းကို ဥပဒေအရ ထိရောက်စွာ အရေးယူ ပေးပါရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ တောင်းဆိုကြောင်း RB News သို့ပြောပါသည်။





Rohingya Eye
RB News
29.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်သည် ကျေးရွာတွင်းရှိ ဘာသာရေး ဆရာများကို ပစ်မှတ်ထား၍ လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၄) ရက်နေ့ နံနက် ၂း၃၀ နာရီ (ဇူလိုင် ၂၃ ရက်နေ့ ညသန်းခေါင်ယံ) အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မော်တုလ္လာ ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) မှ တပ်ဖွဲ့ဝင် ၂၅ ဦးနှင့် ဦးအာရှော်ဒုလ္လာ (ဘ) ဦးကာဒိရ်ဟူဆောင်း တို့ဝင်ရောက်လာပြီး သပြေတော (ဘားစော်ရာ) ရွာသားများ ပုန်းအောင်းနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ နေအိမ်များ အတွင်း ရှာဖွေခဲ့ရာ၊ ၎င်းတို့ စွပ်စွဲသည့် အတိုင်း ရှာဖွေ မတွေ့ရှိခဲ့သော်လည်း နံနက် ၉ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ဘာသာရေး ဆရာ (၃) ဦးကို ဆင့်ခေါ်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူများမှာ --

(၁) မော်လ၀ီ ဦးမာမတ်အာမီးန် (ဘ) ဦးဟာဘီဘူရာမန် (အသက် ၆၅ နှစ်)
(၂) မော်လ၀ီ ဦးမာမတ်အူလ္လာ (ဘ) ဦးအာမိရ်ဟူဆောင်း (အသက် ၆၁ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း)
(၃) ဦးအဘူလ်ဟာရှီးမ် (ဘ) ဦးဇော်လာလ် (အသက် ၃၇ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း) --- တို့ ဖြစ်သည်။

သပြေတော ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇေယာဘူရာမန်ကို အမည်မသိသူများက သတ်ဖြတ်မှုနှင့် ပတ်သက်၍ သပြေတောရွာမှ အမျိုးသားများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့များနှင့် ရဲများက လိုက်လံ ဖမ်းဆီးနေသဖြင့် ရွာသား အများစုမှာ ယခုအချိန်ထိ တိမ်းရှောင် နေရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
29.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပင် ကျေးရွာ အုပ်စု၊ ဂုန္နားရွာသို့ ဇူလိုင်လ (၂၈) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) (၁၆) ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေတို့ ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ စစ်ဆေးခံရန် ငြင်းဆန်သူများကို နည်းမျိုးစုံဖြင့် လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယခင် န.စ.က နေရာတွင် အစားထိုး ၀င်ရောက်လာသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူဦးရေ စာရင်း ကောက်ခံသည်ဟု ခေါင်းစဉ်တပ်၍ စစ်ဆေးလျက် ရှိသော်လည်း ၎င်းတို့ ဖြည့်သွင်းသည့် စာရင်းတွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု မှတ်တမ်းတင်လျက် ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန်လျက် ရှိနေကြသည်။ ဇူလိုင်လ (၂၈) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ အုပ်စု၊ ဂုန္နားရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (၁၆) ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေတို့ ၀င်ရောက်၍ စစ်ဆေးခဲ့ရာ စစ်ဆေးခံရန် ငြင်းဆန်သူများကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နေ့လည် ၂း၃၀ နာရီအချိန်တွင် ဒေါ်မဟာဘူးဘာ (ဘ) ဦးအာယုပ် (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ထောင်စု စာရင်းတောင်းခံရာ၊ ဒေါ်မဟာဘူးဘာက မရှိဟု ပြန်လည် ပြောဆိုသဖြင့် အဆိုပါ အမျိုးသမီးကို အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက တုတ်ဖြင့် လူမဆန်စွာ ပြင်းပြင်းထန်ထန် ရိုက်နှက်၍ စစ်ဆေးခဲ့သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် ဒေါ်မဟာဘူးဘာ၏ နောက်ကျောတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ဒေါ်မဟာဂျေရာ (ဘ) ဦးဂုလ်ဟူဆောင်း (အသက် ၄၀ နှစ်) ၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးသည့်အခါ ဒေါ်မဟာဂျေရာက ၎င်း၏ အမျိုးသား ဖြစ်သူ ဦးဒိလ်မိုဟာမတ် မရှိသောကြောင့် အိမ်ထောင်ဦးစီး မရှိဟု ပြောဆိုရာ၊ ဦးအထွန်းချေက လူမဆန်စွာ ရိုက်နှက်၍ အတင်းဆွဲခေါ်ပြီး စစ်ဆေးခဲ့သည်။ ဦးအထွန်းချေ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဒေါ်မဟာဂျေရာ၏ ပုခုံးတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

နေ့လည် ၂း၃၀ နာရီ အကျော်တွင် ဒေါ်ဘီဘီအာယေရှား (ဘ) ဦးဟူဆောင်း (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ထောင်စု စာရင်း တောင်းခံသည့် အခါ ဒေါ်ဘီဘီအာယေရှားက ၎င်း၏ အမျိုးသား ဖြစ်သူ ဦးအာဇီဇူ ရာမန် မရှိဟု ပြောဆိုသဖြင့် ဦးအထွန်းချေက ထင်းဖြင့် ရိုက်နှက်၍ အတင်းဆွဲခေါ်ပြီး စစ်ဆေးခဲ့သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့များက မောင်ကိုက်ဆဲရ် (ဘ) ဦးရော်ဟိမ်း မူန်ရှီး (အသက် ၂၁ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်ရန် ကြိုးစားသည့် အခါ မောင်ကိုက်ဆဲရ်က တံခါး ဖွင့်မပေးသဖြင့်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အိမ်တံခါးကို အင်အားသုံး၍ ဖျက်ဆီး ၀င်ရောက်၍ နေအိမ်အတွင်းရှိ အသုံးအဆောင် ပစ္စည်းများ၊ ဗီဒိုများ၊ အိုးခွက် ပန်းကန်များကို ဖျက်ဆီးပစ် ခဲ့သည့် အပြင် ကလေးငယ်များ စားသောက်ရန် ချက်ပြုတ်ထားသည့် အစားအသောက်များကို အရှက်မဲ့စွာ လုယက် စားသုံး သွားကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်သစ် ဦးမောင်မောင်အုန်း တက်လာပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများကို ပိုမိုအတင့်ရဲစွာ ရက်ရက်စက်စက် ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံလာသည့် အပြင် လုယက်မှုများကိုလည်း ပိုမို လုပ်ဆောင်လာသည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။



27.7.2014

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee က ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် ဗုဒ္ဒဘာသာဝင်နဲ့ မွတ်စလင်တွေ အကြား ရာသက်ပန် ခွဲခြားမှု ဖြစ်ပေါ် လာမှာကို စိုးရိမ် ပူပန် မိကြောင်း မနေ့က ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် သူက ဗုဒ္ဒဘာသာနဲ့ မွတ်စလင် လူမှု အသိုင်း အဝန်း ၂ ခုအကြား ပြန်လည် သင့်မြတ်ရေးကို အမြန်ဆုံး ဆောင်ရွက်ဖို့လည်း မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံကို ၁ဝ ရက်ကြာ သွားရောက် ခဲ့တဲ့ ကုလ အထူး ကိုယ်စားလှယ်က ရန်ကုန် လေဆိပ်မှာ မနေ့ညနေက သတင်းစာ ရှင်းပွဲ ပြုလုပ်ခဲ့ရာမှာ ခုလို ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

Ms Yanghee Lee က မြန်မာပြည်မှာ အမှန် ပကတိ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး အခြေအနေ တွေကို ပိုမို သိရှိလိုတဲ့ အတွက် လာရောက်ခဲ့တာ ဖြစ်ကြောင်း၊ မိမိရဲ့ ပထမဆုံး ခရီးစဉ် အဆင်ပြေ ချောမွေ့အောင် အစစ အရာရာ ပံ့ပိုး ကူညီခဲ့တဲ့ မြန်မာ အစိုးရကို လှိုက်လှဲစွာ ကျေးဇူးတင် ရှိပါကြောင်း၊ ဒီခရီးစဉ် အတွင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်း တွေကို သွားရောက် ကြည့်ရှု့ ခဲ့သလို အစိုးရ ခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့ အစည်း ခေါင်းဆောင် တွေနဲ့လည်း တွေ့ဆုံ နိုင်ခဲ့ကြောင်း ပြောပါတယ်။

အဲ့ဒီ နောက်သူက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ် အတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဏတွေ အံ့သြဖွယ်ရာ တိုးတက် ပြောင်းလဲခဲ့တာကို မိမိတို့ သိရှိပါကြောင်း၊ အခုလို ပြုပြင် ပြောင်းလဲမှု ဆောင်ရွက် နေချိန်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကို ကျော်လွှား အောင်မြင်ရေး အတွက် နိုင်ငံ တကာရဲ့အားပေး ကူညီမှုတွေ ပိုမိုလိုအပ်တယ်လို့ ဒီခရီးစဉ် အတွင်း မိမိကို လူအများအပြားက ပြောကြား ခဲ့တာကိုလည်း ပြန်လည် တင်ပြမှာ ဖြစ်ကြောင်း ပြောကြားရင်း တပြိုင်နက်မှာ မြန်မာပြည်ရဲ့ပြောင်းလဲမှု တွေကို ထိခိုက် ပျက်ပြားနိုင်တဲ့ လက္ခဏာ တွေကို အခု စိုးရိမ် ပူပန်စွာ မြင်တွေ့ နေရကြောင်း ၊ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေးမှာ လွတ်လပ်စွာ ဆန္ဒ သဘောထား ဖော်ထုတ် ခွင့်တွေ၊ လွတ်လပ်စွာ စုဝေးခွင့်တွေ ရရှိခဲ့တာကို ထူးခြားတဲ့ တိုးတက်မှု အဖြစ် အားလုံးက ရှုမြင်ခဲ့ ကြပါကြောင်း၊ ဒါပေမယ့် လတ်တလောမှာ စာနယ်ဇင်း သမားတွေ ထောင်ချ ဖိနှိပ် တရားစွဲ ခံရမှု အပါအဝင် အဲဒီ လွတ်လပ်ခွင့်တွေ ပြန်လည် လျှော့နည်း သွားခဲ့တာကို သတိပြုမိကြောင်း၊ တိုင်းရင်းသူ တွေကို စစ်တပ်က မုဒိမ်းကျင့်မှု၊ အမျိုး ဘာသာ ကူးပြောင်းရေးနဲ့ လွတ်လပ်စွာ လက်ထပ် ထိမ်းမြားခွင့် ရရှိရေး လှုပ်ရှားသူ တွေကို ခြိမ်းခြောက် မှုတွေ ရှိနေတယ်လို့ ကြားသိ ရကြောင်း၊ လယ်ယာမြေ သိမ်းပိုက် ခံရလို့ ဆန္ဒပြသူ တွေကို အပြစ် ပေးတာတွေ ထောင်ထဲမှာ နိုင်ငံရေး သမားတွေ ကျန်ရှိနေတာ တွေလည်း သိရှိရကြောင်း စသဖြင့် ပြောကြား ခဲ့ပါတယ်။

အဲ့ဒီနောက် ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝန်း ၂ ခုလုံး ရဲ့ပြောကြားချက် တွေကို သူမ အလေးအနက် ဂရုစိုက်ပြီး နားထောင် ခဲ့ပါကြောင်း၊ နှစ်ဦး နှစ်ဖက် အမြင်တွေကို အသေအချာ သဘောပေါက် နားလည်ချင်လို့ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဟာ မြန်မာပြည်မှာ အဆင်းရဲဆုံး ပြည်နယ် တခု ဖြစ်နေတာကို သိရှိခဲ့ ရသလို ရခိုင် တိုင်းရင်းသား တွေဟာ နှစ်ပေါင်း များစွာ ရေ၊ မီး၊ အိမ်သာစတဲ့ အခြေခံ လိုအပ်မှုတွေ မရရှိခဲ့ ကြကြောင်း၊ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်း တွေမှာ အခြေအနေ အလွန် ဆိုးဝါး နေကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကပြောပါတယ်။

တဆက်တည်းမှာ သူက ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေ အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံမှုတွေ ရှိနေကြောင်း၊ မွတ်ဆလင်တွေ အနေနဲ့ လွတ်လပ်စွာ သွားလာခွင့်၊ လက်ထပ်ခွင့်၊ လယ်ယာ ပိုင်ဆိုင်ခွင့်၊ ကျန်းမာရေးနဲ့ ပညာရေး ဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံး နေကြကြောင်း၊ ဖမ်းဆီးခံ နေရတဲ့ မွတ်ဆလင်တွေ နှိပ်စက် ခံရပြီး တရား ဥပဒေ ဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးနေတယ် လို့လည်း ကြားခဲ့ ရကြောင်း၊ ဒါ့အပြင် သူမကို အာဏာပိုင် တွေက ရိုဟင်ဂျာ လူမျိုးတွေကို အစိုးရ အနေနဲ့ အသိအမှတ် ပြုခြင်း မရှိတဲ့ အတွက် အဲ့ဒီ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို သုံးစွဲခြင်း မပြုဖို့ ထပ်တလဲလဲ ပြောဆို ခဲ့ကြောင်း၊ တကယ်တော့ သူမသိရှိထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေသတွေ အရဆိုရင် လူနည်းစု တွေမှာလည်း လူမျိုး ဘာသာ ကွဲပြားမှုကို အခြေပြုပြီး သူတို့ လူမျိုး အမည်ကို သူတို့ဖာသာ လွတ်လပ်စွာ ခေါ်ဝေါ် သတ်မှတ်ခွင့် ရှိပါကြောင်း ပြောကြား သွားခဲ့ပါတယ်။

အခုခရီးစဉ်က တွေ့ရှိချက်တွေနဲ့ ထပ်မံ ရရှိတဲ့ အချက်တွေကို ဖြည့်စွက်ပြီး ဒီနှစ်ကုန်ပိုင်း ကျင်းပမယ့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံ တင်ပြမှာ ဖြစ်ကြောင်းလည်း Ms Yanghee Lee ကပြောကြား ခဲ့ပါတယ်။



RB News
27.7.2014

မောင်တော ။ ။ တရားမ၀င် ခိုးဝင် ဘင်္ဂလီ ကာကွယ် တားဆီး နှိမ်နှင်းရေး အဖွဲ့ (မကဖ) အကြီးအကဲ၊ လ.၀.က လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ထွန်းဘော် ဦးဆောင်ပြီး ခရိုင်နှင့် မြို့နယ် လ.၀.က ဦးစီး အရာရှိများ၊ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးများ အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ရပ်မိရပ်ဖများ ပါဝင်သည့် အစည်းအဝေး တစ်ရပ်ကို ဇူလိုင်လ (၂၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

လ.၀.က လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ထွန်းဘော်က မြန်မာနိုင်ငံတွင် အိမ်ထောင်စု စာရင်း ရှိသူတိုင်းသည် နိုင်ငံသားများ ဖြစ်ကြောင်း ဦးစွာ ပထမ ပြောကြားပြီးနောက် ရှောင်တခင် စစ်ဆေးမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ဇူလိုင်လ (၁၁) ရက်နေ့က ပထမ အကြိမ် စတင် စစ်ဆေးခဲ့သော်လည်း မောင်တော တောင်ပိုင်းမှ ဒေသခံ ပြည်သူများ ပါဝင်ခြင်း မရှိသည့် အတွက် စိတ်ပျက်မိကြောင်း၊ ယခု ဒုတိယ အကြိမ်ကို ဇူလိုင်လ ၂၈ ရက်နေ့မှာ ပြန်လည် စစ်ဆေးမည် ဖြစ်၍ အားလုံး ပူးပေါင်း ပါဝင်ရန် တိုက်တွန်းကြောင်းနှင့် ဒုတိယ အကြိမ်တွင် အစစ်ဆေး မခံသူများကို တတိယ အကြိမ် ပြန်လည် စစ်ဆေးမည် ဖြစ်ကြောင်း၊ တတိယ အကြိမ်တွင် အစစ်ဆေး မခံပါက ဥပဒေ အရ ထိထိရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် စစ်ဆေးရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းရာတွင် ဤစစ်ဆေးမှုသည် လူမျိုး၊ နိုင်ငံသား ဖြစ်မှု၊ မဖြစ်မှု တို့နှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ လူဦးရေ စာရင်းကိုသာ နိုင်ငံတော်မှ သိရှိလိုကြောင်း၊ ဤဒေသမှ အခြားဒေသ (သို့မဟုတ်) နိုင်ငံများသို့ ပြောင်းရွှေ့သွားသူများ စာရင်း၊ နိုင်ငံခြားမှ ခိုးဝင်လာသူ ရှိ/မရှိ၊ အခြားမြို့ရွာများသို့ ပြောင်းရွှေ့သွားသူများ စာရင်း များကို သိရှိလို၍ ဖြစ်ကြောင်း၊ အဆိုပါ စာရင်းများနှင့် နိုင်ငံတော်မှ ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက် ပေးနိုင်ရန် ဖြစ်ကြောင်း၊ ပြည်မတွင်လည်း အလားတူ စစ်ဆေးလေ့ ရှိကြောင်းနှင့် ရခိုင် အပါအ၀င် အခြားသော တိုင်းရင်းသား များကိုလည်း စစ်ဆေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နိဂုံးချုပ် ပြောကြားရာတွင် ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ မြန်မာနိုင်ငံတွင် မရှိကြောင်း၊ သမ္မတ ကိုယ်တိုင် ပြောထားပြီး ဖြစ်ကြောင်း၊ နောင်လည်း လက်ခံမည် မဟုတ်ကြောင်း၊ တည်ဆဲ ဥပဒေကို လိုက်နာကြရန်နှင့် ဤ စစ်ဆေးမှုများတွင် အစစ်ဆေး မခံသူများကို ဒုက္ခသည် စခန်းသို့ ပို့ဆောင်မည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။

ဒေသခံ တစ်ဦးက “သမ္မတကိုယ်တိုင်က မရှိဘူး ပြောတာနဲ့ လူတိုင်းက လက်ခံရမှာလား။ မေးခွန်း ထုတ်စရာပါ။ သမ္မတက ဥာဏ်ပညာ နည်းပါးသူ၊ ဗဟုသုတ ခေါင်ပါးသူ ဖြစ်နေရင်လည်း အားလုံးက သမ္မတက ခေါင်းညိတ်ဆိုတာနဲ့ ခေါင်းညိတ် ကြတာလား။ သမ္မတ ဦးသိန်းစိန် မဲလိုချင်တုန်းက ဒီမျက်နှာ မဟုတ်ဘူး။ မဲလိုချင်တုန်းက မောင်တောမှာ ဘာတွေ ပြောသွားသလဲ ဆိုတာ ပြန်မေးကြည့်ဖို့ လိုပါမယ်။ အခု လူဦးရေ စစ်ဆေးတာက သန်းခေါင်စာရင်းတုန်းက လူဦးရေ မစစ်ဆေးရလိုက်လို့ ခေါင်းစဉ် ပြောင်းပြီး စစ်ဆေးနေတယ်လို့ ယူဆပါတယ်။ ဒေသခံတွေ အချင်းချင်း ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်းနေတာ ရှိသလို၊ ပွင့်လင်း မြင်သာမှု မရှိဘဲ၊ အတင်း အဓမ္မ ခြိမ်းခြောက် နေတာကြောင့် စိုးရိမ် နေတာလည်း ရှိတယ်” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။



RB News
27.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် အခြေစိုက် စ.ရ.ဖ မှ တပ်ကြပ်ကြီး တစ်ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့သည် ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၂) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု အခြေစိုက် စ.ရ.ဖ တာဝန်ခံ တပ်ကြပ်ကြီး ကြည်ဟန်နှင့် ၎င်း၏ တပည့် နှစ်ဦး ဖြစ်သူ ဦးအဒူလ္လာ (ဘ) ဦးဇဖရ်အာမတ်နှင့် ဦးအစ္စမိုင်လ် (ဘ) ဦးအော်လီအာမတ် တို့သည် အလယ်သံကျော် ဈေး၌ အလှကုန်ဆိုင် ဖွင့်ထားသူ ဦးရော်ဟီမုလ္လာ (ဘ) ဦးမောက်ဂုလ်အာမတ် အား တရားမ၀င် ငွေပွဲစား လုပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် စ.ရ.ဖ အချုပ်ခန်းတွင် ချုပ်နှောင်၍ လူမဆန်စွာ ရိုက်နှက် နှိပ်စက်ပြီး ငွေကျပ် ၁၅ သိန်း ပေးမှသာ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးရော်ဟီမုလ္လာသည် အလယ်သံကျော် ကျေးရွာ အုပ်စု အထက်ကန်ပိုင်ကြီး ကျေးရွာတွင် နေထိုင်သူ ဖြစ်သည်။

အလားတူ အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်သည် ဇူလိုင်လ (၂၅) ရက်နေ့တွင် အလယ်သံကျော် ဈေး၌ အလယ်သံကျော် သားသတ်လိုင်စင်စီ လက်အောက်တွင် အမဲဖော် ရောင်းချသည့် ဇော်မတတ် ကျေးရွာသား ဦးအဒူရှကူရ် (ဘ) ဦးဖော်ဇော်ဟောက် ထံမှ အမဲအူ တစ်ပိဿာ တောင်းခဲ့သည်။ ဦးအဒူရှကူရ်မှ အမဲအူ တစ်ပိဿာ ပေးရန် နှောင့်နှေးနေသည်ကို အမဲအူ မပေးဟု စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားပြီး မတရား ရိုက်နှက်သည့် အပြင် ငွေကျပ် တစ်သိန်း ငါးသောင်း ပေးမှသာ ပြန်လွှတ်ပေးမည်ဟု ပြောသဖြင့် နောက်ဆုံးတွင် ငွေကျပ် ၅ သောင်း ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒေသတွင်းရှိ မြို့နယ် အာဏာပိုင်များ၊ ကျေးရွာ အာဏာပိုင်များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်သားများသည် ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ပစ္စည်းများကို အမြဲတစေ အချောင်ရရန်သာ တွေးတော နေပြီး၊ အလကား ရချင်သော်လည်း နှုတ်ချိုသာစွာ သူတောင်းစားများကဲ့သို့ ပြောဆိုခြင်း မရှိဘဲ၊ အာဏာကို အလွန်အကျွံ အလွဲသုံးစား ပြုလုပ်ပြီး၊ ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ မသထာရေစာများကို စားသုံးနေသူများ ဖြစ်သည်။



26.7.2014

မြန်မာနိုင်ငံကို ၁၀ ရက်ကြာ ခရီး ရောက်ရှိ ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေးမှူး Yanghee Lee (ယန်ဟီလီ) က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားများ အရေး၊ ဒုက္ခသည် အရေးနဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့် အခြေအနေ ကအစ လယ်ယာမြေ အသိမ်းခံ ရတဲ့ ကိစ္စတွေ အပါအ၀င် အကဲခတ် လေ့လာခွင့် ရခဲ့ကြောင်း ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံး နေတဲ့ ဥပဒေတွေ ဟာလည်း ဒီနေ့ခေတ်နဲ့ မကိုက် ညီတာတွေ ရှိတယ်လို့ သုံးသပ် လိုက်ပါတယ်။ ကိုစည်သူက တင်ပြ ပေးထား ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေကို အသိအမှတ် ပြုပေမယ့်လို့ စိန်ခေါ် အကဲစမ်းမှု တွေနဲ့ ရင်ဆိုင် နေရဆဲပဲလို့ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စ် Yanghee Lee (ယန်ဟီလီ) ပြောဆို သွားပါတယ်။

“မြန်မာနိုင်ငံဟာ လူ့အခွင့် အရေးကို လေးစားတဲ့၊ အကာအကွယ် ပေးတဲ့၊ နိုင်ငံတကာ အသိုင်း အဝိုင်းက တာဝန်သိတဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ ပါဝင်ဖို့ ကြိုးစားတဲ့ နေရာမှာ နောက်ကြောင်း ပြန်လှည့် ချင်တဲ့ လက္ခဏာတွေ တွေ့နေ ရပါတယ်။ ဒါ့ကြောင့် အများက ပြောသလို ပါပဲ။ မြန်မာ နိုင်ငံကို နားလည်ဖို့၊ အားပေးဖို့ အများကြီး လိုပါတယ်။ ဒါမှသာ စိန်ခေါ် အကဲစမ်းမှု တွေကို ဖြတ်သန်းပြီး ပြုပြင် ပြောင်းလဲရေးကို ဆက်လက် ဖော်ဆောင် နိုင်မှာ ဖြစ်ပါတယ်။ ကျမရဲ့ လေ့လာ အကဲခတ် ချက်တွေက ဒါတွေကို မီးမောင်းထိုး ပြနိုင် ပါလိမ့်မယ်။”

တဆက်တည်း မှာပဲ မြန်မာနိုင်ငံမှာ အစိုးရရဲ့ လုပ်ဆောင်ချက် တွေအပေါ် မကျေနပ်လို့ ဆန္ဒ ထုတ်ဖော်တဲ့ သူတွေကို ဖမ်းဆီး နေတာတွေ အပေါ် မစ္စ် Yanghee Lee (ယန်ဟီလီ) က ဝေဖန် ခဲ့ပါတယ်။

“ဆန္ဒ ထုတ်ဖော်တဲ့ သူတွေကို နှိပ်ကွပ် နေတာတွေဟာ လူထု အခြေပြု အဖွဲ့အစည်း တွေရဲ့ ဆောင်ရွက်ချက် တွေကို သိမ်ငယ်အောင် လုပ်သလို ဖြစ်နေပါတယ်။ လူမှု အသိုင်း အဝိုင်းကို ခြိမ်းခြောက် အကျပ်ကိုင်တဲ့ သဘောလည်း သက်ရောက် ပါတယ်။ အစိုးရ အနေနဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေ အတွက် စိတ်ချ လုံခြုံမှု ရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေး ရမှာပါ။ ဒါမှသာ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့် အရေး တိုးတက်ရေး အကာ အကွယ် ပေးရေး တွေကို ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။”

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ဖို့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ လိုအပ် တယ်လို့ ပါမောက္ခ လီ က ထောက်ပြ သွားပါတယ်။

“မြန်မာ့ ဒီမိုကရေစီ ရေးမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ စုရုံးခွင့်ဟာ တကယ့်ကို လိုအပ်ပြီး အချက်အခြာ ကျပါတယ်။ ဒါမှသာ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေး အဖြေ ရှာနိုင်မှာ ဖြစ်ပါတယ်။ အထူး သဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီမှာ ဒီလို လွတ်လပ်ခွင့်တွေ ပေးဖို့ လိုပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ ဒီမိုကရေစီ စနစ်မှာ အရေးပါတဲ့ လုပ်ငန်းစဉ် တရပ်လည်း ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍ အတွက် အသုံးစရိတ် တိုးမြှင့်တာ ကြားရတဲ့ အတွက် အားတက် မိတယ်လို့ ပြောခဲ့ပါတယ်။ ဒီကဏ္ဍတွေမှာ အသုံးစရိတ်ကို အခုထက်မက တိုးတက် စေလိုတယ် လို့လည်း တိုက်တွန်း ခဲ့သေးတယ်။

မစ္စ် Yanghee Lee (ယန်ဟီလီ) ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ဗုဒ္စဘာသာနဲ့ မွတ်ဆလင် အသိုင်း အ၀ိုင်း နှစ်ခုစလုံးရဲ့ ခံစားချက်တွေ အသံတွေ ကိုလည်း နားထောင် ပေးနိုင် ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီခရီးစဉ် အတွင်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် ကို သွားရောက် ခဲ့စဉ် ပြည်နယ် အစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ဒေသခံ မြို့မိမြို့ဖ တွေနဲ့ တွေ့ဆုံ မိတ်ဆက် ခဲ့သလို ပဋိပက္ခ တွေကြောင့် ဒုက္ခသည် ဘ၀ ရောက်နေကြ ရသူ တွေနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့ပါတယ်။ မကြာသေးခင်က ကောလာဟလ အမုန်း စကား ပြန့်ပွားမှုကြောင့် လူ ၂ ယောက် သေဆုံး ရတဲ့အထိ မတည် မငြိမ် ဖြစ်ခဲ့လို့ ညမထွက်ရ အမိန့် ထုတ်ပြန် ထားတဲ့ မန္တလေးမြို့ကိုလည်း သွားရောက် လေ့လာခဲ့ ပါတယ်။ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံ ခဲ့တဲ့ အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း ဆွေးနွေး ခဲ့သလို ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ နေရာတွေ ကိုလည်း ကိုယ်တိုင် သွားရောက် ခဲ့ပါတယ်။

ပါမောက္ခလီဟာ မနေ့က ဇူလိုင်လ (၂၅) ရက်နေ့မှာ နေပြည်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေ အပြင် ဖွဲ့စည်း အခြေခံ ဥပဒေ ခုံရုံး အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါ သေးတယ်။

ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စ် Yanghee Lee (ယန်ဟီလီ) ရဲ့ ဆယ်ရက်ကြာ မြန်မာပြည် ခရီးစဉ် အတွင်း လူ့အခွင့် အရေး အခြေအနေ အကဲခတ် လေ့လာ ခဲ့တာ တွေကို အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။



ရန်နိုင်
26.7.2014

MSF နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း တွေကို ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ လုပ်ငန်းတွေ ပြန်လုပ်ဖို့ မြန်မာ အစိုးရ ခွင့်ပြုလိုက်တဲ့ အပေါ်မှာ ကုလသမဂ္ဂ နဲ့ MSF အဖွဲ့တို့က ကြိုဆိုလိုက် ပါတယ်။ မြန်မာဘက်က MSF အဖွဲ့ကို ရခိုင်ပြည်နယ်ကို ပြန်လာဖို့ ဖိတ်ခေါ်လိုက် ပြီးတဲ့နောက် အခုလို ကြိုဆိုလိုက် တာပါ။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာ အထိ လုပ်ကိုင် သွားနိုင်မလဲ ဆိုတာ စောင့်ကြည့် သွားဖို့ လိုအပ်တယ်လို့ ပြောလိုက်ပြီး၊ အခုလို ဖိတ်ခေါ် လိုက်တဲ့ အပေါ်မှာ MSF က သတိနဲ့ ကြိုဆို လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

လူမျိုးရေး ဘာသာရေး ပဋိပက္ခ တွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် အတွင်းမှာ MSF နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ပြန်လုပ်ဖို့ အတွက် မြန်မာ အစိုးရ ဘက်က ကြာသာပတေး နေ့မှာ ဖိတ်ခေါ် လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာ အာဏာပိုင် တွေဘက်က MSF အဖွဲ့ကို ဒေသတွင်းကနေ ထွက်ခွာဖို့ ပြောခဲ့ပြီးတဲ့ နောက် ၅ လ နီးပါး အကြာမှာ အခုလို ပြန်လာဖို့ အတွက် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ အခုလို မြန်မာ အစိုးရ နဲ့ ရခိုင်ပြည်နယ် အစိုးရတို့ ဘက်က MSF အဖွဲ့ကို ဒေသတွင်းမှာ ကျန်းမာရေး အကူအညီ တွေပေး နေတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပေးလိုက်တဲ့ အပေါ်မှာ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ညှနှိုင်း ဆောင်ရွက်ရေးရုံး နဲ့ MSF အဖွဲ့တွေက ကြိုဆို လိုက်ပါတယ်။

"MSF အပါအ၀င် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ NGO အဖွဲ့တွေ အားလုံးကို ရခိုင်ပြည်နယ်ကို ပြန်လာပြီး သူတို့ရဲ့ လုပ်ငန်း တွေလုပ် ဖိတ်ခေါ် တာဟာ ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါကို အများ သိအောင် ကြေငြာပေးခဲ့တဲ့ အတွက်လည်း ကြိုဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တကယ် လက်တွေ့ လုပ်တဲ့ နေရာမှာ ဘယ်လိုရှိမယ် ပြီးတော့ ကျန်းမာရေး အကူအညီတွေ လိုအပ်တဲ့ နေရာတွေကို MSF အဖွဲ့နဲ့ အကူအညီ ပေးရေး အစီအအစဉ်တွေ ဘယ်လို ရှိမယ် ဆိုတာကို အခုချိန်မှာ ကျနော်တို့ စောင့်ကြည့် သွားဖို့ လိုပါတယ်။"

ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ညှနှိုင်း ဆောင်ရွက်ရေးရုံး ပြောခွင့်ရ Pierre Peron ပြောသွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း MSF အဖွဲ့ အနေနဲ့ သူတို့ရဲ့ အကူအညီ ပေးရေး လုပ်ငန်း တွေကို အပြည့်အ၀ လုပ်ကိုင်ခွင့်ရ မရ ဆိုတာ ကိုတော့ မြန်မာ အစိုးရ ဘက်က အတိအကျ ထုတ်ပြန် ပြောဆို ထားခြင်း မရှိသေးပါဘူး။ MSF အဖွဲ့ ကလည်း သူတို့ အနေနဲ့ ဘယ်လောက် အတိုင်း အတာ အထိ လုပ်ကိုင် သွားနိုင်မလဲ ဆိုတာကို စောင့်ကြည့် သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

MSF အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ ဒုက္ခသည် စခန်း ၂၄ ခု အပါအ၀င် ၊ကျေးရွာ အတော် များများမှာ ရှိနေတဲ့သူတွေ အတွက် ကျန်းမာရေး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းကတော့ MSF အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း တွေဟာ အကူအညီတွေ ပေးတဲ့ နေရာမှာ ဘက်လိုက်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက် တွေကြောင့် ဒေသတွင်း ကနေ ထွက်ပေး ခဲ့ရတာ ဖြစ်ပါတယ်။

ဒေသခံ အာဏာပိုင်တွေက MSF အဖွဲ့ကို ပြည်နယ်တွင်းက ထွက်ခွာခိုင်းတဲ့ အချိန်မှာ MSF က ပေးနေတဲ့ အကူအညီတွေ နေရာမှာ ပြည်တွင်းမှာ ရှိတဲ့ ကျန်းမာရေး အကူအညီတွေနဲ့ အစားထိုး သွားဖို့ စီစဉ် ခဲ့တာပါ။ ဒါပေမဲ့လည်း အမ်စတာဒမ်မှာ ရှိတဲ့ MSF အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Marcel Langard ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လူအတော် များများ အတွက်ကို ဆေးဝါး အကူအညီတွေ ပေးနိုင်ဖို့ အတွက် ကတော့ ကြီးမားတဲ့ စိန်ခေါ်မှု အဖြစ် ရှိနေတုန်းပဲလို့ ပြောပါတယ်။ ဒီအခြေ အနေနဲ့ ပတ်သက်ပြီး Pierre Peron ပြောတာ ကတော့

"ရခိုင်ပြည်နယ်မှာ MSF က ကျန်းမာရေး အကူအညီ ပေးနေတာဟာ လူ ၅ သိန်းလောက် ရှိပြီး၊ ဒါကို နေ့ချင်း ညချင်း အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ရခိုင်ပြည်နယ်က MSF အဖွဲ့ကို ထုတ်ပစ် လိုက်တာဟာ ပြည်နယ် အတွင်းက အကူအညီ အရမ်းကို လိုအပ် နေတဲ့ သူတွေ အပေါ်မှာ အကြီးအကျယ် ထိခိုက်မှု ရှိတယ်လို့ ကျနော်တို့ တကယ်ကို မြင်တာပါ။"

ပြီးခဲ့တဲ့ ဇွန်လတုန်း ကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လက်ထောက် ကိုယ်စားလှယ် Kyaung-Wha Khan ဒေသတွင်းက ဆိုးရွားနေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာ အစိုးရ တာဝန်ရှိသူတွေ အပါအ၀င် ဒေသခံ အာဏာပိုင်တွေ ဘက်က အခုလို ဆုံးဖြတ်လိုက် တာဟာ ကြိုဆိုရမယ့် လုပ်ရပ်ဖြစ်တဲ့ အပြင် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း အရေးပါတယ်လို့ Pierre Peron က ဆက်ပြောပါတယ်။

"ရခိုင်ပြည်နယ် အတွက် လုပ်ဆောင် ရမယ့် လုပ်ငန်း အစီအစဉ်တွေကို မြန်မာ အစိုးရက ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကြိုဆိုပါတယ်။ ကျနော်တို့ နားလည်တာ ကတော့ ဒီလုပ်ငန်း အစီအစဉ်က လူသားချင်း စာနာမှု အခြေအနေ တွေကိုတင် မဟုတ်ဘဲ၊ ရခိုင်ပြည်နယ် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး ကိုလည်း ကြည့်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ အတွင်းမှာ အဆင်းရဲဆုံး ပြည်နယ် တွေထဲက တခု ဖြစ်ပြီး၊ အိုးအိမ် စွန့်ပစ်ပြီး ပြေးနေရတဲ့ သူတွေ၊ နိုင်ငံမဲ့တွေတင် မဟုတ်ဘဲ၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူမှု အသိုင်းအ၀ိုင်း အားလုံးက အတိုင်းအတာ တခုအထိ အကူအညီ တွေလိုအပ် နေတယ် ဆိုတာ ရှင်းပါတယ်။"

၁၉၉၉ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရခဲ့တဲ့ MSF အဖွဲ့ဟာ ၁၉၉၄ ခုနှစ် ကစပြီး ရခိုင်ပြည်နယ်မှာ စတင် လုပ်ကိုင် လာခဲ့တာ ဖြစ်ပြီး ၊ ဒေသတွင်းမှာ လုပ်ကိုင်နေတဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေထဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီ ပေးနေတဲ့ အကြီးဆုံး အဖွဲ့ ဖြစ်ပါတယ်။

လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ အရမ်းကို လိုအပ်နေတဲ့ ရခိုင်ပြည်နယ် ထဲမှာ သူတို့ အနေနဲ့ လူတွေရဲ့ အသက်ကို ကယ်တင် နိုင်မယ့် ဆေးဝါး အကူအညီ တွေကို ကျယ်ကျယ် ပြန့်ပြန့် ချက်ချင်း ပေးသွားနိုင်ဖို့ မျှော်လင့်တယ်လို့ MSF အဖွဲ့က ကြေညာချက် ထုတ်ပြန်ထား ပါတယ်။



အင်ကြင်းနိုင်
26.7.2014

ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ လူသားချင်း စာနာမှု အကူအညီ ပေးရေး အဖွဲ့အစည်းပေါင်း ၂၀ကျော် အနေနဲ့ လုပ်ငန်းတွေ ပြန်ပြီး လုပ်ကိုင် ကြဖို့ မြန်မာ အစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရက မနေ့က ဖိတ်ခေါ်လိုက် ပါတယ်။ အဲ့ဒီ့အဖွဲ့ တွေထဲမှာ အထူးသဖြင့် MSF လို့ခေါ်တဲ့ နယ်စည်း မထား ဆရာဝန်များ အဖွဲ့လည်း ပါဝင်ပါတယ်။ အခုလို မြန်မာ အစိုးရရဲ့ဖိတ်ခေါ်ချက်ကို MSF အဖွဲ့ကလည်း ကြိုဆို လိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ ရက်စွဲနဲ့ ရခိုင်ပြည်နယ် ကနေ MSF လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ မြန်မာ အစိုးရက အမိန့်ပေး ခဲ့ပြီးနောက် အဲ့ဒီ ပြည်နယ်မှာ ပြန်ပြီး လုပ်ကိုင်ခွင့် ပေးလိုက်တာကို ကြိုဆိုကြောင်း ဂျနီဗာ အခြေစိုက် MSF က ဗွီအိုအေကို Emailနဲ့ ပေးပို့ တုန့်ပြန် ခဲ့ပါတယ်။

အဲ့ဒီ့အထဲမှာ ရေးသား ထားတာ ကတော့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှု ဆိုင်ရာ ဆေးဝါး ကုသမှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ခွင့် ပေးလိုက်တဲ့ မြန်မာ အစိုးရရဲ့ ဖိတ်ခေါ်ချက်ကို MSF ကကြိုဆိုကြောင်း၊
လက်ရှိ လူသားချင်း စာနာမှုဆိုင်ရာ အတိ ဒုက္ခတွေ ရင်ဆိုင် နေရတဲ့ ရခိုင်ပြည်နယ်ရှိ လူတွေကို အသက်ကယ် ဆေးဝါး ကုသမှုတွေ တိုးချဲ့ပြီး MFS အနေနဲ့ ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ကျန်းမာရေး ၀န်ကြီးဌာနနဲ့ အပြု သဘော ဆောင်တဲ့ ဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်ဖို့လည်း မျှော်လင့်ကြောင်း MSF ရဲ့ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။

အခုလို MSF ရဲ့အကူအညီ ပေးရေး လုပ်ငန်းတွေ ရခိုင်ပြည်နယ် တွင်းပြန်စဖို့ အရေးနဲ့ ပတ်သက်လို့ ရခိုင် အမျိုးသား ပါတီရဲ့ အမှုဆောင် တဦးဖြစ်သူ ဦးဦးလှစောက သူရဲ့အမြင်ကို အခုလို ပြောပါတယ်။

"နိုင်ငံတကာ အဖွဲ့အစည်း တွေကို သူတို့ ပြန်ပြီးတော့ ဖိတ်ခေါ်တာ ပေါ့လေ။ အချို့လည်း ရောက်နေ ကြပါပြီ။ မတ်လ ၂၆၊ ၂၇မှာ ပြဿနာ  တခု ဆိုးဆိုးရွားရွား ဖြစ်တယ်။ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ် ဆိုတာ နှစ်ဖက်လုံးမှာ၊ နှစ်ဖက်လုံးမှာ ဆိုတာ NGO အဖွဲ့အစည်း တွေမှာလည်း ဘက်လိုက်မှုတွေ ရှိတယ်ပေါ့။ NGO အဖွဲ့အစည်း ဆိုတာ အကုန်လုံးကို ဆိုလိုတာ မဟုတ်ဘူး ခင်ဗျ။ MSF ရှိတယ်။ 

တချို့ အဖွဲ့အစည်း တွေပေါ့။ အများစု ကတော့ ကောင်းပါတယ်။ ဆိုးဆိုးရွားရွား လုပ်တဲ့ အဖွဲ့တွေ ရှိတာပေါ့လေ။ အဲ့တော့ အဲ့ဒီ့အပေါ်မှာ လူထုက အမြင်မရှင်းဘူး။ မရှင်းတဲ့ အခါကျတော့ ဒီဘက်ကလည်း ဥပဒေမဲ့ တုန့်ပြန် လိုက်တယ် ပေါ့လေ။ ဥပဒေမဲ့ တုန့်ပြန်တော့ ဆိုးဆိုး ရွားရွား ဖြစ်ခဲ့တယ်။ ဆိုးဆိုး ရွားရွား ဖြစ်တယ် ဆိုတော့ အခု အခြေအနေကို ပြန်လည် ထိန်းဖို့ ကြိုးစားတယ်။

လူထု အတွက်လည်း အကျိုးရှိမယ်။ နိုင်ငံတကာ ဘက်မှာလည်း သူ့အနေနဲ့ အစိုးရ အတွက်သော် လည်းကောင်း၊ သူ့အတွက်သော် လည်းကောင်း၊ နည်းနည်း လုပ်နိုင် ကိုင်နိုင် စွမ်းရည်ကိုပြတယ်။

မေး။ ။အဲတော့ အနာဂတ်မှာ ရခိုင်ဒေသခံ တွေနဲ့ NGO တွေကြားမှာ နားလည်မှု လွဲမှားတဲ့ ပြဿနာတွေ ဆက်ပြီး မဖြစ်ပေါ်အောင် ဘယ်လို ဆောင်ရွက်သင့် သလဲလို့ မြင်လဲရှင့်။

"သူတို့ဖွဲ့ထားတဲ့ ECC ဆိုတာ ရှိတယ်။ ECC နဲ့ အစိုးရ အဖွဲ့တွေနဲ့ NGO ကြားထဲမှာတော့ အဲ့ဒီ့လို ဆောင်ရန်၊ ရှောင်ရန် တွေပေါ့လေ။ NGO၊ INGO တွေကို Watch Dog အဖွဲ့တွေ လုပ်တယ် ဆိုတာတော့ ကြားတယ်။ စောင့်ကြည့်ရေး အဖွဲ့တွေ လုပ်တယ်။ နောက် MOU Check-up လုပ်တာတွေ သူတို့ရဲ့ Activities တွေကို Regular Check Up လုပ်မယ်။ နောက် Movement တွေ Check Up လုပ်မယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ NGO တွေနဲ့ INGO တွေနဲ သူတို့နဲ့ ကြားထဲမှာ နားလည်မှုတော့ ရထားပုံ ပေါ်တယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု တစုံတရာ ရှိတဲ့ အတွက်ကြောင့် သူကတော့ ရှေ့ကို ခြေတစ်လှမ်းတိုး လိုက်တာလို့ပဲ ကျနော်မြင် ပါတယ်။"

မနေ့က ထုတ်ပြန်တဲ့ ရခိုင်ပြည်နယ် အစိုးရရဲ့ ၁/၁၄ ဆိုတဲ့ ထုတ်ပြန် ကြေညာချက် မှာလည်း အခုလို ပြည်နယ် အစိုးရ အနေနဲ့ MSF အပါ အ၀င် နိုင်ငံတကာ NGO အဖွဲ့တွေကို ပြန်ပြီး ဖိတ်ခေါ်တာဟာ ဇွန်လ ၂၆ နဲ့ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် အရေးပေါ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ECC ၊ လူထု အခြေပြု  ကိုယ်စားလှယ် အဖွဲ့တွေ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲ ရလာဒ်ကို အကောင် အထည်ဖေါ်တာ ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။

နယ်စည်း မထား ဆရာဝန်များ အဖွဲ့ရဲ့ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်းထား ရမယ်လို့ မြန်မာ အစိုးရက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ကြေညာ ခဲ့တာပါ။ ဇန်န၀ါရီလက ရခိုင်ပြည်နယ် ဒူချီယားတန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ကိစ္စနဲ့ ပတ်သက်လို့ MSF ရဲ့ စိုးရိမ် မကင်းဖြစ်မှု ထုတ်ဖေါ် ပြောကြားချက်တွေ ထွက်ပေါ် လာခဲ့ပြီးတဲ့နောက် လုပ်ငန်းတွေကို ပိတ်ပင် ခံခဲ့ ရတာ ဖြစ်ပါတယ်။

MSF ဟာ ဒုက္ခသည် စခန်းတွေထဲ မှာနေထိုင်ကြတဲ့ မူဆလင် ရိုဟင်ဂျာ ဒုက္ခသည် တသိန်းကျော် အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှု တို့ကို အဓိက အထောက်အကူ ပေးနေတာ ဖြစ်ပါတယ်။ 

ရခိုင် ဒေသခံတွေ ဘက်က MSF လုပ်ငန်း တွေဟာ မူဆလင် ရိုဟင်ဂျာတွေ အပေါ် ဘက်လိုက်တယ်၊ ထင်သာ မြင်သာ မရှိဘူး ဆိုပြီး စွပ်စွဲထား ပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိထားတဲ့ MSF အဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာ ၂၂ နှစ် နီးပါး ကြာအောင် လုပ်ကိုင်ခဲ့ပြီး ဒေသခံ ပြည်သူတွေရဲ့ ကျန်းမားရေးကို စောင့်ရှောက် ပေးနေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခြေခံ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု တို့ကို ဒုက္ခသည် စခန်းတွေမှာ သွားရောက် ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။

ဇွန်လကလည်း OCHA လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ အရေးပေါ် ကယ်ဆယ်ရေး လက်ထောက် အတွင်းရေးမှုးချုပ် ကျုံဝှာခမ်းဟာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့ပြီး စခန်းတွေရဲ့ ဆိုးရွားလာတဲ့ အခြေအနေ အကြောင်း စိုးရိမ် မကင်း ဖြစ်တဲ့ အကြောင်း ထုတ်ဖေါ် ပြောကြား ခဲ့ပါတယ်။

အခုလို မြန်မာ အစိုးရရဲ့ ဖိတ်ခေါ်တဲ့ ကြေညာချက် ထွက်ပေါ် လာချိန်မှာ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စယန်ဟီလီ မြန်မာနိုင်ငံကို ရောက်ရှိ နေချိန်နဲ့လည်း တိုက်ဆိုင် နေပါတယ်။



Rohingya Eye
RB News
26.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာ အချို့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြ၍ ဒေသခံများကို သေနတ်ဖြင့် ရိုက်နှက်ခြင်း ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၄) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း လေ၀န်းချောင်း (ရာမောခါလီ) ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၃) မှ တပ်ဖွဲ့ဝင်များ၊ လ.၀.က များနှင့် အတူ စစ်သားများသည် ကျေးရွာ အတွင်းသို့ လူဦးရေ စာရင်း ကောက်ခံရန် ဟူ၍ အကြောင်းပြချက်ဖြင့် ၀င်ရောက်လာပြီး စစ်သားများက ရွာကို ၀န်းရံပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သေနတ် (၂၄) ချက်ကို မိုးပေါ်ထောင် ပစ်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လူဦးရေ စစ်ဆေးနေစဉ် အသက် ၄၀ အရွယ်၊ သားသမီး ၆ ဦး၏ မိခင် ဒေါ်ဒိလ်ဘာဟရ် (ဘ) ဦးဆူလေမန်ကို လူမဆန်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ရိုက်နှက်ခဲ့ရာ ဘယ်ဘက်လက်မောင်း ကျိုးသွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အလားတူ ဗလီထဲတွင် တရားထိုင် (အေသေကာဖ်) နေသူ ဦးဆွေတာလမ် (ဘ) ဦးဟာဘီဇူရာမန် (အသက် ၅၅ နှစ်) အား စစ်ဆေးခံရန် ခေါ်သည့်အခါ ၎င်းက တရားထိုင်နေသဖြင့် အပြင်သို့ ထွက်၍ မရကြောင်း ရှင်းပြသော်လည်း လူမဆန်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဗလီထဲမှ အတင်းဆွဲခေါ်ပြီး၊ ကိုယ်ထိ လက်ရောက် စော်ကားကာ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ဇူလိုင်လ (၂၅) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရ (စီးညှိဖာရာ) ကျေးရွာတွင်လည်း မော်လ၀ီ ဟာရှိမ်း (ဘ) ဦးဘာဆာမျာ (အသက် ၅၀ နှစ်) အား သေနတ်ဖြင့် ခြိမ်းခြောက်ပြီး အတင်းဓမ္မ စစ်ဆေးခဲ့သည်။

လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ် တပ်ထားသော်လည်း ပွင့်လင်း မြင်သာမှု မရှိဘဲ၊ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများ စာရင်းဟု ယုတ်မာစွာ ဖြည့်စွက် နေသည့် အပြင် သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေခြင်းသည် ဒေသခံ ရိုဟင်ဂျာများကို တစ်ဖက်နိုင်ငံသို့ ထွက်ပြေး သွားအောင် တွန်းပို့ နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

RB News
26.7.2014

ရခိုင်ပြည်နယ်ရှိ ဒေသခံ ရိုဟင်ဂျာ - အစ္စလာမ် ဘာသာဝင်များ အပေါ် ခွဲခြား ဆက်ဆံ နေခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) က ဇူလိုင်လ (၂၄) ရက်နေ့က သဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ အပြည့်အစုံမှာ --







Rohingya Eye
RB News
26.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ်မှ စစ်ဗိုလ် တစ်ဦးက ဒေသခံ ရိုဟင်ဂျာများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၄) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ်မှ စစ်ဗိုလ် တစ်ဦးက ဒေသခံ ရိုဟင်ဂျာများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငါးဖမ်းသမား တစ်ဦး ဖြစ်သည့် ဦးမိုဟာမတ် ဇူဘိုင်ရ် (ဘ) ဦးလာလူး (အသက် ၃၂ နှစ်) ကို ငါးဖမ်း ထွက်ရန် သတင်းမပို့ဟု စွပ်စွဲ၍ အဆိုပါ စစ်ဗိုလ်က ရိုက်နှက်ခဲ့ရာ မျက်နှာတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့်အပြင် ငွေကျပ် ၅ သိန်း ညှစ်ယူခြင်းကိုလည်း ခံခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အခြားသော ငါးဖမ်းသမား တစ်ဦးဖြစ်သည့် မဒီနာရွာမှ ရာမတ်အူလ္လာ (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၅ နှစ်) ကိုလည်း ငါးဖမ်း ထွက်ရန် သတင်း မပို့ဟု စွပ်စွဲပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ရာ မျက်ခုံးပေါ်နှင့် မျက်နှာတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းထံမှလည်း အဆိုပါ စစ်ဗိုလ်က ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် မဒီနာရွာမှ မာမတ်ဟာရဲစ် (ဘ) ဦးရှာကဲရ် (အသက် ၁၈ နှစ်) ထံမှလည်း ငွေကျပ် ၁ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
26.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ လူဦးရေ စာရင်း ကောက်ခံမှုတွင် ပါဝင် စစ်ဆေးမခံသူ (၁၂) ဦးကို ထောင်ဒဏ် (၂) နှစ်အပြစ်ပေးမည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒု-ကွပ်ကဲရေးမှူးက ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ (ဒါရ်ဂါ ဖာရာ) နေ ရပ်မိရပ်မိ (၁၂) ဦးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) ရုံးက အမိန့် ကြေညာစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်ကြေညာစာတွင် “မိမိတို့ စစ်ဆေးရေး အဖွဲ့ စစ်ဆေးရန် ကွင်းဆင်းချိန်၌ ရပ်ရွာ လူကြီးများ မိမိတို့၏ နေအိမ် အသီးသီးတွင် ရှိနေပြီး စစ်ဆေးခံရန်၊ စစ်ဆေး မခံပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း” ထည့်သွင်း ရေးသား ထားသည်။

ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ များတွင် စစ်ဆေးရေး အဖွဲ့များ လာရောက် စစ်ဆေးခဲ့သော်လည်း မကဖ အဖွဲ့က တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီ စာရင်းများတွင် မတရားသဖြင့် ထည့်သွင်း၍ စာရင်း ပြုစုမည်ကို မလိုလားသည့် အတွက် တိမ်းရှောင် နေခဲ့သဖြင့်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒု-ကွပ်ကဲရေးမှူးက တိမ်းရှောင် နေသူများကို ထောင်ဒဏ် နှစ်နှစ် ချမှတ်၍ အပြစ်ပေးမည်ဟု ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့၏ အမိန့်ကြေညာစာတွင် ပါရှိသူ (၁၂) ဦးမှာ --

(၁) ဦးအဒူရော်ဇက် (ဘ) ဦးဆွေတာဘောရ် (အသက် ၅၃ နှစ်)
(၂) ဟာဖီးဇ် ဇိုတ်ဟူစိန်း (ဘ) ဦးကာဆိမ်း (အသက် ၄၅ နှစ်)
(၃) ဟာဖီးဇ်ဆာဒဲခ် (ဘ) ဦးအဘူအာဘာစ် (အသက် ၃၀ နှစ်)
(၄) ဦးဆော်နာမုလ္လာ (ဘ) ဦးရှော်ဖီ (အသက် ၃၅ နှစ်)
(၅) ဦးဒိလ်မိုဟာမတ် (အသက် ၄၇ နှစ်)
(၆) ဦးဆီးဒိတ်ခ် (အသက် ၅၃ နှစ်)
(၇) ဦးဇော်ဟိရ်အာမတ် (ဘ) ဦးအဒူဆူဖူရ် (အသက် ၆၅ နှစ်)
(၈) ဦးမိုဟာမတ် အခ်ဘောရ် (ဘ) ဦးဆွေတာဘော်ရ် (အသက် ၄၃ နှစ်)
(၉) မော်လ၀ီ ဦးဂျမာလ် (အသက် ၄၂ နှစ်)
(၁၀) ဦးနူရ်အာလမ် (ဘ) ဦးဆွေယာဒ်ဒူရာမန် (အသက် ၄၂ နှစ်)
(၁၁) ဦးဆွေယာဒ်ဒူကော်ဘိရ် (အသက် ၃၀ နှစ်)
(၁၂) - အမည်စုံစမ်းဆဲ -- တို့ဖြစ်ပါသည်။

ယခင်က ပြုလုပ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် လ၀က် ပုံမှန် အစည်းအဝေးတွင် လည်းကောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) မှ ထုတ်ပြန်သော အမိန့်ကြေညာစာတွင် လည်းကောင်း၊ မောင်တောမြို့နယ် တောင်ပိုင်း မကျီးချောင်း (ဖါတောန်ဇာ) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် မောင်နီရွာမှ ငါးဖမ်း စက်လှေ ပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် လည်းကောင်း၊ လူဦးရေ စာရင်း ကောက်ခံခြင်းနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ အမျိုးမျိုး အဖုံဖုံ ပြုလုပ်ခဲ့သောကြောင့် မောင်တောမြို့မှ ဒေသခံ ရိုဟင်ဂျာ စိုးရိမ် ပူပန် သောက ရောက်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



ကိုစည်သူ
23.7.2014

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေကြောင့် ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့ကို ဒီကနေ့ သွားရောက် ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း တွေ့ဆုံပြီး မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေ အကြောင်း မေးမြန်းသွား ခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ နေရာတွေကိုလည်း ကိုယ်တိုင် သွားရောက် ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်း ထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီိကနေ့မှာ မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ဆီ ခရီးဆက် ခဲ့ပါတယ်။ မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းသား တဦးနဲ့ တွေ့ဆုံ ခဲ့ပြီးတဲ့နောက် မန္တလေးကို ခရီးဆက် ခဲ့တာလည်း ဖြစ်ပါတယ်။ Ms. Yanghee Lee ရဲ့ မန္တလေးမြို့ ခရီးစဉ် အကြောင်း အတူလိုက် ပါသွားတဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“အခုပဲ ၀န်ကြီးချုပ်နဲ့ တွေ့တယ်။ ပြီးတော့ ဒီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် တွေပေါ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း တွေ့တယ်ခင်ဗျာ။ အဲ့ဒါပြီးတော့ အခု ကျနော်တို့ နေပြည်တော် သွားနေကြပြီ။”

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေအရေး မေးမြန်း ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ အခုလ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နေရာ တွေကိုလည်း ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

“ကျနော်တို့ ဒီအခင်း ဖြစ်ပွားတဲ့ နေရာတွေ၊ နောက်ပြီးတော့ သင်္ချိုင်းမှာ မီးရှို့ထားတဲ့ နေရာတွေ အဲ့ဒါတွေ သူက လိုက်ပြတယ်။”

ညနေပိုင်းမှာ ဘာသာပေါင်းစုံက မန္တလေးမြို့ခံတွေနဲ့ ဖွဲ့စည်းထားတဲ့ မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ အပါအ၀င် အစ္စလာမ် ဘာသာဝင် တွေပါ ပါဝင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့နဲ့ တွေ့ဆုံပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သတ်လို့ လူ့အခွင့် အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံ ပြောကြား ခဲ့ကြောင်း လူ့အခွင့် အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပါဝင်ခဲ့တဲ့ အစ္စလာမ် သာသနာ ပရမတ္ထ မိသားစုအဖွဲ့ ဂိုဏ်းချုပ် ဆရာတော် ဦးသိန်းဝင်းအောင်က ပြောပါတယ်။

“ဒီလိုမျိုး တွေ့ဆုံတဲ့ဟာကို ကျနော်တို့ သတင်းထုတ် ပြန်ခြင်း မလုပ်ပါနဲ့ ဆိုပြီး သဘော တူညီမှု ယူပါတယ်။ ကျနော်တို့လည်း မထုတ်ပြန်ပါဘူးလို့ ပြောပါတယ်။ အဲ့ဒါ ကျနော်တို့ အဖွဲ့က ဒီမှာပြီးတဲ့ အချိန်မှာ မီဒီယာတွေက အပြင်ကနေ စောင့်နေတာ ဘယ်လို ပြောမလဲ ဆိုတာ ကျနော်တို့ ဒီအဖွဲ့ရဲ့ အားလုံး သတင်း ထုတ်ပြန်ရေး အဖွဲ့ကနေ ဒီလူ့အခွင့် အရေး အဖွဲ့နဲ့ တွေ့တယ်။ မန္တလေးမြို့ ဖြစ်စဉ်တွေ အားလုံးကို ကျနော်တို့ အသေးစိတ် အားလုံး ပြောလိုက်တယ်။ ဘာသာပေါင်းစုံ ရှုထောင့်ကနေ ပြောလိုက်တယ်။ အဲ့လို ပြောလိုက်တဲ့ အချိန်မှာ သူတို့က ဒါတွေ အားလုံးကို မှတ်သွား ပြီးတော့မှ သူတို့အနေနဲ့ အစိုးရကိုလည်း တင်ပြပါမယ်။ နိုင်ငံတကာ သူတို့ အဖွဲ့အစည်း ကိုလည်း တင်ပြပါမယ်။ ကျနော်တို့ အဖွဲ့နဲ့လည်း ပူးပေါင်းပြီး ဆောင်ရွက် ပါမယ်လို့ အဲ့လို ပြောသွား ပါတယ် ခင်ဗျ။”

မန္တလေးမြို့မှာ ပဋိပက္ခတွေ ထပ်မံ မဖြစ်ပွားဖို့ အတွက် အဓိကထား ဆွေးနွေး ပြောဆိုခဲ့ ကြကြောင်း မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကော်မတီဝင် ကိုဇာနည်က ပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့ မန္တလေးမှာ ဇူလိုင် ၁ ရက်၊ ၂ ရက် ဖြစ်စဉ်ကို ကျနော်တို့ သိတာ မြင်တာတွေကို ကျနော်တို့ ပြောပါတယ်။ ပြီးလို့ရှိရင် ကျနော်တို့ မန္တလေးမှာ အမြဲတမ်း ငြိမ်းချမ်းရေး ရဖို့အတွက် ဆိုလို့ရှိရင် ကျနော်တို့ရဲ့ လူမှု ကူညီရေး အသင်းတွေကို ညီညီ ညွတ်ညွတ်နဲ့ လူထုကလည်း ညီညီ ညွတ်ညွတ်နဲ့ ကာကွယ် သွားမယ် ဆိုတာကို ကျနော်တို့ ပြောလိုက် ပါတယ် ခင်ဗျာ”

အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းကြောင့် မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့က စလို့ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေမှာ လူ ၂ ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း များစွာ ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ အုပ်စုဖွဲ့ ဆူပူ အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွား ခဲ့တဲ့ အတွက် မန္တလေးတိုင်းတွင်းက မြို့နယ် တချို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန် ထားပါတယ်။

Ms. Yanghee Lee ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်း အင်းစိန်ထောင် အပါအ၀င် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် တွေကိုလည်း သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေ အပြင် လူမှု အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံခဲ့ ပါသေးတယ်။

ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မန္တလေးမြို့ ကနေ နေပြည်တော်ကို ခရီးဆက် သွားပြီ ဖြစ်ပါတယ်။ နေပြည်တော် မှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် တချို့နဲ့လည်း တွေ့ဆုံ သွားဖွယ် ရှိတယ် လို့လည်း သိရပါတယ်။




RB News
23.7.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာမှ ငွေညှစ်ခံရသူ နှစ်ဦး၏ အကြောင်းကို RB News တွင် ဖော်ပြပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ခေါ်ယူ၍ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေ၊ စခန်း အမှတ် (၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တာဝန်ခံ ဒုရဲအုပ် လင်းဇော်လှိုင်နှင့် ရဲတပ်သား စိုးသန်းတို့သည် ဇီးပင်ချောင်း ကျေးရွာ အုပ်စု၊ တောင်ရွာမှ ဦးရှုနာမျာ (ဘ) ဦးနူရ်ဟူစိန်းနှင့် ဦးနူရ်ဟာရှိမ် (ဘ) ဦးဟူဆောင်းအာမတ် တို့ကို မိုဘိုင်းဖုန်း ကိုင်ဆောင်သည်ဟု စွပ်စွဲ၍ ဇူလိုင်လ (၁၆) ရက်နေ့ ည ၈း၄၀ နာရီ အချိန်တွင် ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့သည်။

အဆိုပါ ငွေညှစ်မှုနှင့် ပတ်သက်၍ RB News တွင် ဇူလိုင်လ (၁၉) ရက်နေ့က ဖော်ပြခဲ့ရာ၊ လိပ်ရကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေမှူးက ရေတွင်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးကို စုံစမ်း စစ်ဆေးရန် တာဝန် ပေးခဲ့သည်။

ယမန်နေ့ (ဇူလိုင်လ ၂၂) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ငွေညှစ်ခံရသူ နှစ်ဦးကို ဇီးပင်ချောင်း ကျေးရွာရှိ စခန်းအမှတ် (၁၀) သို့ ဆင့်ခေါ်၍ ဒုရဲအုပ် လင်းဇော်လှိုင်နှင့် ရဲတပ်သား စိုးသန်းတို့က မီဒီယာသို့ ပြောသည့် အတွက်ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက် ထိုးကြိတ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“သတင်းမှာ ပါလာတော့ နယ်မြေမှူးက ရေတွင်းပြင် ကင်းစခန်းမှူးကို စစ်ဖို့ တာဝန်ပေးလိုက်တယ်။ အဲဒါကို ဒုရဲအုပ် လင်းဇော်လှိုင်နဲ့ ရဲတပ်သား စိုးသန်းတို့က ငွေညှစ်ခံရတဲ့ ဦးရှုနာမျာနဲ့ ဦးနူရ်ဟာရှိမ်တို့ကို သူတို့ စခန်းကို ခေါ်ပြီး မင်းတို့ကို ငွေညှစ်တာ ဘယ်သူတွေလဲလို့ မေးတယ်။ ငွေညှစ်ခံရတဲ့ သူနှစ်ယောက် ခင်ဗျားတို့ ကိုယ်တိုင်ဘဲ ငွေယူခဲ့တာလို့ ပြန်ဖြေတော့ လူမဆန်စွာ ရိုက်ပါတယ်။ သူတို့ လူမဆန်စွာ ရိုက်တဲ့ ဒဏ်ကို မခံနိုင်တဲ့ အဆုံးပါ ငွေပေးခဲ့ရတာ မဟုတ်ပါဘူးလို့ လိမ်လည် ထွက်ဆိုပြီး အသက်ဘေး အန္တရာယ်က လွတ်မြောက်အောင် လုပ်ခဲ့ရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“အမှုမှန် ပေါ်ပေါက်ဖို့အတွက် နယ်မြေရုံးက လူကြီးတွေ ကိုယ်တိုင် ဆင်းလာပြီး သီးခြားစီ စစ်ဆေးဖို့ လိုပါတယ်။ ငွေညှစ်တဲ့သူ၊ ရိုက်နှက်တဲ့သူတွေကို ပြန်စစ်ခိုင်းတော့ ဘာမှ အဓိပ္ပာယ် မရှိဘူး။ ငွေလည်း ညှစ်ခံရတယ်၊ ထပ်ပြီး ရိုက်နှက်ခံရတယ် ဆိုတော့ အပြစ်မဲ့တဲ့ သူတွေ နှစ်ကြိမ်ခံနေရတယ်။ အထက် အာဏာပိုင်တွေက အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ဖို့ လိုအပ်တယ်” ဟု ဆက်လက်ပြောပါသည်။




MYARF
RB News
22.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မ ကညင်တန်း ကျေးရွာရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီးသည် ကျောင်းရန်ပုံငွေများ၊ အစိုးရနှင့် အခြား အဖွဲ့အစည်းများ၏ အထောက်အပံ့များကို အလွဲသုံးစား ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာရှိ စံပြ မူလတန်းလွန်ကျောင်း (ယခင် စံပြ မူလတန်းကျောင်း) မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြသိန်းသည် အစိုးရမှ ထောက်ပံ့သည့် ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များကို ကျောင်းသား/သူ များကို အပြည့်အ၀ မပေးဘဲ အပြင်သို့ ရောင်းချလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ကျောင်းသားတစ်ဦးစီ အတွက် အစိုးရမှ ဗလာ စာအုပ် ၆ အုပ်စီ ပေးသော်လည်း ကျောင်းအုပ်ကြီး ဒေါ်မြမြသိန်းက ၃ အုပ်စီသာ ပေး၍ ကျန်သည့် ၃ အုပ်စီကို အပြင်သို့ ရောင်းချခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ကျောင်းသုံး ပုံနှိပ်စာအုပ် များကိုလည်း သူငယ်တန်းမှ ဒုတိယတန်းထိ မြန်မာစာနှင့် အင်္ဂလိပ်စာ နှစ်အုပ်စီသာ ပေး၍ ကျန်သည့် ပုံနှိပ်စာအုပ်များကို အပြင်သို့ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ မူလတန်း ကျောင်းသားများ အတွက် ထောက်ပံ့ငွေ ကျပ် တစ်ထောင်စီကိုလည်း သူငယ်တန်းမှ စတုတ္တတန်း အထိ ကျောင်းသား ၁၂၀၀ ကျော်မှ အနည်းငယ်ကိုသာ ပေး၍ ကျောင်းသား/သူ အများစုမှာ လက်ခံ မရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ထို့အပြင် သူငယ်တန်းမှ ဆဌမတန်းထိ ပညာသင်ကြား နေသော ကျောင်းသား/သူ ၁၇၀၀ ခန့်ထံမှ ကျောင်းသားကဒ် အတွက်ဟု ဆိုကာ ငွေကျပ် ၁၀၀၀ စီကောက်ခံခဲ့သည်။ ကျောင်းသားကဒ် တစ်ကဒ်လျှင် ငွေကျပ် ၅၀ နှင့် ပလတ်စတစ် အိတ် တစ်အိတ်လျှင် ငွေကျပ် ၁၀၀ ခန့်သာ ကျသင့်သော်လည်း ငွေကျပ် တစ်ထောင်စီ ကောက်ခံ ခဲ့သည်။ ငွေကျပ် တစ်ထောင် မတတ်နိုင်သည့် ကျောင်းသား/သူ များကို စာအုပ်စာတမ်းများ မထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ကျောင်းရန်ပုံငွေ အဖြစ် မိဘများထံမှ ကောက်ခံသည့် ငွေများကို ကျောင်းအုပ်ကြီး ဒေါ်မြမြသိန်းက မိမိ၏ ကိုယ်ကျိုး အတွက်သာ သုံးစွဲလျက် ရှိသည့်အပြင်၊ ကျောင်းပိုင် ဆိုင်ခန်းများမှ ရရှိသည့် လစာများကိုလည်း ကျောင်းအတွက် အသုံးမပြုဘဲ အလွဲသုံးစား ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါသည်။ ကျောင်းတွင် ခုံများ လုံလောက်စွာ မရှိသဖြင့် ဒေသခံ ရွာသားများထံမှ ငွေကောက်ခံပြီး ခုံများ ပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။

စည်သူအောင်မြင့် 
22.7.2014

ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့ပြီး ခုချိန်ထိ ညမထွက်ရ အမိန့် ထုတ်ပြန် ထားရဆဲ မန္တလေး အကြမ်းဖက် မှုကြီးကို စတင် စေခဲ့တဲ့ မုဒိမ်းမှု ဆိုတာဟာ လီဆယ် တိုင်တန်းမှု တစ်ခုပဲ ဖြစ်တဲ့ အကြောင်း အစိုးရက သတင်းထုတ် ပြန်လိုက်ပါပြီ။ လီဆယ် တိုင်တန်းမှု တစ်ခုတောင် ခုလို အကြမ်းဖက်မှု ကြီးဖြစ်ရတယ် ဆိုရင် တကယ့် မှုခင်းတွေဆို ဒီထက်မက ဖြစ်နိုင်ခြေ အများကြီး ရှိတယ် ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဒါတင်မက ဒီနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် ဖန်တီးရ၊ လှုံ့ဆော်ရ အလွန်လွယ်ကူ၊ အဲလို လုပ်လို့လည်း ဘာမှ အရေးယူ မခံရဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်ပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ သူတွေဘက်က ဘာမှသုံးသပ်တာ၊ အရေးယူ ဆောင်ရွက်တာ မလုပ်တော့ ဘူးလားလို့ မေးစရာ မေးခွန်း ရှိလာ ပါတယ်။

ပထမ တစ်ချက် ကတော့ မုဒိမ်းကျင့် ခံရပါတယ် ဆိုတဲ့ တိုင်တန်းချက် တစ်ခုကို ဘယ်မီဒီယာတွေက ဘယ်လို ဖော်ပြခဲ့သလဲ ဆိုတာပါ။ “တိုင်ကြားထားချက်”ကို “တိုင်ကြားထားချက်”လောက် မဖော်ပြဘဲ တကယ်ပဲ ဖြစ်ခဲ့သယောင်၊ စွပ်စွဲခံ ရသူတွေက တကယ်ပဲ ကျူးလွန်ခဲ့ သယောင် ရေးသားမှုက ပထမဦးဆုံး တာဝန်ရှိ ပါတယ်။ ဒုတိယ တစ်ချက် ကတော့ “တိုင်ကြားထားဆဲ” အဆင့်လောက်ပဲ ရှိနေသေးတဲ့ မှုခင်း တစ်ခုခုကို စွပ်စွဲခံ ရသူဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်တယ် ဆိုတဲ့ အကြောင်း အချက် တစ်ခုတည်းနဲ့ အသည်း အသန် လိုက်လံစုံစမ်း၊ သတင်းဖြန့်ဖြူး လုပ်ခဲ့ကြသူ တွေလည်း တာဝန်ရှိ ပါတယ်။ အခု ဖြစ်စဉ်မှာ အရှင်ဝီရသူဟာ အဲဒီကိစ္စ တိုင်ချက် “ပ-နံပါတ်ရဖို့ မဘသ အဖွဲ့ဝင်တွေကို ပျဉ်းမနား ရဲစခန်းအထိ သွားပြီး မေးမြန်းခိုင်း ခဲ့တာပါ။ တစ်နှစ်ကို မုဒိမ်းမှုပေါင်း ၇၀၀ ကျော်လောက် ဖြစ်ပွားနေတဲ့၊ သက်ငယ် မုဒိမ်းမှုတွေ အလွန်ပေါများ အရုပ်ဆိုး အကျည်းတန်နေတဲ့ တိုင်းပြည် တစ်ပြည်မှာ ခုလို အဓမ္မပြုကျင့်တယ် ဆိုပြီး ဘာသာခြားကို စွပ်စွဲတဲ့ ကိစ္စမျိုးတွေကိုမှ ရွေးပြီး ဘာကြောင့် စုံစမ်းခိုင်း ရတာလဲ။ ဒါဟာ ဘုရားသားတော် သံဃာတွေ လုပ်ရမယ့် လုပ်အပ်တဲ့ အလုပ် ဟုတ်ပါရဲ့လား မေးစရာပါ။

တစ်ဆက်တည်း ဒီကိစ္စကို ဦးဝီရသူနဲ့ မတူကွဲပြား ပါတီ ခေါင်းဆောင် နေမျိုးဝေတို့ သူတို့ပိုင် ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးကြသားကြ ပါတော့တယ်။ ဦးဝီရသူ ဆိုရင် ဇူလိုင် ၃ ရက်မှာ ခုလိုရေးခဲ့ပါတယ်။ “နေ” ကဖေး၊ “ဆန်း” ကဖေး ပိုင်ရှင် နေ၀င်း (ခ) ပူလူး၊ ဆန်းမောင် (ခ) အွတ်စမန်းတို့ ၂၈-၆-၂၀၁၄ ရက်နေ့ ညဥ့်နက် သန်းခေါင် အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြု ကျင့်ခြင်းသည် သာမန် ရာဇ၀တ်မှု မဟုတ်၊ အဓိကရုဏ်း ပေါ်ပေါက် လာအောင် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကြံ ဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ “ဒီထက် ဆိုးတာတွေတောင် အများကြီး ရှိပါသေးတယ်။ ဒါဟာ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်မှု တစ်မျိုးလို့ ဆိုရင် မမှားပါဘူး။ နေမျိုးဝေ ကတော့ လှုံ့ဆော်ရုံမက အကြမ်းဖက်ဖို့တောင် လှုံ့ဆော် ခဲ့ပါတယ်။

ဒီလောက်တောင်ပဲလား ဆိုတော့ မကသေးပါဘူး။ မန္တလေးမှာ ဆူပူမှု စဖြစ်တော့ မန္တလေး မဘသ အဖွဲ့ကြီးဟာ တစ်ဖက်က ဒီဆူပူမှုတွေဟာ သူတို့ကြောင့် မဟုတ်ပါဘူးလို့ ပြောပြီး အခြားတစ်ဖက်က အဲဒီ တိုင်ကြားထားဆဲ မုဒိန်းမှုကို အမှုမှန် အမြန်ဆုံး ဖော်ထုတ် ပေးဖို့ဆိုပြီး တရားဝင် ကြေညာချက်ထုတ် တောင်းဆိုတာ မျိုးတောင် လုပ်လိုက် ပါသေးတယ်။ ပြောရရင် မန္တလေးမှာ အကြမ်းဖက်မှုကြီး ဖြစ်ပွားအောင် အဦးအစ လှုံ့ဆော်သူတွေဟာ အဲဒီသံဃာ၊ အဲဒီလူ ပုဂိ္ဂုလ်နဲ့ အဲဒီ အဖွဲ့ အစည်းတွေ ပါဝင်တယ် ဆိုတာ အလွန် ထင်ရှား ပါတယ်။

တတိယ တစ်ချက် ကတော့ တိုင်ကြားခံ လူတွေကို ထုတ်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုတာပါ။ တကယ်တော့ ကနဦး လှုံ့ဆော်ပေးခဲ့သူ တွေဟာ အဲဒီ လီဆယ် တိုင်တန်း ထားတဲ့ မုဒိမ်းမှုကို တကယ့် ဖြစ်ရပ်ကြီး သဖွယ် မီးမောင်းထိုး လှုံ့ဆော် ရေးသား ခဲ့ကြသူတွေပါ။ တကယ့် မုဒိမ်းမှု အစစ်အမှန် ဖြစ်ရင်တောင် လူအုပ်ဝါဒနဲ့ ရိုင်းစိုင်း ကြမ်းတမ်းတဲ့သူ တွေလို ဥပဒေ အပြင်က အပြစ် ပေးချင်တဲ့ ပုံစံမျိုး လုပ်ဖို့ မလိုအပ်ပါဘူး။ တရား ဥပဒေ အတိုင်း စီရင်စေ ရမှာပါ။

စတုတ္ထ တစ်ချက် ကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာချိန် တုတ်၊ ဓားကိုင်ဆောင် လှည့်လည် သွားလာသူ တွေကို တားဆီးဖို့ မကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင် တွေပါ။ အဲလို အကြမ်းဖက်မှုကို တစ်ပြိုင်နက်တည်း မနှိမ်နင်းတဲ့ အခါ ပိုအတင့်ရဲ လာပါတယ်။ နောက်ပိုင်းမှ ဖမ်းမယ် ဆိုတဲ့ အခါ လိုရင်လိုသလို မလိုရင် မလိုသလို၊ အရေးယူတာတွေ၊ အရေးမယူဘဲ လျစ်လျူရှု လိုက်တာတွေ အားလုံး လုပ်ခွင့် ပေးလိုက် သလို ဖြစ်သွား စေပါတယ်။ အာဏာပိုင်တွေက ခုချိန်ထိ လူသတ်မှု နှစ်မှုရဲ့ လက်သည် တရားခံ ဖော်ထုတ် နိုင်ခြင်း မရှိသေး ပါဘူး။

တိုင်းပြည် တစ်ပြည်မှာ အမုန်းတရား ပေါက်ဖွား နိုင်ပါတယ်။ ဆူပူဖို့ လှုံ့ဆော်မှုတွေ ရှိနိုင်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင် ပါတယ်။ အဲဒီမှာ အစိုးရ တစ်ရပ်ရဲ့တာဝန်ဟာ နောက်နောင် အဲလို ထပ်မဖြစ်စေဖို့ နည်းပေါင်းစုံနဲ့ အရေးယူ တားဆီးရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ပြည်သူတွေကို ပညာပေးတာမျိုး လုပ်ရပါမယ်။ အခုကတော့ ပြောင်းပြန်ပါပဲ။ အမုန်းတရား ဖြန့်ဖြူးသူတွေ အရှိန် အဟုန် မပျက် ဆက်ပြီး ဖြန့်ဖြူး နေနိုင်ကြ ပါတယ်။ ဆူပူဖို့ လှုံ့ဆော်သူတွေ ဆက်ပြီး လှုံ့ဆော် ကြပါဦးမယ်။ အကြမ်းဖက် သမားတွေ ကလည်း အခွင့်ပေါ် လာတိုင်း အကြမ်းဖက် ကြပါဦးမယ်။ အကြောင်းကတော့ အာဏာပိုင် အဖွဲ့အစည်းက ထိထိ ရောက်ရောက် အရေးယူမှု မရှိတာ၊ တမင် ရည်ရွယ်ချက် ရှိရှိ လျစ်လျူရှု ထားတာ တွေကြောင့် ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်က စလိုက်တဲ့ အကြမ်းဖက်မီး မိတ္ထီလာ၊ ပဲခူး၊ ရှမ်း၊ ရန်ကုန်၊ မကွေးနဲ့ မန္တလေး အထိ မရပ်မနား ကူးစက် လောင်ကျွမ်း ခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အခု မန္တလေး ဇာတ်လမ်း အစ အဖြစ်မှန် ပေါ်လာပါပြီ။ အာဏာပိုင်တွေ အနေနဲ့ ဒီလိုပြဿနာမျိုး နောက်ထပ် ဖြစ်ပေါ် မလာရ လေအောင် ကာကွယ် တားဆီး ရမယ့် အပြင် လီဆယ် တိုင်တန်းသူကို ဥပဒေ အရပဲ အရေးယူ ရပါမယ်။ သူ့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားတယ်လို့ ၀ါဒဖြန့်ပြီး တရားလွန် အပြစ်ပေးတာမျိုး ခုတ်ရာ တခြား၊ ရှရာ တလွဲဖြစ်အောင် မလုပ်သင့်ပါဘူး။ ပုံမှန် တရား ဥပဒေ အတိုင်း စီရင်ရ ပါမယ်။ အလားတူ စွပ်စွဲ ခံရတဲ့၊ နစ်နာ သွားတဲ့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တွေ သူတို့ အလုပ်သူတို့ ဆက်လုပ် နိုင်အောင် အာဏာပိုင်တွေက အပြည့်အ၀ အကာ အကွယ်ပေး တာဝန်ယူ ရပါမယ်။ အပြစ် မရှိတဲ့ နိုင်ငံသား တွေကို အစိုးရက အကာ အကွယ် ပေးတာမျိုး ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင် တွေဟာ နိုင်ငံတော်က ဦးဆောင်တဲ့ အကြမ်းဖက်မှုလို့ ဆိုနိုင်တဲ့ ဒီပဲယင်းလို အကြမ်းဖက်မှုမျိုး ကျူးလွန်ခဲ့တဲ့ အမဲစက် စွန်းထင်း ခဲ့ဖူးပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန် ကတော့ အဲလို အခြေ အနေမျိုး မဖြစ်အောင် ရှောင်ရှား လိုတယ် ဆိုရင် အမုန်းတရား ဖြန့်ဖြူး နေတဲ့ ကိစ္စတွေ စပြီး ကိုင်တွယ်ပါ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သူ တွေကို ထိထိ ရောက်ရောက် အရေးယူပါ၊ နောက်နောင် မဖြစ်ပွားအောင် နည်းပေါင်းစုံနဲ့ ကာကွယ်ဖို့ စပြီး ပြင်ဆင်ပါ၊ စာနယ်ဇင်း သတင်း သမား တွေကို တကယ့် တိုင်းပြည် ဖျက်မယ့် ရန်သူကြီးတွေ သဖွယ် ဖိနှိပ် ရန်ရှာ နေတာတွေကို ရပ်ပါတော့လို့သာ မေတ္တာရှေ့ထား၊ တိုက်တွန်း ပြောကြားလိုက် ရပါတယ်။



RB News
22.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၆) နယ်မြေ အပိုင် မင်္ဂလာကြီး ကျေးရွာရှိ အခြေခံ ပညာ အလယ်တန်းကျောင်းတွင် စာသင်ရန် ဆရာ/မ မရှိ ဖြစ်နေသည်ဟု သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ အပိုင် မင်္ဂလာကြီး ကျေးရွာရှိ အခြေခံ ပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား/သူ ၁၁၄၀ ဦးရှိပြီး၊ စာသင်ရန် ဆရာ (၁) ဦးနှင့် ဆရာမ (၈) ဦး ရှိခဲ့သော်လည်း ယခုအခါ စာသင်ရန် ဆရာ/မ မရှိ ဖြစ်နေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အစိုးရခန့် ဆရာ/မ တွေက ကျောင်းကို လာဖို့အတွက် သုံးဘီးကား တစ်စီး စီစဉ်ပေးရမယ်လို့ ဒေသခံ ရွာသားတွေကို ပြောတယ်။ သုံးဘီးကား ငှားမပေးရင် မင်းတို့ ကလေးတွေကို စာသင် မပေးနိုင်ဘူးလို့ ပြောတော့ အဲဒီ သုံးဘီးကား ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းကော်မတီဝင် တွေနဲ့ ဆရာ/မ တွေ အစည်း အဝေးလုပ်တယ်။ အစည်းအဝေးမှာ ကျောင်းကော်မတီ ၀င်တွေက သုံးဘီးကား ငှားဖို့ ကိစ္စကို တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်တော့ ကျောင်းဆရာ/မ တွေ ကျောင်းကို စာသင်ဖို့ မလာတော့ဘူး” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

ကျောင်းသား/သူ ၁၁၄၀ ဦးမှာ စာသင်ရန် ဆရာ/မ များ မရှိတော့သဖြင့် ပညာရေး ဆုံးရှုံးနေရပြီး၊ ကျောင်းသား/သူ များ၏ မိဘများက သားသမီးများကို ပညာတတ်များ ဖြစ်စေချင်သော်လည်း စေတနာ မရှိသည့် ဆရာ/မ များကြောင့် ပညာရေး တိုးတက်မြင့်မားအောင် ပြုလုပ်မည့် နည်းလမ်း မရှိသဖွယ် ဖြစ်နေသည်ဟု ဆိုသည်။



RB News
21.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း အာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူရသည့် လုပ်ငန်း လိုင်စင်များကို ရခိုင် ပါတီဝင် များက လက်ဝါးကြီးအုပ် ထားသည့် အတွက် ဒေသခံ ရိုဟင်ဂျာများမှာ လုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်မှ ယခင် RNDP ပါတီ (ယခု ANP ပါတီ) ခေါင်းဆောင်များ ဖြစ်သည့် ဦးမောင်ရွှေသိန်း၊ ဦးမောင်ကာလူ၊ ဦးမောင်သန်းရွှေ၊ ဦးလှသိန်းမောင်၊ ဦးကျော်သိန်း၊ ဦးရွှေသာနှင့် ဦးမောင်အေးလှိုင်တို့သည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပူးပေါင်း၍ ဘူးသီးတောင်မြို့နယ်၏ အဓိက လုပ်ငန်းများ ဖြစ်သော စည်ပင်သာယာ လေလံ တင်ဒါများ၊ ဆန်လုပ်ငန်း၊ ၀ါးလုပ်ငန်း၊ သစ်လုပ်ငန်း များကို ဌာနဆိုင်ရာ အကြီးအကဲများနှင့် ချဉ်းကပ်၍ လူမျိုးရေး၊ ဘာသာရေးနှင့် ဆက်နွယ်သည်များကို သွေးထိုး လှုံ့ဆော်ပြီး လုပ်ငန်း လိုင်စင်များကို ရခိုင်လူမျိုး များကိုသာ ချပေးအောင် ပြုလုပ်ထားသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အရင်က ၀ါးလုပ်ငန်း လိုင်စင်တွေကို နှစ်စဉ် လူမျိုး မခွဲခြားဘဲ ပြည်နယ် သစ်တော ဦးစီးဌာနက ချပေးခဲ့ ပေမယ့်လည်း ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် ၀ါးလိုင်စင်တွေ လျာထားချက် အားလုံးကို ရခိုင် ANP/RNDP ပါတီဝင်တွေက သက်ဆိုင်ရာ ဌာန အရာရှိတွေနဲ့ နားလည်မှုယူပြီး ရိုဟင်ဂျာလူမျိုးတွေ လုံးဝ လုပ်ပိုင်ခွင့် မရအောင် ချုပ်ကိုင် ထားတယ်။ သစ်လုပ်ငန်း ဆိုရင်လည်း ရိုဟင်ဂျာတွေကို လုံးဝ လုပ်ပိုင်ခွင့် မပေးတော့ဘဲ ရခိုင်တွေကသာ အခွန်မဆောင်ဘဲ တရားမ၀င် လုပ်ကိုင်နေတယ်။ သစ်မာတွေကို တောပြုန်းတီးတဲ့ အထိ ခုတ်ပြီး တဖက်နိုင်ငံကို တရားမ၀င် ရောင်းချ နေကြတယ်။ ရိုဟင်ဂျာတွေ နည်းနည်းပါးပါး လုပ်တယ်ဆိုရင် ဖမ်းပြီး နှစ်ရှည် ထောင်ဒဏ်ချတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ဆန်ကုန်သည်တွေ ဆိုရင်လည်း ရခိုင်လူမျိုး ဆန်ဒိုင်တွေဆီက ဆန်သွားယူရင် ၉၆၉ နဲ့တွေ့မယ်၊ ဘုန်းကြီးနဲ့ ရိုက်ခိုင်းမယ်၊ တကယ်လို့ ဆန်သယ်လာလို့ ရရင်လည်း အကုန်လုပစ်မယ်၊ ဆိုပြီး ခဏခဏ ခြိမ်းခြောက်ခံရတဲ့ အတွက် စီးပွားပျက် နေပါပြီ။ တစ်ခါ ရခိုင်လူမျိုး ဆန်ဒိုင်တွေကိုလည်း အမျိုးမျိုး ခြိမ်းခြောက်တယ်။ နာဇီဝါဒပေါ့ဗျာ၊ တပိုင်တနိုင် လုပ်နေတဲ့ သူတွေကိုလည်း မတရား အနိုင်ကျင့် ဖိနှိပ်နေကြတယ်။” ဟု ၎င်းက ဆက်လက်၍ ပြောပါသည်။

အဆိုပါ ဒေသခံက “အခုလို ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးတွေကို လုပ်ငန်းတွေ လုပ်ကိုင်ခွင့် မရအောင် ရခိုင် ANP ပါတီက လက်ဝါးကြီးအုပ်ပြီး နာဇီပုံစံမျိုး လုပ်နေတာတွေကို ပြည်ထောင်စု အစိုးရ ကိုယ်တိုင် ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးစေ ချင်ပါတယ်။ ပြည်နယ် အစိုးရကို တာဝန်ပေးရင်လည်း ဒီကိစ္စက ပြေလည် လာမှာ မဟုတ်တဲ့ အတွက် ပြည်ထောင်စု အစိုးရ ကိုယ်တိုင် လုပ်ဆောင် ပေးပါလို့ မေတ္တာရပ်ခံ ပါတယ်” ဟု ပြောပါသည်။

RB News
21.7.2014

၂၀၁၃ - ၂၀၁၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများကို ဘူးသီးတောင် မြို့နယ်မှ အာဏာပိုင် များနှင့် မိဘပြည်သူများ ပူးပေါင်း၍ ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။












RB News
21.7.2014

ချမ်းမြသာစည်၊ မန္တလေး ။ ။ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၌ ယနေ့ နံနက်ပိုင်း အချိန်တွင် ကျောင်းသွားနေသည့် မွတ်စလင် ကျောင်းသူ တစ်ဦးကို ဆိုင်ကယ်သမား တစ်ဦးက ဓါးဖြင့်ခုတ်၍ ထွက်ပြေး သွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၈ နာရီခွဲခန့် အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ စိန်ပန်းလမ်း (၆၀ နှင့် ၆၁ လမ်းကြား) တွင် နေထိုင်သည့် အဌမတန်း ကျောင်းသူ မမိုးမိုး (ဘ) ဦးစိုးနိုင်သည် ကျောင်းတက်ရန် နေအိမ်မှ ထွက်ခွာပြီး စိန်ပန်းလမ်း အတိုင်း လျှောက်သွားနေစဉ် ဆိုင်ကယ်သမား တစ်ဦးရောက်ရှိ လာပြီးနောက် လက်ကိုဆွဲ၍ ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ် မောင်းပြီး ထွက်ပြေးသွားခဲ့သည်။

အဌမတန်း ကျောင်းသူ မမိုးမိုးသည် ထိုနေရာတွင်ပင် ဓါးဖြင့် ခုတ်ခံရသည့် ဒဏ်ရာနှင့် ကြောက်စိတ်တို့ဖြင့် မူးမေ့လဲ သွားခဲ့ပြီး၊ ၎င်းကို ရပ်မိရပ်ဖများကို နေအိမ်သို့ ပို့ဆောင် ပေးခဲ့သည်။ နေအိမ်မှ တဆင့် ရဲစခန်းသို့ သွားရောက်၍ ဖြစ်စဉ် အသေးစိတ်ကို အကြောင်းကြားပြီးနောက် ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရှိရပါသည်။

“ရဲစခန်းမှာ ဖြစ်စဉ် အကုန်ပြောပြတော့ စခန်းမှူးက ဒီကိစ္စကို သူများတွေ မေးရင် ဆိုင်ကယ်နဲ့ တိုက်မိတာလို့ လိမ်ပြောခိုင်းတယ်။ တစ်ခါ ကျောင်းအုပ် ဆရာမကြီးကို အကြောင်းကြား ပြန်တော့လည်း ကျောင်းအုပ် ဆရာမကြီးက ဆိုင်ကယ်နဲ့ တိုက်တာလို့သာ ပြောပါဆိုပြီး လိမ်ခိုင်းပြန်တယ်။ ဖြစ်စဉ်ကို အမှန်အတိုင်း မပြောဖို့၊ လိမ်ပြောဖို့ ပြောနေတာကိုတော့ လုံးဝ ဘ၀င်မကျဘူးဗျ။ မိန်းကလေးရဲ့ လက်က နှစ်လက်မလောက် အခုတ်ခံ လိုက်ရတယ်” ဟု မန္တလေးမှ မြို့ခံ တစ်ဦးက RB News သို့ပြောပါသည်။

ဓါးခုတ်ခံရခြင်းနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုက အမှုဖွင့် ထားသော်လည်း တရားခံကို ဖမ်းဆီးနိုင်မည့် အခြေအနေ လုံးဝ မရှိဟု အဆိုပါ မြို့ခံက သုံးသပ် ပြောဆိုပါသည်။



Rohingya Eye
RB News
20.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၏ လ၀က် ပုံမှန် အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုကွပ်ကဲရေးမှူးက လူဦးရေ စစ်ဆေးခြင်းနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၆) ရက်နေ့က မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ပြုလုပ်သော ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၏ လ၀က် ပုံမှန် အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒု-ကွပ်ကဲရေးမှူးက ယခု စစ်ဆေး နေသည့် လူဦးရေ စစ်ဆေးမှုတွင် အစစ်ဆေးမခံပါက ကျေးရွာ၊ ရပ်ကွက်များမှ ထိပ်ပိုင်း ရပ်မိ ရပ်ဖ များကို ဖမ်းဆီးမည် ဖြစ်ကြောင်း၊ စစ်ဆေးမခံရန် လှုံ့ဆော်သူများကို ဖမ်းဆီးမည် ဖြစ်ကြောင်း၊ အားလုံးကို ဖမ်းဆီးမည် ဆိုပါက ထားရန် နေရာ မရှိသည့် အပြင် နေ့စဉ် ကျွေးမွေးရန်လည်း မလွယ်ကူကြောင်း၊ ထို့ကြောင့် မဖမ်းဆီးဘဲ သွားလာရေးနှင့် ကုန်သွယ်ရေး များကို ကန့်သတ်ကာ အပြစ်ပေး သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇူလိုင်လ (၁၇) ရက်နေ့တွင် မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာ၊ မောင်နီ ကျေးရွာ တို့မှ ထွက်ခွာသည့် ငါးဖမ်း စက်လှေများကို ငါးဖမ်းထွက်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ပိတ်ပင် ရခြင်းမှာ အဆိုပါ ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာများက အစစ်ဆေး မခံခဲ့ခြင်းကြောင့် ဖြစ်သည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။

ဇူလိုင်လ (၁၉) ရက်နေ့တွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း လက်အောက်ခံ ကျေးရွာ (၁၀) ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ (၅) ဦးစီကို ဆင့်ခေါ်၍ အစည်းအဝေး ပြုလုပ်ပြီး ကင်းစခန်း တာဝန်ခံက လူဦးရေ စစ်ဆေးမှုကို စစ်ဆေး မခံပါက အခြေအနေ ပိုမိုဆိုးရွား လာမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

လူဦးရေ စစ်ဆေးခြင်းဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ် စာရင်း ကောက်ခံရာတွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု ကောက်ခံနေသည့် အတွက် ဒေသခံ ရိုဟင်ဂျာများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန်နေခြင်း ဖြစ်ပြီး၊ မောင်တောမြို့နယ် အတွင်းတွင် သြဂုတ်လ (၂၁) ရက်မှ စ၍ ဒုတိယ အကြိမ် စစ်ဆေးမှုများ ပြုလုပ်မည်ဟု သိရှိရပါသည်။ ဒေသခံများ အနေဖြင့် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများဟု စာရင်း ရေးသွင်းမည် ဆိုပါက မည်သည့်အခါတွင်မှ ပါဝင် စစ်ဆေးခံမှာ မဟုတ်ကြောင်း RB News သို့ပြောပါသည်။

ဇူလိုင်လ ၁ ရက်နေ့ညက စတင် ဖြစ်ခဲ့တဲ့ မန္တလေး ပဋိပက္ခကို ဖြစ်ပွားစေ ခဲ့တဲ့ မွတ်စလင် အမျိုးသား ၂ ဦး က ပြုကျင့်တယ် ဆိုတဲ့ မုဒိန်းမှုဟာ တရားလို လုပ်သူ အမျိုးသမီးရဲ့ လိမ်ညာ တိုင်တန်းမှု ဖြစ်တယ် လို့
ပြည်ထဲရေး ဝန်ကြီးဌာနက မနေ့က သတင်း ထုတ်ပြန် လိုက်ပါတယ်။


သတင်း အပြည့်အစုံကို ပြည်ထဲရေး ဝန်ကြီး ဌာနက ဖော်ပြချက် အတိုင်း ကူးယူ ဖော်ပြ လိုက်ပါတယ်။






ဧရာဝတီ Blog မှ ကူးယူဖော်ပြသည်။



RB News
19.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) မှ ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ နှစ်ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၆) ရက်နေ့ ည ၈း၄၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းအမှတ် (၁၀) မှ တာဝန်ခံ ဒုရဲအုပ် လင်းဇော်လှိုင်နှင့် ရဲတပ်သား စိုးသန်း တို့သည် ဇီးပင်ချောင်း ကျေးရွာ အုပ်စု တောင်ရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို မိုဘိုင်းဖုန်း ကိုင်ဆောင် နေသူဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် ၅၀၀၀၀/- စီညှစ်ခံရသည့် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးမှာ ဇီးပင်ချောင်း၊ တောင်ရွာမှ ဦးရှုနာမျာ (ဘ) ဦးနူရ်ဟူစိန်းနှင့် ဦးနူရ်ဟာရှိမ် (ဘ) ဦးဟူဆောင်းအာမတ် တို့ဖြစ်သည်။

ရဲတပ်သား စိုးသန်းသည် ရွာအတွင်းရှိ ဒေသခံ ရိုဟင်ဂျာများ လမ်းမှ ဖြတ်သန်း သွားလာသည့် အခါ အကြောင်းမဲ့ စစ်ဆေးခြင်းများ ပြုလုပ်ပြီး ငွေညှစ်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ကုလားထိုင် ချစ်စိတ်

Robert Elhose

မြန်မာပြည် လူ့အဖွဲ့ အစည်းနဲ့ မြန်မာ မွတ်စလင်မ် လူ့အဖွဲ့အစည်းမှာ ဒီလို လူစားမျိုးတွေ မရှိပါစေနဲ့လို့ ဆုတောင်း မိတယ်။ ဆုတောင်း ပြည့်ပါ့ မလားတော့ မသိဘူး။

Photo Credit : စာမဲ့ကာတွန်းများ


ကုလ သမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိ သူတွေ နဲ့ တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA    

19.7.2014

ရခိုင်ပြည်နယ်ကို မနေ့က စတင် ရောက်ရှိ နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့မှာ မောင်တောမြို့ကို သွားရောက်ပြီး၊ ပြီးခဲ့တဲ့ မတ်လ အတွင်းက မောင်တော မြို့နယ် ဆင်သေပြင် ကျေးရွာ မီးလောင်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မွတ်စလင် အမျိုးသမီး ၄ ဦးနဲ့ မောင်တော မြို့နယ် ရဲစခန်း အချုပ်ခန်း ထဲမှာ သီးသန့် တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

Ms Yanghee Lee ဟာ ရခိုင်ပြည်နယ် အတွင်းက လူ့အခွင့် အရေး အခြေ အနေ တွေကို လေ့လာဖို့ အတွက် မနေ့က စစ်တွေမြို့ကို စတင် ရောက်ရှိ လာတာ ဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟာ စစ်တွေမြို့ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထား သလို မနက်ဖြန်မှာလည်း စစ်တွေမြို့က နိုင်ငံတော် အဆင့် အရေးပေါ် ပူးပေါင်း ဆောင်ရွက်ရေး စင်တာ ECC အဖွဲ့ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှာ အစိုးရ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA

18.7.2014

ရခိုင်ပြည်နယ် ပဋိပက္ခကို မဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေနဲ့ ပြုပြင် ပြောင်းလဲရေးကို ထိခိုက် နိုင်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee က ဒီနေ့ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် အတွင်းက လူ့အခွင့် အရေး အခြေ အနေ တွေကို လေ့လာဖို့ အတွက် ရောက်ရှိ နေတဲ့ Ms Yanghee Lee က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

"မိမိအနေနဲ့ သုံးသပ်တာက လက်ရှိ ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်း နိုင်ဘူး ဆိုရင် နိုင်ငံတော်က ဆောင်ရွက် နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိုပါ ထိခိုက် လာနိုင် ပါတယ်"

ဒါ့အပြင် Ms Yanghee Lee က မြေပုံမြို့နယ်က စပြီး ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဖြစ်မှု ဥပဒေ အတိုင်း ဆောင်ရွက် နေတဲ့ အပေါ် ဝမ်းသာကြောင်းနဲ့ ကာယကံရှင် တွေရဲ့ ဆန္ဒ သဘောထားကို လိုက်နာဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခြေအနေ မငြိမ်မသက် ဖြစ်မှာကို စိုးရိမ်တာကြောင့် ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်စလင်တွေကို သီးခြားစီထား ရတာ ဖြစ်ကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေ အရ နိုင်ငံသား ဖြစ်လာသူ တွေကို နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာ ခွင့်ပြုမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Ms Yanghee Lee ဟာ ဒီကနေ့ စစ်တွေ အကျဉ်းထောင်မှာ ရှိတဲ့ မွတ်စလင် အကျဉ်းသား တချို့နဲ့ သီးသန့် တွေ့ဆုံ ခဲ့သလို ဆတ်ရိုးကျ ရခိုင် ဒုက္ခသည် စခန်းနဲ့ ဘောဒူဘ မွတ်စလင် ဒုက္ခသည် စခန်းတွေ ကိုလည်း သွားရောက် လေ့လာ ခဲ့ပါတယ်။



မိုးဇော်
18.7.2014

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ တွေ့ဆုံ ခဲ့သလို စစ်တွေ ထောင်နဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့ပါတယ်။ အပြည့်အစုံ ကိုမိုးဇော် တင်ပြထား ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee သူ့ရဲ့ ဒုတိယ မြောက်နေ့ ခရီးစဉ် အဖြစ် ပြီးခဲ့တဲ့ နှစ်တွေ အတွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွား ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ စစ်တွေမြိုမှာ ဆောင်ရွက် ခဲ့တာ တွေကိုတော့ ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။

"ကျနော်တို့ ဒီနေ့မနက် စစ်တွေရောက်တယ် ရောက်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့တယ်။ အဲ့ဒီ့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပါ အပါအဝင် ပေါ့နော်။ တွေ့တယ်။ တွေ့ပြီးတော့ အခု ကျနော်တို့ စစ်တွေထောင်ကို သွားပြီးတော့ အဲ့ဒီ့က အကျဉ်းသား အချို့နဲ့ တွေ့တယ်။ နောက် စက်ရုံစုဆိုတဲ့ အရပ်ကို ကျနော်တို့ သွားပါတယ်။ အခုပဲ နေ့လည် သုံးနာရီလောက် ရှိနေပြီ။ ကျနော်တို့ IDP ကမ့်တွေထဲ ဝင်တွေ့ဖို့ရှိပါတယ်။ "

ကုလသမဂ္ဂ ပြန်ကြားရေးရုံး ကတော့ အသေးစိတ် သတင်း ထုတ်ပြန်တာ မရှိပါဘူး။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ နေ့ခင်း ၁၁ နာရီကနေ ၁၂ နာရီလောက် အထိ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေး ဖြစ်တာ တွေကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက အခုလို ပြောပါတယ်။

"တွေ့တော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အရင်ဖြစ်ခဲ့တဲ့ ဟာလေးတွေ အကျဉ်းရုံး ရှင်းပြတယ်။ ရှင်းပြပြီးတော့ အခု အခြေအနေက ဘယ်လို နေရာချထားတယ်။ ဘယ်လို လုပ်ထားတယ် ဆိုတာ ဒီလောက်ပဲ ရှင်းပြတာပေါ့။ သူကလည်း နည်းနည်း သိချင်တာလေးတွေ မေးပြီးတော့ ရှေ့ဘယ်လို ဆက်လုပ် ကြမလဲ။ ဆိုတာ ဆွေးနွေး ကြတာပေါ့။ အရင်ဟာတွေပဲ ပြန်ပြောကြတာပဲ။ အသစ်ဟာတွေ ဘာမှ မပါဘူး။ အဲ့တာတွေပဲ ပြောကြတာ။"

အဲ့ဒီ နောက်မှာတော့ စစ်တွေထောင်ကို သွားရောက် စစ်ဆေး ခဲ့ကြောင်း ထောင်ဝန်ထမ်း တဦးက ပြောပါတယ်။

"သူတို့က ၁၁ နာရီ ၂၀ လောက်မှာ ရောက်တယ်။ ၃ နာရီ လောက်မှာ ပြန်သွားတယ်။"

မေး။ ။ ထောင်ထဲမှာရော ဝင်ပြီး လေ့လာပါသေးလား။

"အဲ့တာတော့ ကျနော်လည်း မပြောတတ်ဘူး အစ်ကိုရေ။ သူတို့ကတော့ ခန်းမထဲမှာပဲ တွေ့ဆုံပွဲတွေ လုပ်တာ ပေါ့နော့။"

မေး။ ။ အကျဉ်းသားတွေ ဘာတွေ တွေ့ဆုံတာ ရှိပါသလား။

"အဲ့တာတော့ ကျနော်လည်း မပြောတတ်ပါဘူး။ ကျနော်တို့ အရာရှိတွေပဲ သိပါမယ်။"

ညနေပိုင်းမှာတော့ ရခိုင် ဒုက္ခသည် စခန်း တခုဖြစ်တဲ့ စက်ရုံစု ကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့က အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ သိရပေမဲ့ ညနေ ၄နာရီခွဲ အချိန်လောက် ထိတော့ မရောက် လာသေးဘူးလို့ စခန်းတွင်း နေထိုင်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ နောက်နေ့တွေ မှာတော့ ခရီးစဉ် အတွင်းမှာတော့ ကချင်ပြည်နယ် အပါအ၀င် ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကို သွားရောက်မှာ ဖြစ်သလို၊ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေ အပြင် အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံဖို့ ရှိကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန် ထားပါတယ်။



RB News
18.7.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ရွာအုပ်ချုပ်ရေးမှူး တစ်ဦး၏ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များမှ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ပွင့်လင်း မြင်သာမှု မရှိသဖြင့် တရားလိုက အခက်တွေ့ နေရကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာယုဘ်သည် လွန်ခဲ့သည့် ဇူလိုင်လ (၂) ရက်နေ့က တစ်ရွာတည်းနေ ဦးအေမာရာန် (ဘ) ဦးနူရ်အာမတ် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မီဒီယာတွင် ဖော်ပြပြီးနောက် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးသို့ စစ်ဆေး၍ ပြန်လည် တင်ပြရန် ညွန်ကြားခဲ့သည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးမှ ဇီးပင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာယုဘ်ကို အကြောင်းကြား ခဲ့ရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက တရားလို ဖြစ်သူ ဦးအေမာရာန်ကို မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးသို့ အတူ ခေါ်ဆောင် သွားခဲ့သည်။ သို့သော်လည်း တရားလို ဖြစ်သူသည် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ရှေ့မှောက်တွင် အစစ်ဆေးခံခဲ့ရသဖြင့် ကြောက်ရွံစိတ်ဖြင့် အမှန်အတိုင်း ဖွင့်ဟ နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့ကြောင့် အမှုမှန် ပေါ်ပေါက်ရေး အတွက် သီးခြားစီ စစ်ဆေးရန် လိုအပ်ကြောင်း၊ အမှုစစ်ဆေးရာတွင် ခြိမ်းခြောက်သည့် သဏ္ဍန် မပါဝင်ဘဲ ပိုမို၍ ပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တရားလို ဖြစ်သူကို သီးခြားစီ စစ်ဆေးမှသာ အမှုမှန် ပေါ်ပေါက်မည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။



RB News
18.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အနီးတွင် လုံခြုံရေး တာဝန်ယူ ထားသည့် တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီး ကျော်ဇင်ဝင်းက ဒေသခံ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အနီးတွင် လုံခြုံရေး တာဝန်ယူ ထားသည့် တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီး ကျော်ဇင်ဝင်းသည် ပေါက်တော ကျေးရွာ အုပ်စု၊ နတလ ရွှေတရွာနေ ဦးအဒူကာဒဲရ်အား ဇူလိုင်လ ၁၇ ရက်နေ့ အကြောင်းမဲ့ ဖမ်းဆီးထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ဗိုလ်ကြီး ကျော်ဇင်ဝင်းသည် စားစရိတ်ဟု ဆိုကာ ရွာများမှ ငွေကောက်ခံခြင်း၊ မြင်း ၅ ကောင် မွေးထားပြီး ဆင်းရဲသည့် ဒေသခံ ရိုဟင်ဂျာများ၏ စိုက်ခင်းများကို ဖျက်ဆီးခြင်း၊ ဒေသခံများကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်း၊ မဆိုင်သည့် ကိစ္စများတွင် ၀င်ရောက် စွက်ဖက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ဒေသခံ တစ်ဦးက “စစ်တပ်က အရာရှိ တစ်ယောက် ဖြစ်ရက်နဲ့ သူတောင်းစားလို တစ်မျိုး၊ ဓါးပြလို တစ်ဖုံ လုပ်နေတာတွေကို တာဝန်ယူ ဖြေရှင်း ပေးမယ့်လူလည်း မရှိဘူး။ အဲဒီတော့ အခုလို မတရားသဖြင့် လုပ်နေတာတွေကို အရာရှိကြီးတွေ တာဝန်ယူ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ အခုကိစ္စကို အချိန်မရွေး လာပြီး စစ်ဆေး နိုင်ပါတယ်။ ကျွန်တော်တို့ ရပ်မိရပ်ဖတွေကို ခေါ်ပြီး စစ်ဆေးကြည့်ပါ။ အကြောင်းစုံကို အမှန် အတိုင်း ဖွင့်ချဖို့ အသင့်ရှိနေတယ်” ဟု RB News သို့ပြောပါသည်။

Rohingya Exodus