နောက်ဆုံးသတင်း/ဆောင်းပါးများ




MYARF
RB News
20.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ်တပ်၍ န.စ.က ကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ငါးဖမ်းခွင့် ပိတ်ပင် ထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ် တပ်၍ န.စ.က ကဲ့သို့ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ဇူလိုင်လ (၁၂) ရက်နေ့မှ စ၍ ငါးဖမ်းခွင့် ပိတ်ပင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ငါးဖမ်းခွင့် ပိတ်ပင် ထားသည့်အတွက် ငါးဖမ်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ဒေသခံ ရိုဟင်ဂျာများမှာ စားဝတ် နေရေး ကျပ်တည်းလျက် ရှိသည်ဟု ဆိုသည်။ ငါးဖမ်း စက်လှေ ပိုင်ရှင် များထဲမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ လူဦးရေ စာရင်း ကောက်ခံခြင်း အမည်ခံ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံသည့် စက်လှေ ပိုင်ရှင်အချို့ကို ငါးဖမ်းခွင့် ပြန်လည် ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

မြို့မ ကညင်တန်းနှင့် မောင်နီရွာများတွင် ငါးဖမ်း စက်လှေ ၁၇ စီး ရှိသည့်အနက် စစ်ဆေးခံခဲ့သည့် ဦးလာလ်မျာကို ပင်လယ်ပြင်တွင် ငါးဖမ်းရန် ပြန်လည် ခွင့်ပြုခဲ့ပြီး၊ အခြားကျေးရွာ များတွင်လည်း ပါဝင် စစ်ဆေးခံသည့် စက်လှေ ပိုင်ရှင်များကို ငါးဖမ်းခွင့် ပေးခဲ့သည်။ စက်လှေ ပိုင်ရှင် အများစုမှာ ငါးဖမ်းခွင့် ဆုံးရှုံးနေပြီး၊ စားဝတ် နေရေး ကျပ်တည်းလျက် ရှိသော်လည်း မိမိတို့၏ ဘိုးစဉ်ဘောင်ဆက် လူမျိုးအမည် အတွက် စည်းလုံးစွာ ရပ်တည် နေသည်ဟု ဒေသခံများက ပြောပါသည်။

သြဂုတ်လ (၁၇) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရုံးမှ G1 နှင့် တပ်ရင်းမှူးတို့သည် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာသို့ ရောက်ရှိလာပြီး အာဏာပိုင်များ၏ သတင်းပေး ဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးဟာဘီရာမန် တို့နှင့် တွေ့ဆုံပြီး၊ ငါးဖမ်း စက်လှေ အများအပြား ရှိသည့် အနက် စစ်ဆေးခံခဲ့သည့် စက်လှေ ပိုင်ရှင် (၃) ဦးကိုသာ ငါးဖမ်းခွင့် ပြန်လည် ပေးခဲ့ပြီး၊ ကျန်သည့် စက်လှေ ပိုင်ရှင်များကို ငါးဖမ်းခွင့် ရလိုလျှင် ဦးရော်ဖိတ်ထံတွင် စစ်ဆေးခံပြီးမှ ပြန်လည် ရရှိမည်ဟု ပြောကြား သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရိုဟင်ဂျာ စက်လှေ ပိုင်ရှင် အများစုမှာ ငါးဖမ်းခွင့် ပိတ်ပင်ခံရသော်လည်း ဘင်္ဂလီ အမည်ဖြင့် လုံးဝ စစ်ဆေးခံမည် မဟုတ်ဟု ပြောဆို နေကြကြောင်း သိရှိရပါသည်။



ကိုမိုးဇော်
19.8.2014

ရခိုင်ပြည်နယ် အတွင်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ ပေးနေတဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ၀င်ရောက် ကူညီရေးကို ပြည်နယ် အစိုးရက ခွင့်ပြု ခဲ့ပေမဲ့ ဒေသခံ ပြည်သူ တချို့က ကန့်ကွက် နေတာကြောင့် လုပ်ငန်း လည်ပတ်မှု ပြန်လည် မစတင်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ဒုက္ခသည် စခန်း တချို့မှာတော့ ကျန်းမာရေး ဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်နေ ရပါတယ်။

ဒီကနေ့ ကျရောက် နိုင်ငံတကာ လူသားချင်းစာနာမှု အထိမ်း အမှတ်နေ့မှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက် နေတဲ့ အခြေ အနေတွေကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်း ပေးပို့ ထားပါတယ်။

၂၀၁၁ ခုနှစ်က စတင်လို့ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်တာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အိုးအိမ် စွန့်ခွာနေရသူ ၂ သိန်း ၄ သောင်းရှိပြီး ၈ သောင်းကျော်ဟာ လူသားချင်း စာနာမှု ဆိုင်ရာ အထောက် အပံ့တွေ လိုအပ်နေကြောင်း ဒီကနေ့ကျရောက် နိုင်ငံတကာ လူသားချင်း စာနာမှု အထိမ်း အမှတ်နေ့မှာ ကုလသမဂ္ဂက သတင်း ထုတ်ပြန် ထားပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ ဒီနှစ် ဇန်န၀ါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဒုချီးရာတန်းနဲ့ စစ်တွေ ပဋိပက္ခတွေကြောင့် နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့တွေဟာ လုံခြုံရေး အခြေအနေ အရ ရခိုင်ပြည်နယ်က ထွက်ခွာ ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ နိုင်ငံတကာ ကူညီ ထောက်ပံ့ရေး အဖွဲ့တွေကို ရခိုင်ပြည်နယ် အတွင်း လုပ်ငန်း ပြန်လည် ဆောင်ရွက် ခွင့်ပေး ခဲ့ပေမဲ့ အဖွဲ့အစည်း တချို့က လုပ်ငန်း ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ ဒီလို မဆောင်ရွက် နိုင်တာဟာ ဒေသခံ ပြည်သူ တချို့က ကန့်ကွက် နေတာကြောင့် ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရရဲ့ သတင်းနဲ့ မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ လက်ရှိ အနေအထား မှာတော့ ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က MSF ကို လုပ်မယ် ဆိုလို့ရှိရင်တော့ ဒါ လုပ်ပါ ပေါ့နော် ကမ်းလှမ်းတဲ့ အခါမှာ အနီးစပ်ဆုံး ကတော့ စစ်တွေပေါ့ဗျာ အဲဒီမှာရှိတဲ့ မြို့မိမြို့ဖတွေ၊ ပြည်သူ လူထုတွေ ကတော့ ဒါ ကျနော်တို့ အစိုးရ အဖွဲ့ကို တခါ ပြန်ပြီးတော့ ---- ပတ်သက်ပြီးတော့ ကန့်ကွက်တယ် ပေါ့နော်။ အဲ သူတို့ကတော့ ဒီ MSF ကို သူတို့ လက်မခံဘူး ပေါ့နော်။ နောက် Malteser လက်မခံဘူး။ ဒေသပြည်သူ လူထုတွေရဲ့ သဘောထားက လက်မခံဘူးပဲ ရှိတယ် ပေါ့နော်။ ကန့်ကွက် ကြတဲ့ဟာကို ၀န်ကြီးချုပ် ဦးဆောင်ပြီးတော့ ပြေလည်အောင် ဖြေရှင်း ပေးနေတာ လေးတွေ ရှိပါတယ်။”

စစ်တွေ ရပ်မိရပ်ဖ အဖွဲ့မှာ ပါဝင်တဲ့ ဦးသန်းထွန်းကတော့ ဘာကြောင့် ကန့်ကွက် ရသလဲ ဆိုတာကို အခုလို ပြောပါတယ်။

“ဘယ်လိုကြောင့်လဲ ဆိုတော့ MSF က ကျန်းမာရေး စောင့်ရှောက်မှု ဆိုပြီးတော့ MOU နဲ့လာတယ်။ ဒါပေမဲ့ ဒီမှာကျတော့ အဲ့ဒီ ကိစ္စတွေ အပြင် နိုင်ငံရေးဟာတွေ ၀င်ရောက် စွက်ဖက်တယ်။ အထူးသဖြင့် ဒီဘင်္ဂါလီတွေကို ရိုဟင်ဂျာ ဖြစ်ရေးကို သူတို့ပဲ ဦးဆောင်ပြီး လုပ်တာလေ။ အဲ့ဒီ အထောက် အထားတွေ ရခိုင်တွေမှာ အများကြီးရှိတော့ အဲ့ဒါကြောင့် သူတို့အဖွဲ့ကို ရခိုင်တွေက လက်မခံဘူးလေ။ Malteser ကိုတော့ လက်မခံဘူး။ Malteser က ဟို သန်းခေါင် စာရင်းကိစ္စ ဆန္ဒပြတုန်းက ထောင်ထားတဲ့ သာသနာ့ အလံကို Malteser တာဝန်ခံ အမျိုးသမီးက မဆီမလျော် လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဲ့ဒီကိစ္စ လက်မခံတာလေ။”

Malteser International အဖွဲ့ကတော့ လူသားချင်း စာနာကူညီတဲ့ အဖွဲ့အစည်း မူအရ ဘာသာရေး ဒါမှမဟုတ် နိုင်ငံရေး အထိမ်း အမှတ်တွေကို အသုံးပြုခွင့် မရှိတာကြောင့် ဖြုတ်ချတာ ဖြစ်ကြောင်း၊ မဖွယ်မရာ လုပ်တာ မရှိကြောင်း တုံ့ပြန် ဖြေရှင်းခဲ့သလို၊ MSF အဖွဲ့ကလည်း သူတို့ လုပ်ငန်းတွေ ပြန်လည် စတင်ရေး အတွက် အစိုးရက ဆောင်ရွက်ပေးဖို့နဲ့ ဒီလို လုပ်ငန်း ရပ်ဆိုင်းထား ရတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေဟာ ဆိုးဆိုးရွားရွား ကျဆင်းလာ နေကြောင်း လွန်ခဲ့တဲ့ တပတ်က သတိပေး ထားပါတယ်။ MSF အဖွဲ့ကို ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

MSF ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း နေတာကြောင့် သူတို့ ကူညီ ထောက်ပံ့မှုကို ရယူ နေသူ တွေဟာ လောလောဆယ် အခက်အခဲ ကြုံနေတယ်လို့ အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ဒုက္ခသည် စခန်းက ဦးအောင်ဝင်းက ပြောပါတယ်။

“ဒီ MSF အဖွဲ့ ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ တီဘီရောဂါ ကုတဲ့ အခါမှာ အဆင် မပြေဘူး။ MSF ရှိတုန်းက ဆိုရင် သူတို့မှာ ကိုယ်ပိုင် laboratory ရှိတယ်။ ကျနော်တို့ ဒီတီဘီ သလိပ်ကို သွားအပ် လို့ရှိရင် ၄ နာရီ အတွင်းမှာ သူတို့ အဖြေ ပေးတယ်။ သူတို့ ပြန်သွားတဲ့ နောက်ပိုင်းမှာ ဒီစစ်တွေ ဆေးရုံကြီး ဓာတ်ခွဲခန်းကို ပို့လို့ရှိရင်ပေါ့ တလလောက်ကြာ ပြီးတော့ နောက် အဖြေ ရောက်လာတဲ့ အချိန်မှာလည်း ရောဂါ မရှိဘူး ဆိုတဲ့ အဖြေပဲ လာတယ် အမြဲတမ်း။ အဲ့ဒီတော့ ဒီတီဘီ ရောဂါက အရမ်းများ နေတယ် ဒီဘက်မှာ အခုလောလောဆယ်။”

အခြား ဖြစ်ပွားမှု များတာကတော့ အခက်အခဲ ကတော့ ငှက်ဖျား ရောဂါ ဖြစ်ကြောင်းနဲ့ အခုအခါ အစိုးရရဲ့ နယ်လှည့် ကုသရေး အဖွဲ့က အောင်မင်္ဂလာ စခန်းကို တပတ်ကို ၂ ကြိမ် လာရောက် ကုသပေးနေကြောင်း ပြောပါတယ်။ နိုင်ငံတကာ ထောက်ပံ့ ကူညီရေး အဖွဲ့တွေ ကတော့ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် တွေဟာ နှစ်ပေါင်းများစွာ ခွဲခြား ဆက်ဆံခံ ခဲ့ရသလို ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ဒုက္ခရောက်ရသူ အများစု ဖြစ်ကြောင်းလည်း ဖော်ပြကြပါတယ်။



Rohingya Eye
RB News
19.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စုရှိ အစိုးရ ဆေးရုံ အဆောင် ဆောက်လုပ်ရန်ဟု ဆိုကာ အာဏာပိုင်များက ကြိမ်ချောင်း ဈေးအတွင်းရှိ ဈေးဆိုင်ရှင်များထံမှ အတင်း အဓမ္မ အလှူငွေ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စု (ဘော်လီဘာဇား) အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး၊ စ.ရ.ဖ အဖွဲ့ဝင်များ၊ ယခင် ဥက္ကဌဟောင်း ဦးအီဒီရိစ် တို့နှင့် အတူ ကြိမ်ချောင်းဈေး အတွင်းရှိ ဈေးဆိုင်ပိုင်ရှင် များထံမှ ကြိမ်ချောင်း ဆေးရုံတွင် အဆောင် တစ်ခု ဆောက်လုပ်ရန်ဟု ဆိုကာ အလှူငွေများ အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကြိမ်ချောင်း ဆေးရုံသည် အစိုးရ ဆေးရုံ ဖြစ်သဖြင့် ယခုကဲ့သို့ အလှူငွေ ပေးနေရခြင်းနှင့် ပတ်သက်၍ ဈေးဆိုင် ပိုင်ရှင်များက မကျေမနပ် ဖြစ်လျက် ရှိနေကြသည်ဟု ဆိုသည်။ အစိုးရ အနေဖြင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိဘဲ၊ အဖက်ဖက်မှ ပိတ်ဆို့ခံ ထားရသည့် ပြည်သူများထံမှ အလှူငွေ ကောက်ခံခြင်းမှာ မတရားလုပ်ခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောပါသည်။

အတင်းအဓမ္မ ဖိအားပေးမှုကြောင့် အလှူငွေ ပေးခဲ့ရသူ အချို့မှာ --

(၁) ဦးဖေရာန် (ဘ) ဦးဘာဒီး (အသက် ၄၅ နှစ်) --- (ငွေကျပ် ၃ သောင်း)
(၂) ဦးဖော်ရိဒ် (ဘ) ဦးအူလ္လာမျာ (အသက် ၄၂ နှစ်) --- (ငွေကျပ် ၂ သောင်း)
(၃) ဦးအိုစ်မာန် (အသက် ၃၃ နှစ်) --- (ငွေကျပ် ၂ သောင်း)
(၄) ဦးဆော်လိမ် (ဘ) ဦးခေါ်လိမ် (အသက် ၄၈ နှစ်) --- (ငွေကျပ် ၃ သောင်း)
(၅) ဦးဟာလာ (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်) --- (ငွေကျပ် ၂ သောင်း)
(၆) ဦးအစ္စမိုင်လ် (အသက် ၂၃ နှစ်) --- (ငွေကျပ် ၃ သောင်း)
(၇) ဦးအုစ်မာန် (အသက် ၃၈ နှစ်) --- (ငွေကျပ် ၃ သောင်း)
(၈) ဦးအုစ်မာန် (ဘ) ဦးဒူဒူမျာ (အသက် ၄၀ နှစ်) --- (ငွေကျပ် ၅ သောင်း)
(၉) ဦးဒိလ်မိုဟာမတ် (ဘ) ဦးအမိရ်ဇူဟာရ် (အသက် ၅၂ နှစ်) --- (ငွေကျပ် ၃ သောင်း) --- တို့အပါအ၀င် ကြိမ်ချောင်း ဈေးအတွင်းရှိ ဈေးဆိုင်များမှ ငွေကျပ် ၁၄ သိန်းကျော် ကောက်ခံ သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Rohingya Eye
RB News
19.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ လူဦးရေ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် ဖိအားပေးမှုများ ပြုလုပ်လျက် ရှိနေကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၈) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ အရှေ့ ရပ်ကွက်ရှိ စံပြမူလတန်း ကျောင်းသို့ မ.က.ဖ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ထွန်းဘော် ဦးဆောင်သည့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များအား ခေါ်ယူ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မ.က.ဖ တာဝန်ခံ အရာရှိက အချို့ကျေးရွာ များတွင် လူဦးရေ စစ်ဆေးခြင်းတွင် ပါဝင် စစ်ဆေးခံခြင်းများ ရှိကြောင်း၊ အချို့ ကျေးရွာများတွင် စစ်ဆေးခံခြင်း မရှိကြောင်း၊ ယခု စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် လိုအပ်ကြောင်း၊ အကယ်၍ စစ်ဆေးမခံပါက ညပိုင်းတွင် ဧည့်စာရင်း စစ်ဆေးသည့် ပုံစံဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အင်အား သုံး၍ စစ်ဆေး သွားမည် ဖြစ်ကြောင်း၊ ဥပမာ အားဖြင့် ခမောင်းဆိပ် ကျေးရွာတွင် စစ်ဆေးသည့် ပုံစံမျိုးဖြင့် စစ်ဆေး သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာတွင် စစ်ဆေးစဉ် မတွေ့ရှိခဲ့သူများကို ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယခု စစ်ဆေးမှုကို ပြည်နယ် အစိုးရ၏ အမိန့်ဖြင့် စစ်ဆေး နေခြင်း ဖြစ်ကြောင်း၊ မောင်တောမြို့နယ်တွင် ရှိသည့် လူဦးရေ စာရင်း အတိအကျကို ပြည်နယ် အစိုးရသို့ တင်ပြရမည် ဖြစ်ကြောင်း၊ အစရှိသဖြင့် ခြိမ်းခြောက်သည့် အသွင်သဏ္ဍန်ဖြင့် ဖိအားပေး ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ သြဂုတ်လ (၁၄) ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းသည် မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း အပါအ၀င် မြို့မိမြို့ဖ များနှင့် တွေ့ဆုံခဲ့ပြီး၊ ယခု စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် ရမည် ဖြစ်ကြောင်း၊ စစ်ဆေးခံပြီးပါက ဗလီများတွင် ပြန်လည် ၀တ်ပြုခွင့် ပေးမည် ဖြစ်ကြောင်း၊ တက္ကသိုလ် ပညာ ဆက်လက် သင်ယူခွင့် ပေးမည် ဖြစ်ကြောင်းဟု ကတိပြု ပြောဆိုသွားခဲ့ပြီး၊ ယခု စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးမခံပါက လက်ရှိ ရရှိနေသည့် အခွင့်အရေး များပင် ဆုံးရှုံးသွားမည်ဟု ခြိမ်းခြောက် ပြောဆို၍ ဖိအားပေး ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



ဦးဘစိန်
RB News
18.8.2014

ခုတလော တစ်ဦးအပေါ်တစ်ဦး နားလည်မှု လွှဲမှားတာတွေကို အခြေခံပြီး သဘောထား ကွဲလွဲနေကြတာ တွေ့ရတယ်။ ၀မ်းနည်းစရာ ကောင်းတာက မကောင်းမှု ဟူသမျှဆိုရင် ရှေ့တန်းကပါလာမှ မျက်နှာသာ၊ မျက်နှာရမယ်လို့ ယူဆတဲ့လူတွေ (ပညာတတ်သော်ငြားလည်း ရိုဟင်ဂျာ လူမျိုးတွေ အတွက် ခံစားချက် မရှိတဲ့သူတွေ) ဘေးက အလွန် အောက်တန်းကျကျ လှုံ့ဆော် နေတာ တွေ့နေရတယ်။ သူတို့တတွေရဲ့ နောက်ကြောင်းကို ဆန်းစစ် ကြည့်လိုက်တော့ ရိုဟင်ဂျာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ စိတ်ဝင်စားမှု၊ ပါဝင်လှုပ်ရှားခဲ့မှု ဆိုရင် Zero လို့ ပြောမယ် ဆိုရင်လည်း ပြောနိုင်ပါတယ်။

တစ်ချို့သူတွေက အဲဒီလို ထောက်ခံမှုတွေကို လိုလားကောင်း လိုလားလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလားမှုဟာ ဘယ်တော့မှ ကောင်းကျိုးပေးမယ့် လိုလားမှုတော့ မဟုတ်ပါဘူး။ နှစ်ဖက် အမြင်နဲ့ လေ့လာကြည့်ကြပါစို့။ ပြည်တွင်းနေ၊ ပြည်ပနေ ရိုဟင်ဂျာများရဲ့ အသံတွေဟာ ၀မ်းနည်မှုတွေ ရောပြွန်းပြီး အားကိုးရမယ့်သူတွေ ပျောက်ကွယ် သွားပြီလားလို့ ခံစား နေကြတယ်။ ဒါက တကယ် ခံစားချက်တွေပါ။ ရိုဟင်ဂျာ နိုင်ငံရေး ခေါင်းဆောင်များ အနေနဲ့ (ပြည်တွင်း လွှတ်တော် အမတ်များကို ရည်ညွန်း ပါသည်) နိုင်ငံရေး ဘေးကျပ် နံကျပ်မှုတွေ အများအပြားကို ခံစားလွန်မြောက်၊ ခံစားနေဆဲလည်း ဖြစ်ပါတယ်။ အခက်အခဲပေါင်း မြောက်မြားစွာလည်း ကျော်လွှား လာနေပြီလည်း ဖြစ်ပါတယ်။ နောက်ထပ် ကျော်လွှား ရမယ့် အကြောင်းအရာ တွေလည်း အမြောက်အမြား ရှိနေပါတယ်။ အဲဒီ ကျော်လွှားမှု အားလုံးဟာ ရိုဟင်ဂျာ လွှတ်တော် အမတ်အားလုံးရဲ့ စွမ်းဆောင်မှုလို့ ပြည်တွင်း၊ ပြည်ပနေ ရိုဟင်ဂျာတွေက အသိအမှတ် ပြုကြပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းလို့ မယူဆခဲ့ကြဘူး။ စည်းစည်းလုံးလုံး လုပ်ဆောင်မှုတွေကို ကမ္ဘာ တစ်ဝှမ်းလုံး သတင်းပျံ့နှံ့ပြီး ကမ္ဘာ့ မီဒီယာတွေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက မှတ်တမ်းတွေ တင်နေခဲ့ကြတယ်။

အဲဒီလို လှုပ်ရှားမှုတွေကြောင့် ယနေ့ မြန်မာအစိုးရက ရိုဟင်ဂျာ ဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မကြားဖူးပါဘူး။ လုပ်ကြံ ဖန်တီးမှုနဲ့ နိုင်ငံရေး အမြတ်ထုတ်လိုသူ တစ်စုရဲ့ လှုံ့ဆော်မှုသာ ဖြစ်တယ်လို့ လက်ရှိ အာဏာရ ပါတီနဲ့ နိုင်ငံရေး ပါတီ အချို့ လက်ဝါး ရိုက်ကြပြီး ပြည်တွင်းမှာ ပြည်သူလူထုထဲ ပျံ့နှံ့အောင် ဆန္ဒ ထုတ်ဖော်ရေး၊ အာဏာရ အစိုးရက နောက်က ကြိုးကိုင် လှုပ်ရှားနေရတဲ့ အနေအထားကို ရောက်နေရတာ ဖြစ်ပါတယ်။

နောက်ဆုံး လေ့လာ သုံးသပ်ကြည့်မယ် ဆိုရင် “ရိုဟင်ဂျာ” ဆိုတာ သမိုင်း အထောက်အထား ရှိတယ်။ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး နိုင်ငံရေး နှိပ်ကွပ်မှုကြီး တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့ နိုင်ငံ အသီးသီးနဲ့ ကမ္ဘာ့ လူ့အခွင့် အရေး အဖွဲ့အစည်းများ အပါအ၀င်၊ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တညီတညွတ်တည်း “ရိုဟင်ဂျာ” ဆိုတာကို ထောက်ခံကြတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးမားသော အောင်မြင်မှု တစ်ရပ် ဖြစ်ပါတယ်။

ချီးကျူးထိုက်သူကို ချီးကျူးပြီး၊ ကိုယ်စား တာဝန်လွှဲအပ် နိုင်စွမ်းရှိသူ တွေဟာ ခေါင်းဆောင်ကောင်း တွေရဲ့ အရည်အချင်း တွေပါ။ အခက်အခဲ ရင်ဆိုင်ရတိုင်း ဆွေးနွေး တိုင်ပင်ခဲ့ရတဲ့ သာဓက တွေရဲ့ ရလာဒ်ဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အပေါင်း လက္ခဏာတွေပါ။ လူတစ်ဦးချင်း အပေါ်မှာ စိတ်ဝင်စားမှု၊ ရိုဟင်ဂျာ လူထုရဲ့ အသံတွေကို အလေးထားမှု တွေကြောင့် အရေးကြီးတဲ့ အကြောင်းအရာ တစ်ခု (သို့မဟုတ်) အရေးပေါ် ကိစ္စ တစ်ခုခု ပေါ်ပေါက်လာတိုင်း ရိုဟင်ဂျာ တစ်ရပ်လုံးက ခေါင်းဆောင်တွေရဲ့ ညွန်ကြားချက်ကို စောင့်မျှော် နေခဲ့ရတာ ဖြစ်ပါတယ်။ ပေါ်ပေါက်လာတဲ့ အခြေအနေ တွေကို လျင်လျင် မြန်မြန် နိုင်ငံရေး ဦးဆောင်မှုပေးနိုင်မယ့် သူတွေဟာ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ် တွေဘဲ မဟုတ်လား?

“ရိုဟင်ဂျာ လူထုကို ဦးဆောင်မှု ပေးနိုင်ရန်၊ လူကြီးမင်းတို့ကို စောင့်မျှော်နေပါတယ်”

မောင်နူရ်ဟာကီးမ်

MYARF
RB News
17.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြို့နယ် ဆရာဝန်ကြီး ဒေါက်တော ကျော်မောင်မောင်သိန်း ထံမှ ဆေးကုသမှု ခံယူပြီး ၁၀ တန်းကျောင်းသား လူငယ် တစ်ဦး သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၂) ရက်နေ့က မောင်တောမြို့နယ် ဘဂုံးနား ကျေးရွာ အုပ်စု ဖော်အီရာရွာမှ ၁၀ တန်း ကျောင်းသား တစ်ဦး ဖြစ်သည့် မောင်နူရ်ဟာကီးမ် (ဘ) ဦးနူရ်အာမတ်သည် ဖျားနာနေသောကြောင့် ကျောင်းမတက်မီ နံနက်ပိုင်းတွင် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၏ ဆေးခန်းသို့ ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့သည်။ ဆရာဝန်က ၎င်းအား အလုပ်အကိုင် မေးမြန်းခဲ့ရာ ၁၀ တန်းကျောင်းသားဟု ဖြေဆိုခဲ့သည်။ ထို့နောက် မောင်နူရ်ဟာကီးမ်နှင့် အတူ လိုက်ပါသွားသော ယောက်ဖ ဖြစ်သူကို ဆရာဝန်ကြီးက ဆေးခန်း အပြင်သို့ နှင်ထုတ်ပြီး မောင်နူရ်ဟာကီးမ်ကို ဆေးထိုး ပေးကာ ဆေးစာရေးပေးပြီး နောက် နှစ်ရက်ကြာမှ ပြန်လာရန် မှာကြားခဲ့သည်။

ဆရာဝန်ကြီးမှ ဆေးထိုးပြီးနောက် မောင်နူရ်ဟာကီးမ်၏ အခြေအနေမှာ ကောင်းမွန် မလာဘဲ ချက်ချင်းဆိုသလို ပိုမို ဆိုးရွား သွားခဲ့သည်။ ထို့ကြောင့် မောင်နူရ်ဟာကီးမ်သည် ကျောင်းသို့ မသွားခဲ့ဘဲ ၎င်း၏ နေအိမ်သို့ ပြန်သွားခဲ့သည်။ အိမ်သို့ ရောက်သည့်အခါ အသက်ရှုကျပ်ခြင်း၊ ခန္ဓာကိုယ်၊ ခြေ၊ လက် ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း တို့ကို အလူးအလဲ ခံစားခံရသည်။ မောင်နူရ်ဟာကီးမ်က ဆရာဝန် ဆေးထိုးပြီးသည်နှင့် တပြိုင်နက် ၎င်း၏ အခြေအနေမှာ အလွန် ဆိုးရွား ခဲ့ကြောင်း၊ ၎င်းအနေဖြင့် အသက်ဆက်ရှင်ရန်ပင် မလွယ်ကူသည့် အခြေအနေမျိုး ခံစားနေရကြောင်း မိသားစုဝင်များကို ပြောခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်နူရ်ဟာကီးမ်သည် ဒေါက်တာ ကျော်မောင်မောင်သိန်း၏ ညွန်ကြားချက် အတိုင်း သြဂုတ်လ (၁၄) ရက်နေ့တွင် ဆေးခန်းသို့ ပြန်လည် သွားနေစဉ် ပန်းတောပြင် ကျေးရွာနှင့် မြို့မ ကညင်တန်း ကျေးရွာကြားရှိ တံတားနား အရောက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေါက်တာ ကျော်မောင်မောင်သိန်းထံမှ ဆေးကုသမှု ခံယူခဲ့သည့် လူနာအချို့သည် မောင်နူရ်ဟာကီးမ် ကဲ့သို့ ပြင်းထန်သည့် ဝေဒနာ ခံစားရပြီး သေဆုံးခဲ့ရသည် များကို အာဏာပိုင်များက သိရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း၊ စုံစမ်း စစ်ဆေးခြင်း တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

မဇ္ဇူရီ ပြည်နယ်၊ Ferguson မြို့မှာ ဆန္ဒပြ သူတွေကို အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့က ရှင်းလင်း နေစဉ်။ (သြဂုတ် ၁၃၊ ၂၀၁၄)

ဗွီအိုအေမြန်မာပိုင်း
17.8.2014

အမေရိကန် ပြည်ထောင်စု Missouri ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Nixon က St. Louis မြို့နယ် စီရင်စု ထဲက Ferguson မြို့မှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် African American ဆယ်ကျော်သက် တယောက် August လ ၉ ရက်နေ့က သေဆုံးခဲ့ ပြီးနောက် ဆန္ဒပြ ဆူပူ လုယက်မှုတွေ သောကြာနေ့ ညအထိ ဆက်လက် ဖြစ်နေတဲ့ အတွက် ခုလို အရေးပေါ် အခြေ အနေ ထုတ်ပြန် ခဲ့တာပါ။

ခုလို အရေးပေါ် အခြေအနေ ထုတ်ပြန် ရတာဟာ ဆန္ဒပြသူ တွေရဲ့ အသံတိတ် သွားအောင် လုပ်တာ မဟုတ်ဘဲ လူမှု အသိုင်း အဝိုင်း အတွက် အန္တရာယ် ရှိတဲ့ လက်တဆုတ်စာ လုယက်သူ တွေကို ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Nixon က စနေနေ့က ပြောကြား ခဲ့ပါတယ်။
ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု ပေါ်ပေါက်ရေး အတွက် အသေအချာ လုပ်သွားဖို့လည်း သူက အာမခံ ခဲ့ပါတယ်။ သောကြာနေ့ တုန်းက ဆိုင်တွေကို ဖျက်ဆီး လုယက် ကြတဲ့ သူတွေကို တားနိုင်ဖို့ ကြိုးစားခဲ့တဲ့ ပြည်သူ တွေကိုလည်း အုပ်ချုပ်ရေးမှူးက ကျေးဇူးတင် ခဲ့ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အရွယ် Michael Brown မသေဆုံးခင် သူဟာ ကုန်စုံဆိုင်လေး တခုမှာ လုယက်ပြီး ဆိုင်ဝန်ထမ်းကို ခြိမ်းခြောက် နေပုံရတဲ့ Video အပါအဝင် သေဆုံးမှု အစီရင်ခံစာကို Ferguson ရဲတပ်ဖွဲ့က သောကြာနေ့က ထုတ်ပြန်ခဲ့ ပြီးနောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တာပါ။ အခင်း ဖြစ်ခဲ့တဲ့ ကုန်စုံဆိုင်နားမှာ သောကြာနေ့က လူတွေ စုဝေးခဲ့ပြီး အဲဒီထဲက တချို့က ဆိုင်တော်တော် များများကို ဖျက်ဆီး လုယက်ခဲ့ ကြပါတယ်။ ဒါကို ဆန္ဒပြ နေသူတွေက တားဆီးဖို့ ကြိုးစား ခဲ့တာ ဖြစ်ပါတယ်။

ပြဿနာဖြစ်တဲ့ နေရာကို ရောက်လာတဲ့ အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေကို ဆန္ဒပြသူ တချို့က ပုလင်းတွေ တခြား အရာတွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။




RB News
17.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်သည် ဥဒေါင်းကျေးရွာမှ ကျွဲနွား ကျောင်းနေသည့် ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်နှင့် ၎င်း၏ တပည့်များ ဖြစ်သည့် ဦးခေါ်ရီမုလ္လာနှင့် ဦးဖော်ယာဇူလ္လာ တို့က ဒေသခံ ရိုဟင်ဂျာ လယ်သမားများအား လယ်မြေ ဧက ၂၀ ခန့်ကို အတင်းအဓမ္မ ထွန်ယက် ခိုင်းစေခြင်းနှင့် ကောက်စိုက် ပေးစေခြင်းတို့ကြောင့် ဆင်းရဲသည့် ဒေသခံ ရိုဟင်ဂျာ လယ်သမားများ ဒုက္ခနှင့် ရင်ဆိုင် နေရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ လွန်ခဲ့သည့် ၁၇ နှစ်ခန့်က ဥဒေါင်း ကျေးရွာ၌ န.တ.လ ရခိုင်ရွာ တည်ဆောက်စဉ် ရိုဟင်ဂျာ လယ်သမားများထံမှ လယ်မြေဧက ၄၀၀ ကျော်ကို န.စ.က မှ အတင်း အဓမ္မ သိမ်းယူပြီး ရခိုင်လူမျိုး များကို ခွဲဝေပေးခဲ့သည်။ လယ်ယာမြေများ အလကား အချောင် ရရှိခဲ့သည့် ရခိုင်များသည် အဆိုပါ လယ်မြေများကို မူလပိုင်ရှင်များကို ပြန်လည် ငှားရမ်းပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြပြီး၊ မူလပိုင်ရှင်များ ဖြစ်သည့် ဒေသခံ ရိုဟင်ဂျာများမှာ မိမိတို့၏ လယ်မြေများကို ပြန်လည် ငှားရမ်း၍ လုပ်ကိုင်နေ ရသည့်ဘ၀သို့ ရောက်ရှိ နေရသည်။

၂၀၁၂ ခုနှစ်တွင် ပြဿနာများ ဖြစ်ပွားပြီးနောက် ဒေသခံ ရိုဟင်ဂျာများသည် ရခိုင်များထံမှ လယ်မြေများ ငှားရမ်း၍ လုပ်ကိုင်ချင်စိတ် မရှိတော့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဆက်လက်၍ ငှားရမ်း လုပ်ကိုင်ခဲ့ရသည်။ စပါးအထွက်နှုန်း နည်းနေပြီး အရှုံးပေါ်နေ၍ မငှားရမ်း လိုသော်လည်း ငှားရမ်း၍ လုပ်ကိုင် နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခုရက်ပိုင်းတွင် ဥဒေါင်းရွာနှင့် မေယုတောင်ခြေ ဆက်သွယ် ထားသည့် လမ်းမှ ကျွဲနွား ကျောင်းနေသည့် ဒေသခံ ရိုဟင်ဂျာ (၁၉) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်က အဆိုပါလမ်းမှ ကျွဲနွား ကျောင်းသည်ကို အကြောင်းပြ၍ ငွေကျပ် ၅ သိန်းနီးပါး ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။
ငွေညှစ်ခံရသူများမှာ --

(၁) ဦးလာလ်မာမတ် (ဘ) ဦးဖဇိလ်အာမတ် (ညှစ်ခံရသည့် ငွေကျပ် ၆ သောင်း)
(၂) ဦးယူဆုဖ် (ဘ) ဦးရှိုက်ရ်မာမတ် (ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း ၅ ထောင်)
(၃) ဦးအဒူကာဒဲရ် (ဘ) ဦးကာလာမျာ (ညှစ်ခံရသည့် ငွေကျပ် ၂ သောင်း)
(၄) ဦးရော်ဟီမုလ္လာ (ဘ) ဦးအေဇာရ်မျာ (ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း)
(၅) ဦးဆော်လိမ်အုလ္လာ (ဘ) ဦးအေဇာရ်မျာ (ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း)
(၆) မော်လ၀ီ ဦးအဒူဇလိလ် (ဘ) ဦးရှုနာမျာ (ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း)
(၇) ဦးအလီ (ဘ) ဦးရှုနာမျာ -- တို့ဖြစ်သည်။

ထို့အပြင် ဦးနာဂူး (ဘ) ဦးအဘူဘော်ကော်ရ် အပါအ၀င် (၁၂) ဦးထံမှ ငွေကျပ် ၂ သောင်းစီ - စုစုပေါင်း ငွေကျပ် ၂ သိန်း ၄ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
16.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက မတရားသဖြင့် ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် အဆိုပါ ကျေးရွာမှ လဘက်ရည်ဆိုင် ရောင်း၍ အသက်မွေးဝမ်းကြောင်း ပြုနေသူ ဒေသခံ ရိုဟင်ဂျာ ဦးမိုဟာမတ်ဆော်လိမ် (ဘ) ဦးနူရ်ဟူစိန်း ထံမှ ပလတ်စတစ် ထိုင်ခုံ (၅) ခုံတောင်းရာ၊ ဦးမိုဟာမတ်ဆော်လိမ်က ထိုင်ခုံ တစ်ခုံလျှင် ငွေကျပ် ၈၅၀၀/- ထိုင်ခုံ ၅ ခုံလျှင် ငွေကျပ် ၄၂၅၀၀/- ပေးမှသာ ပေးနိုင်မည်ဟု ပြောသဖြင့် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သန်းဌေးက ဦးမိုဟာမတ် ဆော်လိမ်ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် လွန်ခဲ့သည့် ဇွန်လတွင်လည်း ဂျော်မိလ် (ဘ) ဦးအိန္နားမီးန်အား ၎င်း၏ နေအိမ်သို့ လုပ်အားပေးရန် ခေါ်ခဲ့ရာ လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက် နှိပ်စက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဦးမောင်သန်းဌေးသည် ဒေသခံ ရွာသားများ ထံမှ ပစ္စည်းများ မတရား ရယူရန် အမြဲတစေ ကြိုးစားလေ့ ရှိသူဖြစ်ပြီး၊ ၎င်းအလိုကျ မရရှိပါက လူမဆန်စွာ ရိုက်နှက်လေ့ ရှိသည်ဟု သိရှိရပါသည်။



Rohingya Eye
RB News
16.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကြိုးဖုန်း သုံးစွဲနေသူများ၊ မိုဘိုင်းဖုန်း ဆင်းမ်ကဒ်လို နေသူများမှာ ဆယ်သွယ်ရေး တာဝန်ခံ ဦးအောင်ဇော်၏ မတရားသည့် နည်းလမ်းဖြင့် ငွေရှာနေခြင်းကြောင့် အခက်ကြုံတွေ့ နေရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် ကြိုးဖုန်း သုံးစွဲနေသူ (၄၀၀) ဦးကျော်ရှိပြီး၊ ပြည်နယ် ဆက်သွယ်ရေး ဌာနမှ ပေးပို့သည့် တယ်လီဖုန်း ဘီလ်များကို မောင်တောမြို့နယ် ဒီဂျစ်တယ် အော်တို တယ်လီဖုန်း ဆက်သွယ်ရေး တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ဇော်က သုံးစွဲသူများထံ မပေးပို့ဘဲ တယ်လီဖုန်း လိုင်းများကို ဖြတ်တောက် ထားသည်ဟု သုံးစွဲသူများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ တယ်လီဖုန်း ဘီလ်များကို ပေးသွင်းပါကလည်း ချက်ချင်း ပြန်လည် ချိတ်ဆက် ပေးခြင်းမရှိဘဲ တစ်ပတ်ခန့် ကြာမှသာ ပြန်လည် ချိတ်ဆက် ပေးသဖြင့် သုံးစွဲနေသူများ အခက်ကြုံနေ ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် တယ်လီဖုန်း ဘီလ် ပေးသွင်းလျှင်လည်း တယ်လီဖုန်း ဘီလ် အပြင် ငွေကျပ် ၃၀၀/- ကို မဖြစ်မနေ ပေးဆောင် နေရပြီး၊ တယ်လီဖုန်း လိုင်းပြတ်တောက် သွားပါက ပြန်လည် ချိတ်ဆက်ဟု ဆိုကာ ငွေကျပ် ၃၀၀၀/- မဖြစ်မနေ ပေးနေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ တယ်လီဖုန်း လိုင်းကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ ပါကလည်း အင်ဂျင်နီယာ ဦးအောင်ဇော်ကို ငွေကျပ် ငါးသောင်း ပေးရသည်ဟု ဆိုသည်။

နိုင်ငံတော်မှ ငွေကျပ် ၁၅၀၀/- ဖြင့် ချပေးသည့် ဂျီအက်စ်အမ် ဆင်းမ်ကဒ်များကိုလည်း ဒေသခံ ရိုဟင်ဂျာများကို နိုင်ငံသား စီစစ်ရေး ကဒ်ပြားမရှိဟု ဆိုကာ တိုက်ရိုက် မရောင်းချဘဲ၊ ဗုဒ္ဓဘာသာဝင် တစ်ဦးကို ကြားခံ ထားကာ ငွေကျပ် (၈) သောင်းဖြင့် အဆိုပါ အင်ဂျင်နီယာ ဦးအောင်ဇော်က ရောင်းချ နေကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် ဆက်သွယ်ရေးမှ ကြိုးဖုန်းများကို တရားဝင် သုံးစွဲခွင့် ရရှိနေသော်လည်း အင်ဂျင်နီယာ ဦးအောင်ဇော်၏ မတရားသဖြင့် ငွေညှစ်နေမှုများကြောင့် သုံးစွဲနေသူများ အခက်ကြုံနေရသလို၊ ငွေကျပ် ၁၅၀၀/ ဖြင့် အစိုးရမှ ချပေးသည့် ဆင်းမ်ကဒ်များကိုလည်း ဈေးကြီးပေး၍ သုံးစွဲနေရသည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။



Rohingya Eye
RB News
16.8.2014

မောင်တော ။ ။ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ကမ်းခြေတွင် ကင်းလှည့်နေသည့် တပ်မတော် စစ်ကြောင်းက ဒေသခံ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေကျပ် ၁၉ သိန်း ငါးသောင်းကို မတရား သဖြင့် ရယူသည့် အပြင် အဆိုပါ ဒေသခံ (၃) ဦးကို ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၁၂) ရက်နေ့ ည (၈) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မဒီနာရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးသည် အလယ်သံကျော် ကမ်းခြေမှ ငါးဖမ်း၍ ပြန်လာစဉ် ကင်းလှည့်နေသည့် (၁၇) ဦးပါ တပ်မတော် စစ်ကြောင်းအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး၍ ခန္ဓာကိုယ် အနှံ့ ရှာဖွေပြီး၊ ၎င်းတို့ (၃) ဦးထံတွင် ပါလာသည့် ငွေကျပ် (၁၈) သိန်းကို သိမ်းယူခဲ့သည်။ ထို့အပြင် သြဂုတ်လ (၁၂) ရက်နေ့ ညတစ်ညလုံး လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မဒီနာရွာမှ ရာအိမ်မှူးများ သွားရောက်၍ ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့ရာ၊ အဆိုပါ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ၎င်းတို့အနေဖြင့် ငွေကျပ် တစ်သိန်း ငါးသောင်း ရမှသာ ပြန်လည် လွှတ်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။ အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ဒေသခံ ရိုဟင်ဂျာ (၃) ဦးက ငွေကျပ် (၁၈) သိန်းမှ ငွေကျပ် တစ်သိန်း ငါးသောင်းယူပြီး ကျန်ငွေများကို ပေး၍ ပြန်လွှတ်ပေးရန် ပြောသည့် အခါ စစ်ကြောင်း တာဝန်ခံ ဗိုလ်ကြီးက ထပ်မံ၍ ရိုက်နှက် နှိပ်စက်ခဲ့သည်။ ထို့အပြင် တာဝန်ခံ ဗိုလ်ကြီးက ၎င်းတို့ အနေဖြင့် ငွေကျပ် (၁၈) သိန်းနှင့် ပတ်သက်၍ မသိကြောင်း၊ မိမိတို့ မယူကြောင်း၊ လိမ်ညာပြောကြားပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ထပ်မံ၍ ရမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရသည့် အပြစ်မဲ့ (၃) ဦးမှာ ငါး အရောင်းအ၀ယ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများ ဖြစ်ပြီး၊ ငွေကျပ် (၁၈) သိန်း မတရားသဖြင့် သိမ်းဆည်း ခံရသောကြောင့် ၎င်းတို့၏ အရင်းအနှီးများ ဆုံးရှုံးသွားပြီး၊ လုပ်ကိုင် စားသောက်ရန်ပင် ခက်ခဲလျက် ရှိကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေကျပ် ၁၉ သိန်း ငါးသောင်း ဆုံးရှုံးခံရသူ (၃) ဦးမှာ ---

(၁) ဦးဟာဖ်ဇူရာမန် (ဘ) ဦးဆာဒန်မျာ (အသက် ၂၈ နှစ်)
(၂) ဦးမိုဟာမတ်ဟူဆောင်း (ဘ) ဦးမိုဟာမတ်အီဆာခ် (အသက် ၃၃ နှစ်)
(၃) ဦးဂူလာမ်ရှရီဖ်၏ သား (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။

၎င်းတို့ (၃) ဦးထံမှ ငွေကျပ် (၁၈) သိန်းကို သြဂုတ်လ (၁၂) ရက်နေ့ ည (၈) နာရီခန့် အချိန်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းမှ သိမ်းယူခဲ့ပြီး၊ သြဂုတ် (၁၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်း ငါးသောင်း ထပ်မံ ယူ၍ ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ရွာတွင် အခြေစိုက်သည့် စစ်တပ်မှ မဟုတ်ဘဲ၊ ကမ်းခြေတွင် ကင်းလှည့်လေ့ ရှိသည့် စစ်ကြောင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။



RB News
12.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာ အုပ်စုသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP)၊ မ.က.ဖ နှင့် စစ်တပ်များ ၀င်ရောက်ပြီး ၎င်းတို့၏ လူဦးရေ စစ်ဆေးမှုတွင် ပါဝင်ရန် သေနတ် ၁၈ ချက်ဖောက်၍ ဒေသခံများကို ခြိမ်းခြောက်ပြီး အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့သည် သြဂုတ်လ (၉) ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာအုပ်စု၊ ခမောင်းဆိပ်ရွာသို့ ရောက်ရှိလာပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ကျေးရွာ တာဝန်ခံ ဦးစိုးနိုင်၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်း၍ လူဦးရေ စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ လူဦးရေ စစ်ဆေးခြင်းဟု ခေါင်းစဉ် တပ်ထားသော်လည်း တရားမ၀င် ခိုးဝင် လာသည့် ဘင်္ဂလီများဟု မှတ်တမ်းတင်လျက် ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာ အများစုက စစ်ဆေးခံရန် ငြင်းဆန်ခဲ့ရာ ည ၈ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ မျက်နှာချင်းဆိုင်ရှိ လက်သမား ဦးရှောမ်ရှု၏ နေအိမ် တံခါးကို သေနတ်ဖြင့် ရိုက်ချိုး၍ အိမ်ထဲသို့ ၀င်ရောက်ပြီး ဦးရှောမ်ရှုကို ရှာဖွေခဲ့သည်။

ထို့နောက် လက်နက်ကိုင် အာဏာပိုင်များသည် အဆိုပါ နေအိမ်မှ ထွက်လာပြီး၊ သေနတ် (၁၈) ချက် ပစ်ဖောက်၍ ဒေသခံများကို ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ သေနတ် ပစ်ဖောက်၍ ခြိမ်းခြောက်ပြီး စစ်ဆေးခံရန် ပြုလုပ်မှုကြောင့် ဒေသခံ ရွာသား အချို့ ရွာမှ တိမ်းရှောင် သွားခဲ့ကြောင်း ရွာသားများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ စစ်ဆေးခြင်း ဟု၍ လူမျိုး အမည် မပါဘဲ စစ်ဆေးခဲ့သော်လည်း မောင်တောမြို့နယ်တွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများဟု စာရင်းပြုစု၍ ကောက်ခံလျက် ရှိသည့် အတွက် ဒေသခံ ရိုဟင်ဂျာများမှာ ပါဝင် စစ်ဆေးခံခြင်း မရှိသောကြောင့် လက်နက် အာဏာပိုင်များ၏ ခြိမ်းခြောက်မှု ပေါင်းစုံကို ရင်ဆိုင် နေရသည်။




Rohingya Eye
RB News
12.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စစ်ဆေးရန် လာရောက်စဉ် မ.က.ဖ တာဝန်ခံ တစ်ဦးက ယခု လူဦးရေ စစ်ဆေးမှုများ ပြီးဆုံးပါက ဘင်္ဂလီဖြင့် ပြုနိုင်ငံသား ပေးရန် အစီအစဉ် ရှိသည်ဟု ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၀) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့သည် မောင်တောမြို့နယ် မြို့မ ကညင်တန်း ကျေးရွာသို့ ရောက်ရှိလာပြီး၊ ၎င်းတို့ စစ်ဆေးနေသည့် လူဦးရေ စာရင်း စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် အမိန့်စာ ထုတ်ပြန်ထားသည့် ဒေသခံ ရိုဟင်ဂျာ (၂၀) ဦးနှင့် တွေ့ဆုံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေသခံ အချို့က ယခု လူဦးရေ စစ်ဆေးခြင်းနှင့် ပတ်သက်၍ စစ်ဆေးရသည့် အကြောင်းရင်း များကို မေးမြန်းရာ၊ မ.က.ဖ တာဝန်ခံ တစ်ဦးက ယခု စစ်ဆေးနေခြင်းသည် ဘင်္ဂလီများကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ ယခု စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံသူ များသည် နောက် (၃) လ ကြာလျှင် နိုင်ငံသား စီစစ်ရေး စစ်ဆေးမှုတွင် ပါဝင် စစ်ဆေး ခံရမည် ဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးခံပြီးပါက ဘင်္ဂလီဖြင့် ပြုနိုင်ငံသား ရရှိမည် ဖြစ်ကြောင်း၊ မိမိတို့၏ သဘောဖြင့် စစ်ဆေးခံ နေသူများ ရှိကြောင်း၊ မည်သူ့ကိုမှ အတင်း စစ်ဆေးနေခြင်း မရှိကြောင်း ပြန်လည် ဖြေဆိုခဲ့ကြောင်း သိရှိရပါသည်။

မေးမြန်းသူများက မိမိတို့သည် မျိုးရိုး စဉ်ဆက် ရိုဟင်ဂျာ လူမျိုးများ ဖြစ်၍ ပါဝင် စစ်ဆေးခံမည် မဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတော်၏ အမိန့်ကို လိုက်နာချင် သော်လည်း၊ မိမိတို့ မဟုတ်သည့် လူမျိုးအမည်ကို ထည့်သွင်း၍ စစ်ဆေးခံမည် မဟုတ်ကြောင်း ပြောဆိုရာ၊ မ.က.ဖ တာဝန်ခံက တစ်ပတ်ခန့် ပြန်လည် စဉ်းစားပြီး စစ်ဆေးခံရန် အသင့်ရှိပါက အကြောင်းကြားရန် မှာကြားပြီး ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် နိုင်ငံသား မဟုတ်သူများသာ နိုင်ငံသား လျှောက်ထား ရသည့် ခေတ်တွင်လည်း ရိုဟင်ဂျာများမှာ နိုင်ငံသား လျှောက်ထားရန် မလိုခဲ့ဘဲ၊ အမျိုးသား မှတ်ပုံတင်များ ထုတ်ပေးသည့် ကာလတွင် ရိုဟင်ဂျာများ အားလုံး အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ခွင့် ရရှိခဲ့သည်။ စစ်အစိုးရ လက်ထက်တွင် အမျိုးသား မှတ်ပုံတင်များကို အတင်း အဓမ္မ သိမ်းယူခဲ့ပြီး ယာယီကဒ်ပြားများ ထုတ်ပေး၍ နိုင်ငံမဲ့များ ပုံစံဖြင့် ဆက်ဆံ လာခဲ့ပြီးနောက် ယခုအခါ ရိုဟင်ဂျာများကို ဘင်္ဂလီများ အသွင်ဖြင့် ပြုနိုင်ငံသား လက်မှတ်များ ထုတ်ပေးရန် အစိုးရမှ မရိုးသားသည့် နည်းလမ်းများဖြင့် ကြိုးစားလျက် ရှိနေသည့် အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့မှ စစ်ဆေးသည့် လူဦးရေ စာရင်း စစ်ဆေးမှုတွင် ပါဝင်ရန် ငြင်းဆို နေကြခြင်း ဖြစ်သည်။



Rohingya Eye
RB News
12.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ စစ်ဆေး နေသည့် လူဦးရေ စစ်ဆေးမှုတွင် ပါဝင်ရန် တိုက်တွန်းသည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့မိမြို့ဖ တို့၏ တိုက်တွန်းမှု များကို ပြည်သူများက လက်မခံကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၀) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ နယ်မြေ (၅) ရုံးခန်းတွင် အစည်းအဝေး တစ်ရပ် ကျင်းပရာ ကျေးရွာ (၂၁) ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ (၂) ဦးစီ တက်ရောက်ခဲ့ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ထိပ်ပိုင်း အရာရှိများ၊ စစ်တပ်မှ အရာရှိများနှင့် အတူ မောင်တောမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနှင့် ကြံ့ခိုင်ရေး ပါတီမှ ပါတီဝင်များ၊ ဘူးသီးတောင် မြို့နယ်မှ မြို့မိမြို့ဖ ဦးရော်ဖိတ် တို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ ပြုလုပ်နေသည့် လူဦးရေ စစ်ဆေးခြင်းသည် ယခင် န.စ.က မှ ပြုလုပ်ခဲ့သည့် ဆွဲ၊ တင်၊ စစ်နှင့် အလား သဏ္ဍန်တူလျက် ရှိပြီး၊ စာရင်းသွင်း မှတ်တမ်းရာတွင်လည်း တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများဟု ရေးသွင်းလျက် ရှိသည့် အတွက် ရိုဟင်ဂျာ လူမျိုးများဖြစ်သည့် ဒေသခံများက ပါဝင် စစ်ဆေးခံရန် ငြင်းဆိုလျက် ရှိနေကြသည်။

သြဂုတ်လ (၁၀) ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ယခု စစ်ဆေးနေသည့် လူဦးရေ စစ်ဆေးခြင်းတွင် စစ်ဆေးခံနိုင်ကြောင်း၊ မိမိတို့အား အစိုးရမှ စေခိုင်း၍ လာရောက် ပြောဆိုနေခြင်း ဖြစ်ကြောင်း၊ ယခု အခွင့်အရေးကို လက်လွှတ် မခံသင့်ကြောင်း၊ ယခု စစ်ဆေးမှုတွင် ပါဝင်ပါက ပြဿနာ မရှိနိုင်ကြောင်း၊ စစ်ဆေးနေသည်မှာ လူမျိုးနှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ်မှ မြို့မိမြို့ဖ တစ်ဦး ဖြစ်သည့် ဦးရော်ဖိတ် ကလည်း မိမိတို့လည်း အစစ်ဆေးခံခဲ့ကြောင်း၊ အားလုံး ပါဝင် စစ်ဆေးခံ နိုင်ကြောင်း၊ သို့သော်လည်း မိမိတို့၏ သဘော အတိုင်း လုပ်ဆောင် နိုင်ကြောင်း ပြောကြားခဲ့သည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနှင့် ဘူးသီးတောင်မြို့နယ်မှ မြို့မိမြို့ဖ ဦးရော်ဖိတ် တို့က ယခုကဲ့သို့ တိုက်တွန်းသည့် အတွက်ဟု ဆိုကာ ဒေသခံ များက မကျေမနပ် ဖြစ်လျက် ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာများအား ဘင်္ဂလီများ စာရင်းတွင် ထည့်သွင်းခြင်း မပြုဟု အာမခံ ပေးနိုင်ခြင်း မရှိဘဲ ယခုကဲ့သို့ တိုက်တွန်းခြင်းကို လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၁) ရက်နေ့တွင် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ဒေသခံ ရွာသားများကို အိမ်ထောင်စု စာရင်း မိတ္တူ၊ မွေးတိုး စာရင်း၊ သေဆုံးသူများ စာရင်းနှင့် နိုင်ငံခြားသို့ ထွက်သွားသူများ စာရင်းများ လာရောက် ပေးအပ်ရန် အုပ်ချုပ်ရေးမှူး ရုံးတွင် ကြေညာ၍ မရိုးသားသည့် နည်းလမ်းဖြင့် လူဦးရေ စာရင်း ကောက်ခံရန် ကြိုးစားခဲ့သည့် အလယ်သံကျော် ရွာသားများ၏ ပြောကြားချက် များအရ သိရှိရပါသည်။




MYARF
RB News
12.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှ မောင်တောမြို့သို့ သွားနေသည့် ခရီးသွား (၁၀) ဦးကို သြဂုတ်လ (၁၀) ရက်နေ့က စစ်သားများက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၀) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ ရိုဟင်ဂျာ အမျိုးသား (၄) ဦး၊ အမျိုးသမီး တစ်ဦး၊ မြင်းလွတ်ကျေးရွာမှ စိုက်ပျိုးရေး လုပ်ကိုင်သည့် ရိုဟင်ဂျာ အမျိုးသား (၁၀) ဦးတို့သည် ရခိုင် အမျိုးသား တစ်ဦး မောင်းနှင်သည့် မိုက်ခရိုကားဖြင့် မောင်တောမြို့သို့ သွားနေစဉ် ယာဉ်မောင်း ဖြစ်သူက လမ်းမကောင်းသဖြင့် အသစ် ဖောက်လုပ်နေသည့် ကွန်ဂရစ်လမ်း (ရခိုင်များ အခေါ် တိုင်းရင်းသားလမ်း) မှ သွားနေစဉ် မောင်တောမြို့ (၃) မိုင်ရှိ ဝေသာလီ န.တ.လ ကျေးရွာသို့ အရောက်တွင် ရခိုင် လူမျိုး နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊ ကားကို ရပ်ခိုင်း၍ ယာဉ်မောင်း ဖြစ်သူကို “ဒီလမ်းကနေ ကုလားတွေ အသွားအလာ မလုပ်ရတာ မင်းမသိဘူးလား” ဟု ဆဲဆိုကြိမ်းမောင်းပြီး ကားကို ထိုနေရာတွင်ပင် ရပ်ခိုင်းထားကာ၊ မေယု ဂေါက်ကွင်းရှိ စစ်စခန်းမှ စစ်သား (၅) ကို ခေါ်ဆောင် လာခဲ့သည်။

ထို့နောက် စစ်သားများက အဆိုပါကားကို စစ်စခန်းကို ခေါ်ဆောင်သွားပြီး၊ စစ်စခန်းသို့ ရောက်သည့် အခါ တပ်ရင်းမှူးက ကားပေါ်တွင် ပါလာသည့် ခရီးသွားများ အားလုံးကို အထောက်အထားများ စစ်ဆေးပြီး၊ တစ်ဦးချင်းစီ ဓါတ်ပုံ ရိုက်၍ မှတ်တမ်းတင် ခဲ့ကြောင်း သိရှိရပါသည်။ တပ်ရင်းမှူးက ခရီးသွားများ ထံမှ အထောက်အထား အပြည့်အစုံ ရရှိသော်လည်း စစ်သားများက ခရီးသွားများထဲမှ စိုက်ပျိုးရေး လုပ်ကိုင်သည့် ကောက်စိုက်သမား ၁၀ ဦးကို စခန်းတွင်းတွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ စစ်သားများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

စစ်သားများက စိတ်တိုင်းကျ လူမဆန်စွာ ရိုက်နှက်ပြီးနောက် (၃) မိုင်စခန်းမှ လ.၀.က များကို ခေါ်ပြီး အပ်နှံခဲ့ပြီး၊ လ.၀.က များက စစ်ဆေးပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။



ကိုသားညွန့်ဦး
12.8.2014

အာဆီယံ ဒေသတွင်း အစည်း အဝေးတွေ တက်ရောက်ဖို့ မြန်မာနိုင်ငံ ရောက်လာ ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ နေထိုင်စဉ် အမေရိကန် အစိုးရက ပစ်မှတ်ထား ဒဏ်ခတ် အရေးယူ ထားသူ တစ်ဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ တည်းခို ခဲ့တာကြောင့် ရန်ကုန်မှာတော့ လူပြောများတဲ့ သတင်း တပုဒ် ဖြစ်လာ ပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ် အတွင်း နိုင်ငံခြားရေး ၀န်ကြီး တည်းခိုဖို့ စီစဉ် ဆောင်ရွက် ပေးသူဟာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ကတော့ တုံ့ပြန် ခဲ့ပါတယ်။ ဒီအကြောင်း စုံစမ်း မေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထား ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ အစည်းအဝေး တက်ရောက်စဉ် အတွင်း Lake Garden ဟိုတယ်မှာ တည်းခို ခဲ့သလို နိုင်ငံခြားရေး ၀န်ကြီးများ အစည်း အဝေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ကိုလည်း အဲဒီ ဟိုတယ်မှာပဲ ပြုလုပ် ခဲ့တာပါ။ ဒီ ဟိုတယ်ကို ဦးဇော်ဇော်ပိုင်တဲ့ Max Myanmar ကုမ္ပဏီက ပိုင်ဆိုင်တာ ဖြစ်တယ် ဆိုတာကို Max Myanmar တာဝန်ရှိသူ တွေကို ကိုးကားပြီး ရန်ကုန် အခြေစိုက် Myanmar Times သတင်းမှာ ရေးသား ဖော်ပြလိုက် တာကြောင့် ရန်ကုန်မှာ လူပြောများတဲ့ သတင်း တပုဒ် ဖြစ်နေတယ်လို့ မြန်မာ့ အရေး လေ့လာသူ ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ ၂၀၀၈ ခုနှစ် JADE လို့ လူသိကြတဲ့ မြန်မာနိုင်ငံ အပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှု ဥပဒေ အရ ပြစ်ဒဏ်ခတ် ခံစာရင်း ထဲမှာ ဦးဇော်ဇော်ကိုရော သူ့ရဲ့ Max Myanmar ကုမ္ပဏီကိုပါ ၂၀၀၉ခုနှစ်မှာ စတင် ထည့်သွင်း ထားတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အဲဒီ စာရင်းကို ထပ်မံ ဖြည့်စွက်တော့လည်း ဦးဇော်ဇော်ရဲ့နာမည်က ပါနေတုန်းပါ။

“Foreign Ministers meeting ပေါ့။ အဲဒါနဲ့တွဲလုပ်တဲ့ ARF ပေါ့လေ၊ Asean Region Forum ပေါ့၊ လာတဲ့ အချိန်မှာ သူတို့က တည်းတဲ့ ဟော်တယ်လ်က အမေရိကန် အစိုးရက Sanction လုပ်ထားတဲ့ သူရဲ့ ဟော်တယ်လ် ဖြစ်နေတယ်လေ။ အဲဒီဟာက ဟိုးလေးတကြော် ဖြစ်သွားတာပေါ့။ ပထမတော့ လူတွေက မယုံဘူးပေါ့၊ နောက်တော့မှ မီဒီယာတွေ ကလည်း သေသေချာချာ ထည့်ရေး လိုက်တဲ့ အချိန်ကျတော့မှပဲ လူတွေက တအံ့တသြ ဖြစ်ရတာပေါ့လေ။”

ဦးဇော်ဇော် အပါအ၀င် အရင် စစ်အစိုးရနဲ့ နီးစပ် ပတ်သက်မှု ရှိတဲ့ ခရိုနီ စီးပွားရေး သမားတွေကို အမေရိကန် ပြည်ထောင်စုရဲ့ ပစ်မှတ်ထား အရေးယူမှု စာရင်းထဲမှာ ထည့်ထားပြီး ဒီလူတွေနဲ့ စီးပွားရေး ပတ်သက်တာ ငွေကြေး အလွှဲအပြောင်း လုပ်တာတွေ အပေါ် အမေရိကန် ပြည်ထောင်စုက တားမြစ် ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနကို စုံစမ်း မေးမြန်းရာ မှာတော့ ဒီခရီးစဉ် အတွင်း နိုင်ငံခြားရေး ၀န်ကြီး တည်းခို နေရာ ချထားဖို့ ကိစ္စကို မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန ဖက်က စီစဉ် ဆောင်ရွက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန အရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် IEEPA ခေါ်တဲ့ International Emergency Economic Power Act အရဆိုရင် ထူးခြားတဲ့ အခြေအနေ တရပ်အောက်မှာ အမေရိကန် တာဝန်ရှိသူတွေ အထူးသဖြင့် ခရီးသွားလာ ရတဲ့ အခါမှာ ဒီတားမြစ် ကန့်သတ်ချက် အပေါ် ယာယီ ဖြေလျှော့ခွင့် ပေးတဲ့ အချက် ရှိတယ်လို့လည်း နိုင်ငံခြားရေး ဌာန အရာရှိက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါပေမယ့်လို့ နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ မရောက်ခင်မှာ သူတည်းခိုမယ့် ဟိုတယ်ဟာ ဦးဇော်ဇော်ပိုင် ဟိုတယ်ဆိုတာ ကြိုသိထား သလား၊ ဒါမှမဟုတ် အဲဒီ အတွက် ယာယီ ဖြေလျှော့ခွင့်ယူ ထားလား ဆိုတာတွေ ကိုတော့ အသေအချာ ရှင်းရှင်း လင်းလင်း မသိရ သေးပါဘူး။



"ပီသပါစ"

ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
11.8.2014

ပီသပါစ
ရိုဟင်ဂျာကွယ်
ဒီလူမျိုးဟာ
စံထိုက်သူတွေ
ဘိုးစဉ်ဆက်မွေ
အာရ်ကာန်မြေ။

ပီသပါစ
ရိုဟင်ဂျာနွယ်
ပညာရှင်တွေ
ရုန်းကြပါလေ
လွတ်မြောက်ဖို့ပေ
ရိုဟင်ဂျာမွေ။

ယနေ့ချိန်ခါ
မျိုးရိုဟင်ဂျာ
စဉ်လာကြီးဘိ
မျိုးဇာတိကို
အထိမခံ
ထိန်းသိမ်းဖို့ဝန်
ရိုဟင်ဂျာတွေ
စည်းလုံးပါ့မယ်။



ဒေါ်ခင်စိုးဝင်း
ဗွီအိုအေမြန်မာပိုင်း
10.8.2014

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင်နေပြီး အချိန်ယူ ဖြေရှင်းရမယ့် စိန်ခေါ် အကဲစမ်းမှု တွေနဲ့ ရင်ဆိုင် နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ကပြောလိုက် ပါတယ်။ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာ အမေရိကန် ပြည်ထောင်စုက တောင်းဆို နေတာတွေကို မြန်မာ အစိုးရက လိုက်လုပ် ပေးဖို့ မဟုတ်ဘဲ မြန်မာ ပြည်သူတွေ အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ အလား အလာ တွေကို ဖြည့်ဆည်း ပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို လိုက်တာပါ။ နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက သတင်းပေး ပို့ထားပါတယ်။

သမ္မတ အိုဘားမား အစိုးရဟာ မြန်မာ အစိုးရနဲ့ ဆက်ဆံတဲ့ နေရာမှာ သဘောထား ပျော့ပျောင်း လွန်းတယ်လို့ ပြောကြ ပြီးတော့ အမေရိကန် လွှတ်တော် အမတ်တွေ ပါးလိုက်တဲ့ အမှာ စကားကို ထိထိ ရောက်ရောက် လက်ဆင့်ကမ်း နိုင်ပါမလား ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အခုလို တုံ့ပြန် လိုက်ပါတယ်။

“မြန်မာ ခေါင်းဆောင်တွေ အပေါ် မျက်စိမှိတ် ယုံစားပြီး ဆက်ဆံ နေတာ မဟုတ်ပါဘူး။ မသိ နားမလည် လို့လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေ အများကြီးကို စာရင်းလုပ်ပြီး ယူလာ ခဲ့တာပါ။ ဒီစိန်ခေါ်ချက်တွေ တစ်ခုချင်းစီကို အိမ်ရှင် ခေါင်းဆောင်တွေနဲ့ အသေးစိတ် ဆွေးနွေး ခဲ့ပါတယ်။ ပွင့်ပွင့် လင်းလင်း တိုက်ရိုက် ပြောဆို နိုင်ခဲ့ပါတယ်။ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ တိုင်းရင်းသား လူနည်းစုတွေ အရေး၊ ရခိုင်ပြည်နယ် အရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လူထု အတွက် ဒီမိုကရေစီနဲ့ အညီ ဥပဒေတွေ ပြင်ဆင်ရေး စတာတွေကို ထောက်ပြ ပြောဆို နိုင်ခဲ့ပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ လက္ခဏာကြောင့် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းချက်တွေ အပေါ် သမ္မတ အိုဘားမား အစိုးရရဲ့ရပ်တည်ချက်ကို ဝန်ကြီး ကယ်ရီက အခုလို ရှင်းပြပါတယ်။

“ဒီလိုလုပ်မှ ရမယ်။ ဒီလိုလုပ်မှ ဖြစ်မယ်လို့ အမိန့်ပေးနေလို့ လိုချင်တဲ့ အဖြေ မဟုတ်ပါဘူး။ သူတို့ရဲ့ သမိုင်း ယဉ်ကျေးမှု ကိုးကွယ်ရာ ဘာသာ ယုံကြည်မှုတွေ ရှိတဲ့ အများ ပြည်သူနေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ သူတို့မှာ အားကျ အတုယူစရာတွေ၊ အတွေးအခေါ်တွေ အသီးသီး ရှိကြပါတယ်။ ဒီလို အံ့သြစရာ ကောင်းတဲ့ ခရီး ရောက်အောင် အတော်လေး လျှောက်လှမ်း ခဲ့ကြရတာပါ။ ကျနော်တို့ ရောက်စေချင်တဲ့ အထိ လျှောက်ဖို့တော့ လိုပါသေးတယ်။ အမေရိကန် အစိုးရက အမျှော်အမြင် ကြီးကြီးနဲ့ မြန်မာ အစိုးရကို ဆက်ဆံ နေတာပါ။ ပိတ်ဆို့မှုတွေ အားလုံး မဟုတ်ပေမယ့် တချို့ကို ရုပ်သိမ်းပေးပြီး ဖြစ်ပါတယ်။ အခြေခံ အားဖြင့်တော့ အစိုးရသစ် တစ်ရပ် အနေနဲ့ အားလုံးကို အဆင်ပြေ ချောမွေ့စွာ ကိုင်တွယ် နိုင်သေး တာတော့ မဟုတ်ပါဘူး။ ဒါတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တဲ့ အခါမှာလည်း ပြောပြဦးမှာပါ။ ကျနော်ကတော့ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် နောက်က ထောက်ခံ ပေးမှာပါ။”

မြန်မာပြည် အတွင်း လတ်တလော ရင်ဆိုင်နေရတဲ့ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေ၊ တိုင်းရင်း ဒေသတွေမှာ ငြိမ်းချမ်းရေး မရသေးတာတွေနဲ့ ရခိုင်ပြည်နယ် အရေး စတာတွေကို အသေးစိတ် ဆွေးနွေးခဲ့ပြီး မြန်မာ ခေါင်းဆောင်တွေ ဘက်ကလည်း အဲဒီပြဿနာတွေ ရှိနေတဲ့ အကြောင်း အသိအမှတ် ပြုတာမို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒီအခက် အခဲတွေကို ဖြေရှင်းရာမှာ ဝိုင်းဝန်း ကူညီ အားပေးသွားမယ့် အကြောင်းလည်း ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင် နေပါတယ်။ အချိန်ယူပြီး ဖြေရှင်းရမယ့် စိန်ခေါ်မှု တွေနဲ့လည်း ရင်ဆိုင်နေ ရပါတယ်။ မြန်မာပြည်သူ တွေထဲမှာလည်း ဒီအပြောင်း အလဲကို မလိုချင်တဲ့ သူတွေ ရှိနိုင်သလို တချို့ကလည်း အပြောင်း အလဲကို တစိုက်မတ်မတ် လိုချင်တဲ့ ဆန္ဒနဲ့ ကြိုးစားနေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပေးရမှာပါ။ အခု အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာ အမေရိကန်က တောင်းဆို နေတာတွေကို မြန်မာနိုင်ငံက နေ့စဉ် လိုက်လုပ်ပေးဖို့ မဟုတ်ပါဘူး။ ပြည်သူတွေ အတွက် ဖြစ်နိုင်ခြေရှိတဲ့ အလား အလာကို နိုင်ငံအနေနဲ့ ဖြည့်ဆည်း ပေးဖို့ပဲ ဖြစ်ပါတယ်။”

ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို အမေရိကန် လွှတ်တော် အမတ်တွေနဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး နိုင်ပါရန် အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့လည်း ၀န်ကြီး Kerry က ဖိတ်ကြား ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော် ကနေ ရန်ကုန်မြို့ကို ထွက်ခွာ ပြီးတော့ ရန်ကုန်မြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။



Rohingya Eye
RB News
8.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သ၀န်းချောင်း (ဘားစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လုပ်ကြံ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၅) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် လမ်းတွင် သွားလာနေသည့် မောင်တောမြို့နယ် တောင်ပိုင်း သ၀န်းချောင်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် အချိန်တွင် သွားလာနေသည်ဟု မဟုတ်မမှန် လုပ်ကြံ၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် သြဂုတ်လ (၆) ရက်နေ့တွင် ၎င်းတို့ (၃) ဦးထံမှ ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်သည် ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိ ဖြစ်သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များက တမင် လုပ်ကြံ၍ ဖမ်းဆီးပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ကြံ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးခါယာ့စ် (ဘ) ဦးဖော်ဇော်ဟောက်ခ် (အသက် ၂၅ နှစ်) - သ၀န်းချောင်း ရွာသား ဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၂ သိန်း ၅ သောင်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။

(၂) ဦးဒိလ်မိုဟာမတ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၅၀ နှစ်) - ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက် ရွာသား ဖြစ်ပြီး၊ သ၀န်းချောင်း ရွာတွင် လယ်ထွန်ရန် ရောက်ရှိနေသူ ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၂ သိန်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။

(၃) ဆော်လိမ်မုလ္လာ (ဘ) ဦးဟာရှီးမ် (အသက် ၁၈ နှစ်) - သ၀န်းချောင်း ရွာသားဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၃ သိန်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။



Rohingya Eye
RB News
8.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အစွန်းရှိ သ၀န်းချောင်း (ဘားစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၅) ဦးကို လူဦးရေ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် အမိန့်စာထုတ်ပြန် ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၆) ရက်နေ့တွင် မောင်တောမြို့နယ် အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက သ၀န်းချောင်း (ဘာစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၅) ဦးကို သြဂုတ်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်၍ အစစ်ဆေးခံရန်၊ အကယ်၍ အစစ်ဆေး မခံပါက ထိရောက်စွာ အရေးယူမည်ဟု အမိန့်စာ တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ ခြိမ်းခြောက်၍ အမိန့်စာ ထုတ်ပြန်ခဲ့ခြင်းကြောင့် ဒေသခံ ရပ်မိရပ်ဖ များက စိုးရိမ် ပူပန်လျက် ရှိပြီး၊ ဒေသခံများက ၎င်းတို့ အပေါ် ခြိမ်းခြောက် နေခြင်းကို မလိုလားကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိဘဲ သံသယ တိုးပွားနေသည့် စစ်ဆေးမှုကို နှစ်သက်မှု မရှိကြောင်း ပြောဆိုနေကြသည်။

အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး၏ အမိန့်စာဖြင့် ခြိမ်းခြောက်ခံရသူ များမှာ --

(၁) ဦးမော့န်တာစ်အုလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၃၃ နှစ်)
(၂) ဦးအာမာန် (ဘ) ဦးအာမာဒူ (အသက် ၄၇ နှစ်)
(၃) ဦးရော်ရှိတ်အုလ္လာ (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၄၀ နှစ်)
(၄) ဦးအေဇာရူလ်ဟောက် (ဘ) ဦးဆွေယာဒူရာမန် (အသက် ၄၅ နှစ်)
(၅) ဦးဆော်လိမ် (ဘ) ဦးအာလီ (အသက် ၃၅ နှစ်)
(၆) ဦးဇီယာဘူရာမန် (ဘ) ဦးဘော်ရှော်ရ် (အသက် ၃၅ နှစ်)
(၇) ဦးအာရှော်ဖ်ဇော်မာ (ဘ) ဦးအေရ်ရှာဒူလ္လာ (အသက် ၄၅ နှစ်)
(၈) ဦးအာမန်အူလ္လာ (ဘ) ဦးတာဇာမူလုခ် (အသက် ၃၅ နှစ်)
(၉) ဦးကာဇီး (ဘ) ဦးလာလ်မျာ (အသက် ၆၀ နှစ်)
(၁၀) ဦးအဒူဟောက်ခ် (ဘ) ဟာဂျီနော်ဇူမျာ (အသက် ၆၀ နှစ်) -- တို့အပါအ၀င် အခြား (၅) ဦး ဖြစ်ပါသည်။




RB News
5.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်တွင် မတ်လနှင့် ဧပြီလများတွင် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းကို အစိုးရက မကောက်ခံ နိုင်ခဲ့သော်လည်း ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ ရှောင်တခင် လူဦးရေ စစ်ဆေးခြင်း ခေါင်းစဉ် တပ်၍ လူဦးရေ စစ်ဆေးလျက် ရှိရာ ဒေသခံ ရိုဟင်ဂျာ အများစုက စိုးရိမ်လျက် ရှိကြသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာ လူမျိုး အမည်ကို ထည့်သွင်းခွင့် ပေးမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက အကြိမ်ကြိမ် ကတိပေးခဲ့သော်လည်း စတင် ကောက်ခံသည့် နေ့တွင် ရိုဟင်ဂျာ လူမျိုးကို ထည့်သွင်းခွင့် ပေးမည် မဟုတ်ဟု ကြေညာခဲ့ပြီး၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးများကို သန်းခေါင်စာရင်း မကောက်ခံဘဲ ချန်လှပ်ခဲ့သည်။ ယခုအခါ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် မ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင် လူဦးရေ စစ်ဆေးခြင်းဟု ဆိုကာ ခေါင်းစဉ်တပ်၍ လူဦးရေ စစ်ဆေးလျက် ရှိသော်လည်း မောင်တောမြို့နယ်တွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု မှတ်တမ်းတင်လျက် ရှိပြီး၊ ဘူးသီးတောင်မြို့နယ်တွင် လူမျိုးအမည်ကို ချန်လှပ်ကာ စာရင်း ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများဟု မှတ်တမ်းတင်ခြင်းကြောင့် ဒေသခံ ရိုဟင်ဂျာများ အစစ်ဆေးခံခြင်း မရှိသဖြင့် ဖမ်းဆီး ထောင်ချမည်၊ ညှဉ်းပန်း နှိပ်စက်မည်ဟု ခြိမ်းခြောက်၍ စစ်ဆေးလျက် ရှိသည်။ အချို့သော အပြစ်မဲ့ ဒေသခံများကို အစစ်ဆေး မခံဟု ဆိုကာ ဖမ်းဆီးထားခြင်းလည်း ရှိကြောင်း သိရှိရသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ယခု ကောက်ခံ နေသည့် လူဦးရေ စာရင်းကို သန်းခေါင် စာရင်းတွင် ထည့်သွင်း အသုံးပြုမည် မဟုတ်ဟု ကတိပေး ထားပြီး၊ သန်းခေါင် စာရင်း အဖွဲ့က ကောက်ခံခြင်း မဟုတ်သဖြင့် သန်းခေါင် စာရင်း ကောက်ခံခြင်း မဟုတ်ကြောင်း၊ ယခင် န.စ.က က လူဦးရေ စာရင်း ကောက်ခံသည့် အတိုင်း ကောက်ခံခြင်း ဖြစ်သည်ဟု အကြိမ်ကြိမ် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

လူဦးရေ စာရင်း ကောက်ခံနေသည့် အဖွဲ့က အိမ်ထောင်စု စာရင်းကို ကြည့်၍ လူဦးရေ စာရင်းကို ရေးမှတ်ပြီး မွေးတိုးနှင့် သေဆုံးများကို စီစစ်၍ မှတ်တမ်းတင် ပေးမည်ဟု ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ၍ ပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အမှန်တကယ် ကွင်းဆင်း၍ စစ်ဆေးရာတွင် ပြောဆိုထားသည်နှင့် ကွာဟမှုများ ရှိနေသည့် အပြင် မောင်တောမြို့တွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု ရေးသွင်း မှတ်တမ်းတင်ခြင်းကြောင့် ဒေသခံ အများစုက စိုးရိမ်လျက် ရှိပြီး၊ ဘူးသီးတောင်မြို့တွင် အသုံးပြုခဲ့သော ဖြည့်သွင်း ပုံစံများနှင့် ကွာဟမှုများကို အထက် အာဏာပိုင်များက ပြန်လည် စီစစ်ပေးရန် လိုအပ်သည်ဟု ဆိုသည်။



ဘီဘီစီမြန်မာပိုင်း
5.8.2014

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး ဗြိတိန် အစိုးရ ထားရှိတဲ့ ဝါဒ သဘောထားဟာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ ဘယ်လိုမှ လက်ခံနိုဖွယ် မရှိတဲ့ အတွက်လို့ ဆိုကာ ဗြိတိသျှ နိုင်ငံခြားရေး ဌာနရဲ့ အငယ်တန်း ဝန်ကြီး တစ်ဦး ဖြစ်တဲ့ Sayeeda Warsi ဟာ ရာထူးကနေ နှုတ်ထွက် သွားပါတယ်။

Baroness ဆိုတဲ့ အမျိုးသမီးတွေကို ပေးတဲ့ သူကောင်းဘွဲ့ ရရှိထားတဲ့ Baroness Warsi ဟာ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို ပေးတဲ့ သူမရဲ့ စာထဲမှာ အခုလို ရာထူးက နှုတ်ထွက်ရတဲ့ အတွက် ဝမ်းနည်းပါကြောင်း၊ ဒါပေမယ့် ဂါဇာနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ မူဝါဒဟာ ဗြိတိန် နိုင်ငံရဲ့ ဂုဏ်သိက္ခာ အစဉ်အလာကို ထိခိုက် ပျက်စီး စေတယ်လို့ ယုံကြည်ပါကြောင်း ရေးသားထား ပါတယ်။

Baroness Warsi ဟာ ဗြိတိသျှ အစိုးရ ကက်ဘိနက် အဖွဲ့ဝင် ပထမဦးဆုံး မွတ်ဆလင် အမျိုးသမီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ကင်မရွန်း ဘက်ကလည်း Baroness Warsi နှုတ်ထွက်တဲ့ အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပြီး၊ ဗြိတိန် အစိုးရဟာလည်း ဂါဇာမှာ ဖြစ်ပျက် နေတာတွေနဲ့ ပတ်သက်ပြီး လက်မခံ နိုင်ကြောင်း အမြဲ ပြောဆို နေခဲ့တာ ဖြစ်သလို၊ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက် စလုံးက ခြွင်းချက်မရှိ အပစ်ရပ်ကြဖို့ ဆက်တိုက် တောင်းဆို နေခဲ့တာလည်း ဖြစ်ပါတယ်လို့ တုံ့ပြန်ခဲ့ ပါတယ်။

ရိုဟင်ဂျာ လူမျိုးများကို သန်းခေါင်စာရင်း ကောက်ခံ နေစဉ် (ဓါတ်ပုံ - အေပီ / ခင်မောင်ဝင်း)

5.8.2014

ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာ နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားတဲ့ မွတ်စလင် တစ်ထောင်ကျော်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ အညီ လူတွေ့ စစ်ဆေး မေးမြန်းမှုကို မြို့နယ် အဆင့် အဖြစ် ဒီနေ့ စတင် စစ်ဆေး နေပါတယ်။

စစ်ဆေးပုံ အဆင့်ဆင့်နဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ အထဲမှာ ပါဝင်တဲ့ ရခိုင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလို ပြောပါတယ်။

"သူတို့ အဖေ၊ အမေ၊ အဖိုး၊ အဘွားတွေရဲ့ အချက်တွေ ချည်းပဲ ပြောပြီးတော့ တို့ဆီမှာ လျှောက်လွှာ တင်ထားတာ ပေါ့နော် အဲ့လျှောက်လွှာကို ရုံးချုပ်မှာ ရှိတဲ့ မှတ်တမ်း မှတ်ရာ တွေနဲ့ ရှာဖွေ ပြီးတော့မှ အဲ့သူတို့ရဲ့ အဖေ မှတ်တမ်း၊ အမေ မှတ်တမ်း တွေထည့်၊ ထည့်ပြီးတော့မှ အမှုတွဲ တည်ဆောက် ထားပြီးတော့မှ အဲ့တည်ဆောက် ထားပြီးသား အမှုတွဲ တွေကို မြို့နယ် နိုင်ငံသား စိစစ်ရေး အဖွဲ့ကနေ ပြီး ခေါ်ယူ တွေ့ဆုံပြီးမှ တစ်ဦးချင်း မှတ်တမ်းနဲ့ တိုက်ပြီး နည်းနည်း အပြင်မှာ ရှိတဲ့ အနေ အထား တွေကို မှတ်တမ်း မှတ်ရာမှတ် မှန်မမှန် ပေါ့နော် တစ်ဦးချင်းရဲ့ အဖေ၊ အမေ ရှိမရှိ ဒါတွေ စစ်ပေးတာ ပေါ့နော်"

မြန်မာ နိုင်ငံသား ဖြစ်ခွင့် လျှောက်လွှာ တွေကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် လက်ခံ ခဲ့တာ ဖြစ်ပြီး ဒီနေ့က စပြီး နိုဝင်ဘာ လမှာ အပြီး စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို မြန်မာ နိုင်ငံသား ဖြစ်ခွင့် စစ်ဆေးပြီး သွားရင် အသိအမှတ်ပြု ကတ်ပြား ထုတ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



ကိုအောင်လွင်ဦး
5.8.2014

မြန်မာနိုင်ငံမှာ ဒီသီတင်း ပတ်ကုန် ကျင်းပမယ့် အာဆီယံ လုံခြုံရေး ထိပ်သီး အစည်း အဝေးပွဲကို တက်ရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ဟာ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ဖိအားပေး ပြောဆိုမှာ ဖြစ်ပါတယ်။

အပြောင်း အလဲတွေ လုပ်ဆောင် နေတာ တွေကို အမေရိကန် ပြည်ထောင်စုက အားပေး သွားမှာ ဖြစ်ပေမဲ့ ပြင်ဆင်ဖို့ လိုအပ် နေတာ တွေကိုလည်း ပြောဆိုသွားမှာ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြ ထားပါတယ်။

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူ ထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (Asean) ရဲ့ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ထိပ်သီး အစည်း အဝေးပွဲ ARF ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry တက်ရောက်ရင်း မြန်မာနိုင်ငံက ပြုပြင်ဖို့ လိုအပ်နေဆဲ ကိစ္စတွေကို ဖိအားပေး ပြောဆိုမှာ ဖြစ်ပါတယ်။ မကြာသေးခင် နှစ်တွေ အတွင်း မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ လုပ်ဆောင် လာတဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက အားပေးပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာ ကိုလည်း ထောက်ပြမှာ ဖြစ်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Daniel Russel က ပြောဆို ခဲ့တာပါ။

“အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတာ အပါအ၀င် အခု အချိန် အထိ မြန်မာနိုင်ငံ ဆောင်ရွက် ခဲ့သမျှ တိုးတက်မှုတွေ အပေါ် ၀န်ကြီး Kerry အနေနဲ့ လေးစားတယ် ဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ လုပ်စရာတွေ တပုံကြီး ကျန်သေးတယ် ဆိုတာ ကိုလည်း သူ့အနေနဲ့ အပြည့်အ၀ သဘောပေါက် ပါတယ်။”

အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတာဟာ မြန်မာနိုင်ငံ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်မယ် လို့လည်း လက်ထောက် ၀န်ကြီး Russel က ပြောပါတယ်။ မြန်မာ အစိုးရ အနေနဲ့ အပြောင်း အလဲ တွေမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကြိုးစား နေတာ တွေ့ရပေမဲ့ မအောင်မြင် သေးတဲ့ လက္ခဏာတွေ ကိုလည်း တွေ့ရတယ်လို့ တနင်္လာနေ့က ၀ါရှင်တန် ဒီစီမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားတာပါ။

“ကာလ ကြာရှည် ဖြစ်ပွား နေတဲ့ ပြည်တွင်းစစ်၊ လူသားချင်း စာနာ ထောက်ထား ရမယ့် အကျပ် အတည်းတွေ၊ လူနည်းစုတွေ၊ ဘာသာရေး ကွဲပြားမှု အပေါ် လက်မခံ နိုင်တာ တွေကြောင့် ဖြစ်ပွား နေတဲ့ သွေးထွက် သံယို အကြမ်းဖက်မှုတွေ၊ ဒါတွေကို ဟန့်တားနိုင်ဖို့ အစိုးရ ကတော့ ကြိုးပမ်းနေ ပါတယ်။ ဒီလိုပဲ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ စစ်တပ်ရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်လို့ အကြီးအကျယ် မေးခွန်း ထုတ်နေတာ တွေကိုလည်း ဖြေရှင်းနိုင်ဖို့ ကြိုးစားနေ ရတာပါ။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ ရင်ဆိုင် နေရတဲ့ အခက် အခဲ တွေကို ဖြေရှင်းရာမှာ အမေရိကန် အနေနဲ့ ၀ိုင်းဝန်း ကူညီဖို့ အသင့် ရှိနေတဲ့ အကြောင်းလည်း လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Russel က ပြောဆို ခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ နေပြည်တော် ခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် အောက်လွှတ်တော် အမတ် ၇၂ ယောက်ဟာလည်း လူ့အခွင့် အရေး အခြေ အနေတွေ တိုးတက်မှု မရှိသေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရကို ဖိအားပေးဖို့ တိုက်တွန်း စာတစောင် ပေးပို့ခဲ့ ကြပါတယ်။

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေ အပေါ် အခြေခံတဲ့ သွေးထွက် သံယို ပဋိပက္ခတွေ၊ မကြာသေးခင် တုန်းက သတင်း မီဒီယာသမား တွေကို အရေးယူ၊ ထောင်ချတာ တွေလို တိုးတက်မှုတွေ နောက်ပြန်ဆုတ် နေတဲ့ အခြေအနေ မျိုးတွေကိုလည်း ဥပဒေပြု အမတ်တွေက ထောက်ပြ ခဲ့ကြတာပါ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Russel ကတော့ ၀န်ကြီး Kerry အနေနဲ့ မြန်မာ အစိုးရရဲ့ အဆင့်မြင့် တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံရာမှာ ဒီကိစ္စတွေကို ပြောဆိုဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။

“မြန်မာပြည်သူ တရပ်လုံးရဲ့ အခွင့်အရေး တွေကို လေးစား၊ အကာ အကွယ်ပေးဖို့၊ လူ့အခွင့် အရေးနဲ့ အခြေခံ လွတ်လပ်ခွင့် တွေကို ကာကွယ် စောင့်ရှောက်ဖို့ ၀န်ကြီး Kerry အနေနဲ့ မြန်မာ အစိုးရ ခေါင်းဆောင် တွေကို ဖိအား ပေးမယ်လို့ မျှော်လင့် ထားပါတယ်။”

ဝန်ကြီး Kerry ရဲ့ ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ နောက်ကြောင်းပြန် လှည့်မယ့် အခြေ အနေတွေ ပေါ်ပေါက် နေတာ တွေကို မြန်မာ အစိုးရ တာဝန်ရှိ သူတွေကို သတိပေး ဖို့လည်း လူ့အခွင့် အရေး လှုပ်ရှားမှု အဖွဲ့ အစည်းတွေက တိုက်တွန်း နေကြတာပါ။ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် အကဲခတ် အဖွဲ့ Human Rights Watch ကလည်း တိုးတက် ဖြစ်ထွန်းမှုတွေ ရပ်တန့်နေပြီး၊ နောက်ပြန်ဆုတ်တဲ့ လုပ်ရပ်တွေတောင် တွေ့မြင် နေရတဲ့ မြန်မာနိုင်ငံက အခြေ အနေ တွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ပွင့်ပွင့် လင်းလင်း ထောက်ပြဖို့ လိုအပ်တယ် လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

RB News
3.8.2014

လ.၀.က ပုံစံ (နိုင် - ၂) ဖြင့် နိုင်ငံသား လျှောက်ထားပြီး သူများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ - ၆၅ အရ နိုင်ငံသား တစ်မျိုးမျိုး ဟုတ်မဟုတ် ထပ်မံ လျှောက်ထားစေခြင်း အပေါ် ဥပဒေများနှင့် အညီ ပြန်လည် သုံးသပ် စီစစ်ပေးပါရန် ရန်ကုန်မြို့ အခြေစိုက် အမျိုးသား ဖွံ့ဖြိုးတိုးတက် ဒီမိုကရက်တစ် ပါတီနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီတို့က သြဂုတ်လ (၁) ရက်နေ့က နိုင်ငံတော် သမ္မတ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် တို့ထံ လိပ်မူ၍ ရေးသား တင်ပြခဲ့သည်။ 











Rohingya Eye
RB News
2.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာ၊ ၀ါးချကျေးရွာနှင့် ရှီလ်ခါလီ ကျေးရွာများသို့ စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အထူးသတင်းတပ်ဖွဲ့နှင့် စ.ရ.ဖ များဝင်ရောက်၍ ဒေသခံများ၏ နေအိမ်များ အတွင်းရှိ ပစ္စည်းများ ဖျက်ဆီး၊ လုယက် ခဲ့သည်။

ဇူလိုင်လ (၂၉) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ဘူးသီးတောင်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အထူး သတင်းတပ်ဖွဲ့နှင့် စ.ရ.ဖ အဖွဲ့တို့ပါဝင်သည့် အင်အား ၁၂၀ ကျော်တို့သည် သံဒါကျေးရွာ၊ ၀ါးချ ကျေးရွာနှင့် ရှီလ်ခါလီ ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ ရွာများကို ၀န်းရံ ပိတ်ဆို့ပြီးနောက် တစ်အိမ်တက်ဆင်း ရှာဖွေခဲ့သည်။ သံဒါကျေးရွာမှ လူငယ် တစ်ဦး ဖြစ်သည့် အာမောစ်အုလ္လာ (ဘ) ဦးနူရ်မာမတ် (အသက် ၁၇ နှစ်) ကို ဗမာစကားဖြင့် မေးခွန်း အချို့ မေးမြန်းသော်လည်း အဆိုပါ လူငယ်မှ ဗမာစကား မပြောတတ် သောကြောင့် ဖြေဆိုနိုင်ခြင်း မရှိသဖြင့် လက်နက်ကိုင် အာဏာပိုင်များက စစ်ဖိနပ်ဖြင့် ၀ိုင်းဝန်း၍ ကန်ကျောက် ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် လက်နက်ကိုင် အာဏာပိုင်များသည် နေအိမ်များ အတွင်းရှိ ပစ္စည်းများ အပါအ၀င် ဆိုက်ကား တစ်စီးကို ဖျက်ဆီး ပစ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ရွာများအတွင်းတွင် တဖက်နိုင်ငံမှ RSO များ ရောက်ရှိနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဝါးချကျေးရွာမှ ပစ္စည်းများ ဖျက်ဆီးခံရသူများမှာ --

(၁) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၃၀ နှစ်) (ဆိုက်ကား တစ်စီး ဖျက်ဆီးခံရ)
(၂) ဦးရှော်ရီအာမတ် (ဘ) ဦးအဒူရှကူရ် (အသက် ၇၀ နှစ်) (နေအိမ်တံခါး၊ ထမင်းအိုး အပါအ၀င် မီးဖိုချောင်သုံး ပစ္စည်းများ၊ အခြား အိမ်အသုံး အဆောင် ပစ္စည်းများ ဖျက်ဆီးခံရ)
(၃) ဦးအဒူဟာဖီးဇ် (ဘ) ဦးဘော်ရှော်ရ် (အသက် ၃၀ နှစ်) (နေအိမ်တွင် မိသားစုများ စားသုံးရန် ချက်ပြုတ် ထားသည့် အမဲသား ၂ ပိဿာခန့် လုယက်ခံရ)
(၄) မော်လ၀ီအီလီယာစ် (ဘ) မော်လ၀ီအာမီးရ် ဟူဆောင်း (နေအိမ်၏ ပြူတင်းပေါက်မှန် များကို ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခံရ၊ နေအိမ်တံခါးမှန်များ ဖျက်ဆီးခံရ) -- တို့ ဖြစ်သည်။

လက်နက်ကိုင် စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အကြမ်းဖက် လုယက် နေသည်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်း၊ ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ရွှေသိန်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိ များက တွေ့ရှိသော်လည်း ဟန့်တားခြင်း လုံးဝ မရှိခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ နိုင်ငံတော် အစိုးရမှ ကောင်းမွန်သည့် အစိုးရ၊ သန့်ရှင်းသည့် အစိုးရဟု ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ် မြေပြင်တွင် ဖြစ်ပျက် နေသည်များမှာ ယခင် စစ်အစိုးရ လက်ထက် ကထက် ပိုမို ဆိုးရွားလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



2.8.2014

မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အခြေအနေကို ဦးတည် နေတဲ့ အတွက် ဒီဆောင်ရွက်ချက် တွေဟာ အမေရိကန် -မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက် စေနိုင်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အနေနဲ့ မြန်မာ အစိုးရကို သတိပေး ပြောဆိုဖို့  အမေရိကန် လွှတ်တော် အမတ် အယောက် ၇၀ ကျော် က စာရေးသား တိုက်တွန်း လိုက်ပါတယ်။

အောက်လွှတ်တော်က ဒီမိုကရက် ပါတီရော၊ ရီပတ်ပလစ်ကန် ပါတီ အမတ်တွေပါ စုပေါင်း တိုက်တွန်းတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဆုံးမသတ် နိုင်သေး တဲ့ လူမျိုးရေး- ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတွေ၊ တိုင်းရင်းသားတွေ အပေါ် စစ်တပ်က အနိုင် အထက်ပြုကျင့် နေတာတွေ၊ သတင်းထောက် တွေကို ဖမ်းဆီး ထောင်ချ နေတာတွေ၊ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေကို အမေရိကန် လွှတ်တော် အမတ်တွေက ထောက်ပြကြတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ သြဂုတ်လ ၁၀ ရက်နေ့ ကျင်းပမယ့် အာဆီယံ နိုင်ငံရေး ဝန်ကြီးများ အစည်း အဝေးကို တက်ရောက်မှာ ဖြစ်သလို၊ ခရီးစဉ် အတွင်း မြန်မာ အစိုးရ ခေါင်းဆောင် တွေနဲ့လည်း နှစ်နိုင်ငံ ကိစ္စတွေ အတွက် တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်တဲ့ အတွက် အောက်လွှတ်တော် အမတ်တွေက အခုလို စာရေးသား တိုက်တွန်း လိုက်တာပါ။

ကြာသပတေးနေ့ ရက်စွဲနဲ့ ရေးသား တိုက်တွန်း လိုက်တဲ့ အဲဒီစာမှာ လွှတ်တော် အမတ်တွေ ကြားမှာ သြဇာကြီးတဲ့ ဂျိုးဇက် ခရောက်လီ၊ စတိဗ်ချား ဘော့ထ်တို့ ပါဝင် လက်မှတ် ရေးထိုးထား ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ကလဲ ရီပတ် ပလစ်ကန် အမတ် မစ္စတာ မစ်ခ်ျမက် ကောနဲလ်က ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် အရွေးခံ နိုင်အောင် အခြေခံ ဥပဒေ ပြင်ဆင်ဖို့ မြန်မာ အစိုးရကို တောင်းဆို ထားပါတယ်။



Rohingya Eye
RB News
2.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ (၁၂) ဦးကို အစစ်ဆေးခံရန် အမိန့်စာ ထုတ်ပြန်ပြီးနောက် သြဂုတ်လ (၁) ရက်နေ့ နံနက် အစောပိုင်းတွင် ဒေသခံ (၉) ဦးကို ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ (၁၂) ဦးကို အစစ်ဆေးခံရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) ရုံးက အမိန့်စာ ထုတ်ပြန်ပြီးနောက် သြဂုတ်လ (၁) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ဒေသခံ (၉) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဒေသခံ (၉) ဦးကို ဖမ်းဆီးရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကား (၆) စီးဖြင့် ရောက်ရှိလာခဲ့ပြီး ကျီးကန်းပြင် ဌာနချုပ်သို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရသူများမှာ --

(၁) အီဒီရီစ် (ဘ) ဦးဇော်ဟိရ်အာမတ် (အသက် ၁၈ နှစ်)
(၂) ဦးနူရ်အာလာမ် (ဘ) ဦးဆွေယာဒူရောန် (အသက် ၄၂ နှစ်)
(၃) မာမတ်နူရ် (ဘ) ဦးနူရ်အာလာမ် (အသက် ၂၅ နှစ်)
(၄) ကိုချီနား (ဘ) ဦးနူရ်အာလာမ် (အသက် ၁၇ နှစ်)
(၅) နူရူအာမီးန် (အသက် ၁၈ နှစ်)
(၆) ဦးဇော်ဟိရ်အာမတ် (အသက် ၅၀ နှစ်)
(၇) ဟာဖီးဇ် ရှော်ဘူးအာလာမ် (အသက် ၂၈ နှစ်)
(၈) ဟာဖီးဇ် ရှော်ဘူးအာလာမ်၏ တူတော်မောင် တစ်ဦး
(၉) ဦးနူရ်အာလာမ်၏ နွားကျောင်းသား တစ်ဦး - တို့ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူဦးရေ စာရင်း စစ်ဆေးမည်ဟု ခေါင်းစဉ်တပ်၍ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများဟု စာရင်းပြုစု နေသည့် အတွက် ဒေသခံ ရိုဟင်ဂျာများက ပါဝင် အစစ်ဆေးခံရန် ငြင်းဆန် နေခြင်း ဖြစ်သည်။ အစစ်ဆေး မခံသည့် အတွက်ဟု ဆိုကာ ဖမ်းဆီး နေခြင်း ဖြစ်ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးနူရူအာမီးန်က ကျီးကန်းပြင် ဌာနချုပ်သို့ သွားရောက်၍ စုံစမ်း မေးမြန်း ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

ယနေ့ ရရှိသည့် သတင်းများ အရ ဟာဖီးဇ် ရှော်ဘူးအာလာမ်၏ တူတော်မောင် (အသက် ၁၇ နှစ်) အား ပြန်လည် လွှတ်ပေးသည်ဟု သိရှိရပြီး၊ ၎င်းတို့ကို ဖမ်းဆီးစဉ်က နေအိမ်များရှိ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ငွေများ လုယက်ခြင်း များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းများ ရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



1.8.2014

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာမယ့်လ သွားရောက်တဲ့ အခါမှာ မြန်မာ အစိုးရရဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှု တွေကို ဦးစားပေး ဆွေးနွေးဖို့ ဆိုပြီး အမေရိကန် အခြေစိုက်တဲ့ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်း အသင်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စုပြီး နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီထံကို စာရေးသား တောင်းဆို ထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုတွေ ရှိနေတယ် ဆိုပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအ၀င် အတော်လေး စိုးရိမ် မကင်း ဖြစ်စရာ ကောင်းတဲ့ အခြေအနေ တွေထဲမှာ ဘာသာရေး အရ အကဲစပ်မှု တိုးမြင့် လာတာ ဖြစ်တယ်လို့ အဲဒီ အဖွဲ့ အစည်းတွေ စုပြီး မစ္စတာကယ်ရီထံ ပေးပို့တဲ့ စာထဲမှာ ပါရှိပါတယ်။

အဓိက အချက် ကတော့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်တွေကို ပစ်မှတ်ထား အကြမ်းဖက်တာ တွေအပြင်၊ ပြီးခဲ့တဲ့ မိထ္ထီလာ၊ ဥက္ကံ၊ လားရှိုး၊ မန္တလေး မြို့တွေက ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု တွေကို ထောက်ပြ ဖော်ပြပါတယ်။ ဒါ့အပြင် ယုံကြည်မှု ဘာသာ အကူး အပြောင်း ဆိုင်ရာ တင်းကြပ်တဲ့ ဥပဒေကြမ်း တွေကိုလည်း အတည်ပြုနိုင်ဖို့ မြန်မာ အစိုးရက လွှတ်တော်ကို တင်ပြထားတယ် လို့ ထောက်ပြ ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ လူပုဂ္ဂိုလ် လက်မှတ် ၂၂ ခုပါဝင်တဲ့ အဲဒီ စာထဲမှာ မြန်မာ အစိုးရ အနေနဲ့ ဒီဥပဒေကြမ်း တင်သွင်းမှုကို ပယ်ဖျက်ပြီး ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ အကြောင်းရပ် တွေကို အရေးယူ ကိုင်တွယ်နိုင်ဖို့ ဖိအားပေး သွားရေး မစ္စတာ ကယ်ရီကို တိုက်တွန်း ထားပါတယ်။

လက်မှတ်ထိုး ထားတဲ့ အထဲမှာ မြန်မာ့ အရေးကို တစိုက် မက်မက် ဆောင်ရွက်နေတဲ့ CSW ကမ္ဘာလုံး ဆိုင်ရာ ခရစ်ယာန် သွေးစည်း ညီညွတ်ရေး အဖွဲ့ဆိုတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းလည်း ပါဝင်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးကယ်ရီဟာ အခုလာမယ့် သြဂုတ်လထဲမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ဒေသတွင်း အစည်းအဝေးကို တတ်ရောက်ဖို့ ရှိနေတာပါ။

ဝန်ကြီးကယ်ရီ အနေနဲ့ မြန်မာနိုင်ငံ ရောက်တဲ့ အခါမှာ လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ ရှိနေတဲ့ စိန်ခေါ် အကဲစမ်းချက်တွေ ကို လေ့လာ စူးစမ်း သွားဖို့ ရှိတယ်လို့ တနေ့တုန်းကပဲ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Dineal Russel က ပြောခဲ့ပါတယ်။ သမ္မတ အိုဘားမား ဟာလည်း မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ကျင်းပမယ့် အရှေ့အာရှ နိုင်ငံများ ထိပ်သီး အစည်း အဝေးကို တတ်ရောက်ဖို့ ရှိနေပါတယ်။



အောင်ရဲမောင်မောင်
31.7.2014

မြန်မာနိုင်ငံမှာ ငွေကျပ် သိန်းသောင်းချီ ပေးဝယ်ခဲ့ရတဲ့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေကို ကာတာနိုင်ငံ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှုကနေ ငွေ ကျပ် ၁၅၀၀ နဲ့ ရောင်းချ ပေးနေတာကြောင့် ရန်ကုန် နဲ့ မန္တလေးမြို့မှာ ဒီကနေ့ ပြည်သူ အများအပြား ၀ယ်ယူ ခဲ့ကြတာပါ။ တရားဝင် ရောင်းချရမယ့် ရက်ဟာ သြဂုတ်လ အတွင်း ဖြစ်ပေမဲ့ ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်တွေမှာ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ ကိုယ်စားလှယ် ဆိုင်တွေက စတင် ရောင်းချ ပေးနေတာပါ။ အပြည့်အစုံ ကိုတော့ ဆက်သွယ် မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲ မောင်မောင်က ပြောပြမှာပါ။

ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်နေ့ တွေဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် ဖုန်းဆင်းကတ် ဈေးကွက် တစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ နေ့ရက်တွေလို့ ပြောရမှာပါ။ ငွေကျပ် သိန်း ၃၀ ကစလို့ နောက်ဆုံး ငွေ ၃၀၀၀၀ ပေးမှ မိုဘိုင်းလ် ဆင်းကတ် ၀ယ်နိုင်တာကနေ ငွေကျပ် ၁၅၀၀ နဲ့ မိုဘိုင်း ဆင်းကတ် တွေကို ကာတာ အခြေစိုက် Ooredoo တယ်လီဖုန်း ၀န်ဆောင်မှု က အများ ပြည်သူ အကြား ၀ယ်ယူ နိုင်အောင် ဖန်တီး ပေးခဲ့တဲ့ အချိန်မှာ ရန်ကုန်၊ မန္တလေး မှာ ရှိတဲ့ ပြည်သူတွေ အကြား လှုပ်လှုပ် ခတ်ခတ်တွေ ဖြစ်ခဲ့ ရပါတယ်။


Ooredoo ဆင်းကတ်တွေကို တရားဝင် ရောင်းချခွင့် ရထားတဲ့ ရန်ကုန် မန္တလေးက ဆိုင်အချို့က သူတို့ လက်ထဲ မှာ ရှိနေတဲ့ မိုဘိုင်းလ် ဖုန်းကတ်တွေကို ဒီကနေ့ မနက် အစောပိုင်းက စလို့ ရန်ကုန်မြို့ ပန်းဆိုးတန်းနဲ့ ဆူးလေ ဘုရား လမ်းမပေါ်က ဆိုင်တွေမှာ ရောင်းချ ခဲ့တာကြောင့် ပြည်သူတွေက
ကျိတ်ကျိတ်တိုး ၀ယ်ယူတာ တွေလည်း ဖြစ်ခဲ့ ပါတယ်။ Ooredoo ဖုန်းကတ် ၀ယ်လိုတဲ့သူ တွေကို မှတ်ပုံတင် မိတ္တူ နဲ့ အတူ ရောင်းချ ပေးခဲ့တာ ဖြစ်ပြီးတော့ လိုချင်တဲ့သူတွေ အနေနဲ့ လွတ်လွတ် လပ်လပ် ပြင်ပ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တွေ မှာ ၀ယ်ယူနိုင်တယ်လို့ ဆူးလေ ဘုရား လမ်းမ ပေါ်က မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ပိုင်ရှင် တစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"လူတိုင်းတော့ဝယ် လို့ရတယ်။ ဒါပေမဲ့ ဝယ်တဲ့ အခါကျရင် မှတ်ပုံတင် မိတ္တူ လိုမယ်။ နောက် ဓာတ်ပုံ မူရင်း လိုမယ်။ နောက် ဝယ်ပြီးရင် လက်မှတ်ထိုး ပေးရမယ်။ မှတ်ပုံတင် မိတ္တူအောက်မှာ လက်မှတ်ထိုး ပေးရမယ်။ အဲ့တာလေး တွေပေါ့။ ဈေးကတော့ တခုပဲ သတ်မှတ် ထားတယ်။ ပိုလို့လဲ မရဘူး။ လျော့ယူလို့လဲ မရဘူး။ ၁၅၀၀ ကျပ်ပဲ ရောင်းလို့ ရမယ်။"

တကယ်တော့ Ooredoo မိုဘိုင်းဖုန်း ဆင်းကတ်တွေကို သြဂုတ်လ ၂ ရက်နေ့မှ တရားဝင် ရောင်းချခွင့် ပေးထားတာ ဖြစ်တယ် လို့လည်း Ooredoo မြန်မာရဲ့ လူမှု ဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာတော့ ဆင်းကတ် လက်ဝယ် ရထားတဲ့ ကိုယ်စားလှယ် တွေက ဒီရက်ပိုင်းမှာ ဈေးကွက် လက်ဦးမှု ရယူပြီး ဈေးကွက် အတွင်း စတင် ရောင်းချ ခဲ့တာကြောင့် မိုဘိုင်းလ် ဖုန်းကတ်တွေရဲ့ ဈေးဟာ ငွေကျပ် ၁၀၀၀၀ ထိ အပြင်မှာ ပေါက်ဈေး ရှိလာတာကို တွေ့ရတယ်လို့ Ooredoo ဖုန်းကတ် သွားရောက် ဝယ်ခဲ့တဲ့ ကိုမင်းညိုအံ့က ဗွီအိုအေ ကိုပြောပါတယ်။

"တချို့ဆိုင်တွေက တစ်သောင်း အထိ ပေါက်တယ်။ ဆယ်ကဒ် ဝယ်ပြီးတဲ့ သူတွေက အပြင်မှာ ပြန်ရောင်းတာက ခုနှစ်ထောင်၊ တစ်သောင်းလောက် အထိ ပြန်ရောင်းတယ် ခင်ဗျ။ ဘယ်အချိန်မှာ ဘယ်ဆိုင်တွေက ဘယ်လိုရောင်း သလဲဆိုတာ၊ တစ်ဆိုင်နဲ့တစ်ဆိုင် မတူဘူး။ ဒီတစ်ဆိုင် ရောင်းရပြီဆိုရင် နောက်တစ်ဆိုင်က မရှိတော့ဘူး။ အဲ့လို ပေးတဲ့ပုံစံခြင်း မတူဘူးခင်ဗျ။ ရောင်းလို့ ရပြီဆိုလို့ ရောင်းတာတဲ့။ အဲ့လိုပြောတယ် ရောင်းလို့ရပြီ ပြောလည်း ပြောပြီးရော၊ မြန်မာပြည် ဈေးကွက် စီးပွားရေး အရ လျှင်သူ စားစတမ်း ဆိုတော့ ဈေးတင် ရောင်းတယ်တဲ့။ တစ်ထောင့်ငါးရာကနေ အဲ့လို ပြောတယ် ခင်ဗျ။ ဆိုင်ရှင်တချို့က။"

Ooredoo အနေနဲ့ လက်ရှိမှာ သူတို့နဲ့ ဆင်းဒ်ကတ် ရောင်းချခွင့် စာချုပ် ချုပ်ဆိုထားတဲ့ စာချုပ်အရ ဆင်းကတ် တွေကို ခွဲတမ်းနဲ့ ချထားပေးတာ ဖြစ်ပြီးတော့ ရွှေအဆင့်မှ ဆင်းကတ် ၈၀၀၊ ငွေအဆင့်မှာ ဆင်းကတ် ၄၀၀ နဲ့ ကြေးအဆင့်မှာ ဆင်းကတ် ၂၀၀ အထိသာရောင်း ချထားပေးတာ ဖြစ်တယ်လို့
မိုဘိုင်းဖုန်း အရောင်းဆိုင်တွေက ပြောပါတယ်။

Ooredoo ကုမ္ပဏီက လတ်တလော သတ်မှတ် ထားတဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေ ကတော့ ၎င်းတို့ ဆင်းကတ် အချင်းချင်း ဖုန်းခေါ်ဆိုရင် တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမှာ ဖြစ်ပြီးတော့ အခြား အော်ပရေတာ (MPT, Telenor, Mectel)တွေကို ဖုန်း ခေါ်ရင် တစ်မိနစ်လျှင် ၃၅ ကျပ် ၊ SMS စာတို ပေးပို့ပါက တစ်စောင်ကို ၂၅ ကျပ်နှင့် အင်တာနက် အသုံးပြုမည် ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမယ်လို့ ဆိုထားပါတယ်။

အစောပိုင်း ကာလတွေ တုန်းကတော့ Ooredoo ကုမ္ပဏီဟာ မွတ်စလင်တွေ အများစု နေထိုင်တဲ့ ကာတာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်တာကြောင့် မြန်မာတွေ အနေနဲ့ ၀ယ်ယူ မသုံးစွဲကြဖို့၊ အကယ်လို့ Ooredoo နံပတ်နဲ့ ဖုန်းတွေ ဝင်လာရင်လည်း မကိုင်ကြဖို့ ၀ါဒဖြန့်ချိမှုတွေ ရှိထားတာပါတယ်။

Ooredoo နဲ့အတူ မြန်မာနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်း အော်ပရေတာ လုပ်ကိုင်ခွင့် ရထားတဲ့ နောက်ထပ် ကုမ္ပဏီ တစ်ခု ကတော့ နော်ဝေ အခြေစိုက် တယ်လီနော် ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါအပြင် လက်ရှိ မြန်မာနိုင်ငံက လူအများစု ကိုင်တွယ်နေတဲ့ မြန်မာ ဆက်သွယ်ရေး လုပ်ငန်းကလည်း လက်ရှိ ဖုန်းတွေကို
ဝန်ဆောင်မှု ပေးနိုင်ဖို့နဲ့ နောက်ထပ် မိုဘိုင်း ဆင်းကတ်တွေကို နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ အပြိုင် ရောင်းချနိုင်ဖို့ ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ KDDI နဲ့ ပူးတွဲပြီး လုပ်ငန်းတွေ လုပ်ကိုင်မယ် ဆိုပြီးတော့လည်း တရားဝင် ကြေညာ ထားတာပါ။

Rohingya Exodus