နောက်ဆုံးသတင်း/ဆောင်းပါးများ



Rohingya Eye
RB News
5.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ လူငယ် အများအပြားကို လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနား ခွဆုံရွာမှ ကျေးရွာသား ယာဆဲရ်အာရာဖတ် (အသက် ၂၇ နှစ်) သည် မြို့ထဲသို့ ကွမ်းရွက် ရောင်းရန် သွားနေစဉ် ကျီးကန်းပြင် စစ်ဆေးရေး ဂိတ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီး၍ ကျီးကန်းပြင် ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်းကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ပြီး ဒေသခံ လူငယ်များ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု အတင်း အဓမ္မ ထွက်ဆို ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စက်တင်ဘာလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့မှ စ၍ ဘာသာရေး ကျောင်းသားများကို ပစ်မှတ် ထားပြီး မော်လ၀ီ ကျောင်းသား လူငယ် (၂၁) ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါ လူငယ် များကို အမှတ် (၄) နယ်မြေ လိပ်ရ ကျေးရွာ၊ အမှတ် (၅) နယ်မြေ ငါးခူရ ကျေးရွာနှင့် ကျီးကန်းပြင် ဌာနချုပ် တို့တွင် ချုပ်နှောင် ထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ အတင်း အဓမ္မ ၀န်ခံခိုင်းလျက် ရှိရာ၊ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဆီးလမ်းကြောင်း များပင် ပိတ်ဆို့သွားကြောင်း အမည် မဖော်လိုသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရ သိရှိရပါသည်။

သစ်တောနားခွဆုံ ကျေးရွာမှ ယာဆဲရ်အာရာဖတ်သည် ကွမ်းရွက် ရောင်း/၀ယ်သူ တစ်ဦး ဖြစ်ပြီး၊ မည်သည့် လက်နက်ကိုင် အဖွဲ့နှင့်မှ ဆက်သွယ်မှု မရှိကြောင်း သစ်တောနား ခွဆုံကျေးရွာသား များ၏ ပြောကြားချက် အရ သိရှိရသည်။ သို့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများကို မလိုလားအပ်သည့် ပြဿနာများ ဖန်တီးရန် ဖမ်းဆီးပြီး အတင်း အဓမ္မ ထွက်ဆိုခိုင်းကာ အပြစ်မဲ့ လူငယ် ၂၁ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။

ဖမ်းဆီးခံရသည့် မော်လ၀ီ ကျောင်းသား လူငယ်များမှာ --

(၁) မော်လ၀ီ ဆွေဒူလာမီးန် (ဘ) ဦးဆုလ်တာန် (အသက် ၃၃ နှစ်) -- မင်းကျီး ကျေးရွာ (တူလာတူလီ ဖာရာ)
(၂) အူမောရ်ဖာရုခ် (ဘ) ဦးမာမတ်ရော်ရှိတ် (အသက် ၂၇ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၃) မော်လ၀ီ ယူနုစ် (ဘ) ဦးဖော်ကီရ်အာမတ် (အသက် ၃၈ နှစ်) -- ၀ါးချောင်း ကျေးရွာ (၀ါးကီးယောမ် ဖာရာ)
(၄) မာမတ်အာလာမ် (ဘ) ဦးမာမတ်ရော်ရှိတ် (အသက် ၃၂ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၅) ဟာဖီးဇ်ဟာဆောင်းအုလ္လာ (ဘ) ဦးအဒူကာဒဲရ် (အသက် ၂၆ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၆) မော်လ၀ီအေနာသ်အုလ္လာ (ဘ) ဦးလုခ်မာန် (အသက် ၄၈ နှစ်) -- တမန်းသားကျေးရွာ
(၇) ဘော်ဒီအာလမ် (ဘ) ဦးဆိုက်ဖူလ္လာ (အသက် ၂၅ နှစ်) -- တမန်းသားကျေးရွာ
(၈) ဆိုက်ဖူလ္လာ (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၁ နှစ်) -- တမန်းသား ကျေးရွာ
(၉) အလီဇူဟာရ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၅ နှစ်) -- တမန်းသားကျေးရွာ
(၁၀) ကမာလ်ဟူဆောင်း (ဘ) ဦးအဒူဟာလစ် (အသက် ၂၀ နှစ်) -- တမန်းသားကျေးရွာ
(၁၁) မာမတ်တော်ယုဖ် (ဘ) ဦးမာမတ်အီနုစ် (အသက် ၂၄ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ)
(၁၂) မာမတ်တော်ယုဖ် (ဘ) ဦးဂူရာမျာ (အသက် ၂၃ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ)
(၁၃) မာမတ်ရှာကဲရ် (အသက် ၂၅ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ) -- တို့နှင့် အတူ တောင်ပြို လက်ဝဲ မြို့နယ်ခွဲနှင့် ငရန်းချောင်း ကျေးရွာ တို့မှ (၈) ဦးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ လူငယ်များ၏ အပေါင်းအသင်း လူငယ်များကို ဖမ်းဆီးရန် ဆက်လက် ရှာဖွေလျက် ရှိသောကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် အထိတ်တလန့် သဖွယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
5.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ နွားကျောင်းသားများ နွားကျောင်းနေစဉ် ရခိုင်ရွာသားများက ရိုက်နှက်၍ နွားများကို လုယက်သည့် အပြင် နွားကျောင်းနေသူ တစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၅) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ နွားကျောင်းနေသူ များသည် ရွာ၏ အရှေ့ဘက်ရှိ ကွန်ဂရစ် လမ်းပေါ်သို့ ရောက်ရှိသည့် အခါ မောရ၀တီ ရခိုင်ရွာမှ ရခိုင်လူငယ် (၅) ဦးနှင့် မောရ၀တီ အခြေစိုက် စစ်တပ် ကင်းစခန်းမှ စစ်သား (၂) ဦးရောက်ရှိလာပြီး လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် နွားကျောင်းနေသူများ နွားကျောင်းနေသည့် နွား (၃) ကောင်ကို လုယက်ခဲ့သည်။ ထို့အပြင် နွားကျောင်းနေသည့် ဦးကမာလ် ဟာဆောင်းန် (ဘ) ဦးအာန်ဇူလ် ဟာဆောင်းကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးကမာလ်ထံမှ ငွေကျပ် (၆) သိန်း ညှစ်ယူပြီး စက်တင်ဘာလ (၂၆) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသည့် ဦးကမာလ်ဟာဆောင်းန်ကို ရခိုင်ရွာသားများက လူမဆန်စွာ ရက်စက်စွာ ရိုက်နှက်ခဲ့မှုကြောင့် အသက်ရှုရန်ပင် အခက်အခဲ ဖြစ်နေပြီး၊ လမ်းမလျှောက် နိုင်တော့သလို အစာစားရန်လည်း အခက်တွေ့ နေကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရခိုင်လူငယ် (၅) ဦးနှင့် စစ်သား (၂) ဦးတို့၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် နွားကျောင်းနေသူ (၇) ဦးလည်း ဒဏ်ရာများ ရရှိခဲ့သည်။ ၎င်းတို့မှာ --

(၁) ဦးအဒူရော်ရှိတ် (အသက် ၄၃ နှစ်)
(၂) ဦးကာဆိမ်း (အသက် ၆၂ နှစ်)
(၃) မူခ်တာရ် (ဘ) ဦးဘာဆာမျာ (အသက် ၁၃ နှစ်)
(၄) ဆီရာဇ်ဒူလ္လာ (ဘ) ဦးအာဗ်ဒူရှုကူရ် (အသက် ၁၂ နှစ်)
(၅) ဇီယာဘူရာမန် (ဘ) ဦးအာဗ်ဒူရှုကူရ် (အသက် ၁၂ နှစ်)
(၆) ဖူတီးခ်ခါ (ဘ) ဦးအဘူဘော်ကော်ရ် (အသက် ၁၃ နှစ်)
(၇) ဦးမိုဟာမတ် တော်ယူဘ် (ဘ) ဦးအာဗ်ဒူရှုကူရ် (အသက် ၃၅ နှစ်) -- တို့ဖြစ်ပါသည်။



MYARF
RB News
5.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် (၃) မိုင် ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ရိုက်နှက်ခြင်း၊ မသင်္ကာသည်ဟု ဆိုကာ အိမ်များထဲသို့ ၀င်ရောက်၍ စစ်ဆေးခြင်း၊ နေအိမ်များမှ နွား၊ ကြက်၊ ငှက် စသည်များကို လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၉) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် (၃) မိုင် ကင်းစခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၁၅) ဦးခန့်သည် ညောင်ချောင်းရွာထဲသို့ ၀င်ရောက်၍ ဦးဇော်မိလ် (ဘ) ဦးကော်ဘိရ်၏ နေအိမ်ကို ၀ိုင်းရံကာ နေအိမ်အတွင်း ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး တရားဥပဒေနှင့် မလွတ်ကင်းသည့် တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း အဆိုပါ နယ်ခြားစောင့် ရဲများက ဦးဇော်မိလ်၏ အိမ်မှ ငွေကျပ် ၅ သိန်းတန် နွားထီး တစ်ကောင်နှင့် အိမ်မွေးကြက်၊ ခိုများ အားလုံးကို လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် တစ်ရွာလုံး လှည့်လည် စစ်ဆေးစဉ် နေအိမ် အချို့ထဲသို့ ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ ဦးအေနာမုလ် ဟာဆန် (ဘ) ဦးဟာရွန်၊ ဦးဟာရဲစ် (ဘ) ဦးမာမူဒုလ်ဟာဆောင်း၊ ဦးရော်ရှိတ် (ဘ) ဦးအာဘုလ်ခိုက်ရ် တို့ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် အခြားသော ရွာသားများကိုလည်း ရိုက်နှက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ညောင်ချောင်း ရွာထဲသို့ ၀င်ရောက်၍ လိုင်စင်ရ ဓါးပြများ သဖွယ် သောင်းကျန်း နေသည်ကို ညောင်ချောင်းရွာ အနီးရှိ ရွှေရင်အေး (န.တ.လ ရွာ) အခြေစိုက် စစ်တပ် ကင်းစခန်းမှ တာဝန်ခံ ဗိုလ်ကြီးက သိရှိသွားသည့် အခါ အဆိုပါ ဗိုလ်ကြီးနှင့် အဖွဲ့သည် ညောင်ချောင်းရွာသို့ ရောက်ရှိလာခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်ရန် တားမြစ်ခဲ့ကြောင်း သိရှိရပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရွှေရင်အေး (န.တ.လ ရွာ) မှ ရောက်ရှိလာသည့် စစ်တပ်အဖွဲ့သည် ညောင်ချောင်းရွာမှ ည (၁၂) နာရီခန့် အချိန်တွင် ထွက်ခွာ သွားခဲ့ကြသည်။

ဒေသခံ ရိုဟင်ဂျာ ရွာသားများထံမှ လုယက်ယူခဲ့သည် နွား၊ ကြက်၊ ငှက်များကို ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ခြင်း မရှိဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက (၃) မိုင် ကင်းစခန်းသို့ ယူဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရွာထဲသို့ အချိန်မတော် ၀င်ရောက်၍ သောင်းကျန်း နေမှုများကြောင့် ဒေသခံ ရွာသားများ အလွန် စိုးရိမ်လျက် ရှိပြီး၊ နယ်ခြားစောင့် ရဲများ အချိန်မတော် ၀င်ရောက်၍ စစ်ဆေးသည့် အချိန်တွင် ရွာသား အများစုက လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ရွာထဲမှ တိမ်းရှောင်လေ့ ရှိသည်။ ထိုကဲ့သို့ အချိန်မျိုးတွင် လူမဆန်စွာ နယ်ခြားစောင့် ရဲများက နေအိမ်များတွင် ကျန်ရစ်ခဲ့သည့် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ ဥပဒေမဲ့ လိုင်စင်ရ ဓါးပြများ သဖွယ် ပြုလုပ်နေသည် များကို အထက် အာဏာပိုင်များက ကိုင်တွယ် ဖြေရှင်း ပေးရန် လိုလားကြောင်း ဒေသခံများက ပြောပါသည်။

ဌေးလွင်ဦး
RB News
3.10.2014

ရိုဟင်ဂျာတို့ကို တစ်စိုက်မတ်မတ် ထိုးနေတဲ့ "ဘင်္ဂလီ" ဆိုတဲ့ ဂျက်လက်သီးကို အူလှိုက်အသဲလှိုက် အားပေး ရင်း မြန်မာတစ်ပြည်လုံး ၀ိုက်လက်သီးပြင်းပြင်း အချက်ပေါင်းများစွာ ထိနေခဲ့တာ မရှုနိုင်မရှိုက်နိုင် ဖြစ်နေခဲ့ပြီ။

လူမျိုး တစ်မျိုးအပေါ် မတရားသဖြင့် နှိပ်စက်ဘို့ ညီညွတ်ခြင်း အတွက် ထိုညီညွတ်သူတို့ ခံစားရတဲ့ ပြစ်ဒဏ် ရယ်လို့ ပြောရလေမလား။

ရိုဟင်ဂျာတို့ကို ကျူးကျော်လာသူ၊ ခိုးဝင်လာသူ ဘင်္ဂလီ ဖြစ်တယ်လို့ ညာသံကြီး ပေးလိုက်မှု အပေါ် အခြေခံ လူတန်းစားတို့ ဘုမသိ ဘမသိ ပါဝင်မိတာမှာ အပြစ်မဆိုသာပေမယ့်-၊ စစ်အစိုးရဟာ ဘာမဆို လိမ်ညာတတ် တယ်ဆိုတဲ့ အချက်ကိုသိနေပါလျှက် ကိုယ်တိုင်ခံစားရပါလျှက် လူလိမ်လူညစ် အစိုးရဘက်က ထောက်ခံ သြဘာပေးနေတဲ့ အတိုက်အခံတို့ကိုတော့ စဉ်းစားစရာ ဖြစ်လာပါတယ်။

ရိုဟင်ဂျာတို့ကို "ဘင်္ဂလီ" တံဆိပ်ထုဘို့ စိုင်းပြင်းနေတဲ့ အစိုးရဟာ အခုအချိန်ထိ ရိုဟင်ဂျာတွေကို "ဘင်္ဂလီ" တံဆိပ် ပြတ်ပြတ်သားသား ထင်ထင်ပေါ်ပေါ် မထုနိုင်သေးပေမယ့်- အခြားတစ်ဘက်မှာ ကြေးနီတောင်ကိစ္စ အနိုင်ယူခဲ့တယ်။ ၅၉ (စ) ကိစ္စ ပွဲသိမ်းရိုက်ခဲ့တယ်။ ၄၃၆ ကိစ္စ ပယ်ချခဲ့တယ်။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ လည်း ကြားညပ်သွားစေခဲ့တယ်။ ရိုဟင်ဂျာတို့ အပေါ် ပစ်သွင်းနေတဲ့ ဂျက်လက်သီးက ရိုဟင်ဂျာတို့ကို ဒီနေ့ထိ တည့်တည့်ထိအောင် မထိုးနိုင်သေးဘူး (နောက်လည်း ထိုးနိုင်မှာ မဟုတ်ဘူး)။ သို့သော် ၀ိုက်လက်သီး ထိကုန် သူများက- ရိုဟင်ဂျာများ တော့ မဟုတ်ပါ။

ရိုဟင်ဂျာတွေကို "ဘင်္ဂလီ" တံဆိပ်ထုကြ၊ မြန်မာမွတ်ဆလင်တွေကို ပသျှူး၊ ကမန်ပါမကျန် "ဘင်္ဂလီ" တံဆိပ် ထုကြ-၊ ဟေး- ဟေး ဟေး ဆိုကာ ညာသံပေးမှုကို မြန်မာတစ်ပြည်လုံး မိန်းမောနေလျှက် မြစ်ဆုံ၊ ကျောက်ဖြူ ဂစ်ပိုက်လိုင်းကစ နောက်ဆုံး ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲထိ မြန်မာတစ်ပြည်လုံး နလံမထူအောင် သိန်းစိန်အစိုးရက ၀ိုက်လက်သီးများ ထိုးချသွားခဲ့ပါပြီ။

အပြောင်းအလဲကြီး တစ်ခုအတွက် ပြည်သူတစ်ရပ်လုံး အဓိက မျှော်မှန်းထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲလည်း ပက်ပက်စက်စက် ထိဘို့ ရှိနေပြီ။ ကြံ့ခိုင်ရေးပါတီ အကြီးအကဲများက ကြံ့ခိုင်ရေးပါတီ နိုင်စေရမယ်လို့ ကြုံးဝါးသံ များ နားရှိသူတိုင်း ကြားမိမှာပါ။ သူတို့မှာ နိုင်ကွက်မရှိဘဲ စိတ်ကူးယဉ်ကာ ကြုံးဝါးနေမှာ မဟုတ်ဘူး ဆိုတာ လောက် စဉ်းစားသူ ဘယ်လောက် ရှိလေမလဲ- လို့ တွေးစရာပါ။

အမှန်တစ်ကယ် တိုင်းပြည်ကို တိုးတက်ချင်သူ၊ အမှန်ကို အမှန်အတိုင်း ခေတ်နဲ့အညီ တိုင်းပြည်ကို ဖွံ့ဖြိုးစေချင် သူ- မှန်ရင် အစိုးရရဲ့ ညစ်လုံး "ဘင်္ဂလီ" တံဆိပ် တပ်ဆင်နေမှုများ မှားယွင်းနေကြောင်း လူထုကိုတော့ အသိ ပေးသင့်ပြီ။ ဒီစကားဟာ ရိုဟင်ဂျာများ ဘက်က လိုက်ပြောပေးပါလို့ တောင်းပန်ခြင်း မဟုတ်ပါ။ စကားအကုန် ပြောရရင် ရိုဟင်ဂျာများ အတွက် ဟိုးအစကတည်းက ဘယ်သူမှ မကူညီခဲ့သလို နောက်လည်း အကူအညီ မလိုပါ။ ကိုယ့်အားနဲ့ ကိုယ်ရုန်းကန်နိုင်ပါတယ်။

ရိုဟင်ဂျာတို့အား "ဘင်္ဂလီ" တံဆိပ်လိုက်ကပ်နေတဲ့ အစိုးရရဲ့ ညစ်လုံး ဂျက်လက်သီးကို ဖျက်ထုတ်နိုင်ရင် တိုင်းပြည်တစ်ခုလုံး နစ်နာစေမယ့် ၀ိုက်လက်သီးများကို ရှောင်တိမ်းနိုင်ရန်သာ "ဂျက် လက်သီးကို ဖျက်ကြ"လို့ သတိဖေါ်ပေးခြင်းမျှသာ ဖြစ်ပါတယ်။

အစိုးရ အကြောက်ဆုံးက ရိုဟင်ဂျာတို့အား ရိုဟင်ဂျာ အဖြစ် ပေးလိုက်ရမှာကို အကြောက်ဆုံး မဟုတ်ပါ၊ သူတို့ အာဏာလက်လွတ်သွားမှာကိုသာ အကြောက်ဆုံး ဖြစ်တယ် ဆိုတယ် ဆိုတဲ့ အချက်ကို ပြည်သူတို့ သိစေချင်ပါတယ်။ ရိုဟင်ဂျာတွေကို ရိုဟင်ဂျာ အဖြစ် သတ်မှတ်ပေးလိုက်ရလို့လည်း အစိုးရ သို့မဟုတ် အုပ်ချုပ် သူများ အတွက် နစ်နာစရာ မရှိပါ။ အာဏာလက်လွှတ်လိုက်ရမှ သာလျှင်- သူတို့မှားခဲ့တဲ့ သမိုင်းကြွေး ပြန်ဆပ် ရလေမလား၊ သူတို့ရဲ့ မတရား ရယူထားတဲ့ ဥစ္စာပစ္စည်းများ ပြန်ပေးလိုက်ရလေမလား ဆိုတဲ့ ကြောက်ရွံ့မှုတို့သာ ကြီးစိုးနေခြင်းပါ။

တရားသဖြင့် တိုင်းပြည်ကို တိုးတက်စေလိုသူတိုင်း- အစိုးရရဲ့ "ဘင်္ဂလီ" တံဆိပ် ဂျက်လက်သီးကို ဖျက်ထုတ်ပစ် ဘို့ လိုနေပြီ- လို့ သတိပေးလိုပါတယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



မဆုမွန်
2.10.2014

ကြာသပတေးနေ့မှာ မွန်းတည့်နေ သတင်းသမား တွေကို ရုံးတင် စစ်ဆေး တရားစွဲဆိုမှုမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် သက်သေပြ ထွက်ဆို သွားကြဖို့ သတင်းသမား တွေက ပြင်ဆင် နေကြပါတယ်။

အဲ့ဒီလို သတင်း မီဒီယာတွေ အပေါ် တရားစွဲဆို ရုံးတင် စစ်ဆေးမှုတွေ လုပ်နေတာမျိုး အပြင် ချင်းပြည်နယ် အစိုးရက ချင်းတိုင်းရင်းသား သတင်းဂျာနယ် တခုကို ဖြန့်ဝေခွင့် ပိတ်လိုက်တာကြောင့်လည်း လက်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့် အပေါ် စိုးရိမ်မှုတွေ ရှိလာနေတာပါ။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ သတင်း မီဒီယာသမားတွေ အကြား အပြန်အလှန် နားလည်မှုရှိဖို့ လိုမယ်လို့လည်း သတင်း သမားတွေက သုံးသပ် နေကြပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ အရပ်သား အစိုးရ လက်ထက် သတင်း လွတ်လပ်ခွင့် အတော်အသင့် ရလာတယ်လို့ ဆိုနေချိန်မှာပဲ သတင်း သမားတွေနဲ့ အာဏာပိုင် တွေကြား သတင်း ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိလာပြီးတော့ တရားစွဲဆိုတာ၊ ဂျာနယ် ပိတ်သိမ်းတာတွေ လုပ်ဆောင် လာနေတာ ဖြစ်ပါတယ်။ ဥပမာ- ယူနတီ သတင်း သမားတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်ရှည် ချမှတ်တာမျိုး အပါအဝင် သတင်း သမား တချို့ကို တရား စွဲဆိုမှုတွေ ဖြစ်နေတဲ့ အထဲ ပြီးခဲ့တဲ့ ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် တင်မြှောက် လိုက်ကြောင်း ဒီမိုကရေစီ အရေး စဉ်ဆက် မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ထုတ်ပြန်ေ ကြေညာချက်ကို သတင်းရေးသား ဖော်ပြခဲ့လို့ ဆိုပြီးတော့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၆ ဦး အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ ကြာသပတေးနေ့မှာ သူတို့ကို ရုံးတင် စစ်ဆေးချိန်မှာ သတင်း သမားတချို့ သွားရောက် သက်သေ ထွက်ဆိုကြဖို့ ရှိနေပါတယ်။ သတင်း မီဒီယာ ပွင့်လင်းကာစ အနေအထားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူအများ သတင်းကို အချိန်နဲ့ တပြေးညီ သိရှိနိုင်အောင် ရေးသား ဖော်ပြနေတဲ့ သတင်း သမားတွေကို ရန်သူလို သဘော မထားဖို့ လိုမယ်လို့ သက်သေ ထွက်ဆိုဖို့ ရှိတဲ့ သတင်းထောက် ကိုအောင်သူရက ပြောပါတယ်။

“မွန်းတည့်နေကိစ္စ သူက အဓိက စွဲတာကတော့ ထုတ်ပြန်ချက်နဲ့ တနေ့တည်း ထွက်တယ် ဆိုပြီးတော့ ပုဒ်မ ၅ (ည)၊ ၅၀၅ (ခ) အဲ့ဒါနဲ့စွဲတာပါခင်ဗျ။ ဒါကတော့ သိပ်မဆိုင်ဘူးလေ။ တချို့ဟာတွေဆို ကျနော်တို့လည်း ကြိုသိတာတွေ အများကြီး ရှိတာပဲ။ ထုတ်ပြန်ချက် အကြမ်းတွေ ရထားတာမျိုးလည်း ရှိတာပဲ။ ဒီဟာကတော့ ဒီဖော်ပြချက်က သတင်းမီဒီယာ ကျင့်ဝတ်အရ ဆိုရင်တော့ ဖောက်ပြန်မှု မရှိဘူး။ ဒါက သတင်း source နဲ့ သတင်း ရေးသားတဲ့သူနဲ့ ယုံကြည်မှုရှိစွာ တယောက်နဲ့တယောက် ကြိုသိတာလည်း ရှိတယ်ပေါ့နော်။ ဒီအတွက် ဒါက အပြစ်မရှိဘူးလို့ ယူဆတယ်။ နောက်တခုက ကျတော့ တကယ်လို့ စွဲချင်ရင်လည်းစွဲပါ။ တာဝန်ခံ အယ်ဒီတာနဲ့ပဲ အမှုရင်ဆိုင်ပေါ့။ အကုန်လုံးကို စွဲတာမျိုးကျတော့ မကောင်းဘူးလေ။ နှစ်ဘက် စလုံးကတော့ လုပ်ရမယ့် ကိစ္စတွေ ကတော့ အများကြီး ရှိတာပေါ့နော်။ ကျနော်တို့ဘက် မှာလည်း capacity ပိုင်း ဖြည့်ရမှာလိုမျိုး၊ အစိုးရပိုင်း ကလည်း ကျနော်တို့ကို အသိအမှတ် ပြုဖို့လိုတယ်၊ စေတနာရှိဖို့ လိုတာပေါ့နော်။ သတင်း မီဒီယာဆိုတာ နိုင်ငံ့အတွက် အရေးကြီးတယ်။ ကျနော်တို့အပေါ် သူက မိတ်ဆွေလို သဘောထားဖို့ လိုတယ်။ အခုက အဲ့လိုမဟုတ်ဘူး။ ရန်သူလို သဘောထားတာ ပေါ့နော်။ သူတို့က အသုံးချဖို့ လောက်ပဲ သူတို့က စဉ်းစားတာ ပေါ့နော်။”

ချင်းပြည်နယ် ဘက်မှာတော့ ချင်းပြည်နယ် အစိုးရဘက်က ချင်းဘာသာ စကားနဲ့ ထုတ်ဝေတဲ့ ဟားခါးပို့စ် သတင်းလွှာကို မဖြန့်ဝေဖို့ ပိတ်ပင် လိုက်တယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာပါတယ်။ လမ်းပန်း ဆက်သွယ်မှု အားနည်းပြီး သတင်းဖြန့်ဝေမှု အခက်အခဲ များစွာ ရှိတဲ့ ချင်းပြည်နယ်တွင်း ဒီလို သတင်း ဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်တာဟာ တိုင်းရင်းသား ပြည်သူတွေကြား သတင်း အမြန်ဆုံး ရောက်နိုင်အောင် ကြိုးစား နေရဆဲ တိုင်းရင်း မီဒီယာတွေ အပေါ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ချင်းသတင်း ကွန်ယက် ဖွဲ့စည်းဖို့ လုပ်ဆောင် နေတဲ့ သတင်းသမား တဦးလည်း ဖြစ်တဲ့ မအိမ့်ခိုင်ဦးက သုံးသပ် ပါတယ်။

“ချင်းမီဒီယာ အနေအထား ကတော့ အံ့သြလောက်ဖို့ ကောင်းတာ ပေါ့နော်။ ဟိုတခေါက် ချင်းကွန်ယက်ဖွဲ့ဖို့ ဆိုပြီး သွားတုန်းက ကျတော့ မီဒီယာတွေက အရမ်းများနေတဲ့ အတွက် မီဒီယာကို အဓိက ထားပြီး ဖွဲ့ဖို့တောင် လုပ်ခဲ့ကြတယ် ဆိုတော့ ချင်းမီဒီယာက ပိုပြီးတော့ အားကောင်းတဲ့ အနေအထား တွေ့ရတာပေါ့။ ဒီချင်းတောင်လေး တတောင်မှာတင် ကိုယ့်ဟာကိုယ် ထုတ်ဝေနေတဲ့ စာစောင်တွေ တော်တော် များတယ်လို့ ပြောရမှာပေါ့ အဲ့ဒါကျ။ အခုဆိုရင် တဖြေးဖြေးနဲ့ ဟားခါးပို့စ်တို့ ဘာတို့ သူတို့သတင်းကို အများဆုံး တင်လာကြပြီ။ တဖြေးဖြေးနဲ့ ဖွံ့ဖြိုးလာတဲ့ သဘောပေါ့။ အဲ့ဒီအချိန်မှာ မှတ်ပုံတင် မထားတဲ့ စာစောင်မှန်သမျှ ပိတ်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတော့ ထိခိုက်နိုင် တာပေါ့။ နောက်အစောင်တွေ ကျတော့ နည်းနည်းတော့ တန့်သွား နိုင်တာ ပေါ့နော်။ လန့်သွားနိုင် သွားတာပေါ့။ ဒါပေမဲ့ ဘယ်လို အခြေအနေ ရှိမလဲ ဆိုတာ ယတိပြတ်လို့ ကျနော်တို့တော့ ပြောလို့တော့ မရဘူးပေါ့။”

အခု နောက်ပိုင်း သတင်း မီဒီယာ သမားတွေ ဖမ်းဆီး ခံရတာ၊ အပြစ်ပေး အရေးယူ ခံရတာ၊ ကန့်သတ် ချုပ်ချယ်မှုတွေ ပိုမို များပြားလာ နေတာဟာ မြန်မာနိုင်ငံမှာ သတင်း မီဒီယာ လွတ်လပ်ခွင့် ကျဆင်း သွားခြင်း မဟုတ်ဘဲနဲ့ မီဒီယာ သမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာ ဆိုင်ရာ ပြဿနာတွေ များလာတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးရဲထွဋ်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းသမားတွေ ဘက်ကတော့ အစိုးရ တာဝန်ရှိသူတွေ ဘက်က သတင်းဖြန့်ဝေမှု အားနည်းတာ၊ နောက် သတင်း သမားတွေ ဘက်က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ဆီက ဖြစ်စဉ် သတင်းမှန် ရယူနိုင်ဖို့ ခက်ခဲ လွန်းနေသေးတာတွေ ကိုလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဌေးလွင်ဦး
RB News
2.10.2014

မြန်မာအစိုးရရဲ့ ကိုယ်စား နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ ၀ဏ္ဏမောင်လွင်က ကမ္ဘာ့ လူကြီးတွေ့ (UN) မှာ ရခိုင်ဒေသ ပြည်လည်နေရာချထားရေးနဲ့၊ နှစ်ဘက် အသိုင်းအ၀ိုင်း ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး- မျက်နှာပန်းပြ စကားလုံးတွေကို ရွှမ်းရွှမ်းဝေအောင် ပြောဆိုသွားခဲ့ပါတယ်။

တစ်ပြိုင်နက်မှာပဲ "ရိုဟင်ဂျာ" များကို ဘင်္ဂလီ အဖြစ် ခံယူရင် နိုင်ငံသား ဖြစ်ခွင့်ပေးမယ် ဆိုတဲ့ စကားလုံးကို ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာများကို "ဘင်္ဂလီ" တံဆိပ် ကပ်နှိပ်သူများဟာ ရခိုင်ဒေသက မွတ်ဆလင်များကို ရည်ရွယ်ချက်နဲ့ မုန်းတီးနေသူချည်း ဖြစ်နေပြီး မြန်မာ အစိုးရပိုင်းမှာ ရခိုင်များသာ ကြီးစိုးနေပြီဆိုတဲ့ အချက် ပေါ်လွှင်သွားခဲ့ပါ တော့တယ်။

နိုင်ငံတော် သမ္မတ ဆိုသူ ဦးသိန်းစိန်ဟာ ငပုတောမှာ ဗမာယောင်ဆောင်နေတဲ့ ရခိုင်ပေါက်တော ဇာတိ ရခိုင် တစ်ဦး ဖြစ်ကြောင်း သူ့ငယ်ပေါင်းလည်းဖြစ်၊ ဘက်တူ စစ်သားဟောင်းလည်း တစ်ဦးဖြစ်သူက ပြောခဲ့တဲ့ အကြောင်း ကျွန်တော်ရေးတဲ့ "ဘင်္ဂလီ ဘယ်သူလဲ" ဆောင်းပါးထဲမှာ ထည့်ရေးသားခဲ့ပါပြီ။

ဝဏ္ဏမောင်လွင် ဘယ်သူလဲ၊ ရိုဟင်ဂျာများကို ဘင်္ဂလီ အဖြစ် သတ်မှတ်ဘို့ UN မှာ ပြောဘို့ ဘာကြောင့် သုံးခဲ့ သလဲ- ဆိုတာဟာလည်း စိတ်ဝင်စားစရာ တစ်ရပ်ပါ။ တစ်ကယ်တော့ ၀ဏ္ဏမောင်လွင် ဆိုတာ ရခိုင်တစ်ဦးသာ ဖြစ်နေပြန်တယ်။ မြန်မာပြည်ကွန်မြူနစ်ပါတီ ရခိုင်တောင်ပိုင်း တာဝန်ခံ လက်သီးပုန်း ဘတင်ရဲ့ သားတစ်ဦး ဖြစ်ပြီး ဂွမြို့နယ် ကျိန္တလီဇာတိ ရခိုင်တစ်ဦး ဖြစ်နေပြန်ပါတယ်။

ငယ်စဉ်ကပဲ ရန်ကုန်ဘက် (ရခိုင်အခေါ် ဗမာပြည်ဘက်)ကို ပြောင်းသွားခဲ့ပြီး ဗမာယောင်ဆောင်နေခဲ့တဲ့ ရခိုင် တစ်ဦး ဖြစ်နေခဲ့တယ် ဆိုတဲ့ အချက်ကို ဗမာလူမျိုးများ သိဘို့ လိုအပ်မယ် ထင်ပါတယ်။

လက်ရှိ ရခိုင်သြဇာခံ မျက်ကန်း အစိုးရဟာ Burma ကို Myanmar လို့ ပြောင်းခဲ့ပြီး-၊ နိုင်ငံတစ်ကာမှာလည်း Burma လို့ ခေါ်တဲ သံတမန်တိုင်းကို Myanmar လို့ သာ ခေါ်ဘို့ Burma လို့ မခေါ်ဆိုဘို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတကြီး အိုဘားမား မြန်မာပြည်လာစဉ်က- "မင်္ဂလာပါ မြန်မာ" လို့ နှတ်ဆက်ခဲ့တာကို သမ္မတကြီးအိုဘားမားကိုယ်တိုင် "မြန်မာ"လို့ ခေါ်ခဲ့ကြောင်း မီဒီယာတွေမှာ ပွနေအောင် ဖေါ်ပြခဲ့ပါတယ်။ Burma ကို အစဉ်အလာအတိုင်း Burma လို့ ခေါ်ဆိုတဲ့ အတိုက်အခံများကိုလည်း မြန်မာအစိုးရက အပြစ်တင်ခဲ့ ပါတယ်။ ပါယ်ဖျက်ပြီးဖြစ်လို့ မသုံးရတော့ဘူးလို့ တားမြစ်ခဲ့ပါတယ်။

အလားတူ "ရိုဟင်ဂျာ" ဆိုတဲ့ အသုံးအနှုန်းဟာ ပါလီမန်ဒီမိုကရေစီခေတ်က ပြောဆိုခဲ့တာကို ယခုအခါ ပယ်ဖျက်ပြီး ဖြစ်ကြောင်း အကြောက်အကန် ငြင်းဆိုနေပါတယ်။ သို့သော်--

Arakan (အာရ်ကန်) ဆိုတဲ့ အသုံးအနှုန်းကို ပါယ်ဖျက်ပြီး၊ Rakhine (ရခိုင်) အဖြစ် သတ်မှတ်ထားပါလျှက်- ALD နဲ့ RNDP ပေါင်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ ကိုတော့ ANP (Arakan National Party) အဖြစ် ပါယ်ဖျက် ပြီး Arakan ကို ထပ်ဆင့်သုံးဘို့ ခိုင်ခိုင်မာမာ ထောက်ခံလိုက်ပါတယ်။

လူနည်းစု ရိုဟင်ဂျာကိုသာမက လူများစုကြီးဖြစ်တဲ့ Burma ဆိုတဲ့ တိုင်းပြည် အမည်ကိုတောင် ပါယ်ဖျက်ပြီး ဖြစ်တယ်ဆိုကာ အတင်းငြင်းဆိုနေတဲ့ လက်ရှိအစိုးရဟာ Arakan ဆိုတဲ့ ပါယ်ဖျက်ပြီး စကားလုံးကိုတော့ ခိုင်ခိုင်မာမာ ထောက်ခံနေခြင်းဟာ-၊ ရခိုင်သိန်းစိန် အစိုးရရဲ့ ရှေ့ဖုံးနောက်ပေါ် ပေါ်လစီကို ရှင်းရှင်းလင်းလင်း ဖွင့်ပြနေသလို ဖြစ်နေခဲ့ပါပြီ။

ထမင်းမစားရချင် နေပါစေ- မွတ်ဆလင်မုန်းနေရရင် ပြီးရော ဆိုတဲ့ စိတ်တစ်ခုကို ဖက်တွယ်ရင်း- အနောက် တံခါးကို ပိတ်လျှက်- ပိတ်လျှက် မြန်မာတစ်ပြည်လုံးကို အနောက်သားတို့ မြိုသွားခဲ့ပါပြီ။

ဗမာတို့ မေ့မျောနေစေရန် "ထမင်းမစားရချင်နေပါစေ မွတ်ဆလင်မုန်းနေရရင် ပြီးရော" ဆိုတဲ့ စိတ်ကို ဦးဆောင် ရိုက်သွင်းပေးနေသူ သီတဂူကလည်း ဘင်္ဂလားသား ချက်က်မာ လူမျိုးစစ်ပါ။-

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
29.9.2014

(ဘူးလက် လှဆွေ သို့)

၁၉၈၆ ခု နှစ် ကျွန်တော် ၀မ်းတွင်းကို ရောက်တော့- ၀မ်းတွင်းက မိတ်ဆွေများ ပြောတဲ့ စကားလေးပါ။ "ငါတို့ ၀မ်းတွင်းမှာ ကလေးတွေက ကလေးတွေကို ချီကြတယ်-" တဲ့။

မိတ္ထိလာနားက ၀မ်းတွင်းဆိုတာ အထည်ပြုလုပ်တဲ့ ယက်ကန်းနဲ့ နာမည်ကြီးတဲ့ မြို့လေးပါ။ အဲ့ဒီဒေသမှာ ပညာရေး နိမ့်ကျလှပြီး၊ ကလေးတွေက ပညာသင်ယူရမယ့် အချိန်မှာပဲ အရွယ်မရောက်မှီ အိမ်ထောင်ပြုလေ့ ရှိပြီး အရွယ်မရောက်တဲ့ ကလေး အရွယ်က သူ့ရင်သွေး ကလေးကို ထိမ်းကျောင်း စောင့်ရှောက်ကြတယ် သို့မဟုတ် အရွယ်မရောက်မှီ အိမ်ထောင်ပြုကြတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်တဲ့ "ငါတို့ ၀မ်းတွင်းမှာ ကလေးတွေက ကလေးတွေကို ချီကြတယ်-" စကားကို စကားပုံတစ်ခုလို ဖြစ်အောင်ထိ တွင်ကျယ်ခဲ့ပါတယ်။

လူငယ်မျိုးဆက် အတွက် ပညာရေး ကဏ္ဍကို ဖေါ်ဆောင်မပေးနိုင်တဲ့ အုပ်ချုပ်မှု ယန္တရား ညံ့ဖျင်းမှု၊ အုပ်ချုပ်သူများ အသုံးမကျမှုကြောင့် ပညာသင်ရမယ့် အရွယ်မှာ ပညာသင်ခွင့်မရှိ၊ အလုပ်အကိုင်မရှိ၊ ဖြစ်နေရတဲ့ လူ့အသိုင်းအ၀ိုင်းတိုင်းမှာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ယူ သားမွေးကိစ္စဟာ ဓမ္မတာ တစ်ရပ်ပါ။

ဒေါန တောင်တန်းပေါ်က လူနည်းစု လူမျိုးတို့ရဲ့ ဘ၀မှာလည်း ကလေးဘ၀ အရွယ်ကတည်းက အိမ်ထောင်ပြု သားမွေးခြင်းဟာ မထူးဆန်းတော့ပါ။ (ကရင်ပြည်နယ် အရှေ့ဒေါန တစ်လျှောက်လုံး ဒေသများကို လေ့ လာကြည့်ပါ။) ဒေါနတောင်တန်းက အဲ့ဒီ လူနည်းစုရဲ့ ဘ၀က သနားစရာ ပိုမိုကောင်းလှတယ်။ ဘာနိုင်ငံရေးမှ မသိ၊ ဘာပညာမှ မသင်ယူရ၊ တောင်ယာခုတ် လုပ်ကိုင်စားသောက်နေရတဲ့ လုံးဝ အရိုးခံဘ၀-၊ ဒီကြားထဲ ဗမာ စစ်တပ်များ ရောက်လာပြီး မုဒိန်းကျင့်၊ သတ်ဖြတ်တွေက ဒုနဲ့ဒေး (အထောက်အထားတွေ ရှိပါတယ်။) လင် လုပ်သူကို ကြိုးတုတ်ထားပြီး-၊ ဇနီးမိန်းမကို လင်ရှေ့မှာ ဗမာစစ်တပ်က အစုလိုက် အပြုံလိုက် မုဒိန်းကျင့်မှုများ- (ကိုယ်ချင်းစာတတ်သူတိုင်း တွေးကြည့်လိုက်ပါ- ဘယ်လောက်များ ရင်နာစရာ ကောင်းလိုက်မလဲ)။ ဒီလို အဖျက်အပျက်မျိုးတွေဟာ မြန်မာတစ်ပြည်လုံးမှာ ပြည့်လျှံနေပါတယ်။ (အထောက်အထားပေါင်း များစွာ ရှိနေပါတယ်။)

ဒါတွေဟာ အုပ်ချုပ်သူ အစိုးရများရဲ့ အသုံးမကျမှုများကြောင့် ဖြစ်တည်လာရတဲ့ ထွက်ကုန်ပစ္စည်းများသာ ဖြစ်ပါ တယ်။ အုပ်ချုပ်သူများဟာ ကိုယ်အသုံးမကျမှုကို ကိုယ်မမြင်ဘဲလျှက်- အပြစ်မဲ့ ဖြစ်တည်လာတဲ့ ဘေးထွက် ပစ္စည်းများကိုသာ အပြစ်ပုံချ ယိုးစွပ်ပြောဆိုခြင်းဟာ ထပ်ဆင့် ယုတ်မာသူတို့ရဲ့ အလေ့အကျင့်မျိုးသာ ဖြစ်နေပါ တယ်။

ဘူးလက် လှဆွေက Child Marriage ဆိုတဲ့ ခေါင်းစီးနဲ့ မွတ်ဆလင် အသိုင်းအ၀ိုင်းမှာ အရွယ်မရောက်သော အိမ်ထောင်ပြုမှု- ပိုရှိနေပါတယ်။ အချို့ အသက် ၅ နှစ် အရွယ်တောင် အိမ်ထောင်ပြုတယ် ဆိုတဲ့ စကားက - ကြားရသူ အပေါင်း သြချရလောက်အောင် ယုံတမ်းစကားလို ဖြစ်နေပါတယ်။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြု မှုများ ရှိနေတယ်-၊ ဆိုတဲ့ စကားလောက်ဆို စောဒက တက်စရာ မလိုပါ။ အသက်ကိုပါ ၅ နှစ် ၇ နှစ် (ဆယ်နှစ် အောက်) ဖေါ်ပြလိုက်တော့ ယုံကြည်ထိုက်တဲ့ စကား တစ်ရပ် မဟုတ်တော့ပါ။

ရခိုင်ပြည်နယ်က မွန်းကြပ်တဲ့ လူ့အသိုင်းအ၀ိုင်းကြားထဲမှာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုမှုများ များစွာ ရှိနေခြင်းဟာ အမှန်တရား တစ်ခုပါ။ ဒါဟာ ရိုဟင်ဂျာ လူ့အသိုင်းအ၀ိုင်းမှာသာ ဖြစ်နေခြင်း မဟုတ်ဘဲ ဗမာ (ရခိုင်လို့ မခံယူတဲ့ သံတွဲတောင်ပိုင်းဒေသများက လူများ)ကြားမှာလည်း များစွာ ရှိနေပါတယ်။ အထူးသဖြင့် စာသင်ကျောင်းနဲ့ ဝေးကွာတဲ့ ဒေသများ (ဥပမာ မြာဝ အထဲကွင်းရွာ စတဲ့) ရွာများ၊ ရခိုင်ဒေသရှိ ချင်းလူမျိုးများ အကြားမှာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုခြင်းဟာ အပြစ်တစ်ရပ် မဟုတ်တော့ပါ။

ရိုဟင်ဂျာများထဲမှာလည်း ပညာသင်ခွင့်မရတဲ့ ကျေးလက်နေ လူတန်းစားများ အကြား အချို့ဖြစ်ရပ်တွေ ရှိနေ ပါတယ်။ ဒါပေမယ့် လှောင်ပိတ်ခံ လူသားထု တစ်ရပ်ရဲ့ အပေါ် အထင်အမြင်လွဲမှားစေနိုင်တဲ့ ထပ်ဆင့် ပံ့ပိုး မှုများလည်း ရှိနေပါတယ်။

(၁) ရိုဟင်ဂျာများကို ၁၉၇၄ ခု နောက်ပိုင်း ထပ်ဆင့် အိမ်ထောင်စု စာရင်း ထုတ်ပေးခြင်း မရှိဘဲ၊ နဂို အိမ်ထောင်စုထဲမှာသာ လူဦးရေကို ထည့်သွင်းခြင်း ခံထားရပါတယ်။ ဆိုလိုတာက သား သမီး အိမ်ထောင်ပြုပြီး အိမ်ခွဲခွင့် မရှိ၊ အိမ်ထောင်စု စာရင်း ထပ်ခွဲခွင့် မရှိဘဲ နဂို မိဘများရဲ့ အိမ်ထောင်စု စာရင်းထဲမှာပဲ တိုးပွားလာတဲ့ မြေး မြစ်တို့ရဲ့ စာရင်းကို ထည့်သွင်းခံထားရပါတယ်။ နှစ်ပေါင်း ၅၀ တိုင် အိမ်ထောင်စု စာရင်းတစ်ခုထဲမှာ တိုးပွား လူဦးရေကို ထည့်သွင်း ခံရခြင်း အတွက် အိမ်ထောင်စု စာရင်း တစ်ခုမှာ လူဦးရေ ၂၀၊ ၃၀၊ ၅၀၊ ၇၀ ဖြစ်လာနိုင်ပါတယ်။ ဒီ လူဦးရေကို မိ၊ ဘ (တစ်စုံ)ထဲမှာ မွေးထားသလိုလို - သမ္မတ ဆိုသူ ဦးသိန်းစိန်က ပြောခဲ့ တာလည်း ရှိနေပြန်တယ်။ (အသိဉာဏ်မဲ့ပုံကို ထောက်ပြတာပါ။)

(၂) စားရေရိက္ခက အစ အဘက်ဘက်က ပိတ်ဆို့ထားတဲ့ ရိုဟင်ဂျာတို့ဟာ ရရာနည်းလမ်းက တိုင်းတစ်ပါးကို ထွက်ခွာရတာများလည်း ရှိနေခဲ့တယ်။ ဒီအခါ လမ်းခရီးမှာ သေဆုံးရသူများ များစွာ ရှိလာပြန်တယ်။ သေဆုံးသူ မှ ကျန်နေခဲ့တဲ့ ဇနီး သားသမီးများ ရဲ့ မျှော်လင့်ချက်များ အဆုံးသတ်သွားချိန်များမှာ- (ကျန်ရစ်သူ ဇနီး၊ သမီး များ ပြည့်တန်ဆာ ဖြစ်မသွားရေး အတွက်) နီးစပ်ရာ- ယောက်ျားများမှ ထိမ်းသိမ်း အိမ်ထောင်ပြုရတာများ လည်း ရှိပါတယ်။ (ရိုဟင်ဂျာတို့ဟာ ဇနီးမယားများကို ခိုင်းစားသူများ မဟုတ်ပါ။ အခြား လူမျိုး ယောက်ျားများ ထက် ပိုမို အပင်ပန်းခံပြီး ရှိသမျှ အိမ်ထောင်စုကို လုပ်ကျွေးတဲ့ ဓလေ့ ရှိပါတယ်။ ဒါတွေကိုလည်း အုပ်ချုပ်သူ များက သိသိကြီးနဲ့ အုပ်ချုပ်မှု ယန္တရားကို အပြစ်မဆိုပဲ- အပြစ်မဲ့ မဖြစ်တည်ချင်ဘဲ ဖြစ်နေရတဲ့ လူစုတစ်ရပ်ကို အပြစ်ဆိုနေခြင်းများ- မယား အများယူတယ်လို့ ၀ါဒဖြန့်ခြင်းများနဲ့ မှိုင်းတိုက်ထားပြန်ပါတယ်။

(၃) ရိုဟင်ဂျာတို့ အပေါ် မတရားမှု ပြုတဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ ရိုဟင်ဂျာ မိန်းကလေးများ မုဒိန်းကျင့် မခံရရေး အတွက် ရိုဟင်ဂျာ အမျိုးသားများ၊ လူကြီးများက အပျိုဘော်ဝင်စ မိန်းကလေးများကို "ဒါ ကျွန်တော့ ဇနီးပါ" ဆိုတဲ့ စကားလုံးကို သုံးပြီး ကာမပိုင် ရှိလေဟန် အထင်မျိုး ဖြစ်အောင် ကာကွယ်ရတာများလည်း ရှိပါတယ်။ (တစ်ကယ်တမ်း လက်တွေ့မှာ သူတို့ချင်းပဲ အိမ်ထောင်ဘက် မဟုတ်ကြောင်း သိတဲ့ ကိစ္စများပါ။) ဘူးလက် လှဆွေ တာဝန်ထမ်းဆောင်စဉ်- တာဝန်ကျ တပ်ရင်းက ငါး နှစ် သမီးတောင် မရှောင် မုဒိန်းကျင့်မယ် ဆိုရင်- ငါး နှစ် သမီးကိုလည်း (ကိုယ့်မြေးအရင်း ဖြစ်ပါစေ) လူကြီးတစ်ဦးက "ဒါ ကျွန်တော့ ဇနီးပါ" လို့ ပရိယယ် သုံး ပြော လိုက်မှာပါပဲ။ (ဒီလို ကာကွယ်ခဲ့နိုင်လို့လည်း မြန်မာနိုင်ငံမှာ မုဒိန်းကျင့် ခံရမှု အနည်းဆုံး အမျိုးသမီးတွေထဲမှာ ရိုဟင်ဂျာ အမျိုးသမီးများ ဖြစ်ခဲ့ရတာပါ။ ရှမ်း၊ ကရင်၊ ကရင်နီ စတဲ့ လူနည်းစုများ ဘ၀- အမျိုးသမီးပေါင်းများစွာ ကို မုဒိန်းကျင့်ခံခဲ့ရကြောင်း၊ ခံနေရကြောင်း ကမ္ဘာ့ အသိုင်းအ၀ိုင်းက အထောက်အထားများနဲ့ သိနေခဲ့ပါပြီ။) ရှမ်း အမျိုးသမီးတစ်ဦးရေးတဲ့ License to rape စာအုပ်လောက်တော့ အရင်ဖတ်သင့်တယ်။

ရိုဟင်ဂျာနဲ့ မြန်မာမွတ်ဆလင် လူ့အသိုင်းအ၀ိုင်းမှာ တစ်လင်တစ်မယား စနစ်ကို လိုက်နာဘို့၊ ကျင့်သုံးဘို့၊ ပညာ သင်ယူဘို့၊ အရွယ်မရောက်မှီ အိမ်ထောင်မပြုဘို့၊ သားသမီးတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ဘို့ ပညာပေး ပြုလုပ်တဲ့ အုပ်စုများ များစွာ ရှိနေပါတယ်။ ဒီလို ပညာပေး အုပ်စုများကလည်း မနေ့ တစ်နေ့ကမှ ပေါ်ထွက်လာ ခြင်းမဟုတ်ပါ။ နှစ်ပေါင်း ၆၀ ကျော် အရင်ကတည်းက ရှိနေသလို ပညာပေးလုပ်ဆောင်မှုများလည်း ကျယ်ပြန့် လာနေပါတယ်။ (ဒါတွေကို အစိုးရဘက်က စီမံချက်နဲ့ နှိပ်ကွပ်ထားမှုများ များစွာရှိနေပါတယ်။)

တိုင်းပြည် တစ်ခုကို စေတနာနဲ့ အုပ်ချုပ်ထိမ်းသိမ်းမယ့် အမတ်များ၊ အုပ်ချုပ်သူများ အနေနဲ့ မိမိရဲ့ အပြောအဆို ကို ဆင်ခြင်သင့်တယ်။ ဗဟုသုတများ ပွားများအောင် လေ့လာသင့်တယ်။ မျှတညီညွတ်သော စကားများကိုသာ ရွေးချယ်ပြောဆိုသင့်ပါတယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement (တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု)




RB News
27.9.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၁) တွင် စာမေးပွဲ စစ်ဆေးမည်ကို အကြောင်းပြ၍ ဆရာ/မ များက ကျောင်းသား/သူ များထံမှ ငွေကြေးများ မတရားသဖြင့် ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်ရှိ အခြေခံ ပညာ အထက်တန်းကျောင်း အမှတ် (၁) တွင် ပထမ အစမ်း စာမေးပွဲ စစ်ဆေးရန် အတွက်ဟု ဆိုကာ ဆရာ/မ များက ကျောင်းသား/သူ များထံမှ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ ကောက်ခံလျက် ရှိကြောင်း ကျောင်းသား မိဘ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် အခြားကျောင်း များတွင်လည်း အ.ထ.က (၁) ကဲ့သို့ ကောက်ခံမှုများ ရှိကြောင်း ၎င်းက ဆိုသည်။

ဘူးသီးတောင် မြို့နယ်ရှိ ကျောင်းများ၌ ယခုနှစ် စာသင်နှစ်တွင် တာဝန်ကျ ဆရာ/မ များသည် စိတ်လုံခြုံမှု မရှိ၊ မသင်္ကာမှုများ ရှိနေသည်ဟု ဆိုကာ ကျောင်းသို့ လာရောက်၍ ကျောင်းသား/သူ များကို စာသင်ကြားခြင်း မရှိကြောင်း အဆိုပါ ကျောင်းသား မိဘက ပြောပါသည်။ ထို့အပြင် ဆရာ/မ များသည် တခါတရံ ကျောင်းသို့လာလျှင်လည်း အကြောင်းပြချက် အမျိုးမျိုးပြ၍ ငွေကြေး ကောက်ခံခြင်းများသာ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ကျောင်းသားမိဘများ အနေဖြင့် ကျောင်းသား/သူ များမှာ ပညာရေး အလွန် ဆုံးရှုံး နစ်နာ နေပါသဖြင့် ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် ယခုကဲ့သို့ ဖြစ်ပျက် နေသည်များကို ကိုင်တွယ် ဖြေရှင်းပေးရန် လိုလားကြောင်း RB News သို့ပြောပါသည်။



Rohingya Eye
RB News
25.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီး ကျေးရွာ အတွင်းသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မ.က.ဖ အဖွဲ့များ ၀င်ရောက်၍ ဒေသခံ ရွာသားများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်သည့် အပြင်၊ နေအိမ်တွင်းမှ ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၁၈) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မ.က.ဖ အဖွဲ့ဝင်များသည် မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီး ကျေးရွာ (ဒေါင်လီဖာရာ) အတွင်းသို့ ၀င်ရောက်၍ အမည်ခံ လူဦးရေ စာရင်း စစ်ဆေးရန် ကြိုးစားခဲ့သော်လည်း ဒေသခံ ရွာသားများက အစစ်ဆေးခံရန် ငြင်းဆန်ခဲ့သဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။ အဆိုပါ အဖွဲ့သည် ည ၁၀ နာရီ အချိန်တွင် စစ်သား အင်အား အများအပြားဖြင့် ရွာအတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရွာသားများကို အကြမ်းဖက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်သားများသည် ဒေသခံ ရွာသားများ၏ နေအိမ် တံခါးများနှင့် ပြတင်းပေါက်များ ရိုက်ချိုးခြင်း၊ ဗီဒိုနှင့် သေတ္တာများ ဖောက်ထွင်း၍ ဖျက်ဆီးခြင်း၊ ထိုင်ခုံများ၊ ကုတင်များနှင့် မီးဖိုချောင်သုံး ပစ္စည်းများ၊ အိုးခွက် ပန်းကန်များ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အပြင် တန်ဖိုးကြီး ပစ္စည်းများနှင့် ငွေသားများ လုယက် ယူဆောင် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် တစ်နှစ်စာ သိုလှောင်ထားသည့် ဆန်အိတ်များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့များက လုယက် ယူဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရပြီး လုယက်ခံရသူ အချို့မှာ --

(၁) ဟာဖီးစ် အာယုဘ် (ဘ) ဦးအဒူရာမန် (အသက် ၂၅ နှစ်)
(၂) ဦးရာမတ်အုလ္လာ (ဘ) ဦးဖော်ဇော်အာမတ် (အသက် ၅၀ နှစ်) -- (၎င်း၏ မုတ်ဆိတ်ကို အတင်းရိတ်သည့် အပြင် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။)
(၃) ဦးလာလ်မျာ (ဘ) ဦးအော်လီအာမတ် (အသက် ၅၅ နှစ်) -- (၎င်း၏ မုတ်ဆိတ်ကို အတင်းရိတ်သည့် အပြင် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။)
(၄) ဦးနူရ်ဟူဆောင်း (ဘ) ဦးလာလ်မျာ (အသက် ၃၅ နှစ်)
(၅) ဦးအာဇီမုလ္လာ (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၃၅ နှစ်)
(၆) မော်လ၀ီ ဦးရော်ရှိတ် (ဘ) ဦးအာရှော်ရော်ဖ်မျာ (အသက် ၃၆ နှစ်) – (၎င်း၏ မိခင်နှင့် ဇနီးတို့ကို စစ်ဖိနပ်ဖြင့် ကန်သည့်အပြင် နေအိမ်မှ ငွေကျပ် တစ်သိန်းကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။)
(၇) မော်လ၀ီ ရှာလာမ် (ဘ) ဦးအဘူရှော်မာ (အသက် ၃၅ နှစ်) – (၎င်း၏ မိခင် ဒေါ်နုရ်ဂျာဟာန်ဘီ (အသက် ၆၅ နှစ်) ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဖိနပ်ဖြင့် ကန်သဖြင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့် အပြင် နေအိမ်မှ ဘတ္တရီအကြီး တစ်လုံးနှင့် ဆိုလာပြားများကို လုယက် ယူဆောင် သွားခဲ့သည်။)
(၈) ဦးမာမတ်ယာစီးန် (ဘ) ဦးအာမီးရ်ဟောက်ခ် (အသက် ၂၆ နှစ်) – (၎င်း၏ ဇနီးကို ခြေထောက်ဖြင့် ကန်သည့် အပြင် လက်သီးဖြင့် ထိုးကြိတ်ခဲ့သည်။)
(၉) မာဘူရာမန် (ဘ) ဦးဇာဖော်ရ်အာမတ် (အသက် ၂၀ နှစ်) – (၎င်း၏ စားကုန်ဆိုင်ကို ဖောက်ထွင်း၍ ဆိုင်အတွင်းရှိ ပစ္စည်း အများအပြားကို ကားဖြင့်တင်ဆောင် သွားခဲ့သည်။)

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများသည် ဒေသခံ ရွာသားများကို စိတ်ကြိုက် ရိုက်နှက် ညှဉ်းပန်း နှိက်စက်၍ လုယက်မှုများ ပြုလုပ်ပြီး နံနက် ၄ နာရီ အချိန်မှ ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

လက်နက်ကိုင် အာဏာပိုင်များ၏ တာဝန်မှာ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမည် ဖြစ်သော်လည်း လိုင်စင်ရ ဓါးပြ သဖွယ် ရိုက်နှက်၍ လုယက်နေခြင်းများ ပြုလုပ်လျက် ရှိသော်လည်း၊ နိုင်ငံတော် အစိုးရမှ ဟန့်တား အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ တရားဝင် သဖွယ် ခွင့်ပြုထားသည်ကို တွေ့ရှိရပါသည်။



Rohingya Eye
RB News
25.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ တောင်ရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့ဝင်များ ၀င်ရောက်၍ ဒေသခံ ရွာသားများ၏ ပိုင်ဆိုင်မှုများကို လုယက် ယူဆောင် သွားခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၂ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ တောင်ရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မ.က.ဖ အဖွဲ့ဝင်များ ၀င်ရောက်၍ အမည်ခံ လူဦးရေ စာရင်း စစ်ဆေးရန် ကြိုးစားခဲ့ရာ၊ ဒေသခံ ရွာသားများက အစစ်ဆေး မခံလိုသဖြင့် တိမ်းရှောင် သွားခဲ့ကြသည်။ ရွာသားများ တိမ်းရှောင်သွား ပြီးနောက် မ.က.ဖ အဖွဲ့ဝင် လ.၀.က အရာရှိ ဦးစိုးမြင့်ထွန်း ဦးဆောင်သည့် အဖွဲ့က ဒေသခံ ရွာသားများ၏ နေအိမ်များနှင့် ဆိုင်များမှ ပစ္စည်းများနှင့် ငွေများကို လုယက်၍ ကားဖြင့် တင်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လုယက်ခံရသူ အချို့မှာ --

(၁) ဦးနူရ်မာမတ် (ဘ) ဦးဆုလ်တာန် (အသက် ၃၆ နှစ်) – (၎င်း၏ စားကုန်ဆိုင်မှ ငွေကျပ် ၁၅ သိန်းကျော် တန်ဖိုးရှိ စားကုန်ပစ္စည်းများကို မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက လိုင်စင်ရ ဓါးပြများကဲ့သို့ လုယက်၍ ကားများဖြင့် တင်ဆောင် သွားသည့် အပြင် ဆိုင်ရှိ သေတ္တာ အတွင်းမှ ဆိုင်ရောင်းရငွေ ငွေကျပ် ၁၈ သိန်းကိုလည်း လုယက် ယူဆောင်သွားခဲ့သည်။)

(၂) ဦးအာမတ်ခေါ်ဘိရ် (ဘ) ဦးအဒူဟာဒိရ် (အသက် ၂၇ နှစ်) – (၎င်း၏ ဆိုင်ကိုဖျက်၍ ဆိုင်အတွင်းမှ ငွေကျပ် ၁၀ သိန်း ကျော်တန်ဖိုးရှိ ပစ္စည်းများကို မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက လုယက်၍ ကားများဖြင့် တင်ဆောင် သွားခဲ့သည်။)



ကိုစည်သူ
25.9.2014

မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်ရဲ့ ဆောင်ရွက်ချက် တွေဟာ ထိရောက်မှု မရှိကြောင်း အာရှ လူအခွင့် အရေး ဆောင်ရွက်သူများ အဖွဲ့ (ANNI) က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ ရခိုင် ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခ ဒေသတွေ အတွင်း လိင် အကြမ်းဖက်မှု တွေနဲ့ သတင်း မီဒီယာ ဖိနှိပ်မှုတွေ အပြင် အလုပ်သမား အခွင့် အရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိ နေသေးတာတွေ ကို ထောက်ပြ ခဲ့ပါတယ်။

တဆက်တည်းမှာပဲ ယခင်အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် သစ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်း ပေးလိုက်ကြောင်း ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာ ပါတယ်။ လူ့အခွင့် အရေး ကော်မရှင် အပေါ်ဝေဖန်ချက်တွေနဲ့ အသစ်ဖွဲ့စည်းတဲ့ လူ့အခွင့် အရေး ကော်မရှင်အကြောင်း ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

"သမ္မတ၏ ဘက်တော်သားများသာ ဖြစ်သည်" လို့ ခေါင်းစီးတပ်ထားတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး အားနည်းချက် တွေကို မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင် အနေနဲ့ ထိထိ ရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့ အကြောင်း (ANNI) အာရှ လူ့အခွင့်အရေး ဆောင်ရွက်သူများ အဖွဲ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ANNI အပါအ၀င် မြန်မာအရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့ (Burma partnership) နဲ့ Equality Myanmar လို့ခေါ်တဲ့ ညီမျှခြင်း မြန်မာတို့မှ ပူးပေါင်း ထုတ်ဝေတဲ့ အခု အစီရင်ခံစာဟာ ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်နဲ့ ၂၀၁၄ ပထမ နှစ်ဝက် အတွင်း အဖြစ်အပျက်တွေကို မူတည်ပြီး ထုတ်ပြန် ဖော်ပြ ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် အနေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေရာ စိုးရိမ်ရဆုံး နယ်မြေ နှစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်းဖော် ထုတ်မှုတွေ မရှိခဲ့ဘူးလို့လည်း ဖော်ပြ ထားပါတယ်။

" လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဟိုးအရင် ဗိုလ်ချုပ်သန်းရွှေ လက်ထက်မှာ တုန်းက အခြေအနေတွေအတိုင်း ဆက်ဖြစ်နေတာ တွေ့ရတဲ့အပြင် သမ္မတ ဦးသိန်းစိန် လက်ထက်နောက်ပိုင်းမှာလည်း တခြားသော ပုံသဏ္ဍာန်မျိုးစုံနဲ့ ပုံစံအသစ်တွေနဲ့ ထပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတာ ကျမတို့တွေ့ရတယ်။ ဥပမာဆိုလို့ရှိရင် အားလုံးသိပြီးသားပါပဲ။ မီဒီယာတွေကို ကျမတို့ အထူးတောင် ပြောပြစရာ မလိုပါဘူး။ မီဒီယာတွေကနေပဲ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြည်သူတွေနဲ့ နိုင်ငံတကာ သိအောင် ဖော်ထုတ်ပြီးတော့မှ တင်ပြလာတာတွေ အများကြီးပါ။ အခုအချိန်မှာ မီဒီယာတွေရဲ့အခန်းကဏ္ဍဟာ အရေးကြီးဆုံးပါပဲ။"

လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ မြန်မာအရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma partnership) ရဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာပြောသွားတာပါ။

ရခိုင်ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခဒေသတွေအတွင်း လိင်အကြမ်းဖက်မှုတွေနဲ့ သတင်းမီဒီယာ ဖိနှိပ်မှုတွေရှိခဲ့တာအပြင် နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေသေးတာ၊ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုတွေနဲ့ စီးပွားရေးစီမံကိန်းတွေအတွင်း ဒေသခံတွေရဲ့ အခွင့်အရေး ဆုံးရှုံးခဲ့တာတွေကို ထောက်ပြဝေဖန်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံသားများရဲ့ မူလအခွင့်အရေးများမြှင့်တင်ရန်နဲ့ ကာကွယ်ရန် အတွက် ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး လူ့အခွင့်အရေးကော်မရှင်သစ်ကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးလိုက်ကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်မှာ ယခင်အစိုးရရဲ့ သံတမန်ဟောင်းတွေ ပြန်လည် ပါဝင်လာတာအပြင် ပွင့်လင်းမြင်သာမှု မရှိတဲ့ ကော်မရှင်ရွေးကောက်တဲ့စနစ်ကိုတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။

"ဒီလိုမျိုး အစိုးရနဲ့ မကင်းသော အစိုးရမှာ တာဝန်ယူ ပါဝင် လုပ်ဆောင်ခဲ့သော သူမျိုးကို ပါဝင်ခြင်းကိုက ဒီအဖွဲ့ရဲ့ သီးခြားရပ်တည်နိုင်ခြင်းနဲ့ လွတ်လပ်ခွင့်ကို ကျနော်တို့ အများကြီး သံသယရှိစရာဖြစ်နေတယ်။ အဲ့ဒီ့ပူပင်ခဲ့မှုများ ပျောက်ပြီးတော့ အသစ်မှာ လျော့သွားမလားဆိုတဲ့စိုးရိမ်ချက်က ဒီအတိုင်းပဲ ဖြစ်နေခြင်းကိုက ကျနော်တို့အတွက် သိပ်ပြီးတော့ လက်မခံနိုင်တဲ့ အရာမျိုး ဖြစ်ပါတယ်။

နောက်ထပ်တခုကတော့ ဒီလိုမျိုး ကိစ္စတွေ လုပ်ဆောင်တဲ့နေရာမှာ ကျနော်တို့က အမြဲတမ်းအကြံပေးပါတယ်။ ပိုမိုပွင့်လင်းမြင်သာတဲ့အရာဖြစ်ရမယ်။ လူထုအခြေပြုကိစ္စ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိရမယ်လို့ပြောပေမဲ့ အခုကြေညာချက်ထွက်လာမှ အသစ်ထွက်လာတာ ကျနော်တို့ သိတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ဘယ်သူတွေ ပါသင့်တယ်ဆိုတာ အမည်စာရင်း တင်သွင်းတာလည်း လူတိုင်းတင်သွင်းလို့ရပါတယ်။ ဘယ်သူတွေကို ရွေးကောက်ပွဲ စိစစ်ရေးကော်မတီက ရွေးချယ်လိုက်လည်း ကျနော်တို့ သိ လို့ရတယ်။ သမ္မတရဲ့တာဝန်က တင်ပြလာတဲ့ဟာကို လက်မှတ်ထိုးရုံပဲ။ အခုဟာက ကျနော်တို့မှာ ဘာမှ ရွေးချယ်တင်ပြပိုင်ခွင့်လည်း မရှိဘူး။ ဘယ်တုန်းက အစည်းအဝေးခေါ်ပြီး ဘာလုပ်လိုက်မှန်းမသိဘူး။ ဒါမျိုး လုပ်ဆောင်ချက်ကိုက လုပ်ထုံးလုပ်နည်းထဲမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတရပ်ဖြစ်တဲ့ Right to Participation ပါဝင်မှုပိုင်း ဆုံးရှုံးနေတာ တွေ့ရတယ်။"

ညီမျှခြင်းမြန်မာ (Equality myanmar ) ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းပြောသွားတာပါ။

မြန်မာ့လူ့အခွင့်အရေးကော်မရှင်ဟာ လွတ်လပ်မှုမရှိပဲ အစိုးရရဲ့ သြဇာ သက်ရောက်မှုရှိနေတယ်လို့ သုံးသပ်ကြပါတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်ပွားနေရာဒေသတွေအတွင်း လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လူ့အခွင့်အရေးကော်မရှင်ရဲ့ ငွေကြေးထောက်ပံ့မှုကို အစိုးရကဆုံးဖြတ်တာမျိုးထက် လွှတ်တော်က ဆုံးဖြတ်ဖို့အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

အာရှနိုင်ငံပေါင်း (၁၅) နိုင်ငံက အမျိုးသားလူ့အခွင့်အရေးအဆောက်အအုံ အကြောင်းအရာတွေ ပါဝင်တဲ့ နိုင်ငံတော် အမျိုးသား လူ့အခွင့်အရေးအဆောက်အအုံများ ဖွဲ့စည်းတည်ထောင်ခြင်းနဲ့ ၄င်းတို့ရဲ့ စွမ်းဆောင်ရည်များ အစီရင်ခံစာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စက်တင်ဘာလ လဆန်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဌေးလွင်ဦး
RB News
17.9.2014

သမိုင်းဖေါ်တာ မ “အ”အောင်လို့ ဆိုပြီး ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောဆိုခဲ့ပါတယ်။ ဆရာကြီးရဲ့ ရင်ထဲက စကားလုံး စင်စစ် ရည်ရွယ်ချက်ကို ကျွန်တော် မနှိုက်ထုတ်လိုပါ။ သို့သော် ယေဘုယျ အားဖြင့် လှမ်းမြင်ကြည့်သော် လူဆိုတာ ကိုယ့်သမိုင်း ကိုယ်သိရမယ်၊ ကိုယ့်သမိုင်းမှ ကိုယ်မသိရင် တုံးမယ်၊ အမယ်၊ နောက်ဆုံး သူ့ကျွန် ဖြစ်ရမယ် လို့ ဆိုလိုဟန် ရှိပါတယ်။ ခွဲကြ၊ ကွဲကြ လွတ်လပ်ရေး ယူကြ၊ ကိုယ်ပိုင်နိုင်ငံ အချုပ်အခြာများ တည်ထောင်ကြတဲ့ ဒုတိယ ကမ္ဘာစစ်ပြီး ခေတ်ကာလများအား ဖြတ်သန်းကျက်စားခဲ့ရတဲ့ လူသား ပညာရှင်ကြီး တစ်ဦး အနေနဲ့ မိမိလူမျိုး မိမိတိုင်းပြည် ထီးပျောက်၊ နန်းပျောက် သမိုင်းပျောက်၊ သူ့ကျွန် ဖြစ်ရမှာကို စိုးရိမ်ခံစားချက်များ ကိန်းဝပ်ခဲ့ဟန် ရှိပါတယ်။

မိမိ လေ့လာ ဆည်းပူးရာမှာ အတွေ့ကို အတွေ့အတိုင်း ထုတ်ဖေါ်ပြောဆိုတတ်တဲ့ ကျွန်တော်တစ်ယောက်လည်း မထင်မမှတ်ဘဲ ရိုဟင်ဂျာတို့ရဲ့ သမိုင်းကို တူးဖေါ်လှန်ထုတ်သူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အတိုက်အခံများ လေ လှန်ထုတ်လေ၊ လှန်ထုတ်ရမယ့် သမိုင်းနောက်ကြောင်းများအား လေ့လာလေ ဖြစ်ခဲ့ရင်း- ကျွန်တော်ကိုယ်တိုင် မထင်မှတ်ထားတဲ့ သမိုင်းကြောင်းကြီး တစ်ခု ဘွားကနဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။
ယခု ရခိုင်လို့ ခေါ်တွင်နေတဲ့ အရပ်ဒေသဟာ- မြန်မာစကားပြော လူမျိုးနွယ်များ ၀င်ရောက်ထိုးဖေါက် လာခဲ့ ချိန်မှ- ပင်လယ်ပြင်ကြီးအား မြေဖို့လျှက် လူသားများ နေထိုင်ခဲ့ခြင်း မဟုတ်ပါ။ ယခု မြေပိုင် ရေပိုင်ဟု ခံစားနေ သော ရခိုင်လူမျိုးများ မတိုင်မှီက လူသူ မရှိရာ အရပ်ဒေသလည်း မဟုတ်ခဲ့ပါ။ ယခု ရခိုင်လူမျိုးဟု ခံယူနေသော ရှေးဦးမြန်မာ လူမျိုးစု မတိုင်မှီ- ချင်းလူမျိုး၊ လင်းလူမျိုး (လုံးဝ တိမ်ကောလု နီး လူမျိုး) ကမ်းယံလူမျိုး (ကမ်းယံ ဆိုသည်မှာ ကရင်လူမျိုးများ ဖြစ်နိုင်ပြီး ၎င်းတို့မှာ ရခိုင်တောင်ပိုင်းတွင် နေထိုင်ခဲ့ကာ - နောက်ပိုင်း ရခိုင်တောင်ပိုင်းနှင့် ဆက်စပ်နေသာ ဧရာဝတီတိုင်းထဲသို့ ပြောင်းရွှေ့သွားခဲ့ဟန် ရှိသည်။) ထိုလူမျိုးနွယ်စုများ မတိုင်မှီ နှစ်ပေါင်း ၅၀၀၀ ကျော်စောသော သမိုင်းအား ပိုင်ဆိုင်ခဲ့သူများမှာ ယခုခေတ် ပစ်ပယ်ခံ ရိုဟင်ဂျာ လူမျိုးများ ဟု ဆိုရပါမယ်။
မြန်မာများက- အနော်ရထာမင်း မတိုင်မှီထိ သူတို့ကိုယ်သူတို့ မြန်မာ (ဗမာ) ဟူ၍ အထူးပြု အမည်နာမ တစ်ခုဖြင့် ပြောဆိုခဲ့ဟန် မရှိသကဲ့သို့ ရှေးဦး မူလဘူတ နီဂရစ်တို (အသားမဲ) လူမျိုးစုမှာလည်း ထိုစဉ်က သူတို့ ကိုယ် သူတို့ ရိုဟင်ဂျာ ဟူသော အမည်နာမဖြင့် ဖြစ်တည်ခဲ့ဟန် မရှိပါ။ သို့သော် ထိုရှေးဟောင်းလူမျိုးတို့ရဲ့ မှတ် တမ်း ဘာသာစကား၊ မင်းဆက် အမည်နာမ၊ ရိုးရာဓလေ့ မှတ်တမ်းများအရ ၎င်းတို့မှာ ယခု ရိုဟင်ဂျာ လူမျိုးများ မှ အပ အခြား ကွင်းဆက် ဆက်စပ်ယူနိုင်သော လူမျိုးဟူ၍ မရှိတော့ပါ။
ရခိုင်ဒေသဆိုင်ရာ သမိုင်းအား ရိုးရိုးသားသား ပြန်လှန်ကြည့်ရင် မူလဘူတ ရှေးဦး လူမျိုးများ အဖြစ် ရိုဟင်ဂျာ တို့အား သတ်မှတ်ရမည် ဖြစ်ပြီး၊ ချင်း၊ လင်း၊ စတဲ့ လူမျိုးစုများမှာ ဒုတိယ အသုတ် ၀င်ရောက်လာသူများ ဖြစ်ခဲ့ ပါတယ်။ အဲ့ဒီနောက်မှာ ရှေးဦးမြန်မာ လူမျိုးစု (ရခိုင်)များ ရောက်လာခဲ့ပြီး- ရှေးဦးမြန်မာအစု ရခိုင်များမှ မဏိပူရ်ကုန်းမြင့်အား ဖြတ်လျှက် စကိုင်းတိုင်းမြောက်ပိုင်းအား ၀င်ရောက်သိမ်းပိုက်စဉ် ခေါ်ဆောင်ခဲ့သော မြို၊ ခမွီး လူမျိုးစု အနည်းငယ် ရောက်လာခဲ့ပြန်ပါတယ်။ ထို့နောက်ပိုင်းမှ- ဘင်္ဂလားဘက်တွင် စစ်ကူတောင်းရင်း မွန်ဂိုစစ်သည်များ ရောက်လာကာ- မွန်ဂို (ပါရှန်း) စစ်သည်များနဲ့ ရခိုင်ဒေသခံ လူမျိုးများ သွေးနှောလျှက် ရခိုင် အစုဝင် ကမန်လူမျိုးများ ဖြစ်တည်လာခဲ့ပါတယ်။
ရခိုင်ဒေသမှာ ရှိနေတဲ့ လူမျိုးစု အားလုံးဟာ အနည်းဆုံး နှစ်ပေါင်း ထောင်ချီ အမြစ်တွယ်နေခဲ့တဲ့ လူမျိုးစုများ ဖြစ်လျှက် လူမျိုးတစ်ခုခုအား အမြစ်လှန် သုတ်သင်နိုင်စွမ်း မည်သူ့မှာမှ မရှိနိုင်ပါ။
ဒီနေ့ ခေတ်ကာလမှာ လူသားများ အမြင်ကျယ်လာခဲ့ပါပြီ။ သမိုင်းများ တူးဖေါ်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ် သန်းပေါင်းများစွာမှ ကျောက်ဖြစ် ရုပ်ကြွင်းများကိုပင် တူးဖေါ် သမိုင်းပြုလာခဲ့ပါပြီ။ ဒီအချက်ကို မြန်မာပြည်သူ ပြည်သား အပေါင်း သိနားလည်ဘို့ လိုအပ်ပါလိမ့်မယ်။
ရိုဟင်ဂျာ များအား အတင်း ခံငြင်းနေတဲ့ လူအုပ်စုက လူသား သန်း ၅၀ ထက် မကျော်နိုင်ပါ။ ကမ္ဘာ့ ကုလ သမဂ္ဂ အပါအ၀င် ကမ္ဘာ့ လူဦးရေ သန်း ၆၀၀၀ ကျော်က ရိုဟင်ဂျာများဘက်မှ ပြတ်ပြတ်သားသား ရပ်တည် လျှက် ရှိနေပါတယ်။ ရေချိုရေအေးကို မသောက်ချင်လို့ မိုးခါးရေ အဖြစ် ခံငြင်းနေရင်လည်း အများ မိုးခါးရေ သောက်- ကိုယ်လည်း လိုက်သောက်ရမယ့် ကိန်းကို လူဦးရေ သန်း ၅၀ က ရင်ဆိုင်တိုးရပါလိမ့်မယ်။
ရိုဟင်ဂျာများသာ မက ကမ္ဘာ့ အသိုင်းအ၀ိုင်း တစ်ခုလုံးကပါ- ရိုဟင်ဂျာတို့ရဲ့ သမိုင်း၊ ရိုဟင်ဂျာတို့ရဲ့ ဘ၀၊ ရိုဟင်ဂျာတို့ရဲ့ ဒုက္ခတို့အား ထိထိမိမိ ခံစားနားလည်နေခဲ့ပါပြီ။ ရာဇ၀တ်ကောင် လူတစ်စုက အတင်း ဇတ်မြှပ်ချင် ပေမယ့်-၊ ကမ္ဘာ့ အသိုင်းအ၀ိုင်းကြီး တစ်ခုလုံးက ဘယ်နည်းနဲ့မှ ပျောက်ပျက်ခံတော့မှာ မဟုတ်ပါ။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူမျိုး တစ်မျိုးကို ဘယ်နည်းနဲ့မှ အဆုံးရှုံးခံမှာ မဟုတ်တော့ပါ။
ကျွန်တော့ အနေနဲ့လည်း မြန်မာပြည်တွင်းက ရှေးဦးမူလ လူမျိုးစု တစ်စု အကြောင်းကို သမိုင်းဖေါ်ရခြင်းဟာ - တိုင်းပြည်ကို အကျိုးပြုချင်လို့သာ ဖြစ်ပါတယ်။ မိမိတိုင်းပြည်တွင်းက လူမျိုးစု တစ်စု၊ ဖဲ့ထုတ်ရှင်းလင်းလို့ လုံးဝ မရနိုင်တဲ့ လူမျိုးစု တစ်စုကို တိုင်းတစ်ပါးက လူမျိုးစု အဖြစ်သတ်မှတ်ပေးခြင်းက တိုင်းပြည်အတွက် အလွန် တရာသော အဆိုးတရားကို ဦးတည်စေပါတယ်။

အခု အချိန်မှာ အဆိုပါ ရိုဟင်ဂျာတို့အား ဘယ်လိုနည်းနဲ့မှ တိုင်းပြည်က မောင်းထုတ် နှတ်ထုတ် သတ်ဖြတ် မျိုးတုံး ကြံစည်လို့ မရနိုင်အောင် ဖြစ်ခဲ့ပါပြီ။ မြန်မာပြည်ထဲက သူတို့နေထိုင်ရာ မူလဒေသများမှာ သူတို့ အတွက် နေရာ ချပေးရမှာ သေချာပါတယ်။ ဘယ်လိုမှ ရှင်းထုတ်လို့ မရနိုင်တော့တဲ့ မူလဘူတ လူမျိုး ရိုဟင်ဂျာတို့အား တိုင်းတစ်ပါးသား ဘင်္ဂလီ အဖြစ် အတင်း သတ်မှတ်နေသူများဟာ သမိုင်းတရားခံများ ဖြစ်လာရမှာ သေချာပါ တယ်။ ကမ္ဘာ့ ဇတ်ခံပေါ်မှာ လူကြမ်းကြီး အဖြစ် သရုပ်ဆောင်လိုသူများကို ပြောချင်တဲ့ စကားတစ်ခွန်းက- ဒီအချိန်မှာ မင်းသားက ဖြစ်နေတာက ရိုဟင်ဂျာ များပါ။ ဇတ်သိမ်းမှာ မင်းသား ဆိုတာ ရှုံးသွားခဲ့ရိုး ထုံးစံ မရှိပါ။
အမှန်တရားမှာ - အင်အား အပြည့်အ၀ ရှိနေပါတယ်။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



RB News
14.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်ကျော် ဦးဆောင်သည့် အဖွဲ့သည် လိပ်ရ ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများထံမှ ရွှေ၊ ငွေများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၁၀) ရက်နေ့ ည ၇ နာရီ အချိန်တွင် မောင်တောမြို့နယ် လိပ်ရကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ကျော်နှင့် အဖွဲ့သည် လိပ်ရ အလယ်ရွာရှိ ဦးနူရ်မာမတ် (ဘ) ဦးအဒူလ္လာ၏ နေအိမ်သို့ ၀င်ရောက်၍ ငွေကျပ် ၈ သောင်း လုယက်ခဲ့သည့် အပြင် ဦးနူရ်မာမတ်၏ ဇနီးကိုလည်း ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ဒုရဲအုပ်ကျော်ကျော်နှင့် အဖွဲ့သည် လိပ်ရမြောက်ရွာသို့ ၀င်ရောက်ပြီး ဦးအာဘူဟာယာတ် (ဘ) ဦးအဒူလော်တီ၏ နေအိမ်မှ ငွေကျပ် ၁၇ သိန်း ၆ သောင်း လုယက်ခဲ့သည့် အပြင် ဦးအာဘူဟာယာတ်၏ ဇနီးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးအာဘူဟာယာတ် ထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် အဆိုပါရွာမှ ဦးအဒူလ်အာမီးန်၏ နေအိမ်သို့လည်း ၀င်ရောက်ပြီး သေတ္တာကို ရိုက်ချိုးပြီး ရွှေ ၁ ကျပ်သား ၉ ပဲ ကို လုယူသွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ယခင် စစ်အစိုးရ လက်ထက်က န.စ.က များကဲ့သို့ပင် ရွာများထဲသို့ ၀င်ရောက်၍ လိုင်စင်ရ ဓါးပြသဖွယ် လုယက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းကို နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိရာ၊ ယခုကဲ့သို့ လုယက်ခြင်းများ ဆက်လက် ပြုလုပ်နေပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ ပြည်သူများ အကြား ပဋိပက္ခ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ဒေသခံများက နိုင်ငံတော် အစိုးရ အနေဖြင့် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များကို အချိန်မှီ တားဆီး ပေးရန် လိုအပ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ ဥပဒေမဲ့ လုပ်ရပ်များကို မတားဆီးဘဲ လွှတ်ပေး ထားမည်ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဆိုပါသည်။



RB News
14.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံးကျေးရွာ အုပ်စု၊ ကျွန်းဂေါင်း ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီး အမည်ခံ လူဦးရေ စစ်ဆေးခြင်း ပြုလုပ်ပြီးနောက် အပြစ်မဲ့ ဒေသခံ ၄ ဦးကို ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် မိုးမလင်းမှီ အချိန်တွင် ရာဂဏန်းခန့် အင်အားရှိသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် မောင်တောမြို့နယ် လောင်းဒုံး ကျေးရွာ အုပ်စု၊ ကျွန်းဂေါင်း ကျေးရွာသို့ ၀င်ရောက်ပြီး ရွာပတ်ပတ်လည်ကို ပိတ်ဆို့ပြီး အမည်ခံ လူဦးရေ စစ်ဆေးမှုကို ယခင် န.စ.က လက်ထက်တွင် ဆွဲ၊တင်၊စစ် ပြုလုပ် သကဲ့သို့ ပြုလုပ်ပြီး စာရင်းကောက်ခံ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ၎င်းတို့၏ အမည်ခံ လူဦးရေ စစ်ဆေးခြင်းကို ပြုလုပ်ပြီးနောက် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငါးခူရရှိ ရဲတပ်ရင်းတွင် ချုပ်နှောင် ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဖမ်းဆီး ချုပ်နှောင် ခံထားရသူ များမှာ --

(၁) မော်လ၀ီ ဦးနူရ်အစ္စလာမ်
(၂) မော်လ၀ီ ဦးအာဘူအာလမ်
(၃) ဦးလာလူး
(၄) အမည်မသိ အမျိုးသမီး တစ်ဦး -- တို့ဖြစ်ပါသည်။

MYARF
RB News
11.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာ ဈေးတွင် ချဲဒိုင်များ ဖွင့်လှစ်၍ တရားဝင် လောင်းကစား သဖွယ် လုပ်ကိုင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအနီး ဈေး၌ ချဲ (ဒေသခံ အခေါ် ၂ လုံးထိုး၊ ၃ လုံးထိုး) ဒိုင်များ ဖွင့်လှစ်၍ တရားဝင် လောင်းကစား သဖွယ် လုပ်ကိုင်လျက် ရှိပြီး၊ အဆိုပါ လောင်းကစား ဒိုင်များ၏ နေရာသည် အ.ထ.က (၁) နှင့် အခြေခံပညာ မူလတန်း လွန်ကျောင်း တို့နှင့် နီးကပ် လျက်ရှိပြီး၊ ချဲဒိုင် အဖြစ် လုပ်ကိုင် နေသူများမှာ အမှတ် (၃) ရပ်ကွက်နှင့် (၄) ရပ်ကွက်တို့မှ ရခိုင် အမျိုးသမီးများ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ချဲဒိုင် အချို့၏ ဓါတ်ပုံများကို အောက်တွင် ဖော်ပြထားပါသည်။

ချဲဒိုင်များသည် ရဲဝန်ထမ်းများ၏ ဆွေမျိုး တော်စပ်သူများ ဖြစ်သောကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များကို မမှု့ဘဲ တရားမ၀င် လောင်းကစား လုပ်ငန်း တစ်ခုကို တရားဝင် သဖွယ် လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ချဲထိုးသူ အချို့၏ ပြောကြားချက်များ အရ သိရှိရပါသည်။ မြို့မ ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန်က အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း ရဲဝန်ထမ်းများ၏ ဆွေမျိုးများဟု ဆိုကာ နာခံခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တောမြို့ ပေါ်တွင်လည်း ချဲဒိုင် (၅၀) ကျော် တရားဝင် သဖွယ် ဖွင့်လှစ်၍ လောင်းကစားမှုများ ပြုလုပ်နေသည်ကို အာဏာပိုင်များက အရေးယူခြင်း မရှိသည့် အပြင် ၎င်းတို့ ကိုယ်တိုင်ပင် ချဲထိုးနေသည်ကို လေ့လာ သိရှိရပါသည်။

ရခိုင် အသိုင်းအ၀ိုင်း များက ၎င်းတို့ ရခိုင် လူမျိုးများသည် ရိုဟင်ဂျာရွာ များထဲမှ ဖြတ်ကျော် သွားရန်ပင် ကြောက်ရွံ နေသည်ဟု လုံခြုံရေး အကြောင်းပြချက် များပြပြီး အစိုးရခန့် ရခိုင်လူမျိုး ဆရာ/မ များက ရိုဟင်ဂျာ ကျေးရွာများသို့ သွားရောက်၍ စာသင်ကြား ပေးရန် ပျက်ကွက် နေသော်လည်း ရိုဟင်ဂျာများ နေထိုင်သည့် မြို့မ ကညင်တန်းရွာသို့ လာရောက်ပြီး ချဲဒိုင်များ တနေကုန် လောင်းကစား ပြုလုပ်နေခြင်းကို ကြည့်ခြင်း အားဖြင့် ရခိုင် အသိုင်းအ၀ိုင်းမှ လုံခြုံရေး အကြောင်းပြသည်နှင့် တလွဲစီ ဖြစ်နေသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။

အဆိုပါ ချဲဒိုင်များသည် အခြေခံ ပညာကျောင်းများ အနီးတွင် ရှိနေသည့် အတွက် ဒေသခံ ရိုဟင်ဂျာ များက ၎င်းတို့၏ သားသမီးများ ကျောင်းသွားနေစဉ် လောင်းကစား ပြုလုပ်ရန် စွယ်ခံရမည်ကို စိုးရိမ်လျက် ရှိနေကြသည်။ ဒေသခံများက အဆိုပါ လောင်းကစား ဒိုင်များကို အမြန်ဆုံး ဖယ်ရှားပေးရန် အာဏာပိုင်များထံ တောင်းဆိုကြောင်း RB News သို့ပြောပါသည်။







RB News
11.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ချောင်း ကျေးရွာ အုပ်စုသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်၍ ဒေသခံများ၏ ပစ္စည်းများ ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးသည် ကျောက်ချောင်း ကျေးရွာသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ အတွင်းရှိ သေတ္တာများ၊ ဗီရိုများကို ရှာဖွေပြီး ဖျက်ဆီးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ ရှာဖွေခြင်းသည်ဟု ဆိုသော်လည်း နေအိမ်များမှ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ ရှာဖွေ တွေ့ရှိခြင်း မရှိကြောင်း သိရှိရပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ဦးဆောင်သူမှာ အမည်မသိ ဒုရဲအုပ် တစ်ဦး ဖြစ်ပြီး၊ ၎င်းသည် လက်နက်ဖြင့် ခြိမ်းခြောက်၍ လုပ်ပိုင်ခွင့် အာဏာကို အလွဲစားသုံး ပြုလုပ်ပြီး ဒေသခံများကို မကြာခဏ ညှဉ်းပန်း နှိပ်စက် နေသော်လည်း အထက်အရာရှိ များက မသိကျိုးကျွံ ပြုလျက် ရှိနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ကျောက်ချောင်း အလယ်ရွာမှ ရာအိမ်မှူး ဖြစ်သူ ဦးလူဒါမျာ၏ ဇနီးဖြစ်သူကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ပစ္စည်းများ ဖျက်ဆီးခံရသူ များမှာ --

(၁) ဦးအဘူဘော်ကော်ရ် (ဘ) ဦးနူရ်အာမတ် (ကျောက်ချောင်း ရွာသစ်)
(၂) ဦးနူရ်အာလာမ် (ကျောက်ချောင်း ရွာသစ်)
(၃) ဦးဖုန့်နာ (ဘ) ဦးတာဇော် (ကျောက်ချောင်း ရွာသစ်)
(၄) ဦးဂေါ်ဖုရ်မျာ (ဘ) ဦးရှုကူရ် (ကျောင်းချောင်း အလယ်ရွာ) -- တို့ဖြစ်ပါသည်။



RB News
11.9.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ခြင်းသမား ကျေးရွာ အုပ်စုတွင် ရဲစခန်း အသစ် ဆောက်လုပ်ရန် အတွက် ဒေသခံ ရိုဟင်ဂျာများထံမှ အတင်း အဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် ခြင်းသမား ကျေးရွာ အုပ်စုတွင် ရဲအင်အား ၁၆ ယောက်ဖြင့် ကင်းစခန်း တစ်ခု အသစ် နေရာချ ထားပြီး၊ ရဲစခန်း အသစ် ဆောက်လုပ်ရန် အတွက်ဟု ဆိုကာ ဒေသခံ ရွာသားများထံမှ အတင်း အဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ခြင်းသမား ကျေးရွာ အုပ်စု၊ မီးကျောင်းဈေးကွင်းရှိ အိမ်ခြေ ၁၄၀၀ ကျော်မှ ငွေကျပ် ၃၀၀၀ စီ အတင်း အဓမ္မ ကောက်ခံလျက် ရှိပြီး၊ ခြင်းသမားကွင်းရှိ အိမ်ခြေ ၁၀၀၀ ကျော်မှ ငွေကျပ် ၅၀၀ စီ ကောက်ခံလျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ရဲစခန်း ဆောက်လုပ်ရန် အတွက် ပြည်ထဲရေး ၀န်ကြီးဌာနမှ ဘဏ္ဍာငွေဖြင့် ဆောက်လုပ်ရမည် ဖြစ်သော်လည်း ဆင်းရဲသည့် ပြည်သူများထံမှ မတရားသဖြင့် ဥပဒေမဲ့ ကောက်ခံလျက် ရှိခြင်း ဖြစ်သည်။ အတင်း အဓမ္မ ကောက်ခံခြင်းကြောင့် ဆင်းရဲသည့် ရွာသားများ အတွက် ၀န်ထိုးဝန်ပိုး ဖြစ်နေသည်ဟု ဆိုသည်။



မအေးအေးမာ
11.9.2014

ရခိုင်ပြည်နယ် အတွင်းက စစ်တွေမြို့မှာ ညမထွက်ရ အမိန့်ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရုပ်သိမ်း ခဲ့ပါတယ်။ တချိန်တည်းမှာပဲ UNDP ခေါ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီ အစဉ်ရုံးရဲ့ လက်ထောက် အုပ်ချုပ် ရေးမှူးနဲ့ အာရှ ပစိဖိတ် ဒေသ ဆိုင်ရာ ညွှန်ကြား ရေးမှူးလည်း ဖြစ်တဲ့ Haoliang Xu ဟာ ရခိုင်ပြည်နယ် အတွင်းမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးရေး ကိစ္စနဲ့ လာရောက် ဆွေးနွေးဖို့ အတွက် ရောက်ရှိ နေချိန်လည်း ဖြစ်ပါတယ် မအေးမာက သတင်းပေးပို့ ထားပါတယ် ။

ရခိုင်ပြည်နယ် တွင်းမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း တွေဖြစ်အပြီး တည်ငြိမ်မူ မရှိတဲ့ မြို့နယ်တိုင်း နီးပါး မှာ ညမထွက်ရ အမိန့်ကို ထုတ်ပြန် ထားတာပါ။ ပြီးခဲ့တဲ့ မတ်လက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အန်ဂျီအို အဖွဲ့ရုံးတွေ တိုက်ခိုက် ခံရမူ ဖြစ်ပြီး ဒေသခံတွေနဲ့ တင်းမာမူတွေ ဖြစ်ခဲ့ရတဲ့ စစ်တွေမြို့မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ညမထွက်ရ အမိန့်ကို ပြန်လည် ရုပ်သိမ်း ခဲ့ပါတယ်။

တည်ငြိမ်မူတွေ ရှိနေပြီ ဖြစ်လို့ ပြန်ရုပ်သိမ်းတာ ဖြစ်တယ်လို့ စစ်တွေမြို့က ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုပါတယ်။

"ဒီနေ့ပဲ ညမထွက်ရ အမိန့် ၁၄၄ ကို ရုပ်သိမ်း လိုက်တယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က ကြေညာချက် ထုတ်ခဲ့တာပါ။"

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံး လက်ထောက် အုပ်ချုပ်ရေးမှူး ရခိုင်ပြည်နယ်ကို လာရောက်တဲ့ ခရီးစဉ် မှာတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ အတူ စစ်တွေမြိုက ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီစဉ် ကနေ ထောက်ပံ့ ထားတဲ့ နေရာတွေကို သွားရောက် လေ့လာခဲ့ပြီး စစ်တွေမြို့မိ မြိုဖတွေ ကိုလည်း တွေ့ဆုံခဲ့ ပါတယ်။ တွေ့ဆုံမူတွေ အတွင်းမှာ မြို့မိမြို့ဖတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ တာတွေကိုလည်း စစ်တွေမြို့က ဦးသန်းထွန်းက အခုလို ပြောပြပါတယ်။

"ရခိုင် တိုင်းရင်းသား တွေရဲ့ သမိုင်းကြောင်း အချက် အလက်တွေ၊ ဖြစ်ရပ် သမိုင်းကြောင်း အချက် အလက်တွေကို သူတော်တော် များများ လေ့လာ ဖတ်ရှု့ပြီးမှ သူလာရောက်တာ ဖြစ်ကြောင်း ပြောပါတယ်။ အဲ့ဒီ့ အတွက်ကြောင့် ရခိုင် တိုင်းရင်းသား တွေရဲ့ အနေ အထား ကိုလည်း သူ နားလည် ပါတယ် ပြောပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ ရခိုင် တိုင်းရင်းသား တွေကို Negative View နဲ့ ကြည့်နေ ကြတာ တွေဟာ ဟုတ်တယ်။ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကိုလည်း လာရောက် လေ့လာချင်တဲ့ သဘော ရှိတယ်လို့ ပြောပါတယ် ခင်ဗျ။

နောက်ပြီး အခု သူလာတဲ့ အချိန်မှာ Humanitarian Aid လို့ခေါ်တဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ ကိုတော့ အစိုးရ အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ နှစ်ဖက် မျှမျှတတ ဖြစ်အောင် ဆောင်ရွက် ပေးမယ်လို့ သူပြော ပါတယ်။ Development လို့ခေါ်တဲ့ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် တွေကိုတော့ ရခိုင် ကျေးလက် ဒေသတွေ ဘက်မှာ ရခိုင် တိုင်းရင်းသားတွေ ဘက်ကို ဦးစား ပေးပြီးတော့ အများကြီး ဆောင်ရွက် ပေးမယ်လို့ အဲ့လို ပြောပါတယ် ခင်ဗျ။"

လူသားချင်း စာနာမူ အကူညီ တွေကိုတော့ ပဋိပက္ခ ဖြစ်ခဲ့တဲ့ လူမှု အသိုင်း အ၀ိုင်း နှစ်ခုကို နှစ်ဖက် မျှတစွာ ပေးမယ် ဆိုရင်တော့ ရခိုင် လူထု ဘက်က ကန့်ကွက်စရာ မရှိဘူးလို့လည်း ဦးသန်းထွန်းက ပြောခဲ့ပါတယ်။

"UN တွေ NGO တွေအနေ နဲ့လည်း ရခိုင် အပေါ်မှာ အခုလို သတင်း အမှားတွေကြောင့် မကောင်းမြင် နေရတဲ့ ကိစ္စတွေကို ကမ္ဘာ့ အသိုင်း အဝိုင်းကို ဖြန့်ချီပေးဖို့ ကောင်းပါတယ်လို့ ကျနော်တို့ တင်ပြ ပါတယ် ခင်ဗျ။ ကျနော်တို့ ရခိုင်တွေ ဘက်ကလည်း လူသားချင်း စာနာမှု ဆိုင်ရာ အထောက် အပံ့ များကို ညီတူမျှ တူပေးမယ် ဆိုတဲ့ ကိစ္စကို ဘာမှ ကန့်ကွက် စရာ မရှိပါဘူး ဆိုတဲ့ အကြောင်း ပြောပါတယ်။"

အလားတူပဲ ရခိုင် ပါတီတွေဘက် ကလည်း ဒီလို သဘောမျိုး ရှိနေတာပါ။ စစ်တွေမြို့က ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် ကလည်း အခုလို ပြောပါတယ်။

"အဓိက ကတော့ မျှမျှတတ လုပ်ရင်တော့ လက်ခံကြမယ့် သဘောမျိုးပါ။ အဲ့လိုမျိုး ဘက်လိုက်တဲ့ ပိုင်းတွေ မျှတမှု မရှိဘူး ဆိုတဲ့ သဘောတွေ ဖြစ်ပေါ် နေရင်တော့ လက်ခံကြမှာ မဟုတ်ပါဘူး။"

ရခိုင်ပြည်နယ် အစိုးရဘက် ကတော့ ရခိုင်ပြည်နယ် တွင်းမှာ နယ်စီးမခြား ဆရာဝန်များ အဖွဲ့ MSF ထွက်သွားပြီး ကတည်းက အစိုးရနဲ့ ကျန်းမာရေး ၀န်ကြီး ဌာနတို့ ရဲ့ ကြီးကြပ်မူ တွေနဲ့ ရခိုင် လူထုနဲ့ ဒုက္ခသည် တွေကို လုံလောက်တဲ့ အကူညီ ပေးနိုင် ခဲ့တယ်လို့ ပြည်နယ် အစိုးရ အဖွဲ့က ဥပဒေချုပ် ဦးလှသိန်း ကတော့ ဆိုပါတယ်။

"ကျန်းမာရေး ဝန်ကြီး ဌာနရဲ့ အစီအစဉ်နဲ့ ပေါ့လေ။ ကျနော်တို့ ပြည်နယ် အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ပြည်နယ် ကျန်းမာရေး ဦးစီးမှူးကလည်း သူတင်ပြချက် အရ ဆိုရင်တော့ ပြည့်စုံနေတဲ့ သဘောပါပဲ။ ကျနော်တို့ ဒုက္ခသည် စခန်းလို့ သတ်မှတ် ထားတဲ့ IDP ကမ့်တွေ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်သွားတယ်။ စစ်တွေနားက စခန်းတွေ ကတော့ တစ်ပတ်ကို ငါးကြိမ်လောက် သွားတယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်း ဆောက်ထား ပေးတယ်။ လက်ရှိ အနေ အထားနဲ့ ရခိုင်ပြည်နယ် တခုလုံးရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတိုင်း အတာ တရပ် အနေနဲ့ ဆိုရင်တော့ လုံလောက် နေတယ်လို့ ကျနော်တို့က မြင်ပါတယ်။"

ဒါပေမဲ့လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲတွေ ထွက်ခွါ သွားပြီးချိန် မှာတော့ ရခိုင်ပြည်နယ် တွင်းမှာ ကျန်းမာရေး လုပ်ငန်းတွေ အတွက် စိုးရိမ်စရာ ရှိနေတယ် ဆိုပြီး ကမ္ဘာ့ အသိုင်းက ရူမြင်ခဲ့တာပါ။ စစ်တွေမြို့မှာ မတ်လက ပဋိပက္ခတွေ ဖြစ်ပြီးနာက် ဇူလိုင်လ အတွင်း မှာတော့ MSF အပါအ၀င် နိုငံတကာ လူသားချင်း စာနာတဲ့ အကူညီတွေ ပြန်ပေးဖို့ အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဖိတ်ခေါ် ခဲ့ပါတယ်။

ကုလသမဂ္ဂ လက်ထောက် အရာရှိရဲ့ ခရီးစဉ်ကလည်း လူသားချင်း စာနာတဲ့ အကူအညီတွေ ဆက်ပေးနိုင်ရေး အတွက် သွားရောက် လေ့လာတဲ့ ခရီးစဉ် ဖြစ်ပြီး ရခိုင်ပြည်နယ် တခုလုံးရဲ့ အကျိုး စီးပွား အတွက် အကူညီတွေ ပေးနိုင်ရေး ကုလသမဂ္ဂက စီစဉ် ဆောင်ရွက် နေခြင်းလည်း ဖြစ်ပါတယ်။



Rohingya Eye
RB News
10.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ များ၏ နွားများကို ခရေမြိုင်ရွာမှ ရခိုင်များက လုယက် ယူသွားကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၉) ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာနှင့် ခရေမြိုင် ကျေးရွာ အကြားရှိ စိုက်ပျိုးရေး မလုပ်ကိုင်ဘဲ မြေကွက်လပ် အဖြစ် တည်ရှိနေသည့် လယ်ကွင်းပြင် များတွင် အစာစား နေသည့် ဒေသခံ ရိုဟင်ဂျာ များ၏ ကျွဲ၊နွားများကို ခရေမြိုင် ရွာမှ ရခိုင်များက လုယက် ယူသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျွဲ၊ နွားများ အစာစားနေစဉ် ခရေမြိုင်ရွာမှ ရခိုင်များ လှံများ၊ ဓါးများ၊ တုတ်များနှင့် လေးခွများ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ကျွဲ၊ နွားများကို ယူဆောင်ရန် ကြိုးစားနေစဉ်၊ ဒေသခံ ရိုဟင်ဂျာများ ရောက်ရှိလာပြီး မိမိတို့၏ ကျွဲ၊ နွားများကို ပြန်လည် ယူဆောင် သွားရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ခရေမြိုင် ကျေးရွာတွင် ကင်းစခန်းချ ထားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ မိုးပေါ်သို့ သေနတ် ၃ ချက် ထောင်ပစ်၍ ဒေသခံ ရိုဟင်ဂျာများကို ခြိမ်းခြောက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ခရေမြိုင်ရွာမှ ရခိုင်များ ပူးပေါင်း၍ ဦးဟာရှိမ်း (ဘ) ဦးနုရ်မာဟာကီးမ် (အသက် ၃၅ နှစ်) ၏ နွား နှစ်ကောင်ကို လုယက် ယူဆောင် သွားကြောင်း သိရှိရပါသည်။

ကျွဲ၊ နွားများ လုယက်ရန် လက်နက်ကိုင်၍ ရောက်ရှိလာသည့် ရခိုင်များ၏ တိုက်ခိုက်မှုကြောင့် အာဂျူး (ဘ) ဦးကူလ်လာမျာ (အသက် ၃၀ နှစ်) ၏ မျက်ခုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့သည်။ နွားများ လုယက်ခံရခြင်းနှင့် ပတ်သက်၍ မောင်တောမြို့နယ် ယာယီ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် ဂေါ်ဒူသာရရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတို့ကို ဆက်သွယ်၍ အကြောင်းကြားခဲ့သော်လည်း ၎င်းတို့နှင့် မဆိုင်ကြောင်း၊ ၎င်းတို့ မသိကြောင်းသာ ပြန်လည် ဖြေကြားခဲ့ပြီး၊ လုယက်ခံရသည့် နွားများ ပြန်လည် ရရှိရေး အတွက် အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ဆိုသည်။

မဝေဝေနု (ဓာတ်ပုံ – Reuters)

သင်းလဲ့ဝင်း (Reuters)
9.9.2014

အသက် ၂၇ နှစ် အရွယ် မဝေေ၀နုရဲ့ သွေးကြောထဲမှာ ဒီမိုကရေစီ အရေး လှုပ်ရှားလိုမှုတွေ စီးဆင်းနေပုံရပြီး သူ့ရဲ့ တက်ကြွလှုပ်ရှား လိုမှုက မွေးကတည်းက ဗီဇ ပါလာတယ်လို့ ထင်ရပါတယ်။ မဝေဝေနုဟာ သူ့ရဲ့ ငယ်ရွယ်စဉ်ကာလ တွေကို အကျဉ်းထောင် သံတိုင်တွေရဲ့ နောက်ကွယ်မှာ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အရင်က နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ မဝေဝေနုဟာ လက်ရှိအချိန်မှာတော့ သူနဲ့ လူမျိုးတူတွေဖြစ်တဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ လူမျိုးတွေ ကြုံတွေ့နေရတဲ့ ဖိနှိပ်ခံရမှုတွေ ချုပ်ငြိမ်းသွားစေဖို့ အရေးကို လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

သူနဲ့ သူ့မိသားစု တွေ့ကြုံ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကတော့ ရခိုင်ပြည်နယ်မှာ အဓိက နေထိုင်နေတဲ့ လူနည်းစု ရိုဟင်ဂျာ ၁.၃၃ သန်းအပေါ် ပစ်မှတ်ထား ဖိနှိပ်နေမှုများစွာ ထဲက သာဓက တခုလို့ ပြောနိုင်ပါတယ်။ သူတို့ အများစုဟာ မြန်မာ နိုင်ငံတွင်းမှာ မျိုးဆက်များစွာ နေထိုင်ခဲ့ပေမယ့်လည်း နိုင်ငံသား ခံယူခွင့်မရှိကြပါဘူး။

မဝေေ၀နုဟာ ရဲရင့် ပြတ်သားပြီး ရှင်းလင်းခိုင်မာတဲ့ အမြင်ရှိသူ အမျိုးသမီး တဦးဖြစ်ပါတယ်။ သူဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အယူသည်းမှု၊ အုပ်စုဖွဲ့ ဖိနှိပ်အနိုင်ကျင့်မှု ပြဿနာတွေကို ဆွေးနွေးရာမှာ အစွန်းရောက်အမြင်နဲ့ ပါဝင် ပြောဆိုမှု စတာတွေကို ဆန့်ကျင် လုပ်ဆောင်နေသူ တဦးဖြစ်ပါတယ်။

တွေ့ဆုံ ဆွေးနွေးမှုများ ဟာ ရိုဟင်ဂျာ အရေး ဆွေးနွေးသည်ဖြစ်စေ အမျိုးသမီးများမှ ၎င်းတို့စိတ်ကြိုက်အိမ်ထောင်ဖက် ရွေးချယ် နိုင်ခွင့်အကြောင်း ဆွေးနွေးသည်ဖြစ်စေ တယူသန်သော မျိုးချစ်များ နှင့် ဘုန်းကြီး များမှ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် လူမျိုးများ အကြား တင်းမာ မှုကို အားဖြည့် ပေးလိုက်ပြီး ဖြစ်သည်။

“လက်ရှိအချိန်မှာ ဗုဒ္ဓဘာသာ တွေက မွတ်စလင်တွေကို ကြောက်လန့်နေရသလို မွတ်စလင်တွေ ဘက်ကလည်း ထိုနည်း လည်းကောင်းပါပဲ။ အားလုံးက တယောက်နဲ့တယောက် ကြောက်လန့်နေရတယ်” လို့ သူက ရိုက်တာကို ပြောပါတယ်။

သူ့ရဲ့ ရုံးခန်းဟာ ရန်ကုန်မြို့တွင်းက တိုက်တတိုက်ရဲ့ ၆ လွှာ အပေါ်ဆုံး အထပ်မှာ ဖွင့်လှစ်ထားတာပါ။

“အခုချိန်မှာက လူတွေကြားမှာ ပြောဆိုဆက်ဆံ တာတွေရယ်၊ ယုံကြည်မှုတွေရယ် နည်းပါးနေတော့ သွေးထိုး လှုံ့ဆော်သူတွေအတွက် ပဋိပက္ခနဲ့ သွေးထိုးစကား ဖြန့်ဖို့ ဆိုတာက လွယ်ကူ မြန်ဆန်လှပါတယ်” လို မဝေဝေနုက ဆိုပါတယ်။

မဝေေ၀နုရဲ့ ရည်မှန်းချက်က ရေရှည်မှာ လူမျိုးစု တခုနဲ့တခု ချစ်ခင် ရင်းနှီး ငြိမ်းချမ်းစွာ တိုင်းပြည်အတွင်း နေထိုင်သွားဖို့၊ အထူးသဖြင့် သူ့ရဲ့ ဇာတိ ဖြစ်တဲ့ ရခိုင်ပြည်နယ် အတွင်းက တရားမျှတမှု မရှိတဲ့ လုပ်ရပ်တွေကို ရပ်တန့် သွားစေဖို့သာ ဖြစ်တယ်လို့ သိရပါတယ်။

“လူမျိုးရေးတွေ၊ ဘာသာရေးတေကို ဘေးဖယ်ထားပြီး ပြောချင်တာက ကျမတို့ရဲ့ ရခိုင်ပြည်နယ်ကို တရားမျှတပြီး တိုးတက်တဲ့ ပြည်နယ်တခု အဖြစ် ဖြစ်ထွန်းလာစေချင် ပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

သူပါဝင် လုပ်ဆောင်aeတဲ့ Women Peace Network Arakan အဖွဲ့အစည်းဟာ အခုအချိန်မှာ လူမျိုးစုတွေ အကြား နားလည်မှု တည်ဆောက်နိုင်ဖို့ အတွက် ပညာပေး ပို့ချမှုတွေကို ပြုလုပ်နေပါတယ်။ ဒါ့အပြင် သူဟာ လူတန်းစာခွဲခြား နှိမ့်ချ ဆက်ဆံ မှုတွေကို ခံစား နေရတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေဘက်က ကာကွယ် ပြောဆိုပေးနေ သူ တဦးလည်းဖြစ်ပါတယ်။

မဝေေ၀နုဟာ ဖမ်းဆီး ထိန်းသိမ်းခံရစဉ် ၂၀၀၅ ခုနှစ် က အသက် ၁၈ နှစ်အရွယ် ဥပဒေ ကျောင်းသူ တဦး ဖြစ်ပါတယ်။ သူ ဖမ်းဆီး ခံရတဲ့ အကြောင်းကတော့ သူ့ရဲ့ ဖခင် ရိုဟင်ဂျာလူမျိုး တဦးဖြစ်သူ ဦးကျော်မင်းကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတာနဲ့ စပ်ဆက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နည် အနောက်ပိုင်း ဘူးသီးတောင် မြို့နယ်မှာ ပညာရေး ၀န်ထမ်းတဦးဖြစ်တဲ့ ဦးကျော်မင်းဟာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အနိုင်ရပေမယ့် စစ်အစိုးရရဲ့ အသိအမှတ်ပြုမှု မခံခဲ့ရတဲ့ ပါတီကိုယ်စားလှယ် တဦးအဖြစ် ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။

ဦးကျော်မင်းဟာ အာဏာပိုင်တွေရဲ့ အကြိမ်ကြိမ် နှောင့်ယှက် တိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး ၁၉၉၀ ပြည့်နှစ် အစောပိုင်း မှာတော့ မိသားစု တစုလုံး ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ကြရပါတယ်။

၁၀ နှစ်လောက် အကြာမှာတော့ သူတို့ မိသားစု အားလုံး ထိန်းသိမ်းခံခဲ့ရပါတယ်။ ဦးကျော်မင်းကို ပထမဦးဆုံး ထိန်းသိမ်းခဲ့ပြီး နောက်၂ လအကြာတွင် ကျန်မိသားစုဝင်တွေကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ သူတို့ အားလုံးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တိုင်းပြည်လုံခြုံရေး ဥပဒေတွေနဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ အရင် စစ်အစိုးရက ဦးကျော်မင်းရဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုအပေါ် ကူညီ ပံ့ပိုးနေတာတွေကို ရပ်တန့်လိုတာကြောင့် အခုလို ဖမ်းဆီးတာလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

“ကျမ ငယ်ငယ်တည်းက ဒီလို မတရားမှုတွေ ကျမတို့ နိုင်ငံထဲမှာ ဖြစ်ပျက်နေခဲ့တာတွေကို ပြုပြင်ပြောင်းလဲ နိုင်ဖို့အတွက် ဥပဒေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ချင် ခဲ့ပါတယ်” လို့ မဝေဝေနုက ပြောပြပါတယ်။

“ကျမတို့ ထောင်ထဲမှာ နေခဲ့ရတုန်း က ကျမ အမေက အခုဒီလို ဖြစ်နေတာဟာ လက်တွေ့လေ့လာဖို့ အခွင့်ကောင်းပဲ ဆိုပြီး ပြောခဲ့ပါသေးတယ်။ အဲဒီအတွက် ကျမကိုယ် ကျမ ကံကောင်းတယ်လို့လည်း မြင်မိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ရုံးတင် စစ်ဆေးခြင်းကို တံခါးပိတ်ပြုလုပ်ခဲ့ကြပြီး သူတို့ မိသားစုကို ရှေ့နေ ခေါ်ယူခွင့် မပေးခဲ့တဲ့အပြင် တရားသူကြီး ကလည်း သူတို့ရဲ့ ချေပချက်တွေကို နားမထောင်ခဲ့ကြဘူးလို့ သူက ပြောပြပါတယ်။ သူ့ဖခင် ဦးကျော်မင်းကို ထောင်ဒဏ် ၄၇ နှစ် ချမှတ်ခဲ့ပြီး ကျန်မိသားစု ၀င်တွေ ဖြစ်ကြတဲ့ သူ့မိခင်နဲ့ သမီး ၂ ဦး၊ သား တဦးတို့ကို ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ် ခဲ့ပါတယ်။

“ကျမတို့ တော်တော် အံ့သြပြီး စကားတောင် ပြန်မပြော နိုင်ခဲ့ဘူး။ အဖေ က အဲဒီ အချိန်မှာ အသက် ၆၀ ရှိနေပြီလေ။ ကျမက တရားသူကြီး ဘက်ကို လှည့်ပြီး ကျမတို့ကို အခုလို ပြစ်ဒဏ်ချမှတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့တာကို မှတ်မိနေသေးတယ်။ ကျမတို့ အဘွားက နှစ်တွေ အများကြီး နေခဲ့ပြီးပြီ ဆိုတော့ ကျမတို့လည်း အဆင်ပြေမှာပါ။ အဖေ့ကိုလည်း စိတ်မကောင်း မဖြစ်ဖို့ ပြောခဲ့တယ်” လို့ သူက ဆိုပါတယ်။

“ကျမ အချုပ်ခန်းထဲကို ပြန်ရောက်တော့မှပဲ ကျမ မျက်ရည်တွေ သွန်ချပြီး ချုံးပွဲချ ငိုနိုင်တော့တယ်” လို့ ဆိုပါတယ်။ ထိန်းချုပ်ထားတဲ့ကြားက ကျလာတဲ့ မျက်ရေတွေကို သုတ်ရင်း မဝေဝေနုက ပြောပြတာ ဖြစ်ပါတယ်။

မဝေဝေနုဟာ နာမည်ဆိုးတွေနဲ့ လူသိများတဲ့ အင်းစိန် အကျဉ်းထောင်မှာ ၇ နှစ်လောက် နေခဲ့ရပါတယ်။

သူဟာ အကျဉ်းထောင် ဖြတ်သန်းမှုတွေထဲမှာ အဆိုးဆုံး ဖြစ်တဲ့ စိတ်ဓာတ်ကျဆင်းတဲ့ ဝေဒနာကို ခံစားခဲ့ရပြီး သူ့ကိုယ်သူ မအားလပ်ရအောင် အလုပ်တွေလုပ်ရင်း စိတ်ဖြေဖျောက်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီလို စိတ်ဖြေဖျောက်တဲ့ နည်းတွေထဲမှာ ထောင်ထဲက တခြား အမျိုးသမီးတွေနဲ့ စကား လက်ဆုံ ပြောတာမျိုးတွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။ သူတို့တွေထဲက အများစုဟာ ပြည့်တန်ဆာ လုပ်ငန်း၊ အသေးစား လောင်းကစားမှု၊ မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ အမှုတွေကြောင့် ဖမ်းဆီး ခံခဲ့ရသူတွေ ဖြစ်ကြတယ် လို့လည်း သူက ပြောပြပါတယ်။

“သူတို့တတွေက တော်တော် ငယ်ကြတယ်။ တချို့ဆို ကျမ ထက်တောင် ငယ်ပါသေးတယ်။ သူတို့တတွေ ဒီလိုအလုပ် မျိုး လုပ်ခဲ့ရတာဟာ သူတို့မှာ တခြား ရွေးချယ်စရာ မရှိလို့ပါ။ အခွင့်အလမ်းတွေ မရှိတာက သူတို့ရဲ့ အမှားလား” လို့ မဝေဝေနုက မေးခွန်းထုတ်ပါတယ်။

အကျဉ်းထောင်က အမျိုးသမီးတွေရဲ့ ဘ၀ ဇာတ်ကြောင်းကို ကြားနာ ခဲ့ရခြင်းက သူ့ကို အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်စေရန် တွန်းပို့ခဲ့သလို၊ အဆင့်အတန်းနှိမ့်ချ ဆက်ဆံခံ နေရတဲ့ အမျိုးသမီးတွေကို ကူညီလိုစိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

“သူတို့နဲ့ တွေ့ပြီး နောက်ပိုင်း ကိုယ့်ဘ၀ကိုယ် အားငယ်ပြီး အပြစ်တင်ချင်တဲ့ စိတ်တွေ ပျောက်သွားတယ်။ အင်းစိန်ထောင် က ကျမ အတွက်တော့ ဘ၀ တက္ကသိုလ်ကြီး တခုလိုပါပဲ” လို့ သူက ဆိုပါတယ်။

ဒါပေမယ့်မယ့်လည်း အကျဉ်းထောင် ဘ၀မှာ ဖြတ်သန်း ခဲ့ရခြင်းက သူတို့ မိသားစု အတွက် ဒဏ်ရာတခုအဖြစ် ဆက်လက် ရှိနေခဲ့ပါတယ်။ သူ့အဖေရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး သူ့ရဲ့ ညီမ ဖြစ်သူဟာလည်း အသည်း ရောဂါနဲ့ သေလု နီးနီး ဖြစ်ခဲ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် ၂၀၁၁ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတို့ကို စတင် လုပ်ဆောင်ချိန် ဖြစ်တဲ့ ၂၀၁၂ ဇန်န၀ါရီလမှာ သူတို့ မိသားစုဟာ တခြားသော နိုင်ငံရေး အကျဉ်းသားတွေနဲ့ အတူ လွတ်မြောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ကတော့ ဆိုးမြဲတိုင်း ဆိုးဆဲ အဖြစ် ကျန်ရှိနေပါတယ်။

မဝေဝေနုရဲ့ ဖခင် ဦးကျော်မင်းဟာ ရိုဟင်ဂျာ လူမျိုး နိုင်ငံရေး သမားတယောက်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူတဦး ဖြစ်ပေမယ့် အဲဒီအချက်ဟာ အမြဲတစေ အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ စတင်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ပေါ်ပေါက်လာချိန်မှာတော့ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ အဲဒီ အဓိကရုဏ်တွေကြောင့် လူ ပေါင်း ၁၄၀၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစု ကတော့ ရိုဟင်ဂျာ လူမျိုးတွေ ဖြစ်ပါတယ်။

မြန်မာ အစိုးရနဲ့ တခြားသော မြန်မာလူမျိုးအများစုက သူတို့ကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ တရားမ၀င် ၀င်ရောက် လာသူတွေလို့ သတ်မှတ်ပြီး ဘင်္ဂါလီ လို့ပဲ ခေါ်ဆို သုံးစွဲကြပါတယ်။

“ကျမတို့ ရိုဟင်ဂျာ လူမျိုးတွေက သိက္ခာရှိရှိ လူရိုသေ ရှင်ရိုသေ နေခဲ့တာပါ။ ကျမတို့က နေစရာမဲ့နေတဲ့ သူတွေ မဟုတ်ပါဘူး။ ကျမရဲ့မိဘ၊ အဘိုးအဘွား၊ ဘိုးဘေးတွေက နိုင်ငံသားတွေ အဖြစ်နေခဲ့ကြတဲ့သူတွေပါ” လို့ မဝေေ၀နုက ပြောပါတယ်။

၁၉၈၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသား အက်ဥပဒေဟာ ရိုဟင်ဂျာ လူမျိုးတွေရဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့်နဲ့ သွားလာခွင့်၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေကို ထိန်းချုပ်လိုက်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

“မှတ်ပုံတင် ကတ် ဆိုတာလေး မရှိရုံနဲ့ လူမျိုးစု တခုလုံးကို ထိခိုက်ခံ ရတာပါ။ အဲဒီလို ဖြစ်သွားတာက ကျမတို့ အတွက် အခြေခံ လူ့အခွင့်အရေး ကိုလည်း ဆုံးရှုံး စေတဲ့အပြင် သိက္ခာနဲ့ စိတ်ဓာတ်ရေးရာကိုလည်း ကျဆင်းစေပါတယ်” လို့ မဝေေ၀နုက ပြောပြပြန်ပါတယ်။

လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြည်နယ်မဲ့ နေသူများအတွက် ကမ္ဘာ့ ပထမဆုံးသော ဖိုရမ် တခုကို Hague မှာ စတင်ပြုလုပ်သွားမှာ ဖြစ်ပြီး အဲဒီဖိုရမ်ဟာ ကမ္ဘာပေါ်က ခန့်မှန်းခြေ ၁၀ သန်းလောက်ရှိတဲ့ ပြည်နယ်မဲ့ သူတွေအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ မဝေေ၀နုက အဲဖိုရမ်ကနေ တဆင့် ရိုဟင်ဂျတွေအတွက် အခွင့်အရေးတရပ် ရရှိလာဖို့ မျှော်လင့်နေပါတယ်။

“ကျမတို့ အဖေ ခေတ်က သူဟာ အစိုးရ ၀န်ထမ်းဖြစ်ခဲ့ပြီး ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခဲ့တယ်၊ ရွေးကောက် ခံခဲ့ရတယ်။ အခု ကျမတို့ ခေတ်မှာ ဘာလို့ ဒီလို မဖြစ်နိုင်တော့တာလဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။

သူက ရိုဟင်ဂျာတွေအပေါ် မကောင်းမြင်နေတဲ့ အမြင်တွေကို ပြစ်တင်ပြောဆိုပြီး သူတို့တွေကို အိမ်ထောင်ဘက် မြောက်များစွာရှိတဲ့ ပြစ်မှုကျူးလွန်သူ ရာဇ၀တ်သားတွေလို သတ်မှတ်ထားခြင်း ကိုလည်း ဝေဖန် ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂက ရိုဟင်ဂျာ တွေကို မြန်မာနိုင်ငံရဲ့ တခြားသော တိုင်းရင်းသား လူမျိုးဘာသာ အကြား မိတ်ဆွေ မဲ့နေတဲ့ သူတွေအဖြစ် ပြောခဲ့ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ ပြယုဂ် တခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်မှ ရိုဟင်ဂျာ အရေးကို နှုတ်ဆိတ်နေခဲ့တယ်လို့ သူက ဆိုပါတယ်။

“ကျမတို့ လူမျိုးတွေ ဘက်ကလည်း စွန့်လွှတ် အနစ်နာခံခဲ့တာတွေ ရှိပါတယ်။ ဒီမိုကရေစီ အရေးကို ကျမတို့လည်း လှုပ်ရှားနေတာပါပဲ။ ကျမတို့ အား လုံး နိုင်ငံရဲ့ အနာဂတ် အတွက် လုပ်နေကြတာပါပဲ၊ ဒါပေမယ့် လူ့အခွင့်အရေး အတွက် ပြောရေးဆိုခွင့် ရှိသူတွေ ကိုယ်တိုင်ကပါ ရိုဟင်ဂျာတွေမှာ အခွင့်အရေး မရှိသင့်ဘူးလို့ ပြောတော့ ပိုပြီး ခံစားရပါတယ်” လို့ သူက ပြောပါတယ်။

“ကျမတို့ လူမျိုးတွေ ရဲ့ သမိုင်းကြောင်း ဟာ စစ်အစိုးရ ရဲ့ ဖျက်ဆီးခြင်းကို ခံခဲရ တဲ့အတွက် သူတို့ရဲ့ အမှားလို့လည်း မဆိုချင်တော့ပါဘူး။ စနစ်ရဲ့ အမှားလို့ပဲ ပြောချင်ပါတော့တယ်” လို့ သူက ဖြည့်စွက် သွားခဲ့ပါတယ်။

Reuters သတင်းဌာနတွင် သင်းလဲ့ဝင်း ရေးသည့် Young Rohingya Woman Chases Dream of Peace and Justice In Myanmar ဆောင်းပါးကို ဆုလာဘ်ရတနာ ဆီလျော်အောင် ပြန်ဆိုသည်။



9.9.2014

မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင် တွေနဲ့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြား ပြုမူ ဆက်ဆံ နေတာ တွေနဲ့ ပတ်သက်ပြီး နယ်သာလန် နိုင်ငံကို ရောက်ရှိ နေတဲ့ သမ္မတ ဦးသိန်းစိန်ကို မေးခွန်း ထုတ်ဖို့ နယ်သာလန် အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က အစိုးရကို မနေ့က တောင်းဆို လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အစိုးရ အဖွဲ့ အပြင်၊ နယ်သာလန် ဘုရင်နဲ့ မိဖုရားတို့နဲ့ပါ တွေ့ဆုံမှာ ဖြစ်တာကြောင့်၊ အဲသလို တွေ့ဆုံတဲ့ အခါ ရိုဟင်ဂျာ ကိစ္စ မေးမြန်းဖို့ အဲဒီအဖွဲ့ရဲ့တောင်းဆိုချက်ကို နယ်သာလန် သတင်း မီဒီယာ တစ်ခုက ဖော်ပြ ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်သာလန် နိုင်ငံမှာ နေထိုင်သူ ကိုဌေးတင့် က အခုလို ပြောပြပါတယ်။

"နယ်သာလန် မီဒီယာမှာ တက်လာတာ တွေ့ရပါတယ်၊ ဘာရေးထားလဲ ဆိုလို့ရှိရင် ဦးသိန်းစိန် ဘာလုပ်ဖို့ နယ်သာလန်ကို လာတာလဲ၊ ဘာအကျိုး အမြတ် ရတာလဲ ဆိုတာ ရေးထားပါတယ်၊ ပြီးတဲ့ အခါကျမှ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၂ နှစ် အတွင်းမှာပဲ အစ္စလာမ် ကိုးကွယ်သူ အယောက် ၂၈၀ လောက် အသတ်ခံ ရတယ် ဆိုပြီးတော့ သူတို့ အဓိက ထားပါတယ်၊ ဆိုတော့ အဲ့ဒါတွေနဲ့ ပတ်သက် ပြီးတော့ ဒီအယာက် ၂၈၀ ဟာဆိုလို့ ရှိရင်လည်း ရိုဟင်ဂျာ တွေရဲ့ ကျေးရွာတွေကို သတ်ဖြတ်ရင်းနဲ့ ဖြစ်တယ် ဆိုပြီးတော့ သူတို့ အဓိက အလေး အနက် ထားတာ တွေ့ရပါတယ်"

ဒါ့ပြင် စစ်အစိုးရ လက်ထက်က ရိုဟင်ဂျာ တွေကို ဖိနှိပ်ခဲ့သလို အခု လက်ရှိ အစိုးရ ကလည်း ဆက်လက် ဖိနိပ်နေကြောင်း၊ ဒါ့အပြင် ၉၆၉ ဆိုတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့တွေ ကလည်း နိပ်စက်နေကြောင်း၊ အခုလို အကြမ်းဖက် ခံရတာ တွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း အဲ့ဒီသတင်းမှာ ဖော်ပြ ထားတယ်လို့ သိရပါတယ်။




MYARF
RB News
8.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့ဝင်များ ၀င်ရောက်၍ လူဦးရေ စာရင်း ကောက်ခံခြင်းကို အကြောင်းပြပြီး ရိုက်နှက်၊ လုယက်မှုများကို ပိုမို ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၉) ရက်နေ့ နေ့လည်ပိုင်းတွင် အင်အား ၂၀ ကျော်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ အဖွဲ့ဝင် များသည် မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် ကျေးရွာ အုပ်စု အာရှိတ်ဂျာရွာသို့ ရောက်ရှိလာပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမောင်၊ ကျေးရွာ တာဝန်ခံ ဦးဇာဖောရ် (ဘ) ဦးမာတူးနှင့် အုပ်ချုပ်ရေးမှူး၏ အကူများ ဖြစ်သော ဦးဒိလ်မာမတ် (ဘ) ဦးဆော်ဂူးရူး၊ ဦးအာမတ်၊ ဦးဇူဘိုင်ရ် (ဘ) ဦးဒါနူ၊ ဦးမာမတ်ရှောရိဖ် (ဘ) ဦးဒေါ်လိလ်၊ ဦးအဒူမူနာဖ် (ဘ) ဦးမာဆောင်း၊ ဦးယာစီးန် (ဘ) ဦးဇော်ကော်ရီယာ တို့နှင့် ပူးပေါင်း၍ စာရင်းကောက်ခံခဲ့ရာ၊ ရွာမှ အမျိုးသားများသည် ဘင်္ဂလီ အမည်ဖြင့် အတင်း အဓမ္မ အစစ်ဆေးခိုင်းမည်ကို စိုးရိမ်၍ တိမ်းရှောင် သွားခဲ့သည်။ သို့သော်လည်း လူမဆန်သည့် စစ်ဆေးရေး အဖွဲ့က ခြံဝင်းဂိတ်များ၊ အိမ်တံခါးများ ဖျက်ဆီး၍ နေအိမ်များ အတွင်းသို့ ၀င်ရောက်ပြီး အမျိုးသမီးများကို ရိုက်နှက်၍ လမ်းမများပေါ်သို့ ခေါ်ထုတ် လာခဲ့သည်။ ထို့နောက် အမျိုးသမီးများကို အတင်း အဓမ္မ စစ်ဆေးရန် စာရင်း ကောက်ခံခဲ့သည့် အပြင် နေအိမ်များ အတွင်းမှ အဖိုးတန် ပစ္စည်းများ လုယက် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ သြဂုတ်လ (၃၀) ရက်နေ့တွင် စစ်ဆေးရေး အဖွဲ့သည် သရက်အုပ် ကျေးရွာ အုပ်စု၊ အဘော်ဂျာရွာသို့ ၀င်ရောက်၍ စစ်ဆေးရန် ကြိုးစားရာ ရွာမှ အမျိုးသားများ တိမ်းရှောင် သွားခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ အဖွဲ့ဝင် များသည် အမျိုးသားများကို မတွေ့ရှိသည့် အခါ နေအိမ် တံခါးများ ရိုက်ချိုး၍ နေအိမ်များ အတွင်းသို့ ၀င်ရောက်ပြီး၊ အမျိုးသမီးများကို လူမဆန်စွာ ရိုက်နှက်၍ အိမ်သုံး ပစ္စည်းများ၊ အိမ်မွေး ကြက်၊ ငှက်များကို လုယက်ရာ၊ အမျိုးသမီးများလည်း ရွာမှ ထွက်ပြေးခဲ့ရသည်။ အမျိုးသမီးများ ထွက်ပြေးနေစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးပါဝင် ခဲ့ပြီး၊ အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် သူဦးလာ ကျေးရွာသို့ အရောက်တွင် လယ်ကွင်း၌ အရေးပေါ် မွေးဖွားခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

လူဦးရေ စာရင်း ကောက်ခံရန် လာရောက်သည့် အဖွဲ့က အိမ်သုံး ပစ္စည်းများနှင့် အတူ ကြက်၊ ဘဲ၊ ခို အကောင် (၅၀) ကျော် လုယက် သွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ ကြက်၊ ဘဲ၊ ခိုများ လုယက်ခံရသူ များမှာ -- ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးအေရှာဒုလ္လာ၊ ဦးရောမ်ဇာန်အလီ (ဘ) ဦးဟူစိန်းအာမတ်၊ ဒေါ်ဒိလ်ကီဘာစ် (ဘ) ဦးနူရ်ဟူစိန်း၊ ဒေါ်အမီနာ (ဘ) ဦးဒိုင်လာ၊ ဦးမာမတ်ရှား တို့ဖြစ်ပြီး၊ နေအိမ် တံခါးများ ရိုက်ချိုး ဖျက်ဆီးခံရသူ အချို့မှာ -- ဦးရုလ်အာမီးန် (ဘ) ဦးဟာလာမျာ၊ ဦးအာယုဖ် (ဘ) ဦးဆော်ကဒ်ကာဆိမ်၊ ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးအဒူဆော်လာမ်နှင့် ဦးရှောမ်ရှု (ဘ) ဦးဟာလာမျာ တို့ဖြစ်သည်။




Rohingya Eye
RB News
7.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လူဦးရေ စာရင်း စစ်ဆေးခြင်းကို အကြောင်းပြု၍ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စု၊ ဖန်းမြောင် (ဖော်ကီရ်ဒေါင်) သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အမည်ခံ လူဦးရေ စစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ ဒေသခံ ရွာသားများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန်သဖြင့် အင်အားသုံး၍ အမျိုးသမီး နှစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် နေအိမ် တံခါးများကိုလည်း ရိုက်ချိုး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကိုယ်ထိလက်ရောက် စော်ကား ရိုက်နှက်ခံရသည့် အမျိုးသမီး နှစ်ဦးမှာ --

(၁) မဆော်ခူတာရာ (ဘ) ဦးဟာဆူးမျာ (အသက် ၂၁ နှစ်)
(၂) မတာဟေရာဘေဂမ် (ဦးယူနုစ်၏ ဇနီး) (အသက် ၂၂ နှစ်) -- တို့ဖြစ်သည်။

သြဂုတ်လ (၃၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း နန်းချောင်း (ဂါရာသီးဘီးလ်) ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဦးမာမတ်အာလမ် (ဘ) ဦးမာမတ်ဇော်လာလ် (အသက် ၆၀ နှစ်) ၏ နေအိမ်ကို ၀င်ရောက် စီးနင်း၍ နေအိမ်ကို ဖျက်ဆီးခဲ့ကြသည်။ အဆိုပါ နေအိမ်မှာ ဓနိဖြင့် မိုးကာထားသော နေအိမ်ငယ် ဖြစ်သဖြင့် တစ်အိမ်လုံး ပျက်စီး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက လူဦးရေ စာရင်း စစ်ဆေးနေသည်ဟု ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ်မှာ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီ စာရင်း ကောက်ခံလျက် ရှိသည့် အတွက် ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့ အမည်ခံ ထားသည့် လူဦးရေ စာရင်းတွင် ပါဝင် စစ်ဆေးခံရန် ငြင်းဆန်လျက် ရှိကြခြင်း ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အင်အားသုံး၍ ရိုက်နှက်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းများ ပြုလုပ်၍ ခြိမ်းခြောက်လျက် ရှိသော်လည်း ဒေသခံ ရိုဟင်ဂျာ ရွာသားများက ပါဝင် စစ်ဆေးခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာ အမည်ဖြင့် လူဦးရေ စာရင်း ကောက်ခံမည် ဆိုပါက ပါဝင် စစ်ဆေးခံရန် အသင့်ရှိသည်ဟု ဆိုသည်။

မ.က.ဖ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ထွန်းဘော်က မောင်တောမြို့ရှိ လူဦးရေ စာရင်း အတိအကျကို သိလို၍ ကောက်ခံ နေခြင်း ဖြစ်ကြောင်း၊ လူမျိုး၊ ဘာသာနှင့် သက်ဆိုင်မှု မရှိကြောင်း အကြိမ်ကြိမ် ပြောဆိုလျက် ရှိသော်လည်း မောင်တောမြို့ရှိ ရိုဟင်ဂျာ လူမျိုး တစ်မျိုးကိုသာ ကွက်၍ လူဦးရေ စာရင်း ကောက်ခံလျက် ရှိပြီး၊ စာရင်း ရေးသွင်းသည့် ပုံစံတွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု ခေါင်းစဉ် တပ်၍ မှတ်တမ်းတင် နေသောကြောင့် ပါဝင် စစ်ဆေးခံရန် ငြင်းဆန် နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဇွန်လ (၁) ရက်နေ့မှ စ၍ ယနေ့ထိ ကျေးရွာများသို့ အင်အားဖြင့် ၀င်ရောက်၍ အမျိုးသမီးများကို အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ နေအိမ်များ အတွင်းရှိ တန်းဖိုးကြီး ပစ္စည်းများကို လုယက်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်း၊ အသွားအလာများ ကန့်သတ် ပိတ်ပင်ခြင်း၊ စီးပွားရေး လုပ်ငန်းများ ပိတ်ပင် ထားခြင်း တို့ကို ယခင် န.စ.က များ ကျင့်သုံး ခဲ့သည့် မူအတိုင်း ဆက်လက်၍ ကျင့်သုံး နေခြင်းဖြစ်သည်။ ယခင် စစ်အစိုးရ လက်ထက်တွင် ရိုဟင်ဂျာ လူမျိုးများကို ညှဉ်းပန်း နှိပ်စက်ရန် န.စ.က ကို နိုင်ငံတော် မူဝါဒ တစ်ရပ် အနေဖြင့် တာဝန် ပေးအပ် ခဲ့သလို ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင်လည်း မ.က.ဖ ကို နိုင်ငံတော် မူဝါဒ တစ်ရပ် အနေဖြင့် တာဝန် ပေးထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ ဆိုင်ရာ OIC အထူး ကိုယ်စားလှယ် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr. Tan Sri Syed Hamid Albar (ဝဲစွန်) နဲ့အဖွဲ့ စက်တက်ဘာလ ၃ ရက်နေ့က စစ်တွေမြို့ ECC ရုံးမှာ ရပ်မိရပ်ဖတွေ၊ အရပ်ဘက် ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်
4.9.2014

OIC ခေါ် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr. Tan Sri Syed Hamid Albar နဲ့ အဖွဲ့ဟာ စစ်တွေမြို့ ရပ်မိ ရပ်ဖတွေ၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် တွေနဲ့ စစ်တွေမြို့ အရေးပေါ် ပူးပေါင်း ဆောင်ရွက်ရေး စင်တာ ECC ရုံးမှာ မနေ့က တွေ့ဆုံ ခဲ့ပါတယ်။

တွေ့ဆုံ ဆွေးနွေးပွဲ တက်ရောက် ခဲ့တဲ့ စစ်တွေမြို့ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးသန်းထွန်းက အခုလိုပြော ပါတယ်။

"ကျနော် တို့ဟာ မလေးရှား နိုင်ငံရေး ဝန်ကြီးဟောင်းနဲ့ တွေ့မယ်လို့ပဲ ကျနော်တို့ သိထားတယ်၊ မြန်မာနိုင်ငံ ဆိုင်ရာ OIC အထူး ကိုယ်စားလှယ်မှန်း ကျနော်တို့ မသိခဲ့တဲ့ အတွက်ကြောင့်မို့ တွေ့ဆုံ ခဲ့ခြင်း ဖြစ်တယ်၊ ဘင်္ဂါလီ အချင်းချင်း ကြားမှာ နိုင်ငံသား ဖြစ်ခွင့် ရှိတဲ့ ဘင်္ဂါလီနဲ့ ခိုးဝင် ကျူးကျော် လာတဲ့ ဘင်္ဂါလီတွေကို ကွဲပြား ခြားနားဖို့ စိစစ် နေတဲ့ အခုလို အချိန်မျိုးမှာ OIC အနေနဲ့ လာရောက် လည်ပတ်ခြင်းဟာ စိစစ်မှုကို အနှောင့် အယှက် ဖြစ်စေတယ်၊ လာတဲ့ အချိန်ဟာ လာခြင်း ကောင်းတာ မဟုတ်ဘူး၊ အဲဒါကြောင့် OIC ပြောတာကို ကျနော်တို့ လက်မခံ နိုင်ပါဘူးလို့ ငြင်းပယ် ခဲ့ပါတယ်"

OIC အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်တဲ့ အခါ ဒေသခံတွေ အနေနဲ့ လက်ခံ၊ မခံ မေးမြန်း ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်း နှစ်ခု အသုံးပြုနိုင်ဖို့ အတွက် ဆေးရုံနဲ့ လေ့ကျင့် သင်ကြားရေး စင်တာ ဖွင့်လှစ် ပေးလိုကြောင်း ကမ်းလှမ်းချက် အပေါ် ရခိုင် ရပ်မိ ရပ်ဖတွေက ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တင်းမာ နေဆဲ ဖြစ်တာကြောင့် အဲဒီ ကမ်းလှမ်းချက်ကို ငြင်းဆို ခဲ့ကြတယ် လို့လည်း သိရပါတယ်။

OIC အဖွဲ့ ကိုယ်စားလှယ် တွေဟာ မနေ့က စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖ တွေနဲ့ သီးခြား တွေ့ဆုံရာမှာ မွတ်စလင် ရပ်မိရပ်ဖ တွေက အစိုးရ အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွေကို ပိုမို ဆောင်ရွက် ပေးဖို့ လိုအပ်ကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် OIC ကိုယ်စားလှယ် အဖွဲ့ဟာ စက်ရုံစု ရခိုင် ဒုက္ခသည် စခန်းနဲ့ သက္ကယ်ပြင် မွတ်စလင် ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာခဲ့ပြီး ဒီနေ့မှာ ရခိုင်ပြည်နယ် ကနေ ထွက်ခွာ သွားတယ်လို့ သိရပါတယ်။



4.9.2014

တိုင်းရင်းသား လူမျိုး အများ အပြား ရှိတဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ငြိမ်းချမ်းမှု လိုအပ်တယ်လို့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel က ပြောကြား ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ကလည်း လူနည်းစုတွေ တန်းတူ ညီမျှမှု ရရှိနိုင်ဖို့နဲ့ သူတို့အပေါ် သည်းခံ နိုင်ကြဖို့ လိုအပ်တယ်လို့ ဘာလင် မြို့တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ ဂျာမနီ ဝန်ကြီးချုပ်က ပြောကြား ခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် ကတော့ စီးပွားရေးပိုင်းမှာ အောင်မြင် တိုးတက်မှုတွေ ရှိလာမယ် ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရေးက ပိုပြီး လွယ်ကူမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဂျာမနီနဲ့ မြန်မာ သံတမန် ဆက်ဆံရေး အနှစ် ၆၀ ပြည့် အထိမ်း အမှတ် အတွက် ဘာလင်မှာ ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးချုပ် Merkel တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ဂျာမနီနိုင်ငံက မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ထောက်ပံ့ ကူညီမှုတွေ တိုးပေးဖို့နဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ထပ်လုပ် သွားဖို့ အဆင်သင့် ဖြစ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက လူ့အခွင့် အရေး အခြေအနေ တွေကိုလည်း မပြတ် စောင့်ကြည့် သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Merkel က ပြောပါတယ်။

ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေက ပညာရေး စနစ် တိုးတက်ဖို့ ထောက်ပံ့ ကူညီမှုတွေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း တွေကို အကူ အညီပေးရေး ဂျာမနီက အဓိက အာရုံစိုက် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် အတွက် ပြောင်းလဲ တိုးတက်မှုတွေ ရှိတာ ကိုလည်း သူက ချီးကျူး ပြောကြား ခဲ့ပါတယ်။

၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကိုလည်း လွတ်လပ် မျှတပြီး ပွင့်လင်း မြင်သာမှု ရှိမယ်လို့ မျှော်လင့်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ဂျာမနီ ဝန်ကြီးချုပ်က ပြောပါ တယ်။ ဒီမိုကရေစီ စနစ်ဆီ အသွင်ပြောင်း နေတာ ၃ နှစ် သက်တမ်းပဲ ရှိသေးတဲ့ မြန်မာနိုင်ငံမှာ အခက် အခဲတွေ အများကြီး ရှိနေပေမဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်တယ် ဆိုတာကို သမ္မတ ဦးသိန်းစိန် ကလည်း သတင်းထောက် တွေကို ပြောခဲ့ပါတယ်။




Rohingya Eye
RB News
2.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်၍ ပစ္စည်းများ ဖျက်ဆီး လုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၈) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များကို ၀န်းရံပြီး တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ် အချို့၏ တံခါးများကို ဖျက်ဆီးခဲ့ပြီး၊ နေအိမ် အတွင်းမှ အဖိုးတန် ပစ္စည်းများ လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ၎င်းတို့ မျက်စိရှေ့တွင် တွေ့သမျှ လူများကို လူမဆန်စွာ ရိုက်နှက်ခဲ့ရာ အချို့မှ သတိလစ်သွားသည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရသူ အချို့မှာ --

(၁) ဦးနူရူအစ္စလာမ် (ဘ) ဦးနာဇီရ်ဟူဆောင်းန် (အသက် ၅၀ နှစ်)
(၂) ဦးဟာဆောင်းန်ရှော်ဖီ (ဘ) ဦးလာလ်မျာ (အသက် ၄၅ နှစ်)
(၃) အဒူဘာဆဲရ် (ဘ) ဦးဆာလာမောသ်အုလ္လာ (အသက် ၂၁ နှစ်)
(၄) ဦးနူရ်အာလမ် (ဘ) ဦးအုမောရ်ဘရာဒ် (အသက် ၃၀ နှစ်)
(၅) ဦးအဘူလ်ကာဆိမ်း (ဘ) ဦးလာလ်မျာ (အသက် ၃၅ နှစ်) -- တို့ဖြစ်သည်။

ပစ္စည်းများ လုယက်ခံရသူ အချို့မှာ --

(၁) ဦးနူရ်အာဂျီမ် (ဘ) ဦးမာဆောင်းန် (အသက် ၃၀ နှစ်) – (အိမ်နံရံနှင့် တံခါးများ ဖျက်ဆီးခံရပြီး၊ သေတ္တာ ထဲတွင် ရှိသော ငွေကျပ် ၄ သောင်း လုယက်ခံရသည်)

(၂) ဦးရှော်ရီးဖ်ဟူဆောင်းန် (ဘ) ဦးအဒူရှကူရ် (အသက် ၇၀ နှစ်) – (ဘီဒိုနှင့် ကုတင်များ ဖျက်ဆီးခံရပြီး၊ အဖိုးတန် နာရီ (၃) လုံး လုယက်ခံရသည်)

(၃) ဦးနူရူအစ္စလာမ် (အသက် ၆၅ နှစ်) – (သေတ္တာ ဖျက်ဆီးခံရပြီး၊ သေတ္တာ အတွင်းရှိ ငွေကျပ် ၅ သိန်း လုယက်ခံရသည်)




Rohingya Eye
RB News
2.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာမှ အသက် (၁၈) နှစ် အရွယ် မိန်းကလေး တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး ချုပ်နှောင်၍ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာမှ ဦးမာမတ်ရော်ရှိတ်၏ ၁၈ နှစ် အရွယ် သမီး ဖြစ်သူသည် အဖိုး ဖြစ်သူ၏ နေအိမ်သို့ သွားနေစဉ် န.တ.လ ရွာတွင် ကင်းစောင့် နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ခန္ဓာကိုယ်ကို ရှာဖွေ စစ်ဆေးခဲ့သည်။ ရှာဖွေ စစ်ဆေး၍ ဥပဒေနှင့် မလွတ်ကင်းသည့် အရာ တစ်ခုကိုမှ မရရှိ ခဲ့သော်လည်း ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ရာအိမ်မှူး တစ်ဦးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ ပြန်လည် လွှတ်ပေးရန် တောင်းဆို ခဲ့သော်လည်း ပြန်လည် လွှတ်မပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တစ်ဖန် အဆိုပါ မိန်းကလေး၏ မောင်ဖြစ်သူ အာဇီးဇ်ခါန်း (အသက် ၁၇ နှစ်) ကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ ပြန်လည် လွှတ်ပေးရန် တောင်းဆိုရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လမ်းပေါ်တွင် လူမဆန် ရိုက်နှက် ခဲ့သည်။ အာဇီးဇ်ခါန်းသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး လမ်းမလျှောက် နိုင်တော့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အသက် ၁၈ နှစ် အရွယ် မိန်းကလေးကို သြဂုတ်လ ၃၀ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းကို မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် လိုင်စင်ရ လူဆိုးဂိုဏ်းများ သဖွယ် ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း၍ ငွေညှစ်ခြင်းများ နေ့စဉ် အဆက် မပြတ် ပြုလုပ်လျက် ရှိသော်လည်း အထက် အာဏာပိုင်များက တားဆီး ဟန့်တား အရေးယူခြင်း မရှိဘဲ၊ နိုင်ငံတော်မှ ချမှတ် ထားသည့် မူဝါဒ သဖွယ် ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

Rohingya Exodus