နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
22.12.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်းချောင်း ကျေးရွာ အုပ်စု၊ ဘုရားပြင် အောင်ပ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ များကို မြို့နယ် အဆင့် အာဏာပိုင် များက အစည်းအဝေး ခေါ်ယူ၍ ဆွဲ၊တင်၊စစ်နှင့် ပတ်သက်၍ ခြိမ်းခြောက်မှု အချို့ ပြုလုပ်သွားကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၉) ရက်နေ့က ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်စု၊ ဘုရားပြင် အောင်ပ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ များကို မြို့နယ် အဆင့် အုပ်ချုပ်ရေး အာဏာပိုင် များက အစည်းအဝေး ခေါ်ယူ၍ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁၅) ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ်ကို စတင်ပြုလုပ် သွားမည် ဖြစ်ကြောင်း၊ ယခင် န.စ.က ကဲ့သို့ပင် လက်ထပ်ခွင့်၊ နေအိမ် ဆောက်လုပ်ခွင့် များကိုလည်း စစ်ဆေးမည် ဖြစ်ပြီး၊ မိသားစု ဓါတ်ပုံများလည်း ရိုက်မည် ဖြစ်သည်ဟု ပြောဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယခင်နှစ်များက ဆွဲ၊တင်၊စစ် ပြုလုပ်သည့် အချိန်တွင် ခရီးလွန် နေသူများကို အ.ထ.စ (အိမ်ထောင်စု စာရင်း) မှ မပယ်ဖျက် ခဲ့သော်လည်း ယခုလာမည့် ဆွဲ၊တင်၊စစ်တွင် ခရီးလွန်နေသူများကို အ.ထ.စ မှ ချက်ချင်း ပယ်ဖျက်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
22.12.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်းချောင်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ယာယီ လုံခြုံရေး ကင်းစခန်း တာဝန်ခံ ဗိုလ်ကြီး၏ အမိန့်အရဟု ဆိုကာ စစ်သား နှစ်ဦးနှင့် ဒေသခံ တစ်ဦးက ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သည့် အထည်ဆိုင် ပိုင်ရှင် ဦးနူရ်အစ္စလာမ် (ဘ) ဦးအာဘူလ်ဟူဆောင်း (အသက် ၅၀ နှစ်) ထံ စစ်သား နှစ်ဦးနှင့် ဦးဆော်လိမ် (ဘ) ဦးအီမာန်ဟူစိန်းတို့ ရောက်ရှိလာပြီး စိမ်းညှင်းပြား ကျေးရွာ အခြေစိုက် ယာယီ လုံခြုံရေး ကင်းစခန်း၏ တာဝန်ခံ ဗိုလ်ကြီး၏ အမိန့်အရဟု ဆိုကာ ငွေကျပ် တစ်သိန်းကို အကြောင်းမဲ့ ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးနူရ်အစ္စလာမ်သည် ၎င်းကျေးရွာ အုပ်စုတွင် လူသိများသော ဂုဏ်သရေရှိ လူကြီး လူကောင်း တစ်ဦး ဖြစ်ပြီး၊ မည်သည့် ပြစ်မှု တစ်စုံတစ်ရာကို ကျူးလွန် ထားသူ မဟုတ်ဘဲ၊ အကြောင်းမဲ့ ငွေညှစ်ခံရခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
22.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ပေါင်းဇား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲနှစ်ဦးသည် ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် မိုဘိုင်းဖုန်း သုံးနေသည်ဟု စွပ်စွဲ၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်း ပေါင်းဇား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒိုင်းနက် လူမျိုး ရဲတစ်ဦး အပါအ၀င် ရဲနှစ်ဦးတို့ ပူးပေါင်း၍ ပေါင်းဇား ကျေးရွာ အုပ်စု၊ ပြင်ဖြူ ကျေးရွာမှ ဟာဖီးဇ် အာမတ် (ဘ) ဦးအဒူလ် အာဇီးဇ် (အသက် ၂၃ နှစ်) ကို ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် မိုဘိုင်းဖုန်း သုံးနေသည်ဟု ဆိုကာ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဟာဖီးဇ် အာမတ်ကို ည (၇) နာရီခန့်တွင် ငွေကျပ် ၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
အဆိုပါ ဒိုင်းနက် လူမျိုး ရဲသည် ကျေးရွာ အတွင်းသို့ မကြာခဏ ဆိုသလို ၀င်ရောက်၍ ဒေသခံ ရွာသား များကို အမျိုးမျိုး အဖုံဖုံ အနှောက် အယှက် ပေးကာ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသောကြောင့် ဒေသခံ ရွာသားများနှင့် အဆိုပါ ရဲအကြား မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြသည်။



RB News
22.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ညောင်ချောင်း န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်တင်လှက ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် မောင်တော မြို့နယ် ညောင်ချောင်း န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်တင်လှသည် ၎င်းကျေးရွာတွင် တာဝန်ကျနေသည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး ဦးဇော်မင်း၊ ဦးဟာမိတ်နှင့် ဦးဟာဖီးဇ် အာမတ် (ဘ) ဦးအီမာန်ဟူစိန်း တို့နှင့် အတူ ဦးမိုဟာမတ် ဇူဘိုင်ရ် (ဘ) ဦးအီနုစ် (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဦးမိုဟာမတ် ဇူဘိုင်ရ်ကို ရှာဖွေ ခဲ့သည်။ သို့သော်လည်း နေအိမ်တွင် ဦးမိုဟာမတ် ဇူဘိုင်ရ် မရှိသဖြင့် မိသားစုဝင် များကို ပြန်လာပါက အုပ်ချုပ်ရေးမှူး ရုံးသို့ လာရန် ပြောခဲ့ကြောင်း သိရှိရပါသည်။

နေ့လည် ၁၂ နာရီ အချိန်တွင် နေအိမ်သို့ ပြန်လည် ရောက်ရှိလာသည့် ဦးမိုဟာမတ် ဇူဘိုင်ရ် အုပ်ချုပ်ရေးမှူး ဦးအောင်တင်လှ၏ အမှာ စကား အတိုင်း အုပ်ချုပ်ရေးမှူး ရုံးသို့ လိုက်သွားရာ ဦးအောင်တင်လှနှင့် ဦးဇော်မင်းတို့က ၎င်းအား နေအိမ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး သွားသူများကို လက်ခံ ထားသည်ဟု မဟုတ်မမှန် စွပ်စွဲပြီး၊ မြို့နယ် အုပ်ချုပ်ရေးရုံးတွင် အစီရင်ခံစာ ရှိနေသည့် အတွက် ထောင်ကျမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြီးနောက်၊ အကယ်၍ ရှင်းလိုပါက မြို့နယ် အုပ်ချုပ်ရေးရုံး အတွက် ငွေကျပ် ၅ သောင်း၊ ဦးအောင်တင်လှ အတွက် ငွေကျပ် ၅ သိန်း ပေးပါက ရှင်းပေးမည်ဟု ဆိုကာ ငွေကျပ် ၅ သိန်း ၅ သောင်း ညှစ်ယူရန် ကြိုးစားခဲ့သည်။

ငွေကြေး မတတ်နိုင်သည့် ဦးမိုဟာမတ် ဇူဘိုင်ရ်က ဥပဒေ အရ ကာကွယ်ပေးမည့် သူလည်း မရှိသဖြင့် နောက်ဆုံးတွင် ငွေကျပ် ၂ သိန်း ၅ သောင်း ဦးအောင်တင်လှ ကိုပေးကာ အမှုဆင်ခံရပြီး ထောင်ကျမည် အရေးမှ လွတ်မြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
22.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ရေတပ် စ.ရ.ဖ တပ်သားများက မောင်တောမြို့ အနီးတ၀ိုက်ရှိ ရပ်ကွက် ကျေးရွာ များရှိ အသေးစား လုပ်ငန်းရှင် များကို မောင်တော ခရိုင် တရားရုံး အနီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးရှေ့ရှိ စ.ရ.ဖ ရုံးသို့ ခေါ်ယူ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရေတပ် စ.ရ.ဖ တပ်သားများသည် မောင်တောမြို့ အနီးတ၀ိုက်ရှိ ရပ်ကွက် ကျေးရွာ များရှိ အသေးစား လုပ်ငန်းရှင် များကို စ.ရ.ဖ ရုံးသို့ ခေါ်ယူ၍ မဟုတ်မမှန် စွပ်စွဲ၍ ခြိမ်းခြောက်ပြီး ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိရာ ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၂၂) ရက်နေ့ အတွင်း အသေးစား လုပ်ငန်းရှင် ဒေသခံ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေကျပ် ၄ သိန်း ၅ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူ များမှာ --

(၁) ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် မောင်တော မြို့နယ် အမှတ် (၄) ရပ်ကွက်မှ ဦးမိုဟာမတ်အာယုဖ် (ဘ) ဦးဟာဘီအူလ္လာ ထံမှ ငွေကျပ် နှစ်သိန်း

(၂) ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် မောင်တော မြို့နယ် ရွှေဇား ကျေးရွာမှ ဦးမိုဟာမတ် အာလာမ် (ဘ) ဦးဟာလာမျာ ထံမှ ငွေကျပ် နှစ်သိန်း

(၃) ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် မောင်တော မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဦးအလီဂျူဟာရ် (ဘ) ဦးရှော်မုလုခ် ထံမှ ငွေကျပ် ၅ သောင်း -- တို့ဖြစ်ပါသည်။

BGP ရဲအုပ် တစ်ဦး 

တပ်မတော်သားဟောင်း ဦးဘအောင်
RB News
21.12.2014

န.စ.က သည် ကမ္ဘာပေါ်တွင် လူမဆန်ဆုံးသော နည်းလမ်း ပေါင်းစုံဖြင့် ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်၍ မောင်တောခရိုင်ကို ၂၃ နှစ်ကြာ အုပ်စိုးခဲ့သည်။ ထိုစဉ်က စစ်အစိုးရ အုပ်စိုးသည့် ကာလ ဖြစ်သဖြင့် န.စ.က က ဖိနှိပ်ခွင့် ရရှိနေသည်ဟု အများက ယူဆခဲ့ကြသည်။ န.စ.က ကိုဖျက်သိမ်း ပြီးနောက် ဒီမိုကရေစီ အစိုးရ ကာလတွင် အနည်းငယ် သက်သာလာမည်ဟု အများက ယူဆခဲ့သော်လည်း BGP တံဆိပ်ဖြင့် Border Guard Police ဟုဆိုကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပေါ်ပေါက်လာသည်။ BGP ၏ သာမာန် တစ်ပွင့် သမား တစ်ဦး ဒေသအခေါ် ဗိုလ်လေးသည် စစ်ပွဲများ ဖြစ်နေသည့် နယ်မြေများရှိ တပ်ရင်းမှူး တစ်ဦးထက်ပင် ပိုမို၍ အာဏာပါဝါ သုံးနေသည်ကို တွေ့ရှိရသည်။

နယ်ခြားစောင့် ရဲများသည် ၎င်းတို့၏ ပင်မတာဝန် ဖြစ်သော နယ်ခြားစောင့်ရဲ အလုပ်ကို စိတ်ဝင်စားခြင်း မရှိဘဲ အထွေထွေ အုပ်ချုပ်ရေး ဌာန၏ အလုပ်များကို ချုပ်ကိုင်နေသည်။ ရွာတစ်ရွာတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲကင်းစခန်း တစ်ခုမှ လေးခု အထိ တည်ဆောက် ထားပြီး၊ လမ်းမကြီး၊ တံတားကြီး၊ တံတားငယ် တိုင်းတွင် စစ်ဆေးရေး ဂိတ်များစွာ ဖွင့်လှစ် ထားသည်။ မောင်တောမြို့ တောင်ပိုင်း၊ မြောက်ပိုင်းရှိ ဂိတ်များသည် အိမ်နီးချင်း လာအို၊ ဗီယက်နမ်နှင့် ထိုင်းများရှိ ဂိတ်များထက်ပင် များလိမ့်မည်ဟု ယူဆရသည်။

မောင်တောမြို့ တောင်ပိုင်း ၃ မိုင် အကွာတွင် ဂေါ်ဒူသာရ တံတား ရှိပြီး၊ တံတားပေါ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းသည် မောင်တောမြို့မှ တောင်ဘက် ၃ မိုင်အကွာတွင် ဆဌမမြောက် ကင်းစခန်း ဖြစ်သည်။ စခန်း တာဝန်ခံမှာ ရဲမှူးငြိမ်းချမ်းအေး ဖြစ်ပြီး၊ အနီးအနားရှိ ကျေးရွာ အုပ်စု (၅) အုပ်စုကို စားကျက်မြေ အဖြစ်သုံး၍ ထင်ရာစိုင်းနေသော ရဲမှူး တစ်ဦး ဖြစ်သည်။ ဂေါ်ဒူသာရ စခန်း ရဲမှူးသည် နူရူလ္လာရွာရှိ ကင်းစခန်းမှ ဗိုလ်လေးနှင့် ပူးပေါင်း၍ ညအချိန် ရောက်လျှင် လူဖမ်းပွဲ ပြုလုပ်လျက် ရှိသည်။ ညစဉ်ညတိုင်း ဖမ်းဆီး ခေါ်ဆောင် သွားသော ရွာသူရွာသား များကို နယ်ခြားစောင့်ရဲ ကားများ၏ အလယ်တွင် လဲလျောင်းခိုင်းပြီး အပေါ်မှ ရွက်ဖျင်များ အုပ်ကာ ထိုင်ခုံသဖွယ် အသုံးပြု၍ အပေါ်မှ ထိုင်ပြီး ညှဉ်းပန်း နှိပ်စက်ခြင်းများ စတင်ပြီး ၎င်းတို့ တောင်းခံသည့် ငွေကို ပေးနိုင်လျှင် ပြန်လည် လွှတ်ပေးပြီး၊ မပေးနိုင်သူများကို ဖမ်းဆီး ထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသည်။

ရဲမှူးငြိမ်းချမ်းအေးသည် ၎င်း၏ စခန်းနှင့် အနီးအနားရှိ ဖွဲရာရွာဟု ခေါ်သည့် ရွာငယ်နှင့် ဒုချီးရားတန်း ရွာများသို့ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၁၆) ရက်နေ့ အတွင်း (၈) ကြိမ်တိုင်တိုင် ၀င်ရောက် စီးနင်း၍ လူဖမ်းပွဲများ ပြုလုပ်ခဲ့သည်။ ပထမ အကြိမ်တွင် အလယ်တန်း ကျောင်းသား လေးဦးကို ဖမ်းဆီး၍ နှစ်ရက်ကြာ ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၁၂ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ဒုတိယ အကြိမ်တွင် ဖွဲရာရွာမှ ဦးကာဆိမ်းကို ဖမ်းဆီး၍ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သော်လည်း ပြန်လည် လွှတ်မပေးခဲ့ပေ။ တတိယ အကြိမ်တွင် ဘဂုံးနားနှင့် ဖွဲရာရွာ များသို့ ၀င်ရောက် ဒေသခံ (၉) ကို ဖမ်းဆီး၍ ကားပေါ်တွင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်စဉ် သက်ကြီး ရွယ်အိုကို သေဆုံးသွားပြီ ယူဆ၍ ကားပေါ်မှ ပစ်ချ ခဲ့သော်လည်း ကျန် (၆) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ခေါ်ဆောင် သွားသူများ ထံမှ ငွေကျပ် ၁၅ သိန်းစီ ညှစ်ရာ၊ (၃) ဦးက (၄၅) သိန်း ပေးနိုင်ခဲ့သော်လည်း၊ ငွေကြေး မတတ်နိုင်သည့် ကျန် (၃) ဦးက (၄၅) သိန်း မပေးနိုင်သည့် အတွက်ဟု ဆိုကာ (၆) ဦးစလုံးကို ယခု အချိန်ထိ ချုပ်နှောင် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။ စတုတ္တ အကြိမ်တွင် မော်လာနာ ဟာရွန်ကို ဖမ်းဆီး၍ ငွေကျပ် သိန်း ၂၀ တောင်းရာ မပေးနိုင်သဖြင့် ဖမ်းဆီးခံထား ရဆဲ ဖြစ်နေသည်။ ပဉ္စမ အကြိမ်တွင် ဖွဲရာရွာမှ ဒေါ်ရော်မိဒါကို ဒီဇင်ဘာလ (၁၅) ရက်နေ့က ဖမ်းဆီး သွားပြီး ယခုအချိန် ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။

မောင်တော မြို့နယ် မြောက်ပိုင်း တွင်လည်း ညပိုင်း အချိန်တွင် နယ်ခြားစောင့်ရဲများ ၀င်ရောက်ပြီး သက်ကြီး ရွယ်အို မရွေး ဖမ်းဆီးခြင်းများ ညစဉ်ညတိုင်း ပြုလုပ်လျက် ရှိသည်။ BGP ဟုခေါ်သည့် ရဲများက လူမဆန်စွာ ရိုက်နှက် သတ်ပုတ်ခြင်း၊ ရင်ဘတ်ပေါ်သို့ စီးထားသည့် စစ်ဖိနပ်များဖြင့် နှစ်ဦးစီ အချိန် အတော်ကြာ မတ်တပ်ရပ်၍ လူမဆန်စွာ နှိပ်စက်ခြင်း၊ လူမျိုးရေး ဘာသာရေးကို စော်ကား၍ ညစ်ညမ်းစွာ ဆဲဆို ရိုင်းပျခြင်း၊ ကမ္ဘာပေါ်တွင် မရှိမည့် နည်းလမ်းများဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း များကို ပြုလုပ်လျက် ရှိသည်။ အကျဉ်းထောင် များတွင် နှိပ်စက်ခြင်းသည် BGP ရဲများ နှိပ်စက်ခြင်းကို မှီလိမ့်မည် မဟုတ်ဟု BGP ရဲများ နှိပ်စက်ခြင်းနှင့် အကျဉ်းထောင်တွင်း နှိပ်စက်ခြင်း နှစ်မျိုးလုံးကို ခံစားဖူးသူ များက ဆိုသည်။

BGP ရဲများသည် အစ္စလာမ် ဘာသာရေး ဆရာ (မော်လ၀ီ) များကို ပိုမို ပစ်မှတ်ထား၍ ဖမ်းဆီးလေ့ ရှိပြီး၊ ၎င်းတို့၏ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် မော်လ၀ီ မြောက်မြားစွာ ရှိပါသည်။

အချိန်တိုကာလအတွင်း မည်သည့် နိုင်ငံ၊ မည်သည့် အရပ်ဒေသတွင်မှ မရှိသည့် နှိပ်စက်နည်း များဖြင့် ညှဉ်းပန်း နှိပ်စက် နေသည့် BGP ရဲများ အကြောင်းကို ဒေသခံများက RB News မှတဆင့် အစိုးရနှင့် အများ သိရှိနိုင်ရန် နေ့စဉ် ပေးပို့လျက် ရှိကြသည်။ ဒီမိုကရေစီ လိုလားသော နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များနှင့် လူထုကို မိမိ ပြောချင်သည်မှာ အသင်တို့၏ ဒီမိုကရေစီ အစိုးရသည် စစ်အစိုးရ ထက်ပင် အဆပေါင်းများစွာ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ် နေသည်၊ ချုပ်နှောင် ထားနေသည်၊ ပြန်ပြေးဆွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။

BGP ရဲများသည် ၎င်းတို့၏ ရာထူး အရှိန်အ၀ါကို အသုံးပြု၍ ဘီလီယံနာ သူဌေးများ ဖြစ်လာနေကြသည်။ ၎င်းတို့ ပိုင်ဆိုင်မှု များအားလုံးသည် ဒေသခံ ရိုဟင်ဂျာများ၏ မျက်ရည်ဖြင့် ရထားသည်များ ဖြစ်သည်။ တပ်မတော် အုပ်ချုပ်ရေးသည် ၎င်းတို့ကို ပုန်ကန်သူ များကိုသာ တိုက်ခိုက်နေသည်။ သို့သော်လည်း ပြည်သူများ၏ အိုးအိမ် စည်းစိမ်ကို လုယက်၍ ညှဉ်းပန်း နှိပ်စက်နေသည့် BGP ရဲများ၏ လုပ်ရပ်များကို လျစ်လျူရှု ထားရုံသာမက အချို့သော ကျေးရွာများတွင် စစ်တပ်မှ ရဲဘော်များက BGP ရဲများနှင့် ပူးပေါင်း၍ ဝေစားမျှစား ပြုလုပ်နေကြသည်။

ရဲမှူးငြိမ်းချမ်းအေးသည် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဘဂုံးနား ရွာတွင် မိသားစု နှစ်စု စကားများ ကြရာ၊ စကားများသည့် သတင်းကို ရသည့် အခါ အကယ်၍ အငြင်းပွား နေသည့် ကိစ္စကို ရပ်မိရပ်ဖ များက ဖြေရှင်း၍ ပြေလည် သွားလျှင်ပင် ၎င်း၏ စခန်းသို့ ငွေကျပ် ၂၅ သိန်း ပို့ပေးရမည်ဟု ရာဇသံ ပေးခဲ့သည်။ ပြဿနာ ပြေလည်လျှင် ငွေကျပ် ၂၅ သိန်း ပေးရမည် ဖြစ်သောကြောင့် ပြဿနာ ဖြစ်သူ နှစ်ဦးမှ ပြဿနာကို မဖြေရှင်းတော့ဘဲ ထားခဲ့သော်လည်း ရဲမှူး ငြိမ်းချမ်းအေးက ငွေကျပ် ၂၅ သိန်း လာရောက်၍ မပို့ပါက ရွာကို ၀င်တိုက်မည်ဟု ရာဇသံ ပေးပြန်ခဲ့သည်။ ရဲမှူးငြိမ်းချမ်းအေး ရာဇသံ ပေးခဲ့သည့် အတိုင်း ရွာငယ်ထဲသို့ ၎င်း၏ လက်အောက်ငယ်သား ၅၀ ခန့် ခေါ်ဆောင်လာပြီး၊ စိတ်တိုင်းကျ ရွှေ၊ ငွေ၊ ပစ္စည်းများ လုယက်ကာ သက်ကြီး ရွယ်အို မရွေး ဖမ်းဆီးသွားခဲ့သည်။ ဤသည်မှာ ရဲမှူးငြိမ်းချမ်းအေး၏ တိုက်ခိုက်ပုံ ဖြစ်သည်။

BGP ရဲများသည် မောင်တောခရိုင်ကို အပိုင်စား သဖွယ် ရရှိထားပြီး၊ မည်သည့် ဥပဒေကမှ ၎င်းတို့ကို အရေးယူ ဟန့်တားခြင်း မရှိသောကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မောင်တောခရိုင်ကို BGP ရဲများထံ ရောင်းချ လိုက်ပြီလားဟု မေးခွန်းထုတ်စရာပင် ဖြစ်နေတော့သည်။



Rohingya Eye
RB News
21.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာ အချို့မှ တပိုင်တနိုင် ငါးများ ရောင်း၍ အသက် မွေးဝမ်းကျောင်း ပြုနေသူများထံမှ နယ်ခြားစောင့် ရဲများက နေ့စဉ်နေ့တိုင်း ငါးများ လုယက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများ ဖြစ်သည့် သရေကုန်တန်း၊ ပညောင်ပင်ကြီး၊ ဂေါ်ဒူသာရ၊ ဒုချီးရားတန်း၊ နူရူလ္လာ၊ ဘဂုံးနား ရွာများမှ မြို့ထဲသို့ ငါးရောင်းရန် လာသည့်သူ များထံမှ နယ်ခြားစောင့် ရဲများက ငါးများ နေ့စဉ် လုယက်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ငါးရောင်းသူ များသည် ၎င်းတို့၏ ငါးများကို ခြေလျင်၊ စက်ဘီးနှင့် ကားများဖြင့် မောင်တောမြို့ပေါ်သို့ သယ်ယူလာစဉ် လမ်းတလျှောက်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများမှ ရဲများက ၎င်းတို့ စိတ်ကြိုက် လုယက်လျက် ရှိသည့် အတွက် အရှုံးပေါ်လျက် ရှိသဖြင့် မိသားစုများ၏ စားဝတ်နေရေးပင် ထိခိုက် လာသည်ဟု ဒေသခံများက ပြောပါသည်။

ငါးများ နေ့စဉ် လုယက် နေသည့် ကင်းစခန်းများမှာ သရေကုန်တန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၊ ဂေါ်ဒူသာရ တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၊ နူရူလ္လာရွာရှိ ဗလီကြီးရှေ့မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၊ ဘဂုံးနား ဈေးရှေ့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၊ ညောင်ချောင်း တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၊ ကညင်တန်းရွာ ဘင်္ဂလား ကျောင်းတိုက် ရှေ့ရှိ စစ်တပ် ကင်းစခန်း တို့ဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက် များအရ သိရှိရပါသည်။

ယခုကဲ့သို့ လုယက်ခြင်းဖြင့် တပိုင်တနိုင် လုပ်ကိုင် စားသောက် နေသူများ အရှုံးပေါ်ပြီး၊ အသက် မွေးဝမ်းကျောင်း မပြုနိုင်တော့လျှင် စက်လှေများဖြင့် နိုင်ငံခြားသို့ ထွက်ခွာသွားကြရန် တမင် ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ယခုကဲ့သို့ ငါးများ လုယက်ခြင်းကို ယခင်က မပြုလုပ်ခဲ့သော်လည်း နိုဝင်ဘာလမှ စ၍ စီမံချက် တစ်ရပ် အသွင်ဖြင့် လုယက်လျက် ရှိကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
21.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံများမှ အပင်များကို န.တ.လ ရွာသားများနှင့် စစ်တပ်တို့ ပူးပေါင်း၍ ခုတ်လှဲပြီး ကားများဖြင့် သယ်ယူလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့မှစ၍ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံများမှ အပင်များကို မောရ၀တီ န.တ.လ ရွာသား များနှင့် စစ်သားများ ပူးပေါင်း၍ ခုတ်လှဲပြီး ကားများဖြင့် သယ်ယူလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ယခင်က မောရ၀တီ န.တ.လ ရွာသားများက သူခိုးများကဲ့သို့ လူမမိစေရန် တိတ်တိတ်လေး ခုတ်လှဲလေ့ ရှိသော်လည်း ယခုအခါ စစ်တပ်က ကူညီပေးနေမှုကြောင့် ပေါ်ပေါ်တင်တင် ခုတ်လှဲလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံ ၈၀ ကျော် ရှိသည့်အနက်မှ ၅ ခြံမှ အပင်များ အားလုံး ခုတ်လှဲ၍ သယ်ယူ သွားပြီ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ဥယျာဉ်ခြံ တစ်ခြံတွင် အပင်ကြီးပေါင်း ၃၅၀ ခန့်ရှိပြီး ကာလတန်ဖိုး အားဖြင့် ကျပ် သိန်းပေါင်း ၇၀ ကျော် တန်ဖိုး ရှိကြောင်း၊ အဆိုပါ ဥယျာဉ်ခြံများသို့ ၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှ စ၍ သွားလာခွင့် ကန့်သတ်ထားသည့် အတွက် ပိုင်ရှင်များ သွားခွင့် မရတော့ကြောင်း၊ မိမိတို့ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံများကို သွားရောက် ကြည့်ရှုလျှင်လည်း လက်နက်ကိုင် အာဏာပိုင်များ၏ ငွေညှစ်ခြင်း၊ အရေးယူခြင်းကို ခံရသဖြင့် အဝေးမှသာ ကြည့်နေရသည်ဟု ဒေသခံများက ပြောပါသည်။

အပင်များအားလုံး အပြီးသတ် ခုတ်လှဲခံရသည့် ဥယျာဉ်ခြံ ၅ ခြံ၏ ပိုင်ရှင်များမှာ --

(၁) ဦးအဒူဟာဖီးဇ် (ဘ) ဦးအဘူလ်ဘော်ရှော်ရ် (အသက် ၃၀ နှစ်) - ၀ါးချကျေးရွာမှ
(၂) ဦးနူရ်အစ္စလာမ် (ဘ) ဦးနာဇီရ်ဟူစိန်း (အသက် ၅၀ နှစ်) - ၀ါးချကျေးရွာမှ
(၃) ဦးအဘူလ်ဟူစိန်း (ဘ) ဦးလာလူ (အသက် ၃၅ နှစ်) - ၀ါးချကျေးရွာမှ
(၄) ဦးမာမတ်အာမီးန် (ဘ) ဦးဆွေယာဒ်အာလမ် (အသက် ၅၀ နှစ်) - သံဒါကျေးရွာမှ
(၅) ဦးမာမတ်ကာဆိမ်း (ဘ) ဦးဖော်ဇော်လ် (အသက် ၆၀ နှစ်) - သံဒါကျေးရွာမှ -- တို့ဖြစ်ပါသည်။ 

(ဓါတ်ပုံ - ဧရာဝတီ)


RFA မြန်မာပိုင်း
21.12.2014

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတဲ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ဥပဒေကြမ်းမှာ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူတွေ ကိုပါ ဆန္ဒမဲပေး ခွင့်ပြုသင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူရဲ့ သဘောထား ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ သ၀ဏ်လွှာ ပေးပို့ ထားပါတယ်။

သမ္မတရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် တွေက လာမယ့် လွှတ်တော် အစည်း အဝေးမှာ အစီရင်ခံစာ ပြန်တင်နိုင်ဖို့ ဆွေးနွေး နေတယ်လို့ ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။

"ပြည်ထောင်စု လွှတ်တော်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက် ပြီးတော့ ဥပဒေ ပြင်ဆင်ဖို့ အတွက် ဆန္ဒခံယူပွဲကြီး လုပ်တဲ့အခါ အဆင့်သင့် ဖြစ်အောင် ဆိုပြီးတော့ ဥပဒေကြမ်း တစ်ခုခု ဆွဲပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု လိုက်ပြီ၊ အတည်ပြုတဲ့ အခါ ဆန္ဒ မဲပေးပိုင်ခွင့် ရှိတဲ့ သူတွေက နိုင်ငံသား ပါတယ်၊ ဧည့်နိုင်ငံသား ပါတယ်၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ တွေက နိုင်ငံသား ဟုတ်တယ်၊ မဟုတ်တယ် လို့ မသိတဲ့ သူတွေမပါဘူး၊ အဲ့ဒါ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတာ၊ နိုင်ငံတော် သမ္မတက ပြန်ပို့တဲ့ အခါ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် သူတွေ ထည့်သွင်း စဉ်းစားဖို့ ဆိုပြီးတော့ မှတ်ချက် ပေးတာ၊ ဒီကိစ္စလဲ အန်ကယ်တို့ ဆွေးနွေး ပြီးပါပြီ၊ အဲ့ဒါတောင်မှ လွှတ်တော်တွင်း အဆင့်သင့် ဖြစ်ဖို့ အန်ကယ်တို့ ပြင်ဆင်နေ ပါပြီ "

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပြီး အတည် ပြုနိုင်ဖို့ အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစည်း အဝေး တွေမှာ ဆွေးနွေးပြီး အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် ရသူတွေ ကိုသာ ဆန္ဒမဲ ပေးခွင့်ပြုဖို့နဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထား သူတွေကို ဆန္ဒ မဲပေးခွင့် မပြုသင့်ကြောင်း ဆွေးနွေး ခဲ့ပါတယ်။

အဲ့ဒီ ဆွေးနွေးချက်ကို ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော် ကလည်း သဘောတူ ခဲ့တဲ့ အတွက် ဥပဒေကြမ်းကို လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ဖို့ နိုင်ငံတော် သမ္မတထံ ပေးပို့ထားတာ ဖြစ်ပါတယ်။



MYARF
RB News
21.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်မှ အသက် ၇၂ နှစ်အရွယ် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ၃ မိုင်ရှိ တပ်ရင်းမှ စစ်သား တစ်ဦးက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် ၃ မိုင်ရှိ တပ်ရင်းမှ စစ်သား (၃) ဦးနှင့် မကျီးချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲ (၇) ဦးတို့သည် ပဒင်း ကျေးရွာသို့ ကင်းလှည့်ရန် ၀င်ရောက်လာပြီး၊ နယ်ခြားစောင့် ရဲများ ကင်းလှည့် နေစဉ် စစ်သား (၃) ဦးသည် ပဒင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး၏ မြောက်ဘက်ရှိ ဦးနူရ်အာမီးန်၏ ဆိုင်တွင် ထိုင်နေခဲ့ကြသည်။

ထိုင်နေသည့် စစ်သား (၃) ဦးမှ တစ်ဦးသည် ဆိုင်ရှေ့မှ ဖြတ်လျှောက် သွားသော အသက် ၇၂ နှစ် အရွယ် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၂ နှစ် အရွယ် ရိုဟင်ဂျာ အမျိုးသား ဦးဟူဆောင်း (ဘ) ဦးမျာဟူဆောင်း၏ ခြေထောက်ကို ကျည်ဆံ ထိမှန်ပြီး၊ ခြေထောက်မှ ကျည်ဆံ ပေါက်ထွက်ကာ အနီးရှိ ငါးနှစ် အရွယ် ကလေးဘေးမှ ကပ်၍ လွှင့်သွား ခဲ့ကြောင်း သိရှိရပါသည်။ ကံကောင်း ထောက်မစွာဖြင့် ကလေးငယ်ကို ကျည်ဆံ မထိမှန် ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် အသက် ၇၂ နှစ် အရွယ် ဦးဟူဆောင်းကို စစ်သားများက ကားဖြင့် တင်ဆောင် သွားပြီး၊ မည်သည့် နေရာကို ခေါ်ဆောင် သွားသည်ကို ရွာသားများက မသိရှိဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခံရသည့် ဦးဟူဆောင်းသည် မည်သည့် ပြစ်မှု တစ်စုံတစ်ရာကို ကျူးလွန် ထားသူ မဟုတ်ဘဲ၊ သာမာန် ဆင်းရဲသား တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မောင်တော ခရိုင် အတွင်းရှိ စစ်သားများနှင့် နယ်ခြားစောင့် ရဲများသည် ရွာအများ အတွင်းသို့ ကင်းလှည့်ရန် အကြောင်းပြ၍ ၀င်ရောက်ပြီး၊ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ လုယက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း များကို လိုင်စင်ရ သောင်းကျန်းသူ များသဖွယ် နေ့စဉ် ပြုလုပ်လျက် ရှိသည်။



Rohingya Eye
RB News
20.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများသည် ဒေသခံများကို ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် အင်တာနက် သုံးနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေ လက်အောက်ခံ အမှတ် (၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများသည် ရေတွင်းပြင် ကျေးရွာမှ ဒေသခံ ရွာသားများ ဖြစ်သော မော်လ၀ီ နူရ်ဟူဆောင်း (ဘ) ဦးအဘူဘာကာရ် (အသက် ၂၈ နှစ်) နှင့် မိုဟာမတ်အာယုဖ် (ဘ) ဦးအာမီးရ် ဟူဆောင်း (အသက် ၂၅ နှစ်) တို့ကို ဘင်္ဂလားဒေ့ရှ်မှ ဆင်းမ်ကဒ်ဖြင့် အင်တာနက် အသုံးပြုနေသည်ဟု ဆိုကာ ဖမ်းဆီး သွားခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ဖမ်းဆီးခံရသူ နှစ်ဦးထံမှ ငွေကျပ် ၄ သိန်း ၅ သောင်း - စုစုပေါင်း ၉ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ အဆိုပါ ရဲများသည် ကမာလ် (ဘ) ဦးဇာကီရ်အာမတ် (အသက် ၁၈ နှစ်)၊ ဟာရွန် (ဘ) ဦးဟာလာဘော်ဒါ (အသက် ၂၈ နှစ်) နှင့် မူဖီးဇ် (ဘ) ဦးဒိလ်ဒါရ် (အသက် ၃၀ နှစ်) တို့ကိုလည်း ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ထားပြီး ပြန်လည် လွှတ်ပေးရန် အတွက် တစ်ဦးထံမှ ငွေကျပ် ၄ သိန်း ၅ သောင်းစီ တောင်းခံ လျက်ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တောခရိုင်တွင် ဌာနဆိုင်ရာများ၊ စစ်သားများနှင့် ရဲများ ကိုယ်တိုင် ဘင်္ဂလား ဆင်းမ်ကဒ်များကို သုံးစွဲလျက် ရှိပြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်များ သုံးနေသည့် ဒေသခံ ရိုဟင်ဂျာ များကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်ခြင်း များကို နေ့စဉ် ပြုလုပ်လျက် ရှိသည်။



19.12.2014

လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အတွက် မြောက်ကိုရီးယား ကို နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးကို လွှဲပြောင်း ပေးဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက မနေ့က ကြာသပတေးနေ့က အတည်ပြု လိုက်ပါတယ်။ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဒီဆုံးဖြတ်ချက်က မြောက်ကိုရီးယားရဲ့ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ် ပြစ်မှု တွေကို စုံစမ်း စစ်ဆေးဖို့ မြောက်ကိုရီးယားကို ICC နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးကို လွှဲပြောင်း ပေးဖို့ အတွက် လုံခြုံရေး ကောင်စီကို တိုက်တွန်း ထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ လူ့အခွင့် အရေး အခြေ အနေကို လုံခြုံရေး ကောင်စီမှာ လာမယ့် တနင်္လာနေ့ ကျရင် ဆွေးနွေး ကြမှာ ဖြစ်ပေမဲ့ မြောက်ကိုရီးယားကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကို လွှဲပြောင်းဖို့ ကိစ္စကတော့ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် တရုတ် နိုင်ငံက ဗီတို အာဏာသုံး ပယ်ချ နိုင်ဖွယ် ရှိနေတာကြောင့် ဖြစ်နိုင်ဖွယ် သိပ်မရှိ လှပါဘူး။

ဒါပေမဲ့လည်း လုံခြုံရေး ကောင်စီကို ခုလို တိုက်တွန်းခြင်း အားဖြင့် မြောက်ကိုရီးယား ရဲ့ ချိုးဖောက်မှုတွေကို ပိုပြီး ထင်ရှားအောင် ဖော်ပြရာ ကျသလို၊ တရုတ် အစိုးရ အပေါ် ပြင်းထန်တဲ့ နိုင်ငံရေး ဖိအား ပေးရာလည်း ကျပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား ဒုသံအမတ်ကြီး An Myong Hun ကတော့ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား က ပယ်ချကြောင်းနဲ့ ဒါဟာ နိုင်ငံရေး လုပ်ကြံမှု၊ ပဋိပက္ခ ဖြစ်အောင် လုပ်ဆောင်မှုလို့ ပြောဆို လိုက်ပါတယ်။

အခုချမှတ်တဲ့ ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကနေ မြောက်ကိုရီးယား နိုင်ငံတွင်း စနစ်တကျ ဖမ်းဆီး သတ်ဖြတ်မှု၊ နှိပ်စက် ညှင်းပမ်းမှု၊ အတင်းအဓမ္မ ပြုကျင့်မှုနဲ့ လူတွေ အများ အပြားကို အစာရေစာ ငတ်ပြတ်အောင် လုပ်ဆောင်မှုတွေ ဆယ်စုနှစ် တွေနဲ့ချီ ရှိနေတာနဲ့ ပတ်သက်လို့ အသေးစိတ် ဖော်ပြထားတဲ့ အစီရင်ခံစာ အပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု တွေဟာ ခေတ်သစ် ကမ္ဘာကြီးမှာ ဘယ်လိုမှ လက်မခံ နိုင်စရာ မရှိတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ ဒီ အစီရင်ခံစာမှာ ဖော်ပြ ထားတာပါ။




RB News
19.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် အစိုးရစစ် အဌမတန်းနှင့် စတုတ္တတန်း ကျောင်းသား များကို အတန်းတင် စာမေးပွဲ အကြို အစမ်း စာမေးပွဲများ စစ်လျက်ရှိရာ ဝေးလံသည့် အရပ်ရှိ ကျောင်းတွင် ကျင်းပလျက် ရှိသောကြောင့် ကျောင်းသား အချို့ စာမေးပွဲ ဖြေရန် သွားနိုင်ခြင်း မရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၂၃) ရက်နေ့ထိ အဌမတန်းနှင့် စတုတ္တတန်း ကျောင်းသားများ အတွက် အတန်းတင် စာမေးပွဲ အကြို အစမ်း စာမေးပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပလျက် ရှိပြီး၊ အဌမတန်း စာမေးပွဲကို ပြည်နယ် အဆင့် မေးခွန်းများ၊ စတုတ္တတန်း စာမေးပွဲကို ခရိုင်အဆင့် မေးခွန်းများဖြင့် စစ်ဆေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

စာမေးပွဲများကို မောင်တောမြို့နယ် ပညာရေးမှူး ကိုယ်တိုင် ကြီးကြပ်၍ စစ်ဆေးလျက် ရှိပြီး၊ အဌမတန်း အတွက် ငန်းချောင်း အ.ထ.က ကျောင်းခွဲ၊ မင်္ဂလာကြီး အ.ထ.က ကျောင်းခွဲ၊ မြောတောင် အ.ထ.က ကျောင်းခွဲ၊ သီဟိုဠ်ကျွန်း အ.ထ.က ကျောင်းခွဲနှင့် ရေတွင်းကျွန်း အ.ထ.က ကျောင်းခွဲ များမှ ကျောင်းသား များသည် မောင်တောမြို့ရှိ အထက်တန်း ကျောင်းခွဲ (၁) (ယခင် အ.လ.က - ၁) သို့ သွားရောက်၍ စာမေးပွဲ ဖြေဆိုနေ ကြရသည်။ ငန်းချောင်း အ.ထ.က ကျောင်းခွဲသည် မောင်တောမြို့မှ ၁၉ မိုင် အကွာတွင် ရှိပြီး၊ မြောတောင် အ.ထ.က ကျောင်းခွဲသည်လည်း မောင်တောမြို့မှ ၁၅ မိုင် အကွာတွင် ရှိသည်။

သို့ဖြစ်၍ အဆိုပါ မောင်တောမြို့ရှိ အ.ထ.က ကျောင်းခွဲ (၁) သို့ သွားရောက်၍ စာမေးပွဲ ဖြေဆိုရန် စရိတ် မတတ်နိုင်သည့် ကျောင်းသား များမှာ သွားရောက်၍ စာမေးပွဲ မဖြေဆိုနိုင်ကြောင်း၊ စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား/သူ ဦးရေ ၇၅ ဦးခန့် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ငန်းချောင်း အ.ထ.က ကျောင်းခွဲ တစ်ကျောင်းတည်းမှ သွားရောက် မဖြေဆိုနိုင်သည့် ကျောင်းသား/သူ ဦးရေ ၂၅ ဦး ရှိသည်ဟု ဆိုသည်။ ယခု အစမ်း စာမေးပွဲ ဖြေဆိုနိုင်ခြင်း မရှိသည့် အတွက် အတန်းတင် စာမေးပွဲတွင် ၀င်ရောက် ဖြေဆိုခွင့် မရမည်ကို လမ်းစရိတ် မတတ်နိုင်၍ စာမေးပွဲ ဖြေဆိုရန် ပျက်ကွက် နေသည့် ကျောင်းသား/သူ မိဘများက စိုးရိမ်လျက် ရှိကြသည်။

နယ်စပ်မြို့တွင် တာဝန်ကျ နေသည်ကို အကြောင်းပြု၍ နိုင်ငံတော်မှ တိုးမြှင့် ချီးမြှင့်သည့် လစာကို ခံစားနေကြသည့် ကျောင်းဆရာ/မ အများစုမှာ ယခုအချိန်ထိ ကျောင်းသို့ တစ်ကြိမ်ပင် မရောက်ဖူး သေးသည့် ဆရာ/မ အများအပြား ရှိသည်ဟု ကျောင်းသား မိဘများက ပြောပါသည်။ ရခိုင်ပြည်နယ်တွင် ပညာရည် မြင့်မားရန် ရည်ရွယ်ချက်ဖြင့် နေ့စား ဆရာ/မ များခန့်ထား သော်လည်း၊ ကျောင်းများမှာ ဆရာ/မ များအတွက် ပန်းထိုး၊ ဇာထိုး၊ ချဲဂဏန်း တွက်ချက်ရာ နေရာ တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၊ မြို့နယ် ပညာရေး ဦးစီးဌာန တို့မှ အမှန် တကယ် ဖြစ်ပျက် နေသည်များကို သိရှိသော်လည်း လစ်လျူရှု ထားသည်ဟု ဒေသခံများက ပြောပါသည်။ တနေ့တခြား ကျဆင်း လာသည့် ပညာရေး အဆင့် အတန်း များကြောင့် ကျောင်းသား/သူ များ၏ မိဘများက အထူး စိုးရိမ်လျက် ရှိကြသည်။



MYARF
RB News
19.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာမှ လူငယ် နှစ်ဦးနှင့် အသက် ၁၅ နှစ် အောက်ကလေး ငါးဦးကို အမှတ် (၆) နယ်မြေ လက်အောက်ခံ စစ်တပ် စခန်းမှ စစ်သားများက ဖမ်းဆီး၍ လူငယ် နှစ်ဦးကို ငွေညှစ်၍ ပြန်လည် လွှတ်ပေး ခဲ့သော်လည်း၊ ကျန်သည့် ကလေး ငါးဦးအနက် သုံးဦး ထံမှ ငွေညှစ်ရန် ကြိုးစားလျက် ရှိပြီး၊ နှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၈) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မောင်တောမြို့နယ် အမှတ် (၆) နယ်မြေ လက်အောက်ခံ စစ်တပ် စခန်းမှ စစ်သား နှစ်ဦးသည် အရပ်ဝတ် များဖြင့် ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်စု၊ အရှေ့ရွာသို့ ရောက်ရှိလာပြီး၊ ဖုန်းဆင်းမ်ကဒ် မပါသည့် ဖုန်းများဖြင့် သီချင်း နားထောင် နေသော အဒူရာဇတ် (ဘ) ဦးဖော်ဇောလ်အာမတ် (အသက် ၂၅ နှစ်) နှင့် ဆော်ဒါန်ဟူစိန်း (ဘ) ဦးအော်လီအာမတ် (အသက် ၂၂ နှစ်) တို့ကို ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် ဖုန်းသုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသည့် လူငယ် နှစ်ဦးကို စစ်သားများက စခန်းသို့ ခေါ်ဆောင် သွားပြီး လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် ၆ သိန်း တောင်းရာ၊ လူငယ်နှစ်ဦးမှာ ငွေကြေး တတ်နိုင်သည့် မိသားစုများမှ မဟုတ်သဖြင့် ရွာသားများက စုပေါင်း၍ ငွေကျပ် ၄ သိန်း ငါးသောင်း ကိုစစ်သားများ လက်ထဲသို့ ပေးခဲ့သော်လည်း၊ စစ်သားများက ကျန်သည့် ငွေကျပ် တစ်သိန်း ငါးသောင်း အတွက်ဟု ဆိုကာ ထပ်မံ၍ တစ်ညလုံး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ဒီဇင်ဘာလ (၁၈) ရက်နေ့ ည ၉ နာရီ အချိန်တွင် စစ်သား ၂၀ ဦးခန့် ထပ်မံ ရောက်ရှိလာပြီး ရွာထဲတွင် ဂိမ်း ကစားနေသည့် ၁၅ နှစ်အောက် ကလေး ၅ ဦးကို ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် စစ်သားများက အုပ်ချုပ်ရေးမှူး ထံကလေး ၃ ဦးကို အပ်နှံခဲ့ပြီး ငွေကျပ် ၅ သိန်း ယူထားရန် မှာကြားပြီး၊ ကျန်သည့် ကလေး ၂ ဦးကို စခန်းရှိ ဗိုလ်ကြီးထံ သတင်းပို့ပြီး ဖြစ်နေ၍ ခေါ်ဆောင် သွားရမည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် အပ်နှံခံရသည့် ကလေး (၃) ဦးမှာ --

(၁) မော်န်ဇူရ် (ဘ) ဦးဒေါလ်လာ
(၂) ရှာဘာတုလ္လာ (ဘ) ဦးဇာဖောရ်ဟူစိန်း
(၃) မောင်နှမ ကျေးရွာမှ နွားကျောင်းသား တစ်ယောက် -- တို့ဖြစ်သည်။ ၎င်းတို့ (၃) ဦးက ငွေကျပ် ၅ သိန်းကို ကျေးရွာ အုပ်ချုပ်ရေးမှူး ထံပေးနိုင်မှသာ ပြန်လည် လွတ်မြောက် လာမည် ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားသော ကလေးငယ် နှစ်ဦးမှာ --

(၁) ရာမတ်ကော်ရီးမ် (ဘ) ဦးမာမတ်ဆော်လာမ်
(၂) ဟာလာယာ (ဘ) ဦးအုမောရ်ဟာမ်ဇာ -- တို့ဖြစ်ကြောင်း သိရှိရပါသည်။



MYARF
RB News
19.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အုပ်စုရှိ မူလတန်း ကျောင်းတွင် ကင်းစခန်း ချထားသည့် ကင်းစခန်းမှ စစ်သားများသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက်၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အုပ်စု ဟိုင်ဖာရာန် ကျေးရွာ မြောက်ဘက်ရှိ GE လမ်းဘေးတွင် ရှိသည့် မူလတန်း ကျောင်းထဲတွင် ကင်းစခန်း ချထားသည့် ကင်းစခန်းမှ စစ်သား များသည် လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာ များကို စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ကင်းစခန်း ထဲသို့ သွင်း၍ လက်ကိုင်ဖုန်း များတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ အတင်း အဓမ္မ ထည့်ပေးပြီး၊ ဘင်္ဂလား ဆင်းမ်ကဒ်များ မိသည်ဟု ဆို၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ရိုက်နှက်၍ ငွေညှစ်ခြင်းများ ပြုလုပ် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒီဇင်ဘာလ (၁၅) ရက်နေ့က ဦးဆော်လိမ် ထံမှ ငွေကျပ် သုံးသောင်း၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ဦးဇာကေရ် ထံမှ ငွေကျပ် နှစ်သောင်း ငါးထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ များက ပြောပါသည်။

ဒီဇင်ဘာလ (၁၈) ရက်နေ့ကလည်း ဒေသခံ တစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ရန် ခေါ်ခဲ့သော်လည်း၊ အဆိုပါ ဒေသခံက ရိုက်နှက် ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးခဲ့ရာ၊ စစ်သား နှစ်ယောက်က ဆိုင်ကယ်ဖြင့် လိုက်ခဲ့သော်လည်း မမိခဲ့သည့် အတွက် လွတ်မြောက် သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

စစ်သားများက လမ်းသွားလမ်းလာ များကို လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက် ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည့် အတွက် ဒေသခံများမှာ သွားလာရန်ပင် ခက်ခဲလျက် ရှိသည်ဟု ဆိုသည်။




MYARF
RB News
18.12.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်စု၊ ဘုရားပြင် အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက လမ်းသွား လမ်းလာများကို ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေညှစ်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၈) ရက်နေ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်စု၊ ဘုရားပြင် အောင်ပ န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာသည် ဘုရားပြင် အောင်ပ ကျေးရွာကြားမှ ဖြတ်သန်း၍​ ညောင်ချောင်းမှ မောင်တောမြို့သို့ သွားသည့် လမ်းတွင် န.တ.လ ကျေးရွာသား များနှင့် အတူ စောင့်ဆိုင်း၍ ဖြတ်သန်း သွားလာသူ များကို ရွာထွက် လက်မှတ် မရှိ၊ ယာယီ ကဒ်ပြား မရှိဟု ဆိုကာ ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေညှစ်ခြင်းများ ပြုလုပ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယင်းနေ့တွင် ဂျမီလ် (ဘ) ဦးအဒူကာဒဲရ် (အသက် ၂၀ နှစ်) ထံမှ ငွေကျပ် ၅ သောင်း ညှစ်ယူ ခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သော လပိုင်းတွင်လည်း စိမ်းညှင်းပြား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှလည်း ငွေကျပ် နှစ်သိန်း ညှစ်ယူ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အဆိုပါ လမ်းမှ ဖြတ်သန်း သွားလာသူ များထံမှ စားကုန် ပစ္စည်းများကို နေ့စဉ် အဆက်မပြတ် လုယက်လျက် ရှိသည့် အတွက် ဒေသခံ ရိုဟင်ဂျာများ အနေဖြင့် သွားလာရေးပင် ခက်ခဲလျက် ရှိသည်ဟု ဆိုသည်။




MYARF
RB News
18.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဘင်္ဘောကွေး၊ ပေါင်းဇားနှင့် ဘဂုံးနား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာ များကို လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် ပေါင်းဇား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲတပ်ဖွဲ့ လေးဦးသည် ရွာအတွင်းသို့ ၀င်ရောက်လာပြီး မာအာဒူ (ဘ) ဦးမောန်တာစ် (အသက် ၂၅ နှစ်) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖုန်းတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ် ထဲ၍ အသုံးပြုနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခဲ့သည်။ ထို့နောက် ည ၁၀ နာရီ အချိန်တွင် ငွေကျပ် ၄ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် တာဝန်ကျ နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် ကင်းစခန်း ရှေ့မှ ဖြတ်သန်း သွားနေသည့် မကျီးချောင်း ကျေးရွာမှ ဦးရော်ဖိတ် (ဘ) ဦးဇာဖော်ရ် (အသက် ၃၇ နှစ်) နှင့် ရေဖုံပြင် ကျေးရွာမှ ဦးကော်ဘိရ် အာမတ် (ဘ) ဦးအာဘူလ်ကာဆိမ်း (အသက် ၄၅ နှစ်) တို့ကို ယာယီ သက်သေခံ ကဒ်ပြား မပါဘဲ သွားနေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ဒီဇင်ဘာလ (၁၆) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေး ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ် ဒိန်ဒေါင်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ် ဟူစိန်း တို့သည် ဒေါ်အယေရှားခါတူ (ဘ) ဦးနူရ်မာမတ် (အသက် ၃၅ နှစ်) ၏ နေအိမ် အတွင်းသို့ ၀င်ရောက်၍ ဒေါ်အယေရှား ခါတူအား ဘင်္ဂလား မိုဘိုင်းဖုန်း သုံးနေသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ကိုယ်ထိ လက်ရောက် ရိုက်နှက်ပြီး ဖမ်းဆီး ခဲ့သည်။ ဒေါ်အယေရှား ခါတူကို ညနေ ၅း၃၀ နာရီ အချိန်တွင် ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



Rohingya Eye
RB News
18.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲတပ်သား ခင်မောင်ထူးက ဒေသခံ ရိုဟင်ဂျာ ငါးဖမ်း သမား တစ်ဦးကို သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင် ကျေးရွာ (ကွာရ်ဘီးလ်) မှ ဦးကာလာမျာ (ဘ) ဦးဆယာဒူလ် အာမီးန် (အသက် ၄၀ နှစ်) သည် ယနေ့ ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် ပင်လယ်မှ ငါးဖမ်း၍ ပြန်လာပြီး၊ ရေတွင်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေ လက်အောက်ခံ အမှတ် (၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သတင်းပို့ရန် သွားခဲ့ရာ၊ အဆိုပါ ကင်းစခန်းမှ ရဲတပ်သား ခင်မောင်ထူးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးကာလာမျာသည် သေနတ် ဒဏ်ရာဖြင့် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ၎င်း၏ အလောင်းကို အနီးရှိ ချောင်းထဲသို့ ပစ်ချလိုက်ပြီး၊ ဒေသခံ ရွာသားများကို အလောင်း သယ်ယူခွင့် ယခုအချိန်ထိ မပေးသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငါးဖမ်းသမားများ ပင်လယ်ပြင်မှ ငါးဖမ်းပြီး ပြန်လာလျှင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း များသို့ သတင်းပို့ရန် သတ်မှတ် ထားရာ၊ သတင်းပို့သည့် ငါးဖမ်းသမား များထံမှ ငါးများကို လုယက်လေ့ ရှိသောကြောင့် ငါးဖမ်းသမား များက သတင်းပို့ရန် တွန့်ဆုတ်လေ့ ရှိကြသည်။

ဦးကာလာမျာလည်း ပင်လယ်ပြင်မှ ရလာသည့် ငါးများကို လုယက်ခံ ရမည်ကို စိုးရိမ်၍ သတင်းပို့ရန် အချိန် အနည်းငယ် နောက်ကျသဖြင့် ရဲတပ်သား ခင်မောင်ထူးက သေနတ်ဖြင့် ပစ်သတ်ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆို နေကြသည်။

န.စ.က ဖျက်သိမ်းပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ ဒေသခံများက န.စ.က ကဲ့သို့ ဆိုးရွား လိမ့်မည်ဟု မဟုတ်ဟု မျှော်လင့် ခဲ့သော်လည်း လက်တွေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် လိုင်စင်ရ လူသတ် သမားများကဲ့သို့ ဒေသခံ များကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ သတ်ခြင်း၊ ငွေညှစ်ခြင်း စသည့် ရာဇ၀တ်မှု ပေါင်းများစွာကို ကျူးလွန်လျက် ရှိကြသည်။ နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရမှ သိရှိသော်လည်း ဟန့်တား အရေးယူခြင်း၊ တားမြစ်ခြင်း မရှိခြင်းကြောင့် တနေ့တခြား အခြေအနေ ပိုမို ဆိုးရွားလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။



Rohingya Eye
RB News
17.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှချေနှင့် ယခင် ဥက္ကဌဟောင်းများ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၉) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၉) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှချေနှင့် ယခင် ဥက္ကဌဟောင်းများ ဖြစ်သည့် ဦးဇော်ဟိရ်အာမတ်၊ ဦးကော်ရီမူလ္လာ တို့ပူးပေါင်း၍ ဆရာ ဦးရှော်ရီဖ် (ဘ) ဦးဘာသာမျာ၏ စပါး (၃၅) တင်းကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် စပါး ရိတ်သိမ်းနေသည့် အာဇီမူလ္လာ (အသက် ၂၇ နှစ်) ကိုလည်း အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ နောက်နောင် စပါးရိတ်သိမ်းသည့် အလုပ်မလုပ်ရန် ခံဝန်လက်မှတ် ရေးထိုးခိုင်း ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဥက္ကဌဟောင်း ဖြစ်သူ ဦးဇော်ဟိရ်အာမတ်၏ ဖခင်ဖြစ်သူ ဦးမော်နူ အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ တရားခံ အစစ်အမှန်ကို မဖော်ထုတ်ဘဲ သံသယ ဖြစ်သည်ဟု ဆိုကာ မတရားသဖြင့် စွပ်စွဲမှုများ ပြုလုပ်၍ ရွာအတွင်းရှိ အပြစ်မဲ့ ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိသော်လည်း အထက် အာဏာပိုင်များက ဖမ်းဆီး အရေးယူခြင်း မရှိဘဲ လွှတ်ထားခြင်းမှာ အထက် အာဏာပိုင် များကို ငွေကျပ် သိန်း ၁၀၀ ထိ လာဘ်ထိုး ထားခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှချေနှင့် ဥက္ကဌဟောင်း နှစ်ဦး တို့က ၎င်းတို့နှင့် မတည့်သူများကို ပစ်မှတ်ထား၍ လူသတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲ၍ နယ်ခြားစောင့် ရဲများနှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်၍ အပြစ်မဲ့ ဒေသခံ (၉) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသည့် ဒေသခံ (၉) ဦးမှာ --

(၁) ဦးအဒူလ်ဟာမိတ် (ဘ) ဦးလာလူး (အသက် ၃၀ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း
(၂) ဦးဆိဒိခ် (ဘ) ဦးလာလူး (အသက် ၂၈ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း
(၃) ဦးဟာလူ (ဘ) ဦးကာဆိမ်း (အသက် ၂၈ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း
(၄) ဦးအာသာအူလ္လာ (ဘ) ဦးဟာလူ (အသက် ၂၈ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း
(၅) ကော်ရိမ်အူလ္လာ (ဘ) ဦးဟာလူ (အသက် ၂၄ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း
(၆) ရော်ဟီမူလ္လာ (ဘ) ဦးအော်ဇီအူလ္လာ (အသက် ၂၅ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၇) ဦးအာဇူမူလ္လာ (ဘ) ဦးဟာလူ (အသက် ၃၀ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၆ သောင်း
(၈) ဦးအော်ဇီအူလ္လာ (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၅ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၉) မော်လ၀ီ မူဟီဘုလ္လာ (ဘ) ဦးအဘူရှော်မာ (အသက် ၂၈ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- တို့ဖြစ်ပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှချေနှင့် ဥက္ကဌဟောင်း တို့၏ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှု၊ ငွေညှစ်မှု များကြောင့် ကျေးရွာ အတွင်း မကျေနပ်သူများ အလွန် များပြားလျက် ရှိသည့် အတွက် မလိုအပ်သည့် ပြဿနာများ တရှိန်ထိုး ဖြစ်ပွား လာမည်ကို အထူး စိုးရိမ်ရသည်ဟု ဒေသခံ ရွာသားများက ပြောပါသည်။




RB News
17.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား (တပ်ဦးချောင်း) ဈေး အနီးရှိ နယ်ခြားစောင့် ရဲများက လမ်းသွား လမ်းလာ ရိုဟင်ဂျာ များကို စစ်ဆေးရာတွင် အမျိုးသမီး များကို မဖွယ်မရာ ပြုလုပ်ခြင်း၊ အမျိုးသား များကို ဖမ်းဆီးထားပြီး ငွေညှစ်ခြင်းများ ပြုလုပ်ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီခန့်မှစ၍ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ (တပ်ဦးချောင်း) ဈေးအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများသည် မောင်တော - အလယ်သံကျော် လမ်းမှ လာသည့် ကားများကို ရပ်ခိုင်း၍ ကားပေါ်တွင် ပါလာသည့် ခရီးသည် များမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး များကို အခန်း တစ်ခန်း ထဲသို့ ထည့်၍ စစ်ဆေးရန် ရှိသည်ဟု ဆိုကာ အ၀တ်အစားများ ချွတ်ခိုင်း၍ မဖွယ်မရာများ ပြုလုပ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ယနေ့ တစ်ရက်ထဲ အတွင်း ရိုဟင်ဂျာ အမျိုးသား တစ်ရာကျော်ကို စစ်ဆေးမည်ဟု ဆိုကာ ကင်းစခန်းတွင် ထိန်းသိမ်း ထားခဲ့ပြီး၊ ရိုက်နှက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိန်းသိမ်း ထားသည့် အမျိုးသား ၈၀ ကျော်ကို ရိုက်နှက်၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ သို့သော်လည်း ငွေကြေး မတတ်နိုင်သူ ၂၀ ကျော်ကို ယခု အချိန်ထိ ဖမ်းဆီး ထားပြီး၊ နယ်ခြားစောင့် ရဲများ ပြန်လည် လွတ်ပေးလိုက်သူ များထံမှ ငွေကျပ် သိန်း ၈၀ ကျော် ညှစ်ယူခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဘဂုံးနား ဈေးနားရှိ ကင်းစခန်းတွင် ပုံမှန် တာဝန်ကျ နေသည့် ဒုရဲအုပ်မှ ငွေညှစ်ခြင်း မဟုတ်ဘဲ၊ နူရူလ္လာရွာရှိ အာရဘီ တက္ကသိုလ် အနီးတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ် တစ်ဦးက ဘဂုံးနား ရွာသို့ လာရောက်၍ ယခုကဲ့သို့ ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်း ဖြစ်သည်ဟု သိရှိရသည်။ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်၊ အမျိုးသားများကို ရိုက်နှက် ငွေညှစ်သည့် ဒုရဲအုပ်သည် စစ်တွေမြို့ ဇာတိ ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ လူမျိုးရေး ဘာသာရေး ခွဲခြားမှုကို ရှေ့တန်းတင်သူ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကင်းစခန်းတွင် ယခင်ကလည်း နေ့စဉ် ငွေညှစ်မှုများ၊ ရိုက်နှက်မှုများ ရှိကြောင်း ဒေသခံများက ပြောပါသည်။

(ဓါတ်ပုံ - Jens Schlueter/Getty Images)


မင်းသိန်း
RB News
17.12.2014

အရှေ့ဘာလင်းနှင့် အနောက်ဘာလင်း ပေါင်းစည်းရေး အတွက် လူထု လှုပ်ရှားမှုတွင် အခရာ ကျခဲ့သော ဂျာမဏီ နိုင်ငံ Dresden မြို့အတွင်း အောက်တိုဘာလမှ စတင်ကာ ဥရောပ အမျိုးသားရေး ၀ါဒီ များမှ ဦးဆောင်ပြီး အနောက် ကမ္ဘာ အတွင်း အစ္စလာမ် ဘာသာ ရှိနေခြင်းအား ဆန့်ကျင်သော PEGIDA (Patriotische Europäer gegen die Islamisierung des Abendlandes) လှုပ်ရှားမှု တစ်ရပ် ပေါ်ပေါက် လာခဲ့သည်။ ဤလှုပ်ရှားမှုအား လက်ယာ အစွန်းရောက် ပါတီ တစ်ခု ဖြစ်သော AfD (Alternative for Germany) ပါတီမှ ဦးဆောင် ခဲ့သည်။ အဆိုပါ ပါတီသည် ဥရောပ နိုင်ငံများ ပေါင်းစည်းခြင်းအား ဆန့်ကျင်သော ဂျာမန် လက်ယာစွန်း ၀ါဒီများ ဖြစ်ကြသည်။ (PEGIDA) လုပ်ရှားမှုအား ဆန့်ကျင်သော တန်ပြန် ဆန္ဒထုတ်ဖေါ်မှု များလည်း မြို့ကြီး တစ်ချို့တွင် ရှိနေသည်။

ဂျာမဏီ နိုင်ငံ အကြီးအကဲ အန်ဂျလာမာခဲလ်လည်း အစ္စလာမ် သာသနာ အပေါ် မုန်းတီးမှု များနှင့် အခြား ဘာသာတရားများ အပေါ် မုန်းတီးမှုများ အတွက် မိမိတို့ နိုင်ငံ အတွင်း နေရာမရှိဟု ပြောကြား ခဲ့သည်။
ဂျာမဏီ နိုင်ငံ အတွင်း ဟစ်တလာ၏ Nazi ပါတီ ကျဆုံးသွားပြီး နောက်ပိုင်း အမျိုးသား အစွန်းရောက် ၀ါဒီများ ပုံစံ အမျိုးမျိုးဖြင့် ဂျာမန် နိုင်ငံရေး အတွင်း ခေါင်းထောင် လာနိုင်ရန် ကြိုးစားနေ ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် အတွင်း စတင် ဖွဲ့စည်းခဲ့သော AfD ပါတီသည် အမျိုးသား အစွန်းရောက် ၀ါဒ ပုံစံသစ်ဖြင့် ဂျာမန် နိုင်ငံရေး အတွင်း ထိုးဖေါက် ၀င်ရောက် လာသော ပါတီ တစ်ခု ဖြစ်သည်။

ဂျာမဏီ နိုင်ငံ အတွင်း ခိုလှုံခွင့် တောင်းခံသူများ အဖြစ် အစ္စလာမ် ဘာသာဝင်များ အမြောက်အများ ၀င်ရောက် လာပြီး ဂျာမန် လူ့အဖွဲ့အစည်း အတွင်း အစ္စလာမ် အယူဝါဒများ လွှမ်းမိုး လာမည်ကို စိုးရိမ်သည်ဟု PEGIDA များက အကြောင်းပြ ကြသည်။ ဂျာမန် နိုင်ငံရေး ပညာရှင် များမှလည်း PEGIDA များ၏ ပြောဆိုချက်သည် အခြေအမြစ် မရှိကြောင်း အထောက် အထား ခိုင်လုံစွာဖြင့် ထောက်ပြ ပြောဆိုခဲ့ ကြသည်။ 

ကမ္ဘာ တစ်ဝန်းလုံးတွင် Refugee ပေါင်း သန်း(၅၀) ကျော်ခန့် ရှိနေသည်။ အဆိုပါ လူဦးရေ၏ (၈၀)% ကျော်သည် ချမ်းသာသော တတိယ နိုင်ငံများတွင် ခိုလှုံ နေထိုင် နေကြခြင်း မဟုတ်ဘဲ ပြသနာ ဖြစ်နေသော နိုင်ငံ များ၏ ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံများတွင် ခိုလှုံ နေထိုင် နေကြရသည်။ ကမ္ဘာပေါ်တွင် Refugee အများဆုံး လက်ခံ ထားသော (၅) နိုင်ငံမှာ......(၁) ပါကစ္စတန် နိုင်ငံ Refugee (၁၆၀၀၀၀၀)၊ (၂) အီရန်နိုင်ငံ (၈၅၇၄၀၀) ၊ (၃) လစ်ဘနွန် (၈၅၆၅၀၀)၊ (၄) ဂျော်ဒန် (၆၄၁၉၀၀)၊ (၅) တူရကီ (၆၀၉၉၀၀) ဖြစ်ကြပါသည်။ ဂျာမဏီ နိုင်ငံ အတွင်း (၂၀၁၄ ခု သြဂုတ်လ) အထိ ခိုလှုံခွင့် တောင်းခံထားသူ စာရင်းမှာ (၁၅၈၀၀၀) ခန့်သာ ရှိသည်။ အဆိုပါ ခိုလှုံခွင့် တောင်းခံထား သူများ အတွင်းမှ 1/3 ခန့်သာ နေထိုင်ခွင့်နှင့် အလုပ်လုပ် ကိုင်ခွင့်ကို ရရှိခဲ့ ကြသည်။ ကျန် 2/3 ခန့်သော ခိုလှုံခွင့် တောင်းခံထားသူ များမှာ အစိုးရ သတ်မှတ် ထားသော နေရာများတွင် နေကြရပြီး သတ်မှတ် ဧရိယာ အတွင်းသာ ခရီး သွားလာခွင့် ရကြသည်။

နိုင်ငံတော် စာရင်း ဇယား အရ ၂၀၁၃ ခုနှစ် အတွင်း အလုပ်လုပ် ကိုင်ခွင့် မရရှိသေးသော ခိုလှုံခွင့် တောင်းခံထား သူများ အတွက် ဂျာမန် အစိုးရ၏ ကုန်ကျစရိတ်မှာ ယူရို (၁.၅) ဘီလီယံ ရှိခဲ့သည်။ အဆိုပါ ကုန်ကျ စရိတ်သည် ဂျာမန် နိုင်ငံ၏ တစ်နှစ်တာ ဘတ်ဂျက် ကုန်ကျ စရိတ်၏ (၀.၄၈%) ခန့်သာ ရှိပါသည်။ ခိုလှုံခွင့် ရရှိပြီး အလုပ်လုပ် ကိုင်နေသော နိုင်ငံခြားသား များ၏ အခွန် ထမ်းဆောင် ထားသော
ငွေပမာဏမှာ ၂၀၁၃ ခု အတွင်းယူရို (၂၂) ဘီလီယံ ရှိခဲ့သည်။ နိုင်ငံရေး ခိုလှုံလာသူများ အတွင်း ကျွမ်းကျင် လုပ်သား အများစု ပါဝင် နေခြင်းကြောင့် ဂျာမန် နိုင်ငံ၏ အနာဂါတ် အတွက် ပိုမို ကောင်းမွန် လာနိုင်ကြောင်း ပညာရှင် များမှ ထောက်ပြ ပြောဆိုကြသည်။

ဂျာမဏီ နိုင်ငံတွင် မွတ်စလင် (၄) သန်းခန့် နေထိုင်ကြပြီး အဆိုပါ လူဦးရေသည် ဂျာမန် တနိုင်ငံလုံး လူဦးရေ၏ (၅%) ခန့်သာရှိသည်။ ပညာရှင် များ၏ တွက်ဆချက် အရ (၂၀၅၀) ခုနှစ်တွင် မွတ်စလင် လူဦးရေသည် ဂျာမန် တနိုင်ငံလုံး လူဦးရေ၏ (၇%) ခန့် ရှိလာ နိုင်သည်ဟု ခန့်မှန်း ထားကြသည်။ ဤမွတ်စလင် လူဦးရေ တိုးပွားလာ နိုင်သော နှုန်းထား သည်လည်း ဂျာမန် အိမ်ထောင်စုများ အတွင်း သား၊သမီး ဖွေးဖွားနှုန်း ကျဆင်းလာခြင်းနှင့် အိမ်ထောင်ရေး ပြိုကွဲမှု များပြားလာခြင်းများ အပေါ်တွင် အဓိက မူတည်လျက် ရှိနေသည်။

အမျိုးသားရေး အစွန်းရောက် ၀ါဒီများ ဖြစ်ကြသော PEGIDA များ၏ ပြောဆိုမှု များသည် ယုတ္တိ မရှိသော လိမ်လည် ပြောဆိုမှုများ ဖြစ်ကြောင်း ပညာရှင်များ၊ နိုင်ငံရေး ပါတီ များမှ အထောက် အထား ခိုင်လုံစွာဖြင့် ထောက်ပြ ပြောဆို ခဲ့ကြသည်။ 

မိမိတို့ မြန်မာ နိုင်ငံ အတွင်းလည်း နိုင်ငံရေး အမြတ်ထုတ် လိုသော အမျိုးသား အစွန်းရောက် များမှ အစ္စလာမ် ဘာသာဝင် များနှင့် ပတ်သက်သော အချက် အလက် များအား လိမ်လည် လှည့်ဖျားပြီး ပြောဆို နေမှုများအား ပညာရှင်များ အနေဖြင့် တုန့်ပြန် ရှင်းလင်း ပြောဆိုသင့် ပါသည်။ လူမျိုး ဘာသာ ပေါင်းစုံ စုပေါင်း နေထိုင် ကြသော မြန်မာ နိုင်ငံတွင် အမျိုးသား အစွန်းရောက်သူ များ၏ ဦးတည် တိုက်ခိုက်ရာသည် အစ္စလာမ် ဘာသာဝင်များ ဖြစ်နေသော်လည်း အချိန်ကာလ ကြာမြင့် လာလျှင် ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူ  ဘာသာဝင် များလည်း ဖြစ်လာ နိုင်သည်။ အမျိုးသား အစွန်းရောက် ၀ါဒ၏ ဦးတည်ရာသည် မိမိမှလွဲ၍ အလုံးစုံ ပျက်သုန်းရေးကို ဦးတည် နေသော ၀ါဒ ဖြစ်သည်ကို လူမျိုး၊ ဘာသာ အားလုံးမှ သိရှိ နားလည်ပြီး စုပေါင်း ကာကွယ် တားဆီးသင့် ပါသည်။
(ဓါတ်ပုံ - ရိုက်တာ)


ငှက်ကလေးသို့ (၂) 

ရေးသားသူ - ယျာတင်(MYARF)
RB ကဗျာ
17.12.2014

ဖိနှိပ်ခံဆုံး သတ္တဝါတို့၏
လွတ်မြောက်ရေးကို ရှေးရှုလျက်နှင့်
အဆုံးအဆမဲ့ ကောင်းကင်ပေါ်ဝယ်
တောင်ပံခတ်၍ ပျံသန်းနေချိန်
မုန်တိုင်းသင့်လို့ လမ်းခရီးကြမ်းလည်း
အသင်ငှက် ...
စိတ်ဓာတ်ကျ၍ နောက်မဆုတ်နှင့် ...။
ဝေးဝေးဌာနေ မျက်ကွယ်ရာမှာ
အားပေးနေသူများ အမြဲရှိနေတာ
ငှက်ကလေး သိပါစေသား ...။

ရက်စက်ကြမ်းကြုတ် မျိုးတုံးခံလု
ထိုလိုသတ္တဝါများ နလှန်ထူဖို့
ကိုယ်ရောစိတ်ပါ အသင်မနား
ပျံသန်းရာအရပ် ကောင်းကင်ပေါ်ဝယ်
လျှပ်စီးလက်လို့ မိုးကြိုးပစ်လည်း
ဖြန့်ကြဲပြီးတဲ့ အတောင်ပံကို
ကြောက်စိတ်ငြိလို့ ပြန်မကျူံးနှင့် ...။
စေတနာမှန်လျှင် မိုးကြိုးနှင့်လွှဲစေ
မမြင်နိုင်တဲ့ ဝှက်တစ်နေရာမှာ
ဆုမွန်ခြွေသူများ အသင့်ရှိနေတာ
ငှက်ကလေး သိပါစေသား ...။

လူသားမဆန် နှိပ်စက်ခံနေ
အားကိုးရာမဲ့ လူနည်းစုအတွက်
တန်းတူအခွင့် တကယ်ရဖို့
တိုက်ပွဲဝင်ရာ ကောင်းကင်အရပ်မှာ
မိုးတိမ်ထူလို့ ပျံသန်းခက်ချိန်
စိုက်ထားတဲ့အား ပြန်မရုပ်နှင့် ...။
အသင်ငှက် ...
ထူတဲ့မိုးတိမ် မာန်ဖြင့်တိုးပေါက်
နောက်မဆုတ်ဘဲ ရှေ့သို့သာလျှောက်
အေးဒဏ်ခံလည်း မပူပါနှင့် ...
ကမ္ဘာခြားလည်း နီးနီးမှာသာ
အနွေးဓာတ်ရှင်များ အမြဲ ရှိနေတာ
ငှက်ကလေး သိပါစေသား ...။

ခုခံရာမဲ့ လောကအလယ်
အားကိုးစရာမဲ့ ဟစ်လို့ငိုကြွေး
ထိုငိုသံများ တိတ်စေဖို့ရာ
တောင်ပံအကုန် ရှိသမျှဖွင့်
အားမာန်အပြည့် ရွက်အကုန်လွင့်
ခက်ခဲလွန်းတဲ့ ခရီးကြမ်းကို
အသင်ငှက် ...
နောက်မဆုတ်တမ်း ရင်ဆိုင်ဖြေရှင်း
သံမဏိစိတ်ဖြင့် ရှေ့သို့လှမ်းချီ
ဦးမော့ရင်ကော့ ရည်မှန်းချက်ဆီ
ကြာနိုင်ပေမယ့် မလွဲရောက်မည်
ပန်းတိုင်နီးမည့် ထိုတစ်နေ့၌
ဂုဏ်ပြုသြဘာ လက်ခုပ်သံများ
တစ်လောကလုံး ဟိန်းသွားပြီး၍
ဘဝဂ်ထိတိုင် ပျံနှံသွားအောင်
လက်ခုပ်တီးရန် အာခဲသူများ
စိတ်ကြွကိုယ်ကြွ စောင့်ဆိုင်းနေတာ
အိုး ငှက်ကလေး ...
အသင်သိပါစေသား ...။

*** အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ မဝေဝေနု၏ ၁၇၊၁၂၊၂၀၁၄ ရက်နေ့တွင် ကျရောက်သော (၂၈) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြု၍ ရေးဖွဲ့ပါသည်။

ဦးအောင်တင်
17.12.2014

ရိုဟင်ဂျာတွေရဲ့ မွေးရာပါ အခွင့်အရေး ဘယ်သူမှ ပယ်ဖျက်ခွင့် မရှိ။

(၁) ဒီရိုဟင်ဂျာ တွေဘဲ မြန်မာ့ လွတ်လပ်ရေး အတွက် အသက်စွန့် တိုက်ပွဲဝင် ခဲ့ကြတယ်။

(၂) ဒီရိုဟင်ဂျာ တွေဘဲ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ အမတ်တွေ ဖြစ်ခဲ့ပြီး ၁၉ ၄၈ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံကို ရေးဆွဲ ခဲ့ကြတယ်။

(၃) ဒီရိုဟင်ဂျာ တွေဘဲ ဒီမိုကရေစီ အစိုးရ လက်ထက်တွေမှာ ဝန်ကြီးတွေ ဖြစ်ခဲ့တယ်။

(၄) ဒီရိုဟင်ဂျာ တွေဘဲ မြန်မာပြည်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ တိုင်းမှာ အမတ် အဖြစ် အရွေးခံ ခဲ့ရတယ်။

(၅) ဒီရိုဟင်ဂျာ တွေဘဲ ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ အပါအဝင် မြန်မာပြည်မှာ ကျင်းပသမျှသော ရွေးကောက်ပွဲ တိုင်းမှာ မဲပေးခဲ့ ကြတယ်။

(၆) ဒီရိုဟင်ဂျာ တွေကိုဘဲ မြန်မာ့ သမိုင်း မှတ်တမ်းတွေ၊ ကျောင်းသုံး စာအုပ်တွေ၊ စွယ်စုံကျမ်းတွေ၊ အစိုးရ ပြန်တမ်းတွေမှာ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုထားတယ်။

(၇) ဒီရိုဟင်ဂျာ တွေရဲ့ ဘာသာ စကားကိုဘဲ မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်က အသံလွှင့် ပေးခဲ့တယ်။

(၈) ဒီရိုဟင်ဂျာ တွေကိုဘဲ ခိုးဝင် နိုင်ငံခြားသား အဖြစ် အကြိမ်ကြိမ် ဖိစီးနှိပ်စက် မောင်းထုတ်ပြီး မြန်မာ နိုင်ငံသား အဖြစ် အကြိမ်တိုင်းမှာ ပြန်လက်ခံ ခဲ့ကြတယ်။

(၉ ) ဒီရိုဟင်ဂျာ တွေဘဲ မြန်မာ့ သမိုင်းမှာ ပထမဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးကို လဲလှယ် ရွေးချယ် ခဲ့သူတွေ ဖြစ်ခဲ့တယ်။

(၁၀) ဒီရိုဟင်ဂျာ တွေဘဲ မြန်မာ၊ ရခိုင်တွေနဲ့ တန်းတူ အမျိုးသား မှတ်ပုံတင်ကဒ် ကိုင်ခဲ့ကြတယ်။

ဒီရိုဟင်ဂျာ တွေရဲ့ မွေးရာပါ တိုင်းရင်းသား ဖြစ်ခွင့်ကို ပယ်ဖျက်၊ အမျိုးသား မှတ်ပုံတင်ကဒ် တွေကို ဥပဒေမဲ့ အဓမ္မ ပြန်သိမ်း၊ ဝှိုက်ကဒ်တွေ ထုတ်ပေးပြီး နိုင်ငံမဲ့ လိုလို၊ နိုင်ငံခြားသား လိုလိုလုပ်၊ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်၊ အရွေးချယ် ခံပိုင်ခွင့်ကို ငြင်းပယ်ပြီး ငါအုပ်ချုပ်တဲ့နိုင်ငံ၊ ငါလုပ်ချင် သလို လုပ်မယ်ဆိုရင် ကမ္ဘာ့မိသားစု အသိုင်း အဝိုင်းရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေကို ဦးသိန်းစိန် အစိုးရ မလွဲမသွေ ခံစားရမယ်။

ရိုဟင်ဂျာ တွေရဲ့ မွေးရာပါ တိုင်းရင်းသား အလိုအလျောက် ဖြစ်ခွင့်ကို ဘယ်အစိုးရ၊ ဘယ်လွှတ်တော်၊ ဘယ်အာဏာ ကမှ ပယ်ဖျက်ခွင့် လုံးဝ မရှိ။



MYARF
RB News
16.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာ များတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်စခန်းများမှ စစ်သားများ၊ ကျေးလက် အာဏာပိုင်များက ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းများ နေ့စဉ် အဆက် မပြတ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၆) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ပေါင်းဇား ကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲ (၃) ဦးသည် စပါးထမ်း၍ သွားနေသည့် ပေါင်းဇား ဒေသခံ ရွာသား ဆီရာဇုလ် မုစ်တာဖာ (ဘ) ဦးအဒူလ်မုစ်တာဖာ (အသက် ၂၁ နှစ်) ကို ဘင်္ဂလား မိုဘိုင်းဖုန်း သုံးနေသည်ဟု စွပ်စွဲ၍ ရဲများက ၎င်းတို့နှင့် အတူ အသင့်ပါလာသည့် ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် ဓါတ်ပုံရိုက် ပြီးနောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ ကင်းစခန်းတွင် လူမဆန်စွာ ရိုက်နှက်၍ ညနေ (၆) နာရီခန့် အချိန်တွင် ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ဆီရာဇုလ် မုစ်တာဖာကို ဖမ်းဆီး ခေါ်ဆောင် သွားနေစဉ် ပေါင်းဇား ကျေးရွာမှ ရော်ဖိတ် (ဘ) ဦးအဒူရာမန် (အသက် ၂၀ နှစ်) ကိုလည်း ဘင်္ဂလား မိုဘိုင်းဖုန်း သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး သွားခဲ့ပြီး ရိုက်နှက် နှိပ်စက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူပြီးနောက် ညနေ (၆) နာရီခန့်တွင်ပင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိရပါသည်။

ဒီဇင်ဘာလ (၁၃) ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေး ကျေးရွာသို့ ၎င်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး ရဲအုပ် ဒိုင်ဒေါင် ဦးဆောင်သည့် အဖွဲ့ရောက်ရှိလာပြီး၊ ဦးအဒူရှုကူရ် (ဘ) ဦးမော်ဆာန်နှင့် ဦးဂျမာလ်ဟူစိန်း (ဘ) မော်လ၀ီမူဇဲရ် တို့ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး၊ ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်း ငါးသောင်းစီ - စုစုပေါင်း ငွေကျပ် သုံးသိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်းက မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ ဗလီသို့ ဂေါ်ဒူသာရ တံတား အနီးရှိ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် အစ္စလာမ် ဘာသာရေး ဆရာ မော်လ၀ီများ ပုံစံ ၀တ်စုံများ ၀တ်ဆင်၍ ရောက်ရှိလာပြီး၊ ဂေါ်ဒူသာရ ကျေးရွာမှ ဦးအဒူရော်ရှိတ် (ဘ) ဦးကာလူ (အသက် ၄၅ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ညနေ (၅) နာရီ အချိန်တွင် ငွေကျပ် ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ပေါင်းဇား နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲများသည် ဦးရှဉ်ကျ ကျေးရွာသို့ ရောက်ရှိလာပြီး၊ ရွာအတွင်းတွင် ဆိုင်ရောင်းနေသည့် အနိုဝါရ်ဟူစိန်း (ဘ) ဦးဟာဘီ (အသက် ၂၂ နှစ်) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဆင်းမ်ကဒ်များ ရောင်းချနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး၊ ညနေပိုင်းတွင် ငွေကျပ် ၃ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာရှိ ဘုန်းကြီးကျောင်း အခြေစိုက် စစ်စခန်းမှ စစ်သားများက ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးအိုမောရ်မျာကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဒီဇင်ဘာလ (၅) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေး ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ် ဟူစိန်းသည် ၎င်းကျေးရွာမှ ဦးဒိလ်မာမတ် (ဘ) ဦးဆုလ်တာန်ကို တရားမ၀င် လက်ထပ် ပေါင်းသင်း နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ အာဏာပိုင်များနှင့် ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည့် အပြင် နောက်ထပ် ငွေကျပ် ၂ သိန်း ညှစ်ယူရန် ကြိုးစားလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



ဆွေမွန်
16.12.2014

ဒီရက်ပိုင်း အတွင်းမှာ ဘာသာရေး ကိုင်းရှိုင်း လှတဲ့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာနိုင်ငံမှာ ထူးခြား ဖြစ်စဉ်လို့ သတ်မှတ် နိုင်တဲ့ သတင်းထူး တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ဒီသတင်း ကတော့ ဗုဒ္ဓ ရုပ်ပွား တော်မှာ နားကြပ် တပ်ထားတဲ့ ပုံကို ဒီဇိုင်းလုပ် အသုံးပြုပြီး Buddha-bar အမည် တပ်ထားတဲ့ V-Gastro bar အရက်ဘားရဲ့ ကြော်ငြာ တစ်ခု မြန်မာ့ လူမှု ကွန်ယက် ပေါ်မှာ ထွက်ပေါ် လာခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓ ရုပ်ပွားတော်မှာ နားကြပ်တပ် ထားတဲ့ပုံဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး ဖေ့စ်ဘုတ် လူမှု ကွန်ယက်မှာ အရှိန် အဟုန်နဲ့ ပြန့်နှံ့ခဲ့ပြီး နောက်နေ့ မကူးဘဲ ၁၁ ဒီဇင်ဘာညမှာပဲ ဘားဆိုင်ကို အာဏာပိုင်တွေ ၀င်ရောက် စစ်ဆေးပြီး ဆိုင်းဘုတ်တွေ ဖြုတ်ကာ ဆိုင်ကို အပြီး ပိတ်သိမ်း ခဲ့ပါတယ်။ အရက်ဘားကို ၀င်ရောက် စစ်ဆေးတဲ့ အခါ နားကြပ်တပ် ထားတဲ့ ဗုဒ္ဓ ရုပ်ပွားတော် ဓာတ်ပုံဟာ ဆိုင်မှာ တပ်ဆင် အသုံးပြု ထားတာ မရှိ ခဲ့ပေမယ့် (ဖေ့စ်ဘုတ် ပေါ်မှာ ဒီလို ဓာတ်ပုံ တင်ပြီး အရက်ဆိုင်ကို ကြော်ငြာတယ်) ဆိုတဲ့ အပြစ် တစ်ခုတည်း နဲ့တင် ဗုဒ္ဓဘာသာကို စော်ကားရာ ရောက်တယ်လို့ သတ်မှတ် ခဲ့ပါတယ်။ ဒါကြောင့် နယူးဇီလန် နိုင်ငံသား Philip Blackwood၊ ပိုင်ရှင် ထွန်းသူရိန်နဲ့ မန်နေဂျာ ထွဋ်ကိုကိုလွင် တို့ကို ဗဟန်း ရဲစခန်းမှာ (ပ) ၄၉၉/၂၀၁၄ နဲ့ အမှု လက်ခံပြီး၊ ပုဒ်မ ၂၉၅ ၊ ၂၉၅(က) ပုဒ်မ နှစ်ခုတပ် အမှု ဖွင့်ထားကာ အာမခံလည်း မပေးကြောင်းနဲ့ ထိထိ ရောက်ရောက် အရေးယူမှာ ဖြစ်ကြောင်း သိရပြန် ပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ပုံရိပ်တော်ကို မရိုမသေလုပ် နားကြပ်တပ်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ အရက်ဘား ကြော်ငြာတဲ့ VGastro Bar က တာဝန် ရှိသူ တိုင်းဟာ ဗုဒ္ဓဘာသာကို စော်ကားတဲ့ အတွက် တည်ဆဲ ဥပဒေအရ အပြစ်ပေး အရေးယူခြင်း ခံထိုက် ပါတယ်။ ဒီလို အရေးယူ လိုက်တာဟာလည်း မှန်ကန် ထောက်ခံ သင့်တဲ့ အကြောင်း အရာ ဖြစ်သလို ဗုဒ္ဓဘာသာဝင် အများ အပြား အတွက် အင်မတန်လည်း ကျေနပ်စရာ ဖြစ်စေ ခဲ့ရပါတယ်။ မည်သည့် ဘာသာ ကိုးကွယ် နေသည် ဖြစ်စေ ဘာသာ တရား တစ်ခုကို မည်သည့် အကြောင်းကြောင့် နဲ့မှ စော်ကားခွင့် ခွဲခြားခွင့် မပေးဘဲ ဥပဒေ အတိုင်း ထိထိ ရောက်ရောက် ကိုင်တွယ် တာဟာ အလွန် ကောင်းမွန်တဲ့ စံနမူနာ ဖြစ်စေ ပါတယ်။

တချိန်တည်းမှာ ဗုဒ္ဓဘာသာကို တစ်ကြိမ် တစ်ခါ စော်ကားမိတဲ့ ဗုဒ္ဓဘာသာဝင် တွေကို ရက်မဆိုင်း နာရီ မဆိုင်းဘဲ ထိထိ ရောက်ရောက် အပြစ်ပေး အရေးယူ သလို အခြား ကိုးကွယ်ရာ ဘာသာ တွေကို နှစ်နဲ့ချီပြီး စော်ကား ချင်တိုင်း စော်ကား နေကြတဲ့ ပုဂ္ဂိုလ်တွေ ကိုလည်း ဒီလိုပဲ တူညီစွာ အရေးယူ ရမှာ ဖြစ်သလို လိုအပ် သလို တားဆီး ပိတ်ပင်တာ ကိုလည်း လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို စော်ကားသူ တွေကိုသာ ဒီလို ဥပဒေ တွေနဲ့ ငြိစွန်းတယ် ဆိုပြီး အရေးယူ ပေမယ့် အခြား သာသာတရား တွေကို စော်ကားခဲ့၊ စော်ကား နေသူတွေ ကိုတော့ မသိချင် ယောင်ဆောင် ဥပက္ခာပြု တမင် လွှတ်ပေး နေရင် ဥပဒေ ရှေ့မှောက်မှာ တန်းတူ ညီမျှမှု မရှိဘူး၊ တရားဥပဒေ ဟာ ကွက်ကျားမိုး လိုမျိုး၊ မလိုတစ်မျိုး လိုတစ်မျိုး ကျင့်သုံး နေပါတယ်လို့ သက်သေ ပြနေသလို ဖြစ်နေပါ လိမ့်မယ်။

"တရား ဥပဒေ" ဆိုတဲ့ စကားလုံးကို ကိုင်တွယ် သုံးစွဲကြတဲ့ အခါ တရား ဥပဒေ ပြုသူတွေနဲ့ အာဏာပိုင်တွေ အပါအဝင် မြန်မာ နယ်နိမိတ်ထဲမှာ နေထိုင် ရှင်သန် သူတိုင်းဟာ နိုင်ငံတော်က ပြဌာန်း ထားတဲ့ တည်ဆဲ ဥပဒေတွေရဲ့ ရှေ့မှောက်မှာ ကျောသား ရင်သား မခွဲခြားဘဲ တန်းတူညီမျှမှု ရှိကို ရှိဖို့ လိုအပ် ရပါတယ်။ ဒါကြောင့် "တရားဥပဒေ" လို့ပြောရင် တန်းတူညီမျှရှိမှုကို ချန်ထားလို့ မရပါဘူး။ မည်သည့် နေရာမှာ ကျူးလွန်သည် ဖြစ်စေ တူညီသော ပြစ်မှုကို ကျူးလွန်သူတိုင်းဟာ တူညီသော ပြစ်ဒဏ်ကို ကျခံမှ သာလျင် တရား ဥပဒေ ရှေ့မှောက်မှာ တန်းတူညီမျှမှု ရှိတယ်လို့ ယူဆနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ No one is above the law ဆိုတဲ့ အချက်ကို သက်သေပြ ဖော်ဆောင်နိုင်တဲ့ တရား ဥပဒေ စိုးမိုးရေးရဲ့ အဓိက အကျဆုံး အချက်လည်း ဖြစ်ပါတယ်။

၂၀၁၂ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ရခိုင် အဓိကရုဏ်းကနေ အစပြုပြီး အသက် အိုးအိမ်ပေါင်း များစွာ သေကျေ ပျက်စီးခဲ့ ရပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို သတ်ဖြတ် ပါတယ် ဆိုတဲ့ တရားခံ ထက်ထက်ဟာ အချုပ်ခန်း ထဲမှာပဲ သေဆုံး ခဲ့သလို ကျန်တရားခံ နှစ်ဦး ကိုလည်း လျှင်မြန်စွာ အရေးယူ ဖမ်းဆီး ထောင်ချ ခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ၂၀၁၂ခုနှစ် ဇွန်လ ၄ ရက်နေ့ တောင်ကုတ်မြို့မှာ နိုင်ငံသား မွတ်ဆလင် ခရီးသည် ၁၀ ဦးကို ကားပေါ်က ဆွဲချပြီး လူပေါင်း ၃၀၀ လောက်က နေ့ခင်းကြောင်တောင် လူမြင်ကွင်း အလယ်မှာ အရှင် လတ်လတ် ဦးနှောက် ထွက်အောင် ရိုက်သတ် ခဲ့ပေမယ့် အရေးယူ ဖမ်းဆီးမှု တစ်စုံ တစ်ရာ မရှိခဲ့ပါဘူး။ နိုင်ငံပိုင် သတင်းစာတွေ ကိုယ်တိုင်က "ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင် ကုလား ၁၀ ဦး အသတ်ခံရ" ခေါင်းစဉ် မည်းကြီး တပ်ကာ တရား ဥပဒေနဲ့ အညီ ကာကွယ် မပေးတဲ့ အပြင် "မသီတာထွေးကို ရက်စက်စွာ စော်ကား သတ်ဖြတ်" တဲ့အတွက် ဒီလို ပြန်လည် တုန့်ပြန် သတ်ဖြတ်တာဟာ တရားမျှတတဲ့ ပုံစံမျိုး မီဒီယာ ကျင့်ဝတ် သိက္ခာမဲ့စွာ ရေးသားခဲ့ ပါသေးတယ်။ နိုင်ငံတကာ ဖိအားပေါင်း များစွာ ခံရပြီးနောက် မှာတော့ ကျူးလွန် သူပေါင်း ၃၀၀ ကျော်ထဲက ၇ ဦးတည်းကိုသာ တစ်နှစ်ကျော် အကြာမှာ ဖမ်းဆီးခဲ့ပြီး နောက်ထပ် တစ်နှစ်ခွဲ နီးပါး အကြာမှာမှ ထောင်ဒဏ် ၇ နှစ် ချမှတ် ခဲ့ပါတယ်။ တောင်ကုတ် လူသတ်ပွဲကြီး နောက်မှာ ဘယ်နေ့မှာ ဘယ်ရပ်ကွက်ကို ဘယ်နှစ်နာရီမှာ ၀င်မယ် စသည်ဖြင့် အချိန်အခါ အတိအကျနဲ့ အချိန် ဇယား ထွက်ကာ မီးလောင် တိုက်သွင်း ခံရတဲ့ အဓိကရုဏ်း အမည်ခံ ရခိုင်ပြည်နယ် လုံးကျွတ် မီးရှို့ လူသတ် လုယက်ကာ မိမိပိုင် နေအိမ် များမှ (လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အပြည့် ရှိပါတယ်လို့ အခြေခံ ဥပဒေ ထဲမှာ ထည့်သွင်း ရေးသား သတ်မှတ် ထားတဲ့ နိုင်ငံမှာ အစ္စလာမ်ကို ကိုးကွယ်မိတဲ့ အပြစ် တစ်ခု တည်းကြောင့်) ကြိုတင် စီစဉ် ထားတဲ့ လုံခြုံတဲ့ နေရာ (ဒုက္ခသည် စခန်း) တွေဆီကို စစ်တပ်ကား တွေနဲ့ အစီအရီ အပို့ခံ ရတဲ့ ဖြစ်ရပ်တွေ တန်းစီ ဖြစ်လာခဲ့ ပါတော့တယ်။ မွတ်ဆလင်တွေ အတွက် တရား ဥပဒေ စိုးမိုးမှု၊ တရား ဥပဒေရဲ့ အကာ အကွယ်ပေး စောင့်ရှောက်မှု ဆိုတဲ့ စကားလုံးနဲ့ တန်းတူညီမျှမှု ဆိုတဲ့ စကားလုံး တွေကို ရှာမတွေ့ ခဲ့ရပါဘူး။

အရေးအခင်း အတွင်း အိမ်ဖျက်ဆီး ခံရတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် တွေဟာ နိုင်ငံတော် ဒုသမ္မတကြီး ဦးစိုင်းမောက်ခမ်း ကိုယ်တိုင် လာရောက် လည်ပတ် အားပေး နှစ်သိမ့်ကာ အစား ပြန်ဆောက်ပေးတဲ့ ရွာအသစ်၊ အိမ်အသစ် ကိုယ်စီနဲ့ စီစီရီရီ သပ်သပ် ယပ်ယပ် ပြန်လည် ဖြစ်ထွန်းကာ အဓိကရုဏ်း ဒဏ်ရာတွေကို ကုစားပေးခြင်း ခံခဲ့ရပေမယ့် အဓိကရုဏ်းနဲ့ လုံးဝ မပတ်သက်ဘဲ အိုးအိမ် ဆိုင် စီးပွား လုယက် ဖျက်ဆီးခံ ရတဲ့ တိုင်းရင်းသား ကမန်တွေ၊ နိုင်ငံသား မွတ်ဆလင်တွေရဲ့ အိမ်တွေ စီးပွား ဥစ္စာတွေဟာ ဒီနေ့ထိ ပြန်လည် အစားရခြင်း လုံးဝ မရှိတဲ့ အပြင် တရား ဥပဒေရဲ့ အကာ အကွယ် ပေးမှု၊ အာဏာပိုင် အစိုးရ မင်းများရဲ့ စာနာ ထောက်ထားတဲ့ အားပေး စကားပြောသံ တစ်ခု ကလေးမှ မရခဲ့ဘဲ မိမိတို့ ဘိုးစဉ် ဘောင်ဆက်ပိုင် ဆိုင်ရာ နေအိမ် စီးပွားတွေ ကနေ အတင်း အကျပ် စွန့်ခွာ စေကာ ဒုက္ခသည် စခန်းတွေ ဆီကို အတင်း ပို့ဆောင် ခံရတာ၊ ဒါမှမဟုတ် ရန်ကုန်မြို့က နီးစပ်ရာ ဆွေမျိုးတွေ ဆီမှာ ထွက်ပြေး ခိုလှုံရတဲ့ အဆင့်ကို ရောက်ရှိ သွားရပါတယ်။ တရားဝင် တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်တဲ့ ဒေသခံ တိုင်းရင်းသားချင်း တူပေမယ့် ကိုးကွယ်ရာ ကွဲပြားတဲ့ ရခိုင် ဗုဒ္ဓဘာသာ ၀င်တွေ နဲ့ (ရခိုင် စကားပြော၊ ရခိုင်လို ၀တ်စား ဆင်ယင် ကြတဲ့) ကမန် အစ္စလာမ် ဘာသာဝင်တွေ၊ နိုင်ငံသား မွတ်ဆလင် တွေဟာ တရား ဥပဒေ ရှေ့မှောက်မှာ တန်းတူညီမျှမှု၊ စာနာ ထောက်ထားမှု မတူမျှ ခဲ့ပါဘူး။ ရခိုင် ဖြစ်ရပ် နောက်ပိုင်း ၂၀၁၃ ကစလို့ မြန်မာ ပြည်မမှာ နေထိုင် ကြတဲ့ မွတ်ဆလင် တွေကိုပါ ပစ်မှတ်ထား လာပြန်ကာ မြန်မာနိုင်ငံ အနှံ့ ၉၆၉ အမည်ခံလို့ တစ်ဖုံ၊ မဘသ အမည်ခံလို့ တစ်မျိုး အမည် ပေါင်းစုံ တပ်ကာ မွတ်ဆလင် တွေနဲ့ မပေါင်း သင်းရေး၊ မွတ်ဆလင် ဆိုင်တွေမှာ ဈေးမ၀ယ်ရေး၊ မွတ်ဆလင် တွေနဲ့ လက်မထပ်ရေး၊ မွတ်ဆလင် တွေကို အိမ်မရောင်းရ စသည်ဖြင့် အခြေခံ ဥပဒေပါ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ရသင့် ရထိုက်တဲ့ အခွင့် အရေး ပြဌာန်း ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လုပ်ရပ်တွေ၊ လှုံ့ဆော်မှုတွေ၊ အမုန်းတရား ဟောကြားမှု တွေဟာ ပေါ်ပေါ် ထင်ထင် ဖြစ်ပေါ် လာခဲ့ ပေမယ့်လည်း မည်သည့် အာဏာပိုင်ကမှ တားမြစ်ခြင်း မရှိသလို ဥပဒေနဲ့ အညီ အရေး ယူခြင်းလည်း မရှိခဲ့ပြန်ပါဘူး။

အမုန်း တရားတွေရဲ့ ပြန့်နှံ့ ကူးစက် လွယ်တဲ့ သဘာဝဟာ မြန်မာပြည် အနှံ့ အတား အဆီးမဲ့ လောင်ကျွမ်း ပါတော့တယ်။ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ ကိုးကွယ်ရာ ဘာသာကြီး တစ်ခု ဖြစ်တဲ့ အစ္စလာမ် ဘာသာနဲ့ အစ္စလာမ် ဘာသာ ကိုးကွယ် သူတိုင်းဟာ အမုန်း တရား လှုံ့ဆော်သူတွေ၊ ၉၆၉တွေ၊ မဘသ တွေရဲ့ ပစ်မှတ်သစ် ဖြစ်လာ ခဲ့ပါတယ်။ အမျိုး ဘာသာ စောင့်ရှောက်ရေး တရားပွဲ အမည်ခံကာ မွတ်ဆလင် ဆန့်ကျင် မုန်းတီးရေး ဟောပြော လှုံ့ဆော်ပွဲ တွေကို နေရာအနှံ့ လမ်းဒေါင့် အနှံ့ ဗီနိုင်းတွေ ထောင်ကာ ဟောပြော ချင်တိုင်း စိတ်တိုင်းကျ ဟောပြောခွင့် လွတ်လွတ် လပ်လပ် ရရှိတဲ့ အပြင် မွတ်ဆလင် ဆန့်ကျင်ရေး ဗီဒီယိုခွေ တွေဟာ နိုင်ငံအနှံ့ ကျေးရွာအနှံ့၊ လမ်းတွေအနှံ့ ပြန့်နှံ့အောင် ဖြန့်ဝေခွင့် ရခဲ့ပြန်ပါတယ်။ မြို့နယ် အဆင့် အာဏာပိုင်တွေ ကိုယ်တိုင် ခွင့်ပြုချက်တွေ ပေးကာ တရား ဥပဒေနဲ့ မညီတဲ့ အမုန်းတရား လောင်စာ တွေကို နိုင်ငံအနှံ့ ဖြန့်ကျဲချ နေတဲ့ လုပ်ရပ်တွေကို သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်က တားဆီး ပိတ်ပင်မှု မရှိခဲ့တဲ့ အတွက် နိုင်ငံအနှံ့ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှု တွေဟာ ပေါ်ပေါ် ထင်ထင် ဖြစ်လာကာ မိတ္ထိလာ၊ လားရှိုးက စလို့ မြန်မာပြည် အနှံ့ အစ္စလာမ် ဘာသာ ကိုးကွယ်သူ တိုင်းကို တိုင်းရင်းသား၊ နိုင်ငံသား မခွဲခြား တော့ဘဲ "ခိုးဝင် ဘင်္ဂလီ" တွေလို့ တစ်ဖက်သတ် သမုတ်ကာ အနိုင်ကျင့် လုယက်မှုတွေ၊ ကလေးအရွယ် လူမမယ်လေး တွေကိုမချန် အရှင် လတ်လတ် မီးပုံထဲ ပစ်သွင်း သတ်ဖြတ် မှုတွေ၊ မြို့လုံးကျွတ် မီးလောင် တိုက်သွင်းမှု တွေဟာ ဥပဒေမဲ့ နိုင်ငံ အလား လုံခြုံရေးတွေ ရှေ့မှောက်၊ သတင်းထောက်တွေ ရှေ့မှောက်မှာ ကျူးလွန်ရဲတဲ့ အဆင့်ကို တိုးတက် ရောက်လာ ခဲ့ပြန်ပါတယ်။ တရား ဥပဒေရဲ့ အကာ အကွယ်ပေး စောင့်ရှောက်မှုကို မရခဲ့ပြန်တဲ့ အပြင် အာဏာပိုင်တွေ ကိုယ်တိုင်က ကျူးလွန် ခံရသူ မွတ်ဆလင် တွေကိုပဲ တစ်ဖက်သတ် အရေးယူ အပြစ်ပေး ခဲ့ပြန်ပါတယ်။ မြို့လုံးကျွတ် မီးရှို့ကာ မွတ်ဆလင် တွေကို မိမိတို့ နေအိမ်တွေက အတင်းအကျပ် မောင်းထုတ်တဲ့ အကြမ်းဖက်မှု ကျူးလွန်သူ တွေဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းကို မခံရဘဲ ခေတ္တ ခဏသာ အချုပ်အနှောင် ခံရကာ နောက်ပိုင်း ကျူးလွန်သူ အကြမ်းဖက် သမား အားလုံးနီးပါး ပြန်လွှတ်ပေး ခံခဲ့ရပါတယ်။ တရား ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှု မရှိခဲ့ပြန်ပါဘူး။

၂၀၁၃ ဒီဇင်ဘာလ အာဆီယံ အားကစား ပြိုင်ပွဲ မတိုင်မီမှာပဲ တစ်မြို့ပြီး တစ်မြို့ ခြိမ့်ခြိမ့် သဲသဲ ပွဲဆက် နေတဲ့ အဓိကရုဏ်း ပွဲတော်ကြီးဟာ ကြိုတင် ညှိနှိုင်းထား သလို ရပ်တန့် သွားခဲ့ပြီး အမုန်း တရား လှုံ့ဆော်မှု တွေဟာလည်း အံ့သြစရာ ကောင်းလောက်အောင် တိကနဲ ရပ်တန့် သွားခဲ့ပါတယ်။ အာဆီယံ အားကစား ပွဲအပြီးမှာတော့ အမုန်း တရား လှုံ့ဆော်မှု တွေဟာ အချိန်အခါကိုက် ပြန်လည် ပေါ်ထွက် လာပြန် ပါတယ်။ တရားပွဲတွေ အစား ပုံနှိပ် စာစောင်တွေ မှာပါ အစ္စလာမ်ကို ဆန့်ကျင်ရုံ သာမက တိုက်ရိုက် စော်ကားတဲ့ အဆင့်ကိုပါ ရောက်လာ ခဲ့ပြန်ပါတယ်။ သာကီသွေး ဂျာနယ်၊ အောင်ဇေယျတု ဂျာနယ်စတဲ့ ၉၆၉ အမည်ပြောင်း မဘသတွေ ထုတ်ဝေတဲ့ စာစောင်တွေမှာ အစ္စလာမ်ကို အကြိမ်ကြိမ် စော်ကားမှုတွေ ပြုလုပ်တဲ့ အတွက် အစိုးရ အသိအမှတ်ပြု အစ္စလာမ့် ဘာသာရေး အဖွဲ့ကြီးတွေက သမ္မတ အဆင့်ထိ လိပ်မူပြီး တိုင်ကြားမှုတွေ ပြုလုပ် ခဲ့တဲ့ အတွက် တိုင်းသိပြည်သိ ကမ္ဘာသိ ဖြစ်လာခဲ့ပြီး မဖြစ်မနေ ထုတ်ပြန်ရတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၁၄ အောက်တိုဘာ ၂၄၊ ၀န်ကြီးဋ္ဌာန စာအမှတ် ၁-၆(၈)/၂၀၁၄(၇၁၈၂) နဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန် ကြေညာချက်မှာ"အောင်ဇေယျတု ဂျာနယ်ရဲ့ ရေးသားချက် တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ရာ ရောက်တယ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့အား လည်းကောင်း၊ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ)(ဈ) နှင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တို့အား လည်းကောင်း ဖောက်ဖျက် ကျူးလွန်ရာရောက်တယ်"လို့ ၀န်ခံခဲ့ပြီး ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး အချို့ အကြိမ်ကြိမ် ကျူးလွန်တဲ့ ပုဒ်မတွေကို ရွတ်ပြရုံ ရွတ်ပြ ပေမယ့်လည်း အရေးယူမှု တစ်စုံ တစ်ရာ မပြုလုပ်နိုင်တဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) အဆင့်ကို လွှဲပေး ဖြေရှင်းစေ ခဲ့ပြန်ပါတယ်။

ကိုးကွယ်ရာ ဘာသာကြီး တစ်ခုကို ပုံနှိပ် စာစောင် တစ်ခု ပေါ်မှာ ရိုက်နှိပ် ဖော်ပြပြီး စိတ်တိုင်းကျ စော်ကားတာဟာ ပုဒ်မ ၉ ခုလောက်ကို တစ်ပြိုင်တည်း ကျူးလွန်ရာတယ်လို့ ၀န်ကြီး ဌာနက ကိုယ်တိုင် စာထုတ် ၀န်ခံပေမယ့် နောက်ဆက်တွဲ အရေးယူ ဆောင်ရွက် တားဆီး ပိတ်ပင်ခြင်းကို ဘယ်အာဏာပိုင် ကမှ ထိထိ ရောက်ရောက် မလုပ်ဆောင် ပေးခဲ့ပါဘူး။ ယနေ့ ထိလည်း အစ္စလာမ် ဘာသာ အပေါ် ဆန့်ကျင် စော်ကားမှု တွေဟာ အရှိန် မပြယ် သေးပေမယ့် "ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြား ဘာသာ တရားတွေ"ကို စော်ကားလို့ တရား ဥပဒေနဲ့ အညီ အရေးယူ ပါတယ် ဆိုတဲ့ အသံ မရှိဖူး မကြားခဲ့ ရဖူးပါဘူး။ မြန်မာ တိုင်းရင်းသား မွတ်ဆလင်တွေ၊ မြန်မာနိုင်ငံသား မွတ်ဆလင်တွေ အတွက် တရား ဥပဒေရဲ့ အကာ အကွယ်ပေး စောင့်ရှောက်မှု ဆိုတဲ့ စကားလုံးနဲ့ တရား ဥပဒေရဲ့ ရှေ့မှောက်မှာ တန်းတူညီမျှမှု ဆိုတဲ့ စကားလုံး တွေဟာ တစိမ်း သက်သက် ဖြစ်နေအောင် ပြုပြင် ဖန်တီးခံ ထားရတာဟာ ကြာလှပါပြီ။

အစ္စလာမ် ဘာသာကို စော်ကားချင်တိုင်း စော်ကား နေသူတွေကို အရေးယူ တားဆီးမှု တစ်စုံတစ်ရာ မပြုလုပ် ဖူးတဲ့ မြန်မာ အာဏာပိုင် တွေဟာ ဒီရက်ပိုင်း အတွင်းမှာပဲ ထူးထူး ခြားခြား ဖြစ်ပွား ခဲ့တဲ့ ဗုဒ္ဓ ရုပ်ပွားတော်မှာ နားကြပ်တပ် ထားတဲ့ပုံနဲ့ Buddha-bar အမည်တပ်ပြီး ကြေညာ ထားတဲ့ V-Gastro bar အရက်ဘား ကလပ် တစ်ခုရဲ့ ကြော်ငြာ ကိုတော့ တစ်ရက် တစ်ည ကလေးတောင် သည်းခံနိုင်ခြင်း မရှိခဲ့ပြန် ပါဘူး။ မြန်မာ နိုင်ငံမှာ တည်ဆဲ ဥပဒေအရ မည်သည့် ဘာသာ တရား ကိုမဆို စော်ကားခြင်း၊ ဖျက်ဆီးခြင်း၊ ဂုဏ်သရေ ပျက်ပြား စေခြင်း တို့ကို ပြုလုပ်တယ် ဆိုရင် မည်သူ မဆို ထောင်ဒဏ် နှစ် နှစ် ကျ ခံစေရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓ မြတ်စွာ ဘုရားရဲ့ ပုံရိပ်တော်ကို မရိုမသေ လုပ်ပြီး နားကြပ်တပ် ကြော်ငြာတဲ့ V-Gastro Bar က တာဝန် ရှိသူတိုင်းဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့် ဗုဒ္ဓဘာသာကို တစ်ကြိမ် တစ်ခါ စော်ကား မိတာကို (သည်းခံစရာ မလိုဘဲ) တည်ဆဲ ဥပဒေ အရ အပြစ်ပေး အရေးယူခြင်း ခံထိုက်ပါတယ်။

ဗုဒ္ဓဘာသာကို တစ်ကြိမ် တစ်ခါ စော်ကား မိတဲ့ ဗုဒ္ဓဘာသာဝင် တွေဟာ ဖေ့စ်ဘုတ် ပေါ်မှာ တင်လိုက်တဲ့ နားကြပ်တပ် ဗုဒ္ဓ ရုပ်ပွားတော် ဒစ်ဂျစ်တယ် ဓာတ်ပုံ တစ်ပုံက လွဲရင် ကျန်တဲ့ သက်သေ အထောက် အထား တစ်စုံ တစ်ရာ လက်ဆုတ် လက်ကိုင် မဖမ်းမိ ပေမယ့် အာမခံ မရဘဲ အချုပ်ခန်းထဲကို ချက်ချင်းပို့ ချက်ချင်း အမှုဖွင့်၊ ချက်ချင်း တရားစွဲ၊ အရက်ဘားကို ချိတ်ပိတ်ကာ လိုင်စင် အပြီး ပိတ်သိမ်း ခံရပြီး တည်ဆဲ ဥပဒေတွေနဲ့ အညီ ညမကူးဘဲ ချက်ချက် လက်ငင်း အရေးယူ ပြတာဟာ အများ သဘောကျ စရာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာသာရေး လွတ်လပ်ခွင့် အပြည့် ရှိပါတယ်၊ ဖိနှိပ် ချိုးဖောက်မှု မရှိပါဘူးလို့ ဖော်ထုတ် ကြွေးကြော် ထားတဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာကို နှုတ်နဲ့တသွယ်၊ ဒီဗီဒီခွေ ဖြန့်လို့ တစ်မျိုး၊ ပုံနှိပ် မီဒီယာတွေနဲ့ တဖုံ စော်ကား ချင်တိုင်း စော်ကား ခဲ့ကြ စော်ကား နေကြတဲ့ ဗုဒ္ဓ ဘုန်းတော်ကြီး အချို့နဲ့ လူပုဂ္ဂိုလ်တွေ အပြင် ဗလီဝတ် ကျောင်းတော် များစွာကို မီးလောင် တိုက်သွင်း မြေလှန်ပစ် ခဲ့ကြတဲ့ အကြမ်းဖက် သမားတွေကို သက်သေ အထောက် အထား အပြည့်နဲ့ နိုင်ငံ ဥသျှောင် သမ္မတကြီးထိ တိုင်တန်း ပေမယ့် အရေးယူ တားဆီး ပိတ်ပင်မှု တစ်စုံ တစ်ရာ မပြုလုပ် ခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှာ "လွတ်လပ်စွာ ကိုးကွယ်ခွင့်" ဆိုတဲ့ စကားလုံးဟာ အင်မတန် သံသယ ရှိစရာ ဖြစ်နေ ရပါပြီ။ မြန်မာ အာဏာပိုင် တွေရဲ့ သူ့လူ ကိုယ့်ဖက်သား ခွဲခြားနေတဲ့ မူဝါဒကို ကိုင်စွဲ နေသမျှ တရား ဥပဒေ စိုးမိုးမှု မရှိဘူး၊ တရား ဥပဒေ ရှေ့မှောက်မှာ နိုင်ငံသား တိုင်းဟာ တန်းတူညီမျှမှု မရှိဘူး၊ ကိုးကွယ်ရာ ဘာသာ တရားကို လိုက်ပြီး ကျောသား ရင်သား ခွဲခြားမှုတွေ ရှိတယ်ဆိုတဲ့ အသံ ကျယ်ကျယ် လောင်လောင် တွေကို နိုင်ငံ တကာမှာ ဆက်လက်ကြား နေရမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို သွားနေတဲ့ လမ်းကြောင်းမှာ အမဲစက်ကြီး တစ်ခု အဖြစ် ဆက်လက် မြင်နေကြဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် “များလူ ခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်….တို့မြေ…”လို့ လိပ်ပြာ သန့်သန့် ဟစ်ကြွေးနိုင်ဖို့၊ "ကျောသား ရင်သား မခွဲခြားတဲ့ တရား စီရင်ရေး စနစ်ကြီး မြန်မာပြည်မှာ ထွန်းကား နေပြီ၊ ကိုးကွယ်ရာ ဘာသာ မတူရင်လည်း တရား ဥပဒေ ရှေ့မှောက်မှာ အကာ အကွယ် တကယ်ရ နိုင်နေပြီ၊ သာတူညီမျှမှု ရှိနေပြီ" လို့ အများက သတ်မှတ် နိုင်စေဖို့ ပြုပြင် ပြောင်းလဲ ရေးတွေ အများကြီး လိုအပ်ပါ ဦးမယ်လို့ပဲ ထောက်ပြချင်ပါတယ်။

အချက်အလက် ကိုးကားစရာများ မျှဝေပေးကာ စာကြမ်း ဖတ်ရှု အကြံဥာဏ် ပေးခဲ့တဲ့ ကိုဖီးနစ်ကို ကျေးဇူး တင်ပါတယ်။



MYARF
RB News
15.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် စစ်စခန်းမှ အရာရှိငယ် များက ၎င်းတို့၏ အရာရှိကြီးများကို လစဉ်ကြေး ပေးရန် လိုသည်ဟု ဆိုကာ ဒေသခံများ ထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ တပ်ဆွယ်မှူး တစ်ဦး၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် စစ်စခန်းမှ နည်းဗျူဟာမှူး၏ တပည့် ဖြစ်သူ ဗိုလ် တစ်ဦးနှင့် ဗိုလ်ကြီး နှစ်ဦးတို့သည် ကြိမ်ချောင်း ဈေးတွင် ဆိုင်ဖွင့်ရန် သွားနေသည့် ဦးအေဇာရ်ဟူစိန်း (ဘ) ဦးအာဘူလ်နာဆဲရ်ကို သားတစ်ဦး မလေးရှား နိုင်ငံသို့ ရောက်နေသည်ဟု ပြောဆို စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

စ.ရ.ဖ မှ တပ်ဆွယ်မှူးက ၎င်း၏ ဆရာကြီး ဖြစ်သူ ဘူးသီးတောင် မြို့ရှိ တပ်မမှူးကို လစဉ်ငွေ ပေးသွင်း ရသည့် အတွက် ကုလားများထံမှ ငွေညှစ်ရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး၊ အလားတူ တောင်ပြို လက်ဝဲ မြို့နယ်ခွဲမှ ဗိုလ်ကြီး နှစ်ဦး ကလည်း ၎င်းတို့၏ နည်းဗျူဟာမှူးနှင့် တပ်ရင်းမှူး များကို လစဉ်ငွေ ပေးသွင်း ရသောကြောင့် ယခုကဲ့သို့ ငွေညှစ်ရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့နောက် ဦးအေဇာရ်ဟူစိန်း ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ညနေ (၄) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ဒီဇင်ဘာလ (၁) ရက်နေ့ကလည်း ကြိမ်ချောင်း ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သူ ဦးရော်ဟီမူလ္လာ (ဘ) ဦးအေဆာန်အုလ္လာ ၏ နေအိမ်ထဲသို့ အဆိုပါ အဖွဲ့များ ၀င်ရောက်၍ အကြောင်းမဲ့ ဖမ်းဆီး သွားပြီးနောက် ငွေကျပ် ၃ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



အောင်ရဲမောင်မောင်
15.12.2014

အရင် စစ်အစိုးရ လက်ထက် စစ်ခေါင်းဆောင် ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်းမာရေး အခြေအနေ အတော် ဆိုးဆိုး ရွားရွား ဖြစ်နေ သလို ကွယ်လွန် သွားပြီ ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တွေ မှာ အင်တာနက် လူမှု ကွန်ယက်တွေ ကတဆင့် ကောလာဟလတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်လာ ပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရ အဖွဲ့အနေနဲ့ ထူးထူး ခြားခြား ကြားသိထား တာမျိုး မရှိကြောင်း အစိုးရ အဖွဲ့ ပြောခွင့်ရှိသူက ငြင်းဆို လိုက်ပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ် မေးမြန်း သတင်း ရယူ ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲ မောင်မောင်က တင်ပြ ပေးထား ပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်းမာရေး အခြေအနေ အကြီးအကျယ် ဆိုးရွားနေပြီး ကွယ်လွန် သွားပြီ ဆိုတဲ့ သတင်းဟာ မနေ့ကနဲ့ ဒီနေ့တွေမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တွေ မှာ အတော်လေး ပြန့်နှံနေတာပါ။ ဒီသတင်း အပေါ်မှာ ပြည်သူ အတော်များများ ကလည်း စိတ်ဝင်တစား
ပြောဆိုကြရင်းနဲ့ပဲ ကျယ်ပြန့်တဲ့ ကောလာဟလတစ်ခုလည်း ဖြစ်လာပါတယ်။

အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့ ကျန်းမာရေး အခြေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းတွေကို သိရအောင် အစိုးရပြောခွင့် ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကို ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ် မေးမြန်း ကြည့်တဲ့ အခါမှာ သူက အခုလို ပြောပါတယ်။

“ကျနော်တို့ ကတော့ ဘာမှ မကြားပါဘူးဗျာ။ သူ အေးအေးချမ်းချမ်း နေထိုင်နေတာပဲ၊ လူတွေကသာ ကောလာဟလ အမျိုးမျိုး ထွက်နေတာ။ ကျနော်တို့ကတော့ ဘာမှ ထူးထူးခြားခြား သိရတာ မရှိပါဘူး။ သူ တာဝန်က အနားယူပြီး နောက်ပိုင်းမှာ ကျနော်တို့နဲ့လည်း ဘာမှ အဆက် အသွယ်လည်း မရှိတော့ဘူးလေ။”

နေပြည်တော်မှာ နေထိုင်ပြီးတော့ အစိုးရ စီမံကိန်းအချို့ကို တာဝန်ယူနေသူ တစ်ဦးလည်းဖြစ်၊ လူမှု ကွန်ယက်ကို အဆက် မပြတ် လေ့လာသူလည်း ဖြစ်တဲ့ ကိုထွန်းထွန်း ကတော့ ဦးသန်းရွှေ ကွယ်လွန်ပြီ ဆိုတဲ့ သတင်းဟာ ကောလာဟလ တစ်ခုလို အတော်လေး ကျယ်ပြန့် လာပြီးတော့ မဖြစ်နိုင်တဲ့ အကြောင်း အခုလို ပြောပါတယ်။

“ကောလာဟလ သဘောမျိုးပါပဲ၊ ဆေးရုံတင်ရတယ်၊ တချို့ကလည်း ကျန်းမာရေး ကောင်းနေပါတယ်၊ တချို့က ကျတော့လည်း လေဖြန်းနေတယ်၊ တချို့က ကျတော့လည်း လုံးဝ ဆုံးသွားပြီဆိုပြီး အဲလို ကောလာဟလတွေ ပြန့်နေတာ။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ကိုယ်ရေး အရာရှိ အသိုင်းအ၀ိုင်းနဲ့ နီးစပ်နဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် ပြည်သူ့ လွှတ်တော် ဦးလှဆွေကလည်း အခု ထွက်ပေါ် နေတဲ့ သတင်းတွေဟာ အလွဲအမှားတွေ ဖြစ်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။

“အဆက် အသွယ် မပြတ်ရှိတဲ့ သူတယောက် ရှိတယ်။ ကျနော့် ညီလေးပေါ့နော်- သူတို့ ပြောတာ ကတော့ ဘာမှ ---ဘူး။ ကောလာဟလ လျှောက်ပြော နေတာလို့ ပြောတယ်။”

ဒီဇင်ဘာ လ ၁၄၊ ၁၅ ရက်နေ့တွေမှာ ထွက်ပေါ်နေတဲ့ ဒီသတင်းဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး အတွက် ယတြာ ချေတာလား၊ နိုင်ငံရေး လှည့်ကွက် တစ်ခု လိုလုပ်ပြီး ပြည်သူကို အာရုံ ပြောင်းတာလား ဆိုတာ ကတော့ စိတ်ဝင်စားစရာ ကောင်းတယ်လို့ စာနယ်ဇင်း ကောင်စီဝင် တစ်ဦး လည်း ဖြစ်၊ Tomorrow
သတင်း ဂျာနယ်ကို စီစဉ် ထုတ်ဝေနေသူ ဦးဇော်သက်ထွေးက ဗွီအိုအေကို ပြောပါတယ်။

“ယတြာ ချေတာလား၊ နံပါတ်နှစ်က နိုင်ငံရေး အကျိုးအမြတ်၊ နိုင်ငံရေး ကစားကွက်လား ဆိုတာ ကျနော်တော့ ၂ ခု ခန့်မှန်းမိတယ်။ တကယ်လို့ ယတြာချေတာ ဆိုရင်တော့ ဘာမှ မပြောလိုပေမယ့် နိုင်ငံရေးအရ ရည်ရွယ်ပြီး သတင်း ထုတ်လွှင့်တာ ဆိုရင်တော့ ဒါဟာ ဘယ်လို မျှော်ကိုးတယ် ဆိုတာ ဆန်းစစ်ဖို့ လိုလာပါတယ်။ အခု မြန်မာနိုင်ငံမှာက ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တောင်းဆိုတယ်၊ အဲဒီဟာ မဖြစ်ဘဲနဲ့ တခါ ဆယ့်လေးပွင့်ဆိုင် တွေ့တယ်၊ နောက်တခါ ပြည်ထောင်စု လွှတ်တော်က ခြောက်ပွင့်ဆိုင် တောင်းဆိုပြန်တယ်။ ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီးတွေ ကလည်း ပြည်ထောင်စု လွှတ်တော်ကို ကျော်ပြီးမှ သီးခြား အဆို တင်တာတွေ ရှိလာတယ်။ စစ်ကိုင်းတိုင်း လွှတ်တော်က လုပ်လာတယ်ပေါ့၊ ဒါတွေ အားလုံးဟာ နိုင်ငံရေး ဖြေရှင်းပုံ ဖြေရှင်းနည်းမှာ မတူတဲ့ အမြင်တွေ ရှိနေတယ် ဆိုတာကို သက်သေပြ နေတယ်။ အဲဒီလိုမျိုး ဖြစ်နေတဲ့ အချိန်မှာ ဒီသတင်းကြီး ထွက်ပေါ် လာတာဟာ နိုင်ငံရေးအရ ပိုပြီးတော့ ရှုပ်ထွေး စေပါတယ်။ ဒါပေမယ့် ကျနော် မြင်တာ ကတော့ ဗိုလ်ချုပ်မှူးကြီးက အနားယူသွားပြီ ဖြစ်တဲ့အတွက် ကျနော် ရိုးရိုးရှင်းရှင်းပဲ- ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခု လက်ရှိ တာဝန်ရှိတဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဘယ်လိုပဲ ချုပ်ကိုင်နိုင်သည် ဖြစ်စေ၊ သူက အငြိမ်းစား ယူထားပြီ ဖြစ်တဲ့အတွက် အရင်ကလောက် သြဇာသက်ရောက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။”

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၂၀၁၀ ရွေးကောက်ပွဲ အပြီး သမ္မတ ဦးသိန်းစိန် အစိုးရကို အာဏာ မလွဲခင် အထိ မြန်မာနိုင်ငံကို အကြာဆုံး အုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူအုပ်ချုပ် ခဲ့တဲ့ ကာလမှာ မြန်မာ ပြည်သူ လူထု အနေနဲ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့် အရေးတွေ အကြီးအကျယ် ဆုံးရှုံး ခဲ့ရတယ် လို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထောက်ပြ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အစိုးရ လက်ထက်မှာပဲ အမျိုးသား ညီလာခံကို ကျင်းပပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်တိုင်းကျ ပြင်ဆင်ပြီး လက်ရှိ အစိုးရ တက်နိုင်အောင် လမ်းပြမြေပုံ ၇ ချက်နဲ့ ဆောင်ရွက်ခဲ့သူ ဆိုပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက ဒီကနေ့ထိ ပြောဆိုနေရသူလည်း ဖြစ်ပါတယ်။ 

RB News
15.12.2014

ရန်ကုန် ။ ။ ရန်ကုန်တိုင်း ဒေသကြီး၊ ဒေါပုံမြို့နယ်တွင် နေထိုင်လျက် ရှိသော မြန်မာ မွတ်စလင် အဖွဲ့ချုပ်မှ ဓမ္မသတ်မှူးဟောင်း မုဖ်သီ မော်လာနာ နူရ်အာလမ်သည် ယနေ့ ညပိုင်းတွင် ဒေါပုံမြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန် သွားကြောင်း သတင်း ရရှိပါသည်။

မုဖ်သီ မော်လာနာ နူရ်အာလမ်သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၀ရကျွန်း ဒိုးတန်း ကျေးရွာ ဇာတိ ဖြစ်ပြီး၊ ၁၉၆၈ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဒါရုလ် အူလာမ်မှ မော်လ၀ီဘွဲ့ ရရှိခဲ့သည်။ ထို့အပြင် ၁၉၇၂ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံ ကရာချီမြို့ရှိ ဒယာဘန် အစ္စလာမစ် တက္ကသိုလ်မှ မုဖ်သီဘွဲ့ ရရှိခဲ့ကြောင်း သိရှိရပါသည်။

၎င်းသည် ရန်ကုန်မြို့ရှိ ဒါရုလ် အူလာမ်၊ ဘူးသီးတောင် မြို့နယ် ဖုံညိုလိပ်ရှိ အစ္စလာမ် ဘာသာရေးကျောင်း တို့တွင် ဆည်းပူးခဲ့သည့် ပညာများကို မျှဝေခဲ့ပြီး၊ ဒေါပုံမြို့နယ်ရှိ ဗလီတွင် ရှေ့ဆောင်ဆရာ အဖြစ် လည်းကောင်း၊ ဒေါပုံမြို့နယ်ရှိ အစ္စလာမ် ဘာသာရေး ကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင် ခဲ့သည့် အပြင်၊ မြန်မာ မွတ်စလင် အဖွဲ့ချုပ်တွင် ဓမ္မသတ်မှူး အဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မုဖ်သီ မော်လာနာ နူရ်အာလာမ်သည် ယနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ကွယ်လွန် သွားခဲ့ပြီး၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ ညနေ အစွာရ် ၀တ်ပြုချိန် အပြီးတွင် ရန်ကုန်မြို့ ရေဝေး ကဘရ်စတန်တွင် မြေမြှပ် ဒါဖနာ ပြုလုပ်မည် ဖြစ်သည်။

မုဖ်သီ မော်လာနာ နူရ်အာလာမ်သည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် အရွယ် ရှိပြီး၊ ဦးနှောက် သွေးကြောနဲ့ သက်ဆိုင်သည့် ဝေဒနာကို ရက်အနည်းငယ် ခံစားခဲ့ရကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားမှာ မြေပြိုကျမှု အတွင်း ပိတ်မိ နေသူ တယောက်ကို ကယ်ဆယ်ရေး အဖွဲ့တွေက ဆွဲထုတ်ဖို့ ကြိုးစား နေစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၄)

14.12.2014

အင်ဒိုနီးရှား နိုင်ငံမှာ မိုးသည်းထန်စွာ ရွာပြီး သောကြာနေ့က တရွာလုံး မြေအောက်ဖုံး ခဲ့ပြီးနောက် လူပေါင်း ၇၀ ကျော်ကို စက်ကိရိယာ ကြီးတွေ စတင် သုံးပြီး ရှာဖွေ နေကြပါပြီ။

မြေပြိုကျတဲ့ Central Java ပြည်နယ် ထဲကို သမ္မတ Joko Widodo ဒီကနေ့ တနင်္ဂနွေနေ့မှာ လာကြည့်ပြီး ကယ်ဆယ်ရေး လုပ်ငန်း တွေကို အရှိန်မြှင့် လုပ်ကြဖို့ အလေးထား ပြောခဲ့ပါတယ်။

ရွံ့မြေတွေ၊ အပျက်အစီး တွေကြား ပိတ်မိ နေနိုင်မဲ့သူ တွေကို ကယ်ဆယ်ရေး တွေက လက်တွေ၊ အဖြစ် လုပ်ထားတဲ့ ပစ္စည်းတွေ သုံးပြီး ရှာဖွေခဲ့ ကြတာပါ၊ မြေပြိုကျမှု အဓိက ဖြစ်တဲ့ Jemblung ရွာမှာ ဒီကနေ့ စာရင်း အရ သေဆုံးသူ ၃၂ ယောက်ထက် မနည်း ရှိပြီး ၇၆ ယောက် ပျောက်ဆုံး နေဆဲ ဖြစ်တယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။

ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေမှာ ရဲ၊ စစ်သားနဲ့ လုပ်အားပေး စုစုပေါင်း ၂ ထောင်ကျော် ပါဝင် ကူညီနေကြ ပါတယ်။ ၁၅ ယောက်ကို ကယ်ဆယ် နိုင်ခဲ့ပြီး အဲဒီထဲက ၁၁ ယောက် ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံ တင်ထားရလို့ သဘာဝ ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ မိုးရာသီ စတင်နေပြီး ဒီလို အချိန်မျိုးမှာ မိုးသည်းထန်စွာ ရွာတဲ့ အတွက် မြေပြိုမှုတွေ ဖြစ်လေ့ ရှိပါတယ်။ စနေနေ့တုန်း ကလည်း မိုးတွေ ရွာနေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေး ခဲ့ရပါတယ်။

RB News
14.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နှမ ကျေးရွာတွင် နေထိုင်သည့် အစ္စလာမ် ဘာသာရေး ဟဒီးစ် ပညာရှင် ပါမောက္ခ မော်လာနာ ဦးဆယာဒူလ် အာမီးန် ယနေ့ ညနေပိုင်းတွင် ကွယ်လွန် သွားကြောင်း သတင်း ရရှိပါသည်။

အစ္စလာမ် ဘာသာရေး ဟဒီးစ် ပညာရှင် ပါမောက္ခ မော်လာနာ ဦးဆယာဒူလ် အာမီးန်သည် မောင်တောမြို့နယ် မောင်နှမ ကျေးရွာ ဇာတိဖြစ်ပြီး၊ ၁၉၆၁ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံ၊ လာဟိုးမြို့၊ အာရှရာဖီးယား အစ္စလာမစ် တက္ကသိုလ်မှ ဟဒီးစ် ပညာ အဓိကဖြင့် ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။

၁၉၆၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာ၊ မင်္ဂလာကြီး ကျေးရွာ၊ ငါးခူရ ကျေးရွာ၊ မောင်နှမ ကျေးရွာနှင့် ကညင်တန်း ကျေးရွာများရှိ အစ္စလာမ် ဘာသာရေး ကျောင်းများတွင် ဟဒီးစ် ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်၍ ၎င်းသင်ယူခဲ့သည့် ပညာများကို မျှဝေပေး ခဲ့ကြောင်း သိရှိရပါသည်။

မော်လာနာ ဦးဆယာဒူလ် အာမီးန်သည် ယနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်တွင် ကွယ်လွန် သွားခဲ့ပြီး၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ နေ့လည် ဇဟိုရ် ၀တ်ပြုချိန် အပြီးတွင် မောင်တောမြို့နယ် မောင်နှမ ကျေးရွာတွင် မြှပ်နှံ သဂြိုဟ် ဒါဖနာ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ကွယ်လွန်ချိန်တွင် အသက် (၈၅) နှစ် အရွယ်ရှိပြီး အသည်းရောင် ရောဂါခံစား ခဲ့ရကြောင်း သိရှိရပါသည်။

Rohingya Exodus