နောက်ဆုံးသတင်း/ဆောင်းပါးများ

(ဓါတ်ပုံ - REUTERS/Juan Medina)

မင်းသိန်း
RB News
12.1.2015

နိုင်ငံပေါင်း ၄၀ ကျော်မှ နိုင်ငံခေါင်းဆောင် များနှင့် အတူ တစ်သန်းကျော် ပါဝင်သော လူထု ချီတက်၍ ဆန္ဒထုတ်ဖော်ပွဲကြီး တစ်ခု ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဇန်န၀ါရီလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ ဥရောပ နိုင်ငံများ အတွင်း အကြမ်းဖက်မှုများ ဖန်တီးခြင်းနှင့် အကြမ်းဖက်ခြင်း နှစ်ခုလုံးအား ဆန့်ကျင်သော ဘာသာပေါင်းစုံ လူထု ဆန္ဒထုတ်ဖော်ပွဲ အဖြစ် ဂျာမန် နိုင်ငံရေး အကြီးအကဲများက ကင်ပွန်း တတ်ခဲ့ကြသည်။ ပဲရစ်မြို့အတွင်း ဖြစ်ပွားခဲ့သော မဂ္ဂဇင်းတိုက် တစ်ခုနှင့် ဂျူးဈေးရုံ တစ်ခုအတွင်း အကြမ်းဖက် သေနတ် ပစ်ခတ်မှုများ အတွင်း မွတ်စလင် ရဲဝန်ထမ်း တစ်ဦး အပါအ၀င် လူ (၁၇) ဦး အသက် ဆုံးရှုံးခဲ့ရသည်။ ယေဘုယျ သဘောအရ အစ္စလာမ် ဘာသာဝင် အကြမ်းဖက် သမား ၃ ဦးမှ တမန်တော် မိုဟာမတ် (ဆွ) ပုံအား ကာတွန်းဆွဲပြီး လှောင်ပြောင်ခဲ့သော မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးများ ပိုင်ဆိုင်သော ဈေးအား အကြမ်းဖက် တိုက်ခိုက်ခြင်းဟု နားလည်နိုင်ပါသည်။ သို့သော် ဥရောပ ပြည်တွင်း နိုင်ငံရေး လေ့လာသူ ပညာရှင်များမှ သာမာန် လူထု၏ သမာရိုးကျ အယူအဆထက် လေးနက်သော ရှုထောင့်များမှ ဝေဖန် သုံးသပ် ဆွေးနွေးလာသည်ကို တွေ့လာရသည်။

Charlie Hebdo မဂ္ဂဇင်းမှ ၆-၂-၂၀၀၆ နေ့တွင် တမန်တော်မြတ်အား လှောင်ပြောင် ထားသော ကာတွန်းများကို စတင် ရေးဆွဲခဲ့သည်။ ပုံမှန်စောင်ရေ တစ်သိန်း ထုတ်ရာမှ ထိုနေ့တွင် တစ်သိန်း ခြောက်သောင်း အထိ တိုးထုတ်ခဲ့သည်။ တစ်နေ့ အတွင်း ထုတ်သမျှ စောင်ရေ အားလုံး ကုန်သွားခဲ့ပြီး နောက်နေ့တွင် စောင်ရေ တစ်သိန်း ငါးသောင်း ထပ်မံ ရိုက်ထုတ်ခဲ့သည်။ ထိုသို့ တမန်တော်မြတ်အား လှောင်ပြောင် စော်ကားမှု အပေါ် ကမ္ဘာ့ မွတ်စလင် အဖွဲ့အစည်း များနှင့် ပြင်သစ် မွတ်စလင် အဖွဲ့အစည်းများမှ ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်။ ပြင်သစ် နိုင်ငံအတွင်း ဂုဏ်သိက္ခာရှိ မွတ်စလင် အဖွဲ့အစည်းကြီး Green Mosque အဖွဲ့မှ မဂ္ဂဇင်းတိုက်အား တရားစွဲဆိုခဲ့သည်။ သို့သော် အဆိုပါ မဂ္ဂဇင်းတိုက်၏ နောက်ကွယ်တွင် မွတ်စလင်များအား သွေးဆူ စေလိုသော နိုင်ငံရေး အင်အားစု တစ်ရပ် အခိုင်အမာ ရှိနေသည့် အတွက် မဂ္ဂဇင်းတိုက် အယ်ဒီတာသည် ၎င်းအမှုမှ ကွင်းလုံးကျွတ် လွတ်သွားခဲ့သည့် အပြင် ပိုမို အတင့်ရဲစွာ အစ္စလာမ် ဘာသာနှင့် တမန်တော်မြတ်အား စော်ကားလာခဲ့သည်။

၂၀၁၁ ခုနှစ်တွင် Charlie Hebdo မဂ္ဂဇင်းတိုက်အား တစ်ကြိမ် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှု အတွင်း လူအသေအပျောက် မရှိခဲ့သော်လည်း တိုက်ခိုက်မှု နောက်ပိုင်းတွင် ပြင်သစ် မွတ်စလင် အဖွဲ့အစည်း အသီးသီးမှ ဘာသာ တရားများ၏ အထွဋ်အမြတ် ထားရာ ပုဂ္ဂိုလ်များအား စော်ကားခြင်းများအား ရပ်တန့်ပေးရန် နိုင်ငံရေး အဖွဲ့အစည်းများ အပါအ၀င် နယ်ပယ် အသီးသီးမှ ကြိုးစားခဲ့ကြသည်။ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက ပြင်သစ် နိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အား စည်းမျဉ်း ဥပဒေဘောင် ထဲမှ ခွင့်ပြုထားခြင်း ဖြစ်ပြီး စည်းမျဉ်း ဥပဒေအား ကျော်လွန်ပြီး ပြောဆိုမှုများအား တားဆီးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ မဂ္ဂဇင်းတိုက်သည် အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ စသည့် ဘာသာတရား များ၏ အထွဋ်အမြတ် ထားသော ပုဂ္ဂိုလ်မြတ်များ အပြင် နိုင်ငံရေး ခေါင်းဆောင် များအားလည်း လှောင်ပြောင် စော်ကားခဲ့သည်။ သို့သော် ဂျူးဘာသာအား လှောင်ပြောင် ထားသော ကာတွန်း ရေးဆွဲခဲ့သူ ကာတွန်း ဆရာတစ်ဦးအား မဂ္ဂဇင်းတိုက်မှ ချက်ချင်း ထုတ်ပစ်ခဲ့သော အဖြစ်အပျက် တစ်ခုလည်း ရှိနေခဲ့သည်။ ဤမျှဆိုလျှင် စာရှုသူများ အနေဖြင့် Charlie Hebdo မဂ္ဂဇင်း၏ မူဝါဒနှင့် နောက်ကွယ်တွင် ရှိနေသူများ၏ ရည်ရွယ်ချက်ကို မှန်းဆနိုင်မည်ဟု မျှော်လင့်မိပါသည်။

အစွန်းရောက် တိုက်ခိုက်သူများ Charlie Hebdo မဂ္ဂဇင်းတိုက်နှင့် ဂျူးဈေးရုံအား အကြမ်းဖက် ၀င်ရောက် တိုက်ခိုက်သူများမှာ အစ္စလာမ် ဘာသာဝင် သုံးဦး ဖြစ်သည်။ သာမာန် မွတ်စလင် တစ်ဦး အနေဖြင့် လူ (၁၇) ဦး သေဆုံးရခြင်းအား မနှစ်မြို့ စေကာမူ မဂ္ဂဇင်းတိုက်၏ တမန်တော်မြတ်ကြီးအား အကြိမ်ကြိမ် စော်ကားနေမှု အပေါ် လက်တုန့်ပြန်ခြင်းအား ကျေနပ် နှစ်သက်ကောင်း နှစ်သက်နေပေမည်။ သို့သော် ပြင်သစ်၊ ဥရောပ နိုင်ငံများနှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများမှ ပညာရှင်များက အစွန်းရောက် အကြမ်းဖက်ခြင်းနှင့် လက်တုန့်ပြန်ခြင်း နှစ်မျိုးလုံးအား တညီတညွတ်တည်း ဆန့်ကျင်ကြသည်။ Charlie Hebdo မဂ္ဂဇင်းသည် အစ္စလာမ့် ဂုဏ်သိက္ခာ ကျဆင်းမှု၏ ထောင်ခြောက် တစ်ခု ဖြစ်သည်။ ဤမဂ္ဂဇင်းအား တည်ရှိစေသူများ အနေဖြင့် အလားတူ မဂ္ဂဇင်းတိုက်များ ဥရောပ တခွင်တွင် ပေါ်ပေါက်စေချင်ကြသည်။ ဤသို့ဖြင့် ဥရောပ နိုင်ငံများ အတွင်း လူ့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်ပြီး နိုင်ငံ အတွက် ထူးချွန် ပြောင်မြောက်သော အစ္စလာမ့် မျိုးဆက်သစ် လူငယ်များ အစား ဘာသာရေး အစွန်းရောက်သော ပညာမဲ့၊ အလုပ်လက်မဲ့ အစ္စလာမ့် လူငယ်များ ပေါ်ထွက် လာစေချင် နေကြသည်။ ထိုသို့ ဘာသာရေး အစွန်းရောက် လူငယ်များ ပေါ်ပေါက် လာပါက အာရပ် တခွင်ရှိ အစွန်းရောက် အဖွဲ့အစည်းများနှင့် ဆက်သွယ် နိုင်ရန်လည်း လမ်းကြောင်းများ ဖွင့်ထားလျက် ရှိနေသည်။ သို့မှသာ ကမ္ဘာ့ မျက်နှာစာတွင် အစ္စလာမ့် အရှိန်အ၀ါ ညိုးမှိန် ပျောက်ပျယ် လာမည် ဖြစ်သည်။ ဤအနေအထားအား အစ္စလာမ့် ပညာရှင်များ ကောင်းကောင်း နားလည် သဘောပေါက် ထားသောကြောင့် အကြမ်းဖက်ခြင်း၊ လက်တုန့်ပြန်ခြင်း များအား ကန့်ကွက် ရှုတ်ချ နေရခြင်း ဖြစ်သည်။

ဂျာမန် မွတ်စလင် အကြီးအကဲ Aiman Mazyek က ပဲရစ် အကြမ်းဖက် သမားများသည် အကြမ်းဖက်ခြင်းအား မွတ်စလင်များမှ လက်မခံ ဆိုသည်ကိုလည်း ဂျူးဈေးရုံ အတွင်း ဈေးဝယ်သူ (၁၅) ဦး၏ အသက် အန္တရာယ်အား ရဲဝံ့စွာ ကာကွယ် ပေးခဲ့သော မွတ်စလင် လူငယ်၏ လုပ်ရပ်အား ကြည့်ခြင်း အားဖြင့် သိနိုင်သည်ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

ဥရောပ နိုင်ငံများနှင့် အမေရိကန်မှ ရုရှားနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ထားမှုအား ပြန်လည် သုံးသပ်နေသော ပြင်သစ်နိုင်ငံ မြေပေါ်တွင် ဤအကြမ်းဖက်မှုအား CIA မှ ကြိုးကိုင် ဆောင်ရွက်ခဲ့သည်ဟု တိုက်ရိုက် ဝေဖန်လာသော နိုင်ငံရေး သမားများ ရှိလာသလို အမေရိကန်၏ နိုင်ငံခြားရေး ပေါ်လစီ အတွင်း အကြမ်းဖက်မှုများ သန္ဓေတည်နေသည်ဟု သွယ်ဝိုကပြီး ဝေဖန်လာသူများလည်း ပေါ်လာသည်။

(ဓါတ်ပုံ - REUTERS/Philippe Wojazer)

၁၁-၁-၂၀၁၅ နေ့ ပဲရစ်မြို့ အတွင်း နိုင်ငံခေါင်းဆောင်များ အပါအ၀င် ဘာသာပေါင်းစုံမှ လူထု တစ်သန်းကျော် ချီတက် ဆန္ဒပြမှုသည် ဥရောပမြေ အတွင်း အကြမ်းဖက် လုပ်ရပ်များ ပေါ်ပေါက်လာစေရန် ဖန်တီးနေမှုအား ဆန့်ကျင် ဆန္ဒပြခြင်း ဖြစ်သည်။ အခြေအနေ အားလုံးကို ခြုံငုံသုံးသပ်မည် ဆိုပါက ကမ္ဘာ့ မွတ်စလင်ထု အနေဖြင့် အဖြစ်အပျက် တစ်ခုအား သမရိုးကျ စိတ်ခံစားချက်ဖြင့် ဝေဖန် သုံးသပ် ပြောဆိုခြင်းထက် နောက်ကွယ်မှ အစ္စလာမ် အပေါ် ထောင်ခြောက် ဆင်ထားမှုအား သတိကြီးကြီး ထားပြီးမှ ဝေဖန် ပြောဆိုသင့်သည်ဟု အကြံပြု တိုက်တွန်း အပ်ပါသည်။



MYARF
RB News
12.1.2015

မောင်တော ။ ။ ​ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သ၀င်ချောင်း ကျေးရွာရှိ ငါးဖမ်း လှေငယ်များ ထံမှ နယ်ခြားစောင့် ရဲများက နေ့စဉ် ငွေကျပ် တစ်သောင်းစီ တောင်းခံမှုကြောင့် ငါးဖမ်းရန် မထွက်နိုင်တော့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သ၀င်ချောင်း ကျေးရွာရှိ ငါးဖမ်း လှေငယ်များထံမှ နယ်ခြားစောင့် ရဲများက နေ့စဉ် ငွေကျပ် တစ်သောင်းစီ တောင်းခံမှုကြောင့် နေ့စဉ် ၀င်ငွေနှင့် ထွက်ငွေ မမျှတော့သည့် အတွက် ငါးဖမ်းရန် မထွက်နိုင်တော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ နေ့စဉ် ၀င်ငွေဖြင့် ရပ်တည်နေရသည့် မိသားစု များမှာ ငါးဖမ်း မထွက်နိုင်သဖြင့် စားဝတ်နေရေး အခက်ကြုံ နေရသည်ဟု ဆိုသည်။ ငါးဖမ်းလှေငယ် တစ်စီးတွင် ငါးဖမ်းသမား ၆ ဦးမှ ၁၀ ဦး အထိ လိုက်ပါ၍ ငါးဖမ်းကြကြောင်း သိရသည်။

“မနေ့က [ဇန်န၀ါရီလ ၁၁ ရက်] လည်း ကျွန်တော်တို့ ဆီက တစ်သောင်းစီ ယူတယ်။ ဒီနေ့လည်း တစ်သောင်းစီ ထပ်တောင်းတယ်။ နေ့တိုင်း ပေးရမယ် ဆိုတော့ ကျွန်တော်တို့ အတွက် ဘယ်လိုမှ မကိုက်တော့ဘူး။ ငါးသွားဖမ်းရင် အရှုံး ပေါ်တာဘဲ အဖတ်တင်မယ်။ အဲဒါကြောင့် ငါးဖမ်းဖို့ မထွက်နိုင်တော့ဘူး။ အခု စားဝတ်နေရေးလည်း အခက်ကြုံနေရပြီ” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

ငွေကျပ် တစ်သောင်းစီ နေ့စဉ် ယူနေသူမှာ သ၀င်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ် လှိုင်ထွန်းအောင် ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီလ (၁၁) ရက်နေ့က ငွေကျပ် တစ်သောင်းစီ ပေးခဲ့ရပြီး ယနေ့ ငွေကျပ် တစ်သောင်းစီ မပေးနိုင်၍ ငါးဖမ်း မထွက်နိုင်သည့် လှေငယ်များမှ ပဲ့ကိုင် (ခေါင်းဆောင်) များမှာ --

(၁) ဦးမိုဟာမတ်အီလီယာစ် (ဘ) ဦးတာဇော်မူလုခ် (အသက် ၄၅ နှစ်)
(၂) ဦးအေဇာဇူလ်ဟောက် (ဘ) ဦးဘော်ဒေါ်ရာမန် (အသက် ၅၀ နှစ်)
(၃) ဦးရှော်ရှုဟူဆောင်း (ဘ) ဦးအစ္စမိုင်လ် (အသက် ၄၀ နှစ်)
(၄) ဦးဆာဘူအလီ (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၅၁ နှစ်)
(၅) ဦးအီမာန်ဟူစိန်း (ဘ) ဦးဇော်လာလ် (အသက် ၄၆ နှစ်)
(၆) ဦးရော်ဟီမူလ္လာ (ဘ) ဦးဇော်လာလ် (အသက် ၅၀ နှစ်)
(၇) ဦးအဒူဆလာမ် (ဘ) ဦးဇီယာဟူဆောင်း (အသက် ၄၅ နှစ်)
(၈) ဦးမော်တူလုခ် (ဘ) ဦးအဒူဆလာမ် (အသက် ၄၀ နှစ်)
(၉) ဦးမိုဟာမတ်နော်စီးမ် (ဘ) ဦးအာမတ်ရှော်ရိဖ် (အသက် ၅၀ နှစ်)
(၁၀) ဦးအဒူလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၃၀ နှစ်)
(၁၁) ဦးဆော်ယောဒူလ္လာ (ဘ) ဦးရှော်ဘီအုလ္လာ (အသက် ၃၅ နှစ်)
(၁၂) ဦးရော်ရှီဒူလ္လာ (ဘ) ဦးအေကလာစ် (အသက် ၃၅ နှစ်)
(၁၃) ဦးအီဆုပ် (ဘ) ဦးဆော်လီမူလ္လာ (အသက် ၄၀ နှစ်)
(၁၄) ဦးဟာဖီးဇ် အာမတ် (ဘ) ဦးရော်ရှိတ် (အသက် ၄၁ နှစ်) -- တို့ဖြစ်သည်။



Rohingya Eye
RB News
12.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲ များ၏ မဆင်မခြင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈ နှစ် အရွယ် ကလေးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၁၂) ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် မြို့မတောင် ရပ်ကွက်မှ ကိုရီယာဇ်အူဒင် (ဘ) ဦးနူရ်အာမီးန် (အသက် ၂၈ နှစ်) သည် မောင်နီရွာရှိ ကမ်းစပ်၌ တဲတစ်ခုတွင် ထိုင်၍ သူငယ်ချင်းများနှင့် စကားပြောနေစဉ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက မသင်္ကာဟု ဆိုကာ ၎င်းကို ဖမ်းဆီးခဲ့သည်။

နယ်ခြားစောင့် ရဲများသည် ကိုရီယာဇ်အူဒင်ကို ဖမ်းဆီး ခေါ်ဆောင် လာစဉ် မြို့မတောင် ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် ကလေးများ ဘောလုံး ကစား၍ နှစ်ဖက် အသင်း ဂိုးများ အပြန်အလှန် သွင်းကာ အောင်ပွဲခံ နေသည်ကို မြင်တွေ့ပြီး၊ ၎င်းတို့ကို ရန်ပြုရန် အော်ဟစ်နေသည်ဟု ယူဆပြီး သေနတ်ဖြင့် မဆင်မခြင် ပစ်ခတ်ခဲ့ရာ အသက် (၈) နှစ် အရွယ် မောင်နူရ်ဟူဒါ (ဘ) ဦးကော်ဘိရ်၏ ဘယ်ဘက် ခြေထောက်ကို ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်နူရ်ဟူဒါကို နယ်ခြားစောင့်ရဲများက မောင်တော ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

မြို့မတောင် ရပ်ကွက်နှင့် မောင်နီရွာသို့ ကပ်လျက် ရှိသည့် ရပ်ကွက်နှင့် ရွာ ဖြစ်သည်။

“ကလေးတွေက ၁၀ နှစ်အောက်တွေပါ။ တကယ်လို့ ဒီကလေးတွေက နယ်ခြားစောင့်ရဲ တွေကို ရန်မူဖို့ အော်တယ်ဘဲ ထားပါတော့။ ဒီကလေးတွေက ဘာလုပ်နိုင်မှာလဲ? သေနတ်နဲ့ ပစ်ဖို့ အထိ မလိုအပ်တဲ့ ကိစ္စကို အကြောင်းမရှိ အကြောင်းရှာပြီး ပစ်လိုက်တာပါ။ ကလေးတွေကလည်း သူတို့ဟာ သူတို့ ကစားပြီး အပြန်အလှန် ဂိုးသွင်းရင်းနဲ့ အောင်ပွဲခံနေတာ။ ဒီမှာ လက်နက်ကိုင် အာဏာပိုင်တွေ ဘယ်လောက် ရက်စက်လဲ ဆိုတာ ကလေးတွေက အစ သိတယ်။ အဲဒီတော့ ရန်မူဖို့ မပြောနဲ့၊ လှည့်တောင် မကြည့်ရဲကြဘူး။ ဒီနယ်ခြားစောင့်ရဲ တွေက အရင် န.စ.က ထက် အဆပေါင်း များစွာ ဆိုးတယ်။ သမ္မတကြီးက ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ပြောနေတာ၊ ကျွန်တော်တို့ ဆီမှာတော့ စစ်အစိုးရ လက်ထက် ကထက် အခြေအနေ ပိုဆိုးနေတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
11.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ပညောင်ပင်ကြီး ကျေးရွာသို့ ၀င်ရောက်၍ ရွှေနှင့် ငွေသားများ လုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၀) ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တံတားကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့ အင်အား ၃၀ ခန့်တို့သည် ကားနှစ်စီးဖြင့် ပညောင်ပင်ကြီး ကျေးရွာသို့ ၀င်ရောက်၍ ဦးအာဇီမူလ္လာ၏ နေအိမ်သို့ ၀င်ရောက်ပြီး အိမ်ရှင်ဖြစ်သူ ဦးအာဇီမူလ္လာကို ရှာဖွေရာ မတွေ့ရှိသဖြင့် ဦးအာဇီမူလ္လာ၏ ဇနီးဖြစ်သူနှင့် ကလေးငယ်များကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ ထို့နောက် ဧည့်သည်များ ဖြစ်သည့် သရေကုန်တန်း ကျေးရွာမှ ဦးကော်လီမူလ္လာ၏ သားဖြစ်သူနှင့် သံဒါကျေးရွာသား တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဦးဇာဟိတ်ဟူစိန်း၏ နေအိမ်ကို ၀င်ရောက်၍ ရှာဖွေခဲ့သည်။ ည ၁၀း၃၀ နာရီ အချိန်တွင် ဦးတာဟဲရ် (ဘ) ဦးဘာသာမျာ၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ထောင် ဦးစီး အမျိုးသားကို မတွေ့ရှိသဖြင့် အမျိုးသမီး ဖြစ်သူနှင့် ကလေးငယ် များကို နေအိမ် အပြင်သို့ ထွက်ခိုင်းပြီး နယ်ခြားစောင့် ရဲများက အခန်းထဲရှိ ဗီရို၊ သေတ္တာများကို ဖျက်၍ ရွှေ ၁၀ ကျပ်သားခန့်နှင့် ငွေ ၁၇ သိန်း ၆ သောင်း၊ CDMA Huawei G730 ဖုန်း တစ်လုံးတို့ကို လုယက် ယူဆောင် သွားသည့် အပြင် အိမ်သုံး ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့နောက် ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့က နေအိမ်ထဲမှ မည်သည့် ပစ္စည်း တစ်စုံတစ်ရာ ယူဆောင် သွားခြင်း မရှိဟု လျှောက်လွှာ စာရွက်တွင် ရေးသား၍ ဦးတာဟဲရ်၏ ဇနီးဖြစ်သူနှင့် ညီမတို့ကို အတင်း အဓမ္မ လက်ဗွေနှိပ် ခိုင်းခဲ့သည်ဟု ဆိုသည်။ ထို့အပြင် နယ်ခြားစောင့် ရဲများနှင့် အတူ လိုက်ပါလာသူ ဆယ်အိမ်မှူး ဦးဖော်ရိတ်အုလ္လာ ကိုလည်း လက်မှတ် ရေးထိုးခိုင်း ခဲ့ကြောင်း သိရသည်။

ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဂေါ်ဒူသာရ ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ညစဉ်ညတိုင်း ၀င်ရောက်၍ ဒေသခံ ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းနှင့် လုယက်ခြင်း များကို လိုင်စင်ရ သောင်းကျန်းသူများ ပမာ ပြုလုပ်လျက် ရှိသော်လည်း ရခိုင်ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရမှ ယခု အချိန်ထိ အရေးယူ ဆောင်ရွက် မပေးသည်ကို တွေ့ရှိရသည်။

(ဓါတ်ပုံ - ဦးတာဟဲရ်၏ နေအိမ်တွင် နယ်ခြားစောင့်ရဲများ ထွက်ခွာ သွားပြီးနောက် ရိုက်ကူးထားသည်)



အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ်မာနောစကီး (ဓါတ်ပုံ - အေပီ)

RFA မြန်မာပိုင်း
10.1.2015

မြန်မာ- အမေရိကန် လူ့အခွင့် အရေး ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို အခု ဇန်န၀ါရီလ ၁၁ ရက်နေ့ ကနေ ၁၅ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပြီး အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့လူ့အခွင့် အရေး အခြေ အနေ တိုးတက် ကောင်းမွန် လာဖို့ အတွက် အထောက် အကူ ပြုနိုင်အောင် ဒီဆွေးနွေးပွဲကို လုပ်ဆောင်တာ ဖြစ်ပြီး တရား ဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဘာသာရေး တင်းမာမှုနဲ့ ပဋိပက္ခ၊ လူနည်းစု တွေကို ကာကွယ် ပေးရေး၊ ရခိုင်ပြည်နယ် အခြေ အနေ၊ ဒီမိုကရေစီနဲ့ တပ်မတော် ပြုပြင်ပြောင်း လဲရေး စတဲ့ ကိစ္စ တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲကို အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ်မာနောစကီး၊ လူဦးရေ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေစိုက်ခြင်း ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အန်းရစ်ချက်၊ ပစိဖိတ် စစ်ဌာနချုပ် ဒုတိယ ဌာနချုပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အန်တိုနီ ချက်ဖီးလ်၊ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး သောမတ်စ် ဟာဗေးစတဲ့ အရာရှိကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။

အခု ဆွေးနွေးပွဲဟာ ဒုတိယမြောက် ဖြစ်ပြီး၊ ပထမအကြိမ် ဆွေးနွေးပွဲကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ က ပြုလုပ်ခဲ့ပါတယ်။



RB News
10.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ခမရ ၅၆၅ မှ စစ်သားများက လူမဆန်စွာ မုဒိန်းကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာတွင် နွားကျောင်းနေသည့် အသက် ၁၀ နှစ် အရွယ် ဒေသခံ ရိုဟင်ဂျာ မိန်းကလေး တစ်ဦး ဖြစ်သူ မ ---- (ဘ) ဦး ---- ကို ခြေမြန် တပ်ရင်း ၅၆၅ မှ စစ်သားများက လူမဆန်စွာ အုပ်စုလိုက် မုဒိန်းကျင့် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မုဒိန်းကျင့်ခံရသည့် မိန်းကလေးမှာ ထိုနေရာပင် မေ့မျော သွားခဲ့ပြီး၊ ယခုအချိန်ထိ သတိပြန် မရသေးဟု အဆိုပါ ဒေသခံက ပြောပါသည်။ သတိလစ် မေ့မျောနေသည့် မ ---- ကို ရွာသားများက တွေ့ရှိ၍ ကယ်တင်ခဲ့ကြောင်း သိရသည်။

ခမရ ၅၆၅ မှ မုဒိန်းကျင့် စစ်သားများက အဆိုပါ မိန်းကလေး၏ နေအိမ်သို့ ရောက်ရှိလာပြီး ငွေကျပ် ၃ သိန်း ပေးကာ အတင်း အဓမ္မ ကြေအေးခိုင်းခဲ့ကြောင်း၊ အကယ်၍ ကြေအေး မပေးလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်သောကြောင့် မိသားစုဝင်များမှာ အမှုပင် မဖွင့်ရဲဘဲ ကြေအေး နေရသည်ဟု ဆိုသည်။

မောင်တော ခရိုင် အတွင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသာ သောင်းကျန်းလျက် ရှိခဲ့သော်လည်း ယခုအခါ တပ်မတော်သား များသည်လည်း နယ်ခြားစောင့်ရဲ များကဲ့သို့ လူမဆန်စွာ မုဒိန်းကျင့်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။



RB News
9.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် အတွင်းရှိ မြို့နယ် များတွင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပတ်သက်၍ အထက် အာဏာပိုင်များကို တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ မောင်တော ခရိုင် အတွင်းမှာ ရှိတဲ့ မြို့နယ်တွေ ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ တောင်ပြိုလက်ဝဲ စတဲ့ မြို့နယ်တွေမှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေက မတရားပြုကျင့် တာတွေ၊ ငွေညှစ်တာတွေ၊ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက် တာတွေနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ ရှိတဲ့ လူကြီးမင်းတွေကို တိုင်ရင်လည်း အရေးယူ ပေးတာ မရှိဘူး” ဟု မောင်တော ခရိုင်မှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“မောင်တော ခရိုင်မှာ အဓိက နယ်ခြားစောင့်ရဲ၊ ရပ်ရွာတွေမှာ လုံခြုံရေး ကင်းချ ထားတဲ့ တပ်မတော်သားတွေ၊ မြို့ပေါ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စ.ရ.ဖ နဲ့ လူကုန်ကူးမှု တားဆီးရေး အဖွဲ့ စတဲ့ အဖွဲ့တွေက ရပ်ကွက်၊ ကျေးရွာတွေက အပြစ်မဲ့ ဒေသခံတွေ ဆီက ငွေညှစ်တာတွေ၊ ရိုက်နှက် ထိုးကြိတ်တာတွေ အပြိုင်အဆိုင် လုပ်လာတယ်။ ကျွန်တော်တို့ ဒေသတွင်းမှာ ရှိတဲ့ အဆင့်မြင့် အာဏာပိုင်တွေက သူတို့ လက်အောက်ငယ်သား တွေ ဘာတွေ လုပ်နေသလဲ ဆိုတာ သိကြပေမယ့် မသိယောင်ဆောင် ဆောင်နေကြတယ်။ တရားလို လုပ်ပြီး တိုင်ကြားရင်လည်း ဘာမှ အဆုံးအဖြတ် မပေးဘူး။ အရေးယူ မပေးတော့ အခြေအနေက တနေ့တခြား ပိုဆိုးလာတယ်။ အစိုးရ အာဏာပိုင်တွေ ဆိုပြီး အားကိုးတကြီးနဲ့ သွားတိုင်ရင် ပိုဆိုးတယ်။ တိုင်တဲ့လူကို ပစ်မှတ်ထားပြီး ပိုဒုက္ခပေးတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

“အခုလို ဥပဒေမဲ့ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ခရိုင်တွင်းမှာ အကြီးအကဲတွေ ဖြစ်ကြတဲ့ တပ်မမှူး၊ ဗျူဟာမှူး၊ ကွပ်ကဲရေးမှူးနဲ့ ခရိုင် အုပ်ချုပ်ရေးတို့က ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့ အပြင် ကျွန်တော်တို့ မဲဆန္ဒရှင်တွေ မဲထည့်ပြီး ရွေးချယ် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေမှာလည်း တာဝန်ရှိပါတယ်။ အစိုးရ အာဏာပိုင်တွေကို အားကိုးလို့ မရတဲ့ အချိန်မှာ လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးပါ ပါတယ်။ အခုလို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ဒုက္ခတွေ ခံစားနေရတာ တွေကို ပြည်သူ့ ကိုယ်စားလှယ်များ ဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေက ဖြေရှင်း မပေးဘူးဆိုရင် နောက်လာမယ့် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အတွက် အလုပ်လုပ်မယ့် ကိုယ်စားလှယ်တွေ ရှာဖို့ လိုပါလိမ့်မယ်။ ဒါကျွန်တော် တစ်ယောက်တည်း ပြောတဲ့စကား မဟုတ်ဘူး။ ကျွန်တော်တို့ ဒေသခံ တွေကိုယ်စား ပြောတာပါ။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တော ခရိုင်တွင် အဓိကအားဖြင့် ဥပဒေမဲ့ လုပ်ရပ်များ နေ့စဉ် ဖြစ်ပွားနေသည့် နေရာများမှာ မောင်တောမြို့နယ်တွင် ဇော်မတက်၊ အလယ်သံကျော်၊ ကျောက်ပန္ဒူ၊ ခမောင်းဆိပ်၊ လိုင်သီနဲ့ ဂေါ်ဒူသာရ တို့ဖြစ်ပြီး၊ ဘူးသီးတောင် မြို့နယ်တွင် ညောင်ချောင်း၊ တောင်ဘဇား၊ စိမ့်ညှင်းပြားနှင့် ဖော်တော်ပြင်ရွာများ ဖြစ်ကြောင်း သိရသည်။



MYARF
RB News
9.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒေသခံ ရပ်မိရပ်ဖ အချို့ကို အမှတ် (၅) နယ်မြေ ငါးခူရရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ယူ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး၊ အစိုးရက ပေးသည့် နာမည်ဖြင့် နိုင်ငံသား မယူလျှင် ဒုက္ခရောက်မည်ဟု ရဲမှူးချုပ် တင်ကိုကိုက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မောင်တော မြို့နယ် ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၊ တောင်ပြိုလက်ဝဲ အခြေစိုက် အမှတ် (၃) နယ်မြေမှူး၊ လိပ်ရ ကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေမှူး၊ ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေမှူးနှင့် ကျောက်လှေကား ကျေးရွာ အခြေစိုက် အမှတ် (၆) နယ်မြေမှူး၊ အဆိုပါ နယ်မြေများ အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

“ရဲမှူးချုပ် တင်ကိုကိုက -- မင်းတို့ ဘင်္ဂလီတွေ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ RSO နဲ့ အဆက်အသွယ် မလုပ်ဘဲ ဥပဒေ အတိုင်း အေးအေးဆေးဆေး နေကြ၊ ၁၃-၁-၂၀၁၅ မှာ စပြီး စစ်ဆေးသွားမယ့် ဆွဲ၊တင်၊စစ် ကိုလည်း အငြင်းအခုံ မလုပ်ဘဲ စစ်ဆေးခံကြ၊ နိုင်ငံတကာကို အားမကိုးကြနဲ့၊ ဥပဒေကို လိုက်နာကြ၊ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မသုံးကြနဲ့၊ အခု ယာယီကဒ်ကနေ နိုင်ငံသားပြု ကဒ်၊ နောက် နိုင်ငံသားကဒ် ရသွားတော့မယ်။ တကယ်လို့ နိုင်ငံတကာကို အားကိုးပြီး ရိုဟင်ဂျာကို ဆွဲကိုင် ထားရင် ဒုက္ခရောက်မယ်၊ နိုင်ငံတကာက ဘာလုပ်ပေးနိုင်မလဲ၊ ဘာမှ လုပ်မပေးနိုင်ဘူး -- လို့ အစည်းအဝေး ပြောပြီး ခြိမ်းခြောက်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တစ်ချိန်တည်းမှာပင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ တံတားကင်းစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအေးကလည်း အမှတ် (၇) နယ်မြေ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများကို မကျီးချောင်းရှိ အမှတ် (၁၅) စခန်းသို့ ဆင့်ခေါ်၍ ရဲမှူးချုပ် တင်ကိုကို ပြောသည့် အတိုင်း ပြောဆို၍ ခြိမ်းခြောက် ခဲ့ကြောင်း၊ ထို့အပြင် အာဏာပိုင်နှင့် သောင်းကျန်းသူ ခွဲခြားနိုင်ရန် အိမ်ခြံ ဂိတ်ဝတိုင်းတွင် ညလုံးပေါက် မီးထွန်းရမည်ဟု အမိန့် ထုတ်ပြန် ခဲ့ကြောင်း၊ ကျေးရွာရှိ ချမ်းသာသူများ စာရင်း၊ လူဆိုးလူမိုက်များ စာရင်း ပေးရန် တောင်းခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အမှတ် (၇) နယ်မြေ အတွင်းရှိ ကျေးရွာများမှာ သောင်းကျန်းသူ၊ ဓါးပြရန်ကို မကြောက် ရသော်လည်း၊ ရဲမှူး ငြိမ်းချမ်းအေး၏ ရန်ကိုသာ ကြောက်ရကြောင်း၊ ၎င်းသည် သောင်းကျန်းသူ၊ ဓါးပြများထက် ပို၍ ဆိုးသွမ်းနေသူ တစ်ဦး ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဇန်န၀ါရီလ အတွင်းတွင် ယခင် န.စ.က လက်ထက်တွင် ပြုလုပ်ခဲ့သလို ဆွဲ၊တင်၊စစ် ပြုလုပ်၍ နိုင်ငံသား စီစစ်ရေး လုပ်ငန်းများ ပြုလုပ်မည်ဟု အစိုးရ အာဏာပိုင်များက ပြောဆိုလျက် ရှိသော်လည်း၊ လူမျိုးအမည်ကို လွတ်လပ်စွာ ဖော်ပြခွင့် မပေးဘဲ၊ အစိုးရက ချမှတ်ပေးသည့် လူမျိုး အမည် ဘင်္ဂလီကိုသာ ရေးသားခွင့် ပေးမည် ဖြစ်သောကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ မူလဘူတ တိုင်းရင်းသား ရိုဟင်ဂျာ များက လျှောက်ထားမည် မဟုတ်ကြောင်း ဒေသခံ များက ပြောပါသည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ လျှောက်ထားသူ တစ်သောင်းကျော် ရှိသယောင် ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ် ရှိမည် မဟုတ်ကြောင်း၊ မိမိတို့ ရိုဟင်ဂျာများ အနေဖြင့် အစိုးရ၏ လှည့်ကွက်များ အားလုံးကို နားလည်ကြောင်း၊ မြေပုံရှိ ဒုက္ခသည် အချို့မှာ သွားလာခွင့် ရမည်ဟူသော မျှော်လင့်ချက်ဖြင့် လျှောက်ထားခဲ့သော်လည်း နောက်ဆုံးတွင် ဒုက္ခသည်စခန်းမှ အပြင်သို့ ထွက်ခွင့်ပင် မရကြောင်း၊ မိမိတို့ အနေဖြင့် ရိုဟင်ဂျာ လူမျိုး ဖြစ်သည့် အတွက် ရိုဟင်ဂျာ လူမျိုးဟုသည့် အမည်ဖြင့်သာ နိုင်ငံသား လက်မှတ် ကိုင်ဆောင်မည် ဖြစ်ကြောင်း၊ ယခင် န.၀.တ လက်ထက်တွင်လည်း မိမိတို့အား နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးမည်ဟု ဆိုကာ အမျိုးသား မှတ်ပုံတင် ကဒ်ပြားများကို သိမ်းယူ၍ နိုင်ငံသား စီစစ်ရေး ကဒ်ပြားအတွက် လျှောက်လွှာများ တင်ခိုင်းပြီးနောက် အတင်းအဓမ္မ ယာယီ ကဒ်ပြားများ ကိုင်ဆောင် စေခဲ့ကြောင်း၊ အစိုးရမှ မိမိတို့အား မူရင်း ရိုဟင်ဂျာ အမည် အသိအမှတ် မပြုပါက မိမိတို့ အနေဖြင့် မည်သည့် စီစစ်ရေးတွင်မှ ပါဝင်မှာ မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။



9.1.2015

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီ (Ms. Yanghee Lee) ဟာ မြေပုံမြို့ကို ဒီနေ့ သွားရောက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အဲ့ဒီလို တွေ့ဆုံရာမှာ မစ္စရန်ဟီးလီက မြေပုံမြို့နယ် အတွင်း ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝန်း နှစ်ခု သင့်မြတ်ပြီး အတူ ယှဉ်တွဲ နေထိုင်နိုင်ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက် ခဲ့တဲ့ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

"ကျနော်တို့က ဘယ်လို ပြောရမလဲ အခု လက်ရှိ အချိန်မှာ ဘာပဲဖြစ်ဖြစ် ဒုက္ခသည် တွေက ရှိနေ ကြတာပေါ့လေ၊ ဒုက္ခသည် တွေကို ရာသက်ပန် ထားလို့ မဖြစ်ဘူး၊ ဒီလူတွေပါ လူ့အခွင့် အရေး ဆုံးရှုံး နစ်နာ နေတယ်၊ အဲ့ဒါကြောင့် သူတို့ကို လူ့အခွင့် အရေး အရ ဖြစ်စေ၊ လူသားချင်း စာနာမှု အရ ဖြစ်စေ သူတို့ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ပေးပြီးတော့ စုစုမဲ့မဲ့နဲ့ ပြန်လည် နေရာချ ထားမယ့် အပိုင်း တွေကို ဒေသခံ လူတွေက ခွင့်လွှတ် သည်းခံပြီးတော့ အဲ့ဒါကို ပြန်လည်ချထား အကောင် အထည်ဖော် ပေးစေချင်တဲ့ စကားပြောပါတယ်"

ဒါ့အပြင် နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားကြတဲ့ မွတ်စလင်တွေဟာ လူ့အခွင့် အရေးတွေ ဆုံးရှုံးနေပြီး သူတို့ကို လွတ်လပ်စွာ သွားလာ လုပ်ကိုင်ခွင့်တွေ ပေးဖို့ ရန်ဟီးလီ က တိုက်တွန်း ပြောဆို ခဲ့တယ်လို့ သိရပါတယ်။

ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်စလင်တွေ အကြား အတူ ယှဉ်တွဲ နေထိုင်နိုင်ဖို့ အတွက် အချိန် ကာလတစ်ခုကို စောင့်ဆိုင်းဖို့ လိုအပ်တယ်လို့ မြို့ခံတွေက Ms. Yanghee Lee ကို အကြံပြု ပြောဆို ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းဟာ ရခိုင် တိုင်းရင်းသားတွေ လက်မခံနိုင်တဲ့ အမည် ဖြစ်တာကြောင့် မွတ်စလင် အသိုင်းအဝန်းက ရိုဟင်ဂျာကို အသိအမှတ် ပြုဖို့ တောင်းဆို နေသရွေ့ အတူ ယှဉ်တွဲ နေထိုင်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ကိုလည်း Ms. Yanghee Lee ကို ပြောပြ ခဲ့တယ်လို့ သိရပါတယ်။

Ms. Yanghee Lee ဟာ မြေပုံမြို့ တောင်ပေါ် မွတ်စလင် ဒုက္ခသည် စခန်းကို သွားရောက်ပြီး ဒုက္ခသည် တွေနဲ့ တွေ့ဆုံ ခဲ့သလို မနက်ဖြန်မှာ စစ်တွေမြို့နယ် အတွင်းမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

မြေပုံမြို့ကို ရောက်ရှိ လာတဲ့ Ms. Yanghee Lee ကို မြေပုံမြို့ခံ အချို့က ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း ဆိုင်းဘုတ် ကိုင်ဆောင်ပြီး ဆန္ဒပြဖို့ ကြိုးစား ခဲ့ရာမှာ ရဲတပ်ဖွဲ့က တားဆီး ခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ အကြား ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့တယ် လို့လည်း သိရပါတယ်။



RB News
8.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဇော်မတက် ကျေးရွာတွင် အာဏာပိုင်များ၏ ခရိုနီ တစ်စုက ဥပဒေမဲ့ လုပ်ရပ်များဖြင့် သောင်းကျန်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ဇော်မတက် ကျေးရွာ၏ ယခင် ရ.ယ.က ဥက္ကဌဟောင်း ဖြစ်သည့် ဦးဇော်ဟိရ် ဦးဆောင်သည့် အဖွဲ့သည် အာဏာပိုင်များ၏ သြဇာ အရှိန်အ၀ါဖြင့် မိမိတို့ စိတ်ထင်တိုင်း ဥပဒေမဲ့ လုပ်ရပ်များ အဆက်မပြတ် ပြုလုပ် လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ၎င်းသည် ယခင် န.စ.က လက်ထက် ကတည်းက ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ မကြာခဏ ပြုလုပ်ခဲ့ပြီး၊ ယခုအခါ ရာထူး မရှိသော်လည်း အာဏာပိုင်များက အကာအကွယ် ပေးထား သဖြင့် မိမိနှင့် သဘော မတွေ့သူများကို အကြောင်းမဲ့ ဒုက္ခပေးခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ဇန်န၀ါရီလ (၃) ရက်နေ့ ည ၇ နာရီ အချိန်တွင် ဒေါ်ဇူရာဘေဂမ် (ဘ) ဦးအစ္စလာမ်၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ရှင် ဖြစ်သူ ဒေါ်ဇူရာဘေဂမ်ကို ကာအိနြေ္ဒ ပျက်ပြားသည့် အထိ စော်ကားမှုများ ပြုလုပ်ပြီးနောက် ငွေကျပ် တစ်သိန်း ငါးသောင်းနှင့် ရွှေတစ်ကျပ်သား တို့ကို လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ထို့အပြင် ဇန်န၀ါရီလ (၂) ရက်နေ့ကလည်း ဦးရော်ဖိတ် (ဘ) ဦးယာစီးန်ကို ဆွေးနွေးစရာ ရှိသည်ဟု ဆိုကာ ဇော်မတက် (လန်ဘာဂူးနား) ရှိ ဈေးသို့ ခေါ်၍ မောင်တောမြို့မှ ရဲများနှင့် နယ်ခြားစောင့် ရဲများ ခေါ်လာပြီး ရဲများလက်သို့ အပ်နှံခဲ့သည်။ ရဲလက်သို့ အပ်နှံခံရသူ ဦးရော်ဖိတ်သည် အပြစ်မဲ့ တစ်ဦး ဖြစ်သော်လည်း ဥက္ကဌဟောင်း ဦးဇော်ဟိရ်က ၎င်းနှင့် မကြည်ဖြူဟု ဆိုကာ ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ဦးရော်ဖိတ်ကို ရဲများက ခေါ်ဆောင်သွားပြီး မည်သည့် နေရာတွင် ချုပ်နှောင် ထားသည်ကို သေချာ မပြောဘဲ၊ ရဲများက မိသားစုများ မတက်နိုင်သည့် ငွေပမာဏကို တောင်းခံလျက် ရှိကြောင်း သိရှိရပါသည်။

ဦးဇော်ဟိရ် ဦးဆောင်သည့် ငါးဦး အဖွဲ့သည် ကျေးရွာတွင်းတွင် ၎င်းတို့ စိတ်တိုင်းကျ ဖမ်းဆီးမှု၊ လုယက်မှုများ ပြုလုပ်လျက် ရှိသော်လည်း အာဏာပိုင်များက အကာအကွယ် ပေးထားပြီး၊ ကျေးရွာတွင်း ဥပဒေမှာ ဦးဇော်ဟိရ်၏ ပါးစပ်ဖျားတွင် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။



RB News
8.1.2015

စစ်တွေ ။ ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘီလီယံနာ သူဌေးကြီး Open Society Foundations တည်ထောင်သူ Mr. George Soros သည် စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများနှင့် အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများ၊ ဒုက္ခသည် စခန်းများသို့ ရောက်နေကြသည့် ဒုက္ခသည်များနှင့် တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

Open Society Foundations တည်ထောင်သူ Mr. George Soros သည် ယနေ့ ဇန်န၀ါရီလ ၈ ရက်နေ့တွင် စစ်တွေမြို့ရှိ သက္ကေပြင်၊ စက်ရုံစုနှင့် ဒါးပိုင်ရှိ ရိုဟင်ဂျာနှင့် ရခိုင် ဒုက္ခသည် စခန်းများ၏ အခြေအနေ၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာများနှင့် အခြေအနေ များကို သွားရောက် လေ့လာခဲ့သည်။

အောင်မင်္ဂလာ ရပ်ကွက်သို့ နေ့လည် ၃ နာရီ အချိန်တွင် ရောက်ရှိခဲ့ပြီး၊ ၃း၃၀ နာရီ အချိန်ခန့်တွင် ထွက်ခွာ သွားကြောင်း သိရသည်။

“အောင်မင်္ဂလာ ရပ်ကွက်ရဲ့ အခြေအနေ ပြောင်းလဲမှု ရှိ/မရှိ၊ အရင်တုန်းက ရခိုင် တွေနဲ့ အတူ နေခဲ့ခြင်း ရှိ/မရှိ၊ သွားလာ လှုပ်ရှားခွင့် ရှိ/မရှိ၊ စီးပွားရေး လုပ်ငန်း ဘာတွေ လုပ်နေလဲပေါ့။ အဲဒါတွေ မေးပါတယ်။ ကျွန်တော်တို့ ကလည်း အခြေအနေ ပြောင်းလဲမှု မရှိတဲ့ အကြောင်း၊ ယခင်က ရခိုင်တွေနဲ့ အတူ နေခဲ့တဲ့ အကြောင်း၊ အခု သွားလာ လှုပ်ရှားခွင့် လုံးဝ မရှိတဲ့အကြောင်း၊ ဘာစီးပွားရေးမှ မရှိဘဲ ထောက်ပံ့စာ များကို စားနေရတဲ့ အကြောင်း တွေကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဖြေလိုက်ပါတယ်။ ဧည့်သည်တော်ကြီး မစ္စတာ ဂျော့ဆိုးရော့စ် ကတော့ ကျွန်တော်တို့ရဲ့ အခြေအနေ တွေကို သိရပြီး အလွန်ဘဲ စိတ်ထိခိုက် ရတဲ့ အကြောင်း ၀မ်းနည်း စကား ပြောပြီး ထွက်ခွာ သွားတယ်” ဟု အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။

အောင်မင်္ဂလာ ရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာများမှာ တူရကီ နိုင်ငံမှ ထောက်ပံ့သည့် ရိက္ခာများနှင့် စားသောက် နေရသည်ဟု ဆိုသည်။ အဆိုပါ ဒေသခံက “ကျွန်တော်တို့ကို ကမ္ဘာ့ စားနပ်ရိက္ခာ (WFP) က ရိက္ခာ မပေးတော့ဘူး။ ဒုက္ခသည် စခန်း မဟုတ်လို့ မပေးတော့တာလို့ သိရတယ်။ အမှန်တော့လည်း အောင်မင်္ဂလာက ဒုက္ခသည် စခန်း မဟုတ်ဘူး။ ကျွန်တော်တို့က အောင်မင်္ဂလာ ရပ်ကွက်တွင်းမှာ ဒုက္ခသည် ဖြစ်နေတာ။ အစိုးရ အနေနဲ့ ကျွန်တော်တို့ကို ဒီရပ်ကွက် ကနေ ရှင်းချင်တယ်။ အဲဒါကြောင့် WFP ရိက္ခာဖြတ် ခံရတာ။ ရိက္ခာနဲ့ ပတ်သက်ပြီး ဒုက္ခပေါင်းစုံ ရောက်တာနဲ့ ဒုက္ခသည် စခန်းကို ပြောင်း ဆိုတဲ့ စကားတွေ ထွက်လာတယ်။ ကျွန်တော်တို့ ဒီက ထွက်သွားရင် စစ်တွေမြို့ပေါ်မှာ ရိုဟင်ဂျာ ကျန်မှာ မဟုတ်တော့ဘူး။ စနစ်တကျနဲ့ လုပ်တာပေါ့။ အစိုးရက ဘယ်လိုဘဲ စီမံကိန်းဆွဲဆွဲ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာဘဲ နေမှာပါ။” ဟု ပြောပါသည်။

Mr. George Soros သည် စစ်တွေ လေဆိပ်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် သီးသန့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီလ (၆) ရက်နေ့ကလည်း ရန်ကုန်မြို့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ဦးဆောင်သည့် ရိုဟင်ဂျာ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။




RFA မြန်မာပိုင်း
8.1.2015

အမေရိကန် နိုင်ငံ အခြေစိုက် Open society ပွင့်လင်း လူ့ဘောင် ရံပုံငွေ အဖွဲ့ကို တည်ထောင် ထားတဲ့ သန်းကြွယ် သူဌေး ဂျော့ဆိုးရော့နဲ့ ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်တို့ ပြီးခဲ့တဲ့ ဇန်နဝါ ရီလ ၆ ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ် အတွင်း လူမျိုးစုတွေ အတူပူးတွဲနေ ထိုင်နိုင်ရေးနဲ့ ပြည်နယ် ဖွံ့ဖြိုး ရေးကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

ဦးရွှေမောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ် မေးမြန်း ထားပါတယ်။




MYARF
RB News
8.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် နေအိမ် တံခါးများကို ရိုက်ချိုး၍ ၀င်ရောက် စစ်ဆေးခြင်း၊ အပြစ်မဲ့ များကို မတရား ဖမ်းဆီးခြင်းများ ဆက်လက် ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၅) ရက်နေ့ ညသန်းခေါင်ယံ ၁ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ပညောင်ပင်ကြီး ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ မော်လ၀ီ ဦးအနိုဝါရ် (ဘ) ဦးဇာဖော်ရ်နှင့် ဦးနာဆဲရ် တို့၏ နေအိမ် တံခါးများကို ရိုက်ချိုး၍ ၀င်ရောက်ပြီး နေအိမ် အတွင်းရှိ ပစ္စည်းများ အားလုံးကို ရှာဖွေခဲ့သည်။ နေအိမ်များ အတွင်းတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ ရှာဖွေ မတွေ့သည့် အခါ ဘင်္ဂလားဖုန်း လာရောက် ရှာဖွေခြင်း ဖြစ်သည်ဟု ဆိုကာ ပြန်လည် ထွက်ခွာ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇန်န၀ါရီလ (၃) ရက်နေ့ကလည်း ပညောင်ပင်ကြီး ကျေးရွာ အတွင်းသို့ အဆိုပါ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့ ၀င်ရောက်၍ ပုဇွန်ကန် စောင့်နေသည့် ဦးဇီယာဘူရာမန် (ဘ) ဦးဆုလ်တာန်ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးဇီယာဘူရာမန်ကို ဖမ်းဆီး သွားပြီး မည်သည့် နေရာတွင် ချုပ်နှောင် ထားသည်ကို ပြောဆိုခြင်း မရှိသဖြင့် မိသားစုများက အသတ်ခံရပြီလား ဟုဆိုကာ စိုးရိမ် ပူပန်လျက် ရှိနေကြကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရဲမှူး ငြိမ်းချမ်းအေးသည် ၎င်း၏ လက်အောက်ရှိ ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက် နှိပ်စက်၍ ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ကာလရှည်ကြာ ချုပ်နှောင် ထားခြင်း များကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိပြီး၊ ဒေသခံများက အထက် အာဏာပိုင်များကို သတင်းပို့ တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။



8.1.2015

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီးဟာ ခရီးစဉ် ဒုတိယနေ့ ဒီကနေ့ မနက် မှာတော့ အရပ်ဖက် လူမှုအဖွဲ့က ခေါင်းဆောင် ပိုင်းတွေ မြန်မာ့ အရေး လေ့လာသူ တွေနဲ့ တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေကို သွားရောက် ပါတယ်။

ဒီကနေ့ မနက်ပိုင်း တုန်းက ပြည်တွင်းက ထင်ရှားတဲ့ အရပ်ဖက် လူမှု အဖွဲ့ အစည်းက ခေါင်းဆောင်တွေ၊ ပြီးတော့ မြန်မာ အရေး အကဲဖြတ် အချို့ နဲ့ တွေ့ဆုံခဲ့တာမှာတော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကိစ္စ ကို ဦးစားပေးပြီး ဆွေးနွေး ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲက ၂၀၁၅ ရွေးကောက်ပွဲ ပေါ်မှာ မူတည်နေပြီး နိုင်ငံ တကာက စောင့်ကြည့် နေမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးတယ်လို့ ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် က ပြောဆိုခဲ့တယ် လို့လည်း တွေ့ဆုံ ခဲ့သူတွေက ပြောပါတယ်။

အခု ညနေပိုင်း မှာတော့ ရခိုင်ပြည်နယ် စစ်တွေ မြို့မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းကတော့ ရခိုင်ပြည်နယ် အတွင်းက မွတ်စလင် လူနည်းစုတွေ ထဲက အငြင်းပွားစရာ ဖြစ်နေတဲ့ ရိုဟင်ဂျာ အရေးကိစ္စမှာ ဖိအားသိပ်မပေးဖို့ ပြောဆိုမယ့် အကြောင်း ဗွီအိုအေကို ပြောပါတယ်။

လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီလီးရဲ့ အခု ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် ကတော့ ဇန်နဝါရီ လ ၇ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ ဖြစ်ပြီး ရခိုင်ပြည်နယ် နဲ့ ရှမ်း ပြည်မြောက်ပိုင်း အခြေအနေတွေ၊ ပြီးတော့ ပြည်တွင်းက လတ်တလော ဖြစ်နေတဲ့ လူ့အခွင့် အရေး အခြေ အနေ တွေကို လေ့လာ အကဲဖြတ်မှာ ဖြစ်ပါတယ်။



RB News
7.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တပ်ဆွယ်မှူး ဦးညီလေးက ဒေသခံ တစ်ဦးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ ရုံးမှ တပ်ဆွယ်မှူး ဦးညီလေးသည် ဈေးဝယ်နေသည့် သိမ်တောင် ကျေးရွာမှ ဦးအဒူလ်ဟူဆောင်း (ဘ) ဦးအဒူဆော်မောတ် အား အကြောင်းမဲ့ ဖမ်းဆီး၍ ခြောက်ပေါက် ထိပ်တုံးခတ် ထားကာ လူမဆန်စွာ ရိုက်နှက်ပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအဒူလ်ဟူဆောင်းကို ဖမ်းဆီးချိန်တွင် ဦးညီလေးနှင့် အတူ ဦးဆော်လိမ် (ဘ) ဦးမောင်ပုမျာ လည်း အတူပါလာခဲ့ပြီး၊ ပြန်လည် လွှတ်ပေးသည့် အချိန်တွင် ငွေကျပ် နှစ်သိန်း ပေးပါမည်ဟု သိမ်တောင်ရွာမှ ဦးလာလ်မျာ (ဘ) ဦးအဒူလာမျာ က အာမခံ ပေးခဲ့ရကြောင်း သိရှိရပါသည်။

ဦးညီလေးသည် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး၍ ထိပ်တုံးခတ် ရိုက်နှက် နှိပ်စက်ပြီးနောက် ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိပြီး၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် တပ်မမှူးနှင့် ဗျူဟာမှူး တို့က အရေးယူ ဟန့်တား ပေးရန် လိုအပ်ကြောင်း၊ ဥပဒေမဲ့ ပြုလုပ်နေခြင်း များကို အထက် အာဏာပိုင်များက လက်ပိုက်၍ ကြည့်မနေသင့်ကြောင်း ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ် အစိုးရမှ ပေးသည့် သုံးဘီးကားများ (ဓါတ်ပုံ - RB News)

RB News
7.1.2015

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် အသုံးပြုရန် ပြည်နယ် အစိုးရမှ ပေးသည့် သုံးဘီးကား များကို ပြုပြင်ရန် ငွေကျပ် သိန်း ၁၀၀ ခန့်လိုအပ်မည် ဖြစ်ကြောင်း ဒုက္ခသည် စခန်းမှ ပြောကြားချက်များ အရ သိရှိရပါသည်။

စစ်တွေမြို့ရှိ ဒုက္ခသည် စခန်း ၁၂ ခုတွင် ကျောင်းသား/သူများ ကျောင်းသွား/ပြန် သုံးရန်နှင့် အခြားသော ကိစ္စများတွင် သုံးရန် အတွက် ပြည်နယ် အစိုးရက စခန်း တစ်ခုလျှင် သုံးဘီးကား လေးစီးနှုန်းဖြင့် အစီး ၅၀ ခန့် ဇန်န၀ါရီလ (၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ပေးခဲ့ကြောင်း စစ်တွေမြို့တွင် အကြမ်းဖက်ခံရပြီး ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသည့် ဒုက္ခသည် တစ်ဦးက RB News သို့ပြောပါသည်။

“ဒီမှာတော့ ဒေသအခေါ် “တုတ်တုတ်” လို့ခေါ်တာပေါ့။ စခန်း ၁၂ ခုကို ပေးတယ်လို့ သိရတယ်။ စခန်း တစ်ခုကို ၄ စီးနှုန်းနဲ့ အားလုံး အစီး ၅၀ ထုတ်ပေးတယ်။ အစိုးရကျောင်းက သက္ကယ်ပြင်မှာဘဲ ရှိတော့ ကျောင်းသွား၊ ကျောင်းပြန် အတွက် အဓိက ပေးတာပါ။ ဒါပေမယ့် ဒီကားတွေက မော်ဒယ် အရမ်းနိမ့်နေပြီး၊ ကောင်းကောင်းမွန်မွန် မောင်းလို့ ရဖို့ အတွက် ပြင်ရပါမယ်။ တစ်စီးကို အနည်းဆုံး နှစ်သိန်း လောက်လိုပါမယ်။ အဲဒီတော့ အစီး ၅၀ အတွက် သိန်း ၁၀၀ လောက် လိုပါမယ်။ ကျွန်တော်တို့က ဒုက္ခသည်တွေ၊ ၀င်ငွေ ဘာမှ မရှိတော့ ဒါတွေကို ပြုပြင်ဖို့ ဘယ်က ငွေရမလဲ။ အဲဒီတော့ ပြည်နယ် အစိုးရက ကောင်းမွန်တဲ့ အထိ ပြုပြင်ပေးဖို့ တောင်းဆိုပါတယ်။” ဟု ဒုက္ခသည် တစ်ဦးက RB News သို့ပြောပါသည်။

စစ်တွေမြို့သို့ ဇန်န၀ါရီလ (၈) ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဒုတိယ အကြိမ်မြောက် ရောက်ရှိမည် ဖြစ်ပြီး၊ ပထမ အကြိမ်တွင် ရောက်ရှိစဉ်က ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ဒုက္ခသည် စခန်းဟု ပြောဆို သွားခဲ့သည်။ ဒုက္ခသည် စခန်းများ၏ အခြေအနေ တိုးတက်မှုကို လေ့လာ စုံစမ်းရန် လာရောက်သည့် အတွက် Ms. Yanghee Lee အား ပြသရန် သုံးဘီးကား အဟောင်းများကို အမြင်ကောင်းအောင် ပေးခြင်း ဖြစ်သည်ဟု ဒုက္ခသည်များက ဝေဖန် ပြောဆိုလျက် ရှိကြသည်။

ပြည်နယ် အစိုးရ အနေဖြင့် အမှန်တကယ် ကူညီလိုပါက ပြုပြင်ရန် မလိုသည့် ကားများကို ပေးသင့်သည်ဟု ဒုက္ခသည် များက ဆိုသည်။



RB News
7.1.2015

ရန်ကုန် ။ ။ အမေရိကန် ပြည်ထောင်စုမှ ဘီလီယံနာ သူဌေးကြီး၊ Open Society Foundation တည်ထောင်သူ Mr. George Soros နှင့် အဖွဲ့သည် ဇန်န၀ါရီလ (၆) ရက်နေ့ ည ၇ နာရီ အချိန်တွင် ရိုဟင်ဂျာ ကိုယ်စားလှယ် များနှင့် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။


တွေ့ဆုံ ဆွေးနွေးပွဲသို့ Open Society Foundation တည်ထောင်သူ Mr. George Soros နှင့်အတူ ဥက္ကဌ ဖြစ်သူ Mr. Christopher Stone လည်းတက်ရောက် ခဲ့ပြီး၊ ရိုဟင်ဂျာ ကိုယ်စားလှယ်များ အဖြစ် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ ဥက္ကဌ၊ ၁၉၉၀ ခုနှစ် ရွေးချယ်ခံ လွှတ်တော် အမတ်ဟောင်း၊ စီအာရ်ပီပီ အဖွဲ့ဝင်ဟောင်း ဦးကျော်မင်း၊ စစ်တွေမြို့မှ ရိုဟင်ဂျာများ လူ့အခွင့်အရေး ကာကွယ်သူ ဦးကျော်လှအောင်နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ယက် (အာရ်ကာန်) မှ ဒါရိုက်တာ ဒေါ်ဝေေ၀နုတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာ လူမျိုး အသိုင်းအ၀ိုင်း နှစ်ခု ငြိမ်းချမ်းစွာ ပြန်လည် အတူ ယှဉ်တွဲ နေထိုင်နိုင်ရေး အခြေအနေများ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ တရား ဥပဒေ စိုးမိုးမှု၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၊ ရိုဟင်ဂျာများ နိုင်ငံသား ဖြစ်ခွင့် ရရေး အတွက် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ အိုးအိမ်မဲ့ ဖြစ်နေသည့် နှစ်ဖက် အသိုင်းအ၀ိုင်းမှ ဒုက္ခသည်များ အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ကျောင်းသားများ အတွက် ပညာသင်ဆုမျာနှင့် ပတ်သက်သည် များကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် လာရောက်၍ အခြေချသူများ မရှိကြောင်း၊ ၁၈၂၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ဗြိတိန် အစိုးရ၏ ကော်မရှင် ရုံးခွဲမှ ထုတ်ပြန်သည့် အစီရင်ခံစာ အရ အာရ်ကာန် ဒေသတွင် မော့ဂ် (ရခိုင်) ၆၀၀၀၀ နှင့် မွတ်စာလ်မန် (ရိုဟင်ဂျာ) ၃၀၀၀၀ ရှိခဲ့ကြောင်း၊ လူဦးရေ အားဖြင့် နှစ်အချိုးတစ် ရှိခဲ့ကြောင်းကို ယုတ္တိ ဗေဒနှင့် သင်္ချာနည်းကျကျ တွက်ချက်၍ Mr. George Soros ၏ မေးမြန်းချက် များကို ဖြေကြားခဲ့ကြောင်း ဦးရွှေမောင်က ရေးသား ထားသည်။ အစိုးရ၏ ကိန်းဂဏန်းများ အရ ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ လူဦးရေ သုံးသန်းတွင် နှစ်သန်းမှာ ရခိုင်လူမျိုး ဖြစ်ပြီး ကျန်သည့် တစ်သန်းမှာ ရိုဟင်ဂျာ ဖြစ်နေသဖြင့် ၁၈၉ နှစ် ကြာမြင့် သွားသော်လည်း ယခု အချိန်ထိ လူဦးရေ အားဖြင့် နှစ်အချိုးတစ် ဖြစ်နေသည်မှာ အံ့အားသင့် စရာဖြစ်ကြောင်း၊ လူဦးရေ တိုးပွားမှု စံနှုန်းအရ တွက်ချက်လျှင် ရိုဟင်ဂျာ လူဦးရေ ၂.၅ သန်းကျော် ရှိနေမည် ဖြစ်သော်လည်း ပြည်တွင်းတွင် လူဦးရေ ၁.၅ သန်း မျှသာ ရှိပြီး ကျန်သည့် ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကား၊ ကနေဒါ အစရှိသည့် နိုင်ငံများသို့ ပြောင်းရွှေ့ အခြေချ နေထိုင်လျက် ရှိသည့် အတွက် ရခိုင်ဒေသသို့ တရားမ၀င် ၀င်ရောက်လာသူ မရှိဘဲ၊ တရားမ၀င် ထွက်ခွာနေခြင်းသာ ရှိကြောင်း ဦးရွှေမောင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ထားပါသည်။



အင်ကြင်းနိုင်
7.1.2015

ဒီကနေ့ မြန်မာ နိုင်ငံကို ရောက်ရှိ လာမယ့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဒုတိယမြောက် ခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ အစည်းတွေက လူ့အခွင့် အရေး ချိုးဖောက် ခံရတဲ့ ကိစ္စရပ်တွေကို ထိထိ ရောက်ရောက် စုံစမ်း ဖော်ထုတ် နိုင်မယ်လို့ မျှော်လင့်နေ ကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အခု ခရီးစဉ်မှာ ရခိုင်ပြည်နယ် တွင်းမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေ အခြေအနေ တိုးတက်မှု ရှိ မရှိဆိုတာကို သုံးသပ်မှာဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းက လူနည်းစု လူမျိုးတွေရဲ့ လူ့အခွင့်အရေး အခြေအနေ တွေကို လေ့လာ သုံးသပ်မှာ ဖြစ်တယ်လို့ Ms. Yanghee Lee က ပြောပါတယ်။

ပထဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ သူရဲ့အစီရင်ခံစာကို ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ပထမဆုံးအကြိမ် တင်သွင်းခဲ့တာပါ။ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် ဖော်ပြရေးသားနိုင်ခဲ့တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို ကြိုဆိုခဲ့ပါတယ်။ ဒုတိယအကြိမ် ခရီးစဉ်နဲ့ပတ်သက်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့အမြင်ကို အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလို ပြောပါတယ်။

“ဒီနှစ်အကုန်လောက်မှာကျင်းပမယ့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက အလေးထား စောင့်ကြည့်နေချိန်မှာ Ms. Yanghee Lee ရဲ့ အခုခရီးစဉ်ဟာ အချိန်အခါအရ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့အခြေအနေကို သွားရောက်ကြည့်ရှုမယ့် အစီအစဉ်ကလည်း အရေးပါပါတယ်။ ကမ္ဘာပေါ်မှာ နှိပ်စက်ညှဉ်းပမ်းမှုတွေ ရင်ဆိုင်နေရတဲ့ အုပ်စုတွေထဲမှာ ရိုဟင်ဂျာလည်း ပါဝင်ပါတယ်။ ဒါကြောင့် မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ခွဲခြားမှုမရှိဘဲ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ဒုက္ခသည်စခန်းတွေကနေ ပြန်ပြီး နေရာချထားရေး စတာတွေပါဝင်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ သူက ဖိအားပေး တိုက်တွန်းမှာပါ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ ကိစ္စတွေထဲမှာ ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကြား ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဆိုးရွားနေဆဲပဲလို့ Ms. Yanghee Lee က ပြီးခဲ့တဲ့ ဇူလလိုင်လအတွင်း ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒါကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ခွဲခြားဖိနှိပ်ထားတာတွေအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဦးဆောင်တဲ့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစုံစမ်းစစ်ဆေးဖို့ Ms. Yanghee Lee အနေနဲ့ ဆောင်ရွက်ပေးဖို့ မြန်မာရိုဟင်ဂျာအသင်း (လန်ဒန်) ဥက္ကဌ ဦးထွန်းခင်က အခုလို တိုက်တွန်းသွားပါတယ်။

“၂၀၁၂ ကနေစပြီးတော့ ဖြစ်နေတဲ့ဥစ္စာက လူမျိုးတမျိုး ရပ်တည်မှုကို ငြင်းပယ်နေတဲ့ အစားအသောက် ဖြတ်တောက်ပြီးတော့ အသွားအလာ၊ လက်ထပ်ခွင့်၊ ကျောင်းတက်ခွင့် အကုန်ပိတ်ပင်ထားတယ်။ ဒီလိုဟာတခုက နိုင်ငံတကာဥပဒေကို ဆန့်ကျင်တယ်။ ဒီနေရာမှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် လိုအပ်တယ်ဆိုတဲ့ဟာကို ကုလသမဂ္ဂကနေ ဒါကို ထောက်ခံဖို့လိုတယ်လို့ Ms. Yanghee Lee အနေနဲ့လည်း ဒီဟာကို ထပ်ပြီးတော့ တောင်းဆိုဖို့ လိုအပ်တယ်လို့ ကျနော်တို့ ထင်တယ်။ သူ့အနေနဲ့လည်း ရခိုင်ပြည်နယ်ကို ခရီးသွားပြီးတော့ ဖြစ်ပျက်နေတဲ့ အနေအထားအပေါ်မှာ Humanitarian Aid နဲ့ ရိုဟင်ဂျာတွေရဲ့ ဆုံးရှုံးနေတဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးဖို့လိုအပ်တယ်လို့ ကျနော် အဲ့ဒါကို တောင်းဆိုချင်ပါတယ်။”

Ms. Lee ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ပထမတခေါက်တုန်းကလည်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် စတာတွေကို သူ သွားရောက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ကျနော် သိရတယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာဆိုရင် မတရား ဖမ်းဆီးနှိပ်စက်ခံရတဲ့ ဘရန်ရှောင်တို့ကို ကိုယ်တိုင်တွေ့ခဲ့တယ်လို့ ကျနော်တို့ သိရတယ်။ အဲတော့ ဒီတခေါက် သူလာလို့ရှိရင် ဒီလိုဖမ်းဆီးနှိပ်စက်ခြင်းခံရတဲ့ လူတွေရဲ့ အမှုဟာ အခုအချိန်ထိ မပြီးဆုံးသေးတဲ့အတွက် တခုခု ထူးခြားလာလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော့်အနေနဲ့ အထူးမျှော်လင့်တာကတော့ အရင် ကင်တားနားလက်ထက်တုန်းက သဘောတူခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင် ရုံးတရုံး မြန်မာနိုင်ငံမှာ ဖွင့်ဖို့ကိစ္စကို ဆက်လက် ဆောင်ရွက်ဖြစ်အောင် ဒီတခေါက်တော့ သူ ဆောင်ရွက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”

Ms. Lee အနေနဲ့ ကုလသမဂ္ဂမှာ ပထမဆုံးအကြိမ် အစီရင်ခံစာ တင်သွင်းတုန်းကလည်း မြန်မာ့အသွင်ကူးပြောင်းရေးကာလ နောက်ကြောင်းပြန်လှည့်နိုင်တဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် ဖြေရှင်းတာမျိုး မရှိတာကြောင့် တိုးတက်နေတဲ့ ရလဒ်တွေကို ထိခိုက်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုတခေါက် ခရီးစဉ်ကိုတော့ ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက် ကြာမြင့်မှာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဖို့ ကိစ္စတွေ အပါအ၀င် လွှတ်တော်ခေါင်းဆောင်တွေ၊ အာဏာပိုင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။ အခု ခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဒီ ၂၀၁၅ ခုနှစ် ဧပြီလထဲလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။



အောင်ရဲမောင်မောင်
7.1.2015

ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး ဆိုင်ရာ အခြေ အနေ တွေကို လေ့လာဖို့ ဒီကနေ့ပဲ ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။

ရောက်ရောက်ချင်းပဲ ရန်ကုန်မြို့က အင်းစိန်ထောင်ကို သွားပြီး နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ ခဲ့သလို၊ နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက် နေသူတွေနဲ့လည်း ညနေပိုင်းမှာ တွေ့ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်ကို စောင့်ကြည့် သတင်းယူထားတဲ့ ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲ မောင်မောင်က သတင်းပေး ပို့ထား ပါတယ်။

Ms. Yanghee Lee ဟာ အခု ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် အနေနဲ့ ဇန်နဝါရီလ ၇ ရက်နေ့ ကနေ ၁၆ ရက်နေ့ အထိ နေထိုင်မှာ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း အခြေအနေတွေ၊ ပြီးတော့ ပြည်တွင်းက လတ်တလော ဖြစ်နေတဲ့ လူ့အခွင့် အရေး အခြေ အနေတွေကို လေ့လာ အကဲဖြတ်မှာလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်ထောင်ကို မနက်ပိုင်းကသွားရောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာတော့ ကုလသမဂ္ဂရုံးမှာ တွေ့ဆုံသင့်တဲ့ သူတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့မနက်ကတော့ အင်းစိန်ထောင်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသား ၆ ဦးလောက်နဲ့ တွေ့ပါတယ်။ ထောင်ထဲမှာ နည်းနည်းကြည့်ပြီးတော့ ရုံးကို ပြန်လာခဲ့ပါတယ်။ ရုံးမှာလည်း အချို့အဖွဲ့တွေနဲ့ တွေ့ပါတယ်။ အကြမ်းအားဖြင့်တော့ ရှေ့နေများအဖွဲ့က သူတွေနဲ့ တွေ့ပါတယ်။ နောက် မိချောင်းကန် ကိစ္စမှာ ပါဝင်လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ပါတယ်။ အခြား INGO တွေနဲ့လည်း တွေ့ပါတယ်။ ကုလသမဂ္ဂရုံးက အကြီးအကဲတွေနဲ့လည်း တွေ့ပါတယ်ခင်ဗျာ။”

နိုင်ငံရေးအကျဉ်းသားအရေး ကူညီသူတွေနဲ့ Ms. Yanghee Lee တွေ့ဆုံချိန်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS က ဦးရဲအောင်က သူ့နဲ့ တွေ့ဆုံဖြစ်ချိန်မှာ ပြောဆိုခဲ့တာတွေကို အခုလို ပြန်ပြောပြပါတယ်။

“နိုင်ငံရေး အကျဉ်းသား ကိစ္စပါပဲ။ နံပါတ် ၁ ကတော့ ထောင်ထဲမှာ ရှိတဲ့ ကျနော်တို့ သတ်မှတ် ထားတဲ့ နိုင်ငံရေး အကျဉ်းသား အရေ အတွက်တွေ အကြောင်းပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးပါတယ်။ နောက် ကျနော်တို့ နိုင်ငံရေး အကျဉ်းသား ဘယ်လို သတ်မှတ်လဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း ပြောပြဆွေးနွေးတာ ရှိပါတယ်။ ဒုတိယတခုကတော့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီတုန်းက ဘယ်လိုတွေ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးတခုကတော့ အခုလက်ရှိပေါ့ နိုင်ငံရေး အကျဉ်းသား ရေးရာကော်မတီ ဖွဲ့တဲ့ကိစ္စ ဒီကိစ္စကိုလည်း မေးပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ကလည်း ကျနော်တို့ သိတာလေးကို ပြောပြပါတယ်ခင်ဗျ။ အဓိကကတော့ ဆွေးနွေးတယ် ဆိုတာထက် တချို့ဟာလေးတွေကတော့ သူသိချင်တဲ့ Information လေးတွေပေါ့လေ။”

မနက်ဖြန်မှာဆိုရင်တော့ Ms. Yanghee Lee ဟာ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်တယ်လို့ ဦးအေးဝင်း က ပြောပါတယ်။

“မနက်ဖြန်ကတော့ ရန်ကုန်မှာ တချို့ အစည်း အဝေး လေးတွေ ရှိပါတယ်။ ပြီးရင်တော့ ကျနော်တို့ စစ်တွေ သွားကြ ပါလိမ့်မယ်။ ရန်ကုန် ပြန်လာပါမယ်။ စစ်တွေမှာတော့ ညအိပ်ပါမယ်။”

Ms. Yanghee Lee ရဲ့ ပထမ ခရီးစဉ်တုန်း ကလည်း ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပြီး သူ မြင်တွေ့ဖူးသမျှ ဒုက္ခသည် စခန်းတွေထဲမှာ အခြေအနေ အဆိုးဆုံးထဲမှာ ပါဝင်တယ်လို့ ပြောဆိုခဲ့တာပါ။

မကြခဏဆိုသလို တိုက်ပွဲတွေ ပြန်ပြန်ဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေတွေကိုလည်း သူ့အနေနဲ့ သွားရောက်ပြီးတော့ လေ့လာမှာဖြစ်သလို၊ ဒေသခံ ပြည်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေသလဲဆိုတာကို Ms. Yanghee Lee က သူ့ရဲ့ခရီးစဉ်ထဲမှာ ထည့်သွင်းပြီး လေ့လာမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဒုတိယမြောက်ခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် စုံစမ်း ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြတာပါ။

ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက် ကြာမြင့်မယ့် သူ့ရဲ့ခရီးစဉ်မှာ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဖို့ ကိစ္စတွေ အပါအ၀င် လွှတ်တော်ခေါင်းဆောင်တွေ၊ အာဏာပိုင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။ အခုခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဒီ ၂၀၁၅ ခုနှစ် ဧပြီလထဲလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းမှာလည်း ဖြစ်ပါတယ်။



RB News
6.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်မြေမှူး တစ်ဦး ဖြစ်သော ရဲမှူး သိန်းထွန်းကျော်က ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရဲမှူး သိန်းထွန်းကျော်နှင့် အဖွဲ့သည် ၂၀၁၄ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘူးသီးတောင် မြို့နယ် အထက်ကျွဲကြိုမော် ကျေးရွာ အုပ်စု၊ ကာဒီရွာမှ ဦးကာဒီဟူဆောင်းကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ရာ၊ သေလုမျောပါး ဖြစ်ခဲ့ရပြီး၊ ဘူးသီးတောင် မြို့ပေါ်သို့ လာရောက်၍ ဆေးကုသမှု ခံယူခဲ့ရသည်။ ထိုသို့ လူမဆန်စွာ ရိုက်နှက်ခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာသို့ တိုင်တန်းပါက အသေသတ်ပစ်မည်ဟု ရဲမှူး သိန်းထွန်းကျော်က ခြိမ်းခြောက် ခဲ့ပြီး၊ ငွေကျပ် ၃ သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲမှူး သိန်းထွန်းကျော်သည် တပ်မတော်တွင် ဗိုလ်ကြီး အဆင့်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ရဲမှူး အဆင့်ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကြောင်း၊ လောဘ အလွန်ကြီးသလို၊ ဒေါသကြီးသူ တစ်ဦးလည်း ဖြစ်ကြောင်း၊ အထက် အရာရှိ၊ လက်အောက်ငယ်သား များကိုလည်း အမြဲ မချေမငံ ပြောဆိုသူ ဖြစ်ကြောင်း အမည် မဖော်လိုသည့် နယ်ခြားစောင့် ရဲတစ်ဦးက ပြောပါသည်။

၎င်း၏ တာဝန်မှာ နယ်မြေတွင်း လုံခြုံရေးနှင့် ပြည်သူများကို စောင့်ရှောက်ရန် ဖြစ်သော်လည်း ပြည်သူများကို နေ့စဉ်နှင့် အမျှ ဒုက္ခပေးလျက် ရှိပြီး၊ ရရှိထားသည့် ရာထူးနှင့် သြဇာ အာဏာကို အလွဲသုံးစား ပြုလုပ်၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ဆိုသည်။ ရဲမှူး သိန်းထွန်းကျော်နှင့် ပတ်သက်၍ ဒေသခံများက တပ်ရင်းမှူး ထံတိုင်ကြား ထားကြောင်း၊ သို့သော်လည်း နေ့စဉ် အဆက် မပြတ် ဥပဒေမဲ့ ပြုလုပ်နေခြင်း များကို အမြန်ဆုံး အရေးယူ ဟန့်တား ပေးရန် ပြည်ထောင်စု အစိုးရနှင့် ပြည်ထဲရေး ၀န်ကြီး တို့ကို တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။

ဌေးလွင်ဦး
RB News
6.1.2015

မြန်မာနိုင်ငံ၏ ပထမဆုံး ပြည့်ရှင်မင်းမှာ အနော်ရထာ ဖြစ်သည်ဟု အစဉ် နားလည် ထားမှုကြောင့် အနော်ရထာ မတိုင်မှီက ပုဂံပြည် (ပေါက်ကံပြည်) မရှိခဲ့ဟုလို့-၊ မြန်မာ လူမျိုးပင် မရှိခဲ့ ဟုလို့ နားလည်မှု လွဲမှားသည်ထိ ဖြစ်လာ ခဲ့ရသည်မှာ လက်တွေ့ပင် ဖြစ်တော့သည်။

အစဉ်အလာ ပြောဆို မိန့်မှာ သင်ရိုးတို့၏ အလွဲမှာ နောက်မျိုးဆက် အတွက် ဦးနှောက်မှိုင်း တိုက်ခံ ရသည်သာ ဖြစ်လေသည်။

အလားတူပင် ရိုဟင်ဂျာ လူမျိုးတို့၏ သမိုင်းအား လိုက်လေသမျှသော လူကြီးလူငယ်များမှာ ၎င်းတို့၏ လူမျိုးအစ သင်္ဘောပျက်မှ ဟုလို့ နားလည်မှုမှာလည်း ကြီးစွာသော လွဲမှားမှုသာ ဖြစ်နေသည်ကို တွေ့ရသည်။ ရိုဟင်ဂျာ လူမျိုး သမိုင်းနှင့် စပ်လျဉ်း၍ သင်္ဘောပျက် ဇတ်လမ်းအား ကျွန်ုပ် ၁၀ တန်းအောင်ပြီးနှစ် ၁၉၈၆ ခုနှစ်မှပင် စတင် ကြားဖူးခဲ့သည်။ ထိုစဉ်က ဟုတ်ချင် ဟုတ်မည်ဟုသာ ခံစားမိခဲ့ပြီး ရိုဟင်ဂျာ လူမျိုးတို့၏ သမိုင်းအား စိတ်ဝင်တစား မလေ့လာမိခဲ့ပေ။

နောက်ပိုင်းတွင်မှ လေ့လာမိသော အခါ- ထိုသမိုင်းသည် ကြီးစွာလွဲမှားသော သမိုင်းရင်းမြစ် ဖြစ်နေကြောင်းကို တွေ့ရတော့သည်။ လွဲမှားသည်ဟူသော အချက်အား ကျွန်ုပ်အနေဖြင့် ယုတ္တိမဲ့ ပြောဆိုခြင်း မဟုတ်ပေ။ အေဒီ ၇ - ၈ ရာစုလောက်တွင် အာရဗ် သင်္ဘောတစ်စင်းသည် ရမ်းဗြဲကျွန်း ရှိ လေးတောင်ရွာ အနီးတွင် ပျက်၏။ ထိုမှ အာရဗ် သင်္ဘောသား များနှင့် ဒေသခံ ရခိုင် အမျိုးသမီးများ စုံဖက်၏။ ထိုမှ ကပြား လူမျိုးများ မွေးဖွားလာ၏- ဟူသည်မှာ ဖြစ်နိုင်ချေ ရှိသော်လည်း-၊ ထိုဖြစ်တည် လာသော လူမျိုးဟူသည်မှာ ယခု ရိုဟင်ဂျာ ဟုခေါ်သော လူမျိုး လုံးဝ မဖြစ်နိုင်ပါ။

အဘယ်ကြောင့် ဆိုသော်- အကယ်၍ ရိုဟင်ဂျာတို့သည် အာရဗ်ကပြားများ ဖြစ်လေလျှင်-၊ ဖခင်ဘက်အား လိုက်၍ အာရဗ် စကားကို ပြောဆိုသည့် လူမျိုး ဖြစ်ရမည်၊ သို့မဟုတ် မိခင်ဘက်အား လိုက်၍ ရခိုင် စကားပြော လူမျိုး ဖြစ်ရပေမည်။ သို့မဟုတ် အာရဗ်နှင့် ရခိုင် ကြား ကပြား ဘာသာ စကား တစ်ရပ်ကို ပြောဆို ရပေလိမ့်မည်။ ယခုမူ ထိုသို့ အလျဉ်း မဟုတ်--၊ ရိုဟင်ဂျာ တို့တွင် ယနေ့တိုင် ကိုယ်ပိုင် ဘာသာစကား ရှိနေပြီး ထိုစကားမှာ ရခိုင် ရှေးဦး ဘုရင်များ၏ ကျောက်စာပါ စကားများ ဖြစ်နေခြင်းပင်။

အစ္စလာမ် သာသနာပြု များကြောင့် အစ္စလာမ် သာသနာသို့ ကူးပြောင်း လာခဲ့သည့် အတွက် ဘာသာရေး ဆိုင်ရာ အသုံးအနှုန်းများတွင်သာ ကုရ်အာန်သုံး အာရ်ဗီ ဝေါဟာရများ ပါဝင်နေခြင်းမှ အပ- အခြားသော ဘာသာစကား အများစုမှာ ရှေးအကျဆုံး မြန်မာ့ လူမျိုးတို့ ပြောဆိုခဲ့သည့် ပါဠိ ဝေါဟာရ များသာ ဖြစ်သည်။

ထို့ကြောင့် ရိုဟင်ဂျာ လူမျိုး၏ မူလဇစ်မြစ် သဘာဝအား လိုက်လျှင် ပင်လယ် သမုဒ္ဒရာအား ကျော်ဖြတ်လျက် တိုင်းခြားမြေခြား အာရဗ်တို့၏ နောက်သို့ လိုက်နေမည့် အစား- အမှန် စင်စစ် အနီးစပ် ဆုံးသော ရခိုင်မြေတွင်သာ ရှာဖွေဖေါ်ထုတ် ရမည်သာ ဖြစ်တော့သည်။

ရခိုင်ကျောက်စာ များအရ သော်လည်းကောင်း၊ ရခိုင် မင်းဆက်တို့၏ အမည်နာမ ရိုးရာ ဓလေ့များ အရသော်လည်း ကောင်း ရိုဟင်ဂျာတို့သည် ရှေးဦးဗမာတို့ ရခိုင်မြေသို့ မရောက်မှီကပင် ရခိုင်မြေတွင် အခြေချပြီးသား လူမျိုးစု ဖြစ်ကြောင်း ကျွန်ုပ်အနေဖြင့် မြောက်များစွာ ဖေါ်ထုတ်တင်ပြပြီး ဖြစ်သည့် အပြင်- ကမ္ဘာ့ ပညာရှင်များမှ ထိုအချက်အား စနစ်တကျ လေ့လာလျှက် ဟုတ်မှန်ကြောင်း သက်သေတည်ပြီး ဖြစ်နေခဲ့လေပြီ။

ဤနေရာတွင် တင်ပြလိုသည်မှာ- ရိုဟင်ဂျာ တို့သည် ရခိုင်မြေ၏ မည်သည့် အရပ်ထိ ပျံ့နှံ့ အခြေချ နေထိုင်ခဲ့ကြ သနည်း ဟူသည်ပင်-။ အမှန်သော်ကား ရိုဟင်ဂျာတို့၏ မျိုးနွယ်များမှာ နီပေါလ် ဘက်မှ တစ်ဆင့် အာသံ မဏိပူရဘက်မှ ဆင်းသက်လာ သော လူမျိုးနွယ်စု ဖြစ်၍ စစ်တကောင်း တောင်တန်း၏ အရှေ့ဘက် အခြမ်းတွင် နေထိုင် အခြေချသူများ ဖြစ်ကြသည်။ သို့သော် ကာလဒေသနှင့် အချုပ်အခြာ သတ်မှတ် ပိုင်စိုးမှု အလျှောက် ယခုရခိုင်ဒေသဟု ခေါ်တွင်သော မြေဒေသတွင် နေထိုင်အခြေချခဲ့သော လူမျိုးစုမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဟု သတ်ခေါ်တွင်ကာ ရခိုင်မြေမှ အနောက်ဘက်သို့ ယွန်းသော ဒေသတွင် နေထိုင်သည့် လူမျိုးစုအား အာနီကြာ ဟု ရှေးနှစ်ပေါင်း ပဋိစ္ဒေမှပင် ခွဲခြားသတ်မှတ်ခဲ့လေသည်။ (ရှမ်း၊ လော၊ ထိုင်း လူမျိုးများကဲ့သို့ အနွယ်တူသော်လည်း ကိုယ်မြေဖြင့်ကိုယ် သတ်မှတ်ခွဲခြားပြီး ဖြစ်ခဲ့သည်- ကို ယှဉ်တွဲနားလည်စေလိုသည်။)

ရခိုင်ဒေသသို့ ရှေးဦး မြန်မာ လူမျိုးနွယ်များ ရောက်ရှိလာခဲ့ပြီး အေဒီ ၉ ရာစုနောက်ပိုင်းတွင် ရှေးဦးမြန်မာလူမျိုး ဖြစ်သည့် မော့ဂ်ခေါ် (ရခိုင်သား) တို့က သြဇာ လွှမ်းမိုးသွားခဲ့သော်လည်း လူမျိုးနှစ်စု၏ ထိပ်ဆိုင် ပဋိပက္ခမှာ ကြီးထွားမှု မရှိခဲ့ပေ။ ထိုမျှသာမက ရခိုင်ဒေသအတွင်း အခြေချနေထိုင်ကြသော ချင်း၊ လင်း၊ ခမွီး၊ မြို စသည့် မည်သည့် လူမျိုးနှင့်မျှ- လူမျိုးတုံး သတ်ဖြတ်သည်ထိ ရန်လိုမုန်းထားခြင်း ရှိခဲ့ကြောင်း သမိုင်းနောက်ခံ မတွေ့ရ ပေ။ ထိုစဉ်က ရခိုင်ဒေသသား အားလုံး ဗမာ တို့၏ ရန်အား ကာကွယ်ရန် လည်းကောင်း၊ ဘင်္ဂလားတို့၏ ရန်အား တုံ့ပြန်ရန် လည်းကောင်း ညီညွတ်ခဲ့ဟန်သည်။ ပြည်ပ ရန်အား ကာကွယ်နေရသူတို့ သဘာဝ ပြည်တွင်း ပြဿနာအား မကြီးထွားရစေရန် ထိန်းသိမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သမိုင်းစဉ်ဆက် အတူနေထိုင်ခဲ့သော လူမျိုးများ၏ အကြားတွင် မမျှော်လင့်သော ပြဿနာကြီး တစ်ခုမှာ ၁၉၄၂ ခုနှစ်တွင်မှ စတည်ခဲ့ခြင်း ဖြစ်ပြီး- ကမ္ဘာနှင့် အ၀န်း ကိုလိုနီနိုင်ငံများ အမျိုးသားရေးစိတ် ထကြွလာခြင်းကြောင့် ဟု သုံးသပ်နိုင်သည်။ လူမျိုးကြီး လူမျိုးငယ်ကြား ပြဿနာ၊ ဘာသာ တရား ကိုးကွယ်ရာ အုပ်စု မတူညီမှုကြောင့် ခွဲခြားခြင်း ပြဿနာ- တို့မှ ကမ္ဘာနှင့်အ၀ှမ်း ဖြစ်တည်ခဲ့ပြီး ထိုပယောဂမှာ မြန်မာနိုင်ငံသို့ပါ ထိုးဖောက်ခြေကုပ်ယူခဲ့ ခြင်းဖြစ်သည်။

အခြားသော နိုင်ငံအများတွင် ထိုရောဂါဆိုးအား ပြန်လည် ကုစားနိုင်ခဲ့သော်လည်း- ဒုတိယ ကမ္ဘာစစ်မတိုင်မှီ ဖြစ်တည်နေသည့် ဂျပန်တို့၏ အမျိုးသားရေးဝါဒ အစွဲ စစ်ပညာကို သင်ယူခဲ့သော မြန်မာ့ တပ်မတော်မှ မြန်မာနိုင်ငံအား စဉ်ဆက်မပြတ် အုပ်ချုပ်သွားသော အခါ- မြန်မာနိုင်ငံတွင် ထိုလူမျိုးရေး ဘာသာရေး ပြဿနာ ကြီးမှာ နှစ်ရှည်လများ ကုရခက်သော အနာဆိုးကြီး သဖွယ် လှိုက်စားလျက် ရှိနေတော့သည်။ (အကယ်၍သာ ယခုခေတ် ဂျပန်တို့၏ စိတ်နေစိတ်ထားဖြင့် စစ်ပညာအား သင်ယူခဲ့ရလျှင် ထိုမျှ ဆိုးနိုင်ဖွယ် အကြောင်း မရှိနိုင်ပေ။) တနည်းအားဖြင့် စိတ်နေစိတ်ထား သင်ရိုးညွှန်းတမ်း အဟောင်းအတိုင်း ဆက်လျှောက်နေမိခြင်း ကြောင့်ဟု သုံးသပ်နိုင်သည်။

ရိုဟင်ဂျာတို့၏ ပျံ့နှံ့မှုမှာ မေယုဒေသမှ ရမ်းဗြဲကျွန်းထိ ရှိခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် မတိုင်မှီထိ လူမျိုးရေး ဘာသာရေး ပြသနာ မရှိခဲ့ သဖြင့် မိမိလူမျိုးဟူသော ရပ်တည်ချက် တစ်ခုပေါ်တွင် ရိုဟင်ဂျာတို့ အဖြေထုတ် ရပ် တည်ခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၄၂ နှစ် လူမျိုးရေး ပြဿနာနှင့် ဖိနှိပ်ခံလိုက်ရမှုကြောင့်သာ ရိုဟင်ဂျာ ဟူသော ရပ်တည်ချက်ဖြင့် ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်လေသည်။

သို့တိုင် ရိုဟင်ဂျာ လူနည်းစုနေထိုင်သော ရမ်းဗြဲကျွန်းရှိ ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ တို့မှ ရိုဟင်ဂျာများ အနေဖြင့် ဘေးအန္တရာယ်များကို ကြောက်ရွံ့ရလျှက် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ မျိုးနွယ်မှ ဖြစ် သည်ဟု ထုတ်ဖေါ်ပြောဆိုရဲခြင်း အလျဉ်းမရှိခဲ့ပေ။

သင်္ဘောပျက်ဇတ်လမ်းအား ဖက်တွယ်လျက် အာရဗ်- ရခိုင်ကပြားလိုလို မအူမလည် ရပ်တည်ခဲ့ရသည်သာ ဖြစ်တော့သည်။ ရံဖန်ရံခါ သူတို့ကိုယ်သူတို့ ရခိုင် အစ္စလာမ် ဟုလည်း ရပ်တည်ခဲ့မှုများ ရှိခဲ့သည်။

ကျွန်ုပ် ကျောက်နီမော်ရွာတွင် လနှင့်ချီ၍ တည်းခိုနေထိုင်ခဲ့ဖူးသည်။ ကျောက်နီမော်ရွာသို့ ရောက်မှ ကမန် လူမျိုးဟူသော အစ္စလာမ် သာသနာဝင်တို့အား စတင် တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ ကျောက်နီမော် တစ်ရွာလုံးတွင် ကမန်ဟု ခံယူသော အိမ် လေးအိမ်မျှသာ တွေ့ရပြီး- ၎င်းတို့မှာ ကျောက်နီမော် ကျောက်ထရံရှိ လူများနှင့် ရုပ်ရည်၊ ဓလေ့ ကွဲပြားနေသည်မှာ ထင်ရှားပေါ်လွှင်လှပေသည်။ လူတို့သဘာဝ ခွဲခြားမှု ရှိသည်နှင့်အညီ ကမန် တို့နှင့် ကျောက်နီမော်၊ ကျောက်ထရံ ရွာသားများကြားတွင်လည်း လူမျိုးမတူဟူသော အစွဲဖြင့် ခွဲခြားမှု ရှိနေ ကြောင်းလည်း မျက်ဝါးထင်ထင် မြင်ခဲ့တွေ့ခဲ့ရသည်။

ခေတ်ကာလ စနစ်ဆိုးအား ကာကွယ်လိုသည့် သဘောဖြင့် ဖြစ်စေ၊ အရှေ့သား အနောက်သား ခွဲခြားလိုသည့် စိတ်ဖြင့် ဖြစ်စေ- ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ ပိုက်ဆိပ်တို့မှ လူများက "ငါတို့သည် ရိုဟင်ဂျာ လူမျိုးမှ မဟုတ်" ဟု ကြွေးကြော်လေလျှင် ထိုသို့ ကြွေးကြော်ရင့်ကျူးမှုမှာ သမိုင်းမှားအား ကျူလွန်ခြင်းသာ ဖြစ်ပေမည်။

ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ ရှိ လူမျိုး၏ ဘာသာစကားမှာ ရခိုင်စကား လုံးဝ မဟုတ်ပေ။ ဓလေ့ စရိုက်မှ အစ ရခိုင်လူမျိုးနှင့် ကွဲပြားလျက် ရှိနေသည်။ သို့ဖြစ်၍- ပိုးဟပ်အား အမြှီးတပ်လျှင်လည်း အိမ်မြှောင် မဖြစ်နိုင် သကဲ့သို့၊ အိမ်မြှောင်အား အမြှီးဖြတ်လျှင်လည်း ပိုးဟပ် မဖြစ်နိုင်ပေ။ ထိုဒေသရှိ လူတို့ ပြောဆို သုံးစွဲ နေသော ဘာသာစကားမှာ မြောက်ပိုင်း ရိုဟင်ဂျာများနှင့် အသံအနည်းငယ်သာ ၀ဲသော- ဘာသာ စကားတူပင် ဖြစ်သည်။ ယနေ့ ရခိုင်လူမျိုးများသည်လည်း မြောက်ပိုင်း စစ်တွေဘက်မှ ပြောသော အသံနှင့် တောင်ပိုင်း ရမ်းဗြဲ တောင်ကုတ်တို့မှ ပြောသော အသံမှာ အကြီးအကျယ် ကွဲပြားလျက် ရှိနေသည်။ သို့သော် အသံသာ ကွဲလျက် (အနည်း အကျဉ်းသော အခေါ်အဝေါ်သည်သာ ကွဲလျက်) ဘာသာစကား အတူတူပင် ဖြစ်လေသည်။

ဒေသစွဲ၊ နေရာစွဲ အမျိုးစွဲများကြောင့် လူမျိုးစု တစ်စု အတွင်း စည်းလုံးညီညွတ်မှုများ မယုတ်လျှော့သင့်ပေ။ မိမိတို့အား ဖိနှိပ်နေသည့် လူမျိုးအား ကြောက်ရွံ့သောကြောင့်လည်း အချင်းချင်း သွေးမကွဲသင့်ပေ။

အကယ်၍ ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူမှ လူမျိုးစုသည် မိမိကိုယ်မိမိ ရိုဟင်ဂျာ ဟု မခံယူဘဲ ရခိုင် လူမျိုးဟု ခံယူလျှင် ရခိုင်လူမျိုးတို့မှ ကြည်ဖြူပါမည်လော-၊ စဉ်းစားသင့်သည်။ ကျွန်ုပ်ပြောနိုင်သည်မှာ- ဝေးလာမှ ဝေးပါလိမ့်မည်။ သို့ဖြစ်နေသည်ကို သိနေပါလျက် မိမိလူမျိုး၏ အစစ်အမှန်အား မထုတ်ဖေါ်ရဲလျှင်လည်း အချိန် ကာလ အလျောက် နှုတ်ဆိတ်၍သာ နေသင့်ပြီး- ရိုဟင်ဂျာ လူမျိုး မဟုတ်ဟု အတင်း ခြံခုန် မထွက်သင့်ပေ။

ယခုအခါ- ရိုဟင်ဂျာ လူမျိုးစု ဆိုသည်မှာ ကမ္ဘာ့ ကုလသမဂ္ဂမှ တရားဝင် အသိအမှတ် ပြုထားသော ကမ္ဘာပေါ်တွင် တစ်ခုတည်း ရှိသည့် လူမျိုးစု ဖြစ်နေလေပြီ။ ရိုဟင်ဂျာတို့အား မတရားသဖြင့် ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ စော်ကားမှုတို့အား ကာကွယ်စောင့်ရှောက်ရန် ကုလသမဂ္ဂမှ အတည်ပြု ဆုံးဖြတ်ပြီးလည်း ဖြစ်နေခဲ့လေပြီ။ ထိုအခြေအနေ မျိုးတွင်မှ ခြံခုန်ထွက်လိုသူတို့သည် - အမျိုးသား သစ္စာဖေါက်များသာ ဖြစ်ရပေလိမ့်မယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



ဗွီအိုအေမြန်မာပိုင်း
5.1.2015

မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာ နိုင်ငံတွင်း ရခိုင် ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းက လူ့အခွင့် အရေး အခြေ အနေကို သုံးသပ် လေ့လာဖို့ အတွက် အခုလာမယ့် ဇန်န၀ါရီ ၇ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် တွင်းမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေ အခြေ အနေ တိုးတက်မှု ရှိမရှိ ဆိုတာကို သုံးသပ်မှာ ဖြစ်သလို ရှမ်းပြည် မြောက်ပိုင်းက လူနည်းစု လူမျိုးတွေရဲ့ လူ့အခွင့် အရေး အခြေ အနေ တွေကို လေ့လာ သုံးသပ်ဖို့ လာရောက်မှာ ဖြစ်တယ်လို့ Ms. Yanhee Lee က ပြောဆိုတဲ့ အကြောင်း ကုလ သမဂ္ဂက သတင်း ထုတ်ပြန် ပါတယ်။ ခရီးစဉ် အတွင်း မှာပဲ ရခိုင် ပြည်နယ်တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ ဆောင်ရွက်မှု တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ ရှိပြီး လူမှု အသိုင်း အဝိုင်းတွေ အကြား တင်းမာမှု ပဋိပက္ခ တွေနဲ့ ပတ်သက်လို့ အဲဒီ လူမှု အသိုင်း အဝိုင်း အကြီး အကဲ တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အပေါ်မှာ လိင်ပိုင်း ဆိုင်ရာ စော်ကား အကြမ်းဖက်မှု တွေနဲ့ ပတ်သက် လို့လည်း ပြောဆို ဆွေးနွေး သွားမယ်လို့ Ms. Yanhee Lee က ပြောပါ တယ်။ ဒါ့အပြင် လူမျိုး ဘာသာ ကာကွယ်ဖို့ ဆိုတဲ့ မျိုးစောင့် ဥပဒေ မူကြမ်း လေးရပ် အပေါ်မှာလည်း ဒါဟာ နိုင်ငံ တကာ လူ့အခွင့် အရေး စံနှုန်း စံထားတွေနဲ့ မပြည့်တဲ့ အချက်တွေ အပေါ်မှာလည်း အလေးပေး ဆွေးနွေးဖို့ ရှိပါတယ်။ ဒီ ဥပဒေကြမ်း တွေကို အတည်ပြု လိုက်မယ် ဆိုရင် ဒါဟာ လူနည်းစု ဘာသာ ဝင်တွေ၊ လူနည်းစု လူမျိုးတွေ အပေါ် ခွဲခြား ဆက်ဆံမှု ဖြစ်လာစေနဲ့ အမျိုးသမီးတွေ အပေါ် ခွဲခြား ဆက်ဆံမှု ဖြစ်လာစေ နိုင်တာမို့ ဒီအပေါ်မှာ အထူးပဲ စိုးရိမ် မကင်း ရှိနေတယ် လို့လည်း Ms. Yanhee Lee က ပြောတဲ့ အကြောင်း ကုလ သမဂ္ဂက ထုတ်ပြန် ပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက်ကြာမယ့် မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာပဲ အခြားသော လူ့အခွင့် အရေး ဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စ၊ လာမယ့် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတဖို့ ကိစ္စတွေ အပေါ် အာဏာပိုင်တွေ အရပ်ဖက် လူမှု အဖွဲ့ အစည်း တွေနဲ့ တွေ့ဆုံ သွားဖို့လည်း ရှိပါတယ်။ အခု ခရီးစဉ်က တွေ့ရှိချက်တွေ ကိုတော့ ဒီ ၂၀၁၅ ခုနှစ် ဧပြီလထဲ လုပ်မယ့် ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို အခု တခေါက် ဆိုရင် ဒုတိယ အကြိမ်မြောက် လာရောက်မှာ ဖြစ်ပါတယ်။



RB News
4.1.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာတွင် နယ်ခြားစောင့် ရဲကင်းစခန်း ဆောက်ရန် အတွက် ပုဇွန်ကန် လုပ်ငန်း လုပ်ကိုင်သူ များထံမှ ငွေကျပ် ၁၀ သိန်း ကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ ဒီဇင်ဘာလ (၃၁) ရက်နေ့က မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုကွပ်ကဲရေးမှူးသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာသို့ ရောက်ရှိလာပြီး ဓါးပြရန် ကာကွယ်ရန် အတွက် ကင်းစခန်း တစ်ခု ဆောက်လုပ်ရမည်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်း ကောက်ခံ ပေးရန် ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို မှာကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကင်းစခန်းဆောက်ရန် နိုင်ငံတော် ဘဏ္ဍာမှ သုံးစွဲရမည် ဖြစ်သော်လည်း ဒေသတွင်း စီးပွားရေး မပြေမလည် ဖြစ်နေသည့် ဒေသခံများကို တမင် ၀န်ထိုးဝန်ပိုး ဖြစ်အောင် ပြုလုပ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ငွေကျပ် ၁၀ သိန်းကို ပြူးမချောင်း အနီးတ၀ိုက်တွင် ပုဇွန်ကန် လုပ်ငန်းဖြင့် လုပ်ကိုင် စားသောက် အသက်မွေးဝမ်းကျောင်း ပြုနေသူများထံမှ ကောက်ခံခဲ့သည်ဟု ဆိုသည်။ ငွေပေးရသည့် ပုဇွန်ကန် ပိုင်ရှင်များမှာလည်း စီးပွားရေး ချောင်လည် နေသူများ မဟုတ်ကြောင်း သိရှိရသည်။ လွန်ခဲ့သည့် နှစ်လခန့်ကလည်း ရေမြောင်း တံတားဆောက် ရမည်ဟုဆိုကာ ဆင်းရဲသည့် ဒေသခံ များထံ ငွေကျပ် ၃ သိန်း ကောက်ခံ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



RB News
3.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် ခြေမြန် တပ်ရင်း ၅၅၂ မှ ဗိုလ်မှူး ဆွေနီဌေး ဦးဆောင်သည့် အဖွဲ့သည် မိကျောင်းဈေး ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၂၄ ဦးထံမှ ငွေကျပ် ၂၂ သိန်းကျော် ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အခြေစိုက် ခြေမြန် တပ်ရင်း ၅၅၂ မှ ဗိုလ်မှူး ဆွေနီဌေး ဦးဆောင်၍၊ တပ်ရေး တာဝန်ခံ ရဲထွန်းလှိုင်၊ တပ်ကြပ် ကျော်နိုင်ဦးနှင့် ၎င်းတို့၏ အကူ ဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးအက်ရာမ် တို့သည် မိကျောင်းဈေး ကျေးရွာ အုပ်စု၊ ဘိုကြီးချောင်း ကျေးရွာ အပြစ်မဲ့ ဒေသခံ ၂၄ ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ခြိမ်းခြောက်၍ ငွေကျပ် ၂၂ သိန်း ၃ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဒေသခံ (၂၄) ဦးထံမှ ငွေများကို ၂၀၁၄ ဒီဇင်ဘာလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့ အတွင်း ညှစ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ငွေညှစ်ခံရသည့် ဒေသခံများမှာ --

(၁) ဦးအဒူရော်ကိမ်း (ဘ) ဦးဘော်ဒီရာမန် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း)
(၂) ဦးဆော်ယာဒ်နူရ် (ဘ) ဦးအာဘူလူဆောင်း (ညှစ်ခံရသည့်ငွေကျပ် ၅ သောင်း)
(၃) ဦးမာမတ်ရှုရိဖ် (ဘ) ဦးဆွေတူဆောင်း (ညှစ်ခံရသည့်ငွေကျပ် ၄ သောင်း)
(၄) ဦးမာမတ်ရှုရိဖ် (ဘ) ဦးရှော်ဘိရ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၂ သိန်း ၅ သောင်း)
(၅) ဦးနူရ်မာမတ် (ဘ) ဦးမုစ်တာခ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၇ သောင်း)
(၆) ဦးကမာလ်အူဒင် (ဘ) ဦးမာမတ်အီနုစ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၅ သောင်း)
(၇) ဦးမာမတ်ရီယာစ် (ဘ) ဦးအာဘူလ်ကာဆိမ်း (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၉ သောင်း)
(၈) ဦးမာမတ်တူဟာ (ဘ) ဦးဟာလဲစ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၄ သောင်း)
(၉) ဒေါ်ဟာကီမာလီ (ဘ) ဦးရှုနာလီ (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၅ သောင်း)
(၁၀) ဦးအဘူဆူဖီယာန် (ဘ) ဦးယာကုပ်မာမတ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း)
(၁၁) ဦးမာမတ်တော်ယုဖ် (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၂) ဦးအဒူဂေါ်ဖော်ရ် (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၃) ဦးမာမတ်အာယုဖ် (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၄) ဦးဇော်ကော်ရီယာ (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၅) ဦးဆူဂုတ်အာလမ် (ဘ) ဦးအီနုစ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၆) ဦးဟာဖီးဇ်အာမတ် (ဘ) ဦးအဒူကာဒဲရ် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၇) ဦးမာမတ်ဆော်လာမ် (ဘ) ဦးဇော်မိရ်ဟူဆန် (ညှစ်ခံရသည့်ငွေကျပ် ၃ သောင်း)
(၁၈) ဦးဆော်လီမူလ္လာ (ဘ) ဦးအဒူဂေါ်ဖော်ရ် (ညှစ်ခံရသည့်ငွေကျပ် ၂ သိန်း ၅ သောင်း)
(၁၉) ဦးကာလူ (ဘ) ဦးအလီအာဘောရ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း)
(၂၀) ဦးဆာဒဲခ်ဟူဆန် (ဘ) ဦးအဘူဆူဖီယန် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း)
(၂၁) ဦးမာမတ်ရီယာစ် (ဘ) ဦးအဘူလ်ကာဆိမ်း (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၈ သောင်း)
(၂၂) ဦးအီဆုပ် (ဘ) ဦးကာဆိမ်း (ညှစ်ခံရသည့်ငွေကျပ် ၂ သောင်း ၅ ထောင်)
(၂၃) ဦးဘော်ဒီရောန် (ဘ) ဦးအဒူရှကူရ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း ၂ သောင်း ၅ ထောင်)
(၂၄) ဦးဇာဖော်ရ် (ဘ) ဦးဖေရုစ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၁ သိန်း) -- တို့ဖြစ်ကြောင်း သိရှိရပါသည်။



MYARF
RB News
3.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင် ကျေးရွာရှိ နယ်ခြားစောင့် ရဲများက သ၀င်ချောင်းနှင့် သင်္ဘောကွေး ကျေးရွာများရှိ ဒေသခံ ရိုဟင်ဂျာ များကို အာဏာပိုင်များနှင့် နားလည်မှု ယူ၍ ဓါးပြတိုက် နေသည့် ဓါးပြများနှင့် ဆက်သွယ် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ ဒီဇင်ဘာလ ၂၄ ရက်နေ့က မောင်တောမြို့နယ် သ၀င်ချောင်း ကျေးရွာ အတွင်းသို့ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများ ၀င်ရောက် လာပြီး၊ အာဏာပိုင်များနှင့် နားလည်မှု ယူ၍ ဓါးပြ တိုက်နေသည့် အဒူလ်ဟာကိမ်းနှင့် အဖွဲ့နှင့် ဆက်သွယ်၍ ကူညီနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဒေသခံ ရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီး၍ အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားခဲ့ပြီး (၄) ရက်တိတိ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ၎င်းတို့ (၅) ဦးထံမှ ငွေကျပ် ၁၃ သိန်း ညှစ်ယူ၍ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီး ရိုက်နှက်ခံရပြီးနောက် ငွေညှစ်ခံရသည့် သ၀င်ချောင်းမှ ဒေသခံ ရိုဟင်ဂျာ (၅) ဦးမှာ --

(၁) ဒေါ်ရာဘီခါတူ (ဘ) ဦးမူဇဲရ် (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း)
(၂) ဦးမာမတ်နာဇီရ် (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၅၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း)
(၃) ဦးအာမာန်အုလ္လာ (ဘ) ဦးအာမီးန်အုလ္လာ - (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း)
(၄) ဦးရော်ဘီစ်အာမတ် (ဘ) ဦးအိုလာမျာ - (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း)
(၅) မော်လ၀ီ ဆော်ဒူ (ဘ) မော်လ၀ီ ဦးအဒူရာမန် - (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း) -- တို့ ဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ကပင် ဘင်္ဘောကွေး ကျေးရွာ အတွင်းသို့လည်း နယ်ခြားစောင့် ရဲများ ၀င်ရောက်ပြီး၊ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို ဓါးပြများနှင့် ဆက်သွယ် နေသည်ဟု လုပ်ကြံ စွပ်စွဲပြီး ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၆ သိန်း ၇ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

သင်္ဘောကွေးမှ ရိုက်နှက် ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ကိုမာမတ်ကာဆိမ်း (ဘ) ဦးဟာမိဒုလ္လာ (အသက် ၂၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၅ သောင်း)
(၂) ဦးဟာရှိမ်းအုလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၅၀ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း)
(၃) ဦးဆွေယာဒူလ္လာ (ဘ) ဦးနာဇိရ်အာမတ် (အသက် ၄၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၇ သောင်း) -- တို့ဖြစ်သည်။

မောင်တောမြို့နယ် အတွင်း ယခင် န.စ.က လက်ထက်ကတည်းက ဓါးပြဗိုလ် အဒူလ်ဟာကိမ်းနှင့် အဖွဲ့ကို တရားဝင် ဓါးပြများကဲ့သို့ ထားရှိခဲ့ပြီး၊ ယခု အချိန်ထိ မကြာမကြာ ဓါးပြတိုက်မှုများ ပြုလုပ်လျက် ရှိသော်လည်း၊ အာဏာပိုင်များက အမှန်တကယ် ဓါးပြများကို ဖမ်းဆီးခြင်း မပြုလုပ်ဘဲ၊ အပြစ်မဲ့ ဒေသခံများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်း များသာ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။



MYARF
RB News
3.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်တောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့် ရဲများက ရိုက်နှက်၍ ဘင်္ဂလား ဖုန်းသုံးနေသည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် ကျားခေါင်တောင်း ကျေးရွာမှ အေနာမုလ်ဟောက် (ဘ) ဦးဖွေယာဇုလ်ဟောက် (အသက် ၂၃ နှစ်) သည် တဖက်နိုင်ငံမှ ပြန်လာစဉ် ငါးခူရ ကျေးရွာ အုပ်စု၊ ခိုင်ဖာရာ၏ မြောက်ဘက်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲများက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။ ၎င်း၏ ပစ္စည်းများထဲတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မပါရှိခဲ့သော်လည်း၊ အိတ်ထဲတွင် ဖုန်းအားသွင်းသည့် ကြိုးတစ်ကြိုး ပါရှိခဲ့ကြောင်း သိရှိရသည်။ ရဲများက အဆိုပါ ဖုန်းအားကြိုး ပါရှိသည်ကို ဘင်္ဂလား ဖုန်းပါသည်ဟု စွပ်စွဲ၍ ငါးခူရရှိ နယ်မြေရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် အေနာမုလ်ဟောက်ကို ရဲများက ရိုက်နှက် နှိပ်စက်ပြီး ဘင်္ဂလား ဖုန်းသုံးနေသည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းပြီး တစ်ရက် တိတိ ချုပ်နှောင် ထားကာ ငွေကျပ် နှစ်သိန်း ညှစ်ယူပြီး ဇန်န၀ါရီလ (၁) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော် တပ်ရင်းများ၊ ဌာန ဆိုင်ရာများ ကိုယ်တိုင် ဘင်္ဂလား ဖုန်းကို ပေါ်ပေါ်တင်တင် တရားဝင် သုံးစွဲလျက် ရှိပြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်များ သုံးစွဲလျက် ရှိသော ဒေသခံ ရိုဟင်ဂျာ များကို အာဏာပိုင်များက ဘင်္ဂလား ဖုန်းများ သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက် ငွေညှစ်ခြင်းများ နေ့စဉ်များ အဆက် မပြတ် ပြုလုပ်လျက် ရှိသည်။ အာဏာပိုင်များ၏ ဥပဒေမဲ့ လုပ်ရပ်များကို ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရသို့ တိုင်စာများ အကြိမ်ကြိမ် ပို့၍ တိုင်ကြားလျက် ရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။




ငါတို့ သန္နိဌာန်

ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
3.1.2015

နှစ်​သစ်​ဝင်​၍ (၃)ရက်​​မြောက်​ဟာ
ရိုဟင်​ဂျာတို့ရဲ့ အမျိုးသား​နေ့ပါ ...
နေ့ထူး​နေ့မြတ်​ အခမ်းအနား
ချုပ်​ချယ်​မှုလှိုင်း ထန်​​နေတဲ့ကြားက
အစဉ်​မပျက်​ တို့​တွေကျင်းပ ...။

ခမ်းခမ်းနားနား မဖြစ်​ခဲ့လည်း
ရည်​ရွယ်​ချက်​က ထည်​ထည်​ဝါဝါ ...
ရောက်​​နေရတဲ့ ကျွန်​ဘဝက
လွှတ်​​မြောက်​ဖို့ရာ ဝိုင်းဝန်းကြံဆ ...။

လူအလွှာစုံ တက်​တက်​ကြွကြွ
ပါဝင်​ဆင်​နွှဲ ​ဆွေး​နွေးချိန်​ခါ
သန္နိဌာန်​​တွေ အခိုင်​အမာ
ချမှတ်​နိုင်​တာ ဂုဏ်​ယူစရာ ...။

ညှဉ်းပန်းဖိနှိပ်​ ခွဲခြားဆက်​ဆံ
ခံရလွန်းလို့ ​ခြေကုန်​လက်​ပန်း
ဒုက္ခသံသရာ ဤဘဝက
အပြီးအပိုင်​ ကျွတ်​နိုင်​ခြင်းငှာ
အမျိုးသားမာန်​ ဝိညာဉ်​ထဲသို့
ကိုယ်​စီသွင်းလို့ အား​တွေဖွားကြ ...။

အမာရွတ်နှင့် စိတ်နှလုံးရှင်များ
မတူအတွေး တစ်ကိုယ်အတ္တ
ဆက်မထားဘဲ ဘေးဖယ်ထားကြ ...။

မှေးမှိန်​သွားတဲ့ စိတ်​ဓာတ်​ခွန်​အား
ဤ​နေ့မြတ်ကို အစွဲပြု၍
ဝင်းဝင်းလက်​လက်​ ထွန်း​ပြောင်​ဖို့ရာ
အာဇာနည်​စိတ်​ ဖန်​တီးယူကြ ...။

စိတ်​ဝမ်းကွဲစိတ်​ ခန္ဓာထဲက
တစ်​စက်​မကျန်​ အပြီးဖယ်​ရှား ...
မေတ္တာမျှလို့ တစ်​စိတ်​ပမာ
တူရာစိတ်​ဖြင့်​ ရင်​ချင်းထိကြ ...။

ပန်းတိုင်​တည်​ရာ ခရီးလမ်းမှာ
ငရဲမင်းပမာ အုပ်​ချုပ်​သူများက
နှိပ်​စက်​မှုဖြင့်​ ကာဆီး​နေကာ
ခေါင်းငုံ့မခံ မယိုင်​​ခြေလှမ်း
ဇာတိပြင်းစိတ်​ နှလုံးသွင်းလို့
ချီတက်​ဖို့ရာ သစ္စာဆိုကြ ...။

ဘုံပန်းတိုင်သို့ တူတူလျှောက်ချိန်
တရားမျှတမှု ဥ​ပေက္ခာပြုခံရတဲ့ခါ
အ​မှောင်​ရင့်​လို့ လမ်း​တွေ​ပျောက်​သွားလည်း
မျှော်​လင့်​ချက်​မပျက်​ မာန်​ခဲဝင့်​လျက်
ရိုဟင်​ဂျာများရဲ့ အခွင့်​အ​ရေးရတနာ
တိုက်​ပွဲဝင်​၍ အရယူသွားမှာ
အမျိုးသား​နေ့ရဲ့ ထူးခြားတဲ့သန္နိဌာန်​ပါ ...။

* ၂၀၁၅ ခုနှစ်​ ဇန်​နဝါရီလ (၃)ရက်​​နေ့တွင်​ ကျ​ရောက်​​သော ရိုဟင်​ဂျာ အမျိုးသား​နေ့ကို ဂုဏ်​ပြု၍ ​ရေးသားခြင်း ဖြစ်​ပါသည်​။



ကျောက်ဆောင်မှသည် သဲသောင်ဆီသို့ 

ရေးသားသူ - ရိုဟင်စိုးမိုးဝင်း
RB ကဗျာ
2.1.2015

ရိုဟင်ဂျာတွေ့ 
လှိုင်းထန်နေတဲ့ ပင်လယ်ပြင်ဝယ် 
နောက်ပြန်မလှည့်ပါရစေနဲ့ 
ကျောက်ဆောင်မှသည် သဲသောင်ဆီသို့ 
သက်တမ်းတိုတို ရှိုက်သံပြင်းနဲ့ 
ရှည်လျားခရီး ရွက်လွင့်နေပြီ 
လောင်စာကုန်ငြား တက်ကျိုးလည်းပဲ 
နိမိတ်ပုံလှ ထုဆစ်နေတာ 
အံ့မခန်းဖွယ် လေးစားစရာ။

ရိုဟင်ဂျာတွေ့ 
လှိုင်းဒဏ်လေဒဏ် ခံနိုင်လူသား 
လွတ်လပ်ခြင်းရဲ့ လေပြည်တွေနဲ့ 
အနာဂတ်ကို ဝပြောချင်တာ 
ငြိမ်းချမ်းမှုရဲ့ အနမ်းတွေနဲ့ 
ဒဏ္ဍာရီဇာတ်လမ်းခင်းဖို့သာ 
နောက်ဆုံးထွက်သက်ထိကြိုနေတာ 
အဖြူထည်နှလုံးသားတွေနဲ့ 
ပဲ့ကိုင်မှုက အားကျစရာ။




၂၀၁၅ ရဲ့ ရှေ့တော်ပြေး ကောက်ကြောင်းများ 

ရိုဟင်စိုးမိုးဝင်း (MYARF)
RB News
1.1.2015

ကျွန်ပ်မှာ အာဏာတကယ်ရှိခဲ့လျှင့့် 
အားအင်ချည့်နဲ့တဲ့ လူသားမျိုးနွယ်စုကို 
ရက်ရက်စက်စက် သတ်ဖြတ်ရန် ကြံစည်မိမှာ မဟုတ်ပါ။ 

ကျွန်ုပ်မှာ ငွေတကယ်ရှိခဲ့လျှင့့် 
ဒုက္ခသည်စခန်းမှာနေရတဲ့ သက်ရှိလူသားတွေကို 
မလှူဘဲ တစ်ကိုယ်တည်းသုံးစွဲရန် ကြံစည်မိမှာ မဟုတ်ပါ။ 

ကျွန်ုပ်မှာ ပညာတကယ်ရှိခဲ့လျှင့့် 
ပညာသင်ခွင့်မရတဲ့ ဆင်းရဲသားကလေးတွေကိုေ
ကျောခိုင်းသွားပြီး မိမိဘဝတောက်ပြောင်အောင် ကြံစည်မိမှာ မဟုတ်ပါ။ 

ကျွန်ုပ်မှာ အဝတ်အစားကောင်းတွေတကယ်ရှိခဲ့လျှင့့် 
တာလပတ်အမိုးအောက်နေရတဲ့ ဝတ်လစ်စလစ်ကလေးတွေကို 
မဝတ်ဆင်စေဘဲ မိမိစမတ်ကျအောင် ကြံစည်မိမှာ မဟုတ်ပါ။ 

ကျွန်ုပ်မှာ ရေသန့်ဗူးတကယ်ရှိခဲ့လျှင့့် 
သန့်ရှင်းသောက်သုံးရေမရတဲ့ ဒုက္ခသည်စခန်းရှိလူတွေကို 
အငတ်ပြေအောင်မတိုက်ဘဲ မိမိငတ်ပြေအောင် ကြံစည်မိမှာ မဟုတ်ပါ။ 

ကျွန်ုပ်မှာ နားတကယ်ရှိခဲ့လျှင့့် 
မိမိလုပ်ရပ်တွေကိုဘဝင်မကျတဲ့ ဘေးလူရဲ့ပြောစကားတွေကို 
နားမစွင့်ဘဲ မိမိအာသာပြေအောင် ကြံစည်မိမှာ မဟုတ်ပါ။ 

ကျွန်ုပ်မှာ မီဒီယာတကယ်ရှိခဲ့ရင့့်
ငြိမ်းချမ်းမှုမရနိုင်တဲ့ အမုန်းတရားတွေကို 
မစူးစမ်းမဆင်ခြင်ဘဲ ဝါဒဖြန့်အောင် ကြံစည်မိမှာ မဟုတ်ပါ။



RB News
1.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အငတ်ဘေးဖြင့် ကြုံတွေ့ နေရသည့် ဒေသခံ ရိုဟင်ဂျာ ၁၁ ဦးသည် လုပ်ကိုင် စားသောက်နိုင်ရန် အခွင့်လမ်း ရရှိရေး အတွက် ဘူးသီးတောင် မြို့သို့ လာစဉ် ဖမ်းဆီးခံရပြီး၊ ၎င်းတို့ကို ဘူးသီးတောင် မြို့နယ် တရားရုံးမှ နှစ်ရှည် ထောင်ဒဏ် ချမှတ် လိုက်ကြောင်း သတင်း ရရှိပါသည်။

ကျောက်တော်မြို့နယ်တွင် လုပ်ကိုင် စားသောက်ခွင့် မရ၊ သွားလာခွင့် မရ၊ ဆေးကုသခွင့် မရဘဲ အမိုးပွင့် အကျဉ်းထောင် ထဲမှ အကျဉ်းသား ဘ၀ ဖြစ်နေ၍ အလုပ်အကိုင် အခွင့်လမ်း ရမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ကျောက်တော်မှ ဒေသခံ ရိုဟင်ဂျာ ၁၁ ဦးသည် တောတောင် များကို လေးရက်ကြာမျှ ဖြတ်၍ ဘူးသီးတောင် မြို့နယ် ကင်းတောင် ကျေးရွာသို့ ရောက်ရှိစဉ် ၂၀၁၄ နိုဝင်ဘာလ ၂၅ ရက်နေ့က အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။

ဘူးသီးတောင် မြို့နယ်ရှိ တရားရုံးက ယနေ့ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးခံရသူ ၁၁ ဦးအနက် ၉ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီနှင့် ကျန်နှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရသူ များထဲတွင် အသက် (၈၀) နှစ် အရွယ် မော်လ၀ီ နူရ်ဘော်ရှော်ရ်နှင့် အသက် (၇၈) နှစ် အရွယ် ဦးနူရ်မာမတ် တို့လည်း ပါဝင်ကြောင်း သိရှိရပါသည်။ ၎င်းတို့ကို မြို့နယ် ဖြတ်ကျော်မှုဖြင့် တရားစွဲဆို၍ ထောင်ချ လိုက်ခြင်း ဖြစ်ပြီး၊ ရှေ့နေ ငှားရမ်းခွင့် မရခဲ့ဟု ဆိုသည်။

ဘူးသီးတောင် မြို့နယ် တရားရုံးမှ တရားသူကြီးသည် လူမျိုး ဘာသာ ခွဲခြား၍ အစ္စလာမ် ဘာသာဝင် များကို ပြစ်ဒဏ် ချမှတ်ရာတွင် ဥပဒေထက် မိမိ၏ အမုန်းတရားကို ဦးစားပေးပြီး စီရင်ချက်များ များစွာ ချမှတ်ခဲ့ခြင်း ရှိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းမှာ မတရားသဖြင့် ချမှတ်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ ပြည်ထောင်စု အစိုးရမှ ဘူးသီးတောင် မြို့နယ်၏ တရားစီရင်မှုကို သေချာ စီစစ်ရန် လိုအပ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Rohingya Exodus