နောက်ဆုံးသတင်း/ဆောင်းပါးများ



ကိုဘခက်
RB News
29.1.2015

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ဌာနချုပ် (န.စ.က) ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့တွင် ဖျက်သိမ်း ခဲ့သည်။ န.စ.က ကို စတင် ဖွဲ့စည်းပြီး မကြာမီတွင် စာအမှတ် နစက/၅၆/ဦး ၄ ဖြင့် ယာယီ ဒေသန္တရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ဖြင့် ဘင်္ဂါလီ [န.စ.က အသုံးအနှုန်း] လူဦးရေ ထိန်းချုပ်မှု ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ခဲ့ပြီး၊ လူဦးရေ ထိန်းချုပ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ အဖြစ် လက်ထပ်ခွင့်ပြုမိန့် ယူစေခြင်း၊ ရှောင်တခင် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မွေးတိုး ဆောင်ရွက် ပေးခြင်း၊ သေဆုံး ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းများတွင် ပြောင်းဝင်/ထွက်များ ဆောင်ရွက်ပေးခြင်းနှင့် ဆွဲ၊တင်၊စစ် လုပ်ငန်း ဆောင်ရွက်မှု တို့ကို ဆောင်ရွက် ခဲ့သည်။ ဆွဲ၊တင်၊စစ် နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် အလို့ငှာ အောက်ပါ အတိုင်း တင်ပြ အပ်ပါသည်။

(က) ဆွဲ (မြေပုံရေးဆွဲခြင်း)

(၁) ရပ်ကွက် မြေပုံ အညွန်း
(၂) ကျေးရွာ မြေပုံ အညွန်း
(၃) ကျေးရွာ အုပ်စု မြေပုံ အညွန်း

(ခ) တင် (အဆောက်အဦ မှတ်တမ်းတင်ခြင်း)

(၁) ကျေးရွာ အညွန်း မြေပုံတွင် အဆောက်အဦများ မှတ်တမ်းတင်ခြင်း
(၂) အဆောက်အဦ အမှတ်စဉ်များ ရေးထိုးခြင်း
(၃) အဆောက်အဦ စာရင်းဇယားများ ပြုစု ဆောင်ရွက်ခြင်း

(ဂ) စစ် (အိမ်ထောင်စု လူဦးရေ စာရင်းများ စစ်ဆေးခြင်း)

(၁) ပြောင်းဝင်/ထွက်၊ မွေးဖွား၊ သေဆုံး အချက်အလက်များ စီစစ်ခြင်း
(၂) အိမ်ထောင်စု လူဦးရေ ဆိုင်ရာ အချက်အလက်များ ဆောင်ရွက်ခြင်း
(၃) ခိုးဝင်/ထွက် နေထိုင်သူများ စစ်ဆးခြင်း၊ စည်းကမ်းနှင့် မညီညွတ်ဘဲ ကျေးရွာများ အတွင်း လာရောက် နေထိုင်သူများ ရှိ/မရှိ စစ်ဆေးခြင်း
(၄) တဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက် နေထိုင်သူများ ရှိ/မရှိ စစ်ဆေးခြင်း
(၅) တဖက်နိုင်ငံသို့ တရားမ၀င် ထွက်ခွာသူများအား ဖော်ထုတ် မှတ်တမ်းတင်ခြင်း
(၆) ဒေသန္တရ အမိန့် ဖောက်ဖျက် ကျူးလွန်သူများအား မတရားမ၀င် နေထိုင်သူများ စာရင်း ရေးသွင်း၍ သီးခြား မှတ်တမ်းတင်ခြင်း

(ဃ) မိသားစု ဓါတ်ပုံ ရိုက်ကူးခြင်း

(၁) စစ်ဆေးမည့် ကျေးရွာ အတွင်းရှိ အိမ်ထောင်စု များအား မိသားစု ဓါတ်ပုံနှင့် တိုက်ဆိုင် စစ်ဆေး၍ လူဦးရေ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးရန်
(၂) စစ်ဆေးမည့် ကျေးရွာတွင် ရုံးလက်ခံ အိမ်ထောင်စုနှင့် ကာယကံရှင် အိမ်ထောင်စု တိုက်ဆိုင် စစ်ဆေးရန်
(၃) မိသားစု ဓါတ်ပုံ ရိုက်ကူးရာတွင် အိမ်ထောင်စု လူဦးရေ စာရင်းပါ အမည်အတိုင်း အစဉ်လိုက် ဓါတ်ပုံ ရိုက်စေပြီး၊ အိမ်ထောင် ဦးစီးမှ ဆိုင်းဘုတ် ကိုင်ပြီး ကျန်မိသားစုဝင် များမှ အစဉ်အတိုင်း ရပ်၍ ဓါတ်ပုံ ရိုက်စေရန်နှင့် ဓါတ်ပုံ နောက်ကျောဘက်တွင် အစဉ်အတိုင်း အမည်များ ရေးသားရန်
(၄) မိသားစု ဓါတ်ပုံ ရိုက်ကူးခြင်းအား တစ်အိမ်တက် တစ်အိမ်ဆင်း ရိုက်ကူးခြင်းထက် စုရပ် တစ်ခုတွင် စု၍ မှတ်တမ်း ဓါတ်ပုံ ရိုက်ပါက အချိန်ကုန် သက်သာပြီး၊ ရ.ယ.က နှင့် ကျေးရွာသားများ ရှေ့တွင် ဓါတ်ပုံ ရိုက်ခြင်းကြောင့် လူစားထိုးပါက ရ.ယ.က မှ ချက်ချင်း သိရှိနိုင်ရန်
(၅) လူစားထိုး ဓါတ်ပုံ ရိုက်သည်ဟု သံသယရှိပါက အိမ်ထောင်စုဝင် ကလေးများနှင့် အသက်နှိုင်းယှဉ် ကြည့်ခြင်း၊ ရုပ်ရည် နှိုင်းယှဉ်ကြည့်ခြင်း၊ လသား အရွယ် ကလေးငယ်များ ဖြစ်ပါက မိခင်အား နို့တိုက်စေခြင်း၊ မိသားစုဝင် အတွင်းမှ ငယ်ရွယ်သော ကလေးများအား သီးခြား ခေါ်ယူ၍ မေးမြန်းခြင်း တို့ဖြင့် သိရှိနိုင်မည် ဖြစ်သည်ဟု န.စ.က ၏ လုပ်ထုံးလုပ်နည်းတွင် ဖော်ပြပါရှိသည်။

န.စ.က အား ဖျက်သိမ်းပြီး နောက်ပိုင်းတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဆုံးဖြတ်ချက်များ အရ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် ရခိုင်ပြည်နယ် အနောက်ဘက် ဒေသ နိုင်ငံခြားသားများ မတရား ၀င်ရောက်မှု ကာကွယ် တားဆီးရေး (မ.က.ဖ) အဖွဲ့တို့ဖြင့် ပူးပေါင်း ဖွဲ့စည်းခဲ့သည်။ နယ်ခြားဒေသ အုပ်ချုပ်မှု အာဏာ သက်ရောက်မှု ရှိစေရေး အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မ.က.ဖ ၏ လုပ်ငန်း တာဝန်များကိုလည်း (၁) လူဝင်မှု ကြီးကြပ်ရေး (၂) တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုများ တားဆီး နှိမ်နင်းရေးနှင့် (၃) အမျိုးသား မှတ်ပုံတင်ရေး တို့ဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တာဝန်များကိုလည်း --

(၁) တရားမ၀င် ခိုးဝင်၊ ခိုးထွက်မှုမှ ကာကွယ် တားဆီးရေး
(၂) တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်း ခိုးသွင်း၊ ခိုးထုတ်ခြင်းမှ ကာကွယ် တားဆီးရေး
(၃) တရား ဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး
(၄) စစ်ဘက်ရေးရာ လုံခြုံရေး သတင်းများ စုဆောင်း တင်ပြရေး
(၅) နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး
(၆) နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားများကို ထိခိုက်လာမည့် အန္တရာယ်မှ ကြိုတင် ကာကွယ် စောင့်ရှောက်ရေး တို့ဖြစ်သည်ဟု သိရှိရသည်။

န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်းတွင် ယာယီ ဒေသန္တရ အမိန့်သည် အလိုအလျောက် ပျက်ပြယ် သွားပြီး ဖြစ်သည်။ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ဆောင်ရွက်နေသော ဆွဲ၊တင်၊စစ် လုပ်ငန်းသည် ၎င်းတို့အား လုပ်ဆောင်ရန် အာဏာ အပ်နှင်းခြင်း မရှိဘဲ ပြုလုပ်နေသည်ကို အထက်ပါ တာဝန်နှင့် လုပ်ငန်းများကို ကြည့်ခြင်း အားဖြင့် သိရှိနိုင်ပါသည်။ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် အရာရှိ၊ အရာခံ၊ အကြပ် တပ်သားများ၏ ဆွဲ၊တင်၊စစ် လုပ်ငန်း ဆောင်ရွက်ရန် ရိုဟင်ဂျာ များအား အတင်းအကြပ် ခြိမ်းခြောက် လုပ်ဆောင် နေခြင်းများသည် “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်” ဟူသည့် အတွေးအခေါ် အယူအဆသာ ဖြစ်ပြီး၊ ယနေ့ မျက်မှောက်ခေတ် Globalization ကမ္ဘာ့ရွာခေတ်တွင် ဤအယူအဆသည် ခေတ်နောက်ပြန် ဆွဲနေသော အယူအဆ ဖြစ်၍ မည်သူကမျှ လက်ခံလိမ့်မည် မဟုတ်ပါ။

ဒုတိယ ကမ္ဘာစစ် မတိုင်မှီက လူမျိုးကြီး ၀ါဒ ကျင့်သုံးပြီး၊ စိတ်ထင်ရာစိုင်း ခဲ့သော နာဇီပါတီဝင်များ၏ မရှုမလှ ကျဆုံးခန်းများနှင့် ၂၁ ရာစုတွင် တောင်အဖရိက နိုင်ငံ၏ အသားအရောင် ခွဲခြားရေးနှင့် လူဖြူကြီးစိုးရေး ၀ါဒသည် မည်ကဲ့သို့ နိဂုံးချုပ် ခဲ့သည်ကို သတိချပ်သင့်ပေသည်။ ထို့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် တွင်လည်း လွတ်လပ်ရေး ရရှိသည့်အချိန်မှစ၍ ယနေ့အထိ ဗမာ လူမျိုးကြီး ၀ါဒ ကျင့်သုံးနေမှုကြောင့် မြန်မာနိုင်ငံ၏ မြောက်ဖျားမှသည် တောင်ဘက် အစွန်ဆုံးအထိ၊ အရှေ့ဘက်မှသည် အနောက်ဘက် နယ်စပ်အထိ လက်နက်ကိုင် တိုက်ပွဲများဖြင့် အခြား လူမျိုးစုများ၏ အခွင့်အရေးများ ကာကွယ်ရေးနှင့် တန်းတူညီတူ ရရှိရေးတို့ အတွက် ဆောင်ရွက် နေသည်မှာ ယနေ့အထိ ယမ်းငွေ့ မစဲနိုင်သေးပါ။ ဗမာလူမျိုးနှင့် အခြား လူနည်းစုတို့ကြား တိုက်ပွဲများကြောင့် ထိခိုက်သေဆုံး ဘ၀ပျက်ခဲ့ရသူပေါင်း မည်မျှ ရှိခဲ့ပြီကိုလည်း သတိမူသင့်ပေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော် တပ်မတော်နှင့် ပထမဆုံး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သူများမှာ ဌာနေ တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးများပင် ဖြစ်ကြောင်း သမိုင်းတွင် မှတ်တမ်း တင်ရစ်ခဲ့ပြီ ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ၁၉၆၁ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ် အောင်ကြီး၊ မေယု နယ်ခြားဒေသ အုပ်ချုပ်ရေး အရာရှိချုပ် ဗိုလ်မှူးကြီး စောမြင့်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်မှူးချုပ် သန်းဖေ တို့ရှေ့မှောက်တွင် အပြီးအပိုင် လက်နက်စွန့်ခဲ့ပြီး၊ ငြိမ်းချမ်းရေးကို အရယူခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာများ မူလဘူတ ဌာနေ တိုင်းရင်းသားများ အဖြစ် ရရှိခံစားလာခဲ့သော အခွင့်အရေးများကို ဗမာ ဖက်ဆစ်ဝါဒီ၊ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်း လက်ထက်တွင် တစ်စစီ ဖဲ့ခြွေခြင်းကို ခံခဲ့ရသည်။ မြန်မာ့ ဆိုရှယ်လ် လမ်းစဉ်ပါတီ စတင် အုပ်ချုပ်သည့် ၁၉၇၄ ခုနှစ်တွင် မူဆလင် ဟူ၍ လည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် န.စ.က စတင် ထူထောင်ချိန်မှ စ၍ ဘင်္ဂါလီ ဟူ၍ လည်းကောင်း၊ ရိုဟင်ဂျာများ၏ အခွင့်အရေးများကို တဆင့်စီ လျှော့ချခဲ့ပြီး၊ န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်း အသစ် မွေးဖွားလာသော နယ်ခြားစောင့်တပ်နှင့် မ.က.ဖ တို့လက်ထက်တွင် ရိုဟင်ဂျာများကို တရားမ၀င် ရောက်ရှိလာသောသူများ အဖြစ် သမုတ်နိုင်ရန် မ.က.ဖ မှ အိမ်ထောင်စု လူဦးရေ စာရင်းကို ၎င်းတို့ ရုံးတံဆိပ် ထုနှိပ်ပြီး ထုတ်ပေးနိုင်ရန် အတွက် ယခု ဆွဲ၊တင်၊စစ် ကို ဖိအားပေး လုပ်ဆောင် နေခြင်း ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ထုတ်ပေးသော အိမ်ထောင်စု လူဦးရေ စာရင်း တစ်မျိုးတည်းသာ ရှိသည်။ ရခိုင်ပြည် အနောက်ဘက် ဒေသဟု သမုတ် ထားသော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ် တို့တွင် ရိုဟင်ဂျာများကို န.စ.က ခေတ်တွင် လ.၀.က မှ ထုတ်ပေးထားသော အိမ်ထောင်စု လူဦးရေ စာရင်းများကို တိကျမှု မရှိဟု ဆိုကာ န.စ.က မှ အိမ်ထောင်စု စာရင်းများ ထုတ်ပေးခဲ့ပြီး၊ ယခု မ.က.ဖ ခေတ်တွင် န.စ.က မှ ထုတ်ပေး ထားသော နှစ် (၂၀) ကြာ အိမ်ထောင်စု လူဦးရေ စာရင်းများကို ဖျက်သိမ်းကာ၊ မ.က.ဖ မှ အိမ်ထောင်စု လူဦးရေ စာရင်း ထုတ်ပေးရန် စီစဉ် နေခြင်း ဖြစ်သည်။ ဤကဲ့သို့ နိုင်ငံတစ်ခု အတွင်း စနစ် နှစ်မျိုး ကျင့်သုံးနေခြင်းကို ဒီမိုကရေစီ ဖော်ဆောင်နေသော ယခုလို အချိန်မျိုးတွင် ပြည်သူများမှ လက်မခံ ငြင်းဆန်ခြင်းသည် သဘာဝကျပေသည်။

ရိုဟင်ဂျာ လူထုကို မလျော် သြဇာ သုံးပြီး၊ လက်နက်ဖြင့် ခြိမ်းခြောက်မည့် အစား ရိုဟင်ဂျာ လူထုမှ လက်ခံနိုင်သော အစီအမံမျိုး ဖြစ်သော လ.၀.က မှ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းကိုသာ ဆောင်ရွက်သင့်သည်။ ထိုသို့ မပြုလုပ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ မတရားသော အမိန့်အာဏာ များဖြင့် အုပ်ချုပ်လာသည့် အတိုင်း ဆက်လက် ပြုလုပ်နေမည် ဆိုပါက အာဏာစက်ဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း အပေါ် တုန့်ပြန် လာနိုင်သည်။ အလျဉ်းသင့်၍ တင်ပြလိုသည်မှာ မရှိသော လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် RSO အမည်တပ်၍ ယခု ကာလ အတွင်း ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်မှု မျိုးစုံကြောင့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံးခဲ့ရသည်။ နယ်ခြားစောင့်တပ်မှ ယခုကဲ့သို့ မရှိသည့် လက်နက်ကိုင် အဖွဲ့အစည်း အမည်ကို တပ်၍ ရိုဟင်ဂျာ လူထုအား မတရား ညှဉ်းပန်း နှိပ်စက်နေပါက ရိုဟင်ဂျာ လူထုအား အစွန်းရောက် သွားစေရန် တိုက်တွန်း သကဲ့သို့ ဖြစ်နေပြီး၊ ငြိမ်းချမ်းရေး မြတ်နိုးသော ရိုဟင်ဂျာ လူထုအား လက်နက် စွဲကိုင်ရန် လှုံ့ဆော် ပေးသလိုလည်း ဖြစ်နေသည်ကို သတိချပ် စေချင်သည်။ လှုံ့ဆော်သကဲ့သို့ ဖြစ်လာမည် ဆိုပါက မြန်မာနိုင်ငံ၏ အခြေအနေသည် မျှော်မှန်းမရသော အနေအထား တစ်ရပ်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ကိုလည်း ထိခိုက်သွားမည် ဖြစ်သည်။ ခံစားချက် ပြင်းထန်လာလျှင် အစွန်းရောက်မှု ဖြစ်ပေါ်လာမည်မှာ မလွဲသေချာ ဖြစ်ပြီး ဆုံးရှုံးမှု အကြီးအကျယ် ဖြစ်လာနိုင်သောကြောင့် နိုင်ငံတော် အစိုးရမှ အချိန်မှီ ကာကွယ် တားဆီးသင့်ကြောင့် နိုင်ငံ့ အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။



28.1.2015

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ် ခဲ့ပြီး မကြာသေးခင် နှစ်တွေ အတွင်း ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်လာ နေပေမဲ့ နိုင်ငံရေးနဲ့ နိုင်ငံသား တွေရဲ့ အခွင့်အရေးတွေ ကတော့ လွတ်လပ်မှု မရှိသေးဘူးလို့ နိုင်ငံတကာ လွတ်လပ်ခွင့် အခြေအနေ တွေကို စောင့်ကြည့် အကဲခတ် နေတဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

သတင်းထောက် တွေကို ဖမ်းဆီးတာ၊ ထောင်ချတာတွေ အပါအ၀င် မီဒီယာ အပေါ် ကန့်သတ်မှု တွေကြောင့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် အဆင့်အတန်း ဟာလည်း အဆင့် ၅ မှာရှိ နေရာက၊ အဆင့် ၆ အထိ ကျဆင်း သွားခဲ့တဲ့ အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံနဲ့ ဒေသ ၁၅ ခုက ပြီးခဲ့တဲ့နှစ် အတွင်း အခြေအနေ တွေကို လေ့လာ ပြုစုထားတဲ့ Freedom House ရဲ့ အစီရင်ခံစာ မှာတော့ လွတ်လပ်ခွင့် အမြင့်ဆုံး အဖြစ် အဆင့် ၁ ကနေ အနိမ့်ဆုံး ၇ အထိ သတ်မှတ် ထားပါတယ်။

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေ ဟာလည်း အကြမ်းဖက်မှု တွေနဲ့ ခွဲခြား ဆက်ဆံခံရမှုတွေ ရှိနေသလို၊ ကိုးကွယ်တဲ့ ဘာသာ ကူးပြောင်းတာ၊ ဘာသာခြားနဲ့ လက်ထပ်တာ တွေကို ကန့်သတ်မယ့် ဥပဒေတွေ ရေးဆွဲ အဆိုပြု ထားတာတွေ ဟာလည်း မူဆလင် ဆန့်ကျင်ရေး အစွန်းရောက် ၀ါဒကို တရား ၀င်အောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ ဖော်ပြ ထားတာပါ။

ကမ္ဘာ တ၀ှမ်းလုံး အနေနဲ့ကတော့ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေဟာ နှစ်ပေါင်း အစိတ် အတွင်း အနိမ့်ဆုံး အခြေအနေကို ရောက်နေတယ် လို့လည်း Freedom House ရဲ့ အစီရင်ခံစာက သတိ ပေးထား ပါတယ်။ ကမ္ဘာပေါ်မှာ လွတ်လပ်ခွင့် အဆင့် အတန်း အနိမ့်ဆုံး အဖြစ် ဆီးရီးယား နိုင်ငံကို သတ်မှတ် ထားပြီး၊ နိုင်ငံတကာ အသိုင်း အ၀ိုင်းမှာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေကို ပစ်ပယ်လာနေတဲ့ အထဲမှာတော့ ယူကရိန်း နိုင်ငံပိုင် ခရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံပိုင် အဖြစ် သွတ်သွင်း လိုက်တာဟာ ထင်ရှားတဲ့ နမူနာ တခု အဖြစ်နဲ့လည်း ဖော်ပြ ထားပါတယ်။



Rohingya Eye
RB News
28.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်စပ် ခြံစည်းရိုး အနီးတွင် စခန်းချလျက် ရှိသည်ဟု ယူဆရသည့် ဓါးပြ အဖွဲ့က ညပိုင်းတွင် ၀င်ရောက်၍ ဓါးပြတိုက်လျက် ရှိသော်လည်း တရားခံများကို လိုက်လံ မဖမ်းဆီးဘဲ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်ချလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့ရှိ နယ်စပ်တလျှောက်တွင် ခြံစည်းရိုး ကာရံထားပြီး၊ အ၀င်/အထွက် ဂိတ်များတွင်လည်း နယ်ခြားစောင့်ရဲ ကင်းစခန်းများ ချထားပြီး ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အချိတ်အဆက် ရှိနိုင်သည်ဟု ယူဆရသည့် လက်နက်ကိုင် အဖွဲ့သည် ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ ၀င်ရောက်၍ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများကို ၂၀၁၄ ခုနှစ်တွင် ဆက်တိုက် ကျူးလွန်ခဲ့သည်။ အဆိုပါ အဖွဲ့သည် ညပိုင်းတွင် ရွာများအတွင်း ၀င်ရောက်၍ ဓါးပြတိုက်ခြင်းများ ပြုလုပ်၍ နံနက် မိုးမလင်းမှီ နယ်စပ် ခြံစည်းရိုး အနီးရှိ ၎င်းတို့၏ စခန်းသို့ ပြန်သွားကြသည်ဟု ဒေသခံ အများစုက ယူဆနေကြသည်။ အမှုပေါင်းများစွာ ကျူးလွန်ခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က ယခုအချိန်ထိ တရားခံ တစ်ဦးမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့် အတွက် ဒေသခံများက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ထားသည့် အဖွဲ့ဖြစ်မည်ဟု ယုံကြည်နေကြသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ စ၍ စစ်ဆင်ရေး တစ်ရပ်ချမှတ်ကာ အဆိုပါ လက်နက်ကိုင် ဓါးပြ အဖွဲ့ ဆက်နွယ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဒေသခံ အများအပြားကို ဖမ်းဆီးထားခဲ့ပြီး၊ တရားရုံးတွင် တဖက်သတ် စီရင်ချက်ချသည့် အခါတွင် လက်နက်ကိုင် ဓါးပြအဖွဲ့နှင့် ဆက်နွယ်မှုနှင့် တရားစွဲဆိုခြင်း မပြုလုပ်ဘဲ နယ်စပ်ဖြတ်ကျော်မှု လူဝင်မှု ကြီးကြပ်ရေး ပုဒ်မဖြင့် နှစ်ရှည် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မောင်တောမြို့နယ် သ၀န်းချောင်း ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သူ ဦးအဒူလာမီးန် (ဘ) ဦးအဒူဆလာမ် (အသက် ၄၅ နှစ်)၊ မော်လ၀ီ အာဘူလ်ဘော်ရှော်ရ် (ဘ) ဦးဘိုက်လာ (အသက် ၂၁ နှစ်) အပါအ၀င် အပြစ်မဲ့ ဒေသခံ (၇) ဦးကို နှစ်ရှည် ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့သည်။ ဇန်န၀ါရီလ (၁၃) ရက်နေ့ကလည်း သ၀န်းချောင်း ကျေးရွာမှ ဦးရှော်ကူသ်အုလ္လာ (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၃၀ နှစ်)၊ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးမော်တူးဖီးဇ် (အသက် ၃၅ နှစ်) နှင့် အမျိုးသမီး (၄) ဦးကိုလည်း မတရားသဖြင့် ဖမ်းဆီးထားပြီး၊ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် ကျေးရွာမှ ဦးဂေါ်နူမျာ (ဘ) ဦးမူဘာရက်ခ် (အသက် ၃၀ နှစ်) (စက်လှေ ပဲ့ကိုင်) ကို အထက်ပါ အတိုင်း စွပ်စွဲ၍ ဖမ်းဆီးခဲ့ပြီး၊ ယခုလအတွင်း ခန့်မှန်းခြေ အားဖြင့် လူ ၂၀ ကျော်ကို အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဦးဆောင်၍ ဖမ်းဆီးခဲ့သည်။

သ၀န်းချောင်း ကျေးရွာ အနီးတ၀ိုက်ရှိ ဒေသခံ ရိုဟင်ဂျာ များသည် ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီးနေခြင်းကို မခံမရပ်နိုင် ဖြစ်၍ မလေးရှား နိုင်ငံသို့ စက်လှေများဖြင့် ထွက်ပြေးလျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

“နယ်ခြားစောင့်ရဲက တာဝန်က နယ်စပ် လုံခြုံရေးပါ။ နယ်စပ် ခြံစည်းရိုးမှာ နယ်ခြားစောင့် ရဲတွေ ရှိလျက်နဲ့ ညပိုင်းမှာ ရွာတွေထဲဝင် သောင်းကျန်းချင်တိုင်း သောင်းကျန်း၊ မနက်မိုးမလင်းခင် ပျောက်သွားနဲ့ ဆိုတော့ အဲဒီအဖွဲ့က နယ်ခြားစောင့် ရဲတွေနဲ့ လက်ဝါးရိုက်ပြီး လုပ်နေလို့ ဖြစ်မယ်။ ဒေသခံတွေ တိုင်ကြားတော့ အထက်လူကြီးက ဖမ်းဖို့ အမိန့်ပေးရင် မဆိုင်တဲ့ အပြစ်မဲ့တွေကို ဖမ်းပြီး ထောင်ချပြတယ်။ အရင် န.စ.က လက်ထက်ကလည်း အခုလို လုပ်ခဲ့တာတွေ ရှိတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။




MYARF
RB News
28.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မတော်တဆ ဆိုင်ကယ် တိုက်မိသူများ ငွေညှစ်ခံရနေသည့် အပြင် ဒဏ်ရာရသူကို ဆေးကုသ စရိတ် မပေးဘဲ၊ ရွာအုပ်ချုပ်ရေးမှ လျော်ကြေးငွေကို ဖြတ်စားခြင်း ပြုလုပ်ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ကျေးရွာမှ ဥက္ကဌ ဟောင်း ဦးအီဒိရီစ် (ဘ) ဦးမိုဟာမတ် ရှော်ဘီသည် ဆိုင်ကယ်စီး၍ ကျားခေါင်းတောင် ကျေးသို့ သွားနေစဉ် ကျားခေါင်းတောင် ကျေးရွာမှ ဦးဆော်ယာဒ်အာလမ် (ဘ) ဦးရှုနာမျာနှင့် ဦးနော်ဇိရ်အာမတ် (ဘ) ဦးအာဘူးလူး တို့လည်း ဆိုင်ကယ် တစ်စီးဖြင့် သွားနေကြရာ ကျားခေါင်းတောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းရှေ့တွင် ဦးအီဒိရီစ်က ဦးဆော်ယာဒ်အာလမ်၏ ဆိုင်ကယ်ကို မတော်တဆ ၀င်တိုက်မိခဲ့သည်။ ဆိုင်ကယ် တိုက်မှုကြောင့် ဦးဆော်ယာဒ်အာလမ် သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ဦးနော်ဇိရ်အာမတ်လည်း အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ၎င်းတို့၏ ဆိုင်ကယ်လည်း ပျက်စီးသွားခဲ့သည်။ အဆိုပါ ဆိုင်ကယ်တိုက်မှုနှင့် ပတ်သက်၍ ကျားခေါင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာ၊ ရပ်မိရပ်ဖ ဦးအာဂျီမုလ်ခါန် တို့သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အတူ ပူးပေါင်း၍ ဦးအီဒိရီစ်အား ငွေကျပ် ၄ သိန်း ဒဏ်ငွေ အဖြစ် ပေးဆောင်ရမည်ဟု ပြောဆိုပြီး၊ ငွေကျပ် ၂ သိန်းကို ချက်ချင်းယူ၍ ကျန် ၂ သိန်းကို အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာမှ တဆင့် ဒဏ်ရာပြင်းထန်စွာ ရရှိသူ ဦးဆော်ယာဒ်အာလမ်ကို ပေးရန် ပြောဆိုခဲ့သည်။ လက်ငင်း ရယူသည့် ငွေကျပ် ၂ သိန်းမှ တစ်သိန်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ပေးပြီး၊ ကျန် တစ်သိန်းကို အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာက ခွဲဝေ ယူခဲ့သည်။

ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဦးဆော်ယာဒ်အာလမ်ကို ကျေးရွာမှ ကျန်းမာရေး လုပ်သား တစ်ယောက် ခေါ်၍ ဆေးကုသ ပေးခဲ့သည်။ သို့သော် အဆိုပါ ကျန်းမာရေး လုပ်သားကို ရွာအုပ်ချုပ်ရေးမှူးက ဆေးကုသခ မပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဦးအီဒိရီစ်ထံမှ ရရှိသည့် လက်ကျန်ငွေ ၂ သိန်းကို ဆိုင်ကယ်တိုက်ခံရသူ ဦးဆော်ယာဒ် အာလမ်ကို ပေးရန် မူလက သဘောတူခဲ့သော်လည်း အမှန်တကယ် ငွေရရှိသည့် အခါ ဦးဆော်ယာဒ်အာလမ်ကို မပေးဘဲ အုပ်ချုပ်ရေး ဦးရော်ရှိတ်အုလ္လာက အပိုင် စားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ပျက်စီးသွားသော ဆိုင်ကယ်ကိုလည်း နယ်ခြားစောင့် ရဲကင်းစခန်း ရှေ့ရှိ လမ်းဘေးတွင် ချထားကြောင်း သိရသည်။

ကျောက်ပြင်ဆိပ် ကျေးရွာ

လွန်ခဲ့သည့် ရက် ၂၀ ခန့်က ကျောက်ပြင်ဆိပ် ကျေးရွာမှ မော်လ၀ီ အာဘူဆော်လာမ် (ဘ) ဦးအာဖောစ်အူဒင်က ၅ နှစ်သား အရွယ်ရှိ ကလေးတစ်ဦးကို မတော်တဆ ဆိုင်ကယ်ဖြင့် တိုက်မိခဲ့ပြီး၊ တိုက်ခံရသည့် ကလေး ဒဏ်ရာ ရရှိခဲ့သည်။ ကလေးကို ဆေးကုသပေးပြီး သက်သာလာသည့် အခါ မိဘများနှင့် ကြေအေးမှု ရရှိခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မော်လ၀ီ အာဘူဆော်လာမ်ကို ကျောက်လှေကား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၂၇ ရက်နေ့ နေ့လည် ၂း၃၀ နာရီအချိန်တွင် ဆင့်ခေါ်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ ယင်းကျေးရွာမှ ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘေးဒူက ဆိုင်ကယ် မောင်းနှင် သွားစဉ် နောက်မှ လိုက်ပါလာသူ တစ်ဦး ပြတ်ကျ ကျန်ခဲ့သည့် အတွက်ဟု ဆိုကာ နယ်ခြားစောင့် ရဲများက ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် သရက်အုပ် ကျေးရွာမှ ဦးမိုဟာမတ်ဆော်လမ်သည် ကျောက်ပြင်ဆိပ် ကျေးရွာရှိ နယ်ခြားစောင့် ရဲကင်းစခန်း ရှေ့မှ ဆိုင်ကယ် စီးသွားစဉ် နယ်ခြားစောင့်ရဲများက ခေါ်ပြီး၊ ဆိုင်ကယ်နောက်တွင် ပါလာသူ တစ်ဦး ထွက်ပြေး သွားသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့ကြောင်း သိရသည်။




ကိုဘခက်
RB News
27.1.2015

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ၂၀၁၄ ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၁၅ ဇန်န၀ါရီလ ပထမပတ်ထိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃) ၏ လက်အောက်ခံ ခြင်းသမား ကျေးရွာ အုပ်စုရှိ နယ်ခြားစောင့်ရဲ ကင်းစခန်းမှ ဗိုလ်လေး (ဒုရဲအုပ်) နှင့် တပ်ဖွဲ့ဝင် များသည် ဖောင်တော်ပြင် ကျေးရွာ၊ ငကျဉ်တောက် ကျေးရွာ၊ ဒါပိုင်ဆရာ ကျေးရွာ၊ မိကျောင်းဈေး ကျေးရွာ တို့တွင် လက်နက် အားကိုးဖြင့် ရိုဟင်ဂျာ လူထုကို အနိုင်ကျင့်ကာ ငွေအမြောက်အမြားကို ခြိမ်းခြောက်၍ ညှစ်ယူခဲ့သည်။ အထက်ဖော်ပြပါ ကာလ အတွင်း အဆိုပါ ကျေးရွာများမှ ရိုဟင်ဂျာ ကျေးရွာသား (၂၈) ဦးထံမှ စုစုပေါင်း ငွေကျပ် သိန်း (၉၀) ခန့်ကို စွပ်စွဲချက် အမျိုးမျိုး တပ်၍ ညှစ်ယူခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ စွပ်စွဲချက် များမှာ တရားမ၀င် လက်ထပ် ပေါင်းသင်းခြင်း၊ ရွာထွက် လက်မှတ် မရှိခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဆင်းမ်ကဒ်များ သုံးစွဲခြင်း၊ လူ ၅ ယောက်ထက် ပို၍ စုခြင်း စသည်တို့ ဖြစ်သည်။

မိကျောင်းဈေး ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်နှင့် smart ဖုန်းကို မတရား သိမ်းယူခဲ့ရာ၊ သိမ်းဆည်းခံရသူက ၎င်း၏ ဖုန်းသည် MPT မှ တရားဝင် ထုတ်ပေး ထားသော SIM ကဒ် ဖြစ်ကြောင်း၊ ဖုန်းမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းထားသည့် Huawei အမျိုးအစား ဖုန်းဖြစ်ပါလျှက်နှင့် ဖုန်းသိမ်းဆည်း ရခြင်း အကြောင်းကို မေးရာ နယ်ခြားစောင့် ရဲက ဖုန်းနှင့် ဆင်းမ်ကဒ်မှာ တရားဝင် ဖြစ်သော်လည်း ကိုင်ဆောင်သည့် သူမှာ တရားမ၀င်ဖြစ်၍ သိမ်းဆည်းရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် ငွေညှစ်ခြင်း၊ မတရား လုယက်ခြင်း အပြင် ကိုယ်ထိလက်ရောက် စော်ကားမှုများလည်း မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဇန်န၀ါရီလ ပထမပတ် အတွင်းက ဖောင်တော်ပြင် ကျေးရွာ၊ ခြင်းသမား ကျေးရွာ အုပ်စု တို့တွင် အသက် (၁၂) နှစ်နှင့် အသက် (၁၃) နှစ် အရွယ် ကလေး နှစ်ဦး တို့သည် နယ်ခြားစောင့် ရဲကင်းစခန်း အနီးတွင် ခြင်းလုံး ကစား နေခဲ့ပြီး၊ ကလေးများ ကစားနေစဉ် ရုတ်တရက် နယ်ခြားစောင့် ရဲတစ်ဦး ရောက်ရှိလာပြီး ကလေးများကို စခန်းထဲသို့ ဆွဲ၍ ခေါ်သွားခဲ့သည်။ အဆိုပါ ကလေးနှစ်ဦးကို နယ်ခြားစောင့်ရဲက သံတုတ်ဖြင့် ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့် ထုခြင်း တို့ကို လူမဆန်စွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကလေး နှစ်ဦး၏ ဦးခေါင်းကို မြေပေါ်သို့ ဦးညွတ်စေပြီး ခြေထောက်ဖြင့် ကန်ကျောက်ခဲ့၍ အမျိုးမျိုး လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ဇန်န၀ါရီလ (၉) ရက်နေ့က ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ခမရ (၅၅၂) နှင့် ခြင်းသမား ကျေးရွာ တို့၏ ဘောလုံးပွဲကို ကြည့်ရှုနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဗိုလ်လေး (ဒုရဲအုပ်) ရောက်ရှိလာပြီး ကင်းစခန်းထဲသို့ ဆွဲခေါ် သွားခဲ့သည်။ ထို့နောက် အဆိုပါ ဗိုလ်လေးက ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အင်္ကျီ ကော်လံကို ဆွဲ၍ လက်သီးဖြင့် ထိုးခဲ့သည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျောင်းဆရာ နှစ်ဦးနှင့် မော်လ၀ီ ဆရာ နှစ်ဦး တို့ကို ခေါ်ယူပြီး အထက်ပါ ကလေးနှစ်ဦးကို ရက်ရက်စက်စက် ပြုမူခဲ့ခြင်း အပေါ် တိုင်တန်းခြင်း မပြုပါဟု စာရွက်ပေါ်တွင် ရေးသား ခိုင်းပြီး အတင်းအကျပ် လက်မှတ် ရေးထိုး ခိုင်းခဲ့သည်။

ယခုကဲ့သို့ ပြုမူနေခြင်းသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အထက်မှ လုပ်ပိုင်ခွင့်များ ပိုမို ချမှတ်ပေးခြင်း အပေါ် အခွင့်ကောင်းယူ၍ မိမိတို့၏ စိတ်တွင် ဖုံးကွယ်ထားသော လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများကို ရောနှောပြီး ရိုဟင်ဂျာ လူထု အပေါ် အာဏာ အလွဲသုံးစား ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက် နေခြင်း ဖြစ်သည်။ လက်ရှိ မြန်မာ အစိုးရ၏ မူဝါဒသည် မွတ်စလင် မှန်လျှင် ဥပဒေ၏ အကာအကွယ် ပေးစရာမလို၊ နှိပ်ကွပ်ရန်သာ ရှိသည်ဟု ဆွဲကိုင်ထားခြင်း အပေါ် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အမြတ်ထုတ် နေခြင်းလည်း ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် များသောအားဖြင့် ရခိုင်လူမျိုးများသာ ဖြစ်ပြီး၊ ပညာရေး အခြေခံမှာလည်း အလွန်နိမ့်ကျသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို အလျင်စလို စခန်းအပ်ခဲ့ပြီး၊ အသက် (၁၈) နှစ်မှ (၄၄) နှစ် အတွင်းရှိ ရခိုင်လူမျိုး မှန်သမျှ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် လက်ခံခဲ့သည်။ အများအားဖြင့် ဖားရိုက်၊ ငါးရှာ လုပ်နေခဲ့သော အခြေခံ လူတန်းစား များသာ ဖြစ်ပြီး၊ ယခု ဖားရိုက်တံ နေရာတွင် မောင်းပြန် သေနတ် ရောက်ရှိနေသဖြင့် မိမိတို့ ထင်ရာစိုင်း နေခြင်းလည်း ဖြစ်သည်။ တဖက်မှာ အစိုးရ၏ ရခိုင်လူမျိုး များအား ပုံမှန် လစာ ရရှိခြင်းကြောင့် စားဝတ် နေရေး ဖူလုံစေကာ၊ အခြားတဖက်တွင် ရိုဟင်ဂျာ လူမျိုးများအား ဓါးပြ တိုက်စေခြင်း၊ ဆင်းရဲတွင်း ပိုမို နက်အောင် ဆောင်ရွက် နေခြင်းလည်း ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် ပြည်သူ လူထုများကို လူမျိုး၊ ဘာသာ၊ အသားအရောင် မခွဲခြားဘဲ လုံခြုံရေး ဆောင်ရွက် ပေးရန်သာ ဖြစ်သည်။ ယခုကဲ့သို့ လိုင်စင်ရ ဓါးပြများကဲ့သို့ ပြုမှု ဆောင်ရွက် နေခြင်းများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများမှ ယုံကြည် အားကိုးမှု လုံးဝ မရှိတော့သည်ကို တွေ့ရသည်။ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကို လျစ်လျူရှုထားပါက မခံမရပ်နိုင်သော ပြည်သူများမှ အုံကြွလာလျှင် ထိန်းချုပ်ရန် ခက်ခဲမည် ဖြစ်ပြီး၊ တည်ငြိမ်လာသော ရခိုင်ပြည်နယ် အခြေအနေမှာလည်း ပြန်လည် ယိုယွင်းလာမည် ဖြစ်သည်။ အကယ်၍ အခြေအနေ ယိုယွင်းလာမည် ဆိုပါက နိုင်ငံတကာမှ လက်ပိုက် ကြည့်နေတော့မည် မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ၀င်ရောက် ကိုင်တွယ် ဖြေရှင်းမှုများ ပိုမိုများပြား လာမည် ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေ ဖြစ်ပေါ်လာပါက ပြည်တွင်းတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင်လည်း ထိခိုက်လာမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဥပဒေ ချိုးဖောက်၍ ထင်ရာစိုင်း နေသည်များကို အချိန်မှီ ထိန်းသိမ်းပေးရန် အထူး လိုအပ်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။



RB News
27.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ပေါင်တောပြင်ရှိ စာသင်ကျောင်း တို့တွင် ကျီးကန်းပြင် အခြေစိုက် မ.က.ဖ မှ အကြီးတန်း အရာရှိ ဖြစ်သူ ဒုရဲမှူးကြီး အောင်မြင့်ထွန်းက ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ တွေ့ဆုံပြီး ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၇) ရက်နေ့ နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီထိ ဘူးသီးတောင် မြို့နယ် တောင်ဘဇားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွင် ဒေသခံ ရိုဟင်ဂျာ (၂၀၀) ကျော်၊ ညနေ (၄) နာရီမှ (၆) နာရီထိ ပေါင်တောပြင် ကျေးရွာရှိ စာသင်ကျောင်းတွင် ဒေသခံ ရိုဟင်ဂျာ (၄၀၀) ကျော်တို့ကို မောင်တောမြို့နယ် ကျီးကျင်ပြင် အခြေစိုက် မ.က.ဖ မှ အကြီးတန်း အရာရှိ ဖြစ်သူ ဒုရဲမှူးကြီး အောင်မြင့်ထွန်းက တွေ့ဆုံ၍ ရိုင်းပျစွာ ပြောဆို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ဦးအောင်မြင့်ထွန်း ပြောတာက -- ရိုဟင်ဂျာဆိုတာ သမိုင်းမှာ မရှိခဲ့ဘူး။ ဘန်ကီမွန်း၊ အိုဘားမားတို့က ရိုဟင်ဂျာလို့ ပြောနေပေမယ့် ရာဇ၀င်ကို မသိကြဘူး။ မသိဘဲနဲ့ ပြောနေတဲ့ အတွက် လုံးဝ ဂရုမစိုက်ဘူး။ ငါတို့က ခင်ဗျားတို့ကို လုပ်ချင်သလို လုပ်လို့ရတယ်။ ငါတို့နိုင်ငံမှာ ငါတို့ ဥပဒေ အတိုင်းနေရမယ်။ ရိုဟင်ဂျာဆိုတာ အားလုံး RSO သူပုန်တွေဘဲ။ ၈၂ ဥပဒေနဲ့ စီစစ်ခံရမယ်။ အစစ်ခံရင် ပြုနိုင်ငံသား ရမယ်။ အစစ်မခံနိုင်ဘူး ဆိုရင် အိုဘားမားကို ခေါ်လိုက်။ ငါတို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က အရင် န.စ.က လို မဟုတ်ဘူး။ သူတို့ထက် ပိုဆိုးတယ်။ နိုင်ငံတကာက ရိုဟင်ဂျာ အကြောင်းပြောမယ် ဆိုရင် ခင်ဗျားတို့ကို ငါတို့နဲ့ တိုင်းရင်းသားတွေက ဒီထက် ပိုပြီး ညှဉ်းပန်း နှိပ်စက်မယ်။ မင်းတို့ကို အမြဲတမ်း တရားခံလို ဆက်ဆံမယ်။ မောင်တောမြို့ရဲ့ အခြေအနေကို မင်းတို့ကြည့်ကြ။ မင်းတို့ အခု ဆွဲ၊တင်၊စစ် မှာ အစစ်မခံဘူး ဆိုရင် သွားလာရေး၊ ကျန်းမာရေး၊ ပညာသင်ကြားရေး စတာတွေ အားလုံးကို ထပ်ပိတ်မယ်။ ခင်ဗျားတို့ လေထဲမှာ တိုက်အိမ် မဆောက်ကြနဲ့ -- လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ခြိမ်းခြောက် သွားတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက RB News သို့ပြောသည်။

“ဘူးသီးတောင်မှာ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ပြောတဲ့ အရာရှိ တစ်ယောက်မှ မရှိခဲ့ဘူး။ အခြားသူတွေ ရိုင်းတာတောင် သူ့လောက် မရိုင်းဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီ ဦးအောင်မြင့်ထွန်းရဲ့ ရိုင်းစိုင်းမှု တွေကို အသံဖမ်း ထားပါတယ်။ မကြာခင် ပြည်သူတွေနဲ့ အစိုးရပါ နားထောင်လို့ ရအောင် ထုတ်ပေးပါမယ်။ သူနဲ့ အတူ ဘူးသီးတောင်မြို့က မြို့မိမြို့ဖ (၆) ယောက်ကိုလည်း အတင်း ခေါ်လာတယ်။ သူခေါ်လာတဲ့ လူတွေရဲ့ မျက်နှာကိုတောင် မထောက်ဘူး” ဟု အခြားသော ဒေသခံ တစ်ဦးက ပြောပါသည်။

(ဓာတ်ပုံ - ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ)

မအေးအေးမာ
27.1.2015

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ကျောင်းသား ခေါင်းဆောင် တွေနဲ့ အစိုးရ တာဝန်ရှိသူ တချို့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံ ညှိနှိုင်းဖို့ ရှိနေပါတယ်။ ဒီကနေ့ မှာတော့ ကျောင်းသား သပိတ် စစ်ကြောင်းကို မန္တလေးတိုင်း တောင်သာမြို့ အ၀င်မှာ ရဲအာဏာပိုင် တွေရဲ့ ယာယီ ပိတ်ဆို့ ခံရပေမဲ့ တာဝန် ရှိသူတွေ ညှိနှိုင်းပြီးနောက် အတား အဆီး တွေကို လုံခြုံရေး အာဏာပိုင် တွေက ဖယ်ရှား ပေးခဲ့ပါတယ်။

အခုဆိုရင် ကျောင်းသား သပိတ် စစ်ကြောင်းဟာ တောင်သာ မြို့တွင်းကို ရောက်ရှိပြီး ဒေသခံ ပြည်သူတွေ ကလည်း ကျောင်းသား တွေကို ကြိုဆို ခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်း ပေးပို့ထား ပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့ကနေ ရန်ကုန် အထိ ချီတက် သပိတ်မှောက် နေတဲ့ ကျောင်သား တွေနဲ့ အစိုးရကြားမှာ အကြို ညှိနှိုင်းတဲ့ အနေနဲ့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံမယ်လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ မဖြိုးဖြိုးအောင်က ပြောဆိုပါတယ်။

“နေပြည်တော်ကိုက ကျမတို့ရဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ကိုယ်စားလှယ် အချို့ သွားပြီးတော့ ဒီမှာ စကားပြောမှာ ပေါ့နော် မနက်ဖြန် အတွက်။ အကြို ဆွေးနွေးမှု ပုံစံမျိုးပေါ့။ မနက်ဖြန် တွေ့မှာ ကတော့ ကျမတို့ အကြမ်းမျဉ်း သိထားတာက ဦးအောင်မင်းနဲ့ ပညာရေး ၀န်ကြီးဌာန ဘက်က တာဝန်ရှိသူ တချို့လို့ အကြမ်းမျဉ်းကြား ထားတယ်ရှင့်။ ကျမတို့ တောင်းထားတဲ့ ၄ ပွင့်ဆိုင်နဲ့လည်း ဆိုင်ပါတယ်ရှင့်။ ကျမတို့ လိုချင်တာကို ကျမတို့ တိတိကျကျ တောင်းဆိုတာပေါ့။ ကျမတို့ အဓိက ဒါ ၄ ပွင့်ဆိုင်ကို သွားဖို့အတွက် ဒါ အကြို ဆွေးနွေးမှု ပုံစံပါ။ ပိတ်ဆို့မှုကြောင့်လည်း ထပ်ပြီးတော့ ဒီတောင်းဆိုမှုက ပိုပြီးတော့ ဖြစ်လာတာ ဆိုတော့လေ။ နှစ်ခုလုံး ကတော့ ဆက်စပ်မှု ရှိပါတယ်။ ဒီကလှုပ်ရှားမှု တခုတည်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု အပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတဲ့ ဆွေးနွေးပွဲ ဖြစ်တဲ့ အတွက်ကြောင့် အဲ့ဒီပိတ်ဆို့မှု နဲ့လည်း သက်ဆိုင် ပါတယ်။”

အင်္ဂါနေ့ မှာတော့ မြင်းခြံမြို့ကနေ တောင်သာမြို့ကို ချီတက်လာတဲ့ ကျောင်းသားတွေကို တောင်သာမြို့ရဲ့ နန်းမြင့်တောင်ကြားမှာ အာဏာပိုင်တွေက ပိတ်ဆို့ ထားတဲ့ အတွက် တင်းမာမှုတွေ ဖြစ်ခဲ့ပြီး ညနေ ၅ နာရီကျော်တဲ့ အချိန်ကျမှ တားဆီးနေတဲ့ နေရာကို အာဏာပိုင်တွေက ဖယ်ရှား ပေးလိုက် ပါတယ်။ အတား အဆီးတွေ လုပ်ခဲ့တာနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသား တဦးဖြစ်တဲ့ ရမည်းသင်း နည်းပညာ ကောလိပ် ကျောင်းသား ကိုအောင်ထက်နိုင်က အခုလို ပြောဆိုပါတယ်။

“တောင်သာ အ၀င်က နန်းမြင့်တောင်ကြားမှာ ကျနော်တို့ သပိတ်မှောက် ကျောင်းသား တွေကို လမ်းပိတ်ထား၊ တားထားတဲ့ လုံထိန်းတွေ နားကို ရောက်နေပါတယ်။ ကျနော်တို့ သပိတ်မှောက် ကျောင်းသားတွေ ကတော့ နဂို တောင်းဆို ထားတဲ့ ဒီ ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို တရားဝင် မလုပ်သေးဘဲနဲ့တော့ ဒီကြားထဲက တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှု တွေကို လက်ခံမှာ မဟုတ်ဘူး။ အခု အချိန်မှာရှိတဲ့ တွေ့ဆုံညှိနှိုင်းမှုက ကျနော်တို့ သပိတ်စစ်ကြောင်း လျှောလျှောမောမော ချီတက်နိုင်ဖို့ပဲ ကျနော်တို့က ညှိနှိုင်းမှာပါ။”

ညနေ ၅ နာရီခွဲကျော် အချိန်လောက်မှာ တောင်သာမြို့ကို လုံလုံခြုံခြုံနဲ့ ၀င်ရောက် နိုင်ရေး အတွက် ကျောင်းသားတွေနဲ့ အာဏာပိုင် တွေကြား ဆွေးနွေးမှု တွေလုပ် အပြီး အတား အဆီး တွေကို ဖယ်ရှား ပေးခဲ့တာပါ။ အခုအခါ မှာတော့ တောင်သာမြို့က တည်းခိုတဲ့ ဘုန်းကြီးကျောင်းကို ကျောင်းသားတွေ ရောက်ရှိ နေပြီလို့ သပိတ်မှောက် ကျောင်သားတဦးက ဆိုပါတယ်။

“ဒီကနေ့ ညှိနှိုင်းတဲ့ အခြေအနေက ကျနော်တို့ သပိတ် စစ်ကြောင်း တောင်သာမြို့ထဲကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အောင်အောင် မြင်မြင် ၀င်နိုင်ရေးကိုပဲ ကျနော်တို့ ညှိနှိုင်းတာ။ အဲ့ဒီအတွက် သူတို့ဘက်က ရဲတပ်ဖွဲ့တွေ၊ ချထားတဲ့ လုံထိန်းတွေကို ပြန်ရုပ်သိမ်း ပေးဖို့ပဲ ကျနော်တို့ ညှိနှိုင်းတာ။ နောက်ထပ်တော့ ဘာအတား အဆီး အနှောင့်အယှက်မှ မရှိတော့ဘူးခင်ဗျ။ အခု ကျနော်တို့ တည်းခိုမယ့် ဘုန်းကြီးကျောင်းတော့ ရောက်ပါပြီခင်ဗျ။”

ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက် တွေ့နေစဉ် အတွင်းမှာ အထက် မြန်မာပြည်၊ အောက်မြန်မာပြည်က အဆင့်မြင့် ပညာရေး ဦးစီးဌာန ညွှန်ချုပ် ၂ ဦးနဲ့အတူ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်နဲ့ မြင်းခြံ တက္ကသိုလ် ပါမောက္ခချုပ်တို့က ကြားဝင် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ တနင်္လာနေ့ည ကတော့ မြင်းခြံမြို့မှာ ကျောင်းသားတွေ တည်းခိုနေတဲ့ စွန်းလွန်းဂူ ဘုန်းကြီး ကျောင်းတ၀ိုက် လုံခြုံရေး အင်အား ချလာတာတွေ တောင်သာလမ်း တလျှောက် ပိတ်ဆို့ တားဆီးဖို့ လုပ်ဆောင် နေတာတွေကို ရှေ့ပြေးသွားတဲ့ ကျောင်းသားတွေက သိရှိခဲ့ပြီး တောင်သာ ခရီးစဉ် အတွက် စိုးရိမ် ပူပန်မှုတွေ ရှိနေတာပါ။ တောင်သာလမ်းမှာ ရဲတပ်ရင်း အင်အား အလုံးအရင်း ချထားတဲ့ အပေါ် မြင်းခြံ လူထုတွေက စိုရိမ်းမှုတွေ ရှိတဲ့ အတွက် ကျောင်းသား တွေနဲ့အတူ တောင်သာလမ်း တလျှောက်ကို ချီတက် လမ်းလျှောက်ပြီး ကူညီပေး ခဲ့ပါတယ်။

ရန်ကုန် နာရေး ကူညီမှု အသင်းနဲ့ လူမှု ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ကားတွေကလည်း ဆေးဝါးနဲ့ အစားအစာတွေ အတွက် လိုက်ပါ ကူညီခဲ့ပေး ခဲ့ပါတယ်။ မြင်းခြံ ဒေသခံတွေရဲ့ ကားတွေကိုတော့ နေ့လည်ပိုင်းမှာ တားမြစ် ထားတဲ့ အတွက် တောလမ်းကနေ အစား အသောက်တွေ သယ်ဆောင် ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန့်ကျင်တဲ့ ကျောင်းသား သပိတ် စစ်ကြောင်းတွေဟာ နယ်မြို့ အသီးသီးကနေ ချီတက်လာနေကြပြီး မန္တလေးမြို့ကနေ ရန်ကုန်အထိ ချီတက်လာတဲ့ ကျောင်သားတွေ ရှိသလို ထားဝယ်ကနေ ရန်ကုန်ကို ချီတက် လာကြတဲ့ ကျောင်းသားတွေ ကတော့ လမ်းခရီး တလျှောက်မှာ မြို့ရွာတွေ မရှိတဲ့အတွက် အစာရေဆာတွေ ပြတ်နေကြောင်း သိရပါတယ်။

အလားတူပဲ ဧရာဝတီတိုင်း၊ မကွေးတိုင်း ပခုက္ကူ၊ ရေနံချောင်း၊ ချောက် စတဲ့ နေရာတွေက ကျောင်းသား တွေလည်း အမျိုးသား ပညာရေး ဥပဒေကို ပြီးခဲ့တဲ့ရက်တွေ ကစပြီး ဆန့်ကျင် ကန့်ကွက် နေကြပါတယ်။



ဒေါ်ခင်စိုးဝင်း
27.1.2015

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လက်နက် ထိန်းချုပ်ရေး၊ ခွဲခြား စိစစ်ရေးနဲ့ ဥပဒေ အတိုင်း လိုက်နာ ကျင့်သုံးရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Frank Rose ဟာ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံ ခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဇီဝနဲ့ ဓာတု လက်နက် ဖျက်သိမ်းရေး စာချုပ်တွေ အတည်ပြု နိုင်ခဲ့တဲ့ အတွက် အမေရိကန် ပြည်ထောင်စုက အားရသလို၊ အကောင် အထည် ဖော်နိုင်ရေး အတွက် လိုအပ်တာ ကူညီပေးဖို့ ကမ်းလှမ်း ခဲ့တယ်လို့ ဒုဝန်ကြီး ဦးသန့်ကျော်က ဆိုပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Frank Rose နဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တဲ့ အကြောင်း အရာ တွေနဲ့ ပတ်သက်လို့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။

“အမေရိကန် အနေနဲ့ ဒီမြန်မာက ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ကျနော်တို့က လက်နက် ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ စာချုပ် ၃ ခု အပေါ်မှာ ကျနော်တို့က ပါဝင်ပြီးတော့ အတည်ပြု ခဲ့တာပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့က မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက် အပေါ်မှာ အားရကျေနပ်တယ်၊ အားရ ကျေနပ် သလိုပဲ၊ မြန်မာနိုင်ငံက လိုအပ်တဲ့ အကူအညီ တွေပေါ့နော်၊ မြန်မာနိုင်ငံက စာချုပ်တွေမှာ အတည်ပြု ပြီးလို့ရှိရင် ဒီစာချုပ်ကို အကောင်အထည် ဖော်ဖို့ အပိုင်းပေါ့။ အကောင် အထည် ဖော်ဖို့ အပိုင်းမှာ မြန်မာနိုင်ငံက လိုအပ်တဲ့ အပိုင်းတွေကို ကူညီချင်တယ်။ အဲဒီအပိုင်းမှာ သူတို့ဘယ်လို ကူညီ စေချင် သလဲ၊ မြန်မာက ဘာတွေ လိုအပ်သလဲ၊ ဒါတွေကို အဓိက ၂ ဘက်ဆွေးနွေးပါတယ်။”

မေး - “ဟုတ်ကဲ့၊ ဒုဝန်ကြီး အခုပြောတဲ့ လက်နက် ဖျက်သိမ်းရေး စာချုပ် ၃ ခု ဆိုတာကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလားရှင်။”

ဖြေ - “အဓိကကတော့ ဇီဝလက်နက်နဲ့ ပတ်သက်တဲ့ ပိတ်ပင်တဲ့စာချုပ်၊ နောက် ဓာတုဗေဒ လက်နက်နဲ့ ပိတ်ပင်တဲ့ စာချုပ်ပေါ့လေ။ ဓာတုဗေဒတို့ ဘာတို့ကတော့ ကျနော်တို့ မနေ့တနေ့ကပဲ လွှတ်တော် ကနေပြီး အတည်ပြုတဲ့ အတွက် ကျနော်တို့က မကြာခင်မှာ ဒီဟာကို နယူးယောက်မှာ ရှိတဲ့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်က လက်မှတ်ထိုးဖို့ စီစဉ်မှာ ဖြစ်ပါတယ်။”

မေး - “ဟုတ်ကဲ့၊ နျူကလီးယားနဲ့ ပတ်သက်ပြီးတော့ရော ဆွေးနွေးဖြစ်ပါ သလားရှင့်။”

ဖြေ - “နျူကလီးယားနဲ့ ပတ်သက်တဲ့ ဥစ္စာကတော့ ဒီနေ့ ထူးထူးခြားခြား ဆွေးနွေးတဲ့ အထဲမှာ မပါပါဘူး။ သို့သော်လည်း ကျနော်တို့က နျူကလီးယားနဲ့ ပတ်သက်တဲ့ ကျနော်တို့ နောက်ဆက်တွဲ Protocol ပေါ့နော်၊ အဲဒီအပေါ်မှာ ကျနော်တို့က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း လောက်ကတည်းက ကျနော်တို့က လက်မှတ်ထိုး ထားပြီးတော့ ဒီဟာအပေါ်မှာ သူတို့အနေနဲ့ ဘာမှ ထူးထူးခြားခြား ပါဝင် ဆွေးနွေးသွားတာ မရှိပါဘူး။ သူနဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ၂ ယောက်ကလည်း တယောက်က ဓာတုဗေဒ လက်နက်နဲ့ ပတ်သက်တဲ့ အထူး ကျွမ်းကျင်တဲ့သူ တယောက် ပါပါတယ်။ ထို့အတူ နောက်တယောက် ကလည်း ဇီဝလက်နက်နဲ့ ပတ်သက်ပြီးတော့ စာချုပ်နဲ့ ပတ်သက်ပြီး အထူး ကျွမ်းကျင်တဲ့သူ ပါတဲ့အတွက် ကျနော်ထင်တာတော့ သူက ဒီ ၂ ခုကိုပဲ အဓိက ဦးတည်ပြီး ဆွေးနွေး သွားခြင်း ဖြစ်ပါတယ်။”

မေး - “ဟုတ်ကဲ့ပါ။ သူတို့ဒီ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ရော၊ ဆက်စပ်ပြီးတော့ ဘာတွေများ ပြောသွားတာ ရှိပါသလဲရှင့်”

ဖြေ - “ဘာမှ ဆွေးနွေး တာတော့ မရှိပါဘူး။ ကျနော်တို့နဲ့ မြောက်ကိုရီးယားနဲ့ ကြားထဲမှာလည်း ဘာမှ ဒီအချိန် အခါမှာ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အတိုင်း မြန်မာက လိုက်နာ နေတယ် ဆိုတာ သူတို့ သိတဲ့ အတွက် ဘာမှ အထူး တလည် ထည့်သွင်းပြီးတော့ ပြောသွားတာ၊ တိုက်တွန်းသွားတာ၊ ဆွေးနွေး သွားတာ မရှိပါဘူး။”

ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်ကို VOA ရန်ကုန်ရုံးခွဲ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက သီးသန့် ဆက်သွယ် မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။



ကိုဘခက်
RB News
26.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စုရှိ ဒေသခံ ရိုဟင်ဂျာ များကို ကျေးရွာများ အတွင်းမှ ဈေးသို့ပင် သွားခွင့် မပေးဘဲ အာဏာပိုင်များက ချောင်ပိတ်၍ ဆွဲ၊တင်၊စစ် ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှက ရွာထွက်လက်မှတ် များကို ပိတ်ပင် ထားခဲ့ပြီး ကင်းစောင့်များ ချ၍ တစ်ရွာလုံးကို ရွာပြင်ထွက်ခွင့် ပိတ်ပင် ထားခဲ့သည်။ ယနေ့သည် ကျွန်းပေါက်ဈေး၏ အပတ်စဉ် ဈေးနေ့ ဖြစ်သော်လည်း မည်သူ တစ်ဦး တစ်ယောက်ကိုမှ သွားရောက်၍ ဈေးရောင်းခွင့် မပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကျွန်းပေါက်ဈေးသည် အပတ်စဉ် တနင်္လာနေ့တွင် နယ်ပေါင်းစုံမှ ဈေးရောင်းဝယ်သူများ စုစည်း၍ ရောင်းဝယ် ဖောက်ကားသည့် ဈေးဖြစ်သည်။ ဘူးသီးတောင် မြို့နှင့် တောင်ဘဇားသည် ၁၂ မိုင်ခန့် ကွာဝေးပြီး၊ တောင်ဘဇားမှ ကျွန်းပေါက်ဈေးသို့ ၅ မိုင်ခန့် ကွာဝေးသည်။ တောင်ဘဇားရှိ ဒေသခံ အများအပြားမှာ တစ်ပတ်လျှင် တစ်ကြိမ် ကျွန်းပေါက်ဈေးမှ မဖြစ်မနေ ဈေးဝယ်ရသူများ ရှိသကဲ့သို့၊ မဖြစ်မနေ ဈေးသွားရောင်းသူ များလည်း ရှိသည်။

ငါးရန့်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှက မ.က.ဖ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများကို ချောင်ပိတ်ကာ ဆွဲ၊တင်၊စစ် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၂)၊ (၃)၊ (၄) တို့တွင် ချောင်ပိတ်၍ စစ်ဆေးခဲ့သော်လည်း အိမ်ထောင်စု (၆၀) ခန့်သာ စစ်ဆေးနိုင်ခဲ့သည်။ ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ယင်းမရွာ ရပ်ကွက် (၅)၊ (၆)၊ (၇)၊ (၈) တို့ကို ဆက်လက် စစ်ဆေးသွားမည်ဟု သိရှိရပြီး၊ ပေါက်တောပြင်ရွာတွင်လည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေသခံများကို ရွာအပြင်၊ ဈေးများသို့ ထွက်ခွင့်မပေးဘဲ ချောင်ပိတ်ထားသည့် အပြင် ရိုဟင်ဂျာ လူထုက ပါဝင်ရန် ငြင်းဆန် နေပါက တစ်ရွာလုံး မီးရှို့ပစ်မည်ဟု အာဏာပိုင်များက ခြိမ်းခြောက်သည့် နောက်ပိုင်းတွင် အားမာန် လျှော့ကာ ပါဝင်ခဲ့ရသည်ဟု ပါဝင်သူ အများစုက ပြောပါသည်။ သို့သော်လည်း စစ်ဆေးရန် ကျန်နေသည့် အများစုက ၎င်းတို့က ပစ်သတ်လျှင်လည်း အစစ်ဆေးခံမည် မဟုတ်ဟု ပြောဆိုနေကြသည်။ မိမိတို့တွင် မွေးရာပါ နိုင်ငံသား အခွင့်အရေး ရှိလျှက် ယခုကဲ့သို့ လက်နက်ဖြင့် အနိုင်ကျင့်၍ အတင်းအဓမ္မ ဘင်္ဂါလီ ဇတ်သွင်းရန် ကြံစည် နေခြင်းကို လက်မခံနိုင်ဟု ဆိုသည်။

ဇန်န၀ါရီလ (၂၇) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ငါးရန့်ချောင်း ကျေးရွာ အုပ်စုရှိ ရွာများမှ ရပ်မိရပ်ဖ ၁၀ ဦးစီကို အရေးပေါ် အစည်းအဝေး ခေါ်ထားပြီး၊ အစည်းအဝေးသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးချုပ် တင်ကိုကိုနှင့် အတူ အာဏာပိုင်များ၏ ကိုယ်စားလှယ်များဟု လူသိများကြသော ဦးရော်ဖိတ်နှင့် ဆရာ ဦးအာဘူကလာမ် တို့လည်း လာမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒေသခံများက အဆိုပါ ကွပ်ကဲရေးမှူးက လာပြီး ပို၍ ဒုက္ခပေးမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။



RB News
26.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံကို အမည်မသိ လူနှစ်ယောက်က ဓါးဖြင့်ထိုးလိုက်ရာ သေဆုံးသွားပြီး၊ ကျေးရွာ အတွင်းသို့ နယ်ခြားစောင့် ရဲများ ၀င်ရောက်၍ ရမ်းကားလျက် ရှိသည့်အတွက် ဒေသခံများ အထူး စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၂း၁၅ နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် (ဘ) ဦးတာန်ဒူး (အသက် ၂၃ နှစ်) တို့ကို အမည်မသိ လူနှစ်ဦးက ဓါးဖြင့်ထိုးခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူ ဦးဇော်ကိရ်နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် တို့သည် ထိုအချိန်တွင် နယ်ခြားစောင့် ရဲများနှင့် ရွာအတွင်း ကင်းလှည့်၍ ပြန်လာနေစဉ် ဦးဇော်ကိရ်၏အိမ်နှင့် မနီးမဝေးသို့ ရောက်ရှိချိန်တွင် အမည်မသိ လူနှစ်ဦးက ၎င်းတို့နှစ်ဦးကို ဓါးဖြင့် ထိုး၍ ထွက်ပြေး သွားကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးလုံး ဓါးဖြင့် ထိုးခံရပြီးနောက် ၃ မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် အဖွဲ့ ရောက်ရှိလာပြီး ဓါးထိုးခံရသူ နှစ်ဦးစလုံးကို မောင်တော ဆေးရုံသို့ ချက်ချင်း ပို့ဆောင် ခဲ့သည်။ သို့သော်လည်း ဆေးရုံ အရောက်တွင် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူ ဦးဇော်ကိရ် သေဆုံးသွားပြီး၊ ဦးဇူဘိုင်ရ်မှာ ဓါးဒဏ်ရာဖြင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဆေးကုသမှု ခံယူနေသည့် ဦးဇူဘိုင်ရ်ကို အမှု စုံစမ်းရေး ရဲအဖွဲ့က ထွက်ဆိုချက် ယူခဲ့ရာ ၎င်းက လူသတ်မှု ကျူးလွန်သူ နှစ်ဦးမှာ ၎င်းတို့၏ ရွာမှ ဖြစ်ကြောင်း၊ နှစ်ဦးစလုံးကို ကောင်းမွန်စွာ မြင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

ယနေ့ ညနေ ၅ နာရီ အချိန်တွင် ၃ မိုင်နှင့် ဂေါ်ဒူသာရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ၄၀ ကျော်ခန့် ညောင်ချောင်း ကျေးရွာသို့ ရောက်ရှိလာပြီး ရွာတစ်ဖက်ကို ပိတ်ဆို့၍ အိမ်တိုင်းကို ၀င်ရောက် စစ်ဆေးခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ ထုံးထမ်းစဉ်လာကို သိရှိသော ရွာမှ အမျိုးသားများသည် မတရား စွပ်စွဲခံရပြီး တရားခံ ဖြစ်ခံရမည်ကို စိုးရိမ်၍ နယ်ခြားစောင့်ရဲများ မရောက်လာမှီ ရွာအတွင်းရှိ အမျိုးသား တစ်ဦး မကျန် တိမ်းရှောင် သွားခဲ့သည်။

နယ်ခြားစောင့်ရဲများသည် အိမ်များ အတွင်းသို့ ၀င်ရောက် စစ်ဆေးစဉ် နေအိမ်အချို့မှ အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ ထို့အပြင် နယ်ခြားစောင့် ရဲများက ရွာအတွင်း တွေ့သမျှ ယောက်ျား များကို ဖမ်းဆီးရန် ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးထားကြောင်း အော်ဟစ် ပြောဆိုခဲ့သည်ဟု ရွာမှ အမျိုးသမီး အချို့၏ ပြောကြားချက်များ အရ သိရသည်။

ဓါးဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေသည့် ဦးဇူဘိုင်ရ်သည် မျက်မြင် သက်သေ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ထွက်ဆိုချက် အတိုင်း အမှုစစ် ရဲများက တရားခံ နှစ်ဦးကို သိရှိပြီး ဖြစ်သောကြောင့် တရားခံ ပေါ်ပြီးသား အမှု ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ကျေးရွာသား များ၏ အိမ်များထဲသို့ ၀င်ရောက် စစ်ဆေး၍ ပစ္စည်းများ ဖျက်ဆီးခြင်း၊ တွေ့သမျှ ယောက်ျားများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် နေခြင်းအပြင် အမျိုးသားများ ရွာထဲတွင် မရှိချိန်တွင် အမျိုးသမီးများကို မုဒိန်းကျင့်မှုများ ဖြစ်ပေါ်လာမည်ကို အလွန် စိုးရိမ်ပူပန် လျက်ရှိသည်ဟု ကျေးရွာသားများက ပြောပါသည်။

ကျေးရွာသားများက တရားခံများကို အမှုစစ်ရဲများက သိရှိပြီးသောကြောင့် တရားခံ အစစ်အမှန် ဖြစ်သူ နှစ်ဦးကို တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ရန်နှင့် မဆိုင်သူများကို ဒုက္ခမပေးရန် တောင်းဆိုနေကြသည်။

တစ်ဆက်တည်းမှာပင် အနီးအနားရှိ ကျေးရွာများ ဖြစ်သော ပန်းတောပြင်၊ ဘဂုံးနား ကျေးရွာများတွင်လည်း လူသတ် တရားခံ နှစ်ဦးကို ရှာဖွေရန် အိမ်တိုင်း ၀င်ရောက်၍ မွှေနှောက် စစ်ဆေးရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။



Rohingya Eye
RB News
26.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေး၊ ဒုချီးရားတန်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနှင့် ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ ဦးဆုလ်တာန် တို့ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ၃၇ ဦးထံမှ ငွေကျပ် ၆၂ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနှင့် ကျေးရွာ တာဝန်ခံ ဦးဆုလ်တာန် တို့သည် အပြစ်မဲ့ ဒေသခံ (၁၀) ဦးကို ဘင်္ဂလားဖုန်းများ သုံးစွဲနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဂေါ်ဒူသာရ ကျေးရွာ တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေး လက်သို့ အပ်နှံ၍ ငွေညှစ်ပြီး၊ ဦးအောင်ဇံဖြူ၊ ဦးဆုလ်တာန်နှင့် ရဲမှူး ငြိမ်းချမ်းအေးတို့ ခွဲဝေ ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဦးဇူရ်အာလမ် (ဘ) ဦးဘော်ဒီအာလမ် (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၂) နူရူလ်ဟောက်ခ် (ဘ) ဦးဇော်လာလ် (အသက် ၁၈ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၃) မာမတ်ရီဇူဝါန် (ဘ) ဦးနူရ်အာမီးန် (အသက် ၁၆ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၄) မာမတ်ဇူဘိုင်ရ် (ဘ) ဦးဒီလ်မိုဟာမတ် (အသက် ၂၁ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၅) နူရ်မာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၁ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၆) ဦးကော်ဘိရ်အာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၃ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၇) ဒီလ်မိုဟာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၁ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၈) ဦးဒေါလူဟူဆောင်း (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၉) ဟာဖီးဇ်အာမတ် (ဘ) ဦးအဒူရာဇတ် (အသက် ၁၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၁၀) ဦးအဘူလ်ဟူဆောင်း (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း -- တို့ဖြစ်သည်။

ထို့အပြင် ဦးအောင်ဇံဖြူနှင့် ဦးဆုလ်တာန် တို့သည် အပြစ်မဲ့ ဒေသခံများကို ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးမှုနှင့် ပတ်သက်နေသူ တရားခံ စာရင်းများမှ ပယ်ဖျက်ပေးမည်၊ ငွေမပေးပါက ထောင်ကျမည်ဟု လိမ်ညာ ခြိမ်းခြောက်၍ ဒေသခံ (၂၇) ဦးထံမှ ငွေကျပ် တစ်သိန်းစီကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ငွေကျပ်တစ်သိန်းစီ ညှစ်ခံရသူများမှာ --

(၁) ဦးမော်နီရ်အာမတ် (ဘ) ဦးနော်ဇူမျာ (အသက် ၅၈ နှစ်)
(၂) ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၃၀ နှစ်)
(၃) ဦးအဒူလ်အာမတ် (ဘ) ဦးဟူစိန်းအာမတ် (အသက် ၃၇ နှစ်)
(၄) ဦးနော်ဇီရ်အာမတ် (ဘ) ဦးနော်ဇူမျာ (အသက် ၆၅ နှစ်)
(၅) ဦးရှော်ဘီရ်အာမတ် (ဘ) ဦးဆာလေအာမတ် (အသက် ၃၁ နှစ်)
(၆) ဦးရှုကူရ်အာမတ် (ဘ) ဦးဆာလေအာမတ် (အသက် ၅၅ နှစ်)
(၇) ဦးနူရ်ဟာရှိမ်း (ဘ) ဦးအာမာန်အုလ္လာ (အသက် ၃၀ နှစ်)
(၈) ဦးရှောမ်ရှု (ဘ) ဦးကုလ္လာမျာ (အသက် ၄၀ နှစ်)
(၉) ဟာမိတ်ဟူဆောင်း (ဘ) ဦးဇာဖောရ်အာမတ် (အသက် ၂၃ နှစ်)
(၁၀) ဦးရာမောတ်အုလ္လာ (ဘ) ဦးဇော်လာလ် (အသက် ၃၆ နှစ်)
(၁၁) ကော်ဘိရ်အာမတ် (ဘ) ဦးဆွေတာလမ် (အသက် ၁၇ နှစ်)
(၁၂) ဟေဒါယာသ်အုလ္လာ (ဘ) ဦးမောတီရာမန် (အသက် ၁၆ နှစ်)
(၁၃) ကော်ရီမူလ္လာ (ဘ) ဦးမော်ဇီအူလ္လာ (အသက် ၁၇ နှစ်)
(၁၄) အေနာမ် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၂၄ နှစ်)
(၁၅) မာမတ်ဟူဆောင်း (ဘ) ဦးလာလ်မျာ (အသက် ၂၄ နှစ်)
(၁၆) ဦးဟေဖ်ဇူရာမန် (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၂၉ နှစ်)
(၁၇) ဟာလာယာ (ဘ) ဦးဆော်လီမူလ္လာ (အသက် ၂၁ နှစ်)
(၁၈) အဒူလာမီးန် (ဘ) ဦးမာမတ်ဆီဒိခ် (အသက် ၂၁ နှစ်)
(၁၉) ဦးအဒူမော်ဇိတ် (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၃၀ နှစ်)
(၂၀) ဆွေယာဒ်ဟူဆောင်း (ဘ) ဦးဇာဖောရ်ဟူဆောင်း (အသက် ၁၆ နှစ်)
(၂၁) နူရ်ဆလာမ် (ဘ) ဦးရှာခ်အာမတ် (အသက် ၂၂ နှစ်)
(၂၂) ဦးရော်ဘီအာမတ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၃ နှစ်)
(၂၃) ဦးအဒူရော်ဟိမ်း (ဘ) ဦးအဒူဆလာမ် (အသက် ၃၀ နှစ်)
(၂၄) အဒူရော်ဟိမ်း (ဘ) ဦးဖောဇော်လ်အာမတ် (အသက် ၂၀ နှစ်)
(၂၅) ဖော်ယာဇူလ်အစ္စလာမ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၁၇ နှစ်)
(၂၆) ဦးဆွေတာလာမ် (ဘ) ဦးဒေါဘီအူလ္လာ (အသက် ၄၁ နှစ်)
(၂၇) ဦးအီနုစ် (ဘ) ဦးအဒူမာလဲခ် (အသက် ၃၆ နှစ်) -- တို့ဖြစ်သည်။



RB News
26.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ အနည်းငယ်၌ ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် တွင် နည်းမျိုးစုံဖြင့် ငွေညှစ်ခြင်း၊ မ.က.ဖ အဖွဲ့ဝင်များက အမျိုးသမီးများကို စော်ကားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် ပြန်လည် အသက်သွင်းလိုက်သည့် ယခင် စစ်အစိုးရ လက်ထက်က ဆွဲ၊တင်၊စစ် တွင် ရိုဟင်ဂျာ ပြည်သူများ မပါဝင်ချင်သည့် အဓိက အကြောင်းရင်းများထဲတွင် မတရားသဖြင့် ငွေညှစ်ခြင်းနှင့် အမျိုးသမီး များကို ကာအိနြေ္ဒ ပျက်ပြားသည့် အထိ စော်ကားမှုများ ပြုလုပ်ခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၏ အကြံပေး အရာရှိ သဖွယ် ဖြစ်နေသည့် အမှတ် (၅) ရပ်ကွက်မှ ဦးမောင်လှိုင်စိုး၏ ငွေညှစ်မှုများနှင့် စော်ကားမှုများသည် သည်းခံနိုင်ဖွယ်ရာပင် မရှိသော်လည်း ဥပဒေက အကာအကွယ် မပေးသောကြောင့် ဒေသခံများ နှုတ်ဆိတ်နေရသည်ဟု ဆိုသည်။

ဇန်န၀ါရီလ (၁၄) ရက်နေ့က အမှတ် (၅) ရပ်ကွက် ဟမ်လာလ်ရွာတွင် ဆွဲ၊တင်၊စစ် စတင်ခဲ့ပြီး၊ ဦးမောင်လှိုင်စိုး၏ ခြိမ်းခြောက်မှု၊ ရိုက်နှက် စော်ကားမှုများကြောင့် မိသားစု (၄၀) ပါဝင် စစ်ဆေး ခံခဲ့ရသည်။ ဇန်န၀ါရီလ (၁၄) ရက်နေ့မှ (၁၉) ရက်နေ့ အတွင်း နည်းမျိုးစုံဖြင့် ရိုက်နှက် စော်ကားပြီး မိသားစု (၄၀၀) ခန့်ကို စစ်ဆေးခဲ့သည်။

ဟမ်လာလ်ရွာမှ ဆိုက္ကားနင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည့် ဦးဘော်ရှီရ် အာမတ် ထံမှ ငွေကျပ် ၁၆၅၀၀၀ ကို မွေးစာရင်း အတွက် ၁၀၀၀၀ ကျပ်၊ အိမ်ထောင်စု စာရင်းမှ ပယ်ဖျယ် အတွက် ၂၀၀၀၀ ကျပ်၊ သမီး လက်ထပ်ခွင့် အတွက် ၁၃၀၀၀၀ ကျပ်နှင့် ဓါတ်ပုံ ရိုက်ခ ၅၀၀၀ ကျပ် ဟုဆိုကာ ညှစ်ယူခဲ့သည်။ ယင်းရွာမှ ဦးဟူဆံအာမတ် ထံမှလည်း ငွေကျပ် ၁၄၀၀၀၀ ကို လက်ထပ်ခွင့် အတွက် ၁၀၀၀၀၀ ကျပ်၊ ဇနီး စာရင်းတင်ရန် အတွက် ၂၀၀၀၀ ကျပ်နှင့် အထွေထွေ အတွက် ၂၀၀၀၀ ကျပ် ဟုဆိုကာ ညှစ်ယူခဲ့သည်။ ထို့အပြင် ယင်းရွာမှ ဦးနူရ်ဆလာမ် ထံမှ ငွေကျပ် ၁ သိန်း၊ ဦးယာစီးန် ထံမှ ငွေကျပ် ၁ သိန်း၊ ဦးနူရ်မာမတ် ထံမှ ငွေကျပ် ၅ သောင်းနှင့် ဦးရှော်မ်ရှု (ဘ) ဦးအဒူရှကူရ် ထံမှ ငွေကျပ် ၈ သောင်း၊ ဦးအဒူရာမန် (ဘ) ဦးအဘူဆယိဒ် ထံမှ ငွေကျပ် ၈ သောင်း၊ ဦးအာယုဖ် ထံမှ ငွေကျပ် ၃ သောင်း၊ ဦးယာဇုလ်ဟောက် (ထွေ/အုပ်) ထံမှ ငွေကျပ် ၁ သိန်း၊ ဦးဇူဘိုင် ထံမှ ငွေကျပ် ၃ သောင်း၊ ဦးရှော်ဘိရ် ထံမှ ငွေကျပ် ၅ သောင်း၊ ဒေါ်သန္တာမိုး ထံမှ ငွေကျပ် ၂ သောင်း၊ ဦးရူနူရှား ထံမှ ငွေကျပ် ၇ သောင်း၊ ဆရာကြီး ဦးလှအောင် ထံမှ ငွေကျပ် ၅ သောင်းနှင့် အတင်းအဓမ္မ စစ်ဆေးခံရသူ ၈၀% မှာ ငွေကျပ် ၁၅၀၀၀ မှ တစ်သိန်းကျော်ထိ ညှစ်ခံခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၁၅၀၀၀ နှင့် ပျှမ်းမျှ တွက်လျှင်ပင် တစ်ရွာတည်းမှ ငွေကျပ် သိန်း ၆၀ ကျော် ညှစ်ခဲ့သည်ဟု ဆိုသည်။

ဇန်န၀ါရီလ (၁၈) ရက်နေ့က ဦးဥတ္တမခန်းမတွင် ကျင်းပသည့် အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ကို ဒေသခံများက ဦးမောင်လှိုင်စိုးက ငွေညှစ်နေခြင်းနှင့် ပတ်သက်၍ တင်ပြခဲ့ရာ၊ ရဲမှူးချုပ် တင်ကိုကိုက ငွေတောင်းလျှင် ၀၉ ၈၅၂၀၀၀၅၉ သို့တိုင်ကြားရန် ပြောဆိုခဲ့သည်။ ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် ဦးမောင်လှိုင်စိုးက ဌာနဆိုင်ရာ ပွဲစားဖြစ်သူ ဦးဟာမီဒုလ္လာ၏ နေအိမ်တွင် ဌာနဆိုင်ရာ ပွဲစား ဦးအီနုစ် (ဘ) ဦးမောဂ္ဂါ၊ ဦးနူရ်အာလမ်၊ ဦးရှောမ်ရှု၊ ဦးအာလောမ်၊ ဦးအီစ္စမိုင်လ် (ငါးရောင်း)၊ ဦးအာမီးရ်ဟမ်းဇာ (ရ.၀.တ)၊ ဦးအဒူရှကူရ် (ဆန်)၊ ဦးဂူလီယာနှင့် ဦးနောဘီယာ တို့ကို ဖိတ်ကြား၍ ညစာကျွေးပြီး အကယ်၍ အထက်မှ ငွေညှစ်နေမှုများနှင့် ပတ်သက်၍ မေးမြန်းပါက ငွေညှစ်ခြင်း မရှိကြောင်း ပြောရန် ညစာစားပွဲသို့ တက်ရောက်သူများ အားလုံးကို စည်းရုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးသည် ဒေသခံများကို အမျိုးမျိုး အမှုဆင်၍ ထောင်ကျအောင် ပြုလုပ်ခြင်း၊ ထွက်ပြေး သွားအောင် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခြင်းများ အပြင် ပြဿနာ ဖန်တီး၍ ပြဿနာ ဖြစ်နေသည့် မုဆိုးမ အိမ်များ၊ ဆင်းရဲသည့် နွမ်းပါးသည့် မိသားစုများတွင် သမီးပျို ရှိသည့် အိမ်များကို ရွေးချယ်၍ အမှုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိသည်ဟု ဆိုကာ ညအချိန်မတော် သွား၍ အိမ်မပြန်ဘဲ ညအိပ်လေ့ ရှိသည်ဟု ဒေသခံများက ဆိုသည်။ (ဦးမောင်လှိုင်စိုးက အမှုဆင်၍ ပြဿနာ ဖြစ်နေသည့် နေအိမ်များတွင် ညအချိန်မတော် သွား၍ ဆွေးနွေးရန်ရှိသည်ဟု ဆိုကာ ညအိပ်လေ့ရှိသည့် အိမ်များနှင့် မိသားစုများ၏ အမည်စာရင်းများ RB News တွင် ရှိသော်လည်း မိသားစုများ၏ ဂုဏ်သိက္ခာကြောင့် မဖော်ပြဘဲ ချန်လှပ် လိုက်သည်။)

ထိုကဲ့သို့ ဒေသခံများ၏ အိမ်တွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့် အချိန်တွင် ညအိပ်ခြင်း ပတ်သက်၍ ဒေသခံများက လွန်စွာ စိုးရိမ် ပူပန်လျက်ရှိသည်။ ဦးမောင်လှိုင်စိုးသည် အလွန် ယုတ်မာသူ တစ်ဦး ဖြစ်သောကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွား လာမည်ကို စိုးရိမ်လျက် ရှိကြသည်။

ဦးမောင်လှိုင်စိုးသည် ရွာတွင် ကင်းရုံ ဆောက်ရန်ဟု ဆိုကာ အိမ်ခြေ ၅၀၀ ခန့်မှ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ ကောက်ခံခဲ့ရာ ငွေကျပ် ၃ သိန်းကျော် ရရှိခဲ့သော်လည်း ၈ ပေ - ၆ ပေ ရှိကင်းတဲ တစ်ခုသာ ဆောက်ပေးပြီး၊ ကျန်သည့် ငွေများကို အလွဲသုံးစား ပြုလုပ်ခဲ့သည်။ ညစဉ်ညတိုင်း ရွာသား ၅ ဦးကျစီ ကင်းစောင့် နေရပြီး၊ ကင်းမစောင့်လိုသူများက ဌာနဆိုင်ရာ ပွဲစားများ ဖြစ်သော ဦးဟာမီဒုလ္လာနှင့် ဦးအီနုစ် တို့ကို တစ်ည အတွက် ငွေကျပ် ၁၀၀၀ စီ ပေးရသည်။ တစ်လတွင် ၃ ကြိမ်ခန့် ကင်းစောင့် ရသောကြောင့် ကင်းမစောင့်လိုပါ ငွေကျပ် ၃၀၀၀ စီပေးနေရသည်ဟု ဒေသခံများက ဆိုသည်။

မြို့တွင်း ရွာထွက် လက်မှတ် တစ်စောင်လျှင် ငွေကျပ် ၁၀၀၀၊ နယ်ကျော် ဆိုလျှင် ငွေကျပ် ၅၀၀၀ မှ ၅၀၀၀၀ ထိ ညှစ်လေ့ ရှိသည်။ ဦးမောင်လှိုင်စိုး၏ ငွေညှစ်မှု၊ စော်ကားမှုများနှင့် ယုတ်မာမှုများကို ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေထံ အကြိမ်ကြိမ် တိုင်ကြားသော်လည်း ဦးမောင်လှိုင်စိုးသည် ဦးသန်းရွှေ၏ အကြံပေး သဖွယ် ဖြစ်နေသည်က တစ်ကြောင်း၊ ဦးမောင်လှိုင်စိုးက ဦးသန်းရွှေကို ဝေစုပေးနေသည်က တစ်ကြောင်း စသည်တို့ကြောင့် အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက RB News သို့ပြောပါသည်။



ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ၏ သတင်း ထုတ်ပြန် ကြေညာချက်

၁၆ ရက် ဇန်န၀ါရီလ ၂၀၁၅

နိဒါန်း

ယနေ့သည် ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ အနေဖြင့် မြန်မာနိုင်ငံသို့လာရောက်သော ဒုတိယအကြိမ် တရားဝင် ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်ပါသည်။ ဤခရီးစဉ်သည် မတူကွဲပြားခြားနားမှုများ၊ ပထဝီဝင်ဆိုင်ရာ အခြေအနေများ၊ အမြင်များနှင့် အတွေ့အကြုံ များ အမြောက်အများ ရရှိခဲ့သည့် ခရီးစဉ်တစ်ခု ဖြစ်ပါသည်။ ကျွန်မသည် အစိုးရအရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများနှင့် နိုင်ငံတကာအသိုင်းအ၀န်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများသည် ရိုးသားမှု၊ ပွင့်လင်းမှု၊ တစ်ခါတစ်ရံတွင် စိတ်ခံစားချက် ပြင်းပြမှုတို့ ရှိခဲ့ပါသည်။ သို့သော် အစဉ်သဖြင့် ရင်းနှီးဖော်ရွေသောအသွင် ဆောင်ပါသည်။ ကျွန်မအနေဖြင့် ဤတိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပို၍ ပို၍ ခံစားလာရပြီး လူ့အခွင့်အရေးများ ပိုမို ရရှိခံစားနိုင်စေ ရေးအတွက် သွားရောက်နေသော ပြုပြင်ပြောင်းလဲရေးခရီးစဉ်တွင် မြန်မာပြည်သူတို့နှင့်အတူ လက်တွဲပါဝင် ခွင့် အခွင့်အရေး ရရှိလာပါသည်။ မြန်မာနိုင်ငံအစိုးရ၏ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းတို့၏ တာဝန်ကျေပွန်သော ပံ့ပိုးမှုတို့ မရရှိခဲ့ပါလျှင် ကျွန်မ၏ခရီးစဉ်မှာ ဖြစ် ပေါ်လာနိုင်စရာအကြောင်း မရှိပါ။ အဆိုပါ အဖွဲ့အစည်း နှစ်ရပ်စလုံးအား ကျွန်မအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ 

ယနေ့တွင် ကျွန်မအနေဖြင့် ယခုခရီးစဉ်မှ ရရှိလာသော အကြို လေ့လာတွေ့ရှိချက် အချို့နှင့် ကျွန်မ၏ အရင်တစ်ခေါက် ခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတို့ကို တင်ပြလိုပါသည်။ ကျွန်မအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လခရီးစဉ်အပြီး အထွေထွေညီလာခံသို့ တင်ပြခဲ့သော ကျွန်မ၏ အစီရင်ခံစာထဲတွင် ဖော်ပြ ထားသော အဓိကကျသည့် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍများတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုတို့ပါ အထူးစိတ်ဝင်စားပါသည်။
ရန်ကုန်မြို့၌ အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး၊ ဦးစိန်သန်း၊ ဦးထင်ကျော်၊ ဒေါက်တာထွန်းအောင်၊ ဦးနေမျိုးဇင်၊ ဦးအောင်မျိုးသူ၊ နော်အုံးလှ တို့နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် တပ်မတော်လှည့်ကင်းတစ်ဖွဲ့နှင့် တွေ့ဆုံစဉ် အသတ်ခံခဲ့ရသည့် ကချင်မိန်းမငယ်တစ်ဦး ဖြစ်သည့် ဂျာဆိုင်းအင် (Ja Seng Ing) ၏ ဖခင် ဦးဘရန်ရှောင်း (U Brang Shawng) နှင့် တွေ့ဆုံခဲ့ပါသည်။ လက်ပံတောင်းအရေးကိစ္စနှင့် အခြားသော ကိစ္စရပ်များအတွက် ရှေ့နေကွန်ရက်အဖွဲ့များ၊ မြေယာအခွင့် အရေး တက်ကြွလှုပ်ရှားသူများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် အက်ဥပဒေအရ စွဲချက်တင်ထားခံရသောသူများအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများရေးရာကော်မတီ၏ အစိုးရ မဟုတ်သောအဖွဲ့ဝင်အချို့တို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ကျွန်မ၏ ရန်ကုန်မြို့ တွေ့ဆုံဆွေးနွေးမှုများ တွင် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လှုမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများလည်း ပါဝင်ပါသည်။ ထို့အပြင် ကိုပါကြီး၏ ဇနီး၊ ပုဂ္ဂလိက သတင်းမီဒီယာ အဖွဲ့ဝင်အချို့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အဖွဲ့ဝင်အချို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ယနေ့မနက်ခင်းတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနမှ အရာရှိများအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် မြေယာအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီတို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ယမန်နေ့က နေပြည်တော်၌ အထက်လွှတ်တော် ကော်မတီများ ( လွှတ်တော်ရေးရာကော်မတီများ၏ ဥက္ကဋ္ဌ များနှင့် ဥပဒေမူကြမ်းကော်မတီများ၏ ကိုယ်စားလှယ်များ)၊ အောက်လွှတ်တော်ရေးရာကော်မတီများ (လွှတ်တော်ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ အောက်လွှတ်တော် ဥပဒေမူကြမ်းကော်မတီ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ အောက်လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ဆန်းစစ်ရေးကော်မရှင်နှင့် မြေယာသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်တို့၏ ဥက္ကဋ္ဌများ အပါအဝင်) တို့နှင့် တွေ့ဆုံခဲ့ပါသည်။ နိုင်ငံတော်သမ္မတ၏ ဥပဒေ၊ နိုင်ငံရေးနှင့် စီးပွားရေးအကြံပေး ပုဂ္ဂိုလ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးသန့် တွေ့ဆုံခဲ့ပါသည်။
ကျွန်မ၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့လည်း သွားရောက်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်များနှင့်ပတ်သက်၍ နောက်ပိုင်းတွင် ကျွန်မ၏ ထုတ်ပြန်ကြေညာချက်ထဲ၌ အသေးစိတ်ဖော် ပြသွားပါမည်။

အကြိုလေ့လာတွေ့ရှိချက်များ
စုဆောင်းရရှိသော သတင်းအချက်အလက်များအားလုံးအပေါ် အခြေခံလျက် အချို့သောကဏ္ဍများတွင် အစိုးရအနေဖြင့် ယင်း၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို တိုးတက်မှုရရှိအောင် ဆက်လက်ဆောင် ရွက်မှု ရှိနေသည်မှာ သေချာသည်ဟု ထင်မြင်ယူဆပါသည်။ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သည့် အစီအစဉ်များ ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်အတွက် ကျေနပ်မိပြီး၊ မြေယာနှင့်ဆက်စပ်သည့် စီမံကိန်းများနှင့် ပတ်သက်၍ ရပ်ရွာလူထုအဖွဲ့အစည်းများနှင့် ပိုမို ညှိနှိုင်းဆောင်ရွက်ရေး အဆိုပြုချက်များနှင့် စပ်လျဉ်း၍ အစိုးရကို ချီးကျူးပါသည်။ ကျွန်မ၏ ယခင်ခရီးစဉ်နောက်ပိုင်းတွင် ဦးကျော်လှအောင်အား ပြန်လည် လွှတ်ပေးမှုကြောင့်လည်း အားရကျေနပ်မိပါသည်။ သို့သော် ကျွန်မ၏ ယခင်ခရီးစဉ်နောက်ပိုင်း အချို့ ကဏ္ဍများတွင် တိုးတက်မှုများ မတွေ့ရပါ။ အထူးသဖြင့် မြေယာဖွံ့ဖြိုးမှုစီမံကိန်းများနှင့် ပတ်သက်၍ မကြာခဏဆိုသလို သတင်းအချက်အလက်ရရှိမှု နည်းပါးခဲ့ပြီး၊ ထိခိုက်ခံစားရသော ရပ်ရွာပြည်သူများနှင့် လုံလောက်သော ညှိနှိုင်းဆွေးနွေးမှု မရှိသည်ကို တွေ့ရှိရပါသည်။ အကျိုးဆက်အနေဖြင့် ပေါ်ထွက်လာ သော အငြင်းပွားမှုများသည်လည်း အကြမ်းဖက်နှိမ်နင်းမှုများနှင့် တွေ့ကြုံခဲ့ရပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဒေသန္တရအဆင့်၌ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုံလောက်သော စွမ်းရည် မရှိမှု သို့မဟုတ် လျစ်လျူရှုထားမှုတို့ကြောင့် အချို့သောကဏ္ဍများတွင် မျှော်လင့်သလောက် ဖြည့်ဆည်း ဆောင်ရွက်နိုင်မှု မရှိကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်ကဏ္ဍတွင် အပြုသဘောဆောင်သော ဖြစ်ပေါ်မှုများသည် ပြန်လည်ဆုံးရှုံးမှု အန္တရာယ်နှင့် ကြုံတွေ့နေရပါသည်။ ဤကဏ္ဍတွင် ကျွန်မ၏ ပထမအကြိမ် အစီရင်ခံစာတွင် ဖော်ပြထား သော နောက်ကြောင်းပြန်လှည့်မှု ဖြစ်နိုင်ချေရှိသော အရိပ်လက္ခဏာများသည် ပိုမို အရှိန်မြန်လာသည်ကို တွေ့ရပါသည်။ အဆိုပါကိစ္စရပ်များအား ဦးစားပေးအနေဖြင့် ဖြေရှင်းရန် အစိုးရအား တိုက်တွန်းပါသည်။ မတ်လတွင် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည့် ကျွန်မ၏အစီရင်ခံစာထဲတွင် ဤကိစ္စရပ်အား ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသည်။

ဒီမိုကရက်တစ် အခန်းကဏ္ဍ
ကျွန်မ၏ ပထမအကြိမ် ခရီးစဉ်နောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ ဒီမိုကရက်တစ်အခန်းကဏ္ဍ ပွင့်လင်းလာမှုကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အရေးပါသော အောင်မြင်မှုတစ်ရပ်အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသိအမှတ်ပြုကြသည်ကို သိရှိခဲ့ရပါသည်။ သို့သော် ဤကဲ့သို့သော အောင်မြင်မှုများကို ထိန်းသိမ်း ထားရန်အတွက်ဆိုလျှင် အရေးကြီးသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်းနှင့် အရှိန်အဟုန်မြှင့် အားထုတ် မှုများ လိုအပ်ကြောင်းကို အလေးထားဖော်ပြခဲ့ပါသည်။ ငြိမ်းချမ်းစွာစုဝေးမှုနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်မှု အက်ဥပဒေ၏ ပုဒ်မ ၁၈ နှင့်ပတ်သက်ပြီး ကျွန်မနှင့် ပါဝင်ဆွေးနွေးသူများက အထူးတလည် စိုးရိမ် ပူပန်မှုများ ရှိနေကြောင်းကို သိရှိခဲ့ရပါသည်။
အဆိုပါ စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး အခြေအနေ ပိုမိုဆိုးဝါးလာနိုင်သည့် အရိပ်လက္ခဏာ များလည်း ရှိနေပါသည်။ မြေယာသိမ်းယူမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့နှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာစုဝေးမှုနှင့် ဖွဲ့စည်းဆောင်ရွက်မှုဆိုင်ရာ အခွင့် အရေးများကို ကျင့်သုံးဆောင်ရွက်သော ပြည်သူများအား ဖမ်းဆီးနေမှုများနှင့် တရားစွဲဆိုမှုများသည် ကျွန်မ ၏ ယခင်ခရီးစဉ်နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။ ကန့်ကွက်ဆန္ဒပြသူ များကို ပုဒ်မ ၁၈ နှင့် ပြစ်မှုဆိုင်ရာဥပဒေတို့အရ စွဲချက်တင်ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့ ပြုလုပ်နေပြီး ဖမ်းဆီးခံရသည့် အရေအတွက်မှာလည်း တိုးပွားလာနေပါသည်။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရားဝင် ကိန်း ဂဏန်းများအရ နိုင်ငံရေးအကျဉ်းသား ၂၇ ဦး အကျဉ်းထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပါသည်။ သို့သော် မြေယာနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်စဉ်ကာလအတွင်း ကျူးကျော်ဝင်ရောက်မှုဖြင့် စွဲချက်တင်ခံရသည့် လယ်သမား ၇၈ ဦးတို့ကိုလည်း နိုင်ငံရေးရည်ရွယ်ချက်များဖြင့် ဖမ်းဆီးခဲ့သည်ဟု ကျွန်မ ယူဆပါသည်။ နိုင်ငံရေးပြစ်မှုများဖြင့် စွဲချက်တင်ခံထားရသည့် ရာပေါင်းများစွာသောသူများမှာ လတ်တလောအချိန်တွင် ရုံးတင်စစ်ဆေးခံရန် စောင့်ဆိုင်းနေရဆဲဖြစ်ပြီး၊ ယင်းတို့ထဲတွင် ယခုနှစ်တွင်း ကန့်ကွက်ဆန္ဒပြစဉ် ဖမ်းဆီးခံရသူ အများအပြား ပါဝင်ကြောင်း သိရှိရပါသည်။ အရေအတွက်များမှာ အလွန်အမင်း ဆက်လက် မြင့်တက်လျက်ရှိနေပြီး ကျွန်မအနေဖြင့် ဤကဏ္ဍတွင် တိုးတက်မှုများ ရရှိနေ သည်ဟု မဆိုနိုင်ပါ။
ကျွန်မ၏ ယခင်ခရီးစဉ် ပြီးဆုံးပြီးနောက် မကြာမီတွင် မြေယာသိမ်းဆည်းမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ဖြည့်စွက်အထောက်အထား စာရွက်စာတမ်းများကို ကျွန်မအား ပေးအပ်ရန် ကုလသမဂ္ဂရုံးသို့ အလာလမ်း တွင် အဖမ်းခံခဲ့ရသော ဦးစိန်သန်းအပါအ၀င် ပုဒ်မ ၁၈ ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။ လွန်ခဲ့သောလအတွင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းအရေးအခင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံသံရုံးအပြင်ဘက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက် အဖမ်းခံခဲ့ရသော နော်အုံးလှ၊ ဦးနေမျိုးဇင် တို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ မိဘတစ်ဦးအနေဖြင့် သတင်းမှားများပေးသည်ဟု စစ်တပ်၏ စွပ်စွဲချက်များ ဖြင့် ရင်ဆိုင်နေရသော ဂျာဆိုင်းအင်၏ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်း၏အမှုကိုလည်း သိရှိရ၍ စိတ်ထိခိုက် ခဲ့ရပါသည်။ ၂၀၁၂ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ခိုက်မှု တွင် ၁၄ နှစ် အရွယ် သမီး ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ၄င်းက စာရေးသားပေးပို့ပြီးနောက် ၄င်း၏အမှုကိစ္စ ပေါ်ပေါက် လာခဲ့ပါသည်။ ၄င်းအပေါ် တရားရုံး ကြားနာစစ်ဆေးမှုများ ဆောင်ရွက်သည့် ၂ နှစ်တာ ကာလအတွင်း ၄င်း၏သမီး သေဆုံးမှုနှင့်ပတ်သက်ပြီး တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်ခဲ့ခြင်း မရှိပါ။
၂၀၁၄ ခုနှစ် နှစ်အကုန်ပိုင်းတွင် ယခင်ကဖွဲ့စည်းခဲ့သော အကျဉ်းသားများ ပြန်လည်စိစစ်ရေးကော်မတီကို ဖျက်သိမ်းခဲ့ပြီး အဖွဲ့အဝင် ၂၈ ဦးပါဝင်သော ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများရေးရာကော်မတီ တစ်ရပ်ကို အစားထိုးဖွဲ့စည်းခဲ့ပါသည်။ ယင်းကော်မတီတွင် အားလုံးမဟုတ်သော်လည်း အချို့မှာ ယခင် NGO အဖွဲ့ဝင်များ ပါဝင်ပါသည်။ ယခင်ကော်မတီသည် ၂၀၁၄ ခုနှစ်အတွင်း ၃ ကြိမ်သာ တွေ့ဆုံခဲ့ပြီး ပြည်သူ့အစီရင်ခံစာများ ထုတ်ဝေခဲ့ခြင်း မရှိပါ။ ကျွန်မအနေဖြင့် အဆိုပါကော်မတီအသစ်အား ထိရောက်မှု ရှိစေရေး၊ အပြုသဘောဆောင်ရေးနှင့် နိုင်ငံရေးအကြောင်းအရင်းများကြောင့် ထိန်းသိမ်းခြင်းခံနေရသူများ အားလုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးမှုရှိစေခြင်းတို့ကို အာမခံချက်ရှိစေရန် အစိုးရအား တိုက်တွန်းခဲ့ပါသည်။
လွတ်လပ်မှုရှိပြီး အနှောင်အဖွဲ့ကင်းသော သတင်းမီဒီယာသည် ဒီမိုကရက်တစ်လူမှုအဖွဲ့အစည်း၏ အရေး ကြီးသော နောက်ထပ်အညွှန်းကိန်းတစ်ခု ဖြစ်ပါသည်။ အစိုးရအနေဖြင့် မီဒီယာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေပြီး၊ အဆိုပါ ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် ဂျာနယ်လစ်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရပါသည်။ သို့သော် ဆောင်ရွက်စရာ လုပ်ငန်းများစွာ ကျန်ရှိနေပါသေး သည်။ လက်ရှိ ရုပ်သံထုတ်လုပ်မှုဆိုင်ရာဥပဒေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွင် ညှိနှိုင်းဆောင်ရွက်မှုများမှာ လုံလောက်မှုမရှိကြောင်း တင်ပြတိုင်ကြားမှုများကိုလည်း လက်ခံရရှိပါသည်။ ထုတ်ဝေရေးနှင့် မီဒီယာဥပဒေ များသည် လွတ်လပ်သော မီဒီယာကို ချုပ်ချယ်မှုဖြစ်ကြောင်းနှင့် မလိုအပ်ဘဲ ကန့်သတ်ချုပ်ချယ်မှု ဖြစ် ကြောင်း စသည့် စိုးရိမ်ပူပန်မှုများကိုလည်း တင်ပြကြပါသည်။
ဂျာနယ်လစ်များမှာ ပုံမှန်ခြိမ်းခြောက်မှုများ၊ ထိန်းချုပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရှိခဲ့ ရပါသည်။ ကိုပါကြီး၏ ဝမ်းနည်းဖွယ်ရာ သေဆုံးခဲ့ရမှုဖြစ်ရပ်သည် ယင်းအခြေအနေကို ထင်ဟပ်ဖော်ပြ သည့် ဆိုးရွားသော နမူနာတစ်ခု ဖြစ်ပါသည်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အဖမ်းခဲ့ရသည့်နောက်ပိုင်း မွန်ပြည်နယ်ရှိ တပ်မတော်၏ ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်ရန် ကြိုးပမ်းရင်း ကိုပါကြီးမှာ ပစ်သတ်ခံ ခဲ့ရသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အဆိုပါ အမှုကိစ္စအား စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ခဲ့ပြီး ယင်းအမှုကိစ္စကို အရပ်ဘက်တရားရုံးတစ်ခုတွင် စစ်ဆေးရန် တောင်းဆိုခဲ့ပါသည်။ ကျွန်မအနေဖြင့် ပြစ်မှုဆိုင်ရာ စစ်ဆေးကြားနာမှုကိစ္စများကို ပွင့်လင်းမြင်သာမှုရှိသော ပုံစံဖြင့် ဆောင်ရွက်ရေးကို ဦးစားပေးကိစ္စရပ်တစ်ခုအနေဖြင့် စတင် ဆောင်ရွက်ရန် အစိုးရအား တောင်းဆို ပါသည်။
ထို့အပြင် ကျွန်မ၏ ယခင်ခရီးစဉ်မတိုင်မီကလေးတွင် ယူနတီဂျာနယ်၏ အယ်ဒီတာနှင့် သတင်းထောက် ၄ ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်မှုတွင်လည်း လျှော့ပေါ့ပေးမှုမရှိဘဲ ထောင်သွင်း အကျဉ်းချထားဆဲဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ဤကဲ့သို့သော ဖြစ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူမှု/တာဝန်ခံမှု တောင်း ဆိုမှုများအပါအဝင် နိုင်ငံတော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၄င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောဆိုရန် ဆန္ဒရှိသူများအား ခြိမ်းခြောက်မှုနှင့် ထိန်းချုပ်မှုများ တိုးပွားလာခြင်း ဖြစ်ပါသည်။ ခိုင်မာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအတွက် အခြေခံကျသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို အထောက်အကူပြုရမည့်အစား အဆိုပါဖြစ်ရပ်များသည် မိမိလုပ်ရပ်အပေါ် ကိုယ်တိုင် ဆင်ဆာဖြတ် တောက်မှုနှင့် သတိထားဆောင်ရွက်မှုတို့ကို အားပေးရာရောက်ပါသည်။ ကျွန်မအနေဖြင့် အစိုးရအား သဘောထားကွဲလွဲမှုများကို ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ယူမှု/တာဝန်ခံမှုအတွက် တောင်းဆိုမှုများကို အကာအကွယ်ပေးခြင်းနှင့် တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို အာမခံချက်ပေးရန် တိုက်တွန်းခဲ့ပါသည်။ လွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားမှုများအတွက် အခွင့်အလမ်း ရရှိရေးမှာလည်း ၂၀၁၅ ခုနှစ်အတွင်း အဓိကကျသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါလိမ့်မည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ
ကျွန်မ၏ ခရီးစဉ်တစ်လျှောက်လုံး အထင်အရှားဆုံး ကိစ္စရပ်များမှာ မတရားမြေယာသိမ်းယူမှု၊ အတင်း အဓမ္မနှင်ထုတ်မှုများနှင့် မြေယာအသုံးချမှု မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် တိုင်ကြားမှုများဖြစ် သည်။ အစိုးရဘက်မှ ပါဝင်ဆွေးနွေးသူများက ရရှိနိုင်သော အခွင့်အလမ်းများကို မြန်မာနိုင်ငံရှိ ပြည်သူများ အားလုံး အကျိုးကျေးဇူး ရရှိခံစားရနိုင်စေရေးအတွက် ရေရှည်တည်တံ့ပြီး အကျိုးအမြတ်ရှိသော မြေယာ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ကျွန်မ အနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများ မစတင်မီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ဆန်းစစ်ချက် (environmental impact assessment) လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြဋ္ဌာန်းပေးသော ဥပဒေဆိုင်ရာ မူဘောင်တစ်ရပ် ဖော်ထုတ်မှုကို ချီးကျူးပြီး ထိခိုက် ခံစားရသည့် ရပ်ရွာပြည်သူများနှင့် အပြည့်အဝ ညှိနှိုင်းဆွေးနွေးရာတွင် အဆိုပါ မူဘောင်နှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ အကောင်အထည်ဖော် ဆောင် ရွက်ရန် တိုက်တွန်းပါသည်။
သို့သော် ယင်းသည် လုံလောက်မှုမရှိပါ။ အမြင့်ဆုံးအဆင့်များ၌ နိုင်ငံတော်၏ ပါဝင်ပတ်သက်မှု အပါအဝင် မြေယာအငြင်းပွားမှုများကို လွတ်လပ်စွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်းဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသလို၊ လယ်သမားများ၏ အခွင့်အရေးများနှင့် တာဝန်ထမ်းဆောင်နေသူများ၏ တာဝန်ဝတ္တရား များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ ပိုမိုမျှဝေပေးရန်လည်း လိုအပ်ပါသည်။ ကျွန်မ၏ခရီးစဉ် အတွင်း မြေယာ အရောင်းအဝယ် ဖြစ်ထွန်းမှုနှင့်ပတ်သက်၍ ကြားသိခဲ့ရပါသည်။ ဆိုလိုသည်မှာ မြေယာ တန်ဖိုးများ အလွန်အမင်း တိုးတက်လာပြီး မြန်မာပြည်သူများအတွက် အလွယ်တကူ အမြတ်အစွန်း ရရှိ နိုင်သည့် ထူးကဲသော အခွင့်အလမ်းများ ဖြစ်ပေါ်စေပါသည်။ လက်ရှိ ရှိနေသော ဥပဒေများနှင့် စနစ်များ သည် လယ်သမားများအား ခေါင်းပုံဖြတ်ရန် အခွင့်အလမ်း ဖန်တီးပေးပြီး လူမှုအဖွဲ့အစည်းအတွင်း ပဋိပက္ခ များ တိုးပွားစေကာ အကျိုးအမြတ် ရရှိနိုင်သော မြေယာများ သိမ်းယူမှုကို အထောက်အကူဖြစ်စေသည်။ ထို့အပြင် ဤကဲ့သို့သော ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆန့်ကျင်ရန် သို့မဟုတ် ဝေဖန်ရန် မြန်မာပြည်သူများအ တွက် ခက်ခဲပါသည်။ 

ကျေးလက်ဒေသရှိ လယ်သမားများနှင့် မြို့ပြဒေသ နေထိုင်သူများက ၄င်းတို့၏ အိုးအိမ်များနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမှုအတွက် ကန့်ကွက်ဆန္ဒပြမှု ဆောင်ရွက်သည့်အပေါ် အလွန်အကျူး အင် အားအသုံးပြုမှုဆိုင်ရာ အမှုကိစ္စအများအပြားကိုလည်း ကြားသိခဲ့ရပါသည်။ မြေယာသိမ်းယူမှုများကို ကန့်ကွက် ဆန္ဒပြသူ အများအပြားတို့မှာ ကျူးကျော်ဝင်ရောက်မှုဖြင့် စွဲချက်တင်ခံရပြီး ပြင်းထန်သည့် ထောင်ချအပြစ်ပေးမှုများ ရှိနေသည်ကိုလည်း သိရှိခဲ့ရပါသည်။ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ လက်ပံ တောင်း၌ဖြစ်ပွားသော အရေးအခင်း ဖြစ်ပါသည်။ ယင်းဒေသတွင် အဆိုပြုထားသော ကြေးနီသတ္တုတွင်း စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် ဖယ်ရှားခံ တောင်သူလယ်သမားများသည် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ အလွန်အကျွံ အင်အားအသုံးပြုမှုနှင့် တွေ့ကြုံခဲ့ရပါသည်။ ကန့်ကွက်ဆန္ဒပြသူ အများအ ပြား ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်။ ကန့်ကွက်ဆန္ဒပြသူအချို့ ဖမ်းဆီးခံခဲ့ကြရပြီး လက်ရှိအချိန်တွင် ၄င်းတို့မှာ ကျူးကျော်ဝင်ရောက်မှု၊ ဥပဒေနှင့်ညီညွတ်မှုမရှိသော ကန့်ကွက်ဆန္ဒပြမှုများအတွက် ရုံးတင်စစ်ဆေးခံကာ စောင့်ဆိုင်းနေကြရပါသည်။
အလားတူပင် ဒီဇင်ဘာလ ၂၂ နှင့် ၂၃ ရက်တို့၌ ဝမ်ပေါင် စီမံကိန်းအတွက် ၄င်းတို့၏ မြေယာသိမ်းဆည်း ခံရမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိမှုများ ရှိခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံ သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြသူ အများအပြားမှာ ပုဒ်မ ၁၈ အရ ဖမ်းဆီးခံခဲ့ကြရပါသည်။ 

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့်ပတ်သက်၍ အမှန်တကယ်အလေးထားသည်ဆို လျှင် ယင်း၏ဆောင်ရွက်မှုကြောင့် ထိခိုက်နစ်နာမှု ခံစားရသော ပြည်သူများက ၄င်းတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ပြောကြားခြင်းကို အရေးယူအပြစ်ပေးမှုမရှိဘဲ ခွင့်ပြုရမည် ဖြစ်သည်။ အစိုးရအနေဖြင့် မြေယာ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ လုံလောက်သော ဆွေးနွေးညှိနှိုင်းမှုများ ရှိကြောင်းနှင့် လက်ခံရ ရှိသော သဘောထားတင်ပြမှုများကို ကောင်းမွန်စွာ ထည့်သွင်းစဉ်းစားဆောင်ရွက်မှုရှိကြောင်းတို့ကို တက် တက်ကြွကြွဖြင့် အာမခံချက်ပေးရမည် ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ အစိုးရအနေဖြင့် နိုင်ငံတော် မူဝါဒနှင့်ဆန့်ကျင်သည့် သဘောထားအမြင်များ ထုတ်ဖော်ပြောကြားမှုကို အပြစ်ပေးသည့် ဥပဒေကြောင်း ဆိုင်ရာ နည်းလမ်းများ ဖျက်သိမ်းရေးကို ဦးတည်ဆောင်ရွက်ရမည် ဖြစ်သည်။
ကျွန်မအနေဖြင့် ရပိုင်ခွင့်များကို အခြေခံသော၊ ပြည်သူများကို ဗဟိုပြုသော ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုပုံစံတစ်ရပ်ကို အာမခံချက်ပေးရန် ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို တက်တက်ကြွကြွ စီမံခန့်ခွဲဆောင်ရွက်ရေးအတွက် အစိုးရကို တောင်းဆိုပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ မျှတမှုရှိသော အရင်းအမြစ် ခွဲဝေအသုံးပြုမှုနှင့် ခွဲခြားဆက်ဆံမှု မရှိစေရေးတို့ သည် အဓိကမဏ္ဍိုင်များအဖြစ် ပါဝင်သင့်ပါသည်။ ဥပဒေပြုရေးဆိုင်ရာ ပြောင်းလဲမှုသည် အဆိုပါလုပ်ငန်း စဉ်ကို အထောက်အကူပြုနိုင်သလို အစိုးရအဖွဲ့ အဆင့်အားလုံး၌ စိတ်နေသဘောထားများနှင့် အပြုအမူ ပြောင်းလဲမှုများလည်း လိုအပ်မည်ဖြစ်သည်။ နိုင်ငံတကာ အလှူရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လည်း ယင်းတို့၏ ဖွံ့ဖြိုးရေးအစီအစဉ်များကြောင့် အမှုမဲ့အမှတ်မဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်ပေါ် စေရေး အာမခံချက်ပေးရန် အရေးကြီးပါလိမ့်မည်။

လူမှုအသိုင်းအ၀န်းများကြား အခြေအနေ
လူမျိုးစုများကြားနှင့် ဘာသာရေးအုပ်စုများကြား အကြမ်းဖက်မှုများ၊ နှစ်မျိုးစလုံး ပါဝင်သည့် လူမှုအသိုင်း အဝန်းများကြား အကြမ်းဖက်မှုများ ဖြစ်ပေါ်နေမှုသည် မြန်မာနိုင်ငံတွင်း အေးချမ်းမှုနှင့် တိုးတက် အောင်မြင်မှုတို့အပေါ်တွင် အရေးပါသော အဟန့်အတားတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ အမျိုးသားရေး စရိုက်လက္ခဏာအသစ်တစ်ရပ် ပေါ်ထွန်းလာနေသည့် ယခုကဲ့သို့သော ပြုပြင်ပြောင်းလဲရေး ခေတ်တွင် ကောလာဟလများ၊ ခွဲခြားဆက်ဆံသည့်မူဝါဒများနှင့် အစွန်းရောက် အမုန်းပွား ပြောဆိုချက် များဖြင့် အချို့သော လူနည်းစုများအပေါ် ဦးတည်ချက်ထား ဆောင်ရွက်နေသည်ကို တွေ့မြင်ရခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်မိပါသည်။ ဤနေရာတွင်လည်း မတူကွဲပြားခြားနားသော အသိုင်းအ၀န်းများ အကြား သတင်းအချက်အလက် အမှားအယွင်းများသည် ပျက်စီးမှုလမ်းကြောင်းသို့ ဦးတည်နေစေပြီး ကျွန်မအနေဖြင့် အစိုးရနှင့် လူမှုအသိုင်းအ၀န်း ခေါင်းဆောင်များကို အဆိုပါ ပြဿနာအား ဖြေရှင်းရန် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ မြန်မာနိုင်ငံအနေဖြင့် အတိတ်ကာလတွင် ယင်း၏ များပြားလှသော လူမျိုးစု၊ ယဉ်ကျေးမှု ကွဲပြားခြားနားမှု အမျိုးမျိုးဖြင့် ဖွဲ့စည်း တည်ရှိမှုအတွက် ချီးကျူးလေးစားခံခဲ့ရပါသည်။ ကျွန်မအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်တွင်လည်း အဆိုပါ အမျိုးသားစရိုက်လက္ခဏာရပ်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရေး အာမခံချက်ပေးရာတွင် အစိုးရ အနေဖြင့် ပိုမိုတက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်။
ကျွန်မ၏ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ဆောင်ရွက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သည်ကိုလည်း သိရှိခဲ့ရပါသည်။ ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်တစ်ရပ် ရရှိလိမ့်မည်ဆိုသည်ကို ယုံကြည်မှု ရှိကြောင်း အစိုးရက ကျွန်မအား ပြောကြားပါသည်။ ယင်းအခြေအနေသည် နိုင်ငံအတွင်းရှိ ထိခိုက် ခံစားရလွယ်သော ပြည်သူ အများစုထဲမှ အချို့၏ လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန်စေရေးအတွက် အရေးကြီး သော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ ယင်းအခြေအနေသည် လက်ရှိ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် လာမည့် အမျိုးသားရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်ဆောင် ရွက်နိုင်စေရေးကို အာမခံချက် ပေးရေးအတွက်လည်းပဲ အဓိကကျပါသည်။
ကျွန်မ၏ ခရီးစဉ်တစ်လျှောက်လုံးတွင် တိုက်ခိုက်မှုများနှင့် တန်ပြန်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့ ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း IDP စခန်းများသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်သည်လည်း လုံခြုံရေးအန္တရာယ်ရှိကြောင်း အကြောင်းကြားလာခဲ့ပါသည်။ IDP စခန်းအချို့သို့ သွားရောက်လည်ပတ်ရန် အစီအစဉ်ကို နောက်ဆုံးမိနစ်၌ ဖျက်သိမ်းလိုက်ရခြင်းသည် ကံမကောင်းမှုတစ်ခု ဖြစ်ပါသည်။ မကြာသေးမီ လများအတွင်း ကချင်ပြည်နယ်အတွင်း၌ တိုက်ခိုက်မှုများ ပြင်းထန်လာပြီး ကျေးရွာသူ/ရွာသားများစွာတို့ သည် IDP စခန်းများ၌ ခိုလှုံရန် ထွက်ပြေးခဲ့ကြရပြန်သည်။ ကျွန်မ၏ခရီးစဉ်အတွင်း နှစ်ဖက်တပ်ဖွဲ့များမှ အရပ်သားများအား ထိခိုက်ဒဏ်ရာ ရရှိစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း သို့မဟုတ် နိုင်ငံတကာ လူသား ချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေ ချိုးဖောက်မှုများ ကျူးလွန်ခြင်းတို့နှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်စဉ်များကိုလည်း သိရှိခဲ့ရပါသည်။ အဆိုပါ ကာလကြာရှည်စွာ ခံစားနေရသော အခြေအနေ အဆုံးသတ်ရေးအတွက် အချိန်အခါမှာ များစွာ လွန်ကဲခဲ့ပြီ ဖြစ်ပါသည်။ သို့သော် လွန်ခဲ့သော လအတွင်း ကချင်ပြည်နယ်၌ တိုက်ခိုက်မှုများ တိုးမြင့်လာခြင်းသည် ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိရန် ဆွေးနွေးညှိနှိုင်းမှုများကို အထောက်အကူဖြစ်စေမည် မဟုတ်ပါ။ ကျွန်ုပ် တို့တွင် သမိုင်းဝင် အောင်မြင်မှုတစ်ရပ် ရရှိရန်အတွက် အခွင့်အလမ်း ရှိနေပါသည်။ ထို့ကြောင့် ကျွန်မအနေ ဖြင့် မြန်မာပြည်သူများ အားလုံး၏ အကျိုးစီးပွားကို ရှေ့ရှုရန်အလို့ငှာ အဆိုပါလုပ်ငန်းစဉ်ကို အောင်မြင် အောင် ဆောင်ရွက်ရန်နှင့် ယင်းကို ရေရှည်တည်တံ့ခိုင်မြဲစေရေး အာမခံချက်ပေးရန်တို့အတွက် သက်ဆိုင် ရာ အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းပါသည်။
ကျွန်မအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့သို့ သွားရောက်ရန် အခွင့်အရေး ရရှိခဲ့ပြီး ဒေသဆိုင် ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မန်ဆူဆရာတော်ကြီး (Mansu Sayadaw) ကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါသည်။ ထို့အပြင် ပလောင်ဝ်တိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးမောင်ကျော်နှင့် ဦးအိုက်မုံး၊ ဒေသခံ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များအပြင် အရပ်ဘက် လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ကျွန်မအနေဖြင့် ဒေသခံမွတ်စလင် လူမှု အသိုင်းအဝန်းအား ဗုဒ္ဓဘာသာဝင် လူအုပ်စုတစ်ခုက အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ၂၀၁၃ ခုနှစ် မေလ လူမှုအသိုင်းအ၀န်းများကြား အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း အခြေအနေကို ဆန်းစစ်လေ့လာရန် အထူး စိတ်ဝင်စားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နောက်ပိုင်း ပြန်လည်တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့် လားရှိုးမြို့၏ အာဏာပိုင်အဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူများကို ချီးကျူးပါသည်။ ငြိမ်းချမ်းသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဗုဒ္ဓဘာသာ၊ မွတ် စလင်၊ ဟိန္ဒူနှင့် ခရစ်ယာန်လူမှုအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ၏ ကတိပြု တာဝန်ယူ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျွန်မအနေဖြင့် အထူးပင် လေးစားမိပါသည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုကြောင့် တိုက်ခိုက်မှုအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မွတ်စလင် မိဘမဲ့ကလေးများ ဂေဟာနှင့် ဟိန္ဒူဘာသာဝင်တို့၏ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ခြင်း မပြုနိုင်သေးသည် ကို တွေ့မြင်ခဲ့ရသည့်အတွက် စိတ်ပျက်မိပါသည်။ ကျွန်မအနေဖြင့် ဤလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် အာဏာပိုင်အဖွဲ့အစည်းများကို တိုက်တွန်းပါသည်။ သို့မှသာ လားရှိုးအတွေ့အကြုံသည် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု ရရှိရန် ပိုမိုခက်ခဲသည့် မြန်မာနိုင်ငံရှိ အခြားဒေသများအတွက် စံပြနမူနာ ပုံစံတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်သည်။
ကျွန်မ၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့လည်း ထပ်မံသွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းအပြင် အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရေးစင်တာမှ အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ရှိ မြို့မိ မြို့ဖများနှင့်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ မြေပုံနှင့် စစ်တွေရှိ ထိခိုက်ခံစား ခဲ့ရသော နှစ်ဖက်လူမှုအသိုင်းအဝန်းတို့၏ IDP ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပါသည်။ စစ်တွေမြို့ တွင် အရေးပေါ်ညှိနှိုင်းဆောင်ရွက်ရေးစင်တာ၏ အဖွဲ့ဝင်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် မြို့မိမြိုဖများနှင့် တစ်နာရီခွဲကြာမြင့်သော ပွင့်လင်းမှုရှိသည့် အစည်းအဝေး၌ ရခိုင်ပြည်သူ များ၏ စိုးရိမ်ကြောင့်ကြမှုများနှင့် နစ်နာခံစားရမှုများအပြင် ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းတို့ကိုလည်း ပိုမို၍ သိမြင်နားလည်ခွင့် ရရှိခဲ့ပါသည်။ 

ပြည်နယ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများကြောင့် ကျွန်မအနေဖြင့် မြေပုံမြို့နယ်သို့ သွား ရောက်နိုင်ခဲ့ပြီး ဒေသခံ ရခိုင်ရပ်ရွာလူကြီးများနှင့် တွေ့ဆုံခဲ့သည့်အပြင် ဗုဒ္ဓဘာသာနှင့် မွတ်စလင် IDP စခန်းများသို့လည်း သွားရောက်ခဲ့ပါသည်။ ဗုဒ္ဓဘာသာနှင့် မွတ်စလင် လူမှုအသိုင်းအဝန်း နှစ်ခုစလုံး၏ အမြင်များကို နားထောင်ခွင့်ရရှိသည့်အတွက်ကြောင့်လည်း ကျွန်မအနေဖြင့် ကျေးဇူးတင်ရှိကြောင်း ထပ်မံ ပြောကြားလိုပါသည်။ နှစ်ဖက်လူမှုအဖွဲ့အစည်းများ၏ စိတ်ခံစားချက်များနှင့် စိုးရိမ်ကြောက်ရွံ့မှုများ၏ အတိမ်အနက်ကို ကြားသိခဲ့ရပါသည်။ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှု လွန်စွာနိမ့်ကျသည့် အခြေအနေနှင့် ပြည်သူများ နေထိုင်ရသည့် ဆင်းရဲနွမ်းပါးမှု အခြေအနေတို့သည် မကျေနပ်မှုများနှင့် တင်းမာမှုများ ဖြစ်ပေါ်ရခြင်း၏ အဓိက အကြောင်းအရင်းများအဖြစ် ရှိနေပါသည်။ လွန်ခဲ့သောလအတွင်း ရခိုင်ပြည်နယ်သို့ လျှပ်စစ်မီး စတင်ဖြန့်ဝေပေးမှု အခြေအနေကို ကြားသိခဲ့ရသည့်အတွက်လည်း ကျေနပ်မိပါသည်။ သို့သော် လိုအပ် ချက်များစွာ ရှိနေပါသေးသည်။
ရခိုင်ပြည်နယ် ခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ်မတင်ပြမီ ရိုဟင်ဂျာနှင့် ဘင်္ဂါလီ အသုံးအနှုန်း နှစ်ခုနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ကိစ္စရပ်ကို ရှင်းလင်းတင်ပြလိုပါသည်။ ယင်းစကားလုံးများသည် မတူညီ သည့် လူများအတွက် မတူညီသည့် အဓိပ္ပါယ်အသွင်ဆောင်ပြီး တစ်ခုချင်းစီက မတူညီသော အကြောင်းပြ ချက်များဖြင့် ဒေါသတရားနှင့် စိတ်ဆန္ဒပြင်းပြမှုများကို ဖြစ်စေပါသည်။ ရခိုင်ဗုဒ္ဓဘာသာဝင် အများစုအတွက် မူ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းမှာ တိုင်းရင်းသားဖြစ်မှုဆိုသည့် အနေအထားနှင့် ခွဲထွက်ရေးလှုပ်ရှားမှု များ တောင်းဆိုမှုသဘောနှင့် ညီမျှသည်ဟုယူဆကြပြီး၊ ၄င်းတို့၏ မြေ၊ လုံခြုံရေးနှင့် စားဝတ်နေရေး ဆုံးရှုံးရ မည်ကို ရခိုင်လူမျိုးတို့က ကြောက်ရွံ့ကြသည်။ ရိုဟင်ဂျာအဖြစ် မိမိကိုယ်ကိုယ်သတ်မှတ်ကြသူများ အနေဖြင့်မူ ဘင်္ဂါလီဆိုသည့် အသုံးအနှုန်းမှာ ၄င်းတို့ မွေးဖွားလာခဲ့သည့် လူမှုအသိုက်အ၀န်းမှနေ၍ အဆက်ဖြတ် ခွဲခြားခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ထို့အပြင် ဥပဒေကြောင်းအရ ယင်းအသုံးအနှုန်းသည် ၂၀၁၂ ခုနှစ်မတိုင်မီ ခံစားခဲ့ရသော အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပြီး၊ မညီမျှသည့် နိုင်သားဖြစ်ခွင့် အခွင့်အရေးလည်း ဖြစ်ပေါ်စေသည်။ အသုံးအနှုန်း နှစ်ခုနှင့်ပတ်သက်သည့် အငြင်းပွား ဖွယ်ရာကိစ္စရပ်ကို တွေ့ဆုံဆွေးနွေးခဲ့ကြသူများစွာတို့က အားတက်သရော တင်ပြခဲ့ကြပါသည်။
အမြင်ရှုထောင့်နှစ်ခုလုံး၏ တရားဝင်မှု မဝင်မှုအပေါ် ကောက်ချက်မချလိုသော်လည်း မည်သည့်စကားလုံး သုံးစွဲရေး သတ်မှတ်ခြင်းအပေါ် အာရုံစွဲကပ်နေခြင်းသည် အရေးပါသည့်ကိစ္စများ တိုးတက်မှုရရှိအောင် ဆောင်ရွက်ရေးကို တုံ့ဆိုင်းနေသည်ဟု ကျွန်မ အကြံပြုလိုပါသည်။ ကျွန်မအနေဖြင့် ဤကိစ္စအပေါ် ငြင်းဆို မှုမှာ အရေးမကြီးဟု မဆိုလိုသော်လည်း၊ ပြည်နယ်တစ်ဝန်း၌ ဆက်လက်ဖြစ်ပေါ်နေသော အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက်များ ဖြေရှင်းဆောင်ရွက်ရေး အပေါ်တွင် အာရုံစိုက်ဆောင်ရွက်ကြရန် တောင်းဆိုနေခြင်း ဖြစ်ပါသည်။
ဤပြည်နယ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသော ပြဿနာများ ပြေလည်စေရေးကို ဝိုင်းဝန်း အထောက် အကူပြုစေရေး သေချာမှုရှိစေရန် ဗုဒ္ဓဘာသာဝင်များ၊ မွတ်စလင်များ၊ အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် INGO များ အားလုံး၏အသံများ ပါဝင်စေနိုင်ခဲ့သော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးပါသည်။ ကျွန်မ၏ ယခင်ခရီးစဉ်နောက်ပိုင်းမှစတင်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် တွေ့ကြုံခဲ့ရသော ကြီင်္းမားသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် တိုးတက်မှုအချို့ ရရှိလာပါသည်။ MSF အဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ယင်း၏လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်ခဲ့ပြီး၊ လွန်ခဲ့သသော သတင်းပတ်များအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ပိုမို ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ခွင့်ပြုချက်များကိုလည်း ပေးအပ်နေပါသည်။ သို့သော် ကျွန်မ၏ အမြင်တွင် ရခိုင်ပြည်နယ်အခြေအနေသည် အကျပ်အတည်းရှိနေဆဲပင် ဖြစ်သည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းဝင်ရောက်နိုင်မှုနည်းနေသေးပြီး ၊ စွန့်စားရနိုင်ခြေ မြင့်မားနေဆဲဖြစ်ပါသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂ နိုင်ငံသားဝန်ထမ်းတစ်ဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၄င်း၏တာဝန်များကိုထမ်းဆောင်နေချိန်တွင် စစ်တပ်အာဏာပိုင်များ၏ ရိုက်နှက်မှုကို ခံခဲ့ရပါသည်။ ကျွန်မ အနေဖြင့် ဤကဲ့သို့လုပ်ဆောင်မှုများအတွက် တာဝန်ယူမှု/တာဝန်ခံမှု ရှိစေရေးနှင့် UN နှင့် INGO ၀န်ထမ်း များ၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးရန် အာဏာပိုင်အဖွဲ့အစည်းများအား တောင်းဆိုပါသည်။ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်နှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသည့် INGO နိုင်ငံသားဝန်ထမ်း ၃ ဦးမှာ ဘူးသီးတောင်အကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရှိရပါသည်။ ကျွန်မအနေ ဖြင့် အဆိုပါဝန်ထမ်း ၃ ဦး ချက်ချင်း ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုပါသည်။
ကျွန်မသည် မြေပုံမြို့နယ်သို့ သွားရောက်ရန် ရွေးချယ်ခဲ့ပါသည်။ အကြောင်းအရင်းမှာ အဆိုမြို့နယ်တွင် နိုင် ငံသားစိစစ်အတည်ပြုရေး ရှေ့ပြေးလုပ်ငန်းစဉ် ဆောင်ရွက်နေခဲ့သောကြောင့် ဖြစ်ပါသည်။ မြေပုံမြို့နယ် ဒုက္ခသည်စခန်းတွင် IDP ၂၉၆၀ ဦးရှိသည့်အနက် အသက် ၁၈ နှစ်အထက် ၁၃၁၂ ဦးမှာ နိုင်ငံသား စိစစ် အတည်ပြုမှုအတွက် သတ်မှတ်ချက်ပြည့်မီသူများဖြစ်ပြီး၊ ၈၈ ဦးမှာ လျောက်ထားခြင်းမရှိဘဲ၊ ၉၄ ဦးမှာ လျှောက်ထားရန်ဆောင်ရွက်နေဆဲဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြော ကြားပါသည်။ လျှောက်ထားမှုပေါင်း ၁၂၈၀ ရှိသည့်အနက်၊ ၉၇ ဦးကို အပြည့်အ၀ နိုင်ငံသားအဖြစ် ပေးအပ်ပြီးဖြစ်ပြီး၊ ၃၆၀ ဦးကို နိုင်ငံသားအဖြစ် ပြုခွင့်ပေးခဲ့ပါသည်။ ဒုက္ခသည်စခန်းအတွင်း၌ စခန်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားချက်အရ လူပေါင်း ၄၀ ဦးတို့သည် အပြည့်အဝ နိုင်ငံသားအဖြစ် ရရှိခဲ့ ကြပြီး၊ ၁၆၉ ဦးမှာ နိုင်ငံသားအဖြစ် ပြုခွင့်ရသူအဖြစ် အသိအမှတ်ပြုခံရကြောင်းနှင့် ကျန်ရှိသောသူများမှာ လုပ်ငန်းစဉ်၏ ရလဒ်အဖြေများကို စောင့်ဆိုင်းနေကြကြောင်း သိရှိခဲ့ရပါသည်။
ကျွန်မတွေ့မြင်ကြားသိခဲ့ရသည်များအပေါ်တွင် အရေးကြီးသော သုံးသပ်ချက်အချို့ပြုလုပ်ခဲ့ပါသည်။ ပထမ အချက်အနေဖြင့် မြေပုံဒုက္ခသည်စခန်းရှိ နိုင်ငံသားသက်သေခံကတ်ပြားရရှိခဲ့သည့် IDP များ၏ဘ၀များ သည် ပြောင်းလဲမှုမရှိပါ။ ၄င်းတို့သည် စခန်းအတွင်း၌ပင် နည်းပါးသည့် စာနပ်ရိက္ခာခွဲတမ်း၊ အကန့်အသတ် ဖြင့်ရရှိသော ကျန်းမာရေးစောင့်ရှောက်မှု နှင့် အခြားမရှိမဖြစ်လိုအပ်သောဝန်ဆောင်မှု အနည်းငယ်တို့ဖြင့် ဆက်လက်ရပ်တည်နေကြရပါသည်။ IDP ဒုက္ခသည်စခန်းရှိ ပြည်သူများ၏မျက်လုံးများတွင် ကျွန်မမြင်တွေ့ ခဲ့ရသည့် မျှော်လင့်ချက်မဲ့စိတ်ပျက်အားငယ်နေသည့်အရိပ်လက္ခဏာများသည် စိတ်နှလုံးကြေကွဲဖွယ်ရာ အခြေအနေပင်ဖြစ်သည်။ အခြေအနေမှာ ဆက်လက်၍ တင်းမာနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အတည်ပြု ပြောကြားခဲ့သလို မြို့မိမြို့ဖများကလည်း အတည်ပြုခဲ့သည်။ ယင်းအခြေအနေကို လက်ခံနိုင် လောက်သည့် အခြေအနေတစ်ရပ်အဖြစ် ကျွန်မအနေဖြင့် မသတ်မှတ်ပါ။ ထိန်းချုပ်ထားသည့်အခြေအနေ များအောက်တွင် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်မှုနှင့်အတူ ဒုက္ခ သည်များ၏ အခွင့်အရေးများကို ဆိုးဆိုးဝါးဝါး ဖြတ်တောက်ထားခြင်းကို ချက်ချင်း ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်သည်။ ကျွန်မရောက်ရှိသည့်အချိန်အထိတိုင်အောင် INGO များအား ဒုက္ခသည်စခန်းများသို့ တစ်ပတ် တစ်ကြိမ်သာ လာရောက်ခွင့် ပြုထားပါသည်။ ယခုအချိန်မှာတော့ တစ်ပတ် သုံးကြိမ်လာရောက်ခွင့်ပြုထား ပြီဟု သိရှိရပါသည်။ ယင်းအခြေအနေသည်လည်း လုံလောက်မှုမရှိသေးပါ။ ကျန်းမာရေးဝန်ဆောင်မှုလုပ် ငန်းများသည်လည်း အလွန်အမင်း ဆိုးဝါးနေပြီး၊ ပညာသင်ကြားခွင့်မှာလည်း အလွန်ပင် နည်းပါးနေပါ သည်။ IDPများအားလုံးအတွက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရရှိသင့်ပြီး၊ ၄င်းတို့၏ မြေယာပိုင်ဆိုင် ခွင့်နှင့် ရခိုင်ပြည်နယ်ရှိ အခြားပြည်သူများ ရရှိခံစားနေသည့် အခြားသော အခွင့်အရေးများအားလုံးကိုလည်း ရရှိခံစားစေသင့်ပါသည်။
ဒုတိယအချက်အနေဖြင့် နိုင်ငံသားစိစစ်အတည်ပြုရေးလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းမရှိခဲ့သည့် မြေပုံမြို့ မွတ်စ လင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့်မေးမြန်းပြောဆိုသောအခါတွင် ၄င်းတို့က ကမန် မွတ်စလင် သို့မဟုတ် မွတ်စလင်များလက်ထပ်ထားသော ဗုဒ္ဓဘာသာဝင်များဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုကြ ပါသည်။ ယင်းသို့ဖြစ်ခြင်းကို ၄င်းတို့၏ သက်သေခံကတ်ပြားများ ထုတ်ပြခြင်းဖြင့် အတည်ပြု ပြောဆိုကြ ပါသည်။ သို့သော် ၄င်းတို့သည် ကြောက်ရွံ့မှုကြောင့်သော်လည်းကောင်း၊ ခွင့်ပြုချက်မရရှိခြင်းကြောင့် သော်လည်းကောင်း စခန်းအပြင်ဘက်သို့ မထွက်ခွာနိုင်ကြပါ။ အဆိုပါအခြေအနေက ဆက်လက်တည်ရှိနေ သည့် တင်းမာမှုနှင့် စိုးရိမ်ကြောက်ရွံ့မှု အဆင့် ပြင်းထန်မြင့်မားနေသည်ဆိုသည်ကို ဖော်ပြနေပါသည်။ ဤကိစ္စရပ်သည် ရိုဟင်ဂျာ/ဘင်္ဂါလီ အငြင်းပွားမှုထက် ပိုမိုရှုပ်ထွေးသည်ကို ဖော်ပြနေပါသည်။
တတိယအချက်အနေဖြင့် ရိုဟင်ဂျာမွတ်စလင်များနှင့်ပတ်သက်၍လည်းကောင်း၊ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သက်၍လည်းကောင်း လက်ရှိအခြေအနေကိုအကဲဖြတ်ရာတွင် ကောလာဟလများနှင့် လွဲမှားသော ထင်မြင်ယူဆချက် အများအပြား အသုံးပြုနေသည်ကို တွေ့ဆုံဆွေးမှုများမှ ကျွန်မ ကြားသိခဲ့ရပါသည်။ လူမျိုးစု နှစ်ခုအကြား အပြန်အလှန် ဆက်ဆံမှုကို အဟန့်အတားဖြစ်စေသည့် အဆိုပါ လွဲမှားသော ထင်မြင် ယူဆချက်များသည် ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ အမုန်းပွားစေသော ဟောပြောမှုများအဖြစ်သို့ လွယ် ကူစွာ ကူးပြောင်းလာမည် ဖြစ်သည်။ သီးခြား ခွဲခြားထားရှိမှုသည် အဖြေတစ်ခု မဟုတ်ပါ။
ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်တွင် ရခိုင် Action Plan နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ နောက်ဆုံးမူကြမ်းကို ပေးမည်ဟု ကျွန်မအား ကတိပေးခဲ့ပါသည်။ သို့သော် ယခုအချိန်အထိတော့ ကျွန်မထံသို့ ပေးပို့လာခြင်း မရှိသေးပါ။ ရခိုင်ပြည်နယ်ရှိ ပြဿနာဖြေရှင်းရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများသည် အဓိကနေရာမှ ပါဝင်ရမည်ဟု ကျွန်မအနေဖြင့် အလေးထား ပြောကြားလိုပါသည်။ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်မှ ပြစ်မှုကျူးလွန်သူ အချို့၏ လုပ်ဆောင်မှုအတွက် ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူမျိုးစုတစ်ခုလုံးကို စုပေါင်းပြစ်ဒဏ်ပေးသည့်လုပ်ရပ်သည် အဖြေတစ်ခု မဟုတ်ပါ။ ထို့ပြင် ရိုဟင်ဂျာမွတ်စလင်များ၏ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်သည့် လက်ရှိအခြေအနေကို ဆက်လက် ထိန်သိမ်းထားရှိခြင်းသည်လည်း တင်းမာမှုနှင့် ဒေါသမီးတို့ တိုးပွားလာမှုကိုသာ ဖြစ်ပေါ်စေနိုင်ပါသည်။ ယင်းအခြေအနေသည် လာမည့်ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေပြီး၊ ဖြေရှင်းရန် ခက်ခဲ မည် ဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ ပြဿနာများသည် နိုင်ငံတကာ ပတ်သက်ဆက်နွယ် အကျိုးသက်ရောက် မှုများရှိပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်ပါသည်။ အထူးသဖြင့် ကျူးလွန်ခြင်းခံရ သော လူ့အခွင့်အရေးချိုးဖောက်မှုများသည် လူမှောင်ခိုကူးမှုကို အားပေးရာရောက်ပြီး၊ ခိုလှုံခွင့်တောင်းခံသူ အများအပြားကိုလည်း ပေါ်ပေါက်စေကာ၊ မကြာခဏဆိုသလို လူ့အသက်နှင့်ဘဝများ ၀မ်းနည်းဖွယ်ရာ ထိခိုက်ခံစားရမှုနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ၂၀၁၄ ခုနှစ် အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် သဘောတူပါဝင်ဆောင်ရွက်မှုအ တွက် အစိုးရအား ကျွန်မအနေဖြင့် ချီးကျူးပါသည်။ ဆုံးဖြတ်ချက်ပါ ဝေါဟာရအသုံးအနှုန်းများနှင့်ပတ်သက် ၍ ဒေသန္တရမီဒီယာများတွင် လွဲမှားတင်ပြမှုအချို့ ရှိသည်ကို ကျွန်မ နားလည်သဘောပေါက်ပါသည်။ ဆုံး ဖြတ်ချက်ပါ တောင်းဆိုချက်ကို ရှင်းလင်းမှုရှိစေရန် တင်ပြလိုပါသည် - "ရိုဟင်ဂျာလူနည်းစုအတွက် နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ တန်းတူညီမျှ အခွင့်အရေးရရှိမှု" ဟူ၍ ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ်သည် အကျပ်အတည်းအခြေအနေတွင် ဆက်လက်ရှိနေဆဲပင် ဖြစ်သည် ဟု ယုံကြည်ယူဆပါသည်။ အချို့သောပြဿနာရပ်များကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများကိုလည်း လုပ်ဆောင်နေကြပါသည်။ သို့သော် ဆောင်ရွက်စရာ များစွာ လိုအပ်နေဆဲ ဖြစ်ပါသည်။ ကျွန်မအနေဖြင့် အစိုးရအား ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများအားလုံး၏ လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့် များကို ၎င်းတို့၏ တရားဝင်ဖြစ်မှုဆိုင်ရာ အခြေအနေအဆင့်အတန်းကို ထည့်မတွက်ဘဲ အကာအကွယ် ပေးရန်၊ ပြည်နယ် အနှံ့အပြားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အပြည့်အ၀နှင့် အလျင်အမြန် ၀င်ရောက်လုပ်ကိုင်ခွင့် ပြုရန်၊ ဒုက္ခသည်များအားလုံးကို ၄င်းတို့မြေယာများ အပါအ၀င် ၄င်းတို့၏ မူရင်း လူမှုအသိုင်းအ၀န်းအတွင်းသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် တို့ကို အရေးတကြီး တောင်းဆိုပါသည်။

လူမျိုးစုနှင့်ကိုးကွယ်မှုဆိုင်ရာဥပဒေများ

နောက်တစ်ကြိမ်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းစဉ်းစားဆွေးနွေးရန် တင်ပြထား သည့် ဥပဒေမူကြမ်း ၄ ရပ်နှင့်ပတ်သက်၍ ကျွန်အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ မြန်မာအစိုးရနှင့် ဆွေးနွေးပွဲ တိုင်းတွင် ကျွန်မ၏ စိုးရိမ်ပူပန်မှုများကို တင်ပြခဲ့ပြီး၊ ကျွန်မတို့ကြား ရရှိခဲ့သည့် ပွင့်လင်းသော၊ တစ်ခါတစ်ရံ အားတက်သရောဖြစ်သော ဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါသည်။ အဆိုပါ ဥပဒေမူကြမ်းများအတွက် များစွာသော ကျိုးကြောင်းဆီလျော်မှုများကို ဖော်ပြခဲ့ကြပြီး၊ အဆိုပါ ဥပဒေမူကြမ်းများ ရေးဆွဲရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများကို ထည့်သွင်းစဉ်းစားပြီးဖြစ်ကြောင်းကို ကျွန်မကို အာမခံ ချက် ပေးကြပါသည်။ အဆိုပါ ဥပဒေမူကြမ်းများသည် အထူးသဖြင့် အမျိုးသမီးများ၏ ကျန်းမာရေး၊ သာယာ ဝပြောရေးနှင့် အခွင့်အရေးများကို အကာအကွယ်ပေးရန် ကြိုးပမ်းမှုဖြစ်ပြီး၊ ဘာသာကူးပြောင်းမှုဆိုင်ရာ မှတ်ပုံတင်ခြင်းကဲ့သို့သော အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်မှုဖြစ်ကြောင်း အသိပေး ပြောကြားကြပါသည်။ သို့သော် အဆိုပါ ဥပဒေများနှင့်ပတ်သက်၍ ကျွန်မ၏စိုးရိမ်ပူများ ဆက် လက် ရှိနေဆဲဖြစ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်များအား အဆိုပါ ဥပဒေများနှင့်ပတ်သက်၍ စေ့စေ့စပ်စပ် စိစစ်လေ့လာဆောင်ရွက်ကြရန်နှင့် ပိုမို၍ စိတ်ရှည်သည်းခံမှုရှိပြီး၊ အားလုံးပါဝင်သည့် လူမှုအသိုက်အ၀န်း တစ်ခု တည်ဆောက်ရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကြစေရန်အတွက် တောင်းဆိုပါသည်။ ကျွန်မ အနေဖြင့် အဆိုပါ ဥပဒေမူကြမ်းများနှင့်ပတ်သက်၍ အသေးစိတ် မှတ်ချက်အချို့ကို ပေးလိုပါသည် -
• ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းက အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် မြို့နယ် မှတ်ပုံတင်ဘုတ်အဖွဲ့က တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးဆောင်ရွက်ခြင်းများအပါအ၀င်၊ ကိုး ကွယ်ရာ ဘာသာကူးပြောင်းခြင်းနှင့် စည်းမျဉ်းစည်းကမ်း ချမှတ်ဆောင်ရွက်ခြင်းတို့အတွက် နိုင်ငံတော်က ထိန်းချုပ်ဆောင်ရွက်သည့် စနစ်တစ်ရပ် ထူထောင်ပေးမည်ဖြစ်သည်။ ကျွန်မ၏အမြင တွင် ဤ လုပ်ငန်းစဉ်သည် ကြီးလေးပြီး၊ ခြိမ်းခြောက်မှု အလားအလာ လည်းရှိသည်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ကူးပြောင်းခွင့်သည် အခြေခံ လူ့အခွင့်အရေး ဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်လည်း ဖြစ်သည်။ ဘာသာတရားအား စော်ကားမှုအတွက် ဤ ဥပဒေက ပြစ်မှုနှင့် ပြစ်ဒဏ် များ အဆိုပြုထားမှုအပေါ်၌လည်း ကျွန်မအနေဖြင့် စိုးရိမ်မိပါသည်။ ယင်းသည် တိကျရေရာမှုမရှိဘဲ လူနည်းစုကိုးကွယ်သည့် ဘာသာတရားများအပေါ် ခွဲခြား ဆက်ဆံ ရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။
• လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေမူကြမ်းသည် လူဦးရေပေါက်ပွားမှုနှုန်း အလွန် မြင့်မားသည်ဟု တွေ့ရှိရသည့် ဒေသတစ်ခုတွင် ကျန်းမာရေးနှင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ကိစ္စရပ် များကို ဖြေရှင်းပေးရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ပြောကြားပါသည်။ ၎င်းကိုယ်ဝန်ဆောင်မှု နှစ်ကြိမ်ကြား သားဆက်ခြားကာလကို ၃၆ လ ခြားခြင်းအပါအ၀င် နည်းလမ်းများစွာဖြင့် ဖြေရှင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။ ကျွန်မအား အဆိုပါ ဥပဒေမူကြမ်းသည် ပြစ်ဒဏ်များ ချမှတ်မည် မဟုတ်ဟု အာမခံချက်ပေးသော်လည်း သားဆက်ခြားမှုအတွက် ဥပဒေကြောင်းအရ သတ်မှတ် ပြဋ္ဌာန်း ဆောင်ရွက်ခြင်းသည် ကလေးအရေအတွက်နှင့် သားဆက်ခြားမှုတို့အတွက် အမျိုးသမီး တစ်ဦး၏ ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့်ကို နိုင်ငံတော်အစိုးရက တရားမ၀င် ၀င်ရောက်စွက်ဖက်မှု ဖြစ် သည်ဟု ထင်မြင်ယူဆပါသည်။ ဆင်းရဲနွမ်းပါးမှု၊ မိခင်နှင့်ကလေး သေဆုံးမှုနှင့် ကလေးမွေးဖွားမှု ထိန်းချုပ်ရေးတို့ကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများအနေဖြင့် ပညာပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု အစီအစဉ်များချမှတ် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ပေးသည့် အခြားနည်းလမ်းများဖြင့် သင့်တော်သလို ဖြေရှင်းဆောင်ရွက်နိုင်ပါ သည်။
• ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် အငြင်းပွား ဖွယ်ရာ ပြဋ္ဌာန်းချက်များစွာ ပါဝင်နေပြီး၊ ယင်းကို ကျွန်မအနေဖြင့် ခွဲခြားဆက်ဆံမှုအဖြစ် သတ်မှတ် ယူဆပါသည်။ ဥပဒေမူကြမ်းက ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်ရန် ရည်ရွယ်သော သို့မဟုတ် လက်ထပ်သော ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အမျိုးသားများအပေါ် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် ပြစ်ဒဏ်များကို ထည့်သွင်း ဖော်ပြထားပါသည်။ ထို့ပြင် လင်မယား ကွဲကွာ ချိန်တွင် သားသမီးထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်၍ လမ်းညွှန်မူဝါဒ ချမှတ်ပေးရာတွင် ကလေးအတွက် အကောင်းဆုံး အကျိုးကို ရှေ့ရှုရမည်။ သို့သော် ယင်းအချက်သည် ဥပဒေ မူကြမ်းထဲတွင် ပါဝင်ခြင်း မရှိပါ။ ကျွန်မအနေဖြင့် ဤဥပဒေမူကြမ်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက ဥပဒေပြု အာဏာကို မလျော်မကန် အသုံးပြုမှုတစ်ရပ်အဖြစ် ယူဆပါသည်။
• ပြစ်မှုဆိုင်ရာဥပဒေအရ မိန်းမ အများအပြားယူခြင်းကို တားမြစ်ပိတ်ပင်ထားပြီးဖြစ်သည်ဟု သိရှိရပါ သည်။ ထို့ကြောင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမူကြမ်း၏ ရည်ရွယ်ချက်ကို ကျွန်မအနေဖြင့် နားမလည်နိုင်အောင် ဖြစ်ရပါသည်။ ထို့ပြင် ကျွန်မအနေဖြင့် ဥပဒေမူကြမ်းတွင် အသုံးပြုထားသော ဘာသာစကားအသုံးအနှုန်းနှင့် ပတ်သက်၍လည်း စိုးရိမ်မိပါသည်။ ယင်းသည် လူနည်းစု ကိုးကွယ်ရာဘာသာတရားများကို ဦးတည်ချက်ထား ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ခွဲ ခြားဆက်ဆံမှုကို ဖြစ်ပေါ်စေပါသည်။
ကိုးကွယ်ရာဘာသာတရား ကွဲပြားခြားနားသည့် လူမှုအသိုင်းအ၀န်းများကြား တင်းမာမှုများနှင့် အကြမ်းဖက် မှုများသည် မြန်မာနိုင်ငံရှိ အရေးကြီးသော ပြဿနာရပ်တစ်ခု ဖြစ်ပါသည်။ လူမှုအသိုင်းအ၀န်းများကြား အပြန်အလှန် အသိပညာပေးမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်မှုတို့သည် အရေးတကြီး လိုအပ် နေပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကျွန်မ တွေ့မြင်ခဲ့ရသလိုမျိုး ယုံကြည်ကိုးကွယ်ရာ ဘာသာ ကွဲပြားခြားနားသည့် လူမှုအသိုင်းအ၀န်းများကြား အပြန်အလှန် ဆွေးနွေးမှုပြုလုပ်ခြင်းနှင့် ပိုမို စုစည်းညီညွှတ်သည့် လူမှုအဖွဲ့အစည်း တည်ဆောက်ခြင်း စသည့်နည်းလမ်းတို့ဖြင့် အရေးကြီးသော လုပ်ငန်းအဆင့်များကို ဆောင်ရွက်နေပြီလည်း ဖြစ်ပါသည်။ အဆိုပါ ဥပဒေမူကြမ်း ၄ ခုသည် ဘာသာရေး အုပ်စုများကြား ရှိနှင့်ပြီး တင်းမာမှုများကို ရန်မီးတောက်လောင်စေနိုင်သည့်အတွက် ကျွန်မနေဖြင့် စိုးရိမ် မိပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးအား အဆိုပါဥပဒေမူကြမ်းများကို သက်ဆိုင်ရာ လူမှုအသိုင်းအ၀န်းများနှင့် ဆွေးနွေးတိုင်ပင်လျက် စေ့စေ့စပ်စပ် စိစစ်ကြည့်ရှုလေ့လာရန်နှင့် ယင်းတို့ကို အလုံးစုံ ကန့်ကွက်ငြင်းဆိုရန် ကျွန်မအနေဖြင့် တိုက်တွန်းပါသည်။ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်း ပြတ်စဲခြင်းနှင့် ဆက်ခံခြင်းဆိုင်ရာ ဥပဒေများကဲ့သို့သော စည်းမျဉ်းထားဆောင်ရွက်ရန် လိုအပ်သည့် နယ်ပယ်ကဏ္ဍများနှင့် ပတ်သက်၍ ပြဋ္ဌာန်းဆောင်ရွက်သည့် ဥပဒေတစ်ရပ်သည် လူမျိုးဘာသာ ခွဲခြားမှု မရှိဘဲ မြန်မာနိုင်ငံ ပြည်သူများအားလုံးအတွက် သက်ဆိုင်သော၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်း များနှင့် အပြည့်အ၀ ကိုက်ညီမှုရှိသော၊ ဥပဒေတစ်ရပ် ဖြစ်သင့်ပါသည်။ အကယ်၍ အဆိုပါ ဥပဒေမူကြမ်း များ အတည်ပြုလိုက်ပါက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် နောက်ကြောင်းပြန်မှုကို ဖော်ပြနေ သည့် အရာများထဲမှ တစ်ခုအဖြစ် ရှုမြင်ခြင်းခံရနိုင်ပါသည်။

ရပ်ရွာလူထုအဆင့်ဖွံ့ဖြိုးတိုးတက်မှု နှင့် တရားဥပဒေစိုးမိုးမှု
ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ မြှင့်တင်ရေးအတွက် အစီ အစဉ်များ ချမှတ်ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်အတွက် ၀မ်းမြောက်ကျေနပ်မိပြီး၊ ဤကဏ္ဍတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း အစိုးရကို ချီးကျူးပါသည်။ သို့သော် အဆိုပါ အစီအစဉ်များသည် သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းများနှင့် ပွင့်လင်းမြင်သာမှုရှိခြင်း၊ လက်ခံ စဉ်းစားပေးမှု ရှိခြင်း နည်းလမ်းတို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် စစ်မှန်သော ညှိနှိုင်းဆွေးနွေးမှု ရှိသင့်ကြောင်း အလေးအနက် ပြောကြားလိုပါသည်။ ဒေသန္တရအဆင့်၌ ဥပဒေအသစ်များကို အကောင်အထည်ဖော်ရန် အင်အား မလုံလောက်မှုကြောင့်သော်လည်းကောင်း၊ စိတ်ပါဝင်စားမှု မရှိခြင်းကြောင့်သော်လည်းကောင်း၊ စွမ်းဆောင်နိုင်မှု မရှိခြင်းကြောင့်သော်လည်းကောင်း၊ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများသည် မျှော်မှန်း သလောက် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကဏ္ဍများကို လေ့လာတွေ့ရှိရပါသည်။
အမျိုးသမီးများအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ကိုယ်တိုင်ဆောင်ရွက်သူများအဖြစ်သာမက၊ အကျိုးခံစားသူများအဖြစ်ပါ ပိုမို အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်သည် ဆိုသည်နှင့် ပတ်သက် ၍ ယခင်ခရီးစဉ်အပြီး ကျွန်မအနေဖြင့် ထုတ်ဖော်ပြောကြားခဲ့သော အချက်များသည် ဆက်လက်၍ အရေးပါ နေဆဲ ဖြစ်ပါသည်။ လတ်တလောဆောင်ရွက်နေသော ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများနှင့် သဘောတူ စာချုပ် ချုပ်ဆိုပြီးသောအခါ ယင်းကို စောင့်ကြည့်လေ့လာမှု ပြုလုပ်ရာတို့တွင် အမျိုးသမီးများ၏ ပါဝင် ဆောင်ရွက်မှုကို ကျွန်မအနေဖြင့် အထူးအားပေးပါသည်။ ထို့ပြင် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အမျိုးသမီးများက ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်းကောင်း၊ ဆန္ဒမဲပေးသူများ အနေဖြင့်လည်းကောင်း၊ လေ့လာသူများအနေဖြင့်လည်းကောင်း ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါ သည်။
တက္ကသိုလ်ပါမောက္ခတစ်ဦးအနေဖြင့် ကျွန်မသည် လူငယ်များ၏ ပညာရေးအတွက် လှိုက်လှဲစွာ စိတ်ဝင်စား မှု ရှိပါသည်။ ၄င်းတို့သည် ကျွန်မတို့၏ အနာဂတ်အတွက် အဓိကကျသူများ ဖြစ်ပါသည်။ ဤလူငယ်များ ကပင် မြန်မာနိုင်ငံအား တိုးတက်အောင်မြင်မှု နောက်တစ်ဆင့်နှင့် အားလုံးပါဝင်မှုရှိသော ငြိမ်းချမ်းသည့် လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးတို့တွင် ဦးဆောင်သွားမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်အခန်းအနားတွင် ကျောင်းသူ/သား ၃၀၀ ခန့်သည် ၄င်းတို့၏ စိစစ်ရေးကဒ်ပြားများ မရှိကြသဖြင့် ဘွဲ့လက်မှတ်များ ရရှိခြင်း မရှိခဲ့ကြကြောင်း ကြားသိရသည့်အတွက် အံ့သြတုန်လှုပ်မိပါသည်။ ဤဖြစ်ရပ်သည် အထူးသဖြင့် ရခိုင်ပြည်နယ်မှလာသော မွတ်စလင် ကျောင်းသားများအပေါ်တွင် သက်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ လတ်တလောအချိန်တွင် ၄င်းတို့သည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အရ စိစစ်နေသူများ ဖြစ်ပါသည်။ ပညာရေးအခွင့်အလမ်း ရရှိမှုသည် နိုင်ငံသားဖြစ်မှု အခြေအနေပေါ်တွင် အခြေမခံသင့်ပါ။ ကျွန်မအနေဖြင့် ဤပြဿနာကို ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီးထံ တင်ပြခဲ့ပြီး၊ ၄င်းက ယင်းအခြေအနေကို ကုစားဖြေရှင်းပေးမည်ဖြစ်ကြောင်း အာမခံချက်ပေးသည့် အတွက်ကြောင့် အထူးပင် ကျေးဇူးတင်ပါသည်။ ၄င်းတို့၏ အဆင့်မြင့်ပညာရေး ပြီးဆုံးအောင် အပြင်းအထန် ကြိုးစားခဲ့ကြသည့် ကျောင်းသူ/သားတိုင်း ၄င်းတို့၏ဘွဲ့လက်မှတ်များ ရရှိကြ သည်ဆိုသည့် သတင်းကောင်း ရရှိရန် ကျွန်မ မျှော်လင့်နေပါသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အရေးပါသည်ဆိုသည့်အကြောင်းကို ကျွန်မအား များစွာပြောဆိုတင်ပြ ကြပါသည်။ ကျွန်မ အပြည့်အဝ သဘောတူပါသည်။ သို့သော် ဤနိုင်ငံတော်သစ်တွင် တရားဥပဒေစနစ်နှင့် အာဏာပိုင်တို့အပေါ်တွင် ယုံကြည်မှု ပေါ်ပေါက်မလာမီတွင် လုပ်ဆောင်စရာ များစွာ ကျန်ရှိနေပါသေး သည်။ ပဋိပက္ခဖြစ်ပွားရာနေရာများတွင် လိင်နှင့် ကျား-မရေးရာတို့အပေါ်တွင် အခြေခံသော အကြမ်းဖက်မှု များအပါအ၀င် စစ်တပ်အရာရှိများ၏ တာဝန်ယူမှု/တာဝန်ခံမှုကို အာမခံချက်ပေးရန် လုပ်ငန်းစဉ်များ မအောင်မြင်မှုအပေါ်၌လည်း ကျွန်မအနေဖြင့် အထူးတလည် စိုးရိမ်ပူပန်မှု ရှိနေဆဲ ဖြစ်ပါသည်။ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ယင်းတို့၏ အဖွဲ့ဝင်များက ကျူးလွန်သော အပြည်ပြည်ဆိုင် ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို ချိုး ဖောက်မှုများအပေါ် ဖြေရှင်းဆောင်ရွက်ရန်ကိုလည်း တောင်းဆိုပါသည်။ တပ်မတော်တွင် အရွယ်မရောက် သေးသော စစ်သားများ အရေအတွက် ဆက်လက် မြင့်တက်နေမှု ရှိနေသည်ဆိုသည့် သတင်းများအပေါ် ၌လည်း စိုးရိမ်ပူပန်မိပါသည်။

နိဂုံး
အထက်ပါ အကြောင်းအရာများသည် ကျွန်မခရီးစဉ်မှ ရရှိလာသော အကြိုလေ့လာတွေ့ရှိချက်များဖြစ်ပြီး၊ မတ်လတွင် လူ့အခွင့်အရေးကောင်စီသို့ ကျွန်မ၏ အစီရင်ခံစာ တင်သွင်းသည့်အခါ ဤကိစ္စရပ်များအပေါ် ကို အကျယ်တ၀င့် တင်ပြသွားမည် ဖြစ်ပါသည်။ အထူးအစီရင်ခံစာ တင်သွင်းသူတစ်ဦးအနေနှင့်ရော၊ မြန်မာနိုင်ငံ၏ မိတ်ဆွေတစ်ဦးအနေနှင့်ရော မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ ပိုမိုမြှင့်တင် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့အတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူများနှင့် အနာဂတ်ကာလတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကျွှန်မအနေဖြင့် မျှော်လင့်ပါသည်။

United Nations Information Centre Yangon Facebook စာမျက်နှာမှ ကူးယူ ဖော်ပြသည်။

Rohingya Exodus