နောက်ဆုံးသတင်း/ဆောင်းပါးများ
Rohingya Eye
RB News
9.3.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ဒေသခံများကို အုပ်ချုပ်ရေးမှူး ရုံးတွင် အစည်းအဝေး ခေါ်ယူ၍ နိုင်ငံသား လျှောက်ထားခိုင်းခြင်းကြောင့် ဒေသခံများ ဘ၀မကျ ဖြစ်နေကြောင်း သတင်း ရရှိပါသည်။
မတ်လ (၈) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး အစည်းအဝေး ခန်းမတွင် ၎င်းမြို့နယ်ခွဲ လက်အောက်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များကို ခေါ်ယူ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက ယာယီသက်သေခံ ကဒ်ပြားများ ပြန်လည် အပ်နှံရေး စင်တာ နှစ်ခုကို တောင်ပြိုလက်ဝဲ မြို့နယ်ခွဲနှင့် လိပ်ရကျေးရွာတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ အပ်နှံပြီးပါက နိုင်ငံသား လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ပြောခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရပ်မိရပ်ဖ တစ်ဦးက “ကျွန်တော်တို့က ၁၉၈၂ ခုနှစ် မတိုင်ခင် နိုင်ငံသားများကိုသာ ထုတ်ပေးခဲ့တဲ့ အမျိုးသား မှတ်ပုံတင်ကို ကိုင်ဆောင်ခဲ့တဲ့ သူတွေဖြစ်ကြပြီး၊ ၁၉၈၉ ခုနှစ်မှာလည်း လျှောက်ထားခဲ့သူများ ဖြစ်သည့်အတွက် ယခုအခါ နိုင်ငံသား ထပ်မံ လျှောက်ထားရမည်ကို နားမလည်နိုင်ပါကြောင်း” ပြန်လည်တင်ပြခဲ့ရာ မြို့နယ်ခွဲ လ.၀.က ဦးစီးမှူးက မြန်မာ့ သမိုင်းတွင် ရိုဟင်ဂျာ လူမျိုး ဆိုသည်မှာ မရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရှိသည့် အိန္ဒိယ၊ ပါကစ္စတန်တို့ ဘက်မှ လာသည့် လူမျိုးတစ်မျိုး၏ အမည်ကို ခံယူရန် လိုကြောင်း၊ ထိုကဲ့သို့ ခံယူပါက နိုင်ငံသား ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုသောကြောင့် အစည်းအဝေး တက်ရောက်သည့် ဒေသခံများက နိုင်ငံသား ထပ်မံ လျှောက်ထားခိုင်း ဘ၀င်မကျ ဖြစ်နေသည်ဟု ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
9.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးက မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ်အမ် ဖုန်းဖြင့် သီချင်းနားထောင် နေစဉ် နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဖုန်းသုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၅) ရက်နေ့ ညနေပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် မာမတ်ရော်ဟိမ်း (ဘ) ဦးမာမတ်ဟာရှိမ်း (အသက် ၂၇ နှစ်) သည် မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ်အမ် ဖုန်းဖြင့် သီချင်းနားထောင်စဉ် ရွာထဲတွင် ကင်းလှည့်နေသည့် ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး၊ ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငါးခူရ နယ်မြေရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ည ၉ နာရီအချိန်တွင် မာမတ်ရော်ဟိမ်း ထံမှ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရွာသား တစ်ဦးက “နယ်ခြားစောင့် ရဲတွေက မကြာခဏ ရွာကိုလာပြီးတော့ မတော်မတရား ဖမ်းဆီးပြီး ငွေညှစ်တယ်။ ဟန်းဆက် တွေ့ရင်လည်း ဘင်္ဂလား ဆင်းမ် သုံးတယ်ဆိုပြီး ငွေညှစ်တယ်၊ တချို့နေရာမှာ ကျတော့ တရားဝင် ဂျီအက်စ်အမ် သုံးတာ တွေ့ရင်လည်း ရဲတွေကိုယ်တိုင် ဂျီအက်စ်အမ် ဆင်းမ်ကို ထုတ်ပြီး ဘင်္ဂလားဆင်းမ် ထည့်ပြီး ငွေညှစ်တယ်။ သူတို့က မင်းတို့ကို ဒီလိုလုပ်ဖို့ဘဲ ငါတို့ ဒီကိုလာတာ၊ မင်းတို့ အင်တာနက်ပေါ် တင်ပေးရင်လည်း ငါတို့ မကြောက်ဘူး၊ ငါတို့ကို ဘယ်သူကမှ အရေးယူမှာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ဘယ်သူ့ကို တိုင်ရမယ်ဆိုတာ မသိတော့ဘူး” ဟု ပြောပါသည်။
MYARF
RB News
9.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ၀န်ထမ်း ဖြစ်သူ ဦးအံ့ကျော်က မြို့မ စည်ပင်သာယာဈေးတွင် လူမျိုးရေး စော်ကားမှုများ ပြုလုပ်၍ ဆိုင်ရှင် တစ်ဦးကို ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၈) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြို့မ စည်ပင်သာယာ ဈေးရှိ ဆိုင်အမှတ် 1. A2 မှ ဆိုင်ရှင် ဖြစ်သူ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ရွာသား မိုဟာမတ်ဂျူဟာရ် (ဘ) ဦးအာဘူဂျော်မိလ် (အသက် ၂၅ နှစ်) သည် မိမိ၏ ဆိုင်ရှေ့လမ်း၌ ဖုန်ထနေသဖြင့် ရေလောင်းခဲ့ရာ စည်ပင် ၀န်ထမ်း ဦးအံ့ကျော်က ရေလောင်းရခြင်း ပတ်သက်၍ မေးမြန်းရာ ဖုန်ထနေသဖြင့် ရေလောင်းရခြင်း ဖြစ်သည်ဟု ယဉ်ကျေးစွာ ဖြေကြားခဲ့သည်။
သို့သော်လည်း ဦးအံ့ကျော်က “မင်း ကုလားကို ရေလောင်းဖို့ ဘယ်သူ ခွင့်ပြုခဲ့တာလဲ၊ မင်းတို့ ဘင်္ဂလီ ကုလားတွေ ငါတို့ တိုင်းပြည်ကိုလာပြီး လုပ်ချင်သလို မလုပ်နဲ့၊ ဒီဈေးကို ငါတို့ တိုင်းရင်းသား တွေအတွက် ဖွင့်ထားတာ၊ မင်းတို့ ကုလားတွေ အတွက် မဟုတ်ဘူး၊ မင်းတို့ ဒီမှာ ဘာမှ ပိုင်ဆိုင်ခွင့် မရှိဘူး၊ မင်းတို့ ကုလားတွေကို ငါတို့ တိုင်းရင်းသားတွေက လုပ်ချင်သလို လုပ်လို့ရတယ်။ မင်းတို့ ဘယ်နေရာကိုမှ သွားတိုင်လို့ မရဘူး” ဟု လူမျိုးရေး စော်ကားမှုများ ပြုလုပ်၍ ဆဲဆိုသည့် အပြင် မိုဟာမတ်ဂျူဟာရ်ကို လက်သီးဖြင့်ထိုး ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည်။ ဦးအံ့ကျော်၏ လူမဆန်စွာ ထိုးနှက် ရိုက်နှက်မှုကြောင့် မိုဟာမတ်ဂျူဟာရ်၏ နှားခေါင်း ကွဲပြတ်၍ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးအံ့ကျော်သည် ယခုကဲ့သို့ စော်ကား၍ ရိုက်နှက်ခြင်းကို ပထမ အကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ယခင်ကလည်း ဆိုင်ရှင်များနှင့် ဈေးဝယ်သူများကို အမျိုးမျိုး အကြောင်းပြ၍ ရန်ရှာခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။
MYARF
RB News
9.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာမှ အာဏာပိုင်များ၏ ပွဲစားဖြစ်သူ ဦးဆော်လီမူလ္လာက ဒေသခံများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်၍ ဒုက္ခပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင် မြို့နယ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာနေ အာဏာပိုင် များ၏ ပွဲစား ဖြစ်သူ ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်းက စိမ်းညှင်းပြင်ရှိ စစ်တပ်နှင့် ပူးပေါင်း၍ ဒေသခံ ရွာသားများကို နှိပ်စက်လျက် ရှိကြောင်း သိရသည်။ ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ် များတွင် Care Myanmar NGO မှ နည်းပညာနှင့် အခြားအထောက်အပံ့များ ပေးပြီး ဒေသခံများကို ဥယျာဉ်ခြံများ စိုက်ပျိုးစေခဲ့သည်။ ၎င်းဥယျာဉ်ခြံများ လုပ်ကိုင် စားသောက်နိုင်ရန် Care Myanmar က အစိုးရထံမှ နှစ်ပေါင်း ၃၀ အတွက် ခွင့်ပြုချက် ရယူပေးခဲ့သည်။ ထိုဥယျာဉ်များကို ဦးဆော်လီမူလ္လာက ၎င်းပိုင် ဥယျာဉ်များကဲ့သို့ တစ်ဦးတည်း မောင်းပိုင်စီးနိုင်ရန် ကြံစည်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။
ယခုအခါ ဦးဆော်လီမူလ္လာက စိမ်းညှင်းပြင်ရှိ စစ်တပ်နှင့် ပူးပေါင်း၍ ဥယျာဉ် ပိုင်ဆိုင်သူများက ၎င်းတို့၏ ဥယျာဉ်များမှ သစ်ခုတ်လျှင်ပင် ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဖရုံချောင်း ပြိုင်းတောင်မှ အဒူလ္လာ (ဘ) ဦးအီဒိရီစ် (အသက် ၂၀ နှစ်) ၏ သစ်များကို သိမ်းဆည်း ယူသွားကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ အဒူလ္လာ၏ သစ်များမှာ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် အိမ်ဆောက်လုပ်ရန် စုဆောင်း ထားသည့် သစ်များ ဖြစ်သည်။ သိမ်းဆည်းခံရသည့် သစ်များကို ငွေညှစ်ပြီးနောက် ပြန်လည် ပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင်လည်း ဖရုံချောင်းပြိုင်းတောင်မှ ဦးရော်ဖိတ် (ဘ) ဦးမိုဟာမတ်ဆော်ယာဒ် (အသက် ၄၅ နှစ်) အား ဥယျာဉ်မှ သစ်ခုတ်သည့် အတွက် ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဖရုံချောင်းပြိုင်းတောင်မှ ဦးအဒူလာမီးန် (ဘ) ဦးရုလ်အာမီးန် (အသက် ၅၀ နှစ်) ကိုလည်း ဥယျာဉ်မှ သစ်ခုတ်သည့် အတွက်ဟုဆိုကာ ဖမ်းဆီး၍ ကြိုးဖြင့် ချည်နှောင်၍ ရိုက်နှက်ကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ဖိုးခေါင်ချောင်းရွာမှ ဦးမိုဟာမတ် ဆော်လာမ် (ဘ) ဦးဟားဆူ (အသက် ၅၀ နှစ်) က ဖရုံချောင်း ပြိုင်းတောင်မှ ယောက္ခမ ဖြစ်သူ၏ ဥယျာဉ်မှ သစ်ခုတ်ခဲ့သည့် အတွက် ငွေကျပ် တစ်သိန်း နှစ်သောင်း ညှစ်ယူခဲ့သည်။ ထိုကဲ့သို့ အခြားသူထံမှလည်း ငွေများ ညှစ်ယူခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ဖရုံချောင်းပြိုင်းတောင်မှ ဒေါ်ဇာဟီးဒါ ဘေဂမ်နှင့် သားငယ် တစ်ဦးကို ဆော်ဒီအာရေဗျာ နိုင်ငံရှိ ခင်ပွန်းထံ ပို့ပေးမည်ဟုဆို၍ ငွေကျပ် သုံးသိန်းယူကာ ဒေါ်ဇာဟီးဒါ ဘေဂမ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လမ်းတပိုင်း၌ ပစ်ထားကာ ပြန်လာခဲ့သည်။ ယခင်ကလည်း ဒေါ်ဇာဟီးဒါဘေဂမ်ထံမှ ငွေကျပ် ၇ သိန်း ယူခဲ့သည်။
MYARF
RB News
8.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အတင်းအဓမ္မ ဆွဲ၊တင်၊စစ် တွင် မပါဝင်လို၍ တောတောင်ထဲသို့ ရှောင်တိမ်းနေကြသည့် ဒေသခံများ ထဲမှာ မွေးကင်းစ ကလေးငယ် တစ်ဦးနှင့် နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်းကို ခံရသည့် ဒေသခံတစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ်၊ မြောက်ပိုင်း တောင်ဘဇာ၊ ငရန့်ချောင်း၊ ခြင်းသမား၊ ပြင်တောပြင်၊ ဒါးပိုင်ဆရာ စသော ကျေးရွာများတွင် ဒေသခံ ရိုဟင်ဂျာများက ဆွဲ၊တင်၊စစ် အစစ်မခံသဖြင့် နယ်ခြားစောင့် ရဲများက ရိုက်နှက်ခြင်း၊ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ကာ အတင်း အဓမ္မ စစ်ဆေးခံစေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ အိမ်ထောင် ဦးစီးများ၊ အမျိုးသား တိမ်းရှောင်နေခဲ့သဖြင့် အမျိုးသမီးများ၊ ကလေးများကို ရိုက်နှက် ဖမ်းဆီး ချုပ်နှောင်ထားကာ မိသားစု အစုံအလင် လာရောက် စစ်ဆေးခံစေခဲ့သည်။ မတ်လ (၂) ရက်နေ့တွင် ငရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၁၅) ရှိ ဗလီမှ ဒေသခံ (၉) ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် ၎င်းတို့၏ မိသားစုဝင်များကို လာရောက်၍ စစ်ဆေးခံစေသည့် အပြင် ငွေများလည်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 
မတ်လ (၅) ရက်နေ့တွင်လည်း တောင်ဘဇာဈေးမှ ဒေသခံ (၁၅) ဦးကို ဖမ်းဆီးခဲ့သည်။ ခြင်းသမား ကျေးရွာနှင့် ခြင်းသမား ကျေးရွာ အုပ်စု ပြင်တော်ပြင်ရွာ များမှ ရိုဟင်ဂျာများက လုံးဝ စစ်ဆေးမခံလိုသဖြင့် မတ်လ (၃) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့်ရောက်ရှိလာပြီး ၎င်းတို့ မျက်စိရှေ့တွင် တွေ့သည့် အမျိုးသမီးများ၊ ကလေးများကို ရိုက်နှက်ခဲ့သည်။ ထိုကဲ့သို့ ရိုက်နှက်မှုများကြောင့် မတ်လ (၄) ရက်နေ့တွင် စစ်ဆေးမခံလိုသည့် ရွာသား အများစုသည် မိသားစုအလိုက် တောတောင်ထဲတွင် တိမ်းရှောင်နေခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ ရွာထဲတွင် အတင်း အဓမ္မ စစ်ဆေးခံရသူများသာ ကျန်ရစ်ခဲ့ပြီး၊ တောတောင်ထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး (၃) ဦး မီးဖွားခဲ့ပြီး၊ ဆေးဝါးကုသမှု မရခဲ့သဖြင့် ကလေး တစ်ဦး သေဆုံးခဲ့ရသည်။ မတ်လ (၃) ရက်နေ့ညတွင် နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်း ခံရသော သူတစ်ဦးလည်း ထိုတောတောင်ထဲတွင် သေဆုံးခဲ့ရကြောင်း သိရသည်။
ပြင်တော်ပြင် စက်လှေဆိပ်၌ နယ်ခြားစောင့် ရဲများက ကင်းစောင့်၍ အ၀င် အထွက် စက်လှေများကို စစ်ဆေးပြီး၊ ဆွဲ၊တင်၊စစ် အစစ်ဆေး မခံကြသူများ တွေ့လျှင် ထိုနေရာတွင်ပင် တစ်နေကုန် ထိုင်ခိုင်း၍ ညနေချိန်တွင် နယ်ခြားစောင့် ရဲများ စခန်းချလျက် ရှိသည့် ခြင်းသမား ကျေးရွာ အကျော်သို့ ခေါ်ဆောင်သွားပြီး၊ မိသားစုများကို အကြောင်းကြား ခေါ်ဆောင်လာကာ အိမ်ထောင်ဦးစီးများကို မိသားစုများ ရှေ့မှောက်တွင် ရိုက်နှက်၍ မိသားစုများအား စစ်ဆေး၍ ဓါတ်ပုံရိုက်ခိုင်းသည်။ ခရီးထွက်သူများမှာလည်း အိမ်ထောင်စု စာရင်းကို အတူ ယူဆောင်နေရသည်။
မတ်လ (၆) ရက်နေ့ ညနေပိုင်း အချိန်တွင် နယ်ခြားစောင့် ရဲများ လမ်းပေါ်သို့ ထွက်၍ ဆွဲ၊တင်၊စစ် စစ်ဆေးခံသူများ၊ အစစ်ဆေးမခံသူများ မရွေးဘဲ ၎င်းတို့ ရှေ့တွေ့သမျှကို ရိုက်နှက်ခဲ့ရာ ဒေသခံ အချို့ ခေါင်းကွဲ၊ နှုတ်ခမ်းကွဲဖြင့် အမျိုးမျိုး ဒဏ်ရာ ရခဲ့ကြသည်။ ရွာသားများလည်း ဆွဲ၊တင်၊စစ် တွင် မပါဝင်လို၍ စုရုံး၍ အော်ဟစ် ချီတက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ယနေ့ မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင်လည်း နယ်ခြားစောင့် ရဲများက ဒေသခံများကို ထပ်မံ ရိုက်နှက် ခဲ့သဖြင့် ရွာသားများ စုရုံးလာရာ နယ်ခြားစောင့်ရဲများက သေနတ် ပစ်ဖောက်ခဲ့သည်။ သို့သော်လည်း ရွာသားများက နောက်မဆုတ်၊ ရှေ့မတိုးဘဲ ရပ်တန့်နေခဲ့သည်။ ဒေသခံများက နယ်ခြားစောင့် ရဲများက ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက ပြဿနာ တစ်စုံတစ်ရာ ကြီးကြီးမားမား ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။
အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး တောင်းဆို ခဲ့ကြတဲ့ Selma မြို့ ချီတက် ဆန္ဒပြပွဲ နှစ် (၅၀) ပြည့် အခမ်းအနား တက်ရောက် မိန့်ခွန်း ချွေနေတဲ့ အမေရိကန် သမ္မတ အိုဘားမား။ (မတ် ၇၊၂၀၁၅)
ဗွီအိုအေမြန်မာပိုင်း
8.3.2015
အမေရိကန် အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု သမိုင်းမှာ အရေးပါတဲ့ အယ်လ်ဘားမား ပြည်နယ်၊ ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက် ဆန္ဒပြပွဲ နှစ် ၅၀ ပြည့် အခမ်းအနားမှာ သမ္မတ ဘရာ့ခ် အိုဘားမား ပြောတဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ပြောဆို သွားပါတယ်။
“မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်တပ် အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့် အစား အကျဉ်းထောင် တွေထဲ သွားခဲ့ကြပါတယ်။ John Lewis လုပ်ခဲ့ တာကို သူတို့မြင်ခဲ့ကြတာပါ။” လို့ သမ္မတအိုဘားမားက ပြောပါတယ်။
မစ္စတာအိုဘားမား ထည့်သွင်း ညွန်းဆိုသွားတဲ့ John Lewis ဟာ ဆယ်လ်မာမှ မောင်ဂိုမာရီ (Montgomery) သို့ဆိုတဲ့ ချီတက်ပွဲတွေမှာ အဲဒီအချိန်က လူငယ် တက်ကြွ လှုပ်ရှားသူ တဦးအဖြစ် ဦးဆောင် ပါဝင်ခဲ့ပြီး ရဲတွေရဲ့ ရိုက်နှက် ဖမ်းဆီးတာကို ခံခဲ့ရသူဖြစ်ပြီးတော့ အထူး ထင်ရှားခဲ့ပါတယ်။ အခုတော့ သူဟာ ထင်ရှားတဲ့ လွှတ်တော် အမတ်တဦး ဖြစ်နေပါပြီ။
လမ်းလျှောက် ချီတက်ပွဲ နှစ် ၅၀ ပြည့် အခမ်းအနား အဖြစ် ဆယ်လ်မာမြို့မှာ စနေနေ့က ကျင်းပတဲ့ပွဲမှာ သမ္မတ အိုဘားမားက တိုင်းပြည် ပိုကောင်းဖို့အတွက် အမေရိကန် နိုင်ငံသား အားလုံး လက်တွဲ လုပ်ဆောင်ကြဖို့ တိုက်တွန်း သွားပါတယ်။
တန်းတူ အခွင့်အရေး အတွက် တောင်းဆို တိုက်ပွဲဝင်တာ အခုချိန်ထိ မအောင်မြင်သေးဘူး ဆိုတာကို သမ္မတ အိုဘားမားက အသိအမှတ်ပြု ပြောဆိုတဲ့ တချိန်တည်းမှာပဲ ဘာမှ မပြောင်းလဲ သေးဘူးလို့ ပြောကြတာ တွေကိုတော့ သူက ပယ်ချပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေ အပေါ် ရဲတပ်ဖွဲ့ရဲ့ ပြုမူ ဆက်ဆံပုံကြောင့် လူမျိုးရေး တင်းမာမှုတွေ အသစ် ပြန်ပေါ်လာနေချိန်နဲ့ အခု နှစ်ပတ်လည် အချိန် တိုက်ဆိုင်နေတာပါ။
Rohingya Eye
RB News
8.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ အသက် (၁၂) နှစ် အရွယ် ကလေးငယ် တစ်ဦးကို ရခိုင်ဒေသခံ (၄) ဦးက ဖမ်းဆီး၍ သတ်ဖြတ်ရန် ကြိုးစားနေစဉ် ၀င်၍ ကယ်တင်သည့် ဖခင်ကို ရခိုင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ မတ်လ (၈) ရက်နေ့ နံနက် အစောပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ ဦးဖွေဇူလ္လာ (ဘ) ဦးအူမောရ်မျာ (အသက် ၄၅ နှစ်) နှင့် ၎င်း၏ အသက် (၁၂) နှစ်အရွယ် သားအဖ နှစ်ယောက်တို့သည် ရွာ၏ အရှေ့ဘက်ရှိ တောင်တန်းသို့ ထင်းခုတ်ရန် သွားခဲ့သည်။ ၎င်းတို့ သားအဖ နှစ်ဦးသည် နံနက် ၁၀ နာရီခန့်တွင် တောင်ထဲ၌ တစ်ဦးနှင့် တစ်ဦး မနီးမဝေး၌ ထင်းခုတ်နေစဉ် ကင်းချောင်း (န.တ.လ) ကျေးရွာမှ ရခိုင်ဒေသခံ (၄) ဦး ရောက်ရှိလာပြီး အသက် (၁၂) နှစ် အရွယ် သားဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး ဓါးနှင့် ခုတ်သတ်ရန် ပြုလုပ်နေစဉ် ကလေးငယ်၏ အော်ဟစ်မှုကြောင့် ဖခင် ဖြစ်သူ ရောက်ရှိလာပြီး ကယ်တင်ရန် ကြိုးစားစဉ် ရခိုင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ရာ ရင်ဘတ်တွင် ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရခိုင်ဒေသခံ (၄) ဦးသည် ဦးဖွေဇူလ္လာကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေး သွားခဲ့ခြင်းကြောင့် ကလေးငယ်မှ လူသတ်သမားများ လက်မှ လွတ်မြောက်ခဲံသည်။
၎င်းတို့ သားအဖ နှစ်ဦးသည် ဒုချီးရားတန်း ကျေးရွာသို့ ပြန်လာပြီးနောက် ရွာတာဝန်ခံ ဦးဆုလ်တာန်ထံ အကျိုးအကြောင်း ပြောပြရာ ဦးဆုလ်တာန်က သေနတ် ဒဏ်ရာရရှိသည့် ဦးဖွေဇူလ္လာနှင့် တကွ ဂေါ်ဒူသာရ ကျေးရွာ တံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအေးထံ တိုင်ကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
Rohingya Eye
RB News
8.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်နှင့် ဦးရှဥ့်ကျ ကျေးရွာများရှိ ပုဂ္ဂလိက ဈေးများမှ နှစ်စဉ် နိုင်ငံတော်သို့ အခွန်ငွေများ ပေးဆောင်လျက် ရှိသော်လည်း အာဏာပိုင်များက လစဉ် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်နှင့် ဦးရှဥ့်ကျ ကျေးရွာများရှိ ပုဂ္ဂလိက ဈေးများသည် ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကိုယ်ပိုင်ဈေးများ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း စည်ပင်သာယာသို့ အခွန်ငွေ (၇) သိန်းကျော် ပေးသွင်း၍ လိုင်စင် ရယူထားပြီး ရောင်းဝယ် ဖောက်ကားလျက် ရှိသည့် ဈေးများ ဖြစ်သည်။ ငါးခူရ ကျေးရွာ အခြေစိုက် စ.ရ.ဖ အဖွဲ့အား ကြက်ရိုးပြင် ပုဂ္ဂလိက ဈေးမှ လစဉ် ငွေကျပ် တစ်သောင်းနှင့် ဦးရှဥ့်ကျ ပုဂ္ဂလိက ဈေးမှ ငွေကျပ် တစ်သောင်းစီ ပုံမှန် ပေးသွင်းနေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ စ.ရ.ဖ အဖွဲ့အား လစဉ် ငွေပေးရန် အကြောင်းမရှိသော်လည်း ၎င်းတို့ ပေးလာမည့် အန္တရာယ်ကို စိုးရိမ်၍ ပေးနေရခြင်း ဖြစ်ပြီး၊ ပုံမှန် ပေးသွင်းရန် နောက်ကျပါက စော်ကားခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်သောကြောင့် ပုံမှန် မပျက်မကွက် ပေးသွင်း နေရကြောင်း ဒေသခံများက ပြောပါသည်။
ဈေးပိုင်ရှင်တစ်ဦး၏ မိသားစုဝင် တစ်ဦးက “ကျွန်တော်တို့က နိုင်ငံတော်ကို အခွန်ငွေ ပေးဆောင်ပြီး၊ တရားဝင်လုပ် နေတာဗျာ၊ စ.ရ.ဖ တွေက သူတို့ ရိက္ခာအတွက် ဆိုပြီး အခုလို မတရားသဖြင့် လစဉ် ဆက်ကြေး တောင်းနေတာက အရင် စစ်အစိုးရ လက်ထက်တုန်းကလို လုပ်နေတာပါ။ ကျွန်တော်တို့ ဈေးကလည်း နေ့တိုင်း ဖွင့်တဲ့ ဈေးမဟုတ်ဘူး။ တစ်ပတ်ကို နှစ်ကြိမ် ဖွင့်တဲ့ ဈေးပါ။ လစဉ် ဆက်ကြေး ပေးနေရတဲ့ အတွက် ကျွန်တော်တို့ အတွက် အခက်အခဲ ဖြစ်လာတယ်။ အဲဒါအပြင် နယ်ခြားစောင့် ရဲတွေ တောင်းတာလည်း ပေးရတယ်။ စည်ပင်ဝန်ထမ်းတွေ တောင်းတာလည်း ပေးရတယ်။ ကျွန်တော်တို့ ရတဲ့ အကျိုးအမြတ်ကို သူတို့ကို ခွဲဝေ ပေးနေရသလို ဖြစ်နေတယ်။ အရင်ကတည်းက လုပ်လာတဲ့ လုပ်ငန်း ဖြစ်လို့ လုပ်နေရပေမယ့် တကယ်တမ်းမှာ အကျိုးအမြတ် အဲဒီလောက် မရှိဘူး” ဟု ပြောပါသည်။
Rohingya Eye
RB News
8.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဉ့်ကျ ကျေးရွာမှ ဒေသခံ ရွာသားများ ထံမှ ကံပြင်ကျေးရွာရှိ ရခိုင်ရွာသားများနှင့် ရေမျက်တောင်ရှိ နယ်ခြားစောင့်ရဲများက နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ (ဘူရာရှီးဒါ ဖာရာ) ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ များ၏ နွားများသည် ကျက်စားရင် ဦးရှဥ့်ကျနှင့် ကံပြင်ကျေးရွာ (ရခိုင်ရွာ) ကြားရှိ တံတားကို ဖြတ်ကျော်၍ ကံပြင် ကျေးရွာသို့ ၀င်သွားလျှင် နွားများကို ရခိုင်ရွာသားများက ဖမ်းဆီးပြီး ဒဏ်ငွေဟုဆိုကာ ငွေကျပ် ၅ ထောင်စီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
မတ်လ (၁) ရက်နေ့က ဦးတော်ဘာရဲခ် (ဘ) ဦးအဘူဘော်ရှော်ရ် (အသက် ၃၆ နှစ်) ၏ နွားနှစ်ကောင်နှင့် အခြားသော ရွာသားများ၏ နွား ၃ ကောင်သည် ကံပြင်ကျေးရွာထဲသို့ တစ်ရက်တည်းတွင် ရောက်ရှိသွားခဲ့ပြီး၊ အဆိုပါ နွားများကို ရခိုင်ရွာသားများက ဖမ်းဆီးထားပြီး နွားတစ်ကောင်လျှင် ငွေကျပ် ၅ ထောင်စီ ဒဏ်ငွေဟု ဆိုကာ စုစုပေါင်း ငွေကျပ် ၂၅၀၀၀/- ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
နွားပိုင်ရှင် တစ်ဦးက “နွားဆိုတာ တိရစ္ဆာန်၊ လူမဟုတ်ဘူး။ မြက်ရှိတဲ့ နေရာကို သွားပြီး ကျက်စားတာ နွားရဲ့ အကျင့်ပဲ၊ ကံပြင်ကျေးရွာက ရခိုင်လူမျိုးတွေရဲ့ နွားတွေလည်း ကျွန်တော်တို့ရွာမှာ လာပြီး ကျက်စားတာပဲ၊ ကျွန်တော်တို့ ဘယ်တုန်းကမှ မောင်းထုတ်တာမျိုးတောင် မလုပ်ဘူး။ အခု ကျွန်တော်တို့ နွားတွေကို ဖမ်းပြီး ငွေညှစ်တာကတော့ မကျေနပ်မှုတွေ ဖြစ်ပွားပြီး ပဋိပက္ခ အသွင်ဖြစ်လာအောင် တမင်ဖန်တီး နေတာပဲလို့ ယူဆတယ်” ဟု ပြောပါသည်။
အလားတူ ဦးရှဥ့်ကျ ကျေးရွာမှ ရွာသား တစ်ဦးဦးထံမှ မိုဘိုင်းဖုန်း ဟန်းဆက်များ တွေ့လျှင် ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် ဖုန်းသုံးနေသည်ဟု ရေမျက်တောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူး ဦးအာမီရ်ဟာကိမ်း တို့ပူးပေါင်း၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ မတ်လ (၁) ရက်နေ့ အတွင်း ငွေညှစ်ခံရသူများမှာ --
(၁) ဦးရော်ဖိခ် (ဘ) ဦးမိုဟာမတ်ဇာဟီးဒ် (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း တစ်သောင်း)
(၂) ဦးနူရ်ဟူဆောင်း (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း)
(၃) မောန်ဇူရ်အာလာမ် (ဘ) ဦးနူရူ (ကိုးတန်းကျောင်းသား) - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၄) ဦးရော်ဖိခ် (ဘ) ဦးဟာဖီးဇ်နော်ဂျီမူလ္လာ (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၆ သောင်း) -- တို့ဖြစ်သည်။
ထို့အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူကလည်း အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၆ သောင်းညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
RB News
7.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာ အုပ်စု၊ မောင်နူရွာမှ ဆွဲ၊တင်၊စစ် ရှောင် ကျေးရွာသားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့ထိပ်တိုက်တိုးပြီး အခင်းဖြစ်ပွားမည့် သဏ္ဍန် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၆) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်တွင် နယ်ခြားစောင့် ရဲများသည် ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာအုပ်စု၊ မောင်နူရွာမှ ဆွဲ၊တင်၊စစ် ရှောင် ကျေးရွာသားများ ခိုလှုံလျက် ရှိသည့် မောင်နူရွာ အရှေ့ဘက်ရှိ အန်ဒါရီဂူနာ ဟုခေါ်သည့် တောင်ခြေရင်းသို့ သွားရောက်၍ ကျေးရွာများနှင့် ထိပ်တိုက်တွေ့ ခဲ့ပြီး၊ အခင်း ဖြစ်ပွားမည့် သဏ္ဍန် ဖြစ်ပွားခဲ့သော်လည်း နောက်ဆုံးတွင် နယ်ခြားစောင့် ရဲများက ဆုတ်ခွာလာခဲ့သလို၊ ကျေးရွာသားများလည်း နောက်ဆုတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
နယ်ခြားစောင့် ရဲများသည် တောင်ခြေရင်းမှ ပြန်လာပြီးနောက် မောင်နူရွာရှိ မော်လ၀ီ မာမတ်ရော်ဖိခ် (ဘ) ဦးမာမတ် အာလာမ်ကို လက်ထိပ်ခတ်၍ ဖောင်တော်ပြင်ရှိ ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင်ထားပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သိရသည်။
ဒေသခံများက ဤကဲ့သို့ ဆွဲ၊တင်၊စစ် ကို မတရားသဖြင့် စစ်ဆေးခြင်းသည် ဒေသခံ ရိုဟင်ဂျာများ၏ အိမ်ထောင်စု စာရင်းများ ရှုပ်ထွေးလာစေရန်၊ ရိုဟင်ဂျာ လူမျိုးများကို အတင်း အဓမ္မ ခိုးဝင် ဘင်္ဂလီများ အဖြစ် အသက်သွင်းနိုင်ရန်နှင့် ငွေညှစ်ရန် ပြုလုပ်နေခြင်း ဖြစ်သည့် အတွက် အစစ်ဆေးခံရန် လုံးဝ ဆန္ဒမရှိကြဟု ဆိုသည်။
MYARF
RB News
5.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ညောင်ချောင်း ကျေးရွာမှ နယ်ခြားစောင့် ရဲများသည် ညောင်ချောင်း ပုဂ္ဂလိက ဈေးမှ ညစောင့် (၄) ဦးကို အကြောင်းမဲ့ ရိုက်နှက် ခဲ့ရာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၃) ရက်နေ့ ည ၇ နာရီကျော် အချိန်တွင် ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ညောင်ဈေးရှိ ဦးအနိုဝါရ် မိသားစုမှ ပိုင်ဆိုင်သည့် ပုဂ္ဂိလက ဈေးသို့ ရောက်ရှိလာပြီး၊ ညစောင့်များ ရှိလားဟု မေးရာ ညစောင့် တစ်ဦး ဖြစ်သည့် ဦးဖော်ဇောလ်ကော်ရီးမ်က ရှိသည်ဟုဆိုကာ ထွက်လာခဲ့ရာ နယ်ခြားစောင့် ရဲများက ကျန်သည့် ညစောင့် များကိုပါ ခေါ်ခိုင်း၍ ၎င်းက ခေါ်လာခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ဘာကြောင့် တစ်နေရာတွင် စုမနေလဲ ဟုမေးရာ ညစောင့်များက လေးထောင့်တွင် လေးဦး နေရ၍ စုမနေရခြင်း ဖြစ်ကြောင်း ဖြေကြားသော်လည်း နယ်ခြားစောင့် ရဲများက အိပ်နေခြင်း ဖြစ်ကြောင်း စွပ်စွဲကာ ၎င်းတို့ လေးဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်မှုကြောင့် ညစောင့် ၃ ဦးမှာ နှုတ်ခမ်း၊ နှာခေါင်းနှင့် မျက်ခုံးများ ကွဲပြဲသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ညစောင့် ၄ ဦးကို နယ်ခြားစောင့် ရဲများက ရိုက်နှက်ချိန်တွင် ဈေးအတွင်းတွင် ဈေးသည်များ ရှိနေဆဲဖြစ်ပြီး ရောင်းဝယ် ဖောက်ကား နေကြကြောင်း သိရသည်။ ညစောင့်များက ဈေးခေါင်း ဖြစ်သူ ဦးအနိုဝါရ်ကို ဖြစ်စဉ်များကို တိုင်တန်းခဲ့သည်။ ဈေးခေါင်းက မတ်လ (၄) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ညစောင့် ၄ ဦးနှင့် အတူ ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်ပြီး တိုင်ကြားခဲ့ရာ ရဲမှူး၊ နယ်မြေမှူး တို့မရှိ၍ ဒုရဲအုပ် စောအေးက ဖြစ်စဉ်ကို မှတ်တမ်း တင်ထားခဲ့ပြီး အထက် အရာရှိများ လာလျှင် တင်ပြပေးမည်ဟု ပြောကြား၍ တိုင်ကြားသူများကို ပြန်စေခဲ့သည်။
၎င်းဈေးသည် ဈေးခေါင်း ဦးအနိုဝါရ်နှင့် မိသားစု ပိုင်ဆိုင်သည့် ပုဂ္ဂလိက ဈေးဖြစ်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း၊ ညစောင့် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ အိပ်သည် ဖြစ်စေ၊ မအိပ်သည် ဖြစ်စေ၊ နယ်ခြားစောင့်ရဲများ စစ်ဆေးရန် တာဝန်မရှိကြောင်း၊ ပုဂ္ဂလိက ဈေးဖြစ်၍ ဈေးခေါင်း ဦးအနိုဝါရ်မှ ဈေးကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်း၊ ဦးအနိုဝါရ်ကလည်း အာဏာပိုင်များက တောင်းဆိုသည့် အကူအညီများကို ပုံမှန် ပေးလေ့ ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
5.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတကား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို မတရား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများထံမှ ရွာထွက် လက်မှတ် စစ်ဆေးခြင်း၊ ရွာထွက် လက်မှတ်ပြလျှင် ယာယီ ကဒ်ပြား ပြခိုင်းခြင်း၊ နှစ်ခုလုံး ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ နယ်ခြားစောင့် ရဲများက စိတ်တိုင်းကျ ငွေတောင်းခံခြင်း၊ ငွေမပေးနိုင်သူများကို စိတ်တိုင်းကျ ရိုက်နှက်ခြင်း၊ ချုပ်နှောင် ထားခြင်း၊ အမျိုးသမီး များကို မဖွယ်မရာ ပြောဆိုခြင်း၊ ကိုယ်ထိ လက်ရောက် စော်ကား၍ စစ်ဆေးခြင်း၊ လမ်းဘေးတွင် ထိုင်ခိုင်း ထားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။
ယနေ့ မတ်လ (၅) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမှ ဂေါ်ဒူသာရသို့ သွားနေသည့် ကားတစ်စီးဖြင့် ဂေါ်ဒူသာရတွင် ကျင်းပနေသည့် မင်္ဂလာဆောင်ပွဲသို့ သွားနေသော မြို့မ ကညင်တန်း ကျေးရွာ အုပ်စု၊ မောင်နီရွာမှ အပ်ချုပ်ဆရာ ဦးလာလားယား ကိုလည်း အကြောင်းမဲ့ ရိုက်နှက်ကာ ၎င်း၏ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်စ်အမ် ဖုန်း၊ ယာယီကဒ်ပြားနှင့် ရွာထွက် လက်မှတ်တို့ကို သိမ်းယူခဲ့သည့် အပြင် အခြား ခရီးသည်များနှင့် ကားသမား များကိုလည်း ရိုက်နှက်ခဲ့သည်။
ဂေါ်ဒူသာရမှ ဒေသခံ ရွာသားများကိုလည်း ဖေဖော်ဝါရီလ (၉) ရက်နေ့ ညပိုင်းတွင် ရဲမှူး ငြိမ်းချမ်းအေးနှင့် အတူ တရားခံ သွားဖမ်းချိန်တွင် ဆူပူ အော်ဟစ်ခဲ့ရာတွင် ပါဝင်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ခြင်း၊ တနေကုန် လမ်းဘေး နေပူထဲတွင် ထိုင်ခိုင်းထားခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။
RB News
4.3.2015
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အောက်နန်းရာရွာမှ အသက် (၁၂) နှစ် အရွယ် မိန်းကလေးငယ် တစ်ဦးကို မတ်လ (၂) ရက်နေ့က နယ်ခြားစောင့် ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မောင်တော ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မတ်လ (၂) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ရသေ့တောင် မြို့နယ် အောက်နန်းရာရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရန် သွားရောက်ခဲ့ပြီး ဦးမာမတ်ဟာရှိမ်း၏ သမီးဖြစ်သူ မဇူဘိုင်ရာ အသက် (၁၂) နှစ်ကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ဆံသည် ရင်ဘတ်ကို ထိမှန်၍ ကျောမှ ပေါက်ထွက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မိန်းကလေးငယ်ကို မောင်တော ဆေးရုံသို့ ဒေသခံများက ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
ရသေ့တောင် မြို့နယ်တွင် ယခင်က ဆွဲ၊တင်၊စစ် တွင် ပါဝင် စစ်ဆေးမခံသူ (၉) ဦးကိုလည်း ဖမ်းဆီး၍ စစ်တွေ ထောင်သို့ ပို့၍ အမှုဖွင့် အရေးယူရန် စီစဉ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ မတ်လ (၃) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် အထက်ပိုင်း တောင်ဘဇာနှင့် ဖောင်တော်ပြင် ကျေးရွာ ပတ်ဝန်းကျင်တွင်လည်း ဆွဲ၊တင်၊စစ် စစ်ဆေးမည်ဟု ဆိုကာ အစစ်ဆေး မခံသူများကို ရွာမှ မထွက်နိုင်အောင် ပိတ်ဆို့ခြင်း၊ စက်လှေများ ထွက်ခွင့် ပိတ်ပင်ထားခြင်း၊ ကုန်းလမ်း ခရီးများကိုလည်း ပိတ်ပင်ထားခြင်းများ ပြုလုပ်၍ ရွာအတွင်း နယ်ခြားစောင့်ရဲများက တွေ့သမျှ လူကြီး၊ လူငယ်၊ ကလေး၊ အမျိုးသမီးများကို ထိုးကြိတ်၍ ရိုက်နှက် ညှဉ်းပန်း နှိက်စက်မှုကြောင့် ဒေသခံ အချို့ ဒဏ်ရာရရှိသည့် အပြင် ဘာသာရေး စော်ကားမှုများ အဖြစ် မုတ်ဆိတ်များ မီးရှို့ခြင်း၊ ဒေသခံ အချို့ကို ဖမ်းဆီး၍ နယ်ခြားစောင့် ရဲကင်းစခန်းများတွင် ချုပ်နှောင် ထားခြင်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
နယ်ခြားစောင့် ရဲများသည် နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ထားသည့် အမိန့် ကြေညာစာ မပြဘဲ ၎င်းတို့ စိတ်တိုင်းကျ အာဏာ အလွဲသုံးစား ပြုလုပ်၍ ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး အတင်း အဓမ္မ ဆွဲ၊တင်၊စစ် ပြုလုပ်၍ ရခိုင်ဒေသ၏ မူလဘူတ တိုင်းရင်းသား လူမျိုးကို ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများ အဖြစ်သို့ တရားဝင် မှတ်တမ်း တင်ရန် ကြိုးပမ်းလျက် ရှိခြင်းကြောင့် ဒေသခံများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန်နေခြင်း ဖြစ်သည်။ ထို့အပြင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေညှစ်ခြင်း၊ အမျိုးသမီး များကို ဓါတ်ပုံ ရိုက်မည်ဆိုကာ ကာအိနြေ္ဒ ပျက်ပြား စေသည့် အထိ မျက်နှာ ကိုင်ခြင်း၊ ရင်သားများ ကိုင်ခြင်းများ ပြုလုပ်သည်ဟု ဒေသခံများ ဆိုသည်။ ထောင်နဲ့ချီသည့် လူအုပ် အလယ်တွင် ဆွဲ၊တင်၊စစ် ဟုဆိုကာ အပြစ်မဲ့ ဒေသခံများကို တရားခံ သဖွယ် ပြောဆို ဆက်ဆံခြင်း၊ တရားခံများကဲ့သို့ ဓါတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ကြောင်း သိရသည်။
လက်နက်ကိုင် အာဏာပိုင်များက ရက်ရက်စက်စက် နှိပ်ကွပ်၍ စစ်ဆေး နေသော်လည်း အများအားဖြင့် စစ်ဆေးမခံရရန် ရှောင်တိမ်းလျက် ရှိပြီး၊ အစစ်ဆေး ခံနေရသူများကလည်း ၎င်းတို့အား အာဏာပိုင်များက စိတ်တိုင်းကျ မှတ်တမ်းတင်သည်ကို လုံးဝ လက်ခံမည် မဟုတ်ဟု ဆိုသည်။
ယခုရက်ပိုင်း အတွင်း ဆွဲ၊တင်၊စစ် မပါဝင်ဟု ဆိုကာ ဖမ်းဆီးခံရသူ အများအပြား ရှိပြီး၊ ဖမ်းဆီး ခံထားရသူ အချို့၏ အမည်များမှာ --
(၁) ဦးမာမတ်ရှော်ရိဖ် (ဘ) ဦးအဒူကော်ယုမ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၂) ဦးမာမတ် (ဘ) ဦးဆိဒိတ်ခ်မျာ -- ကျီးနှုတ်သီး အကွက် (၁၁)
(၃) ဦးမာမတ်နော်ယီးမ် (ဘ) ဦးမောစ်တော်ဖိစ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၄) ဦးအီဘရာဟိမ်း (ဘ) ဦးနူရ်အစ္စလာမ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၅) ဦးဆွေတာလာမ် (ဘ) ဦးရှော်ရိဖ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၆) ဦးအာဇီရောန် -- ကျီးနှုတ်သီး အကွက် (၁၁)
(၇) ဦးဇူဘိုင်ရ် (ဘ) ဦးဝါရီစ် -- ကျီးနှုတ်သီး အကွက် (၁၁)
(၈) ဦးဖာရုခ် (ဘ) ဦးအိုလာမျာ -- ကျီးနှုတ်သီး အကွက် (၁၁)
(၉) ဦးဇော်ကော်ရီယာ (ဘ) ဦးဟာရုန်းရော်ရှိတ် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၀) ဦးရှော်ဖီ (ဘ) ဦးဟာရုန်းရော်ရှိတ် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၁) ဦးအဒူဂေါ်ဖေါ်ရ် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၂) ဦးနူရ်မာတ် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၃) ဦးဆော်လိမ် (ဘ) ဦးဆူလေမန် -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၄) ဦးအီစ္စမိုင်လ်၏ သား -- ကျီးနှုတ်သီး အကွက် (၁၀)
(၁၅) ဦးမော်တော်လောဖ်၏ သား (မော်လ၀ီ) -- ကျီးနှုတ်သီး အကွက် (၁၂)
(၁၆) ဒေါ်ရော်ရှီဒါခါတူ -- ကျီးနှုတ်သီး အကွက် (၁၁)
(၁၇) ဦးအီနုစ်အာမတ် (ဘ) ဦးဂူရာမျာ -- ကျီးနှုတ်သီး အကွက် (၁၁) -- တို့ဖြစ်သည်။
MYARF
RB News
4.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၀က်ကျိန်း ကျေးရွာတွင် တံတားဆောက်လုပ် နေသည့် လုပ်ငန်းခွင်တွင် သေဆုံး သွားသူ တစ်ဦး၏ အလောင်းကို အကြောင်းပြု၍ ဆေးရုံ ၀န်ထမ်းနှင့် ရဲများက ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်း ကျေးရွာမှ ဦးအာဘူလ်ဟာရှိမ်း၏ သားများ ဖြစ်သော ဦးအာရ်ဖာတ်အုလ္လာနှင့် ၎င်း၏ အစ်ကို ဖြစ်သူတို့သည် မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၄) နယ်မြေ၊ ၀က်ကျိန်း ကျေးရွာ၌ စည်ပင်သာယာရေး အဖွဲ့မှ တံတား ဆောက်လုပ်နေသည့် လုပ်ငန်းခွင်တွင် ၎င်းတို့၏ ညီအစ်ကို တ၀မ်းကွဲ တော်စပ်သူနှင့် သွားရောက် အလုပ်လုပ်ခဲ့ရာ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ၁၂ နာရီ အချိန်၌ လုပ်ငန်းခွင်တွင် မြေပြိုကျပြီး ဦးအာရ်ဖတ်အုလ္လာ သေဆုံးခဲ့သည်။ ၎င်းသေဆုံးပြီးနောက် အခြား အလုပ်သမားများက သက်ဆိုင်ရာသို့ အကြောင်းကြားရာ ၎င်း၏ ရုပ်အလောင်းကို ကြိမ်ချောင်း ရဲစခန်းသို့ သယ်ယူသွားပြီး ထိုမှတဆင့် မောင်တော ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
မောင်တော ရဲစခန်းမှ တဆင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။ ဆေးရုံတွင် ၎င်း၏ အလောင်းကို ခွဲစိတ်ရန် ပြုလုပ်နေသဖြင့် ဖခင် ဖြစ်သူ ဦးအာဘူလ်ဟာရှိမ်းက မခွဲစိတ်ရန် ပန်ကြားရာ ဆေးရုံမှ တာဝန်ရှိသူက မခွဲစိတ်လိုလျှင် ငွေကျပ် ၅ သိန်း ပေးရမည်ဟု ပြောဆိုသဖြင့် ငွေကျပ် ၅ သိန်း ပေးခဲ့သည်။ သို့သော်လည်း ဆေးရုံမှ တာဝန်ရှိသူက ငွေကျပ် ၅ သိန်း ရယူပြီး အလောင်းကို ခွဲစိတ်၍ ရဲများထံသို့ အပ်နှံခဲ့သည်။ တစ်ဖန် ရဲများက အလောင်းပြန် ထုတ်ပေးရန်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ရဲများကို ငွေတစ်သိန်း ငါးသောင်း ပေးပြီးနောက် ဖခင် ဖြစ်သူ ဦးအာဘူလ်ဟာရှိမ်းက သားဖြစ်သူ၏ အလောင်းကို နေအိမ်သို့ သယ်ဆောင် သွားပြီးနောက် ညနေ နေ၀င်ချိန်တွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။
Rohingya Eye
RB News
4.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် (မင်္ဂလာ) ကျေးရွာ အုပ်စု၊ န.တ.လ ရွာအခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ပြောင်းရွှေ့လာသည့် ဒုရဲအုပ် တစ်ဦးက ဒေသခံများ၏ ပစ္စည်းများ လုယက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် (မင်္ဂလာ) ကျေးရွာ အုပ်စု၊ န.တ.လ ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသည့် ဒုရဲအုပ် တစ်ဦးက ပြောင်းရွှေ့လာသည့်နေ့မှ စ၍ ထမ်းဖြင့် ကွမ်း၊ ဟင်းသီးဟင်းရွက် ရောင်းသူများက ကင်းစခန်းကို ဖြတ်ကျော်သည့် အကြိမ်တိုင်းတွင် ပစ္စည်းများ လုယက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဖေဖော်ဝါရီလ (၂၄ ) ရက်နေ့တွင် ပုဇွန်ကန်မှ ပုဇွန်များ သယ်ယူလာသည့် ဦးအာဘူကာလာမ် (ဘ) ဦးဆွေယောဒ်ဟူစိန်းသည် ပုဇွန် (၁၅) သိုက်ဖြင့် အဆိုပါ ကင်းစခန်းမှ ဖြတ်ကျော်လာစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက ငွေကြေး တောင်းခံရာ ငွေမပေးနိုင်သဖြင့် ပုဇွန်များကို လုယက် သိမ်းဆည်းခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကို လုယက်ခံရသူက ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားသည့် အခါ ကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့် ရဲကင်းစခန်းသို့ သွားရောက်၍ ဖြောင်းဖြ ပြောဆိုမှုကြောင့် ကံကောင်း ထောက်မစွာဖြင့် ပုဇွန်များ ပြန်လည် ရရှိခဲ့သည်။
ထိုကဲ့သို့ ပုဇွန်များ သယ်ယူ၍ ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားသူ များထံမှ မကြာခဏ လုယက်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ထို့အပြင် ထင်း၊ သစ်သားများကို တွန်းလှည်းဖြင့် ကယ်ရီလုပ်နေသူများ ထံမှ လှည်းတစ်စီးလျှင် ငွေကျပ် ၆ ထောင်ကျပ်စီ မပေးမနေရ ညှစ်ယူလျက် ရှိသည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ လုယက်မှု၊ ငွေညှစ်မှုများကို သရက်အုပ် ရွာသားများ အပြင်၊ ရွက်ညိုတောင်၊ ဒါးကြီးစား၊ မျောတောင်၊ သူဦးလာ ရွာသားများလည်း သရက်အုပ် ဈေးသို့ ဈေးရောင်းရန် လာရောက်တိုင်း ကြုံတွေ့လျက် ရှိသည်။ အဆိုပါ ကင်းစခန်းမှူးသည် ညပိုင်း အချိန်တွင် ရွာများထဲသို့ ၀င်ရောက်၍ ပစ္စည်းများ ၀ယ်ယူ၍ ငွေပေးချင်သည့် အခါတွင် ပေးပြီး၊ ငွေမပေးသည့် အခါတွင် ဆိုင်ရှင်များက ကျသင့်ငွေတောင်းပါက လက်ထိပ်ကိုပြကာ ခြိမ်းခြောက်သည်ဟု ဒေသခံ ရွာသားများက ပြောပါသည်။ ယခင် တာဝန်ကျခဲ့သည့် ကင်းစခန်းမှူးက ယခုကဲ့သို့ လုယက်ခြင်း၊ ငွေညှစ်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
Rohingya Eye
RB News
4.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ အမိန့်ဖြင့် လက်သမား (၃) ဦး နေ့စဉ် လုပ်အားပေး နေရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် အရာရှိ ရိပ်သာ ဆောက်လုပ်လျက် ရှိရာ၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စ၍ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ အမိန့်ဖြင့် ကျီးကန်းပြင် ကျေးရွာမှ လက်သမား (၃) ဦးစီကို နေ့စဉ် အတင်းအဓမ္မ လုပ်အားပေးခိုင်း လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ အဆိုပါ အရာရှိ ရိပ်သာကို ၀ါးနံရံ၊ သွပ်မိုးဖြင့် ဆောက်လုပ်လျက် ရှိသည်ဟု ဆိုသည်။
လက်သမား တစ်ဦးက “မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ မလုပ်မနေရ အမိန့်နဲ့ လုပ်နေရတာပါ။ ပုံမှန်အားဖြင့် တစ်နေ့ အလုပ်လုပ်ရင်တောင် တစ်နပ် စားဖို့ အနိုင်နိုင် ဖြစ်နေတဲ့ကြားက အခု တစ်နေကုန် အလုပ်လုပ်ပြီးတော့ ဘာဝင်ငွေမှ မရတော့ စားဖို့သောက်ဖို့တောင် တော်တော်လေး အခက်အခဲ ဖြစ်နေတယ်။ ၀င်ငွေမရတော့ အိမ်မှာ ဘာမှ ၀ယ်မပေးနိုင်ဘူး၊ အဲဒီတော့ ကလေးတွေ စားဖို့တောင် တောင်းစားနေရတယ်။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကို ရင်းနှီးပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့က အရာရှိ ရိပ်သာကို ဆောက်လုပ်ပေးနေရတယ်” ဟု ဆိုသည်။
ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စ၍ ရဲမှူးချုပ် တင်ကိုကို၏ အမိန့်ဖြင့် စတင်သည့် အတင်းအဓမ္မ ခိုင်းစေမှုသည် ယနေ့ အချိန်ထိ ရှိနေကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
4.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း သရက်အုပ် (မင်္ဂလာ) ကျေးရွာတွင် ပုဇွန်သားပေါက် လုပ်ငန်းကို တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားခြင်းကြောင့် ပုဇွန်သားပေါက် ရှာဖွေ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ၀င်ငွေနည်းပါးမှုနှင့် ကြုံတွေ့နေရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် (မင်္ဂလာ) ကျေးရွာတွင် ဒေသခံ ရွာသား အများစုမှာ ကမ်းခြေနှင့် ချောင်းများကို မှီခို၍ ပုဇွန်သားပေါက်များ ရှာဖွေပြီး ၎င်းတို့၏ မိသားစုများ စားဝတ်နေရေး အတွက် ၀င်ငွေရှာနေခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ စ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ အမိန့်စာဖြင့် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ရွက်ညိုတောင် ကျေးရွာသား ဦးဟာဘီအုလ္လာ (အသက် ၄၅ နှစ်) ကို ပေးအပ်ခဲ့ပြီး၊ ၎င်းက သရက်အုပ် ကျေးရွာသား ဦးဟိုက်ရှုလာမီးန် (ဘ) ဦးနေဆာရ်အာမတ် (အသက် ၄၀ နှစ်) နှင့် ဦးအာဘူလ်ကာလာမ် (ဘ) ဦးအဘူမူဆာ (အသက် ၂၀ နှစ်) တို့ကို တစ်ဆင့် ကိုယ်စားလှယ် လုပ်ကိုင်ခွင့် ပေးခဲ့သည်။
အဆိုပါ ကျေးရွာမှ ဒေသခံများက ရှာဖွေ ရရှိသည့် ပုဇွန်သားပေါက် များကို တစ်ဆင့် ကိုယ်စားလှယ် နှစ်ဦးထံ ရောင်းချရပြီး၊ အပြင်သို့ ရောင်းချလျှင် ဒဏ်ငွေ ပေးဆောင် ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ၎င်းတို့ နှစ်ဦးက ပုဇွန်သားပေါက်ငယ် များကို (၅) ကျပ် (သို့) (၆) ကျပ်နှုန်းဖြင့် ၀ယ်ယူပြီး ဈေးကွက်တွင် (၁၄) ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိသည်။
ယခုကဲ့သို့ တစ်ဦးတည်း လုပ်ကိုင်ခွင့် ပေးအပ်လိုက်ခြင်းကြောင့် ဒေသခံများမှ ၀င်ငွေတစ်ဝက်ကျော် နစ်နာနေကြသည်။ ပုဇွန်သားပေါက် ရှာသူ တစ်ဦးက “ ကျွန်တော်တို့ ပုဇွန်သားပေါက် တွေရှာပြီး မိသားစု အတွက် ၀င်ငွေရှာနေတာပါ။ အခု တစ်ဦးတည်း ကိုယ်စားလှယ် ပေးလိုက်တာကြောင့် ကျွန်တော်တို့ရဲ့ စီးပွားပျက်တာတင်မက ၀င်ငွေလျော့နည်း သွားတာကြောင့် ကလေးတွေရဲ့ ပညာရေး အတွက် ထောက်ပံ့တာမှာတောင် ထိခိုက်နေပါပြီ။” ဟု ပြောသည်။
(ဓါတ်ပုံ - Reuters)
"မေမေသို့"
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
4.3.2015
မေမေ့ 
မဟာပထဝီမြေကြီးရဲ့ အာရ်ကာန်ဆိုတဲ့ ရိုဟင်ဂျာ့မြေပေါ်မှာ 
ငမိုက်သားသေနတ်ကိုင် လူရမ်းကားတွေနဲ့ထိတွေ့ခွင့်ရအောင် 
သားကိုမွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်တဲ့ အာဏာရှင်တွေရဲ့ တိုင်းပြည်မှာ 
သားကို မွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
မင်းသားခေါင်းစွပ် ဘီလူးမင်းများ ကပြနေတဲ့ ဇာတ်ပွဲကို ကြည့်ရှုနိုင်အောင် သားကိုပို့ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
လောဘဇာတ်ကောင် ၊ ဒေါသဇာတ်ကောင် ၊ မောဟဇာတ်ကောင်တွေနဲ့ 
ရိုက်ကူးနေတဲ့ ဒါရိုက်တာမာနရဲ့ ရုပ်ရှင်ရိုက်ကွင်းဆီ 
သားကို လေ့လာရေးခရီးထွက်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ မတရားသက်သေနောက်လိုက်တွေနဲ့ ပူးပေါင်းလိမ်ညာပြီး 
အားအင်ချည့်နဲ့တဲ့လူသားတွေကို အနိုင်ကျင့်အနိုင်ယူနိုင်ရန် 
လမ်းခင်းပေးနေတဲ့ တရားရုံးဘက်တော်သားများကို 
သိခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ "ထိတွေ့မှုတိုင်းတွင် သဲလွန်စများကျန်ရစ်နေမြဲ၊ ပြစ်မှုတိုင်းတွင် 
သဲလွန်စများကျန်ရစ်နေမြဲ" ဟူသော အိုင်အိုမှုခင်းစစ်တွေရဲ့ လက်ကိုင်ဆောင်ပုဒ်ကို မှတ်သားခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ အမွေ စံထိုက်သူတစ်ယောက် ဖြစ်ပါလျှက်နှင့် မိမိ မစံစားရဘဲ 
အခြားသူတစ်ယောက် စံစားသွားရတာကို မြင်ပြီး 
"စံခွင့်ရှိပေမဲ့ မစံလိုက်ရသူ" ဟု ကောက်ချက်ချခွင့် ပေးတဲ့အတွက် 
ကျေးဇူးတင်ပါတယ် မေမေရဲ့။
MYARF
RB News
3.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇားတံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် ၈ သိန်း ညှစ်ယူခဲ့ပြီး၊ လောင်းဒုံး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကလည်း ဒေသခံ နှစ်ဦးထံမှ ငွေညှစ်သည့် အပြင် မတရားသဖြင့် ပြုလုပ်မှုကြောင့် ကိုးတန်း ကျောင်းသား တစ်ဦး အတန်းတင် စာမေးပွဲ မဖြေရသည့် အပြင် ယခုအချိန်ထိ မောင်တော ရဲစခန်းတွင် ချုပ်နှောင် ခံထားရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်၊ ရွှေဇား တံတား ကင်းစခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ အချို့သည် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ည ၈း၄၅ နာရီ အချိန်တွင် ရွှေဇား ကျေးရွာ အုပ်စု၊ အနောက်ရွာ၌ ကင်းလှည့်နေစဉ် ၎င်းကျေးရွာအုပ်စု မြောက်ရွာနေ ဦးဟာဆောင်း (ဘ) ဦးရာဟာမောတ် သည် အနောက်ရွာမှ ဆိုင်ကယ် စီးသွားနေစဉ် နယ်ခြားစောင့် ရဲများက ရပ်တန့်စစ်ဆေး ခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းကို အကြောင်းမဲ့ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး၊ ဆိုင်ကယ်တွင် WY စာတမ်းပါ မူးယစ်ဆေးပြား ၃ ပြား တွေ့ရှိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ကာ ငွေကျပ် သိန်း ၃၀ တောင်းခံခဲ့သည်။ ဦးဟာဆောင်းက အပြစ်မဲ့ တစ်ဦး ဖြစ်၍ နယ်ခြားစောင့် ရဲများ ညှစ်သည့်ငွေကို ပေးရန် ငြင်းဆန်သဖြင့် တစ်ညလုံး လူမဆန်စွာ ရိုက်နှက်ခံခဲ့ရသည်။ ဦးဟာဆောင်းက ၎င်းအား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်သည့် ဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် ငွေကျပ် ၈ သိန်း ပေးမှသာ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
မောင်တော မြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာအုပ်စု ဖောကီတောင်ရွာမှ ရပ်မိရပ်ဖ ခေါင်းဆောင် ဦးရှုနာယား (ခ) ဦးရွှေမောင် (မာရမကြီး လူမျိုး) က ၎င်းရွာနေ ကိုးတန်းကျောင်းသား အာဘူကာလာမ် (ဘ) ဦးလာလူး (ခ) ဦးရှောမ်ရှုလောက် (အသက် ၁၇ နှစ်) အပါအ၀င် ဒေသခံ (၃) ဦးကို တစ်ဖက်နိုင်ငံမှ ဆိုလာပြားများ တရားမ၀င် တင်သွင်း ရောင်းချခဲ့သည်ဟု လုပ်ကြံစွပ်စွဲ၍ ခြိမ်းခြောက်ပြီး ငွေကျပ် တစ်သိန်း တောင်းရာ၊ ဒေသခံ နှစ်ဦးက ငွေကျပ် ၅၀၀၀၀/- စီ ပေးခဲ့သော်လည်း ကိုးတန်း ကျောင်းသား ဖြစ်သူ အာဘူကာလာမ်က ငွေပေးရန် ငြင်းဆန်ခဲ့သည်။ ငွေမပေးသည်ကို ဦးရှုနာယားက အငြိုးထား၍ ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် ဆွဲ၊တင်၊စစ် အဖွဲ့ လာသည့် အခါ အာဘူကာလာမ်၏ မိသားစု ရောက်ရှိလာရာတွင် ဦးရှုနာယားက နယ်ခြားစောင့်ရဲများအား အာဘူကာလာမ်အား ဖမ်းဆီးစေခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက အာဘူကာလာမ်ကို ငါးခူရရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ ခေါ်ဆောင် သွားပြီး တစ်ပတ်ကြာ ထိန်းသိမ်း ထားပြီးနောက် မောင်တော ရဲစခန်းသို့ ပို့ဆောင် ခဲ့သည်။ ၎င်းအား ယခုထက်ထိတိုင် မောင်တော ရဲစခန်းတွင် ချုပ်နှောင် ထားပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် စတင် စစ်ဆေးခဲ့သည့် အတန်းတင် စာမေးပွဲတွင် ၀င်ရောက် ဖြေဆိုနိုင်ခြင်း မရှိခဲ့၍ ဦးရှုနာယား၏ မတရားသဖြင့် အာဏာအလွဲသုံးစား ပြုလုပ်မှုကြောင့် ပညာသင်နှစ် တစ်နှစ် နစ်နာခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
RB News
3.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာမှ ကျေးရွာ အာဏာပိုင်များက ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဒေသခံများထံမှ ငွေကျပ် သိန်း ၅၀ ကျော် ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တစ်ခုလုံးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ ဆွဲ၊တင်၊စစ် စစ်ဆေးမည်ဟု ကြေညာပြီးနောက် ၎င်းတို့၏ အကြီးအကဲများက ကျေးရွာ အသီးသီးမှ ရပ်ရွာ လူကြီးများကို ခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ပြီး ရွာသားများထံမှ မည်သည့်စရိတ်မှ ကောက်ခံမည် မဟုတ်ကြောင်း ကတိပေးခဲ့သည်။ သို့သော်လည်း မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာတွင် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ (၂၅) ရက်နေ့ထိ မြင်းလွတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ မ.က.ဖ အဖွဲ့ လာရောက် စစ်ဆေးခဲ့ရာတွင် ထမင်းနှင့် စားစရိတ်ဟု ဆိုကာ ဥဒေါင်း ကျေးရွာရှိ စုစုပေါင်း အိမ်ထောင်စု ၁၁၆၄ မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်ထောင်စီ - စုစုပေါင်း ငွေကျပ် တစ်ဆယ့် တစ်သိန်း ခြောက်သောင်း လေးထောင် (၁၁၆၄၀၀၀/-) ကောက်ခံသည့် အပြင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မြနှင့် ၎င်း၏ တပည့်များ ဖြစ်ကြသော ဦးဖော်ယာဇူလ္လာ (ဘ) ဦးဘော်ဆိရ်၊ ဦးကော်ရီမူလ္လာ (ဘ) ဦးဘော်ဒီရောန်၊ ဦးအဒူလ္လာ (ဘ) ဦးကာလာမျာ နှင့် ဦးအာဆော်ဒူလ္လာ (ဘ) ဦးအဒူလာဇီ တို့က မွေးဖွား၊ သေဆုံး တစ်ဦးလျှင် ၃၀၀၀/- ကျပ်၊ မလေးရှားနှင့် အခြား နိုင်ငံထွက်ခွာ သွားသူများကို စာရင်းမှ ပယ်ဖျက်ရန် မိသားစုများထံမှ တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်မှ ၅၀၀၀၀/- ကျပ်ထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်းတွင် ဥဒေါင်း ကျေးရွာ၌ မွေးဖွားနှင့် သေဆုံးသူ စုစုပေါင်း လေးရာ နီးပါးရှိပြီး၊ မလေးရှားနှင့် အခြားနိုင်ငံ ထွက်ခွာသွားသူပေါင်း သုံးရာခန့် ရှိသည်ဟု ဆိုသည်။
မလေးရှားနှင့် အခြား နိုင်ငံများသို့ ထွက်ခွာသွားသူ များ၏ မိသားစုများထံမှ ဦးမောင်မြနှင့် အပေါင်းအပါများက ယခင်ကလည်း တစ်ယောက်လျှင် ငွေကျပ် ၃၀၀၀၀/- မှ ၅၀၀၀၀/- ကျပ် အထိ ညှစ်ယူခဲ့ပြီး၊ ယခု တစ်ဖန် ထပ်မံ၍ ငွေညှစ်ခဲ့ကြောင်း သိရသည်။ ငွေညှစ်ခံရသူများမှာ ---
(၁) ဦးအဒူလာကိမ်း (ဘ) ဦးအာမီးရ်ဟူစိန်း အပါအ၀င် (၈) ဦး၊ ပါစ်ကိုရီရွာမှ ငွေကျပ် ၂၇၀၀၀၀/-
(၂) ဦးဆွေယောဒူလ္လာ (ဘ) ဦးအဘူဆော်ယောဒ် အပါအ၀င် (၁၂) ဦး၊ ကုန်တန်းရွာမှ ငွေကျပ် ၄၅၀၀၀၀/-
(၃) မော်လ၀ီ ဖယာဇူလ္လာ (ဘ) ဦးအော်လီအာမတ် အပါအ၀င် (၂၇) ဦး၊ အနောက်ရွာမှ ငွေကျပ် ၁၀၄၅၀၀၀/-
(၄) ဦးအူမော်ရ်ဟာကိမ်း (ဘ) ဦးနာဇီရာ အပါအ၀င် (၂၀) ဦး၊ ဇုံမာရွာမှ ငွေကျပ် ၇၃၀၀၀၀/-
(၅) ဦးရှုနာအလီ (ဘ) ဦးရိုရှောန် အပါအ၀င် (၁၈) ဦးမှ ငွေကျပ် ၅၇၀၀၀၀/-
(၆) ဦးအာလောမ် (ဘ) ဦးနူရ်အာမတ် အပါအ၀င် (၂၅) ဦးမှ ငွေကျပ် ၉၇၅၀၀၀/- -- စုစုပေါင်း ၄၀၄၀၀၀/- (ငွေကျပ် သိန်း လေးဆယ်နှင့် လေးသောင်း)
"ပုရွက်​ဆိတ်​များ၏ စည်းလုံးမှု"
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
3.3.2015
မိုးဦးရာသီ၊ မိုးသည်း​လေပြင်း 
ရေလျှံလွန်း​တော့၊ သူတို့အိမ်​ထိ 
ရေဖုံးလွှမ်းပြီး၊ ဖရိုဖရဲ 
သူတို့တစ်​​တွေ၊ ဒုက္ခ​ရောက်​​၏။
ခိုစရာအိမ်​၊ ပျက်​ဆီးသွားလို့ 
တကွဲတပြား၊ ဖြစ်​မည့်​အ​ရေး 
တွေ့ကြုံရ၍၊ ဟို​ပြေးဒီ​ပြေး 
သူတို့တစ်​​တွေ၊ သောက​ရောက်​​၏။
ပင်​လယ်​ပမာ၊ ရေပြင်​ကျယ်​မှာ 
အားကိုးစရာ၊ ဆံမျှင်​​တောင်​မှ 
သူတို့တစ်​​တွေ၊ မ​လျှော့အားမာန်​။
အေးတူပူမျှ၊ လက်များကိုတွဲ 
ဆွေး​ဆွေး​နွေး​နွေး၊ မကွဲပြားဘဲ 
သူတို့တစ်​​တွေ၊ ​ရင်​မှာပိုက်​ဇွဲ။
နေစရာအိမ်​၊ ပျက်​ဆီးသွား၍ 
ထို​ရေ​ပေါ်​နေ၊ ရှင်​သန်​နိုင်​ဖို့ 
သူတို့တစ်​​တွေ၊ ရုန်းကန်​တတ်​၏။
သေလည်းမပူ၊ ရှင်​လည်းအတူ 
စည်းစည်းလုံးလုံး၊ ​နေဖို့သာလို 
ခိုင်​မာဆုံးဖြတ်​၊ နှောင်​ထုံးဖွဲ့၍ 
သူတို့တစ်​​တွေ၊ အရှုံးမ​ပေး။
နီနီရဲရဲ၊ သတ္တဝါများ 
သေးငယ်​​သော်​လည်း၊ ဇွဲမ​လျှော့ပါ 
တစ်​စိတ်​​မွေးလို့၊ ညီညွှတ်​လို့သွား 
သူတို့ရင်​ဆိုင်​၊ အန္တရာယ်​များ။
စည်းလုံးအားနှင့်​၊ ​နောက်​ဆုံးတစ်​​နေ့ 
ရှင်​သန်​နိုင်​ခွင့်​၊ ရလိုရငြား 
သူတို့တစ်​​တွေ၊ ​​တိုက်​ပွဲဝင်​၏။
MYARF
RB News
2.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲများက ဒေသခံများကို ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ အတင်း အဓမ္မ ဆွဲ၊တင်၊စစ် တွင် ပါဝင်ခိုင်းနေကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် အတင်း အဓမ္မ စစ်ဆေးနေသည့် ဆွဲ၊တင်၊စစ် တွင် ဒေသခံ ရိုဟင်ဂျာများ မပါဝင်လို၍ မ.က.ဖ အဖွဲ့မှ စစ်ဆေးရန် လာရောက်သည့်အခါ ရွာသားများ သွားရောက် စစ်ဆေးခံခြင်း မပြုဘဲ ရှောင်နေကြကြောင်း ဒေသခံများက ပြောပါသည်။ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှက ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် အတူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို အိမ်တိုင်ရာရောက် သွားရောက်စေ၍ ဒေသခံများကို အတင်းဆွဲခေါ်ကာ စစ်ဆေးခံစေခဲ့သည်။ ထိုကဲ့သို့ အတင်းအဓမ္မ ဆွဲခေါ်မှုကြောင့် အမျိုးသားများမှာ အိမ်တွင် မနေရဲကြတော့ဘဲ တိမ်းရှောင် နေရသည်။
ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ငရန့်ချောင်း ကျေးရွာအုပ်စု၊ ရပ်ကွက် (၁၅) မှ အမျိုးသမီး နှစ်ဦးသည် ငရုတ်သီးခင်း၌ ရေလောင်းနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်၍ ဆွဲ၊တင်၊စစ် တွင် မပါဝင်ဟုဆိုကာ အမျိုးသမီးများ ခြုံလေ့ရှိသည့် ဘုရ်ခါပင် ခြုံခွင့်မပေးဘဲ တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၉ စခန်း) သို့ခေါ်ဆောင် သွားပြီး ချုပ်နှောင်ထားသည်။
ယနေ့ မတ်လ (၂) ရက်နေ့ နံနက်ပိုင်းတွင် ငရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၁၅) ရှိ ဗလီ၌ ရွာသားများ ၀တ်ပြုနေစဉ် နယ်ခြားစောင့်ရဲ (၂၅) ဦးရောက်ရှိလာပြီး ဗလီကို ၀န်းရံကာ အငြိမ်းစား အထက်တန်း ကျောင်းအုပ်ကြီး ဦးလှအောင်နှင့် ဗလီရှေ့ဆောင် အပါအ၀င် ဒေသခံ (၁၀) ဦးကို ဖမ်းဆီး သွားပြီး၊ ကျောင်းအုပ်ဆရာကြီးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန် (၉) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း၌ ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ နယ်ခြားစောင့်ရဲများက ၎င်းတို့ကြောင့် ရွာသားများ ဆွဲ၊တင်၊စစ် တွင် မပါဝင်ခြင်း ဖြစ်သည်ဟု ဆိုကာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်ပင် တောင်ဘဇာ စခန်းမှ ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၆၀) ခန့်တို့သည် စက်လှေ နှစ်စီးဖြင့် သင်္ဂနက်ရွာသို့ သွားပြီး ရွာသားများကို အစည်းအဝေး ခေါ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ ညနေပိုင်းတွင် ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲ အချို့သည် ဆိုင်ကယ်များဖြင့် သင်္ဂနက် ခွဆုံသို့ သွားရောက်၍ ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့သော အမျိုးသမီး၊ လူကြီး၊ ကလေးများကို လမ်းတွင်ပင် ရိုက်နှက်ခဲ့သည်။ အမျိုးသမီး (၃) ဦးကိုလည်း ခြေထောက်ဖြင့် ကန်ကျောက်၍ လမ်းဘေး မြောင်းထဲသို့ ပစ်ချခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ သင်္ဂနက်မှ ငရန့်ချောင်း အထိ လမ်းတွင် တွေ့သည့် ဒေသခံများကို ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
ငရန့်ချောင်းတွင် ဆွဲ၊တင်၊စစ် စတင် စစ်ဆေးသည့် နေ့မှာပင် တပ်မတော် တပ်ရင်း (၅၅၂) မှ တပ်ရင်းမှူးက ရွာသားများက ၎င်းတို့၏ ဆန္ဒအတိုင်း လာရောက် စစ်ဆေးခံလျှင် စစ်ဆေးရန်နှင့် လာရောက် စစ်ဆေး မခံလိုသူများကို အတင်းအဓမ္မ မပြုလုပ်ရန် နယ်ခြားစောင့်ရဲများကို မှာကြားခဲ့သော်လည်း နယ်ခြားစောင့် ရဲများက တပ်ရင်းမှူး၏ အမှာစကားကို အလေးမထားဘဲ ယခုကဲ့သို့ အတင်းအဓမ္မ စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
Rohingya Eye & MYARF
RB News
1.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာ အုပ်စု၊ ဒုတန်းရွာတွင် ခြံဝင်း အတွင်း ထိုင်စကားပြောနေသည့် ဒေသခံ (၅) ဦးကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ ငွေကျပ် ၁၀ သိန်း ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာ အုပ်စု၊ ဒုတန်းရွာရှိ ဦးဖူရူခ် အာမတ် (ဘ) ဦးအာဘူလ် ဟူဆောင်း (အသက် ၄၉ နှစ်) ၏ ခြံဝင်းအတွင်းတွင် ဖေရုစ် (ဘ) ဦးအလီဇူဟာရ် (အသက် ၂၆ နှစ်)၊ မော်လ၀ီမိုဟာမတ် အာလာမ် (ဘ) မော်လ၀ီ မာမတ် အစ္စလာမ် (အသက် ၂၇ နှစ်)၊ နူရ်အာလာမ် (ဘ) ဦးနူရ်ဆလာမ် (အသက် ၂၈ နှစ်) နှင့် အာဇီဇူလ္လာ (ဘ) ဦးနူရ်ဇော်မာ (အသက် ၁၈ နှစ်) တို့ (၅) ၀ိုင်းဖွဲ့၍ ထိုင်စကားပြောနေစဉ် ရွာအတွင်း ကင်းလှည့်နေသည့် နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး အကြောင်းမဲ့ ဖမ်းဆီး၍ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။
နယ်ခြားစောင့် ရဲများက ၎င်းတို့ ငါးဦးကို ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပြောဆို စွပ်စွဲ၍ ငွေကျပ် ၂၅ သိန်း ညှစ်ရာ၊ ဖမ်းဆီးခံရသည့် အပြစ်မဲ့ ၅ ဦးက နယ်ခြားစောင့် ရဲများ တောင်းခံသည့် ငွေကို မတတ်နိုင်သောကြောင့် (၃) နာရီကြာ ချုပ်နှောင်ထားပြီး နောက်ဆုံးတွင် ငွေကျပ် ၁၀ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
“ပုဒ်မ ၁၄၄ အချိန်မှာ လမ်းမှာ ထိုင်စကားပြောလို့ ဖမ်းတာဆိုရင် တစ်မျိုးပါ၊ အိမ်ခြံဝင်း အတွင်းမှာ ထိုင်စကားပြော နေတာကို ဖမ်းပြီး ငွေညှစ်တာကတော့ မတရားလုပ်တာပါ” ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။
ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ပဒင်း ကျေးရွာ အုပ်စု၊ ရေပုံးပြင်ရွာ၊ မူလတန်းကျောင်းတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲများသည် ကျောင်းနှင့် မနီးမဝေးတွင် ရှိသော ဆိုင်သို့ သွားရောက်၍ ဈေးဝယ်နေသည့် ဟာဖီးဇ် အီဒီရိစ် (ဘ) ဦးမာမတ်ဇော်လိလ် (အသက် ၂၀ နှစ်)၊ မော်လ၀ီ အာဇီဇူမာန် (ဘ) ဦးအာမီးရ်ဟမ်းဇာ (အသက် ၂၂ နှစ်) နှင့် ဦးဘာဆာမျာ (အသက် ၅၀ နှစ်) တို့ကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်သည့် အပြင် ဆိုင်ရှင် ဖြစ်သူ ဦးဟူစိန်းအာမတ် (ဘ) ဦးအိုလာမျာကိုလည်း ပါးရိုက်ခဲ့သည်။ ထို့နောက် အဆိုပါ နယ်ခြားစောင့် ရဲများသည် လမ်းတွင် တွေ့သမျှ ဒေသခံများကို အော်ဟစ်ဆဲဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် အရက်သေစာ သောက်စား၍ မူးယစ်ပြီး ရွာသားများကို မကြာခဏ အကြောင်းမဲ့ ရိုက်နှက်လေ့ ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
1.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် ပြုလုပ်ခဲ့ပြီး၊ ဒေသခံ အများအပြား ငွေညှစ်ခံရသည့် အပြင်၊ ဒေသခံ ၇၀ ကျော် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက် ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံး ကျေးရွာ အုပ်စုတွင် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ (၂၈) ရက်နေ့ထိ ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့သည်။ ဆွဲ၊တင်၊စစ် တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော်၊ ရုံးစာရေး ဦးကျော်ဝင်း၊ ရပ်မိရပ်ဖ ဦးလှမိုး (န.တ.လ ရွာသား)၊ ဥက္ကဌဟောင်း ဦးမောင်မောင် (ခ) ဦးသိန်းညွန့် တို့နှင့် မ.က.ဖ တို့ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ မတရား ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ မိသားစုများကို အိမ်ထောင်စု စာရင်းများမှ ပယ်ဖျယ်လိုက်ခြင်း စသည်တို့ ပြုလုပ်ခဲ့သည်။
ကလေး မွေးတိုး တစ်နှစ်အောက် ၂၀၀၀ ကျပ်၊ တစ်နှစ်ကျော်လျှင် သုံးသောင်းမှ လေးသောင်းကျပ်၊ သေဆုံး ပယ်ဖျက် ၂၀၀၀ ကျပ်၊ ပြည်ပထွက် ပယ်ဖျက် ၄၀၀၀ ကျပ်၊ အိမ်ထောင်စု တစ်ခုမှ အခြား တစ်ခုသို့ ပြောင်းရွှေ့လျှင် ၁၀၀၀၀ ကျပ်၊ မ.က.ဖ စားသုံးစရိတ် ၁၀၀၀ ကျပ် ဟူ၍ ကောက်ခံခဲ့သည်။ လောင်းဒုံး ကျေးရွာ အုပ်စု မျှာဇင်ရွာနေ ဦးဘာဆာမျာ (ဘ) ဦးမာမတ်ဟူစိန်း အပါအ၀င် ဒေသခံ (၇၀) ကျော်ကို ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းတွင် ရခိုင်အိမ်များ မီးရှို့၍ ထွက်ပြေးခဲ့သည်ဟု မတရား လုပ်ကြံ ဖန်တီး၍ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက် ခဲ့သည်။ အချို့ မိသားစုများမှ ငွေကျပ် တစ်သိန်းစီ တောင်းခံရာ၊ ၎င်းမိသားစုများက ငွေမပေးနိုင်သဖြင့် ဆွဲ၊တင်၊စစ် မပါဝင် စေခဲ့ကြောင်း သိရသည်။ အဆိုပါ မိသားစုများမှာ --
(၁) ဦးမာမတ်အာရှိမ် (ဘ) ဦးမာမတ်ဆိဒိခ် (အသက် ၆၀ နှစ်) စေတီပြင်ရွာ
(၂) ဦးဟာရုန်း (ဘ) ဦးအဒူဇော်လိလ် (အသက် ၆၅ နှစ်) စေတီပြင်ရွာ
(၃) ဦးဇာဖောရ်အာလာမ် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၅၅ နှစ်) စေတီပြင်ရွာ
(၄) ဦးရာမတ်အလီ (ဘ) ဦးမောင်တုလ်ဟူစိန်း (အသက် ၄၅ နှစ်) စေတီပြင်ရွာ
(၅) ဦးမာမတ်ရော်ဖိခ် (ဘ) ဦးအဒူရာမန် (အသက် ၃၅ နှစ်) ဆင်သေပြင်ရွာ
(၆) ဦးအဒူရော်ကိမ်း (ဘ) ဦးဟူစိန်းအာမတ် (အသက် ၄၅ နှစ်) ဆင်သေပြင်ရွာ
(၇) ဦးဘော်ရှော်ရ် (ဘ) ဦးဟူစိန်းအာမတ် (အသက် ၃၆ နှစ်) ဆင်သေပြင်ရွာ
(၈) ဦးအာဘူဂျော်မိလ် (ဘ) ဦးဇော်လာအာမတ် (အသက် ၄၇ နှစ်) ဆင်သေပြင်ရွာ
(၉) ဦးမုစ်တာဖာကာမာလ် (ဘ) ဦးဇော်လာအာမတ် (အသက် ၃၅ နှစ်) ဆင်သေပြင်ရွာ
(၁၀) ဦးရှော်ဖီအုလ္လာ (ဘ) ဦးအဒူရှကူရ် (အသက် ၄၅ နှစ်) ဆင်သေပြင်ရွာ
(၁၁) ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးနူရူဟောက် (အသက် ၄၄ နှစ်) ဆင်သေပြင်ရွာ
(၁၂) ဦးအလီဇူဟာရ် (ဘ) ဦးဆော်ယီဒူလ္လာ (အသက် ၃၂ နှစ်) ဆင်သေပြင်ရွာ
(၁၃) ဦးအာရောဖ်အုလ္လာ (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၅ နှစ်) ဆင်သေပြင်ရွာ
(၁၄) ဦးဒိလ်မာမတ် (ဘ) ဦးရှိကန်ဒေါရ် (အသက် ၅၅ နှစ်) ဆင်သေပြင်ရွာ
(၁၅) ဦးလာလူး (ဘ) ဦးအာဘူကာဆိမ်း (အသက် ၂၈ နှစ်) ဆင်သေပြင်ရွာ
(၁၆) ဦးဆော်ယီဒူလ် အစ္စလာမ် (ဘ) ဦးဇာဟိတ်ဟူစိန်း (အသက် ၃၃ နှစ်) စေတီပြင်ရွာ -- တို့ဖြစ်သည်။
လောင်းဒုံး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော်နှင့် အဖွဲ့သည် လောင်းဒုံး ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် စည်သူအောင်နှင့် ပူးပေါင်း၍ ဒေသခံများ၏ နေအိမ်များ ထဲသို့ ၀င်ရောက် စစ်ဆေးခြင်း၊ မိသားစုများအား ရိုက်နှက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း စသည်တို့ကို အမြဲတစေ ပြုလုပ်လျက် ရှိသည်။ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက် ၁း၃၀ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဒုရဲအုပ်စည်သူအောင်နှင့် အတူ စေတီပြင် ကျေးရွာမှ ဦးမာမတ်အာရှိမ်၏ နေအိမ်ထဲသို့ ၀င်ရောက်ပြီး ရှာဖွေခဲ့သည်။ ၎င်းတို့ကို ဦးမာမတ်အာရှိမ်ကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ ထို့နောက် တစ်ဆက်တည်းမှာပင် ဦးဟာရုန်း (ဘ) ဦးအဒူဇော်လိလ် (အသက် ၆၅ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ ၎င်းအား ဖမ်းဆီးပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားကာ ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ညလုံးပေါက် လူမဆန်စွာ ရိုက်နှက်ကာ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် ၃ သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ည ၇ နာရီ အချိန်တွင် အဆိုပါ ဒုရဲအုပ်နှင့် အုပ်ချုပ်ရေး အဖွဲ့တို့သည် စေတီပြင်ရွာမှ ဦးရာမတ်အလီ (ဘ) ဦးမောင်တုလ်ဟူစိန်း (အသက် ၄၅ နှစ်) ကို လမ်းမှ ဖမ်းဆီးပြီး တစ်ညလုံး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ကာ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ငွေကျပ် ၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး အပတ်တွင်လည်း ဆင်သေပြင်ရွာမှ ဦးရှော်ဖီအုလ္လာ (ဘ) ဦးအဒူရှကူရ် (အသက် ၄၅ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ် နှစ်သိန်း သုံးသောင်း ညှစ်ယူခဲ့သည်။
အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ၎င်းတို့ ဖမ်းဆီး၍ ငွေညှစ်ချင်သည့်သူ များကို ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု ခေါင်းစဉ်တပ်၍ ငွေညှစ်လေ့ ရှိပြီး၊ ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်း နောက်ပိုင်းတွင်လည်း အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ တို့၏ လုပ်ကြံ ဖန်တီးမှုကြောင့် လောင်းဒုံး ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၁၂) ဦးကို ရခိုင်အိမ်များ မီးရှို့သည်ဟု ဆိုကာ ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့သည်။ ထို့အပြင် စေတီပြင်ရွာမှ အလီဇူဟာရ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၄ နှစ်) သည်လည်း လက်နက်ကိုင် အာဏာပိုင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။
MYARF
RB News
1.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးမှ နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစားမှုနှင့် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးက ဒေသခံများထံမှ ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဘူးသီးတောင် မြို့နယ် တောင်ပိုင်းသို့ သွားသောလမ်း (အငူမော်လမ်း) ပြုပြင် ဆောက်လုပ်ရန် GE တပ်မှ ကန်ထရိုက် ရယူပြီး၊ ဒေသခံ ရခိုင်များကို တဆင့် လက်လွှဲ ပေးအပ်ခဲ့သည်။ ကန်ထရိုက် စာချုပ်တွင် လမ်းအကျပ် ၁၅ ပေ၊ ကျောက်ခင်း အမြင့် တစ်ပေ ရှိသော်လည်း ယခုအခါ လက်လွှဲ ကန်ထရိုက် ရယူထားသူ များက လမ်းအကျယ် ၁၀ ပေနှင့် ကျောက် ၇ လက်မခန့်သာ ခင်း၍ ဆောက်လုပ်လျက် ရှိသည်။ ခင်းထားသည့် ကျောက်များမှာလည်း ကျောက်မာ မဟုတ်ဘဲ ကျောက်နု ကျောက်ပျော့များသာ ဖြစ်ကြောင်း သိရသည်။ ယခုအခါ လမ်းတစ်ဝက်ကျော် ဆောက်လုပ်ပြီးသော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက လာရောက် စစ်ဆေး၍ နဂို ကန်ထရိုက် စာချုပ်အတိုင်း ဆောက်လုပ်ရန် ညွန်ကြားခြင်း မပြုပဲ ရှိနေခြင်းမှာ လက်လွှဲ ကန်ထရိုက် ရယူများနှင့် ပူးပေါင်း၍ နိုင်ငံတော် ဘဏ္ဍာငွေများကို အလွဲသုံးစား ပြုနေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။
ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာမှ(၁) ဦးမာမတ်နူရ် (ဘ) ဦးအော်လီဟူစိန်း (အသက် ၂၈ နှစ်)၊ ဦးရှော်ဘူ (ဘ) ဦးဇော်လာလ်အာမတ် (အသက် ၅၅ နှစ်)၊ ဦးဂူလာမ်ရှောရိဖ် (ဘ) ဦးအူလာမျာ (အသက် ၅၃ နှစ်)၊ ဦးမာမတ်ယူနုစ် (ဘ) ဦးဖော်ဇော်လ် (အသက် ၃၅ နှစ်) နှင့် ဦးဇော်ကော်ရီယာ (ဘ) ဦဖော်ဇော်လ် (အသက် ၃၀ နှစ်) တို့သည် ဘူးသီတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ထံမှ ခွင့်ပြုချက် ရယူပြီး နေအိမ် ပြုပြင်ရန် အတွက် တောင်မှ သစ်ဖြူများ ခုတ်လျက် ရှိသည်။ မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ခွင့်ပြုချက် ရယူထားသော်လည်း ၎င်းရွာတွင် ယာယီ စခန်းချထားသည့် တပ်မတော်မှ ဗိုလ်ကြီး တစ်ဦးကို သစ်ခုတ်သူများကို ခေါ်ယူ၍ ၎င်းအား ငွေပေးရမည်ဟု ဆိုကာ ဦးဇော်ကော်ရီယာ ထံမှ ငွေကျပ် တစ်သောင်းနှင့် ကျန်လေးဦးထံမှ ငွေကျပ် နှစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
အဆိုပါ ဗိုလ်ကြီးသည် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် တပ်မတော်သား အချို့နှင့် အတူ ၎င်းရွာမှ ဒေါ်မာဘီယာခါတူ (ဘ) ဦးတာန်ဒါမျာ (အသက် ၅၀ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဘင်္ဂလားဖုန်း ရှိသည်ဟု ဆိုကာ နေအိမ် တစ်အိမ်လုံးကို ရှာဖွေ စစ်ဆေးခဲ့သည်။ ဘင်္ဂလားဖုန်း မတွေ့ရှိခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသုံး ဖုန်းတစ်လုံး တွေ့ရှိခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဖုန်း ၀ှက်ထားသည်ဟု စွပ်စွဲ၍ ဒေါ်မာဘီယာခါတူကို လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားပြီး စစ်တပ် စခန်းတွင် ငါးနာရီကြာ ထိန်းသိမ်း ထားပြီး ငွေကျပ် တစ်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် မြို့မဈေးရှေ့တွင် ဗမာလူမျိုး တစ်ဦး မောင်းနှင်လာသည့် GE ဆောက်လုပ်ရေးတပ်မှ Lifan ကားတစ်စီးသည် ရိုဟင်ဂျာ လူမျိုး တစ်ဦး စီးနှင်လာသည့် ဆိုင်ကယ် တစ်စီးကို တိုက်မိခဲ့ရာ ဆိုင်ကယ် တစ်စီးလုံး လုံးဝ ပျက်စီး သွားသည့်အပြင် ဆိုင်ကယ် စီးသူလည်း ခြေထောက် ဒဏ်ရာ ရခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုသည် ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်မြတ်ထွေး၏ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့သော်လည်း ရဲအုပ်မြတ်ထွေးက ကားမောင်းသူကို မည်သို့မျှ မပြောဘဲ လွှတ်ပေးခဲ့သည်။ သို့သော်လည်း ဆိုင်ကယ် မောင်းသူနှင့် ဆိုင်ကယ်ကို ဆိုက္ကားပေါ်တင်၍ ခေါ်ဆောင် သွားခဲ့ပြီး၊ မည်သည့်နေရာသို့ ခေါ်ဆောင် သွားသည်ကို မသိရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
MYARF
RB News
1.3.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက ငါးဖမ်းသမား များကို ငါးဖမ်းရန် ခွင့်ပြုချက် ရယူရမည်ဟု အမိန့် ထုတ်ပြန်ပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး များက ထောက်ခံစာ အတွက်ဟု ဆိုကာ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက ၎င်းစခန်းပိုင် ကျေးရွာများ ဖြစ်သည့် လိပ်ရ၊ ရေတွင်းပြင်၊ ဇီးပင်ချောင်း၊ ကျောက်ချောင်း၊ ကျွန်းပေါက်ပြုစုရှိ ငါးဖမ်းသမား များနှင့် ပုဇွန်ကန် ပိုင်ရှင်များကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ တဆင့် အစည်းအဝေး ခေါ်၍ ငါးဖမ်းလိုလျှင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် စာအုပ် ရယူရန် မှားကြားခဲ့သည်။ အကယ်၍ ခွင့်ပြုချက် စာအုပ် မရှိဘဲ ချောင်းနှင့် ပုဇွန်ကန် များတွင် တွေ့လျှင် အရေးယူခြင်း ခံရမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ငါးဖမ်းရန် ခွင့်ပြုချက် စာအုပ်များ ရယူလိုသူများက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ ထောက်ခံချက် ရယူ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် ရဲမှူးက မှာကြားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး များက ထောက်ခံချက် ပေးရန် အတွက် ငွေညှစ်လျက် ရှိရာ လိပ်ရ ကျေးရွာ အုပ်ချုပ်ရေးမှူးက ထောက်ခံစာ တစ်စောင် အတွက် ငွေကျပ် ၁၀၀၀/-၊ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၁၀၀၀/-၊ ဇီးပင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၂၀၀၀/-၊ ကျောက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၅၀၀၀/-၊ ကျွန်းပေါက် ပြုစု ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၁၀၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ငါးဖမ်းရန် ခွင့်ပြုချက် ရယူသည့် ငါးဖမ်းသမား များထံမှ ငွေကျပ် ၁၀၀၀/- စီယူ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ဓါတ်ပုံ ရိုက်ပေးခဲ့သည်။ ငါးဖမ်းသမားများ ချောင်းသို့ သွားရောက်၍ ငါးဖမ်း လိုလျှင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ထုတ်ပေးသည့် စာအုပ်ကို ကိုင်၍ ရှေးဦးစွာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ သတင်းပို့ရပြီး၊ သတင်းပို့ရာတွင်လည်း ငွေကျပ် ၅၀၀ မှ ၁၀၀၀/- ထိ ပေးရကြောင်း ဒေသခံများက ပြောပါသည်။
အင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
1.3.2015
ဗြိတိန်နိုင်ငံ အနေနဲ့ နယ်စပ် ဒုက္ခသည်တွေ အတွက် အထောက်အပံ့ တွေကို ဆက်လက် ကူညီ သွားမယ်လို့ ယုံကြည်ကြောင်း ကရင်နီ ဒုက္ခသည် ကော်မတီက ပြောပါတယ်။ ကရင်နီ ဒုက္ခသည် ကော်မတီက ကိုယ်စားလှယ်တွေ အပါအဝင် မြန်မာ့ ဒုက္ခသည် အရေး ဆောင်ရွက်နေတဲ့ အဖွဲ့ဟာ ဗြိတိန် လွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ ဒုက္ခသည် အရေးကြားနာပွဲကို တက်ရောက် ခဲ့ကြတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။
ဗြိတိန် လွှတ်တော်မှာ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့က မြန်မာ ဒုက္ခသည် အရေး ကြားနာပွဲကို မြန်မာ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့အဖွဲ့ တက်ရောက်ပြီး နယ်စပ် ဒုက္ခသည်တွေနဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေး ပုန်းအောင်းနေသူတွေရဲ့အရေးနဲ့ပတ်သက်လို့ တင်ပြခဲ့ကြတာပါ။ သမ္မတဦးသိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲရေးကြိုးပမ်းနေတယ်ဆိုပေမယ့် ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်တွေရဲ့အခြေအနေဟာ စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ ဗြိတိန်လွှတ်တော်ကြားနားပွဲမှာ ကိုယ်တိုင်ထွက်ဆိုခဲ့တဲ့ ကရင်နီဒုက္ခသည်ကော်မတီအတွင်းရေးမှူး Luiz Kaypoe (လူးဝီစ်ကေပို) က ပြောပါတယ်။
“အလှူရှင်တွေက လျှော့ချတဲ့အပေါ်မှာ အထောက်အပံ့တွေကလည်း လုံလောက်မှုမရှိတော့ဘူး။ နောက်ပြီးတော့ အခုမှာကျတော့ မြန်မာ နိုင်ငံမှာ ပြောင်းလဲတဲ့အခြေအနေပေါ်မူတည်ပြီးတော့ - နေရာကိုပြန်ရမှာပေါ့နော်၊ ပြည်တွင်းထဲကိုပြန်ရမယ်လို့ သူတို့ကြားတဲ့အခါမှာ သူတို့စိတ်ထဲမှာ ကြောင့်ကြမှုတွေဖြစ်ပေါ်လာတယ်၊ စိုးရိမ်မှုတွေဖြစ်ပေါ်လာတဲ့အခြေအနေမှာ ရှိတယ်။ နောက်ပြီးတော့ သူတို့ကြည့်လို့ရှိရင် ပြည်တွင်းမှာက ပြန်နိုင်တဲ့အနေအထားမျိုးလည်း ဘာမှ ကျနော်တို့မတွေ့ရသေးဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုရင်တော့ အစိုးရဘက်က နေပြီးတော့မှ …ထုတ်ပေးတာတွေ မရှိသေးဘူး၊ နောက်ပြီးတော့မှ လယ်မြေတွေလည်း သူတို့သိမ်းထားတဲ့ဟာတွေလည်း ရှိနေသေးတယ်။ အဲဒီအပေါ်မှာ သူတို့ပြန်သွားလို့ရှိရင် ဘယ်မှာနေမှာလဲဆိုတာ ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုရှိပါတယ်ခင်ဗျ။”
ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင် ဒေသဘက်က ကရင်နီဒုက္ခသည်စခန်းနှစ်ခုမှာဆိုရင် ဒုက္ခသည်ဦးရေ သောင်းနဲ့ချီ ရှိနေတာပါ။ ဗြိတိန်နိုင်ငံ အနေနဲ့ ဒီဒုက္ခသည်တွေအတွက် အထောက်အပံအကူအညီတွေကိုဆက်လက်ပေးသွားလိမ့်မယ်လို့ သူ့အနေနဲ့ယုံကြည်ကြောင်း လူးဝီစ်ကေပိုက ဆိုပါတယ်။
“သူတို့နဲ့တွေ့တဲ့အခါမှာ သူတို့ရဲ့အထောက်အပံ့တွေကို ဒုက္ခသည်တွေ အိမ်ပြန်မရောက်မချင်း ဒုက္ခသည်တွေကို သူတို့ ဆက်လက် ကူညီနိုင် တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဘာလဲဆိုရင် သူတို့ပြောတာက ဒုက္ခသည်တွေရဲ့အခြေအနေကို ပြောပြပြီးတဲ့နောက်ပိုင်းမှာ သူတို့ လည်း သူတို့ရဲ့အထောက်အပံ့တွေကို ဒိထက်ပိုပြီးတော့ မလျှော့ချဖို့ပေါ့နော်၊ သူတို့ ကူညီနေတဲ့အနေအထားမှာပဲ သူတို့ ဆက်လက်ရပ်တည်ပြီး တော့မှ ဒုက္ခသည်တွေကို ဆက်လက်ကူညီသွားမယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရတယ်။”
လက်ရှိမြန်မာနယ်စပ်တလျှောက်ကြည့်မယ်ဆိုရင် ကချင်၊ ရှမ်း ပြည်နယ်ဘက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာပါ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ နယ်မြေရှင်းလင်းရေးဆိုပြီး မြန်မာတပ်မတော်က ထိုးစစ်ဆင်နွှဲနေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြတာပါ။ အခုလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အလားအလာနည်းနေတဲ့အချိန် ထိုင်း မြန်မာနယ်စပ်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအလားအလာဟာလည်း မရေရာ မသေချာဖြစ်နေတယ်လို့ လူးဝီစ်ကေပိုက ပြောပါတယ်။
“ထိုင်းအစိုးရဘက်ကနေပြီးတော့ သူတို့ ….တာရှိတယ်။ ဒုက္ခသည်တွေ နှစ်နှစ်အတွင်း ပြန်နိုင်မယ့်အနေအထားကို စီစဉ်မယ်လို့ ပြောပါတယ်။ ဆိုတော့ သူတို့ပြောတဲ့နှစ်နှစ်အတွင်းက အခုကစပြီးတော့ ဒုက္ခသည်တွေကို ပြန်ပို့မှာလား၊ သို့မဟုတ်လို့ရှိရင် မြန်မာနိုင်ငံမှာ အခြေအနေ ပြောင်းလဲသွားတဲ့တနေ့ကို အဲဒီရက်ကနေစပြီးတော့ နှစ်နှစ်ကိုပြောသလားဆိုတာ အဲဒီရက်ကို အတိအကျ ပြောလို့လည်း မရသေးဘူး ပေါ့နော်၊ ဆိုတော့ ကျနော်တို့ခန့်မှန်းရတာတော့ ဒုက္ခသည်တွေပြန်နိုင်ဖို့ အချိန်က မြန်မာနိုင်ငံမှာ Nationwide cease fire ဖြစ်ပြီးတော့မှပဲ နိုင်ငံရေး ဒိုင်ယာလော့ဂ်ပေါ့နော်။ Political Dialogue ကိုရောက်တဲ့အဆင့်အထိ ရောက်မှသာလျှင် ဒီဒုက္ခသည်တွေ ပြန်နိုင်မယ်ဆိုတဲ့ အနေအထားမျိုး ရှိပါတယ်။ ဆိုတော့ Political Dialogue က ဘယ်တော့ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ ပြောလို့မရသေးဘူးပေါ့နော်၊ ဆိုတော့ ဒုက္ခသည်တွေပြန်နိုင်မယ့်အနေအထားက တော်တော်လေး အချိန်အတိုင်းအတာတခုအထိ ကျနော်တို့ စောင့်ရအုံးမယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်ခင်ဗျ။”
ဗြိတိန်လွှတ်တော် ကြားနားဖြစ်မြောက်ဖို့ All-Party Parliamentary Group for Democracy in Burma မြန်မာ့ဒီမိုကရေစီအတွက် ဖွဲ့စည်းထားတဲ့ ဗြိတိန်ပါတီပေါင်းစုံက လွှတ်တော်အမတ်အဖွဲ့ကနေ ဦးဆောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒီကြားနားပွဲကိုတက်ရောက်ခဲ့တဲ့ မြန်မာဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့မှာ ကရင်နီဒုက္ခသည်ကော်မတီက လူးဝီစ်ကေပိုအပါအဝင် TBC ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Sally Thompson၊ KWO ၊ ကရင်အမျိုးအဖွဲ့အစည်းက နော်တယ်မလာစောတို့ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်း မြန်မာ ဒုက္ခသည် စခန်းတွေမှာ လက်ရှိ ဒုက္ခသည်ဦးရေ တစ်သိန်းကျော် ရှိနေပြီး ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဦးရေ တစ်သိန်းနှစ်သောင်း လောက် ရှိပါတယ်။
MYARF
RB News
27.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်စုနှင့် ဘုရားပြင် အောင်ပ ကျေးရွာ များတွင် ဆွဲ၊တင်၊စစ် နှင့် အခြားခေါင်းစဉ်များ တပ်ကာ ဒေသခံများ ငွေညှစ်ခံရကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စ၍ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် စတင် စစ်ဆေးခဲ့သည်။ မွေးတိုး ၂၀၀၀ ကျပ်၊ ပယ်ဖျယ် ၂၀၀၀ ကျပ်၊ ဓါတ်ပုံရိုက်ခ ၅၀၀ ကျပ်၊ မ.က.ဖ အတွက် စားစရိတ် ၁၀၀၀ ကျပ် ကျစီ ကောက်ခံခဲ့သည်။ ငွေကို မ.က.ဖ များက မကောက်ခံဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ ကို ကောက်ခံစေခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက မ.က.ဖ နှင့် နယ်ခြားစောင့် ရဲများကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့ထိ ကြက်သားဟင်းနှင့် ထမင်း ကျွေးခဲ့သည်။ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ကြက်မရခဲ့၍ ငါးဟင်းဖြင့် ထမင်းကျွေးခဲ့သည်။ သို့ဖြစ်၍ မ.က.ဖ က အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာကို ငါးဟင်းဖြင့် ထမင်းကျွေးသည့် အတွက်ဟုဆိုကာ ဆဲဆို၍ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် စစ်ဆေးရန် လာရောက်မည် မဟုတ်ဟု ပြောဆို၍ ထွက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဘုရားပြင် အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ က ၎င်း၏ တပည့် ဦးမူဟိဖ်ဘူလ္လာ (ဘ) ဦးဆော်ယာဒ်ကာဆိမ်းကို ၎င်းကျေးရွာနေ ဦးမာမတ်ကာဆိမ်း (ဘ) ဦးဂေါ်နီမျာ (အသက် ၅၀ နှစ်) ထံစေလွှတ်၍ ၎င်းအတွက် ဖုံညိုလိပ် ကျေးရွာသား တစ်ဦးက တိုင်တန်းခဲ့သည်ဟု ဆို၍ ခြိမ်းခြောက်ကာ ငွေကျပ် ၅ သောင်း ညှစ်ယူစေခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးမာမတ်ကာဆိမ်းက ၎င်း၏ သားဖြစ်သူ အတွက် ဖုံညိုလိပ် ကျေးရွာမှ မိန်းကလေး တစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းရန် ပြောဆိုပြီးနောက် ဖျက်ခဲ့သည်ကို အကြောင်း ပြု၍ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက လိမ်လည်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
MYARF
RB News
27.2.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက် ရှိပြီး ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၉) မှ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ဆွဲ၊တင်၊စစ် အစစ်မခံ၍ ဖမ်းဆီးခံရသည့် အမျိုးသမီး (၄) ဦးကို ယင်းနေ့ ည ၁၀ နာရီ အချိန်တွင် အိမ်ထောင်ဦးစီး များမှ ခံဝန်ချက် ပေးရသည့် အပြင် အိမ်ထောင်စု စာရင်းများပါ အပ်မှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ (သတင်း အပြည့်အစုံ -- http://bit.ly/1zmNHMl) ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ၎င်း မိသားစု (၄) စု စစ်ဆေးခံရန် သွားကြရာ မိသားစု (၃) စုအား စစ်ဆေးပြီး ဓါတ်ပုံရိုက် ပေးသော်လည်း မဟာလေဒါ၏ မိသားစုကို ညနေ ၄ နာရီထိ ထိုနေရာတွင် အကြောင်းမဲ့ ထိုင်ခိုင်း ထားခဲ့သည်။
ယင်းနေ့ နံနက် အစောပိုင်းတွင် နယ်ခြားစောင့် ရဲတစ်ဦးသည် ရာအိမ်မှူး ဦးအာဘူကာလာမ် နှင့် အတူ အိမ်ထောင်စု စာရင်း တစ်ခုတည်းရှိ မိသားစု နှစ်စုမှ ပယ်ဖျက် ခံရသည့် ဦးမိုဟာမတ်တော်ယုဖ်နှင့် ဦးဆုလ်တာန် အာမတ်တို့၏ နေအိမ်သို့ သွားရောက်၍ စာရင်းမှ ပယ်ဖျက်ခံရသည့် မိသားစုအား ပြန်လည် တင်ပေးရန်ဟု ဆိုကာ အိမ်ထောင်စု စာရင်း သိမ်းယူသွားခဲ့သည်။ ညနေပိုင်းတွင် ဦးဆုလ်တာန်အာမတ်က သွားရောက်၍ အိမ်ထောင်စု စာရင်း တောင်းသော်လည်း ပြန်လည် မပေးခဲ့ကြောင်း သိရသည်။
ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် စတင် စစ်ဆေးသည့် နေ့တွင် ငွေကြေး ကောက်ခံခြင်း လုံးဝ မရှိခဲ့သော်လည်း ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ စ၍ မွေးတိုး ၅၀၀၀/- ကျပ်၊ ပယ်ဖျက် ၅၀၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
MYARF
RB News
27.2.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အင်းဒင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အများပြည်သူ အားကိုး ရသည့် ချောင်းကို ပိတ်၍ ပုဇွန်ကန် အဖြစ် လုပ်ကိုင်နေခြင်းကြောင်း ဒေသခံများ၏ စီးပွားရေး ထိခိုက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်းနှင့် အင်းဒင် ကျေးရွာ အခြေစိုက် အမှတ် (၁၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး တို့ပူးပေါင်း၍ သင်္ဘောကွဲ ကျေးရွာရှိ အများပြည်သူ အားကိုး၍ အသက် မွေးဝမ်းကျောင်း ပြုနေသော ချောင်းကို ပိတ်၍ ပုဇွန်ကန် အဖြစ် ပြုလုပ်၍ စီးပွားရှာလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ လွန်ခဲ့သည့် ၂ လခန့်မှ စ၍ အာဏာပိုင်များက ချောင်းကို ပိတ်၍ ချောင်းတွင် ရွာသားများကို ငါးဖမ်းခွင့် ပိတ်ပင် ထားခဲ့သည်။ ငါးဖမ်းသူများကို တွေ့ရှိ၍ ဖမ်းဆီး၍ ငွေညှစ်လျက် ရှိပြီး လွန်ခဲ့သည့် ၁၀ ရက်အတွင်း ချောင်းတွင် ငါးဖမ်းခဲ့၍ ဟုဆိုကာ ဒေသခံ (၄) ဦးကို ဖမ်းဆီးပြီး ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့သည်။
ငွေညှစ်ခံရသူများမှာ ဘင်္ဘောကွဲ ကျေးရွာမှ ဆင်းရဲသားများ ဖြစ်ပြီး၊ ၎င်းတို့မှာ --
(၁) ဦးအီမာန်ဟူစိန်း (ဘ) ဦးရှုနာအလီ
(၂) ဦးဟူဆောင်းအာမတ် (ဘ) ဦးအဒူဇော်ဘောရ်
(၃) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအာမတ်ရှောရိဖ်
(၄) ဦးနူရူလ်ဟောက် (ဘ) ဦးအဒူရှုကူရ် -- တို့ဖြစ်သည်။
၎င်းချောင်းကို မှီခို အားထားပြီး ရွာသားများက ဆောင်းသီးနှံ၊ နွေစပါး စသည်တို့ စိုက်ပျိုးကြရာ၊ ယခုအခါ လယ်သမားများက ချောင်းမှ ရေယူခွင့် မရတော့ကြောင်း၊ ချောင်းမှ ရေယူလျှင် ငွေပေးနေရကြောင်း ဒေသခံများက ပြောပါသည်။ သင်္ဘောကွဲ ကျေးရွာတွင် ရေတင်စက် (၇) လုံး ရှိပြီး၊ ယခုအခါ ရေတင်စက် ပိုင်ရှင်များက လယ်သမားများ၏ စိုက်ခင်းများကို ချောင်းမှ ရေစုပ်၍ ရေလောင်းပေကာ စီးပွားရှာ နေရသည်ဟု ဆိုသည်။ ရေတင်စက် ပိုင်ရှင်များက အာဏာပိုင်များကို ငွေကျပ် ၂၅၀၀၀/- စီ ပေးနေရသည်။ ဆင်းရဲသည့် လယ်သမားများနှင့် ငါးဖမ်းသမား များမှာ မိမိတို့၏ စားဝတ်နေရေး အတွက် အခက်ကြုံ နေရသည်။
အလားတူ ကျောက်ပန္ဒူ  ကျေးရွာရှိ ချောင်းကိုလည်း ၎င်းရဲမှူးနှင့် ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း တို့က ပိတ်၍ ပုဇွန်ကန် အဖြစ် လုပ်ကိုင်လျက် ရှိသည်။ ကျောက်ပန္ဒူ ရွာသားများလည်း သင်္ဘောကွဲ ရွာသားများ ကဲ့သို့ အခက်ကြုံနေရသည်။ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ဘင်္ဘောကွဲ ကျေးရွာမှ တံငါးသည် ပဲ့ထိန်း ဦးအာမီးန်အုလ္လာ ဦးဆောင်သော တံငါးသည် (၁၆) ယောက်ပါ ဦးအာနိုဝါရ်ဆာဒဲခ် (ဘ) ဦးရှော်ကောတ်အုလ္လာ၏ ငါးဖမ်း စက်လှေမှ ငါးများရခဲ့သည်ကို အကြောင်းပြု၍ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အင်းဒင် ကျေးရွာ အခြေစိုက် အမှတ် (၁၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ကျောက်ပန္ဒူနှင့် မြင်းလွတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ၎င်းတံငါသည် များကို ခေါ်၍ ငါးများများ ရခဲ့သည့် အတွက် ဝေစုပေးရမည်ဟု ဆိုကာ ငွေကျပ် ၁၁ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
Rohingya Exodus