နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
25.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် လူကုန်ကူးမှု တားဆီးရေးမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ ငွေများနှင့် ဖုန်း လုယက်ခဲ့ပြီး၊ တောင်ပိုင်းတွင် တပ်မတော်သားများက ထင်းခုတ်သမား လူငယ် တစ်ဦးကို သတိလစ်သည့် အထိ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာမှ ဆောဒ္ဒါန်ဟူစိန်း (ဘ) ကာမာလ် (ဘ) ဦးဂျမားလ် (အသက် ၂၇ နှစ်) ကို မတ်လ (၂၃) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် လေးဦးက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ မြို့မ ကညင်တန်း ဈေးမှ ဖမ်းဆီးပြီး လူကုန်ကူးမှု တားဆီးရေး စခန်းသို့ ခေါ်ဆောင် မသွားဘဲ မြို့မ ဘောလုံးကွင်း၏ အရှေ့မြောက်ဘက်ရှိ ရဲကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် အဆိုပါ ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် များက ကာမာလ် ထံတွင် ပါရှိသည့် ငွေကျပ် သုံးသိန်းနှင့် ငွေကျပ် တစ်သိန်း လေးသောင်း တန်ဖိုးရှိ CDMA SIM ပါသည့် Huawei ဖုန်း တို့ကို လုယက်ပြီး၊ မည်သည့် ပစ္စည်းတစ်ခု တစ်စုံတစ်ရာကိုမှ မယူကြောင်း အတင်းအဓမ္မ လက်မှတ်ရေးထိုး ခိုင်းပြီးနောက် နေ့လည် တစ်နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထိုကဲ့သို့ ရဲများ၏ လုယက်မှုများကြောင့် နယ်ပိုင်းမှ ဒေသခံ ပြည်သူများ မောင်တောမြို့ပေါ်သို့ လာရောက်ရန်ပင် ကြောက်ရွံနေကြသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ် ကျေးရွာအုပ်စု ရှိတ္တာရွာမှ မာမတ်အာမီးန် (ဘ) ဦးဟာလူ (အသက် ၂၀ နှစ်) သည် မတ်လ (၂၁) ရက်နေ့တွင် တောင်ပေါ်သို့ သွားရောက်၍ ထင်းခုတ်နေစဉ် တပ်မတော်သားများက လူမဆန်စွာ ရိုက်နှက်ခဲ့ခြင်းကြောင့် သတိလစ် မေ့မျောခဲ့ပြီး စစ်သားများက ၎င်းကို တောင်ထဲ တစ်နေရာတွင် ပစ်ချ၍ ထွက်သွားခဲ့သည်။ ၎င်း၏ ကျေးရွာမှ ထင်းခုတ်သမား အချို့က တွေ့ရှိသွားခဲ့ပြီး ရွာသို့ ပြန်လည် သယ်ယူ လာခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။



RB News
23.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချုပ် လက်အောက်ခံ တပ်ရင်း (၅၅၁) မှ တပ်မတော်သား များက အပြစ်မဲ့ ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် (၁၅) တပ်မတော် စစ်ဆေးရေး ကွပ်ကဲရေး ဌာနချုပ် လက်အောက်ခံ တပ်ရင်း ဖြစ်သည့် တပ်ရင်း (၅၅၁) မှ တပ်ထောက် ဗိုလ်ကြီး၊ ဆရာကြီး မြတ်ထွန်းနှင့် တပ်သား ဦးလှဦး တို့က ၎င်းတို့၏ တပ်ရင်း လက်အောက်ခံ ကျေးရွာအုပ်စု များမှ အပြစ်မဲ့ ဒေသခံ ပြည်သူများကို ခေါ်ယူ၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်သည့် အပြင် ငွေညှစ်မှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မတ်လ (၂၀) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် အဆိုပါ တပ်မတော်သား များသည် ၀ရကျွန်းကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သည့် ဒေါ်အာယေရှာထံမှ ငွေကျပ် ၄ သိန်း၊ ဆေးအိုးကျ ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သည့် ဦးဆီရာဇူလ်ဟောက် (ဘ) ဦးဝါဇော်ဒိန် ထံမှ ငွေကျပ် ၄ သိန်းကို အကြောင်းမဲ့ ညှစ်ယူခဲ့သည့် အပြင် ဆေးအိုးကျ ကျေးရွာမှ ဦးအာဘူဆီဒိတ် ထံမှလည်း ငွေကျပ် ၇ သိန်း ညှစ်ယူ၍ ဦးအာဘူဆိဒိတ်အား ရှာဖွေလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

၎င်းတို့သည် တပ်ရင်းအပိုင် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူး များထံမှ တဆင့် အပြစ်မဲ့ ဒေသခံ ပြည်သူများကို ဖုန်းဖြင့် ခေါ်၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း သိရသည်။



RB News
23.3.2015

လန်ဒန် ။ ။ အင်္ဂလန်နိုင်ငံ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အစည်းအရုံး (BROUK) မှ ဥက္ကဌ ဦးထွန်းခင်အား အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့ အခြေစိုက် Refugees International မှ Richard C. Holbrooke Leadership Award ချီးမြှင့်လိုက်ကြောင်း သတင်း ရရှိပါသည်။

Refugees International မှ အဆိုပါဆုကို လူပုဂ္ဂိုလ် တစ်ဦးချင်းမှ ဒုက္ခသည်များ၊ နိုင်ငံမဲ့များ၏ အခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် ကြိုးစား ဆောင်ရွက်သူများ အတွက် စီစဉ် ပြုလုပ်ထားခြင်း ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခံ နေရသည့် ရိုဟင်ဂျာများ၏ အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ဦးထွန်းခင်၏ လှုပ်ရှားမှုက Richard Holbrooke ဆုနှင့် ထိုက်တန်သည့် အတွက် ချီးမြှင့်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးထွန်းခင် ဦးဆောင်သည့် မြန်မာ ရိုဟင်ဂျာ အစည်းအရုံး (BROUK) ၏ ရိုဟင်ဂျာများ၏ အရေး ဆောင်ရွက် လှုပ်ရှားမှုများသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းများကြားတွင် ထင်ပေါ် ကျော်ကြားလာခဲ့ပြီး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှု အခန်းကဏ္ဍတွင် ရိုဟင်ဂျာ အရေးကိစ္စသည် မဖြေရှင်းရသေးသည့် ပြဿနာ တစ်ရပ် အနေဖြင့် ကျန်ရစ်နေသည့် အကြောင်းအရာ တစ်ခု ရှိနေသည်ကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့သည်ဟု ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြည်တွင်းရှိ အိုးအိမ်မဲ့ ဒုက္ခသည်များ၏ အရေးကို ဆောင်ရွက်နေသည့် ဦးထွန်းခင်၏ လှုပ်ရှားဆောင်ရွက်မှုများကို Refugees International မှ အသိအမှတ်ပြုကြောင်း၊ ၎င်း၏ အရေးလှုပ်ရှားမှုများကို နှစ်ပတ်လည် ညစာစားပွဲတွင် Richard Holbrooke ဆုချီးမြှင့်၍ ဂုဏ်ပြုမည် ဖြစ်သည်။

Refugees International ၏ နှစ်ပတ်လည် ညစာစားပွဲကို လာမည့် ဧပြီလ (၂၈) ရက်နေ့တွင် ၀ါရှင်တန်ဒီစီမြို့တွင် ကျင်းပမည် ဖြစ်ပြီး၊ အမေရိကန် ပြည်ထောင်စုမှ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် အမတ်များ ပါဝင် တက်ရောက်မည်ဟု သိရှိရသည်။



MYARF
RB News
22.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးဝင်းက ငါးရောင်း သမား တစ်ဦးထံမှ ငါးလိုင်စင်ကြေးဟု ဆိုကာ ငွေများ လုယက် ယူဆောင် သွားခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးဝင်းသည် ၎င်း၏ ဌာနမှ ၀န်ထမ်း တစ်ဦးနှင့် ကကျက်ဘက် ကံပြင် ကျေးရွာအုပ်စုရှိ ကိုယ်ပိုင်ဈေးသို့ သွားရောက်ပြီး ၀ါရီးချောင်း ကျေးရွာမှ ကကျက်ဘက် ကံပြင်ဈေးသို့ ငါးရောက်ရန် ရောက်လာသည့် ငါးရောင်း သမား ဦးနူရ်ဆော်လာမ် ထံမှ ငါးရောင်း လိုင်စင်ကြေးဟု ဆိုကာ ငွေကျပ် သုံးသောင်း တောင်းရာ ဦးနူရ်ဆော်လာမ်က တံငါသည်များထံမှ အကြွေးဖြင့် ၀ယ်ယူ၍ ရောင်းချပြီးမှ ငွေပေးကာ ရရှိသည့် အမြတ်များဖြင့် မိသားစုအား ကျွေးမွေး စောင့်ရှောက် နေရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးဝင်းက ဦးနူရ်ဆော်လာမ်၏ အိတ်ထဲမှ ငါးရောင်းရငွေ ၁၄၀၀၀ ကျပ်ကို လုယက်၍ ကျန်သည့် ၁၆၀၀၀ ကျပ်ကို တစ်ပတ်အတွက် ပေးရမည်ဟု ဆိုကာ ပြောဆိုပြီး ထွက်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငါးရောင်းရငွေ ၁၄၀၀၀ ကျပ် လုယက်ခံရသည့် ငါးရောင်းသမား ဦးနူရ်ဆော်လာမ်၏ မိသားစု ထမင်းငတ်ရသည့် အပြင် အကြွေးဖြင့် ငါးဝယ်ယူလာသည့် အကြွေးရှင် တံငါးသည်များကို ပေးရန် ငွေမရှိတော့သဖြင့် အကြွေးတင်ခဲ့ရသည်။

ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးဝင်းသည် လမ်းဘေး ဆိုင်ငယ်များတွင် ငါးခြောက်ရောင်းချသူ များထံ သွားရောက်၍ ငါးရောင်း လိုင်စင်ကြေးဟု ဆိုကာ ငွေကျပ် ၅၀၀၀ စီကို အတင်းအဓမ္မ တောင်းယူခဲ့သည်။ လမ်းဘေး ဆိုင်ငယ်များတွင် ငါးခြောက် ရောင်းချသူများမှာ ငါးခြောက်ဆိုင်ကြီးများမှ ငါးခြောက် တစ်ပိဿာ၊ နှစ်ပိဿာ ၀ယ်ယူ၍ လက်လီ ရောင်းချသူများ ဖြစ်သည်။ ဦးဌေးဝင်းကို ငွေကျပ် ၅၀၀၀ စီ ပေးလိုက်ရသည့် အတွက် ငါးခြောက်ရောင်း သမား အချို့မှာ အရင်းပြုတ်သည့် အထိ ဖြစ်ခဲ့ရပြီး ငါးခြောက် ၀ယ်ယူရန် ငွေမရှိတော့သဖြင့် အသက်မွေးဝမ်း ကျောင်းပြုသည့် အလုပ် ရပ်ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိ နေသည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
22.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် သင်္ဂနားကျေးရွာ အုပ်စု၊ ဒုံပိုက်ရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ လူမျိုး - ရိုဟင်ဂျာ အမည်ပါ အိမ်ထောင်စု စာရင်း တစ်ခုကို သိမ်းယူပြီး လူမျိုး - ဘင်္ဂလီဟု ဆိုကာ အသစ် ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

မတ်လ (၂၀) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် ဘင်္ဂနား ကျေးရွာအုပ်စု၊ ဒုံပိုက်ရွာ၌ ဆွဲ၊တင်၊စစ် စစ်ဆေးနေစဉ် မ.က.ဖ က လူမျိုး - ရိုဟင်ဂျာဟု ပါရှိသည့် ဦးအဒူမော်ဂျိတ် (ဘ) ဦးဘော်ဒီအာလောမ်၏ အိမ်ထောင်စု စာရင်းကို သိမ်းယူပြီး လူမျိုး - ဘင်္ဂလီဖြင့် အိမ်ထောင်စု စာရင်း အသစ်ထုတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ငွေကျပ် ၅၀၀၀ လည်း ညှစ်ယူခဲ့သည်ဟု ဆိုသည်။

ဦးအဒူမော်ဂျိတ်ထံမှ သိမ်းယူလိုက်သည့် အိမ်ထောင်စု စာရင်းမှာ မိတ္တူသာ ဖြစ်ပြီး၊ မူရင်းကို ယခင်က ဘူးသီးတောင် ထောင်တွင် အကျဉ်းကျခံရသည့် ၎င်း၏ ညီကို ထောင်ဝင်စား သွားတွေ့စဉ် ထောင်မှူးက အကြောင်းမဲ့ သိမ်းယူခဲ့ပြီး ပြန်လည် ပေးအပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။

သင်္ဂနား ကျေးရွာအုပ်စု၊ ဒုံပိုက်ရွာ၌ ဆွဲ၊တင်၊စစ် စစ်ဆေးရာတွင်လည်း မွေးတိုး ၁၀၀၀ ကျပ်၊ ပယ်ဖျက် ၁၀၀၀ ကျပ်နှင့် မ.က.ဖ စားသုံးစရိတ်ဟု ဆိုကာ ၁၀၀၀ ကျပ်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF & Rohingya Eye
RB News
22.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက် ရှိပြီး ငွေကြေး ကောက်ခံမှုများ နောက်ပိုင်းတွင် မပြုလုပ်သော်လည်း ငွေအစား ကျွဲရိုင်းဘူးများ တောင်းခံခြင်း၊ ဒေသခံ တစ်ဦးထံမှ ငွေမရသဖြင့် သေနတ်ဖြင့် ရိုက်ထုသည့် အပြင် ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာအုပ်စုတွင် မတ်လ (၁၅) ရက်နေ့မှစ၍ ဆွဲ၊တင်၊စစ် စတင် စစ်ဆေးလျက် ရှိပြီး၊ မ.က.ဖ အတွက် နေ့လည်စာ၊ မုန့်နှင့် လဘက်ရည် စရိတ်များကို ကျေးရွာရှိ စီးပွားရေး လုပ်ငန်းရှင်များက ပေးပြီး ရွာသားများထံမှ ငွေမကောက်ခံရန် ပြောခဲ့သော်လည်း မ.က.ဖ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန် တို့က မွေးတိုး ၁၀၀၀ ကျပ်၊ ပယ်ဖျက် ၃၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၁၂၀၀၀ ကျပ်စီ အသီးသီး ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထိုသို့ ငွေကောက်ခံခဲ့သည်ကို မတ်လ (၁၈) ရက်နေ့က အင်တာနက်တွင် ရေးသား ဖော်ပြခဲ့သဖြင့် မတ်လ (၁၉) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်၍ သတိပေးခဲ့သည်။ ထို့နောက် မတ်လ (၁၉) ရက်နေ့ မွန်းလွှဲပိုင်းမှစ၍ ငွေမကောက်ခံဘဲ ဆက်လက် စစ်ဆေးခဲ့သည်။ မတ်လ (၂၀) ရက်နေ့မှစ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ငွေမကောက်ခံသော်လည်း မြို့မ ကညင်တန်းတွင် တာဝန်ကျသည့် မ.က.ဖ ဒု-ဦးစီး (ရဲအုပ်) က မွေးတိုး၊ ပယ်ဖျက်၊ ပြောင်းရွှေ့ လုပ်ရသည့် အိမ်ထောင်စုတိုင်းမှ ငွေကြေး အစား ကျွဲရိုင်း အချိုရည်ဘူး ၁၀ ဘူးစီ ယူသည့်အပြင် စစ်ဆေးခံသူကို ရိုင်းပျစွာ ပြောဆို ဆက်ဆံလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ ရိုက်ရာတွင်လည်း မျက်နှာသာ ထင်ထင်ရှားရှား ခွဲခြား သိရှိနိုင်ရန် ရိုက်ကူးရမည် ဖြစ်သော်လည်း အမျိုးသမီးများကို မလိုအပ်ဘဲ ဘုရ်ကာများ ချွတ်ခိုင်းသည့် အပြင် ဘုရ်ကာ ချွတ်ရာတွင် အချိန် အနည်းငယ် ကြာလျှင်လည်း ညစ်ညမ်း စကားများဖြင့် ခြိမ်းခြောက် ဆဲဆိုမှုများ ပြုလုပ်ပြီး၊ အချို့မိသားစု များကို ဓါတ်ပုံ ရိုက်မပေးဘဲ ပြန်ခိုင်းခြင်းများလည်း ပြုလုပ်သည်ဟု ဒေသခံများက ပြောပါသည်။

မတ်လ (၂၁) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် မာမတ်အီနုစ် (ဘ) ဦးအဘူရူး (အသက် ၂၅ နှစ်) သည် အပြောင်း အရွှေ့ ကိစ္စနှင့် ပတ်သက်၍ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိသော်လည်း မ.က.ဖ က အဆမတန် ငွေတောင်းခံသည်ကို ၎င်းက မပေးနိုင်ကြောင်း၊ ဥပဒေနှင့် အညီ လုပ်ဆောင်သင့် ပါကြောင်း ပြောဆိုသဖြင့် နယ်ခြားစောင့်ရဲများက မကျေနပ်၍ ၎င်းအား သေနတ်ဖြင့် ထုရိုက်ခဲ့ရာ ခေါင်းကွဲသွားခဲ့သည်။ ထို့နောက် မာမတ်အီနုစ်ကို မ.က.ဖ များ ဦးဆောင်ပြီး မြို့မ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ယနေ့ မတ်လ (၂၂) ရက်နေ့တွင် (၃) မိုင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တာဝန်ခံ ရဲမှူးဌေးကို ကိုယ်တိုင် လာရောက်၍ မာမတ်အီနုစ်ကို ဖမ်းဆီး၍ (၃) မိုင် စခန်းသို့ ခေါ်ဆောင်သွားပြီး၊ လွှတ်ပေးရန် အတွက် ငွေကျပ် ငါးသိန်း တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ယခင်က စစ်ဆေးခဲ့သည့် တရားမ၀င် ခိုးဝင်ဘင်္ဂလီ လူဦးရေ စာရင်း စစ်ဆေးရာတွင် မြို့မကညင်တန်း ရွာမှ စစ်ဆေးခံခြင်း မရှိခဲ့သလို၊ ယခု ဆွဲ၊တင်၊စစ် တွင်လည်း အာဏာပိုင်များ ထင်တိုင်းကြဲ၍ ငွေကောက်ခံနိုင်ခြင်း မရှိသဖြင့် အငြိုးထားကာ ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီး ငွေညှစ်ခြင်း ပြုလုပ်ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုလျက် ရှိသည်။



မိတ္တီလာ​နေ့ (သို့မဟုတ်​) ကမ္ဘာကြီး ငို​ကြွေး​သော​နေ့

ရေးသားသူ -- ယျာတင် (MYARF)
RB ကဗျာ
20.3.2015

အဲ့ဒီနေ့ပေါ့
အပြစ်ကင်းစင်တဲ့ ကျောင်းသားလူငယ်တွေ
အလျှံငြီးငြီး လောင်ကျွမ်းတဲ့ မီးပုံထဲမှာ
မီးအစာဖြစ်ခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
နေရောင်က မှောင်မိုက်ခဲ့
အမုန်းတရားလေပြင်းတွေ
အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ခဲ့တာ။

အဲ့ဒီနေ့ပေါ့
နို့ရည်ပြည့်ရင်အုံနဲ့ မိခင်များက
နို့တိုက်ကျွေးမယ့် သားငယ်လေးကို
လိုက်ရှာခွင့်မရခဲ့တာ။

အဲ့ဒီနေ့ပေါ့
အငြိုးလှိုင်းတွေ ထန်နေတဲ့ကြားမှာ
အားကိုးစရာမဲ့သူများ ဟိုပြေးဒီပြေးနဲ့
လျှာမြေကျ ရွာလည်ခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
နုနယ်တဲ့ မိန်မသားလေးများ
ဒူးထောက် အသနားခံလည်း
မညှာမတာ ​ခြွေမွခံခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
လေပြည်တွေတိုက်ခဲ့တဲ့ အရပ်မှာ
အမုန်းမုန်​တိုင်းက အငြိုးကြီးစွာ တိုက်​ခိုက်​လို့
လူ​သေ​အလောင်း​တွေ ​နေရာယူခဲ့တာ။

အဲ့ဒီနေ့ပေါ့
အနှစ်နှစ်အလလ ချွေးစက်ပေါင်းများစွာနဲ့ရင်းပြီး
ရတဲ့ ချွေးစတွေနဲ့ ဆောက်ခဲ့တဲ့ နားခိုရာ
မျက်​စိတစ်​မှိတ်​အတွင်း ဖြိုဖျက်ခံလိုက်ရတာ။

အဲ့ဒီနေ့ပေါ့
အမေက သားမရှာအားနဲ့
သားက အမေ မရှာအားခဲ့လို့
သားအမိ တစ်သက်တာ ဝေးကွာခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
အမြင်အာရုံတွေဝေဝါး အသိတရားမဲ့သွား
လူ့စိတ်ကင်းမဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်
နှလုံးသားထဲမှာ တစ်ဆစ်ဆစ် နာကျင်ခဲ့တာ။

အဲ့ဒီနေ့ပေါ့
မျက်ရည်ကုန်ခန်းသွားခဲ့
သွေးရည်တွေပင်လယ်ဖြစ်ခဲ့
သက်ရှိခန္ဓာများ မီးကင်ခံခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
အကြမ်းဖက်သမားအချို့ကြောင့်
တန်ဖိုးရှိလှတဲ့ လူ့ဇိဝိန်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
မတရားမှုတွေအတွက်
ကမ္ဘာကြီး ငိုကြွေးလည်း
လူစုတစ်သိုက် ပြုံးပျော်ကျေနပ်ခဲ့တာ။

အဲ့ဒီနေ့ပေါ့
လူနေတဲ့အရပ်မှာ
လူသားဖြစ်လျက်နဲ့
လူသားမဆန်စွာ ညှဉ်းပန်းချေမှုန်းခံခဲ့ရတာ။

အဲ့ဒီ​နေ့​ပေါ့
...................
...................
.............................................။

••• မိတ္တီလာမှ မွတ်စလင်များ အကြမ်းဖက် ညှဉ်းပန်း ချေမှုန်းခံခဲ့ရသော ၂၀၊၃၊၂၀၁၃ ရက်နေ့ ကို အောက်မေ့၍ ရေးဖွဲ့ပါသည်။ လူလူချင်း နှိပ်စက်မှုမှ ကင်းဝေးပြီး ငြိမ်းချမ်းကြပါစေ။



RB News
19.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ သရက်ပြင် ကျေးရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်သည် ဒေသခံ လယ်သမားများက ခမီး အမျိုးသမီးနှစ်ဦးကို မုဒိန်းကျင့်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ လယ်သမား (၆၀) ဦးထံမှ ငွေကျပ် သိန်း ၆၀ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် သရက်ပြင် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ဖုံညိုလိပ် ကျေးရွာ၊ အမှတ် (၄) ရပ်ကွက်မှ ဦးလေရူမျာ (ဘ) ဦးလာလူးမျာ တို့သည် ခမီး အမျိုးသမီး နှစ်ဦးကို ခေါ်ဆောင်လာပြီး အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ထားရှိကာ ဒေသခံ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လိုသည့် ဆန္ဒဖြင့် ခမီး အမျိုးသမီးနှစ်ဦးကို ဒေသခံ ရွာသားများက မုဒိန်းကျင့်ခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းကာ ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်ပြီး မတ်လ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ အတွင်းတွင် ဒေသခံ လယ်သမား (၆၀) ဦးထံမှ ငွေကျပ် သိန်း (၆၀) ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ရရှိထားသည့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ယခုကဲ့သို့ မတရားသဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခြင်း အပေါ် ဒေသခံများက မကျေမနပ် ဖြစ်လျက်ရှိပြီး၊ ဆက်လက်၍ ပြုလုပ်သွားမည် ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရသည်ဟု ဆိုသည်။




MYARF
RB News
19.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကံပူးကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ တပည့်တစ်ဦးက လုပ်ကြံ သတင်းတစ်ရပ် ဖန်တီးခဲ့သည်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိကြီးက သိရှိနိုင်ခဲ့သော်လည်း အရေးယူခြင်း မရှိဘဲ အပြစ်မဲ့ ဒေသခံ ရွာသားများကို ညှဉ်းပန်း နှိပ်စက်ရန် ကြံစည် နေကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ကံပူးကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ တပည့်တစ်ဦး ဖြစ်သူ ဦးရှုကူရ်သည် မတ်လ (၈) ရက်နေ့က ၎င်း၏ အလုပ်သမား တစ်ဦး တောင်သို့ ထင်းခုတ်ခဲ့ရာတွင် တောတောင်ထဲတွင် ပုန်းအောင်းနေသာ လက်နက်ကိုင် လူတစ်စုတွေ့ခဲ့၍ အိမ်သို့ ပြန်လာပြီး ၎င်းအား ပြောခဲ့သည်ဟု ဆိုကာ နယ်ခြားစောင့် ရဲများကို ဖုန်းဆက် အကြောင်းကြားခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးက နယ်ခြားစောင့်ရဲ ၃၀ ဦး စေလွှတ်၍ ရှာဖွေစေခဲ့သည့် အပြင် (၃) မိုင်ရှိ တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးကိုလည်း အကြောင်းကြားခဲ့သည်။

တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးကလည်း ကား ၄ စီးဖြင့် စစ်သားများ စေလွှတ်၍ ရှာဖွေခဲ့သည်။ သို့သော်လည်း တောတောင်ထဲတွင် မည်သူတစ်ဦး တစ်ယောက်ကိုမှ ရှာဖွေ တွေ့ရှိခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် ဦးရှုကူရ်၏ အလုပ်သမား ဖြစ်သူကို (၄) မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းသို့ ခေါ်ဆောင် သွားပြီး တစ်ညလုံး စစ်ဆေးခဲ့သည်။ တစ်ဖန် နောက်တစ်နေ့တွင် ဦးရှုကူရ်၏ အလုပ်သမားကို တွေ့ရှိခဲ့သည်ဟုသည့် နေရာကို ခေါ်ဆောင်သွားပြီး ရှာဖွေခဲ့သော်လည်း လက်နက်ကိုင် လူတစ်စုကို မတွေ့ရှိခဲ့ကြောင်း သိရသည်။

အမှန်တကယ်မှာ လက်နက်ကိုင် လူတစ်စုကို တွေ့ရှိခဲ့ခြင်း မဟုတ်ပဲ ဦးရှုကူရ်က ၎င်း၏ အလုပ်သမား ဖြစ်သူကို လုပ်ခ လစာတိုးပေးမည်ဟု မက်လုံးပေး၍ ၎င်းက လုပ်ကြံ ပြောခိုင်းသည့် အတိုင်း အလုပ်သမားက လုပ်ကြံ ပြောခဲ့ခြင်း ဖြစ်သည်။ ဦးရှုကူရ်က ၎င်းနှင့် နယ်ခြားစောင့် ရဲများ အကြား ရှိသည့် ခင်မင်ရင်းနှီးမှု ပိုမိုတိုးလာစေရန် လုပ်ကြံ၍ သတင်းပေးပို့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ယခင် န.စ.က လက်ထက်ကလည်း ဦးရှုကူရ်က ထိုကဲ့သို့ လုပ်ကြံ သတင်းများ ဖန်တီး၍ န.စ.က များနှင့် ရင်းနှီးမှု ရယူကာ ဒေသခံရွာသား များကို ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဦးရှုကူရ်၏ လုပ်ကြံ သတင်းပေးမှုကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးက သိရှိနိုင်ခဲ့သော်လည်း ဦးရှုကူရ်အား မည်သို့မျှ အရေးယူခြင်း မရှိဘဲ အဆိုပါ လုပ်ကြံ သတင်းကို အကြောင်းပြု၍ အပြစ်မဲ့ ဒေသခံ ရွာသားများကို ညှဉ်းပန်း နှိပ်စက်ရန် ကြံစည်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



19.3.2015

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီ Mrs. Yanghee Lee က မြန်မာအစိုးရ အနေနဲ့ သူမကို ထပ်မံ လာရောက်ဖို့ ဖိတ်ကြားပြီး လုံခြုံရေး အတွက်လည်း တာဝန်ယူ လိမ့်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောကြား လိုက်ပါတယ်။

ဒီရက်ပိုင်း အတွင်း မြန်မာ ဘုန်းတော်ကြီး ဝီရသူက သူမကို ရန်ပြုဖို့ ခြိမ်းခြောက် ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလ ကိုယ်စားလှယ် ယန်ဟီးလီက အခုလို ဝေဖန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်ရေး ကောင်စီ ညီလာခံကို သူမ တင်သွင်း ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာမှာ တခြား လူ့အခွင့်အရေး အခြေအနေ တွေနဲ့အတူ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ အတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်း ဖေါ်ပြထားပါတယ်။

အဲ့ဒီ ညီလာခံ ရက်ပိုင်း အတွင်း ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာ အရေး ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို ယန်ဟီးလီနဲ့ အတူ လန်ဒန်အခြစိုက် မြန်မာ ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဦးထွန်းခင်လည်း ပါဝင် တက်ရောက် ခဲ့ပါတယ်။ ဦးထွန်းခင်က အဲ့ဒီ ဆွေးနွေးပွဲမှာ မူစလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေကို အသေးစိပ် တင်ပြခဲ့တယ်လို့ RFA ကိုပြောပါတယ်။

"နိုင်ငံသား၊ တိုင်းရင်းသား အဖြစ် ကျနော်တို့ လက်မခံ အပြင် ကျနော်တို့ကို နိုင်ငံပြင်ပကို မောင်းထုတ်နေ တဲ့ နောက်ဆုံး အခြေအနေကို ကျနော်တို့ ရောက်နေတယ်၊ အဲ့ဒီ အတွက်ကြောင့် ကျနော်တို့ လူမျိုးတုံး သတ်ဖြတ်မှုကို ခံနေရတဲ့ အတွက် မြန်မာ အစိုးရကို ဖိအားပေးပြီးတော့ ကျနော်တို့ရဲ့ ရပိုင်ခွင့်အခွင့် အရေးတွေကို ပြန်ပေးဖို့ ကျနော်တို့က ပြောပြတာပါ"

ဒ့ါအပြင် ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ဆုံးရှုံးနေမှုကို စုံစမ်းရေး အတွက် ကုလသမဂ္ဂ အနေနဲ့ ရခိုင်ပြည်နယ် ကို ကော်မရှင် တစ်ခု စေလွှတ်ဖို့လည်း ဦးထွန်းခင်က တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

"မြန်မာ အစိုးရ အနေနဲ့ ရိုင်ဟင်ဂျာ တွေကို တိုက်ဖျက်မှုနဲ့ ပတ်သက်လို့ စုံစမ်းရေး ကော်မရှင် လုပ်ထား တဲ့နေရာမှာ ယုံကြည်စရာ ဘာတစ်မှ မရှိဘူး ဆိုတဲ့ဟာ ကျနော်တို့ ထောက်ပြတယ်၊ အဲ့ဒီ အတွက်ကြောင့် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် တစ်ခု အမြန်ဆုံး ဖွဲ့ပြီးတော့ ရိုဟင်ဂျာတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်ကို သွားပြီး စုံစမ်း စစ်ဆေးဖို့ ကျနော် အနေနဲ့ တောင်းဆိုတာပါ"

ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးရဲ့ထုတ်ပြန်ချက် အရ အထူး ကိုယ်စားလှယ် Mrs. Yanghee Lee ကို သင်ခန်းစာပေး တဲ့အနေနဲ့ ရန်ပြု တိုက်ခိုက်ဖို့ အရှင်ဝီရသူက ဒီရက်ပိုင်း အတွင်း ဖေ့စ်ဘုတ် စာမျက်နှာကနေ နှိုးဆော် စကား မိန့်ကြား ခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Rupert Colville က နိုင်ငံတကာ ကိုယ်စားလှယ် တစ်ဦးကို အရှင်ဝီရသူ အနေနဲ့ အခုလို မိန့်ကြား ပြောဆိုဖို့ မသင့်ကြောင်းနဲ့ ဆူပူမှု ဖြစ်အောင် လှုံ့ဆော်မှုကို အရေးယူဖို့ မြန်မာအစိုးရမှာ အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြား လိုက်ပါတယ်။




MYARF
RB News
18.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘဂုံးနား ကျေးရွာအုပ်စုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မ.က.ဖ တို့ပူးပေါင်း၍ ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဒေသခံ ရွာသားများ ထံမှ အဆမတန် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ ဘဂုံးနား ကျေးရွာအုပ်စုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းနှင့် မ.က.ဖ တို့ပူးပေါင်း၍ ဆွဲ၊တင်၊စစ် ခေါင်းစဉ်တပ်ကာ ဒေသခံ ရွာသားများထံမှ အဆမတန် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မွေးတိုး ၅၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ၊ ပယ်ဖျက် ၂၀၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ထိ၊ လက်ထပ်ခွင့်ကြေး တစ်သိန်းကျပ်ထိ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ ယခုလက်ရှိ ဒေသခံ ၁၄၀ ဦးထံမှ လက်ထပ်ခွင့်ကြေးဟု ဆိုကာ ငွေကျပ် တစ်သိန်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ဒေသခံ ၁၄၀ ဦးက ၎င်းတို့တောင်းခံသည့် ငွေကျပ် တစ်သိန်းကျစီကို မပေးသဖြင့် ၎င်းမိသားစုများကို ဆွဲ၊တင်၊စစ် တွင် မစစ်ဆေးပဲ ချန်လှပ်ထားသည်ဟု ဆိုသည်။



MYARF
RB News
18.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသခံများထံမှ ငွေညှစ်ခဲ့ပြီး၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံ တစ်ဦးကို လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ သင်္ဘောကွဲ ကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်း၊ ဦးနူရ်အာမတ်၊ ဦးဟာဆောင်း တို့သည် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ၎င်းကျေးရွာမှ လူငယ် အချို့ကို ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု စွပ်စွဲ၍ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ယူ၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဆုလ်တာန် (ဘ) ဦးဆာလေ - သဘောင်္ကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၂၅၀၀၀/-
(၂) ဦးကော်ဘိရ်အာမတ် (ဘ) ဦးနူရ်အာမတ် - သဘောင်္ာကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၂၅၀၀၀/-
(၃) ဦးဆော်ယာဒ်အာလာမ် (ဘ) ဦးရော်ဟိမူလ္လာ - သဘောင်္ကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၅၀၀၀၀/-
(၄) ဦးဟိုရ်မာမတ် (ဘ) ဦးနီယာမတ်အုလ္လာ - သင်္ဘောကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၃၀၀၀၀/-
(၅) ဦးမော်ဂျိတ်အုလ္လာ (ဘ) ဦးအာဇီရာမန် - သင်္ဘောကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၃၀၀၀၀/-
(၆) ဦးဂျာဘူရာမန် (ဘ) ဦးမာမတ်ဆီဒိခ် - သင်္ဘောကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၂၀၀၀၀/- -- တို့ဖြစ်သည်။

ထို့အပြင် ဦးကော်ဘိရ်အာမတ် (ဘ) ဦးဇော်ဘောရ် ကို ဦးကော်ဘိရ်အာမတ် (ဘ) ဦးနူရ်အာမတ်နှင့် လူမှား၍ နယ်ခြားစောင့် ရဲများက ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

မတ်လ (၁၄) ရက်နေ့ကလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်း၊ ဦးနူရ်အာမတ်နှင့် ဦးဟာဆောင်း တို့က ၎င်းကျေးရွာအုပ်စု ရွာကြီးနေ ဦးမာမတ်ဆီဒိခ် (ဘ) ဦးအာဘူဆီဒိခ်နှင့် ဦးအေရှာဒူလ္လာ (ဘ) ဦးအဒူဆော်လာမ် တို့ကို တရားမ၀င် မလေးရှား နိုင်ငံသို့ လူပို့နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

မတ်လ (၁၄) ရက်နေ့ကပင် နံနက် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူ  ကျေးရွာအုပ်စု၊ စေတီပြင်ရွာတွင် ကင်းလှည့်နေစဉ် ဦးဖော်ယာစ်အာမတ် (ဘ) ဦးအာဘူလ်ဟိုရ် (အသက် ၆၀ နှစ်) က ၎င်း၏ ခြံဝင်းအတွင်း ဓါတ်မီးထိုး၍ ကြည့်သည်ကို နယ်ခြားစောင့် ရဲများက “ဘာကြောင့် ဓါတ်မီးနဲ့ ထိုးရတာလဲ” ဟုဆိုကာ လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ဦးခေါင်းနှင့် နှုတ်ခမ်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ဦးဖော်ယာစ်အာမတ်၏ သွေးစွန်းနေသည့် အ၀တ်အစားများကို အတင်းအဓမ္မ ချွတ်ယူ၍ ချောင်း၌ ပစ်ချခဲ့သည်။

လူမဆန်စွာ ရိုက်နှက်ခံရသူ ဦးဖော်ယာစ်အာမတ်က နံနက် အစောပိုင်းတွင် ကျောက်ပန္ဒူရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ စခန်းတာဝန်ခံကို တိုင်တန်းခဲ့ရာ စခန်းတာဝန်ခံက စစ်ဆေး အရေးယူပေးမည်ဟု ဆိုကာ ၎င်းကို ပြန်ခိုင်းခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိခဲ့ဟု ဆိုသည်။




MYARF
RB News
18.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် GE တပ်၏ ကားပေါ်မှ ပြုတ်ကျ၍ ဒေသခံ (၄) ဦး သေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ (၁၇) ရက်နေ့ ည (၇) နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒုတန်း (၁) မှ အာဏာပိုင်များ၏ တပည့်ဖြစ်သူ ဦးအဒူဂေါ်နီ (ဘ) ဦးဆောယာဒ်ကော်ရီးမ် (အသက် ၄၅ နှစ်) သည် ၎င်းကျေးရွာမှ ဒေသခံ ရွာသား (၈) ဦးကို ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း တောင်ဘဇာတွင် သစ်ခုတ်ရန် အတွက် ဘူးသီးတောင်မြို့မှ တောင်ဘဇာသို့ သံချောင်းများ သယ်ယူသွားနေသည့် GE ကားတစ်စီးဖြင့် ခေါ်ဆောင်သွားနေစဉ် ကားပေါ်မှ လူများနှင့် သံချောင်းများ ပြုတ်ကျခဲ့ရာ သံချောင်းများ လူများ၏ ခန္ဓာကိုယ်ပေါ်တွင် ပိ၍ လူ (၄) ဦး သေဆုံး၍ (၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဒဏ်ရာရရှိသူများကို ဘူးသီးတောင် မြို့နယ် ဆေးရုံတွင် ဆေးကုသ ပေးလျက် ရှိကြောင်း သိရသည်။ သေဆုံးသွားသူများ၏ အလောင်းများကို ယနေ့ ညနေပိုင်းတွင် ဖရုံချောင်း ကျေးရွာအုပ်စု ဒုတန်း (၁) ရှိ ၎င်းတို့၏ နေအိမ်များသို့ သယ်ဆောင်သွားပြီး သဂြိုဟ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

သေဆုံးသွားသူများမှာ --

(၁) ဦးမာမတ် (ဘ) ဦးအဒူဘာရီ (အသက် ၄၅ နှစ်)
(၂) ဇာဖောရ်အစ္စလာမ် (ဘ) ဦးအစ္စလာမ် (အသက် ၁၆ နှစ်)
(၃) နူရ်မာလ်ဟာကိမ်း (ဘ) ဦးဖေရာန် (အသက် ၁၇ နှစ်)
(၄) အီဆုဖ် (ဘ) ဦးဇော်ဟိရ်အာမတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ပြီး

ဒဏ်ရာရရှိသူများမှာ --

(၁) အဒူလ်ဟာရှိမ်း (ဘ) ဦးဖေရာန် (အသက် ၁၉ နှစ်)
(၂) ဦးအာဘူဆီဒိခ် (ဘ) ဦးနာဒူ
(၃) ဦးနူရ်မာမတ် (ဘ) ဦးနော်ဇိရ်အာမတ်
(၄) ဦးဒေါလ္လာ (ဘ) ဦးရော်ရှိတ်အာမတ် -- တို့ဖြစ်သည်။
ဒဏ်ရာရသူများထဲမှ ဦးဒေါလ္လာ၏ ဒဏ်ရာ အနည်းငယ် သက်သာသော်လည်း ကျန်သုံးဦး၏ ဒဏ်ရာများ ပြင်းထန် သောကြောင့် အသက်ဆုံးရှုံးဖွယ် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
17.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မ ဘောလုံးကွင်း၏ အနောက်ဘက်၌ ရှိသော ငါးဈေးတွင် ဈေးကောက် ဖြစ်သူ မောင်သိန်းထွန်း၏ အဆမတန် ဈေးကောက် ကောက်ခံမှု၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဒေသခံများ ဈေးဝယ်ရန်ပင် အခက်ကြုံနေရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြို့မ ဘောလုံးကွင်း အနောက်ဘက်၌ ရှိသည့် ငါးဈေးတွင် ဈေးကောက် ဖြစ်သူ မောင်သိန်းထွန်း (ယခင်က ရမ်းကားခြင်း အတွက် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံရသူ) သည် ဈေးတွင် ဒေသခံ ရိုဟင်ဂျာ မိန်းကလေးငယ်များ ရောင်းချသည့် ဟင်းသီးဟင်းရွက်များ ရောင်းချ၍ ငွေငါးရာကျပ် ရလျှင် ငွေတစ်ရာစီ ကောက်ခံခြင်း၊ မပေးလျှင် ဟင်းသီးဟင်းရွက် များကို သိမ်းဆည်းလိုက်ခြင်း၊ ပါးရိုက်ခြင်းများ အမြဲတစေ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မတ်လ (၁၂) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် အဆိုပါဈေး၌ မောင်နီရွာမှ ငါးရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုသူ ဦးရှော်မ်ရှု၏သား (အသက် ၂၁ နှစ်)၊ ရှော်မ်ရှုအာမီးန် (အသက် ၂၅ နှစ်) နှင့် ရွှေဇား ကျေးရွာမှ မော်ဂူလ် (အသက် ၂၅ နှစ်) တို့ ငါးရောင်းချနေစဉ် ဈေးကောက် မောင်သိန်းထွန်းသည် အရက်သောက်စား မူးယစ်ပြီး ဈေးကောက်ကို အဆမတန် တောင်းခံခဲ့ရာ ငါးရောင်းချသူများက တောင်းခံသည့် ငွေများလွန်းကြောင်း ပြောသဖြင့် ငါးရောင်းသူများကို လူအများ ရှေ့မှောက်တွင် ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပါးရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါဈေးတွင် လူမျိုးစု နှစ်ခု ဈေးဝယ်ယူနိုင်ရန် အတွက် UNHCR မှ ဆောက်လုပ် လှူဒါန်း ခဲ့ခြင်း ဖြစ်ပြီး၊ မောင်သိန်းထွန်း၏ ရမ်းကားမှုကြောင့် ဒေသခံ ရိုဟင်ဂျာများ ဈေးဝယ်ရန်ပင် အခက်အခဲ ဖြစ်လျက် ရှိသည်ဟု ဆိုသည်။

မောင်တောမြို့နယ် မြို့မငါးဈေး လိုင်စင်စီကို ယူနိုက်တက် တည်းခိုရိပ်သာ ပိုင်ရှင် ဦးစံရွှေက ရယူခဲ့ပြီး၊ ၎င်းက တဆင့် ခွဲဝေ၍ ရောင်းချခဲ့ရာ၊ မြို့မ ဘောလုံးကွင်း အနောက်ဘက်၌ ရှိသော ငါးဈေးကို ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စာရေးဖြစ်သူ ဦးသန်းတင့်အား ရောင်းချခဲ့ကြောင်း သိရသည်။



ဗွီအိုအေမြန်မာပိုင်း
17.3.2015

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၂၈ ကြိမ်မြောက် ညီလာခံကို တင်သွင်းမယ့် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee ရဲ့အစီရင်ခံစာကို FIDH ခေါ် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ချုပ်က ကြိုဆို လိုက်ပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ မဖြေရှင်းဘဲ ကျန်ရှိ နေသေးတဲ့ စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ပြဿနာတွေ ရှိနေသေးတယ် ဆိုတာကို အမှတ်ရ စေတယ်လို့ ဆိုပါတယ်။

မကြာသေးမီက ကျောင်းသားတွေရဲ့ဆန္ဒပြမှု အပေါ် အကြမ်းဖက် ဖြိုခွင်းခဲ့မှုဟာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်မှုကို နှိပ်ကွပ်ရာ ရောက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေ ချိုးဖောက်သူ တွေကို အရေးယူခြင်း မရှိသေးတာ တွေ့ရတဲ့ အကြောင်း FIDH ရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထောက်ပြ ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး နောက်ပြန် ဆုတ်တာကို တွေ့ရတဲ့ အကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန် ကတိပေးထား ပေမယ်လို့ အခုချိန်ထိ နိုင်ငံရေး အကျဉ်းသား ဒါဇင်ပေါင်း များစွာ ရှိနေပြီး အရေ အတွက်ဟာ မှန်မှန်ကြီး တိုးလာနေတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ FIDH အဖွဲ့အနေနဲ့ တောင်းဆို ထားသလို၊ လယ်မြေ သိမ်းမှု အပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို ဖမ်းဆီး နှောင့်ယှက် အကျဉ်းချ နေတာတွေကို စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူဖို့လည်း တိုက်တွန်း ထားပါတယ်။

နိုင်ငံတဝန်း ရဲဘက် စခန်းတွေမှာ ဖမ်းဆီးထားသူ (၁၀,၀၀၀) ကျော်တို့ရဲ့နေထိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း၊ သေဆုံးခဲ့သူ (၁,၁၀၀) ကျော်ရှိတဲ့ အတွက်ကြောင့် ပျှမ်းမျှ သုံးရက်မှာ တဦးကျ သေဆုံးနေတာ တွေ့ရတယ်လို့ ထောက်ပြ ထားပါတယ်။

စောစောပိုင်း မတ်လ (၁၀) ရက်နေ့ ကတော့ မြန်မာ အစိုးရ အနေနဲ့ Yanghee Lee အစီရင်ခံစာပါ အချက်တွေ ကန့်ကွက်ကြောင်း ကြေညာချက်ကို မြန်မာ နိုင်ငံခြားရေး ဌာနက လူ့အခွင့်အရေး ကောင်စီထံ တင်သွင်း ခဲ့ပါတယ်။

ဇန်နဝါရီလ (၇) ရက်နေ့ကနေ (၁၆) ရက်နေ့ထိ သွားခဲ့တဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း တွေ့ဆုံ လိုသူတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံ ခွင့်ပေး ခဲ့ပေမယ်လို့ သူရဲ့အစီရင်ခံစာမှာ ဘက်လိုက်မှုများ ရှိနေတာ တွေ့ရတဲ့ အကြောင်း ဝေဖန် ထားပါတယ်။

လွတ်လပ်စွာ စုရုံးခွင့်နဲ့ ဆန္ဒ ထုတ်ဖေါ်ခွင့် မြန်မာနိုင်ငံမှာ ပေးထားတဲ့ အကြောင်း၊ မြန်မာ ပြည်သူတွေ အနေနဲ့ အင်တာနက် အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်စွာ အသုံးပြုခွင့် ရှိကြတဲ့ အကြောင်း၊ ပုံနှိပ် ထုတ်ဝေတဲ့ ဥပဒေ မှာလည်း မှတ်ပုံတင်ဖို့ လိုပေမယ့် ဆင်ဆာ ဖြတ်တောက်မှုတွေ မရှိတဲ့ အကြောင်း တုံ့ပြန် ထားပါတယ်။

သတင်းထောက်တွေ အနေနဲ့ သတင်းယူရာမှာ ကန့်သတ် အဆောက်အဦး တွေကို ဝင်ရောက် ခဲ့တာဟာ တရား ဥပဒေ ချိုးဖောက်တဲ့ အတွက် အရေးယူ ရတာ ဖြစ်ကြောင်း ဖေါ်ပြ ထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ ပြန်လည် စီစစ်ရေး ကော်မတီကို မြန်မာ အစိုးရ အနေနဲ့ ဖွဲ့စည်းပြီး လွတ်ငြိမ်းချမ်း သာခွင့် (၁၄) ကြိမ် သမ္မတက ပေးခဲ့တဲ့ အကြောင်း ထောက်ပြ ထားပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလက လက်ပံတောင်း ကြေးနီ စီမံကိန်း ကန့်ကွက် ဆန္ဒပြမှု အတွင်း လယ်သူမကြီး ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုကို မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်း စစ်ဆေးပြီး အကြံဉာဏ်များ ပေးခဲ့ကြောင်း၊ ဆလင်းကြီး မြို့နယ် တရားရုံးမှာ အမှုကို ကြားနာနေတဲ့ အကြောင်း ရှင်းပြ ထားပါတယ်။

ဒါ့အပြင် ယာယီ သက်သေခံ အဖြူရောင်ကဒ် ရထားသူတွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဆိုင်ရာ ခုံရုံးက လူထု ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့် မရှိကြောင်း ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ စသဖြင့် ထောက်ပြ ထားပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ မြန်မာ တိုင်းရင်းသား သမိုင်းမှာ မရှိတဲ့ အတွက်ကြောင့် Ms. Lee ရဲ့သုံးနှုန်းမှုကို မြန်မာအစိုးရက ကန့်ကွက် ထားပါတယ်။



Rohingya Eye
RB News
17.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် တောင်ရွာရှိ ဒေသခံ ရိုဟင်ဂျာများ စိုက်ပျိုး ထားသည့် စိုက်ခင်းများမှ သီးနှံများကို စစ်သားများက လုယက်ခြင်းနှင့် အောင်ဇေယျ (န.တ.လ) ရွာအတွင်းသို့ ၀င်ရောက်၍ ကျက်စားသည့် နွားပိုင်ရှင်များထံမှ ရခိုင်ရွာသားများက ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၃) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အခြေစိုက် တပ်မတော် စစ်ကြောင်း အဖွဲ့တစ်ဖွဲ့သည် ကျီးကန်းပြင် တောင်ရွာရှိ ဒေသခံ ရိုဟင်ဂျာများ စိုက်ပျိုးထားသည့် စိုက်ခင်းသို့ သွားရောက်၍ ရွှေဖရုံသီး (၁၀၀) လုံးခန့်နှင့် ငရုတ်သီး သုံးပိဿာခန့်ကို ၎င်းတို့ ကိုယ်တိုင်ကျ ခူး၍ လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ စစ်သားများက အတင်းအဓမ္မ လုယက်၍ ခူးနေသည့်ကို စိုက်ခင်း ပိုင်ရှင်များက ကန့်ကွက်ခဲ့သော်လည်း ၎င်းတို့က ရပ်တန့်ခြင်း မပြုဘဲ ပိုင်ရှင်များကို ရန်ပြုရန် ကြိုးစားသဖြင့် စိုက်ခင်းပိုင်ရှင်များ နောက်ဆုတ်ခဲ့ရသည်။ စစ်သားများက လုယက်ခူးယူသည့် ရွှေဖရုံသီးများနှင့် ငရုတ်သီးများကို ၎င်းတို့၏ ကားပေါ်သို့ တင်ဆောင်၍ ယူဆောင် သွားခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ လုယက်ခံရသည့် စိုက်ခင်း ပိုင်ရှင်များမှာ --

(၁) ဦးနူရူအာမီးန် (ဘ) ဦးအေရှာဒူလ္လာ (အသက် ၅၀ နှစ်)
(၂) ဦးနူရ်ဟာဆောင်း (ဘ) ဟာဂျီဦးအာမတ်ဟူဆောင်း (အသက် ၃၅ နှစ်)
(၃) ဦးအေဆာန် (ဘ) ဟာဂျီဦးအာမတ်ဟူဆောင်း (အသက် ၂၅ နှစ်)
(၄) ဦးရော်ဖိခ် (ဘ) ဟာဂျီဦးအာမတ်ဟူဆောင်း (အသက် ၃၀ နှစ်)
(၅) ဦးအီမာန်ဟူဆောင်း (ဘ) ဦးလာလ်မာမတ် (အသက် ၅၀ နှစ်) -- တို့ဖြစ်သည်။

မတ်လ (၁၄) ရက်နေ့တွင် ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ အောင်ဇေယျ (န.တ.လ) ရွာရှိ စိုက်ခင်းများ ထဲသို့ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားများ၊ ဆိတ်များ ၀င်ရောက် ကျက်စားသည်ဟု အကြောင်းပြ၍ တိရစ္ဆာန်များကို ထိန်းသိမ်း ထားပြီး တစ်ကောင်လျှင် ဒဏ်ငွေ ၅ ထောင်ကျပ်ဟု ဆိုကာ ရခိုင်ရွာသားများက ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဒဏ်ငွေပေးဆောင်ပြီး နွား၊ ဆိတ်များ ပြန်လည်ရွေးယူ လာသူများမှာ --

(၁) ဦးဆွေတာလာမ် (ဘ) ဦးဟာလာမျာ (အသက် ၃၀ နှစ်) - နွားတစ်ကောင် အတွက် ငွေကျပ် ၅ ထောင် ပေးရ
(၂) ဟာဖီးဇ် နူရူ (ဘ) ဦးလာလ်မာမတ် (အသက် ၄၂ နှစ်) - နွားတစ်ကောင် အတွက် ငွေကျပ် ၅ ထောင် ပေးရ
(၃) ဦးအီဆုပ် (အသက် ၅၀ နှစ်) -- ဆိတ် ၄ ကောင် အတွက် ငွေကျပ် ၂ သောင်း ပေးရ -- တို့ဖြစ်သည်။

ထိုကဲ့သို့ အနိုင်ကျင့်၍ ငွေညှစ်ခြင်းကို သက်ဆိုင်ရာသို့တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်း ပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ ၎င်းက “သူတို့ဘက်က နွားတွေ ဆိတ်တွေ တွေ့တာနဲ့ ဟိုအပင်စားတယ်၊ ဒီအပင် စားတယ် ဆိုပြီး ဒဏ်ငွေတောင်းတယ်။ သူတို့ နွားတွေ၊ ဆိတ်တွေလည်း ကျွန်တော်တို့ စိုက်ခင်းထဲ လာရင် စိုက်ခင်း ပျက်စီးတာပဲ၊ ကျွန်တော်တို့ ဘာဒဏ်ငွေမှ မတောင်းဘူး၊ တကယ်လို့ သူတို့ လုပ်တဲ့အတိုင်း ကျွန်တော်တို့ လိုက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ကို နယ်ခြားစောင့် ရဲတွေ လာဖမ်းမှာ အသေအချာပဲ” ဟု ပြောပါသည်။



ရိုဟင်စိုးမိုးဝင်း (MYARF)
RB News
17.3.2015

မကြာမီ ရက်ပိုင်း အတွင်းက တုန်လှုပ် ချောက်ချားဖွယ် သတင်း တစ်ရပ်ကို ကြားသိရလို့ နေမထိထိုင်မသာ ဖြစ်ခဲ့မိသည်။ သတင်းကတော့ လူတိုင်းလိုလို ကြားသိခဲ့သော သင်္ဘောနစ်မြုပ်မှု သတင်းသာ ဖြစ်သည်။

နစ်မြုပ်

တောင်ကုတ်မှ စစ်တွေသို့ ပြေးဆွဲနေသည့် ရခိုင် တိုင်းရင်းသားများ သယ်ဆောင် လာသော ပြည်တွင်း ရေကြောင်း နှစ်ထပ် သင်္ဘော အောင်တံခွန် (၃) သည် ကျောက်ဖြူနှင့်မြေပုံ အကြား နောင်တော်ကြီးမြစ်အား ဖြတ်ကူးစဉ် မတ်လ ၁၃ ရက်နေ့ ည ၇ နာရီ ၁၅ အချိန်တွင် သင်္ဘောဦးပိုင်း ရေဝင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (စစ်တွေ) မှ သတင်း ထုတ်ပြန် ထားပါသည်။

သေဆုံး

အဆိုပါ သင်္ဘောတွင် စီးနှင်း  လိုက်ပါလာသော ခရီးသည် ၄၀၀ လောက်ရှိသည်ဟု တာဝန်ရှိသူများက ယူဆ ထားပါသည်။ ထိုအထဲမှ တချို့ ခရီးသည်များကို အသက်ရှင် ကယ်တင်နိုင်ခဲ့ပြီး တချို့ခရီးသည်များ အသက် ဆုံးရှုံးခဲ့ရသည်။ တန်ဖိုးရှိလှသောလူတို့၏ အသက်ပေါင်း များစွာ ဆုံးရှုံးမှု တစ်ခုပင်ဖြစ်သည်။

မတော်တဆမှုမျိုးများ

စာရေးသူ ဖတ်မှတ် လေ့လာ မှတ်သားခဲ့မိသမျှထဲ တွင် ယာဉ်မတော်တဆမှု အမျိုးမျိုး ရှိသည်ကို တွေ့ရသည်။ ယာဉ်မတော်တဆမှုများ ဖြစ်စေသည့်အကြောင်းရင်းများထဲမှာ (၁) လူကြောင့်ဖြစ်သည့် ယာဉ်မတော်တဆမှု၊ (၂) ယာဉ်၏ အစိတ်အပိုင်း များကြောင့် ဖြစ်သည့် ယာဉ်မတော်တဆမှု၊ (၃) ရာသီဥတုကြောင့် ဖြစ်သည့် မတော်တဆမှု ဟူ၍ အဓိကအသွင် ၃ မျိုးဖြင့် ဖြစ်ပွားနေသည်ကို သတိထားမိသည်။

ယခုဖြစ်ပွားခဲ့သည့် မတော်တဆမှု

ရခိုင်ပြည်နယ် အတွင်း ပြေးဆွဲနေသော အောင်တံခွန် သင်္ဘော အပါအဝင် သင်္ဘော အများစုမှာ ဟောင်းနွမ်းနေပြီဖြစ်ပြီး ပင်လယ်ရေငန် စားသည့်ဒဏ်ကြောင့် သင်္ဘော ဝမ်းဗိုက်ပေါက်ခြင်းမျိုးများ မကြာခဏ ကြုံတွေ့ ရလေ့ရှိသည်။ ဤအချက်ကို သုံးသပ်ခြင်းအားဖြင့် ယာဉ်၏ အစိတ်အပိုင်း များကြောင့်ဖြစ်သည့် ယာဉ်မတော်တဆမှုဟူ၍ ကောက်ချက်ချနိုင်သည်။

မည်သူတို့မှာ တာဝန်ရှိသနည်း 

ရခိုင်ပြည်နယ် အတွင်း ရေလမ်းခရီးကို ရှပ်ပြေးယာဉ်မျာြးေ ပးဆွဲသည့် ခေါက်ရေနည်းသည်က တစ်ကြောင်း၊ ဈေးနှုန်းမြင့်မားသည်က တစ်ကြောင်း တို့ကြောင့် ဒေသခံ အများစုသည် ဈေးနှုန်း ချိုသာသော ဤသင်္ဘောများကိုပဲ အားထား သွားလာနေကြခြင်း ဖြစ်သည်။ ဤသို့ ယာဉ်စီးနှင်ခ မြင့်မားမှုကြောင့် ဒေသခံ အများစုသည် လုံခြုံမှုမရှိသော ရေယာဉ်များကို အသုံးပြု သွားလာ နေရသည်။ ဤအကြောင်းကြောင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားပြီး ခရီးသည်များ၏ အသက်ပေါင်း များစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။ ဤဆုံးရှုံးမှုများသည် ပြည်သူတို့၏ ဘဏ္ဌာငွေကို အသုံးပြုနေသော နိုင်ငံတော် အစိုးရ၏ ပေါ့ဆမှုကြောင့်ပင် ဖြစ်ပွားခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှာ တာဝန် အပြည့်ရှိသည်ဟု ယုံကြည်သည်။

နစ်နာသူများ 

ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် ရခိုင် လူမျိုးများစွာ အသက် ဆုံးရှုံးခဲ့ရသည်။ ရခိုင်လူမျိုးစု အတွက် ကြီးမားသော ဆုံးရှုံးမှုဟု ဆိုလျှင်လည်း မှန်လှသည်။ စာရေးသူ အနေဖြင့် အလွန် ဝမ်းနည်း ပါသည်၊ မျက်ရည်ပူများပင် ကျမိနေသည်။ စာရေးသူတို့ မွတ်စလင် အသိုင်းအဝိုင်း ကလည်း အသက် ဆုံးရှုံးသွားသူတို့ အတွက် ပူဆွေးသောက ရောက်နေသည်။ ရခိုင်ပြည်နယ် အတွင်း မှီတင်း နေထိုင်ကြသော မွတ်စလင် အသိုင်းအဝိုင်း အတွက်လည်း ကြီးမားသော ဆုံးရှုံးမှုဟု ခံယူပါသည်။ ဤသို့ ခံယူခြင်းကား အသက် သေဆုံးသူ များထဲတွင် ရခိုင်ပြည်နယ် တစ်ခုလုံးကို အကျိုး ဖြစ်ထွန်းစေမည့် ဝန်ထမ်းများ၊ ပညာရှင်များ၊ စီးပွားရေးသမားများ၊ အနာဂတ်သားကောင်း အညွှန့်ကောင်းများ ပါရှိမည်မှာ အမှန်ပင်ဖြစ်သော ကြောင့်ပေတည်း။ ရခိုင်ပြည်နယ်သည် လူမျိုးစုံ ဘာသာပေါင်းစုံဖြင့် ရှေးပဝေသဏီကပင် အတူတကွ ယှဉ်တွဲ နေထိုင်လာသော ပြည်နယ် တစ်ခု ဖြစ်သောကြောင့် မတော်တဆမှု၏ ဆိုးကျိုး နစ်နာခံ ရသူများမှာ ရခိုင်ပြည်နယ် အတွင်း မှီတင်း နေထိုင်သော လူမျိုးစု အားလုံးသာ ဖြစ်သည်ဟု ယုံကြည်ပါသည်။

စံမြန်းပါစေသောဝ်

နစ်မြုပ်မှုတွင် အသက် ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူ အပေါင်း ရောက်လေရာ ဘဝဆက်တိုင်းတွင် ဤသို့သော အဖြစ်သနစ်မှုမျိုး မခံစားရဘဲ မြတ်သောနိဗ္ဗာန်ကို စံမြန်းနိုင်ပါစေသောဝ်။

နိုင်ငံတော်အစိုးရအား အကြံပြုချက် 

ရေယာဉ်များ အသုံးပြု သွားလာနေသော ပြည်သူများသည် လိုအပ်သည့် လုံခြုံမှုရှိသော ရေယာဉ်များကို စီးနှင်းခွင့်ရရှိအောင် နိုင်ငံတော် အစိုးရအနေဖြင့် အတိုင်းအတာ တစ်ခုအထိ ဖန်တီး ပေးသွားမည် ဆိုပါက တန်ဖိုးရှိလှသော လူတို့၏ အသက်ပေါင်းများစွာ ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ လျော့နည်းပပျောက် သွားမည်ဟု အပြည့်အဝ ယုံကြည်မိပါကြောင့်း့။

ရွှင်လန်းချမ်းမြေ့ကြပါစေ့။



MYARF
RB News
17.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဘင်္ဂလီ အမည်ဖြင့် နိုင်ငံသား လျှောက်ထားသူ အချို့ကို မြို့နယ် လ.၀.က ရုံးသို့ ခေါ်ယူ၍ စစ်ဆေးရာတွင် ရှုပ်ထွေးသည့် မေးခွန်းများ မေးမြန်းခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်မှ ဘင်္ဂလီ အမည်ဖြင့် နိုင်ငံသား လျှောက်ထားသူ အချို့ကို မြို့နယ် လ.၀.က ရုံး၌ စစ်ဆေးခဲ့ရာ၊ မောင်တောမြို့နယ် လေးမိုင်ရပ်ကွက်မှ ဦးဟူဆောင်းအာမတ် (စစ်မှုထမ်းဟောင်း)၊ ဦးဇော်ရိုးနှင့် ဦးရော်ဖိခ်တို့ကို မတ်လ (၁၄) နေ့က စစ်ဆေးခဲ့သည်။

“သူတို့ကို စစ်ဆေးတာမှာ ဘင်္ဂလားဒေ့ရှ်က ဘယ်နှစ်ခုနှစ်မှာ ရောက်လဲ၊ ဘင်္ဂလားဒေ့ရှ်မှာ ဘယ်အရပ်ဒေသမှာ နေထိုင် ခဲ့ဖူးသလဲ၊ အဲဒီအချိန်တုန်းက ဘင်္ဂလားဒေ့ရှ်က အဲဒီ အရပ်ဒေသမှာ ဘယ်သူ အုပ်ချုပ်ခဲ့သလဲ၊ မြန်မာနိုင်ငံဘက် ၀င်ရောက်လာတဲ့ အချိန်မှာ မောင်တောခရိုင်မှာ ဘယ်သူ လ.၀.က ဦးစီးမှူးက ဘယ်သူလဲ၊ စတဲ့ ရှုပ်ထွေးတဲ့ မေးခွန်းတွေ မေးပါတယ်။ ဦးဟူဆောင်းအာမတ်နဲ့ ဦးဇော်ရိုး တို့က ဘာမှ ပြန်မဖြေတော့ တစ်နေကုန် လ.၀.က ရုံးမှာ ထိုင်ခိုင်း ထားခဲ့တယ်။ ဦးရော်ဖိခ်ကတော့ ဘာကြောင့် ဒီလို ရှုပ်ထွေးတဲ့ မေးခွန်းတွေ မေးရလဲဆိုပြီး မေးခွန်းထုတ်တော့ လ.၀.က တွေနဲ့ စကားများ ခဲ့ရတယ်။ အဲဒီမှာ ဦးရော်ဖိခ်က ငါတို့က အမှန်တကယ် ဘင်္ဂလီ မဟုတ်ဘူး၊ ရိုဟင်ဂျာ တွေသာ ဖြစ်တယ်။ အာဏာပိုင်တွေရဲ့ အတင်းအဓမ္မ စေခိုင်းမှုကြောင့် အခုလို ဘင်္ဂလီ နာမည်နဲ့ နိုင်ငံသား လျှောက်နေရတာလို့ ပြောခဲ့တယ်လို့ သိရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးရော်ဖိခ် ပြောဆိုပြီးနောက် ခရိုင် လ.၀.က ဦးစီးမှူးက “မင်းတို့ကို လိမ်လည်မှုနဲ့ ထောင်ကျအောင် လုပ်မယ်” ဟု ပြောကြား၍ ခြိမ်းခြောက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
17.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများအကြား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၃ ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၅) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် သောက်စား မူးယစ်၍ စကားများပြီးနောက် အပြန်အလှန် ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့် ရဲနှစ်ဦး ထိုနေရာတွင်ပင် သေဆုံးခဲ့ပြီး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားစဉ် စခန်းတွင် စခန်းတာဝန်ခံ မရှိခဲ့သော်လည်း၊ အခင်း ဖြစ်ပွားပြီးနောက် အင်းဒင်ရှိ စခန်း အမှတ် (၁၈) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး ရောက်ရှိလာပြီး သေဆုံးသူ နှစ်ဦး၏ အလောင်းများနှင့် ဒဏ်ရာ ရရှိသူ တစ်ဦးကို ကားများဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ဒဏ်ရာရရှိသူ တစ်ဦးလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် သေဆုံး သွားကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဘင်္ဘောကွဲ စခန်း တာဝန်ခံနှင့် အဆိုပါ စခန်းမှ တပ်ဖွဲ့ဝင် များကို ဌာနချုပ်တွင် ချုပ်နှောင် ထားကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
16.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နတ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက ရွာသား အချို့ကို ခြိမ်းခြောက်၍ ကြိမ်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဆင့်ခေါ်သောကြောင့် တိမ်းရှောင် နေရကြောင်း သတင်း ရရှိပါသည်။

မတ်လ (၈) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း နတ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက ၎င်းကျေးရွာမှ ဒေသခံ ရွာသား (၈) ဦးကို ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ်နှင့် တွေ့ဆုံ၍ ရဲအုပ်က ဆင့်ခေါ်ခိုင်းသည်ဟု ပြောဆို၍ ခြိမ်းခြောက်ခဲ့သည်။ ရွာသား (၈) ဦးက ၎င်းတို့ကို အကြောင်းမဲ့ ဖမ်းဆီး၍ ချုပ်နှောင်ထားမည်ကို စိုးရိမ် ကြောက်ရွံ၍ နေအိမ်များတွင်ပင် မနေ၀ံ့တော့ဘဲ တိမ်းရှောင်နေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ၂၀၁၄ ခုနှစ်ကဲ့သို့ နယ်ခြားစောင့် ရဲများ ရွာထဲသို့ ၀င်ရောက်၍ သောင်းကျန်းပြီး အပြစ်မဲ့ ဒေသခံ ရွာသားများကို ဖမ်းဆီးမည်ကိုလည်း ရွာသားများက စိုးရိမ်နေကြသည်။

ခြိမ်းခြောက်ခံရမှုကြောင့် တိမ်းရှောင်နေရသည့် ရွာသား (၈) ဦးမှာ --

(၁) ဦးနော်ဇူမူလ်ဟောက် (ဘ) ဦးရှောမ်ရှုအာလာမ် (အသက် ၃၆ နှစ်) - နတ်ချောင်း ကျေးရွာအုပ်စု ဂါရာပြင်ရွာမှ
(၂) ဦးဟူစိန်းဂျူဟာရ် (ဘ) ဦးမိုဟာမတ်ရော်ဖိခ် (အသက် ၂၈ နှစ်) -- နတ်ချောင်း ကျေးရွာအုပ်စု ဂါရာပြင်ရွာမှ
(၃) ဦးမိုဟာမတ်အာမီးန် (ဘ) ဦးအိုလာမျာ (အသက် ၄၆ နှစ်) -- နတ်ချောင်း ကျေးရွာအု့ပ်စု ဂါရာပြင်ရွာမှ
(၄) ဦးဂျမာလ်ဟူစိန်း (ဘ) ဦးမာမတ် -- နတ်ချောင်း ကျေးရွာအုပ်စု ဂါရာပြင်ရွာမှ
(၅) ဦးအဒူဂေါ်နီ (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၃၂ နှစ်) -- နတ်ချောင်း ကျေးရွာအုပ်စု၊ တပ်ချောင်းရွာမှ
(၆) ဦးရှော်ရီဟူစိန်း (ဘ) ဦးအဒူဟာမိတ် (အသက် ၅၃ နှစ်) -- နတ်ချောင်း ကျေးရွာအုပ်စု၊ တပ်ချောင်းရွာမှ
(၇) ဦးမိုဟာမတ်တူဟား (ဘ) ဦးမိုဟာမတ်နာဇိရ် (အသက် ၃၅ နှစ်) -- နတ်ချောင်း ကျေးရွာအုပ်စု၊ တပ်ချောင်းရွာမှ
(၈) ဦးနူရ်မုစ်တာဖာ (ဘ) ဦးအဒူဆော်လာမ် (အသက် ၃၈ နှစ်) -- နတ်ချောင်း ကျေးရွာအုပ်စု၊ တပ်ချောင်းရွာမှ -- တို့ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင်လည်း ၎င်းကျေးရွာ အုပ်စုမှ ဦးနော်ဘီဟူစိန်း (ဘ) ဦးအာမတ်ဟူစိန်းကို RSO နှင့် ဆက်သွယ်မှု ရှိသည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး ယခုအချိန်ထိ ချုပ်နှောင်ထားသည့် အပြင် အခြားသုံးဦးကိုလည်း ထိုကဲ့သို့ လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ထောင်ချခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
16.3.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကွမ်းသီးပင် ကျေးရွာ အုပ်စုမှ တရားခံ မပေါ်သည့် လူသတ်မှု တစ်ခုကို အကြောင်းပြ၍ နယ်ခြားစောင့် ရဲများ၏ တပည့်များက စီးပွားရှာလျက် ရှိကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာအုပ်စုမှ ဦးရှော်ကောတ်အလီသည် လွန်ခဲ့သည့် ၆ လ ကျော်က ဓါးဖြင့် ခုတ်သတ်ခံရသော်လည်း တရားခံကို ယခုအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသလို၊ ၎င်း၏ မိသားစုကလည်း မည်သူ တစ်ဦး တစ်ယောက်ကိုမှ စွပ်စွဲ၍ နှောက်ယှက်ခြင်း မရှိခဲ့ဟု ဒေသခံများက RB News သို့ပြောသည်။

ယခုအခါ ၎င်းကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ တပည့်များ ဖြစ်သော ဆယ်အိမ်မှူး ဦးမူဖိစ်နှင့် ဦးအေမာရာန်တို့ နှစ်ဦးက ဦးရှောကောတ်အလီ အသတ်ခံရမှုကို အကြောင်းပြ၍ စီးပွားရှာလျက် ရှိနေသည်ဟု ဆိုသည်။ နေ့စဉ်နေ့တိုင်း ဒေသခံ ရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည့်အပြင် ၎င်းတို့နှင့် ရန်ငြိုး ရှိသူများကို ဦးရှော်ကောတ်အလီကို ခုတ်သတ်ခဲ့သူများဟု ဆိုကာ နယ်ခြားစောင့် ရဲများအား တိုင်တန်း၍ ဖမ်းဆီးစေကြောင်း ဒေသခံများက ပြောပါသည်။

မတ်လ (၂) ရက်နေ့က ၎င်းကျေးရွာမှ ဦးအာဘူဆော်ယာဒ် (ဘ) ဦးရော်ဇော်ခ်အလီ (အသက် ၄၅ နှစ်) ကို တောင်ပြိုလက်ယာ (ယခင် နယ်မြေ ၃ စခန်း) မှ နယ်ခြားစောင့် ရဲများ ခေါ်ယူလာ၍ ဖမ်းဆီးစေခဲ့သည်။ မတ်လ (၁၄) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင်လည်း တောင်ပြိုလက်ယာ စခန်းမှ နယ်ခြားစောင့် ရဲများ ခေါ်ဆောင်လာပြီး မိုဟာမတ် တာဟဲရ် (ဘ) ဦးမိုဟာမတ်ဆော်ယာဒ် (အသက် ၂၅ နှစ်) နှင့် ဇော်ဟိရ်အုလ္လာ (ဘ) ဦးဆွေတာလမ် (အသက် ၂၃ နှစ်) တို့ကို ဗလီတွင် ၀တ်ပြုနေစဉ် ဖမ်းဆီး ခေါ်ဆောင် သွားစေခဲ့သည်။ ဖမ်းဆီးခံရသူ (၃) ဦးကို တောင်ပြိုလက်ယာ စခန်းတွင် နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်၍ စစ်ဆေးလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ထိုကဲ့သို့ လုပ်ကြံ၍ ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသဖြင့် ဒေသခံ ရွာသားများ အထိတ်တလန့် ဖြစ်လျက် ရှိပြီး ညအချိန်တွင် ရွာအတွင်းရှိ အမျိုးသားများ နေအိမ်တွင် မအိပ်ဝံ့တော့ဘဲ ရှောင်တိမ်း နေရကြောင်း သိရသည်။ ထိုကဲ့သို့ မတရားသဖြင့် ပြုမှုနေခြင်း များကြောင့် ရွာသားများ ဒေါသပေါက်ကွဲလာလျှင် နယ်ခြားစောင့် ရဲများ၏ တပည့်များနှင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံများ စိုးရိမ် ပူပန်လျက် ရှိသည်။



16.3.2015

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားတဲ့ ပါတီဝင် ၂ သောင်းကျော် ကို ပါတီကနေ ထုတ်ပယ် လိုက်ပြီး ထုတ်ပယ် လိုက်တဲ့ စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့လိုက် ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်တဲ့ စည်းမျဉ်း ဥပဒေ အတိုင်း လိုက်နာတာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ကျနော်တို့ တိုင်းနဲ့ပြည်နယ် ၁ဝ ခုလောက်က ရတဲ့ စာရင်းတွေကို တင်ထားပြီးပြီ၊ နောက်ထပ် လာနေ သေးတော့ မစုံသေးဘူး၊ နှစ်သောင်းလောက် ရှိတယ် ထင်တယ် ပါတီဝင် အဖြစ်ကနေ ပယ်ဖျက်လိုက်တာ၊ ဒါက ဥပဒေအရ ပြင်သွားတဲ့ ကိစ္စပဲ၊ ဝှိုက်ကတ် မပါရဘူး၊ မဲမပေးရဘူးလို့ ဥပဒေ ပြဌာန်းရင် ကျနော်တို့ ဒီဥပဒေကို လိုက်နာရမယ်"
အဲဒီ အဖွဲ့ဝင်ဟောင်း တွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၀ ခုက အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဆက်လက် စစ်ဆေးဖို့ ရှိသေးတယ်လို့ ပြောပါတယ်။

ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူတွေကို နိုင်ငံရေး ပါတီဝင် အဖြစ်ကနေ ထုတ်ပယ်ဖို့နဲ့ ညွှန်ကြားချက်ကို လိုက်နာမှု မရှိရင် ပါတီ ဖျက်သိမ်းတဲ့ အထိ အရေးယူ သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့နှစ်က ကြေညာ ထားတာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှာ ပါတီဝင် အင်အား ၃ သန်းနီးပါး ရှိတယ်လို့ သိရပါတယ်။

RB News
16.3.2015

ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီ (DHRP) မှ နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော် အကြီးအကဲများထံသို့ အကြံပြုချက် တစ်ရပ်ကို မတ်လ (၉) ရက်နေ့က ရေးသား ပေးပို့ခဲ့သည်။











Rohingya Eye
RB News
15.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ ရွာသားများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လျက် ရှိရာ၊ လူငယ်တစ်ဦးကို တရားမ၀င် လက်ထပ် ပေါင်းသင်း နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာသည် ကျေးရွာသား များအား မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထို့အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အစ်ကို ဖြစ်သူ ဦးနူရ်အာလောမ် (ခ) ဆော်ဒါးန်သည် ညီဖြစ်သူ အုပ်ချုပ်ရေးမှူး၏ အရှိန်အ၀ါဖြင့် လယ်ထွန်ရန် အကြောင်းပြ၍ ငှားရမ်းသွားသည့် နွားနှစ်ကောင်ကို ပိုင်ရှင်ထံ ပြန်လည် အပ်နှံခြင်း မပြုပဲ ၎င်းပိုင်ကဲ့သို့ ထိန်းသိမ်းထားကြောင်း သိရသည်။ 

မတ်လ (၈) ရက်နေ့က ဆွဲ၊တင်၊စစ် အဖွဲ့ လာရောက်၍ စစ်ဆေးရာတွင် ပြောင်းရွှေ့ တစ်သောင်းကျပ်မှ နှစ်သောင်းကျပ်ထိ၊ ပယ်ဖျက် သုံးထောင်ကျပ်၊ အပြင် လွန်ခဲ့သည့်နှစ် ဇွန်လက တရားမ၀င် ခိုးဝင် ဘင်္ဂလီ လူဦးရေ စာရင်းတွင် “စစ်ဆေးခံပြီ” ဟု တံဆိပ် ရိုက်နှိပ်ခြင်း မရှိသည့် အိမ်ထောင်စု စာရင်းများ အတွက် မိသားစု တစ်စုလျှင် ငွေကျပ် သုံးသောင်းမှ ငါးသောင်းကျပ် အထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မတ်လ (၈) ရက်နေ့တွင်ပင် မာမတ်ဟာရဲစ် (ဘ) မော်လ၀ီကော်ဘိရ် (အသက်၂၃ နှစ်) ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ တရားမ၀င် လက်ထပ် ပေါင်းသင်း နေသည်ဟု မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် သုံးသိန်း တောင်းခံရာ အဆိုပါ လူငယ်က မည်သည့် အိမ်တွင် သွားရောက်၍ တရားမ၀င် ပေါင်းသင်း နေသည်ကို သိရှိလိုကြောင်း မေးမြန်းသော်လည်း အုပ်ချုပ်ရေးမှူးက “မင်းဘယ်ကို သွားတယ်ဆိုတာ ငါ ပြောစရာမလိုဘူး၊ ငါတောင်းနေတဲ့ ငွေမပေးဘူး ဆိုရင် နယ်ခြားစောင့် ရဲကို ခေါ်လာပြီးတော့ မင်းကို အပ်မယ်၊ ငါက ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုရဲ့ လူယုံဆိုတာ မင်းသိလား” ဟု ပြောဆို ခြိမ်းခြောက်၍ အကျပ်ကိုင်သောကြောင့် မတတ်သာသည့် အဆုံးတွင် အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေကျပ် သုံးသိန်းကို ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး၏ အစ်ကို ဖြစ်သူ ဦးနူရ်အာလောမ်မှ လယ်ထွန်ရန် အကြောင်းပြ၍ ငှားရမ်းပြီးနောက် ပြန်လည် မအပ်နှံတော့သည့် နွားနှစ်ကောင်၏ ပိုင်ရှင်မှာ ဦးဖူရုခ်အာမတ် (ဘ) ဦးလာလ်မာမတ် (အသက် ၄၂ နှစ်) ဖြစ်ပြီး၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရွာသား တစ်ဦးက “ကျွန်တော်တို့ ရွာသားတွေက မဲထည့်ပြီး ရွေးကောက် တင်မြှောက် ထားတဲ့ အုပ်ချုပ်ရေးမှူးက ဦးဇော်ကော်ရီယာပါ၊ သူရဲ့ အစ်ကို မဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှူးက ရွာသားတွေကို ကာကွယ်ပေးရမယ့် တာဝန် ရှိပေမယ့်လည်း သူကိုယ်တိုင် ငွေညှစ်တယ်၊ ပြီးတော့ ရဲမှူးချုပ် တင်ကိုကိုရဲ့ အရှိန်အ၀ါနဲ့ ရွာသားတွေကို ရက်စက် နေတယ်။ သူ့အစ်ကိုလည်း တစ်မျိုး ဒုက္ခပေးနေတယ်။ ကျွန်တော်တို့လည်း ဘယ်ကို တိုင်ရမှန်း မသိဘူး ဖြစ်နေတယ်” ဟု ပြောပါသည်။


အင်ကြင်းနိုင်
15.3.2015

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီး ပင်လယ်ပြင်မှာ မတ်လ (၁၃)ရက်နေ့က နစ်မြှုပ် သွားတဲ့ အစိုးရပိုင် အောင်တံခွန် နှစ်ထပ် သင်္ဘောနဲ့ လိုက်ပါသွားသူ ခရီးသည် ဦးရေ ခန့်မှန်းခြေ (၅၀) နီးပါးလောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန် ကြေညာ ထားပါတယ်။ သင်္ဘော နစ်မြုပ်ရတဲ့ အကြောင်းရင်းဟာ သတ်မှတ်ထားတဲ့ အလေးချိန်ထက် အလွန်အကျွံ ပိုပြီးတင်လာတဲ့ ခရီးသည်နဲ့ ကုန်ပစ္စည်း တွေကြောင့် ဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီနေတဲ့ ဒေသခံတဦး ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံ ပြောပြမှာပါ။

တောင်ကုတ် မြို့ကနေ စစ်တွေမြို့ကို ထွက်ခွာ လာတဲ့ အောင်တံခွန် နှစ်ထပ် သင်္ဘောဟာ ကျောက်ဖြူမြို့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ဆက်လက် ထွက်ခွာ လာရာ မြေပုံမြို့နယ် မြောက်ကျွန်း အနီးမှာ သောကြာနေ့ ည (၉)နာရီကျော် ပတ်ဝန်းကျင်လောက်မှာ စတင် နစ်မြုပ် သွားတာ ဖြစ်ပါတယ်။ သင်္ဘော နစ်မြုပ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ ကျောက်ဖြူ လူမှုကွန်ယက်အဖွဲ့နဲ့ နာရေး ကူညီမှုအသင်း တာဝန်ခံ ဦးထွန်းလွင်ကပြောပါတယ်။

“ရာသီဥတု ဆိုးလို့ မဟုတ်ဘူး၊ သင်္ဘောက အိုဟောင်းနေပြီ။ နောက်တခါ သင်္ဘောထဲမှာ ပစ္စည်းတွေ အဆမတန် များတယ်။ သံတွေ ပါတယ်။ နောက်ပြီးမှ မီးတိုင်တွေ ပါတယ်လို့လည်း ကျနော်တို့ သိရတယ်။ လူကလည်းပဲ ၃၀၀ ကျော်လောက် အဲဒိသင်္ဘောပေါ်မှာ ပါတာဗျ။ အဲဒါကြောင့် ဖြစ်တာဗျ။”

သင်္ဘော နစ်မြှုပ်တဲ့ နေရာကို ကျောက်ဖြူမြို့က လူမှုရေး အဖွဲ့အစည်း တွေလည်း ကယ်ဆယ်ရေး မော်တော်တွေနဲ့အတူ လိုက်ပါပြီး ကူညီ ခဲ့ကြပါတယ်။ အဲဒီမှာ တွေ့ကြုံရတဲ့ အခြေအနေ ကိုတော့ ဦးထွန်းလွင်က အခုလို ပြောပြပါတယ်။

“ကျောက်ဖြူက မီးသတ်တို့၊ ရဲတို့ အုပ်ချုပ်ရေးမှူးရုံး တွေက သွားကြတယ်။ သို့သော်လည်း ညဘက် ၂ နာရီလောက်မှ အဲဒီကို ထွက်သွားတဲ့ အခါကျတော့ သင်္ဘောမြုပ်ပြီး ဆယ်နာရီ လောက်ကြာမှ သူတို့ ရောက်သွား တာဗျ။ အမှန် ကယ်လိုက်တာက သင်္ဘောပေါ် မှာပါတဲ့ ဝါးတွေဗျ။ သင်္ဘောပေါ်မှာ ပါတဲ့ ဝါး တွေက အစည်းပေါင်း ၆၀ လောက်ပါတယ်။ အဲဒီဟာက ကယ်လိုက်တာ၊ ဘယ်သူမှ ကယ်တာ မဟုတ်ဘူး။ အဲဒီဝါးတွေ မပါရင် အကုန်လုံးသေမှာ၊ အဲဒီ သင်္ဘောပေါ်က လူတွေ၊ ဒီက ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်တဲ့ဟာက ဆယ်နာရီလောက် ကြာပြီးမှ ရောက်ကြတာ ဖြစ်တယ် ဆိုတော့ သူတို့ ရောက်သွားတဲ့ အခါကျတော့ ရွာသားတွေက ရွာသားတွေက ကယ်ထားတဲ့ လူတွေကိုပဲ ကျောက်ဖြူကို ခေါ်လာတာ။ ကယ်ဆယ်ရေး အဖွဲ့တွေက”

အခုချိန်ထိ နစ်မြှုပ်သွားတဲ့ သင်္ဘောထဲမှာ ပါသွားတဲ့ ခရီးသည် အလောင်းတွေကို ဆယ်ယူလို့ မရသေးဘူးလို့ ဦးထွန်းလွင်ကပြောပါတယ်။ စနေနေ့ညက ကျောက်ဖြူ ဆေးရုံကို သယ်ဆောင် လာတဲ့ ခရီးသည် အလောင်း (၃၃) လောင်းထဲမှာ အမျိုးသမီး (၂၈) ဦး၊ ယောက်ျား (၄) ဦး၊ ကလေး (၃) ဦးနဲ့ ဘုန်းကြီး (၁) ပါးတို့ ပါဝင်ပါတယ်။

အသက်မသေဘဲ လွတ်မြောက် လာတဲ့ ခရီးသည် (၃၅) ဦးကို ရေတပ် အကူအညီနဲ့ကျောက်ဖြူမြို့ကို ပို့ဆောင်ခဲ့ပြီး အလက (၄) မှာ အာဏာပိုင်တွေ ယာယီ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းမှာ ကူညီ စောင့်ရှောက် ထားပါတယ်။ စစ်တွေမြို့ကိုတော့ ကျန်ခရီးသည် (၇၀) ကျော်ကို ပို့ဆောင် ခဲ့တယ်လို့ အစိုးရဘက်က သတင်း ထုတ်ပြန် ထားပါတယ်။

အောင်တံခွန် သင်္ဘောမှာ လက်မှတ်နဲ့ခရီးသည် (၂၁၀) ယောက်အပြင် ပိုက်ဆံပေးပြီး လက်မှတ်မရပဲ စီးတဲ့ခရီးသည် (၁၀၀) ကျော် စုစုပေါင်း ခရီးသည် ဦးရေ (၃၀၀) ကျော်လောက် လိုက်ပါ သွားတယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။ ရေကြောင်းခရီး ပို့ဆောင်ရေးကို အားထား နေရတဲ့ ရခိုင်ပြည်နယ် အတွက် ခိုင်ခံ့ ကောင်းမွန်တဲ့ ခရီးသည်တင် သင်္ဘောတွေကို စီစဉ် ဆောင်ရွက် ပေးသင့်တယ် လို့လည်း သူကပြောပါတယ်။

အစိုးရ သတင်း ထုတ်ပြန်ချက်မှာတော့ လက်ရှိ အချိန်အထိ ခရီးသည် (၁၆၇) ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်းတွေကို ဆယ်ယူ ရရှိခဲ့ပြီး ပျောက်ဆုံး နေသူ စုစုပေါင်း (၄၇) ဦးရှိနေတယ်လို့ ဖေါ်ပြထားပေ မယ့် ဒေသခံတွေဘက် ကတော့ ပျောက်ဆုံးနေတဲ့ ခရီးသည်ဦးရေ ၁၀၀ ကျော်ရှိတယ်လို့ ခန့်မှန်း ထားကြောင်း ဦးထွန်းလွင်က ပြောပါတယ်။



MYARF
RB News
15.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ WY စာတမ်းပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ရခိုင်လူမျိုး (၄) ဦးကို ဘူးသီးတောင် မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၀) ရက်နေ့က စစ်တွေမြို့မှ ရခိုင်လူမျိုး (၄) ဦးသည် စက်လှေတစ်စီးဖြင့် ဆန်အိတ် အပြည့်တင်၍ ဘူးသီးတောင် မြို့နယ်သို့ လာနေစဉ် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ခွဆုံကျေးရွာ ချောင်းရှိ ရေတပ်မှ စက်လှေကို စစ်ဆေးရာ WY စာတမ်းပါ မူးယစ်ဆေးဝါးပြားများ ဆန်အိတ် တစ်အိတ်ထက်မက တွေ့ရှိသဖြင့် သယ်ဆောင်လာသူ (၄) ဦကို ဖမ်းဆီး၍ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲအပ်ခဲ့သည်။

၎င်းတို့ကို ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စစ်ဆေးရာ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် တာဝန်ကျနေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ် တစ်ဦးအတွက် သယ်ယူလာခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ (၄) ဦးကို မတ်လ (၁၄) ရက်နေ့က ဘူးသီးတောင် မြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့ပြီးနောက် ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မတ်လ (၁၄) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင် ကျေးရွာမှ ညောင်ချောင်းသို့ သွားနေသည့် ရခိုင်လူမျိုး နှစ်ဦး၏ ကျောပိုးအိတ်များကို ညောင်ချောင်းမှ နယ်ခြားစောင့် ရဲများက စစ်ဆေးရန် ခေါ်သဖြင့် အိတ်များကို ပစ်ချ၍ နှစ်ဦးစလုံး ထွက်ပြေး သွားခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ကျောပိုးအိတ်များကို စစ်ဆေးခဲ့ရာ အိတ်များတွင် WY စာတမ်းပါ မူးယစ်ဆေးဝါးပြားများ အပြည့်ထည့် ထားသည်ကို သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
15.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက တောင်ပြိုလက်ဝဲမှ ဒေသခံ တစ်ဦး ထံမှ ငွေကျပ် ၃၅ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရေတွင်းပြင် ကျေးရွာမှ မောင်တောမြို့နယ် ပန်းတောပြင် ကျေးရွာရှိ ယောက္ခမအိမ်သို့ ပြောင်းရွှေ့နေထိုင်နေသူ မော်လ၀ီဟိုက်ရ်မာမတ် (ဘ) ဦးကာလာဘော်ဒါသည် မတ်လ (၁၁) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ကားဖြင့် ရေတွင်းပြင် ကျေးရွာမှ မောင်တောမြို့သို့ သွားနေစဉ် ရွှေဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက ယာယီကဒ်ပြားနှင့် ရွာထွက် လက်မှတ် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် မော်လ၀ီဟိုက်ရ်မာမတ် ထံတွင် ပါလာသည့် ငွေကျပ် သိန်း ၂၀ နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်စ်အမ် ဖုန်းတို့ကို နယ်ခြားစောင့် ရဲများက တွေ့ရှိသွားပြီး၊ လောဘဇောဖြင့် သိမ်းဆည်းရန် ကြံစည်ကာ မော်လ၀ီဟိုက်ရ်မာမတ်ကို အသေးစိတ် ရှာဖွေမှုများ ပြုလုပ်၍ အိတ်အတွင်းသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခု ထည့်သွင်း ပေးခဲ့သည်။

ထို့နောက် မော်လ၀ီဟိုက်ရ်မာမတ် ထံမှ ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီး ချုပ်နှောင်၍ ငွေကျပ် ၃၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



MYARF
RB News
15.3.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ နိုင်ငံသား လျှောက်ထားရန် မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၂) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများကို ဆင့်ခေါ်၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက “ဘင်္ဂလီတွေ အနေနဲ့ နိုင်ငံသား အတွက် လျှောက်ရမယ်၊ နိုင်ငံသား အတွက် လျှောက်ထားသူများကို စီစစ်ပြီး နိုင်ငံသား၊ ပြုနိုင်ငံသား၊ ဧည့်နိုင်ငံသား ဆိုပြီး သုံးမျိုး ကဒ်ပြားတွေ ထုတ်ပေးသွားမယ်၊ လူမျိုးကတော့ ဘင်္ဂလီ လို့သာ ရေးသွားမယ်” ဟု ပြောကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။




MYARF
RB News
15.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် လောင်းဒုံ ကျေးရွာနှင့် ငါးစကြူး ကျေးရွာတို့မှ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၂) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ တပ်ကြပ်ကြီးနှင့် အခြား နယ်ခြားစောင့်ရဲ များသည် လောင်းဒုံ ကျေးရွာ အုပ်စု၊ စေတီပြင်တောင်ရွာ (မူရားဖာရာ) မှ ဒေါ်မီနာရာဘေဂမ် (ဘ) ဦးဂူရာမီယာ၏ နေအိမ်သို့ ၀င်ရောက်၍ ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲ၍ စစ်ဆေးခဲ့သည်။ ဘင်္ဂလားဖုန်း မတွေ့ရှိခဲ့သော်လည်း ဒေါ်မီနာရာဘေဂမ်ကို ဖမ်းဆီး၍ လမ်းမကြီးပေါ်သို့ ခေါ်ဆောင်လာပြီး အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည်။

မတ်လ (၉) ရက်နေ့ ည ၉ နာရီ အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ကြပ်ကြီးနှင့် အဖွဲ့သည် ငါးစကြူး ကျေးရွာအုပ်စုမှ ၂၀၁၄ ခုနှစ်တွင် မီးဘေးသင့်ခဲ့သည့် ရွာဖြစ်သည့် ပန်းမြိုင်ရွာသို့ သွားရောက်၍ လမ်းသွားနေသည့် လူငယ်နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်ခဲ့သည်။

ရိုက်နှက်ခံရပြီး ငွေညှစ်ခံရသူ နှစ်ဦးမှာ --

(၁) အာနိုစ်အုလ္လာ (ဘ) ဦးရော်ရှိတ် (အသက် ၁၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၂) ဆော်ယာဒ်ကော်ရီးမ် (အသက် ၃၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း --- တို့ဖြစ်သည်။

လောင်းဒုံစခန်းမှ နယ်ခြားစောင့် ရဲများသည် လောင်းဒုံကျေးရွာနှင့် ငါးစကြူး ကျေးရွာမှ မီးဘေးသင့် ဒုက္ခသည်များ ထံသို့ သွားရောက်၍ မကြာခဏ နှောက်ယှက်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။



RB News
15.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ၀ရကျွန်း ကျေးရွာ အုပ်စုမှ ဒေသခံ (၆) ဦးကို နယ်ခြားစောင့်ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၃) ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ အမှတ် (၂၁) လေးမြို့စခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် ၀ရကျွန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာဘူလ်ဟူစိန်းတို့ ပူးပေါင်း၍ ဒေသခံ (၆) ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ၎င်းတို့ကို မတ်လ (၁၃) ရက်နေ့ ညသန်းခေါင်ယံတွင် ဖမ်းဆီးပြီး မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီး ငွေညှစ်ခံရသူမှာ --

(၁) ဒေါ်ဂုလ်ဆဲရ် (ဘ) ဦးရှုနာအလီ -- ဒိုးတန်းရွာမှ
(၂) ဦးအာရောဖ်အာမတ် (ဘ) ဦးအစ္စလာမ်-- ဒိုးတန်းရွာမှ
(၃) ဦးအစ္စလာမ် (ဘ) ဦးမာမတ်ဆိဒိခ် -- ဒိုးတန်းရွာမှ
(၄) ဦးမာမတ်နူရ် (ဘ) ဦးအဒူရော်ဟိမ်း -- ဇော်ဘော်ရွာမှ
(၅) ဦးအူမောရ်ဟိုက်ရ် (ဘ) ဦးအာမီးရ်ဟမ်ဇား -- ဇော်ဘော်ရွာမှ
(၆) ဦးဆီရာဇ် -- ဆေးအိုးကျ ကျေးရွာမှ -- တို့ဖြစ်သည်။

ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၆) ဦးထံမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ စခန်းမှူး အတွက် ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာဘူလ်ဟူစိန်း အတွက် ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဝရကျွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးသည် အမြဲမူးယစ် နေသူ တစ်ဦး ဖြစ်ပြီး၊ ဌာနဆိုင်ရာများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ပြီး အမြဲတစေ ဒုက္ခပေးလျက် ရှိသည်ဟု ဆိုသည်။

Rohingya Exodus