နောက်ဆုံးသတင်း/ဆောင်းပါးများ
RB News
30.3.2015
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဒိန်းမတ်နိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့် ရိုဟင်ဂျာ ညီလာခံမှ သဘောတူညီချက် အရ ရိုဟင်ဂျာ ကိုယ်စားလှယ် သုံးဦးပါဝင်သည့် အဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်ရှိ ဥရောပ ကော်မရှင်၊ ဥရောပ ပါလီမန်နှင့် အခြားသော အဖွဲ့အစည်းများနှင့် သွားရောက် တွေ့ဆုံခဲ့သည်။ ကိုယ်စားလှယ် အဖွဲ့တွင် ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အစည်းအရုံးမှ ဥက္ကဌ ဦးထွန်းခင်၊ နယ်သာလန်နိုင်ငံမှ Mr Sazaat Ahammed နှင့် နော်ဝေး ရိုဟင်ဂျာ အသင်းမှ ဥက္ကဌ Mr Sayed Hussein တို့ပါဝင်သည်။ 
ကိုယ်စားလှယ် အဖွဲ့သည် ပထမနေ့တွင် ဥရောပ သမဂ္ဂဆိုင်ရာ ဆွီဒင် အမြဲတမ်းကိုယ်စားလှယ်၊ နယ်သာလန် အမြဲတမ်း ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံပြီး အမေရိကန် ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ဒုတိယနေ့နှင့် တတိယနေ့ များတွင်လည်း ဥရောပဆိုင်ရာ အရှေ့တောင်အာရှ ပြင်ပရေးရာ ဌာန၊ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ ဌာန၊ လူ့အခွင့်အရေး ကော်မီတီ၊ ဥရောပ ပါလီမန် အမတ်၊ ပြင်ပရေးရာ မူဝါဒ ဌာနမှ ညွန်ကြားရေးမှူးချုပ် Mr Jean Lambert ၊ ဥရောပ ပါလီမန် အမတ်များ ဖြစ်သည့် Mr Afzal Khan, ဥရောပ ကော်မရှင် လူသားချင်း စာနာမှု အထောက်အကူပြု ဌာနမှ ညွန်ကြားရေးမှူးချုပ် Mr David Martin တို့နှင့် တွေ့ဆုံခဲ့သည်။ 
ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများ၏ လက်ရှိ အခြေအနေများ၊ အဖြူရောင် (၀ှိုက်ကဒ်) များ ရုပ်သိမ်းခြင်း၊ ရိုဟင်ဂျာများ အခွင့်အရေးများ ဆုံးရှုံးသွားခြင်းများနှင့် ပတ်သက်၍ အသေးစိတ် တင်ပြ ဆွေးနွေးခဲ့သည်။ ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာ လူမျိုးများကိုသာ သီးသန့် ဆွဲ၊တင်၊စစ် ပြုလုပ်၍ အတင်းအဓမ္မ ဘင်္ဂလီ လူမျိုးဟု ရေးသား စာရင်းပြုစု နေခြင်းများ ရပ်တန့်ရန်၊ ရိုဟင်ဂျာ လူမျိုးဟု ရေးသား၍ နိုင်ငံသား အခွင့်အရေး ပေးရန်၊ ဆုံးရှုံးသွားသည့် အခွင့်အရေးများ ပြန်လည် ပေးအပ်ရန် ဥရောပ သမဂ္ဂမှ မြန်မာအစိုးရသို့ ဖိအားပေး စေလိုကြောင်း ထည့်သွင်း တင်ပြခဲ့သည်။
ကိုယ်စားလှယ် အဖွဲ့က ရခိုင်ပြည်နယ် အတွင်း လူသားချင်း ဆိုင်ရာ အထောက်အပံ့များ ကိစ္စ၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲများ စတင်သည့် ၂၀၁၁ ခုနှစ်မှစ၍ ရိုဟင်ဂျာများကို နှစ်ရှည် စီမံကိန်းဖြင့် စနစ်တကျ ညှဉ်းပန်း နှိပ်စက်လာခြင်းများ၊ ရိုဟင်ဂျာများ၏ အခြေအနေမှာ နေ့စဉ် ပိုဆိုးရွား လာနေသည်များ၊ လူဦးရေ ၁၆၀၀၀၀ ခန့် ဆိုးရွားသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်ရမှုများ၊ စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းခံနေရသည့် ရိုဟင်ဂျာ အရေး လှုပ်ရှားဆောင်ရွက်သူများ၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း ခံရသူများ ကိစ္စ၊ ညှဉ်းပန်း နှိပ်စက်မှုဒဏ်၊ အလုပ်အကိုင် ရှားပါးမှုများကြောင့် နေ့စဉ် နေ့တိုင်း စက်လှေများဖြင့် နိုင်ငံတကာသို့ ထွက်ခွာနေရမှုများကိုလည်း တင်ပြ ဆွေးနွေးခဲ့သည်။
ထို့အပြင် ဥရောပ သမဂ္ဂမှ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်များကို ပိုမို၍ အထောက်အပံ့များ ပေးအပ်ရန် အတွက် တောင်းဆိုခဲ့ကြောင်း သိရသည်။
Rohingya Eye
RB News
30.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဇင်ပိုင်ညာ ကျေးရွာရှိ သင်္ချိုင်း အုတ်နံရံကို နယ်ခြားစောင့် ရဲများက ဖျက်ဆီးခဲ့ပြီး၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာတွင်လည်း နယ်ခြားစောင့် ရဲများက အပြစ်မဲ့များထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ဇင်ပိုင်ညာ ကျေးရွာအုပ်စု၊ ဖူတ်ခါလီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း အနီး သင်္ချိုင်းအား အုတ်နံရံဖြင့် ကာရံထားခဲ့ကြရာ မတ်လ (၂၅) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် နယ်ခြားစောင့်ရဲများ သွားရောက်၍ အဆိုပါ သင်္ချိုင်း၏ အုတ်နံရံ အချို့ကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ အုတ်နံရံ မကာရံမှီ နယ်ခြားစောင့် ရဲများကို ငွေကျပ် (၄) သိန်း ပေးရမည် ဖြစ်သည့်အတွက် ဒေသခံ ရွာသားများက အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဇော်ကော်ရီယာမှ တဆင့် နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံထံ ငွေကျပ် (၄) သိန်း ပေးပို့ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ မတရားသဖြင့် ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ သင်္ချိုင်း ထိန်းသိမ်းရေး အဖွဲ့မှလည်း နားမလည်နိုင် ဖြစ်နေသည်ဟု ဆိုသည်။
“ဒါက အိမ်အသစ်ဆောက်တာလဲ မဟုတ်ဘူး၊ ဗလီဆောက်တာလည်း မဟုတ်ဘူး၊ ဥပဒေ ချိုးဖောက်ပြီး အုတ်နံရံ ကာနေတာလဲ မဟုတ်ဘူး။ အလားတူ အောင်ဇေယျ (န.တ.လ) ရခိုင်ရွာမှာလည်း ရိုဟင်ဂျာတွေ ရန်ပြုဖို့လာတယ်ဆိုပြီး နယ်ခြားစောင့် ရဲတွေ ခေါ်လာတယ်။ အဲဒီအချိန်မှာ ဘယ်ရိုဟင်ဂျာမှ မရှိဘူး။ အနီးအနားမှာ ရှိတဲ့ ရိုဟင်ဂျာတွေ အားလုံး အိပ်နေတဲ့ အချိန်ပါ။ အခုလို အဖြစ်အပျက်တွေ ဖန်တီးပြီး ပဋိပက္ခ အသွင်ဖြစ်လာလို့ လုပ်ကြံနေတာ ဖြစ်လိမ့်မယ်” ဒေသခံ တစ်ဦးက ပြောပါသည်။ 
မတ်လ (၂၅) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ နတ်ခေါင်းဒီးယား ရွာမှ ဦးကော်ရီမူလ္လာ (ဘ) ဦးဂူရာမျာ (အသက် ၅၅ နှစ်) သည် ဆောန်ကောခ်သာ ဖာရာမှ မာမတ်ရှော်ဖိခ် (ဘ) ဦးအေဘာဒူရာမန် (အသက် ၂၅ နှစ်) ၏ စက်လှေ တစ်စီးကို ငွေကျပ် ၈ သိန်းဖြင့် ၀ယ်ယူခဲ့သည်။ စက်လှေ ၀ယ်ယူခြင်းနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာက ၎င်းကို အသိမပေးခဲ့ဟုဆိုကာ နတ်ခေါင်းဒီးယား အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် ပူးပေါင်း၍ ဦးကော်ရီမူလ္လာကို နေအိမ်မှ ဖမ်းဆီးပြီး ရိုက်နှက် နှိပ်စက်ကာ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည့် အပြင် စက်လှေ ရောင်းချသူကိုလည်း ဖမ်းဆီး ငွေညှစ်ရန် အပြင်းအထန် ရှာဖွေနေသဖြင့် စက်လှေ ရောင်းချသူမှာ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့သည် ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိပြီး တစ်ဦးလျှင် လစဉ် ငွေကျပ် သိန်း ၃၀ ခန့်မျှ ဝေစု ရရှိအောင် လုပ်ကြံ ဖန်တီးမှုများ ပြုလုပ်သည်ဟု ဆိုသည်။
Rohingya Eye
RB News
30.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် ဒုစရိုက် နှိမ်နင်းရေး ရဲအဖွဲ့မှ ရဲတပ်ကြပ် မောင်ချေ (ခ) သန်းထွန်းက အပြစ်မဲ့ ဒေသခံများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
မတ်လ (၂၆) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး၏ အောက်ရှိ ဖာရုခ် (ဘ) ဦးအလီအာမတ် (အသက် ၂၈ နှစ်) ၏ ကွမ်းယာဆိုင်ထဲရှိ GSM ဟန်းဆက် တစ်လုံးကို မောင်တော ခရိုင် ဒုစရိုက် နှိမ်နင်းရေး ရဲအဖွဲ့မှ ရဲတပ်ကြပ် မောင်ချေ (ခ) သန်းထွန်းမှ တွေ့ရှိပြီး ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် သုံးစွဲနေသည်ဟု စွပ်စွဲကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ငွေကျပ် (၄) သိန်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
အလားတူ မြို့မကညင်တန်း ကျေးရွာမှ ဦးဖာရုခ် (ဘ) ဦးဂေါ်ဖာရ် (အသက် ၃၃ နှစ်) သည် ဈေးဝယ်၍ အိမ်ပြန်နေစဉ် အဆိုပါ ရဲတပ်ကြပ်က ဖမ်းဆီး၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဘင်္ဂလားဖုန်း ငွေဖြည့်ကဒ် ရောင်းချသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 
အဆိုပါ ရဲတပ်ကြပ် မောင်ချေသည် ဈေးသို့ အရပ်သား ၀တ်စုံဖြင့် နေ့စဉ်နေ့တိုင်း လာရောက်ပြီး ဈေးဝယ်ရန် လာသည့် ဒေသခံ ရိုဟင်ဂျာများအား အနှောက်အယှက် ပေးသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။
ဒေသခံ ရွာသား တစ်ဦးက “ကျွန်တော် ငယ်ငယ်ကတည်းက အဲဒီ ရဲတပ်ကြပ် မောင်ချေကို ဒီမှာဘဲ မြင်ဖူးနေတာပါ။ သူ့ကို အခြားမြို့တွေကို တာဝန်ပြောင်းပေးတာမျိုး မရှိဘူး။ ယူနီဖောင်း ၀တ်တာလည်း တစ်ခါမှ မမြင်ရဘူး။ နေ့တိုင်း ကညင်တန်းဈေးနဲ့ မြို့ပေါ် မီးစက်ခွဆုံမှာ ထိုင်တယ်။ ပြီးတော့ ငွေညှစ်လို့ ရနိုင်မယ့်သူတွေကို ခေါ်ပြီး သူထိုင်တဲ့ ဆိုင်ထဲကို ခေါ်သွားပြီးတော့ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်တယ်။ သူကတော့ တရားဝင် လိုင်စင်ရ ဓါးပြလို ဖြစ်နေတယ်” ဟုပြောသည်။
"သက်တမ်း ကုန်ဆုံးပြီးနောက် ယာယီ သက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူတွေ အနာဂတ် ဘယ်လို ဆက်ရှိနေမလဲ" ဆိုသည့်ခေါင်းစဉ်ဖြင့် မတ်လ (၂၉) ရက်နေ့တွင် ဒီဗီဘီ ရုပ်သံ သတင်းဌာနမှ ထုတ်လွှင့်ပြသခဲ့သည့် DVB Debate"
မသိင်္ဂီထိုက်
30.3.2015
ရခိုင့် တပ်မတော် AA နဲ့ မြန်မာ့ တပ်မတော် တို့ကြား ကျောက်တော်မြို့ရဲ့မြောက်ဘက်မှာ မနေ့ညက ထိပ်တိုက် တွေ့ပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အခုလို ထိပ်တိုက်တွေ့ တိုက်ပွဲတွေဟာ ဆိုရင် ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင် လက်နက်ကိုင်တပ်နဲ့ မြန်မာ အစိုးရတပ် တို့ကြား ပထမဆုံး အကြိမ် တိုက်ပွဲလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်း တင်ပြထား ပါတယ်။
စနေနေ့ည သန်းခေါင် အချိန်လောက်မှာ ရခိုင့်တပ်မတော်နဲ့ မြန်မာ အစိုးရတပ်တို့ကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရခိုင့်တပ်မတော် Arakan Army ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။
“ကျောက်တော် ဆိုတဲ့ဟာထက် ကျနော်တို့ ပလက်ဝရဲ့အနောက်ဘက်၊ ကျောက်တော်ရဲ့မြောက်ဘက်ပေါ့နော်။ အကြမ်းအားဖြင့်တော့ အဲဒီနေရာ လောက်မှာ ခင်ဗျ။ ဘယ်လိုစဖြစ်လဲဆိုတော့ တိုက်ပွဲကတော့ မနေ့ညသန်းခေါင်အချိန်လောက်မှာ ကျနော်တို့ ရခိုင့်တပ်မတော်ရဲ့ အမှတ် (၅) ဗျူဟာလက်အောက်ခံစစ်ကြောင်းနဲ့ ဗမာစစ်တပ်ရဲ့ တပ်ရင်း (၂၈၉) လက်အောက်ခံအဖွဲ့တွေနဲ့ အဲဒီနေရာမှာ ထိပ်တိုက်တွေ့မှုတွေဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တော့ နာရီဝက်လောက် ညသန်းခေါင်ယံမှာဖြစ်တယ်။ ဖြစ်တော့ တဘက်နဲ့တဘက် ပစ်ကြတာပေါ့နော်။ အဲဒီမှာ ရန်သူက လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့ သူတို့ ကုန်းကို စွန့်ခွာသွားတယ်။ ဆိုတော့ ကျနော်တို့က အဲဒီမှာ ရန်သူကိုပြန်ပြီးတော့ လိုက်တိုက်တယ်။ တိုက်တယ် ဆိုတာက အဲဒီကြားထဲမှာ တိုက်ပွဲက ကြိုကြား ကြိုကြားလေးဖြစ်ပြီးတော့ မနက်ဘက်မှာတော့ အဲဒီ ၇ နာရီခွဲလောက်မှာ စပြီးတော့ တိုက်ပွဲပြန်ဖြစ်တယ်။ စုစုပေါင်းတော့ တိုက်ပွဲ လေးငါးကြိမ်လောက်တော့ ဖြစ်တယ်ခင်ဗျ။”
အခု တိုက်ပွဲဖြစ်ပွားတဲ့ ပလက်ဝနဲ့ ကျောက်တော်မြို့ကြားက ဒေသတဝိုက်မှာ ရခိုင်လက်နက်ကိုင်တပ်တွေရော မြန်မာ့တပ်မတော်ဘက်ကပါ စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေတာဖြစ်ပြီး စနေနေ့ညပိုင်းက မထင်မှတ်ဘဲ ထိပ်တိုက်တိုးခဲ့တာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။
“ဟုတ်ကဲ့ခင်ဗျ။ ပထမ မနက်ဘက် ၇ နာရီခွဲလောက်ဖြစ်တဲ့အချိန်မှာ ဒုတပ်ကြပ်တယောက်ပေါ့နော၊ နိုင်ထွန်း ကိုယ်ပိုင်နံပါတ် (၉၉၂၀၈၄) တယောက်ကို ကျနော်တို့ လက်ရဖမ်းမိတယ်။ ပြီးရင် နောက်ထပ် ရဲဘော်တယောက်ဖမ်းမိတယ်ခင်ဗျ။ ရန်သူဘက်က ကျဆုံးတာကတော့ ဗိုလ်ကြီးအဆင့်ရှိတဲ့တယောက်ရယ်၊ နောက်ထပ် ရဲဘော်တယောက်ရယ်- ဒါကတော့ ကျနော် ညနေ ၆ နာရီလောက်အထိ ရရှိထားတဲ့သတင်းပေါ့။ အဲဒီအပေါ်မှာမူတည်ပြီး ပြောတာခင်ဗျ။”
ဖွဲ့စည်းခဲ့တာ ၆ နှစ်ထဲရောက်လာပြီဖြစ်တဲ့ ရခိုင့်တပ်မတော် AA ဟာ မြန်မာပြည်မြောက်ပိုင်းမှာ အခြေစိုက်ပြီး လက်ရှိ ကိုးကန့်ဒေသတိုက်ပွဲတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ကူညီတိုက်ခိုက်ပေးနေတာဖြစ်ပါတယ်။ မြန်မာပြည်အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်သလို တချိန်တည်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ရှင်ခုတ်ထန်ဒေသက စခန်းကိုလည်း မြန်မာတပ်မတော်က ဒီကနေ့မှာပဲ အင်အားသုံးပြီးတော့ ထိုးစစ်ဆင်ခဲ့ပြန်ပါတယ်။
“ဒီနေ့ စစ်ဖြစ်ပါတယ်။ မနက်ကနေပါပဲ။ ကျနော် မေ့တေ့တေ့ဖြစ်နေပြီ။ (၈) နာရီခွဲလောက်ထင်တယ်ဗျ။ မနေ့တုန်းကနေရာပါပဲ။ အခြေအနေတော့ မသိရသေးပါဘူး။ သူတို့ရဲ့နည်းကတော့ ပုံမှန်ပါပဲ။ လက်နက်ကြီးနဲ့အရင်ပစ်ပေါ့၊ ပြီးတော့ ကျည်းတပ်ပြန်ထိုး အဲလို အကြိမ်ကြိမ်ပေါ့။”
ဒါကတော့ ကိုးကန့် လက်နက်ကိုင်တပ်ရဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်း ပြောသွားတာဖြစ်ပါတယ်။ ကိုးကန့်ဒေသတိုက်ပွဲတွေဟာလည်း နှစ်လနီးပါး ရှိလာပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲနဲ့ မုံစီးကျေးရွာအတွင်းက တအာန်း တပ်ချရာဒေသကိုလည်း မြန်မာတပ်မတော်က ဒီနေ့မှာ ထိုးစစ်ဆင်ခဲ့ပြန်ပါတယ်။
(ဓါတ်ပုံ - ရိုက်တာ/မင်းဇေယျာ)
ကျေးဇူးကမ္ဘာပါ အ​မေရာ
ရေးသားသူ - မေတ္တာမောင်
RB ကဗျာ
29.3.2015
အ​မေ 
မာန​၊ထောင်​လွှား၊ကြွားဝါ၊ဘဝင်​မြင့် 
ဒီစကားလုံး​တွေရဲ့ အဓိပ္ပာယ်​ကို 
ဒီစကားလုံး​တွေရဲ့ ကျွန်​မဖြစ်​မိဖို့ 
ကျေးဇူးကမ္ဘာပါ။
အ​မေ ​ငွေဖြူ (သန့်​စင်​​သော​ငွေ) ရဲ့​အေးချမ်းမှု 
ငွေမဲ(မသန့်​စင်​​သော​ငွေ) ရဲ့ပူ​လောင်​မှု ​တွေကို 
ငွေဖြူနည်းနည်းထဲမှာ
စိတ်​နှလုံးရဲ့ချမ်း​မြေ့စရာ​တွေပါ​နေ​ကြောင်း 
ငွေမဲအများကြီးဖြစ်​လည်း 
အန္တရာယ်​နှင့်​ပူ​လောင်​မှု ​တွေပါ​နေ​ကြောင်း 
ကျေးဇူးကမ္ဘာပါ။
အ​မေ 
ကား​ကောင်း​ကောင်းစီးရလို့ မာန်​စွယ်​​ပေါက်​​နေသူများ 
ရာထူးမြင့်မြင့်ရလို့ 
အာဏာကို လိုသလိုအသုံးချ​နေသူများကို 
ကျေးဇူးကမ္ဘာပါ။
အ​မေ 
ငွေကို ရှိခိုးတတ်​တဲ့လူနဲ့ ကင်းကင်း​နေဖို့ 
ဂုဏ်​ပကာသန ကို မက်​​မောတဲ့လူနဲ့ ​ဝေး​ဝေး​နေဖို့ 
ကိုယ်​ချင်းစာနာစိတ်​ ကင်းမဲ့တဲ့ပုဂ္ဂိုလ်​ကြီးများနဲ့ 
အ​ရောတဝင်​မ​နေဖို့ 
ကျေးဇူးကမ္ဘာပါ။
အ​မေ
တစ်​ဖက်​သားဘဝကို ဖျက်​ဆီး​စေ​သော 
မူးယစ်​​ဆေးပြား​တွေ​ရောင်းပြီး 
ကျိကျိတက်​ချမ်းသာကြွယ်​ဝလာသူ 
ကျင်းပတဲ့ ပွဲသဘင်​မှာ 
မင်းဧကရာဇ်​တစ်​​ယောက်​ရဲ့ပွဲအလား
ကြွ​ရောက်​ချီးမြှင့်​​နေသူများနဲ့ အတူမပါမိဖို့ 
အပြင်းအထန်​ ဟန့်​ထားခဲ့တဲ့အတွက်​လည်း 
ကျေးဇူးကမ္ဘာပါ။
မှတ်ချက်။ ။ ငွေမဲဖြင့် ချမ်းသာကြွယ်ဝသူကို မင်းဧကရာဇ်​တစ်​ယောက်​လို တ​လေးတစား ရှိခိုးတတ်​သူများ သိစေဖို့ ရည်ရွယ်ရေးဖွဲ့ပါသည်။ စာဖတ်​သူများ သုံးသပ်​ဆင်​ခြင်​နိုင်​တဲ့ အမြင်​မှန်​ ရကြပါ​စေ။
MYARF
RB News
28.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲရေးမှူး နှင့် မောင်တောခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင်တို့က မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရနှင့် အလယ်သံကျော် ကျေးရွာများရှိ ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ နိုင်ငံသား လျှောက်ထားရန် ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုကွပ်ကဲရေးမှူး နှင့်  မောင်တောခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင် တို့သည် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာသို့ သွားရောက်၍ ဂေါ်ဒူသာရနှင့် အနီးအနား ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေး ဆရာများ (မော်လ၀ီ) ကို ဂေါ်ဒူသာရ ကျောင်းသို့ ခေါ်ယူ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုကွပ်ကဲရေးမှူးက “ကျေးရွာသားများ အနေဖြင့် ဥပဒေကို လေးစားလိုက်နာရန်၊ ကျေးရွာရှိ လူဆိုးလူမိုက်များကို ဖမ်းဆီးပြီး အာဏာပိုင်များ လက်ထဲသို့ အပ်နှံရန်၊ လူဆိုးလူမိုက်များ ဖမ်းဆီး မအပ်နှံနိုင်ပါက အာဏာပိုင်များအား အချိန်မှီ သတင်းပို့ပြီး အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ မတ်လ (၃၁) ရက်နေ့မှ စ၍ သိမ်းဆည်းသွားမည့် ယာယီကဒ်ပြားများကို မဖြစ်မနေ အပ်နှံရန်၊ ထို့နောက် နိုင်ငံသား အတွက် မဖြစ်မနေ လျှောက်ထားရန် စသည်တို့ ပြောကြားခဲ့သည်။ ထို့အပြင် ဒုကွပ်ကဲရေးမှူးက ရွာသားများနှင့် အစိုးရသည် လင်မယားကဲ့သို့ ဖြစ်နေောကာင်း၊ လင်နှင့်မယား နံနက်ချိန်တွင် စကားများ ရန်ဖြစ်လျှင်လည်း ညနေ ပြန်ပေါင်းရကြောင်း၊ ရွာသားများနှင့် အစိုးရသည် တစ်ချိန်တွင် မပြေလည်သော်လည်း နောင်တစ်ချိန်တွင် လင်မယားကဲ့သို့ ပူးပေါင်းရမည်ဟု ပြောကြားခဲ့သည်။
မောင်တောခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင်က ယာယီ ကဒ်ပြားများကို မဖြစ်မနေ အပ်နှံရမည် ဖြစ်ကြောင်း၊ ယာယီကဒ်ပြားများ အပ်နှံပြီးသည်နှင့် နိုင်ငံသားအတွက် မဖြစ်မနေ လျှောက်ထားရမည် ဖြစ်ကြောင်း၊ လျှောက်ထားသူများကို စီစစ်ပြီး နိုင်ငံသားကဒ်၊ နိုင်ငံသားပြုကဒ်၊ ဧည့်နိုင်ငံသားကဒ် ဟူ၍ ရသင့်ရထိုက်သည့် ကဒ်များကို ထုတ်ပေးမည် ဖြစ်ကြောင်း၊ လူမျိုးအမည်ကို နိုင်ငံတော်မှ သတ်မှတ်ပေးထားသော ဘင်္ဂလီဟုသာ ရေးသားသွားမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နေ့လည်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲရေးမှူး နှင့် မောင်တောခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင်တို့သည် အလယ်သံကျော် ကျေးရွာသို့ သွားရောက်၍ အလယ်သံကျော်နှင့် အနီးအနား ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ဆရာများ (မော်လ၀ီများ) ကို အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ယူ၍ ဂေါ်ဒူသာရတွင် ပြောကြားခဲ့သည့် အတိုင်း ပြောကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
MYARF
RB News
28.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မောင်တော မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်ရှိ အာဏာပိုင်များက ဒေသခံများကို အစည်းအဝေးများ ခေါ်ယူပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၂၄) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၂) နယ်မြေ ခမောင်းဆိပ် ကျေးရွာရှိ တပ်မတော် တပ်ရင်း ၅၄၂ မှ တပ်ရင်းမှူးက ခမောင်းဆိပ် အနီးတ၀ိုက်ရှိ ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ဆရာ (မော်လ၀ီ) များကို ခမောင်းဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တပ်ရင်းမှူးက “ဘင်္ဂလီများ အနေဖြင့် ဥပဒေအတိုင်း အေးဆေးစွာ နေထိုင်ရန်၊ ဥပဒေကို လေးစား လိုက်နာရန်၊ ကျေးရွာတွင် လူဆိုး လူမိုက်များ ၀င်ရောက်လာလျှင် တပ်ရင်းသို့ အကြောင်းကြားရန်၊ ဘင်္ဂလီများကို တိုင်းရင်းသားများနှင့် နှိုင်းယှဉ်ခြင်း မပြုရန်၊ ယခု စစ်ဆေးနေသည့် ဆွဲ၊တင်၊စစ် ကို လက်ခံ၍ စစ်ဆေးခံရန်၊ ယာယီ ကဒ်ပြားများကို အပ်နှံရန်၊ နိုင်ငံသားအတွက် လျှောက်ထားရန်၊ နိုင်ငံသား အတွက် လျှောက်ထားပြီးသူများကို စီစစ်၍ ဘင်္ဂလီ လူမျိုးအမည်ဖြင့် ပြုနိုင်ငံသားကဒ် အစိမ်းရောင်ကဒ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ပြောကြားသည့် အတိုင်း လိုက်နာခြင်း မရှိပါက ဒုက္ခရောက်သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ၎င်းက ကျေးရွာတွင် ကလေး မွေးဖွားလျှင်ပင် အာဏာပိုင်များကို အကြောင်းကြားရမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။
မတ်လ (၂၅) ရက်နေ့ နံနက်ပိုင်းတွင်လည်း အမှတ် (၅) နယ်မြေ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဒေသခံ ရိုဟင်ဂျာများကို အစည်းအဝေး ခေါ်ယူပြီး ၅၄၂ တပ်ရင်းမှ တပ်ရင်းမှူး ပြောကြားသည့် အတိုင်း ပြောကြားခဲ့သည်။
မတ်လ (၂၄) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ငရန်းချောင်း ကျေးရွာအုပ်စုရှိ စာသင်ကျောင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဦးစီးနှင့် အမှတ် (၉) နယ်မြေမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးတို့က ရပ်မိရပ်ဖများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ဘာသာရေးဆရာများ (မော်လ၀ီများ) ကို ဆင့်ခေါ်၍ အစည်းအဝေး တစ်ရပ် ကျင်းပပြီး အထက်ပါ အတိုင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။ မတ်လ (၂၆) ရက်နေ့ နံနက် ၉ နာရီတွင်လည်း ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့၌ အစည်းအဝေး ကျင်းပပြီး ဒေသခံများကို ၅၄၂ တပ်ရင်းမှူး ပြောကြားသည့် ပြောဆိုကာ ခြိမ်းခြောက်ခဲ့သည်။
မောင်တောမြို့နယ်ရှိ ကျေးရွာအချို့တွင် ယာယီကဒ်ပြားများ သိမ်းဆည်းရန် ကော်မီတီဖွဲ့စည်းခဲ့သည်။ လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကော်မီတီ ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ခန့်ထားပေးသည့် စာရေးမှာ အတွင်းရေးမှူး ဖြစ်ပြီး၊ ရပ်မိရပ်ဖနှင့် ကျေးရွာရှိ ကျောင်းမှ ကျောင်းအုပ် ဆရာကြီးတို့မှာကော်မီတီ အဖွဲ့ဝင်များ ဖြစ်ကြကြောင်း သိရသည်။
Rohingya Eye
RB News
28.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စစ်စခန်းမှ ဗိုလ်တစ်ဦးက အပြစ်မဲ့ ဒေသခံ တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၂၂) ရက်နေ့ နံနက် (၁၁)နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ၊ ကမ်းဖူးဖာရာမှ ဦးဆွေယာဒ်ကာဆိမ်း (ဘ) ဦးအော်လီ (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ ဗျူဟာမှူး ကျေးရွာ အခြေစိုက် စစ်တပ် စခန်းမှ စစ်ဗိုလ်တစ်ဦး ရောက်ရှိလာပြီး တရားမ၀င် လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင် ခဲ့သည်။ ထို့နောက် စခန်းတွင် လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ရာ မိသားစုများက မတတ်သာတော့သည့် အဆုံးတွင် စစ်ဗိုလ်ကတောင်းသည့် ငွေကျပ် ၁၃ သိန်းကို ပေးပြီးနောက် ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
အဆိုပါ စစ်ဗိုလ်၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးဆွေယာဒ်ကာဆိမ်း၏ လက်မောင်းနှင့် ရင်ဘတ်ပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် ပြင်ပ ဆေးခန်းတွင် ယခုအချိန်ထိ ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။ ဦးဆွေယာဒ်ကာဆိမ်းသည် အေးချမ်းစွာ နေထိုင်သူ တစ်ဦး ဖြစ်သော်လည်း အဆိုပါ စစ်ဗိုလ်၏ တပည့်များ ဖြစ်သည့် ဦးဟာဘဲစ်အာမတ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၃၀ နှစ်) နှင့် ဦးမုစ်တာရ်အာမတ် (ဘ) ဦးဒေါလူ (အသက် ၃၅ နှစ်) တို့၏ လုပ်ကြံမှုကြောင့် ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေညှစ်ခံရခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
ဒေသခံ တစ်ဦးက “စစ်တပ်က မကြာခဏ ရွာထဲကိုလာပြီး မတော်မတရား ဖမ်းဆီးပြီး နှိပ်စက်တယ်၊ ငွေညှစ်တယ်၊ သူတို့ရဲ့ တာဝန်က ပြည်သူတွေရဲ့ လုံခြုံရေး အတွက်ပါ။ အခုတော့ လူဆိုးဂိုဏ်းလို လုပ်နေတယ် ဆိုတော့ ဘယ်သူ့ကို အားကိုးရမလဲ၊ နယ်ခြားစောင့် ရဲတွေလည်း နှိပ်စက်တယ်၊ စစ်တပ်လည်း နှိပ်စက်တယ်။ ရွာကလူတွေကတော့ နောက်ဆုံးမှာ နိုင်ငံခြားကို ထွက်ပြေးသွားရမယ့် အခြေအနေပဲ” ဟုပြောသည်။
Rohingya Eye
RB News
27.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် ရိုဟင်ဂျာ ကျောင်းသားများက မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် တက္ကသိုလ် ပညာသင်ကြားခွင့် မရသည်ကို ကန့်ကွက် ဆန္ဒပြမည်ဟု လုပ်ကြံ ၀ါဒဖြန့် ပြီးနောက် ဟိန္ဒူများကို ရိုဟင်ဂျာ ဟန်ဆောင်ခိုင်းကာ ဆန္ဒပြခြင်း သရုပ်ဖော်ခိုင်း ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့တွင် ရိုဟင်ဂျာ ကျောင်းသားများက မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွက် တက္ကသိုလ် ပညာသင်ကြားခွင့် မရသည်ကို ကန့်ကွက် ဆန္ဒပြမည်ဟု ရခိုင် အသိုင်းအ၀ိုင်းမှ လုပ်ကြံ ၀ါဒဖြန့်ပြီးနောက် မောင်တောမြို့၊ မြို့မ အားကစားကွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ၂၀၀ နီးပါး လုံခြုံရေး ချထားခဲ့ပြီး၊ (၃) မိုင်နှင့် မောင်တောမြို့ရှိ ကျေးရွာများတွင်လည်း နယ်ခြားစောင့်ရဲများနှင့် တပ်မတော်သားများက လုံခြုံရေး တင်းကျပ်စွာ တာဝန်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
မောင်တောမြို့ပေါ်မှ မြို့မိမြို့ဖ တစ်ဦးက မိမိတို့သည် ဥပဒေကို လေးစားလိုက်နာသူများ ဖြစ်ပါကြောင်း၊ အသိုင်းအ၀ိုင်း နှစ်ခုကြား ယခင်ကဲ့သို့ အတူယှဉ်တွဲ နေထိုင်ရန် နိုင်ငံတော် အစိုးရမှ ဦးစီး၍ လုပ်ဆောင်နေသည်ကို ပျက်ပြားသွားအောင် ရခိုင် အစွန်းရောက် အချို့က လုပ်ကြံ သတင်းများ ပြုလုပ်၍ ၀ါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း၊ ရခိုင်အစွန်းရောက်များက ဟိန္ဒူလူမျိုးများကို ရိုဟင်ဂျာများ အဖြစ် ဟန်ဆောင်ခိုင်းကာ တည်ငြိမ်မှု ပျက်ပြားအောင် ပြုလုပ်မည်ကို အထူးစိုးရိမ်သည် ဟု ပြောသည်။
မတ်လ (၂၅) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲများနှင့် စစ်တပ်မှ ဟိန္ဒူလူမျိုး (၂၀) ဦးခန့်ကို မောင်တောမြို့ မြို့မ အားကစားကွင်းသို့ ခေါ်ဆောင်လာပြီး ဆိုင်းဘုတ်များ ကိုင်ဆောင်ခိုင်းကာ ရိုဟင်ဂျာများ ဆန္ဒပြနေသည့် ပုံစံဖြင့် သရုပ်ဖော်ကာ ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး၊ ဆန္ဒပြနေသူ အချို့ကိုလည်း နယ်ခြားစောင့်ရဲများ လိုက်လံ ဖမ်းဆီးနေသည့် သဏ္ဍန်များ သရုပ်ဖော်ကာ ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ရိုဟင်ဂျာများ ဟန်ဆောင်၍ ဆန္ဒပြသူများက မိမိတို့သည် ရိုဟင်ဂျာများ ဖြစ်ကြောင်း၊ ဘင်္ဂလီမဟုတ်ကြောင်း၊ အစိုးရမှ ရိုဟင်ဂျာ မပေးနိုင်လျှင် ဘင်္ဂလီ မဟုတ်ဘဲ အခြားတစ်ခုခု ပေးသင့်ကြောင့် စသည့်ဖြင့် တောင်းဆိုမှုများ ပြုလုပ်၍ သရုပ်ဖော်ခဲ့ကြောင်း သိရသည်။
Rohingya Eye
RB News
25.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပြင် ကျေးရွာ အုပ်စုတွင် လူငယ်တစ်ဦး ပျောက်ဆုံးမှုကို အကြောင်းပြ၍ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးခြင်း ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပြင် ကျေးရွာအုပ်စု၊ ဒေါလော်ဒ်ဖူရ်ရွာမှ ရှော်ကော်ဒ်အလီ (ဘ) ဦးအော်လီဆောန် (အသက် ၂၈ နှစ်) သည် ရွာတွင် အရက်သောက်စား မူးယစ် ရမ်းကား နေသဖြင့် မိဘများက ထိန်းမနိုင် သိမ်းမရ ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် မိဘများက ၎င်းသူကို လွန်ခဲ့သည့် ဒီဇင်ဘာလတွင် အိမ်၌ ကြိုးဖြင့် ချုပ်နှောင် ထားခဲ့သည်။ ၎င်းကို ချုပ်နှောင် ထားစဉ်အတွင်း ထွက်ပြေးသွားခဲ့ရာ ရွာသို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသည်ကို အကြောင်းပြကာ ရွာသားများကို ၎င်းအား သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအထွန်းချေနှင့် တောင်ပြိုလက်ယာ အခြေစိုက် နယ်မြေ (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ပူးပေါင်း၍ ရွာသားများကို ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ငွေညှစ်ခြင်းများ အဆက်မပြတ် လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 
မတ်လ (၁၇) ရက်နေ့တွင် အာဘူတာဟဲရ် (ဘ) ဦးမာမတ်ဆော်ယောဒ် (အသက် ၁၈ နှစ်) နှင့် ဇာဖော်ရ်အုလ္လာ (ဘ) ဦးဆော်တာလောမ် (အသက် ၁၈ နှစ်) တို့ကို အထက်ပါ အကြောင်းပြချက်ဖြင့် စွပ်စွဲ၍ ဖမ်းဆီးခဲ့သည့် အပြင်၊ မတ်လ (၁၈) ရက်နေ့ ည ၆ နာရီ အချိန်တွင် ဦးဆွေယောဒ် (ဘ) ဦးရော်ဇော်အလီ (အသက် ၄၂ နှစ်) ကိုလည်း ရက်စက်စွာ ရိုက်နှက်၍ ဖမ်းဆီးခဲ့သည်။ 
၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ စ၍ မတ်လ အထိ အထက်ပါ စွပ်စွဲမှုဖြင့် ငွေညှစ်ခံရသူများမှာ --
(၁) ဦးဆွေယာဒူအစ္စလာမ် (ဘ) ဦးမာမတ် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၂) ဦးရောဇာခ်အလီ (အသက် ၇၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၃) ဦးအိဒီရီစ် (ဘ) ဦးဟာဆောင်း (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၄) မော်လ၀ီ မာမတ်ဟူဆောင်း (အသက် ၇၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၅) ဦးဟာဆောင်း (အသက် ၇၂ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း နှင့်
(၆) အာဇီဇူလ္လာ (ဘ) ဦးဆွေတာလာမ် (အသက် ၁၇ နှစ်)၊ ဦးမိုဟာမတ် တာဟဲရ် (ဘ) ဦးအာမတ်ကော်ဘိရ် (အသက် ၂၃ နှစ်) နှင့် ဆော်ယာဒ်ဟူစိန်း (ဘ) ဦးဂူရာမျာ (အသက် ၂၄ နှစ်) တို့ သုံးဦး ထံမှ ငွေကျပ် ၁၀ သိန်း အသီသီးကို နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ တို့က ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ၏ ဖခင်ဖြစ်သူ ဦးကျော်ခိုင်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဇ်ဘဇား ခရိုင်၊ နတ်ခေါင်ဆီရီးမြို့ ဇာတိဖြစ်ပြီး၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်တွင် ကွမ်းသီးပြင် ကျေးရွာသို့ ခိုးဝင် ပြောင်းရွှေ့နေထိုင်လာခြင်း ဖြစ်ပြီး၊ ယင်းအချိန်က ရှော်ကောဒ်အလီ၏ ဖခင် ဦးအော်လီဆောန်သည် အဆိုပါ ရွာ၏ ဥက္ကဌ တာဝန် ယူသည့် ကာလဖြစ်သည်။ 
ယခုကဲ့သို့ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ ရွာသား တစ်ဦးက “ရှော်ကော်ဒ်အလီ သေဆုံးတာ မဟုတ်ဘူး။ ပျောက်ဆုံး နေတာသာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေတာကို တမင် ရွာသားတွေကို လုပ်ကြံပြီး ဖမ်းဆီး၊ ငွေညှစ်နေတာပါ။ အဲလိုလည်း မဟုတ်ဘူးဆိုရင် အုပ်ချုပ်ရေးမှူးနဲ့ ဦးအာလီဆောန်တို့ အရင်ကတည်း ရင်းနှီးမှု ရှိတော့ ရှော်ကော်ဒ်အလီကို တစ်နေရာရာမှ ထားပြီး ရွာသားတွေဆီက ငွေညှစ်နေတာလည်း ဖြစ်နိုင်တယ်။ အဲလို ငွေညှစ်မှုတွေကြောင့် ငွေကြေး မတတ်နိုင်သူတွေက အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ ရောင်းချပြီး ပေးနေရတယ်။ ဒီလို ဆက်လုပ်နေမယ် ဆိုရင် ရွာက လူတွေ ထွက်ပြေးရဖို့ပဲ ရှိတယ်” ဟု စိုးရိမ်ကြီးစွာဖြင့် ပြောပါသည်။
MYARF
RB News
25.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် လူကုန်ကူးမှု တားဆီးရေးမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ ငွေများနှင့် ဖုန်း လုယက်ခဲ့ပြီး၊ တောင်ပိုင်းတွင် တပ်မတော်သားများက ထင်းခုတ်သမား လူငယ် တစ်ဦးကို သတိလစ်သည့် အထိ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာမှ ဆောဒ္ဒါန်ဟူစိန်း (ဘ) ကာမာလ် (ဘ) ဦးဂျမားလ် (အသက် ၂၇ နှစ်) ကို မတ်လ (၂၃) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် လေးဦးက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ မြို့မ ကညင်တန်း ဈေးမှ ဖမ်းဆီးပြီး လူကုန်ကူးမှု တားဆီးရေး စခန်းသို့ ခေါ်ဆောင် မသွားဘဲ မြို့မ ဘောလုံးကွင်း၏ အရှေ့မြောက်ဘက်ရှိ ရဲကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် အဆိုပါ ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် များက ကာမာလ် ထံတွင် ပါရှိသည့် ငွေကျပ် သုံးသိန်းနှင့် ငွေကျပ် တစ်သိန်း လေးသောင်း တန်ဖိုးရှိ CDMA SIM ပါသည့် Huawei ဖုန်း တို့ကို လုယက်ပြီး၊ မည်သည့် ပစ္စည်းတစ်ခု တစ်စုံတစ်ရာကိုမှ မယူကြောင်း အတင်းအဓမ္မ လက်မှတ်ရေးထိုး ခိုင်းပြီးနောက် နေ့လည် တစ်နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထိုကဲ့သို့ ရဲများ၏ လုယက်မှုများကြောင့် နယ်ပိုင်းမှ ဒေသခံ ပြည်သူများ မောင်တောမြို့ပေါ်သို့ လာရောက်ရန်ပင် ကြောက်ရွံနေကြသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 
မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ် ကျေးရွာအုပ်စု ရှိတ္တာရွာမှ မာမတ်အာမီးန် (ဘ) ဦးဟာလူ (အသက် ၂၀ နှစ်) သည် မတ်လ (၂၁) ရက်နေ့တွင် တောင်ပေါ်သို့ သွားရောက်၍ ထင်းခုတ်နေစဉ် တပ်မတော်သားများက လူမဆန်စွာ ရိုက်နှက်ခဲ့ခြင်းကြောင့် သတိလစ် မေ့မျောခဲ့ပြီး စစ်သားများက ၎င်းကို တောင်ထဲ တစ်နေရာတွင် ပစ်ချ၍ ထွက်သွားခဲ့သည်။ ၎င်း၏ ကျေးရွာမှ ထင်းခုတ်သမား အချို့က တွေ့ရှိသွားခဲ့ပြီး ရွာသို့ ပြန်လည် သယ်ယူ လာခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
RB News
23.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချုပ် လက်အောက်ခံ တပ်ရင်း (၅၅၁) မှ တပ်မတော်သား များက အပြစ်မဲ့ ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် (၁၅) တပ်မတော် စစ်ဆေးရေး ကွပ်ကဲရေး ဌာနချုပ် လက်အောက်ခံ တပ်ရင်း ဖြစ်သည့် တပ်ရင်း (၅၅၁) မှ တပ်ထောက် ဗိုလ်ကြီး၊ ဆရာကြီး မြတ်ထွန်းနှင့် တပ်သား ဦးလှဦး တို့က ၎င်းတို့၏ တပ်ရင်း လက်အောက်ခံ ကျေးရွာအုပ်စု များမှ အပြစ်မဲ့ ဒေသခံ ပြည်သူများကို ခေါ်ယူ၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်သည့် အပြင် ငွေညှစ်မှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
မတ်လ (၂၀) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် အဆိုပါ တပ်မတော်သား များသည် ၀ရကျွန်းကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သည့် ဒေါ်အာယေရှာထံမှ ငွေကျပ် ၄ သိန်း၊ ဆေးအိုးကျ ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သည့် ဦးဆီရာဇူလ်ဟောက် (ဘ) ဦးဝါဇော်ဒိန် ထံမှ ငွေကျပ် ၄ သိန်းကို အကြောင်းမဲ့ ညှစ်ယူခဲ့သည့် အပြင် ဆေးအိုးကျ ကျေးရွာမှ ဦးအာဘူဆီဒိတ် ထံမှလည်း ငွေကျပ် ၇ သိန်း ညှစ်ယူ၍ ဦးအာဘူဆိဒိတ်အား ရှာဖွေလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
၎င်းတို့သည် တပ်ရင်းအပိုင် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူး များထံမှ တဆင့် အပြစ်မဲ့ ဒေသခံ ပြည်သူများကို ဖုန်းဖြင့် ခေါ်၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း သိရသည်။
RB News
23.3.2015
လန်ဒန် ။ ။ အင်္ဂလန်နိုင်ငံ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အစည်းအရုံး (BROUK) မှ ဥက္ကဌ ဦးထွန်းခင်အား အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့ အခြေစိုက် Refugees International မှ Richard C. Holbrooke Leadership Award ချီးမြှင့်လိုက်ကြောင်း သတင်း ရရှိပါသည်။
Refugees International မှ အဆိုပါဆုကို လူပုဂ္ဂိုလ် တစ်ဦးချင်းမှ ဒုက္ခသည်များ၊ နိုင်ငံမဲ့များ၏ အခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် ကြိုးစား ဆောင်ရွက်သူများ အတွက် စီစဉ် ပြုလုပ်ထားခြင်း ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခံ နေရသည့် ရိုဟင်ဂျာများ၏ အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ဦးထွန်းခင်၏ လှုပ်ရှားမှုက Richard Holbrooke ဆုနှင့် ထိုက်တန်သည့် အတွက် ချီးမြှင့်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးထွန်းခင် ဦးဆောင်သည့် မြန်မာ ရိုဟင်ဂျာ အစည်းအရုံး (BROUK) ၏ ရိုဟင်ဂျာများ၏ အရေး ဆောင်ရွက် လှုပ်ရှားမှုများသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းများကြားတွင် ထင်ပေါ် ကျော်ကြားလာခဲ့ပြီး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှု အခန်းကဏ္ဍတွင် ရိုဟင်ဂျာ အရေးကိစ္စသည် မဖြေရှင်းရသေးသည့် ပြဿနာ တစ်ရပ် အနေဖြင့် ကျန်ရစ်နေသည့် အကြောင်းအရာ တစ်ခု ရှိနေသည်ကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့သည်ဟု ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြည်တွင်းရှိ အိုးအိမ်မဲ့ ဒုက္ခသည်များ၏ အရေးကို ဆောင်ရွက်နေသည့် ဦးထွန်းခင်၏ လှုပ်ရှားဆောင်ရွက်မှုများကို Refugees International မှ အသိအမှတ်ပြုကြောင်း၊ ၎င်း၏ အရေးလှုပ်ရှားမှုများကို နှစ်ပတ်လည် ညစာစားပွဲတွင် Richard Holbrooke ဆုချီးမြှင့်၍ ဂုဏ်ပြုမည် ဖြစ်သည်။
Refugees International ၏ နှစ်ပတ်လည် ညစာစားပွဲကို လာမည့် ဧပြီလ (၂၈) ရက်နေ့တွင် ၀ါရှင်တန်ဒီစီမြို့တွင် ကျင်းပမည် ဖြစ်ပြီး၊ အမေရိကန် ပြည်ထောင်စုမှ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် အမတ်များ ပါဝင် တက်ရောက်မည်ဟု သိရှိရသည်။
MYARF
RB News
22.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးဝင်းက ငါးရောင်း သမား တစ်ဦးထံမှ ငါးလိုင်စင်ကြေးဟု ဆိုကာ ငွေများ လုယက် ယူဆောင် သွားခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးဝင်းသည် ၎င်း၏ ဌာနမှ ၀န်ထမ်း တစ်ဦးနှင့် ကကျက်ဘက် ကံပြင် ကျေးရွာအုပ်စုရှိ ကိုယ်ပိုင်ဈေးသို့ သွားရောက်ပြီး ၀ါရီးချောင်း ကျေးရွာမှ ကကျက်ဘက် ကံပြင်ဈေးသို့ ငါးရောက်ရန် ရောက်လာသည့် ငါးရောင်း သမား ဦးနူရ်ဆော်လာမ် ထံမှ ငါးရောင်း လိုင်စင်ကြေးဟု ဆိုကာ ငွေကျပ် သုံးသောင်း တောင်းရာ ဦးနူရ်ဆော်လာမ်က တံငါသည်များထံမှ အကြွေးဖြင့် ၀ယ်ယူ၍ ရောင်းချပြီးမှ ငွေပေးကာ ရရှိသည့် အမြတ်များဖြင့် မိသားစုအား ကျွေးမွေး စောင့်ရှောက် နေရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးဝင်းက ဦးနူရ်ဆော်လာမ်၏ အိတ်ထဲမှ ငါးရောင်းရငွေ ၁၄၀၀၀ ကျပ်ကို လုယက်၍ ကျန်သည့် ၁၆၀၀၀ ကျပ်ကို တစ်ပတ်အတွက် ပေးရမည်ဟု ဆိုကာ ပြောဆိုပြီး ထွက်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ငါးရောင်းရငွေ ၁၄၀၀၀ ကျပ် လုယက်ခံရသည့် ငါးရောင်းသမား ဦးနူရ်ဆော်လာမ်၏ မိသားစု ထမင်းငတ်ရသည့် အပြင် အကြွေးဖြင့် ငါးဝယ်ယူလာသည့် အကြွေးရှင် တံငါးသည်များကို ပေးရန် ငွေမရှိတော့သဖြင့် အကြွေးတင်ခဲ့ရသည်။
ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးဝင်းသည် လမ်းဘေး ဆိုင်ငယ်များတွင် ငါးခြောက်ရောင်းချသူ များထံ သွားရောက်၍ ငါးရောင်း လိုင်စင်ကြေးဟု ဆိုကာ ငွေကျပ် ၅၀၀၀ စီကို အတင်းအဓမ္မ တောင်းယူခဲ့သည်။ လမ်းဘေး ဆိုင်ငယ်များတွင် ငါးခြောက် ရောင်းချသူများမှာ ငါးခြောက်ဆိုင်ကြီးများမှ ငါးခြောက် တစ်ပိဿာ၊ နှစ်ပိဿာ ၀ယ်ယူ၍ လက်လီ ရောင်းချသူများ ဖြစ်သည်။ ဦးဌေးဝင်းကို ငွေကျပ် ၅၀၀၀ စီ ပေးလိုက်ရသည့် အတွက် ငါးခြောက်ရောင်း သမား အချို့မှာ အရင်းပြုတ်သည့် အထိ ဖြစ်ခဲ့ရပြီး ငါးခြောက် ၀ယ်ယူရန် ငွေမရှိတော့သဖြင့် အသက်မွေးဝမ်း ကျောင်းပြုသည့် အလုပ် ရပ်ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိ နေသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
22.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် သင်္ဂနားကျေးရွာ အုပ်စု၊ ဒုံပိုက်ရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ လူမျိုး - ရိုဟင်ဂျာ အမည်ပါ အိမ်ထောင်စု စာရင်း တစ်ခုကို သိမ်းယူပြီး လူမျိုး - ဘင်္ဂလီဟု ဆိုကာ အသစ် ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
မတ်လ (၂၀) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် ဘင်္ဂနား ကျေးရွာအုပ်စု၊ ဒုံပိုက်ရွာ၌ ဆွဲ၊တင်၊စစ် စစ်ဆေးနေစဉ် မ.က.ဖ က လူမျိုး - ရိုဟင်ဂျာဟု ပါရှိသည့် ဦးအဒူမော်ဂျိတ် (ဘ) ဦးဘော်ဒီအာလောမ်၏ အိမ်ထောင်စု စာရင်းကို သိမ်းယူပြီး လူမျိုး - ဘင်္ဂလီဖြင့် အိမ်ထောင်စု စာရင်း အသစ်ထုတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ငွေကျပ် ၅၀၀၀ လည်း ညှစ်ယူခဲ့သည်ဟု ဆိုသည်။
ဦးအဒူမော်ဂျိတ်ထံမှ သိမ်းယူလိုက်သည့် အိမ်ထောင်စု စာရင်းမှာ မိတ္တူသာ ဖြစ်ပြီး၊ မူရင်းကို ယခင်က ဘူးသီးတောင် ထောင်တွင် အကျဉ်းကျခံရသည့် ၎င်း၏ ညီကို ထောင်ဝင်စား သွားတွေ့စဉ် ထောင်မှူးက အကြောင်းမဲ့ သိမ်းယူခဲ့ပြီး ပြန်လည် ပေးအပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။
သင်္ဂနား ကျေးရွာအုပ်စု၊ ဒုံပိုက်ရွာ၌ ဆွဲ၊တင်၊စစ် စစ်ဆေးရာတွင်လည်း မွေးတိုး ၁၀၀၀ ကျပ်၊ ပယ်ဖျက် ၁၀၀၀ ကျပ်နှင့် မ.က.ဖ စားသုံးစရိတ်ဟု ဆိုကာ ၁၀၀၀ ကျပ်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
MYARF & Rohingya Eye
RB News
22.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက် ရှိပြီး ငွေကြေး ကောက်ခံမှုများ နောက်ပိုင်းတွင် မပြုလုပ်သော်လည်း ငွေအစား ကျွဲရိုင်းဘူးများ တောင်းခံခြင်း၊ ဒေသခံ တစ်ဦးထံမှ ငွေမရသဖြင့် သေနတ်ဖြင့် ရိုက်ထုသည့် အပြင် ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာအုပ်စုတွင် မတ်လ (၁၅) ရက်နေ့မှစ၍ ဆွဲ၊တင်၊စစ် စတင် စစ်ဆေးလျက် ရှိပြီး၊ မ.က.ဖ အတွက် နေ့လည်စာ၊ မုန့်နှင့် လဘက်ရည် စရိတ်များကို ကျေးရွာရှိ စီးပွားရေး လုပ်ငန်းရှင်များက ပေးပြီး ရွာသားများထံမှ ငွေမကောက်ခံရန် ပြောခဲ့သော်လည်း မ.က.ဖ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန် တို့က မွေးတိုး ၁၀၀၀ ကျပ်၊ ပယ်ဖျက် ၃၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၁၂၀၀၀ ကျပ်စီ အသီးသီး ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထိုသို့ ငွေကောက်ခံခဲ့သည်ကို မတ်လ (၁၈) ရက်နေ့က အင်တာနက်တွင် ရေးသား ဖော်ပြခဲ့သဖြင့် မတ်လ (၁၉) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်၍ သတိပေးခဲ့သည်။ ထို့နောက် မတ်လ (၁၉) ရက်နေ့ မွန်းလွှဲပိုင်းမှစ၍ ငွေမကောက်ခံဘဲ ဆက်လက် စစ်ဆေးခဲ့သည်။ မတ်လ (၂၀) ရက်နေ့မှစ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ငွေမကောက်ခံသော်လည်း မြို့မ ကညင်တန်းတွင် တာဝန်ကျသည့် မ.က.ဖ ဒု-ဦးစီး (ရဲအုပ်) က မွေးတိုး၊ ပယ်ဖျက်၊ ပြောင်းရွှေ့ လုပ်ရသည့် အိမ်ထောင်စုတိုင်းမှ ငွေကြေး အစား ကျွဲရိုင်း အချိုရည်ဘူး ၁၀ ဘူးစီ ယူသည့်အပြင် စစ်ဆေးခံသူကို ရိုင်းပျစွာ ပြောဆို ဆက်ဆံလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
ဓါတ်ပုံ ရိုက်ရာတွင်လည်း မျက်နှာသာ ထင်ထင်ရှားရှား ခွဲခြား သိရှိနိုင်ရန် ရိုက်ကူးရမည် ဖြစ်သော်လည်း အမျိုးသမီးများကို မလိုအပ်ဘဲ ဘုရ်ကာများ ချွတ်ခိုင်းသည့် အပြင် ဘုရ်ကာ ချွတ်ရာတွင် အချိန် အနည်းငယ် ကြာလျှင်လည်း ညစ်ညမ်း စကားများဖြင့် ခြိမ်းခြောက် ဆဲဆိုမှုများ ပြုလုပ်ပြီး၊ အချို့မိသားစု များကို ဓါတ်ပုံ ရိုက်မပေးဘဲ ပြန်ခိုင်းခြင်းများလည်း ပြုလုပ်သည်ဟု ဒေသခံများက ပြောပါသည်။
မတ်လ (၂၁) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် မာမတ်အီနုစ် (ဘ) ဦးအဘူရူး (အသက် ၂၅ နှစ်) သည် အပြောင်း အရွှေ့ ကိစ္စနှင့် ပတ်သက်၍ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိသော်လည်း မ.က.ဖ က အဆမတန် ငွေတောင်းခံသည်ကို ၎င်းက မပေးနိုင်ကြောင်း၊ ဥပဒေနှင့် အညီ လုပ်ဆောင်သင့် ပါကြောင်း ပြောဆိုသဖြင့် နယ်ခြားစောင့်ရဲများက မကျေနပ်၍ ၎င်းအား သေနတ်ဖြင့် ထုရိုက်ခဲ့ရာ ခေါင်းကွဲသွားခဲ့သည်။ ထို့နောက် မာမတ်အီနုစ်ကို မ.က.ဖ များ ဦးဆောင်ပြီး မြို့မ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ယနေ့ မတ်လ (၂၂) ရက်နေ့တွင် (၃) မိုင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တာဝန်ခံ ရဲမှူးဌေးကို ကိုယ်တိုင် လာရောက်၍ မာမတ်အီနုစ်ကို ဖမ်းဆီး၍ (၃) မိုင် စခန်းသို့ ခေါ်ဆောင်သွားပြီး၊ လွှတ်ပေးရန် အတွက် ငွေကျပ် ငါးသိန်း တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ယခင်က စစ်ဆေးခဲ့သည့် တရားမ၀င် ခိုးဝင်ဘင်္ဂလီ လူဦးရေ စာရင်း စစ်ဆေးရာတွင် မြို့မကညင်တန်း ရွာမှ စစ်ဆေးခံခြင်း မရှိခဲ့သလို၊ ယခု ဆွဲ၊တင်၊စစ် တွင်လည်း အာဏာပိုင်များ ထင်တိုင်းကြဲ၍ ငွေကောက်ခံနိုင်ခြင်း မရှိသဖြင့် အငြိုးထားကာ ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီး ငွေညှစ်ခြင်း ပြုလုပ်ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုလျက် ရှိသည်။
မိတ္တီလာ​နေ့ (သို့မဟုတ်​) ကမ္ဘာကြီး ငို​ကြွေး​သော​နေ့
ရေးသားသူ -- ယျာတင် (MYARF)
RB ကဗျာ
20.3.2015
အဲ့ဒီနေ့ပေါ့
အပြစ်ကင်းစင်တဲ့ ကျောင်းသားလူငယ်တွေ
အလျှံငြီးငြီး လောင်ကျွမ်းတဲ့ မီးပုံထဲမှာ
မီးအစာဖြစ်ခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
နေရောင်က မှောင်မိုက်ခဲ့
အမုန်းတရားလေပြင်းတွေ
အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
နို့ရည်ပြည့်ရင်အုံနဲ့ မိခင်များက
နို့တိုက်ကျွေးမယ့် သားငယ်လေးကို
လိုက်ရှာခွင့်မရခဲ့တာ။
အဲ့ဒီနေ့ပေါ့
အငြိုးလှိုင်းတွေ ထန်နေတဲ့ကြားမှာ
အားကိုးစရာမဲ့သူများ ဟိုပြေးဒီပြေးနဲ့
လျှာမြေကျ ရွာလည်ခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
နုနယ်တဲ့ မိန်မသားလေးများ
ဒူးထောက် အသနားခံလည်း
မညှာမတာ ​ခြွေမွခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
လေပြည်တွေတိုက်ခဲ့တဲ့ အရပ်မှာ
အမုန်းမုန်​တိုင်းက အငြိုးကြီးစွာ တိုက်​ခိုက်​လို့
လူ​သေ​အလောင်း​တွေ ​နေရာယူခဲ့တာ။
အဲ့ဒီနေ့ပေါ့
အနှစ်နှစ်အလလ ချွေးစက်ပေါင်းများစွာနဲ့ရင်းပြီး
ရတဲ့ ချွေးစတွေနဲ့ ဆောက်ခဲ့တဲ့ နားခိုရာ
မျက်​စိတစ်​မှိတ်​အတွင်း ဖြိုဖျက်ခံလိုက်ရတာ။
အဲ့ဒီနေ့ပေါ့
အမေက သားမရှာအားနဲ့
သားက အမေ မရှာအားခဲ့လို့
သားအမိ တစ်သက်တာ ဝေးကွာခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အမြင်အာရုံတွေဝေဝါး အသိတရားမဲ့သွား
လူ့စိတ်ကင်းမဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်
နှလုံးသားထဲမှာ တစ်ဆစ်ဆစ် နာကျင်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
မျက်ရည်ကုန်ခန်းသွားခဲ့
သွေးရည်တွေပင်လယ်ဖြစ်ခဲ့
သက်ရှိခန္ဓာများ မီးကင်ခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အကြမ်းဖက်သမားအချို့ကြောင့်
တန်ဖိုးရှိလှတဲ့ လူ့ဇိဝိန်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
မတရားမှုတွေအတွက်
ကမ္ဘာကြီး ငိုကြွေးလည်း
လူစုတစ်သိုက် ပြုံးပျော်ကျေနပ်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
လူနေတဲ့အရပ်မှာ
လူသားဖြစ်လျက်နဲ့
လူသားမဆန်စွာ ညှဉ်းပန်းချေမှုန်းခံခဲ့ရတာ။
အဲ့ဒီ​နေ့​ပေါ့
...................
...................
.............................................။
••• မိတ္တီလာမှ မွတ်စလင်များ အကြမ်းဖက် ညှဉ်းပန်း ချေမှုန်းခံခဲ့ရသော ၂၀၊၃၊၂၀၁၃ ရက်နေ့ ကို အောက်မေ့၍ ရေးဖွဲ့ပါသည်။ လူလူချင်း နှိပ်စက်မှုမှ ကင်းဝေးပြီး ငြိမ်းချမ်းကြပါစေ။
RB News
19.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ သရက်ပြင် ကျေးရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်သည် ဒေသခံ လယ်သမားများက ခမီး အမျိုးသမီးနှစ်ဦးကို မုဒိန်းကျင့်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ လယ်သမား (၆၀) ဦးထံမှ ငွေကျပ် သိန်း ၆၀ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် သရက်ပြင် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ဖုံညိုလိပ် ကျေးရွာ၊ အမှတ် (၄) ရပ်ကွက်မှ ဦးလေရူမျာ (ဘ) ဦးလာလူးမျာ တို့သည် ခမီး အမျိုးသမီး နှစ်ဦးကို ခေါ်ဆောင်လာပြီး အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ထားရှိကာ ဒေသခံ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လိုသည့် ဆန္ဒဖြင့် ခမီး အမျိုးသမီးနှစ်ဦးကို ဒေသခံ ရွာသားများက မုဒိန်းကျင့်ခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းကာ ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်ပြီး မတ်လ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ အတွင်းတွင် ဒေသခံ လယ်သမား (၆၀) ဦးထံမှ ငွေကျပ် သိန်း (၆၀) ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ရရှိထားသည့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ယခုကဲ့သို့ မတရားသဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခြင်း အပေါ် ဒေသခံများက မကျေမနပ် ဖြစ်လျက်ရှိပြီး၊ ဆက်လက်၍ ပြုလုပ်သွားမည် ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရသည်ဟု ဆိုသည်။
MYARF
RB News
19.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကံပူးကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ တပည့်တစ်ဦးက လုပ်ကြံ သတင်းတစ်ရပ် ဖန်တီးခဲ့သည်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိကြီးက သိရှိနိုင်ခဲ့သော်လည်း အရေးယူခြင်း မရှိဘဲ အပြစ်မဲ့ ဒေသခံ ရွာသားများကို ညှဉ်းပန်း နှိပ်စက်ရန် ကြံစည် နေကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း ကံပူးကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ တပည့်တစ်ဦး ဖြစ်သူ ဦးရှုကူရ်သည် မတ်လ (၈) ရက်နေ့က ၎င်း၏ အလုပ်သမား တစ်ဦး တောင်သို့ ထင်းခုတ်ခဲ့ရာတွင် တောတောင်ထဲတွင် ပုန်းအောင်းနေသာ လက်နက်ကိုင် လူတစ်စုတွေ့ခဲ့၍ အိမ်သို့ ပြန်လာပြီး ၎င်းအား ပြောခဲ့သည်ဟု ဆိုကာ နယ်ခြားစောင့် ရဲများကို ဖုန်းဆက် အကြောင်းကြားခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးက နယ်ခြားစောင့်ရဲ ၃၀ ဦး စေလွှတ်၍ ရှာဖွေစေခဲ့သည့် အပြင် (၃) မိုင်ရှိ တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးကိုလည်း အကြောင်းကြားခဲ့သည်။
တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးကလည်း ကား ၄ စီးဖြင့် စစ်သားများ စေလွှတ်၍ ရှာဖွေခဲ့သည်။ သို့သော်လည်း တောတောင်ထဲတွင် မည်သူတစ်ဦး တစ်ယောက်ကိုမှ ရှာဖွေ တွေ့ရှိခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထို့နောက် ဦးရှုကူရ်၏ အလုပ်သမား ဖြစ်သူကို (၄) မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းသို့ ခေါ်ဆောင် သွားပြီး တစ်ညလုံး စစ်ဆေးခဲ့သည်။ တစ်ဖန် နောက်တစ်နေ့တွင် ဦးရှုကူရ်၏ အလုပ်သမားကို တွေ့ရှိခဲ့သည်ဟုသည့် နေရာကို ခေါ်ဆောင်သွားပြီး ရှာဖွေခဲ့သော်လည်း လက်နက်ကိုင် လူတစ်စုကို မတွေ့ရှိခဲ့ကြောင်း သိရသည်။
အမှန်တကယ်မှာ လက်နက်ကိုင် လူတစ်စုကို တွေ့ရှိခဲ့ခြင်း မဟုတ်ပဲ ဦးရှုကူရ်က ၎င်း၏ အလုပ်သမား ဖြစ်သူကို လုပ်ခ လစာတိုးပေးမည်ဟု မက်လုံးပေး၍ ၎င်းက လုပ်ကြံ ပြောခိုင်းသည့် အတိုင်း အလုပ်သမားက လုပ်ကြံ ပြောခဲ့ခြင်း ဖြစ်သည်။ ဦးရှုကူရ်က ၎င်းနှင့် နယ်ခြားစောင့် ရဲများ အကြား ရှိသည့် ခင်မင်ရင်းနှီးမှု ပိုမိုတိုးလာစေရန် လုပ်ကြံ၍ သတင်းပေးပို့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ယခင် န.စ.က လက်ထက်ကလည်း ဦးရှုကူရ်က ထိုကဲ့သို့ လုပ်ကြံ သတင်းများ ဖန်တီး၍ န.စ.က များနှင့် ရင်းနှီးမှု ရယူကာ ဒေသခံရွာသား များကို ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဦးရှုကူရ်၏ လုပ်ကြံ သတင်းပေးမှုကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးက သိရှိနိုင်ခဲ့သော်လည်း ဦးရှုကူရ်အား မည်သို့မျှ အရေးယူခြင်း မရှိဘဲ အဆိုပါ လုပ်ကြံ သတင်းကို အကြောင်းပြု၍ အပြစ်မဲ့ ဒေသခံ ရွာသားများကို ညှဉ်းပန်း နှိပ်စက်ရန် ကြံစည်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
19.3.2015
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီ Mrs. Yanghee Lee က မြန်မာအစိုးရ အနေနဲ့ သူမကို ထပ်မံ လာရောက်ဖို့ ဖိတ်ကြားပြီး လုံခြုံရေး အတွက်လည်း တာဝန်ယူ လိမ့်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောကြား လိုက်ပါတယ်။
ဒီရက်ပိုင်း အတွင်း မြန်မာ ဘုန်းတော်ကြီး ဝီရသူက သူမကို ရန်ပြုဖို့ ခြိမ်းခြောက် ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလ ကိုယ်စားလှယ် ယန်ဟီးလီက အခုလို ဝေဖန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်ရေး ကောင်စီ ညီလာခံကို သူမ တင်သွင်း ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာမှာ တခြား လူ့အခွင့်အရေး အခြေအနေ တွေနဲ့အတူ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ အတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်း ဖေါ်ပြထားပါတယ်။
အဲ့ဒီ ညီလာခံ ရက်ပိုင်း အတွင်း ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာ အရေး ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို ယန်ဟီးလီနဲ့ အတူ လန်ဒန်အခြစိုက် မြန်မာ ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဦးထွန်းခင်လည်း ပါဝင် တက်ရောက် ခဲ့ပါတယ်။ ဦးထွန်းခင်က အဲ့ဒီ ဆွေးနွေးပွဲမှာ မူစလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေကို အသေးစိပ် တင်ပြခဲ့တယ်လို့ RFA ကိုပြောပါတယ်။
"နိုင်ငံသား၊ တိုင်းရင်းသား အဖြစ် ကျနော်တို့ လက်မခံ အပြင် ကျနော်တို့ကို နိုင်ငံပြင်ပကို မောင်းထုတ်နေ တဲ့ နောက်ဆုံး အခြေအနေကို ကျနော်တို့ ရောက်နေတယ်၊ အဲ့ဒီ အတွက်ကြောင့် ကျနော်တို့ လူမျိုးတုံး သတ်ဖြတ်မှုကို ခံနေရတဲ့ အတွက် မြန်မာ အစိုးရကို ဖိအားပေးပြီးတော့ ကျနော်တို့ရဲ့ ရပိုင်ခွင့်အခွင့် အရေးတွေကို ပြန်ပေးဖို့ ကျနော်တို့က ပြောပြတာပါ"
ဒ့ါအပြင် ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ဆုံးရှုံးနေမှုကို စုံစမ်းရေး အတွက် ကုလသမဂ္ဂ အနေနဲ့ ရခိုင်ပြည်နယ် ကို ကော်မရှင် တစ်ခု စေလွှတ်ဖို့လည်း ဦးထွန်းခင်က တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။
"မြန်မာ အစိုးရ အနေနဲ့ ရိုင်ဟင်ဂျာ တွေကို တိုက်ဖျက်မှုနဲ့ ပတ်သက်လို့ စုံစမ်းရေး ကော်မရှင် လုပ်ထား တဲ့နေရာမှာ ယုံကြည်စရာ ဘာတစ်မှ မရှိဘူး ဆိုတဲ့ဟာ ကျနော်တို့ ထောက်ပြတယ်၊ အဲ့ဒီ အတွက်ကြောင့် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် တစ်ခု အမြန်ဆုံး ဖွဲ့ပြီးတော့ ရိုဟင်ဂျာတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်ကို သွားပြီး စုံစမ်း စစ်ဆေးဖို့ ကျနော် အနေနဲ့ တောင်းဆိုတာပါ"
ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးရဲ့ထုတ်ပြန်ချက် အရ အထူး ကိုယ်စားလှယ် Mrs. Yanghee Lee ကို သင်ခန်းစာပေး တဲ့အနေနဲ့ ရန်ပြု တိုက်ခိုက်ဖို့ အရှင်ဝီရသူက ဒီရက်ပိုင်း အတွင်း ဖေ့စ်ဘုတ် စာမျက်နှာကနေ နှိုးဆော် စကား မိန့်ကြား ခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Rupert Colville က နိုင်ငံတကာ ကိုယ်စားလှယ် တစ်ဦးကို အရှင်ဝီရသူ အနေနဲ့ အခုလို မိန့်ကြား ပြောဆိုဖို့ မသင့်ကြောင်းနဲ့ ဆူပူမှု ဖြစ်အောင် လှုံ့ဆော်မှုကို အရေးယူဖို့ မြန်မာအစိုးရမှာ အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြား လိုက်ပါတယ်။
MYARF
RB News
18.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘဂုံးနား ကျေးရွာအုပ်စုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မ.က.ဖ တို့ပူးပေါင်း၍ ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဒေသခံ ရွာသားများ ထံမှ အဆမတန် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ်၊ ဘဂုံးနား ကျေးရွာအုပ်စုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းနှင့် မ.က.ဖ တို့ပူးပေါင်း၍ ဆွဲ၊တင်၊စစ် ခေါင်းစဉ်တပ်ကာ ဒေသခံ ရွာသားများထံမှ အဆမတန် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
မွေးတိုး ၅၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ၊ ပယ်ဖျက် ၂၀၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ထိ၊ လက်ထပ်ခွင့်ကြေး တစ်သိန်းကျပ်ထိ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ ယခုလက်ရှိ ဒေသခံ ၁၄၀ ဦးထံမှ လက်ထပ်ခွင့်ကြေးဟု ဆိုကာ ငွေကျပ် တစ်သိန်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ဒေသခံ ၁၄၀ ဦးက ၎င်းတို့တောင်းခံသည့် ငွေကျပ် တစ်သိန်းကျစီကို မပေးသဖြင့် ၎င်းမိသားစုများကို ဆွဲ၊တင်၊စစ် တွင် မစစ်ဆေးပဲ ချန်လှပ်ထားသည်ဟု ဆိုသည်။
MYARF
RB News
18.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသခံများထံမှ ငွေညှစ်ခဲ့ပြီး၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံ တစ်ဦးကို လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း၊ သင်္ဘောကွဲ ကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်း၊ ဦးနူရ်အာမတ်၊ ဦးဟာဆောင်း တို့သည် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ၎င်းကျေးရွာမှ လူငယ် အချို့ကို ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု စွပ်စွဲ၍ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ယူ၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဦးဆုလ်တာန် (ဘ) ဦးဆာလေ - သဘောင်္ကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၂၅၀၀၀/-
(၂) ဦးကော်ဘိရ်အာမတ် (ဘ) ဦးနူရ်အာမတ် - သဘောင်္ာကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၂၅၀၀၀/-
(၃) ဦးဆော်ယာဒ်အာလာမ် (ဘ) ဦးရော်ဟိမူလ္လာ - သဘောင်္ကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၅၀၀၀၀/-
(၄) ဦးဟိုရ်မာမတ် (ဘ) ဦးနီယာမတ်အုလ္လာ - သင်္ဘောကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၃၀၀၀၀/-
(၅) ဦးမော်ဂျိတ်အုလ္လာ (ဘ) ဦးအာဇီရာမန် - သင်္ဘောကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၃၀၀၀၀/-
(၆) ဦးဂျာဘူရာမန် (ဘ) ဦးမာမတ်ဆီဒိခ် - သင်္ဘောကွဲ ကျေးရွာအုပ်စု၊ ရွာသစ်မှ - ညှစ်ခံရငွေကျပ် ၂၀၀၀၀/- -- တို့ဖြစ်သည်။
ထို့အပြင် ဦးကော်ဘိရ်အာမတ် (ဘ) ဦးဇော်ဘောရ် ကို ဦးကော်ဘိရ်အာမတ် (ဘ) ဦးနူရ်အာမတ်နှင့် လူမှား၍ နယ်ခြားစောင့် ရဲများက ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
မတ်လ (၁၄) ရက်နေ့ကလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်း၊ ဦးနူရ်အာမတ်နှင့် ဦးဟာဆောင်း တို့က ၎င်းကျေးရွာအုပ်စု ရွာကြီးနေ ဦးမာမတ်ဆီဒိခ် (ဘ) ဦးအာဘူဆီဒိခ်နှင့် ဦးအေရှာဒူလ္လာ (ဘ) ဦးအဒူဆော်လာမ် တို့ကို တရားမ၀င် မလေးရှား နိုင်ငံသို့ လူပို့နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
မတ်လ (၁၄) ရက်နေ့ကပင် နံနက် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူ  ကျေးရွာအုပ်စု၊ စေတီပြင်ရွာတွင် ကင်းလှည့်နေစဉ် ဦးဖော်ယာစ်အာမတ် (ဘ) ဦးအာဘူလ်ဟိုရ် (အသက် ၆၀ နှစ်) က ၎င်း၏ ခြံဝင်းအတွင်း ဓါတ်မီးထိုး၍ ကြည့်သည်ကို နယ်ခြားစောင့် ရဲများက “ဘာကြောင့် ဓါတ်မီးနဲ့ ထိုးရတာလဲ” ဟုဆိုကာ လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ဦးခေါင်းနှင့် နှုတ်ခမ်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ဦးဖော်ယာစ်အာမတ်၏ သွေးစွန်းနေသည့် အ၀တ်အစားများကို အတင်းအဓမ္မ ချွတ်ယူ၍ ချောင်း၌ ပစ်ချခဲ့သည်။
လူမဆန်စွာ ရိုက်နှက်ခံရသူ ဦးဖော်ယာစ်အာမတ်က နံနက် အစောပိုင်းတွင် ကျောက်ပန္ဒူရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ စခန်းတာဝန်ခံကို တိုင်တန်းခဲ့ရာ စခန်းတာဝန်ခံက စစ်ဆေး အရေးယူပေးမည်ဟု ဆိုကာ ၎င်းကို ပြန်ခိုင်းခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိခဲ့ဟု ဆိုသည်။
MYARF
RB News
18.3.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် GE တပ်၏ ကားပေါ်မှ ပြုတ်ကျ၍ ဒေသခံ (၄) ဦး သေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ မတ်လ (၁၇) ရက်နေ့ ည (၇) နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒုတန်း (၁) မှ အာဏာပိုင်များ၏ တပည့်ဖြစ်သူ ဦးအဒူဂေါ်နီ (ဘ) ဦးဆောယာဒ်ကော်ရီးမ် (အသက် ၄၅ နှစ်) သည် ၎င်းကျေးရွာမှ ဒေသခံ ရွာသား (၈) ဦးကို ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း တောင်ဘဇာတွင် သစ်ခုတ်ရန် အတွက် ဘူးသီးတောင်မြို့မှ တောင်ဘဇာသို့ သံချောင်းများ သယ်ယူသွားနေသည့် GE ကားတစ်စီးဖြင့် ခေါ်ဆောင်သွားနေစဉ် ကားပေါ်မှ လူများနှင့် သံချောင်းများ ပြုတ်ကျခဲ့ရာ သံချောင်းများ လူများ၏ ခန္ဓာကိုယ်ပေါ်တွင် ပိ၍ လူ (၄) ဦး သေဆုံး၍ (၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဒဏ်ရာရရှိသူများကို ဘူးသီးတောင် မြို့နယ် ဆေးရုံတွင် ဆေးကုသ ပေးလျက် ရှိကြောင်း သိရသည်။ သေဆုံးသွားသူများ၏ အလောင်းများကို ယနေ့ ညနေပိုင်းတွင် ဖရုံချောင်း ကျေးရွာအုပ်စု ဒုတန်း (၁) ရှိ ၎င်းတို့၏ နေအိမ်များသို့ သယ်ဆောင်သွားပြီး သဂြိုဟ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
သေဆုံးသွားသူများမှာ --
(၁) ဦးမာမတ် (ဘ) ဦးအဒူဘာရီ (အသက် ၄၅ နှစ်)
(၂) ဇာဖောရ်အစ္စလာမ် (ဘ) ဦးအစ္စလာမ် (အသက် ၁၆ နှစ်)
(၃) နူရ်မာလ်ဟာကိမ်း (ဘ) ဦးဖေရာန် (အသက် ၁၇ နှစ်)
(၄) အီဆုဖ် (ဘ) ဦးဇော်ဟိရ်အာမတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ပြီး
ဒဏ်ရာရရှိသူများမှာ --
(၁) အဒူလ်ဟာရှိမ်း (ဘ) ဦးဖေရာန် (အသက် ၁၉ နှစ်)
(၂) ဦးအာဘူဆီဒိခ် (ဘ) ဦးနာဒူ
(၃) ဦးနူရ်မာမတ် (ဘ) ဦးနော်ဇိရ်အာမတ်
(၄) ဦးဒေါလ္လာ (ဘ) ဦးရော်ရှိတ်အာမတ် -- တို့ဖြစ်သည်။
ဒဏ်ရာရသူများထဲမှ ဦးဒေါလ္လာ၏ ဒဏ်ရာ အနည်းငယ် သက်သာသော်လည်း ကျန်သုံးဦး၏ ဒဏ်ရာများ ပြင်းထန် သောကြောင့် အသက်ဆုံးရှုံးဖွယ် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
17.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မ ဘောလုံးကွင်း၏ အနောက်ဘက်၌ ရှိသော ငါးဈေးတွင် ဈေးကောက် ဖြစ်သူ မောင်သိန်းထွန်း၏ အဆမတန် ဈေးကောက် ကောက်ခံမှု၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဒေသခံများ ဈေးဝယ်ရန်ပင် အခက်ကြုံနေရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြို့မ ဘောလုံးကွင်း အနောက်ဘက်၌ ရှိသည့် ငါးဈေးတွင် ဈေးကောက် ဖြစ်သူ မောင်သိန်းထွန်း (ယခင်က ရမ်းကားခြင်း အတွက် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံရသူ) သည် ဈေးတွင် ဒေသခံ ရိုဟင်ဂျာ မိန်းကလေးငယ်များ ရောင်းချသည့် ဟင်းသီးဟင်းရွက်များ ရောင်းချ၍ ငွေငါးရာကျပ် ရလျှင် ငွေတစ်ရာစီ ကောက်ခံခြင်း၊ မပေးလျှင် ဟင်းသီးဟင်းရွက် များကို သိမ်းဆည်းလိုက်ခြင်း၊ ပါးရိုက်ခြင်းများ အမြဲတစေ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
မတ်လ (၁၂) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် အဆိုပါဈေး၌ မောင်နီရွာမှ ငါးရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုသူ ဦးရှော်မ်ရှု၏သား (အသက် ၂၁ နှစ်)၊ ရှော်မ်ရှုအာမီးန် (အသက် ၂၅ နှစ်) နှင့် ရွှေဇား ကျေးရွာမှ မော်ဂူလ် (အသက် ၂၅ နှစ်) တို့ ငါးရောင်းချနေစဉ် ဈေးကောက် မောင်သိန်းထွန်းသည် အရက်သောက်စား မူးယစ်ပြီး ဈေးကောက်ကို အဆမတန် တောင်းခံခဲ့ရာ ငါးရောင်းချသူများက တောင်းခံသည့် ငွေများလွန်းကြောင်း ပြောသဖြင့် ငါးရောင်းသူများကို လူအများ ရှေ့မှောက်တွင် ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပါးရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
အဆိုပါဈေးတွင် လူမျိုးစု နှစ်ခု ဈေးဝယ်ယူနိုင်ရန် အတွက် UNHCR မှ ဆောက်လုပ် လှူဒါန်း ခဲ့ခြင်း ဖြစ်ပြီး၊ မောင်သိန်းထွန်း၏ ရမ်းကားမှုကြောင့် ဒေသခံ ရိုဟင်ဂျာများ ဈေးဝယ်ရန်ပင် အခက်အခဲ ဖြစ်လျက် ရှိသည်ဟု ဆိုသည်။
မောင်တောမြို့နယ် မြို့မငါးဈေး လိုင်စင်စီကို ယူနိုက်တက် တည်းခိုရိပ်သာ ပိုင်ရှင် ဦးစံရွှေက ရယူခဲ့ပြီး၊ ၎င်းက တဆင့် ခွဲဝေ၍ ရောင်းချခဲ့ရာ၊ မြို့မ ဘောလုံးကွင်း အနောက်ဘက်၌ ရှိသော ငါးဈေးကို ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စာရေးဖြစ်သူ ဦးသန်းတင့်အား ရောင်းချခဲ့ကြောင်း သိရသည်။
ဗွီအိုအေမြန်မာပိုင်း
17.3.2015
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၂၈ ကြိမ်မြောက် ညီလာခံကို တင်သွင်းမယ့် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee ရဲ့အစီရင်ခံစာကို FIDH ခေါ် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ချုပ်က ကြိုဆို လိုက်ပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ မဖြေရှင်းဘဲ ကျန်ရှိ နေသေးတဲ့ စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ပြဿနာတွေ ရှိနေသေးတယ် ဆိုတာကို အမှတ်ရ စေတယ်လို့ ဆိုပါတယ်။
မကြာသေးမီက ကျောင်းသားတွေရဲ့ဆန္ဒပြမှု အပေါ် အကြမ်းဖက် ဖြိုခွင်းခဲ့မှုဟာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်မှုကို နှိပ်ကွပ်ရာ ရောက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေ ချိုးဖောက်သူ တွေကို အရေးယူခြင်း မရှိသေးတာ တွေ့ရတဲ့ အကြောင်း FIDH ရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထောက်ပြ ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး နောက်ပြန် ဆုတ်တာကို တွေ့ရတဲ့ အကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန် ကတိပေးထား ပေမယ်လို့ အခုချိန်ထိ နိုင်ငံရေး အကျဉ်းသား ဒါဇင်ပေါင်း များစွာ ရှိနေပြီး အရေ အတွက်ဟာ မှန်မှန်ကြီး တိုးလာနေတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ FIDH အဖွဲ့အနေနဲ့ တောင်းဆို ထားသလို၊ လယ်မြေ သိမ်းမှု အပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို ဖမ်းဆီး နှောင့်ယှက် အကျဉ်းချ နေတာတွေကို စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူဖို့လည်း တိုက်တွန်း ထားပါတယ်။
နိုင်ငံတဝန်း ရဲဘက် စခန်းတွေမှာ ဖမ်းဆီးထားသူ (၁၀,၀၀၀) ကျော်တို့ရဲ့နေထိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း၊ သေဆုံးခဲ့သူ (၁,၁၀၀) ကျော်ရှိတဲ့ အတွက်ကြောင့် ပျှမ်းမျှ သုံးရက်မှာ တဦးကျ သေဆုံးနေတာ တွေ့ရတယ်လို့ ထောက်ပြ ထားပါတယ်။
စောစောပိုင်း မတ်လ (၁၀) ရက်နေ့ ကတော့ မြန်မာ အစိုးရ အနေနဲ့ Yanghee Lee အစီရင်ခံစာပါ အချက်တွေ ကန့်ကွက်ကြောင်း ကြေညာချက်ကို မြန်မာ နိုင်ငံခြားရေး ဌာနက လူ့အခွင့်အရေး ကောင်စီထံ တင်သွင်း ခဲ့ပါတယ်။
ဇန်နဝါရီလ (၇) ရက်နေ့ကနေ (၁၆) ရက်နေ့ထိ သွားခဲ့တဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း တွေ့ဆုံ လိုသူတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံ ခွင့်ပေး ခဲ့ပေမယ်လို့ သူရဲ့အစီရင်ခံစာမှာ ဘက်လိုက်မှုများ ရှိနေတာ တွေ့ရတဲ့ အကြောင်း ဝေဖန် ထားပါတယ်။
လွတ်လပ်စွာ စုရုံးခွင့်နဲ့ ဆန္ဒ ထုတ်ဖေါ်ခွင့် မြန်မာနိုင်ငံမှာ ပေးထားတဲ့ အကြောင်း၊ မြန်မာ ပြည်သူတွေ အနေနဲ့ အင်တာနက် အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်စွာ အသုံးပြုခွင့် ရှိကြတဲ့ အကြောင်း၊ ပုံနှိပ် ထုတ်ဝေတဲ့ ဥပဒေ မှာလည်း မှတ်ပုံတင်ဖို့ လိုပေမယ့် ဆင်ဆာ ဖြတ်တောက်မှုတွေ မရှိတဲ့ အကြောင်း တုံ့ပြန် ထားပါတယ်။
သတင်းထောက်တွေ အနေနဲ့ သတင်းယူရာမှာ ကန့်သတ် အဆောက်အဦး တွေကို ဝင်ရောက် ခဲ့တာဟာ တရား ဥပဒေ ချိုးဖောက်တဲ့ အတွက် အရေးယူ ရတာ ဖြစ်ကြောင်း ဖေါ်ပြ ထားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ ပြန်လည် စီစစ်ရေး ကော်မတီကို မြန်မာ အစိုးရ အနေနဲ့ ဖွဲ့စည်းပြီး လွတ်ငြိမ်းချမ်း သာခွင့် (၁၄) ကြိမ် သမ္မတက ပေးခဲ့တဲ့ အကြောင်း ထောက်ပြ ထားပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလက လက်ပံတောင်း ကြေးနီ စီမံကိန်း ကန့်ကွက် ဆန္ဒပြမှု အတွင်း လယ်သူမကြီး ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုကို မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်း စစ်ဆေးပြီး အကြံဉာဏ်များ ပေးခဲ့ကြောင်း၊ ဆလင်းကြီး မြို့နယ် တရားရုံးမှာ အမှုကို ကြားနာနေတဲ့ အကြောင်း ရှင်းပြ ထားပါတယ်။
ဒါ့အပြင် ယာယီ သက်သေခံ အဖြူရောင်ကဒ် ရထားသူတွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဆိုင်ရာ ခုံရုံးက လူထု ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့် မရှိကြောင်း ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ စသဖြင့် ထောက်ပြ ထားပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ မြန်မာ တိုင်းရင်းသား သမိုင်းမှာ မရှိတဲ့ အတွက်ကြောင့် Ms. Lee ရဲ့သုံးနှုန်းမှုကို မြန်မာအစိုးရက ကန့်ကွက် ထားပါတယ်။
Rohingya Eye
RB News
17.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် တောင်ရွာရှိ ဒေသခံ ရိုဟင်ဂျာများ စိုက်ပျိုး ထားသည့် စိုက်ခင်းများမှ သီးနှံများကို စစ်သားများက လုယက်ခြင်းနှင့် အောင်ဇေယျ (န.တ.လ) ရွာအတွင်းသို့ ၀င်ရောက်၍ ကျက်စားသည့် နွားပိုင်ရှင်များထံမှ ရခိုင်ရွာသားများက ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မတ်လ (၁၃) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အခြေစိုက် တပ်မတော် စစ်ကြောင်း အဖွဲ့တစ်ဖွဲ့သည် ကျီးကန်းပြင် တောင်ရွာရှိ ဒေသခံ ရိုဟင်ဂျာများ စိုက်ပျိုးထားသည့် စိုက်ခင်းသို့ သွားရောက်၍ ရွှေဖရုံသီး (၁၀၀) လုံးခန့်နှင့် ငရုတ်သီး သုံးပိဿာခန့်ကို ၎င်းတို့ ကိုယ်တိုင်ကျ ခူး၍ လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ စစ်သားများက အတင်းအဓမ္မ လုယက်၍ ခူးနေသည့်ကို စိုက်ခင်း ပိုင်ရှင်များက ကန့်ကွက်ခဲ့သော်လည်း ၎င်းတို့က ရပ်တန့်ခြင်း မပြုဘဲ ပိုင်ရှင်များကို ရန်ပြုရန် ကြိုးစားသဖြင့် စိုက်ခင်းပိုင်ရှင်များ နောက်ဆုတ်ခဲ့ရသည်။ စစ်သားများက လုယက်ခူးယူသည့် ရွှေဖရုံသီးများနှင့် ငရုတ်သီးများကို ၎င်းတို့၏ ကားပေါ်သို့ တင်ဆောင်၍ ယူဆောင် သွားခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ လုယက်ခံရသည့် စိုက်ခင်း ပိုင်ရှင်များမှာ --
(၁) ဦးနူရူအာမီးန် (ဘ) ဦးအေရှာဒူလ္လာ (အသက် ၅၀ နှစ်)
(၂) ဦးနူရ်ဟာဆောင်း (ဘ) ဟာဂျီဦးအာမတ်ဟူဆောင်း (အသက် ၃၅ နှစ်)
(၃) ဦးအေဆာန် (ဘ) ဟာဂျီဦးအာမတ်ဟူဆောင်း (အသက် ၂၅ နှစ်)
(၄) ဦးရော်ဖိခ် (ဘ) ဟာဂျီဦးအာမတ်ဟူဆောင်း (အသက် ၃၀ နှစ်)
(၅) ဦးအီမာန်ဟူဆောင်း (ဘ) ဦးလာလ်မာမတ် (အသက် ၅၀ နှစ်) -- တို့ဖြစ်သည်။
မတ်လ (၁၄) ရက်နေ့တွင် ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ အောင်ဇေယျ (န.တ.လ) ရွာရှိ စိုက်ခင်းများ ထဲသို့ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားများ၊ ဆိတ်များ ၀င်ရောက် ကျက်စားသည်ဟု အကြောင်းပြ၍ တိရစ္ဆာန်များကို ထိန်းသိမ်း ထားပြီး တစ်ကောင်လျှင် ဒဏ်ငွေ ၅ ထောင်ကျပ်ဟု ဆိုကာ ရခိုင်ရွာသားများက ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဒဏ်ငွေပေးဆောင်ပြီး နွား၊ ဆိတ်များ ပြန်လည်ရွေးယူ လာသူများမှာ --
(၁) ဦးဆွေတာလာမ် (ဘ) ဦးဟာလာမျာ (အသက် ၃၀ နှစ်) - နွားတစ်ကောင် အတွက် ငွေကျပ် ၅ ထောင် ပေးရ
(၂) ဟာဖီးဇ် နူရူ (ဘ) ဦးလာလ်မာမတ် (အသက် ၄၂ နှစ်) - နွားတစ်ကောင် အတွက် ငွေကျပ် ၅ ထောင် ပေးရ
(၃) ဦးအီဆုပ် (အသက် ၅၀ နှစ်) -- ဆိတ် ၄ ကောင် အတွက် ငွေကျပ် ၂ သောင်း ပေးရ -- တို့ဖြစ်သည်။
ထိုကဲ့သို့ အနိုင်ကျင့်၍ ငွေညှစ်ခြင်းကို သက်ဆိုင်ရာသို့တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်း ပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ ၎င်းက “သူတို့ဘက်က နွားတွေ ဆိတ်တွေ တွေ့တာနဲ့ ဟိုအပင်စားတယ်၊ ဒီအပင် စားတယ် ဆိုပြီး ဒဏ်ငွေတောင်းတယ်။ သူတို့ နွားတွေ၊ ဆိတ်တွေလည်း ကျွန်တော်တို့ စိုက်ခင်းထဲ လာရင် စိုက်ခင်း ပျက်စီးတာပဲ၊ ကျွန်တော်တို့ ဘာဒဏ်ငွေမှ မတောင်းဘူး၊ တကယ်လို့ သူတို့ လုပ်တဲ့အတိုင်း ကျွန်တော်တို့ လိုက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ကို နယ်ခြားစောင့် ရဲတွေ လာဖမ်းမှာ အသေအချာပဲ” ဟု ပြောပါသည်။
ရိုဟင်စိုးမိုးဝင်း (MYARF)
RB News
17.3.2015
မကြာမီ ရက်ပိုင်း အတွင်းက တုန်လှုပ် ချောက်ချားဖွယ် သတင်း တစ်ရပ်ကို ကြားသိရလို့ နေမထိထိုင်မသာ ဖြစ်ခဲ့မိသည်။ သတင်းကတော့ လူတိုင်းလိုလို ကြားသိခဲ့သော သင်္ဘောနစ်မြုပ်မှု သတင်းသာ ဖြစ်သည်။
နစ်မြုပ်
တောင်ကုတ်မှ စစ်တွေသို့ ပြေးဆွဲနေသည့် ရခိုင် တိုင်းရင်းသားများ သယ်ဆောင် လာသော ပြည်တွင်း ရေကြောင်း နှစ်ထပ် သင်္ဘော အောင်တံခွန် (၃) သည် ကျောက်ဖြူနှင့်မြေပုံ အကြား နောင်တော်ကြီးမြစ်အား ဖြတ်ကူးစဉ် မတ်လ ၁၃ ရက်နေ့ ည ၇ နာရီ ၁၅ အချိန်တွင် သင်္ဘောဦးပိုင်း ရေဝင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (စစ်တွေ) မှ သတင်း ထုတ်ပြန် ထားပါသည်။
သေဆုံး
အဆိုပါ သင်္ဘောတွင် စီးနှင်း  လိုက်ပါလာသော ခရီးသည် ၄၀၀ လောက်ရှိသည်ဟု တာဝန်ရှိသူများက ယူဆ ထားပါသည်။ ထိုအထဲမှ တချို့ ခရီးသည်များကို အသက်ရှင် ကယ်တင်နိုင်ခဲ့ပြီး တချို့ခရီးသည်များ အသက် ဆုံးရှုံးခဲ့ရသည်။ တန်ဖိုးရှိလှသောလူတို့၏ အသက်ပေါင်း များစွာ ဆုံးရှုံးမှု တစ်ခုပင်ဖြစ်သည်။
မတော်တဆမှုမျိုးများ
စာရေးသူ ဖတ်မှတ် လေ့လာ မှတ်သားခဲ့မိသမျှထဲ တွင် ယာဉ်မတော်တဆမှု အမျိုးမျိုး ရှိသည်ကို တွေ့ရသည်။ ယာဉ်မတော်တဆမှုများ ဖြစ်စေသည့်အကြောင်းရင်းများထဲမှာ (၁) လူကြောင့်ဖြစ်သည့် ယာဉ်မတော်တဆမှု၊ (၂) ယာဉ်၏ အစိတ်အပိုင်း များကြောင့် ဖြစ်သည့် ယာဉ်မတော်တဆမှု၊ (၃) ရာသီဥတုကြောင့် ဖြစ်သည့် မတော်တဆမှု ဟူ၍ အဓိကအသွင် ၃ မျိုးဖြင့် ဖြစ်ပွားနေသည်ကို သတိထားမိသည်။
ယခုဖြစ်ပွားခဲ့သည့် မတော်တဆမှု
ရခိုင်ပြည်နယ် အတွင်း ပြေးဆွဲနေသော အောင်တံခွန် သင်္ဘော အပါအဝင် သင်္ဘော အများစုမှာ ဟောင်းနွမ်းနေပြီဖြစ်ပြီး ပင်လယ်ရေငန် စားသည့်ဒဏ်ကြောင့် သင်္ဘော ဝမ်းဗိုက်ပေါက်ခြင်းမျိုးများ မကြာခဏ ကြုံတွေ့ ရလေ့ရှိသည်။ ဤအချက်ကို သုံးသပ်ခြင်းအားဖြင့် ယာဉ်၏ အစိတ်အပိုင်း များကြောင့်ဖြစ်သည့် ယာဉ်မတော်တဆမှုဟူ၍ ကောက်ချက်ချနိုင်သည်။
မည်သူတို့မှာ တာဝန်ရှိသနည်း 
ရခိုင်ပြည်နယ် အတွင်း ရေလမ်းခရီးကို ရှပ်ပြေးယာဉ်မျာြးေ ပးဆွဲသည့် ခေါက်ရေနည်းသည်က တစ်ကြောင်း၊ ဈေးနှုန်းမြင့်မားသည်က တစ်ကြောင်း တို့ကြောင့် ဒေသခံ အများစုသည် ဈေးနှုန်း ချိုသာသော ဤသင်္ဘောများကိုပဲ အားထား သွားလာနေကြခြင်း ဖြစ်သည်။ ဤသို့ ယာဉ်စီးနှင်ခ မြင့်မားမှုကြောင့် ဒေသခံ အများစုသည် လုံခြုံမှုမရှိသော ရေယာဉ်များကို အသုံးပြု သွားလာ နေရသည်။ ဤအကြောင်းကြောင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားပြီး ခရီးသည်များ၏ အသက်ပေါင်း များစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။ ဤဆုံးရှုံးမှုများသည် ပြည်သူတို့၏ ဘဏ္ဌာငွေကို အသုံးပြုနေသော နိုင်ငံတော် အစိုးရ၏ ပေါ့ဆမှုကြောင့်ပင် ဖြစ်ပွားခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှာ တာဝန် အပြည့်ရှိသည်ဟု ယုံကြည်သည်။
နစ်နာသူများ 
ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် ရခိုင် လူမျိုးများစွာ အသက် ဆုံးရှုံးခဲ့ရသည်။ ရခိုင်လူမျိုးစု အတွက် ကြီးမားသော ဆုံးရှုံးမှုဟု ဆိုလျှင်လည်း မှန်လှသည်။ စာရေးသူ အနေဖြင့် အလွန် ဝမ်းနည်း ပါသည်၊ မျက်ရည်ပူများပင် ကျမိနေသည်။ စာရေးသူတို့ မွတ်စလင် အသိုင်းအဝိုင်း ကလည်း အသက် ဆုံးရှုံးသွားသူတို့ အတွက် ပူဆွေးသောက ရောက်နေသည်။ ရခိုင်ပြည်နယ် အတွင်း မှီတင်း နေထိုင်ကြသော မွတ်စလင် အသိုင်းအဝိုင်း အတွက်လည်း ကြီးမားသော ဆုံးရှုံးမှုဟု ခံယူပါသည်။ ဤသို့ ခံယူခြင်းကား အသက် သေဆုံးသူ များထဲတွင် ရခိုင်ပြည်နယ် တစ်ခုလုံးကို အကျိုး ဖြစ်ထွန်းစေမည့် ဝန်ထမ်းများ၊ ပညာရှင်များ၊ စီးပွားရေးသမားများ၊ အနာဂတ်သားကောင်း အညွှန့်ကောင်းများ ပါရှိမည်မှာ အမှန်ပင်ဖြစ်သော ကြောင့်ပေတည်း။ ရခိုင်ပြည်နယ်သည် လူမျိုးစုံ ဘာသာပေါင်းစုံဖြင့် ရှေးပဝေသဏီကပင် အတူတကွ ယှဉ်တွဲ နေထိုင်လာသော ပြည်နယ် တစ်ခု ဖြစ်သောကြောင့် မတော်တဆမှု၏ ဆိုးကျိုး နစ်နာခံ ရသူများမှာ ရခိုင်ပြည်နယ် အတွင်း မှီတင်း နေထိုင်သော လူမျိုးစု အားလုံးသာ ဖြစ်သည်ဟု ယုံကြည်ပါသည်။
စံမြန်းပါစေသောဝ်
နစ်မြုပ်မှုတွင် အသက် ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူ အပေါင်း ရောက်လေရာ ဘဝဆက်တိုင်းတွင် ဤသို့သော အဖြစ်သနစ်မှုမျိုး မခံစားရဘဲ မြတ်သောနိဗ္ဗာန်ကို စံမြန်းနိုင်ပါစေသောဝ်။
နိုင်ငံတော်အစိုးရအား အကြံပြုချက် 
ရေယာဉ်များ အသုံးပြု သွားလာနေသော ပြည်သူများသည် လိုအပ်သည့် လုံခြုံမှုရှိသော ရေယာဉ်များကို စီးနှင်းခွင့်ရရှိအောင် နိုင်ငံတော် အစိုးရအနေဖြင့် အတိုင်းအတာ တစ်ခုအထိ ဖန်တီး ပေးသွားမည် ဆိုပါက တန်ဖိုးရှိလှသော လူတို့၏ အသက်ပေါင်းများစွာ ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ လျော့နည်းပပျောက် သွားမည်ဟု အပြည့်အဝ ယုံကြည်မိပါကြောင့်း့။
ရွှင်လန်းချမ်းမြေ့ကြပါစေ့။
MYARF
RB News
17.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဘင်္ဂလီ အမည်ဖြင့် နိုင်ငံသား လျှောက်ထားသူ အချို့ကို မြို့နယ် လ.၀.က ရုံးသို့ ခေါ်ယူ၍ စစ်ဆေးရာတွင် ရှုပ်ထွေးသည့် မေးခွန်းများ မေးမြန်းခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်မှ ဘင်္ဂလီ အမည်ဖြင့် နိုင်ငံသား လျှောက်ထားသူ အချို့ကို မြို့နယ် လ.၀.က ရုံး၌ စစ်ဆေးခဲ့ရာ၊ မောင်တောမြို့နယ် လေးမိုင်ရပ်ကွက်မှ ဦးဟူဆောင်းအာမတ် (စစ်မှုထမ်းဟောင်း)၊ ဦးဇော်ရိုးနှင့် ဦးရော်ဖိခ်တို့ကို မတ်လ (၁၄) နေ့က စစ်ဆေးခဲ့သည်။
“သူတို့ကို စစ်ဆေးတာမှာ ဘင်္ဂလားဒေ့ရှ်က ဘယ်နှစ်ခုနှစ်မှာ ရောက်လဲ၊ ဘင်္ဂလားဒေ့ရှ်မှာ ဘယ်အရပ်ဒေသမှာ နေထိုင် ခဲ့ဖူးသလဲ၊ အဲဒီအချိန်တုန်းက ဘင်္ဂလားဒေ့ရှ်က အဲဒီ အရပ်ဒေသမှာ ဘယ်သူ အုပ်ချုပ်ခဲ့သလဲ၊ မြန်မာနိုင်ငံဘက် ၀င်ရောက်လာတဲ့ အချိန်မှာ မောင်တောခရိုင်မှာ ဘယ်သူ လ.၀.က ဦးစီးမှူးက ဘယ်သူလဲ၊ စတဲ့ ရှုပ်ထွေးတဲ့ မေးခွန်းတွေ မေးပါတယ်။ ဦးဟူဆောင်းအာမတ်နဲ့ ဦးဇော်ရိုး တို့က ဘာမှ ပြန်မဖြေတော့ တစ်နေကုန် လ.၀.က ရုံးမှာ ထိုင်ခိုင်း ထားခဲ့တယ်။ ဦးရော်ဖိခ်ကတော့ ဘာကြောင့် ဒီလို ရှုပ်ထွေးတဲ့ မေးခွန်းတွေ မေးရလဲဆိုပြီး မေးခွန်းထုတ်တော့ လ.၀.က တွေနဲ့ စကားများ ခဲ့ရတယ်။ အဲဒီမှာ ဦးရော်ဖိခ်က ငါတို့က အမှန်တကယ် ဘင်္ဂလီ မဟုတ်ဘူး၊ ရိုဟင်ဂျာ တွေသာ ဖြစ်တယ်။ အာဏာပိုင်တွေရဲ့ အတင်းအဓမ္မ စေခိုင်းမှုကြောင့် အခုလို ဘင်္ဂလီ နာမည်နဲ့ နိုင်ငံသား လျှောက်နေရတာလို့ ပြောခဲ့တယ်လို့ သိရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဦးရော်ဖိခ် ပြောဆိုပြီးနောက် ခရိုင် လ.၀.က ဦးစီးမှူးက “မင်းတို့ကို လိမ်လည်မှုနဲ့ ထောင်ကျအောင် လုပ်မယ်” ဟု ပြောကြား၍ ခြိမ်းခြောက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
17.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများအကြား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၃ ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၁၅) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် သောက်စား မူးယစ်၍ စကားများပြီးနောက် အပြန်အလှန် ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့် ရဲနှစ်ဦး ထိုနေရာတွင်ပင် သေဆုံးခဲ့ပြီး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားစဉ် စခန်းတွင် စခန်းတာဝန်ခံ မရှိခဲ့သော်လည်း၊ အခင်း ဖြစ်ပွားပြီးနောက် အင်းဒင်ရှိ စခန်း အမှတ် (၁၈) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး ရောက်ရှိလာပြီး သေဆုံးသူ နှစ်ဦး၏ အလောင်းများနှင့် ဒဏ်ရာ ရရှိသူ တစ်ဦးကို ကားများဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ဒဏ်ရာရရှိသူ တစ်ဦးလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် သေဆုံး သွားကြောင်း သိရသည်။
အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဘင်္ဘောကွဲ စခန်း တာဝန်ခံနှင့် အဆိုပါ စခန်းမှ တပ်ဖွဲ့ဝင် များကို ဌာနချုပ်တွင် ချုပ်နှောင် ထားကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Exodus