နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (ဧပြီ ၉၊ ၂၀၁၃)

မဆုမွန်
17.8.2015

လွှတ်တော် အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိ လာတဲ့ အတိုက်အခံ ပါတီ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ ဒီကနေ့မှာပဲ သီးသန့် တွေ့ဆုံခဲ့ကြပါတယ်။ ဒီတကြိမ်ပြန် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ပြဋ္ဌာန်းနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲက တိုက်တွန်း ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ပြန်ရုပ်သိမ်းရေး ဆိုင်ရာ ဥပဒေ ကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့လည်း NLD လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ အသေးစိတ် ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မီတီ ဥက္ကဋ္ဌလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပါတယ်။

“တွေ့တာတော့ သိတယ်။ တွေ့တာ သူရဦးရွှေမန်းဖြစ်ဖို့များတယ်။ တနာရီလောက်ထင်တယ်၊ ကြည့်ရတာတော့။”

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ ဘယ်လိုအကြောင်းအရာတွေကို အဓိက ထားဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ NLD က တရားဝင် ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။ ဒီတကြိမ်တွေ့ဆုံမှုဟာ အာဏာရပါတီပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးကနေ သူရ ဦးရွှေမန်း ရပ်ဆိုင်းခံလိုက်ရပြီးတဲ့နောက် အတိုက်အခံပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် နေပြည်တော်မှာ တွေ့ဆုံတာလည်းဖြစ်ပါတယ်။

အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီတကြိမ် လွှတ်တော်အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ( right to recall) ဥပဒေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖို့ ရှိပါတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ မှန်းဆတာပေါ့- Rights to Recall ဆိုတဲ့ဥပဒေနဲ့ပတ်သက်လို့ ပြောကြဆိုကြမယ့်အနေအထားရှိတယ်။ ဒါပေမယ့် ဥပဒေတခု လုပ်တယ် ဆိုရင်တော့လည်း တရက်၊ နှစ်ရက်နဲ့ပြီးတာ မဟုတ်တဲ့အခါကျတော့ ရက်တွေက ပြောရမယ့်သဘောလည်းရှိတယ်။ ဒါပေမယ့်လည်း အခုဟာက လွှတ်တော်ကလည်း ပြီးတော့မယ်၊ ရွေးကောက်ပွဲကာလ…မယ်ဆိုတော့လည်း ဘယ်လိုစီစဉ်ကြမလဲတော့ ကျနော်လည်းမသိဘူး။ ကျနော်တို့ကတော့ Rights to Recall ကို ဥပဒေကြောင်းနဲ့၊ နိုင်ငံတကာစံနဲ့ ယှဉ်ထိုးပြီးတော့မှ လုပ်ဖို့အတွက်၊ နိုင်ငံတကာစံနဲ့ညီတဲ့ဟာမျိုး၊ ညီတဲ့ဥပဒေဖြစ်ဖို့ ရည်မှန်းထားပါတယ်။”

လွှတ်တော်ကိုယ်စားလှယ် တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းပေးဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြည်ထောင်စုလွှတ်တော်ကို ထပ်မံ တိုက်တွန်းထားတာဖြစ်ပါတယ်။ ဒါဟာ အာဏာရပါတီဥက္ကဋ္ဌ ရာထူးက ရပ်ဆိုင်းခံလိုက်ရတဲ့ သူရ ဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှုယ်အဖြစ်က ရုပ်သိမ်းဖို့ ဖိအားပေးတဲ့သဘောလားလို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေချိန်လည်းဖြစ်ပါတယ်။

ဒီဥပဒေအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဥပဒေကြမ်းပြင်ဆင်ရေး ကော်မတီတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံကြဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖိတ်ကြားထားတယ်လို့လည်း သီပေါမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောပါတယ်။

“မနက်ဖြန် ကျနော်တို့ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေကို အဲဒီကိစ္စဆွေးနွေးဖို့ ဖိတ်ထားတယ်ဗျ။ ဦးရွှေမန်းက နိုင်ငံရေးပါတီတွေနဲ့တိုင်ပင်မယ်လို့ ပြောထားတာရှိတယ်လေ။ Rights to Recall ဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးလိမ့်မယ်။”

မေး။ ။ ဦးရွှေမန်းနဲ့ပေါ့နော်။

ဖြေ။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဦးရွှေမန်းက ဖိတ်ထားတာပဲ။ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီက-လို့ ပြောတယ်။

မေး။ ။ အန်ကယ်လ်၊ ဦးရွှေမန်းနဲ့ဒေါ်စုနဲ့ ဒီကနေ့တွေ့တဲ့အပေါ်မှာ အန်ကယ်လ် ဘယ်လို မြင်ပါလဲရှင့်။

ဖြေ။ ။ မကြာခနတော့ သူတို့က ဒီလိုပဲတွေ့ပြီးတော့ အမြင်ချင်းဖလှယ်နေကြလေ။ ဒါ ဖြစ်နိုင်တာတော့ အတွင်းပိုင်းသတင်းတွေပေါ့၊ ဘာတွေ၊ ဘာတွေ ဖြစ်နိုင်တယ်၊ ဘယ်လို ဘယ်လို အချင်းချင်းက ဖြစ်နိုင်တယ်ဆိုတာတွေ အဲလို ပြောကြဆိုကြ ဆွေးနွေးကြတာပဲဖြစ်မှာပေါ့။

မေး။ ။ အန်ကယ်၊ နောက်ပြီးတော့ ဦးရွှေမန်းက ဒီနေ့ ရေဘေးတွေ ဘာတွေလည်း သူ သွားလှူတာတွေ ဘာတွေရှိတော့ facebook မှာလည်း စာတွေတင်တာမျိုးပေါ့နော်၊ ဘယ်လိုမျိုးလို့ အန်ကယ်လ်ထင်ပါလဲရှင့်။

ဖြေ။ ။ အရင်ခေတ်တွေတုန်းကတော့ - စစ်အာဏာရှင်စနစ်အောက်မှာတုန်းကတော့ ဒီလိုဖြစ်သွားပြီးလို့ရှိရင် ငြိမ်ကုပ်သွားတာပေါ့ဗျာ။ အခုဟာကတော့ ပါတီဥက္ကဋ္ဌအဖြစ်က ထုတ်ပယ်ခံလိုက်ရတဲ့ကိစ္စက ဥပဒေမဲ့ဇွတ်အတင်း၊ အဲလိုမျိုး လုပ်မယ့်ပုံမပေါ်ဘူးဆိုတဲ့သဘောလို့- ကျနော် အဲလိုယူဆပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ဆွေးနွေးပွဲတွေ ပြန်စတင်တော့မယ့်အချိန် ဒီတကြိမ်လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ်တွေ၊ အာဏာရပါတီကိုယ်စားလှယ်တွေ၊ အတိုက်အခံပါတီ ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဘယ်လိုအကြောင်းအရာတွေ အဆိုတင်သွင်းချက်တွေကို ဆွေးနွေးနိုင်မလဲ ဆိုတာကိုလည်း နိုင်ငံရေးအင်အားစုတွေက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။



ဦးဘစိန်
RB News
16.8.2015

ဗိုလ်ချုပ်တွေက ဗိုလ်ချုပ်တွေကို ဖြုတ်၊ ထုတ်၊ သတ် စနစ် ထွန်းကားနေတာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ကတည်းကပါ။ ဒီတစ်ခါ ဗိုလ်ချုပ်ဖြုတ်တာ ထူးဆန်းပါတယ်။ နိုင်ငံတော်နဲ့ မဆိုင်ဘဲ စစ်ဗိုလ် ချုပ်ဟောင်း များ အချင်းချင်း ပါတီတွင်း အာဏာသိမ်းပွဲပါ။ လွတ်လပ်ရေး ရခဲ့တာ ၆၇ နှစ်ရှိနေပါပြီ၊ အာဏာရှင် စနစ်ကို တွယ်တာမြတ်နိုးနေတာ လူနည်းစု စစ်ဗိုလ်ချုပ် တစ်စုကပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေက နိုင်ငံတော်ရဲ့ ၀န် ထမ်းတွေ ဖြစ်ပေမယ့်လည်း သန်းကြွယ်သူဌေးတွေ ဖြစ်လာကြတယ်။ နိုင်ငံတော် သဏ္ဍာတွေကို မတရား သဖြင့် သုံးစွဲပြီး ချမ်းသာကြွယ်ဝ လာတာကို အရသာခံနေတာကိုက နိုင်ငံတော်ကို ဆင်းရဲတွင်း ရောက်စေ တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ ပါတီတွင်း အာဏာသိမ်းပွဲကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်က နောက်ထပ် သမ္မတ သက်တမ်း ၅ နှစ် လုပ်ချင်လွန်းလို့ အစွယ်ထုတ်ပြလိုက်တယ် ဆိုတာ သိသာလွန်းနေပါတယ်။ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ချင်တဲ့ သမ္မတဟာ အာဏာရှင် အစစ်ဆိုတာ ပြည်သူတွေ နားလည်ဖို့ လွယ်ကူသွားပါပြီ။ ဒီမိုကရေစီ အရောင်ပြပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ထောင်သွင်း အကျဉ်းချ၊ စနစ်တ ကျနဲ့ ချုပ်ကိုင်ထားတာကိုလည်း ပြည်သူတွေ သိပြီး ဖြစ်ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက --

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီးအဓိပ္ပါယ်လေးနက်
အောင်ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက် အား ကိုးတန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရ ဘူး။ ဒါကစကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။နိုင်ငံရဲ့ရန်သူ တွေမဟုတ်။ နိုင်ငံရဲ့မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာအားလုံးသဘောပေါက်   အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိ
တယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့ အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက်
အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာ ရှိတဲ့နေ
ရာရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။

ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက် ၊ အားကြီးတဲ့အခါလဲ
အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့ အတိုင်း လုပ်ချင်တယ် ၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ
နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

ဒီမိုကရေစီ အလေ့အထ မရှိတာ ၅၃ နှစ် ရှိနေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်များက သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်မျိုး၊ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ အသုံးအနှုန်း အသစ်နဲ့ တစ်ဖုံ အုပ်ချုပ် လာတာ အရိုးစွဲနေပြီ ဖြစ်တော့ အရပ်သား အယောင်ဆောင် ဒီမိုကရေစီ အစိုးရ ဦးဆောင်သူ စစ်ဗိုလ် ချုပ် ကြီးဟောင်း ဦးသိန်းစိန်လည်း အရိုးစွဲ ရောဂါရှိနေကြောင်း ပြသလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီ အရိုးစွဲရော ဂါနဲ့ အ တူ ဥစ္စာပစ္စည်း ရောဂါ၊ ကုမ္ပဏီရောဂါ၊ မြေပိုင်ဆိုင်မှုရောဂါ၊ တိုက်တာ အဆောက်အဦ ရောဂါ .. စ တဲ့ .. စတဲ့ ရောဂါ စုံပါတယ်။ အဲဒါကြောင့် အမေရိကန် သမ္မတ အိုဘားမားက ၂၀၁၅ ဇူလိုင်လ ၂၈ ရက်နေ့မှာ -- ၅၄ နိုင်ငံပါဝင်တဲ့ အာဖရိက သမဂ္ဂရဲ့ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတက အီသီ ယိုပီးယားနိုင်ငံ၊ အက်ဒိစ်အဘာဘာ မြို့တော်မှာ ပထမဆုံး အကြိမ် မိန့်ခွန်း ပြောကြားခဲ့ရာမှာ --

"ခေါင်းဆောင်တွေ အနေနဲ့ ရာထူး သက်တမ်း ပြည့်ချိန်မှာ ဖယ်ရှား မပေးဘူး ဆိုရင် အာဖရိကတိုက်လည်း တိုးတက်မှာ မဟုတ်ကြောင်း အိုဘားမားက ဆိုပါတယ်။

ဒါ့အပြင် သတင်းသမားတွေ ထောင်ချခံရပြီး အခွင့်အရေး လှုပ်ရှားသူတွေ ခြိမ်းခြောက် ခံနေရမယ် ဆိုရင် လည်း ဒီမိုကရေစီဟာ အမည်သာ ရှိပြီး အနှစ်သာရ ရှိမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။"

မြန်မာနိုင်ငံမှာ အာဏာရှင် စနစ်ကို အသက်သွင်းပေးခဲ့သူက နာမည်ဆိုးနဲ့ သွားလေသူ ဦးနေ၀င်း ဖြစ်ပြီး၊ အခုအချိန်ထိ သူ့ရဲ့ နောက်လိုက်များက ဦးနေ၀င်း ချမှတ်ထားတဲ့ လမ်းစဉ်ကို ဆက်လက် လျှောက် လှမ်းနေ ဆဲပါ။ အာဏာရှင်များ အားလုံးက စစ်အာဏာရှင်များ ဖြစ်ပြီး စစ်တပ်ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်သူမှန်သမျှ အာ ဏာရှင်ရဲ့ နည်းလမ်းများ အတိုင်း ဖြုတ်၊ ထုတ်၊ သတ်လုပ်ခံကြရတယ်။

မြန်မာနိုင်ငံကို စစ်တပ်ကသာ အုပ်ချုပ်ရမယ်လို့ ဦးနေ၀င်း စီမံထားတဲ့ အတိုင်း ၁၉၆၂ ခုနှစ်ကစပြီး ယနေ့ထိ စစ်ဗိုလ်ချုပ်များက စစ်ဝတ်စုံနဲ့ အုပ်ချုပ်လိုက်၊ စစ်ဝတ်စုံချွတ်ပြီး အုပ်ချုပ်လာလိုက်တာ၊ အခြေအနေက နိုင် ငံတော် အုပ်ချုပ်ရေးက ပြည်သူ့လက်ထဲ ရောက်တော့မယ့် အခြေအနေမျိုး ဖြစ်လာတဲ့ အတွက်၊ အတိုက်အ ခံ ပါတီ ခေါင်းဆောင်နဲ့ ပူးပေါင်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့တင် သူရရွှေမန်းကို နှိပ်ကွပ်လိုက်တာက ဦးနေ၀င်း ချမှတ်လိုက်တဲ့ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ် အသက်ဝင်နေသေးတယ် ဆိုတာကို သက်သေပြ လိုက်တာပါပဲ။

ဦးနေ၀င်း လက်ထက်တုန်းကလည်း အာဏာသိမ်းရန် ကြံစည်မှုနဲ့ ဖြုတ်၊ ထုတ်၊ သတ် လုပ်ခဲ့တာတွေ အများကြီးရှိခဲ့သလို၊၁၉၈၈ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့ဗိုလ်ချုပ်ကြီးစောမောင်ကိုလည်း၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တန်းလျား ပြန်မယ်လို့ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ရာထူးက ဖြုတ်ချခဲ့သလို၊ အာဏာရှင်ကို ဆန့်ကျင်လာနိုင်တဲ့ အနေအထား ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ကိုလည်း ရားထူးက ဖြုတ်ပြီး ထောင်ဒဏ် ၄၄ နှစ်တောင် ချခဲ့တာက မကြာသေးခင် ကာလမှာ ဖြစ်သွား ခဲ့တာတွေပါ။

အဲဒါတွေအပြင် အာဏာရှင် စနစ် လမ်းပြခေါင်းဆောင် ဦးနေ၀င်းရဲ့ မြေးများကိုလည်း အာဏာသိမ်းရန် ကြံစည်မှုနဲ့ သေဒဏ်အထိ ပြစ်ဒဏ်ပေးခဲ့တာတွေလည်း ရှိခဲ့တယ်။ န.၀.တ ခေတ်မှာဘဲ အာဏာရှင် ကို တော်လှန်ဖို့ ကြိုးစားတဲ့ တိုင်းမှူးတွေကို ၀န်ကြီးများ အဖြစ် နေရာပြောင်းရွှေ့၊ ထပ်ပြီး တော်လှန်ဖို့ ကြိုးစားသူတွေကို ရာထူးက ဖြုတ်၊ အကျယ်ချုပ်ချခဲ့တာတွေက မြန်မာနိုင်ငံမှာ အစဉ်အလာ တစ်ရပ် လို ဖြစ် လာတာ ကြာပါပြီ။

ယနေ့ ဒီမိုကရေစီ အစိုးရလို့ ပြောနေကြပေမယ့်လည်း သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနဲ့၊ လွှတ်တော် အမတ် အများစုက စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်တဲ့အတွက် စစ်တပ်ရဲ့ အစဉ်အ လာတွေကို ဖျောက်ဖျက်ဖို့ လွယ်ကူမှာ မဟုတ်တာ သေချာပါတယ်။

တစ်ခါ အတိုက်အခံ ပါတီဘက်ကို ကြည့်မယ်ဆိုရင်လည်း စစ်မှုထမ်းဟောင်းပေါင်းစွာ ပါဝင်နေတဲ့ အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် အုပ်ချုပ်ရေးမျိုး မဟုတ်ဘဲ ဗဟို ဦးစီး စနစ်နဲ့ အုပ်ချုပ်နေတယ် ဆိုတဲ့ အသံတွေ လည်း ကျယ်ကျယ် လောင်လောင် ထွက်လာတာကို တွေ့နေရတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် ထွန်းကားဖို့ အသိပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံရေး အမှန်တ ကယ် နားလည်သူများ ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ အင်အားကြီး တစ်ရပ် လိုအပ်နေပါတယ်။

စစ်တပ်ရဲ့ အရိပ်ပါဝင် နေသမျှ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ် ရှိနေမှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဗဟိုဦးစီး ချုပ်ကိုင်တဲ့ စနစ်က နေရာတကာမှာ ရှိနေမှာ ဖြစ်ပါတယ်။



Rohingya Eye
RB News
14.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၁၈) မှ ရဲမှူးငြိမ်းချမ်းအေးသည် လွန်ခဲ့သည့် အပတ်က ဒေသခံ ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား အတွက် ဓါတ်ပုံရိုက်ရန် အမျိုးမျိုး ခြိမ်းခြောက် ခဲ့သော်လည် ဒေသခံ ရိုဟင်ဂျာများက ဓါတ်ပုံ ရိုက်ရန် လက်မခံ ခဲ့သောကြောင့် သြဂုတ်လ (၁၁) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ရဲမှူး ငြိမ်းချမ်းအေးသည် နယ်ခြားစောင့်ရဲ (၃၀) ဦးနှင့် အတူ အင်းဒင် ကျေးရွာသို့ ၀င်ရောက်ပြီး အစိမ်းနုရောင်ကဒ် လက်ခံယူရန် အတွက် လက်နက် အင်အားဖြင့် ခြိမ်းခြောက် ခဲ့သော်လည်း ဒေသခံ ရိုဟင်ဂျာများက ဓါတ်ပုံ ရိုက်ခံခြင်း မပြုလုပ်ဘဲ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အလားတူ ယင်းနေ့တွင်ပင် မောင်တော မြို့နယ် မြောက်ပိုင်း ကျေးရွာများမှ ခရီးသည်တင် ကားများဖြင့် မြို့ထဲသို့ သွားနေသည့် ဒေသခံ ရိုဟင်ဂျာများကို ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေး ဌာနချုပ်မှ နယ်ခြားစောင့် ရဲများက စစ်ဆေးပြီး ရွာထွက် လက်မှတ်နှင့် ယာယီ သက်သေခံ ကဒ်ပြား (၀ှိုက်ကဒ်) အပ်နှံ ထားသည့် ပြေစာများကို ပြသော်လည်း သွားလာခွင့် မပေးဘဲ အစိမ်းနုရောင် ကဒ်ပြား ရှိမှသာ သွားလာခွင့် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ အချို့သော ခရီးသည်များကို အစိမ်းနုရောင်ကဒ် မရှိလျှင် ရိုက်နှက်ခံရမည် ဖမ်းဆီး ခံရမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 
မောင်တော ခရိုင်တွင် ဒေသခံ ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား ကိုင်ဆောင်ရန် ဖိအားပေး ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်လျက် ရှိသော်လည်း ဒေသခံများက လုံးဝ ကိုင်ဆောင်ခြင်း ပြုမည်မဟုတ်ဟု ပြောဆိုလျက် ရှိကြသည်။



MYARF
RB News
14.8.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု၊ ဒါနိုမီယာ ကျေးရွာတွင် ရေကြီး၍ တစ်ရွာလုံး နီးပါး ပျက်စီးသွားခဲ့သည်။ ဒါနိုမီယာရွာတွင် အိမ်ခြေ ၈၀ ရှိသည့် အနက် ၆၅ လုံးပျက်စီး သွားခဲ့သည်။ ပျက်စီးသွားသည့် ၆၅ လုံး အနက် ၁၁ လုံးမှာ ရေထဲမျောပါ သွားသဖြင့် အစအနပင် ရှာ၍ မရခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ရေကြီးမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရသည်။ ဒေသခံ ရွာသားများ၏ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလည်း လုံးဝ ပျက်စီးသွားခဲ့သည်။ အဆိုပါရွာတွင် နေထိုင်သူများ အားလုံးမှာ လယ်သမားများသာ ဖြစ်ကြပြီး လယ်ယာမြေများ ပျက်စီးသွားသောကြောင့် ရွာသားများ အားလုံး ဒုက္ခရောက်လျက် ရှိကြသည်။ 

၎င်းတို့၏ အခက်အခဲများကို WFP နှင့် UNHCR တို့မှ ကြားသိပြီးနောက် သြဂုတ်လ (၈) ရက်နေ့တွင် WFP နှင့် UNHCR မှ ၀န်ထမ်းများ ရောက်ရှိလာပြီး ရွာသားများကို ဆန်များ ထောက်ပံ့ ပေးခဲ့သည်။ ဆန်များ ဝေငှနေစဉ် ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သံလှ ရောက်ရှိလာပြီး WFP နှင့် UNHCR တို့မှ ၀န်ထမ်းများကို “ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဆန်တွေ ဝေနေတာလဲ” ဟု မေးမြန်းရာ ၀န်ထမ်းများက မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ခွင့်ပြုချက် ရယူခဲ့သည်ဟု ဖြေကြားသဖြင့် ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ဘဲ ပြန်သွားခဲ့သည်။ 

ထို့နောက် အဆိုပါ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သံလှသည် ညနေပိုင်း အချိန်တွင် ထောက်ပံ့ဆန် ရရှိထားသည့် ဒေသခံ ရွာသားများထံ တစ်ဖန် လာရောက်၍ ရရှိထားသည့် ဆန်များထဲမှ ၁၅ အိတ်ကို မည်သူ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် မယူဘဲ ယူဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
14.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တော မြို့နယ် မြောက်ပိုင်းမှ မောင်တောမြို့သို့ သွားလာသည့် ရိုဟင်ဂျာ ခရီးသည်များကို သြဂုတ်လ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့များတွင် ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးဂိတ်မှ အစိမ်းနုရောင်ကဒ် (ခ) နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား မပါသောကြောင့် ဖြတ်သန်း သွားလာခွင့် မပေးဘဲ ပြန်ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၁၂) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေး ဂိတ်မှ နယ်ခြားစောင့် ရဲများက မောင်တော မြောက်ပိုင်းမှ မောင်တော မြို့သို့ သွားနေသည့် ခရီးသည်တင် ကားများကို ရပ်တန့်ခိုင်းကာ ရိုဟင်ဂျာ ခရီးသည်များကိုသာ စစ်ဆေးခဲ့သည်။ ခရီးသည်များက ကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ ရွာထွက် လက်မှတ်နှင့် ယာယီ သက်သေခံ ကဒ်ပြား (၀ှိုက်ကဒ်) အပ်နှံပြီး ရရှိခဲ့သည့် ပြေစာများကို ပြသခဲ့ရာ နယ်ခြားစောင့် ရဲများက အစိမ်းနုရောင် ကဒ်ပြားများမှ အပ အခြား မည်သည့် အထောက်အထားနှင့်မှ သွားလာခွင့် မရှိဟု ဆိုကာ သွားခွင့် မပေးဘဲ ပြန်ခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အလားတူ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ၊ နယ်မြေ (၇) တွင် အထူး တာဝန်ကျနေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး အောင်မင်းထွေးက အလယ်သံကျော် အနီးအနားရှိ ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ဘာသာရေး ဆရာများ၊ ပညာတတ်များကို အကြိမ်ကြိမ် ဆင့်ခေါ်စာ ထုတ်၍ ခေါ်ကာ အချိန်ပိုင်း ထိန်းသိမ်း ထားပြီး ရွာသားများကို အစိမ်းနုရောင် ကဒ်ပြား လက်ခံလာအောင် စည်းရုံးပေးမည်ဟု ခံဝန်ချက် လက်မှတ်ရေးထိုး ခိုင်းနေကြောင်း သိရသည်။ 

နိုင်ငံတော် အစိုးရ မည်သူ တစ်ဦးတစ်ယောက်ကိုမှ အတင်းအဓမ္မ အစိမ်းနုရောင် ကဒ်ပြား ထုတ်ပေးမည် မဟုတ်ဘဲ မိမိတို့၏ ဆန္ဒ အလျောက် လျှောက်ထားသူများကိုသာ ထုတ်ပေးသွားမည်ဟု ကြေညာ ထားသော်လည်း လက်တွေ့တွင် နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာများကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ ဆင့်ခေါ်စာ အကြိမ်ကြိမ် ပို့၍ ခြိမ်းခြောက်ခြင်း၊ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်း စေခြင်းများ ပြုလုပ်ခြင်းခြင်း အစိမ်းနုရောင် ကဒ်ပြားကို လက်ခံ လာအောင် ကြိုးစားလျက် ရှိသည်။ သို့သော်လည်း ဒေသခံ ရိုဟင်ဂျာများက မည်သို့ပင် ညှဉ်းပန်း နှိပ်စက်သည် ဖြစ်စေ အစိမ်းနုရောင် ကဒ်ပြားကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုလျက် ရှိကြသည်။

သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရသည့် သူရ ဦးရွှေမန်း။ (ဓာတ်ပုံ - ဂျေပိုင်/ ဧရာဝတီ)

သာလွန်ဇောင်းထက်
13.8.2015

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချ လိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့ မလား ဆိုတဲ့ မေးခွန်းတွေထွက်ပေါ် လာပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေး ပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ သူရဦးရွှေမန်းကို သာမန် ပါတီဝင် တဦး အဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ၀င်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးကနေ ဦးရွှေမန်းကို နေ့ချင်းညချင်း ဖယ်ရှားလိုက်တာက ပါတီတွင်း အာဏာသိမ်းမှု ဆန်ဆန် လုပ်ဆောင်တာဖြစ်ပြီး ပါတီတွင်းသမ္မတဦးသိန်းစိန်ကို ထောက်ခံသူတွေ၊ သမ္မတဦးသိန်းစိန်ကိုယ်တိုင်နဲ့ တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်မှု ရလာဒ် တခုလည်းဖြစ်ပါတယ်။ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချလိုက်ပုံက လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းဥပဒေတွေနဲ့ ပါတီညီလာခံဆိုတာမျိုး တွေကို အခြေမခံဘဲ အာဏာနဲ့ ဖြုတ်ချလိုက်တာ ဆိုရင် လည်း မမှားနိုင်ပါဘူး။

ဒါပေမယ့် တကယ်ပဲ သူရဦးရွှေမန်းအနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော်နာယက အဖြစ် ဆက် လက် တည်ရှိနေနိုင်မလား၊ ဦးရွှေမန်းအနေနဲ့ ကြံ့ခိုင်ရေးပါတီမှာ သာမန်ပါတီဝင်တဦးအနေနဲ့ နေပါ့မလားဆိုတာက စိတ် ၀င်စားစရာပါပဲ။

အစိုးရနဲ့ တပ်မတော်အနေနဲ့ ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ ဥပဒေအရ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေရှိပေမယ့် တရားဝင်ဖယ်ရှားဖို့ကတော့ လွှတ်တော်မှာပဲ လုပ်ဆောင်လို့ရမယ့် အခြေအနေဖြစ်ပါတယ်။ တပ်မတော်ဘက်ကတော့ တပ်မိသားစုအများစု နေထိုင်တဲ့ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရွှေမန်းကို ဖယ်ရှားဖို့ ဇူလိုင် ၂၄ ရက်နေ့မှာကတည်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို လျှို့ဝှက်စာတင်ပြ တိုင်ကြားခဲ့တာရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲပွဲမှာ မိမိကိုယ်တိုင် မဲပေးခဲ့ခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင်ချိုးဖောက်ခဲ့တယ်လို့ တပ်မိသားစုများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတိုင်တန်းတဲ့စာမှာ ဖော်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၈၆ နဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ပုဒ်မ ၂၄ တို့မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေမှာ မဲခွဲဆုံးဖြတ်တဲ့ကိစ္စတွေမှာ ပြည်ထောင်စုလွှတ်တော်နာယက သို့မဟုတ် နာယက တာဝန်ထမ်း ဆောင်နေတဲ့ ဒုတိယနာယကဟာ ဆန္ဒမဲမပေးရ၊ ထောက်ခံဆန္ဒမဲနဲ့ ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေတဲ့ ကိစ္စမှာ နာယကက အနိုင်မဲပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဦးရွှေမန်းက လွှတ်တော်မှာ ဥပဒေပုဒ်မ ၄၃၆(က) ပြင်ဆင်ရေး မဲခွဲမှုမှာ ကိုယ်တိုင် မဲပေးခဲ့လို့ အခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ က (၂) ကို ချိုးဖောက်တယ်လို့ တပ်မိသားစု တွေရဲ့ တိုင်စာမှာ ဖော်ပြထားပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၃၉၆ ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ပြဋ္ဌာန်းချက်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည် ရုပ်သိမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တပ်မတော်မိသားစုတွေက တိုင်တန်းပြောဆိုတဲ့အချက်တွေက ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေကသာမက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းနိုင်တဲ့ တိုင်တန်းချက် တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးရွှေမန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဥပဒေကို အခုအချိန် အထိ မပြဋ္ဌာန်းသေးဘဲ ဆိုင်းငံ့ထားတာမို့ ဥပဒေနဲ့အညီ ဦးရွှေမန်းကို ဖြုတ်ချဖို့ ဆိုတာ မလွယ်ကူပါဘူး။

“ဥပဒေနဲ့အညီတော့ လုပ်လို့ရမယ့် နည်းလမ်း ကျနော်မတွေ့ဘူး။ ဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ဖြုတ်ချ လို့ရမယ့် ဥပဒေကလည်း မပြဋ္ဌာန်းထားသေးဘူး။ ဒီအတိုင်းလည်း လွှတ်ထားမယ်လို့ မထင်ဘူး။ အဲဒီတော့ အခြား အမှု အခင်း ဖြစ်စဉ်တွေနဲ့ပဲ အရေးယူမလား ဆိုတာကလည်း စိတ်ဝင်စားစရာပဲ။ အမှားရှာမယ်ဆိုရင်တော့ အမှားတွေက ထွက် လာမှာပဲလေ။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့် နမူနာ ရှိတာပဲ” လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ် ပြော ဆိုပါတယ်။

အခြားတဖက်မှာလည်း ဦးရွှေမန်းက သမ္မတဦးသိန်းစိန်၊ ဦးဌေးဦးတို့ရဲ့ လက်မြန်ခြေမြန် ပါတီတွင်း ပြုပြင်ပြောင်းလဲမှုကို ငြိမ်ခံနေမှာမဟုတ်ဘူးလို့ သုံးသပ်သူတွေရှိနေတာမို့ ဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကနေ မဖြစ်မနေ ဖြုတ်ချမှာပဲ တွက်ထားတာတွေလည်းရှိနေပါတယ်။

“ဦးရွှေမန်းက စိတ်ကြီးတယ်။ စိတ်ဆတ်တယ်။ သူ့မှာလည်း စီးပွားရေးအရရော၊ အာဏာအရရော အသိုင်းအ၀ိုင်းဆိုတာ လည်းရှိတော့ ဒီအတိုင်းကြီးတော့ လွှတ်ထားမယ်လို့တော့ မထင်ဘူး။ တဖက်က အရေးယူနိုင်မယ့် နည်းလမ်း ရှာနေတာ မျိုးကြောင့်သာ ကြာချင်ကြာမယ်။ နောက်ပြီး သူ့သားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလည်း အရေးယူတာ မျိုးရှိမလားဆိုတာလည်း တွက်ကြည့်ရမှာပဲ” လို့ လွှတ်တော်ကိုယ်စားလှယ်က သုံးသပ်ပါတယ်။

ဦးရွှေမန်းအသိုင်းအ၀ိုင်းမှာလည်း ဒီတချီအားမတန် မာန်လျှော့ဆိုတဲ့ လေသံမျိုးပစ်ထားကြပြီး နောင်လာမယ့် ရွေး ကောက်ပွဲ အပြီး ဖြစ်လာမယ့် လွှတ်တော်သစ်နဲ့ နိုင်ငံရေးအခင်းအကျင်းသစ်မှာ ၀င်နွှဲဖို့ အားခဲနေကြဆဲပါပဲ။ ဒါပေမယ့် လည်း အစိုးရနဲ့ တပ်မတော်ဘက်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဦးရွှေမန်းကို နိုင်ငံရေးမှာ လုံးဝ ၀င်ပါလို့ မရအောင်၊ နိုင်ငံရေးဆက်လုပ်လို့မရအောင် လုပ်နိုင်မယ့် အခြေအနေရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။



13.8.2015

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ထိပ်ပိုင်း ခေါင်းဆောင် အပြောင်းအလဲ လုပ်ကာ ဗဟို အလုပ်အမှုဆောင် ကော်မတီကို ပြန်လည် ဖွဲ့စည်း တော့မည်ဟု ကြံ့ခိုင်ရေး ပါတီ ရုံးချုပ် နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဗဟို အလုပ် အမှုဆောင် ကော်မတီ၊ ပါတီ လုပ်ငန်း စိစစ်ရေး၊ ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီများနှင့် ဗဟိုဌာနကြီးများ တာဝန်ခွဲဝေမှုတွင် သမ္မတ ဦးသိန်းစိန်က ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန် အဖြစ် ဦးဌေးဦးကို လျားထားကြောင်း ကနဦးသတင်းများ ထွက်ပေါ်လာသည်။

ထိုသတင်းကို မဇ္ဈိမက ဆက်လက်အတည်ပြုလျက်ရှိသည်။

ပါတီ၏ ဗဟိုအတိုင်ပင်ခံ အဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဦးစိုးသာ နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ပါဝင်သည်။

သူရဦးအေးမြင့်ကို ဒုတိယ ဥက္ကဋ္ဌ အဖြစ် လျာထားပြီး ဗဟိုအကြံပေးအဖြစ် ဦးသောင်း၊ ဦးလွန်းသီ၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်တို့ကို လျားထားထားကြောင်းလည်း သိရသည်။

ယင်းအပြင် ဦးတင်နိုင်သိန်းကို အထွေထွေ အတွင်းရေးမှူးအဖြစ် လျားထားသည်ဟု သိရပြီး ဗဟိုအတွင်းအရေးမှူးအဖြစ် ဦးပိုက်ထွေး၊ ဒေါက်တာ မောင်မောင်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဌေး၊ ဒေါ်ဝင်းမော်ထွန်းတို့ဖြစ်သည်ဟု ကနဦး သတင်းအရ သိရသည်။



13.8.2015

ရန်ကုန် ။ ။ နေပြည်တော်၊ ဒက္ခိဏ သီရိ မြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်ကို ရဲများ ဝန်းရံသည်ဟု သတင်း ထွက်ပြီးနောက် သြဂုတ် ၁၃ရက် နံနက် ၈နာရီခန့်တွင် သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ အထူး အရေးပေါ် အစည်းအဝေး ခေါ်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေး ပါတီ ရုံးချုပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အထူး အစည်း အဝေးတွင် ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းကို ဖိတ်ကြား ထားခြင်း မရှိဟု သိရသည်။

သြဂုတ် ၁၂ရက် ညပိုင်းတွင် နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်ကို ရဲများ ဝန်းရံသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး အစိုးရအဖွဲ့ ဒုဝန်ကြီးများကို ည ၁၀နာရီခန့်တွင် ဘတ်စ်ကားတစ်စီးဖြင့် ကြံ့ခိုင်ရေးပါတီ ရုံးချုပ်သို့ ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။

ည ၁၂နာရီခန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ VIP ကားတစ်စီး ရုံးချုပ်ရှေ့ ရောက်ရှိလာပြီး နှစ်ပေခန့်ရှိသည့် အထုတ်တစ်ထုတ်ကို ဂိတ်ပေါက် လုံခြုံရေးကိုပေးကာ ပြန်ထွက်သွားသည်ကို တွေ့ရသည်။

ကြံ့ခိုင်ရေးပါတီရုံးချုပ်ထဲတွင် သြဂုတ် ၁၃ရက် နံနက် ၁နာရီကျော်ကတည်းက တွေ့နေရသည့် အိမ်စီးကားနဲ့ ရဲကားများအနက် ရဲကား ၂စီး နှင့် လူစီးကား ၆စီးခန့်သည် နံနက် ၂နာရီကျော်တွင် ရုံးချုပ်ထဲမှ ပြန်ထွက်သွားကို တွေ့မြင်ရသည်။ နံနက် ၃နာရီတွင် အိမ်စီးကားတစ်ဦး ရုံးချုပ်အတွင်းမှ ထပ်မံ ထွက်သွားသည်ကို တွေ့ရမြင်ရသည်။

ယခု (၀၃:၀၀နာရီ)အချိန်ထိ ရုံးချုပ်ထဲတွင် ရဲကားနှစ်စီးရှိနေတာကို မဇ္ဈိသတင်းထောက်က မြင်တွေ့ရပြီး လူစီးကားတစ်ချို့လည်း ရှိနေပါသေးသည်။

နံနက် ၀၁:၀၀ နာရီခန့်က ပါတီရုံးချုပ်ရှေ့ စစ်ကား သုံးစီးဖြတ်မောင်းသွားပြီး ရဲကား ၄စီးခန့်လည်း ရုံးချုပ်ရှေ့က လမ်းပေါ်တွင် နှစ်ကြိမ်တိတိ ဖြတ်မောင်းသွားခဲ့သေးသည်။

ယင်းအပြင် ယာဉ်ပိုင်ရှင်အမည်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟု ရေးသားထားသော လူစီးကားတစ်စီးလည်း ပါတီရုံးချုပ်ရှေ့တွင် ရပ်ပြီး ကားပေါ်ရှိ လူနှစ်ဦးက နှစ်ပေခန့်ရှည်သော အိပ်ယာလိပ်ဟု ယူဆရသည့် အထုပ် နှစ်ထုပ်ကို ရုံးချုပ်ဂိတ်ရှိ လုံခြုံရေးများကို သွားရောက်ပို့ဆောင်ခဲ့သည်ကို တွေ့ရသည်။

မဇ္ဈိမသတင်းထောက် နောက်ဆုံးသတင်းပေးပို့သည့် နံနက် ၃နာရီ အချိန်ထိ ရုံးချုပ်အရှေ့တွင် သတင်းထောက်များ ရှိနေသေးသည်။ 



ဗွီအိုအေမြန်မာပိုင်း
13.8.2015

နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်မှာ မနေ့က ပါတီ ညီလာခံနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲ အပြီး အခြေအနေ တင်းမာမှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပွား နေပါတယ်။ လုံခြုံရေး ရဲနှင့် စစ်တပ်ကပါ ပါတီ ဌာနချုပ်ကို ၀ိုင်းရံ ထားတယ်လို့ သတင်းများ ထွက်ပေါ်ပေမယ့် အတည်ပြုချက် အတိအကျ မရသေးပါဘူး။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌနှင့် လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်းကတော့ ည ၉ နာရီလောက်ကစပြီး ဌာနချုပ်သို့ အ၀င်အထွက်တွေ ပိတ်ဆို့ထားကြောင်း အတည်ပြု ပြောဆိုပါတယ်။

ဦးတိုးနိုင်မန်း။ “ကျနော်တော့ အသေအချာတော့ မသိရဘူးဗျ။ ၉ နာရီခွဲလောက်မှာတော့ အ၀င်အထွက် ပိတ်ထားတယ်ဆိုတာ တခုဘဲ သိရပါတယ်။ ကျန်တာတော့ ကျနော် မသိရသေးပါဘူး။”

ဖုန်းအဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့အတွက် အသေးစိတ်ကိုတော့ ထပ်မံ မသိရှိရသေးပါဘူး။

နေပြည်တော် နေအိမ်မှာရှိနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိန်းကလည်း အခြေအနေတွေ ရှုပ်ထွေးနေပြီး ဂဃနဏ မသိနိုင်သေးတဲ့အတွက် ပြောရခက်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

မေး။ ။ ကျမတို့အခု သတင်းတွေတက်လာလို့လေ နေပြည်တော်ကလည်း လှမ်းပြောလို့ပါ။ အန်ကယ်တို့ ကြံခိုင်ဖွံ့ရေးပါတီဌာနချုပ်မှာ စစ်ကားတွေ အ၀င်အထွက်ရှိတယ်။ နောက်ပြီးတော့ အခြေအနေတွေ တင်းမာနေတယ်လို့ လှမ်းပြောလို့ပါ အန်ကယ်။ ကျမတို့သေချာသိချင်လို့ပါ။ အန်ကယ်တို့ အနေအထား နောက်ဆုံးအခြေအနေ ပေါ့နော်။

အဓိက အန်ကယ်တို့ဒီတပ်မတော် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရေးကိစ္စမှာ ဒီပြည်ထောင်စု ကြံခိုင်ဖွံ့ရေးနှင့် ဖြိုးရေးပါတီက ခေါင်းဆောင်တွေနဲ့နဲနဲ သဘောထား တင်းမာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာလို့ပါ။ အဲဒါအခြေအနေအမှန် အနေအထားတွေ ရှင်းပြပါလား ရှင့်။

ဖြေ။ ။ ဒီသမီးမေးတဲ့အကြောင်းအရာတွေက ဂဃနဏမသိပါဘူး။ အခြေအနေလေးနဲနဲ ရှုပ်ထွေးနေတဲ့အခြေအနေလေးဆိုတော့ ကျနော်လည်းပြောရတာနဲနဲခက်ပါတယ်။

မေး။ ။ ဒါပေမယ့် အန်ကယ်တို့ လူကြီးတွေအပိုင်းက အနေနဲ့တစုံတရာပေါ့နော်။ အားလုံးသိရအောင်ပေါ့ အနေအထား လေးတွေ ပြောပြလို့ရမလားပေါ့နော်။အတိုင်းအတာတခုထိပေါ့လေ။

ဖြေ။ ။ လောလောဆယ်မှာတော့ မသိပါဘူးဗျာ။ လောလောဆယ်မှာတော့ အတော်လေးခက်ခဲနေပါတယ်။

မေး။ ။ အန်ကယ်တို့အနေအထားရော ဘယ်လိုလဲရှင့်။ လုံခြုံရေး တွေအနေအထားရော။

ဖြေ။ ။ အန်ကယ်ကတော့ လောလောဆယ် အိမ်မှာဘဲရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့။နေပြည်တော်မှာပေါ့နော် အန်ကယ် အခုလောလောဆယ်။

ဖြေ။ ။ နေပြည်တော်မှာဘဲ ဟုတ်ကဲ့။

မေး။ ။ ဟိုအန်ကန် အဲဒါဆိုတော့ သတင်းတွေနဲ့ ပက်သက်ပြီးတော့ ကျမတို့တင်ပြတဲ့အခါမှာဆိုရင် အခြေအနေတွေတင်းမာနေတယ်၊ ဒါမဟုတ် ရှုတ်ထွေးနေတယ် ဆိုရင် ဘယ်လိုစကားလုံး သုံးလို့ရမလဲ။

ဖြေ။ ။ ဒါကတော့ သမီးတို့ရေးချင်တာရေးလို့ရပါတယ်ဗျာ။

မေး။ ။ ဟုတ်ကဲ့။ အန်ကယ်တို့ဒီ လူကြီးတွေကြားထဲမှာ အခုရွေးကောက်ပွဲဝင်မဲ့ အနေအထား အရင် ဒီနေ့မနက်ကပြောထားတဲ့အနေအထား အတိုင်းဘဲ အစီအစဉ်တကျဖြစ်မလား။ အစီအစဉ် အပြောင်းအလဲတွေကော ဖြစ်မလားရှင့်။ အဲဒါဆိုရင် -

ဖြေ။ ။ အခုနေချိန်ကတော့ အခြေအနေတွေက မသဲကွဲဘူးလေ။ သိပ်မသဲကွဲတဲ့ အခါကျတော့ အခုတကယ်ပြောဖို့က အတော်လေး နဲနဲလေး ခက်ပါသေးတယ်လေ။ ကိုယ့်ဘက်ကတော့ ကိုယ်ဖာကိုယ်တော့ မပြောင်းလဲပါဘူး။ ဘာမှမပြောင်းလဲပါဘူး။

မေး။ ။ ဟိုနောက်ပြီးတော့ တပ်မတော်ဘက်က ကြံခိုင်ဖွံ့ဖြိုးရေးပါတီကိုဝင်မယ့် ကိုယ်စားလှယ်လောင်းတွေစာရင်းကော အန်ကယ်တို့ဘက်မှာ အပြောင်းအလဲတွေ ရှိနိုင်သေးလားရှင့်။

ဖြေ။ ။ မရှိနိုင်ပါဘူး။

မေး။ ။ အဲဒါဆိုတော့အန်ကယ် ဒီည ဒီဌာနချုပ်ရဲ့ အနေအထားမှာကော အန်ကယ် ဘယ်လို အခြေအနေ ရှိလဲမသိဘူး။

ဖြေ။ ။ မသိဘူး။ မသိနိုင်ဘူး သမီးလေးရဲ့။ဟုတ်ပြီနော် ဒီလောက်ဆိုရပါပြီနော်။

မေး။ ။ ဒါဆိုရင်တော့ အန်ကယ် အပြတ်တော့ အခြေအနေငြင်းလို့မရသေးဘူးပေါ့နော်အခြေအနေဟုတ်မဟုတ်ဆိုတော့။

ဖြေ။ ။ ဟုတ်ကဲ့။

မေး။ ။ ကျေးဇူးပါ။ အန်ကယ်။



MYARF
RB News
11.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ နယ်မြေရုံးမှ ဒုရဲမှူးကြီး အောင်မင်းထွေး (G-1) သည် အလယ်သံကျော်၊ ချိန်ကာလီ၊ ကံပူး၊ အလယ်သံကျော် ကညင်တန်း စသည့် ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ၍ အမိန့်စာ ထုတ်ပြန်ပြီး အစိမ်းနုရောင်ကဒ် အတင်းအဓမ္မ လျှောက်ခိုင်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒု-ရဲမှူးကြီး အောင်မင်းထွေး (G-1) ဆိုသူ၏ ရုံးစိုက်ရာ နေရာသည် ကျီးကန်းပြင်ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် ဖြစ်သော်လည်း ယခုအခါ ၎င်းအား အလယ်သံကျော် နယ်မြေ စခန်းသို့ သြဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အတွက် အထူးတာဝန်ဖြင့် ယာယီ ပြောင်းရွှေ့ ထားခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းပြောင်းရွှေ့ လာသည့် အချိန်မှစ၍ အလယ်သံကျော် နယ်မြေစခန်း၏ အနီးအနားမှ ကျေးရွာသား (၂၀) ဦးကျော်ခန့်ကို ဆွေးနွေးရန် ရှိသည်ဟု ဆိုကာ ၎င်းနှင့် လာရောက် တွေ့ဆုံရန် အမိန့်စာများ ထုတ်ခဲ့သည်။ ၎င်းထုတ်ပြန်သော စာတွင် အကြောင်းအရာ တိတိကျကျ မပါသဖြင့် ဒေသခံများက ကြောက်ရွံ့၍ အစပိုင်းတွင် သွားရောက် မတွေ့ဆုံဘဲ ရှောင်နေခဲ့ကြသည်။ သို့သော် ၎င်းနှင့် လာရောက် မတွေ့ဆုံးသူများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ပြီး ပြန်ဝင်လာသူများ အဖြစ် ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုကဲ့သို့ ခြိမ်းခြောက်ခဲ့မှုကြောင့် သြဂုတ်လ (၉) ရက်နေ့တွင် ကံပူး ကျေးရွာမှ ရ.ယ.က ဥက္ကဌ ဟောင်း ဦးနော်ဇိရ်အာမတ်၊ ဦးမော်တီရာမန်နှင့် ဦးအဒူရှကူရ် အပါအ၀င် အနီးအနား ကျေးရွားများမှ ဒေသခံ (၁၀) ဦးခန့်သည် နယ်မြေ စခန်းသို့ သွားရောက်ပြီး ဒု-ရဲမှူးကြီးနှင့် တွေ့ဆုံခဲ့သည်။ 

ထိုသို့ လာရောက် တွေ့ဆုံသူများကို ၎င်းက အစိမ်းနုရောင်ကဒ် လျှောက်ရန် ပြောဆိုခဲ့ရာ လာရောက်တွေ့ဆုံသူ ဒေသခံများက ဒု-ရဲမှူးကြီး၏ စကားကို လက်မခံလိုသည့် ပုံစံပြသဖြင့်၊ ဒု-ရဲမှူးကြီးက သြဂုတ်လ (၁၄) ရက်နေ့ နောက်ဆုံး ထား၍ အစိမ်းနုရောင်ကဒ် မလျှောက်သူများကို ပြည်ပြေးစာရင်း ကြေညာ၍ ဖမ်းဝရမ်း ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်မှုကြောင့် လာရောက်တွေ့ဆုံသူများက ရွာသားများကို စည်းရုံး၍ လျှောက်ခိုင်းမည်ဟု ခံဝန်ကတိပြု လက်မှတ်ထိုးခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အလားတူ သြဂုတ်လ (၁၀) ရက်နေ့ ည ၆ နာရီ အချိန်တွင် အလယ်သံကျော် ကျေးရွာမှ ဦးဆော်ဒူလ္လာ (တစည ပါတီ၊ မြို့နယ် ဗဟိုကော်မီတီဝင်) အပါအ၀င် ဒေသခံ (၆) ဦးသည် ဒု-ရဲမှူးကြီး၏ အကြိမ်ကြိမ် ဆင့်ခေါ်စာ ပို့မှုကြောင့် နယ်မြေ စခန်းသို့ သွားရောက် တွေ့ဆုံခဲ့ရာ၊ ဒု-ရဲမှူးကြီးက “မင်းတို့ကောင်တွေ ငါအကြိမ်ကြိမ် ခေါ်တာ ဘာလို့ မလာတာလဲ” ဆိုကာ လာရောက်တွေ့ဆုံသူများကို အပြစ်ပေးသည့် အနေဖြင့် ည ၁၁ နာရီထိ ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းတို့ကို အစိမ်းနုရောင်ကဒ် အတွက် ရွာသားများကို စည်းရုံးပေးရမည်ဟု ဆို၍ အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုခဲ့သောကြောင့် နောက်ဆုံးတွင် စည်းရုံးပေးမည်ဟု ခံဝန်ကတိပြု လက်မှတ် ရေးထိုးပေးမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ထို့အပြင် ယနေ့ သြဂုတ်လ (၁၁) ရက်နေ့တွင်လည်း သရေကုန်တန်း ကျေးရွာ၊ သံဒါ ကျေးရွာ၊ ၀ါးချ ကျေးရွာ များမှ တစ်ရွာလျှင် ငါးဦးစီ အဆိုပါ ဒု-ရဲမှူးကြီးနှင့် လာရောက် တွေ့ဆုံရန် ဆင့်ခေါ်စာ ပို့ထားကြောင်း သိရသည်။ 

နိုင်ငံသား စီစစ်ခံရမည့်သူ၏ ကဒ်ပြား ခေါ် အစိမ်းနုရောင်ကဒ် သည် နိုင်ငံသား စီစစ်ခံရမည်သူများကိုသာ နှစ်နှစ် ယာယီ နေထိုင်ခွင့် သဘောဖြင့် ထုတ်ပေးနေသောကဒ် ဖြစ်၍ ဒေသခံ ရိုဟင်ဂျာများ အနေဖြင့် ထိုကဒ်ကို မကိုင်ဆောင် လိုကြောင်း ဒေသခံများက ပြောပါသည်။

ရိုဟင်ဂျာများသည် ၁၉၅၁ ခုနှစ်တွင် နိုင်ငံသား ဥပဒေအရ တစ်နိုင်ငံလုံးတွင် ရှိသည့် တိုင်းရင်းသား၊ နိုင်ငံသားများကို ထုတ်ပေးခဲ့သည့် အမျိုးသား မှတ်ပုံတင်ကဒ်ပြား ရရှိခဲ့သူများ ဖြစ်သောကြောင့် နိုင်ငံခြားသား များကိုသာ ထုတ်ပေးရသည့် အစိမ်းနုရောင်ကဒ်ကို လက်မခံကြခြင်း ဖြစ်သည်။ ထို့အပြင် အစိုးရက ထုတ်ပေးရန် ပြင်ဆင်နေသည့် အစိမ်းနုရောင်ကဒ်သည် မြန်မာနိုင်ငံ၏ နိုင်ငံသား ဥပဒေများ၊ နည်းဥပဒေများ အရလည်း ကွဲလွဲနေကြောင်း၊ ဥပဒေ ကျွမ်းကျင်သူများက ဝေဖန် သုံးသပ်နေကြသည်။ 

ယခုလို ရွေးကောက်ပွဲ အကြိုကာလ၌ အာဏာပိုင်များက ဒေသခံများ အပေါ် အကြောင်းမဲ့ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်လိုက်မည်ဟု မတရားသဖြင့် ခြိမ်းခြောက် ဆက်ဆံနေခြင်းသည် အစိုးရ၏ ယုတ်မာမှုကို ပြသသလို ဖြစ်နေသည်။ ဒေသခံ ရိုဟင်ဂျာများသည် ၎င်းတို့၏ နိုင်ငံသား ကိစ္စရပ်ကို ပြည်ထောင်စု အစိုးရမှ ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် တရားမျှတစွ ဆောင်ရွက် ပေးရန် လိုလားလျက်ရှိပြီး ယခုလို ဒု-ရဲမှူးကြီး၏ ဒေသခံများ အပေါ် လိမ်လည် ဖိအားပေး အကျပ်ကိုင် လုပ်ဆောင် နေမှုကိုလည်း ပြည်ထောင်စု အစိုးရမှ အချိန်မှီ ဟန့်တား အရေးယူပေးပါရန် ဒေသခံများက အထူးတောင့်တလျက် ရှိသည်ဟု ဆိုသည်။

RB News
9.8.2015

ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အမျိုးသား မှတ်ပုံတင် ကတ်ပြား ကိုင်ဆောင် ထားသူများ မဲပေးခွင့် ရှိသော်လည်း မဲစာရင်း ထုတ်ပြန် ပေးခြင်း မရှိသဖြင့် မဲစာရင်း ထုတ်ပြန်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သြဂုတ်လ (၇) ရက်နေ့က စာရေးသား၍ တောင်းဆိုလိုက်ပါသည်။





Rohingya Eye
RB News
9.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာတွင် အိမ်ခြေပေါင်း ၁၂၀၀ ခန့်ရှိပြီး၊ လူဦးရေ ၅၄၀၀ ကျော် ရှိသည်။ အများအားဖြင့် တံငါးသည် လုပ်ငန်း၊ တောင်ယာ လုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြပြီး ဆင်းရဲ နွမ်းပါးသူ များပြားသည့် ကျေးရွာ ဖြစ်သည်။

ဇူလိုင်လ (၂၉) ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် အိမ်ခေါင်မိုးများ၊ အိမ်အချို့နှင့် သစ်ပင် အများအပြား ပြိုလဲ ကျခဲ့သောကြောင့် ပြန်လည် နာလန်ထူနိုင်ရန် အလွန့်အလွန် ရုန်းကန်နေရလျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထို့အပြင် ဆန်ဈေးနှုန်းများလည်း အဆမတန် မြင့်မားလာမှုကြောင့် စားဝတ်နေရေး အတွက် အခက်အခဲများ ကြုံတွေ့လျက် ရှိသည်ဟု ဆိုသည်။

အဆိုပါ ကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း နှစ်ခုနှင့် တပ်မတော် တပ်ရင်းမှ တပ်စခန်း တစ်ခု ရှိသည်။ အဆိုပါ စခန်းများကို ၀ါးထရံ၊ သက်ကယ်များဖြင့် ဆောက်လုပ် ထားခဲ့ရာ၊ မုန်တိုင်း၏ အရှိန်ကြောင့် ကင်းစခန်းများ ပြိုလဲ ပျက်စီးသွားခဲ့သည်။ 

ဇူလိုင်လ (၃၁) ရက်နေ့မှ စ၍ ယနေ့ထိ ကင်းစခန်း တစ်ခု ပြန်လည် ပြုပြင် တည်ဆောက်ရန် အတွက် အဆိုပါ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ရွာသား ၆ ဦးစီကို နေ့စဉ် အတင်းအဓမ္မ ခိုင်းစေလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

မုန်တိုင်းဒဏ်ကြောင့် ကျေးရွာသားများ ရုန်းကန်နေရသည့် အချိန်တွင် အစိုးရမှ တစ်စုံတစ်ရာ ကူညီမပေးသည့် အပြင် လုံခြုံရေး တာဝန်ယူရသည့် နယ်ခြားစောင့် ရဲများနှင့် စစ်သားများက အကြင်နာတရား သနားညှာတာမှု ကင်းမဲ့စွာ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံ ရိုဟင်ဂျာများက အလွန်စိတ်ပျက် လျက်ရှိနေကြသည်။

ကျောက်ပန္ဒူ ကျေးရွာတွင် ရခိုင်နှင့် ရိုဟင်ဂျာများ နေထိုင်ကြသော်လည်း ရခိုင်များကို အတင်းအဓမ္မ ခိုင်းစေခြင်း မပြုလုပ်ဘဲ ရိုဟင်ဂျာများကို ခိုင်းစေလျက် ရှိသည့်အပြင် ၀ါးများကိုလည်း ရိုဟင်ဂျာများထံမှ အတင်းအဓမ္မ ယူလျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
9.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးခန်းမတွင် သြဂုတ်လ (၇) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေး ဌာနချုပ်မှ ဒု-ရဲမှူးကြီး အောင်ထွန်းမင်းနှင့် မ.က.ဖ တာဝန်ရှိသူများက မောင်တော တောင်ပိုင်း ကျေးရွာများမှ ကျေးရွာ လူကြီး (၅) ဦးစီကို ခေါ်ယူတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဒု-ရဲမှူးကြီး အောင်ထွန်းမင်းက နိုင်ငံသား လျှောက်လျှင် အခြေအနေ ကောင်းလာမှာ ဖြစ်ကြောင်း၊ မလျှောက်လျှင် နစ်နာသွားမည် ဖြစ်ကြောင်း ပြောဆိုရာ မြင်းလွှတ် ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးအဒူလ်ဟာဖီးစ်က ၁၉၅၅ ခုနှစ်တွင် အမျိုးသား မှတ်ပုံတင် ကဒ်ပြားကို တစ်နိုင်ငံလုံး ပေးအပ်ခဲ့ပြီး၊ နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးခဲ့ကြောင်း၊ မိမိတို့ လူမျိုး တစ်မျိုးကိုသာ မထုတ်ပေးဘဲ ထိန်ချန်ထားခဲ့ကြောင်း၊ မိမိတို့သည် ဤနိုင်ငံ၏ နိုင်ငံသား ဖြစ်သည့်ကြောင့် နိုင်ငံသား လျှောက်ရန် မလိုအပ်ဟု ယူဆပါကြောင်း၊ နိုင်ငံသား ကဒ်ပြားများသာ ထုတ်ပေးရန် လိုအပ်ပါကြောင်း ပြောဆိုခဲ့ရာ၊ ဒု-ရဲမှူးကြီးက မိမိတို့လည်း လျှောက်ထားခဲ့ရကြောင်း၊ ထို့ကြောင့် အားလုံး လျှောက်ထားရန် လိုအပ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ထို့နောက် မြင်းလွှတ် ကျေးရွာမှ ဘာသာရေး ဆရာတစ်ဦးက မိမိတို့ကို မည်သည့် လူမျိုး အမည်ဖြင့် ထုတ်ပေးမှာလဲ ဟု မေးမြန်းရာ ဒု-ရဲမှူးကြီးက ဘင်္ဂလီ လူမျိုးဖြင့်သာ ထုတ်ပေးမှာ ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။ အဆိုပါ ဘာသာရေး ဆရာက မိမိတို့သည် ရိုဟင်ဂျာ လူမျိုးများ ဖြစ်ကြောင်း ပြောဆိုပြီး၊ နောက်ခံ သမိုင်းအကျဉ်းကိုလည်း တင်ပြခဲ့သည်။ ၎င်းက အခြားနိုင်ငံများ၌ နိုင်ငံသား ကဒ်ပြားတွင် လူမျိုးနှင့် ဘာသာ မရှိသလို၊ ဥပမာအားဖြင့် အမေရိကန် နိုင်ငံမှာ အမေရိကန် နိုင်ငံသား၊ ပါကစ္စတန် နိုင်ငံမှာ ပါကစ္စတန် နိုင်ငံသား ဆိုသကဲ့သို့ ထုတ်ပေးသလို မိမိတို့အားလည်း ထုတ်ပေးမည့် ကဒ်ပြားတွင် လူမျိုး၊ ဘာသာ မပါဘဲ ထုတ်ပေးစေလိုကြောင်း၊ ဘင်္ဂလီ လူမျိုး အမည်ကို လုံးဝ လက်ခံနိုင်မည် မဟုတ်ပါကြောင်း တင်ပြခဲ့ရာ၊ ဒု-ရဲမှူးကြီး အောင်ထွန်းမင်းက ကျားနဲ့ကြောင် အတူ မနေနိုင်ကြောင်း ပြောဆိုပြီး၊ ဆွဲ၊တင်၊စစ် တွင်ပါဝင် စစ်ဆေးခံသူ များအား မဲပေးခွင့် ပေးမှာ ဖြစ်ပြီး၊ နိုင်ငံသား ကဒ်ပြားကိုလည်း ပြုနိုင်ငံသား ကဒ်များသာ ထုတ်ပေးမည် ဖြစ်သည်ဟု ပြောဆို၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။

မြို့မ ဗလီရှေ့ မြင်ကွင်း (ဓါတ်ပုံ - RB News)


RB News
9.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ဗလီကြီး ရှေ့တည့်တည့်တွင် မြို့နယ် စည်ပင်သာယာမှ အုတ်ကန် တစ်ကန် တည်ဆောက် ပေးပြီး အများပြည်သူ အမှိုက်သွန်ရန် ပြုလုပ် ပေးထားသော်လည်း ကန်ထဲတွင် မသွန်ဘဲ ဗလီ၏ အုတ်တံတိုင်း တစ်လျှောက် အမှိုက်များ သွန်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ ပြောသည်။ 

အမှိုက်ကန်ကိုလည်း အခြားနေရာတွင် ပြုလုပ်ပေးလျှင် ရသော်လည်း ဗလီ၏ အုတ်တံတိုင်းနှင့် ကပ်လျက် ပြုလုပ် ထားသည်မှာ ရည်ရွယ်ချက် ရှိရှိဖြင့် အစ္စလာမ် ဘာသာဝင်များ၏ အထွဋ်အမြတ် ထားရာ ဗလီ ၀တ်ကျောင်းတော်၏ ပတ်ဝန်းကျင် ညစ်ညမ်းအောင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ အမှိုက်ကန်သို့ ဝေးလံသည့် နေရာရှိ ရခိုင်ရွာများနှင့် ရဲစခန်းတို့မှ လာရောက် အမှိုက်သွန်ရာတွင် ကန်ထဲသို့ မသွန်ဘဲ ဗလီ၏ အုတ်တံတိုင်း ဘေးတစ်လျှောက်တွင် ပစ်၍ သွားကြသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

“ကျွန်တော်တို့ မြို့မ ဗလီရဲ့ မျက်နှာချင်းဆိုင်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိတယ်။ အဲဒီမှာကျတော့ အမှိုက်မပစ်ရလို့ ရေးထားတယ်။ ကျွန်တော်တို့ ဗလီရှေ့မှာ တမင်သက်သက် လုပ်ထားတာ အမုန်းတရားပေါ် အခြေခံပြီး လုပ်ထားမှန်း သိသာတယ်။ ကျွန်တော်တို့ကတော့ ဘယ်ဘာသာရေး အဆောက်အဦ ရှေ့မှာမှ ဒီလို အမှိုက်ကန် မထားစေချင်ဘူး။ အာဏာပိုင်တွေ အနေနဲ့ ဒီအမှိုက်ကန်ကို ဖျက်ပြီး အခြားနေရာကို ရွှေ့ပေးသင့်တယ်” ဟု မြို့မိမြို့ဖ တစ်ဦးက RB News သို့ပြောပါသည်။



RFA မြန်မာပိုင်း
8.8.2015

ဝှိုက်ကဒ် (White Card) ခေါ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ခဲ့သူ သိန်းဂဏန်းရှိတဲ့ မွတ်စလင်တွေကို လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိဘူးလို့ သတ်မှတ် လိုက်တာဟာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို စနစ်တကျ ခွဲခြား ဆက်ဆံမှုလို့ သတ်မှတ် ရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီ က ပြောပါတယ်။

မနေ့က ရန်ကုန်မြို့ ကုလသမဂ္ဂ ရုံးမှာ ကျင်းပတဲ့ သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ မစ္စရန်ဟီးလီက အခုလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့သူ သိန်းဂဏန်းလောက်ရှိမယ့် မွတ်စလင်တွေကို မဲပေးခွင့် ပိတ်ပင်လိုက်တာဟာ ခွဲခြားဆက်ဆံမှုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်၊ တချို့က ဒီလိုကိစ္စတွေကို အများကို ချပြပြောဆိုတာဟာ နှစ်ဘက်တင်းမာမှုတွေ ပိုများတဲ့သဘောရှိတာကြောင့် ထုတ်ဖော်ပြောဆိုတာ မလုပ်ဖို့အကြံပေးပါတယ်၊ ဒါပေမယ့် မိမိရဲ့ တာဝန်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုရမှာဖြစ်သလို အကောင်းဆုံး အကြံဥာဏ်ပေးရမယ့် တာဝန်ဖြစ်ပါတယ်၊ ဒါ့အပြင် မိမိပြောဆိုတာဟာ မြန်မာအစိုးရလေးစားလိုက်နာရမယ့် လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့လည်း ကိုက်ညီပါတယ်”

ဒါ့အပြင် အခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်လည်ပတ်ခွင့် တောင်းဆိုတာကိုလည်း အစိုးရက ငြင်းဆိုလိုက်တာကိုလည်း များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း မစ္စရန်ဟီးလီက ပြောပါတယ်။ လက်ရှိအချိန်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် တရားဝင်အသိအမှတ်ပြုမှု တစ်ခုခုရလာအောင် ကြိုးပမ်းရမယ့်အချိန် ဖြစ်ကြောင်းလည်းပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရေဘေးရင်ဆိုင်နေရချိန်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ မိမိနဲ့တွေ့ဆုံဖို့အတွက် ခေါ်လာတဲ့ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖတွေကို တွေ့ဆုံခွင့်ရတာကိုလည်း ဝမ်းမြောက်ကြောင်းလည်း ပြောပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လက်ရှိအကျဉ်းထောင်ထဲမှာရှိနေတဲ့ အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေ ၊ အင်းစိန်ထောင်မှာရှိနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို လေ့လာခဲ့တာဖြစ်ပါတယ်။



8.8.2015

ရိုဟင်ဂျာ မူဆလင် တွေရဲ့ ကံကြမ္မာဟာ မဖြေရှင်းနိုင် သေးတဲ့ ပြဿနာ  တခု ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က သောကြာနေ့မှာ ပြောကြား လိုက်ပါတယ်။ ဗာတီကန် နန်းတော် က ဆဌမမြောက် ပေါလ် ခန်းမဆောင်မှာ ပရိတ်သတ် ကို ဟောကြားရာမှာ - ရိုဟင်ဂျာ မူဆလင်တွေ ပြုမူဆက်ဆံ ခံနေရတဲ့ အပေါ် ပုပ်ရဟန်းမင်းကြီးက ဝေဖန် လိုက်သလို၊ ကြုံတွေ့ နေရတဲ့ အခြေအနေ ဟာလည်း စစ်ပွဲတပွဲ လိုပဲလို့ ရည်ညွှန်း ပြောကြား သွားပါတယ်။

“ရိုဟင်ဂျာတွေ ထဲက ညီအကို မောင်နှမတွေ အတွက် စဉ်းစား ကြည့်မယ် ဆိုရင်၊ ဒီလူတွေဟာ တနေရာကနေ တနေရာကို မောင်းထုတ်ခံကြရသူတွေဖြစ်တယ်။ ပင်လယ်ကိုဖြတ်ပြီး ဆိပ်ကမ်းတခု၊ ကမ်းခြေတခုကို ရောက်ပြီးတော့၊ သောက်ရေနဲ့ အစားအစာတွေ ပေးပြီးတော့မှ သူတို့ဟာ ပင်လယ်ထဲ နောက်တခါ မောင်းထုတ် ခံရပြန်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာဟာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတခု၊ စစ်ပွဲတပွဲဖြစ်သလို၊ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုလို့လည်း ခေါ်နိုင်ပါတယ်။” - လို့ ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာနဲ့ ဟောကြားသွားခဲ့တာပါ။

ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကြောင့်ဆိုပြီး ရိုဟင်ဂျာ မူဆလင်တွေ ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ ထွက်ခွာပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေ အပါအ၀င် ဒေသတွင်း နိုင်ငံတွေ ဆီကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာ မူဆလင်တွေကို မြန်မာနိုင်ငံက လူမျိုးတမျိုးအဖြစ် တရားဝင် အသိအမှတ်ပြုမထားပါဘူး။



RFA မြန်မာပိုင်း
7.8.2015

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ်ယန်ဟီးလီက သူမကို မြန်မာအစိုးရက ရခိုင်ပြည်နယ် သွားရောက်ခွင့် ပိတ်ပင် ခဲ့ကြောင်းနဲ့ မြန်မာပြည် မှာ ၁ဝ ရက်ကြာ နေထိုင်ခွင့် တောင်းခံ ခဲ့တာကိုလည်း ၅ ရက်ပဲ ခွင့်ပြုခဲ့ကြောင်း မနေ့က ပြောကြား လိုက်ပါတယ်။ ဒ့ါအပြင် ယန်ဟီးလီက မြန်မာပြည်ကို သူမ အရင်က လာရောက်တဲ့ ခရီးစဉ်တွေမှာ တွေ့ဆုံ ခဲ့သူတွေကို အစိုးရက မေးမြန်း စောင့်ကြည့်တာတွေရှိ တယ်လို့ သိရကြောင်း၊ အခုခရီးစဉ် မှာလည်း သူတွေ့ချင်သူတွေကို အစိုးရက တွေ့ဆုံခွင့် ပိတ်ပင်တာတွေ၊ ကြိုတင် အသိပေးခြင်း မရှိပဲ တွေ့ဆုံချိန် အနီးကပ်ပြီး မှ အကြောင်း တစုံတရာ မပြပဲ ဖျက်သိမ်း လိုက်တာတွေ ရှိကြောင်းနဲ့ မြန်မာပြည်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေ အပေါ် ချုပ်ချယ်မှုတွေ ရှိနေကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က လက်ရှိမှာ မြန်မာပြည်တဝှမ်း အင်မတန်ကြီး မားတဲ့ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတာကို မိမိ နားလည်ခံစားနိုင်ပါတယ်၊ ဒါပေမယ့် အခုလို မိမိအပေါ်ရန်သူသဖွယ် ဆက်ဆံတာ ကိုတော့ မျှော်လင့်ထားခဲ့ခြင်းမရှိပါဖူးလို့ မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအများအပြားကို လာမယ့် နိုဝင် ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုမှာ မဟုတ်ဖူးလို့ ကြားသိရကြောင်း ဒါဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံ မှု ဖြစ်ကြောင်း၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့လိုကြောင်း စသဖြင့် ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။

ဘူးသီးတောင် မြို့နယ် ဓမ္မာရုံ၌ ရခိုင် ဒုက္ခသည် များကို ထောက်ပံ့ ပစ္စည်းများ ပေးအပ်စဉ် (ဓါတ်ပုံ MOI)

MYARF
RB News
7.8.2015

ဘူးသီးတောင် ။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အဖွဲ့သည် သြဂုတ်လ (၇) ရက်နေ့ နံနက် ၇း၃၀ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိ လာခဲ့ကြောင်း သတင်း ရရှိပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ သမ္မတရုံး ၀န်ကြီး အချို့နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တို့လည်း အတူလိုက်ပါလာခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဘူးသီးတောင် မြို့နယ် ရခိုင်လူမျိုး မြို့မိမြို့ဖ (၁၆) ဦးနှင့် ရိုဟင်ဂျာ လူမျိုး မြို့မိမြို့ဖ (၁၆) ဦး တို့နှင့် အမှတ် (၁) အခြေချ စစ်ဗျူဟာ ခန်းမ၌ သီးခြား တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ယခုလို လူမျိုးစု နှစ်စု [ရခိုင်နှင့် ရိုဟင်ဂျာ] တို့ကို တစ်ခန်းထဲတွင် အတူတကွ ထိုင်နေသည်ကို မြင်နေရသဖြင့် အလွန်ပဲ ၀မ်းသာကြည်နူးမိကြောင်း၊ ဘူးသီးတောင် မြို့တွင် လူမျိုးပေါင်းစုံတို့ ဘာသာ၊ လူမျိုး မခွဲခြားဘဲ အေးချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်လာသည်ကို ချီးကျူး ဂုဏ်ပြုလိုကြောင်း၊ နောင်တွင်လည်း ပဋိပက္ခများကို ရှောင်၍ ဤကဲ့သို့ အေးအတူပူအမျှ အတူယှဉ်တွဲ နေထိုင်သွားရန် မှာကြားလိုကြောင်း၊ စသည်ဖြင့် ဘူးသီးတောင်မှ ဒေသခံ ပြည်သူများကို ဂုဏ်ပြု စကားပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော် သမ္မတက မိမိသည် ရခိုင်ပြည်နယ်ကို ရောက်ရှိလာခြင်းမှာ မုန်တိုင်းသင့် ပြည်သူများကို ကူညီ ထောက်ပံ့ အားပေးလို၍သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသော ဒေသခံများကို တင်ပြစရာရှိလျှင် တင်ပြနိုင်သည်ဟု ပြောဆိုသော အခါ ရခိုင်လူမျိုး မြို့မိမြို့ဖ တစ်ဦးက မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်း အများအပြား ရှိကြောင်းနှင့် ရခိုင်လူမျိုး ဒုက္ခသည်များ အကြောင်းကို တင်ပြခဲ့သည်။ ရိုဟင်ဂျာ လူမျိုးများဖက်မှ ဘူးသီးတောင် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဘော်ရှီရ်အာမတ်က မုန်တိုင်းကြောင့် ပျက်စီးသွားသည့် သာသနာ့ အဆောက်အဦ များကို ပြန်လည် ပြင်ဆင်လိုသည်ဟု တင်ပြရာ နိုင်ငံတော် သမ္မတက ပျက်စီးသွားသည့် သာသာနာ့ အဆောက်အဦ မှန်သမျှကို အမြန်ဆုံး ပြန်ဆင်ရန် ပြောကြား၍ ခွင့်ပြုချက် ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် မုန်တိုင်းသင့် ရခိုင်ဒုက္ခသည်များ စုဝေးနေထိုင်ရာ ဓမ္မရုံသို့ သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံပြီး အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။ 

ဘူးသီးတောင် မြို့နယ်တွင် ရိုဟင်ဂျာ ကျေးရွာပေါင်း ၂၀ ကျော် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရပြီး အတည်ပြုနိုင်သည့် သတင်းများအရ ရိုဟင်ဂျာ လူမျိုး စုစုပေါင်း (၃၂) ဦး အသက်ဆုံးရှုံး ခဲ့ရသည့် အပြင် ရာပေါင်းများစွာသော အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ရိုဟင်ဂျာ လူမျိုးများပိုင် လယ်ယာမြေ ဧကပေါင်းများစွာလည်း ရေကြီးမှုကြောင့် ပျက်စီး သွားခဲ့ရသည်။ 

သို့သော် မုန်တိုင်းသင့် ပြည်သူများကို ကူညီ ထောက်ပံ့ပေးရန် ရောက်ရှိလာပါသည်ဟု ဆိုသော နိုင်ငံတော် သမ္မတနှင့် အဖွဲ့က အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် အထိ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရသည့် မုန်တိုင်းသင့် ရိုဟင်ဂျာ ဒုက္ခသည်များကို မည်သည့် အကူအညီ အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခဲ့ခြင်း မရှိဟု အဆိုပါ ဒေသခံက ပြောပါသည်။ ၎င်းက ဒေသဆိုင်ရာ အာဏာပိုင်များကို ပေးအပ်ရန် တာဝန်ပေးထားသည်ဟု ပြောဆိုခြင်းမျိုးလည်း မရှိသဖြင့် သြဂုတ်လ (၆) ရက်နေ့၌ စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အစိုးရ တာဝန်ခံများ၊ ရခိုင် လူမှု့အဖွဲ့ အစည်းများ၊ မြို့မိမြို့ဖများကို တွေ့ဆုံခဲ့ရာတွင် လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီထောက်ပံ့ရန် နိုင်ငံတော် သမ္မတ ကိုယ်တိုင် ပြောဆိုခဲ့သည်နှင့် သမ္မတ ကိုယ်တိုင် လုပ်ရပ်မှာ လုံးဝ ဆန့်ကျင်လျက် ရှိသည်ဟု ဆိုသည်။ 

နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် ဘူးသီးတောင် မြို့ကို ကားများဖြင့် လှည့်လည် ကြည့်ရှုခဲ့ပြီး ပြန်လည် ထွက်ခွာ သွားခဲ့သည်။ 

မောင်တောမြို့မှ မုန်တိုင်းသင့် ဒေသခံ ပြည်သူများက နိုင်ငံတော် သမ္မတ ကိုယ်တိုင် လာရောက် အားပေးမည်ဟု သတင်းများ ကြား၍ စောင့်မျှော်နေခဲ့သော်လည်း မောင်တောမြို့ကို ရောက်ရှိလာခြင်း မရှိခဲ့သဖြင့် ဒေသခံများ စိတ်မကောင်း ဖြစ်နေရသည်ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်နဲ့ စစ်တွေ မြို့ခံတွေ သြဂုတ်လ ၆ ရက်နေ့က တွေ့ဆုံ ကြစဉ်

6.8.2015

ရခိုင်ပြည်နယ် ရေဘေး ဒုက္ခသည်တွေကို လူမျိုး ဘာသာ မခွဲခြားဘဲ လူသား အချင်းချင်း ကူညီရမယ် ဆိုတဲ့ စိတ်ထားနဲ့ ဝိုင်းဝန်း ကူညီကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။

"ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီစောင့်ရှောက် ရမယ် ဆိုတဲ့ဟာက တာဝန် မဟုတ်သော်လည်းပဲ လူသားချင်း စာနာ ထောက်ထားတဲ့ စိတ်ဓါတ်၊ ဒီအချိန်မှာတော့ ဖြူတာတွေ မဲတာတွေ လူမျိုးတွေ ဘာသာတွေ ခွဲလို့ မရတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် လူသားတွေ လူသားတစ်ဦး အသက်ရှင် ရပ်တည် နိုင်ရေး အတွက် လူသား အချင်းချင်း ကယ်တင် ရမယ်ဆိုတဲ့ ဒီလို စိတ်ဓါတ်မျိုး ခေါင်းထဲမှာ ထည့်ထားဖို့ လိုပါတယ်"

အစိုးရက ရခိုင်ပြည်နယ်ရေဘေးအတွက် ကျပ်သိန်းပေါင်းနှစ်သောင်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ငွေကြေး အကူ အညီပေးအပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်းကြောင်းနဲ့ အသက်ရှင်ကျန်တဲ့သူတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားရမှာဖြစ်ကြောင်း ပြော ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေက ရေဘေးဒုက္ခသည်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ် ရေဘေးကြောင့် သေဆုံးသူ ဦးရေ ၅၅ ဦးရှိပြီး ကျွဲနွားအကောင်ရေ ၅ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းကျော်၊ စာသင်ကျောင်း ၃၀၀နီးပါး၊ ဘုန်းကြီးကျောင်း ၁၀၀ ကျော်နဲ့ လယ်ယာမြေ ဧက ၂ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရာတန်ဖိုး ငွေကျပ်သန်းပေါင်း သုံးသောင်းလေးထောင်ကျော်ရှိတယ်လို့ သိရပါ တယ်။ အစိုးရထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာရေဘေးကြောင့် သေဆုံးသူ ၆၉ ဦးရှိပြီး အိမ်ထောင်စုပေါင်း ၂ သိန်း ၇ သောင်းကျော် ရေဘေးဒဏ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။



RFA မြန်မာပိုင်း
7.8.2015

ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကနေ နှုတ်ထွက် လိုက်ပြီး လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ တစ်သီး ပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ ၀င်သွားမယ်လို့ ပြောပါတယ်။ နိုင်ငံရေး လှုပ်ရှားမှု တွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက် လိုတာကြောင့် ပါတီကနေ နှုတ်ထွက် လိုက်တာ ဖြစ်တယ်လို့ ဦးရွှေမောင်က ပြောပါတယ်။

"အဓိကကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ လတ်တလော ပြဿနာတွေလည်း အများကြီးထဲက လူ့အခွင့်အရေး အခြေအနေတွေကလည်း မျှော်မှန်းထားသလောက် မတိုးတက်လာဘူးပေါ့နော်၊ ဒါကြောင့်မို့ ဒါတွေကို ကျနော်တို့ ဆက်လုပ်စရာတွေရှိတယ်၊ အဓိကကတော့ ဒေသကပြည်သူတွေကို ဆောင်ရွက်ပေးစရာ လုပ်ငန်းတွေက အများကြီးကျန်ပါသေးတယ်၊ ဒီဟာတွေကို လုပ်ဖို့အတွက်ကတော့ နိုင်ငံရေးဆက်လုပ်မှဖြစ်မှာပါ၊ ပိုပြီးတော့ လွတ်လွတ်လပ်လပ်လုပ်လို့ရအောင်ဆိုတဲ့သဘောနဲ့ ရိုးရိုးသားသားပဲနှုတ်ထွက်လိုက်တာပါ၊ တခြားဟာတော့မရှိပါဘူး"

ဦးရွှေမောင်ဟာ ဘူးသီးတောင်မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအဖြစ် ထပ်မံယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြော ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တင်သွင်းရမှာ ဖြစ်ပါတယ်။



RB News
4.8.2015

အဲစ်ဗီယာ၊ ဒိန်းမတ် ။ ။ ဒုတိယကြိမ်မြောက် ဥရောပရောက် ရိုဟင်ဂျာများ ညီလာခံကို ဒိန်းမတ်နိုင်ငံ၊ အဲစ်ဗီယာမြို့တွင် သြဂုတ်လ (၁) ရက်နေ့မှ (၂) ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပခဲ့သည်။ ညီလာခံသို့ ဒိန်းမတ်၊ ဗြိတိန်၊ နော်ဝေး၊ နယ်သာလန်၊ ဂျာမဏီ၊ ဆွဇ်ဇာလန်နှင့် အီတလီနိုင်ငံတို့မှ ကိုယ်စားလှယ်များ ၆၀ ကျော်တက်ရောက်ခဲ့သည်။ အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့၊ မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဒိန်းမတ်)၊ ရိုဟင်ဂျာ အသင်း (နော်ဝေး)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဂျာမဏီ)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဆွဇ်ဇာလန်)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (အီတလီ)၊ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (နယ်သာလန်) တို့မှ ကိုယ်စားလှယ်များနှင့် နယ်သာလန်နိုင်ငံမှ အစ္စလာမာ ၀ါလ် အဒါလာ ဖောင်ဒေးရှင်း တည်ထောင်သူများ တက်ရောက်ခဲ့ကြသည်။

နှစ်ရက်ကြာ ကျင်းပခဲ့သည့် ညီလာခံတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် ရေကြီးမှု ကြုံတွေ့နေရသည့် ရေဘေး ဒုက္ခသည်များကို အကူအညီများ ပေးရေး အတွက် လိုအပ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ နိုင်ငံအသီးသီးမှ အလှူငွေများ ပေးပို့နိုင်ရန် အတွက် ပထမဦးစွာ ဆွေးနွေးခဲ့ကြပြီး၊ ရိုဟင်ဂျာများ၏ မူရင်းဌာနေ ဖြစ်သော အာရ်ကာန်/ရခိုင်ဒေသမှ ရိုဟင်ဂျာများကို လူမျိုးသုဉ်းအောင် မြန်မာအစိုးရမှ စနစ်တကျ ဂျီနိုဆိုက် ပြုလုပ်နေခြင်းကို ရှုတ်ချခြင်း၊ လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ထားသည့် ပါတီမှ ကိုယ်စားပြု၍ ရွေးချယ်ခံခွင့် မပြုခြင်း၊ ခေတ်အဆက်ဆက်တွင် ရရှိခဲ့သည့် မဲပေးခွင့်ကို ရုပ်သိမ်းလိုက်ခြင်းများကို ရှုတ်ချခြင်းနှင့် ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို လူသားချင်း စာနာသည့် အထောက်အပံ့များ ပေးအပ်ရာတွင် အစွန်းရောက် အုပ်စုများက တားမြစ်ခြင်းများ ပြုလုပ်နေသည်ကို ရှုတ်ချခြင်းများ ပြုလုပ်ခဲ့ပြီး၊ ကွန်ဖရင့် အပြီးတွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကွန်ဖရင့်၏ ကြေညာစာတမ်းတွင် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာသည့် အထောက်အပံ့များ ကန့်သတ်မှု မရှိဘဲ ပေးခွင့် ရရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဦးဆောင်၍ ညှိနှိုင်းဆောင်ရွက် ပေးရန်၊ တငွေ့ငွေ့ လောင်ကျွမ်းနေသည့် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက်၊ လူမျိုးတုန်း သန့်စင်ခြင်း၊ လူသားများ အပေါ် ကျူးလွန်နေသည့် ပြစ်မှုများကို နိုင်ငံတကာမှ လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင်မှ စုံစမ်း စစ်ဆေးပြီး၊ ပြစ်မှု ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အပြစ်ပေးရေး၊ မြန်မာအစိုးရကို ရိုဟင်ဂျာများအား နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများ ပြန်လည် အပ်နှင်းရေး၊ မသင့်မြတ် ဖြစ်နေသည့် ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မွတ်စလင် တို့အကြား ယခင်အတိုင်း ငြိမ်းချမ်း ပြန်လည် နေထိုင်နိုင်ရေး အတွက် မြန်မာ အစိုးရကို ဖိအားပေးရန်၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အမေရိကန်နှင့် ဗြိတိန်တို့မှ အမြန်ဆုံး ဆောင်ရွက်ပေးရန် ထည့်သွင်း တောင်းဆိုထားသည်။

ထို့အပြင် ရိုဟင်ဂျာများ ထံမှ ယခင် စစ်အစိုးရ လက်ထက်တွင် အမျိုးသား မှတ်ပုံတင် ကတ်ပြားများ သိမ်းဆည်း၍ အဖြူရောင် ယာယီ သက်သေခံ ကတ်ပြားများ ထုတ်ပေးခဲ့ပြီး၊ ယခု အဖြူရောင် ကတ်ပြားများ သိမ်းဆည်း၍ ယာယီ နေထိုင်ခွင့် ကတ်ပြား (အစိမ်းရောင်) ကဒ်ပြားများ အတင်းအဓမ္မ ကိုင်ဆောင် ခိုင်းခြင်းကိုလည်း အပြင်းအထန် ရှုတ်ချခဲ့သည်။

ဥရောပ ပါလီမန်သို့ မကြာခဏ သွားရောက်၍ ရိုဟင်ဂျာများ၏ အခြေအနေများ တင်ပြလေ့ရှိသည့် ကိုယ်စားလှယ်များက ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေခြင်းထက် ရိုဟင်ဂျာများကို လူမျိုးသုဉ်းအောင် ပြုလုပ်နေသည့် ဂျီနိုဆိုက်အား အမြန်ဆုံး ဟန့်တား အရေးယူပေးရန် ပိုမိုကြိုးစားသွားမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။

ကွန်ဖရင့် ပထမနေ့တွင် မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဒိန်းမတ်) မှ ဦးဇကရီယာက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ၎င်းတို့ အခြေချသည့် နိုင်ငံများရှိ ရိုဟင်ဂျာများ၏ အခြေအနေများ၊ အစိုးရများ၏ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံ အပေါ် ထားရှိသည့် မူဝါဒကို အကျယ်အ၀န့် ဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) မှ အထွေထွေ အတွင်းရေးမှူး ဦးအဟမတ်ဂျမာလ်က ၎င်းတာဝန်ယူထားသည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကော်မီတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဥက္ကဌ ဦးထွန်းခင်က ဥရောပနှင့် အမေရိကား နိုင်ငံများတွင် သွားရောက်၍ ရိုဟင်ဂျာအရေး လှုပ်ရှားမှုများ၏ အခြေအနေများ၊ ရှေ့လျှောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့တွင် ရှိသည့် ရိုဟင်ဂျာများ၏ လက်ရှိ အခြေအနေများ၊ ပြည်တွင်းတွင် ရိုဟင်ဂျာများ၏ လက်ရှိ နိုင်ငံရေး အခြေအနေများ၊ မီဒီယာများ၏ အခန်းကဏ္ဍများကို ဂျာမဏီနိုင်ငံမှ ဦးနေဆန်းလွင်က ဆွေးနွေးပြီးနောက်၊ ရိုဟင်ဂျာများ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့မှ ဥက္ကဌ ဦးနူရ်အစ္စလာမ်က ဆွေးနွေးခဲ့သည်။

ဧည့်သည်အဖြစ် ရောက်ရှိလာသည့် နယ်သာလန်နိုင်ငံမှ အစ္စလာမာ ၀ါလ် အဒါလာ ဖောင်ဒေးရှင်း တည်ထောင်သူ မစ္စတာ နူရ်အူဒင်ဝိုက်(လ်)မန်းက ဘင်္ဂလားဒေ့ရှ်နှင့် မလေးနိုင်ငံများရှိ ရိုဟင်ဂျာဒုက္ခသည်များကို ကူညီနေသည်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ အားလုံးက ရှေ့ဆက် လှုပ်ရှားသင့်သည်များကို တစ်ဦးချင်းစီ ဆွေးနွေး တင်ပြခဲ့ပြီး ပထမနေ့ ကွန်ဖရင့်ကို ည ၇ နာရီတွင် ရုပ်သိမ်းခဲ့သည်။

ဒုတိယနေ့တွင် တက်ရောက်လာသူများ တင်ပြခဲ့သည်များကို နော်ဝေးနိုင်ငံမှ ဦးဆယာဒ်ဟူစိန်းက ပြန်လည်၍ ဆွေးနွေး အဖြေရှာခဲ့ပြီး၊ လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် ကော်မီတီများ ဖွဲ့စည်းခဲ့သည်။

ဆက်လက်၍ ဦးဆယာဒ်ဟူစိန်းက ကွန်ဖရင့် ကြေညာစာတမ်းနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပြီးနောက်၊ ကွန်ဖရင့် အပိတ်အမှာစကားကို ဗြိတိန်နိုင်ငံမှ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှက ပြောကြားပြီး နေ့လည် ၂ နာရီ အချိန်တွင် ကွန်ဖရင့်ကို ရုပ်သိမ်းခဲ့ပါသည်။

ကွန်ဖရင့်သို့ တက်ရောက် လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ အခြားသော တက်ရောက် လာသူများ အားလုံးက ရိုဟင်ဂျာများ နှစ်ပေါင်းများစွာ ကြုံတွေ့ နေရသည့် အတိဒုက္ခများ အားလုံးမှ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဥရောပနိုင်ငံများရှိ အစိုးရများ၊ ဥရောပ သမဂ္ဂ၊ ဥရောပ ပါလီမန်၊ အခြားသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စည်းလုံး ညီညွတ်စွာဖြင့် အဖြေရှာ သွားမည်ဟု တစ်ညီတစ်ညွတ်တည်း စည်းစည်းလုံးလုံးဖြင့် သဘောတူခဲ့ကြသည်။ 


















 






မောင်တောမြို့၌ ရေကြီး နေပုံ


MYARF
RB News
3.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ဆန်ဈေးများ အဆမတန် မြှင့်တက် လာသောကြောင့် ဒေသခံများ အခက်ကြုံလျက် ရှိနေသည်ဟု သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၉) ရက်နေ့၊ ညသန်းခေါင်ယံ အချိန်မှ စ၍ တိုက်ခတ်ခဲ့သည့် လေပြင်း မုန်တိုင်းကြောင့် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် အိမ်အများအပြား ပြိုကျသွားခဲ့သည်။ သစ်ပင်များ၊ အိမ်ခြံ၊ အကာအရံများလည်း ပြိုလဲသွားခဲ့သည်။ ထို့အပြင် မကြုံစဖူး ရေကြီးမှုကြောင့် အိမ်အများအပြား ရေလွှမ်းမိုးခြင်း ခံခဲ့ရသည်။ အသက်ဆုံးရှုံးမှုများ ရှိသော်လည်း သွားလာရေး ဆက်သွယ်ရေး ခက်ခဲလျက် ရှိသဖြင့် ယခုအချိန်ထိ အသေအပျောက် စာရင်းများ အတိအကျ မရနိုင်သေးကြောင်း ဒေသခံများက ပြောပါသည်။

ရေကြီးမှု၊ မုန်တိုင်းကြောင့် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ပြီး ဒုက္ခသည် ဖြစ်လာသည့် ဒေသခံ ရိုဟင်ဂျာများကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် NGO များက ယခု အချိန်ထိ ထိရောက်သော အကူအညီများ မပေးသေးသည့် အပြင် ပြိုလဲသွားသည့် အိမ်များ ပြန်လည် ပြုပြင်နိုင်ရန် ၀ါး၊ သစ်များ ခုတ်ယူရန် အတွက် ရိုဟင်ဂျာများကို အာဏာပိုင်များက တောတောင်သို့ သွားရောက်ခွင့် မပေးကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။ သို့ဖြစ်၍ ဒေသခံ ရိုဟင်ဂျာများသည် စားဝတ်နေရေး အတွက် အခက်အခဲ ပေါင်းစုံ ကြုံတွေ့နေရသည်ဟု ဆိုသည်။ 

ယနေ့ သြဂုတ်လ (၃) ရက်နေ့တွင် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များ၌ ဆန် တစ်အိတ် ၃၀၀၀၀/- ကျပ် ဖြစ်နေပြီး၊ လေပြင်းမုန်တိုင်း မကျမှီက ဆန် တစ်အိတ်နှင့် ၁၅၀၀၀/- ကျပ် ရှိခဲ့သဖြင့် နှစ်ဆ ဈေးတက်သွားသည်ဟု ဒေသခံများက ပြောပါသည်။ ထို့အပြင် အခြားသော စားကုန်ပစ္စည်းများ၏ ဈေးများလည်း အဆမတန် ဈေးတက်လျက် ရှိသည်ဟု ဆိုသည်။ ၀ါး၊ သစ်များ၏ ဈေးများလည်း အဆမတန် ဈေးတက်လျက် ရှိကြောင်း သိရသည်။ 

ဒေသခံများက ၎င်းတို့ အနေဖြင့် အရေးပေါ် အကူအညီများစွာ လိုအပ်နေကြောင်း၊ နိုင်ငံတကာ အကူအညီရမှသာ ယခု ကြုံတွေ့နေရသည့် အဆမတန် ဈေးကြီးမှု ပြဿနာများပါ ပြေလည် သွားမည်ဟု ဆိုသည်။



ကမ္ဘာ့ ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီသည် လူ့အခွင့်အရး ကောင်စီသို့ တင်သွင်းမည့် အစီရင်ခံစာ ပြုစုရေးအတွက် မြန်မာနိုင်ငံသို့ တတိယ အကြိမ် အဖြစ် ယနေ့နေ့လည် နှစ်နာရီခွဲ အချိန် တွင် ပီဂျီ-၇၀၇ လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ရောက်ရှိရာတွင် နိုင်ငံခြာရေးဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြ သည်။

မစ္စရန်ဟီလီသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေစဉ် အချိန်အတွင်း နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအကြံပေး အဖွဲ့များ ၊ ပြည်ထောင်စု လွှတ်တော် နာယက နှင့် လွှတ်တော် နှစ်ရပ်လုံး၏ ဥပဒေကြမ်းကော်မတီ များ၊ အခြေခံအခွင့်အရေးကော်မတီ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ သက်ဆိုင်ရာ ၀န်ကြီး ဌာနများမှ ပြည်ထောင်စု ၀န်ကြီးများဖြင့် တွေ့ဆုံ သွားမည်ဖြစ်ပြီး ၄င်းတင်သွင်းမည့်အစီရင်ခံစာ နှင့်ပတ်သက်ပြီး လိုအပ်သည့်နေရာ များသို့ ပါ သွားရောက် လေလာမည်ဖြစ်ကြောင်းသိရသည်။

မစ္စရန်ဟီလီသည် မြန်မာနိုင်ငံတွင် သြဂုတ်လ (၂)ရက်မှ (၇ )ရက်နေ့ အထိ နေထိုင်သွား မည် ဖြစ်ပြီး ၄င်းပြန်မည့် သြဂုတ်လ (၇)ရက်နေ့တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

MOIWeb Portal Myanmar Facebook မှ ကူးယူ ဖော်ပြသည်။

ရခိုင်ပြည်နယ် အတွင်း ရေနစ်မြုပ်သည့် မြို့နယ် များမှ ရေဘေးသင့် ပြည်သူ များသို့ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် သယ်ဆောင် လာစဉ်။ (ဓာတ်ပုံ- MOI) သြဂုတ် ၂၊ ၂၀၁၅။

မအေးအေးမာ
2.8.2015

ရခိုင်ပြည်နယ် အတွင်းမှာ ရေဘေးဒဏ်ကြောင့် သေဆုံး ပျောက်ဆုံးသူ ရာဂဏန်းလောက် ရှိနေကြောင်းနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ အရေးတကြီး လိုအပ် နေပေမယ့် အစိုးရပိုင်းက ကယ်ဆယ်ရေး ကိစ္စတွေ အဆင်သင့် မဖြစ်သလို အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘက်ကလည်း အစိုးရနဲ့သာ ပူးပေါင်း ဆောင်ရွက် ရမှာဖြစ်လို့ အစိုးရ ခွင့်ပြုချက် မရဘဲ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လက်တွဲ ဆောင်ရွက်နိုင်မယ့် အခြေအနေ မတွေ့ရပါဘူး။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ ထားပါတယ်။

ဆိုးဝါးတဲ့ သဘာဝ ရေးဘေးကြောင့် ရခိုင်ပြည်နယ် အတွင်းမှာ သေဆုံးမှုတွေရှိနေသလို ပျောက်ဆုံးမှုတွေလည်း ရာဂဏန်းရှိနေပြီလို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးဦးလှစောက ဆိုပါတယ်။

“သေဆုံးတဲ့သူစာရင်းဟာ ရွာတွေမှာ ဟိုမှာ (၂၀) ဒီမှာ (၁၅) ယောက်ဆိုတော့ (၃၀၀) နီးပါးလောက်တော့ ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ အလောင်းတွေလည်း တချို့ မျောနေတာတွေရှိတယ်လို့ ကျနော်တို့ ကြားရတယ်ဗျ။ အလောင်းတွေမျောတော့ အဲဒီအလောင်းတွေကောက်တဲ့၊ ဆယ်တဲ့အလုပ်က ဘာမှမလုပ်ရသေးဘူး။ ရာဂဏန်းကတော့ အေးအေးဆေးဆေး ရှိသွားပါပြီ။ ဧရိယာတခုလုံး အင်မတန်ကျယ်ပြောတယ်- မြောက်ဦး၊ ကျောက်တော်၊ မင်းပြားက - နော်၊ အထူးသဖြင့် ကျေးလက်တောရွာတွေပေါ့။”

ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးကတော့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၄) မြို့နယ်လောက် ရေပြင်ကြီးဖြစ်နေတဲ့အတွက် ကျေးရွာနေ ပြည်သူတွေအတွက် အသက်ကယ်ဖို့ အခြေအနေ အရေးတကြီးလိုအပ်နေတဲ့အကြောင်း အခုလို ပြောပါတယ်။

“သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ နိုင်ငံတော်အဆင့်အကြီးအကဲတွေ၊ ဗွီဒီယို ဓာတ်ပုံမှတ်တမ်းတွေကို ကျနော်တို့ ကြည့်ရတဲ့အခါမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါတော အဲဒီဒေသတခုလုံး ပင်လယ်ပြင်ကြီးလိုဖြစ်နေတယ်။ ပင်လယ်ပြင်ကြီးလိုဖြစ်နေတယ်။ ကလေးတွေကအကုန်လုံး အိမ်ခေါင်မိုး အပေါ်ထပ် တွေမှာ တွေ့ရတဲ့အပိုင်းတွေရှိတယ်။ အဲဒီတော့ ဘယ်လောက်ပျောက်လို့၊ ဘယ်လောက် အဝှာဖြစ်တယ်ဆိုတဲ့ဟာကို တအိမ်နဲ့ တအိမ်တောင်ကို အခု လောလောဆယ်မှာ ဆင်းပြီးတော့ အဆက်အသွယ် လုပ်လို့မရနိုင်တဲ့ နေရာဒေသတွေ ရှိနေပါတယ်။ ဗိုလ်ချုပ်လှမြင့်တို့၊ ဗိုလ်မှူးကြီးစံရွှေအောင်တို့ လေယာဉ်နဲ့လိုက်ကြည့်တယ်၊ ဟိုက်စကီးနဲ့လိုက်ကြည့်တယ်။ ဟိုက်စကီးကလည်း တစီးတည်း ရှိတယ်။ အဲဒီဟိုက်စ်ကီးမှာ ဘာရိက္ခာမှလည်း ပါမသွားဘူး။ အဲဒီတော့ သူတို့က ဒေသတွေကိုလိုက်ကြည့်တဲ့ အဆင့်ပဲ ရှိတယ်။ ကျေးလက်ဒေသတွေကို ရောက်ဖို့က တော်တော်လေးကို ခက်ခဲနေတယ်။ ဟိုက်စကီးတွေနဲ့ စနစ်တကျ အဲဒီဟာ လုပ်ဖို့လိုတယ်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်။”

ဒီနေ့မှာပဲ ဘူးသီးတောင်၊ မောင်တောကိုသွားရာလမ်းမှာ တောင်ပြိုသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုပြီးတော့ အခက်အခဲဖြစ်သွားပါတယ်။ တချို့စက်လှေတွေဟာ ရေစီးမကျော်နိုင်တဲ့အတွက် လှေမှောက်ပြီး သေဆုံး၊ ပျောက်ဆုံးနေတာတွေလည်း ရှိနေပါတယ်။ မနေ့ကတော့ ရခိုင်ခေါင်းဆောင်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ရေဘေးနဲ့ပတ်သက်လို့ အကူအညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် မပြေလည်ခဲ့ဘူးလို့လည်း ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“ကျနော်တို့နဲ့တွေ့တဲ့အဖွဲ့က ICRC ပါတယ်၊ UNOCHAR ပါတယ်။ နောက်အဖွဲ့အစည်းတွေ ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း ငါးဖွဲ့နဲ့ ကျနော်တို့တွေ့တယ်။ တွေ့ပြီးတော့ ဒီလိုဟာတွေကို ကျနော်တို့က အကူအညီတောင်းတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးကယ်လို့ရအောင်လုပ်ပေးဖို့၊ နောက်တခါ ရေကျသွားတဲ့အခါမှာ ဒီလူတွေဟာ ရောဂါဘယ ထူထပ်နိုင်တယ်။ အဲဒီဟာကို အကူအညီပေးဖို့၊ အခုအချိန်မှာ သောက်သုံးရေရှားပါးမှုဖြစ်နေတယ်။ မိုးရေကို ခံသောက်လို့ ရအောင် ပလပ်စတစ်တာလပတ်လှူပေးဖို့၊ နောက်တခါ ထမင်းချက်စားစရာမရှိဘူး၊ ဘာမှ မရှိဘူးဆိုတဲ့အခါမှာ ရိက္ခာခြောက်တွေပေးဖို့၊ ခင်ဗျားတို့ မသွားနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ဆီကတဆင့်လှူပြီးတော့ ကျနော်တို့သွားသင့်တယ်ဆိုတဲ့ဟာတွေ တောင်းတဲ့အခါမှာ သူတို့ဆီက ဒီဟာတွေနဲ့ ပတ်သက်လို့ အဆင့်သင့် လုပ်ထားတာပဲရှိတယ်တဲ့။ ကျနော်တို့မှာ အဲသလို ပေးလို့မရဘူးဆိုတဲ့ဟာကို တရားဝင်ပြောတယ်။ အစိုးရက သွားဆိုမှ သွားမယ်ဆိုလို့ရှိရင်တော့ အဲဒီလူတွေအကုန်လုံး သေမှာပဲ-လို့၊ အဲဒါကြောင့် ခင်ဗျားတို့ရခိုင်ပြည်သူတွေ ဒီလောက် ဒုက္ခရောက်နေတဲ့အခါမှာ ဘာမှ ကူညီပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလားလို့ ကျနော်တို့ကမေးတယ်။ ကျနော်တို့က အစိုးရနဲ့ပဲ လုပ်လို့ရမယ်-တဲ့။ အဲဒါဆိုလို့ရှိရင် နောက်ဆို ကျနော်တို့နဲ့ မပြောနဲ့တော့-လို့။ အစိုးရပိုင်းကို သက်ဆိုင်ရာဒေသအာဏာပိုင်တွေကို သွားပြောရတဲ့အနေအထား ရှိတယ်။ ဘယ်ရွာမှာကတော့ ဘယ်လိုဖြစ်နေပြီ။ အဲဒီဟာတွေကို အနိမ့်ဆုံးကယ်ခဲ့ပါ - ဆိုတဲ့ဟာ၊ သူတို့မှာကလည်း ဘာပစ္စည်းမှ၊ ဘာယန္တရားမှမရှိဘူး။ ကျနော်တို့တွေ့ရတာ။”

ရခိုင်ပြည်နယ်အတွင်းက အသေအပျောက်စာရင်းနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေကို ဖုန်းခေါ်ခဲ့ပေမယ့် တာဝန်ခံဖြေမယ့်သူ မရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်အတွင်း နေရာတချို့ကိုတော့ စနေနေ့ကစပြီး အစိုးရတာဝန်ရှိသူတွေ ရဟတ် ယာဉ်နဲ့ သွားရောက်ကြည့်ရှုခဲ့တာတော့ ရှိပါတယ်။ သီတင်း ၂ ပတ်ကျော် ကြာတဲ့အထိ တိုင်းနဲ့ပြည်နယ် (၁၁) ခုတို့မှာ ရေဘေးဒဏ်ကို အကြီးအကျယ် ခံစားနေရပေမယ့် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမှု အားနည်းပျက်ကွက်တယ် ဆိုပြီး ကူညီကယ်ဆယ်ရေးတွေ နှောင့်နှေးနေတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။



ပဲခူးတိုင်းအပါအဝင် တခြား တိုင်းနဲ့ပြည်နယ်တချို့မှာလည်း သဘာဝရေဘေးဒဏ်ကြောင့် ပျောက်ဆုံး၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီအထဲမှာလက်ရှိ အသက်ဘေးအန္တရာယ် ကျရောက်နေတဲ့အထိ ဆိုးဆိုးဝါးဝါး ရေဘေးဒဏ် ခံစားနေရတာက ရခိုင်ပြည်နယ်အတွင်းက ကျေးရွာအများစုဖြစ်ပြီး ရဟတ်ယာဉ်တွေ၊ စက်လှေတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးဖို့ လိုနေကြောင်း ဒေသခံတွေက ပြောနေကြတာလည်း ဖြစ်ပါတယ်



MYARF
RB News
30.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) မှ ရဲမှူးငြိမ်းချမ်းအေးသည် ငွေကောက်ခံရသည့် ခရီးသည် တစ်ဦးကို ပစ္စတို သေနတ် ကောက်ရသည်ဟု ဆိုကာ ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၄) ရက်နေ့တွင် မောင်တော မြို့နယ် တောင်ပိုင်း၊ သ၀န်ချောင်း ကျေးရွာမှ ဆိုင်ကယ် အငှားလိုင်း ဆွဲသူ ဦးအေနာတူလ္လာက ဆိုင်ကယ်ပေါ်တွင် ခရီးသည် တစ်ဦးတင်ဆောင်၍ သ၀န်ချောင်း ကျေးရွာမှ ကိုးတန်ကောက် ကျေးရွာအုပ်စုသို့ သွားနေစဉ် သ၀န်ချောင်း ကျေးရွာ အလွန် လမ်းမပေါ်တွင် ငွေကျပ် နှစ်သိန်း ငါးသောင်း ကောက်ရခဲ့သည်။ ထို့နောက် ဦးအေနာတူလ္လာက ရိုးသားစွာဖြင့် လမ်းတစ်လျှောက် တွေ့သည့်သူများကို ငွေကောက်ရထားကြောင်း ပိုင်ရှင် ပေါ်လာလျှင် ပြန်လည် ပေးမည် ဖြစ်ကြောင်း အသိပေး၍ ပြောသွားခဲ့သည်။ 

ထိုသတင်းကို သ၀န်ချောင်း ကျေးရွာသား ရဲမှူးငြိမ်းချမ်းအေး၏ တပည့် ဖြစ်သူ ဘာက္ကူးက သိရှိသွားပြီး ရဲမှူးငြိမ်းချမ်းအေး ထံသွားကာ ဦးအေနာတူလ္လာက ငွေကျပ် နှစ်သိန်းငါးသောင်း ကောက်ရထားကြောင်း ပြောပြခဲ့သည်။ ထို့နောက် ဇူလိုင်လ (၂၅) ရက်နေ့တွင် ရဲမှူးငြိမ်းချမ်းအေးက ၎င်း၏ တပ်ဖွဲ့ဝင် တစ်ဦး စေလွှတ်ပြီး ဦးအေနာတူလ္လာကို ဖမ်းဆီးခေါ်ဆောင် လာကာ ရဲမှူးငြိမ်းချမ်းအေးက “ငွေနှစ်သိန်းခွဲနဲ့ ပစ္စတိုတစ်လက် ကောက်ရထားတာက အဒူလာကိမ်းတို့ ကျကျန်ခဲ့တဲ့ ငွေနဲ့ ပစ္စတိုသာ ဖြစ်မယ်။ ဘာကြောင့် ငါတို့ကို မအပ်ဘဲ သိမ်းထားသလဲ” ဟု မေးမြန်းရာ၊ ဦးအေနာတူလ္လာက မိမိသည် ငွေကျပ် နှစ်သိန်းငါးသောင်း ကိုသာ ကောက်ရခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့် ပစ္စတိုမှ ကောက်ရခဲ့ခြင်း မရှိကြောင်း ရှင်းပြသော်လည်း ရဲမှူးငြိမ်းချမ်းအေးက လူမဆန်စွာ ရိုက်နှက်၍ ထိပ်တုံးခတ် ချုပ်နှောင် ထားခဲ့သည်။ ဦးအေနာတူလ္လာကို အခြေအမြစ် မရှိ မတရားသဖြင့် စွပ်စွဲ၍ ယခု အချိန်ထိ ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၂၉) ရက်နေ့၌ ဦးအေနာတူလ္လာ၏ အခြေအနေမှာ အသက်ဆုံးရှုံးဖွယ် အခြေအနေသို့ ရောက်နေသည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) နှင့် နီးစပ်သူ တစ်ဦးက ပြောပါသည်။ 

ရဲမှူးငြိမ်းချမ်းအေးသည် ယခင်က ဂေါ်ဒူသာရ တံတား ကင်းစခန်း၌ တာဝန် ထမ်းဆောင်စဉ် ကလည်း ဂေါ်ဒူသာရ ကျေးရွာမှ မော်လ၀ီ ရှောမ်ရှုးကို ဆိုင်ခန်းထဲမှ ဖမ်းဆီးပြီး ကျေးရွာတွင် ဆူပူမှု ဖြစ်အောင် အားပေးခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ထောင်ချခဲ့ဖူးသည်။ ဒုချီရားတန်း ကျေးရွာမှလည်း အပြစ်မဲ့ ဒေသခံ ရွာသား (၃) ဦးနှင့် ပညောင်ပင်ကြီး ကျေးရွာမှ ဒုချီရားတန်းရှိ ယောက္ခမအိမ်သို့ အလည်လာသည့် အပြစ်မဲ့ ဒေသခံ တစ်ဦးကိုလည်း ဖမ်းဆီးပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား သတ်ဖြတ်ခဲ့သူများဟု လုပ်ကြံ စွပ်စွဲ၍ ထောင်ချခဲ့သည်။ 

ထိုသို့ ရဲမှူးငြိမ်းချမ်းအေး၏ လူမျိုးသာသာ ခွဲခြား၍ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှုများနှင့် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပေါ်စေရန် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေမှုများကို အထက်အရာရှိများက စီစစ်၍ အရေးယူ ဟန့်တားပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။

Rohingya Exodus