နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
5.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ G-1 ရဲမှူးကြီး အောင်မင်းထွေးသည် လွန်ခဲ့သည့် သြဂုတ်လ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် ငါးခူရ၊ ကြိမ်ချောင်းနှင့် တမန်းသား ကျေးရွာများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများသို့ သွားရောက်၍ နီးစပ်ရာ ကျေးရွာအုပ်စု များမှ ရပ်မိရပ်ဖများ၊ ဘာသာရေး မော်လ၀ီ ဆရာများကို ဆင့်ခေါ်၍ အစည်းအဝေးများ ကျင်းပခဲ့သည်။ 

အဆိုပါ အစည်းအဝေးများတွင် အဓိကအားဖြင့် အစိမ်းနုရောင်ကဒ်များ မဖြစ်မနေ ယူကြရန် တွန်းအားပေး ပြောဆိုခဲ့သည်။ ၎င်းက အစိမ်းနုရောင်ကဒ် မယူသူများသည် ၀က်၊ ခွေး၊ နွား စသည့် တိရစ္ဆာန်များနှင့် တူသည်ဟု လူ့ဂုဏ်သိက္ခာကိုပင် မငှဲ့ကွက်ပဲ အလွန် ရိုင်းစိုင်းစွာ ပြောဆို ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရဲမှူးကြီး အောင်မင်းထွေးက အစိမ်းနုရောင်ကဒ်များ မယူလျှင် စီးပွားရေး၊ ဘာသာရေးနှင့် ခရီးသွားလာရေးများ ပိတ်ပင်ခြင်း ခံရမည့်အပြင် အိမ်မှ အပြင်သို့ပင် ထွက်ခွင့် မပေးဘဲ အားလုံးကို RSO အဖြစ် စွပ်စွဲကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 

အလားတူ အမှတ် (၂) နယ်မြေ အောင်ဇံ ကျေးရွာအုပ်စုရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးကလည်း ရပ်မိရပ်ဖ များနှင့် ဘာသာရေး ဆရာများကို အစည်းအဝေး ခေါ်ယူပြီး အစိမ်းနုရောင်ကဒ်များ လက်ခံယူရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
5.9.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (၅၅၁) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စံအောင်ကျော်နှင့် တပ်ဖွဲ့ဝင် (၁၂) ဦးတို့သည် စက်တင်ဘာလ (၁) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် အနောက်ပြင် ကျေးရွာမှ ဦးဟာမိတ်၏ နေအိမ်ကို ၀န်းရံကာ ဦးဟာမိတ်ကို ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ဦးဟာမိတ်၏ ဇနီး ဒေါ်ဆာန်ဒူးဘာနု (ဘ) ဦးဖောဇောရောင်း (အသက် ၃၇ နှစ် - ကိုယ်ဝန်ဆောင်) ကိုဖမ်းဆီးညီ့း ကြိုးဖြင့် ချည်နှောင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၏ နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် စစ်သားများက ဦးဟာမိတ်သည် တရားမ၀င် နွားပွဲစားလုပ်ခဲ့သည်ဟု စွပ်စွဲ၍ ဇနီးဖြစ်သူ လူမျိုး၊ ဘာသာ ခွဲခြား၍ ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ခင်ပွန်းဖြစ်သူကို တရားမ၀င် နွားရောင်းဝယ် ပြုလုပ်သည်ဟု စွပ်စွဲ၍ ဇနီးသည်အား စစ်သားများက ကြိုးဖြင့် ချည်နှောင်၍ ဖမ်းဆီး ငွေညှစ်ခြင်းမှာ ဥပဒေမဲ့ ပြုလုပ်သော လုပ်ရပ် ဖြစ်သည်။ ထို့အပြင် စစ်သားများက အပြစ်မဲ့ အမျိုးသမီး တစ်ဦးကို ရာဇ၀တ်ကောင် ကဲ့သို့ ကြိုးဖြင့် ချည်နှောင်ကာ လူအများ ရှေ့မှောက်တွင် ကာအိနြေ္ဒ ပျက်ပြားစေသည့် အထိ ဆွဲ၍ ခေါ်ဆောင်သွားခြင်း၊ လူကဲ့သို့ မဆက်ဆံဘဲ တိရစ္ဆာန် ကဲ့သို့ ဆက်ဆံခြင်းမှာလည်း ဥပဒေမဲ့ လုပ်ရပ်များပင် ဖြစ်သည်။ 

အဆိုပါ ခြေမြန်တပ်ရင်း (၅၅၁) မှ တပ်ရင်းမှူးနှင့် အဖွဲ့သည် စက်တင်ဘာလ (၂) ရက်နေ့တွင်လည်း ဦးမာမတ်ဂျော်လာလ် (ဘ) ဦးကာဆိမ် (အသက် ၃၅ နှစ်) အပါအ၀င် အနောက်ပြင် ကျေးရွာသား ၂၅ ဦးကို ရခိုင်များထံတွင် နေ့စား အလုပ်လုပ်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး၍ ချုပ်နှောင်၍ ရိုက်နှက်ခဲ့သည်။ ထို့အပြင် နောက်နောင် မည်သည့် အခါမှ ရခိုင်များနှင့် ပေါင်းသင်းမည် မဟုတ်ဟု ခံဝန်ချက် လက်မှတ်ရေးထိုး ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထိုသတင်းကို ရသေ့တောင် မြို့နယ်၊ ဥဂ္ဂါကျေးရွာမှ ကြံ့ခိုင်ရေး ပါတီ စည်းရုံးရေးမှူး ဦးမောင်လှစိန်က ကြားသိပြီးနောက် “ငါတို့ တစ်မြေတည်းနေ လူမျိုးနှစ်မျိုး သင့်မြတ်လာနေတာကို စစ်သားတွေက ဘာကြောင့် ပိတ်ပင် နှောက်ယှက် နေရတာလဲ၊ နောက်တစ်ကြိမ် လူမျိုးရေး အဓိကရုဏ်း ဖြစ်စေချင်လို့လား” ဟု ဝေဖန် ပြောဆိုခဲ့ကြောင်း သိရသည်။



MYARF
RB News
5.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးစကြူး ကျေးရွာအုပ်စု၊ နိယာရ်ဘိလ် အနောက်ရွာမှ ဦးရှားကဲရ် (ဘ) ဦးဆူလေမန်သည် ပုဇွန်၊ ငါး ရောင်းဝယ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ဆင်းရဲသား တစ်ဦး ဖြစ်သည်။ ၎င်းသည် ပုဇွန်များ ရောင်းချရာတွင် ယင်းရွာ၌ ပုဇွန်အ၀ယ်ဒိုင် ဖွင့်၍ ပုဇွန်ဝယ်ယူနေသော ရွာသား ဦးနူရ်ဟာရှိမ် (ဘ) ဦးရှုကူရ်နှင့် ဦးဇာဂိရ်ဟူစိန်း (ဘ) ဦးဂျော်မိလ်ဟူစိန်း တို့ထံ ဈေးနှုန်း နည်း၍ မရောင်းဘဲ၊ အောက်ပြူးမ ကျေးရွာနှင့် ငါးခူရ ကျေးရွာဈေးရှိ ပုဇွန်အ၀ယ်ဒိုင် များထံ သွားရောက်၍ ရောင်းချလေ့ ရှိသည်။ 

ဦးရှားကဲရ်က ၎င်း၏ ကျေးရွာရှိ ပုဇွန် အ၀ယ်ဒိုင်များထံ ပုဇွန်များ မရောင်းချခြင်းနှင့် ပတ်သက်၍ အ၀ယ်ဒိုင် နှစ်ဦး ဖြစ်သည့် ဦးနူရ်ဟာရှိမ်နှင့် ဦးဇာဂိရ်ဟူစိန်း တို့က မကျေနပ်သောကြောင့် ငါးခူရရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ ဦးရှားကဲရ်က ပုဇွန်များကို မှောင်ခိုလမ်းကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည်ဟု လုပ်ကြံ၍ တိုင်ကြားခဲ့သည်။ 

ထိုသို့ တိုင်ကြားပြီးနောက် စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ဦးရှာကဲရ်က ပုဇွန် ကီလို ၂၀ ဖြင့် အောက်ပြူးမ ကျေးရွာသို့ သွားနေစဉ် ကပ္ပခေါင်း ကျေးရွာ တံတားအနီးတွင် စောင့်နေသည့် ငါးခူရ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးက ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်ကာ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် နယ်ခြားစောင့် ရဲများက ဦးရှားကဲရ် ထံမှ ငွေကျပ် ၃ သိန်း ၇ သောင်း ညှစ်ယူသည့် အပြင် ပါလာသည့် ပုဇွန် ကီလို ၂၀ ကိုလည်း သိမ်းယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



မဇ္ဈိမ
5.9.2015

ရန်ကုန် ။ ။ ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှား ကျန်းမာရေး စင်တာ တစ်ခု ဖွင့်လှစ်ရန် ရှိရာ MER-C Indonesia က တည်ဆောက်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်သည်။

"ရခိုင်ပြည်နယ် အစိုးရလည်း မြောက်ဦး ဒေသမှာ ဒီကျန်းမာရေး စင်တာ အတွက် မြေနေရာ သတ်မှတ် ချပေးပြီး ဖြစ်ပါတယ်။" ဟု မြန်မာနိုင်ငံ ဆိုင်ရာ MER-C အဖွဲ့ ၃ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ဂျိုဆာရီဇယ်ဂျုနေးက မကြာသေးမီက ပြောခဲ့သည်။

မြန်မာအစိုးရကလည်း အဆိုပါ ကျန်းမာရေးစင်တာစီမံကိန်းတွင် ကူညီပေးလျက်ရှိသည်။

သြဂုတ် ၂၈ ရက်က MER-C (Medical Emergency Rescue Committee) အဖွဲ့သည် ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးအကူအညီဖြင့် စစ်တွေမှတစ်ဆင့် မင်းပြားသို့ ရောက်ရှိခဲ့သည်။

မင်းပြားတွင် အင်ဒိုနီးရှားအစိုးရ တည်ဆောက်ပေးခဲ့သည့် ဗုဒ္ဓဘာသာများအတွက် စာသင်ကျောင်းနှင့် မွတ်စလင်များအတွက် စာသင်ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ တစ်ကျောင်းနှင့် တစ်ကျောင်းအကြား မီတာ ၅၀၀ သာကွာခြားသည်။

ဖေဖော်ဝါရီလအတွင်းကလည်း MER-C အဖွဲ့က ကျောင်းများအတွက် အထောက်အကူဖြစ်စေရန် ဂျင်နရေတာနှစ်လုံးကို လှုဒါန်းခဲ့သည်။

မင်းပြားသို့ အဖွဲ့ရောက်ရှိစဉ် ရေဘေးကြောင့် အခြေအနေများဆိုးဝါးကြုံတွေ့နေမှုကိုလည်း မြင်တွေ့ခဲ့ကြရသည်။

ယခုတည်ဆောက်မည့် ကျန်းမာရေးစင်တာသည် မွတ်စလင် ၆၅၀ ခန့်ရှိသည့် ရွာနှင့် ဗုဒ္ဓဘာသာများ ၁၇၀၀ ကျော်နေထိုင်သည့် ရွာနှစ်ကြားတွင် တည်ရှိပြီး စတုရန်းမီတာ ၄၀၀၀ အကျယ်အဝန်းရှိသည်။

အဆိုပါ နိုင်ငံပိုင်မြေနေရာအတွက် ဒေသခံလယ်သမားများကို လျော်ကြေးအဖြစ် အင်ဒိနီးရှားငွေ ရူပီး ၁၇ ဒသမ ၆ သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုကျန်းမာရေးစင်တာ တည်ဆောက်ရေး ကုန်ကျစရိတ်အဖြစ် ရူပီး သုံး ဘီလီယံ ကုန်ကျခံမည် ခန့်မှန်းထားသည်။ အဆိုပါအဖွဲ့သည် အစောပိုင်းကလည်း စစ်တွေမြို့အတွက် အရေးပေါ်လူနာတင်ယာဉ်တစ်စင်း ပေးအပ်လှုဒါန်းခဲ့သည်။

MER-C အဖွဲ့ကို ၁၉၉၉ ခု သြဂုတ်လတွင် ဂျာကာတာမြို့၌ အင်းဒိုနီးရှားတက္ကသိုလ်ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်များထဲတွင် စစ်ပွဲများကြောင့် ထိခိုက်သူများ၊ သဘာဝဘေးအန္တရာယ်ခံရသူများကို
ဆေးကုသမှုပေးရန်လည်းပါဝင်သည်။

(ဓါတ်ပုံ - EPA/လင်းဘိုဘို)

Kamayut Media
5.9.2015

၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အဖြစ် ရခိုင်ပြည်နယ် မောင်တော မြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးရွှေမောင်ကို ရွေးကောက်ပွဲ ကော်မရှင် ပယ်ချခဲ့တဲ့ အတွက် ကျေနပ်မှု မရှိကြောင်း စက်တင်ဘာ ၄ရက်မှာ ပြောဆို ခဲ့ပါတယ်။



အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel နဲ့အဖွဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းအား တွေ့ဆုံစဉ်။ (ဓာတ်ပုံ- ညိုအုန်းမြင့်)

မသိင်္ဂီလင်း
5.9.2015

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အတွက် တရား မျှတမှု ရှိဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ လိုလား စောင့်ကြည့် နေသလို မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် တတ်အားသရွေ့ ကူညီ ပံ့ပိုးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel က မြန်မာ အစိုးရ တာဝန်ရှိသူ တချို့နဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြောကြား ခဲ့ပါတယ်။ အပြည့်အစုံ ကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel ရဲ့ မြန်မာခရီးစဉ် ဒုတိယနေ့မှာတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဆွေးနွေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကူညီပေးနိုင်မယ့် နည်းလမ်းတွေအကြောင်း ပြောဆိုခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က VOA ကို အခုလိုပြောပါတယ်။

“သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ကတော့ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးပေါ့နော်။ နောက်တခါ အစိုးရပိုင်းကနေပြီးတော့ ဆောင်ရွက်ပေးနေတဲ့အပိုင်းပေါ်မှာ ရွေးကောက်ပွဲကိစ္စလိုဟာမျိုးတွေကို ဆွေးနွေးသွားပါတယ်။ နောက်တခါ သူတို့ရဲ့- ကျနော်တို့ အစိုးရနဲ့ဆက်သွယ်တဲ့ ဆက်သွယ်တဲ့ကိစ္စမျိုးတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာတွေ ဝိုင်းကူလုပ်ပေးရမလဲပေါ့နော်။ တဘက်မှာလည်း ဝါရှင်တန်မှာရှိနေတဲ့ …. လူနဲ့က ရွေးကောက်ပွဲအတွက်ကို တရားမျှမျှတတဖြစ်ဖို့ ပိုပြီးတော့ မျှော်လင့်တယ်။ အဲလိုတော့ ပြောသွားပါတယ်ခင်ဗျ။”

ဝန်ကြီးဦးစိုးသိန်းကလည်း အမေရိကန်အခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပွင့်လင်း မြင်သာမှုရှိပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့ ပြောခဲ့တယ်လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“ဦးစိုးသိန်းအနေနဲ့ကလည်း ရွေးကောက်ပွဲမှာ တရားမျှတမှုရှိဖို့၊ စနစ်မှန်ဖို့၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေအရလက်ခံဖို့ဆိုပြီးတော့ အမေရိကန်မှာ အခြေစိုက်တဲ့ International Republican Institute တို့၊ ကာတာစင်တာတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ သူတို့နဲ့ MOU လက်မှတ် ထိုးထားတဲ့အတွက် ရွေးကောက်ပွဲတွေမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပေးနိုင်မယ်။ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးမှာ၊ အဓိကကျတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် အစိုးရဘက်ကနေ ဆောင်ရွက်သွားမယ့်အကြောင်း အပြန်အလှန်ဆွေးနွေးကြတာကို တွေ့ရပါတယ်ခင်ဗျ။”

လက်ထောက်ဝန်ကြီး Daniel Russel ဟာ အမေရိကန်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ မြန်မာဌာနေ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ လက်ထောက်ဝန်ကြီးရဲ့ twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာတော့ လက်ထောက်ဝန်ကြီးက အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှုအစီအစဉ် အဖွဲ့ဝင် မြန်မာလူငယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး လာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တွေရဲ့ အမြင်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တခု အတွင်း စကား ပြောနေသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်း။ ဇန်န၀ါရီ ၁၀၊ ၂၀၁၄။

အင်ကြင်းနိုင်
5.9.2015

ရခိုင်ပြည်နယ် အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦးထဲက ၁၇ ဦးကို ခရိုင် ရွေးကောက်ပွဲ ကော်မရှင်တွေက ပယ်ချ လိုက်ပါတယ်။ ဒီလို ပယ်ချတာဟာ ဥပဒေနဲ့ညီညွတ်မှု မရှိဘူးလို့ ပါတီဥက္ကဌ ဦးကျော်မင်းက ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ် မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က တင်ပြထား ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အနေနဲ့ ရခိုင်ပြည်နယ်တွင်း ၁ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင်း ၇ နေရာ စုစုပေါင်း ၁၈ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ပေးသွင်းထားတာပါ။

အဲဒီထဲမှာ ရခိုင်ပြည်နယ်က သူတို့ယှဉ်ပြိုင်မယ့် နေရာအားလုံးနဲ့ ရန်ကုန်တိုင်းဒေသ ကြီးတွင်း ၆ နေရာက ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံသားဖြစ်ဖို့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိဘူးလို့ ခရိုင်ကော်မရှင် တွေက ပယ်ချခဲ့တဲ့ အကြောင်း မောင်တောခရိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ့် ပါတီဥက္ကဌ ဦးကျော်မင်းက ဗွီအိုအေကိုပြောပါတယ်။

“ပယ်တဲ့ အကြောင်းပြချက်ကတော့ ရှည်ရှည်ဝေးဝေးမရှိဘူး။ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေနဲ့ ညီညွတ်မှုမရှိ သဖြင့် ပယ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်ပဲ။ အန်ကယ်တို့သိတာကလည်း ရွေးကောက်ပွဲဥပဒေမှာ မပြိုင်နိုင် တဲ့လူက ရူးသွပ်တဲ့လူဖြစ်ရမယ်၊ လူမွဲကြေညာခြင်း ခံရတဲ့လူဖြစ်ရမယ်၊ ထောင်ထဲကလူဖြစ်ရမယ်၊ မတရား အသင်းနဲ့လည်း ဆက်သွယ်တဲ့လူဖြစ်ရမယ် စသည်ဖြင့်ပေါ့။ အန်ကယ်တို့က ဒါတွေ ဘာတခုမှမှ မငြိစွန်းဘူး။ သူတို့ပြောချင်တာက အန်ကယ်တို့ရဲ့မိဘများ နိုင်ငံသားမဟုတ်ဘူး၊ အမျိုးသားမှတ်ပုံတင်ကိုင်ရုံနဲ့ နိုင်ငံသားလို့ သူတို့က အသိအမှတ်မပြုနိုင်ဘူးဆိုတဲ့စကား ပြောနေတယ်။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးမှာ နိုင်ငံသားမှတ်ပုံတင်တွေ ရှိနေ တဲ့အတွက်လည်း ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်လို့ ဦးကျော်မင်းကဆိုပါ တယ်။ ဒါကြောင့် အခုလို ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချတာဟာ ဥပဒေနဲ့မညီဘူးလို့ သူကပြော ပါတယ်။

“အမျိုးသားမှတ်ပုံတင်အပြင် စိစစ်ရေးကဒ်ပြားဆိုတာ ၈၂ ခုနှစ်နောက်ပိုင်း ပေါ်တဲ့ကိစ္စ၊ အဲဒါကိုလည်း ကျနော် တို့ရခိုင်ပြည်မှာ လူတွေကို ထုတ်ပေးတာမဟုတ်ဘူး။ အဲဒီတော့ မိဘများ နိုင်ငံသားဖြစ်ကြောင်း ဘာနိုင်ငံသား လက်မှတ် ပြရမလည်း၊ အဲဒါ လက်တွေနဲ့ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဦးတို့ကမြင်တယ်။ နောက်ပြီးတော့ အမျိုးသားမှတ်ပုံတင်ရှိရင် နိုင်ငံသားပေါ့။ အဲဒါရှိလို့လည်း အမျိုးသားမှတ်ပုံတင် ရှိတဲ့လူတွေကို ရွေးကောက်ပွဲ ၀င်ခွင့် ပြုတယ်။ ကျနော်လည်း အမျိုးသားမှတ်ပုံတင် ကိုင်တဲ့လူပဲ။ ဥပဒေမှာခွင့်ပြုလို့ နိုင်ငံသားလက်မှတ်ဆိုလို့ ကျနော်တို့ လျှောက်တာပါ။ လက်တွေ့ကျမှ အဲဒါက နိုင်ငံသားလက်မှတ်မဟုတ်ဘူး၊ ဘိုးဘွားဘီဘင် ပြရမယ် ဆိုတော့ ကျနော်က အသက် ၇၀ ရှိပြီ၊ ကျနော့်ဘီဘင်က နှစ် ၅၀၊ ၁၀၀၊ ၁၅၀ ရှိသွားပြီ၊ ၁၅၀ အရင်က အထောက်အထား ဘယ်ကနေရှာလို့ရမလည်း။”

ဦးကျော်မင်းကိုယ်တိုင်လည်း မောင်တော်ခရိုင်ကော်မရှင်ရဲ့ ပယ်ချမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရှိတဲ့ စစ်တွေမှာ မနေ့က သွားရောက်ပြီး အယူခံဝင်ထားပါတယ်။ အဖြေကိုတော့ စက်တင်ဘာလ ၇ ရက်နေ့မှာသိရမယ်လို့ ဦးကျော်မင်းကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မိဘတပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ၊ နိုင်ငံသားမဖြစ် သေးတဲ့အချက်မှာ ငြိစွန်းနေတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မောင်တောခရိုင်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့အယူခံကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါ တယ်။ ဒီလိုပယ်ချခဲ့မှုကို အာဆီယံအမတ်များအဖွဲ့ကလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် တွင်း ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးကျော်မင်းကိုမေးကြည့်တော့

“ကျနော်တို့ ရခိုင်ပြည်ဘက်မှာ ပဋိပက္ခတွေရှိတာကိုး။ အဲဒီတော့ ပဋိပက္ခလုပ်ချင်တဲ့လူတွေ ရှိကောင်းရှိမယ်။ အားနည်းတဲ့လူက နည်းနည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားရှိပါတယ်။ အင်အားရှိတဲ့လူက အနိုင်ကျင့်တဲ့ပုံစံမျိုး ရှိနိုင်ပါတယ်။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဥက္ကဌ ဦးကျော်မင်းကိုယ်တိုင်လည်း အရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရခိုင် ပြည်နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါ တယ်။ ဒါပေမဲ့ အရင် နအဖ စစ်အစိုးရက သူနဲ့ သူ့မိသားစုဝင်တွေကိုပါ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ ပါတယ်။



ကိုဉာဏ်ဝင်းအောင်
ဗွီအိုအေမြန်မာပိုင်း
4.9.2015

မြန်မာနိုင်ငံ မှာ ကျင်းပ မယ့် ရွေးကောက်ပွဲ ဟာ ပြည်သူ လူထု ရဲ့မဲဆန္ဒတွေနဲ့အညီ ရလဒ် ထွက် လာတဲ့ ရွေးကောက်ပွဲဖြစ်မှသာ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုကို တကယ် လုပ်နေတယ် ဆိုတာကို နိုင်ငံတကာက လက်ခံနိုင်မှာ ဖြစ်တယ်လို့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel က မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆို သွားပါတယ်။ ဒီသတင်း ကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ် ။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ပြည်ထဲရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး၊ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ ဒုက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းတို့နဲ့ ဒီကနေ့မှာ သီးခြားစီ တွေ့ဆုံခဲ့တာပါ။ ဝန်ကြီးဦးအောင်မင်း နဲ့ တွေ့ဆုံစဉ်မှာ ရွေးကောက်ပွဲကိစ္စ ၊ အပစ်ရပ်ငြိမ်းချမ်းရေး ကိစ္စတွေပေါ် အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားတွေ ကို ရှင်းလင်းပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲဟာ လူထု လက်ခံနိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်မှသာ မြန်မာအစိုးရ က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတာ သိသာမှာဖြစ်တယ်လို့ Daniel Russel က ၀န်ကြီးဦးအောင်မင်းကို ပြောဆိုကြောင်း အဲ့ဒီ့တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးမင်းဇော်ဦးက ပြောပါတယ်။

"အဓိက ကတော့ ဝန်ကြီးဦးအောင်မင်းတို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး အနေနဲ့ ဒီအဆင့်အထိ ရောက်လာတဲ့အပေါ် သူတို့အနေနဲ့ အများကြီး အသိအမှတ်ပြုတဲ့ အကြောင်း သူတို့ ထပ်ခါတလဲလဲ ပြောသွားပါတယ်။ သူတို့အနေနဲ့ကတော့ လက်မှတ်ထိုးနိုင်တဲ့အဆင့်အထိ ရောက်အောင် ဒီငြိမ်းချမ်းရေးကို ဆက်လုပ်သွားဖို့ သူတို့အနေနဲ့ မျှော်လင့်တယ်ဆိုတဲ့အကြောင်း ပြောသွားတာပေါ့နော်။

နောက်တခုကတော့ Election ပေါ့။ အခုလက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒီ Election က ရေချိန်တခုအနေနဲ့ ဒါကို ပြသသွားမှာပါ ဆိုတဲ့ သဘောကို ပြောပါ တယ်။ ဆိုလို တာက ဒီElection က လူထု လက်ခံနိုင်တဲ့ တကယ့် လူထုရဲ့ မဲဆန္ဒတွေနဲ့အညီ ရလဒ် ထွက်လာတယ်ဆိုလို့ရှိရင် ဒါက ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ပြီးတော့ လုပ်နေတယ်ဆိုတဲ့ သင်္ကေတ သဏ္ဍာန် ဆောင်မယ်ပေါ့နော် ဆိုတဲ့ ဒါကိုလည်း ပြောသွားပါတယ်။

ဝန်ကြီးဦးအောင်မင်းဖက်က ပြန်လည်ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ ဦးမင်းဇော်ဦးက ပြောတာက -

"အစိုးရဘက်က Agreement တခုဖြစ်လာတယ်ပေါ့နော်။ အခု NCA (Nationwide Ceasefire Agreement) ပြီးသွားတဲ့ အဆင့်အထိ ဖြစ်လာအောင် ဘယ်လိုမျိုး ညှိနှိုင်းခဲ့တယ်ဆိုတာတွေ ရှင်းပြတယ်။ နောက်ပြီးတော့ အခုကျန်နေတဲ့ အဖွဲ့အားလုံးပါမှ လက်မှတ်ထိုးရေး၊ ဘယ်လိုနည်းလမ်း ရှာမလဲဆိုတဲ့ အပေါ်မှာ အစိုးရအနေနဲ့ကတော့ အားလုံးပါဝင်ရေးဆိုတဲ့ မူကို မပစ်ပယ်ဘူး။ ဘယ်အဖွဲ့တွေက ဘယ်လိုအဆင့်မှာ ပါမလဲဆိုတာတော့ နည်းလမ်းနဲ့ ရှာပြီး လုပ်သွားမယ်ဆိုတာတော့ ရှင်းပြသွားပါတယ်။"

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်ထိ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရွေးကောက်ပွဲကိစ္စ ၊ အပစ်ရပ်ငြိမ်းချမ်းရေးကိစ္စနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မြန်မာအာဏာပိုင်တွေနဲ့ရော နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အခုလို နိုင်ငံတကာအကြီးအကဲတွေက မြန်မာအစိုးရကို လာရောက် တိုက်တွန်း ဆွေးနွေး ပေမယ့်လဲ မြန်မာအစိုးရ ကိုယ်တိုင်က အပြောင်းအလဲတွေ ကို ဖေါ်ဆောင်တာ အားနည်းနေသေးတယ်လို့ Gender Equality Network ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မမေစပယ်ဖြူက သုံးသပ်ပြောဆိုပါတယ်။

"ကျမတို့နိုင်ငံရဲ့ လက်ရှိအခြေအနေက ဘယ်လိုဖြစ်နေလဲ ဆိုတော့ နိုင်ငံတကာ က ဖြစ်သင့်တဲ့ အရာတွေ ဦးစားပေးသင့်တဲ့အရာတွေ ပေါ့နော် တိုက်တွန်းတာတွေ ကတော့ လုပ်နေကြတာပါပဲ။ ဒါပေမဲ့ ခက်တာက အဲ့ဒီ့ တိုက်တွန်းတဲ့ဟာတွေက တိုးလို့ မပေါက်ဘူးလို့ ကျမတို့ကတော့ အဲ့လိုမြင်တာပါပဲ။ အခု တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တို့ နောက် ကျမတို့ မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ကိစ္စတွေမှာ အမေရိကန် သံရုံးအနေနဲ့ရော အမေရိကန်အစိုးရအနေနဲ့ရော ကျမတို့ အစိုးရကို တိုက်တွန်းတာတွေ၊ နိုင်ငံတော်တော် များများကတော့ ဖြစ်သင့်တဲ့ ဟာတွေကို သူတို့ကို တိုက်တွန်းအားပေးနေတာပဲ။ ဒါပေမဲ့ အခုအချိန်အထိကတော့ မျှော်လင့်ချက် ဝေးနေဆဲပဲပေါ့နော်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ နေပြည်တော်က အပြန် ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အခြားသော အရပ်ဖက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာ ၅ရက်နေ့မှာ သီးခြားတွေ့ဆုံသွားဖို့ ရှိပါတယ် ။



MYARF
RB News
3.9.0215

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် အနီးအနားရှိ ကျေးရွာများသို့ သွားရောက်၍ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ပြီး အပြစ်မဲ့ ဒေသခံ ရွာသားများကို ဘင်္ဂလားဖုန်း သုံးနေသည်ဟု စွပ်စွဲကာ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

နယ်ခြားစောင့် ရဲများ စစ်ဆေးလျက် ရှိသော ကျေးရွာများထဲတွင် ဒိုးတန်း ကျေးရွာသို့ နယ်ခြားစောင့်ရဲ (၇) ဦးက နေ့ရောညပါ စစ်ဆေးနေခြင်း အဆိုးဆုံး ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ လွန်ခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့က အဆိုပါ (၇) ဦး အဖွဲ့သည် ဒိုးတန်း ကျေးရွာသို့ ၀င်ရောက်ပြီး ဘင်္ဂလားဖုန်းများ သုံးနေသည်ဟု ဆိုကာ အုစ်မာန် (ဘ) ဦးအာမီးရ်ဟူဆောင်း (အသက် ၂၅ နှစ်) ထံမှ ငွေကျပ် နှစ်သိန်း၊ ဦးဆော်ယာဒ်အာမတ် (ဘ) ဦးမိုဟာမတ် အာမီးန် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ထို့အပြင် သြဂုတ်လ (၉) ရက်နေ့ကလည်း အာရ်ဖာန် (ဘ) ဦးမိုဟာမတ်ရှော်ရိဖ် (အသက် ၂၄ နှစ်) ကို လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။ သြဂုတ်လ (၂၉) ရက်နေ့ ညပိုင်းတွင်လည်း လူနေအိမ်များကို စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဘင်္ဂလားဖုန်းများ သုံးနေသည်ဟု ဆိုကာ ဦးမုစ်တာဖာ (ဘ) ဦးနူရ်အာမတ် (အသက် ၄၂ နှစ်) ထံမှ ငွေကျပ် သုံးသိန်း၊ ကော်ဘိရ်အာမတ် (ဘ) ဦးမိုဟာမတ်ဟာဆောင် (အသက် ၂၈ နှစ်) ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည့် အပြင် မိုဟာမတ်အုလ္လာ (ဘ) ဦးဟာဘီအုလ္လာ (အသက် ၂၆ နှစ်) ၏ ဆိုင်ရှိ ငွေသေတ္တာမှ ငွေကျပ် သုံးသိန်း လုယက်ယူခဲ့သည်။ ယင်းနေ့တွင် ငွေကျပ် တစ်သိန်း ညှစ်ခံရသည့် ကော်ဘိရ်အာမတ် (ဘ) ဦးမိုဟာမတ်ဟာဆောင် ထံမှ ဇူလိုင်လ (၅) ရက်နေ့ကလည်း ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း သိရသည်။ 

ဒိုးတန်း ကျေးရွာသို့ မကြာခဏ ၀င်ရောက်၍ ရှောင်တခင် စစ်ဆေးလျက် ရှိသည့် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ အဆိုပါ နယ်ခြားစောင့် ရဲများသည် ဒေသခံ ရွာသားများကို လူမဆန်စွာ ရိုက်နှက် ရက်စက်ပြီး ဘင်္ဂလားဖုန်းများ သုံးနေသည့်ဟု လုပ်ကြံ စွပ်စွဲ ဖမ်းဆီးပြီး ငွေညှစ် နေခြင်းမှာ ဥပဒေကို ချိုးဖောက်၍ ပြုလုပ်နေခြင်း ဖြစ်ပြီး၊ ယင်းသို့ ပြုလုပ်နေခြင်းကို အထက်အရာရှိများ သိရှိသော်လည်း ဟန့်တားခြင်း မရှိသည်ကို တွေ့ရှိရသည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် ဒိုးတန်းမှ ရွာသားများ စီးနင်းနေသည့် ဆိုင်ကယ်များကို အတင်းအဓမ္မ လုယူ၍ စီးနင်းသွားပြီး ငါးခူရရှိ ၎င်းတို့ စခန်းသို့ ယူဆောင် သွားလေ့ရှိသည်။ နယ်ခြားစောင့် ရဲတစ်ဦးက “မင်းတို့ ကုလားတွေကို လက်ခြေထောက် သုံးပြီး ရက်စက် ဖိနှိပ်လို့ ရမှ စိတ်ချမ်းသာတယ်” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
3.9.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာမှ တာဝန်ခံ ဦးဆော်လီမူလ္လာသည် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် သစ်တော ဦးစီးဌာန တို့မှ ခွင့်ပြုချက် မယူဘဲ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စိမ်းညှင်းပြား ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်းတို့ကို လာဘ်ငွေများ ပေးပြီး လွှသမား ၁၅ ဖွဲ့ဖြင့် မေယုတောင်မှ သစ်ဖြူများ ခုတ်ဖြတ်၍ စစ်တွေမြို့မှ ရခိုင် သစ်လုပ်ငန်းရှင်များကို ရောင်းချလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ စက်တင်ဘာလ (၃) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဦးဆော်လီမူလ္လာ၏ သစ်ခွဲသမား အဖွဲ့ခေါင်းဆောင် ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်းတစ်ရွာမှ ဦးဟိုင်ရုလ်ဘော်ရှော်ရ် (ဘ) ဦးအဒူမော်ဂျိတ် (အသက် ၃၀ နှစ်) သည် သစ်ခွဲနေစဉ် သစ်သားတုံး တစ်ပိုင်း ၎င်း၏ ကိုယ်ပေါ်သို့ ပြိုကျ၍ ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို နေ့လည် ၃း၃၀ နာရီ အချိန်တွင် စက်လှေ တစ်စီးဖြင့် ဖရုံချောင်း ကျေးရွာသို့ သယ်ဆောင် လာခဲ့သည်။ သို့သော် ညောင်ချောင်း ကျေးရွာမှ နယ်ခြားစောင့် ရဲများက စစ်ဆေးရမည်ဟု ဆိုကာ စက်လှေပေါ်မှ ကမ်းပေါ်သို့ တင်ဆောင် ခွင့်မပြုဘဲ စက်လှေ ပေါ်တွင်သာ ထားစေခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ညနေ နေ၀င်ချိန်တွင် နယ်ခြားစောင့် ရဲများက ဘူးသီးတောင် ရဲစခန်းသို့ ပို့ရမည်ဟု ဆိုကာ အဆိုပါ စက်လှေကို ဘူးသီးတောင် ရဲစခန်းသို့ စေလွှတ် လိုက်သည်။ 

ဖရုံချောင်း ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အမာခံ တပည့်တစ်ဦး ဖြစ်ပြီး ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်နေသူ တစ်ဦး ဖြစ်သည်။ ရွာသားများကို အစိမ်းနုရောင်ကဒ် လက်ခံယူရန် ဖိအားပေးနေသူလည်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



မြန်မာမွတ်စလင်မ် လူမျိုးတုံး သုတ်သင်ခံရမှု သိရှိရေး ကွန်ဗင်းရှင်း
====================================

ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ကိစ္စဟာ ဌာနေ တိုင်းရင်းသား အသိုင်းအဝိုင်းကြီး တစ်ခုလုံးထဲက နေ ဗမာ အစိုးရက စနစ်တကျ သုတ်သင် ဖယ်ရှား နေတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပြီး လူမျိုးတုံး သုတ်သင်ခံရမှု ဆိုတဲ့ လုပ်ရပ်ရဲ့ ဥပမာ တစ်ခုပဲ ဖြစ်ပါတယ်။
(၂ဝ၁၅ ခုနှစ် မေလ ၂၈ ရက်နေ့က ကျင်းပတဲ့ အော်စလို ညီလာခံမှာ တင်သွင်းတဲ့ နိုဗယ်ဆုရှင် ဒတ်စမွန်တူးတူး ရဲ့ အဆိုကို တခြား နိုဗယ်ဆုရှင် ၆ ဦး ကထောက်ခံ ခဲ့ပါတယ်)

တရားမျှတမှု မရှိတဲ့ အခြေအနေ တစ်ရပ်မှာ ကြားနေခဲ့မယ် ဆိုယင် တကယ်တော့ သင်ဟာ ဖိနှိပ်သူတွေဖက်ကို ရွေးလိုက်တာပဲ ဖြစ်တယ်။
(နိုဗယ်ဆုရှင် ဒတ်စမွန်တူးတူး)

List of Speakers

Dr. Gregory Stanton (Genocide Watch)
Dr. Wakar Uddin (Arakan Rohingya Union)
Mr. Htay Lwin Oo (Civil Rights Movement)
Mr. Matthew Smith(Fortify Rights)

EVENT TIME, PLACE & CONTACT

Date : September 5,2015
Time : 5:00 PM
Place : Culver City Senior Center
1095 Overland Ave Culver City, CA 90232
Contact : Phone : 818-649-9049
Email: info@ba-ma.org



မသိင်္ဂီလင်း
3.9.2015

ဒီနေ့ ညနေ နေပြည်တော်ကို ရောက်မယ့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel ဟာ လာမယ့် ၂၀၁၅ မြန်မာ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေ နဲ့ ဆွေးနွေး သွားမယ်လို့ ရန်ကုန်မြို့ အမေရိကန် သံရုံးက ပြောပါတယ်။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel ရဲ့ ခရီးစဉ် အကြောင်း အပြည့်အစုံ ကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြ ပေးပါမယ်။

မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်မယ့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဒီကနေ့ ညပိုင်းမှာ နေပြည်တော်ကို ရောက်ရှိမှာဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အကြောင်းကို ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

"စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်ထိ မြန်မာနိုင်ငံကို လာမယ့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အရပ်ဖက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံသွားမှာပါ။"

ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ လည်း တွေ့သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံး facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပတဲ့ EAS အရှေ့အာရှ ထိပ်သီးညီလာခံ ဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက် မြန်မာခရီးစဉ်မှာတော့ မကြာမီကျင်းပတော့မယ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့အတူ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေး ဆွေးနွေးမှုတွေနဲ့ အခြားအကြောင်းအရာတွေ ကို ဆွေးနွေးသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက အခုလိုပြောပါတယ်။

"သူ မြန်မာနိုင်ငံမှာ ရှိနေတုန်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို တာဝန်ရှိသူအသီးသီးတွေနဲ့ ဆွေးနွေးသွားပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ အားပေးထောက်ပံ့မှုတွေကိုလည်း အလေးအနက်ထားပြောဆိုသွားမယ့်အပြင် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေမှာ တိုးတက်မှုတွေရှိလာအောင် အားပေးသွားပါမယ်။"

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့အထိ တရုတ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး တရုတ်အရာရှိတွေနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အဲ့ဒီကနေမှတဆင့် မွန်ဂိုလီးယားနိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးစပ်မှုရှိအောင် ဆွေးနွေးမှုတွေအပြင် မွန်ဂိုလီးယားနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းတာ ၂၅ နှစ် ပြည့်မြောက်မှုကိုလည်း ချီးကျူး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။



2.9.2015

ရခိုင်ပြည်နယ် မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချ ခံထားရတဲ့ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင် တို့ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပယ်ချလိုက် ပါတယ်။

မိဘတွေ နိုင်ငံသားတွေ မဟုတ်ဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြည်နယ်ကော်မရှင်မှာ မနေ့က အယူခံဝင်ခဲ့ တာဖြစ်ပြီး ထပ်မံ ပယ်ချခံရတာဖြစ်တယ် လို့ ဒေါ်ခင်ခင်လွင်က ပြောပါတယ်။

"ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကျမက နိုင်ငံသား တစ်ယောက် အနေနဲ့ တင်ပြမယ်၊ ဘယ်လိုဖြစ်လို့ လဲဆိုတော့ ကျမတို့ပေးတဲ့ မူရင်းတွေကို သေချာ မကြည့်ဘဲနဲ့ ကျမတို့ကို မောင်တော ခရိုင်ကနေ ချမှတ်လိုက်တာ ကို အတည်ပြု ပါတယ်ဆိုပြီးမှ ပြည်နယ်ကော်မရှင်က ပြောလိုက်တာ၊ ကျမတို့က တစ်ကယ် ဝမ်းနည်းသွားတယ်၊ ယူသွားတဲ့စာရွက်စာတမ်းကို အတင်းဖွင့်ပြတာတောင်မကြည့်ဘူး၊ ခေါင်းကိုဟိုဘက် လှည့်ပြီးအောက်ငုံ့နေ တယ်၊ အဲ့ဒါကို ကျမတို့က အယူခံနိုင်စာဘဲဖြစ်ဖြစ်၊ အသနားခံ စာဘဲဖြစ်ဖြစ်၊ ကျမတို့ဘက်ကအမှန်တရားကို ကျမတို့ရေးပြီးတော့မှ တင်ပြဖို့အစီအစဉ် ရှိတယ်"

လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရွှေမောင်ဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ခဲ့တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်ခင်လွင်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့တာဖြစ်ပြီး နှစ်ဦးလုံးကို မိဘတွေ နိုင်ငံသားမဖြစ်လို့ဆိုတဲ့အချက် နဲ့ မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ သူတို့နှစ်ဦးအပါအ၀င် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရသူ ၂၈ ဦး ရှိပြီး အများစုဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မရှင်ရုံးခွဲတွေရဲ့ အဆုံးအဖြတ်ဟာ နောက်ဆုံးဖြစ်တဲ့ အတွက် အဲဒီမှာအယူခံရှုံးနိမ့် သူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်မရှိတော့ပါဘူး။



2.9.2015

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Daniel Russel ဟာ မြန်မာအစိုးရ အရာရှိတွေ အပါအ၀င် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေသခံ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အတွက် စက်တင်ဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့ အထိ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့ကို သွားရောက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါ တယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ ဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အမေရိကန်က ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုတာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးတက်မှုရှိလာအောင် လုပ်ဆောင်ရေး တိုက်တွန်း အားပေးသွားမှာ ဖြစ်ပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ မနှစ် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေအတွင်း နေပြည်တော်မှာ ကျင်းပတဲ့ EAS အရှေ့အာရှ ထိပ်သီးညီလာခံဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့အထိ တရုတ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး တရုတ်အရာရှိတွေနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ တရုတ်ပြည်ကနေမှ မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ နှစ်စဉ် ကျင်းပတဲ့ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ လက်ထောက်ဝန်ကြီး Russel ဟာ မွန်ဂိုလီးယား အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးစပ်မှုရှိအောင် ဆွေးနွေးတာအပြင် မွန်ဂိုလီးယားနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းတာ ၂၅ နှစ် ပြည့်မြောက်မှုကိုလည်း ချီးကျူး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။


မေခ
2.9.2015

လာမယ့် ရွေးကောက်ပွဲ အတွက် တနိုင်ငံလုံး အတိုင်းတာနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ထားသူတွေ ထဲက အယောက် ၈၀ ကျော် ပယ်ချ ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအချို့မှာ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ ရင်ဆိုင် နေရပေမဲ့ လိုအပ်မှပဲ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပမှုကို ရက်ရွှေ့ဆိုင်းသွားမယ်လို့ ကော်မရှင် ဥက္ကဌက ပြောခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သွားယူ ထားတဲ့ မမေခ က သတင်းပေးပို့ ထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၇ ထောင်နီးပါးထဲကနေ ၈၀ ကျော်ကို ပယ်ချထားတယ်လို့ ကော်မရှင်က ကြေညာပေမဲ့ ဘယ်ပါတီက ဘယ်နှစ်ဦးဆိုတာကိုတော့ အတိအကျ ထုတ်ပြန်သွားတာ မရှိပါဘူး။ ပယ်ချခံရသူတွေ အယူခံဝင်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက အခုလို ပြောပါတယ်။

“ဆုံးဖြတ်တာ ခရိုင်ပဲ.. နော်။ အယူခံလွှာ တင်တဲ့အခါကျတော့ တိုင်းနဲ့ပြည်နယ်ကို တင်ရတယ်။ တိုင်းနဲ့ပြည်နယ် အဆုံးအဖြတ်က ဖိုင်နယ်လေ။ ထို့အတူပဲ နော် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ကျတော့ တိုင်းနဲ့ပြည်နယ်မှာ တင်ရတယ်။ အယူခံတာကျတော့ တို့ ကော်မရှင်ကို အယူခံတယ်။ တို့က အဖွဲ့လေးဖွဲ့ပြီး စစ်ပါတယ်။ ဆုံးဖြတ်ထားတာက ပြည်ထဲရေးတို့ လ၀ကတို့ကနဲ့ လာတဲ့ဟာနဲ့ တို့က ဘာမှ စဉ်းစားစရာ မလိုပါဘူး။ အယူခံတာက ခုနကပြောသလိုပါပဲ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေပဲ တို့ဆီမှာ အယူခံလို့ရပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ လေးယောက်ပဲရှိတယ်နော်။ ကျန်တဲ့ ၈၈ ယောက်က အောက်ကဟာချည်းပဲ နော်။”

လက်ရှိတွင် မွေးဖွားချိန်မှာ မိဘနိုင်ငံသား မဟုတ်ခြင်းကြောင့် ပယ်ချခံရသူများမှာ အများဆုံး ဖြစ်နေပါတယ်။ ဒီအပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ အမတ်ဖြစ်လာသူ ဦးရွှေမောင်ဟာ ခုရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာ တင်သွင်းထားတာမှာ၊ မွေးဖွားချိန် မိဘနိုင်ငံသား မဟုတ်တာကြောင့် ပယ်ချခံခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဦးတင်အေးက အခုလို ပြောပါတယ်။

“ဟိုတုန်းကတော့ မစစ်မိလို့ဖြစ်ချင်ဖြစ်မယ်၊ မတွေ့မိလို့ ဖြစ်ချင်ဖြစ်မယ်။ ကန့်ကွက်သူ မရှိလို့ ဖြစ်ချင်လည်းဖြစ်မယ်။ အဲဒါကြောင့် သူက အရွေးခံရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီ case မျိုးပဲ လွှတ်တော်ထဲကို ရောက်ပြီးမှ လွှတ်တော်ထဲ တက်နေမှ မိဘနှစ်ပါးကနေ တိုင်းရင်းသားမဖြစ်လို့ လွှတ်တော်ထဲကနေ ၄ ယောက် ပြန်လွှတ်လိုက်ရပါတယ်။ ဒီကော်မရှင်က စစ်ဆေးတာ အကုန်မှန်ပါတယ်။ ဒီကော်မရှင်က မတွေ့လို့ပဲ ဖြစ်ပါမယ်။ လ၀က ကနေပြီးတော့ သူဟာ မွေးဖွားစဉ်က မိဘနှစ်ပါးက နိုင်ငံသားမဟုတ်ဘူးဆိုရင် ပယ်ကိုပယ်ရပါမယ်။”

လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ ဦး ပယ်ချခံရတယ်လို့ NLD ပါတီက ဦးဥာဏ်ဝင်း က ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီက ဗဟိုအလုပ်အမှုဆောင် ဦးသာဝင်း ကတော့ ပြည်ခိုင်ဖြိုးပါတီကနေ ကိုယ်စားလှယ်လောင်း ပယ်ချခံထားရခြင်း မရှိသေးဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။ ကော်မရှင်အနေနဲ့ကတော့ ဘယ်ပါတီက ဘယ်နှစ်ယောက် ဆိုတာကို ရက်ပိုင်းတွင်းမှပဲ ကြေညာမယ်လို့ ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ သတင်းသမားများအနေနဲ့ မည်သည့်မဲရုံမဆို သတင်းယူခွင့်ရမှာ ဖြစ်ပါတယ်။ တပ်မတော်သားတွေရဲ့ မဲရုံပရဝုဏ်အတွင်းမှာပါ သတင်းယူခွင့် ပြုသွားမယ်လို့ ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးသူတွေအနေနဲ့ မှတ်ပုံတင်မရှိပေမဲ့ အသက် ၁၈ နှစ် ပြည့်ပါက မဲပေးနိုင်သလို ပျက်စီး ပျောက်ဆုံးပါကလည်း မဲပေးနိုင်ကြောင်း၊ မှတ်ပုံတင်ပျက်စီးပါက ယာဉ်မောင်းလိုင်စင်၊ အလုပ်ကဒ်ပြားတို့နဲ့ မဲပေးနိုင်ကြောင်း၊ မဲစာရင်းတွင် နာမည်ပါရန်သာလိုကြောင်း ဦးတင်အေးက ပြောပါတယ်။ ဒီပြင် မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးတာမှာ သက်သေခံလက်မှတ်နဲ့ မဲပေးရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေရဲ့ နောက်ဆုံးမဲစာရင်းတွေကို လာမယ့် စက်တင်ဘာ ၁၄ မှာ ထုတ်ပြန် ကြေညာမှာဖြစ်ပြီး ဒီမဲစာရင်းတွေမှာ အမှားအယွင်း တစုံတရာရှိပါက စက်တင်ဘာ ၂၇ ရက်အထိ အမှား ပြန်လည် ပြင်ဆင်ပေးမှာပါ။ သဘာဝဘေးအန္တရာယ် ဖြစ်နေသောနေရာတွေမှာ လိုအပ်ပါက ပြင်ဆင်တဲ့ရက်ကို ထပ်မံ တိုးပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ကြိုတင်မဲတွေကိုတော့ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ ပေးရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ တနိုင်ငံလုံး ကျင်းပသွားမှာ ဖြစ်ပါတယ်။



ရွှေအောင်
2.9.2015

တနိုင်ငံလုံး ကိုယ်စားလှယ်လောင်း စိစစ်ခြင်း လုပ်ငန်းတွေ ပြီးဆုံးတဲ့နောက် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ခံရတဲ့ ကိုယ်စားလှယ်ပေါင်း ၈၈ ဦးရှိပြီး ရခိုင်မှာ ၂၈ ဦးနဲ့ အများဆုံး ပယ်ချခံရပါတယ်။

ရခိုင်ပြည်နယ် မောင်တော ခရိုင် တခုတည်းမှာတင် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မညီလို့ ပယ်ချခံရသူ ၁၉ ဦးရှိပြီး အများစုက မိဘနှစ်ဦး နိုင်ငံသားမဖြစ်တဲ့အချက်နဲ့ ငြိလို့ဖြစ်ကြောင်း ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားလောင်းအဖြစ်ကနေ ပယ်ချခံခဲ့ရတဲ့ ဦးရွှေမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးရွှေမောင် ကိုယ်စားလှယ်လောင်းအဖြစ်က အပယ်ခံရတာတော့ သိတယ်၊ အခု နောက်ဆုံး အခြေအနေလေး ပြောပြပေးပါဗျ။

“ကျနော်နဲ့ ဒေါ်ခင်ခင်လွင် ၂ ယောက်က ၂၇ ရက်မှာ အယူခံလွှာတင်တယ်။ တင်တော့ ကျနော်တို့ကို စက်တင်ဘာ ၁ ရက်မှာ ကြားနာ ဆုံးဖြတ်ဖို့အတွက် ခေါ်တယ် ၁ ရက်နေ့ မနက် ၁၀ နာရီရောက်သွားပြီး အဲ့ဒီမှာ အထောက်အထား စုံစုံလင်လင် တင်ပြတယ်၊ ကျနော်ရဲ့ မိဘဘက်က ဘိုးဘွားတွေ အများစုက မြန်မာနိုင်ငံလွတ်လပ်ရေး မရခင် ဆုံးသွားတော့ အဲ့ဒီမတိုင်ခင် ဘာမှ မရှိဘူးလေ။ အမျိုးသားမှတ်ပုံတင် စနစ်လည်း မရှိသေးဘူး၊ နိုင်ငံသားလက်မှတ်လည်း မထုတ်ပေးသေးဘူးဆိုတော့ ကျနော့်မှာ တော်တော်ရှေးဟောင်းကျတဲ့ အထောက်အထားတွေ ရှိတယ်။ ၁၉၂၅ ခုနှစ်က ကျနော့် အမေဘက်က အဘိုး၊ သူ မြေခွန်ဆောင်ခဲ့တဲ့ ပြေစာတွေ၊ နောက်တခါ ၁၉၂၅ ခုနှစ်က လယ်မြေ၀ယ်ခဲ့တဲ့ အထောက်အထားတွေ၊ နောက် အဖေဘက်က အထောက်အထားတွေ၊ ကျနော့်အဖေက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ပြီးမှ သူပင်စင်ရခဲ့တယ်၊ ပင်စင်ဆိုတာက နိုင်ငံသား မဟုတ်ရင် မရဘူးဗျ။ ပြီးရင် ၁၉၅၀ ခုနှစ်မှာ တိုင်းရင်းသား နိုင်ငံသား အားလုံးကို ထုတ်ပေးခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် သက်သေခံကတ်ပြားတွေ ကိုင်ဆောင်ခဲ့တယ်။ ဒီလို အထောက်အထား စုံစုံလင်လင်ကိုလည်း ကျနော် တင်ပြထားတယ်၊ ရခိုင်ပြည်နယ်ကော်မရှင် အဖွဲ့ခွဲကို ကျနော် အယူခံလွှာတင်သွင်း တုန်းကပေါ့။ မူရင်းတွေလည်း ကျနော် မနေ့က ယူသွားတယ်၊ ကျနော် သွားခဲ့တာက ကြားနာပွဲ၊ ဒါပေမယ့် ဒါက ကြားနာပွဲ မဟုတ်ဘူး၊ ဒါက တထစ်ချ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ပွဲလို့ပဲ ပြောရမှာပေါ့။ အဲ့ဒီတော့ ၁၀ စ္စကန့်တောင် မကြာဘူး၊ ဘာပြောလိုက်လဲဆိုတော့ ဦးရွှေမောင်ရဲ့ အယူခံလွှာကို ပလပ်လိုက်သည်၊ ဒေါ်ခင်ခင်လွင်ရဲ့ အယူခံလွှာကိုလည်း ပလပ်လိုက်သည်။ ကျနော်တို့ကို ရှင်းပြခွင့်ပေးပါဦး၊ ကျနော်တို့ အထောက်အထားတွေယူလာတယ်၊ ဆိုတော့ မဟုတ်ဘူးတဲ့၊ ဆုံးဖြတ်ချက်ချပြီးပြီတဲ့၊ တင်ပြခွင့် မရှိပါဘူးတဲ့။ ဒီကနေ့ ဆုံးဖြတ်တဲ့ဟာကို စာနဲ့ ထုတ်ပေးပါမယ်တဲ့၊ အဲ့ဒါနဲ့ သွားပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံလို့ ရပါတယ်တဲ့၊ ၁ နာရီလောက်စောင့်ပြီးတော့ အဲ့ဒီစာရွက်ကိုယူတယ်၊ ယူပြီးတော့ အဲ့ဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ မိဘဘိုးဘွားကနေ မည်သည့် အထောက်အထားမှ မတင်ပြနိုင်ပါတဲ့၊ ကျနော်ပြန်သွားပြောတယ်။ ဒီမှာ ဥက္ကဋ္ဌကြီလို့ ကျနော့်ဘက်က အထောက်အထားတွေကို ၂၇ ရက်နေ့ကလည်း တင်ပြထားတယ်၊ ဒီနေ့လည်း ကျနော် အထောက်အထားတွေ အများကြီး ယူလာတယ်၊ အဲ့ဒါကိုလည်း ဘာမှ မကြည့်တဲ့အပြင် အထောက်အထား မတင်ပြဘူးဆိုပြီးတော့ ရေးထားပြီးတော့ ဆုံးဖြတ်လိုက်တာဟာ နည်းနည်းလေး လိုအပ်နေတယ်၊ ဒါကို ပြန်သုံးသပ်ပေးပါဦး၊ လုပ်ပါဦးဆိုတော့ မဟုတ်ဘူးတဲ့၊ အပေါ်ပဲသွားတဲ့၊ ဘယ်အပေါ်သွားရမှာတုန်းဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သွားပြီးတော့ အယူခံပါတဲ့။ ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်တို့ အထောက်အထားကို တင်ပြပါလျက် မည်သည့်အထောက်အထားကိုမှ မကြည့်ဘူး၊ မသုံးသပ်ဘူး၊ အတင်မခံဘဲနဲ့ တဖက်သတ် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက် တခုပဲ။ ဒါက တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ ပုံစံလည်း ဖြစ်နေတယ်။ ကျနော် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်နေပြီ၊ ၂၀၁၀ တုန်းကလည်း ကျနော့်ကို မောင်တောခရိုင်ကရော၊ ရခိုင်ပြည်နယ်ကော်မရှင်ကရော အတည်ပြုပြီးမှ လက်ရှိ ကျနော် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်နေတော့ ဒါ တော်တော့်ကိုဗျာ၊ ဥပဒေနဲ့ မညီတဲ့ ဆုံးဖြတ်ချက် ဒါ မတရားမှု တခုအနေနဲ့ သုံးသပ်တယ်။”

၂၀၁၀ တုန်းကလည်း ကော်မရှင်က ပယ်ပေမယ့် အာဏာရပါတီက ခေါ်သွားတယ်ဆိုတဲ့ သတင်းလည်း ထွက်လာတယ်။ အဲ့ဒါ ဘယ်လောက်မှန်လဲ ဦးရွှေမောင်။

“အဲ့ဒါ လုံးဝ မမှန်ပါဘူး။ ဘာလို့ဆိုတော့ ဥပဒေမှာ အဲ့ဒီလို မရှိပါဘူး၊ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရပါတီလည်း မရှိပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မည်သည့်ပါတီမှ အာဏာလည်း မရသေးဘူး၊ နိုင်လဲ မနိုင်သေးဘူး၊ အကုန်လုံးက ဥပဒေနဲ့အညီပဲ လုပ်တာ။ ကျနော်လည်း မောင်တောခရိုင်ကော်မရှင်မှာ တင်ပြခဲ့တဲ့ အထောက်အထားနဲ့ ယခု တင်ပြတဲ့အထောက်အထားလည်း အတူတူပဲ၊ အခုတောင်မှ ပိုတောင် တင်ပြသေးတယ်။ ၂၀၁၀ တုန်းကမှ တင်ပြတာ နည်းနည်း နည်းသေးတယ်။ ဆိုတော့ ဒါ အဲ့ဒီတုန်းက အာဏာရပါတီရဲ့ ဖြစ်ရပ်ကြောင့် ဟိုလိုလုပ်တယ်၊ ဒီလိုလုပ်တယ်ဆိုတာတော့ ကျနော် မသိဘူး။ အဲ့ဒီလိုမျိုး လုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလားဆိုတာတော့ သက်ဆိုင်ရာ လူကြီးတွေပဲ မေးရမှာ၊ ကျနော်ကတော့ အဲ့ဒါမျိုးလည်း ဘယ်သူမှ မပြောခဲ့ဘူး၊ ကျနော်တော့ ဥပဒေနဲ့အညီ တင်တယ်၊ ဥပဒေနဲ့အညီပဲ ကျနော်တို့ကို ဆုံးဖြတ်ခဲ့တယ်။ ကျနော်တို့ရဲ့ တင်ပြချက်ကို ပယ်တယ် ဆိုပြီးတော့လည်း မောင်တောခရိုင်ကော်မရှင်က မပြောခဲ့ပါဘူး၊ အဲ့ဒီတုန်းက အတည်ပြုကြောင်း ကြေညာတာပဲ ကျနော် တွေ့ခဲ့ရပါတယ်။”

ဒီကြားထဲမှာများ ရွေးကောက်ပွဲကော်မရှင် ဥပဒေ နည်းဥပဒေတွေကို ပြင်လိုက်ပြီး ပယ်ချတာရော ဖြစ်နိုင်လား။

“လုံးဝ မဟုတ်ပါဘူး၊ ကျနော် လွှတ်တော်မှာ ၅ နှစ်လုံးလုံး ရှိပါတယ်။ အခု ကျနော်တို့ကို ပြောတဲ့ ၁၀(င)တို့ ၈(ဃ) တို့၊ ပြီးတော့ အယူခံကိစ္စတို့ ကိစ္စအ၀၀ပေါ့ ပြင်တာတွေ ရှိတယ်။ အခြားကိစ္စတွေပါ၊ မဲစာရင်းကိစ၊ မဲရုံဝန်ထမ်းတွေကိစ္စ စသဖြင့် အနည်းအကျဉ်းပဲ ရှိတယ်။ သို့သော် နိုင်ငံသားနဲ့ ပတ်သက်တဲ့ကိစ္စ၊ နိုင်ငံသား အရည်အချင်းရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းရှိမှု ကိစ္စတွေက ၂၀၁၀ တုန်းက ဥပဒေနဲ့ အခု လက်ရှိ ဥပဒေနဲ့တော့ အတူတူပါပဲ။”

အဲ့ဒီတော့ ဥပဒေက အတူတူပဲဆိုတော့ အခု ပယ်ချခံရတဲ့ကိစအပေါ် ဘယ်လို သုံးသပ်ချင်လဲ။

“ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ့ရဲ့ လုပ်ရပ်ကို ကြည့်ရတာကတော့ ဘာမှကို ကြားနာစစ်ဆေးမှု သေချာ မလုပ်ဘဲနဲ့ သူတို့ လုပ်ချင်တဲ့ဟာ တခုကိုပဲ လုပ်လိုက်တယ်၊ ဆုံးဖြတ်လိုက်တယ်၊ ဒီလိုပဲ ကျနော်တွေ့တယ်၊ ကျနော် ဒီမှာ ယူဆတာကတော့ ဒီဟာကို ရခိုင်ပြည်နယ်မောင်တောခရိုင်ကော်မရှင်နဲ့ ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲကို တစုံတခုသောအဖွဲ့၊ တစုံတခုသော ပုဂ္ဂိုလ်အဖွဲ့အစည်းက Pressure (ဖိအား) များ ပေးပြီးတော့ ဒီလိုများ လုပ်တာလားလို့ ကျနော် သံသယ ဖြစ်မိတယ်။”

အဲ့ဒီတော့ ဦးရွှေမောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်တက်ရင်ကော အဆင်ပြေနိုင်ပါ့မလား။



“မနေ့က သူတို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ကျနော် သွားတင်ပြတော့ ရခိုင်ပြည်နယ်ကော်မရှင်ဥက္ကဋ္ဌက ကျနော့်ကို ၅ ကြိမ်ပြောတယ်၊ ဦးရွှေမောင် ကျနော့်ကို ပြောမနေနဲ့တော့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုသာ သွားပါတော့၊ ဒေါ်ခင်လွင်လွင်ကိုလည်း အလားတူ ပြောတယ်။ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၇(က)မှာ ခရိုင်က ပယ်တာကို မကျေနပ်တဲ့ ပုဂ္ဂိုလ်တွေက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွေကို သတ်မျတ်ထားတဲ့အတိုင်း အယူခံခွင့် ရှိတယ်၊ ပုဒ်မ ၂၇(ခ)မှာ ဘာပါသလဲဆိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ အဆုံးအဖြတ်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှ တပါး အပြီးအပြတ် ဖြစ်စေရမည်လို့ ရေးထားတယ်ဗျ၊ ပုဒ်မ ၅၃ မှာ ဘာရေးထားသလဲဆိုတော့ ရွေးကောက်ပွဲကိစ္စအတွက် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းပြီး ကော်မရှင်သည် မိမိ၏ဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမျတ်နိုင်သည်၊ ယင်း ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်၊ ပုဒ်မ ၂၇ နဲ့ ၅၃ကို ကြည့်လိုက်တဲ့အခါကျတော့ ကျနော်တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံပိုင်ခွင့် မရှိဘူး၊ သို့သော်လည်း တင်ပြပိုင်ခွင့် ရှိတဲ့ သဘော ဖြစ်နေတယ်၊ အယူခံနိုင်တဲ့ဟာ ဥပဒေမှာ တိတိကျကျ မပါဘူး။ အခု ဥပဒေကို ဖတ်ကြည့်တယ်၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ကြည့်လိုက်တဲ့အခါကျတော့ ဒါဟာ အယူခံခွင့် မရှိဘူး၊ အယူခံခွင့် မရှိတဲ့ဟာကို အယူခံခွင့် ရှိတယ်လို့ ပြောပြီးမှ ဆုံးဖြတ်လိုက်တာဟာလည်း ဥပဒေနဲ့ မညီတဲ့သဘော ဖြစ်နေတယ်။”


ကျွန်မ တာဝန်ကျေပြီလားဟင်

ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
1.9.2015

အရပ်ရှစ်မျက်နှာကို ဝန်းရံထားတဲ့
မဟာမြိုင်ကြီးအလယ်က ကျွန်မ....

အဲ့ဒီ မဟာမြိုင်ကြီးတွေ 
အလယ်ကဖောက်ထွက်ပြီး 
တောင်ထိပ်ကို အရောက် လှမ်းနိုင်ရမယ်လို့ 
စိတ်ပိုင်း ဖြတ်ထားခဲ့သလိုပဲ 
ကျွန်မ တကယ်လည်း အရောက်လှမ်းနိုင်ခဲ့ပြီလေ....

ဒါပေမယ့် ရှင်တို့ သိလား....

ကျွန်မ ချီတက်ရာ သွားလမ်းက 
လမ်းဆစ်တွေနဲ့ ကြမ်းတမ်းခဲ့တာ.... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ဆူးတွေနဲ့ ပြည့်နှက်ခဲ့တာ... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
မရဏလမ်းလို ခက်ခဲခဲ့တာ..... 
ကျွန်မ ချီတက်ရာ သွားလမ်းမှာ 
ကျားသရဲများ ပေါ့နေခဲ့တာ..... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကန္တာရာခရီးလို ဖြစ်ခဲ့တာ..... 
ကျွန်မ ချီတက်ရာ သွားလမ်းမှာ 
ပိတ်ဆို့မှုတွေ လျှံနေခဲ့တာပါ ရှင်...

ဒီ့အပြင် 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကျွန်မ အသားအရေကို မကြိုက်ခဲ့ဘူး... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကျွန်မ မျက်နှာသွင်ပြင်ကို မနှစ်သက်ခဲ့ဘူး... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကျွန်မ ကိုးကွယ်ရာကို မုန်းခဲ့ဖူးတယ် ရှင်.....

ဒီနည်းတွေနဲ့ပေါ့ 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကျွန်မကို အကြိမ်ကြိမ် စိတ်ဓာတ်ကျခိုင်းခဲ့တာပါ 
ကျွန်မကို အကြိမ်ကြိမ် ချော်လဲစေချင်ခဲ့တာပါ....

ဒါပေမယ့် 
ကျွန်မ အားမငယ်ခဲ့ဘူး... 
ကျွန်မ အားမလျှော့ခဲ့ဘူး.... 
ကျွန်မ ကြိုးစားမှုကို မရပ်လိုက်ဘူး... 
ကျွန်မ ရည်မှန်းချက် အထိမခံခဲ့ဘူး...

ကျွန်မ အားလျှော့ခဲ့ရင် 
ကျွန်မ လဲကျခဲ့ရင် 
ကျွန်မကို လှောင်ပြောင်နေမယ့်သူက 
ဝါးခနဲ့ ထခုန်မိမှာကို ကျွန်မ သိပြီးသားပါ... 
အဲ့လို လှောင်ပြောင်နေမယ့်သူတွေကို 
ကျွန်မ အလှည့်မပေးချင်ခဲ့ပါဘူး ရှင်...



ကျွန်မလေ 
နောင်လာနောက်သားတွေအတွက် 
အနာခံပြီး လမ်းဖောက်ပေးချင်ခဲ့တာပါ ရှင်... 
ဖယောင်းတိုင်လို လောင်ကျွမ်းခံပြီး 
အလင်းဆောင် ပေးချင်ခဲ့တာပါ ရှင်.... 
ရှင်းရှင်းပြောရရင် 
ကျွန်မရဲ့ မျိုးဆက်သစ်တွေအတွက် 
ကျွန်မ အတုယူစရာ ဖြစ်ချင်ခဲ့တာပါ ရှင်... 
နောက်ပြီး 
ကြိုးစားအားထုတ်မှုက အရာရာကို 
အောင်နိုင်စေတယ်ဆိုတာ 
ကျွန်မ လက်တွေ့ပြသချင်ခဲ့တာပါ ရှင်....

ကဲ့... ကျွန်မ တာဝန်ကျေပြီ မလားဟင်...

ကျွန်မ ဆက်လက်ပြီး ရင်ဆိုင်ချီတက်ဖို့လည်း အသင့်ပါပဲရှင်....

••• ဘူးသီတောင်မြို့နယ်မှ ဘာသာစုံ ဂုဏ်ထူးရှင် ရိုဟင်ဂျာသူလေး မမြတ်နန္ဒာခင်၏ အောင်မြင်မှုကို ဂုဏ်ပြု၍ ရေးဖွဲ့ပါသည်။



MYARF
RB News
1.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းတာဝန်ခံ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၃) ဦးသည် သြဂုတ်လ (၂၈) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီပြင်ရွာမှ ဦးကော်ရီမူလ္လာ (ဘ) ဦးဟာလဲဒ်ဟူစိန်း၏ နေအိမ်သို့ သွားရောက်ပြီး ဦးကော်ရီမူလ္လာအား အိမ်ရှေ့ ကြမ်းပြင်သို့ ခေါ်ထုတ်ကာ ဘင်္ဂလားဖုန်း ထုတ်ပေးဟု ဆိုကာ ခြိမ်းခြောက်၍ ရိုက်နှက်ခဲ့သည်။ ဦးကော်ရီမူလ္လာက ၎င်းထံတွင် ဘင်္ဂလားဖုန်း မရှိသဖြင့် မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

ထို့နောက် ဒုရဲအုပ်က ဦးကော်ရီမူလ္လာ၏ ဦးခေါင်းကို သေနတ်ဖြင့် ချိန်ကာ ပစ်သည်ဟု ခြိမ်းခြောက်၍ မိုးပေါ်သို့ သေနတ် နှစ်ချက် ပစ်ဖောက်၍ ဘင်္ဂလားဖုန်း ရှိသည်ဟု အတင်းအဓမ္မ ၀န်ခံခိုင်းပြီး ငွေကျပ် သုံးသိန်း ညှစ်ယူ၍ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်းမှ စစ်သား အချို့သည် ကားတစ်စီးဖြင့် စေတီပြင်ရွာသို့ ရောက်ရှိလာပြီး ရွာသားများကို လွန်ခဲ့သည့်ညက သေနတ် ပစ်ဖောက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ရွာသားများက ဦးကော်ရီမူလ္လာ၏ အိမ်ရှေ့ ကြမ်းပြင်မှ ထွက်လာသည့် အသံ ဖြစ်သည်ဟု ဖြေဆိုခဲ့ကြသည်။ ထို့နောက် စစ်သားများသည် ဦးကော်ရီမူလ္လာ၏ နေအိမ်သို့ သွားရောက်၍ မေးမြန်းကြရာ ဦးကော်ရီမူလ္လာက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်က ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်ဟု ဖြေဆိုသဖြင့် စစ်သားများသည် တပ်ရင်းသို့ ပြန်လည် ထွက်ခွာသွားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကို ဆင့်ခေါ်၍ စစ်ဆေးရာ ၎င်းက မတော်မဆ ပစ်ခဲ့မိသည်ဟု လိမ်ညာ ခဲ့ကြောင်း သတင်း ရရှိပါသည်။



RFA မြန်မာပိုင်း
1.9.2015

ရခိုင် အမျိုးသား ပါတီ ANP က ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေ အပါအ၀င် ပါတီဝင် ၃၇ ဦးဟာ ပါတီ စည်းကမ်းကို မလိုက်နာတဲ့ အတွက် ထုတ်ပယ် လိုက်ကြောင်း ANP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ အတွက် ပါတီတွင်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားပြီး သူတို့ဟာ တစ်သီးပုဂ္ဂလ ဒါမှမဟုတ် တခြား ပါတီတွေ ကနေ ရွေးကောက်ပွဲ ၀င်ဖို့ စီစဉ်တာကြောင့် ထုတ်ခံရတာဖြစ်တယ်လို့ ရခိုင် အမျိုးသား ပါတီ အတွင်းရေးမှူး ဦးခင်မောင်က ပြောပါတယ်။

"သူ့ဟာသူ ထွက်တာလည်းရှိတယ်၊ ပါတီကထုတ်တာလည်းရှိတယ်၊ လျှောက်လွှာမတင်ရင်လည်း ပါတီစည်းကမ်းနဲ့ မညီတဲ့ပုဂ္ဂိုလ်တွေကိုထုတ်တာပဲ"

ရခိုင်အမျိုးသားပါတီ ANP ဟာ ရွေးကောက်ပွဲဝင်ရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပါတီတွင်းရွေးကောက်ပွဲတွေကျင်းပပြီး အရင်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ANP ပါတီဟာ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၆ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်ထားပြီး အဲဒီကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီထံ တစ်ယောက် ကို ငွေကျပ် သိန်း၂၀စီ ပေးသွင်းရတယ်လို့ သိရပါတယ်။ 



1.9.2015

လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောလိုက် ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဆွေးနွေးပွဲအပြီးမှာ RFA ကို ပြောလိုက်တာ ဖြစ်ပါတယ်။

"၁၀ (င)ကတော့ ဥပဒေအရ မှားယွင်းမှုမရှိဘူးလေ၊ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြန်ကြည့်လို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ဘူးလို့ထင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းက ညီမျှတဲ့ အခွင့်အရေးရှိရမယ်၊ မိဘတစ်ပါးပါးကြောင့် ဒီလိုချို့ယွင်းတာကို မူတည်ပြီးတော့ ပယ်လိုက်တာဟာ သူ့ရဲ့နိုင်ငံသားအခွင့်အရေး ထိခိုက်တယ်လို့ ယူဆတယ်"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်းဟာ ညီမျှတဲ့အခွင့်အရေးရှိရမယ်လို့ ပါရှိတဲ့ အတွက် ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်နဲ့ ကိုက်ညီမှုမရှိသလို နိုင်ငံသားအခွင့်အရေးကို ထိခိုက်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာခရိုင်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက စိစစ်နေရာမှာ မွေးဖွားစဉ်အချိန်က မိဘနှစ် ပါးနိုင်ငံသား မဖြစ်သေးတဲ့အတွက် အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတဲ့ ၁၀(င) ပါ ပြဌာန်း ချက်တွေအရ ကိုယ်စားလှယ်လောင်းအတော်များများ ပယ်ချခံထားကြရပါတယ်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ကပြုလုပ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ သတင်းစာ ရှင်းလင်းပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို တွေ့ရစဉ်

RFA မြန်မာပိုင်း
1.9.2015

အစ္စလမ် ဘာသာဝင် တွေနဲ့ စုစည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ဦး အမည် စာရင်း တင်သွင်း ထားရာမှာ ၁၇ ဦး ပယ်ချခံရတဲ့ အတွက် ၁ ဦးသာ ရွေးကောက်ပွဲ ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်လောင်း ၁၁ ဦးနဲ့ ရန်ကုန် တိုင်းဒေသကြီးက ၆ဦး ပယ်ချ ခံရတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မာမောက်ရှောင်ရှုအာနောရူလာဟောက်က ပြောပါတယ်။

"ကိုယ်စားလှယ်လောင်း ၁ နေရာပဲရပါတယ်၊ ကျန်တဲ့ဟာကို ပယ်ချပါတယ်၊ ရခိုင်ပြည်နယ်မှာ ၁၁ နေရာ၊ ရန်ကုန်တိုင်းက ၇ နေရာ အားလုံးပေါင်း ၁၈ နေရာ၊ ရန်ကုန်တိုင်းက ၁ နေရာပဲအောင်ပါတယ်၊ ပန်းဘဲပန်းမြို့နယ်ကပါ၊ ၇ ရက်အတွင်း အယူခံဝင်ဖို့ အစီအစဉ်လုပ်နေတယ်၊ အခုအထိမတင်ရသေးဘူး၊ စာမှာတော့ အသေးစိတ်ရှင်းပြမထားပါဘူး၊ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေနဲ့ ညီညွှတ်မှုမရှိတဲ့အတွက် အဆိုပြုလွှာကို ပယ်သည်ဆိုတာပါတယ်"

ရန်ကုန်မြို့အခြေစိုက် အဲဒီပါတီဟာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ဖို့လျာထားခဲ့တာဖြစ်ပါတယ်။ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်လို့ဆိုတဲ့အချက်နဲ့ ယှဉ်ပြိုင်ဘက်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက် တာကြောင့် ပယ်ချခံရတာများတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအပါအ၀င် ပယ်ချခံထားရသူ ၂၄ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး မှာပါတီတချို့က ပယ်ချခံထားရသူ ၂၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်းတင်ထားတဲ့ ကိုယ်စား လှယ်လောင်း ၆၁၈၉ ယောက်ရှိပြီး ကိုယ်စားလှယ်လောင်းအရည်အချင်းတွေနဲ့ ညီ မညီကို ခရိုင်ကော်မရှင် ရုံးခွဲတွေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ရက်နေ့ကစပြီး ၃၁ရက်နေ့အထိ စိစစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၅၀ ခန့်ရှိနေပြီး မကြာခင်မှာ ရွေးကောက်ပွဲဝင်ခွင့်ရမယ့် ကိုယ်စား လှယ်လောင်းစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မာမောက်ရှောင်ရှုအာနောရူလာဟောက်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။





မဆုမွန်
1.9.2015

ရခိုင်ပြည်နယ် မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်နဲ့ မညီဘူးဆိုပြီး အပယ်ချ ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးကို ဒီကနေ့ စစ်တွေမြို့မှာ ကြားနာ စစ်ဆေးအပြီး ထပ်မံ ပယ်ချလိုက်ပါတယ်။ အပယ်ချခံ လိုက်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ဆက်ပြီး အယူခံဝင် သွားကြမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က လက်ရှိ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးရွှေမောင်ကိုပါ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မညီဘူးဆိုပြီး ပယ်ချခဲ့တဲ့အပေါ် အာဆီယံအမတ်များအဖွဲ့ကလည်း ရှုတ်ချလိုက်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ အမည်စာရင်း တင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ထဲက ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်မှုနဲ့ မပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပယ်ချနေတဲ့အထဲ ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာတော့ ကိုယ်စားလှယ်လောင်း (၁၉) ဦးကို မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့တာပါ။ ဒီကိုယ်စားလှယ်လောင်း (၁၉) ဦးကို ဘာကြောင့် ပယ်ချခဲ့သလဲဆိုတာကို မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးထွန်းဝင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“လက်ရှိ မောင်တောခရိုင်ထဲမှာ (၁၉) ဦးပါခင်ဗျ။ အဓိကတော့ ကျနော်တို့ ပုဒ်မအနေနဲ့ ပြောရင်တော့ ၁၀ (င) တို့၊ ၈ (က) တို့ပေါ့ မွေးဖွားချိန်မှာ မိဘတပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ၊ နိုင်ငံသားမဖြစ်သေးတဲ့ ကိစ္စပေါ့။”

သြဂုတ်လ ၁၈ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ ပယ်ချခံရသူ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပယ်ချတယ်လို့ ကော်မရှင်က အကြောင်းကြားစာ လက်ခံရရှိတဲ့ နေ့ကစလို့ ခုနှစ်ရက်အတွင်း အယူခံဝင်ခွင့် ရှိပါတယ်။

အဲ့ဒီအတွက် မောင်တောခရိုင်အတွင်း အပယ်ချခံရသူတွေထဲက ကိုယ်စားလှယ်လောင်း နှစ်ဦးကို ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကြားနာမှုလုပ်ခဲ့တဲ့ အကြောင်း မောင်တောခရိုင်ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ အရင်ဦးဆုံး ပယ်ထားတဲ့ နှစ်ယောက်ဖြစ်ပါတယ်ခင်ဗျ။ ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင်ပါခင်ဗျ။ ကျနော်တို့ အခု ခရိုင်ကနေ ပယ်ချလိုက်တဲ့သူဆိုရင် ပြည်နယ်မှာ စ အယူခံဝင်ပါတယ်ခင်ဗျ။ ပြည်နယ်ကနေ ပယ်ချလိုက်တယ်ဆိုရင်တော့ ဆက်ပြီး အယူခံဝင်လို့ မရတော့ပါဘူး။ ”

ဒီကနေ့ စစ်တွေမြို့မှာ ကော်မရှင်ရုံးမှာ သွားရောက်ကြားနာခဲ့သူနှစ်ဦးဖြစ်တဲ့ ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင်တို့နှစ်ဦးကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဘက်က ထပ်မံပြီးတော့ ပယ်ချခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းတွေဘက်က စစ်ဆေးခံဖို့ လုံလောက်တဲ့ သက်သေတွေ ယူလာပါလျက်နဲ့ တဘက်သတ် ဆုံးဖြတ်လိုက်တာမို့ ဒါဟာ တရားမျှတမှုရှိတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကိုယ်တိုင်သွားရောက် အစစ်ဆေးခံခဲ့တဲ့ ဦးရွှေမောင်ကပြောပါတယ်။

“ကျနော်နဲ့ ဒေါ်ခင်ခင်လွင်က ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို ကြားနာပွဲ တက်ရောက်ဖို့ သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကိုရောက်တဲ့အခါကျတော့ ကျနော်တို့က ထင်ထားတဲ့ ကြားနာပွဲမဟုတ်ဘဲနဲ့ ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင်တို့ရဲ့ အယူခံလွှာတွေကို ပယ်ချလိုက်ပါသည် ဆိုပြီးတော့မှ တိုတိုတုတ်တုတ် ပြောပြီးတော့မှ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျနော်ကတော့ ပြန်ပြီးမှ ပြောခဲ့ပါတယ်။ မဟုတ်ဘူး ကျနော့်မှာ အထောက်အထားတွေ အများကြီးပါလာတယ်။ ကျနော့်ရဲ့ မိဘဘိုးဘား အထောက်အထားတွေ ပါလာတယ် အများကြီး။ ဒါကို ကျနော့်ကို ရှင်းလင်းခွင့်၊ တင်ပြခွင့်ပြုပါ။ ဒါမှ ဆုံးဖြတ်လို့ရမယ်။ မဟုတ်ပါဘူးတဲ့ မကြည့်တော့ပါဘူးတဲ့။ ကြည့်စရာမလိုဘူးတဲ့ ကျနော်တို့ ဆုံးဖြတ်ပြီးပါပြီတဲ့။ ဆိုတော့ ဒီဟာက ဘာလဲဆိုတော့ ကြားနာပွဲပုံစံ မဟုတ်ဘဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ ပုံစံအတိုင်း အန်ကယ်လ့်နဲ့ ဒေါ်ခင်ခင်လွင်ရဲ့ အယူခံလွှာတွေကို သူတို့က တချက်လွတ် ပယ်ချလိုက်တဲ့ သဘောပဲ။ ကျနော်တို့ နိုင်ငံတော်ရဲ့ ရုံးတော်တခုက တရားစီရင်ရေး ကြားနာပွဲ မဟုတ်ဘဲနဲ့နော် ဒါ ဘယ်လိုပြောရမလဲ ဗိုလ်ကျစိုးမိုးမှုပုံစံလို့ပဲ ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ လျှောက်လဲချက်၊ နောက်တခါ ရှင်းလင်းချက်၊ ရှင်းပြချက်၊ နောက်တခါ အထောက်အထား စုံစုံလင်လင် တင်ပြခွင့်ကို ပိတ်ပင်ပြီးတော့ တဘက်သတ် ဆုံးဖြတ်တဲ့အတွက် ဒါ မတရားသော ဆုံးဖြတ်ချက်တခုပဲလို့ အန်ကယ်လ်က အဲလိုပဲ သုံးသပ်ပါတယ်။ ကျနော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အယူခံဝင်သွားမှာပါ။”

ဦးရွှေမောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ အရွေးချယ် ခံထားရသူဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ တသီးပုဂ္ဂလအဖြစ်နဲ့ ဝင်ရေက် အရွေးခံဖို့ ဦးရွှေမောင်က လျှောက်ထားခဲ့တာပါ။ သူ့ကို မြန်မာနိုင်ငံသား မိဘ ၂ ဦးကနေ မွေးဖွားသူ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁ဝ)(ဂ) အပိုဒ် (င) အရ ရွေးချယ်ခံ ပိုင်ခွင့်မရှိဘူးဆိုပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတဦးက တိုင်ကြားခဲ့တဲ့နောက် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်မှုနဲ့မညီဘူးဆိုပြီး ပယ်ချခဲ့တာပါ။

အခုလို လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူထားတဲ့ ဦးရွှေမောင်ကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခဲ့တဲ့အပေါ် ဒီကြားနာစစ်ဆေးမှုဟာ ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်သာဖြစ်တယ်လို့ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ဆိုရင် ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီး ဒီမိုကရေစီစံနှုန်းနဲ့ညီဖို့ လိုတဲ့အတွက် မျတတဲ့ ဆုံးဖြတ်ချက်တွေကို အာဆီယံလွှတ်တော်အမတ်များအဖွဲ့က တောင်းဆိုထားပါတယ်။



MYARF
RB News
31.8.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင် ကျေးရွာမှ ဦးနာဂူး၏ သားများ ဖြစ်သော ရှားလောမ်နှင့် ဘိုင်လာတို့ ညီအစ်ကို နှစ်ဦး အချင်းချင်း စကားများသည်ကို ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက သိရှိသွားပြီး သြဂုတ်လ (၂၂) ရက်နေ့က ၎င်းတို့ ညီအစ်ကို နှစ်ဦးလုံးကို ဆင့်ခေါ်ကာ စကားများခဲ့သည်ကို အကြောင်းပြု၍ နယ်ခြားစောင့် ရဲများကို တိုင်တန်းကာ ဖမ်းဆီး စေမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ညီအစ်ကို အချင်းချင်း စကားများသည်ကိုပင် ခြိမ်းခြောက်၍ ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ငွေညှစ်နေလျှင် ကျေးရွာသားများ ရွာစွန့်၍ ထွက်ပြေးရမည့် အနေအထားကို ရောက်ရှိနေသည်ဟု ဒေသခံ ရွာသားများ ဝေဖန် ပြောဆိုနေကြသည်။ ကျေးရွာ တာဝန်ခံက ယခုကဲ့သို့ ဆက်လက်၍ ပြုလုပ်နေမည် ဆိုပါက ကျေးရွာတွင် မလိုလားအပ်သော ပြဿနာ အကြီးအကျယ် ပေါ်ပေါက်လာနိုင်သည်ဟု ဆိုသည်။ 

တည်ငြိမ် အေးချမ်းမှုကို လိုလားသည့် ဒေသခံ ရွာသားများက မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်လာရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်များက ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာကို အချိန်မှီ အရေးယူ ပေးရန် တောင်းဆိုကြောင်း RB News သို့ပြောပါသည်။



MYARF
RB News
31.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံး ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဦးအီဒီရိစ် (ဘ) ဦးဟာလူ၊ ဦးနုရ်မာမတ် (ဘ) ဦးဆူလေမန်၊ ဦးအာဘူဆီဒိခ်(ဘ) ဦးဘာဆဲရ်အာမတ် တို့ပါဝင်သည့် (၈) ဦးအုပ်စုသည် အမှတ် (၅) နယ်မြေ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးနှင့် ပူးပေါင်း၍ အမှတ် (၅) နယ်မြေ အတွင်း ကျွဲ၊ နွား ရောင်းချသူများ ထံမှ ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ် ၅၀၀၀ စီ ဈေးကောက် အဖြစ် ကောက်ခံလျက် ရှိသည်။ ကျွဲ၊ နွားရောင်းချသူများက ဈေးကောက် ၅၀၀၀ ကျပ်ကို မပေးလျှင် နယ်ခြားစောင့် ရဲများက ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သိရသည်။ ကောက်ခံရရှိသည့် ငွေများမှ တစ်ဝက်ကို နယ်မြေ (၅) မှ ရဲမှူးအား ပေးရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၂၂) ရက်နေ့တွင် လောင်းဒုံး ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဦးအော်ဆီရာမန် (ဘ) ဦးအဒူမော်ဂျိတ်က နွားတစ်ကောင်ကို ရောင်းချခဲ့ရာ အဆိုပါ (၈) ဦးအဖွဲ့က ဈေးကောက် ၅၀၀၀ ကျပ် တောင်းခံခဲ့သည်။ ဦးအော်ဆီရာမန်က မပေးသဖြင့် လောင်းဒုံး ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာ နယ်ခြားစောင့် ရဲများက ငွေကျပ် ၉၅၀၀၀ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျွဲ၊ နွားများ ရောင်းချလျှင် ကြိမ်ချောင်းမှ သားသတ်လိုင်စင်ရများ ဖြစ်သည့် ဦးအီဒီရိစ် (ဘ) ဦးအဒူလ်ဟာဘဲစ်၊ ဦးအာရော်ဖ် (ဘ) ဦးမာမတ်ဟာဆောင်း၊ ဦးဆော်ယာဒ်ဒူလ္လာ၊ ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးဖူတူး တို့ကိုလည်း ကျွဲ၊ နွား တစ်ကောင် အတွက် ငွေကျပ် ၅၀၀၀၀ စီ ပေးရသည်။ ထိုသို့ အဖွဲ့နှစ်ဖွဲ့အား ငွေပေးနေရသဖြင့် ကျွဲ၊ နွား ရောင်းဝယ်သူများမှာ အရှုံးပေါ်လျက် ရှိနေကြသည်။ ထို့ကြောင့် ဒေသခံ လယ်သမားများမှာ ကျွဲ၊ နွား မမွေးမြူနိုင်သော အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေး ပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်


RFA မြန်မာပိုင်း
31.8.2015

နိုဝင်ဘာလ ၈ရက်နေ့မှာ ရွေးကောက်ပွဲ ၀င်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အမည်စာရင်း တင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက်ထဲမှာ အခုချိန်ထိ ပယ်ချခံရသူ ၄၀ နီးပါးလောက် ရှိသွားပြီ ဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲမှာတင် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၁ ယောက်ထဲမှာ ကိုယ်စားလှယ်လောင်းအရည်အချင်း မညီလို့ဆိုပြီး ပယ်ချခံထားရသူ အခုချိန်ထိ ၁၂ ဦး ရှိတယ် လို့ ခရိုင်ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရသူတွေထဲမှာ သူတို့ကိုမွေးဖွားစဉ်က မိဘနှစ်ပါးကနိုင်ငံသား မဖြစ်သေးတာကြောင့်ဖြစ်သလို ပါတီတစ်ခုတည်းက နှစ်ဦးအမည် စာရင်း တင်ထားတာကြောင့် တစ်ဦးကို ပယ်ချလိုက်တာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

"ကျနော်လောလောဆယ် ၁၂ ယောက်လောက် ပယ်ပါတယ်၊ အထူးသဖြင့် မိဘတွေက သူတို့မွေးတဲ့အချိန် မှာ နိုင်ငံသားဟုတ် မဟုတ် အဲ့ဒါလေးတွေများပါတယ်၊ တစ်ယောက်ကတော့ NLD ပါတီကပါ ပထမတာဝန် တစ်ယောက်ပေးတယ်၊ နောက်လူစား တခြားတစ်ယောက်ကို ပေးတဲ့အခါကျတော့ ပါတီတစ်ခုတည်း လူနှစ်ယောက်ထပ်သွားတဲ့အခါကျတော့ တစ်ယောက်ပယ်ရတဲ့သဘောပါ"

ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေကနေ ပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ထံ အယူခံတင်ထားသူ ၆ဦး ရှိတယ်လို့ သိရပါတယ်။ အဲဒီ ၆ဦးထဲမှာ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်စိုးကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေအပေါ် ပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့နဲ့ ဥပဒေပညာရှင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။





မဆုမွန်
31.8.2015

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံ ကြရမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နောက်ဆုံး စိစစ်မှု ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ် သွားပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေက အပယ်ချ ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း ပြန်ပြီး အယူခံ ဝင်နေတာတွေ ရှိနေတဲ့ အတွက် နောက်ဆုံးအဆင့် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်း အပြည့်အစုံကို မကြာခင်မှာ ထုတ်ပြန် နိုင်တော့မှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာထားတဲ့၂၀၁၅ ရွေးကောက်ပွဲ အတွက် လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းလွှာ တင်လာသူ ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ကို သြဂုတ်လ ၁၈ ရက်နေ့ကနေစလို့ သြဂုတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထား အပြီးသတ် စစ်ဆေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုလက်ရှိ နောက်ဆုံးစိစစ်စစ်ဆေးမှုရဲ့အခြေအနေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တာဝန်ခံ ဦးမြင့်နိုင်က ပြောပါတယ်။

“စိစစ်တာတော့ ပြီးသွားပြီ။ အောက်ကတော့ အကုန်လုံးစိစစ်ပြီးပြီပေါ့။ ဘယ်နှစ်ခု (ဦး) ကန့်ကွက်တယ်။ ဘယ်နှစ်ခု (ဦး) ပယ်တယ်၊ ဘယ်နှစ်ခု (ဦး) အယူခံတက်တယ်တွေကတော့ တစ်ရက် နှစ်ရက်အတွင်းတော့ သိရတော့မှာပေါ့။ နောက်သုံးရက်လောက်ဆို ကြေညာချက်ထုတ်မှာပေါ့။ သို့သော်လည်းပဲ တစ်ရက် နှစ်ရက်ဆိုရင်တော့ အကြမ်းဖျင်းတာ့ ဘယ်သူတွေက အယူခံတက်နေတယ်။ ဘယ်သူကပယ်တယ်၊ ဒီလောက်တော့ ပြောလို့ရတာပေါ့နော်။ အယူခံကို (၇) ရက်အတွင်း ဝင်လို့ရတယ်။ (၇) ရက်အတွင်းကို တခါ ပြီးအောင်စစ်ရတယ်ဆိုတော့ အယူခံတက်တဲ့လူတွေကတော့ ကြေညာတဲ့အခါ မမီသေးရင် ချန်ထားရမှာပေါ့။ အယူခံတက်တာလည်း လေး-ငါး-ခြောက်ရက်- ခုနစ်ရက်ပဲ ကွာမှာပါ။ ဘယ်လောက်မှ မကွာဘူး။”

တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်တွေကနေပြီးတော့ ကိုယ်စားလှယ် ရွေးချယ်မှုဆိုင်ရာ အခုနောက်ဆုံး သတ်မှတ်ထားတဲ့ရက်အထိ စိစစ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေအနက် ကိုယ်စားလှယ်လောင်းအချို့ ဘာကြောင့် ပယ်ချခံခဲ့ရတယ်ဆိုတာကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူဦးမြင့်နိုင်က ရှင်းပြပါတယ်။

“အကြမ်းဖျင်းတော့၊ ယေဘုယျဖြင့်တော့ သတ်မှတ်ထားတဲ့အသက်မပြည့်တာတို့၊ နိုင်ငံသား မိဘနှစ်ပါးက မမွေးတာတို့၊ နောက် မြန်မာနိုင်ငံမှာ တဆက်နဲ့တဆက်တည်း ဆယ်နှစ်မနေတာတို့။ ဒီအချက်ကလေးတွေ ယေဘုယျအားဖြင့်တော့ တွေ့ရပါတယ်။”

မဲဆန္ဒနယ်အချို့မှာ နိုင်ငံရေးပါတီအသီးသီးနဲ့ တသီးပုဂ္ဂလတွေက ကိုယ်စားပြုတင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တချို့ကို သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပယ်ချခဲ့တဲ့အပေါ် ပယ်ချခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ပယ်ချကြောင်း အကြောင်းကြားစာ လက်ခံရရှိတဲ့နေ့ကစလို့ (၇) ရက်အတွင်း ပြန်ပြီး အယူခံဝင်ခွင့်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရတဲ့ ဦးရွှေမောင်က ဒီတကြိမ်မှာတော့ တသီးပုဂ္ဂလအဖြစ် ပြန်ပြီး ဝင်အရွေးခံပါမယ်။ ဒါပေမဲ့ သူဟာ မြန်မာနိုင်ငံသား မိဘ ၂ ဦးက မွေးဖွားသူ မဟုတ်ဘူးဆိုပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတစ်ဦးက တိုင်ကြားခဲ့တဲ့နောက် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က လျှောက်လွှာကို ပယ်ချခဲ့တဲ့အပေါ် အယူခံဝင်ထားပြီး အခု စစ်ဆေးခံတော့မှာဖြစ်ပါတယ်။ နောက်ဆုံး အခြေအနေကို လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ကအခုလိုပြောပါတယ်။

“သြဂုတ်လ ၃၁ ရက် ဖိုင်နယ်……ရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပဏာမ ပထမစိစစ်တဲ့ဟာကိုပဲ သူက ဖိုင်နယ်လို့ပြောတာ။ သက်ဆိုင်ရာ ခရိုင်ကော်မရှင်က ဆုံးဖြတ်ချက်တခုပေးတာပေါ့နော်။ အဲဒီဆုံးဖြတ်ချက်ကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းက မကျေနပ်ဘူးဆိုရင် သူက အယူခံဝင်လို့ရတယ်၊ ခုနစ်ရက်အတွင်းမှာ။ အန်ကယ်လ်ကလည်း အန်ကယ့်ကိစ္စကို ဆုံးဖြတ်ပြီးတော့ (၇) ရက်အတွင်းမှာ အန်ကယ်လ်က အယူခံဝင် လိုက်တယ်။ အန်ကယ်လ်အယူခံဝင်တာက (၂၇) ရက်ပေါ့နော်။ ဒီလ (၂၇) ရက်။ အဲဒါဆိုရင် အဲဒီနေ့ကနေစပြီးမှ (၇) ရက်အတွင်းကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေပြီးတော့ တခုခု အဆုံးအဖြတ်ပေးဖို့ တာဝန်ရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ မနက်ဖြန် hearing လုပ်မယ်လို့ ပြောတယ်။ ဒါကြောင့်မို့လို့ အဲဒီ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာလုပ်မယ့် hearing ကိုတက်ဖို့ အခု အန်ကယ်လ်က စစ်တွေမြို့ကို ရောက်နေတာပါ။”

ကိုယ်စားလှယ်လောင်းစိစစ်မှုတွေကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲကော်မရှင်တွေက ရွေးကောက်ပွဲ နည်းဥပဒေအရ အမည်စာရင်း တင်သွင်းလွှာတွေကို စိစစ်ဆောင်ရွက်နေချိန်မှာ ကော်မရှင်ရုံးတွေမှာလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေက စာနဲ့ တာဝန်လွှဲအပ်ထားသူတွေက လာရောက် စစ်ဆေးခံခဲ့ကြတာဖြစ်ပါတယ်။

အခုအချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ၁,၇၇၂ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၁၃ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး အားလုံး စုစုပေါင်း တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦးရှိနေပါတယ်။ မကြာခင်မှာတော့ နောက်ဆုံးအဆင့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။



အင်ကြင်းနိုင်
31.8.2015

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လွှတ်တော် ကိုယ်စားလှယ်လောင်း (၃) ဦးရဲ့အမည် စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချ လိုက်တာဟာ တရား မဝင်ဘူးလို့ ပြည်ပ အခြေစိုက် Arakan Rohingya Union (ARU) ရဲ့ ညွန်ကြားရေးမှူးချုပ် Dr. Wakar Uddin ကပြောကြား လိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ အမှန် တကယ် လွတ်လပ်ပြီး တရားမျှတဖို့ အတွက် အားလုံးတန်းတူ ပါဝင် မဲပေးခွင့် ရရေး အရေးကြီးတယ် လို့လည်း ဆိုပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြ ပေးထားပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ် လောင်း (၃) ဦးကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တယ်ဆိုပြီး ဥရောပအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း (၁၁) ဖွဲ့က သြဂုတ်လ (၂၈) ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်ပအခြေစိုက် Arakan Rohingya Union (ARU) ရဲ့ညွှန်ကြားရေးမှူးချုပ် Dr. Wakar Uddin ကလည်း သူ့ရဲ့ သဘောထားအမြင်ကို အခုလို ပြောပါတယ်။
“အခု ဒေသခံတိုင်းရင်းသား ရိုဟင်ဂျာကိုယ်စားလှယ် (Candidate) တွေကို မြန်မာအစိုးရက 2015 ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ယှဉ်ပြိုင်ခွင့်မပေးတာဟာ တရားမဝင်ပါဘူး။ အဲဒါဟာ နိုင်ငံတကာဥပဒေနဲ့ မြန်မာဥပဒေနဲ့လည်းမကိုက်ပါ။ ဆန့်ကျင်ပါတယ်။ ဒေသခံတိုင်းရင်းသား ရိုဟင်ဂျာလူမျိုးတွေကိုလည်း ရွေးကောက်ပွဲမှာ မဲဆန္ဒပေးခွင့် မပေးတော့ဘူးဆိုတာ ကျနော်တို့ကြားပါတယ်။ မြန်မာနိုင်ငံရဲ့ citizen ဒေသခံတိုင်းရင်းသားဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ လွတ်လပ်ရေး(ရတဲ့)အချိန်ကတည်းက ရွေးကောက်ပွဲတိုင်းမှာ ယှဉ်ပြိုင်ခွင့်၊ မဲဆန္ဒပေးခွင့်ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအားလုံးမှာ။ ပြီးခဲ့တဲ့ 2010 election မှာလည်း ယှဉ်ပြိုင်ခွင့်၊ မဲဆန္ဒပေးခွင့်ရှိခဲ့ပါတယ်။”

မေး။ ။ အခုလိုမျိုး ရွေးကောက်ပွဲကော်မရှင်က သူတို့ကို ပယ်ချလိုက်တဲ့ရွေးကောက်ပွဲကော်မရှင် ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးပြင်ဖို့ ဥရောပ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။ အဲတော့ သူတို့အနေနဲ့ဘာကြောင့်ရွေးကောက်ပွဲမှာ ဝင်ခွင့်ရသင့်တယ်လို့ Dr. Wakar Uddin ထင်ပါသလဲရှင်။

“သူတို့ပါဝင်ခွင့်ရသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ရဲ့မိဘတွေ၊ သူတို့ရဲ့ Generation - ရာစုနှစ်နေပြီးတော့ မြန်မာပြည်မှာနေတာ။ တိုင်းရင်းသား၊ ဒေသခံတိုင်းရင်းသား၊ သူတို့မိဘလည်း ဒေသခံတိုင်းရင်းသား။ သူတို့ကအရင်လည်း parliament member ဖြစ်ခဲ့ပါတယ်။ အခုချက်ခြင်း ဘယ်လိုလုပ် parliament member မဖြစ်နိုင်လဲ။ နိုင်ငံသားမဖြစ်ပါ့မလဲ၊ သူတို့ကို။ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားတစ်ယောက်။ သူတို့မှာ တိုင်းရင်းသား ကဒ်လည်းရှိတယ်။ Green card လည်းရှိတယ်။ အဲဒီလူတွေဟာ၊ တိုင်းရင်းသားတစ်ယောက်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်၊ ယှဉ်ပြိုင်ခွင့်။ အခွင့်ရရေး 100% ဖြစ်ရပါမယ်။”

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတိုင်းရင်းသား မရှိဘူးလို့ အစိုးရက ပြတ်ပြတ်သားသား ပြောကြားထားပါတယ်။ ဥရောပအခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း (၁၁) ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ ဦးရွှေမောင်း၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဦးကျော်မင်းနဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းက ဘွဲ့ရခဲ့တဲ့ ဦး Abu Taher တို့သုံးဦးအမည် စာရင်းကို ရွေးကောက် ပွဲ ကော်မရှင်က ပယ်ချခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။ ဦးရွှေမောင်းဟာဆိုရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်အနေနဲ့ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၄ နှစ်ကျော် တာဝန် ယူခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ကို မွေးဖွားတဲ့အချိန်မှာ သူ့ရဲ့မိဘတွေဟာ နိုင်ငံသားတွေမဟုတ်ကြဘူးဆိုတဲ့ အချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမဲ့ ရွေးကောက်ပွဲမှာ ဝင်ရွေးခွင့်မရှိဘူးလို့ ပယ်ချခဲ့တာဖြစ်ပါတယ်။



RFA မြန်မာပိုင်း
31.8.2015

ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်း ထားသူ ၅၅ ဦး ရှိရာမှာ၊ အဲဒီထဲက ၁၉ ဦး ကို မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ပယ်ချ လိုက်ပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ ပယ်ချတာ ဖြစ်ကြောင်း၊ အပယ်ခံ ရတဲ့ အများစု ဟာ မွေးဖွားစဉ်က မိဘတွေ နိုင်ငံသား မဖြစ်သေးတာ တွေ့ရှိရကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးဆန်းဝင်းထွန်း က ပြောပါတယ်။

"၅၅ ယောက်မှာ ၁၉ ယောက်က အရည်အချင်းနဲ့ မကိုက်ညီလို့ပယ်ထားပါတယ်၊ များသောအားဖြင့် မွေးဖွား စဉ်နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါး မှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ၊ မွေးဖွားသည့်နိုင်ငံသား၊ အဲ့ဒါ ဆိုရင် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရဆိုပြီး၊ ပုဒ်မ ၁၀ မှာပြဌာန်း ထားပါတယ်၊ ပုဒ်မ ၈/ က နဲ့တော့ လွှတ်တော်ကိုယ်စားလှယ်ထိရွေးကောက်တင်မြှောက်ခံရတဲ့အချိန်နှင့် တခါ တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ်အခြေချနေထိုင်ခဲ့သူ၊ အဲ့အချက်တွေနဲ့ ညှိစွန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပယ်ထားတာ"

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ်မြေ အမှတ်(၂) ကနေ ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးထွန်းမင်းစိုး ဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင် သွားရောက်ခဲ့တာကြောင့် မြန်မာနိုင်ငံတွင်းမှာ ၁၀ နှစ်ဆက်တိုက် နေထိုင်သူဖြစ်ရမယ်ဆိုတဲ့ အချက်နဲ့ ငြိစွန်းနေ တာကြောင့် ပယ်ချလိုက်တာဖြစ်တယ်လို့ ဦးဆန်းဝင်းထွန်း က ပြောပါတယ်။

မောင်တောခရိုင်မှာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် နှစ်ခုအတွက် မဲဆန္ဒနယ်မြေ ၆ ခုရှိပါတယ်။ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်တွေအတွက် ကိုယ်စားလှယ်လောင်း ၅၀ ကျော် အမည် စာရင်းတင်သွင်းထားကြရာမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ စတဲ့ ပါတီတွေအပြင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အပါအဝင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် မယ့်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ် ရွေးချယ်တာတွေ အတွက် သြဂုတ်လ ၃၁ ရက်နေ့ မနက်ဖြန် နောက်ဆုံး ရက် ဖြစ်ပါတယ်။



နိဂြောဓ (MYARF)
RB News
29.8.2015

ယခု ကြိမ်ချောင်း ဆိုသော ရွာသည် ၁၉၇၅ ခုနှစ် မတိုင်ခင် အချိန်ထိ 'ဘော်လီဘာဇား' ဟု ခေါ်ဆိုခဲ့ကြသော ရွာကြီး ဖြစ်ပြီး တစ်ချိန်က နိဗ္ဗာန်ဟု တင်စားလောက်အောင် အေးချမ်းသာယာ ပြည့်ဝလှသည်။ ရွာ၏ အရှေ့ဘက်တွင် စိမ်းလန်သော တောင်တန်းကြီး၊ တောင်ဘက်တွင် လောင်းဒုံးကျေးရွာ၊ မြောက်ဘက်တွင် အောင်စစ်ပြင်ကျေးရွာ နှင့် အနောက်ဘက်တွင် အထက်စွန်း မမှန်းနိုင်သော ပြူးမချောင်းကြီး တည်ရှိနေသည်။ ၎င်းရွာရှိ ဈေးကြီးသည် မောင်တော မြို့နယ်တွင် မြို့ပေါ်မှအပ အကြီးမားဆုံးနှင့် အရောင်းရဆုံး ဈေးကြီး ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ရွာပေါင်း (၁၀၀) နီးပါးလောက်က ပြည်သူလူထုများသည် ၎င်းဈေးတွင် အရောင်းအဝယ် ပြုလုပ်၍ အသက် မွေးဝမ်ကျောင်း ပြုကြသည်။ ရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းသည်လည်း မြို့ပေါ်မှအပ ကျောင်းသား ကျောင်းသူ ဦးရေ အများဆုံးသော စာသင်ကျောင်းကြီး ဖြစ်သည်။

ရွာ၏ အနောက်ဘက်တွင် တည်ရှိနေသော ပြူးမချောင်းကြီး၏ ချောင်းကမ်းနားတွင် ရွာရှိ လူဦးရေ အနက် (၂၀) ရာခိုင်နှုန်းလောက်သော ရွာသူ ရွာသားများ နေထိုင်ကြ၍ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းနေကြသည်။ ကားလမ်း မရှိသေးသည့် အချိန်က ကြိမ်ချောင်း ဈေးကြီးသို့ ဈေးနေ့များတွင် စက်လှေ၊သဗ္ဗာန်၊လှေများနှင့် ၎င်းချောင်းကြီးကို အသုံးပြု၍ လာရောက် ရောင်းဝယ်ဖောက်ကားသည့် ရေလမ်းသုံး ချောင်းကြီး ဖြစ်ပြီး ဝါးဖောင်၊ ထင်းဖောင်၊ ကုန်တင် စက်လှေများနှင့် သဗ္ဗာန်များအတွက် အဆင်အပြေဆုံးပင် ဖြစ်သည်။ ၎င်းချောင်းကြီးသည် ပြည်သူ အများအပြား အတွက် 'အသက်သွေးကြော' ဖြစ်သည်ဟု တချို့က ဆိုချင် ဆိုကြသော်လည်း ၎င်းသည် အစေခံကောင်း ဖြစ်သလို သခင်ဆိုးလည်း ဖြစ်သည်။

မိုးရာသီ တစ်လျှောက်လုံး၌ ၎င်းချောင်းကြီး အထက်စွန်းကစ၍ တောင်ကျမိုးရေသည် ဒလဟော စီးဆင်းလာပြီး ကြိမ်ချောင်းရွာ ကမ်းနားသို့ ရောက်သောအခါ ရေစီးရေလျှံ ပြင်းထန်လာကာ ကြိမ်ချောင်း ကမ်းပါးကို တိုက်ရိုက် စီးဝင် တိုက်စားလေ့ရှိသည်။ မိုးသည်းထန်လျှင် အလွယ်တကူ ရေကြီးလေ့ ရှိပြီး ရေကြီးလျှင် ရေစီးရေလျှံနှုန်း ပိုမို ပြင်းထန်လာပြီး စုန်းမကဲ့သို့ 'အော့အော့' မြည်ကာ ရေတိုက်စားမှု အားလည်း ပိုမို မြင့်တက်လာသည်ကို အံ့သြ၍ မဆုံးနိုင်ပါ။ ၎င်း ရေတိုက်စားမှုသည် အဓိကအားဖြင့် ကြိမ်ချောင်း ဟိန္ဒူရွာက စကာ အလယ်ရွာနှင့် တောင်ရွာထိ ကမ်းပါးကို အမြင့်ဆုံးနှင့် အများဆုံး ရိုက်ခတ်၍ နှစ်စဉ် နှစ်တိုင်း ပျမ်းမျှ ပေပေါင်း (၃၀) ကျော်ကျော် လူနေအိမ်မြေ တိုက်စား ကမ်းပြိုသွားလေ့ရှိသည်။ ၎င်းကြောင့် နှစ်စဉ်လိုလို ကြိမ်ချောင်းရွာ ကမ်းနားက အိမ်ခြေပေါင်း (၂၀) ကျော်ကျော် ရွှေ့ပြောင်း ကြရသည်။ ဤဖြစ်ရပ်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက စ၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသော သဘာဝ ဘေးအန္တရာယ်ကြီးဖြစ်ပြီး တစ်ချိန်က မြို့မိချောင်းရွာ တောင်ခြေနားတွင် တည်ရှိခဲ့သော ကြိမ်ချောင်းရွာသည် ယနေ့ မောင်တောသွား ကားလမ်း အရှေ့ဘက်က တောင်တန်းနားသို့ ကမ်းပြို၍ တွန်းပို့ရောက်ရှိနေပြီ ဖြစ်သည်။ ဤသည်များထက် ပိုမို ဆိုးရွားလှသည်မှာ မိုးရာသီ၌ ရေတိုက်စားခံရ၍ ကမ်းပြိုသွားမှုမှာ အိုးအိမ် ပါသွားသော မိသားစုများ နေထိုင်ကြရန် နောက်ဆုတ်၍ ယာယီ တဲထိုး ကြရန် လည်းကောင်း၊ အနီး ဘေးပတ်ဝန်းကျင်ရှိ နေရာလပ်၌ တဲထိုး နေထိုင်ကြရန် လည်းကောင်း သက်ဆိုင်ရာ အာဏာပိုင်းများသို့ အကြောင်းကြား တဲထိုးဆောက်လုပ်ခွင့် သွားတောင်းလျှင် ကြိမ်ချောင်း အုပ်ချုပ်ရေးမှူးရုံး စာရေး ဦးထွန်းဝင်းက (၁) သိန်း၊ အုပ်ချူပ်ရေးမှူး ဦးကိုကိုအောင်က (၁) သိန်း၊ ဘိနယ်တာဝန်ခံ အရာရှိက (၁) သိန်း၊ အနည်းဆုံး ငွေကျပ် (၃) သိန်းကျော် ကုန်ကျခံရသည်။ မတတ်နိုင်သော မိသားစုများမှာ အိမ်တစ်ဝက် ချောင်းဘက်၌ နောက်တစ်ဝက် ကမ်းမြေ၌ ဖြစ်ရသော အိမ်ပျက်တွင် မိုးရာသီ တစ်လျှောက်လုံး အသက်အိုးအိမ် ဘေးအန္တရာယ် စိုးရိမ်မှုဖြင့် ဆက်လက်နေထိုင်ကြရသည်ကို ရှုမြင်ကြသူတိုင်း အော့နှလုံး နာသွားလောက်အောင် ခံစားမိရသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့အပြင် တစ်အိမ်လုံး ချောင်းထဲ ပြိုကျသွားပြီး ငွေကြေး မတတ်နိုင်သော မိသားစုများမှာလည်း မိမိတို့နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း အိမ်များတွင် တစ်ညစီ လှည့်ပတ်၍ စိတ်ဆင်းရဲစွာ နေထိုင်ကြရသည်မှာ သနားဖွယ်ရာ ကောင်းလှသည်။ ဤကဲ့သို့ သဘာဝ ဘေးအန္တရာယ် သောကပေါင်းစုံ ရင်ဆိုင်ကြုံတွေ့ရပြီးနောက် မိုးရာသီ ကုန်ဆုံးသွားလျှင် တတ်နိုင်သူများက သံယောဇဉ် မပြတ်နိုင်သော်ငြားလည်း မိမိ ဘေးပတ်ဝန်းကျင်နှင့် အိမ်နီးချင်းများအား စွန့်ခွာသွား၍ နောက်ပတ်ဝန်းကျင်သစ် တစ်ခုသို့ သိုက်ပျက် ဥကွဲကာ နေထိုင်ကြရသည်။

ထိုကဲ့သို့ ယခုနှစ် မိုးရာသီကာလတွင်လည်း ရာသီဥတု ပြင်းထန်လာမှုကြောင့် ရေတိုက်စားမှုနှုန်းလည်း ယခင်ကထက် ပိုမို မြင့်တက်လာပြီး လူနေအိမ်မြေ ကမ်းပြိုမှုလည်း ပိုမို များပြားလာသည်။ ဆိုရလျှင် ယခုနှစ် မိုးရာသီကစ၍ ဇူလိုင်လ နောက်ဆုံးပိုင်းတွင် ဖြစ်ပွားတိုက်ခိုက်ခဲ့သော ကိုမင်း ဆိုင်ကလုန် မုန်တိုင်းပြီးနောက် ၎င်းရွာ ကမ်းနားက လူနေအိမ်ပေါင်း (၃၀) လုံးကျော် ရေတိုက်စား ကမ်းပြိုမှုကြောင့် ပျက်စီးခဲ့ရပြီး ၎င်းပြူးမချောင်း၏ ရေတိုက်စား ကမ်းပြိုမှု သမိုင်းတွင် အဆိုးရွားဆုံးပင် ဖြစ်သည်။ ဤကဲ့သို့ ဆက်လက် ဖြစ်ပွားသွားမည့် ဆိုပါက လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ကြိမ်ချောင်းရွာ မြေပုံက ယခု ကြိမ်ချောင်း တိုက်နယ်ဆေးရုံကြီး၊ ဈေးကြီးနှင့် ရဲစခန်းများ တည်ရှိနေသော ရွာရှိ အလယ်နှင့်တောင်ရွာ နှစ်ခုစလုံးသည် လုံဝ ပျောက်ကွယ်သွားမည်မှာ သေချာပါသည်။

၂၀၀၅ ခုနှစ်ကစပြီး ကြိမ်ချောင်းကျေးရွာက ဟိန္ဒူဘာသာဝင်များ၏ အိမ်ခြေပေါင်း (၁၀) လုံးကျော် ကမ်းပြိုမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရပြီး မြောက်ရွာတွင် အစ္စလာမ် ဘာသာဝင်များနှင့် အတူ ရောနှော ရွှေ့ပြောင်း နေထိုင်ကြရသည်။ ထို့အပြင် ၂၀၀၉ ခုနှစ်ကစပြီး ကြိမ်ချောင်း အလယ်နှင့် တောင်ရွာမှ အစ္စလာမ်ဘာသာဝင် များ၏ အိမ်ခြေပေါင်း (၁၃၀) ကျော်သည် ရွာ၏ မြောက်ဘက်တွင် တည်ရှိနေသော ဝေးတမြေ တောင်ပေါ်ဒေသ၌ ရွှေ့ပြောင်း နေထိုင် ခဲ့ကြရသည်။ ၎င်းတို့ နေထိုင်ကြသော လယ်မြေများမှာ ရွာရှိ အစ္စလာမ်ဘာသာဝင် လယ်ပိုင်ရှင် အချို့က လှူဒါန်းကြခြင်း ဖြစ်ပြီး အချို့ကို ဈေးချိုချိုဖြင့် ဝယ်ယူ၍ တဲထိုးနေထိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ယခင်ကမ်းနားတွင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ဖြစ်ကြပြီး ယခု ချောင်းနှင့် ဝေးလျက်ရှိသော တောင်ပေါ်ဒေသတွင် စီးပွားပျက် နေကြပြီး လူသူ ကင်းဝေးရာလည်းဖြစ် ရာသီဥတု ဒဏ်လည်းကြမ်း စားဝတ်နေရေး ဖူလုံမှု မရှိခြင်းကြောင့် ယခင်က ပိုင်ဆိုင်ခဲ့ကြသော စိတ္တနှင့်ကယာဗလ ဆုံးရှုံး၍ ရုပ်ပျက် ကျန်းမာရေး ချို့တဲ့နေသည်ကို မြင်တွေ့ရသည်။ ထို့အပြင် ၎င်းဒေသတွင် မိုးရာသီ တောင်ကျချောင်းရေ ဘေးအန္တရာယ်ကြောင့် ယခင်က မိမိတို့၏ သားသမီးများအား ပညာသင်လိုစိတ် ရှိကြခဲ့သော မိဘများက ကျောင်းနေရန် အရွယ်ရောက်သော သားသမီးများကို ကျောင်းမထားတော့ဘဲ တောဝင် သစ်ခုတ်ခိုင်းကြရပြီး ကြိမ်ချောင်း ဈေးကြီး၌ သယ်ယူရောင်းချကြရသည်။ ၂၀၁၃ ခုနှစ်တွင် ၎င်းတို့ ယာယီ ဆောက်လုပ်၍ နာမာဇ်ဝတ်ပြုသော ဗလီကျောင်းတော်ကိုလည်း ကြိမ်ချောင်း အုပ်ချုပ်ရေးမှူး ရုံးစာရေး ဦးထွန်းဝင်းက သွားရောက်၍ ပြိုဖျက်လိုက်သောကြောင့် ယခုအခါ ၎င်းတို့မှာ ဘာသာရေး ကျောင်းမဲ့ဘဝနှင့် အမှောင်ငရဲပြည်ထဲ နေရသလို ဖြစ်နေကြသည်။

ကြိမ်ချောင်းရွာတွင် နှစ်စဉ် ခံစားနေရသည့် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ ကြိမ်ချောင်းမြေပေါ်တွင် မဲဆွယ်နေသည့် အချိန်တွင် လည်းကောင်း၊ ပုံးအပြည့် မဲကောက်ယူခဲ့ကြပြီး အမတ်များ ဖြစ်ကြပြီးနောက် ကြိမ်ချောင်းမြေသို့ ခရီးစဉ် ရောက်လာခဲ့သည့် အချိန်တွင်လည်းကောင်း ယုံကြည်အားကိုး၍ မဲဆန္ဒရှင်များက လိုအပ်သလို ဆောင်ရွက်ပေးရန် တောင်းဆိုရာ 'အစီစဉ်များ ရှိနေပြီ မကြာမှီ လုပ်ဆောင်သွားမည်' ဟု ပြောဆိုသွားသော စကားချိုချိုများကြောင့် မဲဆန္ဒရှင်များ ဆီးချိုရောဂါ ခံစားသွားရလောက်အောင်ပင် ဖြစ်ခဲ့ရသည်။ သို့သော်လည်း အမတ်ကြီးများ ပြန်သွားပြီးနောက် ရွာသားများက အားကိုးမိသည်ကိုပင် နောင်တ ရနေခဲ့ကြသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ခေတ်အဆက်ဆက်က ၎င်းရွာတွင် အုပ်ချုပ်ခဲ့ကြသော ကျေးရွာ ကောင်စီ၊ ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌများ၊ ၎င်းရွာတွင် တာဝန်ကျခဲ့ကြသော အစိုးရ ဝန်ထမ်းများ မောင်တောမြို့ မဲဆန္ဒနယ်များက လွှတ်တော် ကိုယ်စားလှယ်များ စသည်တို့က မည်သည့် အခါကမှ တစ်စုံတစ်ရာ အရေးတယူ ဆောင်ရွက် ပေးခဲ့ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရသည်။

လျစ်လျူရှုခြင်း ခံထားရသည့် အတွက် ယခုလာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလတွင် မဲဆွယ်၊ မဲယူရန် လာရောက်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများက ချောင်းရေ တိုက်စားမှုကြောင့် ကြိမ်ချောင်း ကျေးရွာအုပ်စုမှ ရွာအချို့ မြေပုံက ပျောက်ကွယ် သွားနေသည်နှင့် ပတ်သက်၍ ခိုင်မာသည့် သဘောတူညီချက် တစ်စုံတစ်ရာ မပေးလျှင် မိမိတို့၏ ဇာတိမြေကို မြတ်နိုးကြသော ကြိမ်ချောင်း ရွာသူရွာသား ၈၁၈၅၀ ဦးမှ သတိကြီးစွာ မဲပေးကြရန် တိုက်တွန်းအပ်ပါသည်။




Rohingya Exodus