နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
13.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လိပ်ရကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးညီညီထွန်းနှင့် အဖွဲ့သည် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျောက်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးမာမတ်ဟူစိန်း (ဘ) ဦးနာဇီရ်ဟူစိန်း၏ အိမ်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ရဲမှူးနှင့် အဖွဲ့ကို ဦးမာမတ်ဟူစိန်းက ဧည့်ခံ ကျွေးမွေးခဲ့သည်။ ပြန်သွားချိန်တွင် ရဲမှူးက ဦးမာမတ်ဟူစိန်းကို “မနက်ဖြန် နယ်မြေ (၄) ရုံးကို လာလည်ပါ” ဟု ဖိတ်ခေါ်သဖြင့် ဦးမာမတ်ဟူစိန်းက နိုဝင်ဘာလ (၂၁) ရက်နေ့တွင် နယ်မြေ (၄) ရှိ ရဲမှူးညီညီထွန်း၏ ရုံးသို့ သွားရောက်ခဲံသည်။ 

ဦးမာမတ်ဟူစိန်းသည် ရဲမှူးညီညီထွန်း၏ ရုံးခန်းသို့ ရောက်သည်နှင့် ရဲမှူးက ဦးမာမတ်ဟူစိန်းကို WY မူးယစ် ဆေးဝါး ရောင်းဝယ်နေသည်ဟု စွပ်စွဲ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်ကာ ငွေကျပ် သိန်း ၃၀ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၂၇) ရက်နေ့ ညပိုင်းတွင် ရဲမှူးညီညီထွန်းသည် ဇီးပင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (စခန်း ၁၀) သို့သွားရောက်၍ ၎င်းစခန်းမှ စခန်းမှူး ရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ ၁၀ ဦးကို ခေါ်ယူပြီး ရေတွင်းပြင် ကျေးရွာသို့ သွားရောက်၍ ဦးရှုနာမျာ (ဘ) ဦးဂျိန်နောတ်အာလီ၏ နေအိမ်ကို ၀န်းရံကာ ဦးရှုနာမျာကို ဖမ်းဆီးပြီး ဇီးပင်ချောင်း စခန်းသို့ ခေါ်ဆောင်သွားကာ WY ရောင်းဝယ်သည်ဟု စွပ်စွဲပြီး တစ်ညလုံး ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့သည်။ 

နိုဝင်ဘာလ (၂၇) ရက်နေ့တွင်ပင် ရဲမှူးညီညီထွန်းက ကျောက်ချောင်း ကျေးရွာမှ ဥက္ကဌဟောင်း ဦးဖေရုစ် (ဘ) ဦးကာလာမျာကို ငွေကျပ် ၁၀ သိန်းနှင့် ၎င်းအား လာရောက် တွေ့ဆုံရန် ကျောက်ချောင်း ကျေးရွာ တာဝန်ခံ ဦးနူရ်မာမတ် (ဘ) ဦးကွလ္လာမျာမှ တစ်ဆင့် သတင်းပို့ခဲ့ရာ ဦးဖေရုစ်က အခြားသူများကို ညှဉ်းပန်း နှိပ်စက်ခဲ့သည့် သတင်းကိုကြား၍ လူကိုယ်တိုင် သွားရောက် မတွေ့ဆုံဘဲ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးနူရ်မာမတ်မှ တစ်ဆင့် ငွေကျပ် ၁၀ သိန်း ပို့ခဲ့သည်။ 

နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ရဲမှူးညီညီထွန်းနှင့် အဖွဲ့သည် ဇီးပင်ချောင်း ကျေးရွာသို့ သွားရောက်၍ ဦးဆော်ယာဒ်နူရ် (ဘ) ဦးအိုမောရ်အာဘာစ်ကို ဖမ်းဆီးပြီး WY ရောင်းဝယ်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့သည်။ နိုဝင်ဘာလ (၉) ရက်နေ့ကလည်း ကျောက်ချောင်း ကျေးရွာအုပ်စု အလယ်ရွာမှ ဦးအာလီအာမတ် (ဘ) ဦးအာလီဟူစိန်းနှင့် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ပလိပြင်ရွာမှ ဦးဂျာဘူရာမန် (ဘ) ဦးဟာဆောင် တို့ကို ဖမ်းဆီး၍ တစ်ဦးထံမှ ငွေကျပ် ၇ သိန်း ၅ သောင်းစီ၊ စုစုပေါင်း ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့သည်။ 

ဒီဇင်ဘာလ လဆန်းပိုင်းတွင် ရဲမှူးညီညီထွန်းက ကြိမ်ချောင်းဈေးရှိ ဆိုင်ရှင်ကြီးနှင့် လုပ်ငန်းရှင် များကို ကြိမ်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (၂၄) သို့ အစည်းအဝေး ခေါ်ယူ၍ အမျိုးမျိုး ခြိမ်းခြောက်ကာ တစ်ဦးထံမှ ငွေကျပ် ငါးသောင်းမှ တစ်သိန်းထိ ညှစ်ယူခဲ့သည်။ နယ်မြေ (၄) အပိုင် ကျေးရွာများရှိ လုပ်ငန်းရှင်များကိုလည်း ထိုကဲ့သို့ ခြိမ်းခြောက်၍ ငွေညှစ်ယူခဲ့သည်။ ထိုသို့ မတရားသဖြင့် ငွေညှစ်နိုင်ရန် ကျောက်ချောင်း ကျေးရွာ တာဝန်ခံ ဦးနူရ်မာမတ်၊ ဦးကာမာလ် (ခ) မောင်မောင်စိုး၊ ဇီးပင်ချောင်း ကျေးရွာ တာဝန်ခံ ဦးအာယုဖ်၊ လိပ်ရကျေးရွာမှ ဦးအာယုဖ် (ဘ) ဦးကာဆိမ်းတို့က ကျေးရွာများရှိ ချမ်းသာသူများ၏ စာရင်းကို ရဲမှူးထံ ပေးပို့လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ရဲမှူးက ၎င်း၏ တပည့်များကို ဖုန်းတစ်လုံးစီ ပေးထားကြောင်း သိရှိရသည်။



MYARF
RB News
13.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၉၊ ယခု ဒေသ ၄) မှ နယ်ခြားစောင့်ရဲ များနှင့် လောင်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းတို့ ပူးပေါင်း၍ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် လောင်းချောင်း ကျေးရွာမှ ဦးမာဘူးရာမန် (ဘ) ဦးအဒူရာမန်ကို စိုက်ခင်းတဲမှ ဖမ်းဆီးပြီး နိုဝင်ဘာလ (၂၇) ရက်နေ့က ရိုဟင်ဂျာနှင့် ဒိုင်းနက်များ အကြား အခင်းဖြစ်ပွားပြီး တိမ်းရှောင်နေသော တရားခံများကို ထမင်းကျွေးခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် ၆ သောင်းနှင့် တန်ဖိုးအားဖြင့် ငွေကျပ် ၃၆၀၀၀ ရှိ ကြက်ဖသုံးကောင်ကို ညှစ်ယူခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဒီဇင်ဘာလ (၂) ရက်နေ့တွင် လောင်းချောင်း ကျေးရွာမှ ဦးဇာကဲရ်ဟူစိန်း (ဘ) ဦးအာဘူတာဟဲရ်သည် ၎င်းကျေးရွာအုပ်စု၊ ဆင်ဆွယ်ရ ကျေးရွာ (ဒိုင်းနက်ရွာ) မှ လမ်းလျှောက်သွားနေစဉ် တောင်ဘဇာ စခန်းမှ နယ်ခြားစောင့်ရဲ များက ဖမ်းဆီးပြီး ၎င်းတွင် ပါလာသည့် ငွေကျပ် ၄ သိန်းကို လုယက်ခဲ့သည်။ လုယက်ခံရသူက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းထံ တိုင်တန်းသောကြောင့် အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲ များအား ငွေပြန်ပေးခိုင်းသဖြင့် နယ်ခြားစောင့်ရဲများက ငွေကို ပြန်ပေးခဲ့ရသည်။ 

ထို့နောက် အုပ်ချုပ်ရေးမှူးက ဆုံးရှုံးခဲ့သည့် ငွေကို ပြန်ပေးယူခဲ့သောကြောင့် ၎င်းအား ငွေကျပ် နှစ်သိန်း ပေးရမည်ဟု တောင်းသည်ကို ဦးဇာကဲရ်ဟူစိန်းက မပေးသဖြင့် ဒီဇင်ဘာလ (၃) ရက်နေ့တွင် အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲ ခေါ်လာပြီး၊ ဦးဇာကဲရ်ဟူစိန်း ယာခင်း၌ အလုပ်လုပ်နေစဉ် ဖမ်းဆီး၍ အုပ်ချုပ်ရေးမှူး အိမ်သို့ ခေါ်ဆောင် သွားကာ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ ငွေကျပ် နှစ်သိန်းငါးသောင်းမှ နှစ်သိန်းကို အုပ်ချုပ်ရေးမှူးက ယူခဲ့ပြီး၊ ကျန်သည့် ငါးသောင်းကို နယ်ခြားစောင့်ရဲကို ခွဲဝေပေးခဲ့သည်။ 

ဒီဇင်ဘာလ (၃) ရက်နေ့တွင် လောင်းချောင်း ကျေးရွာမှ ဦးအာဘူအာမတ် (ဘ) ဦးအာဘူလ်ဟာရှိမ်ကို အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် လေးသိန်း ညှစ်ယူခဲ့သည်။ ငကျဉ်ထောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်း (ခ) ဇော်ဇော်နှင့် ၎င်း၏ တပည့် ဦးဆော်လိမ် (ဘ) ဦးအဒူရော်ကိမ် တို့က ရွာသားများကို ရိုဟင်ဂျာနှင့် ဒိုင်းနက် ပြဿနာ ဖြစ်ပွားခဲ့သော အရေးတွင် တရားခံ စာရင်း၌ ပါဝင်သည်ဟု လုပ်ကြံ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်။ 

ဒီဇင်ဘာလ (၉) ရက်နေ့တွင် ငကျဉ်ထောက် ကျေးရွာမှ ဦးဘော်ရှိရ်အုလ္လာ (ဘ) ဦးအာနိုဝါရ်ကို အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့က တရားခံ စာရင်း၌ ပါဝင်သည်ဟု ခြိမ်းခြောက်၍ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့သည်။ ယင်းကျေးရွာမှ မော်လ၀ီ သုံးပါးကိုလည်း တရားခံ စာရင်း၌ ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေတောင်းခံ ခဲ့ရာ မော်လ၀ီများက ငွေမပေးသဖြင့် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ဖမ်းဆီးရန် ရှာဖွေ နေသောကြောင့် မော်လ၀ီများ တိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ဒီဇင်ဘာလ (၁၀) ရက်နေ့တွင်လည်း အုပ်ချုပ်ရေးမှူးက တပည့် ဆော်လိမ်ကို စေလွှတ်ပြီး ဟာဖီးဇ် မောင်ဇူရ်ဟာဆောင် ထံမှ ငွေတောင်းခံခဲ့သည်။ သို့သော်သည်း ဟာဖီးဇ် မောင်ဇူရ်ဟာဆောင်က ငွေမပေးခဲ့ပေ။ ထိုသို့ ငွေတောင်းခံခဲ့ရသူ များမှ တရားခံ စာရင်း၌ ပါဝင်သူများ မဟုတ်ကြောင်း ဒေသခံများက ဆိုသည်။ လောင်းချောင်း ကျေးရွာနှင့် ငကျဉ်ထောက် ကျေးရွာတွင် ရိုဟင်ဂျာနှင့် ဒိုင်းနက်များ အကြား ပြဿနာ ဖြစ်ပွားပြီးနောက် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက တရားခံ (၇) ဦးမှ နှစ်ဦး ဖမ်းဆီး ရမိပြီး ငါးဦး ကျန်နေသည်။ ထိုငါးဦးမှ အပ အခြားလူများကို ဖမ်းဆီးမဟုတ်ဟု ရဲမှူးက ပြောကြားပြီး၊ ယင်းငါးဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့သည်။ သို့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးက နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်းပြီး ရိုဟင်ဂျာ အမြောက်အမြားကို တရားခံ စာရင်း၌ ပါဝင်သည်ဟု ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်။ လောင်းချောင်း ကျေးရွာအုပ်စု တွင်လည်း အုပ်ချုပ်ရေးမှူး၏ တပည့် ဦးအဒူလာမီးန် (ဘ) ဦးဆော်လာမတ်ကို အသုံးချ၍ အုပ်ချုပ်ရေးမှူးက ရွာသားများ ထံမှ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။



ဦးစည်သူအောင်မြင့်
10.12.2015

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ (၅၄) လမ်းမှာ ရှိတဲ့ ကျော်ပုံနှိပ်တိုက်ကို သက်သေတွေနဲ့ အတူ ၀င်ရောက် စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ ကြိုတင် သတင်းရထားသလိုပဲ အဲဒီ ပုံနှိပ်တိုက်မှာ ရိုဟင်ဂျာ အကြောင်း ဖော်ပြထားတဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်တွေ ရိုက်နှိပ်နေတာကို တွေ့ရတဲ့အတွက် သက်သေခံ ပစ္စည်းအဖြစ် အားလုံးကို သိမ်းဆည်းခဲ့ပါတယ်။ တဆက်တည်း ပုံနှိပ်တိုက်ပိုင်ရှင်၊ မန်နေဂျာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ရာမှာ ပါဝင်ပတ်သက်သူ စုစုပေါင်း (၅) ယောက်ကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။ တဆက်တည်း ပုံနှိပ်တိုက်ကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။ ပြက္ခဒိန် ပုံနှိပ်ဖို့ စေခိုင်းသူ လို့ ဆိုတဲ့ ဦးအောင်ခင် ကတော့ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖမ်းဆီးရမိခြင်း မရှိဘူးလို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေကို ကနဦး ပုံနှိပ် ထုတ်ဝေ ဥပဒေနဲ့ တရားစွဲပြီး တရားရုံးက တစ်ယောက် ဒါဏ်ငွေ ကျပ် ၁၀ သိန်းစီ ချမှတ်ခဲ့ပါတယ်။ အဲလို ပုံနှိပ်ထုတ်ဝေ ဥပဒေနဲ့ အရေးယူပြီး နောက်မှ အာမခံပေးလို့မရတဲ့ ပုဒ်မ ၅၀၅ (ခ) “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ ဖမ်းဆီး၊ ရုံးတင် တရားစွဲလိုက်ပါပြီ။ ဒီမှုခင်း ကိစ္စ ဘာသဘော ဆောင်သလဲ၊ ဒါဟာ မီဒီယာ ဖိနှိပ်မှု တစ်ခုလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဇာတ်လမ်း အစ ကတော့ Facebook အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေက စ တာပါ။ စာရေးဆရာ ဦးအောင်ခင် (စစ်တွေ) ဟာ သူရိုက်နှိပ် ထုတ်ဝေမယ့် ပြက္ခဒိန်ပုံတွေကို ဖေ့ဘွတ်ခ်ပေါ် တင်ပါတယ်။ အဲဒီ ပြက္ခဒိန်မှာ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်ပြီး အရင် ပါလီမန် ဒီမိုကရေစီ ခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ ခေတ်က ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်စာတန်းတွေမှာ ပါတဲ့ စာသား တစ်ချို့ကို ကောက်နှုတ် ဖော်ပြထားပါတယ်။ တစ်ချို့စာမျက်နှာတွေမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်း ကောက်နှုတ်ချက်လိုမျိုးလည်း ပါဝင်ပါတယ်။ ပါလီမန် ဒိမိုကရေစီခေတ်က တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊ ပါလီမန် အမတ် ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။ ပြက္ခဒိန် နေ့စွဲကိုတော့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ အာရဗီ ဘာသာ သုံးမျိုးနဲ့ ဖော်ပြထားပါတယ်။

ဒီ ပြက္ခဒိန် ရုပ်ပုံတွေ လူမှုကွန်ယက် စာမျက်နှာထက် ရောက်လာပြီးနောက် ရန်ကုန်က မဘသ အဖွဲ့ဝင်တစ်ချို့ စည်းဝေးပြီး အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ သတင်းပို့ပါတယ်။ ဒီ ပြက္ခဒိန်ထုတ်ဖို့ စီစဉ်တဲ့ ဦးအောင်ခင်ဟာ ရွှေပြည်သာ မြို့နယ်မှာ နေထိုင်တာကြောင့် ဒါကို ဆက်မလုပ်ဖို့၊ ထုတ်ဝေခြင်း မပြုဖို့၊ ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းရအောင် ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးက ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဦးအောင်ခင် ထွက်ပြေးတိမ်းရှောင်သွားပြီ ဖြစ်တဲ့အတွက် အဲဒီအစီအစဉ် မဖြစ်မြောက်တော့ပါဘူး။ နောက်ပိုင်း ပုဇွန်တောင်မြို့နယ် ၅၄ လမ်းမှာ ပုံနှိပ်နေပြီ ဆိုတာ သိရတဲ့အတွက် ပုံနှိပ်တိုက်ကို သွားရောက် ဖမ်းဆီးတာမျိုး လုပ်ကြတာပါ။

ဒီပြသနာနဲ့ ပတ်သက်ပြီး ကနဦး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ အာရဗီ ဘာသာနဲ့ ပြက္ခဒိန်ရိုက်နှိပ်ဖို့ လုပ်လို့ အရေးယူရတာလို့ ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ပုဇွန်တောင် မြို့နယ် ရဲစခန်းမှူးကို သွားရောက်မေးမြန်းတဲ့အခါ အာရဗီ ဘာသာနဲ့ ပုံနှိပ် ထုတ်ဝေလို့ အရေးယူရတာ မဟုတ်တဲ့အကြောင်း၊ ရိုဟင်ဂျာတွေအကြောင်း ရေးသားဖော်ပြလို့ အရေးယူရတာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ဒါဆိုရင် အဲဒီ ပြက္ခဒိန်ထဲမှာ ရိုဟင်ဂျာအကြောင်း ဘာတွေ ရေးသားထားလဲ လေ့လာကြည့်ဖို့ လိုလာပါတယ်။

ပြက္ခဒိန်ထဲမှာ ပါလီမန် ဒီမိုကရေစီခေတ် ဒု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး ၁၉၆၁ ခုနှစ်က ပြောတဲ့ “ မေယုခရိုင် အတွင်းတွင် နေထိုင်ကြသော၊ ရိုဟင်ဂျာများသည်လည်း ပြည်ထောင်စုအတွင်း လူမျိုးစု တစ်စု ဖြစ်သည်ကို သဘောပိုက်ထားကြစေလိုကြောင်း” ဆိုတာ ဖော်ပြထားပါတယ်။ နယ်ခြား ဒေသ အရာရှိချုပ် ဗိုလ်မှူးကြီးစောမြင့် ပြောတဲ့ ရိုဟင်ဂျာ အမျိုးသားများ ခင်ဗျား အစချီ မိန့်ခွန်းကောက်နှုတ်ချက် တိုကို ဖော်ပြထားပါတယ်။ စာမျက်နှာ တစ်ခုမှာတော့ “မြန်မာ့အသံ တိုင်းရင်းသား ဘာသာ အစီအစဉ်ကနေ ရိုဟင်ဂျာ ဘာသာ အစီအစဉ်ကို ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်နေ့ကနေ ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အသံလွှင့်ခဲ့တယ်” ဆိုတဲ့ စာသားမျိုး ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အရေးယူကိုင်တွယ်တဲ့ စခန်းမှူး ပြောစကားနဲ့ ပြက္ခဒိန် စာမျက်နှာပါ အကြောင်းအရာတွေကို ကြည့်ရင် ရိုဟင်ဂျာ လူမျိုးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြတာကြောင့် ဖမ်းဆီး အရေးယူခံကြရတယ် ဆိုတာ ထင်ရှားပါတယ်။ တကယ်တော့ ဒီ ပြက္ခဒိန်ထဲမှာ ဖော်ပြတဲ့အကြောင်းအရာတွေဟာ အရင် မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေထားပြီးသား စာအုပ်စာတန်းက အချက်အလက်တွေကို ပြန်လည် ကူးယူ ဖော်ပြထားတာတွေပဲ ဖြစ်ပါတယ်။ အသစ်အဆန်း ဖန်တီးရေးသားထားတာတွေလည်း မတွေ့မြင်ကြရပါဘူး။ ဒါဆို ဒီပြက္ခဒိန် ထုတ်ဝေမှုနဲ့ ပါတ်သက်ပြီး ပုဒ်မ ၅၀၅ (ခ) “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ ရုံးတင်တရားစွဲတာကရော ဖြစ်သင့်ပါသလား ဆိုတာ ဆွေးနွေးဖို့ လိုလာပါတယ်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက် ၂၀၁၂ နှစ်လည်မှာ ဆင်ဆာအဖွဲ့ကို ရုပ်သိမ်းပြီး ပုံနှိပ်မီဒီယာကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။ စာအုပ်၊ စာစောင်တွေ ရိုက်နှိပ်ရာမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံစရာ မလိုတော့ပဲ ပုံနှိပ် ထုတ်ဝေပြီးနောက်မှ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ရုံးကို စာအုပ်စာစောင်တွေ သွားပို့ပေးရတာပဲ ရှိပါတယ်။ အဲလို ပုံနှိပ်မီဒီယာ လောက လွတ်လပ်ခွင့်ရပြီးချိန်ကနေ ဒီကနေ့အချိန်ထိ ပုံနှိပ်ထုတ်ဝေမှုနဲ့ ပတ်သက်ပြီး မီဒီယာ ဖိနှိပ်မှုလို့ အသေအခြာ ပြောနိုင်တဲ့ အမှု (၃) ခုပေါ်ပေါက်ခဲ့ဖူးပါတယ်။ ပထမ တစ်မှုကတော့ ယူနတီဂျာနယ် အမှုဖြစ်ပြီး ဓာတုလက်နက်စက်ရုံ ဆိုပြီး ဖော်ပြလို့ သတင်းသမား ၅ ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်(၁၀) နှစ်စီ ချမှတ်ခဲ့ပါတယ်။ နောက်တစ်မှုကတော့ ဘိုင်မွန်းတည့်နေ ဂျာနယ် အမှုဖြစ်ပြီး လူမှုအဖွဲ့အစည်း တစ်ခုရဲ့ “ကြားဖြတ်အစိုးရဖွဲ့လိုက်တယ်” ဆိုပြီး ကြေငြာချက်ထုတ်တာကို သတင်းရေးသားဖော်ပြလို့ သတင်းသမား ၅ ယောက်ကို ထောင် ၂ နှစ်ချခဲ့တာပါ။ တတိယ အမှုကတော့ မြန်မာသံတော်ဆင့် ဂျာနယ်ပါ သမ္မတ ဦးသိန်းစိန်ကို ဝေဖန်တဲ့ ရေးသားချက်ကို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ပုဒ်မ ၅၀၀ အသရေဖျက်မှု နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ငွေဒါဏ် ချမှတ်ခံရတာပါ။

အခု ပြက္ခဒိန် ထုတ်ဝေမှု ပြသနာကိုကြည့်ရင်လည်း ပုံနှိပ်ဖော်ပြမှုကြောင့် ဖြစ်ရတဲ့ ပြသနာပါ။ ပုံနှိပ်ဖြန့်ချီခြင်း မပြုခင် အရေးယူခံရတာပါ။ ဒီအတွက် ဖြစ်ခြင်းဖြစ် ပုံနှိပ်-ထုတ်ဝေ ဥပဒေ ဒါမှမဟုတ် သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူဖို့ ရှိပါတယ်။ ဒါပေမယ့် အခုလို ရိုဟင်ဂျာ အကြောင်း ပုံနှိပ် ဖော်ပြလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ပုံနှိပ်-ထုတ်ဝေ ဥပဒေနဲ့ အရေးယူ၊ အပြစ်ပေးရုံတင်မက ထောင်ဒါဏ်နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၅၀၅ (ခ) လို “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ တရားစွဲတာကိုတော့ မီဒီယာ ဖိနှိပ်မှုလို့ သတ်မှတ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



Rohingya Eye
RB News
9.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ (ခလုံး) ကျေးရွာမှ ငါးဖမ်း စက်လှေများကို စက်တင်ဘာလမှ စ၍ ပင်လယ်ပြင်သို့ ထွက်ခွာခွင့် ပိတ်ပင် ထားခဲ့ရာ နိုဝင်ဘာလ (၁၂) ရက်နေ့မှ စ၍ ထွက်ခွာခွင့် ပြုခဲ့သည်။ 

ဦးအာမီးန်အုလ္လာ (ဘ) ဦးကာလူး (အသက် ၄၅ နှစ်) အပါအ၀င် (၆) ဦးပါသော စက်လှေ တစ်စီးသည် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ငါးဖမ်း၍ ပြန်လာစဉ် အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း နှစ်ခုကို ငွေကျပ် (၈) သောင်းပေးခဲ့ရပြီး၊ သင်္ဘောကွေ့ (ခလုံး) အခြေစိုက် တပ်မတော် စစ်စခန်းကို ငွေကျပ် (၄) သောင်း ပေးခဲ့သော်လည်း လက်မခံဘဲ ငွေကျပ် (၁၅) သိန်း တောင်းခံခဲ့သည်။ ငါးဖမ်းသမားများက ငွေမပေးသဖြင့် (၆) ဦးစလုံးကို ဖမ်းဆီး ချုပ်နှောင်၍ ညှဉ်းပန်းနှိပ်စက် ခဲ့ရာ စက်လှေထိန်း ဦးအာမီးန်အုလ္လာ၏ ကျောဘက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ယနေ့ အချိန်ထိ အိပ်ရာမှ မထားနိုင် ဖြစ်နေသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ထို့အပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော် စစ်စခန်းတို့မှ တောင်းခံသော ငွေကို မပေးသောကြောင့် အဆိုပါ ရွာရှိ ငါးဖမ်းစက်လှေ များကို ပင်လယ်ပြင်သို့ ငါးဖမ်း ထွက်ခွာခွင့် ထပ်မံ ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် အဆိုပါ စက်လှေမှ ငါးဖမ်းထွက်ခွင့် ပြန်လည် ရရှိရန် တပ်မတော် စစ်စခန်းသို့ ငွေကျပ် (၁၀) သိန်း၊ အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ငွေကျပ် (၃) သိန်း ပေးခဲ့ရသည်။ စစ်စခန်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့တောင်းခံသည့် ငွေများ ရရှိသောအခါ သင်္ဘောကွေ့ (ခလုံး) ကျေးရွာမှ ငါးဖမ်း စက်လှေများကို ငါးဖမ်းခွင့် ပြန်လည် ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
9.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ချောင်းတောင် ကျေးရွာမှ ဦးအာတာအုလ္လာ (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၃၅ နှစ်) သည် တောင်ကြားလမ်းမှ တစ်ဆင့် မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်းဈေးသို့ ဈေးဝယ်ရန် သွားနေစဉ် လောင်းဒုံ ကျေးရွာအုပ်စု ကြိုက်ချောင်းမိုရွာ အနီး ခွဆုံတွင် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဇော်ဇော်အောင် အပါအ၀င် နယ်ခြားစောင့်ရဲ (၃) ဦးက ဖမ်းဆီး စစ်ဆေး မေးမြန်းပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ၎င်းတွင် ပါလာသည့် ငွေကျပ် ၆၅၀၀၀ မှ ငွေကျပ် ၅၀၀၀၀ ကို နယ်ခြားစောင့်ရဲ များက လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲ တပ်သား ဇော်ဇော်အောင်သည် နေ့စဉ် အနီးအနားရှိ ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ရိုဟင်ဂျာ များကို လုပ်ကြံ ဖမ်းဆီးပြီး ငွေညှစ်လေ့ ရှိသည်။ ယခုအခါ ဇော်ဇော်အောင်က “ငါ ရာထူးတိုးဖို့ အတွက် စခန်း ၂၄ မှာ ရုံးထိုင်နေတဲ့ G-1 (ရဲမှူးကြီး) အတွက် ငွေရှာပေးရမယ်” ဟု ဆိုကာ ယခင်ကထက် ပိုမိုသောင်းကျန်း၍ ငွေညှစ်လျက် ရှိသည်။



MYARF
RB News
9.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာနှင့် ကျွဲတက်ပြင် ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာ အချို့သည် သက်ဆိုင်မှ ခွင့်ပြုချက် ရယူပြီး တောင်မှ သစ်ခုတ်၍ ၎င်းတို့၏ နေအိမ်များကို ပြုပြင်ခဲ့သည်။ ၎င်းတို့ ခွင့်ပြုချက် ယူခဲ့ရာတွင် ညောင်ချောင်း အခြေစိုက် သစ်တော ၀န်ထမ်းထံမှလည်း ခွင့်ပြုချက် ရယူခဲ့သည်။

၎င်းတို့နေအိမ်များ ပြုပြင်ပြီးနောက် ညောင်ချောင်း အခြေစိုက် သစ်တောဝန်ထမ်းက ညောင်ချောင်း ရခိုင်ရွာမှ မောင်ရေနှင့် ကာနာယာ၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စုမှ အာယုဖ် (ဘ) ဦးရှောရီးဟူစိန်း တို့နှင့်အတူ အိမ်ပြုပြင်သူများ၏ နေအိမ်များသို့ သွားရောက်၍ နေအိမ်ပြုပြင်ရန်သာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ တောင်မှ သစ်ခုတ်ရန် ခွင့်မပြုခဲ့ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ --

(၁) နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဦးဖော့ယာဇူ (ဘ) ဦးရော်ရှိတ်၊ ကျွဲတက်ပြင် ကျေးရွာ -- ညှစ်ခံရငွေကျပ် (၇) သောင်း

(၂) နိုဝင်ဘာလ (၅) ရက်နေ့တွင် ဦးဟာရှိမ် (ဘ) ဦးမာမတ်ဆော်ယာဒ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာ --ညှစ်ခံရငွေကျပ် နှစ်သောင်းငါးထောင်

(၃) ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဦးအာမာန်အုလ္လာ (ဘ) ဦးအာဘူဘော်ကော်ရ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာ -- ညှစ်ခံရငွေကျပ် ငါးသောင်း

(၄) ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဦးနူရ်ကော်ရိမ် (ဘ) ဦးအာဘူ၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာ၊ ညှစ်ခံရငွေကျပ် တစ်သိန်း -- တို့ဖြစ်သည်။ 

ထိုနည်းဖြင့် ညောင်ချောင်း အနီးတ၀ိုက်ရှိ အခြားသော ကျေးရွာသားများ ထံမှလည်း ငွေညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
9.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဒီဇင်ဘာလ (၂) ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သိမ်တော်ပြင် ကျေးရွာသို့ သွားရောက်၍ ဦးမာမတ်ဟာရှိမ် (ဘ) ဦးအီလီယာစ်ကို နေအိမ်မှ ဖမ်းဆီး၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ကင်းစခန်းတွင် တစ်ညလုံး ချုပ်နှောင်ထားပြီး နောက်နေ့ နံနက် မိုးလင်းသည်နှင့် ၂၀၁၄ ခုနှစ်တွင် လူကုန်ကူးမှု ပြုလုပ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးမာမတ်ဟာရှိမ်ကို ပြန်လည် လွှတ်ပေးပြီး ခဏအကြာတွင် နယ်ခြားစောင့်ရဲ များသည် ၎င်း၏ နေအိမ်သို့ တစ်ဖန် ရောက်ရှိလာပြီး ၎င်းကို ဖမ်းဆီး ခေါ်ဆောင် သွားစဉ် ၎င်း၏ ဇနီးက နယ်ခြားစောင့်ရဲ များကို “ခွေး” စကားလုံး သုံး၍ ဆဲဆိုခဲ့သည်ဟု စွပ်စွဲ၍ ဦးမာမတ်ဟာရှိမ်၏ ဇနီးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ စခန်းသို့ ရောက်သည်နှင့် ခြိမ်းခြောက်၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။



MYARF
RB News
8.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၂) မှ ဦးနူရ်ဆော်လာမ် (ဘ) ဦးအဒူရှကူရ် (အသက် ၄၇ နှစ်) က တောင်ခြေစောင်းရှိ ၎င်းပိုင်မြေကို တာဆည်၍ တောင်ကျရေ စုဆောင်းကာ ၎င်းရေများဖြင့် အနီးအနားရှိ လယ်ကွင်းနှင့် စားကျက်မြေတွင် စိုက်ပျိုးရေး လုပ်စားနေသည်မှာ ဆယ်စုနှစ်ကျော် ရှိပြီဖြစ်သည်။ ယခုနှစ် မိုးကုန်သည်နှင့် ၎င်းမြေနိမ့်ပိုင်းကို တာဆည်ခဲ့သည်။ ထိုကဲ့သို့ တာဆည်သည်ကို အကြောင်းပြု၍ ဖုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ချမ်းသာနှင့် ရုံးစာရေး မောင်မြဇံတို့က အောက်တိုဘာလ လဆန်းပိုင်းတွင် ဦးနူရ်ဆော်လာမ်ထ့မှ ငွေကျပ် သုံးသိန်း တောင်းခဲ့ကြသည်။ သို့သော်လည်း ဦးနူရ်ဆော်လာမ်က ငွေမပေးခဲ့ပေ။ 

သို့ဖြစ်၍ ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးတို့က ဘူးသီးတောင် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသန့်စင်ကို ခေါ်လာခဲ့သည်။ ၎င်းသည် ရောက်ရောက်ချင်း ညောင်ချောင်းဈေးသို့ သွားရောက်ပြီး ငါးရောင်းနေသူ များကို ငါးရောင်းခွင့် လိုင်စင်ရှိလားဟု မေးမြန်းရာ ငါးရောင်းသူများက မြစ်၊ ချောင်းများမှ ဖမ်း၍ ရောင်းခြင်း မဟုတ်ကြောင်း၊ ငါးဖမ်းသမားများ ထံမှ ၀ယ်ယူပြီး ရောင်းချခြင်း ဖြစ်ကြောင်း ပြောဆိုပြီး၊ ငါးရောင်းရန် လိုင်စင်လိုလားဟု မေးခွန်းထုတ်သဖြင့် ဦးစီးမှူး ဦးသန့်စင်က ငါးရောင်းသူများကို ကန်ကျောက် ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် ငါးရောင်းသူများ ထွက်ပြေးကြရာ ဦးသန့်စင်က ငါးများကို မြေပြင်တွင် ပြန့်ကြဲခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့နောက် အုပ်ချုပ်ရေးမှူး မောင်ချမ်းသာ၏ တပည့် မူဟိဖ်ဘူလ္လာကို စေလွှတ်ကာ ဦးနူရ်ဆော်လာမ်ကို ဆင့်ခေါ်ခိုင်း ခဲ့သည်။ မူဟိဖ်ဘူလ္လာက ဦးနူရ်ဆော်လာမ်ကို မတွေ့သဖြင့် သားဖြစ်သူ ရှော်ဖီအုလ္လာကို မောင်ချမ်းသာ၏ အိမ်သို့ ခေါ်လာခဲ့သည်။ 

ရှော်ဖီအုလ္လာ ရောက်သည်နှင့် မောင်ချမ်းသာနှင့် မောင်မြဇံတို့က တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ ရိုက်နှက်၍ ကြိုးချည်ထားခဲ့သည်။ ထိုသတင်းကို ဦးနူရ်ဆော်လာမ်က ကြားသိသွားပြီး လိုက်သွားခဲ့ရာ ဦးစီးမှူး ဦးသန့်စင်က ကန်ဆည်ထားတာ လိုင်စင်ယူခဲ့လားဟု မေးမြန်းသောအခါ ဦးနူရ်ဆော်လာမ်က ငါးမွေးမြူရန် ကန်ဆည်တာ မဟုတ်ကြောင်း၊ စိုက်ခင်း၌ ရေလောင်းနိုင်ရန် ရေစုဆောင်းပြီး တာဆည်ထားခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သို့သော်လည်း ဦးစီးမှူး ဦးသန့်စင်၊ မောင်ချမ်းသာနှင့် မောင်မြဇံ တို့က ဦးနူရ်ဆော်လာမ်ကို ၀ိုင်းဝန်း ထိုးကြိတ်၍ သားနှင့် အတူ ကြိုးချည် ထားခဲ့သည်။ ထို့နောက် ၎င်းတို့က ငွေကျပ် ငါးသိန်း တောင်းခံခဲ့သည်။ 

ညနေ ၅ နာရီကျော် အချိန်တွင် သားဖြစ်သူကို အိမ်သို့ စေလွှတ်၍ ငွေယူလာခိုင်းပြီး ဦးနူရ်ဆော်လာမ်ကို ဆက်လက် ချည်နှောင်ထားခဲ့သည်။ ထို့နောက် သားဖြစ်သူက ရှာဖွေ ရရှိသည့် ငွေကျပ် ကိုးသောင်းနှင့် ပြန်လည် ရောက်ရှိလာခဲ့သည်။ ထိုငွေ ကိုးသောင်းကို ၎င်းတို့က ယူလိုက်ပြီး နောက်နေ့ နံနက်ချိန်တွင် ငွေတစ်သောင်း ထပ်ပေးရမည်ဟု ဆိုကာ ည ၇း၃၀ နာရီ အချိန်တွင် သားအဖ နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။ 

နောက်နေ့ နံနက်ပိုင်း အချိန်တွင် ရှော်ဖီအုလ္လာက အုပ်ချုပ်ရေးမှူး၏ အိမ်သို့ သွားရောက်၍ ငွေကျပ် တစ်သောင်း ပေးခဲ့သည်။ ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးသန့်စင်သည် မောင်ချမ်းသာ အိမ်တွင် ညအိပ်၍ ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်ပိုင်းတွင် ဖရုံချောင်း တံတားသို့ သွားရောက်၍ မျှောပိုက်၊ ကွန်ပိုက်များနှင့် ချောင်း၌ ငါးဖမ်းနေသော ငါးဖမ်းသမား များကို ဆဲဆို ကြိမ်းမောင်းခဲ့သည်။ ထို့နောက် ညောင်ချောင်းဈေးသို့ သွားရောက်၍ ငါးရောင်းနေသာ ဦးရာမတ်အုလ္လာ (ဘ) ဦးရှော်ဘိရ်၏ ငါးတောင်း (ငါးဆယ်သိုက်ပါ) နှင့် ငါးရောင်းရငွေကျပ် ၆၀၀၀ တို့ကို လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Rohingya Eye
RB News
8.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဦးရှဥ့်ကျ ကျေးရွာမှ ဦးဇူလုခ်မျာ (ဘ) ဦးတော်ယုဖ်ဇူလ္လာ (အသက် ၅၈ နှစ်) သည် ဒီဇင်ဘာလ (၆) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တော မြို့ထဲသို့ ကားဖြင့် သွားနေစဉ် ရွှေဇား တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် စစ်ဆေးခံရန် ကားပေါ်မှ ဆင်းရန်သွားရာ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးက ဆိုင်ကယ်ပေါ်တင်၍ ရခိုင်ရွာရှိ အိမ်တစ်အိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ထိုသို့ ရောက်သည်နှင့် ၎င်း၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလားဖုန်း နံပါတ် ရေးထားသည့် စာရွက်တစ်ရွက် ထည့်သွင်းပေးကာ ဘင်္ဂလားဖုန်း သုံးနေသည်ဟု စွပ်စွဲ၍ ငွေတောင်းခံခဲ့သည်။

သို့သော်လည်း ဦးဇူလုခ်မျာသည် ဗမာစကား နားမလည်သဖြင့် နယ်ခြားစောင့်ရဲ များက စကားပြန် တစ်ဦး ခေါ်လာကာ စကားပြန်မှ တဆင့် ငွေပေးရန်၊ ငွေမပေးပါက ရဲစခန်းသို့ ပို့၍ ထောင်ချမည်ဟု ခြိမ်းခြောက် ခဲ့သည်။ ဦးဇူလုခ်မျာက ၎င်းတွင် အပြစ်မရှိသဖြင့် ရဲစခန်းသို့ သွားရမည်ဆိုလျှင်လည်း သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း ငွေပေးနိုင်မည် မဟုတ်ကြောင်း ပြောသဖြင့် နောက်ဆုံးတွင် ၎င်း၏အိတ်ထဲတွင် ပါလာသည့် ငွေကျပ် တစ်သောင်းကို နယ်ခြားစောင့်ရဲ များက လုယက်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် မောင်တော မြို့နယ် မြောက်ပိုင်းမှ မြို့ပေါ်သို့ သွားသည့် ခရီးသည်များထံမှ မကြာခဏ ငွေညှစ်ခြင်း၊ ခါးပိုက်နှိုက်ခြင်း တို့ကို ပြုလုပ်လေ့ ရှိသည်။



Rohingya Eye
RB News
8.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ရခါလီ ကျေးရွာမှ ဟဲဖ်ဇူးရာမန် (ဘ) ဦးအာဘူလ်ကာလာမ် (အသက် ၂၈ နှစ်) သည် ၎င်း၏ ယောက္ခမ အိမ်ရှိရာ မြင်းလွတ် ကျေးရွာတွင် သစ်သားများ ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ အဆိုပါ သစ်သားများကို မောင်တောမြို့မှ တစ်ဦးတည်း သစ်ကိုယ်စားလှယ် Myint Brother Company ၏ ခွင့်ပြုချက်ဖြင့် မြင်းလွတ်ကျေးရွာ ဂျင်းတောင်မှ ခုတ်လှဲ နေခြင်း ဖြစ်သည်။ 

ထိုသို့ တရားဝင် ခွင့်ပြုချက်ဖြင့် ခုတ်လှဲ ရောင်းချနေခြင်းကို မြင်းလွတ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့က တရားမ၀င် ရောင်းချနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် ကြိုးစားနေသဖြင့် ၎င်းက ရှောင်တိမ်းနေခဲ့ပြီး၊ ကိုယ်စားလှယ် တစ်ဦးကို နိုဝင်ဘာလ (၂၇) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ စေလွှတ်၍ တရားဝင် ခွင့်ပြုချက် ယူထားသည့် အထောက်အထား များကို ပြသခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က လက်မခံဘဲ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထိုကဲ့သို့ ငွေညှစ်နိုင်အောင် မဟုတ်မမှန် အကွက်ဆင်ပြီး သတင်းပေးနေသူများမှာ ဦးမိုဟာမတ်တော်ယုဖ် (ဘ) ဦးဇာဖော်ရ်အာမတ် (အသက် ၃၂ နှစ်) နှင့် ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးဆွေယာဒ်ကာဆိမ်း (အသက် ၃၉ နှစ်) တို့ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့ နှစ်ဦးကြောင့် ရွာသားများ အလွန်ဒုက္ခရောက်လျက် ရှိနေသည်ဟု ဆိုသည်။



MYARF
RB News
8.12.2015

ဘူးသီးတောင် ။ ။ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ငါးရှည်ထောက် ကျေးရွာအုပ်စု၊ ဒိုင်းနက်ရွာမှ ဒိုင်းနက်လူမျိုး လူငယ် နှစ်ဦးသည် ငါးရှည်ထောက်နှင့် လုံးချောင်းကျေးရွာ ကြားရှိ စမ်းချောင်းသို့ သွားရောက်ပြီး စမ်းချောင်းတွင် အစာစားနေသော လုံးချောင်းကျေးရွာမှ ဦးဟာဘီရောန် (ဘ) ဦးမာတာဘောရ်၏ ဘဲနှစ်ကောင်ကို ဖမ်းဆီး ခိုးယူသွားနေသည်ကို ဦးဟာဘီရောန်၏ သမီးနှစ်ဦးက မြင်၍ သူခိုးများ လက်ထဲမှ ဘဲများ လုယူခဲ့ရာ သူခိုးနှစ်ဦးက မိန်းကလေး နှစ်ဦးကို ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် မိန်းကလေး တစ်ဦး ဦးခေါင်း ကွဲပြတ်သွားပြီး၊ ကျန်တစ်ဦးမှာ လက်တစ်ဖက် ကျိုးသွားခဲ့သည်။

မိန်းကလေး နှစ်ဦးနှင့် အတူပါလာသည့် ကလေးငယ် နှစ်ဦးကိုလည်း ရိုက်နှက်ခဲ့သည်။ မိန်းကလေးများနှင့် ကလေးငယ်များ၏ အော်ဟစ်သံကိုကြား၍ ၎င်းတို့၏ မောင်ဖြစ်သူ အာမာန်အုလ္လာနှင့် အစ်ကိုဝမ်းကွဲ တော်စပ်သူ ရော်ရှီဒုလ္လာ (ဘ) ဦးအာဇီရာမန်တို့ ပြေးလာပြီး သူခိုးနှစ်ဦးနှင့် အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့သည်။ ထိုစဉ် လမ်းပေါ်မှ မောင်းနှင်သွားသော ကားပေါ်မှ ဒိုင်းနက်လူမျိုးများက အခင်းဖြစ်ပွားနေသည်ကို မြင်တွေ့၍ ကားပေါ်မှ သံချောင်း၊ ဂွများ ကိုင်လျက် ဒိုင်းနက် လူမျိုး (၁၀) ဦးကျော် ပြေးဆင်းလာပြီး ရိုဟင်ဂျာ မိန်းကလေး နှစ်ဦးနှင့် လူငယ် နှစ်ဦးကို ရိုက်နှက်ခဲ့သည်။ 

ဒိုင်းနက်လူမျိုးများ အုပ်စုလိုက် အနိုင်ကျင့် ရိုက်နှက်နေစဉ် အနီးအနားမှ ရိုဟင်ဂျာများ ရောက်ရှိလာသဖြင့် ဒိုင်းနက်လူမျိုးများ နောက်ဆုတ် သွားခဲ့ရသည်။ သို့သော်လည်း ကားပေါ်မှ ဆင်းလာသော ဒိုင်းနက်များ၏ ရိုက်နှက်မှုကြောင့် ရိုဟင်ဂျာ လူငယ်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဒိုင်းနက် တစ်ဦးလည်း ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။ 

ထို့နောက် ငကျဉ်တောက်နှင့် လောင်းချောင်း ကျေးရွာအုပ်စုရှိ ဒိုင်းနက်များ အုပ်စုလိုက် လာရောက်၍ တွေ့သမျှ ရွာသားများကို တိုက်ခိုက် ရိုက်နှက်ခဲ့ရာ ရိုဟင်ဂျာများကလည်း ခုခံ တိုက်ခိုက်သဖြင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့သည်။ 

လောင်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ခင်ဇော်ထွန်း (ခ) ဇော်ဇော်နှင့် ငါးရှည်ထောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်စိန်လှတို့က လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားလျက် ရှိကြောင်း၊ ရိုဟင်ဂျာများက ဒိုင်းနက်များကို သတ်ဖြတ်နေသည်ဟု ဌာနဆိုင်ရာ များသို့ အကြောင်းကြားခဲ့သဖြင့် နံနက် (၁၀) နာရီခန့်တွင် တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးနှင့်အဖွဲ့၊ တပ်မတော် တပ်မမှ G-1၊ ဗျူဟာမှူး၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေ၊ ရဲစခန်းမှူးတို့ ရောက်ရှိလာခဲ့ကြသည်။ 

အခင်းဖြစ်ပွားပုံကို စုံစမ်းပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် တပ်မတော်မှ G-1 တို့က ဒိုင်းနက်များက အခြားရွာသို့ သွားရောက်၍ လူမျိုးမတူ ဘာသာမတူသူ များ၏ ပစ္စည်းများ လုယက်သည်မှာ ဒိုင်းနက်များ၏ ကျူးလွန်မှုသာ ဖြစ်သည်။ ဤပြဿနာသည် လူမျိုးရေး၊ ဘာသာရေးနှင့် မည်သို့မှ ပတ်သက်ခြင်း မရှိ၊ အချင်းချင်း ဖြစ်သော ပြဿနာ ဖြစ်၍ ရဲက စုံစမ်းဖြေရှင်း ပေးရန် ပြောဆိုပြီး အရာရှိကြီးများ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ငကျဉ်တောက်နှင့် လောင်းချောင်းရှိ ရိုဟင်ဂျာရွာများကို နယ်ခြားစောင့်ရဲ များက ည ၉း၃၀ နာရီ အချိန်ထိ ၀န်းရံ ထားခဲ့သည်။ ည ၉း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲများ ထွက်သွားသည့် အချိန်၌ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည့် ရိုဟင်ဂျာ လူငယ်နှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ဖမ်းဆီးခံ နှစ်ဦး အပါအ၀င် ရိုဟင်ဂျာ (၇) ဦးက တိုက်ခိုက်ခဲ့သည်ဟု ဆိုကာ ဒိုင်းနက်များက ရိုဟင်ဂျာ (၇) ဦး၏ အမည်စာရင်းကို ပေးထားခဲ့သည်။ 

နောက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက စာရင်းပါ ရိုဟင်ဂျာ (၅) ဦးကို ၎င်းနှင့် လာရောက် တွေ့ဆုံရန် ဆင့်ခေါ်သော်လည်း စာရင်းပါ (၅) ဦးက ပြဿနာတွင် ပါဝင် ပတ်သက်မှု မရှိခဲ့သောကြောင့် သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပေ။ ရဲမှူး၏ လက်အောက်ငယ်သား နယ်ခြားစောင့်ရဲ များက ဒိုင်းနက် လူမျိုး ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ပူးပေါင်း၍ ရိုဟင်ဂျာရွာများ ထဲသို့ ၀င်ရောက်ကာ ငွေကြေး တတ်နိုင်သည့် ရိုဟင်ဂျာများကို ပြဿနာတွင် ပါဝင် ပတ်သက်ခဲ့သည်ဟု ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် လောင်းချောင်း ကျေးရွာအုပ်စု ဒိုင်းနက်ရွာမှ ဦးရှိန်ဂေါ်၏ သားနှစ်ဦး၊ ငကျဉ်တောက် ကျေးရွာအုပ်စု ဒိုင်းနက်ရွာမှ ဦးနိုင်ကျား၏ သားများနှင့် ၎င်း၏ညီ အောင်ကျော်လင်းတို့က နယ်ခြားစောင့်ရဲ များနှင့် အတူ ရိုဟင်ဂျာရွာထဲသို့ ၀င်ရောက်၍ “ဒီလိုအခါမှာ မင်းတို့ ကုလားတွေကို ပျက်စီးအောင် လုပ်သွားမယ်” ဟု ကြုံးဝါး ပြောဆိုလျက် ရှိသည်။ 

ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲ များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးတို့ အဖွဲ့သည် ငကျဉ်တောက်ရွာသို့ သွားရောက်၍ မာမတ်ဆော်ယာဒ် (ဘ) ဦးအဒူရာမန်၊ ရော်ဖိတ် (ဘ) ဦးဖောဇိလ်၊ အာရ်ဖာတ် (ဘ) ဦးဟာမိတ်၊ ဟာမိတ် (ဘ) ဦးဟာဘီ၊ ဒေါ်တုန္နားဘီ (ဘ) ဦးဆုလ်တာန်နှင့် ဦးဟာလာယာ၏ ဇနီးတို့ အပါအ၀င် အမျိုးသမီး (၆) ဦးကို ဖမ်းဆီး၍ ငကျဉ်တောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဇော်၏ အိမ်သို့ ခေါ်ဆောင် သွားကာ ကြိုးဖြင့် ချည်နှောင် ထားခဲ့သည်။ ညနေပိုင်းတွင် အမျိုးသမီး (၆) ဦးကို အမျိုးမျိုး ခြိမ်းခြောက်၍ ရိုဟင်ဂျာများကသာ ရန်စခဲ့သည်ဟု ထွက်ဆိုခိုင်းကာ ပြန်လည် လွှတ်ပေးခဲ့သည်။ အမျိုးသား (၄) ဦးကို လူမဆန်စွာ ရိုက်နှက် နှိပ်စက်ပြီး ဒီဇင်ဘာလ (၆) ရက်နေ့တွင် ငွေကျပ် နှစ်သိန်းစီ ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်တွင် အမျိုးသမီး (၆) ဦးကို တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ရိုဟင်ဂျာများကသာ ရန်စပြုခဲ့သည်ဟု ထပ်မံ ထွက်ဆိုခိုင်းခဲ့ပြီး ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ယင်းနေ့ ည (၉) နာရီ အချိန်တွင် အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ နယ်ခြားစောင့်ရဲ များသည် လောင်းချောင်း ကျေးရွာသို့ သွားရောက်၍ အာဇီရာမန်၏ ဇနီးကို လူမဆန်စွာ ကန်ကျောက် ရိုက်နှက်ခဲ့သည်။ ကာမာလ်ဟူစိန်း၏ ဇနီး (ကိုယ်ဝန်ဆောင်) ကိုလည်း လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီးပြီး ရာအိမ်မှူး အိမ်တွင် ထိန်းသိမ်း ထားခဲ့သည်။ ထို့နောက် ကင်းရုံတွင် ကင်းစောင့်နေသာ လူငယ် (၃) ဦးနှင့် နေအိမ်များမှ ဒေသခံ (၃) ဦးကို ဖမ်းဆီး ရိုက်နှက်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ 

ဒီဇင်ဘာလ (၇) ရက်နေ့ နံနက်တွင် နယ်ခြားစောင့်ရဲများ လောင်းချောင်း ကျေးရွာသို့ သွားရောက်၍ စပါးရိတ်နေသည့် အလုပ်သမား နှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးထားသည့် အမျိုးသား (၈) ဦးကို ယင်းနေ့ ညနေပိုင်းတွင် ငွေကျပ် တစ်သိန်း ငါးသောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကာမာလ်ဟူစိန်း၏ ဇနီးကိုလည်း ငွေကျပ် ငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက အခင်းဖြစ်ပွားသည့်နေ့တွင် အမှန်အတိုင်း ပြောကြားခဲ့သော်လည်း အပြစ်မဲ့ ရွာသားများကို ဖမ်းဆီး၍ ငွေရနေသဖြင့် ငွေကို မက်မော၍ မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

MYARF
RB News
8.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ အမှတ် (၄) ရပ်ကွက်မှ စီးပွားရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူ ရိုဟင်ဂျာ လူငယ် တစ်ဦးကို နယ်ခြားစောင့်ရဲ များက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်၍ သတ်ဖြတ်ခဲ့ကြောင့် သတင်းရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အမှတ် (၄) ရပ်ကွက်မှ အငြိမ်းစား ကျောင်းဆရာ ဦးအာဘူလ်ကာလာမ်၏ သား မောင်မောင် (အသက် ၂၅ နှစ်) သည် ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် ရခိုင်လူမျိုးပိုင် (ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးလုံး ရခိုင်လူမျိုး) ကန်တာ ကားတစ်စီး ငှားရမ်း၍ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်းဈေးသို့ သွားရောက်၍ ကြက်သွန်နီများ ၀ယ်ယူပြီးနောက် ကားပေါ်တင်၍ ဘူးသီးတောင်မြို့သို့ အပြန် ည ၈ နာရီခန့် အချိန်တွင် ဖားဝပ်ချောင်း ကျေးရွာအုပ်စု န.တ.လ (ရခိုင်ရွာ) ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း ရှေ့သို့ ရောက်ရှိ လာခဲ့သည်။ 

ထိုကင်းစခန်းမှ တာဝန်ကျရဲက ကားသမားထံမှ ငွေတောင်းခံခဲ့ရာ ကားသမားက ၎င်း၏ကားသည် အသွားတွင်လည်း ငွေပေးခဲ့ရသဖြင့် အပြန်တွင် ပေးစရာ မလိုကြောင်း ပြောရာ တာဝန်ကျရဲက ငွေမပေးလျှင် သွားခွင့်မပြုနိုင်ကြောင်း၊ ဂိတ်ကျော်တိုင်း ငွေပေးရမည် ဖြစ်ကြောင်း ပြောဆိုကာ အတင်းအဓမ္မ ငွေတောင်းခံခဲ့ကြောင်း၊ ၎င်းတို့ ပြောဆိုနေသည့် အချိန်တွင် စခန်းကို ဖြတ်ကျော် သွားနေသော အမည်မဖော်လိုသည့် ဖားဝပ်ချောင်း ရွာသား တစ်ဦးက ပြောပါသည်။

ထို့နောက် ကားသမားက ငါလည်း တိုင်းရင်းသား၊ တိုင်းရင်းသား ဖြစ်၍ ငွေပေးစရာ မလိုကြောင်း ပြောဆို၍ ငွေမပေးဘဲ ကားမောင်းသွားနေစဉ် တာဝန်ကျရဲက ကားရှေ့သို့ သွား၍ ယာဉ်မောင်းနှင့် ကပ်လျက် ထိုင်နေသည့် မောင်မောင်၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ပစ်လိုက်သည့် ကျည်ဆံမှာ မောင်မောင်၏ ၀ဲဖက် နားရွက်ပေါ်၌ ထိမှန်ခဲ့ပြီး၊ ကျည်ဆံထိမှန်သည့် မောင်မောင်သည် ချက်ချင်းဆိုသလို သတိလစ်သွားခဲ့သည်။

ထို့နောက် စခန်းမှ နောက်ထပ် နယ်ခြားစောင့်ရဲများ ထွက်လာပြီး ရခိုင်လူမျိုးများ ဖြစ်သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးပြီး စခန်းထဲတွင် ချုပ်နှောင်ထား၍ ကားကို စခန်းရှေ့တွင် ရပ်တန့်ထားပြီး၊ သေနတ် ကျည်ဆံ ထိမှန်သော မောင်မောင်ကို မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

သေနတ် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မောင်မောင်သည် မောင်တော ပြည်သူ့ဆေးရုံ၌ ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် ၄ နာရီခန့် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက မောင်မောင်၏ ဖုန်းဖြင့် မောင်မောင်၏ မိဘများထံ မောင်တော ဆေးရုံတွင် သေဆုံး သွားကြောင်း အကြောင်းကြားခဲ့သည်။ မောင်မောင်၏ မိသားစုဝင် များသည် မောင်မောင် သေဆုံးသွားကြောင်း သိရှိရပြီးနောက် ယနေ့ နံနက်ပိုင်း အချိန်တွင် မောင်တော ပြည်သူ့ ဆေးရုံသို့ လိုက်သွားခဲ့သည်။ မောင်မောင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖားဝပ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ တာဝန်ခံမှာ တပ်ကြပ်ကြီး သန်းဇော် ဖြစ်ကြောင်း သိရှိရသည်။ 

မောင်တော ပြည်သူ့ ဆေးရုံတွင် မောင်မောင်၏ ရုပ်အလောင်းကို ခွဲစိတ်ပြီးနောက် မိသားစုဝင်များထံ အပ်နှံခဲ့ပြီး၊ နံနက် ၉း၃၀ နာရီ အချိန်တွင် ရုပ်ကလာပ်ကို ဘူးသီးတောင်မြို့သို့ သယ်ဆောင် လာနိုင်ခဲ့သည်။ 

မောင်တောမြိှု့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိသုံးဦးသည် မောင်မောင်၏ နေအိမ်သို့ သွားရောက်၍ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ ထိုစဉ် နယ်ခြားစောင့်ရဲ တစ်ဦးက သေဆုံးသူ၏ အမည်ကို မေးမြန်းရာ မောင်မောင်၏ ဖခင် ဆရာ ဦးအာဘူကာလာမ်က မောင်မောင်ဟု ဖြေလိုက်သဖြင့် နယ်ခြားစောင့်ရဲက ကုလားနာမည် ဘယ်လိုခေါ်လဲဟု ထပ်မံ မေးမြန်းခဲ့သည်။ 

သားဖြစ်သူ အကြောင်းမဲ့ အသတ်ခံရ၍ ပူဆွေးသောက ရောက်နေချိန်တွင်ပင် နယ်ခြားစောင့်ရဲများ လာရောက်၍ လူမျိုးရေး စော်ကားခြင်းသည် အသတ်ခံရသူ၏ ဖခင်၏ အနာပေါ် တုတ်ဖြင့် ရိုက်နှက်သလို နာကျင်စေမည် ဖြစ်သည်။ လူတစ်ဦးကို အကြောင်းမဲ့ တမင် ရည်ရွယ်ရှိရှိ အနီးကပ် ပစ်ခတ် သတ်ဖြတ်ပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အရာရှိက လူမျိုးဘာသာ ခွဲခြားသော စကားလုံးသုံး၍ ကျောင်းဆရာ တစ်ဦးကို မေးမြန်းခဲ့ခြင်းမှာ ရိုဟင်ဂျာ တစ်မျိုးသားလုံးကို စော်ကားရာလည်း ရောက်သည်။ 

နယ်ခြားစောင့်ရဲနှင့် စကားများသူမှာ ယာဉ်မောင်းသာ ဖြစ်ပြီး ပစ်ခတ်မည် ဆိုပါက ယာဉ်မောင်းကို ပစ်ခတ်ရမည် ဖြစ်သည်။ ယခုကဲ့သို့ မည်သည့် အပြစ်မှ ကျူးလွန်ခြင်း မရှိသော ရိုဟင်ဂျာ လူငယ်လေးကို ပစ်ခတ်ခဲ့ခြင်းမှာ တမင် လူမျိုး၊ ဘာသာကို ပစ်မှတ်ထားပြီး ပစ်ခတ်ခြင်း ဖြစ်သည်။ အစိုးရမှ နှစ်ရှည် စီမံကိန်းချထားသည့် လူမျိုးတုန်း သတ်ဖြတ်မှုကိုလည်း တဖြေးဖြေး အကောင်အထည် ဖော်နေသည်မှာ ပေါ်လွင်နေသည်။ 

ဒေသခံ ရိုဟင်ဂျာများက ဤကဲ့သို့ နေ့စဉ်ရက်ဆက် အကြောင်းမဲ့ အသတ်ခံနေရခြင်း အပေါ် အထူး စိုးရိမ် ကြောင့်ကြလျက် ရှိနေကြသည်။ တာဝန်ရှိ အရာရှိကြီးများက အောက်ခြေ အာဏာပိုင်များကို ဤကဲ့သို့ လူမဆန်စွာ သတ်ဖြတ်ရန် ညွန်ကြားထားလေသလားဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ဖမ်းဆီးထားသော်လည်း မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရသေးဟု ဒေသခံများက ဆိုသည်။ ညမထွက်ရ အမိန့်ကို ယနေ့တွင် ထပ်မံ၍ နှစ်လ သက်တမ်းတိုးမြှင့်လိုက်ပြီး၊ အမိန့် သက်တမ်း တိုးသည့် အချိန်တိုင်းတွင် ဤကဲ့သို့ အဖြစ်အပျက်များ ဖြစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။








MYARF
RB News
7.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၈) မှ ဦးရှာဖ်အုဒ္ဒိန်ကို ၂၀၁၂ ခုနှစ်တွင် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်လိုက်သဖြင့် မိမိ၏ နေရပ်တွင် မနေနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး သွားခဲ့ရသည်။ ထို့ကြောင့် ၎င်း၏ ဇနီး ဖြစ်သူ ဇနီး ဒေါ်မောင်တာစ်ဘေဂမ် (အသက် ၃၈ နှစ်) မှာ (၇) နှစ် အရွယ် သားလေးနှင့် (၅) နှစ် အရွယ် သမီးလေးတို့နှင့် အတူ နေအိမ်တွင် ခင်ပွန်းမပါဘဲ နေရသည်။ 

ခင်ပွန်း မရှိတော့သည့် ဒေါ်မောင်တာစ်ဘေဂမ်မှာ အလွန်ဆင်းရဲ၍ သူများအိမ်တွင် အလုပ်လုပ် (အစေခံ) ခြင်းဖြင့် ကလေး နှစ်ဦးကို ကျွေးမွေး ပြုစု နေထိုင်ရသည်။ 

ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ချမ်းသာနှင့် နယ်ခြားစောင့်ရဲ များ၏ တပည့် ဖြစ်သူ အကွက် (၁) မှ မူဟိဖ်ဘူလ္လာနှင့် အကွက် (၈) မှ ကာဆိမ် တို့နှစ်ဦးက ဒေါ်မောင်တာစ်ဂေမ်ကို ဖျက်ဆီးရန် ကြိုးစားနေသည်မှာ တစ်နှစ်ကျော် ရှိနေပြီ ဖြစ်သည်ဟု ဒေသခံ ရွာသားများက RB News သို့ပြောပါသည်။ သို့သော်လည်း ဒေါ်မောင်တာစ်ဘေဂမ်မှာ ရိုးသားစွာ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ပြီး၊ အကျင့်ပျက် အမျိုးသမီး တစ်ဦး မဟုတ်သဖြင့် ၎င်းတို့ စိတ်တိုင်းကျ ခြယ်လှယ်ခွင့် မရခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ နယ်ခြားစောင့်ရဲ များ၏ တပည့်များသည် ၎င်းတို့တွင် ရှိသော သြဇာ အာဏာဖြင့် သူမအား မကြာခဏ နှောက်ယှက် လေ့ရှိသည်။ 

ဒီဇင်ဘာလ (၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် အဆိုပါ တပည့်နှစ်ဦးက သူမ၏ နေအိမ်တံခါးကို ချိုးဖောက်၍ ၀င်ရောက်၍ ကန်ကျောက် နေစဉ် သူမက အော်ဟစ်၍ အိမ်နီးချင်းများ ထံမှ အကူအ ညီ တောင်းခံခဲ့သည်။ သူမ၏ အော်သံကြား၍ အိမ်နီးချင်း ဦးဇော်ကော်ရီယာ၏ သား အာဗ်ဒူလ္လာက သွားရောက်၍ ကူညီရန် ကြိုးစားရာ တပည့်နှစ်ဦးက အဗ်ဒူလ္လာကို ဖမ်းဆီးပြီး အုပ်ချုပ်ရေး မှူး မောင်ချမ်းသာ ကို ဖုန်းဆက်၍ အဗ်ဒူလ္လာက ဒေါ်မောင်တာစ်ဘေဂမ်ကို မုဒိန်းကျင့်ရန် ကြိုးစားနေစဉ် ဖမ်းဆီးခဲ့သည်ဟု အကြောင်းကြား၍ အုပ်ချုပ်ရေးမှူး ထံသို့ သွားရောက်၍ အပ်နှံခဲ့သည်။ 

အုပ်ချုပ်ရေးမှူးက အဖြစ်မှန်ကို မစုံစမ်းဘဲ တပည့်များ၏ စကားကို နားထောင်ကာ အဗ်ဒူလ္လာကို ကင်းရုံတွင် တစ်ညလုံး ကြိုးဖြင့် ချည်နှောင် ထားခဲ့သည်။ နောက်နေ့ မိုးလင်းသည်နှင့် ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ အပ်နှံလိုက်သည်။ နယ်ခြားစောင့်ရဲ များက ဒေါ်မောင်တာစ်ဘေဂမ် ကို ခေါ်ယူ ၍ မေးမြန်းရာ သူမ အဖြစ်အပျက် အမှန်ကို ပြောပြသော်လည်း တပည့်နှစ်ဦးကို အရေးမယူသည့် အပြင် အဗ်ဒူလ္လာကိုလည်း ပြန်မလွှတ်ဘဲ ချုပ်နှောင် ထားခဲ့သည်။ ထို့အပြင် ဒေါ်မောင်တာစ်ဘေဂမ်ကိုလည်း မည်သည့် အာဏာပိုင်ကိုမှ တိုင်တန်းခြင်း မပြုပါဟု လျှောက်လွှာ စာရွက် အလွှတ်တွင် လက်ဗွေနှိပ် ခိုင်းခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲ များက အဗ်ဒူလ္လာကို ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ခြောက်သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။



MYARF
RB News
7.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၂) (ယခင် နယ်မြေ ၅) စခန်း (ငါးခူရစခန်း) မှ နယ်ခြားစောင့်ရဲ (၁၈) ဦးသည် ဒီဇင်ဘာလ (၅) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် ငါးစကြူး ကျေးရွာ (နှစ်ဆားဖူးရူး) အုပ်စု ရွာမသို့ သွားရောက်၍ လမ်းတွင် တွေ့ရှိသော ဦးမာမတ်အေမာရာန် (ဘ) ဦးမာမတ်အာမီးန်ကို လက်ထိပ်ခတ်၍ စစ်ဆေးပြီး၊ ၎င်းနှင့် ပါလာသည့် MPT ဖုန်းနှင့် တန်ဖိုး ၃၅၀၀ ကျပ်ရှိ လက်နှိပ်ဓါတ်မီး တို့ကို သိမ်းယူလိုက်သည်။ ထို့နောက် ဦးအေမာရာန်ကို လက်ထပ်ခတ်လျက် ၎င်းတို့နှင့် အတူ ရွာထဲ ပတ်ခဲ့သည်။ ည ၁၀ နာရီကျော် အချိန်တွင် နယ်ခြားစောင့်ရဲ များနှင့် သိကျွမ်းသော တပည့် တစ်ဦးကို တွေ့သောအခါ ဦးအေမာရာန်ကို ပြန်လည် လွှတ်ပေးခဲ့သည်။ ဦးအေမာရာန်က ၎င်း၏ ဖုန်းနှင့် ဓါတ်မီး ပြန်တောင်းရာ ဖုန်းကို ပြန်ပေးခဲ့သော်လည်း လက်နှိပ်ဓါတ်မီးကို ပြန်မပေးသောကြောင့် ထပ်မံ၍ တောင်းရာ နယ်ခြားစောင့်ရဲ များက ရိုက်နှက်ခံချင်လားဟု ခြိမ်းခြောက်၍ လက်နှိပ် ဓါတ်မီးကို သိမ်းယူသွားခဲ့သည်။

ည ၁၀း၃၀ နာရီခန့် အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု နိယာရ်ဘိလ်ရွာသို့ သွားရောက်ပြီး ဆိုင်ထဲတွင် MPT ဆင်းမ်ကဒ်ပါ ဖုန်းတစ်လုံးဖြင့် သီချင်း နားထောင်နေသော ဆိုင်ရှင် ဦးဘော်ရှော်ရ် (ဘ) ဦးကာဆိမ်း၏ ဖုန်းကို စစ်ဆေးကာ ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု လုပ်ကြံပြီး ခြိမ်းခြောက်ကာ ငွေကျပ် သုံးသိန်း ခြောက်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ညသန်းခေါင်ယံ (ဒီဇင်ဘာလ ၆ ရက် နံနက် ၁း၃၀ နာရီ) အချိန်တွင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဒိုးတန်း ကျေးရွာ (လုဒိုင်း) သို့သွားရောက်၍ ယင်းရွာမှ ဦးအုစ်မာန် (ဘ) ဦးကော်ရီမူလ္လာကို ဆိုင်ထဲမှ ခေါ်ထုတ် စစ်ဆေးပြီး ဘင်္ဂလားဖုန်း တွေ့ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် လေးသိန်း နှစ်သောင်း ညှစ်ယူခဲ့သည်။ 

ငါးခူရ စခန်းမှ နယ်ခြားစောင့်ရဲ များသည် မကြာခဏ ဆိုသလို အနီးအနားရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန် လုပ်ကြံ၍ ဖမ်းဆီးပြီး မတရားသဖြင့် ရိုက်နှက် ခြိမ်းခြောက်ကာ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
7.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာမှ ဦးအစ္စလာမ် (ဘ) ဦးအော်လီ (အသက် ၅၀ နှစ်) သည် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ၎င်း၏ သားသမီးများနှင့် အတူ တလင်းမှ စပါးများကို လက်တွန်းလှည်းဖြင့် အိမ်သို့ သယ်ဆောင် လာနေစဉ် ၎င်း၏သားဖြစ်သူ၏ သူငယ်ချင်း (အသက် ၉ နှစ်/ ၁၀ နှစ် အရွယ်) သုံးဦးကလည်း ၀ိုင်းဝန်း၍ တွန်းပေးခဲ့သည်။ 

၎င်းတို့အားလုံး တွန်းလှည်းဖြင့် စပါးသယ်ဆောင် လာစဉ် တံတားအနီးတွင် နွားတစ်ကောင်ကို တိုက်မိခဲ့သည်။ ထိုသတင်းကို ကျေးရွာ တာဝန်ခံ ဆော်လီမူလ္လာက ကြားသိပြီး ဒီဇင်ဘာလ (၂) ရက်နေ့တွင် ဦးအစ္စလာမ်ကို ဆင့်ခေါ်၍ တွန်းလှည်းဖြင့် နွားကို တိုက်မိသဖြင့် ပိုင်ရှင်ဖြစ်သူက တိုင်ကြားထားကြောင်း လုပ်ကြံပြောဆို၍ နွားတစ်ကောင်၏ တန်ဖိုး ပေးလျော်ရမည်ဟု ဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်ပြီး ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် ဦးအစ္စလာမ်၏ သားဖြစ်သူ၏ သူငယ်ချင်း ကလေးသုံးဦး၏ မိဘများကိုလည်း ဆင့်ခေါ်၍ တွန်းလှည်း တွန်းရာတွင် ကလေးများ ပါဝင်သောကြောင့် လျော်ကြေးပေးရမည်ဟု ဆိုကာ ခြိမ်းခြောက်၍ တစ်ဦးထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့သည်။ 

နွားကို တွန်းလှည်းဖြင့် တိုက်မိသော်လည်း ခြေထောက် တစ်ဖက်တွင် အနည်းငယ်သာ ထိမိသဖြင့် ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
7.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရဲမှူးကြီး (G1) က မောင်တော မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲများ ငွေညှစ်နေသော သတင်းများ မကြာခဏ ကြားရ၍ စစ်ဆေးရန်ဟု ဆိုကာ ဒီဇင်ဘာလ (၃) ရက်နေ့မှ စ၍ ကြိမ်ချောင်းနှင့် အောင်စစ်ပြင် ကျေးရွာကြားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် အမှတ် ၂၄ န.စ.က စခန်း) တွင် ရုံးထိုင်လျက် ရှိသည်။ ရဲမှူးကြီး ရုံးထိုင် စစ်ဆေးနေသည်ကို အခွင့်ကောင်းယူ၍ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) တွင် တာဝန်ထမ်းဆောင် နေသော နယ်ခြားစောင့် ရဲတပ်သား ဇော်ဇော်အောင်က ရဲမှူးကြီး အတွက် ငွေရှာပေးရသည်ဟု ဆိုကာ ယခင်ကထက် ပို၍ သောင်းကျန်းပြီး ငွေညှစ်လျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

“အရင်က ဇော်ဇော်အောင် မတရားသဖြင့် ငွေညှစ်လို့ ရတဲ့ထဲက စခန်းမှူးကို နည်းနည်းပါးပါး ပေးပြီး ကျန်တာ သူစားနိုင်ခဲ့တယ်။ အခုဆိုရင် လေးပုံသုံးပုံကို စခန်း ၂၄ မှာ ရုံးထိုင်နေတဲ့ ရဲမှူးကြီးကို ပေးနေရတယ်။ ကျန်တဲ့ တပုံကို စခန်းမှူးကို ပေးနေရတယ်။ ရဲမှူးကြီးရတဲ့ထဲက တစ်ဝက်ကို ရဲမှူးချုပ် တင်ကိုကို ကိုဝေစု ပေးရတယ်။ ရဲမှူးချုပ်နဲ့ ရဲမှူးကြီး အတွက် ငွေများများ ရှာပေးနိုင်မှ သူတို့ရဲ့ လူယုံတော် ဖြစ်နိုင်ပြီး ရာထူးတက်မှာ ဆိုတော့ ငွေများများ ရှာပေးနေရတယ်လို့ ဇော်ဇော်အောင်က ပြောနေတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

ထို့အပြင် ဇော်ဇော်အောင်က ၎င်းသည် အထက်အရာရှိကြီး များ၏ အထူးအာဏာဖြင့် လှုပ်ရှားနေသူ ဖြစ်၍ မည်သူ့ကိုမှ အရေးစိုက်ရန် မလိုဟု ကြိုးဝါး ပြောဆိုလျက် ရှိသည်။ 

ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဇော်ဇော်အောင်နှင့် အခြား နယ်ခြားစောင့်ရဲ တစ်ဦးသည် သူရိုင်းကျေးရွာ အ၀တွင် စောင့်ပြီး သူရိုင်းကျေးရွာသို့ ခရီးသည်တစ်ဦး ပို့ပေးပြီး ကြိမ်ချောင်းသို့ ပြန်လာနေသော ဆိုင်ကယ် တက္ကစီဆွဲနေသူ ကြိမ်ချောင်း အလယ်ရွာမှ ဦးဆဒမ်ဟူစိန်း (ဘ) ဦးဟူစိန်းအာမတ်ကို စစ်ဆေးပြီး၊ ၎င်း၏ ရှေ့မှောက်တွင်ပင် ဆိုင်ကယ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခု ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံကာ ငွေကျပ် (၅) သိန်း တောင်းခံခဲ့သည်။ အပြစ်မဲ့ ဆိုင်ကယ် တက္ကစီသမားက ငွေကျပ် (၅) သိန်း မပေးသဖြင့် စခန်းသို့ ခေါ်ဆောင် သွားကာ ရိုက်နှက်၍ ချုပ်နှောင် ထားခဲ့သည်။ 

ထို့နောက် ဇော်ဇော်အောင်က ကြိမ်ချောင်း အလယ်ရွာမှ ၎င်း၏ တပည့်ဖြစ်သူ ဘော်ရှော်ရ်ကို ဖုန်းဆက်၍ ဦးဆဒမ်ဟူစိန်း၏ အိမ်သို့ သွားရောက်ခိုင်းပြီး မိဘများအား ငွေမပေးပါက ရဲမှူးကြီးထံ အပ်နှံ၍ ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် ၃ သိန်း ၅ သောင်း ညှစ်ယူခဲ့သည်။ 

ဇော်ဇော်အောင်သည် ဒေသခံ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်သည့် အပြင် WY မူးယစ်ဆေးဝါး ရောင်းဝယ် နေသူ တစ်ဦး ဖြစ်သည်။ ၎င်း၏ မူးယစ်ဆေးဝါး လုပ်ငန်းတွင် အစုစပ်ပါဝင်သူ နှစ်ဦးဖြစ်သည့် ကြိမ်ချောင်း ကျေးရွာမှ ရှားဘူးတို့ နှစ်ဦးကို မူးယစ်ဆေးဝါးများနှင့် ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ထားသည်။ 

ဇော်ဇော်အောင်၏ ငွေညှစ်မှုသတင်းများကို အထက်အရာရှိကြီးများက အကြိမ်ကြိမ် ကြားသိသော်လည်း စစ်ဆေး အရေးယူခြင်း မပြုသည်မှာ ရဲမှူးချုပ်နှင့် ရဲမှူးကြီးတို့ ဝေစုရနေ၍ ဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။



MYARF
RB News
6.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၃) မှ အဒူဂေါ်နီ (ဘ) ဦးအစ္စမိုင်လ်၊ ဈေးကုန်တန်းရွာမှ မာမတ်ဟာရှိမ် (ဘ) ဦးဂျာမာလ် (အသက် ၂၇ နှစ်) နှင့် ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၂) ရွာမှ မာမတ်ဒူလ္လာ (ဘ) ဦးတာဟဲရ် တို့သည် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ငွေကျပ် သိန်း ၁၅၀ ဖြင့် ရသေ့တောင် မြို့နယ် ကျောက်ဖြူတောင် ကျေးရွာ (ရခိုင်ရွာ) သို့ ကျွဲ၊ နွား ၀ယ်ယူရန် သွားရောက်ပြီး ညနေ နေ၀င်ပြီးချိန်တွင် စက်တပ် စက်လှေငယ် တစ်စီးဖြင့် ပြန်လာနေစဉ် သမီးလှကျေးရွာ အနီးသို့ ရောက်သောအခါ ရခိုင်များ မောင်းနှင်လာသော စက်လှေကြီး တစ်စီးက တမင် ၀င်တိုက်ရာ၊ စက်လှေပေါ်ရှိ (၃) ဦးမှ (၂) ဦး မြစ်ထဲ ပြုတ်ကျသွားပြီး စက်လှေပေါ်တွင် ကျန်ရှိသည့် မာမတ်ဟာရှိမ်ကို ရခိုင်များက ၎င်းတို့၏ စက်လှေပေါ်သို့ တင်လိုက်ပြီး ၀ိုင်းဝန်း၍ ရိုက်နှက်၍ မြစ်ထဲ ပစ်ချခဲ့သည်။ 

ရခိုင်များ၏ ရိုက်နှက် ထိုးကြိတ်မှုကြောင့် မာမတ်ဟာရှိမ်၏ ခြေထောက် တစ်ဖက် ကျိုးသွားပြီး မျက်စိ တစ်ဖက်လည်း ကွယ်သွားသည်။ လှေပေါ်မှ ပြုတ်ကျသူ နှစ်ဦးမှ အဒူဂေါ်နီကိုလည်း ရခိုင်များက လှော်တက်ဖြင့် ရိုက်နှက်သဖြင့် သွားနှစ်ချောင်း ကျိုးသွားခဲ့သည်။ ရခိုင်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်ကြားမှ မြစ်ထဲ ပြုတ်ကျသွားသူ နှစ်ဦး ရေကူး၍ တစ်ဖက်ကမ်းသို့ တက်နိုင်ခဲ့သည်။ ၎င်းတို့ နှစ်ဦး အိမ်သို့ရောက်ပြီး၊ မာမတ်ဟာရှိမ်၏ မိသားစုနှင့် အခြားသော ရွာသာများအား ပြောပြပြီးနောက် ရွာသားများက မာမတ်ဟာရှိမ်ကို သွားရောက် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ 

နောက်နေ့တွင် အနီးအနား ကျေးရွာများရှိ တံငါသည်များကို မာမတ်ဟာရှိမ်၏ အလောင်းကို ရှာဖွေ ပေးရန် တောင်းဆိုခဲ့သည်။ မာမတ်ဟာရှိမ်၏ အလောင်းကို ရှာဖွေနေစဉ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် သမီးလှ ကျေးရွာအုပ်စုမှ တံငါသည်များက အမျိုးသမီး အလောင်းတစ်လောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးသမီးမှာ အ၀တ်ဗလာ ဖြစ်နေပြီး ကိုယ်ဝန်ရှိနေသူ တစ်ဦး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုအမျိုးသမီးမှာ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သိရှိရသော်လည်း မည်သည့်ရွာမှ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိရသေးပေ။ တံငါသည်များက အာဏာပိုင်များအား အကြောင်းကြားရာ အာဏာပိုင်များ လာရောက် ကြည့်ရှုပြီးနောက် သမီးလှ ကျေးရွာတွင်ပင် မြေမြှပ် သဂြိုဟ်ခဲ့သည်။ 

ဒီဇင်ဘာလ (၅) ရက်နေ့ နံနက် ၂ နာရီတွင် သေကံကျေးရွာမှ တံငါသည်များက မာမတ်ဟာရှိမ်၏ အလောင်းကို သေကံကျေးရွာအနီး မြစ်ထဲတွင် မျှောနေသည်ကို တွေ့ရှိ၍ မိသားစုအား အကြောင်းကြားခဲ့သည်။ ထို့နောက် မိသားစုက အလောင်းကို အိမ်သို့ သယ်ယူရန် ကြိုးစားခဲ့ရာ အာဏာပိုင်များ၏ တားဆီး ဟန့်တားမှုကြောင့် ထိုနေရာတွင်ပင် ထားခဲ့ရသည်။ 

နံနက် ၆ နာရီ အချိန်တွင် ရသေ့တောင် ရဲစခန်းသို့ သယ်ယူသွားပြီး စစ်ဆေးကာ ညနေပိုင်းတွင် မိသားစုအား လွှဲပြောင်း ပေးခဲ့သည်။ ရသေ့တောင် ရဲစခန်းက မိသားစုထံမှ ငွေအချို့ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အလောင်းကို အိမ်သို့ သယ်ဆောင် ပြီးနောက် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက အလောင်းကို စစ်ဆေးရန် ရမည်၊ မြေမြှပ်ခွင့် မရှိဟု ဆိုကာ ငွေတောင်းခံနေသောကြောင့် ယခုအချိန်ထိ မြှပ်၍ မရသေးကြောင်း သိရှိရသည်။



MYARF
RB News
6.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာ၊ အကွက် (၁) ကင်းရုံတွင် နိုဝင်ဘာလ (၁၄) ရက်နေ့ညတွင် လူငယ် လေးဦး ကင်းစောင့်ရင်း အိပ်ပျော်သွားခဲ့သည်။ ထိုအချိန်တွင် အကွက် (၁) မှ ရာအိမ်မှူး ဦးဘာဆာမျာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဦးမူဟိဖ်ဘူလ္လာ (ဘ) ဦးဆောယာဒ်ကာဆိမ်း တို့ရောက်ရှိလာပြီး ကင်းစောင့်နေသူ ၄ ဦးလုံး အိပ်ပျော်နေသည်ကို တွေ့သောအခါ မနိုးဘဲ၊ MPT ဖုန်းတစ်လုံးကို ခိုးယူကာ၊ ကင်းသမားများ အိပ်ပျော်နေစဉ် ခိုးယူလာခဲ့သည်ဟု ဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ချမ်းသာ အား အပ်နှံခဲ့သည်။

ဖုန်းခိုးခံရသည့် ကင်းသမား (၄) ဦးက ပျောက်ဆုံးသွားသည့် ဖုန်းကို အခြားဖုန်းများဖြင့် ခေါ်ကြရာ ဖုန်းကိုင်သူ မရှိဘဲ၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မောင်ချမ်းသာက ၎င်းအား ဖုန်းဆက်၍ ဆဲဆိုသည်ဟု လုပ်ကြံကာ ကင်းသမား (၄) ဦးထံမှ ငွေညှစ်ခဲ့သည်။ အဆိုပါ သတင်းကို RB News တွင် နိုဝင်ဘာလ (၂၉) ရက်နေ့က ရေးသား ဖော်ပြခဲ့သည်။ 

သတင်းဖော်ပြမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ (၄) ရက်နေ့ သောကြာနေ့တွင် အဆိုပါ ကင်းသမား (၄) ဦး ဗလီ၌ ၀တ်ပြုရောက်နေစဉ် ရာအိမ်မှူး ဦးဘာဆာမျာနှင့် အုပ်ချုပ်ရေးမှူး၏ တပည့် ဦးမူဟိဖ်ဘူလ္လာတို့ ရောက်ရှိလာပြီး၊ အင်တာနက်သို့ သတင်းပို့သူကို ကင်းသမား (၄) ဦးက ဖော်ထုတ်ပေးရမည် ဖြစ်ကြောင်း၊ မဖော်ထုတ်ပေးပါက ဖမ်းဆီး ထောင်ကျမည်၊ တိုင်းပြည်မှာ နေထိုင်ခွင့် မရဘဲ ထွက်ပြေးရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့နောက် ကင်းသမား (၄) ဦးကို ဗလီထဲတွင် ၀တ်ပြုခွင့် မပေးဘဲ နှင်ထုတ်ခဲ့သည်။ ညနေပိုင်းတွင် အုပ်ချုပ်ရေးမှူး မောင်ချမ်းသာနှင့် တပည့်ဖြစ်သူ ဦးမူဟိဖ်ဘူလ္လာ တို့က ကင်းသမား (၄) ဦးထဲမှ အဒူလ္လာ ဆိုသူ ဆိုင်ကယ် စီးသွားစဉ် လိုက်လံဖမ်းဆီးရန် ကြိုးစားခဲ့သည်။ သို့သော် ဖမ်းဆီး မမိခဲ့ကြောင်း သိရသည်။



MYARF
RB News
6.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဖရုံချောင်း ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာသည် ဒီဇင်ဘာလ (၁) ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဓါးရှည်တစ်လက် ကိုင်ဆောင်၍ ဖရုံချောင်း ကျေးရွာအုပ်စု၊ ကျွဲတက်ပြင်ရွာသို့ သွားရောက်ပြီး ဦးမာမတ်ဆီဒိခ်၏ ဇနီး ဒေါ်အာမီနာ (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၄၀ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်ကာ ဓါးပြ ခြိမ်းခြောက်၍ သူမ၏ အသက် (၁၂) နှစ် အရွယ် သမီးငယ် မအာဂျီဒါအား ၎င်းနှင့် မင်္ဂလာဆောင် ပေးရန် တောင်းခဲ့သည်။ ဒေါ်အာမီနာကလည်း ကြောက်ရွံ၍ ပေးမည်ဟု ပြောခဲ့သည်။ 

ထို့နောက် ဦးဆော်လီမူလ္လာက “အခုပေး ငါအခု လိုချင်တယ်၊ ငါအခု သုံးချင်တယ်” ဟု အမျိုးမျိုး ရိုင်းပျစွာ မဖွယ်မရာ ပြောဆိုခဲ့သည်ဟု ဒေသခံရွာသား များက RB News သို့ပြောပါသည်။ ဒေါ်အာမီနာက “ကျွန်မ သမီး အခုထိ အရွယ်မရောက်သေးဘူး၊ အရွယ်ရောက်ရင် ခင်ဗျားကို ပေးမယ်” ဟု ကတိပေးခဲ့ရသည်။ လူမဆန်သည့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာသည် ည ၁၀ နာရီမှ ၁၂ နာရီထိ ဒေါ်အာမီနာကို ခြိမ်းခြောက် နှောက်ယှက်ခဲ့သည်။ 

ဒေါ်အာမီနာ၏ အိမ်တွင် ဆူညံသံများကို ဘေးပတ်ဝန်းကျင်မှ ကြားသိနေရသော်လည်း အိမ်နီးချင်းများက ကျေးရွာ တာဝန်ခံ ဆော်လီမူလ္လာ ဖြစ်မှန်းသိ၍ မည်သူမျှ သွားရောက် ကူညီရန် မ၀ံ့ခဲ့ပေ။ ၂၀၁၁ ခုနှစ်ကလည်း ဆော်လီမူလ္လာက န.စ.က များနှင့် ပူးပေါင်း၍ ဒေါ်အာမီနာ၏ ခင်ပွန်း ဖြစ်သူ ဦးမာမတ်ဆီဒိခ်ကို အကြိမ်ကြိမ် လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခြင်းဖြင့် ဦးမာမတ်ဆီဒိခ် ပိုင်ဆိုင်သော လယ် (၅) ဧကကို ဆုံးရှုံးစေခဲ့သည်။ နောက်ဆုံးတွင် န.စ.က များအား ငွေပေးရန် မတတ်နိုင်တော့သည့် ဦးမာမတ်ဆိဒိခ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး သွားခဲ့ရသည်။ ထိုအချိန်ကလည်း ဒေါ်အာမီနာကို အမျိုးမျိုး ခြိမ်းခြောက် နှောက်ယှက်ခဲ့သည်။ 

လူအသွင်ဖြင့် တိရစ္ဆာန်ကဲ့သို့ ဖြစ်နေသည့် ဆော်လီမူလ္လာသည် အသက် ၄၇ နှစ် ရှိပြီး သမီးပင် အိမ်ထောင်ကျပြီး မြေးရရှိနေသူ တစ်ဦး ဖြစ်သည်။ ထိုကဲ့သို့ သက်ကြီးတစ်ဦးက အသက် (၁၂) နှစ် အရွယ် ကလေးကို အိမ်ထောင်ပြုရန် တောင်းခြင်းမှာ လူမဆန်ဘဲ တိရစ္ဆာန်ထက်ပင် ဆိုးရွားနေ၍ ဖြစ်သည်။ ၎င်းသည် မကြာခဏ ဆိုသလို မုဆိုးမများ၏ နေအိမ်များသို့ ၀င်ရောက်ပြီး အမျိုးမျိုး ခြိမ်းခြောက် နှောက်ယှက်လေ့ ရှိသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက မည်သည့် အခါမှ အရေးယူခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆက်လက်၍ တိရစ္ဆာန်ထက် ဆိုးရွားစွာ ရမ်းကားနေခြင်း ဖြစ်သည်။



MYARF
RB News
6.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၁) မှ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးမူဟိဖ်ဘူလ္လာသည် သစ်ခုတ်သမားများ ငှား၍ တောင်မှ သစ်ခုတ် ရောင်းချသူ ဖြစ်သည်။ ၎င်းတွင် တောင်ပေါ်တွင် ခုတ်ထားသည့် သစ်အချို့ ကျန်ရှိနေသည်။

ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာနှင့် ညောင်ချောင်း အခြေစိုက် စ.ရ.ဖ တို့သည် ဦးမူဟိဖ်ဘူလ္လာ၏ နေအိမ်သို့ ရောက်ရှိလာပြီး အရက်သေစာ သောက်စားနေစဉ် ၎င်းတွင် တောင်ပေါ်၌ ကျန်ရစ်နေသော သစ်များကို ရွာသားများအား လုပ်အား ပေးခိုင်း၍ သယ်ပေးရန် အကူအညီ တောင်းခံခဲ့သည်။ 

သို့ဖြစ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက ရာအိမ်မှူး ဦးဘာဆာမျာကို ခေါ်ပြီး ရွာသား ၄ ဦး လုပ်အားပေး ခေါ်ပေးရန် အမိန့်ပေးခဲ့သည်။ ရာအိမ်မှူးက ရွာသား (၄) ဦးကို လုပ်အားပေးရန် ခေါ်ခဲ့သော်လည်း (၃) ဦးသာ ရောက်ရှိလာပြီး၊ တစ်ဦး ပျက်ကွက်ခဲ့သည်။ သွားရောက်ရန် ပျက်ကွက်ခဲ့သူ ဦးဟာမိတ် (ဘ) ဦးနူရ်အာမတ်ကို အုပ်ချုပ်ရေးမှူးနှင့် စ.ရ.ဖ တို့က ချက်ချင်းဆိုသလို ဦးမူဟိဖ်ဘူလ္လာ၏ အိမ်သို့ ဆင့်ခေါ်၍ “မင်းတို့ ဘင်္ဂလီ ကုလားတွေ ငါတို့မြေမှာ နေရင် ငါတို့ ခိုင်းသလို လုပ်ရမယ်၊ မလုပ်ချင်ရင် ငါတို့ မြေပေါ်က ထွက်သွားရမယ်။ မမြင်ဘူးလား မင်းတို့ကို ပေးထားတဲ့ ယာယီကဒ် (အဖြူကဒ်) တွေတောင် ပြန်သိမ်းလိုက်တာ။ သိပ်မကြာခင် မင်းတို့ကုလားတွေကို အိမ်မြေပါ သိမ်းယူပြီး IDP စခန်းကို ပို့လိုက်မယ်” ဟု အမျိုးမျိုး စော်ကား ခြိမ်းခြောက် ဆဲဆိုပြီး ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အတင်းအဓမ္မ လုပ်အားပေးရခဲ့သူ (၃) ဦးမှာ -- (၁) ဦးတော်ယုဖ် (ကူးတို့သမား)၊ (၂) ဦးရော်ရှိတ် (ဘ) ဦးနော်ဘီဟူစိန်း၊ (၃) ဦးမာမတ်နူရ် (ဘ) ဦးအဒူလ်ဟိုင်ဖ်မျာ -- တို့ဖြစ်သည်။ သုံးဦးလုံး ညနေ နေ၀င်သည့် အထိ လုပ်ခ တစ်ပြားမှ မရဘဲ လုပ်အားပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



ဦးကျော်ဇံသာ
6.12.2015

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ တွေ့ဆုံမှုဟာ တိုင်းပြည် အတွက် ကောင်းတဲ့ အလားလာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာ သုံးသပ်သူ အမေရိကန် ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါပေမယ့် တိုင်းရင်းသား ပြည်နယ်တွေ အတွက် နိုင်ငံရေး အာဏာနဲ့ စီးပွားရေး အကျိုးအမြတ်ခွဲဝေရေး ကိစ္စဟာ တိုင်းပြည်ရှေ့ခရီးမှာ ကြီးမားတဲ့ စိန်ခေါ်မှု တရပ် ရှိနေသေးတယ် လို့လည်း သုံးသပ်ပါတယ်။ George Town တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ Steinberg ကို ဦးကျော်ဇံသာက မနေ့က တွေ့ဆုံမှု အပေါ် သူ့ရဲ့ အမြင် မေးတဲ့အခါ သူက အခုလို စပြောပါတယ်။

ဖြေ။ ။ ဒါဟာ သိပ်ကောင်းတဲ့ အလားအလာတရပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အရေးကိစ္စ တော်တော် များများမှာ သြဇာလွှမ်းမိုးနေဆဲလို့ ကြားရပါတယ်။ အခုသူဟာ အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ သတင်းတွေအရ အဆင်ပြေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး အတွက် သိပ်ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။

မေး။ ။ ဒီတွေ့ဆုံမှုမှာ ဦးသန်းရွှေအနေနဲ့ သူ့လက်အောက်ကလူတွေကို - ကဲမင်းတို့ဆက်လုပ်ကြပေတာ့ ဆိုပြီး သဘောတူလမ်းဖွင့်ပေးလိုက်ပြီလို့ယူဆပါသလား။

ဖြေ။ ။ အဲဒီအတိုင်းပဲ ကျနော်လဲ အဓိပ္ပါယ်ဖွင့်ဆိုမှာပါ။ အောင်ဆန်းစုကြည်နဲ့ NLD ဟာ အရေးကြီးတဲ့ ကဏ္ဍက ပါရမယ်ဆိုတာကို သူသဘောတူလိုက်တဲ့ သဘောဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချက်ခြင်း ပြုပြင်နိုင်ပြီ ဆိုတဲ့ သဘောတော့ မဖြစ်နိုင်ပါဘူး။ အောက်ခြေကစ အထက်ပိုင်းထိ နှစ်ဘက် ပူးပေါင်း ဆောင်ရွက် နိုင်ကြပြီဆိုတဲ့ သဘောပါ။ သိပ်ကောင်းပါတယ်။

မေး။ ။ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး အပြင် တခြား အဓိကကျတဲ့ အတားအဆီးတွေ အခက်အခဲတွေကော ဘာတွေလဲခင်ဗျား။

ဖြေ။ ။ NLD ရဲ့ မူထဲမှာ ပါဝင်တဲ့ အချက်တခုလဲဖြစ် သမ္မတ ဦးသိန်းစိန်ကလည်း ပြောထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး ကိစ္စပါ။ ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှ အတိအကျ မဖွင့်ဆိုသေးပါဘူး။ ဒါဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး သိပ်အရေးကြီး ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဖို့ မဖြစ်နိုင်တောင်မှ ဒေသန္တရနဲ့ ပြည်နယ်အစိုးရတွေကို နိုင်ငံရေး အာဏာတချို့နဲ့ စီးပွားရေးအကျိုး စီးပွားခွဲဝေပေးဖို့ ကိစ္စကိုတော့ တနည်းနည်းနဲ့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

မေး။ ။ ဒီလိုတွေ့ဆုံ သဘောတူညီမှုမျိုး ၁၉၉၀ ပြည့်တုန်းက ဘာကြောင့် မဖြစ်နိုင်ခဲ့တာလဲ ခင်ဗျား။ အဲဒီတုန်းကလည်း NLD ဒီလိုပဲ အနိုင်ရခဲ့တာပဲ မဟုတ်လား။

ဖြေ။ ။ အဲဒီတုန်းက ၁၉၉၀ ပြည့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားနေခဲ့ကြပါတယ်။ NLD၊ မြန်မာပြည်သူတွေနဲ့ အမေရိကန် ပြည်စုအပါအ၀င် အားလုံးက အဲဒီရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့ ကျင်းပတာလား၊ ဖွဲ့စည်းပုံတရပ် ရေးဆွဲဖို့ ကျင်းပတာလား ဆိုတာ အငြင်းပွား နေခဲ့ပါတယ်။

ကျနော် ထင်တာကတော့ ၁၉၈၈ ဖြစ်ရပ်အပြီး အစိုးရဟာ ကတုံကယင်ဖြစ်နေဆဲပါ။ သိပ်ထိန်းချုပ် နိုင်ခြင်း မရှိသေးပါဘူး။ အခုတော့ တိုင်းပြည် ဖွံ့ဖြိုးတာ စတွေ့လာရပြီ၊ ပြုပြင်ရေးတွေ အသက်ဝင်လာပြီ၊ ဆိုတော့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ပိုပြောလာ ဆိုလာနိုင်ပြီ၊ စစ်တပ်ကိုလဲ သူတို့ကိုယ်တိုင်ပဲ လွတ်လွတ် လပ်လပ် ထိန်းချုပ်ခွင့် ရှိနေဆဲဖြစ်တယ်။ ဒါ့ကြောင့် သူတို့အဖို့ ပိုလုံခြုံမှုရှိတယ်လို့ ခံစားလာရတဲ့ အတွက် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ လက်ခံ လာတယ်လို့ ထင်ပါတယ်။

မေး။ ။ သူတို့ ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ၊ ဖြစ်ရပ်တွေ အတွက်ကော ခင်ဗျား၊ အောင်ဆန်းစုကြည်က ခွင့်လွှတ်တောင်မှ နှစ်နာခဲ့ရတဲ့ လူထုတွေက ဒီကိစ္စကို ပြန်ဖော်ရင် သူတို့အတွက် လုံခြုံမှုရှိပါ့မလား။

ဖြေ။ ။လုံခြုံပါတယ်။ ဖွဲ့စည်းပုံထဲမှာ ဒါတွေကို သတိကြီးစွာ ထည့်သွင်း ကာကွယ် ထားပါတယ်။ တာဝန်အရ ထမ်းဆောင် လုပ်ဆောင် ခဲ့တာတွေအတွက် အရေးမယူဖို့ ထည့်သွင်းထားပါတယ်။ ဒီဖွဲ့စည်းပုံ တည်မြဲသမျှ သူတို့ လုံခြုံပါတယ်။ စစ်တပ်ကလဲ ဒါဆက်လက် တည်မြဲအောင် လုပ်သွားမှာပါပဲ။

မေး။ ။ ဒီတွေ့ဆုံမှုနဲ့အတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍဟာ ဆုံးခန်းတိုင်သွားပြီလို့ ယူဆနိုင်ပါမလား။ အောင်ဆန်းစုကြည်နဲ့ ကော ဆက်လက်တွေ့ဆုံသွားဖို့ ရှိလိမ့်အုံးမယ် ထင်ပါသလား။

ဖြေ။ ။ ဦးသန်းရွှေ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး ကောင်းနေသမျှတော့ သူဟာ အရေးပါနေအုံးမယ်လို့ ထင်ပါတယ်။ ရှေ့ဆက်သွားတဲ့ ကိစ္စတွေအပေါ် လွှမ်းခြုံပြီး သူက သဘောတူထားသမျှ အောင်ဆန်းစုကြည်နဲ့ သူထပ်တွေ့မတွေ့ ဆိုတာ သိပ်အရေးမကြီးတော့ဘူး ထင်ပါတယ်။ ကျနော်မသေချာတာ တခုက သူ့အနေနဲ့ ကျန်စစ်ဘက် အကြီးအကဲတွေ အပေါ် ဘယ်လောက် သြဇာလွှမ်းမိုးနေသေးသလဲ ဆိုတာပဲဖြစ်ပါတယ်။



MYARF
RB News
4.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၁) မှ ဦးဆော်ယာဒ်အာလောမ် (ဘ) ဦးဖူတိန္နားသည် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာအုပ်စု ပြိုင်းတောင်ရွာမှ အိမ်အပြန် ပြိုင်းတောင်ရွာရှိ တံတားအနီးတွင် ကလေးငယ် တစ်ဦးကို ရှောင်ရာမှ ဆိုင်ကယ်နှင့် လဲကျခဲ့သည်။ ထိုစဉ် ဖရုံချောင်း ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ဆိုင်ကယ်ဖြင့် လဲနေကျသည်ကို မြင်တွေ့သွားပြီး၊ ကလေးငယ်အား တိုက်မိသည်ဟု စွပ်စွဲ၍ ဦးဆော်ယာဒ်အာလောမ် ထံမှ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။ 

ထို့အပြင် ဦးဆော်လီမူလ္လာက ဦးဆော်ယာဒ်အာလောမ်၏ အမည်နှင့် ဆိုင်ကယ်နံပါတ်ကို ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သတင်းပို့ခဲ့သည်။ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးက ဦးဆော်ယာဒ်အာလောမ်ကို စခန်းသို့ ဆင့်ခေါ်၍ ဆိုင်ကယ်ဖြင့် ကလေးငယ်ကို တိုက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဖုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာနှင့် တပည့်ဖြစ်သူ ဦးမူဟိဖ်ဘူလ္လာ တို့က ဦးဆော်ယာဒ်အာလောမ်ကို ဆင့်ခေါ်၍ ဆိုင်ကယ်ဖြင့် ကလေးငယ်ကို တိုက်မိသည်ဟု ဆိုကာ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။



Rohingya Eye
RB News
4.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တော မြို့နယ် တောင်ပိုင်း ခလုံး ကျေးရွာ (သင်္ဘောကွေ့) မှ ဦးရော်ဟီမူလ္လာ (ဘ) ဦးဆုလ်တာန် (အသက် ၅၄ နှစ်) သည် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် စပါး ရိတ်သိမ်းရန် အတွက် လယ်သမား တစ်ဦး ခေါ်ရန် အိမ်တစ်အိမ်သို့ ရောက်ရှိ နေစဉ် ခလုံး ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ဦးရော်ဟီမူလ္လာကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

နယ်ခြားစောင့်ရဲ များက ၎င်းအား လက်ထပ်ခွင့် အမိန့် မယူဘဲ လက်ထပ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ငါးသိန်း တောင်းရာ ၎င်းက မိမိသည် မည်သူ့ကိုမှ လက်ထပ် ထားခြင်း မရှိကြောင်း ပြန်လည် ရှင်းပြသော်လည်း နယ်ခြားစောင့်ရဲ များက လက်မခံ သဖြင့် နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်း ပေးမှသာ ပြန်လည် လွတ်မြောက် လာခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

“ဦးရော်ဟီမူလ္လာက အသက်အရွယ်လည်း ကြီးနေပြီ။ နောက်ထပ် လက်ထပ်ထားတာလည်း မရှိဘူး။ နယ်ခြားစောင့်ရဲတွေက လက်နက် အင်အား၊ အာဏာနဲ့ အနိုင်ကျင့် စော်ကားပြီး ငွေညှစ်နေတာ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
4.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာနှင့် ၎င်း၏ တပည့်ဖြစ်သူ ဦးမူဟိဖ်ဘူလ္လာ (ဘ) ဦးဆော်ယာဒ်ကာဆိမ်း တို့သည် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အာယူချားရွာမှ ဂျော်မိလ် (ဘ) ဦးမာမတ်နူရ် (အသက် ၂၃ နှစ်) ကို ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် (၅) သောင်း ညှစ်ယူခဲ့သည်။ 

ထို့အပြင် ယင်းနေ့တွင်ပင် အကွက် (၇) မှ ဦးယာစီးန် (ဘ) ဦးရှောမ်ရှု (အသက် ၄၂ နှစ်) ကို အမျိုးသမီးများနှင့် တရားမ၀င် ပေါင်းသင်းနေသည်ဟု စွပ်စွဲ၍ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာနှင့် တပည့် ဦးမူဟိဖ်ဘူလ္လာ တို့သည် ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၁) မှ မုဆိုးမ ဖြစ်သူ ဒေါ်တောယိုဖာ (အသက် ၃၈ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ သြဇာ အာဏာပြ၍ အမျိုးမျိုး ခြိမ်းခြောက်ကာ သားမယား ပြုကျင့်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ အဆိုပါ မုဆိုးမသည် ရက်စက်ယုတ်မာသည့် အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့၏ ညှဉ်းပန်း နှိပ်စက်မှုမှ လွတ်ကင်းနိုင်ရန် အတွက် ရွာသားများထံမှ အကူအညီ တောင်းခံသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ ကူညီမည့်သူ မရှိ ဖြစ်လျက် ရှိနေသည်။ မကူညီနိုင်ခြင်းမှာလည်း အုပ်ချုပ်ရေးမှူးက ကူညီမည့်သူအား ဒုက္ခပေးမည်ကို ကြောက်ရွံ၍ ဖြစ်သည်ဟု ဆိုသည်။ အကူအညီမဲ့ ဖြစ်နေသည့် မုဆိုးမမှာ အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့၏ လူမဆန်မှုကို ကြိတ်မှိတ် သည်းခံနေရသည်ဟု ဒေသခံများက ပြောပါသည်။


ဘီဘီစီမြန်မာပိုင်း
4.12.2015

ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ ဒီကနေ့ သောကြာနေ့ နေ့လယ် ၁ နာရီ ပတ်ဝန်းကျင်က နေပြည်တော် စစ်ဦးစီး ဌာနချုပ် ရုံးမှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဒ်ါအောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် ရက်ပိုင်းအတွင်းက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ တွေ့ဆုံခဲ့တယ်လို့လည်း သတင်း ထွက်ပေါ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်ပိုင်း တချို့ကို ဘီဘီစီက မေးမြန်းရာမှာ တွေ့ဆုံတဲ့ သတင်းကို ငြင်းဆိုခြင်း မရှိကြပေမယ့် အတည်ပြု ပြောခွင့် မရှိဘူးလို့ ဆိုပါတယ်။

သူရ ဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာတော့ ဒီဇင်ဘာ ၂ရက် ၃ ရက် ၄ ရက် တွေ့ဆုံမှုတွေ အရ ဒီနေ့ အချိန်ဟာ ကိုယ့်ပါတီ အကျိုးထက် အမျိုးသား အကျိုးစီးပွားကို ကြည့်ပြီး လုပ်ရမယ့် အချိန်တွေ ဖြစ်နေပြီလို့ ရေးသား ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ တွေ့ဆုံမှုဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွက် အဓိကကျတဲ့ လိုအပ်ချက် တခု ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ အများက ရှုမြင်နေကြပါတယ်။



4.12.2015

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှ ဒေသက ရွှေ့ပြောင်း နေထိုင် သူတွေ အရေး ဖြေရှင်းဖို့ အခြေခံ လုပ်ငန်းစဉ် တရပ် ချမှတ် နိုင်ရေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ဆွေးနွေး နေကြ ပါတယ်။ ထိုင်းနိုင်ငံက လူမှောင်ခို ဂိုဏ်းတွေကို နှိမ်နင်းမှုတွေ စတင် လာရာက ရွှေ့ပြောင်း နေထိုင်သူတွေ အရေး ဒေသတွင်းမှာ ပူးပေါင်း ဖြေရှင်းသွားဖို့ တိုက်တွန်းမှု တွေလည်း ထွက်ပေါ် လာခဲ့တာပါ။

ဒီနှစ်ဆန်းပိုင်းမှာပဲ မလေးရှား နိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ တောတွင်းမှာ လူမှောင်ခို သူတွေ ရဲ့ စခန်းတွေလို့ သံသယရှိတဲ့ နေရာတွေ မှာ ရွှေ့ပြောင်းနေထိုင် သူတွေလို့ ယူဆရသူ စုပြုံမြှုပ်နှံထားတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပြီးနောက် ထိုင်းအာဏာ ပိုင်တွေ ဖမ်းဆီးနှိမ်နင်းလာရာက ရာနဲ့ချီတဲ့ ရွှေ့ပြောင်းသွားလာသူတွေ အိန္ဒိယ သမုဒ္ဒရာထဲမှာ စက်လှေတွေနဲ့ စွန့်ပစ်ခံခဲ့ရတဲ့ အခြေအနေမျိုးတွေနဲ့လည်း ကြုံခဲ့ရပါတယ်။

အန္တရာယ်များတဲ့ ပင်လယ်ပြင်မှာ စက်လှေတွေနဲ့ ထွက်ပြေးသူတွေ၊ စွန့်ပစ်ခံရသူ လူပေါင်းထောင်ပေါင်း များစွာထဲမှာတော့ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ပါဝင်တယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဒေသတွင်းနိုင်ငံတွေက တာဝန်ရှိသူ တချို့က ပြောဆိုထားကြတာပါ။

ဝေဖန်မှုတွေ ခံခဲ့ရတဲ့ မြန်မာအစိုးရကတော့ ဒီနှစ်ထဲမှာပဲ ပင်လယ်ပြင်မှာ စက်လှေနဲ့ ထွက်ပြေးသူတွေကို ကယ်တင်တဲ့ အစီအစဉ်တွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကတော့ ကတိတွေ ပေးရမယ့် အချိန်မဟုတ်တော့ပဲ လက်တွေ့လုပ်ကြရမယ့် အချိန်တန်နေပြီလို့ ဘန်ကောက်မြို့က ဒီကနေ့ ညီလာခံအတွင်း တိုက်တွန်းခဲ့တာပါ။



MYARF
RB News
3.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြိုင်းတောင်ရွာမှ ဦးအီဗြာဟိမ်း (ဘ) ဦးဟာဖီးဇ်အာမတ်၏ သမီး ဖြစ်သူ ဒေါ်နူရ်ကော်လီမာသည် နိုဝင်ဘာလ (၂၃) ရက်နေ့က အိမ်နီးချင်း အမျိုးသမီး တစ်ဦးနှင့် စကားများခဲ့သည်။ အိမ်နီးချင်း ဖြစ်သူတစ်ဦးက ကျေးရွာ အုပ်ချုပ်ရေးမှူးကို တိုင်တန်း ခဲ့သောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက စကားများသူ အမျိုးသမီး နှစ်ဦးလုံးကို ခေါ်ယူ စစ်ဆေးပြီး ဖြေရှင်းပေးခဲ့သည်။

နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်ကို ကျော်၍ ဒေါ်နူရ်ကော်လီမာ၏ ဖခင် ဦးအီဗြာဟိမ်းကို ဆင့်ခေါ်ပြီး ခြိမ်းခြောက်ကာ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒေါ်နူရ်ကော်လီမာသည် အိမ်ထောင်ရှိသူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ခင်ပွန်းနှင့် အတူနေသည့် အတွက် ဖခင်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသော်လည်း ကျေးရွာ တာဝန်ခံက ရရှိသည့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 

နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာအုပ်စုမှ ဦးအလီဇူဟာရ်ကို တစ်ရွာတည်းနေ ဆွေမျိုးတစ်ဦးက ဘူးသီး တစ်လုံး လက်ဆောင် ပေးခဲ့သည်။ အဆိုပါ ဘူးသီးကို ယင်းရွာမှ ဦးအာဘူကာလာမ်၏ ကွမ်းခြံမှ ခိုးယူခဲ့သည်ဟု ပိုင်ရှင် ဖြစ်သူက တိုင်တန်းခဲ့ကြောင်း ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက လုပ်ကြံပြောဆိုပြီး၊ ကျေးရွာ တာဝန်ခံနှင့် တပည့် ဦးမာမတ်ဆာလေ (ဘ) ဦးဆုလ်တာန် တို့က ဦးအလီဇူဟာရ်နှင့် ရှစ်နှစ်သား အရွယ် ကလေးငယ် တို့ကို ခေါ်ယူလာပြီး ဘူးသီးခိုးယူခဲ့သည်ဟု စွပ်စွဲကာ သားအဖ နှစ်ဦးစလုံးကို ရိုက်နှက် ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့သည်။



Rohingya Eye
RB News
3.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း ကျေးရွာမှ ဦးအာဘူကာလာမ် (ဘ) ဦးအာဇီဇူရာမန် (အသက် ၄၅ နှစ်) သည် နိုဝင်ဘာလ (၂၅) ရက်နေ့ ည (၈) နာရီ အချိန်တွင် အိမ်အပြင်သို့ ထွက်၍ လမ်းလျှောက် နေစဉ် ရွာတွင် ကင်းလှည့်နေသော နခေါင်းမ်ဒီယာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးက တွေ့ရှိပြီး ဦးအာဘူကာလာမ် ကိုင်ဆောင် ထားသော MPT ဆင်းမ်ကဒ်ပါ ဂျီအက်စ်အမ်ဖုန်းကို စစ်ဆေးပြီး၊ စခန်းမှူးထံတွင် အသင့်ပါသော ဘင်္ဂလား ဆင်းမ်ကဒ်ကို ထည့်ပေး၍ ဘင်္ဂလား ဆင်းမ်ကဒ်မိသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် တစ်သိန်း ငါးသောင်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းသည် ဆင်းရဲသည့် တံငါသည် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဒေသခံ ရွာသား တစ်ဦးက “နယ်ခြားစောင့် ရဲတွေ ညနေပိုင်းမှာ ရွာထဲကို တိတ်တဆိတ် ၀င်လာတယ်။ ဖုန်းနဲ့ စကားပြောသံ ကြားတဲ့ အိမ်တွေကို ၀ိုင်းတယ်။ အိမ်ထဲဝင်ပြီး ဖုန်းတွေကို စစ်တယ်။ MPT ဆင်းမ်ကဒ် ထည့်ထားတဲ့ ဖုန်းတွေကို ဘင်္ဂလား ဆင်းမ်နဲ့ သုံးနေတယ် ဆိုပြီး မဟုတ်မတရား စွပ်စွဲပြီး ငွေညှစ်နေတာက ဓါးပြတွေထက် ပိုဆိုးနေတယ်” ဟု ပြောပါသည်။

ဘင်္ဂလား- မြန်မာ ချစ်ကြည်ရေး တံတားကနေ ဘင်္ဂလား နိုင်ငံသား တွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် လွှဲပြောင်းစဉ်။ (ဇွန် ၈၊ ၂၀၁၅)

ကိုမိုးဇော်
3.12.2015

ရခိုင်ပြည်နယ် မောင်တော ခရိုင် တောင်ပြိုလက်ဝဲ မြို့မှာ လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၈၀၀ ကျော်ကို လွှဲပြောင်း ပေးခဲ့တဲ့နောက် အခုအခါမှာ ၃၀ လောက်ယောက်သာ ကျန်ရှိတော့ကြောင်း လ၀က ဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

ဒီနှစ် နှစ်လည်ပိုင်းက ရခိုင်ပြည်နယ်၊ ဧရာဝတီနဲ့ တနင်္သာရီ တိုင်းဒေသကြီးတွေ အတွင်းက ဖမ်းဆီးရမိတဲ့ လှေစီးပြေးတွေကို ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့မှာ ထိန်းသိမ်းထားရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် စိစစ်အတည်ပြုနိုင်သူတွေကို အသုတ်လိုက်ပြန်လည်ပို့ဆောင်ပေး နေတာဖြစ်ပါတယ်။

ဒီလို လွှဲပြောင်းပေးတာကို ဇွန်လဆန်းပိုင်းက စတင်ခဲ့ရာမှာ အခုဆိုရင် ၃၀ ခန့်လောက် သာ ကျန်ရှိတော့ကြောင်း မောင်တော်ခရိုင် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောပါတယ်။

“၂၈ ယောက်ပဲ ရှိတော့တယ်ခင်ဗျာ။ ကျနော်တို့ အကြောင်းကြားတဲ့အချိန်ပေါ့ ။ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးနဲ့၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၂ ခု။ သူတို့အချင်းချင်း ဆက်သွယ်ပြီးမှ ကျနော်တို့က အောက်ကနေ လွှဲပြောင်းပေးတာခင်ဗျာ။ မနေ့က ၄၈ ယောက်ပဲ ခင်ဗျာ။ အားလုံး ကျနော်တို့ လွှဲပြောင်းတာက ၇၇၇ပါခင်ဗျ ။”

ဒီဇင်ဘာလ ၂ရက်နေ့က နောက်ဆုံး အသုတ်အဖြစ် လူ ၄၈ ဦးလွှဲပြောင်းခဲ့တာဖြစ်ပြီး ၆ လ အတွင်း လူ ၇၇၇ ယောက်ကို ၇ကြိမ် လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။

တောင်ပြိုလက်ဝဲမြို့မှာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လွှဲပြောင်းရာမှာတော့ ကြီးမားတဲ့ အခက်အခဲမရှိဘူးလို့လည်း ပြောပါတယ်။

“အခက်အခဲတော့ မရှိပါဘူးခင်ဗျာ။ ဒါက ကျနော်တို့ ၂ နိုင်ငံ ညှိနှိုင်းပြီးဆောင်ရွက် တာဖြစ်တဲ့အတွက် တအားကြီးတော့ အခက်အခဲတော့ မရှိပါဘူးခင်ဗျာ။”

လှေစီးပြေး ဘင်္ဂလားဒေရှ်နိုင်ငံသားတွေကို ရခိုင်ပြည်နယ်မောင်တောအနီးမှာ ၂၀၀ကျော် ၊ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့အနီးမှာ ၇၀၀ကျော်နဲ့ တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ပင်လယ်ပြင်မှာ ၁၀၀ကျော်ကို မြန်မာရေတပ် က တွေ့ရှိခဲ့ရာက စစ်ဆေးပြီးတဲ့နောက် မောင်တော ခရိုင်ကို ပို့ဆောင်ခဲ့ တာဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးရမိတဲ့သူတွေထဲမှာ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တချို့ ပါဝင်ခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ထိုင်း-မြန်မာနယ်စပ်ဒေသမှာလည်း တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလီ ၁၆ ယောက်ကို ကရင်ပြည်နယ် သင်္ဃန်းညီနောင်မှာ ဖမ်းဆီးရမိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သင်္ဃန်းညီနောင် ရဲစခန်းက တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုပါတယ်။

“ခိုးဝင်လာတဲ့ ဘင်္ဂါလီတော့ မဟုတ်ဘူး။ သူတို့က ရွှေကုက္ကိုဖက်က လာတာ။ ကျနော်တို့ဆီက ဖမ်းတာတော့မဟုတ်ဘူး။ လ၀ကက ဖမ်းတာ။ အထောက်အထား ကတော့ မပါဘူးပေါ့ဗျာ။ သူတို့က ဘာမှ အထောက်အထားမပြဘူး။ သူတို့က ဘင်္ဂါလီတော့ မဟုတ်ဘူး လှိုင်းဘွဲ့မှာနေတဲ့ အဖွဲ့ပဲ။ ဒီနေ့တော့ သူတို့မှာ ရုံးထုတ် ရှိတယ်။ တရားရုံးမှာ။ လ၀က ကနေ တရားလိုလုပ်ပြီး တိုင်တာ။ လ၀က ကနေ”

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းကတော့ ပွင့်လင်းရာသီရောက်ပြီဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြန်မာအစိုးရက ဘင်္ဂါလီလို့ ခေါ်ဆိုသူတွေနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေဟာ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး မလေးရှားနိုင်ငံဘက် ကို တရားမ၀င် သွားရောက်လေ့ရှိပါတယ်။ ဒီလို သွားရောက်သူတွေဟာ အရှေ့တောင်အာရှဒေသမှာ ရှိတဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ကြရ တယ်လို့လည်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ထောက်ပြထားပါတယ်။



ကိုစည်သူ
2.12.2015

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒီဇင်ဘာလ (၂) ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

အစိုးရသစ် တာဝန် လွှဲပြောင်းပေးရေး ချောမွေ့စေဖို့၊ နိုင်ငံတည် ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော်မှာ တွေ့ဆုံကြတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲအကြောင်း နေပြည်တော်ကို ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုစည်သူက ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကြောင့် သမ္မတဦးသိန်းစိန် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ ဒီကနေ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့တာပါ။

ဒီကနေ့ ဒီဇင်ဘာလ (၂)ရက်နေ့မနက် (၉)နာရီ အချိန်ကစလို့ (၄၅) မိနစ်ကြာ သမ္မတအိမ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခဲ့တာပါ။ သတင်းမီဒီယာတွေ ၀င်ရောက်ခွင့်မရှိတာမို့ တွေ့ဆုံပွဲအပြီးမှာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးရဲထွဋ်က သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဆွေးနွေးခဲ့တာတွေကို တွေ့ဆုံပွဲအပြီးမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ပထမဆုံး အဓိကထားပြီးတော့ ဆွေးနွေးတာက နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်း ငြင်သာ ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ဖို့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ မရှိစေဖို့ ၊ နှစ်ဘက် ပူးပေါင်းဆောင်ရွက် မယ့်ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပဲ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အရင်တုန်းက အစဉ်အလာမရှိခဲ့သေးတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်တွေကို စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတခုကို ထူထောင်ဖို့အတွက် ဆိုပြီးတော့မှ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ရာမှာ အစိုးရသစ်တာဝန် လွှဲပြောင်းပေးတဲ့အခါ အေးချမ်းငြင်သာ ချောမွေ့စေရေးအတွက် အသွင်ကူးပြောင်းဆိုင်ရာအဖွဲ့တွေ ဖွဲ့စည်းသွားမယ် ဆိုတဲ့အကြောင်း နှစ်ဖက်သဘောတူတယ်လို့လည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။

နေ့လည် (၂)နာရီမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ (၁)နာရီကျော်ကြာ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ မတွေ့ဆုံမီနဲ့ တွေ့ဆုံအပြီးမှာ သတင်းမီဒီယာတွေနဲ့ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့ပေမယ့် တွေ့ဆုံပွဲအကြောင်းတစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုတာမရှိပါဘူး။

ဒါပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အခုတွေ့ဆုံမှုဟာ ပြည်သူ့ဆန္ဒကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စည်းလုံးညီညွတ်ရေး နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အခုတွေ့ဆုံမှုတွေဟာ ထင်ထားတာထက်ပိုပြီးတော့ အောင်မြင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၉)ရက်နေ့မှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ သီးသန့်တွေ့ဆုံခဲ့ပါသေးတယ်။

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးသိန်းစိန်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့တာကြောင့် အခုလိုတွေ့ဆုံပွဲတွေ ဆက်တိုက်ဖြစ်လာတာလည်းဖြစ်ပါတယ်။

Rohingya Exodus