နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
13.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက စခန်းရှေ့ လမ်းမှ ဖြတ်သန်း သွားလာသော ရိုဟင်ဂျာ များကို ပုံစံ အမျိုးမျိုးဖြင့် စစ်ဆေးလျက် ရှိသည်။ နယ်ခြားစောင့်ရဲ များက ပထမ ဦးစွာ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် (ရွာထွက် လက်မှတ်) စစ်ဆေးပြီး၊ ရွာထွက် လက်မှတ် ပြနိုင်လျှင် ယာယီ ကဒ်ပြား အပ်နှံပြီး ရရှိခဲ့သော လက်ခံစာကို ဆက်လက် စစ်ဆေးသည်။ လက်ခံစာ ပြနိုင်လျှင် ရွာထွက် လက်မှတ်ပါ အမည်နှင့် လက်ခံစာပါ အမည်မတူ (သို့မဟုတ်) စာလုံးမပေါ် စသည်ဖြင့် အမျိုးမျိုး အကြောင်းပြကာ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ ညှစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒုတိယ အနေနှင့် ဖုန်းများ စစ်ဆေးသည်။ အပြစ်ရှာ မတွေ့လျှင် ဖုန်းတွင် ဘင်္ဂလား ဖုန်းနံပါတ် သိမ်းဆည်းထားကို တွေ့ရှိသည်၊ သို့မဟုတ် ဖုန်းဟန်းဆက်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထုတ်လုပ်သည့် ဖုန်းဟန်းဆက် ဖြစ်သည်၊ သို့မဟုတ် ဆင်းမ်ကဒ် ဖြုတ်ယူ၍ ရှေ့မှောက်တွင်ပင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် တွေ့သည် စသည်ဖြင့် အမျိုးမျိုး လုပ်ကြံ၍ ငွေသိန်းချီ ညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

တတိယ အနေဖြင့် ဆိုင်ကယ် စီးသွားသူများကို ဆိုင်ကယ်စီး ဦးထုပ်၊ ယာဉ်မောင်း လိုင်စင်၊ ယာဉ်မှတ်ပုံတင်၊ ဘီးခွန် စသည်များ စစ်ဆေးသည်။ စုံစုံလင်လင် တင်ပြနိုင်သော်လည်း လိုင်စင်တွင် ဓါတ်ပုံ မပေါ်၊ အမည်မတူ၊ လိုင်စင် ညစ်ပတ်နေ၊ ဘီးခွန် ညစ်ပတ်နေသည်ဟု အမျိုးမျိုး ပြောပြီး ငွေညှစ်လျက် ရှိသည်။ 

ထိုသို့ မတရားသဖြင့် ငွေညှစ်ရတာတွင် ငွေပေးရန် ငြင်းဆန်သူများကို ရိုက်နှက်လေ့ ရှိသည်။ 

ဇန်န၀ါရီလ (၇) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် သရက်အုပ် ကျေးရွာမှ ဆိုင်ကယ် တက္ကစီ မောင်းသူ ဦးဆုဖ်မာမတ်နှင့် ဓားကြီးစား ကျေးရွာမှ ဆိုင်ကယ် တက္ကစီ မောင်းသူ နှစ်ဦးကို ဆိုင်ကယ်စီး ဦးထုပ် မပါသောကြောင့် ည ၈ နာရီထိ ထိုင်စောင့်ခိုင်းပြီး ငွေကျပ် ၅၀၀၀ စီ ညှစ်ယူခဲ့သည်။ လိုင်စင်၊ ဘီးခွန်၊ ဆိုင်ကယ်စီး ဦးထုပ် စစ်ဆေးသည့် ကိစ္စရပ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိသော်လည်း လက်နက် အင်အား ပြ၍ အတင်းအဓမ္မ ငွေညှစ်လျက် ရှိသည်။



Rohingya Eye
RB News
13.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ရဲမှူး ငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့်ရဲ (၈) ဦးတို့သည် မော်တော်ဆိုင်ကယ် (၄) စီးဖြင့် ဇန်န၀ါရီလ (၁၀) ရက်နေ့ ည ၆း၃၀ နာရီ အချိန်တွင် သရေကုန်းဘောင်ဈေးသို့ သွားရောက်၍၊ အဆိုပါ ရွာမှ ဦးဟာဘီအုလ္လာ (ဘ) ဦးမိုဟာမတ် ရှော်ဖီ (အသက် ၇၂ နှစ်) ကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နေအိမ်မှ အိမ်ထောင်စု စာရင်းကို ယူခိုင်း၍ အမည်များ စစ်ဆေးပြီးနောက် မီးရှို့မှုတွင် ပါဝင် ပတ်သက်နေသည်ဟု မဟုတ်မမှန် စွပ်စွဲကာ သရေကုန်းဘောင် ရခိုင်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

ည ၈း၃၀ နာရီ အချိန်တွင် ဦးဟာဘီအုလ္လာထံမှ ငွေကျပ် ၂၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့သည် သရေကုန်တန်း၊ ခုန္နားဟ်ဖာရာသို့ သွားရောက်၍ အုပ်ချုပ်ရေးမှူး ဦးဖိုက်ဆဲလ် (ဘ) ဦးယာစီးန် (အသက် ၂၉ နှစ်) နှင့် အတူ ရွာထဲတွင် လှည့်လည်နေစဉ် အိမ်ရှေ့ လမ်းပေါ်တွင် စကားပြောနေသူ နှစ်ဦးကို တွေ့ရှိပြီး ခန္ဓာကိုယ် အနှံ့ ရှာဖွေ စစ်ဆေးပြီးနောက် ၎င်းတို့နှစ်ဦးတွင် ပါရှိသော MPT ဆင်းမ်ကဒ်သုံး ဖုန်းကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၇) သိန်း (၅) သောင်း ညှစ်ယူခဲ့သည်။ 

ငွေညှစ်ခံရသူ နှစ်ဦးမှာ --

(၁) ဦးကေဖာယောဒ်အုလ္လာ (ဘ) ဦးအူမောရ်မျာ (အသက် ၃၂ နှစ်)
(၂) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဟာနီဖာ (အသက် ၃၅ နှစ်) တို့ဖြစ်သည်။ 

ရဲမှူးငြိမ်းချမ်းအေးသည် မကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ တာဝန်ခံ ဖြစ်ပြီး၊ ဂေါ်ဒူသာရ တံတား ကင်းစခန်းတွင် နေထိုင်သူ ဖြစ်သည်။



MYARF
RB News
13.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့ပေါ် ဈေးတွင် ဆိုင်ရောင်းချနေသော ဒေသခံ ရိုဟင်ဂျာ များကို ရဲနှင့် နယ်ခြားစောင့်ရဲ များက အကြောင်းမဲ့ ခေါ်ယူ ခြိမ်းခြောက်ပြီး ငွေညှစ်လျက် ရှိသည်။ 

မောင်တော မြို့နယ် အမှတ် (၄) ရပ်ကွက် (မြို့မ အလယ် ရပ်ကွက်) အုပ်စု၊ ဟိန္ဒူရွာနှင့် ရွာသစ်ကေ ရပ်ကွက် (အမှတ် ၅ ရပ်ကွက်) ကြားရှိ ရဲကင်းစခန်းမှ ရဲတပ်သား အောင်ကျော်သိန်းသည် ဇန်န၀ါရီလ (၇) ရက်နေ့တွင် မြို့သူကြီး အလယ်ရွာမှ စားကုန်ဆိုင် ပိုင်ရှင် ဦးမာမတ်ကာမာလ် (ဘ) မော်လ၀ီ ဟာဘီရာန် (အသက် ၃၃ နှစ်) ကို အကြောင်းမဲ့ ခေါ်ယူ၍ ခြိမ်းခြောက်ကာ ငွေကျပ် သုံးသောင်းငါးထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ ရဲတပ်သား အောင်ကျော်သိန်းသည် ဇန်န၀ါရီလ (၂) ရက်နေ့ကလည်း ရွာသစ်ကေ ရပ်ကွက်မှ စားကုန်ဆိုင် ပိုင်ရှင် ဦးနူရ်အစ္စလာမ် (ဘ) ဦးယာရ်မာမတ် (အသက် ၅၅ နှစ်) ထံမှ ငွေကျပ် ရှစ်သောင်းငါးထောင်ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ရွာသစ်ကေ ရပ်ကွက်မှ ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးအဒူရှကူရ် (အသက် ၅၇ နှစ်) ထံမှ ငွေကျပ် ရှစ်သောင်းကို လည်းကောင်း အကြောင်းမဲ့ ခြိမ်းခြောက်၍ ညှစ်ယူခဲ့သည်။ 

ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် မြို့မ ရဲစခန်းမှ နယ်ထိန်း ရဲအဖွဲ့သည် ရွာသစ်ကေ ရပ်ကွက်၊ အနောက်ရွာမှ စားကုန်ဆိုင် ပိုင်ရှင် ဦးဟာဘီအုလ္လာ (ဘ) ဦးဆုလ်တာန် (အသက် ၄၇ နှစ်) ကို အကြောင်းမဲ့ ခေါ်ယူ ခြိမ်းခြောက်၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင်လည်း မြို့သူကြီး ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စားကုန်ဆိုင် ပိုင်ရှင် ဦးမာမတ်ဂျူဘိုရ် (ဘ) ဦးရှော်ဖီအာလောမ် (အသက် ၃၀ နှစ်) ကို အကြောင်းမဲ့ ခေါ်ယူပြီး ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ ထိုသို့ ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ခြိမ်းခြောက်၍ ငွေညှစ်နေသည်ကို အထက် အရာရှိများက သိသော်လည်း မသိချင်ယောင်ဆောင် နေကြသည်ဟု ဒေသခံများက ပြောပါသည်။

ဒါးပိန် ဒုက္ခသည် စခန်းတွင် အာဟာရ ပြတ်နေသော ၂၅ ရက်သား ကလေး အမွှာကို ၂၀၁၄ ခုနှစ် ဧပြီလက ဓာတ်ပုံ ဆရာက မှတ်တမ်း တင်ထားစဉ် (ဓာတ်ပုံ – Reuters)



ဧရာဝတီ
13.1.2016

လူအများ၏ ချစ်ခင် လေးစားမှုကို ခံရသော နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် တဦးက ၂၁ ရာစု၏ အကျဉ်းစခန်းများကို ဦးဆောင်သည့် မြင်ကွင်း တခုကို မကြာခင် ကမ္ဘာက မြင်တွေ့ရတော့မည်။

ကမ္ဘာ့သူရဲကောင်းများထဲ တဦးအပါအ၀င်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က သူ၏ တိုင်းပြည်အတွက် ဒီမိုကရေစီကို ရယူပေးနိုင်ခဲ့သည်။ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူတဦး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ကြားခဲ့ရသမျှဖူးသော လူမျိုးတုန်းစေမှုများထဲတွင် အဆိုးရွားဆုံး တခုဖြစ်သည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဟု ခေါ်သော မွတ်ဆလင်များအပေါ် ဖျက်ဆီးနှောက်ယှက်မှုများကိုလည်း အမွေဆက်ခံရတော့မည် ဖြစ်သည်။

Yale တက္ကသိုလ်မှ မကြာသေးခင်က ပြုလုပ်ခဲ့သည့် လေ့လာမှုတခုတွင် လူဦးရေ ၁ သန်းကျော် ရှိသော ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုသည် လူမျိုးတုန်းစေမှုဟု ဆိုနိုင်ကြောင်း ဖော်ပြထားပြီး လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာတစောင်ကမူ “နိုင်ငံတကာ ရာဇ၀တ်ဥပဒေများအရဆိုလျှင် လူသားမျိုးနွယ်ကို ဆန့်ကျင် ဖျက်ဆီးသည့် ရာဇ၀တ်မှုများ” ဖြစ်ရန် ပုံပေါ်သည်ဟု ဆိုသည်။

ယခုအချိန်အထိမူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတို့၏ လက်ရှိခွဲခြားမှု အမြင်အတိုင်း ဆက်သွားမည့် အသွင်ရှိသည်။ သူက ယခုအခါ နိုင်ငံရေး သမားတယောက် ဖြစ်သည်။ ရိုဟင်ဂျာကဲ့သော လူနည်းစုများကို ဖိနှိပ်ကန့်သတ်ခြင်းက ဗုဒ္ဓ ဘာသာဝင် မဲဆန္ဒရှင် အများစုကြားတွင် လူကြိုက်များပါသည်။

နောက်ထပ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တဦးဖြစ်သော အမေရိကန် သမ္မတ အိုဘားမားကလည်း ထိုကိစ္စအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာ ပြသခဲ့သည်။ သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးနိုင်သူ တဦးဖြစ်ပြီး မြန်မာနိုင်ငံသို့လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ၂ ကြိမ် ရောက်ခဲ့သည်။ သမ္မတအိုဘားမားနှင့် ဟီလာရီကလင်တန် တို့က မြန်မာနိုင်ငံကို ဒီမိုကရေစီ ရရန်နှင့် အနောက်တိုင်းနှင့် နီးစပ်စေရန် ဆွဲဆောင် သိမ်းသွင်းခဲ့ပြီး သိသိသာသာ အောင်မြင်မှုလည်း ရရှိခဲ့သည်။ ရိုဟင်ဂျာ အများအပြား ထိန်းသိမ်းခံထားရသည့် အကျဉ်းစခန်းနှင့်တူသည့် ဒုက္ခသည် စခန်း ၆၇ ခု အကြောင်းကို အရေးစိုက်ခဲ့လျှင် ပွဲပျက်နိုင်သောကြောင့် ဖြစ်နိုင်ပါသည်။

ထိုအကြောင်းများကြောင့် အသက် ၁၄ နှစ် အရွယ် မိုဟာမတ်ကာရင် သေဆုံးခဲ့ရသည်မှာ လက်တွေ့ ဖြစ်သည်။

သောင်းနှင့် ချီသော ရိုဟင်ဂျာများနှင့် အတူ ကြီးမားသည့် ဒုက္ခသည် စခန်းတခုတွင် မိုဟာမတ်ကာရင် နေထိုင်ခဲ့သည်။ အစိုးရက ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်ကို တားမြစ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကိုလည်း ကန့်သတ်ထားသည်။ သူက လူကုန်ကူးသူများကို ပိုက်ဆံပေး၍ လှေဖြင့် ထွက်ပြေးချင်ခဲ့သည်။ ထိုနည်းဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်သည့် ရိုဟင်ဂျာ အများအပြားရှိသည်။

“ကျမတို့က သူ့ကို ခွင့်မပြုခဲ့ဘူး။ အဲဒါက အန္တရာယ် များတယ်လေ” ဟု မိခင်ဖြစ်သူ ဆာရာဟတူက ပြောသည်။

ထို့နောက် မိုဟာမတ်ကာရင်၏ ခြေဖနောင့်တွင် ဒဏ်ရာတခု ရရှိခဲ့သည်။ ဒဏ်ရာနှင့် ပတ်သက်၍ မည်သူကမျှ အလေးအနက် မထားခဲ့သော်လည်း မကြာမီမှာပင် သူ၏ မေးရိုးများ လှုပ်ရှားရန် ခက်ခဲလာခဲ့သည်။

မိုဟာမတ်ကာရင် မေးခိုင်ရောဂါ ရရှိခဲ့သည်မှာ ထင်ရှားပါသည်။ သူ့အနေဖြင့် ဒုက္ခသည် စခန်းအတွင်းမှ အခြားသော ကလေးငယ် များကဲ့သို့ ပင် မေးခိုင်ရောဂါ ကာကွယ်ဆေးအပါအ၀င် ကာကွယ်ဆေးများ မရခဲ့ပါ။

သူ နေမကောင်းဖြစ်လာသည့် အချိန် ဒေသခံကျန်းမာရေး ၀န်ထမ်းများနှင့် ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတတ်သည့် ဆေးခန်းက သူ့ကို အကူအညီမပေးနိုင်ခဲ့ပါ။ နောက်ဆုံးတွင် စခန်းမှ ထွက်ပြီး ဆေးရုံတင်ရန် အထူးခွင့်ပြုချက် ရရှိခဲ့သည်။ သို့သော်လည်း အလွန်နောက်ကျခဲ့ပြီ ဖြစ်သည်။ “နောက် ၂ရက်လောက်ကြာတော့ သူ့ရဲ့ အလောင်းပဲ ပြန်ရောက်လာတယ်” ဟု ဆာရာဟတူက ပြောသည်။

သူတို့တဲနှင့် ပေ ၁၀၀ ခန့်ကွာသည့် နေရာတွင် အခြားသော မိသားစုတခုလည်း ကြေကွဲနေသည်။ အသက် ၂၀ အရွယ် မိန်းကလေး တယောက်ဖြစ်သည့် ဘေလ်ဒါဘီးဂန်းသည် အသည်းရောင် အသားဝါပိုး (အေ) ဖြင့် သေဆုံးခဲ့ရသည်ဟု အိမ်နီးချင်းများက ပြောသည်။ အသည်းရောင် အေ ရောဂါသည် အသက်ကို အန္တရာယ်ပေးနိုင်သည့် ရောဂါ မဟုတ်သော်လည်း သူ သည်လည်း လိုအပ်သည့် ဆေးဝါးကုသမှု မရရှိခဲ့သဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် အသက် ၂ နှစ် အရွယ် သားဖြစ်သူ ဟိုင်ရိုးလ်ကို ထားရစ်ကာ ကွယ်လွန်သွားခဲ့သည်။

“တကယ်လို့ သူဟာ ရိုဟင်ဂျာ တယောက်မဟုတ်ခဲ့ဘူးဆိုရင် သူ အသက်ရှင်ဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်။” ဟု လူမျိုးစု ခေါင်းဆောင် တယောက်ဖြစ်သည့် အီနွတ်မိုနိုင်က ပြောသည်။

ယခုအခါ ဟိုင်ရိုးလ် အလွန် ဆာလောင်နေသည်။ အသက် ၂ နှစ် နှင့် ၄ လ အရွယ်ရှိပြီဖြစ်သော ဟိုင်ရိုးလ်၏ ကိုယ်အလေးချိန်က ၁၉ ပေါင်သာ ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကိုယ်ခန္ဓာ အလေးချိန်နှင့် အသက်အရွယ် အချိုးကိုပြသသည့် ဇယားတွင် ဟိုင်ရိုးလ် မပါ ၀င်ပါ။ သူက အနိမ့်ဆုံး အဖြစ်သတ်မှတ်ထားသည်ထက်ပင် များစွာ နိမ့်ကျနေပါသည်။

စခန်းတွင်ရှိသော မိသားစုအချို့မှာ မိုင်အနည်းငယ်မျှသာ ဝေးသည့် စစ်တွေမြို့ရှိ ဘဏ်များတွင် ငွေစုစာရင်းများ ရှိကြ သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်မှစ၍ သူတို့၏ ငွေစာရင်းများကို ပိတ်ထားခဲ့သည့် အတွက် မိသားစုများ စားဝတ်နေရေး သုံးစွဲရန် ငွေထုတ်ယူနိုင်ခြင်း မရှိကြပါ။

ကမ္ဘာ၏ တုန့်ပြန်မှုကလည်း ထိရောက်စွာ မကူညီနိုင်ခဲ့ပါ။ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် စာနယ်ဇင်းသမားများက ရိုဟင်ဂျာများနှင့် တွေ့ဆုံနိုင်ရေးကိုလည်း မြန်မာနိုင်ငံက ခက်ခဲအောင်ပြုလုပ်ထားခြင်းကြောင့်လည်း တစိတ်တပိုင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့ကို မြင်တွေ့ခွင့် နည်းပါးခဲ့ရသည်။

ကုလသမဂ္ဂ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် အလုပ်မဖြစ်ပါ။ ကျနော်ရရှိခဲ့သည့် ကုလသမဂ္ဂ၏ ဌာနတွင်း စာတစောင်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ၀န်ထမ်းများသည် တယောက်နှင့် တယောက် အချင်းများနေကြပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အနေအထားကို မေးခွန်းထုတ်စရာ ဖြစ်လာစေသည်ဟု သတိ ပေးထားသည်ကို တွေ့ရပါသည်။

ဆက်လက်ဖြစ်ပေါ်နေသည့် ရိုဟင်ဂျာများအပေါ် ခွဲခြားနှိပ်စက်မှုများကို မီးမောင်းထိုးပြခဲ့သော Human Rights Watch၊ Fortify Rights နှင့် United to End Genocide တို့ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့အစည်းများကို ဂုဏ်ပြုရမည် ဖြစ်သည်။ အစိုးရ ခွင့်ပြုထားသည့် နေရာများတွင် နစ်နာမှုများ သက်သာရာရအောင် ဆောင်ရွက်ပေးနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ချီးကျူးရမည် ဖြစ်သည်။ ကျနော်ရောက်ခဲ့သည့် ကျွန်းကြီး တကျွန်းတွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MFS) နှင့် Save the Children အဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဆိုင်ရာ အကူအညီများ ပေးနေကြပါသည်။

အကူအညီပေးရေး အဖွဲ့အစည်းများကို နေရာအများစုတွင် ပိတ်ပင်ထားခြင်းနှင့် ရိုဟင်ဂျာများကို စနစ်တကျ ဖျက်ဆီးနေ ခြင်းများကြောင့် ၂၁ ရာစုနှစ်၏ လူ့အခွင့်အရေး ကပ်ဘေးတွင် လျစ်လျူရှု အခံရဆုံးစာရင်း၌ တခု အပါအ၀င် ဖြစ်စေခဲ့သည်။

မြန်မာ အစိုးရက လူပုဂ္ဂိုလ်အရ ဖိနှိပ်ကန့်သတ်သည်သာမက ရိုဟင်ဂျာများကိုလည်း မျိုးနွယ်စုတခု အဖြစ်မှ ဖယ်ရှားပစ်ရန် ကြိုးစားနေပါသည်။ ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ မရှိဟု ငြင်းပယ်ထားသည်။ အာဏာပိုင်များက ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခြင်းမပြုပါ။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င်ရောက်လာသူများ ဖြစ်သည်ဟု ဆိုသည်။ ရိုဟင်ဂျာများသည် တိုင်းရင်းသား လူမျိုးစု ဖြစ်သည်ဟု ဖော်ပြထားသည့် ၂၀၁၆ ခုနှစ် ပြက္ခဒိန် ရိုက်နှိပ်ခဲ့သည့်အတွက် လူ ၅ ဦး ကို နိုဝင်ဘာလအတွင်း အစိုးရက ဖမ်းဆီးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ရိုဟင်ဂျာဟုပြောရန် ရှောင်ရှားခဲ့သည်။ မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးကလည်း အလျှော့ပေးသည့်အနေဖြင့် ၎င်းတို့၏ တရားဝင်ကြေညာချက်များတွင် အဆိုပါ စကားလုံးကို သုံးစွဲရန် ရှောင်လွှဲနေခဲ့သည့် အသွင်ရှိသည်။

“အိုဘားမားရဲ့ အစိုးရက အများကြီးပိုပြီး လုပ်ပေးနိုင်ခဲ့မယ်ဆိုတာ သေချာပါတယ်” ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို အလေးပေးဆောင်ရွက်နေသည့် အဖွဲ့တခု ဖြစ်သည့် Fortify Rights မှ Matthew Smith က ပြောသည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခုကို ကျောထောက်နောက်ခံပေးရေး၊ မြန်မာအစိုးရ၏ မူဝါဒကို တွန်းအားပေးရေး၊ နိုင်ငံသား ဖြစ်ခွင့် ပြန်လည်ရရှိရေး၊ ရိုဟင်ဂျာများ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ အစည်းများကို ခွင့်ပြုရေးတို့ အပါအ၀င်ဖြစ်သည်။ အခြား အမေရိကန် နိုင်ငံရေးသမား အများစုမှာလည်း နှုတ်ဆိတ်နေခဲ့ကြသည်။ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုများတွင်လည်း အဆိုပါ ကိစ္စမှာ တခါတရံမျှသာ ရှားရှားပါးပါး ပေါ်ထွက်လာတတ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများစွာ ဖြစ်ခဲ့သည်။ အထူးသဖြင့် ဒီမိုကရေစီ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ သို့သော် ဒီမိုကရေစီထွန်းကားလာခြင်းက လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသား ဆန့်ကျင်ရေး လှုံ့ဆော်သည့် လူပြိန်းကြိုက် နိုင်ငံရေးကိုလည်း အင်အားကောင်းလာခဲ့ပြီး ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရ ပိုခက်ခဲစေခဲ့သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက မွတ်ဆလင် ကိုယ်စားလှယ်လောင်း တဦးမျှ ရွေးချယ်ခြင်း မပြု ခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာများနှင့် ပတ်သက်၍ သဘောထားပျော့ပျောင်းလွန်းသည်ဟု မြန်မာနိုင်ငံသား အများစုက ယူဆကြသည်။ သူက ရိုဟင်ဂျာများကို ဆန့်ကျင်ရှုတ်ချခြင်းမပြုဘဲ နှုတ်ဆိတ်နေခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ့ကို နှစ်ပေါင်းများစွာ လေးစားခဲ့သော ကျနော်တို့အတွက်မူ နိုင်ငံရေးအရ အဆင်ပြေစေရန် အခြေခံ သဘောတရားများကို စွန့်လွှတ်စတေးခဲ့ခြင်းအပေါ် စောင့်ကြည့်နေရသည်က စိတ်မသက်သာစရာ ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ခုခံကာကွယ်သူများက မြန်မာနိုင်ငံတွင် ပြဿနာပေါင်းများစွာရှိနေသည်ဟု ထောက်ပြကြသည်။ သူတို့အတွက် ရိုဟင်ဂျာ အရေးသည် နိုင်ငံအတွင်းရှိ ကံဆိုးမှုများစွာအတွင်းမှ ကံဆိုးမှုတခုသာ ဖြစ်သည်။ ဦးစားပေးရမည်မှာ စီးပွားရေးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ပြည်တွင်း ပဋိပက္ခများ ပြီးဆုံးရေး ဖြစ်သည်ဟု သူတို့က ယူဆကြသည်။ စိန်ခေါ်မှုပေါင်းများစွာ ရှိနေသော တိုင်းပြည်တခုတွင် လူမျိုးစုတခု၏ ပြဿနာများကိုသာ အာရုံစိုက် အလေးပေးခြင်းက အရှည်ကို မမျှော်တွေးခြင်း ဖြစ်သည်ဟု သူတို့က ဆိုသည်။

ကျနော့် အတွက်မူ အစိုးရတခုက လူမျိုးနွယ်စုတခုကို တမင်သက်သက် ဦးတည်၍ နှောက်ယှက်ဖျက်ဆီးနေခြင်း၊ အကျဉ်းထောင်နှင့် တူသည့် ဒုက္ခသည် စခန်းများတွင် ပိတ်လှောင်ထားခြင်း၊ သူတို့၏ အသက်မွေးမှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို ငြင်းပယ်နေခြင်းများက တကယ်ပင် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ဖြစ်ပါသည်။ သူတို့၏ လူမျိုးစုကို အစွဲပြု၍ ဒုက္ခသည် စခန်းများတွင် ထိန်းသိမ်းခံရရင်း ကလေးငယ်များ သေဆုံးနေခြင်းသည် ကမ္ဘာပေါ်တွင် ကြုံ တွေ့နေရသည့် ဆင်းရဲနွမ်းပါးမှု ပြဿနာတခု သက်သက်မဟုတ်ပါ။ လူသားမျိုးနွယ်ကို ထိခိုက်စေသည့် ရာဇ၀တ်မှုဖြစ် ပါသည်။ ၎င်းကို ဖြေရှင်းနိုင်ရေးက လူသားမျိုးနွယ် အားလုံး၏တာဝန် ဖြစ်ပါသည်။

(The New York Times သတင်းစာ ဆောင်းပါးရှင် Nicholas Kristof ၏ Myanmar’s Peace Prize Winner and Crimes Against Humanity ကို ဆီလျော်အောင် နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ နီကိုလတ်စ် ခရစ်စတော့ဖ်သည် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကျန်းမာရေးနှင့် ကမ္ဘာ့ရေးရာများတွင် သူ၏ ဝေဖန်သုံးသပ် ရေးသားချက်များကြောင့် လူအများက လေးစားပြီး ပူလစ်ဇာဆု ၂ ဆု ရရှိထားသူ ဖြစ်သည်။)



MYARF
RB News
10.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အလယ်ချောင်း ကျေးရွာတွင် လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်မာလ်ဟာကိမ်းကို ရွာသားများက မနှစ်သက်သောကြောင့် ဦးယာဟာယာ ဆိုသူကို အုပ်ချုပ်ရေးမှူး တင်မြှောက်ရန် ရွာသားများ အကြား ပြောဆိုမှုများ ရှိနေသည်။ သို့ဖြစ်၍ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးနူရ်မာလ်ဟာကိမ်းက မနာလိုဖြစ်ကာ ၎င်း၏ တပည့် ဖြစ်သူ ဦးအာနိုဝါရ်နှင့် ပူးပေါင်း၍ ဇန်န၀ါရီလ (၄) ရက်နေ့ ညတွင် ဦးယာဟာယာ၏ အိမ်တွင် WY မူးယစ်ဆေးဝါး (၁၀) လုံး ထည့်သွင်းပေးပြီး၊ ဇန်န၀ါရီလ (၅) ရက်နေ့ နံနက်တွင် ဦးယာဟာယာက WY ရောင်းသည်ဟု ဘူးသီးတောင် မြို့ရှိ ဌာနပေါင်းစုံမှ ကြားသိ၍ ဖမ်းဆီးရန် လာရောက်နေကြောင်း သတင်းလွှင့်သောကြောင့် ဦးယာဟာယာ၏ မိသားစု တစ်စုလုံး အိုးအိမ် စွန့်ခွာ၍ တိမ်းရှောင်နေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ (၇) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၌ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော် (မြိုလူမျိုး)၊ ဦးသိန်းကျော် (မာရ်မာကြီး လူမျိုး)၊ ဦးမောင်မောင် (ခ) မောင်သိန်းညွန့် တို့ သုံးဦး ယှဉ်ပြိုင်ခဲ့ရာ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော် အနိုင်ရရှိခဲ့သည်။ မိမိအား မဲဆန္ဒရှင်များက မနှစ်သက်၍ ရှုံးနိမ့်ခဲ့သည်ကို မကျေနပ်၍ မောင်သိန်းညွန့်က မဲဆန္ဒရှင်များနှင့် ပြိုင်ဘက်များကို ရန်ပြုခဲ့သည်။ နောက်ဆုံးတွင် နယ်ခြားစောင့်ရဲ များက သေနတ်ဖြင့် ထောက်၍ တားဆီးခဲ့ရသည်။ ညနေပိုင်းတွင် ခရိုင်နှင့် ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးများသို့ တိုင်တန်းမည်ဟု ဆိုကာ ငွေအိတ်တစ်အိတ် ယူ၍ မောင်တော မြို့သို့ ထွက်ခွာသွားခဲ့သည်။ လောင်းဒုံ ကျေးရွာတွင် ရပ်မိရပ်ဖနှင့် ရာအိမ်မှူးများ ရွေးချယ်ရာတွင် တောင်ပိုင်းမှ ကျေးရွာများတွင် လူများစုများ ဖြစ်သော ရိုဟင်ဂျာ လူမျိုးများကို ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိခဲ့ခြင်းကြောင်း ဒေသခံမျာက ပြောပါသည်။ မောင်သိန်းညွန့် ဆိုသူသည် ရ.၀.တ ဥက္ကဌ တစ်ကြိမ်၊ ရ.ယ.က ဥက္ကဌ တစ်ကြိမ်၊ ၂၀၁၁ မှ ၂၀၁၃ ထိ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင် ကျေးရွာ လူကြီး တာဝန်ထမ်းဆောင် ခဲ့သည်။ ၎င်းအာဏာရှိစဉ်က လူနည်းစုများ ဖြစ်သည့် မြို၊ မာရ်မာကြီး၊ ဟိန္ဒူနှင့် ရိုဟင်ဂျာ လူမျိုးများကို အမျိုးမျိုး နှိပ်စက် ငွေညှစ်ပြီး ငွေကြေး ချမ်းသာ လာခဲ့သည်။ ထိုကဲ့သို့ မတရားသဖြင့် ရှာဖွေခဲ့သည့် ငွေများဖြင့် စစ်တွေမြို့တွင် တိုက်အိမ် နှစ်လုံး၊ ကားသုံးစီး ၀ယ်ယူ၍ အငှားချ ထားသည်ဟု ဒေသခံများက ပြောပါသည်။ မောင်တော မြို့နယ်တွင်လည်း ပုဇွန်ကန်နှင့် လယ်ယာမြေ အများအပြား ၀ယ်ယူ စုဆောင်း ထားသည်ဟု ဆိုသည်။ ၎င်းသည် အလွန် ရက်စက် ကြမ်းကြုတ်သူ တစ်ဦး ဖြစ်ပြီး၊ ရိုဟင်ဂျာများ အပြင် အခြားသော လူနည်းစုများ ဖြစ်သော မြို၊ မာရ်မာကြီးနှင့် ဟိန္ဒူ လူမျိုးများကပါ အလွန် ကြောက်ရွံကြသည်။ ထို့ကြောင့် ၎င်းအား မဲပေးခြင်း မရှိခဲ့ကြောင်း သိရှိရသည်။



MYARF
RB News
10.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်ရှိ ရပ်ကွက်/ ကျေးရွာများတွင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ စတင် ရွေးချယ်လျက် ရှိသည်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသော မြို့နယ်များတွင် မြို့နယ် အုပ်ချုပ်ရေးမှူး များက ဌာနပေါင်းစုနှင့် ပူးပေါင်း၍ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အဖွဲ့ တစ်ဖွဲ့စီကို ရပ်ကွက်/ ကျေးရွာတိုင်း အတွက် ဖွဲ့စည်း ပေးခဲ့သည်။ 

အဆိုပါ အဖွဲ့သည် ဇန်န၀ါရီလဆန်း တစ်ရက်နေ့မှစ၍ ရပ်ကွက်/ ကျေးရွာ များသို့ သွားရောက်ပြီး အုပ်ချုပ်ရေးမှူး မရွေးချယ်ခင် ဦးစွာ ရပ်မိရပ်ဖ အဖွဲ့ဟု ခေါ်သော လူငါးဦး ပါသော အဖွဲ့တစ်ဖွဲ့စီကို ရွေးချယ် ဖွဲ့စည်းလျက် ရှိသည်။ ဘူးသီးတောင် မြို့နယ်တွင် ကျေးရွာ အုပ်စု (၈၅) စု အတွက် ရွေးချယ်ပြီး ဖြစ်ကြောင်း သိရှိရသည်။ မောင်တော မြို့နယ်နှင့် ရသေ့တောင် မြို့နယ် များတွင် ရွေးချယ် နေဆဲ ဖြစ်သည်။ 

အဆိုပါ ရပ်မိရပ်ဖ အဖွဲ့က ကြီးကြပ်၍ ဆယ်အိမ်စုမှူးများ ရွေးချယ်မည် ဖြစ်ပြီး၊ ဆယ်အိမ်စုမှူး များက မဲပေး၍ အုပ်ချုပ်ရေးမှူး တင်မြှောက်မည် ဖြစ်သည်။ ဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိ အစိုးရမှာ ဇန်န၀ါရီလ တစ်လသာ သက်တမ်း ကျန်ရှိပြီး၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ ဆိုလျှင် သက်တမ်း ကုန်ဆုံးသွားမည် ဖြစ်သည်။ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက အစိုးရသစ် ဖွဲ့စည်းပြီး နိုင်ငံကို အုပ်ချုပ်သွားမည် ဖြစ်သည်။ ယခု ရွေးချယ် တင်မြှောက် နေသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှာလည်း ရှေ့နှစ်များ အတွက်သာ ဖြစ်၍ သက်တမ်း ကုန်ဆုံးနေသည့် ဦးသိန်းစိန် အစိုးရနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ အနိုင်ရ NLD ပါတီ၏ တာဝန်သာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

မိမိတို့ အစိုးရနှင့် သက်ဆိုင်ခြင်း မရှိသည်ကို သိလျက်နှင့် ယခုကဲ့သို့ အတင်းအဓမ္မ မြန်မြန်ဆန် ရွေးချယ်နေရခြင်းမှာ -- ဆယ်အိမ်စုမှူများက မဲပေးပြီး ရွေးချယ်သည့် အုပ်ချုပ်ရေးမှူးလောင်သည် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သီးသန့် တွေ့ဆုံရပြီး၊ အုပ်ချုပ်ရေးမှူးသစ် တစ်ဦးထံမှ လာဘ်ငွေ ကျပ်သိန်း ၁၀၀ မှ ၁၅၀ ထိ ယူလေ့ရှိသည်ဟု အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးက RB News သို့ပြောပါသည်။ ထိုသို့ လာဘ်ငွေ ပေးမှသာ အုပ်ချုပ်ရေးမှူး ခန့်အပ်လွှာ ပေးအပ်သည်ဟု ဆိုသည်။ 

မောင်တော မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၀၅ စုနှင့် ဘူးသီးတောင် မြို့နယ်တွင် ၈၅ စု ရှိသည်။ အရေးကြီးဆုံး ဖြစ်သည့် အချက်မှာ အုပ်ချုပ်ရေးမှူး အသစ်များ ထံမှ ငွေများ မြန်မြန်ယူနိုင်ရန်ပင် ဖြစ်သည်။ 

ထိုသို့ ရွေးချယ်တင်မြှောက်ရာတွင်လည်း အချို့သော ရခိုင်နှင့် ရိုဟင်ဂျာ ပေါင်းစပ်ရွာများတွင် ရိုဟင်ဂျာများကို မဲပေးပိုင်ခွင့်နှင့် ရွေးချယ်ခံပိုင် မပေးဘဲ ဘေးဖယ်ထားသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာတွင် ရခိုင်၊ မြို၊ ရိုဟင်ဂျာ၊ မာရ်မာကြီး၊ ဟိန္ဒူ လူမျိုးများ နေထိုင်ကြသည့် ပေါင်းစပ် ကျေးရွာအုပ်စု တစ်စုဖြစ်သည်။ ဇန်န၀ါရီလ (၇) ရက်နေ့တွင် ယင်းကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ရိုဟင်ဂျာများ၏ မဲပေးပိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။



Rohingya Eye
RB News
9.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့ပေါ် ရပ်ကွက် အချို့နှင့် အောင်ဗလ ရွာသို့ ဇန်န၀ါရီလ (၂) ရက်နေ့ ညပိုင်း အချိန်တွင် ရခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်မှု ရှိသော ရခိုင် အစွန်းရောက် များကို ဖမ်းဆီးရန် ရှာဖွေ ခဲ့သော်လည်း နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး၊ မြို့နယ် အုပ်ချုပ်ရေး တို့မှ ကြိုတင် သတင်းပေးထားမှုကြောင့် တစ်ဦးကိုမှ ဖမ်းဆီး၍ မရနိုင်ခဲ့ပေ။ 

ဇန်န၀ါရီလ (၇) ရက်နေ့ မွန်းလွှဲ (၂) နာရီ အချိန်တွင် မောင်တော မြို့နယ်၊ အနောက် ရပ်ကွက်မှ ရခိုင်အမျိုးသား ပါတီ အဖွဲ့ဝင် ဦးလှမြင့် (ဘ) ဦးနီမောင်ချေ (အသက် ၄၆ နှစ်) သည် AA နှင့် အဆက်အသွယ် ရှိနေကြောင်း သတင်း ရရှိပြီး၊ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်တို့ ပူးပေါင်း၍ ဦးလှမြင့်၏ နေအိမ်ကို ၀န်းရံ၍ ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း တိမ်းရှောင် သွားသောကြောင့် ဖမ်းဆီး၍ မရခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဦးလှမြင့်သည် လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်ပြီး၊ တရားမ၀င် လုပ်ငန်းများလည်း လျှို့ဝှက်စွာ လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။



MYARF
RB News
9.1.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အတွင်း လုံခြုံရေး တာဝန်ယူထားသည့် စေတီပြင် နယ်မြေမှ စစ်ကြောင်းမှူး၊ ခမရ (၅၅၁) တပ်ရင်းမှ တာဝန်ခံ တစ်ဦး ဖြစ်သူ ဗိုလ်ကြီးမင်းဟိန်းထူးသည် ရိုဟင်ဂျာ ရွာတိုင်းတွင် သတင်းပေးများ ထားရှိကာ မဟုတ်မမှန် လုပ်ကြံ ဇတ်လမ်းများ ဖန်တီး၍ ဒေသခံ ရိုဟင်ဂျာများ ထံမှ နေ့စဉ် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ရွာသားများကို ဆူပူမှု ပြုလုပ်ရန် လှုံ့ဆော်ခဲ့သည်ဟု အခြေအမြစ် မရှိ စွပ်စွဲ၍ အောက်ပါ ဒေသခံ ရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။ ငွေညှစ်ပြီးနောက် မည်သူ တစ်ဦး တစ်ယောက်နှင့် မည်သည့် မီဒီယာကိုမှ မပြောပါဟု ခံဝန်ချက် လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အကယ်၍ မီဒီယာတွင် ဖော်ပြခြင်း ခံရပါက ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ငွေညှစ်ခံရသူ များမှာ --

(၁) ဦးဟာဘီရာန် (ဘေလွှာမိရွာ) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း
(၂) ဦးဒိလ်မာမတ် (ဘေလွှာမိရွာ) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း သုံးသောင်း
(၃) ဦးရော်ဖိတ် (ဘေလွှာမိရွာ) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း လေးသောင်း ငါးထောင်
(၄) ဦးအလီဟူဆောင်း (ဘေလွှာမိရွာ) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၅) ဦးအဒူဆလာမ် (နီဘင်ဘော်ရွာ) -- ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း
(၆) ဦးအာမီးရ်ဟူဆောင်း (နီလင်ဘော်ရွာ) -- ညှစ်ခံရသည့် ငွေကျပ် ကိုးသောင်း
(၇) မော်လ၀ီ အီစွဖ် (နီလင်ဘော်ရွာ) -- ညှစ်ခံရသည့် ငွေကျပ် လေးသောင်း
(၈) ဦးဖော်ဇော်လာမတ် (နီလင်ဘော်ရွာ) -- ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း
(၉) ဦးဟာရှင်မ် (အထက်နန်းရာရွာ) -- ညှစ်ခံရသည့် ငွေကျပ် ရှစ်သောင်း
(၁၀) ဦးရော်ရှိတ် (သံဒူရွာ) -- ညှစ်ခံရသည့် ငွေကျပ် ခြောက်သောင်း
(၁၁) မော်လ၀ီ ကာလူ (သံဒူရွာ) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း
(၁၂) ဦးအဒူမူနာဖ် (သံဒူရွာ) -- ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း
(၁၃) ဦးအစ္စမိုင်လ် (အဒူလ္လာရွာ) -- ညှစ်ခံရသည့် ငွေကျပ် သုံးသိန်း
(၁၄) မော်လ၀ီ အဒူရှကူရ် (အောက်နန်းရာရွာ) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း
(၁၅) ဦးဗန်ဒူလ္လာ (အောက်နန်းရာရွာ) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း လေးသောင်း
(၁၆) ဦးအဒူရော်ကိမ်း (အဒူလ္လာရွာ) -- ညှစ်ခံရသည့် ငွေကျပ် ခုနှစ်သိန်း ငါးသောင်း
(၁၇) ဦးမောင်ဘူလာ (အထက်နန်းရာရွာ) -- ညှစ်ခံရသည့် ငွေကျပ် ခြောက်သိန်း
(၁၈) မော်လ၀ီ အေဇာသ် (သပြေတောရွာ) -- ညှစ်ခံရသည့် ငွေကျပ် ခြောက်သိန်း
(၁၉) ဦးမာမတ်ရှရီဖ် နှင့် အပေါင်းအပါ (၃) ဦး (ရှမ်းရွာ) -- ညှစ်ခံရသည့် ငွေကျပ် ခုနှစ်သိန်း ငါးသောင်း
(၂၀) ဦးနော်ဇီရာမောတ် (သိင်္ဂနရွာ) -- ညှစ်ခံရသည့် ငွေကျပ် ငါးသိန်း ငါးသောင်း -- တို့ဖြစ်သည်။



MYARF
RB News
9.1.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ကူတောင် နယ်မြေရှိ ခမရ (၅၅၁) တပ်ရင်းမှ ဗိုလ်ကြီး ပြည့်ဖြိုးအောင်သည် ညောင်ပင်ကြီး (ခ) မူဇိုင် (ရိုဟင်ဂျာရွာ) အနီးရှိ စစ်တပ် စခန်းတွင် တာဝန်ခံ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ အဆိုပါ ဗိုလ်ကြီးက ရိုဟင်ဂျာများ အိမ်ပြင် ထွက်လိုပါက တစ်ဦးလျှင် နေ့စဉ် ငွေကျပ် (၅၀၀) ပေးရမည်ဟု လည်းကောင်း၊ ရွာပြင် ထွက်လိုသူများကိုမူ တစ်ဦးလျှင် နေ့စဉ် ငွေကျပ် (၃၀၀၀) ကျပ် ပေးရမည်ဟု လည်းကောင်း၊ လယ်ပိုင်ရှင်၊ ပုဇွန်တာ ရှိသူများထံမှ တစ်ဦးလျှင် လစဉ် ငွေကျပ် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း သတ်မှတ်၍ ကောက်ခံလျက် ရှိသည်။ ငွေပေးသူများကို စစ်ကြောင်း တံဆိပ်တုံး ရိုက်နှက်၍ လက်မှတ်များ ထုတ်ပေးလျက် ရှိသည်။ 

အဆိုပါ ရိုဟင်ဂျာရွာသည် ၂၀၁၂ ခုနှစ်တွင် မီးရှို့ခံခဲ့ရသည့် ရွာတစ်ရွာ ဖြစ်သည်။ WFP - ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့မှ ပေးသော စားနပ် ရိက္ခာများကိုသာ စားသုံးနေရပြီး၊ WFP မှ ပေးသည့် ရိက္ခာများမှလည်း ဗိုလ်ကြီး ပြည့်ဖြိုးအောင်က လစဉ် ဆန်အိတ် (၃၀) ခန့် ဖြတ်တောက်ယူလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ရိုဟင်ဂျာ ရွာသားများထံမှ ငွေကျပ် (၄၉) သိန်း တိတိ ကောက်ခံ၍ ရယူခဲ့သည်။ ထို့အပြင် မကြာခဏ ဆိုသလို ကြက်များကိုလည်း အတင်းအဓမ္မ ယူကြောင်း၊ အဆိုပါ ဗိုလ်ကြီးက တောင်းခံခဲ့သည့် ကြက်များ မပေးနိုင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာဘီမှာ ဗိုလ်ကြီး၏ ပါးရိုက်ခြင်းကို ခံခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ 

ယခုအခါ အဆိုပါရွာမှ ရွာသားများမှာ အထူး စိုးရိမ်လျက် ရှိနေကြပြီး ရွာကို စွန့်ခွာ၍ ထွက်ပြေးရန် ကြံစည် နေကြောင်း သိရသည်။ အနောက်ပြင်ရွာနှင့် ညောင်ပင်ကြီး ရွာနှစ်ရွာမှ အဖက်ဖက်မှ ရခိုင်ရွာ (၂၄) ရွာ ၀န်းရံထားသည့် ရိုဟင်ဂျာ ရွာများ ဖြစ်သည်။ ယင်းရွာနှစ်ရွာမှာ တစ်ဆက်တည်း မဟုတ်ဘဲ တစ်ရွာမှ တစ်ရွာသို့ နှစ်နာရီ သွားရသည့် အကွာအဝေးတွင် တည်ရှိသည်။ ရွာနှစ်ရွာ စလုံး ၂၀၁၂ ခုနှစ်မှစ၍ ပိတ်ဆို့ ခံနေရပြီး၊ ရွာသားများမှာ အလုပ်လက်မဲ့ ဖြစ်လျက် WFP ၏ အထောက်အပံ့နှင့် ရွာထဲနှင့် ရွာအပြင်ဘက် ကပ်လျက် ရှိသော လယ်မြေများ အပေါ် မှီခိုနေရသည်။ ယခုအခါ အပြင်ထွက်၍ မရသောကြောင့် ၎င်းတို့ အဓိက အားထားရသည့် စိုက်ခင်း များသို့လည်း မသွားနိုင်တော့ သဖြင့် စိုက်ခင်းများ ဖျက်ဆီး ခံနေရသည့် အပြင် ကျွဲ၊နွား၊ဆိတ် များလည်း အစာငတ်ခံ နေရသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
9.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ကညင်တန်း (မြို့မ) ကျေးရွာရှိ အ.ထ.က ကျောင်း အခြေစိုက် စစ်တပ် တပ်ရင်းမှ တပ်ရင်းမှူးနှင့် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး တို့က IS နှင့် RSO တို့ ပူးပေါင်း၍ မောင်တော မြို့နယ်တွင် အကြမ်းဖက် ဆူပူအောင် ပြုလုပ်မည်ဟု စီစဉ်နေကြောင်း သတင်းရသည်ဟု ဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အစည်းအဝေး ခေါ်ယူ၍ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်တွင် ကညင်တန်း (မြို့မ) ကျေးရွာရှိ အ.ထ.က ကျောင်း အခြေစိုက် တပ်ရင်း ၅၃၅ မှ တပ်ရင်းမှူး ဗိုလ်မှူး သူရိန်စိုးက ကျေးရွာအုပ်ချုပ်ရေးမှူး များကို အစည်းအဝေး ခေါ်ယူကာ မောင်တော မြို့နယ်တွင် IS နှင့် RSO တို့ ပူးပေါင်း၍ အကြမ်းဖက်ရန် စီစဉ်နေကြောင်း၊ သောကြာနေ့တွင် လက်ကမ်း စာစောင်များ ဖြန့်ဝေမည် ဟုလည်း သတင်း ရရှိကြောင်း၊ ထို့ကြောင့် ဗလီများတွင် လူမစုရန်နှင့် အမြဲ စောင့်ကြည့်ထားရန် ကျေးရွာ အုပ်ချုပ်ရေးမှူး များကို သတိပေး ပြောဆိုခဲ့သည်။

ထို့အပြင် တပ်ရင်းမှူး ဗိုလ်မှူး သူရိန်စိုးက မြို့ပေါ်နေ ရိုဟင်ဂျာ ပညာတတ် မျက်နှာဖုံး များကို IS, RSO တို့နှင့် အဆက်အသွယ် ရှိသည်ဟုဆိုကာ အချို့ကိုမှု အမည်တပ်၍ အစည်းအဝေးတွင် စွပ်စွဲ ပြောကြားခဲ့သည်။

ဆက်လက်၍ နေ့လည် ၁၂ နာရီအချိန်တွင် တပ်ရင်းမှူးက အုပ်ချုပ်ရေးမှူး များကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်သွားခဲ့ပြီး တစ်ဖန် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့် (ကိုယ်ပိုင်အမှတ် ပ/၃၉၆၆) ကလည်း တပ်ရင်းမှူး ပြောသကဲ့သို့ ပြောဆိုခဲ့သည်။

“အမှန်တကယ်တော့ ခြံစည်းရိုး အခိုင်အမာ ကာထားသလို ထူထပ်တဲ့ လုံခြုံရေး အစောင့်ချ ထားတဲ့ မောင်တော နယ်စပ်ကို ဖြတ်ပြီး ၀င်လာဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ IS ဆိုတာ ဆီးရီးယား အခြေစိုက် အဖွဲ့ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ထဲကို ၀င်လာစရာ ဘာအကြောင်းမှ မရှိဘူး။ ပြီးတော့ RSO ဆိုတာကလည်း အာဏာပိုင်တွေက ဒေသခံ ရိုဟင်ဂျာ တွေကို ဖမ်းဆီးနှိပ်စက်ဖို့ အကြောင်းပြလို့ ကောင်းတဲ့ စိတ်ကူးထဲက အဖွဲ့တစ်ဖွဲ့သာ ဖြစ်ပြီး၊ တကယ်တမ်း လက်တွေ့မှာ မရှိတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်” ဟု မြို့ပေါ်မှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဤကဲ့သို့ မရှိသည့် RSO နှင့် ဆီးရီးယားမှ IS တို့က မောင်တောမြို့နယ်တွင် အကြမ်းဖက်ရန် စီစဉ်နေသည်ဟု သတင်းလွှင့်နေခြင်းမှာ မောင်တောမြို့နယ်၌ ဇန်န၀ါရီလ (၂) ရက်နေ့ ညပိုင်းတွင် ရခိုင့် တပ်မတော် (AA) နှင့် ဆက်နွယ် ပတ်သက် နေသည့် ရခိုင်များကို ဖမ်းဆီးရန် ကြိုးစားခဲ့ပြီး နောက်ပိုင်း ဒေသအာဏာပိုင်များကို အာရုံလွှဲရန် ရခိုင်များ၏ လုပ်ကြံ သတင်းပေးမှုသာ ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောပါသည်။ 

မောင်တောမြို့နယ်တွင် ထိပ်တန်း ဒေသအာဏာပိုင် အများစုသည် ရခိုင်လူမျိုးများသာ ဖြစ်သည်။ ၎င်းတို့သည် အခြေအနေအရ အစိုးရ တာဝန်များကို ထမ်းဆောင်နေသော်လည်း ရခိုင်ပြည်နယ်မှ ဗမာနှင့် ရိုဟင်ဂျာများကို တိုက်ထုတ် နှင်ထုတ်၍ ပြည်ထောင်စုကြီးကို ဖြိုကွဲကာ သီးခြား ရခိုင့်နိုင်ငံတော်သစ်တစ်ရပ် တည်ထောင်ရန်သာ ၎င်းတို့ ကိုယ်စီ၏ နှလုံးသားထဲက တစ်ခုတည်းသော အိပ်မက်သာဖြစ်သည်။

သို့သော်လည်း ဗမာနှင့် ရခိုင်တို့၏ အာဏာလွန်ဆွဲပွဲတွင် အားအင်ချည့်နဲ့သည့် ရိုဟင်ဂျာများသည်သာ မြေစာပင် အဖြစ် ခံနေရပါသည်။



MYARF
RB News
9.1.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ကူတောင် အခြေစိုက် ခမရ (၅၅၁) တပ်ရင်းမှ ဗိုလ်ကြီး စိုင်းအောင်ကျော်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အနောက်ပြင် ကျေးရွာမှ ရိုဟင်ဂျာ အချို့ကို ရခိုင်များထံမှ စပါး ခိုးယူခဲ့သည်ဟု စွပ်စွဲ ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်ခဲ့သည်။ ရခိုင်ရွာတွင် စပါးသွားရိတ်လိုသည့် ရိုဟင်ဂျာများ ထံမှ ငွေကျပ် ၃၀၀၀ စီကောက်ခံခဲ့သည်။ ဗိုလ်ကြီး သက်ပိုင်ဦးနှင့် အဖွဲ့က အချိန်မတော် ရွာထဲသို့ဝင်ပြီး ရိုဟင်ဂျာများကို ရိုက်နှက်ခဲ့သည်။ 

ထိုသတင်းကို RB News တွင် ဖော်ပြပြီးနောက် အဆိုပါ စစ်ဗိုလ်များက ဒေါသထွက်ကာ အနောက်ပြင်ရွာရှိ ရိုဟင်ဂျာများကို နေ့ရောညပါ အိမ်ပြင် မထွက်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။ ကူတောင်နှင့် ရွှေလောင်းတောင် စခန်းများမှ စစ်သားများ အနောက်ပြင်သို့ လာရောက်ပြီး နေ့ရောညပါ ကင်းလှည့်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အိမ်အပြင်ဘက်တွင် တွေ့ရှိသမျှ ကလေး၊ မိန်းမ၊ ယောက်ျား မရွေး ရိုက်နှက်လျက် ရှိသည်ဟု ဆိုသည်။ 

ဇန်န၀ါရီလ (၅) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးနော်ဇိရ်အာမတ်နှင့် အမျိုးသမီး နှစ်ဦးကို လမ်းပေါ်တွင် တွေ့ရှိ၍ စစ်သားများက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ယခုဆိုလျှင် ရွာသားများမှာ အိမ်ပြင်ထွက်၍ မရသောကြောင့် ရိက္ခာ သိုလှောင် ထားခြင်း မရှိသည့် ဆင်းရဲသား မိသားစုများမှာ အစာငတ်ခံ နေရသည်။



MYARF
RB News
8.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ တက္ကစီမောင်းသည့် အာရောဖ်အုလ္လာ (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၂ နှစ်) သည် ဇန်န၀ါရီလ (၃) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင်ရွာမှ ဆိုင်ကယ် စီးသွားစဉ် လမ်းတွင် ဖြတ်သန်း သွားနေသည့် အသက် (၇) နှစ် အရွယ် ကလေးငယ် တစ်ဦးကို ၀င်တိုက်မိခဲ့ပြီး၊ ကလေးငယ်မှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။ 

သို့ဖြစ်၍ အာရောဖ်အုလ္လာက ကလေးကို ခေါ်ပြီး ဖခင်ထံသွားကာ ဆေးကုသ ပေးပြီး ကြေအေးမှု ရယူခဲ့သည်။ ဇန်န၀ါရီလ (၄) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ဆိုင်ကယ် တိုက်မှု ဖြစ်သည်ကို ကြားသိခဲ့ပြီး ဦးကော်ဘိရ်ဟူစိန်း (ဘ) ဦးအာဘူလ်ဟူစိန်း ကိုစေလွှတ်ကာ အာရော်ဖ်အုလ္လာ ထံမှ ဆိုင်ကယ်ကို လုယူ သိမ်းဆည်းခဲ့ပြီး ဆိုင်ကယ်ကို ဦးကော်ဘိရ်အာမတ်အား အငှားချ ပေးခဲ့သည်။ 

ဇန်န၀ါရီလ (၆) ရက်နေ့တွင် ကျေးရွာ တာဝန်ခံက အာရောဖ်အုလ္လာ ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူပြီး ဆိုင်ကယ်ကို ပြန်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဆိုင်ကယ် ပြန်ရသည့် အချိန်တွင် ပျက်စီး နေပြီး ပြုပြင်ရန် အနည်းဆုံး ငွေကျပ် သုံးသောင်း ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ကလေး၏ မိဘများက တိုင်တန်းခြင်း မရှိသော်လည်း ကျေးရွာ တာဝန်ခံက ရရှိထားသည့် အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။



MYARF
RB News
8.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ပေါင်းဇား ကျေးရွာ မူလတန်း လွန်ကျောင်းတွင် ကျောင်းသား ၄၀၀ ကျော်ရှိပြီး ဆရာ/မ (၆) ဦး ရှိသည်။ ကျောင်းအုပ် ဆရာကြီးမှာ ဦးသန့်အောင်လွင် ဖြစ်သည်။ ကျောင်းအုပ်ကြီးနှင့် ဆရာ တစ်ဦးသည် တစ်ပတ်လျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်သာ ကျောင်းသို့ လာရောက်ပြီး၊ ကျန်သည့် ဆရာမ လေးဦးသည် ကျောင်းသို့ လုံးဝ လာရောက်ခြင်း မရှိကြောင်း သိရှိရသည်။ 

ယခု ပညာသင်နှစ်တွင် မူလတန်း ပညာကို မသင်မနေရ အခမဲ့ စနစ်ဖြင့် သင်ကြားပေးရန် နိုင်ငံတော်မှ ညွန်ကြား ပေးထားသော်လည်း ကျောင်းအုပ်ကြီး ဦးသန့်အောင်လွင်က ကျောင်းဖွင့်ချိန်၌ ကျောင်းသားများ လက်ခံရာတွင် ကျောင်းသား တစ်ဦးထံမှ ၀င်ကြေး ကျပ်နှစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ကျောင်းသား မိဘများက RB News သို့ပြောပါသည်။ ကျောင်းတွင် ဆရာ/မ လုံလောက်မှု မရှိသောကြောင့် ရွာခန့် ဆရာများ ခန့်အပ်နိုင်ရန်ဟု ဆိုကာ ငွေကောက်ခံသဖြင့် ကျောင်းသား မိဘများက သားသမီး ပညာရေးကို ဦးစားပေးပြီး ငွေပေးခဲ့ရသည်။ 

ကျောင်းအုပ်ကြီးက ကျောင်းသားများ ထံမှ ၀င်ကြေး ကောက်ခံရရှိသောငွေ များဖြင့် ရွာခန့် ဆရာနှစ်ဦး ခန့်အပ်ခဲ့သည်။ အဆိုပါ ဆရာနှစ်ဦးကသာ ၄၀၀ ကျော်ရှိသော ကျောင်းသားများကို တတ်နိုင်သရွေ့ ကြိုးစား၍ သင်ပေးခဲ့ရသည်။ ကျောင်းသားများထံမှ ရရှိသည့် ၀င်ကြေးငွေမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ကုန်ဆုံးသွား၍ ရွာခန့် ဆရာနှစ်ဦးကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လ အတွက် လစာ မပေးနိုင်တော့သဖြင့် ဆရာနှစ်ဦးလည်း ယခုလမှ စ၍ ကျောင်းသို့ လာရောက်ခြင်း မရှိတော့ကြောင်း ကျောင်းသား မိဘများက ပြောပါသည်။ 

အစိုးရခန့် ဆရာ/မ များလည်း ကျောင်းသို့ လာရောက်ခြင်း မရှိသဖြင့် ယခုလဆန်းပိုင်းမှစ၍ ကျောင်းကို လုံးဝ ပိတ်ထားရသည်ဟု ဆိုသည်။ ပညာသင်နှစ် မကုန်ဆုံးမှီတွင် ကျောင်းပိတ်ထားရသဖြင့် ကျောင်းသားမိဘများက ၎င်းတို့၏ သားသမီးများ ပညာရေး အတွက် အထူးစိုးရိမ်လျက် ရှိနေကြသည်။ အစိုးရခန့် ဆရာ/မ များမှာ ကျောင်းသို့ လာရောက်၍ စာသင်ကြား ပေးခြင်း မရှိသော်လည်း နိုင်ငံတော်မှ လစဉ် ပုံမှန် လစာရယူလျက် ရှိသည်။



MYARF
RB News
8.1.16

မောင်တော ။ ။ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် (AA) တို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ ကျောက်တော် မြို့နယ်တွင် စတင်ဖြစ်ပွားနေသော တိုက်ပွဲများတွင် တပ်သား အင်အား ဖြည့်စွက်ပေးနိုင်ရန် ဇန္နဝါရီလ ၄ ရက်နေ့၌ AA တပ်ဖွဲ့ဝင် ၄ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဝင်ရောက်၍ မောင်တောမြို့ရှိ ဆင်ဖြူတော် ရေခဲစက်ရုံတွင် ခိုအောင်း နေထိုင်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း AA တပ်ဖွဲ့ဝင် ၃ ဦး ထပ်မံ ဝင်ရောက်လာပြီး စုစုပေါင်း ၇ ဦးသည် အဆိုပါ ရေခဲစက်ရုံ အတွင်း နေထိုင်လျက်ရှိပြီး ၎င်းတို့သည် ကျောက်တော် မြို့သို့ သွားရောက်ရန် ခေတ္တ ခိုအောင်းနေသဖြင့် မြို့ခံ ရခိုင် လူမှု အဖွဲ့အစည်း များက အစားအသောက်များ ပေးပို့ ထောက်ပံ့လျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ယခင်က ဆင်ဖြူတော် ရေခဲစက်ရုံ အတွင်းသို့ ရေခဲဝယ်ယူသူ ဖောက်သည်များ ဝင်ရောက် ခွင့်ပြုသော်လည်း AA တပ်ဖွဲ့ဝင်များ ခိုအောင်း နေထိုင်သည့် ကာလတွင်မူ ပြင်ပလူများ (ရေခဲဝယ်ယူသူများ) ဝင်ရောက်ခြင်းကို တားမြစ် ပိတ်ပင် ထားသည် ။ အဆိုပါ AA တပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီကျော် လူသူနည်းပါးချိန်မှသာ အပြင်ထွက်လေ့ရှိပြီး ပတ်ဝန်းကျင်တွင် သွားလာနေသည့် ရိုဟင်ဂျာများ တွေ့ပါက အကြောင်းမဲ့ ရန်ရှာနေသောကြောင့် ဒေသခံများ အထူး စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိပါသည်။



Rohingya Eye
RB News
8.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာမှ အစ္စမိုင်လ် (ဘ) ဦးမာမတ်ဆလာမ် (အသက် ၂၇ နှစ်) သည် ကျဘန်း အလုပ်လုပ်ကိုင်ပြီး၊ အလွန် ဆင်းရဲသောသူ တစ်ဦး ဖြစ်သည် ၎င်းသည် ဇန်န၀ါရီလ (၄) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် သီဟိုဠ်သရက် ကျေးရွာမှ လမ်းလျှောက်၍ ပြန်လာနေစဉ် လမ်းတစ်ဝက်တွင် အပင်တစ်ပင် အောက်၌ ခေတ္တ ရပ်နားခဲ့သည်။ ထိုစဉ် နွားရုံတောင် ကျေးရွာအုပ်စု၊ တောင်ရွာ (န.တ.လ) ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေး ဌာနချုပ်မှ ပြန်လာနေစဉ် အစ္စမိုင်လ်ကို တွေ့ရှိခဲ့သည်။ 

ထို့နောက် အစ္စမိုင်လ်၏ ခန္ဓာကိုယ် အနှံ့ ရှာဖွေခဲ့ပြီး၊ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း အစ္စမိုင်လ်၏ အင်္ကျီအိတ်ထဲတွင် ပါသည့် ငွေကျပ် တစ်သိန်းကို လုယက် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

“သူခိုး၊ ဓါးပြတွေကို နယ်ခြားစောင့်ရဲ တွေက နှိမ်နင်းရမယ့်အစား သူတို့ ကိုယ်တိုင်က လုယက်မှုတွေ လုပ်နေတာ အတော်လေး အံ့သြစရာ ကောင်းနေတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ သန့်ရှင်းတဲ့ အစိုးရ ဆိုတာ ဒီလိုလားဆိုပြီး မေးခွန်း ထုတ်စရာ ဖြစ်နေတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
7.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ၊ အလယ်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ရွာသား (၃) ဦးအား ၎င်းတို့၏ နေအိမ်အသီးသီးမှ ဇန်န၀ါရီလ (၂) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် ဖမ်းဆီး ခေါ်ဆောင် သွားကာ အတင်းအဓမ္မ ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဟာရှိမ်းမူလ္လာ (ဘ) ဦးရှုနာလီ (အသက် ၃၅ နှစ်) - ဆေးကုသရန် တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု အခြေအမြစ်မရှိ စွပ်စွဲကာ ငွေကျပ် (၄) သိန်း ညှစ်ယူပြီး မွန်းလွှဲ ၁၂း၂၀ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

(၂) ဦးမာမတ်ဟာရှိမ်း (ဘ) ဦးအဒူရှကူရ် (အသက် ၄၀ နှစ်) - ယခင် န.စ.က လက်ထက်တွင် ခွင့်ပြုချက်ဖြင့် အိမ်ဆောက်လုပ် ခဲ့သော်လည်း ယခုအခါ အိမ်အသစ် ဆောက်လုပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည်။ 

(၃) ဦးဆော်လီမူလ္လာ (ဘ) ဦးဇာဖောရ် (အသက် ၃၀ နှစ်) - ကိုလည်း အိမ်အသစ် ဆောက်လုပ်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲ များသည် အဆိုပါရွာမှ ကော်ဘိရ်အာမတ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၇ နှစ်) နှင့် ပူးပေါင်း၍ မဟုတ်မမှန် သတင်းများ ပေးပို့ခိုင်းကာ ၀င်ရောက်ဖမ်းဆီး ငွေညှစ်၍ ကော်ဘိရ်အာမတ်ကိုလည်း ဝေစုခွဲ ပေးကြောင်း ဒေသခံများက ပြောပါသည်။ 

အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ပြောင်းရွှေ့ လာသူများ ဖြစ်ကြောင်း သိရသည်။



Rohingya Eye
RB News
7.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကမ်းခြေသို့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာ့ ရေတပ်မှ ကင်းလှည့် ရေယာဉ် တစ်စီး ရောက်ရှိလာပြီး ဆိုက်ကပ်လျက် ရှိသည်။ ရေတပ် ရေယာဉ်မှ တပ်သားများသည် ၎င်းတို့၏ ကင်းလှည့် ရေယာဉ်ကို အသုံးမပြုဘဲ ရိုဟင်ဂျာများ၏ ငါးဖမ်း စက်လှေများဖြင့် ကင်းလှည့်ရန် စက်လှေပိုင်ရှင်များထံမှ တောင်းခံခဲ့ရာ၊ စက်လှေပိုင်ရှင်များက မပေးသောကြောင့် အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ဦးမာမတ်အီနုစ် (ဘ) ဦးမိုဟာမတ် (အသက် ၃၃ နှစ်) ၏ ငါးဖမ်း စက်လှေကို ထိန်းသိမ်း ထားခဲ့ပြီး၊ စက်လှေ ပြန်ယူရန် ရေတပ်က စက်လှေ ပိုင်ရှင်ထံမှ ငွေကျပ် (၁၀) သိန်း တောင်းခံခဲ့သည်။ ပိုင်ရှင် ဦးမာမတ်အီနုစ်က ရေတပ်မှ တောင်းခံသည့် ငွေကျပ် (၁၀) သိန်းကို မတတ်နိုင်သောကြောင့်၊ ယခုလ (၄) ရက်နေ့တွင် ငါးဖမ်းစက်လှေကို မောင်တော မြို့နယ်၊ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ အ၀င်/အထွက် (POE) သို့ အပ်နှံခဲ့သည်။ 

ဦးမာမတ်အီနုစ်သည် ယခင်က စက်လှေ စက်ထိန်း ဘ၀မှ ငါးဖမ်း စက်လှေ ပိုင်ရှင် တစ်ဦး ဖြစ်လာခြင်း ဖြစ်သည်။ ၎င်းသည် ငွေကြေး ချမ်းသာသူ မဟုတ်သောကြောင့် အခြားသူ တစ်ဦးထံမှ ငွေချေး၍ ယခုလ (၅) ရက်နေ့တွင် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ အ၀င်/အထွက် စခန်း (POE) သို့ ပေးအပ်၍ စက်လှေကို ပြန်ယူခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

(ဓါတ်ပုံ MYARF/RB News)

MYARF
RB News
7.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မောင်တော - အလယ်သံကျော် အဝေးပြေး လမ်းမပေါ် တည်ရှိသော ပန်းတောပြင် တံတားသည် အလွန် ပျက်စီး နေသော်လည်း တာဝန်ရှိ အာဏာပိုင်များမှ အဆိုပါ တံတားကို ပြုပြင် ပေးခြင်း မရှိ၍ အများပြည်သူ သွားလာရေး အလွန်အခက်အခဲ ဖြစ်နေကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ တံတားကို အင်္ဂလိပ် လက်ထက်က တည်ဆောက်ခဲ့ခြင်း ဖြစ်၍ ယခုအခါ လွန်စွာ ပျက်စီး ယိုယွင်းနေသည်။ အခင်းအဖြစ် ခင်းထားသော သစ်သားပျဉ်များ လုံးဝ ပျက်စီးနေသလို အမိုးသံတိုင်များလည်း ပျက်စီး ယိုယွင်းနေသည်။ ၀န်တင်ကားများ ဖြတ်သန်းသွားလျှင် ကြိုးတံတား သဖွယ် ယိုင်လှုပ်နေတတ်သည်။ အဆိုပါ တံတားကို လွန်ခဲ့သည့် နှစ်နှစ်ကျော်က မောင်တော ဆောက်လုပ်ရေးဌာနမှ ယာယီ ပြုပြင် ပေးခဲ့ပြီး နောက်ပိုင်း မည်သည့်အခါမှ တံတား၏ ခိုင်မာမှု အခြေအနေကို လာရောက် စစ်ဆေး ကြည့်ရှုခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နှစ်ပေါင်းများစွာ ကြာနေသော ထိုတံတားသည် မောင်တော-အလယ်သံကျော် အဝေးပြေး လမ်းမပေါ် တည်ရှိ၍ မောင်တောမြို့သို့ အသွား ကညင်တန်းကျေးရွာသို့ အဝင် တံတား ဖြစ်ပါသည်။ အဆိုပါတံတားကို ဖြတ်၍ ပြည်သူများ နေ့စဉ် မောင်တောမြို့ထဲသို့ သွားရပြီး ကျောင်းသား/သူ များလည်း ထိုတံတားကို ဖြတ်၍ ကညင်တန်း ကျေးရွာ၌ တည်ရှိသော အထက်တန်းကျောင်းသို့ သွားတက်ရသည်။ အလွန် စိုးရိမ်စရာ တစ်ခုမှာ [ပုံမှာမြင်တွေ့နေရသည့်အတိုင်း] အဆိုပါ တံတား၏ တောင်ဖက်အစွန်း အမိုး၌ ရှိသော သံတိုင် တစ်ခုသည် တစ်ဖက် လွတ်နေပြီး အချိန်မရွေး ပြုတ်ကျနိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ ထိုကဲ့သို့ ဖြစ်နေသည်မှာ လေး၊ငါးလ ခန့်နီးပါး ရှိနေသော်လည်း မည်သည့် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမှ လာရောက် စစ်ဆေးပြီး ပြုပြင်ပေးခြင်း မရှိသဖြင့် ပြည်သူများ ထိုတံတားကို ဖြတ်သန်း သွားလာရန်ပင် အလွန် ကြောက်ရွံ့နေကြောင်း ဒေသခံများက ပြောပါသည်။ 

မောင်တော - အလယ်သံကျော် သွားသည့် လမ်းလည်း အလွန်တရာမှ ပျက်စီးနေသော်လည်း အဆိုပါ လမ်းကိုလည်း တာဝန်ရှိ အာဏာပိုင်များက ပြုပြင်ပေးခြင်း မရှိဟု ဆိုသည်။



MYARF
RB News
6.1.2015

မောင်တော ။ ။ ဇန်န၀ါရီလ (၂) ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ မြို့ပေါ် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များကို ဖုန်းဆက်၍ ညပိုင်းတွင် ရခိုင့် တပ်မတော် (AA) နှင့် ဆက်နွယ် ပတ်သက် နေသည့် ရခိုင်များကို ဖမ်းဆီးရန် ရှိသည်ဟု ဆိုကာ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ထားခဲ့သည်။ 

ထို့နောက် ညသန်းခေါင်ယံ အချိန်တွင် ဌာနပေါင်းစုံ ပူးပေါင်း၍ ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလာရွာနှင့် အမှတ် (၃) ရပ်ကွက်သို့ သွားရောက်၍ ရခိုင်အစွန်းရောက် များကို ရှာဖွေခဲ့သည်။ သို့သော်လည်း ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ဖုန်းဆက်၍ ရခိုင်အစွန်းရောက် များကို ကြိုတင် အကြောင်းကြား ခဲ့သဖြင့် တစ်ဦးမှ ဖမ်းဆီး၍ မရခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးနှင့် နီးစပ်သူ တစ်ဦးက RB News သို့ ပြောပါသည်။



MYARF
RB News
6.1.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အနောက်ပြင် ကျေးရွာမှ မော်လ၀ီ မာမတ်ရှာကဲရ် (ဘ) ဦးနူရ်အာလောမ်သည် အလွန် ရိုးသားဖြောင့်မတ်သော ဆင်းရဲသား မော်လ၀ီ တစ်ပါးဖြစ်သည်။ ၎င်းတွင် လယ်ယာမြေ အနည်းငယ်ရှိသည်။ ထိုလယ်ယာမြေ များကို မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ လွန်ခဲ့သည့် (၁၀) ရက်ခန့်က ခိုင်ကောင်း ကုမ္ပဏီ (၉၆၉ အကြမ်းဖက် အဖွဲ့အစည်းနှင့် AA (ရခိုင့် တပ်မတော်) အတွက် ရန်ပုံငွေ ရှာပေးသည့် ကုမ္ပဏီ) နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ပူးပေါင်း၍ စစ်တွေမြို့ရှိ ရဲမှူးကြီး ထံမှ ခွင့်ပြုချက် ရယူခဲ့သည်ဟု ဆိုကာ မော်လ၀ီ မာမတ်ရှာကဲရ်၏ လယ်ယာမြေမှ မြေတူး အုတ်ဖုတ်ပြီး မြေတစ်ဧကခန့် ဖျက်ဆီးခဲ့သည်။ ယခုတိုင် ဆက်လက် မြေတူး အုတ်ဖုတ်လျက် ရှိကြောင်း သိရသည်။ 

ထိုကဲ့သို့ မြေတူးနေခြင်းကြောင့် မော်လ၀ီ မာမတ်ရှာကဲရ်သည် ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင် ထံသွားပြီး ၎င်းသည် အလွန် ဆင်းရဲ၍ ယင်းမြေမှအပ အခြားမှီခို အားထားရန် ပိုင်ဆိုင်မှု မရှိသောကြောင့် ၎င်း၏ ယာမြေမှ ဆက်လက် မြေမတူးရန် တောင်းဆိုခဲ့သည်။ ထိုစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးတော်ဘာရိခ်လည်း အုပ်ချုပ်ရေးမှူးနှင့် အတူ ရှိနေခဲ့သည်။ မော်လ၀ီ မာမတ်ရှာကဲရ်က တောင်းဆိုသည်ကို အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့က ရိုင်းစိုင်းစွာ ဆဲဆိုခဲ့သဖြင့် မော်လ၀ီနှင့် အပြန်အလှန် စကားများခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့က မော်လ၀ီကို ခြေထောက်၊ လက်သီးများဖြင့် လူမဆန်စွာ ထိုးနှက် ကန်ကျောက်ခဲ့သည်။ 

ထိုသို့ ထိုးနှက် ကန်ကျောက်မှု ဒဏ်ကို မခံနိုင်တော့၍ မော်လ၀ီ မာမတ်ရှာကဲရ်က အော်ဟစ် အကူအညီ တောင်းသဖြင့် အနီးအနားရှိ ရွာသားများ စုရုံး ရောက်ရှိ လာခဲ့ပြီး၊ မော်လ၀ီအား ဆက်လက် မရိုက်နှက်ရန် အုပ်ချုပ်ရေးမှူးအား တောင်းဆိုခဲ့သည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးက ယနေ့ ဤရွာကို ဖြိုခွင်းလိုက်မည်ဟု ဆိုကာ ကူတောင် အခြေစိုက် (၅၅၁) တပ်ရင်းသို့ ဖုန်းဆက်၍ ရွာသားများက ဆူပူမှု ဖြစ်အောင် ပြုလုပ်နေသည်၊ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်ဟု လိမ်လည် ပြောဆို၍ စစ်တပ်ကို ခေါ်ခဲ့သည်။ ထို့နောက် (၅၅၁) တပ်ရင်းမှ ဗိုလ်ကြီး သက်ပိုင်ဦး အပါအ၀င် စစ်သား (၁၀) ဦး အနောက်ပြင် ရွာထဲသို့ ၀င်ရောက်လာပြီး၊ စိုက်ခင်း၊ တလင်း၊ ဈေးဆိုင်၊ လမ်းများတွင် တွေ့ရှိသမျှ ရွာသားများကို မေးမြန်းခြင်း မရှိဘဲ ရိုက်နှက်၍ အုပ်ချုပ်ရေးမှူးထံ သွားရောက်ခဲ့သည်။ 

စစ်သားများ အုပ်ချုပ်ရေးမှူးထံ ရောက်သည့် အချိန်တွင် မော်လ၀ီ မာမတ်ရှာကဲရ်သည် အုပ်ချုပ်ရေးမှူး၏ ရှေ့မှောက်တွင် သတိလစ်လဲကျနေခဲ့သည်။ စစ်သားများက အုပ်ချုပ်ရေးမှူးကို မေးမြန်းကြရာ အုပ်ချုပ်ရေးမှူးက အမျိုးမျိုး လိမ်ညာ ပြောဆိုခဲ့သည်။ ထိုစဉ် စစ်သားများက ရွာသား ၅၀ ကျော်ကို ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ရိုက်နှက်ခံရသူ (၃၀) ဦးခန့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အချို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။ 

မော်လ၀ီ မာမတ်ရှာကဲရ်သည် အလွန်ဆင်းရဲသူ ဖြစ်သောကြောင့် ဆေးကုသမှု ခံယူရန် ငွေကြေး မတတ်နိုင်ခြင်း၊ အနောက်ပြင် ကျေးရွာတွင် ဆရာဝန်လည်း မရှိခြင်း၊ ရွာမှ အခြားရွာသို့လည်း သွား၍ မရခြင်း တို့ကြောင့် ဆေးကုသမှု ခံယူနိုင်ခြင်း မရှိဘဲ အိပ်ရာထဲတွင် လဲလျောင်းနေရသည်။ ၎င်း၏ ကျန်းမာရေး အခြေအနေမှာ အလွန်ဆိုးရွား နေပြီး အသက်ဆုံးရှုံးနိုင်သည့် အခြေအနေထိ စိုးရိမ်ဖွယ်ရာ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ 

အဆိုပါ တပ်ရင်း (၅၅၁) မှ စစ်သားများသည် အချိန်မတော် အနောက်ပြင် ရွာထဲသို့ ၀င်ရောက်ပြီး ရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီး ငွေညှစ်ခြင်း၊ ဆိုင်များမှ ပစ္စည်းများ လုယက်ခြင်းနှင့် အတင်းအဓမ္မ ငွေကောက်ခံခြင်း၊ ကြက်၊ဘဲ၊ဆိတ်များ ဖမ်းယူသွားခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း သိရသည်။



MYARF
RB News
4.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ၊ ပေါင်းဇား ကျေးရွာမှ အီဗြာဟိမ်း (ဘ) မော်လ၀ီ ဦးမာမတ်သည် ဇန်န၀ါရီလ (၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဟွန်ဒါ ဆိုင်ကယ် တစ်စီးဖြင့် ကျောက်လှေကား ကျေးရွာ အခြေစိုက် အမှတ် (၆) နယ်မြေ စခန်းရှေ့မှ ဖြတ်သန်း၍ မင်္ဂလာကြီး ကျေးရွာသို့ သွားနေစဉ် စခန်း ဂိတ်ဝ၌ ကင်းချထားသည့် နယ်ခြားစောင့်ရဲ များက အီဗြာဟိမ်းကို ခေါ်၍ “ခဏစောင့်ဦး၊ ငါတို့ သွားစရာ ရှိလို့ ဆိုင်ကယ်ပေး” ဟု ဆိုကာ ၎င်းအား စခန်းရှေ့တွင် စောင့်ခိုင်းပြီး ဆိုင်ကယ်ကို ဆွဲယူသွားခဲ့သည်။ 

ည (၁၁) နာရီခန့် အချိန်တွင် ဆိုင်ကယ် ဆွဲယူသွားသည့် နယ်ခြားစောင့်ရဲများ ပြန်လည် ရောက်ရှိလာပြီး ဆိုင်ကယ်ကို ပြန်ပေးခဲ့သည်။ ထို့နောက် အိဗြာဟိမ်းကို ပြန်ခေါ်ကာ “ညမထွက်ရ အချိန် ၁၁ နာရီ ကျော်နေပြီ” ဟု ဆိုကာ ဖမ်းဆီး၍ စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ 

ယနေ့ ဇန်န၀ါရီလ (၄) ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် အီဗြာဟိမ်းထံမှ ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ငွေညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ၎င်း၏ အဖိုးတန်း Bata ရှုးဖိနပ်ကို နယ်ခြားစောင့်ရဲ များက လုယက်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၃) ရက်နေ့ ညတွင်ပင် လှဘော်ဇား ကျေးရွာမှ ရိုဟင်ဂျာ လူငယ် (၃) ဦးကိုလည်း လမ်းပေါ်မှ အကြောင်းမဲ့ ဖမ်းဆီး၍ ချုပ်နှောင်ထားကာ ယနေ့ ဇန်န၀ါရီလ (၄) ရက်နေ့ ညနေ နေ၀င်ချိန်ခန့်တွင် ငွေကျပ် တစ်သိန်းငါးသောင်းစီ - စုစုပေါင်း ငွေကျပ် လေးသိန်း ငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယခု နယ်မြေ (၆) တွင် တာဝန် ထမ်းဆောင် နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးသည် ယခင် န.စ.က နယ်မြေမှူးဟောင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် နယ်မြေ (၆) ၌ တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။



MYARF
RB News
4.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကင်းတောင် ကျေးရွာအုပ်စုရှိ အစိုးရ မူလတန်း လွန်ကျောင်းသည် ၂၀၁၂ ခုနှစ်မှစ၍ ကျောင်းကို လုံးဝ ပိတ်ထားသကဲ့သို့ ဖြစ်နေသည်။ ကင်းတောင် မူလတန်း လွန်ကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း ၅၀၀ ကျော်ရှိပြီး၊ ဆရာ/မ (၁၄) ဦး ရှိသည်။ ကျောင်းအုပ် ဆရာကြီးမှ ဦးသိန်းထွန်းဝင်း ဖြစ်ပြီး၊ ဆရာ/မ အားလုံးသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ 

ကျောင်းအုပ်ကြီး ဦးသိန်းထွန်းဝင်းနှင့် ဆရာ/မ များသည် ကျောင်းသို့ လာရောက်ခြင်း မရှိဘဲ ကျောင်းကို ပိတ်ထားသည်။ ဆရာကြီး ဦးသိန်းထွန်းဝင်းသည် ခမရ ၅၅၁ တပ်ရင်းမှ အရာခံဗိုလ် ဦးစိုင်းမောင်၏ သားဖြစ်သောကြောင့် ရွာသားများက ၎င်းအတွက် သက်ဆိုင်ရာသို့ တိုင်တန်းရန် ကြောက်ရွံနေကြသည်။ တစ်နှစ်ပတ်လုံးတွင် ကျောင်းဖွင့်ချိန် ဆိုသည်မှာ နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်သာ ရှိခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ကျောင်းကို လုံးဝ ပိတ်ထားပြီး၊ အစိုးရမှ ပေးသည့် လစာကို ပုံမှန် ယူ၍ ကျောင်းသားများ၏ ဘ၀ကို တမင် ပျက်စီးအောင် ပြုလုပ်နေသလို ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

အချို့သော ကျောင်းများတွင် အစိုးရခန့် ဆရာများက စာသင်ကြားပေးခြင်း မရှိသော်လည်း ရွာခန့် ဆရာများ ခန့်ထားပြီး စာသင်ကြားစေကာ ကျောင်းကို ပုံမှန် ဖွင့်ထားသည်။ 

ကင်းတောင် မူလတန်း လွန်ကျောင်းသည် ဆရာကြီး ဦးသိန်းထွန်းဝင်း၏ ကိုယ်ပိုင်ကျောင်း သကဲ့သို့ ပြုမှု လုပ်ဆောင် နေသည်ဟု ဒေသခံများက ပြောပါသည်။ ကျောင်းသား မိဘများက ၎င်းတို့၏ သားသမီးများ ပညာရေး အတွက် အလွန် စိုးရိမ် နေကြသည်။ ကျောင်းသား/သူ ၅၀၀ ကျော် ကလေးသူငယ် များ၏ ဘ၀ကို စာနာ၍ သက်ဆိုင်ရာမှ လိုအပ်သုလိ စစ်ဆေးပြီး ကျောင်းပြန်ဖွင့်၍ ကျောင်းသားများ စာသင်ယူနိုင်အောင် ဆောင်ရွက် ပေးရန် ကျောင်းသား မိဘများက တောင်းဆိုနေကြသည်။ 

အလားတူ ဘူးသီးတောင် မြို့နယ် တောင်ပိုင်းရှိ ညောင်ချောင်း အ.ထ.က (ခွဲ) တွင်လည်း ဆရာ/မများ ပုံမှန် ကျောင်းတက်ရောက်ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ အ.ထ.က ကျောင်း ဖြစ်သော်လည်း ဆရာ/မ သုံးလေးဦးသာ လာရောက်ပြီး နာရီပိုင်းခန့် နေကာ ပြန်လည် ထွက်ခွာသွားပြီး၊ ကျောင်းအုပ်ကြီး ကိုယ်တိုင်လည်း ကျောင်းတက်ရောက်ခြင်း မရှိကြောင်း သိရသည်။



MYARF
RB News
4.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၁) မှ ဦးဆော်ယာဒ်အာလောမ် (ဘ) ဦးရာမတ်အုလ္လာ၊ ဦးအဒူရော်ဇောက် (ဘ) ဦဖေးဒူရူးနှင့် အကွက် (၇) မှ ဦးဆော်လိမ် (ဘ) ဦးဆော်ယာဒ်အာလောမ် တို့သည် အလွန် ဆင်းရဲသောသူများ ဖြစ်ကြသည်။ 

၎င်းတို့သုံးဦး ပူးပေါင်း၍ ညောင်ချောင်း တာဝန်ကျ သစ်တောဝန်ထမ်းနှင့် နားလည်မှု ရယူကာ တောတောင်မှ အညံ့စား သစ်ဖြူများ ခုတ်ဖြတ်၍ ညောင်ချောင်းဈေးတွင် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ဇန်န၀ါရီလ (၁) ရက်နေ့ နံနက် (၁၁) နာရီခန့် အချိန်တွင် တောင်မှ ခုတ်ယူထားသော သစ်တုံးနှစ်တုံးကို ဦးဆော်လိမ်၏ အိမ်ခြံဝင်းထဲတွင် ခွဲဖြတ်နေစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ၏ တပည့်ဖြစ်သူ ဦးမူဟိဗ်ဘူလ္လာ (ဘ) ဦးကာဆိမ်းက မြင်တွေ့သွား၍ အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ 

ဦးမောင်ချမ်းသာက ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖုန်းဆက်၍ နယ်ခြားစောင့်ရဲ (၃) ဦးကို တပည့် ဦးကာလာမျာနှင့် အတူ သစ်ခွဲနေသည့် အိမ်သို့ စေလွှတ်ခဲ့သည်။ နယ်ခြားစောင့်ရဲ (၃) ဦးက တပည့် ဦးကာလာမျာနှင့် အတူ သစ်ခွဲနေသည့် အိမ်သို့ သွားရောက်၍ တရားမ၀င် သစ်ခုတ် ထုတ်လုပ် ရောင်းချနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးမည်၊ ထောင်ချမည်ဟု အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းတို့ ခွဲဖြတ်နေသည့် သစ်ကို ရောင်းချလျှင် ငွေကျပ် သုံးသောင်းသာ ရရှိမည် ဖြစ်ပြီး၊ ၎င်းတို့ ညှစ်ခံရသည့် ငွေမှာ ကျပ် တစ်သိန်း ဖြစ်သည်။



ဥယျာဉ်မှူးကောင်း လိုအပ်နေပြီိ 

ရေးဖွဲ့သူ - ရိုဟင်းစိုးမိုးဝင်း (MYARF)
RB ကဗျာ
4.1.2015

လူသားအကျိုး ဆောင်ကြဉ်းမစွမ်း သစ်ပင်နွမ်းတွေ 
သုတ်သင်မွမ်းမယ့် ရေလောင်းစွမ်းဆောင် ကရုဏာရှင် 
ဥယျာဉ်မှူးကောင်း ရှုမြင်လိုချင် ။

လူသားအမော ချမ်းငြိမ်းစေအောင် 
ရိပ်ရသစ်ပင် တိုးပွားလာကောင်း 
အားသစ်ချီကာ ဝေဆာဖူးပွင့် 
ဥယျာဉ်မှူးကောင်း တည်မြဲစေချင် ။

ကျေးသာရကာ ကျာကျာကျည်ကျည် 
သိုက်အုံဆောက်တည် ပျော်ဘုံအလယ် 
တေးသံကျူးအောင် စွမ်းဆောင်ရှင်လောင်း 
ဥယျာဉ်မှူးကောင်း ပေါ်ထွက်စေချင် ။

မြန်မာဟူသော ကြီးဥယျာဉ်ဟောင်း 
ကမ္ဘာ့ဘောင်လယ် မွှေးပျံ့တင့်တယ် 
ပျော်ဖွယ်လန်းမြေ ပျိုးထောင်မှူးကြီး 
ဥယျာဉ်မှူးကောင်း လိုအပ်နေပြီ့ ။



ထိန်းသိမ်းစို့ကွယ့့် ရင့်ပန်းအနွယ် 

ရေးဖွဲ့သူ --- ရိုဟင်းစိုးမိုးဝင်း
RB ကဗျာ
3.1.2016

- ဘူမိနက်သန် ၊ ရိုဟင်းမြေမှ 
တို့ဘိုးဘွားတွေ ၊ ချမ်းငြိမ်းကာဖြင့် 
သက်ဆုံးကျေပွန် ၊ နိုင်ငံ့တာဝန် 
မခွဲမခြား ၊ ဘာသာလူသား ။

- ယနေ့ချိန်ခါ ၊ စွန်းရောက်တွေကြောင့် 
မျက်ကန်းခေါင်းဆောင် ၊ အာဏာရှင်တောင် 
ရိုဟင်းသားကို ၊ အာရကန်မွေ 
အမွေပြတ်အောင် ၊ ကြိုးပမ်းဝံ့စွ ။

- ဆိုးသွမ်းရိုင်းပျ ၊ ဆင်ခြင်တုံမဲ့
ဒုစရိုက်ရှင် ၊ သူယုတ်တွေကို 
စိတ်ရှည်သည်းခံ ၊ ရိုဟင်ဂျာစံ 
ပျားပိတုန်းဖွယ် ၊ ရိုလူမျိုးနွယ် ။

- ဖြောင့်မတ်သိမ်မွေ့ ၊ အပြောအဆို 
ရေချမ်းအိုးလို ၊ မြတ်မြတ်နိုးနိုး 
ဝါရိတ္တစောင့် ၊ စာရိတ္တကောင်း 
ဤနှယ်လူမျိုး ၊ မဖျောက်ရအောင် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ (#ရိုလူမျိုး = ရှေးပဝေသဏီကပင် ရခိုင်ပြည်၌ နေထိုင်လာသော ရိုဟင်ဂျာလူမျိုးများ #)




ကဗျာတစ်ပုဒ်ရဲ့ တီးတိုးလေသံ

ရိုဟင်းစိုးမိုးဝင်း (MYARF)
RB News
2.1.2016

ဒီဇင်ဘာလ ၂၇ ရက်နေ့။ 

မင်္ဂလာရှိသော နေ့တစ်နေ့လို့ ဆိုရမှာပါ။ 

အကြောင်းက ဘဝတူသူငယ်ချင်း တစ်ယောက်၏ မင်္ဂလာဆောင်ပွဲသို့ သွားရမှာမို့ မိုးသောက်ကပင် စိတ်များအလိုလို မြူးကြွနေသည့်ဟန့့်။ 

နေ့ထူးနေ့မြတ် တစ်ရက်ကို မင်္ဂလာရှိရှိနှင့် ဖြတ်သန်းနိုင်ဖို့ စိတ်အားထက်သန်နေသည့်ပမာ့။ 

ထင်ခဲ့သည့်အတိုင်းပင် ဖြတ်လည်းဖြတ်သန်းနိုင်ခဲ့သည်။ မှန်းချက်နှင့်နှမ်းထွက်ကိုက်သည်ဆိုရလည်း လွန်အံ့မထင်ပါ။ မင်္ဂလာရှိသော ဤနေ့တွင် မင်္ဂလာရှိသော၊ လူသားအကျိုးပြုလည်းဖြစ်သော အလုပ်တစ်ခု လုပ်ချင်စိတ်ပေါ်လာသည်။ သို့နှင့် ခေါင်းတကုတ်ကုတ်နှင့် စဉ်းစားမိသည်။ မည်သို့ မည်ပုံ လုပ်ရမှန်းမသိ့ ဥာဏ်ကလည်း ထိုင်းနေခိုက် ဝမ်းကလည်း ယားလာသည်။ ဝမ်းယားတုန်း ဝမ်းတင်းနေသည်ကို စမ်းကိုင်၊ ပွတ်သပ်ဇိမ်ခံနေသည်။ ထိုအခိုက် အစာရေစာ လုံလောက်စွာ မစားသောက်နိုင်ဘဲ ဝမ်းကျုံ့ရရုံ ဖြစ်နေသော ရခိုင်ပြည်တဝှမ်းရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းက လူများကို သွားသတိရမိသည် ။ မိမိဝမ်းတင်းနေချိန်တွင် မိမိလူမျိုးအများအပြားက ဝမ်းဟာဗိုက်ဟာနေသည်မို့ မိမိဝမ်း တင်းရကျိုးမနပ်ပေ။ ဤအချိန်တွင် သူတို့လည်း ကိုယ့်အိမ်ကိုယ့်ယာနှင့် နေထိုင်နိုင်ခဲ့မည်ဆိုပါက သူတို့လည်း ဝမ်းတင်းအောင် စားနိုင်မည်ကား အမှန်ပင့့်။ 

သူတို့အား မိမိစားခဲ့သလို အရသာရှိရှိ ထမင်းတစ်နပ် ကျွေးချင်စိတ်ပေါ်လာငြားလည်း ကျွေးခွင့်က မရပါတကား။ ကောင်းမှုတစ်ခု ပြုလုပ်ရန် ကျွန်ုပ်အား ကံကြမ္မာက မျက်နှာမလိုက့့်။

ကဗျာလေးက တိုပေမယ့် ထိမိလှသည်။ ကဗျာရှင်က အပြစ်မရှိ ပြစ်ရှာတတ်သူများ ၊ ငြူစူတတ်သူများအကြောင်းကို ထိထိရောက်ရောက် ပြစ်တင်ဝေဖန်ထားသည်ကို တွေ့ရသည်။ ပြီ့း့ စိတ်ဓာတ်သိမ်ဖျင်းသူတို့၏ သဘာဝကိုလည်း တွေ့ရသည်မှာ အားရဖွယ်ကောင်းလှသည်။ စိတ်ဓာတ်သိမ်ဖျင်းသူတို့သည် သူတစ်ပါးအပေါ် အမြဲမနာလိုစိတ်ရှိတတ်သည်။ အပြစ်မရှိ အပြစ်ရှာတတ်ကြသည်။ သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ဆောင်တတ်ကြသည်။ သို့သော်လည်း လူ့လောကတွင် သူ့ပညာနှင့်သူ ၊ သူ့ဂုဏ်နှင့်သူ ၊ သူ့အရည်အချင်းနှင့်သူ ထွန်းပြောင်နေခြင်း ဖြစ်သည်။ ထွန်းပြောင်နေသူတို့ကို ညစ်နွမ်းမှေးမှိန်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ သိမ်ဖျင်းသူက မှေးမှိန်အောင် လုပ်ဆောင်လေလေ ထိုသူ၏အရောင်မှာ ထွန်းပြောင်လေပင်ဖြစ်သည်။ ခွေးနှင့်လ ပမာသာဖြစ်ချေသည်။ ကောင်းကင်တွင် တောက်ပနေသော လမင်းကြီးကို မြေပြင်မှ ခွေးက ဟောင်နေသော်လည်း ရွှေလရောင်မှာ မညှိုးမှိန် ၊ ထွန်းလင်းတောက်ပမြဲသာ ဖြစ်သည်။ ထို့အတူ ပတ္တမြားရွှေဂူ၏အရောင်ကို မှေးမှိန်အောင် ငြူစူသောဝက်သည် ညွန်လူးသော ကိုယ်ဖြင့် ပွတ်တိုက်ပါသော်လည်း ပတ္တမြားရွှေဂူ အရောင်မှာ ရှေးကထက်တောက်ပလာသကဲ့သို့ပင်ဖြစ်သည်။ 

ကဗျာ၏အနှစ်သာရက ထိမိလှသည်မို့ စာဖတ်သူတွေကိုလည်း မျှဝေချင်စိတ် ဖြစ်ပေါ်မိသည် ။ လေးစားရပါသော စာဖတ်ပရိသတ်များကလည်း ဤစာကိုဖတ်ပြီး တစ်စုံတစ်ရာသောစိတ်ထားကို ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်ဆိုပါက ကံကြမ္မာသည် စာရေးသူအား ကောင်းမှုတစ်ခု ပြုလုပ်ရန် မျက်နှာလိုက်သည်ဟု ကြုံးဝါးပြောဆိုချင်မိသည်။ ရက်ပိုင်းအနည်းငယ်က နှစ်ဟောင်းလည်း ကုန်ဆုံးပြီး နှစ်သစ်ကူးအခါသမယ ရောက်လာခဲ့ပြီမို့ လူတိုင်းလူတိုင်း နှစ်သစ်ကို စိတ်ထားမွန်မြတ်သူများအဖြစ်ဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင့်း့။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ညိုးနွမ်းခွေယိုင်ကာ ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းလိုက်သည်။ လဲလျောင်းနေစဉ်အတွင်း အနီးရှိစာအုပ်စင်မှ စာအုပ်တစ်အုပ်ကို နှိုက်ယူသည် ။ စိတ်အာရုံကလည်း ဘယ်ဆီဘယ်လမ်းဆီသို့ ရောက်မှန်းမသိရောက်ရှာလေသည်။ စာအုပ်ကိုတော့ လှန်ချည်းလှန်နေသည် ။ စာရွက်များကို လှန်နေရင်း ကဗျာလေးတစ်ပုဒ်က မိမိ၏အာရုံကို ရုတ်တစ်ရက် ဖမ်းစားထားပါရော့ ။ မိမိ၏ အတွေးများကို တစုတစည်း ဖြစ်သွားအောင် စွမ်းဆောင်ပေးသွားသည့်ပမာ့။ ကဗျာလေးက့

ပတ္တမြားရွှေဂူ

ပြစ်မရှိ ပြစ်ရှာ။

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ ။

မြရွှေဂူပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ ။

ပွတ်လေလေ ဂူရွှေမှာ
အရောင်ထွက်တယ်
ရှေးကထက်ကဲ။

မန်လည်ဆရာတော်



Rohingya Eye
RB News
2.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ချောင်းဒေါင်း (ဂေါ်ရာခါလီ) ကျေးရွာမှ ဦးဟာလူး (ဘ) ဦးအဒူဟာကိမ်း (အသက် ၄၀ နှစ်) သည် စားကုန်ပစ္စည်း ဆိုင်ပိုင်ရှင် တစ်ဦး ဖြစ်ပြီး၊ ဒီဇင်ဘာလ (၂၇) ရက်နေ့က ဆိုင်အတွက် လိုအပ်သည့် စားကုန် ပစ္စည်းများ ၀ယ်ယူရန် မြို့ထဲသို့ သွားရောက်၍ United တည်းခိုရိပ်သာ ဆိုင်တန်းများမှ ပစ္စည်းများ ၀ယ်ယူ၍ ကျေးရွာသို့ ပြန်ရန် ကားဂိတ် ရှိရာသို့ ဆိုက်ကားဖြင့် သွားနေစဉ်၊ မောင်တော ခရိုင် ပြည်သူ့ ဆေးရုံ ရှေ့တွင် ဗိုလ်မှူးရွာရှိ ဒေါက်တာ ခင်မောင်လတ်၏ နေအိမ်ရှေ့ရှိ ရဲကင်းစခန်းမှ ရဲများ လာရောက်၍ ဆိုက်ကားကို ရပ်တန့် ခိုင်းပြီး ရဲကင်းစခန်း ရှိရာသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးဟာလူးကို ၂၀၁၂ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၇) သိန်း တောင်းခံခဲ့သည်။ တောင်းသည့်ငွေ မပေးပါက မီးရှို့မှု ပုဒ်မတပ်၍ တရားစွဲဆို သွားမည်ဟု ခြိမ်းခြောက် အကျပ်ကိုင် နေသဖြင့် နောက်ဆုံးတွင် ငွေကျပ် တစ်သိန်းငါးသောင်း ပေးမှသာ ပြန်လည် လွှတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အလားတူ ညောင်ချောင်း ကျေးရွာမှ ဦးရော်ရှိတ်အာမတ် (အသက် ၃၅ နှစ်) ကိုလည်း အဆိုပါ ကင်းစခန်းမှ ရဲများက အထက်ပါ အတိုင်း စွပ်စွဲ၍ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့သည်။ 

ထိုကဲ့သို့ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ မြို့ခံ လူငယ် တစ်ဦးက “အရင်တုန်းက ရဲတွေက နယ်ပိုင်းက ရိုဟင်ဂျာတွေကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေတယ် ဆိုပြီး စွပ်စွဲ ခြိမ်းခြောက်ပြီးတော့ ငွေညှစ်တယ်။ အခု ပဋိပက္ခ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ စွပ်စွဲမှု အသစ်တစ်ခု တိုးလာတယ်။ အဲဒါကတော့ မီးရှို့မှုနဲ့ စွပ်စွဲပြီးတော့ ငွေညှစ်နိုင်တဲ့ နည်းလမ်းဘဲ။ အချို့ရဲတွေရဲ့ အပြောအရ ဒီဒေသမှာ ပဋိပက္ခဖြစ်ရင် သူတို့ အတွက် ပိုအကျိုးရှိတယ်၊ နိုင်ငံတော်ရဲ့ လစာ ပြီးတော့ နိုင်ငံတော်ရဲ့ ပုံရိပ်တွေကို ထိခိုက်အောင် လုပ်နေတဲ့ ရဲတွေကို ပြည်ထောင်စု အစိုးရ အနေနဲ့ အမြန်ဆုံး အရေးယူပေးဖို့ မြို့ခံ လူထုက လိုလားနေတယ်လို့ ပြောလိုပါတယ်” ဟုပြောပါသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖမ်းဆီး ရမိထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြားထုတ်တွေကို တွေ့ရစဉ်

2.1.2016

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော မြို့တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား အလုံးရေ ၁၄ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်တွေမြို့ကနေ ထွက်ခွာလာတဲ့ အောင်သူဟိန်း ရေယာဉ်နဲ့ မောင်တောမြို့နေအိမ်တစ်ခုကနေ ဖမ်းဆီးရမိခဲ့တာလို့ ဘူးသီးတောင်မြို့ပေါ်မှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"မိတာပေါ့ဗျာ ၁ဝ သိန်းနဲ့ ၄ သောင်း ၊ အဲ့ဒီကနေ အမှတ်အသားပါတဲ့အတွက် ကျနော်တို့က ချက်ချင်းမောင်တောမြို့ကိုလိုက်ရတယ်၊ အဲ့ဒီမောင်တောမြို့ကိုလိုက်ပြီးတော့ စုံစမ်းပြီးတော့ အဲ့ဒီအိမ်ကိုရှာတဲ့အချိန်မှာ ဆေးပြား ၃ သိန်း ၃ သောင်း ၆ ထောင် ဖမ်းမိတယ်၊ နောက်ပိုင်းတော့ အဲ့ဒီအမှုနဲ့ပတ်သက်တဲ့ တရားခံတွေကတော့ ထွက်ပြေးသွားကြတာပေါ့ဗျာ၊ အဲ့ဒီတရားခံကိုလည်း ဖမ်းဆီးဖို့အတွက် ကျနော်တို့က ကြိုးစားနေရတုန်းရှိပါတယ်"

အခုဖမ်းဆီးရမိမှုဟာ မောင်တောခရိုင်အတွင်းမှာ ပမာဏအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေဟာ ကာလတန်ဖိုး ဆေးပြားတစ်ပြားကို ကျပ်နှစ်ထောင်နှုန်းနဲ့ တွက်ချက်ရင် ငွေကျပ် သိန်းပေါင်း နှစ်သောင်းရှစ်ထောင်ကျော် တန်းဖိုးရှိကြောင်းလည်း သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကွင်းဆက်တွေကို ခေါ်ယူစစ်ဆေးနေတာတွေရှိပေမယ့် အဓိကတရားခံတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအမှုနဲ့ဆက်နွယ်နေသူ နှစ်ဦးကို စစ်တွေမြို့မှာ ဒေသခံရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပြီး ဒီနေ့ ဘူးသီးတောင်မြို့ကို ပို့ဆောင်လိုက်ပါတယ်။



Rohingya Eye
RB News
1.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် တာဝန်နှင့် အခြားနေရာသို့ ပြောင်းရွှေ့ သွားပြီး၊ နယ်ခြားစောင့်ရဲ အသစ်များ အဆိုပါ ကင်းစခန်းသို့ ရောက်ရှိလာခဲ့သည်။ အသစ် ရောက်ရှိလာသည့် နယ်ခြားစောင့်ရဲ များသည် ရောက်ရှိလာသည့်နေ့မှ စ၍ ကင်းစခန်း ရှေ့မှ ဖြတ်သန်းသွားသည့် သံဒါ ကျေးရွာမှ ရွာသားများကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ဇော်မတက် ဈေးသို့ သွားနေသည့် သံဒါ ကျေးရွာသား များကို အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ခေါင်းစဉ် အမျိုးမျိုး စွပ်စွဲ၍ ရိုက်နှက် နှိပ်စက်၍ ငွေညှစ်ခဲ့သည်။ 

ယာယီ သက်သေခံ လက်မှတ် ပါသော်လည်း ကျေးရွာ ထောက်ခံစာ မပါဟု စွပ်စွဲ၍ ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအဒူဆလာမ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၆ နှစ်) ထံမှ ငွေကျပ် နှစ်ထောင်
(၂) ဦးဟာဖီဇူလ္လာ (ဘ) ဦးအာဘူတော်ယုဖ် (အသက် ၃၂ နှစ်) ထံမှ ငွေကျပ် နှစ်ထောင်
(၃) ဇူဘိုင်ရ် (ဘ) ဦးမာမတ်အီနုစ် (အသက် ၂၅ နှစ်) ထံမှ ငွေကျပ် တစ်ထောင်

မုန့်ထုပ်များ လုယက်ခံရသူ များမှာ -- 

(၁) ဦးလေရူး (ဘ) ဦးနူရူအာမတ် (အသက် ၃၀ နှစ်)
(၂) ဦးမိုဟာမတ် (ဘ) ဦးဆူလေး (အသက် ၄၅ နှစ်)

ရိုက်နှက်ခံရသူ များမှာ -- 

(၁) ဦးမိုဟာမတ်အီလီယာစ် (ဘ) ဦးနော်ဇီရ် (အသက် ၅၀ နှစ်)
(၂) မိုဟာမတ်အာယာစ် (အသက် ၂၀ နှစ်)
(၃) ဦးအဒူဇော်လိလ် (ဘ) ဦးဟာလာမျာ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။

အလားတူ ဦးမိုဟာမတ် (ဘ) ဦးဆွေတာလောမ် (အသက် ၃၅ နှစ်) ထံမှ ဆိုင်ကယ် ဦးထုပ်မပါဟု ဆိုကာ ငွေကျပ် (၇) ထောင် ညှစ်ယူခဲ့သည်။ ထို့အပြင် အဆိုပါ ကင်းစခန်း အနီးရှိ ချောင်းတွင် ငါးမျှားနေသည့် ဦးဟာမိတ်ဟူစိန်း ၉ဘ) ဦးလာလ်မျာ (အသက် ၄၇ နှစ်) ထံသို့ အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ တစ်ဦးသွားရောက်ပြီး တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ ကိုယ်ထိ လက်ရောက် စော်ကားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက အပြစ်မဲ့ ရွာသားများကို နေ့စဉ် ရက်ဆက် ရက်စက်၍ ငွေညှစ်နေလျှင် ရွာသားများနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း ဇော်မတက် ကျေးရွာ လူကြီး တစ်ဦးက ပြောပါသည်။



MYARF
RB News
1.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇားကျေးရွာ တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၁၂) ဦးသည် ရွှေဇား ကျေးရွာအုပ်စု၊ စေတီပြင်ရွာသို့ သွားရောက်၍ သူငယ်ချင်း၏ မင်္ဂလာပွဲမှ ပြန်လာသည့် ဦးမူဟိဗ်ဘူလ္လာ (ဘ) ဆရာဦးအော်လီ (အ.လ.က ပြ) နှင့် ဦးနူရ်မာမတ်၏ တူတော်မောင် ဖူတိခ္ခါး တို့ကို ဖမ်းဆီးပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ နှစ်ဦးစလုံး ထံမှ ငွေကျပ် (၈) သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် ဦးအိုမောရ်ဖာရုခ် (ဘ) ဦးဟာလာဘော်ဒါကို ဖမ်းဆီးပြီး ငွေကျပ် (၅) သောင်း ညှစ်ယူခဲ့သည်။ 

ငွေညှစ်ခံရသူ (၃) ဦးတွင် မည်သည့် အပြစ် တစ်စုံတစ်ရာမှ မတွေ့ရှိသော်လည်း အကယ်၍ ငွေမပေးပါက ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ကျအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စေတီပြင် ခွဆုံနှင့် လမ်းတစ်လျှောက် တွေ့ရှိသမျှ လူများကို စစ်ဆေးပြီး ရသမျှ ငွေများ လုယက်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒီဇင်ဘာလ (၂၉) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲ များသည် ရွှေဇား ကျေးရွာအုပ်စု စေတီပြင် အလယ်ရွာသို့ သွားရောက်၍ ဦးအုခ္ချား (ခ) ဟူဆောင်း (ဘ) ဦးဟာဘီရာမန်ကို ဖမ်းဆီး ခေါ်ဆောင် သွားကာ WY မူးယစ်ဆေးဝါး ရောင်းသည်ဟု ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

ဒီဇင်ဘာလ (၂၇) ရက်နေ့ ည ၈ နာရီခန့်တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲ များသည် စေတီပြင် အလယ်ရွာသို့ သွားရောက်၍ ဦးဇူဘိုင်ရ် (ဘ) ဦးအီလီယာစ်နှင့် ဦးအာယုဖ်၏ တူတော်မောင် အုစ်မာန် တို့ကို လမ်းလျှောက် သွားစဉ် စစ်ဆေးပြီး ဦးဇူဘိုင်ရင်၏ ဖုန်းတွင် ဘင်္ဂလား ဆင်းမ်ကဒ် တွေ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ဦးဇူဘိုင်ရ်ထံမှ ငွေကျပ် နှစ်သိန်းနှင့် အုစ်မာန်ထံမှ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ ဘင်္ဂလား ဆင်းမ်ကဒ် တွေ့သည်ဟု စွပ်စွဲခံရသူမှာ ဦးဇူဘိုင်ရ် တစ်ဦးသာ ဖြစ်သော်လည်း နှစ်ဦးလုံး ထံမှ ငွေညှစ်ခဲ့သည်။

Rohingya Exodus