နောက်ဆုံးသတင်း/ဆောင်းပါးများ
MYARF
RB News
23.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ယင်းရုံးမှ အကြီးအကဲများ အပါအ၀င် စာရေးများက ပြည်သူများကို အချင်းချင်း ရန်တိုက်ပေးပြီး ငွေညှစ်ရန် အကွက်ဆင်နေကြောင်း စုံစမ်း သိရှိရပါသည်။ 
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှ စ၍ မောင်တော မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အသစ်ရွေးချယ်ရေး အတွက် မြို့နယ် အုပ်ချုပ်ရေးမှ ဦးစီး၍ တစ်ရွာဝင် တစ်ရွာထွက် ပုံစံဖြင့် ရွေးကောက်ပွဲများ ကျင်းပလျက် ရှိသည်။ ထိုသို့ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး အတွက် ကျင်းပလျက် ရှိနေသည့် ရွေးကောက်ပွဲ များတွင် မြို့နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက နိုင်ငံတော်၏ ရွေးကောက်ပွဲ ဆိုင်ရာ တည်ဆဲ ဥပဒေများကို ပေါ်ပေါ်တင်တင် ချိုးဖောက် နေသည်ကို လေ့လာ တွေ့ရှိရသည်။ 
ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် မောင်တော မြို့နယ်၏ အကြီးမားဆုံး ကျေးရွာ တစ်ရွာဖြစ်သည့် မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွှတ် ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိ ကျေးရွာ တာဝန်ခံ ဦးနော်ဇိရ်အာမတ်နှင့် ယင်းကျေးရွာမှ ဦးအေနာတူလ္လာတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးက ၇၃ မဲ ရရှိခဲ့ပြီး၊ ဦးအေနာတူလ္လာက ၇၄ မဲ ရရှိခဲ့ပြီး တစ်​မဲ အသာဖြင့် အနိုင်​ ရရှိသွားခဲ့သည် ။ ပယ်​မဲ နှစ်​မဲ ဖြစ်​ပြီး၊ ပယ်မဲအဖြစ် သတ်မှတ်လိုက်သော မဲများသည်​ ဦး​နော်​ဇိရ်​အမတ်ကို ​ပေး​ခဲ့​သော မဲ ဖြစ်​​နေသည်​ဟု ဒေသခံများက ပြောပါသည်။
ဦးအေနာတူလ္လာသည် ရွေးကောက်ပွဲ မကျင်းပမှီ ကတည်းက မြို့နယ် အုပ်ချုပ်ရေးရုံးမှ အရာရှိကြီးများကို ငွေပေး၍ ရွေးကောက်ပွဲတွင် ၎င်းဖက်မှ ရပ်တည်ပေးရန် စည်းရုံးခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ထို့အပြင် ဦးအေနာတူလ္လာသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ သတင်းပေး လုပ်နေသူ တစ်ဦးလည်း ဖြစ်ရာ ၎င်းက ကျေးရွာ လူထု ကိုယ်စား မဲပေးရမည့် ဆယ်အိမ်စု ခေါင်းဆောင်များကို ၎င်းကိုသာ မဲပေးရန် ခြိမ်းခြောက်ခြင်း၊ လာဘ်ငွေ အဖြစ် ဆယ်အိမ်စု ခေါင်းဆောင် တစ်ဦးစီကို ငွေကျပ် တစ်သိန်းစီ ပေးခြင်း တို့ဖြင့် စည်းရုံးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့က မဲရှုံးခဲ့သော ဦးနော်ဇိရ်အမတ်နှင့် ၎င်းကို အားပေးသူများကို သီးခြား ခေါ်ယူတွေ့ဆုံ၍ ဦးအေနာတူလ္လာအတွက် ကန့်ကွက်စာ တင်ရန် ရန်တိုက်ပေးသည့် သဖွယ် စည်းရုံး တိုက်တွန်းခဲ့သည်။ ဦးနော်ဇိရ်အမတ် ကလည်း ကျေးရွာလူထု၏ လိုလား တောင့်တမှုကို ငဲ့ညှာ၍ ဦးအေနာတူလ္လာ အတွက် ကန့်ကွက်စာ တင်ခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဦးနော်ဇိရ်အမတ်နှင့် ၎င်း၏အ ပေါင်းပါများကို ငွေကျပ် သိန်း ၁၅၀ ပေးလျှင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေး ရွေးကောက်ပွဲများကို အနီးကပ် စောင့်ကြည့် လေ့လာနေသူများထံမှ စုံစမ်း သိရှိရပါသည်။
ထို့အပြင် လွန်ခဲ့သည် အပတ်က ကျင်းပ ပြုလုပ်ခဲ့သည့် မောင်တောမြို့နယ်၊ မြောက်ပိုင်း၊ ရေတွင်းကျွန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် မဲရှုံးနှိမ့်ခဲ့သူကို မြို့နယ်အုပ်ချုပ်ရေးရုံးမှ ရွေးကောက်ပွဲ ကျင်းပပေးရန် တာဝန်ယူသည့် အဖွဲ့က ခေါ်ယူတွေ့ဆုံ၍ အနိုင်ရသူအတွက် ကန့်ကွက်စာ တင်လျှင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်၊ ထိုသို့ ပြန်လည် ကျင်းပပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေကျပ် သိန်း ၁၀၀ ပေး၍ တောင်းဆိုနိုင်သည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့် လေ့လာနေသူများထံမှ စုံစမ်း သိရှိရပါသည်။
ဤကဲ့သို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့က ကျင်းပ ပြုလုပ်ပေး နေသည့် ကျေးရွာ အုပ်ချုပ်ရေမှူး ရွေးကောက်ပွဲသည် စစ်မှန်သော ရွေးကောက်ပွဲများ မဟုတ်ဘဲ ရိုဟင်ဂျာများ အချင်းချင်းကို ရန်တိုက်ပေး၍ ငွေညှစ်ရန် အကွက်ဆင် နေသည့်ပွဲသာ ဖြစ်နေကြောင်း မြို့နယ်လူထုမှ ဝေဖန်ပြောဆို နေကြသည်။ ထိုကိစ္စကို နိုင်ငံတော် အစိုးရ အကြီးအကဲများမှ အမြန်ဆုံး ကိုင်တွယ်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခြင်းဖြင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာခြင်းမှ ထိန်းသိမ်းပေးရန် ပြည်သူများက အထူး လိုလားနေကြသည်။
Rohingya Eye
RB News
22.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၂) ရပ်ကွက် (မြို့မတောင် ရပ်ကွက်) သို့ လာမည့် စနေနေ့ ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပရန် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့တစ်ဖွဲ့ လာရောက်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။ 
အဆိုပါ ရပ်ကွက်မှ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးအီဆုပ်က ရပ်ကွက်သူ/သား များကို ဆေးခြင်ထောင်များ လှူဒါန်း၍ မဲဆွယ် စည်းရုံးခဲ့သည်။ သို့သော်လည်း ဒေသခံများက လက်ရှိ အုပ်ချုပ်ရေးမှူး၏ သက်တမ်း တစ်လျှောက်တွင် ရပ်ရွာလူထု ကောင်းစားရေး အတွက် တစ်စုံတစ်ရာ လုပ်ဆောင် ပေးခဲ့ခြင်း မရှိခဲ့သောကြောင့် နောက်ထပ် သက်တမ်း တစ်ခု အတွက် ၎င်းကို မလိုလားဟု RB News သို့ပြောပါသည်။ 
ထို့အပြင် ဦးအီဆုပ်နှင့် အတူ ၀င်ရောက် ယှဉ်ပြိုင် စီစဉ်နေသူ တစ်ဦးမှာ ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင်တွင် ပါဝင်သည့် ဦးမော်ဂျီအုလ္လာ (ဘ) ဦးဂူရာမျာ (အသက် ၄၃ နှစ်) ဖြစ်ပြီး၊ ၎င်းသည် မကောင်းသည့် ဂုဏ်သတင်းဖြင့် ကျော်ကြားသူ ဖြစ်သည်။ ဦးမော်ဂျီအုလ္လာက ၎င်းကို ထောက်ခံသည့် စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် ပူးပေါင်းပြီး မဲအပြတ်အသတ်နှင့် အနိုင်ရရန် စည်းရုံး လှုပ်ရှားနေသည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 
ဦးမော်ဂျီအုလ္လာအား ထောက်ခံ၍ ပူးပေါင်း လှုပ်ရှားနေသည့် စီးပွားရေး လုပ်ငန်းရှင် များမှာ -- (၁) ဦးမုစ်တာခ် (ဘ) ဦးအီလီယာစ် (အသက် ၃၅ နှစ်)၊ (၂) ဦးရူလာမီးန် (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၃၈ နှစ်)၊ (၃) အာလီရွာမှ ဦးကာမာလ် (အသက် ၄၅ နှစ်) နှင့် (၄) ဖေဇီရွာမှ ဦးမူဂျီဘုလ်ဟူဆောင်း (အသက် ၄၀ နှစ်) တို့ဖြစ်သည်။ ၎င်းတို့ အားလုံးသည် မောင်တော မြို့ပေါ်ရှိ ဒေသခံ ရိုဟင်ဂျာများကို ဘင်္ဂလီ အမည်ဖြင့် နိုင်ငံသား လျှောက်လွှာ တင်ရန် စည်းရုံးခဲ့သူများ ဖြစ်ကြသည်။ 
အကယ်၍ ဦးမော်ဂျီအုလ္လာ အုပ်ချုပ်ရေးမှူး ဖြစ်လာပါက ရပ်ကွက်ထဲတွင် မတရားမှုများ ဖြစ်ပေါ်လာမည်ကို ရပ်ကွက်သူ/သားများက အထူး စိုးရိမ်လျက် ရှိနေကြသည်။ ထို့ကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူး အနေဖြင့် တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးရန်နှင့် လူကောင်းလူမှန် တစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရန် ရပ်ကွက်လူထုက တောင်းဆိုကြောင်း RB News သို့ပြောပါသည်။
MYARF
RB News
22.1.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် နယ်မြေ အသီသီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး (နယ်မြေမှူး) များက ရဲမှူး (နယ်မြေမှူး) ဖလားဟုဆိုကာ ဘောလုံးပွဲ ကျင်းပခဲ့သည်။ 
ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေအပိုင်တွင် ကျေးရွာအုပ်စု ၂၄ အုပ်စု ရှိသည်။ ယင်း ၂၄ အုပ်စုမှ ဘောလုံး ၂၄ သင်းဖြင့် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဘောလုံးပွဲများ ကျင်းပခဲ့သည်။ အစပိုင်းတွင် ဘောလုံးပွဲများကို ဂူတာပြင် ကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သော်လည်း ဘောလုံး အသင်း ၂၄ သင်းမှ တစ်သင်းတည်း ရခိုင်အသင်း ဖြစ်သော အထက်ကျွဲကြိုမော် ကျေးရွာ (ညောင်ချောင်း ရခိုင်ရွာ) အသင်း၏ ကန့်ကွက်မှုဖြင့် ဘောလုံးပွဲများကို ညောင်ချောင်း နယ်မြေစခန်း၏ အနောက်ဘက် လယ်ကွင်းသို့ ပြောင်းရွှေ့ ကျင်းပခဲ့ရသည်။ 
အစပိုင်းတွင် ဒိုင်လူကြီးနှင့် ဘေးဒိုင်များကို ယင်းနယ်မြေပိုင်နက်ရှိ အားကစား သမားဟောင်းများက ဆောင်ရွက်သွားသော်လည်း အထက်ကျွဲကြိုမော် ကျေးရွာအသင်း၏ ကန့်ကွက်မှုကြောင့် ဘူးသီးတောင် မြို့ပေါ် ရပ်ကွက်ပမှ ရခိုင်လူမျိုး အားကစားသမားများကို ခေါ်၍ ဒိုင်လူကြီးနှင့် ဘေးဒိုင်များ အဖြစ် တာဝန်ပေး၍ ကျင်းပခဲ့သည်။ 
နောက်ဆုံးတွင် အထက်ကျွဲကြိုမော် အသင်းနှင့် ကကျဘက်ကံပြင် ကျေးရွာအသင်းတို့ ဗိုလ်လုပွဲ တက်ခဲ့သည်။ ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် ဗိုလ်လုပွဲကို ကျင်းပရာ ကကျဘက်ကံပြင် ကျေးရွာ အသင်းမှ ပွဲစပြီး ၁၅ မိနစ်ခန့် အကြာတွင် စတင်၍ ဂိုးသွင်းခဲ့သည်။ ဒိုင်လူကြီးနှင့် ဘေးဒိုင်များက ဂိုးသတ်မှတ်သော်လည်း အထက်ကျွဲကြိုမော် အသင်း၏ တိုက်စစ်မှူး၊ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှလှ၏ ညီ၊ ရခိုင်အစွန်းရောက် ဦးရွှေမောင်၏ စတုတ္တမြောက်သား ကျောနံပါတ် (၁၁) က ဒိုင်လူကြီးကို ဆဲဆို၍ ဂိုးမပေးနိုင်ဟု ကန့်ကွက်ခဲ့သောကြောင့် ဒိုင်လူကြီးက ပွဲကြည့်စင်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် တိုင်ပင်၍ ဂိုးမပေးတော့ဘဲ ပွဲက အစမှ ပြန်လည် စခဲ့သည်။ 
ပြန်လည် ကစားသည့်ပွဲ ဒုတိယပိုင်း ၁၅ မိနစ်ခန့် အကြာတွင် ကကျဘက်ကံပြင် ကျေးရွာအသင်းက နောက်ထပ် ဂိုးသွင်းပြီး တစ်ဂိုး၊ ဂိုးမရှိဖြင့် ကစားရာ အထက်ကျွဲကြိုမော် အသင်းက အုပ်ချုပ်ရေးမှူး ဦးလှလှ လူစားဝင်လာပြီး၊ တစ်ဖက်အသင်းမှ ဘောလုံးသမားများကို လက်သီးဖြင့် ထိုးကြိတ် ခြေထောက်ဖြင့် ကန်ကျောက်၍ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့သည့် အပြင် ၎င်းက “ကုလားတွေကိုသတ်၊ ခြေထောက်ကျိုးအောင် ကန်ကျောက်၊ ကုလားတွေကို သတ်ရင် ဘာမှ မဖြစ်ဘူး၊ သတ်၊ ရိုက်” ဟု အော်ဟစ်၍ အသင်းသားများကို တိုက်တွန်း အားပေးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 
ဦးလှလှက ရိုင်းစိုင်းစွာ ဆဲဆို ရန်ရှာသည်ကို ပွဲကြည့်စင်ပေါ် ထိုင်၍ ပွဲကြည့်နေသည့် ဘောလုံးပွဲ ကျင်းပသူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး (နယ်မြေမှူး) က ကြားသိသော်လည်း ကြမ်းတမ်း ရိုင်းစိုင်း၍ ရန်ရှာနေသည်ကို သတိပေးခြင်းဖြင့် ပွဲမထိန်းပေးဘဲ လက်ပိုက် ကြည့်နေခဲ့သည်။ ထိုကဲ့သို့ ကြမ်းတမ်းစွာ ကစားခြင်းကို ဒိုင်လူကြီးက ပြစ်ဒဏ်ပေးခြင်းလည်း မရှိခဲ့ဟု ဘောလုံးပွဲ ကြည့်ခဲ့သူများက ပြောပါသည်။ 
၎င်း၏ ကြမ်းတမ်းစွာ ကစားမှုကြောင့် ကကျဘက်ကံပြင် အသင်းမှ ဘောလုံးသမား (၅) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ကွင်းထဲမှ လမ်းလျှောက်၍ပင် မထွက်နိုင်တော့သည့် အနေအထားသို့ ရောက်ခဲ့ရသည်ဟု ဆိုသည်။ ပွဲပြီးဆုံးရန် မိနစ်ပိုင်း အလိုတွင် ဦးလှလှက ကကျဘက်ကံပြင် အသင်းမှ ခံစစ်မှူး ကျောနံပါတ် (၃) ကို မနိုင်၍ လက်သီးဖြင့် ထိုးခဲ့သည်။ ထိုသို့ လက်သီးဖြင့် ထိုးနေသည်ကို ဒိုင်လူကြီးက ပြစ်ဒဏ် သတ်မှတ် ပေးခြင်း မရှိသည့်အပြင် ကကျဘက်ကံပြင် အသင်းကို ပြစ်ဒဏ်ဘော သတ်မှတ် ပေးခဲ့သည်။ ထိုသို့ ဗြောင်ကျကျ လိမ်လည်နေသည်ကို ကကျဘက်ကံပြင် အသင်းမှ သည်းမခံနိုင်တော့၍ ဆက်လက် မကစားတော့ပဲ ကွင်းထဲမှ ထွက်သွားခဲ့သည်။ 
ထို့နောက် ဒိုင်လူကြီးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး (နယ်မြေမှူး) တို့က အထက်ကျွဲကြိုမော် အသင်းကို အနိုင်ပေး၍ ပထမဆု ချီးမြှင့်ခဲ့သည်။ ရဲမှူး၏ ရှေ့မှောက်တွင် ဒိုင်လူကြီးက ဗြောင်ကျကျ လိမ်နေသည့်အပြင် ရခိုင် ဘောလုံးသမား များကလည်း ပြိုင်ဘက် အသင်းသားများကို လက်ဝှေ့ပွဲ ကဲ့သို့ လက်သီးဖြင့် ထိုးကြိတ်၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်းများ ပြုလုပ်နေသည်ကို ရဲမှူးက မည်သို့မျှ ဟန့်တားခြင်း၊ သတိပေးခြင်း မရှိခဲ့ပေ။ အကယ်၍ ပြိုင်ဘက် အသင်းက ရခိုင်အသင်းကဲ့သို့ ပြန်လည် ကြမ်းတမ်းမည် ဆိုပါက ယင်းဘောလုံးပွဲမှ လူမျိုးရေး ပဋိပက္ခပင် ဖြစ်နိုင်ဖွယ် ရှိခဲ့သည်။ ကကျဘက်ကံပြင် အသင်းက ပြဿနာ မလိုလား၍ ၎င်းတို့ အရှုံးပေး ထွက်ခဲ့ခြင်း ဖြစ်သည်။ 
ကြမ်းတမ်းစွာ ကစားခြင်းဖြင့် ပြဿနာ ဖြစ်နိုင်သည်ကို စဉ်းစား၍ ရဲမှူးက ဘောလုံးပွဲကို ထိန်းပေးရန် တာဝန်ရှိသော်လည်း ရဲမှူးက ပွဲကို ထိန်းမပေးခဲ့ခြင်းမှာ ကြမ်းတမ်းစွာ ကစားခဲ့သည့် ရခိုင်အသင်းကို အားပေးခြင်းကြောင့် ဖြစ်သည်။ ၎င်း၏ ဆန္ဒမှာလည်း ရခိုင်အသင်းကိုသာ အနိုင်ပေးရန် ဖြစ်နိုင်သည်ဟု ပွဲကြည့် ပရိသတ်များက ဝေဖန် သုံးသပ်ကြသည်။
Rohingya Eye
RB News
22.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သံဒါ ကျေးရွာမှ ဟာဂျီ ဦးဇော်မိလ်အာမတ် (ဘ) ဦးဖူတူန္နားဟ် (အသက် ၅၀ နှစ်) တွင် ၎င်းပိုင်ဆိုင်သော ဥယျာဉ် ခြံမြေ တစ်ခြံ ရှိသည်။ အဆိုပါ ဥယျာဉ်ခြံမြေမှာ သစ်တော ဦးစီးဌာနမှ မှတ်ပုံတင် ထုတ်ပေးထားသော ဥယျာဉ်ခြံမြေ ဖြစ်သည်။ ဥယျာဉ်ခြံ အတွင်း သစ်ပင်များမှာ ယခင်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ပြိုလဲသွားခဲ့သည်။ လဲကျနေသည့် အပင်များကို ပိုင်ရှင်ဖြစ်သူက ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ခုတ်လှဲပြီး၊ နေအိမ်သို့ တွန်းလှည်း နှစ်စီးဖြင့် သယ်ဆောင်လာရာ၊ တစ်စီးကို နေအိမ်သို့ အရောက်ပို့နိုင်ခဲ့သော်လည်း၊ ကျန်တစ်စီးကို ဇော်မတက် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ တာဝန်ခံက ရပ်တန့်ပြောသောကြောင့် ပိုင်ရှင်ဖြစ်သူက ဤသစ်များကို မိမိ၏ ဥယျာဉ်ခြံမြေမှ ယူဆောင်လာခြင်း ဖြစ်ကြောင်း ရှင်းပြသော်လည်း၊ တာဝန်ခံ ဒုရဲအုပ်က “ဒီမှာ မင်းတို့ ပိုင်တဲ့အရာ ဆိုတာ တစ်ခုမှ မရှိဘူး၊ ဒါတွေ အားလုံး ငါတို့ဟာပဲ” ဟု ပြောဆိုပြီး တွန်းလှည်း အပါအ၀င် သစ်များကိုပါ လုယက် သိမ်းဆည်း လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 
ယင်းကျေးရွာမှ ဆရာ ဦးမိုဟာမတ်အီနုစ် (ဘ) ဦးဆုလ်တာန်သည် ကျေးရွာ အတွင်းရှိ အာရဗီ တက္ကသိုလ် ကျောင်းဝင်း အတွင်း မုန်တိုင်းကြောင့် လဲကျသွားခဲ့သော အပင်တစ်ပင်ကို ကျောင်း၏ တာဝန်ခံထံမှ ငွေကျပ် (၈) သိန်းဖြင့် ၀ယ်ယူခဲ့သည်။ ထို့နောက် သစ်တောဦးစီးဌာနမှ သစ်ခွဲရန် အမိန့်စာ ယူပြီး သစ်ခွဲရန် အာရဗီ တက္ကသိုလ်သို့ သွားသည့် အခါ ယင်းရွာမှ ရာအိမ်မှူး ဦးအာဘူဘော်ကော်ရ်ဆိဒိတ် (အသက် ၃၆ နှစ်) နှင့် အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာ တို့က သစ်မခွဲရန် ဟန့်တားခဲံသည်။ ၎င်းတို့က အဆိုပါ သစ်ကို ခွဲလိုလျှင် ငွေကျပ် (၈) သိန်း အစား ငွေကျပ် (၁၃) သိန်း ပေးရမည်ဟု အကျပ်ကိုင် ပြောဆိုသောကြောင့်၊ မဟုတ်မမှန် စွပ်စွဲခံရပြီး ဌာနဆိုင်ရာများနှင့် ပေါင်း၍ ငွေညှစ်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် (၁၂) သိန်းဖြင့် သဘောတူခဲ့ရသည်။ 
အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တို့သည် ငွေကျပ် (၁၂) သိန်းမှ (၈) သိန်းကို အာရဗီ တက္ကသိုလ် ကျောင်းတာဝန်ခံသို့ ပေးသွင်းပြီး ကျန်သည့် (၄) သိန်းကို ၎င်းတို့နှစ်ဦး ခွဲဝေယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာသည် အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ အပြစ်မဲ့ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်နေခြင်းကို ရွာသားများက မကျေမနပ် ဖြစ်လျက် ရှိနေကြသည်။
MYARF
RB News
22.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဈေးဆိုင် ပိုင်ရှင် တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 
မောင်တော မြို့နယ် မြို့မဈေး ဦးဥတ္တမလမ်း ဆိုင်ခန်း အမှတ် (၄) တွင် စားကုန်ဆိုင် ရောင်းချသူ ဧတာလျာ ကျေးရွာအုပ်စုမှ မိုဟာမတ်အာရှာမ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၂၃ နှစ်) သည် ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့လည် (၂) နာရီခန့် အချိန်တွင် ၎င်း၏ ဆိုင်အနီးရှိ ကွမ်းယာဆိုင်မှ ကွမ်းဝယ်ရန် စောင့်နေစဉ် မြို့မ ရဲစခန်းမှ ရဲအဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ၎င်းအား စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နာရီ အနည်းငယ် အကြာတွင် ငွေကျပ် နှစ်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့သည်။ 
မိုဟာမတ်အာရှောမ်သည် နေ့စဉ် မြို့မဈေးတွင် ဆိုင်ရောင်းနေသည့် လူငယ်တစ်ဦး ဖြစ်ပြီး မည်သည့် ပြစ်မှု တစ်စုံတစ်ရာမှ ကျူးလွန်ခဲ့ခြင်း မရှိသော်ငြားလည်း ရဲများက ဖမ်းမ၀ရမ်း မပြဘဲ မတရားသဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင် နေသည့် ရခိုင်လူမျိုးများက လူနည်းစု ရိုဟင်ဂျာများကို တစ်ဖက်သတ် အနိုင်ကျင့်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ သာမာန် ပြည်သူတစ်ဦးကို မတရားသည့် နည်းလမ်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညှစ်ခြင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် စစ်ဆေး အရေးယူ ဆောင်ရွက် ပေးနိုင်ရန်နှင့် နိုင်ငံ့တာဝန်ကို မိမိတို့ စီးပွားအဖြစ် အလွဲသုံးစား ပြုလုပ်နေသည့် ရဲအရာရှိများ၏ ညှဉ်းပန်း နှိပ်စက်မှုများမှ လူနည်းစု ရိုဟင်ဂျာများကို ဥပဒေဘောင် အတွင်းမှ အကာအကွယ် ပေးပါရန် နိုင်ငံတော် သမ္မတ ထံမှ တောင်းဆိုသည်ဟု ၎င်းတို့က ဆိုသည်။
MYARF
RB News
22.1.2016
မောင်တော ။ ။ ၂၀၁၅ ခုနှစ် မေလ (၂၁) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ဘင်္ဂလား ပင်လယ်အော်တွင် ကင်းလှည့်နေသော မြန်မာ့ရေတပ်က မလေးရှားနိုင်ငံသို့ သွားနေသည့် စက်လှေ တစ်စီးကို ဖမ်းဆီးပြီး မောင်တော အာဏာပိုင်များကို အကြောင်းကြားခဲ့သည်။ အာဏာပိုင်များက မေလ (၂၂) ရက်နေ့တွင် အဆိုပါ စက်လှေမှ လှေစီးပြေး ဒုက္ခသည်များကို ရသေ့တောင် မြို့နယ် အငူမော်ဆိပ်ကမ်းမှ တင်ယူပြီး အချို့ကို သီးခြား ခေါ်သွားခဲ့သည်။ ရိုဟင်ဂျာ လူမျိုးများကို သီးခြား ခွဲထုတ်၍ ခေါ်သွားခြင်း ဖြစ်ပြီး၊ ၂၂၈ ဦး ကျန်ခဲ့သည်။ ၂၂၈ ဦးမှ ၂၀ ဦးကို တစ်ဖန် သီးခြား ခွဲထုတ်ပြီး မောင်တော ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါ (၂၀) ဦးတွင် ဧရာဝတီတိုင်းမှ (၈) ဦးပါဝင်သည်။ ၎င်းတို့ကို ထောင်ဒဏ် (၈) နှစ်စီချမှတ်ခဲ့သည်။ 
ကျန်သည့် ၂၀၈ ဦးမှ (၈) ဦးမှာ ကျောက်တော်မြို့သား ရိုဟင်ဂျာ (၈) ဦးဖြစ်ပြီး၊ ၎င်းတို့ကို ကျောက်တော်မြို့သို့ ပို့ဆောင်ခဲံသည်။ ကျန်သည့် (၂၀၀) ဦးကို တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ဒုက္ခသည် စခန်းဖွင့်လှစ်၍ ထားခဲ့သည်။ ထိုထဲမှ မြန်မာနိုင်ငံသား ရိုဟင်ဂျာများကို စီစစ်၍ ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို UNHCR ၏ စောင့်ရှောက်မှုဖြင့် ဆက်လက် ထားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။ 
ပြန်လည် လွတ်လာသည့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ ဖြစ်သည့် မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာမှ (၁) နူရ်ဟူစိန်း (ဘ) ဦးနူရ်ဘော်ရှော်ရ် (အသက် ၂၀ နှစ်)၊ (၂) မာမတ်တော်ယုဖ် (ဘ) ဦးအဒူကော်ရိမ် (အသက် ၁၉ နှစ်)၊ (၃) အာယာတူလ္လာ (ဘ) ဦးဆော်လီမူလ္လာ (အသက် ၁၆ နှစ်) နှင့် (၄) ရှော်ဘိရ်အာမတ် (ဘ) ဦးအာဇီရာမန် (အသက် ၁၈ နှစ်) တို့ကို မောင်တော မြို့နယ်ရှိ လူကုန်ကူးမှု တားဆီးရေး အဖွဲ့က လွန်ခဲ့သည့် အပတ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် တရားရုံးတွင် စစ်ဆေးလိုသည်ဟု ဆိုကာ အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့က သွားရောက် တွေ့ဆုံခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
တစ်ဖန် ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ မှုခင်းစာရေး (ဂိတ်စာရေး) ဦးတင်လှကလည်း ကျီးကန်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ထိုလူငယ် လေးဦးကို ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့က မတရားသဖြင့် ထောင်ချခြင်း ခံရမည်၊ သို့မဟုတ် ငွေညှစ်ခံရမည်ကို စိုးရိမ်၍ သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိကြောင်း သိရသည်။ အကယ်၍ ၎င်းတို့အား ထောင်ဒဏ်ချမှတ်လိုလျှင် ၎င်းတို့ ဖမ်းဆီးခံနေရစဉ်က ကျခံရမည် ဖြစ်ပြီး၊ ယခုမှ တရားရုံးမှ စစ်ဆေးလိုသည်ဟု ဆိုကာ အကြောင်းပြ၍ လူကုန်ကူးမှု တားဆီးရေး အဖွဲ့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မှုခင်းစာရေး တို့က ဆင့်ခေါ်နေခြင်းမှာ ငွေညှစ်ရန်သာ ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။
ရခိုင် အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်
အောင်အောင်
20.1.2016
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ဦးဆောင် ဖွဲ့စည်းမယ့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှာ ရခိုင် အမျိုးသား ပါတီ ANP အနေနဲ့ ပါဝင်မှာ မဟုတ်ဘူးလို့ ANP ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောပါတယ်။ ဒါပေမယ့်လည်း NLD အနေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်း လာမယ် ဆိုရင်တော့ အဆင်သင့်ပဲလို့လည်း ပြောပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီဟာ အပြတ်အသတ် အနိုင် ရရှိတာကြောင့် NLD က ရွေးချယ် တင်မြှောက်တဲ့ သမ္မတကနေ ပြည်နယ်အစိုးရ ၀န်ကြီးချုပ်တွေကို ခန့်အပ် သွားမှာ ဖြစ်ပါတယ် ။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးမှာပါ။
ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ပြည်နယ်အစိုးရ၀န်ကြီးချုပ်တွေကို ရွေးချယ်တင်မြှောက်သွားမှာနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ လက်မခံနိုင်ဘဲဖြစ်နေတာပါ။
ရခိုင်ပြည်နယ် အကျိုးစီးပွါး၊ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရပ်တည်ချက်အရ ပြည်နယ်မှာ အမတ်နေရာတော်တော်များများအနိုင်ရရှိထားတဲ့ ANP အနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်တဲ့ အခြေအနေမရှိရင် ဒီအစိုးရအဖွဲ့မှာ ANP အနေနဲ့ ပါဝင်မှာမဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။
“ဒီမိုကရက်တစ် society ကိုသွားလိုတဲ့ဖွဲ့စည်းပုံမဟုတ်ဘူး ၊ ဖက်ဒရယ် ပြည်ထောင်စုကို သွားလိုတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူးဆိုတာကို သိပါလျှက်နဲ့ ဒီဖွဲ့စည်းပုံရဲ့အားနည်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားသာချက်အဖြစ် ပုဒ်မ ၂၆၁ ကို အသုံးပြုခဲ့မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားများရဲ့ ယုံကြည်မှုကိုရဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဖွဲ့စည်းပုံပြင်မယ် ဆိုတဲ့လမ်းကြောင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံပြီးမှ ဒီဖွဲ့စည်းပုံရဲ့ အကြပ်အတည်း ၊ တိုင်းရင်းသားများရဲ့အကြပ်အတည်းကို အားသာချက်အဖြစ် ယူသွားတဲ့ပါတီအဖြစ်ပဲ ကျနော်တို့ သက်မှတ်ခြင်းကို သမိုင်းမှာ ကျန်သွားရပါလိမ့်မယ်။”
NLD ပါတီအနေနဲ့ တစိုက်မတ်မတ်ရပ်တည်လာခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ မူအတိုင်း ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရာမှာ ရခိုင်ပြည်နယ်အတွင်း မဲအများဆုံးနဲ့ အနိုင်ရထားတဲ့ ANP ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထဲကသာ ၀န်ကြီးချုပ်ဖြစ်သင့်တယ်ဆိုပြီး ANP က ရပ်တည်ဆုံးဖြတ်ထားတာပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အခုလိုဆက်ပြောပါတယ်။
“သို့သော် ဒီနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းရေးရာ ၀န်ကြီးတဦးအပါအ၀င်မှ ၉ ဦးပဲရပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ၃ ဦးပဲ ရပါတယ်။ ရခိုင်အမျိုးသားပါတီက ၂၁ ဦးရပါတယ်။ တပ်မတော်က ၁၂ ဦးရှိပါတယ်။ ဒီအခြေအနေထိ ရခိုင်တမျိုးသားလုံးဟာ ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့တာတောင်မှ လက်ရှိ ၆၈ နှစ်ရှိတဲ့ မြန်မာနိုင်ငံရဲ့အခင်အကျင်းမှာ တိုင်းရင်းသားအားလုံးလည်း လက်နက်ကိုင်နေကြတယ်။ ကျနော်တို့ရဲ့စစ်မှန်တဲ့ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ ဦးတည်ချက်ကြောင့်ပဲ ဒီပြည်တွင်းစစ်ကြီး တနည်းအားဖြင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဒီ ဒုတိယအပြောင်းအလဲမှာတောင်မှ majority seats ကိုရထားတဲ့ ပါတီကြီးတခုရဲ့ အမတ် အရေအတွက်ကို အသိအမှတ်မပြုနိုင်ဘူးဆိုရင် ကျနော်တို့ဟာ ပွင့်ပွင့်လင်းလင်းပြောရင်ဗျာ၊ အခုထိ ကိုလိုနီ နယ်ချဲ့အောက်မှာ ရှိနေသေးပါတယ်လို့ တိုင်းရင်းသားတွေက ပြောရမယ့်သဘောပါပဲ။”
ဇန်န၀ါရီလ ၁၅ ရက်နေ့က စစ်တွေမြို့ရွှေစေတီ ကျောင်းတိုက်မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ရပ်မိရပ်ဖတွေ၊ လူမှုကွန်ယက် အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို NLD အနေနဲ့ ဦးဆောင်ဖွဲ့စည်းသွားမယ်လို့ရခိုင်ပြည်နယ်အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးညီပုက ပြောကြားခဲ့ပြီးနောက် အဲဒီ အစိုးရအဖွဲ့မှာ ပါဝင်မှာမဟုတ်ဘူးလို့ ANP ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ NLD အနေနဲ့တော့ ဒီလိုအစိုးရဖွဲ့စည်းရာမှာ ကန့်သတ်ချက်ထားတာမျိုးမရှိတဲ့အပြင် NLD ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားထားပြီးပြီလို့ ဦးညီပုက ပြောပါတယ်။
“ဒါကတော့ တရားဝင်ပြောထားပြီးသားပါ။ ကျနော်တို့စီက ပြောရေးဆိုခွင့်ရှိတဲ့ ဒေါ်နန်းခင်ထွေးမြင့်က တိုင်းနဲ့ပြည်နယ် အစိုးရတွေ ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ ပြောပြီးသွားပါပြီ။”
အရင်ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရလက်ထက်မှာတော့ ANP အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထဲမှာ ပါဝင်ခဲ့ပေမယ့် NLD အနေနဲ့တော့ ပြည်ခိုင်ဖြိုးနဲ့ ထပ်တူကျတဲ့ နိုင်ရေးပါတီတရပ် အနေနဲ့ မသတ်မှတ်တာကြောင့် အခုလို အစိုးရအဖွဲ့မှာ ပါဝင်တာမဟုတ်ကြောင်း ဒေါက်တာအေးမောင် ကပြောပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရ ရွေးချယ်တင်မြှောက်ခံရတဲ့ သမ္မတကနေ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်ရမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကနေ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၀န်ကြီးတွေကို ခန့်အပ်ရမှာဖြစ်ပါတယ်။
MYARF
RB News
19.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အထက်တန်းကျောင်း အခြေစိုက် တပ်ရင်း (၅၃၅) မှ စစ်သား နှစ်ဦးသည် ယူနီဖောင်း မ၀တ်ဘဲ အရပ်ဝတ်ဖြင့် ဇန်န၀ါရီလ (၁၈) ရက်နေ့ ညနေ နေ၀င်ချိန်ခန့်တွင် ဆိုင်ကယ် တစ်စီးဖြင့် (၃) မိုင်ရှိ အရက်ဆိုင်သို့ သွားရောက်၍ အရက် အလွန်အကျွံ သောက်သုံးပြီး ည (၈) နာရီခန့်တွင် ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်၍ တပ်ရင်းသို့ ပြန်နေစဉ် မြို့မ ကညင်တန်း ကျေးရွာအုပ်စု ဆီတိလ္လာရွာရှိ AZG (MSF) ရုံးအနီးသို့ ရောက်သောအခါ ဆိုင်ကယ်၏ အရှိန်ကို မထိန်းနိုင်ဘဲ လမ်းဘေး စင်္ကြန်နှင့် တိုက်မိခဲ့သည်။ ဆိုင်ကယ် မောင်းနှင်သူ သတိလစ် သွားခဲ့သည်။ 
ဆိုင်ကယ်တိုက်မိပြီး သုံးမိနစ်ခန့် အကြာတွင် ညကင်းလှည့်နေသည့် မောင်တော မြို့မ ရဲစခန်းမှ နယ်ထိန်း အဖွဲ့ရောက်ရှိ လာခဲ့သည်။ နယ်ထိန်းရဲ အဖွဲ့က ဆိုင်ကယ် တိုက်မိသည့် စစ်သားများကို မြင်သည့် အခါ ချက်ချင်း ဆေးရုံသို့ မပို့ဘဲ အဖက်ဖက်မှ ဓါတ်ပုံရိုက်ခြင်း၊ ၎င်းတို့ နှစ်ဦး မည်သည့်ရွာမှ ဖြစ်ကြောင်း၊ ဆိုင်ကယ် နောက်မှ စီးသူ စစ်သားအား ဖြစ်ပျက်ပုံ အားလုံး မေးမြန်းခြင်း စသည်များ ပြုလုပ်၍ အချိန်တစ်နာရီခန့် ဖြုန်းခဲ့သည်။ ည ၉ နာရီခန့်တွင် ဆိုင်ကယ် မောင်းနှင်သူ စစ်သား၏ အခြေအနေ ဆိုးရွားလာသည်ကို မြင်၍ ယာဉ်ထိန်းရဲ များကို ခေါ်၍ အပ်နှံခဲ့သည်။ 
ယာဉ်ထိန်းရဲများက စစ်သာ၏ အခြေအနေ ဆိုးရွားလာသည်ကို မြင်၍ ချက်ချင်း ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် တပ်မတော် တပ်ရင်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ဆေးရုံသို့ ရောက်သည်နှင့် သတိလစ်နေသည့် စစ်သား သေဆုံးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
တပ်ရင်းမှ တာဝန်ရှိသူများက စစ်သားနှစ်ဦး ဆိုင်ကယ် တိုက်မိသော နေရာသို့ ရောက်ရှိလာပြီး စုံစမ်းမေးမြန်းရန် လူမတွေ့သဖြင့် ဆိုင်ကယ် တိုက်မိသည့် နေရာကိုသာ ကြည့်ကာ တပ်ရင်းသို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။ ည (၁၀) နာရီခန့် အချိန်တွင် တပ်ရင်းမှူး ဗိုလ်မှူး သူရိန်စိုးနှင့် အဖွဲ့သည် ထိုနေရာသို့ သွားရောက် ကြည့်ရှု၍ ဘူးသီးတောင် မြို့နယ်ရှိ စစ်ဗျူဟာရုံးသို့ သွားခဲ့သည်။ ည (၁၁) နာရီကျော် အချိန်တွင် ဗျူဟာမှူးနှင့် အဖွဲ့ ရောက်ရှိလာပြီး ဆိုင်ကယ် တိုက်မိသည့် နေရာကို စစ်ဆေး ကြည့်ရှုခဲ့သည်။ 
နယ်ထိန်းရဲများက ဆိုင်ကယ် တိုက်မိသော စစ်သားများကို မြင်မြင်ချင်း ဆေးရုံသို့ ပို့ကာ ဆေးကုသမှု ခံယူစေပြီး သတိပြန်ရလာမှ အခြေအနေကို မေးမြန်းနိုင်သော်လည်း ဆေးရုံသို့ မပို့ဘဲ အခြေအနေကို မေးမြန်းခြင်းဖြင့် တစ်နာရီကြာ အချိန်ဖြုန်းခဲ့သောကြောင့် မသေသင့်ဘဲ သေရသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။
MYARF
RB News
19.1.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာတွင် ဇန်န၀ါရီလ (၁၁) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် အတွက် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ လက်ရှိ ကျေးရွာ တာဝန်ခံ ဦးအီနုစ်နှင့် ဦးအာရော်ဖ်အုလ္လာတို့ ယှဉ်ပြိုင်ကြရာ ဦးအာရော်ဖ်အုလ္လာ အနိုင်ရရှိခဲ့သည်။ ဦးအီနုစ်က ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အပေါ် မကျေနပ်၍ ကျေးရွာသား များကို ညှဉ်းပန်း နှိပ်စက်မည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ရွေးကောက်ပွဲ ရှုံးနိမ့်သည့် ဦးအီနုစ်သည် ၎င်း၏ ဦးလေး ဖြစ်သူ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ သတင်းပေး ဦးမာမတ်ဆိဒိတ်နှင့် ပူးပေါင်း၍ ၂၀၁၄ ခုနှစ်က သိမ်တောင်ပြင် ကျေးရွာမှ ဒုအိုးသည်မ ကျေးရွာသို့ ပြောင်းရွှေ့လာသော ဦးအဒူလ်ဂဖာရ် (ဘ) ဦးအိန္နားမီးန်က ဦးအာရော်ဖ်အုလ္လာကိုသာ မဲပေးကြရန် စည်းရုံးခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ထို့နောက် ၎င်းက ဦးအဒူလ်ဂဖာရ်သည် လူကုန်ကူးမှု ပြုလုပ်နေသူ တစ်ဦးဖြစ်သည်ဟု လုပ်ကြံ၍ ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့သည်။ သို့ဖြစ်၍ ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် နယ်ခြားစောင့်ရဲ များက ဦးအဒူလ်ဂဖာရ်ကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ 
နယ်ခြားစောင့်ရဲများက ဦးအဒူလ်ဂဖာရ်ကို တစ်ညလုံး ညှဉ်းပန်း နှိပ်စက်ကာ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ငွေကျပ် (၆) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 
ဦးအဒူလ်ဂဖာရ်သည် ၂၀၁၄ ခုနှစ်မှစ၍ ဒုအိုးသည်မ ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်သော်လည်း အိမ်ထောင်စု စာရင်းပါ အပြီးအပိုင် ပြောင်းရွှေ့ နေထိုင်ခြင်း မဟုတ်ဘဲ ဒုအိုးသည်မ ကျေးရွာတွင် ဧည့်စာရင်း တိုင်ကြား၍ နေထိုင်သောကြောင့် ယင်းကျေးရွာတွင် မဲပေးပိုင်ခွင့် ရှိသူ တစ်ဦး မဟုတ်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ဦးအဒူလ်ဂဖာရ်သည် ဦးအာရော်ဖ်အုလ္လာ အတွက် မဲဆွယ်ရာတွင် ငွေကြေး ကူညီခဲ့သူများ ထဲတွင် ပါဝင်သညဟု ယူဆပြီး ကလဲ့စားချေလိုသည့် သဘောဖြင့်သာ ငွေညှစ်စေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။
ရခိုင်ပြည်နယ် သံတွဲမြို့ကို ရောက်လာတဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ ကြိုဆိုနေ ကြစဉ် (အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၅)
သိင်္ဂီထိုက်
19.1.2016
တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်မယ်လို့ NLD ပါတီက ပြောဆိုထားပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့မိမြို့ဖတွေ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေ ရှေ့လာမယ့် နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်း အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသား ပါတီဘက်ကလည်း ပြည်နယ် အစိုးရနဲ့ လွှတ်တော်မှာ အင်အားကြီး NLD ပါတီက ဦးဆောင်မှုရယူရင် ဘယ်လို ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးကြဖို့ ပြင်ဆင်နေပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တနိုင်ငံလုံးမှာ အမတ်နေရာ အများစု အနိုင်ရထားတယ်ဆိုပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ အနည်းစုဘဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အစိုးရဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကိုလည်း ဦးဆောင်ဖွဲ့စည်းမယ်လို့ တရားဝင် ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဂွ မြို့နယ်ရဲ့ ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုက ပြောပါတယ်။
“ကျွန်တော်တို့ ဆီက ပြောရေး ဆိုခွင့်ရှိတဲ့ ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့တာ ရှိပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ အစိုးရကို ဦးဆောင်ပြီးတော့ ဖွဲ့ စည်းသွားမယ်။အဲဒီ အစိုးရကို ဦးဆောင်တဲ့ ပုဂ္ဂိုလ် ဟာလည်းပဲ အမျိုးသား ဒီမို ကရေစီအဖွဲ့ ချုပ်ကပဲ ဖြစ်မယ်ဆိုတာ ပြောထားပါတယ်။”
လွှတ်တော်သစ်တွေ ခေါ်ယူဖို့ နီးကပ်လာချိန် အစိုးရသစ် ဖွဲ့စည်းဖို့ တစ တစ နီးကပ်လာချိန်မှာဘဲ ရခိုင်ပြည်နယ်ထဲက ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေနဲ့ ဒါဇင်နဲ့ချီတဲ့ စစ်တွေမြို့ခံ တချို့လည်း မကြာခင်ကတွေ့ဆုံခဲ့ကြပြီး NLD ရဲ့ ရပ်တည်ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဦးညီပုက ပြောပါတယ်။
“လူမှုရေး အဖွဲ့ အစည်းတွေပါတဲ့ အရပ်ဖက် အဖွဲ့ အစည်းတွေ၊ အရပ်ဘက်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး ပါတီတွေ တော်တော် စုံစုံလင်လင်လေး ပါပါတယ်။ အခု ကျွန်တော်တို့ တွေ့တဲ့ နေရာမှာတော့ သိပ်ပြီး တော့ စိုးရိမ်တဲ့ အနေအထား သိပ်ပြီးတော့ မတွေ့ ပါဘူး။ ကျွန်တော်တို့ တာဝန်ယူခဲ့လို့ ရှိရင် ကျွန်တော်တို့ နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အနေအထားတွေ ပြောတယ်။ သူတို့ တတ်နိုင် သမျှ အကူအညီတွေ အကြံညဏ်တွေ ပေးဖို့ ကို ပြောပါတယ်။ ကျွန်တော်တို့ ဆက်လုပ်ဖို့ ကို အားလုံးက ဆက်ပြီးတော့ အားပေးကြပါတယ်။”
ရခိုင်ပြည်နယ်ရဲ့ လွှတ်တော် အမတ်နေရာ အများစုကို အနိုင်ရရှိထားပြီး ပြည်နယ် အစိုးရကို ဦးဆောင်နိုင်ဖို့ မျှော်လင့်ထားတဲ့ ရခိုင်အမျိုးသား ပါတီဘက်ကတော့ တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်က ပြည်နယ် အစိုးရကို ဦးဆောင်လာရင် ဘယ်လို မူဝါဒမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို စည်းဝေး ဆုံးဖြတ်ဖို့ ပြင်ဆင်နေကြပါတယ်။ ရခိုင်အမျိုးသား ပါတီရဲ့ ပြောခွင့်ရ ဦးခိုင်ပြည်စိုးက ပါတီရဲ့ သဘောထားကို အခုလို ပြောပါတယ်။
“ကျွန်တော်တို့ ပါတီရဲ့ အစည်းအဝေးမှာ NLD က ကမ်းလှမ်းလာလို့ ရှိရင် ကျွန်တော်တို့ ပါတီက ဆွေးနွေးမယ်ဆိုပြီးတော့ ကျွန်တော်တို့ ပါတီက သုံးယောက်ကို ရွေးထားပါတယ်။ ဒါပေမယ့် NLD က ကျွန်တော်တို့ ပါတီနဲ့ မဆွေးနွေးပဲနဲ့ ရခိုင်ပြည်နယ်မှာ စိတ်ထင်ရာကို လုပ်မယ်၊ သူတို့ ၀န်ကြီးချုပ်တွေ လုပ်မယ် ဟိုဟာလုပ်မယ် ဒီဟာ လုပ်မယ်ဆိုပြီးတော့ လိုင်းချတဲ့ ဟာကို စစ်တွေမြို့ က ပုဂိုလ်တွေနဲ့ ဆွေးနွေးတဲ့ အပေါ်မှာ ကျွန်တော်က တော့ ဘာမှ ပြောဖို့ မရှိပါဘူး။ အဲသလို လုပ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှု လုပ်သင့် မလုပ်သင့် ဆိုတာကို ကျွန်တော်တို့ ဒီလအတွင်းမှာ အစည်းအဝေးရှိတယ်။ အဲဒီ အစည်းအဝေးမှာပဲ ကျွန်တော်တို့ ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့က ဘာသာရေးနဲ့ လူမျိုးရေး ပြဿ နာကို ဒီလောက် မစဉ်းစားပါဘူး။ ကျွန်တော်တို့ က တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဒါန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ့် အပိုင်းကိုပဲ တစ်စိုက်မတ်မတ် သွားနေတဲ့ ပါတီပါ။”
ရခိုင်ပြည်နယ်တွင်းမှာ အများစု အနိုင်ရ ရခိုင်အမျိုးသား ပါတီက ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး အပါအ၀င် အကူးအပြောင်းကာလ အတွက် တနိုင်ငံလုံး အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ဆွေးနွေးညှိနှိုင်းဖို့ အတွက် ကိုယ်စားလှယ်တွေလည်း ရွေးချယ်ထားတာပါ။ ဒါပေမယ့် လွှတ်တော်သစ်တွေ ခေါ်ယူတော့မယ့် အချိန်၊ အစိုးရသစ် ဖွဲ့စည်းဖို့ နီးကပ်လာချိန်ထိ နှစ်ဘက် ဆွေးနွေးမှုတွေတော့ ထွက်ပေါ်မလာသေးပါဘူး။
RB News
18.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စုသို့ ဇန်န၀ါရီလ (၁၅) ရက်နေ့က မောင်တော မြို့နယ် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့ ရောက်ရှိလာပြီး၊ ရခိုင် ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးစောမောင် (စိုက်ပျိုးမွေးမြူရေး) နှင့် ဆယ်အိမ်မှူးများကို ခေါ်ယူ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပ သွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 
အလယ်သံကျော် ကျေးရွာအုပ်စုသည် မောင်တော မြို့နယ် တောင်ပိုင်း (၁၂) မိုင် အကွာတွင် တည်ရှိပြီး အိမ်ထောင်စု (၁၃၀၀) ခန့်နှင့် လူဦးရေ (၁၃၀၀၀) နီးပါးရှိသော ရွာကြီး တစ်ရွာဖြစ်သည်။ ယင်းရွာတွင် ရိုဟင်ဂျာ လူမျိုး လူဦးရေ (၁၂၀၀၀) ကျော် ရှိပြီး၊ ရခိုင်လူမျိုး (၃၀၀) ခန့်သာ ရှိသည်။ အလယ်သံကျော် ကျေးရွာသည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင်လည်း ရိုဟင်ဂျာနှင့် ရခိုင်များ ပူးပေါင်းပြီး မိမိတို့၏ ကျေးရွာတွင် မည်သည့် ပြဿနာမှ မဖြစ်အောင် ကာကွယ်နိုင်ခဲ့သော် စံပြ ကျေးရွာကြီး တစ်ရွာဖြစ်သည်။ အလယ်သံကျော် ကျေးရွာကို ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးများပါ အုပ်ချုပ်လာခဲ့သည့် သမိုင်းလည်း ရှိသည်။ သို့သော် ၂၀၀၄ ခုနှစ်မှ ယနေ့ထိ ရိုဟင်ဂျာများကို အုပ်ချုပ်ရေး တာဝန် ခန့်အပ်ခြင်း မရှိသည်ကို တွေ့မြင်နေရသည်။
ကျေးရွာ လူဦးရေ၏ ၁၀၀% နီးပါးသည် ရိုဟင်ဂျာ လူမျိုးများဖြစ်ပြီး ၎င်းတို့၏ ဆန္ဒမပါဘဲ အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိကို ဒေသခံများက မေးခွန်းထုတ်လျက် ရှိသည်။ အကယ်၍ ဥပဒေအရ နိုင်ငံသား မှတ်ပုံတင် မရရှိသေးသူများ အရွေးမခံနိုင်လျှင်လည်း အုပ်ချုပ်ခံရမည့် ပြည်သူများ အနေဖြင့် မိမိတို့၏ ဆန္ဒအရ ရွေးချယ်ခွင့် ရှိသင့်ကြောင်း ဒေသခံ ရိုဟင်ဂျာတစ်ဦးက RB News သို့ပြောပါသည်။ ယခု ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် ဆွေးနွေး တိုင်ပင်ခဲ့ခြင်းလည်း မရှိခဲ့ဟု ၎င်းက ဆိုသည်။ 
ရွေးကောက်ပွဲတွင် အရွေးခံခဲ့သည့် ရခိုင်လူမျိုး ဆယ်အိမ်မှူး ငါးဦးမှာ (၁) ဦးမောင်မောင်သိန်း၊ (၂) ဦးမောင်သက်နိုင်၊ (၃) ဦးနေဇော်ဝင်း၊ (၄) ဦးဇော်ထူးနှင့် (၅) ဦးသန်းဝင်း တို့ဖြစ်သည်။ ၎င်းတို့ ငါးဦးထဲမှ ဦးသန်းဝင်းမှ အပ ကျန်သည့် လေးဦးက ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲံသည်။ လက်ရှိ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သက်နိုင်က ဦးသန်းဝင်း၏ မဲများကို ငွေကျပ် (၁၀) သိန်းပေး၍ ၀ယ်မည်ဟု ပြောသည်ကို ၎င်း၏ ယောက်ဖအရင်း ဖြစ်သူ ဦးဇော်ထူးက ကြားသိပြီးနောက် ဦးဇော်ထူးက ငွေကျပ် သိန်း (၂၀) ပေး၍ ဦးသန်းဝင်းထံမှ ၀ယ်ခဲ့ကြောင်း ရခိုင်ဒေသခံ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။
ဦးမောင်မောင်သိန်းသည် လွန်ခဲ့သည့် (၁၅) နှစ်ကျော်မှ စ၍ အလယ်သံကျော်တွင် နေထိုင်လာသော လူလတ်တန်းစား တစ်ဦး ဖြစ်သည်။ အလုပ်ကြိုးစားသည့် ပန်းတိမ်ဆရာ တစ်ဦး အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ ရခိုင်အများစုက ထောက်ခံသလို ရိုဟင်ဂျာလူမျိုးများကလည်း မိမိတို့ လူမျိုး အရွေးမခံရလျှင်ပင် ဦးမောင်မောင်သိန်းကို အများစုက ထောက်ခံမည်ဟု ဒေသခံများက ပြောပါသည်။ 
ဦးမောင်သက်နိုင်သည် စစ်တွေ ဒေသခံတစ်ဦး ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှစ၍ အလယ်သံကျော်ရှိ ၎င်း၏ ယောက်ဖ ဦးဇော်ထူး လက်အောက်တွင် အလုပ်လုပ်လာခဲ့သူ ဖြစ်သည်။ ဗီဒီယိုရုံတွင် ငွေကောက်ခံခြင်း၊ နှစ်လုံးချဲထီ ရောင်းခြင်း၊ ဘောလုံး လောင်းကစား ဒိုင်လုပ်ခြင်းတို့ လုပ်ကိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဦး နုတ်ထွက်စာ တင်ပြီးနောက် ၎င်းကို ခန့်အပ်ခဲ့သည်မှာ ယနေ့ထိ ဖြစ်သည်။ သာမာန်လစာနှင့် အလုပ်ဖူးသူ တစ်ဦးသည် အုပ်ချုပ်ရေးမှူး ဖြစ်လာပြီးနောက် သုံးနှစ်အတွင်း တိုက်အိမ်၊ ဇိမ်ခံကားများ၊ ရွှေငွေ အပါအ၀င် သိန်းထောင်ချီ ချမ်းသာလာခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းကို ရခိုင်နှင့် ရိုဟင်ဂျာ ရွာသားများက အလိုမရှိသော်လည်း ၎င်းကို ဦးဇော်ထူးထက် စာလျှင် ထောက်ခံမှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း ၎င်း၏ တပည့်များက ညှဉ်းပန်း နှိပ်စက်မှုကြောင့် ၎င်းကို အများက မုန်းတီး ရွံရှာလာသည်ဟု ပြောပါသည်။ လူထု ထောက်ခံမှုတွင် တတိယနေရာ ရထားသည်ဟု ဒေသခံများက ပြောပါသည်။ 
ဦးနေဇော်ဝင်သည် ကုန်သည် တစ်ဦး ဖြစ်ပြီး ဒုတိယ ထောက်ခံမှု အများဆုံး ရရှိထားသူ တစ်ဦး ဖြစ်သည်။ 
ဦးဇော်ထူးသည် အလယ်သံကျော် ဒေသခံ တစ်ဦး ဖြစ်ပြီး ရ.ယ.က ဥက္ကဌဟောင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ ရ.ယ.က ဥက္ကဌ တာဝန် ထမ်းဆောင်စဉ် အစပိုင်း၌ ကျေးရွာ လူထု၏ ယုံကြည်အားကိုးခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းတွင် တပည့်မွေး ငွေညှစ်၊ နောက်ဆုံး ရုပ်ပျက်ဆင်းပျက် အရှက်တကွဲ အလုပ်ပြုတ် အရေးယူခံရသူ တစ်ဦး ဖြစ်သည်။ လိမ်လည်မှု၊ အာဏာ အလွဲသုံးစားမှုနှင့် ခြိမ်းခြောက် လာဘတ်ယူမှုတို့ဖြင့် စစ်ဆေးရန် ယခင် န.စ.က က နှစ်လကျော် ချုပ်နှောင်ထားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ နောက်ဆုံးတွင် သိန်းရာချီ သုံးစွဲ၍ ငွေဒဏ်ဖြင့် လွတ်မြောက်ခဲ့သည်။ မူးယစ်ဆေးဝါး (WY) ဘုရင်၊ နှစ်လုံးချဲဒိုင်၊ ဘောလုံး လောင်းကစားဒိုင်နှင့် အရက်ဆိုင်ဖွင့်ထားသူ ဖြစ်သည်။ ပါဝင် ရွေးကောက်ခံသူ (၄) ဦးတွင် ထောက်ခံမှု အနည်းဆုံး ရထားသူ ဖြစ်သည်။
အကယ်၍ ဦးဇော်ထူးကို အုပ်ချုပ်ရေးမှူး ခန့်အပ်ပါက ရိုဟင်ဂျာနှင့် ရခိုင် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လာခဲ့သည့် အလယ်သံကျော်၏ အစဉ်အလာ ကောင်းတစ်ခု ဆက်လက် ထိန်းသိမ်းရန်ပင် စိုးရိမ်စရာ အနေအထားသို့ ရောက်သွားနိုင်ကြောင်း၊ မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာမည်ကို ကြိုတင်၍ ပူပန်နေကြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ဒေသခံများက ဥပဒေနှင့် အညီ ဒီမိုကရေစီ စနစ်နှင့်အညီ ရွေးကောက် တင်မြှောက်သည်ကို လိုလားကြောင်း RB News မှတဆင့် သက်ဆိုင်ရာ လူကြီးများကို သိစေချင်ကြောင်း ပြောပါသည်။
Moe Aung
18.1.2016
နှစ်ပေါင်း ၆၀ ကျော်ကြာ လူ့အခွင့်အရေး ဖိနှိပ်မှုတွေကို အတူတကွ ခါးစည်းခံ ခဲ့ရတဲ့ မတူညီသော ကိုးကွယ်ယုံကြည်သူ များကြား ပိုင်ဆိုင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့မှု တွေဟာ ဒီမိုကရေစီ အစိုးရ သက်တမ်း တစ်ခု အလွန်မှာ စလယ်ဝင်အိုး ဖင်မမည်းခင်က ကွဲခဲ့ရသလိုမျိုး ရခိုင်ပြည်နယ်ဟာ နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
ဒါတွေကို အပြီးတိုင် အဆုံးသတ်စေမယ့် မျှော်လင့်ချက်တစ်ရပ်က “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီ အစိုးရ လက်ထဲမှာ ရှိနေပါတယ်။
ဒီလို မျှော်လင့်ချက်တွေနဲ့အတူ တစ်ခုသော ဆောင်းမနက်ခင်းတစ်ခုမှာ အနီရောင်တွေကို အောင်လံ လွှင့်ထူစေမယ့် ဆေးတံဆိပ်တွေကို ပုံအောခဲ့ကြပါတယ်။
နိုဝင်ဘာ ၈ အလွန်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု၊ ကိုးကွယ်ယုံကြည်မှု ဖိနှိပ်ခံနေရမှုတွေ လားရာဘက် ပြောင်းလဲဖို့ မြန်မာ့ဒီမိုကရေစီ သင်္ကေတ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်မဲပေးခဲ့သူတွေထဲ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းနေ ၂၀၁၂ ပဋိပက္ခတိမ်းရှောင်ဒုက္ခသည် အစ္စလာမ်ဘာသာဝင် ဒေါ်စိုးစိုးဝင်းလည်း တစ်ဦး ပါဝင်ခဲ့ပါတယ်။
“လူသားတစ်ဦးဖြစ်ပြီးတော့ သံဆူးကြိုးတွေ ကာရံပြီး လွတ်လပ်စွာ သွားလာခွင့်တွေ ဆုံးရှုံးနေတဲ့ ကျမတို့တွေရဲ့ ဘ၀က ကြမ်းတမ်းလှပါတယ်။ ကုလားဆိုတဲ့ အခေါ်အဝေါ် တစ်ခုအောက်မှာ ကျမတို့ လူဖြစ်ရှုံးနေတာတွေကို မျှဝေခံစားပေးမယ့် အစိုးရတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်ဖို့ ကျမ NLD ကို ရွေးချယ်ခဲ့ပါတယ်”
ရခိုင်ပြည်နယ်အတွင်း ရာစုနှစ်များစွာ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပြီးမှ မှုခင်းတစ်ခုပေါ် အခြေပြုပြီး အုပ်စုဖွဲ့ တိုက်ခိုက်မှုအပေါ် အခွင့်အကောင်းယူကာ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေကို လူသား အသိုင်းအ၀န်းတစ်ခုကနေ ဆွဲဖယ်ထုတ်နေခြင်းဟာ ရပ်တန့်ဖို့ အချိန်တန်ပြီ ဖြစ်တယ်လို့ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းနေသူတွေက တညီတညွတ်တည်း ပြောဆိုနေကြပါတယ်။
ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်း ကမ့်တာဝန်ခံ ဖြစ်သူ ဦးမောင်လှက - အစိုးရအနေနဲ့ သူတို့ လူမျိုးတွေအပေါ် ခုလို ထိန်းသိမ်းထားခြင်းဟာ အစိုးရရဲ့ စိုးရိမ်လွန်မှုတစ်ခုသာ ဖြစ်ပြီး သူတို့အနေနဲ့ ယခင်ကလိုပဲ ရခိုင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အသင့်ရှိနေကြောင်း ဦးမောင်လှက RiA နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
“ ပြန်လို့ နေထိုင်လို့ ရမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်ဆိုတော့ ကျနော်တို့တတွေဟာ ယခင်ကတည်းက တစ်ဦးပေါ် တစ်ဦး မှီခိုပြီး အတူတကွ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ကို မူဆလင်တွေက မှီခိုပြီး နေခဲ့ကြတာ ရှိသလို၊ မူဆလင်တွေကို ရခိုင်က မှီခိုပြီး လူမှုစီးပွား အစစ အမှီသဟဲ ပြုခဲ့တာတွေရှိပါတယ်။ ဒါ့ကြောင့် ခုချိန်မှာ အတူတကွ ပြန်နေထိုင်စေပြီး ယခင်လိုမျိုး ဆက်ဆံရေးကို ပြန်တည်ဆောက်ခွင့်ပေးခဲ့မယ်ဆိုရင် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ အစိုးရအနေနဲ့ကတော့ စိုးရိမ်စိတ်ရှိတာပေါ့။ ၂၀၁၂ တုန်းကလို ပဋိပက္ခ ပြန်ဖြစ်မှာစိုးလို့ အစိုးရက လောလောဆယ် ယာယီအားဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်တယ်လို့ ထင်ပါတယ်။”
ကျောက်ဖြူ မြို့နယ်ရှိ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းဟာ ၂၀၁၂ ခုနှစ်အလွန် မှာ ပေါ်ပေါက်လာတဲ့ ဒုက္ခသည်စခန်းတစ်ခုပါ။
ဒါပေမယ့် ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းဟာ ရခိုင်ပြည်နယ်အတွင်းရှိ တခြားသော ကမ့်တွေနဲ့ ထူးခြားကွာခြားချက်တွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။
အဲဒါကတော့ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းမှာ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ ညားပြီး ပဋိပက္ခကြောင့် ကွဲကွာနေရသူ မိသားစု အနည်းဆုံး ၄ ခုထက်မနည်းကို RiA ရဲ့ သတင်းအဖွဲ့က တွေ့ခဲ့ရပါတယ်။
ကိုးကွယ်ယုံကြည်မှု မတူပေမယ့် အိမ်ထောင်ပြု ဘ၀ကို တည်ဆောက်နေသူတွေဟာ မှုခင်းတစ်ခုက အစပြုခဲ့ပြီး ဘာသာရေးအသွင်ဆောင် အမုန်းတရား ဖန်တီးသူတွေကြောင့် မိသားစု ဘ၀တွေ ကွဲကွာပြီး အနာဂတ်လုံခြုံမှု မဲ့နေမှု၊ သားသမီးတွေ အဖေ၊ အမေ ခေါ်စရာမဲ့နေမှု စတာတွေကို ယူကြုံးမရခံစားခဲ့ရပါတယ်လို့ ဗုဒ္ဓဘာသာ အမျိုးသားနဲ့ ညားနေပြီး ကလေး ၃ ဦးရှိတဲ့ ဒုက္ခသည်စခန်းနေ အစ္စလာမ်ဘာသာဝင် မသန်းဝေ က ပြောပါတယ်။
“ သိနားလည်တဲ့သူတွေကတော့ အစ္စလာမ်နဲ့ပဲ ညားညား၊ ဗုဒ္ဓဘာသာနဲ့ပဲ ညားညား လက်ခံကြပါတယ်။ ခု ဒီမှာက ခဏလေး ရှောင်နေပါ။ ကိုထွန်း အမျိုးသမီးဟာ ကိုထွန်း အမျိုးသမီးပါပဲ။ ဘယ်ဘာသာပဲ ဖြစ်ဖြစ်။ ၂ ရက် ၃ ရက်နေပြီးရင် ပြန်ပြီး တွေ့ရမှာပါပဲ။ ခဏလေး ရှောင်နေပါဆိုပြီးတော့ နေနေတာ ခုဆိုရင် ၃ နှစ်ကျော်သွားပြီ ကျမ ယောင်္ကျားနဲ့ မတွေ့တာ။ ပိုက်ဆံ ရှိတဲ့သူတွေကတော့ အခက်အခဲတွေ ရှိပေမယ့်လည်း မိသားစုအတူတကွ တခြားနေရာတွေ ရန်ကုန်လိုမျိုးကို ပြောင်းရွေ့သွားခဲ့ကြတယ်။ ကျမတို့လို လက်လုပ်လက်စား လူတန်းစားတွေက အဲလိုမျိုး အခြေအနေမပေးတော့ မိသားစုနဲ့ ဝေးခဲ့ရတယ်။ ဒီ ကယ်ဆယ်ရေးစခန်းမှာ နေချင်လို့ နေရတာ မဟုတ်ပါဘူး။ မိသားစုတကွဲတပြားနဲ့ ခုလိုမျိုး ရှင်သန်နေရတာဟာ အရမ်းခံစားရပါတယ်။ တနေ့နေ့ တချိန်ချိန်မှာ မိသားစု အတူတကွ ပြန်နေထိုင်ရခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အသက်ရှင်သန်ဖို့ ကြိုးစားနေတာပါ”
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခအလွန် မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေကြား အတူယှဉ်တွဲနေထိုင်ရေးဟာ နောင်တက်လာမယ့် အစိုးရကို စိန်ခေါ်နေတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခြင်းနဲ့ ကိုးကွယ်ယုံကြည်မှု ရောထွေးသွားခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းမှုကို အဖြေရှာဖို့ ခက်ခဲလွန်းနေပါတယ်။
ကျောက်ဖြူဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူ့အဖွဲ့အစည်းအနေနဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အတူတကွ နေထိုင်ဖို့ ဆိုတာဟာ ၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုကို လက်ခံရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသန်းလွင်က ပြောပါတယ်။
“နိုင်ငံသား ဖြစ်သင့်တဲ့သူကို ၁၉၈၂ ဥပဒေနဲ့ အညီ စစ်ဆေးလို့ အတည်ပြုရင် ကျနော်တို့ လက်ခံပါတယ်။ ၈၂ ဥပဒေနဲ့ ညီညွတ်တဲ့သူတွေကို နိုင်ငံသားပေးပါ။ ကျနော်တို့ မကန့်ကွက်ပါဘူး။ အခု ကျနော်တို့ ခံစားနေရတာက သူတို့ (အစ္စလာမ်ဘာသာဝင်တွေ) ဟာ ကျနော်တို့နဲ့ ပဋိပက္ခတစ်ခု ဖြစ်ခဲ့တာကြောင့် သူတို့အနေနဲ့ ထိတ်လန့်မှုတွေ ရှိချင်ရှိမယ်။ မနေချင်တဲ့ ဆန္ဒ ရှိချင်ရှိမယ်။ ဒါပေမယ့် သူတို့ ရင်ဆိုင်နေရတာက နိုင်ငံသားဖြစ်ခွင့် ရထားတာကြောင့် ဒီဒေသက ထွက်ခွာလို့ မရဘူးဆိုတာကိုပါ။ သူတို့ ပိုင်ဆိုင်မှုတွေကို ရောင်းချရင်လည်းပဲ သက်ဆိုင်ရာက အမည်ပြောင်းလဲခြင်းတွေ မပြုလုပ်ပေးတာကြောင့် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လက်လွတ်စပယ်ထားပြီး မသွားရဲဘူးဖြစ်နေကြပါတယ်။ နိုင်ငံသား စီစစ်မှုတွေကတော့ စီစစ်နေကြပါတယ်။ ဒါပေမယ့် နိုင်ငံသားဖြစ်သွားတဲ့သူတွေကို နိုင်ငံသား ဖြစ်ခွင့် မပေးဘူးဆိုရင် နိုင်ငံသားစီစစ်မှု နိုင်ငံသားပေးအပ်မှုဟာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
ရိုဟင်ဂျာ အရေး လှုပ်ရှား ဆောင်ရွက်သူ (ဒေသအခေါ် ဘင်္ဂလီအရေး ဆောင်ရွက်သူများ) အကြီးအကဲ ဦးကျော်လှအောင်က - ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူများဟာ ယခင် ရာစုနှစ်များစွာကတည်းက အတူတကွ နေထိုင်ခဲ့သူများ ဖြစ်ပြီး အပြန်အလှန် အမှီသဟဲ ပြုမှုများလည်း ရှိခဲ့တာကြောင့် အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ကိုပဲ မျှော်လင့်ကြောင်း ပြောပါတယ်။
“ အစကတည်းက လွတ်လပ်ရေးမတိုင်ခင်ကတည်းက အေးအတူပူအမျှ နေထိုင်လာခဲ့ကြပြီးမှ ခုလို မှုခင်းတစ်ခုကြောင့် အားလုံးကို မေ့ပစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အရင်လိုပဲ အတူတကွ သင့်မြတ်စွာ ပြန်လည်နေထိုင်ဖို့ မျှော်လင့်ပါတယ် နှစ်ဘက်သော လူ့အဖွဲ့အစည်းကို မေတ္တာရပ်ခံလိုပါတယ်”
ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင် ကလေး ၃ ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်မသန်းဝေက ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် ဝေးကွာခဲ့ရတဲ့ သူ့ အမျိုးသား၊ ကလေးတွေရဲ့ ဖခင်နဲ့ ပြန်လည်ဆုံစည်းခွင့်အတွက် အားကိုးရာမဲ့နေကြောင်း ၀န်ခံခဲ့ပါတယ်။
“ကျမအမျိုးသားက စိတ်ကောင်းနှလုံးကောင်း ရှိသူတစ်ဦးပါ။ ဖောက်ပြန်တတ်တဲ့ ယောင်္ကျားမျိုးထဲမှာလည်း မပါပါဘူး။ သူက ရခိုင်၊ ကျမက အစ္စလာမ်ဆိုပေမယ့် ထားခဲ့မယ့်သူ မဟုတ်ဘူးဆိုတာလည်း ကျမ ယုံကြည်ပါတယ်။ ကျမ အကြောက်ဆုံးက တစ်ယောက်နဲ့ တစ်ယောက် မတွေ့မမြင်ခဲ့ရဘဲ သေဆုံးသွားကြမှာကိုပါ။ ငွေကြေးအဆင်ပြေသူတွေက မိသားစု ဆုံစည်းခွင့် ရှိကြပေမယ့် ကျမတို့လို့ ကျပ်တည်းသူတွေအဖို့ ရုန်းကန်ရတာ အရမ်းခက်ခဲပါတယ်။ ဒီကြားထဲ မိသားစု တကွဲတပြားနဲ့ ဖြတ်သန်းရတာဟာ အရမ်းကို နာကျင်ရတယ်ဆိုတာ ခံစားဖူးသူတိုင်း နားလည်ပေးနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီလို အခက်အခဲတွေ ပိုဖိစီးလာတော့ အမျိုးသားက အရက်ကို ဖိသောက်လာတယ်။ ကျမတို့ မိသားစု ပြန်လည် ပေါင်းစည်းခွင့်အတွက် ဘယ်သူ့ကို အားကိုးရမလဲ။ ကျမ တသက်လုံး ကျေးဇူးရှင်အဖြစ် ရှိခိုးသွားပါ့မယ်”
Photo via http://www.insightonconflict.org
ငါ့ ​အာရ်ကာန် ရွှေ​မြေကြီး
ရေးသားသူ - မိုဟာမတ်ဇူဘိုင်ရ်
RB ကဗျာ
18.1.2016
- အမိမြေဝယ် ဒုက္ခသည်နှယ်
လူသားမဆန် နှိပ်စက်ခံ​နေ 
ရင်​ထဲနာကျင်​ တဆစ်​ဆစ်​ပဲ ... 
ကမ္ဘာ့အလယ်​ အာရ်ကာန်မြေမှာ 
သမိုင်းခိုင်​မာ ငြင်းဖို့ခက်​တဲ့ 
ရိုဟင်​ဂျာမျိုး ရှိပါလျက်​နှင့်
မရှိဆိုကာ ဇွတ်​ငြင်းတဲ့ခါ 
အို…ငါ့ ​အာရ်ကာန် ရွှေ​မြေကြီး...။
- ငါတို့အသက် ပုရွက်ဆိတ်လို 
အစုလိုက်သတ် မရှိတန်​ဖိုး 
သူများပြည်သို့ ငါတို့လှမ်းရ... 
ရောက်​ရာအရပ်​မှာ သူ့ကျွန်လုပ်ပြီး 
ရတဲ့ချွေးခ မိသားစုဆီ 
ငါတို့ကိုယ်​စီ ပို့​ပေး​နေလည်း 
ယူနီဖောင်းသမား လက်​နက်​အားဖြင့် 
အဆက်​မပြတ်​ စီးကျတဲ့ခါ 
ရင်နာလွန်းလို့ ​ဟစ်​ခေါ်ချင်​သည် 
အို…ငါ့ ​အာရ်ကာန်ရွှေ​မြေကြီး...။
- ဒီမြေမှာမွေး ဒီ​ရေကို​သောက်​ 
ဒီလေကိုရှူ ဒီ​မြေ​ပေါ်ထွား 
ဌာ​နေလူမျိုး ရိုဟင်​ဂျာ​သား 
အမုန်းမျိုးစုံ ခံ​နေရလည်း 
ချစ်လွန်းလို့သာ ဟစ်​​ခေါ်ချင်​သည် 
အို…ငါ့ အာရ်ကာန်ရွှေ​မြေကြီး.....။
RB News
18.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ အောက်ကမ်းပိုင်းကြီးရွာသို့ ဗျူဟာမှူးရွာ အခြေစိုက် တပ်မတော် တပ်ရင်းမှ စစ်သား (၁၀) ဦး ရောက်ရှိလာပြီး လူနေအိမ်များ အတွင်းသို့ ၀င်ရောက်၍ ရိုက်နှက်ခြင်း၊ လုယက်ခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
MPT ဆင်းမ်ကဒ်သုံး မိုဘိုင်းဖုန်း အများအပြားကိုလည်း အကြောင်းမဲ့ သိမ်းဆည်းသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဆယ်အိမ်မှူး ဖြစ်သူ ဦးဟူဆောင်းအာမတ် (ဘ) ဦးနော်ဇိရ်အာမတ်တို့ ညီအစ်ကို နှစ်ဦးလည်း ရိုက်နှက်ခံရသူများတွင် အပါအ၀င် ဖြစ်ပြီး နှစ်ဦးစလုံးထံမှ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောပါသည်။ 
အလားတူ ယင်းရွာမှ ဒေါ်မာယောနာ (ဘ) ဦးမော်ဟီဘူလာ ထံမှလည်း မိုဘိုင်းဖုန်း သိမ်းယူသည့် အပြင် ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ယခုကဲ့သို့ MPT ဖုန်းများ သိမ်းဆည်းပြီး ငွေညှစ်ခြင်းမှာ အခြားရွာများနှင့် နှိုင်းယှဉ်လျှင် ယခင်က နည်းပါးခဲ့သော်လည်း ဤတစ်ကြိမ်မှာ အဆိုးဝါးဆုံး ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ရိုက်နှက် ငွေညှစ်ခံရသည့် ရွာသားများ အများအပြား ရှိနေပြီ၊ တစ်ဦးချင်း၏ အမည်စာရင်းကို ပြောရန်ပင် အလွန်ရှည်လျား လွန်းနေသည်ဟု ဆိုသည်။ 
“တပ်ရင်းမှူးကတော့ သဘောကောင်းသူ တစ်ဦးပါ။ အခုလို သူ့လက်အောက်ငယ်သားတွေ ကျူးလွန်နေတာကို အမှန်တကယ် မသိတာလား၊ ဒါမှမဟုတ် လွှတ်ထားတာလား ဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်” ဟု အဆိုပါ ဒေသခံက ဆိုသည်။ 
ယနေ့ ဇန်န၀ါရီလ (၁၈) ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် အဆိုပါ စစ်သားများသည် အလယ်သံကျော် ကမ်းခြေ၌ ဈေးကုန်တန်းရွာမှ ဦးဟာရှိမ် (ဘ) ဦးအာမီးရ်ဂုလာလ်က ၎င်း၏ စက်လှေဖြင့် ငါးဖမ်း၍ ငါးများ ယူလာနေစဉ် ငါးများကို လုယက်သည့် အပြင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
လွှတ်တော်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီဝင် တချို့ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
ထက်နိုင်ဇော်
18.1.2016
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရ ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ အစိုးရ အဖွဲ့သစ်ဟာ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရအဖွဲ့ ပုံစံမျိုး ဖွဲ့စည်းမယ် ဆိုတာကလွဲရင် သမ္မတ ဘယ်သူဖြစ်မလဲဆိုတာ အပါအ၀င် ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် ဆိုတာကို NLD က လျှို့ဝှက်ထားလို့ ဘယ်သူကမှ တိတိကျကျ မသိရှိကြသေးပါဘူး။
NLD ကလည်း အခုလို အချိန်မှာ ထိုင်ခုံ(နိုင်ငံရေးရာထူး)လိုချင်တဲ့ သူတွေများတဲ့အတွက် မလိုလားအပ်ဘဲ သဘောထား ကွဲလွဲမှုတွေ၊ စည်းလုံး ညီညွှတ်မှုတွေ ပြိုကွဲမှာ စိုးရိမ်တဲ့အတွက် သတင်းထုတ်ပြန်မှု မရှိဘဲ လျှို့ဝှက်ထားတာပါ။
ဒီလိုအချိန်မှာတောင် ၀န်ကြီးရာထူး၊ သံအမတ်ရာထူး တောင်းတဲ့သူတွေများနေလို့ ထပ်ခါတလဲလဲ တောင်းဆိုနေရင် ပါတီ စည်းကမ်း အရ အရေးယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ရပါတယ်။
အခုလည်း ဖေဖော်ဝါရီလအတွင်း လွှတ်တော်သစ် ခေါ်ယူပြီး အစိုးရသစ် ဖွဲ့စည်းဖို့ အချိန်နီးကပ်လာတာနဲ့အမျှ သမ္မတ ဘယ်သူ ဖြစ်မ လဲဆိုတာနဲ့ ပြည်ထောင်စုအဆင့် ရာထူးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ ဘယ်သူတွေ ဖြစ်မယ်ဆိုတာ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ခန့်မှန်းပြောဆိုမှုတွေ ရှိလာပါပြီ။
သမ္မတ ရာထူးအတွက် လက်ရှိ NLD နာယက သူရဦးတင်ဦး၊ NLD ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနဲ့ ဆရာ မင်းသု ၀ဏ်ရဲ့သား ဦးထင်ကျော်တို့ နာမည်ကြီးခဲ့ရာမှာ နောက်ဆုံး ဦးထင်ကျော် ဖြစ်တယ်လို့ NLD အသိုင်းအ၀ိုင်းက ပြောပြန်ပါတယ်။
နိုင်ငံရေးအရ တိုင်းရင်းသားတဦးကို ဒုတိယ သမ္မတ တနေရာ ပေးတဲ့ အစဉ်အလာ ရှိပေမယ့် အခုချိန်အထိ ဘယ်တိုင်းရင်းသားကို ရွေးချယ်ထားတယ်ဆိုတာ မသိရသေးသလို တချို့ကလည်း NLD ဦးဆောင်အစိုးရမှာ တိုင်းရင်းသား ဒုသမ္မတအတွက် နေရာမရှိတော့ဘူးလို့ ဆိုကြပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက“NLD ကို အားလုံးပါဝင်နိုင်တဲ့ အစိုးရမျိုး ဖြစ်စေချင်တယ်။ သူတို့လည်း အမျိုးသား ရင်ကြားစေ့ရေး အစိုးရလို့ အော်နေတာပဲ။ တိုင်းရင်းသားတွေ ပါမှရမှာ။ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ကိုလည်း တို့ပါတီက နေရာ ၄၀ ကျော်နိုင်ထားတာဆိုတော့ တို့ရွေးရမယ်ဆိုရင် အဆင်သင့်ပဲ။ ခက်တာက အခုချိန်အထိ NLD က ဆွေးနွေးဖို့ မကမ်းလှမ်းသေးဘူး”လို့ ဆိုပါတယ်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်နီးစပ်တဲ့ USDP က ဦးရွှေမန်းကို ဒုတိယ သမ္မတ ဖြစ်နိုင်တယ်ဆိုတာမျိုးတောင် ပြောဆို နေကြပေမယ့် အခုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ရာထူးပေးမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ရန်ကုန်တိုင်း ၀န်ကြီးချုပ်အဖြစ် လှည်းကူးမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် အဖြစ် ဗိုလ်တ ထောင်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးသက်ထွန်းဝင်းနဲ့ တိုင်းဒေသကြီး ၀န်ကြီးတွေကို NLD တိုင်းလွှတ်တော် ကိုယ်စား လှယ်တွေထဲက ညွှန်ချုပ်၊ ညွှန်ကြားရေးမှူး အငြိမ်းစားတွေနဲ့ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ NLD နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
တခြား တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကတော့ မန္တလေးတိုင်း ၀န်ကြီးချုပ်အဖြစ် ဒေါက်တာ ဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် အဖြစ် ဒေါက်တာ မြင့်နိုင်၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးညီပုတို့ကို ရွေးချယ် ထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ် အများစုဟာ လက်ရှိ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဗဟိုအလုပ် အမှုဆောင်ထဲက ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကြံ့ခိုင်ရေးပါတီကလည်း အနည်းဆုံး ၃၊ ၄ ဦးလောက် ပြန်ပါမယ်လို့ ကြားတယ်။ ဦးအောင်မင်းကိုတော့ ပြန်ခန့်ဖို့ လက်ရှိ ကာ/ချုပ် မင်း အောင်လှိုင် ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ပြန်တောင်းတယ်လို့ ကြားတယ်”လို့ NLD နဲ့ နီးစပ်သူက ဆိုပါတယ်။
ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာ အောင်သူ၊ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ တင်မျိုးဝင်း၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးအဖြစ် ဧဒင် ဦးချစ်ခိုင်၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးအဖြစ် ဒေါက်တာ ခင်မောင်ညိုနဲ့ ပြန်ကြားရေး ၀န်ကြီးအဖြစ် မုံရွာ ဦးအောင်ရှင် တို့ကို NLD အသိုင်းအ၀ိုင်းက ခန့်မှန်းထားကြပါတယ်။
ကြံ့ခိုင်ရေးပါတီဘက်ကနေ တဦးပါတယ်ဆိုပြီး အသံထွက်နေရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးတဲ့ သူရဦးအောင်ကိုက သာသနာရေးဝန်ကြီး ဖြစ်တယ်လို့ ကြားသိနေရပါတယ်။
NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက NLD က အစိုးရသစ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာရင် ဝန်ကြီးဋ္ဌာနတွေကို လျှော့ချမှာ ဖြစ်ပေမယ့် အစိုးရ ၀န်ထမ်းတွေကိုတော့ ထုတ်ပယ်တာမျိုး မလုပ်ဘဲ သက်ဆိုင်တဲ့ အရည်အချင်းအလိုက် နေရာပေးသွားဖို့ NLD က ပြောဆို ထုတ်ပြန်ထားပါတယ်။
“ချက်ချင်းကြီးတော့ ၀န်ကြီးဋ္ဌာနတွေက ဖြုတ်ပစ်လိုက်လို့ မရသေးဘူး။ ဒုဝန်ကြီး မခန့်ဘူးဆိုတာလည်း မဟုတ်ဘူး။ အနည်းဆုံး တ ယောက်တော့ ခန့်မယ်”လို့ NLD ပါတီဝင်တဦးက ဆိုပါတယ်။
NLD အစိုးရသစ်အတွက် မူဝါဒတွေကို ထင်ဟပ်နိုင်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ နိုင်ငံတော် အသုံးစရိတ် သက်သာဖို့နဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ဖို့ ၀န်ကြီးဋ္ဌာနတွေကို လျှော့ချမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ ၀န်ကြီးအများစုဟာ စစ်ဘက် အငြိမ်းစားပုဂ္ဂိုလ်တွေ ဖြစ်ပြီး အရပ်သား ၀န်ကြီးကတော့ လက်ချိုး ရေတွက်လို့ ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း ဒုတိယ သမ္မတ တဦးအပါအ၀င် နယ်စပ်ရေးရာ၊ ကာကွယ် ရေးနဲ့ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးတွေကို ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ခန့်အပ်ရမှာ ဖြစ်ပါတယ်။
MYARF
RB News
17.1.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင်ရွာမှ ဦးဆော်ယာဒ်ကာဆိမ်း (ဘ) ဦးရော်ဟိမ်းအလီ (အသက် ၅၀ နှစ်) သည် ၎င်းပိုင် နွားတစ်ကောင်ကို ကကျဖက်ကံပြင် ကျေးရွာအုပ်စု၊ တပ်ရာရွာမှ ရွာသား တစ်ဦးကို ရောင်းချခဲ့သည်။ ရောင်းချလိုက်သည့် နွားကို ၀ယ်ယူသူထံ ပို့ပေးရန် သွားရောက်နေစဉ် အလယ်ချောင်း ကျေးရွာသို့ ရောက်သည့်အခါ ဆိုင်ကယ်စီးလာသည့် ညောင်ချောင်း၊ ရခိုင်ရွာ အထက်ကျွဲကြိုမော် ကျေးရွာမှ အောင်မောင်ရွှေ (ဘ) ရွှေမောင်က ဆိုင်ကယ်ဖြင့် နွားကို တိုက်မိခဲ့သည်။ 
နွားကို တိုက်မိသဖြင့် ဆိုင်ကယ် အနည်းငယ် ပျက်စီးသွားခဲ့သည်။ သို့ဖြစ်၍ ဆိုင်ကယ်စီးသူ အောင်မောင်ရွှေက နွားကသာ ဆိုင်ကယ်ကို ၀င်တိုက်မိခဲ့သည်ဟု ဆိုကာ နွားပိုင်ရှင် ဦးဆော်ယာဒ်ကာဆိမ်းကို ကိုင်းချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်သွားကာ ဖမ်းဆီးစေခဲ့သည်။ ညနေပိုင်းတွင် ဦးဆော်ယာဒ်ကာဆိမ်းကို ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်လိုက်သည်။
ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ရောက်သည်နှင့် နယ်ခြားစောင့်ရဲ များနှင့် ဆိုင်ကယ် ပိုင်ရှင် အောင်မောင်ရွှေ တို့က ဦးဆော်ယာဒ်ကာဆိမ်း ထံမှ ဆိုင်ကယ်အတွက် လျော်ကြေး ၁၈ သိန်းနှင့် နယ်ခြားစောင့်ရဲ များအတွက် ငွေကျပ် ၂ သိန်း - စုစုပေါင်း ငွေကျပ် သိန်း ၂၀ တောင်းခံခဲ့သည်။ ဆင်းရဲသား တစ်ဦးဖြစ်သည့် ဦးဆော်ယာဒ်ကာဆိမ်းက ငွေကျပ် သိန်း ၂၀ မတတ်နိုင်သဖြင့် ယခုအချိန်ထိ ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ခံထားရသည်။ 
“နွားကို ကြိုးချည်ပြီး ပိုင်ရှင်ဖြစ်တဲ့သူက ကြိုးကို ကိုင်ပြီး လမ်းဘေးကနေ ဆွဲလာတဲ့ အချိန်မှာ အောင်မောင်ရွှေတို့ ညီအစ်ကို နှစ်ယောက်က ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းလာပြီး၊ အရှိန်မထိန်းနိုင်ဘဲ နွားကို ၀င်တိုက်မိတာပါ။ နွားဆိုတာ စက်သံကြားရင် အနားမကပ်ဘဲ အဝေးကို ပြေးသွားတတ်တဲ့ တိရစ္ဆာန်မျိုး၊ သူကပဲ နွားကို တိုက်မိပြီး နွားကသာ ဆိုင်ကယ်ကို တိုက်မိတာလို့ ယုတ္တိမရှိ ပြောပြီး နယ်ခြားစောင့်ရဲ တွေနဲ့ ဖမ်းခိုင်းတယ်။ ရခိုင်လူမျိုးနဲ့ ရခိုင့်တပ်မတော် AA အဖွဲ့ဝင် အများအပြား ပါဝင်တဲ့ နယ်ခြားစောင့်ရဲ တွေကလည်း အပြစ်ရှိမရှိ မစီစစ်ဘဲ လူမျိုးဘာသာကိုသာ ကြည့်ပြီးတော့ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ရိုဟင်ဂျာဆိုရင် မတရားသဖြင့် ဖမ်းဆီး နှိပ်စက် ငွေညှစ်၊ မတရား စွပ်စွဲ ထောင်ချတာတွေပဲ လုပ်နေကြတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
17.1.2016
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးနှင့် အခြားသော ဌာနဆိုင်ရာ ၀န်ထမ်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့သည် ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် ရသေ့တောင် မြို့နယ် အနောက်ပြင်ရွာသို့ သွားရောက်၍ ရွာသားများကို ခေါ်ယူ၍ လူငါးဦး ပါဝင်သော ကျေးရွာ ရပ်မိရပ်ဖ အဖွဲ့ကို အများ သဘောနှင့် ရွေးချယ်ခဲ့သည်။ ဦးအဒူကော်ရိမ်၊ ဦးမောင်ဘလုံး၊ ဦးအဒူလာရှိမ်၊ ဦးနူရူဆော်လာမ်နှင့် ဦးဘတင်သို့ ရွေးချယ်ခံရသည်။ 
အဆိုပါ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဖွဲ့စည်းပေးထားသော အဖွဲ့သည် ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် အနောက်ပြင် ကျေးရွာသို့ တစ်ဖန် ရောက်ရှိလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခဲ့သည်။ အနောက်ပြင် ကျေးရွာတွင် အိမ်ထောင်စု ၄၉၀ ရှိသည်။ ဆယ်အိမ်စုမှူး ၄၉ ဦး ရွေးချယ်ခဲ့သည်။ 
ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူး အတွက် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမောင်မောင် (ခ) အဒူလာကိမ် (ဘ) ဦးအဒူလ်ဟာရှိမ်နှင့် ဦးရှကူရ် (ဘ) ဦးနူရ်အာမတ်တို့ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ဆယ်အိမ်စုမှူး ၄၉ ဦးက မဲပေး ရွေးချယ်ရာတွင် ဦးရှကူရ်က ၂၆ မဲ၊ ဦးမောင်မောင်က ၂၀ မဲ၊ ပယ်မဲ ၃ မဲ ဖြင့် ဦးရှကူရ် အနိုင်ရရှိခဲ့သည်။ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အဖွဲ့နှင့် ရပ်မိရပ်ဖ ၅ ဦး တို့က မဲများကို လူထု ရှေ့မှောက်တွင် ရေတွက်ပြီး ဦးရှကူရ် အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ရွာသားများကလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို တရားမျှတစွာ ပြုလုပ်ခဲ့သောကြောင့် ရလာဒ်ကို သဘောတူ လက်ခံကြောင်း ပြောကြားခဲ့သည်။ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကလည်း ရလာဒ်ကို လက်ခံကြောင်း ပြောကြားခဲ့သည်။
Rohingya Eye
RB News
17.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ရဲမှူးငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့်ရဲ (၆) ဦးတို့သည် ဇန်န၀ါရီလ (၁၅) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ အလယ်ရွာသို့ သွားရောက်၍ ဆိုင် (၃) ဆိုင်ကို ၀င်ရောက် စစ်ဆေးရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း၊ ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် အဆိုပါရွာရှိ အိမ်တစ်အိမ်ကို ၀င်ရောက် စစ်ဆေးပြီး၊ တရားမ၀င် ပစ္စည်းမရသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု ဆိုကာ အမျိုးသမီး တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်၍၊ ပထမ (၃) ဦးနှင့် အတူ ဂေါ်ဒူသာရ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 
ဖမ်းဆီးခံရသည့် အပြစ်မဲ့များ၏ မိဘများက ကင်းစခန်းသို့ သွားရောက်၍ မေးမြန်းရာ ရဲမှူးက ၎င်းတို့ကို တရားရုံးတင် ပေးမည်ဟု ပြောဆို ခြိမ်းခြောက်၍ အိမ်ပြန်ခိုင်းခဲ့သည်။ 
ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၄) ဦးမှာ --
(၁) နူရ်ဟူဒါး (ဘ) ဦးအဒူဆော်တာရ် (အသက် ၁၇ နှစ်)
(၂) မိုဟာမတ်တာဟဲရ် (ဘ) မော်လ၀ီအီဆုပ် (အသက် ၁၈ နှစ်)
(၃) နူရ်ကာမာလ် (ဘ) ဦးအဘူဆီဒိတ် (အသက် ၂၁ နှစ်)
(၄) မဆာဘေကုရ်နာရ် (ဘ) ဦးလာလာယာ (အသက် ၂၀ နှစ်) -- တို့ဖြစ်သည်။ 
တစ်ဖန် ညနေ ၅း၃၀ နာရီ အချိန်တွင် ရဲမှူးနှင့် အဖွဲ့သည် ဇော်မတက်ဈေးသို့ သွားရောက်၍ လဘက်ရည်ဆိုင် တစ်ဆိုင်တွင် ခဏတာထိုင်ပြီးနောက် ဇော်မတက် အရှေ့ရွာသို့ ၀င်ရောက်၍ စကားပြောနေသော လူငယ်နှစ်ဦးကို ခန္ဓာကိုယ် အနှံ့ ရှာဖွေပြီး MPT ဆင်းမ်ကဒ်သုံး ဖုန်းတွေ့ရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု စွပ်စွဲကာ ဖမ်းဆီး၍ ဂေါ်ဒူသာရ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 
ဖမ်းဆီးခံရသည့် အပြစ်မဲ့ လူငယ် နှစ်ဦးမှာ --
(၁) မိုဟာမတ်ရော်ဖိခ် (ဘ) ဦးမိုဟာမတ်ရှော်ဖီ (အသက် ၂၀ နှစ်)
(၂) ဖေရာန် (ဘ) ဦးအဗ်ဒူလ္လာ (အသက် ၁၉ နှစ်) -- တို့ဖြစ်သည်။
RB News
16.1.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၄) ရပ်ကွက်မှ ရဲတပည့်ကြီး ဖြစ်သူ ပီးချေ (ခ) ဦးအဒူဆော်လာမ်သည် မည်သည့် စီးပွားရေး လုပ်ငန်း တစ်ခုမှ မလုပ်ဘဲ ရဲတပည့် လုပ်ငန်းဖြင့် ဆင်းရဲ ချမ်းသာ မရွေး လူတို့၏ သွေးချွေးများ စုပ်စားလျက် အလွန်ချမ်းသာ လာခဲ့သည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် သားတစ်ဦး အရွယ်ရောက်လာပြီးနောက် ဈေးထဲတွင် ဆောက်လုပ်ရေး ပစ္စည်း ဆိုင်တစ်ဆိုင် ဖွင့်ပေးခဲ့သည်။ ရဲတပည့် တစ်ဦး ဖြစ်သောကြောင့် ၎င်း၏ ဆိုင်သို့ လူအများ သွားရောက်၍ ၀ယ်ယူရန် ရှောင်ကျဉ်ကြသည်။ ဆိုင်တွင် အရောင်းအ၀ယ် ထိုင်းသဖြင့် ရဲအုပ်မြတ်ထွေးနှင့် ပူးပေါင်း၍ အခြားသော ဆောက်လုပ်ရေး ပစ္စည်း ရောင်းသည့် ဆိုင်ရှင်များကို နည်းမျိုးဖြင့် ဒုက္ခပေးခဲ့သည်။ 
နောက်ဆုံးတွင် အဆိုပါ ဆောက်လုပ် ပစ္စည်းဆိုင်ကို ဒန်ပစ္စည်းဆိုင် အဖြစ် ပြောင်းလဲခဲ့သည်။ 
“ဆောက်လုပ်ရေး ပစ္စည်း ရောင်းတဲ့လူတွေလည်း အန္တရာယ်က လွတ်ကင်းသွားပြီး ကျွန်တော်တို့ ဒန်အိုးဆိုင်သည် တွေဆီကို အန္တရာယ် ရောက်လာတော့တာပေါ့ဗျာ” ဟု ဒန်အိုးဆိုင် ပိုင်ရှင်တစ်ဦးက RB News သို့ပြောပါသည်။
“သူ့ရဲ့ ဆိုင်ကို ၀ယ်သူတွေ မသွားရဲကြဘူး။ လူတွေက သူ့ကို တကယ်ကိုမုန်းတယ်။ ပြီးတော့ သူ့ရဲ့ ဆိုင်က ဒန်ဆိုင်တန်းမှာ မကျတာက တစ်ကြောင်း၊ ရဲတပည့်တစ်ယောက်ရဲ့ ဆိုင်ဖြစ်တာက တစ်ကြောင်း၊ အဲဒါတွေကြောင့် သူ့ရဲ့ ဆိုင်မှာ ဘယ်သူမှ ဈေးမ၀ယ်ကြဘူး။ ပီးချေကတော့ အခြားဒန်ဆိုင်တွေကို သွားပြီး သူ့သားကို အကြံကောင်းတွေ ပေးဖို့ တိုက်တွန်းတယ်” ဟု ၎င်းကဆိုသည်။ 
“နောက်ဆုံးမှာ ဆောက်လုပ်ရေး ပစ္စည်း ဆိုင်ရှင်တွေကို လုပ်သလို ဒန်ဆိုင်ပိုင်ရှင် တွေကိုလည်း ဒုက္ခပေးလာတယ်။ တစ်ယောက်ပြီး တစ်ယောက်ကို အမှုတစ်ခုစီ တပ်ပြီး ရဲအုပ်မြတ်ထွေးကို အကြောင်းကြားတယ်။ ရဲအုပ်မြတ်ထွေးက ရဲတပ်သားသန်းမြင့်ကို လွှတ်ပြီး ခေါ်ခိုင်းတယ်။ ရဲတပ်သားသန်းမြင့်က မိတ်ဆွေကို ဗိုလ်ကြီးက စခန်းကို လာဖို့ ခေါ်နေတယ်။ ဘယ်ဗိုလ်ကြီးလဲလို့ မေးရင် ဆရာမြတ်ထွေးလို့ ဖြေတယ်။ ဘာကိစ္စလဲ မေးရင် ကိုယ့်လူရင်းမို့ လာခေါ်တာ၊ မလာရင် လက်ထိပ်ခတ်ခေါ်သွားမှာ ဆိုတော့ လိုက်သွားရတယ်။ စခန်းရောက်တာနဲ့ အမှုစစ်ရမယ် ဘာညာပြောတယ်။ တချို့လည်း ရဲကခေါ်တာကို လန့်လို့ လူကိုယ်တိုင် လိုက်မသွားဘဲ ပီးချေကို သွားတွေ့တယ်။ အဲဒီလိုနဲ့ အခု တစ်လခွဲ အတွင်းမှာ ငွေသိန်းချီ ညှစ်ခံလိုက်ရတယ်” ဟု ဆက်လက် ပြောပါသည်။ 
အမှုဆင်ခံရပြီး ငွေညှစ်ခံရသူများမှာ -- 
(၁) ဦးဂူရာမျာ (ဘ) ဦးရှော်ဖီ (အမှတ် (၂) ရပ်ကွက်မှ - WY အမှု) ညှစ်ခံရသည့် ငွေကျပ် ၁၃ သိန်း
(၂) ဦးနာဆိရ် (လူကုန်ကူးမှု) ညှစ်ခံရသည့် ငွေကျပ် ၂၀ သိန်း
(၃) မော်လ၀ီ ဦးအာမိရ်ဟမ်ဇား (ဘင်္ဂလားသို့ တရားမ၀င် သွားမှု) ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၄) ဦးအာယာတုလ္လာ (WY အမှု) ညှစ်ခံရသည့် ငွေကျပ် ၂၀ သိန်း
(၅) ဦးကော်မာလ်ဟူစိန်း (လူကုန်ကူးမှု) ညှစ်ခံရသည့် ငွေကျပ် ၇ သိန်း
(၆) ဦးဟာဖီးဇ် အလီမာမတ် (ငွေလဲလည်မှု) ညှစ်ခံရသည့် ငွေကျပ် ၁၀ သိန်း -- တို့ဖြစ်သည်။ 
“ဦးဂူရာမျာကို ပီးချေက လဘက်ရည် သောက်ဖို့ လဘက်ရည်ဆိုင်ကို ခေါ်သွားတယ်။ ပြီးတော့ မင်းကို မြတ်ထွေးက ခေါ်ထားတယ် ဆိုတာ ဟုတ်လားလို့ မေးတယ်၊ ဦးဂူရာမျာက ဟုတ်တယ်၊ ဒါပေမယ့် မောင်တော သွားစရာ ရှိလို့ မနက်ဖြန်မှ သွားတွေ့မယ် ပြောတာနဲ့ ပီးချေက ခါးကြားက ဖုန်းထုတ်ပြီး မပူနဲ့ ငါရှင်းပေးမယ်လို့ ပြောပြီး ရဲကို ဖုန်းဆက် ခေါ်တယ်။ ချက်ချင်း ရဲ ၆ ယောက် ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီး ဦးဂူရာမျာကို လက်ထိပ်ခတ်ပြီး ဓါးပြ တစ်ယောက်ကို ဖမ်းသလို ဖမ်းသွားတယ်။ စခန်းမှာ တစ်ညချုပ်ထားပြီး နောက်နေ့ ငွေ ၁၃ သိန်း ညှစ်ပြီးမှ ပြန်လွှတ်လိုက်တယ်” ဟု အဆိုပါ ဒန်ဆိုင်ပိုင်ရှင်က ပြောပါသည်။ 
“ကျွန်တော်တို့ ပေးလိုက်ရတဲ့ ငွေတွေကို တစ်နှစ်အတွင်း ပြန်ရှာဖို့တောင် မလွယ်ဘူး၊ အခု ဆုံးရှုံးသွားတဲ့ ငွေတွေကြောင့် အိမ်မှာ စားဝတ်နေရေးတောင် ထိခိုက်လာတယ်” ဟု ဆက်လက် ပြောပါသည်။
RB News
16.1.2016
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ဆင်ခုန်းတိုင် ကျေးရွာအုပ်စု၊ လွန်းတောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦး ဖြစ်သူ ဦးမောင်သိန်းကျော် (ခ) ဦးအာဘူလ်ကာလာမ် (အသက် ၄၈ နှစ်) သည် ရောဂါဝေဒနာ ခံစားနေရ၍ ဘူးသီးတောင် မြို့နယ်ရှိ ပြည်သူ့ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူရန် သွားလိုသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်ဝင်းအား မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ ယာယီ ခရီးသွားခွင့် လက်မှတ် ထုတ်ပေးရန် ဓါတ်ပုံ နှစ်ပုံပေး၍ အကူအညီ တောင်းခံခဲ့သည်။ 
ဦးမောင်ညွန့်ဝင်းက မြို့နယ် လ.၀.က ဦးစီးမှူး ဦးဆန်းလှိုင်ထံတွင် ဦးမောင်သိန်းကျော် အတွက် ယာယီ ခရီးသွားခွင့် လက်မှတ် အတွက် လျှောက်ထားရာ လုံးဝ ထုတ်မပေးနိုင်ဟု ဆို၍ ထုတ်မပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထုတ်မပေးနိုင်သည့် အကြောင်းရင်းကို အုပ်ချုပ်ရေးမှူးက မေးမြန်းရာ လ.၀.က ဦးစီးမှူးက ဦးမောင်သိန်းကျော်သည် ကျေးရွာတွင် ရပ်မိရပ်ဖ တစ်ဦး ဖြစ်ပြီး ၎င်းကိုယ်တိုင် ရိုဟင်ဂျာ ခံယူပြီး ဘင်္ဂလီ အမည် မခံယူသောကြောင့် ဖြစ်သည်ဟု ဖြေဆိုခဲ့ကြောင်း သိရှိရသည်။ 
မောင်တော ခရိုင်တွင် ဆေးဝါး ကုသမှု ခံယူနိုင်ရန် အတွက် ခရီးသွားခွင့် လက်မှတ်များ လျှောက်ထားသော်လည်း ငွေကြေး မြောက်မြားစွာ တတ်နိုင်မှသာ ခရီးသွားခွင့် လက်မှတ်ရလေ့ ရှိပြီး၊ ငွေကြေး မတတ်နိုင်သူများ၊ အာဏာပိုင်များ မကြည်ဖြူသူများမှာ မလိုအပ်ဘဲ အသက်ဆုံးရှုံးရသည့် ဘ၀သို့ ရောက်ရှိနေရသည်။ ယခုလည်း ရသေ့တောင် မြို့နယ်တွင် ကျန်သည့် ကျန်သည့် ရိုဟင်ဂျာများကိုလည်း ဦးမောင်သိန်းကျော်အား ခရီးသွားခွင့် လက်မှတ် မထုတ်ပေးသကဲ့သို့ ပြုမှုမည်ကို စိုးရိမ်လျက် ရှိနေကြသည်။
MYARF
RB News
16.1.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း အခြေစိုက် စ.ရ.ဖ ရုံး ဟောင်းနွမ်း ပျက်စီးနေသောကြောင့် စ.ရ.ဖ ရုံး ပြုပြင်ရန် အတွက်ဟု ဆိုကာ အနီးအနား ကျေးရွာများရှိ ရိုဟင်ဂျာများ စုဆောင်း ထားသော သစ်များကို တရားမ၀င် ခုတ်ဖြတ်၍ စုဆောင်း ထားသည်ဟု စွပ်စွဲကာ သိမ်းဆည်းခဲ့သည်။ 
ရိုဟင်ဂျာများထံမှ သိမ်းဆည်း ထားသော သစ်များဖြင့် ရုံးပြုပြင်ရန် အတွက် ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (ဘ) မှ လက်သမား ဦးတာဟဲရ်ကို ခေါ်လာပြီး ရုံးတစ်ရုံးလုံး ပြုပြင်ပေးရန် လုပ်ခငွေ ကျပ် နှစ်သိန်းငါးသောင်းဖြင့် ဈေးဖြတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အလယ်ခန့်မှစ၍ လက်သမား ဦးတာဟဲရ်သည် ၎င်း၏ တပည့် တစ်ဦးနှင့် အတူ ယခုလ ၅ ရက်နေ့ ရက်ပေါင်း ၂၀ အလုပ်လုပ်၍ စ.ရ.ဖ ရုံးကို ပြုပြင်ပေးခဲ့သည်။ 
ရုံးပြုပြင်ပြီးသည့် အခါ စ.ရ.ဖ က နိုင်ငံတော်မှ ငွေမရသေးကြောင်း၊ ငွေရမှ မင်းကို ခေါ်ပေးမယ် ဟုဆိုကာ လက်သမားအား လုပ်ခ ငွေကျပ် နှစ်သိန်းငါးသောင်း မပေးဘဲ ပြန်ခိုင်းခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 
“လက်သမားကို လုပ်ခပေးဖို့ နိုင်ငံတော်က ငွေရဖို့ တကယ်လိုလို့လား၊ ဘာပဲလုပ်လုပ် နိုင်ငံတော်က ငွေအရင်ချ ပေးတာပဲ ကျွန်တော်တို့သိတယ်။ ရုံးပြင်တာကနေ ထွက်လာတဲ့ သစ်အဟာင်းတွေကို ငွေ နှစ်သိန်းခွဲနဲ့ ရောင်းလိုက်တယ်။ နိုင်ငံတော်က ငွေမရသေးဘူး ဆိုရင် အဲဒီငွေနဲ့တောင် လုပ်ခရှင်းပေးလို့ ရတာပဲ။ အခုအဲဒီငွေတွေကိုလည်း စ.ရ.ဖ က စားလိုက်တာ အသေအချာပဲ။ ရက်ပေါင်း ၂၀ တိတိ အလုပ်လုပ်ခဲ့တဲ့ ဆင်းရဲသား လက်သမားကတော့ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 
ဇန်န၀ါရီလ (၁၀) ရက်နေ့ညတွင် ဘူးသီးတောင် မြို့နယ်၊ သင်္ဘောဆိပ်မှ ဦးအ၀ိုင်းချေ (ရခိုင်လူမျိုး) က ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ထံမှ ခွင့်ပြုချက် ရယူပြီး ဂူတာပြင် ကျေးရွာ အားကစားကွင်း၌ ဂင်ပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ညောင်ချောင်းမှ စ.ရ.ဖ က ယင်းဂင်ပွဲသို့ သွား၍ ဦးအ၀ိုင်းချေနှင့် ဖဲကစားခဲ့ရာ ငွေကျပ် ၁၃ သိန်း ရှုံးခဲ့သည်။ ငွေ ၁၃ သိန်း ရှုံးပြီးနောက် အာဏာပြ၍ ဦးအ၀ိုင်းချေထံမှ ပြန်တောင်းခံခဲ့သည်။ သို့သော်လည်း ငွေပြန်မရသဖြင့် နှစ်ဦး အပြန်အလှန် စကားများကာ စ.ရ.ဖ က သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဦးအ၀ိုင်းချေ ကလည်း တုတ်တစ်ချောင်း ကိုင်ပြီး ငါလည်း တိုင်းရင်းသား ငါလည်း ပြန်သတ်မည်ဟု ဆို၍ ရှေ့သို့ တိုးလာသဖြင့် စ.ရ.ဖ က နောက်ဆုတ် ပေးခဲ့ရသည်။ ပွဲကြည့် ပရိသတ်များ အလယ်တွင် ၎င်း၏ မိုက်မဲမှုကြောင့် အရှက်ကွဲခဲ့ရသည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။
MYARF
RB News
15.1.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင် ကျေးရွာရှိ တံတားတစ်စင်း ပျက်စီး နေသောကြောင့် ရွာသားများက နိုင်ငံတော်မှ ပြန်လည် ဆောက်လုပ် ပေးပါရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံ ရေးသား တင်ပြခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူးက စီစစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ လဆန်းပိုင်းတွင် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်း (ဒိုင်းနက်လူမျိုး) အားခေါ်ယူပြီး တံတား ဆောက်လုပ်ရန် ငွေကျပ် သိန်း ၂၀ ထုတ်ပေးခဲ့သည်။ ငွေပေးနေစဉ် မြို့နယ် အုပ်ချုပ်ရေးမှူးက တံတားကို သစ်မာဖြင့် အခိုင်အမာ ဆောက်လုပ်ရန် မှာကြားခဲ့သည်။ 
မြို့နယ် အုပ်ချုပ်ရေးမှူးက မှာကြားထားသော်လည်း ဦးမောင်သိန်းက ငွေကျပ် သိန်း (၂၀) မှ ငွေကျပ် (၅) သိန်းသာ အကုန်အကျခံပြီး အညံ့စား သစ်ဖြူများဖြင့် တံတားကို ဆောက်လုပ်ခဲ့သည်။ ထို့အပြင် တံတား ဆောက်လုပ်ရန် လက်သမားများကို လုပ်အားခ ပေး၍ မငှားဘဲ အတင်းအဓမ္မ လုပ်အားပေး ခိုင်းခဲ့သည်။ 
မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ရရှိသည့် ငွေကျပ် သိန်း (၂၀) မှ (၅) သိန်းဖြင့် တံတား ဆောက်လုပ်၍ ကျန်သည့် (၁၅) သိန်းကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
“တံတားက ဒီဇင်ဘာလ (၅) ရက်နေ့မှာ ဆောက်လို့ ပြီးသွားခဲ့တယ်။ အညံ့စား သစ်ဖြူတွေနဲ့ ဆောက်ထားတော့ အဲဒီ တံတားက နှစ်နှစ်တောင် ခံမှာမဟုတ်ဘူး” ဟု အတွေ့အကြုံ ရင့်ကျက်သည့် လက်သမားကြီး တစ်ဦးက ပြောသည်။ 
၂၀၁၅ ဒီဇင်ဘာလတွင် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်း၊ ဆေးသမားရွာမှ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သတင်းပေး ဦးရော်ရှိတ်အာမတ် (ဘ) ဦးမောင်တူလ်ဟူစိန်း တို့ပူးပေါင်း၍ ဆေးသမားရွာမှ ဒေါ်နူရ်နာဟာရ်ဘေဂမ်၏ မြေ ၀.၂၀ ဧကကို အာဏာပြ၍ သိမ်းယူပြီး ထိုမြေနေရာတွင် ဆန်စက် ဖွင့်လှစ်ထားသည်။ အဆိုပါ ဆန်စက် နေရာသည် ရွာအလယ်တွင် တည်ရှိပြီး၊ ဆန်စက်ကို နေ့ညမပြတ် ဖွင့်၍ စပါးများ ကြိတ်နေသည့် စက်သံကြောင့် ကျောင်းသားများနှင့် ကလေးငယ်များ အတွက် အနှောက်အယှက် ဖြစ်စေသည့် အပြင်၊ စက်၏ မီးခိုး၊ ဖုန်၊ စပါးခွံများ ဖြန့်ထွက်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့် ရွာသားများ စိုးရိမ်လျက် ရှိနေကြသည်။
MYARF
RB News
15.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာအုပ်စု၊ ကျေးရွာ တာဝန်ခံ ဦးဆီရာဇူလ် အစ္စလာမ် (ဘ) ဦးအလီအာမတ်နှင့် ပသံဒါရွာမှ ဆယ်အိမ်မှူး ဦးအာဘူကော်ဆီဒိတ် (ဘ) ဦးဟူစိန်းအာမတ် တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ပသံဒါရွာမှ မုဆိုးမ တစ်ဦးဖြစ်သူ ဒေါ်ရှောမ်ရှိဒါ ဘေဂမ် (အသက် ၄၃ နှစ်) ကို ကျေးရွာ တာဝန်ခံ အိမ်သို့ ဆင့်ခေါ်၍ သားဖြစ်သူ ဆော်ဒီအာရေဗျား နိုင်ငံမှ ငွေပို့ပေး နေသောကြောင့် ကျေးရွာ တာဝန်ခံကို ငွေကျပ် ၅ သိန်း ပေးရမည်၊ ငွေမပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ တိုင်တန်းမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မုဆိုးမ ဖြစ်သူ ဒေါ်ရှော်မ်ရှီဒါဘေဂမ်က ၎င်းသည် မုဆိုးမ တစ်ဦးဖြစ်၍ ကျေးရွာ တာဝန်ခံနှင့် ရင်ဆိုင်ရန်လည်း မတတ်နိုင်၊ အကယ်၍ ငွေမပေးပါက နယ်ခြားစောင့်ရဲများ ခေါ်လာပြီး ညှဉ်းပန်း နှိပ်စက်မည်ကို စိုးရိမ်သောကြောင့် ငွေကျပ် ၅ သိန်းကို မပေးချင်ဘဲ ပေးလိုက်ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 
အဆိုပါ ကျေးရွာတာဝန်ခံသည် အခြားသော ရွာသားများကိုလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လေ့ရှိသည်ဟု ဆိုသည်။ အထူးသဖြင့် အားကိုးရာမဲ့နေသည့် မုဆိုးမများကို ပစ်မှတ်ထား ငွေညှစ်လေ့ရှိကြောင်း သိရသည်။
MYARF
RB News
15.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း ကျေးရွာ (ဟောလ္လာဘင်္ဂါ) ဈေး အရှေ့ဘက်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးသည် လက်နက်အပြည့်ဖြင့် ဇန်န၀ါရီလ (၁၀) ရက်နေ့ ည ၇း၄၅ နာရီ အချိန်တွင် ယင်းကျေးရွာ ဦးအလီအာမတ်၏ နေအိမ်ကို ၀န်းရံပြီးနောက် နယ်ခြားစောင့်ရဲ နှစ်ဦး အိမ်ထဲသို့ ၀င်ရောက်၍ ဦးအလီအာမတ်၏ သမီးပျိုနှင့် ချွေးမတို့၏ ခန္ဓာကိုယ် အနှံ့ကို ကိုင်တွယ် စစ်ဆေးခဲ့သည်။ ထို့နောက် ဘင်္ဂလားဖုန်း ရှာဖွေသည်ဟု ဆိုကာ အိမ်တွင် ခင်းထားသည့် ပျဉ်ပြားများကို ခွာချခဲ့သည်။ ရှာဖွေပြီးနောက် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ထိုသို့ ရှာဖွေစဉ် ဦးအလီအာမတ်သည် နေအိမ်တွင် မရှိသည့်အပြင် နယ်ခြားစောင့်ရဲ များနှင့် အတူ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးတစ်ယောက်မှလည်း မရှိခဲ့ကြောင်း သိရသည်။ 
ဇန်န၀ါရီလ (၈) ရက်နေ့ ည ၆ နာရီခန့် အချိန်တွင်လည်း ယင်းကျေးရွာမှ မော်လ၀ီ မာမတ်ဟူစိန်း၏ ဇနီး (အသက် ၄၀ နှစ်ခန့်ရှိ) သည် ကင်းစခန်းရှေ့မှ လမ်းလျှောက် သွားနေစဉ် WY သယ်ဆောင်သော အမျိုးသမီးဟု ဆိုကာ နယ်ခြားစောင့်ရဲများ နောက်မှ လိုက်လာပြီး အိမ်သို့ သူမ၏ အိမ်သို့ ၀င်ရောက်၍ ခန္ဓာကိုယ် အနှံ့ကို ကိုင်တွယ်၍ စစ်ဆေးခဲ့သည်။ သူမ၏ သားဖြစ်သူ မောင်ယာယာဟ်ဟူစိန်း (အသက် ၁၆ နှစ်) က မြင်တွေ့သည့် အခါ အဘယ်ကြောင့် အမျိုးသမီး တစ်ဦးကို ထိုကဲ့သို့ မဖွယ်မရာ ပြုလုပ်နေရသနည်းဟု မေးမြန်းရာ နယ်ခြားစောင့်ရဲများက အဆိုပါ ကလေးကို ခြေထောက်ဖြင့်ကန် လက်သီးဖြင့်ထိုးနှက် ကန်ကျောက်ပြီး လက်ထပ်ခတ်၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 
စခန်းသို့ရောက်သည့်အခါ နယ်ခြားစောင့်ရဲ များကို ဆဲဆိုသည်ဟု စွပ်စွဲ၍ ဆက်လက် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ ၎င်းတို့ မိသားစုသည် ဆင်းရဲ၍ ငွေမရှိသဖြင့် မိခင်၏ ရွှေနားကွင်းကို ရွာသား တစ်ဦးထံ ပေါင်နှံ၍ နယ်ခြားစောင့်ရဲ များကို ငွေကျပ် တစ်သိန်း ခုနှစ်သောင်း ပေးခဲ့ရသည်။ နယ်ခြားစောင့်ရဲ များက ငွေကျပ် တစ်သိန်း ခုနှစ်သောင်းနှင့် မလွှတ်ဘဲ နှစ်သိန်းတောင်းခံ သဖြင့် ကျန်ငွေ သုံးသောင်းကို နှစ်ရက်အတွင်း လာပေးမည်ဟု ကတိပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
ဇန်န၀ါရီလ (၅) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် အဆိုပါ စခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦးသည် သီဟိုဠ်ကျွန်း တောင်ရွာသို့ သွားရောက်၍ ဦးမာမတ်အာလောမ် (ဘ) ဦးနိုရို၏ အိမ်သို့ တိတ်တဆိတ် ၀င်ရောက်၍ ဆေးခြောက် နှစ်ထုတ် ထည့်သွင်းခဲ့သည်။ ထို့နောက် အိမ်ရှင်ဖြစ်သူအား ခေါ်ပြီး အိမ်စစ်ဆေးမည်ဟု ပြောကာ စစ်ဆေး၍ ၎င်းတို့ ထည့်သွင်းထားသည့် ဆေးခြောက် နှစ်ထုတ်ကို ရှာထုတ်ကာ ဆေးခြောက်မိသည်ဟု လုပ်ကြံ၍ ဦးမာမတ်အာလောမ်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ စခန်းသို့ ရောက်သည့်အခါ ဆေးခြောက် ရောင်းချသူဟု ဆိုကာ ရိုက်နှက် ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ခုနှစ်ထောင် ညှစ်ယူခဲ့သည်။ 
ဦးမာမတ်အာလောမ်သည် နေ့စား အလုပ်သမား တစ်ဦး ဖြစ်ပြီး၊ နယ်ခြားစောင့်ရဲ များအား ပေးရန် ငွေကျပ် တစ်သိန်း ခုနှစ်ထောင် မတတ်နိုင်၍ ၎င်း၏ အိမ်ကို ပေါင်နှံ၍ ပေးခဲ့ရသည်။ သတ်မှတ်ရက် အတွင်း ငွေမပေးနိုင်ပါက အိမ်ဆုံးရှုံးမည် ဖြစ်ပြီး၊ နေ့စား အလုပ်သမား တစ်ဦး အနေဖြင့် ငွေကျပ် တစ်သိန်းကျော် စုဆောင်းရန် မလွယ်ကူဟု ရွာသားများက ပြောပါသည်။ ငွေပြန်မဆပ်နိုင်ပါက အိမ်ရာမဲ့ ဘ၀သို့ ရောက်မည့်အရေးကို ဦးမာမတ်အာလောမ်က တွေးပူလျက် ရှိသည်ဟု ဆိုသည်။ 
နယ်ခြားစောင့်ရဲ များက အမျိုးသမီးအား မဖွယ်မရာ ပြုလုပ်၍ စစ်ဆေးနေသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဟန့်တားပေးရန် ရွာသားများက အထူးလိုလား နေကြသည်။
Rohingya Eye
RB News
15.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာသို့ ဇန်န၀ါရီလ (၇) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက် တင်မြှောက်ရန် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ အဆိုပါ ကျေးရွာတွင် ရာအိမ်မှူးဟောင်း ဦးအာဘူဘော်ကော်ဆီဒိတ် (ဘ) မော်လ၀ီ ဟူဆောင်း (အသက် ၃၅ နှစ်) သည် အုပ်ချုပ်ရေးမှူး အဖြစ် အရွေးခံရန် အတွက် ၎င်းဘက်မှ ရပ်တည်မည့် ရပ်မိရပ်ဖများကို ရွေးချယ်ပေးရန် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ကို ငွေကျပ် သိန်း (၅၀) ပေးခဲ့သည်။ ထို့ကြောင့် ကျေးရွာသားများ၏ ဆန္ဒကို မတောင်းခံဘဲ၊ ဦးအာဘူဘော်ကော်ဆီဒိတ်၏ အလိုကျ ရပ်မိရပ်ဖ ရွေးချယ်ခဲ့ပြီး၊ ၎င်းအား ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ဦးအာဘူဘော်ကော်ဆီဒိတ်သည် ၎င်းနှင့် အပြိုင် အရွေးခံမည့်သူ များကို မဟုတ်မမှန်သည့် အမှုများဖြင့် BD ပြေး ဖြစ်သွားအောင်၊ မြို့နယ် အုပ်ချုပ်ရေး အပါအ၀င် ဌာနပေါင်းစုံတွင် တိုင်ကြားမည်ဟု ခြိမ်းခြောက်သောကြောင့် အရွေးချယ်ခံချင်သူသည် ၀င်မပြိုင်တော့ဘဲ တိမ်းရှောင်နေခဲ့ရသည်။ 
ဝင်မပြိုင်ရန် အတွက် မဟုတ်မမှန် အမှုများဖြင့် ခြိမ်းခြောက်ခံရသူ များမှာ --
(၁) ဦးမိုဟာမတ်အီနုစ် (ဘ) ဦးဆော်လိမ်အုလ္လာ (အသက် ၃၂ နှစ်)
(၂) ဦးအေနာတူလ္လာ (ဘ) ဦးကေဖာတူလ္လာ (အသက် ၂၉ နှစ်)
(၃) ဦးဆော်လိမ်အုလ္လာ (ဘ) မော်လ၀ီအစ္စလာမ် (အသက် ၂၈ နှစ်)
(၄) ဆရာ မိုဟာမတ်အီနုစ် (ဘ) ဦးမိုဟာမတ်ဆုလ်တာန် (အသက် ၂၅ နှစ်)
(၅) ဦးမိုဟာမတ်အုစ်မာန် (ဘ) မော်လ၀ီ မိုဟာမတ်အလီ (အသက် ၃၃ နှစ်)
(၆) ဦးရှော်ဖီအုလ္လာ (ဘ) ဦးမိုဟာမတ်ဆုလ်တာန် (အသက် ၃၅ နှစ်) တို့ဖြစ်ကြသည်။ 
ဦးအာဘူဘော်ကော်ဆီဒိတ်သည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်လာလျှင် ရွာအတွင်း မတည်မငြိမ် ဖြစ်ပြီး၊ မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာမည်ကို ရွာသားများက အလွန်စိုးရိမ်လျက် ရှိကြသည်။
MYARF
RB News
15.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် တိုက်ခတ်ခဲ့သော ကိုမန် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဗလီများ စသည်ဖြင့် အများအပြား ပျက်စီးသွားခဲ့သည့် အပြင် စိုက်ခင်းများလည်း အများအပြား ပျက်စီးခဲ့သည်။ 
ထိုသို့ ပျက်စီးသွားခဲ့ရာတွင် မောင်တော မြို့နယ် တောင်ပိုင်း၊ ပညောင်ပင်ကြီး ကျေးရွာ အနောက်ဘက်ရှိ ဗလီ တစ်လုံးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ဗလီကို ရွာသားများက ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပြုပြင်ခဲ့သည်။ ကျေးရွာ တာဝန်ခံ ဦးမောင်တာစ်အုလ္လာနှင့် ရန်ငြိုးရှိသူ နှစ်ဦး ဖြစ်သည့် ရွာသား မော်လ၀ီ ဖော်ဇော်လ်အာမတ် (ဘ) ဦးဟူဆောင်းနှု့် ဦးမူဆော်လိမ် (ဘ) ဦးဒိလ်မာမတ် တို့က ဗလီပြုပြုခဲ့သည်ကို အခွင့်ကောင်းယူပြီး ကျေးရွာ တာဝန်ခံက ဗလီပြုပြင်ခဲ့သည်ဟု ဆိုကာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ အလယ်သံကျော် (နယ်မြေ ၇) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး၊ ဂေါ်ဒူသာရ တံတား စခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအေး၊ စ.ရ.ဖ စသည့် ဌာနများကို သတင်းပို့ခဲ့သည်။ 
သို့ဖြစ်၍ ထိုဌာနဆိုင်ရာများက ဒီဇင်ဘာလတွင် ကျေးရွာ တာဝန်ခံနှင့် ဗလီဂေါပက တို့ကို ဆင့်ခေါ်၍ ငွေညှစ်ခဲ့သည့် အပြင် ဗလီကို ပြန်လည် ဖျက်သိမ်းရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ကျေးရွာတာဝန်ခံနှင့် ဗလီ ဂေါပကတို့က ဗလီ ပြုပြင်ထားသည်မှ တစ်ချို့တစ်ဝက်ကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ကျေးရွာ တာဝန်ခံနှင့် ရန်ငြိုးရှိသူ နှစ်ဦးက ယခုထိ ဗလီကို ဖျက်သိမ်းခြင်း မရှိဟု ထပ်မံ သတင်းပို့ခဲ့သဖြင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ကျေးရွာ တာဝန်ခံ ဦးမောင်တာစ်အုလ္လာကို တာဝန်မှ ရပ်စဲခဲ့သည်။ ယခုအခါ အဆိုပါ သတင်းပို့သူ နှစ်ဦးက ကျေးရွာ တာဝန်ခံ တာဝန်မှ ရပ်စဲခံရသော်လည်း၊ အလယ်သံကျော်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးအား တိုင်တန်း၍ ထောင်ကျအောင် လုပ်မည်၊ ဗလီကို လုံးဝ ဖျက်သိမ်းရအောင် လုပ်မည်ဟု ကြုံးဝါးလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ သတင်းပို့သူ နှစ်ဦး၏ ရည်ရွယ်ချက်မှာ ၎င်းတို့နှင့် ရန်ငြိုးရှိသူ ကျေးရွာ တာဝန်ခံအား ရာထူးမှ ပြုတ်စေရန်သာ ဖြစ်သော်လည်း ၎င်းတို့၏ အပြုအမှုကြောင့် ဗလီ ဖျက်ဆီးခံခဲ့ရသည်။ 
၎င်းတို့ နှစ်ဦးသည် ရဲမှူးငြိမ်းချမ်းအေး ထံသို့ လုပ်ကြံ သတင်းများ ပေးပို့၍ ရွာသားများကို ငွေညှစ်စေကြောင်း၊ ယခင် န.စ.က လက်ထက်ကလည်း နယ်မြေမှူးအား လုပ်ကြံ သတင်းများ ပေး၍ ရွာသားများကို အမျိုးမျိုး ညှဉ်းပန်းနှိပ်စက် စေခဲ့သည်ဟု ရွာသားများက ပြောပါသည်။ ယခုအခါ ၎င်းတို့ကြောင့် ဗလီ ဖျက်ဆီးခံရပြီး၊ နောက်နောင် ထိုထက် ကြီးမားသည့် ပြဿနာ တစ်ရပ် ပေါ်ပေါက်လာမည်ကို ရွာသားများက စိုးရိမ်လျက် ရှိသည်။
MYARF
RB News
14.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တေ ခရိုင်၊ မောင်တော မြို့နယ်တွင် ဇန်န၀ါရီလ (၁၁) ရက်နေ့မှ စ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က ဆွဲ၊တင်၊စစ် စတင် စစ်ဆေးလျက် ရှိသည်။ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ် များတွင် မကြာခင် စစ်ဆေးသွားမည်ဟု ကြေညာထားသည်။ 
ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၂) နယ်မြေ အပိုင်၊ ငါးခူရ ကျေးရွာနှင့် နယ်မြေ (၄) အပိုင် ကြိမ်ချောင်း ကျေးရွာများတွင် စစ်ဆေးခဲ့သည်။ ကြိမ်ချောင်း ကျေးရွာ ဥက္ကဌဟောင်း ဦးအီဒီရိစ်နှင့် ဆရာ ဦးအဒူဆော်လာမ်တို့ မိသားစု နှစ်စုသာ စစ်ဆေးခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ဓါတ်ပုံ ရိုက်ရာတွင် ဘင်္ဂလီ လူမျိုးဟု ရေးထားသော ကဒ်တစ်ခုကို အိမ်ထောင်ဦးစီး၏ လည်ပင်တွင်း ချိတ်ပေးသည်ဟု သိရ၍ ကျန်ရွာသားများက ဘင်္ဂလီ အမည်ဖြင့် စစ်ဆေးမခံလိုကြ၍ တစ်ဦးတစ်ယောက်မှ သွားရောက် စစ်ဆေးခံခြင်း မရှိခဲ့ဟု ဆိုသည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင်လည်း နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များ သွားရောက်ခဲ့သော်လည်း ရွာသားများက စစ်ဆေးခံခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ 
ဒေသ (၁)၊ နယ်မြေ (၂)၊ ခမောင်းဆိပ် ကျေးရွာတွင် ဇန်န၀ါရီလ (၁၁) ရက်နေ့က စစ်ဆေးရာ မိသားစု (၃) စုသာ စစ်ဆေးခံခဲ့သည်။ ဒေသ (၂) နယ်မြေ (၅) ငါးခူရတွင် ဇန်န၀ါရီလ (၁၁) ရက်နေ့မှ စ၍ မ.က.ဖ များသွားရောက်၍ စစ်ဆေး ဓါတ်ပုံ ရိုက်ခြင်း မပြုလုပ်ဘဲ ဦးစွာ ကလေးမွေးတိုး၊ အပြောင်းအရွှေ့ များကိုသာ စာရင်း ကောက်ခံလျက် ရှိသည်။ ဒေသ (၃) နယ်မြေ (၈) အင်းဒင် ကျေးရွာတွင် ဇန်န၀ါရီလ (၁၁) ရက်နေ့မှ စ၍ စစ်ဆေးနေသော်လည်း မိသားစု (၄) စုခန့်သာ စစ်ဆေးခံခဲ့သည်။ 
ကလေးမွေးတိုး တင်ရာတွင် ယခင်က ကဲ့သို့ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် မွေးစာရင်းများ တင်ပြလျှင် အိမ်ထောင်စု စာရင်းတွင် တင်ပေးခြင်း မရှိကြောင်း သိရသည်။ ယခုအခါ ကလေးမွေးတိုး တင်လိုလျှင် မွေးစာရင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ကျန်းမာရေး ဌာန၏ ထောက်ခံချက်၊ ရဲစခန်း ထောက်ခံချက်၊ ဆွေမျိုး အရင်းနှစ်ဦး၏ ထောက်ခံချက်၊ မိဘ၏ လက်ထပ်ခွင့် မိတ္တူ၊ မိဘ၏ ကိုယ်ရေးရာဇ၀င်၊ အိမ်ထောင်စု စာရင်း မိတ္တူများ စုစည်း၍ မ.က.ဖ ဦးစီးမှူးထံ တင်ပြရသည်။ ၎င်းက လက်ခံယူရန် အတွက် ကာယကံရှင်၏ အိမ်လေးဖက်စလုံးရှိ အိမ်နီးချင်း လေးဦးက မ.က.ဖ ဦးစီးမှူး ရှေ့မှောက်တွင် တရားဝင် မွေးဖွားခဲ့သော် ကလေးဖြစ်ကြောင်း သက်သေ ထွက်ဆိုရသည်။ သို့မှသာ မ.က.ဖ ဦးစီးမှူးက လက်ခံယူပြီး၊ ထိုသို့ လက်ခံယူသော်လည်း ချက်ချင်း အိမ်ထောင်စု စာရင်းတွင် တင်ပေးခြင်း မရှိဘဲ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ တင်ပေးရမည်၊ ဌာနချုပ်မှ ခွင့်ပြုချက် ရမှသာ အိမ်ထောင်စု စာရင်းတွင် တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ အကယ်၍ ဌာနချုပ်က ခွင့်မပြုပါက Black List သွင်းမည် ဖြစ်သည် ပြောကြားကြောင်း သိရှိရသည်။
မောင်တော မြို့နယ်၊ ဒေသ (၂)၊ နယ်မြေ (၅)၊ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ မ.က.ဖ မှ ထုတ်ပေးသည့် ကလေး မွေးတိုး ပုံစံ
MYARF
RB News
14.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သရက်အုပ် ကျေးရွာအုပ်စု၊ ရခိုင်ရွာမှ ဦးမြင့်လှိုင်နှင့် ဒေါ်ကြည်ကြည်ဌေးတို့ ဇနီးမောင်နှံ နှစ်ဦးသည် ဇန်န၀ါရီလ (၇) ရက်နေ့ ညနေပိုင်းတွင် သရက်အုပ် ကျေးရွာအုပ်စု၊ အာရှိတ်ကာရွာမှ မုဆိုးမ တစ်ဦး ဖြစ်သူ ဒေါ်မော်ဂျူနီ (ဘ) ဦးမုစ်တာခ်အာမတ်၏ ဆိတ်တစ်ကောင်နှင့် ဓားကြီးစား ကျေးရွာသား တစ်ဦး၏ ဆိတ်တစ်ကောင် တို့ကို လယ်ကွင်းတွင် ကျက်စားနေရာမှ ဖမ်းယူသွားခဲ့သည်။ 
ညနေ နေ၀င်ချိန်ခန့်တွင် ဆိတ်ပိုင်ရှင် ဖြစ်သူ ဒေါ်မော်ဂျူနီက ၎င်း၏ဆိတ်ကို ရှာမတွေ့ခဲ့၍ အခြားသော ဆိတ်၊ နွားကျောင်းနေသူ များထံမှ မေးမြန်းရာ ဦးမြင့်လှိုင်နှင့် ဒေါ်ကြည်ကြည်ဌေး တို့က ဆိတ်နှစ်ကောင် ဖမ်းယူသွားရာတွင် ပါသွားကြောင်း သိရှိခဲ့သည်။ ဒေါ်မော်ဂျူနီသည် ညအချိန်တွင် ကြောက်ရွံ၍ ရခိုင်ရွာသို့ မသွားဘဲ နေခဲ့သည်။ 
ဇန်န၀ါရီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် ၎င်းသည် ဦးမြင့်လှိုင်၏ အိမ်သို့ သွားရောက်၍ ရှာဖွေရာ ဦးမြင့်လှိုင်၏ အိမ်ခြံဝင်း အနောက်ဘက်တွင် ၎င်း၏ ဆိတ်ကို အသေ တွေ့ရှိခဲ့သည်။ ဓါးကြီးစား ကျေးရွာသား၏ ဆိတ်ကို ဦးမြင့်လှိုင်တို့က ညပိုင်းတွင် သတ်ဖြတ် စားသောက် ခဲ့ကြောင်း သိရှိရသည်။ ဒေါ်မော်ဂျူနီ၏ ဆိတ်မှာ တန်ဖိုးအားဖြင့် ငွေကျပ် ရှစ်သောင်းနှင့် ဓါးကြီးစား ကျေးရွာသား၏ ဆိတ်မှာ တန်ဖိုးအားဖြင့် ငွေကျပ် ငါးသောင်း တန်သည်ဟု ဆိတ်များ ခိုးယူသွားသည်ကို မြင်သည့် မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။ 
ဦးမြင့်လှိုင်နှင့် ဒေါ်ကြည်ကြည်ဌေးတို့သည် ခွေးနှစ်ကောင်နှင့် အတူ လယ်ကွင်းသို့ သွားရောက်၍ ရိုဟင်ဂျာများ၏ ဆိတ်များကို မကြာခဏ ဖမ်းယူသွားလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ဆိတ်များကို ၎င်းတို့၏ ခွေးများအား ကိုက်စေပြီး၊ ဆိတ်များက ၎င်းတို့ ရှိရာဘက်သို့ ပြေးလာလျှင် ဖမ်းယူသွားသည်ဟု ဆိုသည်။
Rohingya Eye
RB News
14.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မောင်နီရွာ၊ နယ်စပ် ခြံစည်းရိုး တ၀ိုက်ရှိ ပုဇွန်ကန် ပိုင်ရှင်များကို မောင်နီရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အသစ် ပြောင်းရွှေ့လာသော ကင်းစခန်းမှူးက ပုဇွန်ကန်တွင် သွားရောက်၍ ငါးဖမ်းလိုလျှင် လစဉ် ဆန်အိတ် တစ်အိတ်နှင့် ၀ါးအလုံး (၃၀) ပေးရမည်ဟု တောင်းခံလျက် ရှိသည်။ 
ပုဇွန်ကန် ပိုင်ရှင်များက ပုဇွန်ကန်များမှ လစဉ်ရသော ၀င်ငွေနှင့် ၎င်းတို့ ပေးရမည့် လစဉ်ကြေးတို့ကို နှုတ်၍ ကျန်သည့် အမြတ်ငွေမှာ နေ့စဉ် စားသောက်ရေး အတွက်ပင် လုံလောက်တော့မည် မဟုတ်တော့သဖြင့် အခက်ကြုံလျက် ရှိနေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထိုသို့ လစဉ် ဆက်ကြေး သဖွယ် တောင်းရန် အကြံဥာဏ် ပေးရာတွင် န.စ.က လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း ဦးမာမတ်ရော်ရှိတ် (ဘ) ဦးနူရ်ဘော်ရှော်ရ် (အသက် ၃၅ နှစ်) နှင့် ဦးဟာရှိမ်းမုလ္လာ (ဘ) ဦးဆော်ယော့ဒူလ္လာ (အသက် ၃၀ နှစ်) တို့ ပါဝင်ကြောင်း ရွာသားများက ပြောပါသည်။
MYARF
RB News
14.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စု၊ ကပ္ပားခေါင်း ကျေးရွာမှ ကတိုးသမား ဦးဆော်ယာဒ်အာလောမ်၏ သား ရော်ဖိတ်နှင့် အပ်ချုပ်ဆရာ ဦးယာစီးန်၏ မြေး၊ အပ်ချုပ်ဆရာ ဦးအုစ်မာန်၏တူ ဖော်ရိတ်တို့ နှစ်ဦးသည် ဇန်န၀ါရီလ (၁၀) ) ရက်နေ့ ည ၉း၃၀ နာရီခန့် အချိန်တွင် ကညောင်ချောင်း စခန်း (စခန်း ၁၄) ၌ ငါးဖမ်းစာအုပ် လက်မှတ် ရေးထိုးပြီး မျောပိုက်ဖြင့် ငါးဖမ်းရန် လှေငယ် တစ်စီးဖြင့် ထွက်ခွာခဲ့သည်။ အလားတူ လူနှစ်ဦးစီ ပါသည့် အခြားလှေငယ် နှစ်စီးလည်း ထွက်ခွာခဲ့သည်။
၎င်းတို့ ထွက်ခွာပြီး ၁၅ မိနစ်ခန့် အကြာတွင် သေနတ် ပစ်ခတ်သံကြားခဲ့ရပြီး၊ အမှတ် (၁) အ၀င်အထွက် စခန်း (POE) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် အမြန်စက်လှေဖြင့် နတ်မြစ်တွင် ကင်းလှည့်နေစဉ် ကညောင်ချောင်း ထဲသို့ ၀င်ရောက်လာပြီး ငါးဖမ်းလှေကို တွေ့ရှိသဖြင့် အနီးကပ် သွားရောက်၍ စစ်ဆေး မေးမြန်းခြင်း မပြုဘဲ ဓါတ်မီးဖြင့် ထိုးကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး လှေပေါ်တွင်ပင် ချက်ချင်း သေဆုံးခဲ့သည်။ လူငယ်နှစ်ဦးကို လှေပေါ်တွင် သေနတ် ကျည်ဆံ ထိမှန်ပြီး သေဆုံးနေသည်ကို တွေ့ရှိရသော်လည်း အခြားလှေငယ် နှစ်စီးဖြင့် သွားသည့် လူ (၄) ဦးကို ယခုအချိန်ထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အဆိုပါ လူ (၄) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးသွားသည်လား၊ သေနတ်ထိမှန်ပြီး ရေထဲ နစ်မြှပ်သွားသည်လား ဆိုသည်ကို မသိရှိဟု ဆိုသည်။ 
သေနတ်ထိမှန်ပြီး သေဆုံးသွားသူ နှစ်ဦးမှ တစ်ဦး၏ ၀ဲဘက်မျက်စိကို ကျည်ဆံ ထိမှန်ခဲ့ပြီး၊ ကျန်တစ်ဦး၏ နဖူးကို ထိမှန်၍ ဦးခေါင်းခွံပါ ပြတ်ထွက် သွားကြောင်း သိရှိရသည်။ အနီးအနားရှိ ရွာသားများက လှေသမားများကို ပစ်ခတ်သည့် သေနတ်သံမှန်း သိကြသော်လည်း ညအချိန်ဖြစ်၍ နေအိမ်များမှ ထွက်၍ မကြည့်ရဲသောကြောင့် ထွက်မကြည့်ခဲ့ရဟု ရွာသား တစ်ဦးက ပြောပါသည်။ အမြန်စက်လှေ၏ အသံနှင့် အတူ သေနတ်ကြားသည့် အချိန်မှာ ညသန်းခေါင်ယံ တစ်နာရီထိုး ဖြစ်သည့် အတွက် ကြောက်ရွံကြသည်ဟု ဆိုသည်။ 
ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက် အစောပိုင်းတွင် ရွာသားများ သွားရောက် ကြည့်ရှုရာ လှေတစ်စီးတွင် လူမပါဘဲ မျောနေသည့် ပုံစံတွေ့သဖြင့် လှေအနီးသို့ သွားကြည့်ရာ လှေပေါ်တွင် သေနတ်ထိမှန်၍ သေဆုံးနေသူ နှစ်ဦး၏ အလောင်းများ တွေ့ရှိခဲ့သည်ဟု ရွာသား တစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် ရွာသားများက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်း (ခ) ငလုံးကို အကြောင်းကြားခဲ့ရာ၊ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ အာဏာပိုင်များကို သတင်းပေးပို့ခဲ့သည်။ 
အာဏာပိုင်များက အလောင်းများကို လှေပေါ်တွင်သာ ထားရှိရန် မည်သူမှ မကိုင်တွယ် ကြရန် ပြောကြားခဲ့၍ ရွာသားများက အလောင်းများကို လှေပေါ်တွင်သာ ထားခဲ့သည်။ ထို့နောက် ငါးခူရ ကျေးရွာ အခြေစိုက် ဒေသ (၂) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးနှင့် အဖွဲ့ ရောက်ရှိလာခဲ့သည်။ သို့သော် ထိုအချိန်တွင် လှေသည် ရေစီးကြောင်းဖြင့် ကမ်းစပ်ရှိ တောထဲသို့ ၀င်သွားသဖြင့် တပ်ရင်းမှူးနှင့် အဖွဲ့က အလောင်းများကို မတွေ့ရှိခဲ့ပေ။ တပ်ရင်းမှူးက အလောင်းများ တွေ့လျှင် ၎င်းအား အကြောင်းကြားရန် အုပ်ချုပ်ရေးမှူးကို ပြောဆို၍ ထွက်ခွာသွားခဲ့သည်။ 
နေ့လည်ပိုင်းတွင် အုပ်ချုပ်ရေးမှူးက အလောင်းများကို ရှာတွေ့သည့် အခါ သက်ဆိုင်ရာသို့ သတင်းပို့ပြီး အလောင်းများကို မောင်တော ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ည (၆) နာရီ အချိန်တွင် အလောင်းများကို စစ်ဆေးပြီး မိသားစုများထံ အပ်နှံခဲ့သည်။ မိသားစုများက နေအိမ်များသို့ သယ်ဆောင် သွားပြီး ညအချိန်တွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။ 
ယခုအခါ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် နယ်ခြားစောင့်ရဲ များက WY မူးယစ်ဆေးဝါးပြား တစ်သောင်းဖြင့် တွေ့ရှိခဲ့သောကြောင့် ပစ်ခတ်ခဲ့သည်ဟု တပ်ရင်းမှူးအား လိမ်လည်၍ တင်ပြထားကြောင်း သိရှိရသည်။ ယခုအချိန်ထိ အဆိုပါ နယ်ခြားစောင့်ရဲ များကို အရေးယူခြင်း မရှိသေးကြောင်း၊ ပစ်ခတ်သည့် သေနတ်မှာလည်း သာမာန် သေနတ် မဟုတ်ဘဲ အလွန် အားပြင်းသော သေနတ်မျိုး ဖြစ်သည်ကို ကျည်ဆံ ထိမှန်သည့် ဒဏ်ရာများကို ကြည့်ခြင်းဖြင့် သုံးသပ်နိုင်ကြောင်း၊ စင်စစ် အသတ်ခံရသူ နှစ်ဦးမှာ WY သယ်ဆောင်သူများ မဟုတ်ဘဲ ငါးဖမ်းသမားများသာ ဖြစ်ကြောင်း၊ အကယ်၍ WY လက်ဝယ် တွေ့ရှိလျှင်လည်း သေနတ်ဖြင့် ပစ်ခတ်ရန် မလိုဘဲ ဥပဒေနှင့် အညီသာ အပြစ်ပေးရမည် ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 
WY နှင့် ဖမ်းမိ၍ သေနတ်ဖြင့် ပစ်ခတ်ရမည် ဆိုလျှင် ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလရွာနှင့် အမှတ် (၃) ရပ်ကွက် အုပ်စု ၀ီးမလားရွာ များတွင် နေ့ညမပြတ် WY များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့နေသည်ကိုလည်း ပစ်ခတ်ပြီး သတ်ဖြတ်ရန် လိုကြောင်း၊ ထိုရွာများမှ WY တင်ပို့ သယ်ဆောင်သူများမှာ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကြောင့် ပစ်ခတ်ခြင်း မရှိသည့် အပြင် ဖမ်းဆီးခြင်းလည်း မရှိကြောင်း၊ သက်ဆိုင်ရာမှ မသိဟန်ဆောင် နေကြောင်း၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာများကို လူမျိုးဘာသာ ခွဲခြား၍ မျိုးတုန်းအောင် ရည်ရွယ်ချက် ရှိရှိ ပစ်သတ်နေသည်မှာ ထင်ရှားနေကြောင်း ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။
Rohingya Exodus