နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုတိယ အကြိမ် ရခိုင်ပြည်နယ် လွှတ်တော် စတင် ကျင်းပစဉ်။ (Shwe Myitmakha Media Group) ဖေဖေါ်ဝါရီ ၈ ရက်

အင်ကြင်းနိုင်
9.2.2016

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နေရာ အတွက် ဆွေးနွေး ညှိုနှိုင်းလို့ မရရင် ရခိုင် အမျိုးသား ပါတီ ANP အနေနဲ့ NLD ရဲ့အတိုက်အခံ အဖြစ် ရပ်တည် သွားဖို့ ပါတီအနေနဲ့ ဆုံးဖြတ် ထားကြောင်း ANP ဗဟို အလုပ် အမှုဆောင်ဝင် တဦးက ပြောပါတယ်။ ရခိုင်မှာ မဲအများဆုံး ရထားတဲ့ ပါတီ အနေနဲ့ ၀န်ကြီးချုပ် နေရာကို လိုချင်နေ ပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဆက်သွယ် မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ ကိုပြောပြ မှာပါ။

မနေ့က ဒုတိယအကြိမ် ပြည်နယ်နဲ့တိုင်း လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပရာမှာ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ဥက္ကဌနဲ့ ဒုဥက္ကဌနေရာတွေအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း မဲအများဆုံးရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးစံကျော်လှနဲ့ ဦးဖိုးမင်းတို့ကို လွှတ်တော်မှာကန့်ကွက်သူမရှိ ရွေးချယ် အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မတ်လအကုန်ပိုင်းလောက် ပြည်နယ်အစိုးရဖွဲ့စည်းချိန်မှာ ၀န်ကြီးချုပ်နေရာကိုလည်း ANP ကပဲအဆိုပြုခန့်အပ်နိုင်ဖို့ ပါတီအနေနဲ့လိုလားနေပေမဲ့ အခုချိန်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့အနိုင်ရခဲ့တဲ့ပါတီကြီးဖြစ်တဲ့ NLD ဘက်က နှစ်ဘက်တွေ့ဆုံဆွေးနွေးပြောဆိုတာမျိုးမလုပ်သေးတဲ့အပေါ် ANP ခေါင်းဆောင်တချိုက အားမလိုအားမရဖြစ်နေကြတာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပြုလုပ်ခဲ့တဲ့ ANPပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအရ ဇန်န၀ါရီလမှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတိုင်း ၀န်ကြီးချုပ်နေရာကို ANP ဘက်ကမရဘူးဆိုရင် အတိုက်အခံအဖြစ်ရပ်တည်သွားမယ်လို့ဆုံးဖြတ်ခဲ့ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ် ကျောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ဗွီအိုအေကိုပြောပါတယ်။

“ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေနေ့က ပါတီ CEC (ဗဟိုအလုပ်အမှုဆောင်) အစည်းအဝေးရှိတယ်လေ။ အဲဒီမှာဆွေးနွေးဆုံးဖြတ်တာတွေရှိတယ်။ ပါတီကထုတ်ပြန်လိုက်တဲ့ ၂၀၁၆ ခုနှစ် သဘောထားကြေညာချက်အတိုင်း ရပ်တည်သွားမယ်လို့ ပြောပါတယ်။”

ဒီကြေညာချက်အတိုင်း အတိုက်အခံအဖြစ်ရပ်တည်မယ့် သဘောထားကို ပါတီအနေနဲ့ ပြန်ပြီး သုံးသပ်သင့်တယ်လို့ မြင်ကြောင်း ဦးဘရှင်က အခုလိုပြောပါတယ်။

“သဘောထားကတော့ အတိုက်အခံလုပ်မယ်ဆိုပြီး ကြေညာချက်ထုတ်တာပဲ။ ANP ရဲ့သဘောထားကြေညာချက်မှာက ပြည်နယ်အစိုးရအဆင့်မှာတောင်မဟုတ်ဘူး၊ ပြည်ထောင်စုအစိုးရအဆင့်နဲ့တောင်မှ ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘူးဆိုတဲ့ ၁/၂၀၁၆ ကြေညာချက်မှာပါတယ်လေ။ အဲဒီကြေညာချက်ကို နဲနဲလေပြန်စဉ်းစားဖို့လိုတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုတည်ဆောက်နေကြတဲ့အချိန်၊ တိုင်းရင်းသားအားလုံး နိုင်ငံရေးအရတန်းတူရည်တူရှိတဲ့ ပြည်ထောင်စုနိုင်ငံကိုတည်ဆောက်မယ်ဆိုပြီးတော့ ဗမာခေါင်းဆောင်တွေရော၊ အခြားတိုင်းရင်းသားခေါင်းဆောင်တွေပါ။ အဲတော့အချင်းချင်းယုံကြည်မှုမရှိဘူးဆိုရင် ဘယ်လိုတည်ဆောက်မလဲ။”

ဒါအပြင် ANP ပါတီအနေနဲ့ ပြည်နယ်အစိုးရနဲ့ဝန်ကြီးချုပ်ခန့်အပ်ဖွဲ့စည်းဖို့ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ စိန်ခေါ်မှုအခက်အခဲတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဦးဘရှင်ကဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာရှိတယ်။ ဥပဒေကို ကျနော်တို့အသိအမှတ်မပြုလို့မရဘူး။ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရခိုင်အမျိုးသားပါတီက မဲအများဆုံးရတာမှန်တယ်။ ဒါပေမဲ့ဖွဲ့စည်းပုံအရ ၀န်ကြီးချုပ်သည် သမ္မတကိုတာဝန်ခံရမယ်ဆိုတော့ သမ္မတက ကိုယ့်ကိုတာဝန်ခံမယ့်သူကို ကိုယ်ကြိုက်တဲ့သူခံမှာပေါ့။ ကိုယ်ကြိုက်တဲ့သူကိုရွေးမှာပေါ့။ ဒါကလည်း ဥပဒေက ရှိနေတာပဲ။ ကိုယ်ကအများစုအနိုင်ရတယ်ဆိုပြီးတော့ ဥပဒေကိုလေးစားလိုက်နာဖို့မလိုဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဥပဒေမရှိတဲ့အခါမှာ ဘယ်ဥပဒေတွေနဲ့ ယုံကြည်မှုတည်ဆောက်ကြမလဲ။”

တနင်္လာနေ့ကစတင်တဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်မှာ ANP လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦးရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် (၉)ဦး၊ ကြံခိုင်ဖွံဖြိုးရေးပါတီကိုယ်စားလှယ် (၃) ဦး၊ စစ်တပ်ကိုယ်စားလှယ် (၁၂)ဦး စုစုပေါင်း ၄၄ ဦးရှိနေပါတယ်။

အလားတူ ရှမ်းပြည်နယ်လွှတ်တော်မှာတော့ ဥက္ကဌအဖြစ် ကြံခိုင်ဖွံဖြိုးရေးပါတီကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာတော့ စစ်တပ်ကိုယ်စားလှယ် ၃၅ ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၃၀ ကျော်ထဲမှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက ၃၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ဦးနဲ့ အခြားတိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၉)ဦးတို့ပါဝင်ပါတယ်။

အခြားပြည်နယ်နဲ့တိုင်း (၁၂)ခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်နေရာအများစုရရှိထားပါတယ်။



RB News
8.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကြိမ်ချောင်း ကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ များထံမှ စာမေးပွဲကြေးနှင့် အခြားသော ခေါင်းစဉ်များ တပ်ကာ ကျောင်းသား/သူ များထံမှ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ပဉ္စမတန်းနှင့် ဆဌမတန်း ကျောင်းသား/သူ များထံမှ ငွေကျပ် ၃၀၀၀/- စီ၊ အဌမတန်း ကျောင်းသား/သူ များထံမှ အာစရိယ ပူဇော်ပွဲ အတွက်ဟု ဆိုကာ ငွေကျပ် ၁၅၀၀/- စီ ကောက်ခံလျက် ရှိပြီး၊ အခြားသော အတန်းများရှိ ကျောင်းသား/သူ များထံမှ ငွေကျပ် ၂၀၀၀/- စီ ကောက်ခံလျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဆရာ/မ များက ကောက်ခံနေသည်ကို ကျောင်းအုပ်ကြီး ဖြစ်သူက သိရှိသော်လည်း မေးမြန်း၍ ဟန့်တားခြင်း မရှိကြောင်း၊ ကျောင်းသား မိဘများကလည်း ကျောင်းအုပ်ကြီးထံ မတိုင်ကြားရဲ ဖြစ်နေသည်ဟု ဆိုသည်။ နိုင်ငံတော် အစိုးရက အခမဲ့ ပညာရေးဟု သတ်မှတ်ထားသော်လည်း ကျောင်းဆရာ/မ များက ယခုကဲ့သို့ ကောက်ခံနေခြင်းသည် ဆင်းရဲသည့် ကျောင်းသား/သူ များ၏ မိဘများ အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေသည်။ 

ကျောင်းအုပ်ကြီး၏ ဆက်ဆံရေးမှာ အလွန် ရိုင်းစိုင်းသဖြင့် ကျောင်းသား/သူ များက အလွန် ကြောက်နေရကြောင်း၊ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း သတ္တမတန်း ကျောင်းသား (၄) ဦးကို ကြိမ်လုံးနှင့် လူမဆန်စွာ ရိုက်နှက်သဖြင့်၊ တစ်ဦးမှာ သွေးထွက်သည့် အထိ ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဒုတိယ အကြိမ်မြောက် ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်

မေခ
8.2.2016

မြန်မာ နိုင်ငံမှာ အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်တဲ့ လုပ်ငန်းစဉ် တွေကို လာမယ့် မတ်လ ၁၇ ရက်မှာ စတင်မှာ ဖြစ်တဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အများစု အဖြစ်နဲ့ ပထမဆုံး အကြိမ် စတင် ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန် ယူခွင့် မရှိဘဲ ဖြစ်နေတဲ့ အတွက် သမ္မတသစ်တွေ တရားဝင် မရွေးချယ်နိုင်ခင် လွှတ်တော်တွင်း ၄ ပုံ ၁ ပုံ နေရာယူထားတဲ့ စစ်တပ်နဲ့ အပေးအယူ ညှိနှိုင်းမှုတွေ ပေါ်ပေါက်လာလိမ့်မယ် လို့လည်း အများက မျှော်လင့် နေကြတာပါ။ နေပြည်တော်က လွှတ်တော် အခန်းအနား တွေမှာ ကိုယ်တိုင် သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ ထားပါတယ်။

အနိုင်ရ NLDပါတီက ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကို စတင် ကျင်းပရာမှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများ စတင် ရွေးချယ်မယ့် လုပ်ငန်းစဉ် တွေ လုပ်ဆောင်မယ့်ရက်ကို ထုတ်ပြန်ဖို့ ကြေညာ လိုက်တာ ဖြစ်ပါတယ်။ အစိုးရသစ်ကို ဦးဆောင်မယ့် သူတွေကို စတင်ရွေးချယ် တင်မြှောက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ NLD ပါတီကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီကနေ့ လွှတ်တော် အခန်းအနားမှာ ပြောကြားခဲ့တာပါ။

“သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် ဒုတိယသမ္မတ တဦးစီ ရွေးချယ်တင်မြှောက်ပြီးပါက သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်တင်မြှောက်ခံရတဲ့ ဒုတိယသမ္မတ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပို့ တင်ပြရမှာဖြစ်ပါတယ်။”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အခန်းအနားကို သမ္မတဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကတိသစ္စာ ပြုထားတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ဖို့ တိုက်တွန်းထားပါတယ်။ ဥပဒေသစ် ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်းနဲ့ အသစ်ရေးဆွဲရာမှာလည်း ဖွဲ့စည်းပုံနဲ့ အညီ ဆောင်ရွက်စေလိုတဲ့ အကြောင်း ဖော်ပြထားတဲ့ သမ္မတရဲ့ သဝဏ်လွှာကိုလည်း ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်တွေကို ဖတ်ကြားပြခဲ့တာပါ။

“ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့ဖြစ်သည့်အားလျှော်စွာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ဥပဒေ များအသစ်ပြဌာန်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်း၊ ရုတ်သိမ်းခြင်းတို့ကို ဆောင်ရွက် ကြရာ၌ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်ဟု ကတိ သစ္စာပြုထားသည့်အလျှောက် အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြမယ်ဟု မျှော်လင့်မိပါသည်။”

လာမယ့် မေလ ၁၇ ရက်မှာ နာမည်စာရင်းတွေထုတ်ပြန်ကြေညာပြီးရင် ထုတ်ပြန်ခံရတဲ့ သမ္မတလောင်း လျာထားခံရသူတွေဟာ နိုင်ငံတော်သမ္မတ အတွက် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံခြင်းရှိမရှိကို စိစစ်ဖို့ သမ္မတရွေးချယ် တင်မြောက်ရေးအဖွဲ့က စိစစ်ရမှာဖြစ်ပါတယ်။

သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့မှာ လွှတ်တော်နှစ်ရပ်က လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒု ဥက္ကဋ္ဌနှစ်ဦး အပြင် လွှတ်တော် ၂ရပ်က သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တို့ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကလွှတ်တော် ၂ရပ်နဲ့ တပ်မတော်သားအစုအဖွဲ့တွေက သမ္မတလောင်းလျာ ဒုသမ္မတနေရာအတွက် ရွေးချယ်လိုက်တဲ့ ၃ ဦးထဲကနေ နိုင်ငံတော် သမ္မတဖြစ်မယ့်သူကို ဆန္ဒမဲပေးရွေးချယ်သွားမှာ ဖြစ်ပြီး မဲအများဆုံး ရသူက သမ္မတဖြစ်မှာဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်နိုင်ဖို့ အတွက် တပ်မတော်ဘက်နဲ့ ညှိုနှိုင်းမှုတွေလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တပ်ပိုင်း ကကော NLD ဘက်ကပါ ဒါကိုအတည်ပြုပေးခြင်းမရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ၅၉(စ) ဥပဒေပြင်ဆင်ဖို့ ကိုလည်း တပ်ပိုင်းဆိုင်ရာဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပြဌာန်းထားတဲ့ အတိုင်းဘဲထားရှိလိုပါတယ်။ ပြီးခဲ့တဲ့ အခေါက်ပြင်ဆင်ထားတာမှာ တပ်ဘက်က ပေးခဲ့တဲ့ သဘောထား အတိုင်းဆက်လက် လက်ခံမှာဖြစ်ကြောင်း၊ ၅၉(စ) ဥပဒေဆိုင်ငံ့ ဖို့လုပ်ဆောင် လာပါကလည်း ဖွဲ့စည်းပုံမှာ ဆိုင်းငံ့လုပ်ဆောင်ဖို့ မပါဝင်တာ ကြောင့် လက်ခံဖို့မရှိဘူးလို့ အမည်မဖော်လိုတဲ့ တပ်မတော်သား ကိုယ်စားလှယ် တဦးကပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် ကြံ့ခိုင်ရေးပါတီ အမတ်အနေနဲ့ ဝင်ရောက်ရွေးချယ်ခံ ရသူ ဦးလှဌေးဝင်းကတော့ ၅၉(စ)နဲ့ပက်သတ်ပြီး အခုလိုပြောပါတယ်။

“လောလောဆယ်တော့ ဘာမှမပြောနိုင်သေးဘူး။ ဟိုနေ့ကလည်းပြောထားတယ်လေ။ လောလောဆယ်တော့ ဘာမှ မှတ်ချက်ပြုစရာ မရှိသေးပါဘူး။ စောပါသေးတယ်။ အခုက ကြားထဲကသာပြောနေတာ၊ ကာယကံရှင်တွေက ဘာမှမပြောသေးဘူး။ အန်ကယ်ပြောထားတဲ့အတိုင်းပဲ အမျိုးသားအကြိုးစီးပွားဘက်က ကာကွယ်သွားမယ်လို့ပြောထားတဲ့အတွက် အဲဒီအတိုင်းဘဲ ရပ်တည်မှာပါ။”

လက်ရှိမှာ သမ္မတရွေးချယ်ဖို့ရက် သတ်မှတ်လိုက်ပေမယ့် သမ္မတ ဘယ်သူ ဘယ်ဝါဆိုတာကို ခန့်မှန်းချက်အနေနဲ့သာ သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တပ်မတော်နဲ့ညှိနှိုင်းနေတယ်လို့ သတင်းတွေထွက်နေသလို NLD ပါတီအနေနဲ့ ၅၉ (စ)မပြင်နိုင်ခင်မှာ ယာယီသမ္မတ တင်ဖို့လုပ်ဆောင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တည်ဆဲဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ သူ့သက်တမ်း မကုန်ဆုံးမှီမှာ ဆန္ဒအလျောက် သမ္မတနေရာကနေ ထွက်နိုင်ပါတယ်။ ဒီလိုချိန်မှာ ဒုသမ္မတ တဦးက ယာယီသမ္မတအနေနဲ့ ထမ်းဆောင်ရမှာဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တွေက သမ္မတလောင်းလျာ ဒုသမ္မတ တဦးကို ရွေးချယ်ရမှာဖြစ်ပါတယ်။

ဒုတိယ အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်း အဝေး တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စတင်

မြင့်မြင့်ခိုင်
8.2.2016

ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၄ ခု မှာရှိတဲ့ ဒုတိယ အကြိမ် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် အစည်းအဝေး တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စတင်လိုက် ပါတယ်။ ရှမ်းနဲ့ ရခိုင် ပြည်နယ် ကလွဲလို့ ကျန် တိုင်းနဲ့ ပြည်နယ် အသီးသီးက လွှတ်တော် ဥက္ကဋ္ဌတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၁၅ ရွေး ကောက်ပွဲ တခဲနက် အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ထဲက ရွေးချယ်ခဲ့ ကြပါတယ်။ သတင်း အပြည့်အစုံ ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ကိုယ်တိုင် သတင်း သွားရောက် ရယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒဂုံမြို့နယ် မဲဆန္ဒနယ်က ဦးတင်မောင်ထွန်းကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ပြီး ကမာရွတ် မဲဆန္ဒနယ် ၂ က ဦးလင်းနိုင်မြင့်ကိုတော့ ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရာမှာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လူမျိုး၊ ဘာသာစတဲ့ အစွဲတွေမထားဘဲ အဂတိတရား ကင်းကင်းနဲ့ ပြည်သူနဲ့ နိုင်ငံအကျိုးကိုသာ အလေးထား ဆောင် ရွက်ဖို့လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သစ် ဦးတင်မောင်ထွန်းက သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့် သွင်း ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ အဓိက တာဝန်ဟာ ဥပဒေပြုရေး တာဝန်ဖြစ်တာနှင့်အညီ ဥပဒေကြမ်းများရေးဆွဲခြင်း၊ ဥပဒေများ ပြင်ဆင်ရေးဆွဲခြင်း၊ ဥပဒေသစ်များ ပြဌာန်းခြင်းတို့ကို ပြုလုပ်တဲ့နေရာမှာ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ စတဲ့ အဂတိတရားများကို ကင်းရှင်းစွာနှင့် ပြည်သူလူထုအကျိုး ၊ နိုင်ငံအကျိုးကိုရှေ့ရှု့ပြီး ကြိုးပမ်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။”

လက်ရှိ လွှတ်တော်သက်တမ်းမှာ ဖြေရှင်းရမယ့် ပြဿနာတွေ အင်မတန်များသလိုလာမယ့် အစိုးရသစ်အပေါ် ပြည်သူလူထုရဲ့ မျှော်လင့်ချက် ကြီးမားမှုက လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အဓိက စိန်ခေါ်မှုဖြစ် လာမယ်လို့ သင်္ဃန်းကျွန်း မဲဆန္ဒ နယ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောပါတယ်။

“ပြဿနာတွေက ကြည့်မယ်ဆိုရင် ကျနော်တို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ကော၊ တိုင်းတွေပြည်နယ်တွေမှာကော သူဟာသူ သီးခြားသီးခြား ပြဿနာလေးတွေက အများကြီးပဲ ။ အဲဒီပြဿနာတွေ ထဲမှာလည်း တချို့ဟာတွေက ပြဿနာ အတိမ်၊အနက်က အရမ်းနက်နဲတဲ့အခါမှာ ဖြေရှင်းဖို့ခက်ခဲတာတွေလည်း ရှိကောင်းရှိနိုင်တယ်။ အဲဒီဟာတွေက ပြဿနာပေါ့နော်။ နောက်တခုက အဓိက စိန်ခေါ်မှုကတော့ လူထုရဲ့ expectation ပေါ့နော် ။ လူထုရဲ့မျှော်လင့်ချက် အရမ်းမြင့်မားတယ်။ အဲဒီလို မြင့်မားတဲ့အတွက်ကြောင့်မို့လို့ လူထုရဲ့မျှော်လင့်ချက်တွေကို ၁၀၀ ရာခိုင်နှုန်း ဖြည့်ဆည်းဖို့ ကြိုးစားတဲ့နေရာမှာလည်း ဒါလွှတ်တော် ကိုယ်စားလှယ်တွေအတွက် က ကြီးမားတဲ့ စိတ်ခေါ်မှုပဲ။ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်”

တပ်မတော်သား ကိုယ်စားလှယ်တဦးအနေနဲ့တော့ ဒို့တာဝန်အရေးသုံးပါးနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကိုသာ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ် ဗိုလ်မှူး ကျော်ဇင်ဦးက ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကျနော်တို့က ဒီ တို့တာဝန် အရေး ၃ ပါးနဲ့ ဒီလွှတ်တော် ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒါကို ကာကွယ်စောင့်ရှောက်ရမယ့် ဒါကိုပဲ အဓိက ကျနော်တို့ ပါဝင်ဆောင်ရွက်တာပါ။ လွှတ်တော်မှာဆိုရင်လည်း ဒါ အကုန်လုံးပေါ့ သစ္စာပြု ထားတဲ့အတိုင်းပဲ ဆောင်ရွက်ကြရမှာပါ။”

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရန်ကုန်တိုင်းအတွင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နေရာ အနည်းငယ်ပဲ အနိုင်ရရှိတာမို့ ကိုယ့်မြို့နယ်အတွက်သာမကပဲ အခြားမြို့နယ်တွေ အတွက်ပါ အခုလွှတ်တော်မှာ တင်ပြ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အရင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဖြစ်ခဲ့တဲ့ ကိုးကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြော ပါတယ်။

“အဓိကတော့ ကျနော်တို့ positive အမြင်ပဲ ။ positive view နဲ့ပဲ ကြည့်သွားမယ် ။ အားလုံးက ဒီတိုင်းဒေသကြီးကောင်းဖို့ဆိုရင် ကျနော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်မယ်။ ကျနော်တို့က ဆန့်ကျင်ပြီးတော့မှ အလုပ်မဖြစ်တဲ့ ကိစ္စတွေကို ကျနော်တို့ မလုပ်ချင်ဘူး။ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ကောင်းမွန်အောင်လုပ်သွားမှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနဲ့ နှိုင်းယှဉ်ရင် လက်ရှိ လွှတ်တော်ဟာ ဒီမိုကရက်တစ် အင်အားစုတွေ အများစု ပါဝင်လာမို့ ဒီမိုကရေစီနည်းကျတဲ့ အပြောင်းအလဲမျိုးဖြစ်လာလိမ့်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာ ကိုယ်စားလှယ် ဦးဇော်အေးမောင်ကပြောပါတယ်။

“ပထမအကြိမ် လွှတ်တော်သက်တမ်းကတော့ USDP အမတ် များတာပေါ့နော်။ အခုကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်တွေများတယ်။ အဲဒီတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ များသောအားဖြင့် ဒီမိုကရက်တစ်တွေများတယ်လေ။ ဒီမိုကရက်တစ်အင်အားစုပေါ့။ ဒီမိုကရက်တစ် အင်အားစု များတဲ့ အခင်အကျင်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ပြည်သူလူထု အားလုံးက လိုလားနေတဲ့ ဒီမိုကရေစီထွန်းကားရေးကတော့ အရင်ထက် ပိုကောင်းလာမယ်လို့တော့မြင်တယ်။ဗဟိုချုပ်ကိုင်မှုတွေ လျော့လာလိမ့်မယ်လို့တော့ မြင်တယ်။”

ဒီကနေ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကျင်းပတဲ့ ဒုတိယအကြိမ်လွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဋ္ဌ နေရာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အများစု ရွေးချယ်ခံ ခဲ့ရပေ မယ့်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများဆုံးအနိုင်ရတဲ့ ရှမ်းပြည်နယ်မှာတော့ ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု ဦးစိုင်းလုံးဆိုင်က ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရပြီး ရခိုင် အမျိုးသား ပါတီက အများဆုံးအနိုင်ရခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ရခိုင်အမျိုးသားပါတီက ဦးစံကျော်လှကို ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ပါတယ်။



မဆုမွန်
8.2.2016

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူခွင့် မရှိပဲ ဖြစ်နေရတဲ့ ပုဒ်မ ၅၉ (စ)ကိုသာ ပြင်ဆင်မယ် ဆိုရင် သတ်မယ်လို့ အင်တာနက်မှာ ခြိမ်းခြောက်ခဲ့တဲ့ လူငယ် တဦးဟာ အခုနောက်ဆုံး ပါတီကို ကိုယ်တိုင် လာရောက် တောင်းပန် သွားတယ်လို့ NLD ကပြောပါတယ်။ NLD ပါတီ အနေနဲ့ ဥပဒေအရ တစုံတရာ အရေးယူဖို့ မရှိပေမဲ့ နောက်နောင် မဖြစ်ရအောင် ကတိပေး လက်မှတ်ရေးထိုး ခိုင်းခဲ့တယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံ ကိုတော့ မဆုမွန် ကပြောပြပေးမှာ ဖြစ်ပါတယ်။

ပုဒ်မ ၅၉ (စ) ဆိုင်းငံ့မယ်ဆိုရင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို သေအောင်သတ်မယ်လို့ Facebook လူမှုကွန်ရက် စာမျက်နှာ ကနေ ခြိမ်းခြောက်ခဲ့တဲ့ ရဲလွင်မြင့်နဲ့ မိခင်တို့ လာရောက် တောင်းပန်ခဲ့တာ ဖြစ်တဲ့ အကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ ပါတီအနေနဲ့ တစုံတရာ အရေးယူဖို့ ကြိုးပမ်းမှာ မဟုတ်ပေမဲ့ နောက်နောင် မဖြစ်အောင်လည်း ခံဝန်ကတိထိုးခိုင်းခဲ့တယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

"ပြဿနာတွေဖြစ်တဲ့အခါကျတော့ မနေ့ကတုန်းက သူတို့သားအမိ ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လာပြီးတော့ တောင်းပန်ချင်တယ် လို့ပြောတယ်။ တောင်းပန်မယ်ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်ဖို့ မလိုပါဘူး အဲ့ဒီ့လို အသိညဏ်ဖြစ်လာပြီဆိုလို့ရှိရင် သူ့အနေနဲ့ ဘာမှ အရေးယူစရာအကြောင်းလည်း မရှိဘူး။ အဲ့ဒီ့လို အသိလေး ဝင်လာတာ ကျေနပ်ပါတယ်။ ဝမ်းသာပါတယ်။ အဲ့တာကြောင့်မို့လို့ ရန်ကုန်မှာ ရှိတဲ့ ဥပဒေကြောင်းအရ ကျွမ်းကျင်မှုရှိတဲ့ ဦးဉာဏ်ဝင်းနဲ့သွားတွေ့ပြီးတော့ အကျိုးအကြောင်းပြောပြပြီးတော့ တောင်းပန်တယ်ဆိုတဲ့အကြောင်း စာရေးပြီးတော့ လက်မှတ်ထိုးခိုင်းလိုက်တဲ့ဟာကို ဒီကနေ့ညနေ သုံးနာရီလောက်က လက်မှတ်ထိုးပြီးပြီလို့ပြောတယ်။ သူတို့သားအမိက ရွှေဂုံတိုင် အနောက်ရွှေဂုံတိုင်လမ်းရုံးချုပ်မှာ ဦးဉာဏ်ဝင်းကို လာတွေ့ပြီးတော့ သူလုပ်ခဲ့တာ မှားပါတယ်ဆိုတဲ့ အကြောင်း လက်မှတ်ထိုးသွားတယ်လို့ပြောတယ်။ အဲ့ဒီ့စာရွက်က ကျနော့်ဆီရောက်နေပြီ။"

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေအကြား စိုးရိမ်မှုတွေလည်း ရှိခဲ့တာပါ။ ဦးဝင်းထိန် ကတော့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် အတတ်နိုင်ဆုံး အစီအမံတွေ ချမှတ်ထားတယ်လို့ပြောပါတယ်။

" ကျေန်ာကတော့ အကုန်လုံးစိတ်ပူနေတာကို ကိုယ်ချင်းလည်း စာတယ်။ သဘောလည်းပေါက်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကိစ္စတော့ ဘာမှ မပြောပါရစေနဲ့။"

တချိန်တည်းမှာပဲ မန္တလေးမြို့က တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုသိန်းအောင်မြင့်ကတော့ မန္တလေးမြို့  မဟာအောင်မြေမြို့ နယ် အမှတ်(၇) ရဲစခန်းမှာ အမှုဖွင့်ဖို့ပြင်ဆင်နေပါတယ်။

(Photo: MYARF)

MYARF
RB News
8.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လမ်းသွားလမ်းလာများကို အလွန် နှောက်ယှက်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် စခန်းကို ဖြတ်ကျော်ခအဖြစ် တက္ကစီကား တစ်စီးမှ ငွေကျပ် ၅၀၀ စီ ကောက်ခံနေပါသည်။ လမ်းသွားလမ်းလာ များကို ရွာထွက်လက်မှတ် ပါ မပါ စစ်ဆေးပြီး ရွာထွက်လက်မှတ် မပါလျှင် ငွေကျပ် ၁၀၀၀ စီ ညှစ်ယူ နေပါသည်။ ဆိုင်ကယ်မောင်းပြီး သွားလာနေသူများ ဆိုလျှင် ဆိုင်ကယ်ဦးထုပ် ဆောင်းမဆောင်း စစ်ဆေးပြီး မဆောင်းလျှင် တစ်ဦးမှ ငွေကျပ် ၂၀၀၀ စီညှစ်သည်။

ညနေ ၆ နာရီ ကျော်ပြီး ရောက်လာသူများထံက ငွေကျပ် ၅၀၀၀ စီ ကောက်ခံလျက်ရှိသည်။ ၎င်းစခန်း၏ တာဝန်ခံ ဗိုလ်လတ် ကိုယ်တိုင်က ဦးဆောင်၍ ငွေညှစ်ယူနေခြင်းဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ထို့အပြင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် လမ်းသွားလမ်းလာ အမျိုးသမီး များကိုလည်း အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်။ ငွေညှစ်နေသည်ကို မကျေနပ်လျှင် ကြိုက်သည့် ဌာနဆိုင်ရာများထံ တိုင်ကြားနိုင်ကြောင်း ပြောဆိုသည်ဟု ဒေသခံများက ဆိုသည်။

နယ်ခြားစောင့် ကင်းစခန်းတိုင်း၏ ရှေ့မှောက်တွင်မှု အများပြည်သူ လုံခြုံရေးအတွက် စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံပါရန်နှင့် ကင်းစခန်း တာဝန်ရှိသူ များ၏ မဟုတ်မတရား လုပ်ရပ်များကို အောက်ပါ ဖုန်းတွင် တိုင်ကြားနိုင်သည်ဟု အနီရောက် နောက်ခံမှာ စာလုံးအဖြူနှင့် ရေးထားသည့် ဆိုင်းဘုတ်တစ်ခု ထောင်ထားသော်လည်း၊ အမှန်တကယ်တွင် အများပြည်သူများကို ဓါးပြများသဖွယ် ငွေညှစ်လျက်ရှိသည်။

ယခုကဲ့သို့ ငွေယူနေခြင်းမှာ ပျက်စီးနေသော တံတားကို ပြုပြင်ရန် မကျည်းချောင်းစခန်းမှ ရဲမှူးက ကောက်ခံခိုင်း၍ ယူနေခြင်းသာဖြစ်သည်ဟု မကျည်းချောင်း စခန်း၏ နာမည်ကို အလွဲသုံးစားပြုလုပ် အကြောင်းပြ ပြောဆိုနေသော်လည်း လက်တွေ့မှာမူ ထိုတံတားကိုလည်း ပြုပြင်နေခြင်း မရှိပေ။

သို့ဖြစ်၍ အဆိုပါ တံတား ကင်းစခန်းသည် မောင်တောမြို့ထဲသို့ အဝင်ဝတွင် တည်ရှိသော စခန်းဖြစ်သောကြောင့် ဤကဲ့သို့ လမ်းသွားလမ်းလာ များကို မဟုတ်မတရား စစ်ဆေးပြီး အကြောင်းတစ်ခုမဟုတ် တစ်ခုပြ၍ ငွေညှစ်နေကြောင်းကြောင့် မြို့ထဲဈေးပြုရန်သွားနေသူများ အလွန် အခက်ကြုံနေရပါသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ကျိုက္ကဆံ လူထု ဟစ်တိုင်ကွင်းမှာ ရခိုင် အမျိုးသား ပါတီ (ANP) ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံး ဟောပြော နေစဉ်

RFA မြန်မာပိုင်း
7.2.2016

ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရခိုင် အမျိုးသားပါတီနဲ့ တွေ့ဆုံ ဆွေးနွေးတာ မရှိတဲ့ အတွက် အတိုက်အခံ ပါတီ အဖြစ် ရပ်တည် သွားမယ့် ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ရပ်တည် သွားမှာ ဖြစ်ကြောင်း ရခိုင် အမျိုးသား ပါတီ (ANP) က ဒီနေ့ကြေငြာချက် ထုတ်ပြန်လိုက် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ရခိုင်ပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိထားတဲ့ပါတီအပေါ်မှာ အလေးထားမှု မရှိတာကြောင့် အခုလိုဆုံးဖြတ်ခဲ့ကြတာလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ အနိုင်အရဆုံးပါတီ၊ နောက်မြန်မာနိုင်ငံမှာ တတိယအောင်မြင်ဆုံးပါတီအနေနဲ့ ကျနော်တို့ရခိုင်တိုင်းရင်းသားများ တိုင်းရင်းသားများ ရဲ့အခွင့်အရေးကို ရရှိသင့်တယ်လို့ ကျနော်တို့ယူဆပါတယ်၊ ကျနော်တို့မှာလုပ်ပိုင်ခွင့်အာဏာကိုလည်း ကျနော်တို့ဒီမိုကရေစီပါတီကြီးက ကျနော်တို့ ရခိုင်အမျိုးသားပါတီအပေါ်မှာ လေးနက်မှု၊ ဂရုပြုမှုအားနည်းတာကို ကျနော်တို့တွေ့ရပါတယ်၊ ကျနော်တို့က အဲ့ဒီ ၁/ ၂ဝ၁၁ ကို အထူးပြင်ဆင်ဖြည့်စွက် စရာမလိုပဲ နဲ့ ဒီတိုင်းပဲကျနော်တို့ ကိုင်စွဲပြီးတော့ရပ်တည်သွားမယ်၊ ကျနော်တို့ ထပ်ဆင့်အတည်ပြုတာပါ"

မနေ့က စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုဌာနချုပ်မှာပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ဒီနေ့ကြေငြာချက်ကို ထုတ်ပြန်တာလို့လည်း သိရပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ United Nationalities Alliance (UNA) အဖွဲ့နဲ့ မဟာမိတ်ဆက်ဆံမှုကို ရပ်စဲပြီး ရခိုင်အမျိုးသားတို့ရဲ့ သမိုင်းဖြစ်စဉ်၊ လူမှုဘဝ ဖြတ်သန်းမှုအခြေအနေအရပ်ရပ်ကို စာနာ နားလည်ပေးနိုင်တဲ့ ညီနောင်တိုင်းရင်းသား များ ဖက်ဒရေးရှင်း National Brotherhood Federation (NBF)နဲ့သာ အခိုင်အမာ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံအဝှမ်းငြိမ်းချမ်းရေးတည်ဆောက်မှုတွေမှာ ပါဝင်သင့်ပါဝင် ထိုက်သူအားလုံး ပါဝင်ခွင့်ရရှိရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ အဆင့် အတန်းတူ ညှိနှိုင်းအဖြေရှာ နိုင်ရေး အစဉ်တစိုက် အားသွန်ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီ ဗဟိုကော်မတီ အဖွဲ့တို့ ဒီနေ့ထပ်မံတွေ့ဆုံခဲ့ကြပြီး ပါတီရဲ့ သဘောထားအတိုင်း ရပ်တည်ကြဖို့နဲ့ ရပ်တည်မှုမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီက လိုအပ် သလို အရေးယူသွားမယ့်အကြောင်း အသိပေးပြောဆိုခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။ မနက်ဖြန် ကျင်းပမယ့် ရခိုင်ပြည်နယ်လွှတ်တော်အတွက် ဥက္ကဌ ၊ ဒုဥက္ကဌ အမည်စာရင်း တွေကိုလည်း ပါတီက ရွေးချယ်ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ကြိုတင်မဲ များကို ရေတွက် နေသည့် မန္တလေးမြို့ မဲရုံ တခု၏ မဲရုံ ၀န်ထမ်းများ။ နိုဝင်ဘာ ၈၊ ၂၀၁၅။

မေခ
7.2.2016

ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ၁၂ ခုရဲ့ လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ နေရာတွေ အတွက် NLD ပါတီက လျာထားသူတွေ ထဲက ထက်ဝက်ထက် မနည်းကို ဗွီအိုအေက အတည်ပြု ထားနိုင်ပါပြီ။ အခု အတည်ပြု ထားသူ တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အွန်လိုင်းပေါ်မှာ ပြန့်နေပြီး NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေက တရားဝင် အတည်ပြု မပေးသေးတဲ့ စာရင်းထဲက အတိုင်းပဲ ဖြစ်ပါတယ်။ ရခိုင်နဲ့ ရှမ်းပြည်နယ် တွေမှာတော့ သက်ဆိုင်ရာ တိုင်းရင်းသား ပါတီတွေ ကနေ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ နေရာတွေကို ရဖို့ ကြိုးစား ပြင်ဆင်နေပါတယ်။ ဆက်သွယ် မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက သတင်း ပေးပို့ထားပါ တယ်။

တနင်္လာနေ့မှာ တနိုင်ငံလုံးက ပြည်နယ်နဲ့တိုင်းလွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပတော့မှာပါ။ အနိုင်ရပါတီ NLD အနေနဲ့ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌနေရာ ၁၂နေရာကို ရယူသွားဖို့စီစဉ်ထားပေမဲ့ ကျန်တဲ့နေရာ ၂ နေရာဖြစ်တဲ့ ရခိုင်နဲ့ရှမ်းမှာတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေကို NLD ပါတီက လျာထားတာမရှိပါဘူး။ အဲဒီ ပြည်နယ်နှစ်ခုမှာ NLD ပါတီက ဒုတိယနဲ့ တတိယ အများဆုံးပဲ အနိုင်ရထားတာကြောင့်လည်း အဲဒီနေရာ တွေကို ချန်လှပ်ထားတာပါ။

ချိပ်ပိတ်စာအိတ်တွေနဲ့ ထည့်ထားတဲ့ NLD က ရွေးချယ်လျာထားတဲ့ အမည်စာရင်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပေမယ့် ဒါနဲ့ပတ်သက်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကကော စာရင်းထဲမှာပါတဲ့ လျာထားခံရသူတွေကပါ တရားဝင် အတည်ပြုပြောဖို့ အစောပိုင်းက ငြင်းခဲ့ကြပါတယ်။ တနင်္ဂနွေနေ့မနက်ပိုင်းမှာ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသက လွှတ်တော် ကိုယ်စားလှယ်တွေကို ဗွီအိုအေက ဆက်သွယ်အတည်ပြုတာမှာတော့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတချို့ဟာ ထွက်နေတဲ့ စာရင်းထဲက အတိုင်းဖြစ်နေတာကို တွေ့ရပါတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် တချို့ကတော့ တရားဝင်အတည်ပြုပေးဖို့ငြင်းကြပါတယ်။

မန္တလေးတိုင်းဒေသကြီးက NLD ပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကတော့ တနိုင်ငံလုံးအတွက် လူစာရင်းကို အတည်ပြုနိုင်ဖို့ထိ သူမသိဘူးလို့ဆိုပြီး မန္တလေးတိုင်းအတွက် အခုလိုပြောပါတယ်။

“ကျနော်တို့ မန္တလေးတိုင်းက အောင်ကျော်ဦးနဲ့ ဒေါက်တာ ခင်မောင်ဌေးပါ။ ဥက္ကဋ္ဌက ဦးအောင်ကျော်ဦး ။ တိုင်းဆိုတော့ ကျနော်တို့ တိုင်းရင်းသားမရှိဘူးလေ။ ကျနော်တို့က NLD ထဲကလူပဲ ရွေးရတာပေါ့ဗျာ။”

ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေအတွက် ဗွီအိုအေက မေးမြန်းအတည်ပြုထားတာအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေအတွက် လျာထားသူတွေဟာ ထွက်ထားတဲ့စာရင်းထဲကအတိုင်းပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွက် လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ နေရာတွေနဲ့ပက်သတ်ပြီး ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

“ဥပဒေပြုမှုမဏ္ဍိုင် ပေါ့နော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ခွင့်ပြုတဲ့ ပါလီမန်ရဲ့ လုပ်ပိုင်ခွင့်တွေ ထဲကနေ ရခိုင်လူမျိုးတွေရဲ့ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့ ရည်မှန်းပါတယ်။ အဲဒါကြောင့်မို့လို့လဲ ပြည်နယ် ပါလီမန်ရဲ့ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ဒီနေရာတွေ ကျနော်တို့ ရခိုင်အမျိုးသားပါတီဘက်က အဆိုပြုတင်သွင်းတာ အောင်မြင်နိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တွင်း ဒုတိယနေရာအများဆုံး အနိုင်ရထားပြီး ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာအများစုကို အနိုင်ရထားတာပါ။ ဒါပေမဲ့လည်း SNLD အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေကို တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ ပါတီအတွင်းရေးမှူး စိုင်းညွန့်လွင်က ဗွီအိုအေကိုပြောပါတယ်။

“NLD တင်ရင်ထောက်ခံဖို့ပါပဲ။ သို့သော်လည်း အခုက မနေ့ညနေကမှ NLD မတင်ဘူးဆိုတာ သိရပါတယ်။ သိရတဲ့အတွက် ကျနော်တို့ အဖွဲ့တွေအားလုံး တိုင်ပင်ပြီးတော့ ၊ မနက်ဖြန်မှာ ကိုယ်စားလှယ် ၂ ယောက်ကို ဥက္ကဋ္ဌနေရာ၊ ဒု ဥက္ကဋ္ဌနေရာ တင်မှာဖြစ်ပါတယ်။ ကျနော်သိသလောက်ကတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းပါ။ နောက်ဒုတိယတယောက်ကတော့ ဒေါ်ခင်ထားရီပါ။ သိန္နီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပါ။”

ဇန်န၀ါရီလ ၈ ရက်၊ တနင်္လာနေ့မှာတော့ နိုင်ငံတ၀န်း ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ လွှတ်တော်အစည်းအဝေးတွေကို တချိန်တည်း ကျင်းပမှာပါ။ အဲဒီလွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေကို ရွေးမှာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်နေရာတွေကတော့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတကို ရွေးချယ်ပြီးမှပဲ သမ္မတက ရွေးချယ် ခန့်ထားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အမတ်နေရာ ၄၇၅ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၄၉၆ ဦး အနိုင်ရရှိထားပါတယ်။



Rohingya Eye
RB News
7.2.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက္ကေပြင် ဒုက္ခသည် စခန်းတွင် ၂၀၁၂ ခုနှစ်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည့် ဒုက္ခသည် ၁၂၄၀၀၀ ကျော် နေထိုင်လျက် ရှိသည်။ ဒုက္ခသည်များကို အစိုးရမှ ရိက္ခာထောက်ပံ့ခြင်း မရှိခဲ့ဘဲ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) က ယခုအချိန်ထိ ထောက်ပံ့လျက် ရှိသည်။ WFP မှ ၁၅ ရက်တစ်ကြိမ်၊ လူတစ်ဦးလျှင် တစ်ရက်အတွက် ဆန်တစ်ဗူးနှင့် လက်တစ်ဆုပ်စာ ဝေငှသည်။ ၀န်ထမ်းများက ဆန်တစ်ဗူးခွဲ ရရှိသည်ဟု ဆိုကာ လက်ဗွေယူကြောင်း သိရှိရသည်။ လူ (၉) ဦးနေထိုင်သည့် အိမ်အတွက် စားသုံးဆီ (၈) လီတာ ပေးပြီး၊ ပဲဖြူစေ့ တစ်ပိဿာခွဲခန့် ပေးကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မွေးဖွားခဲ့သည့် ကလေးများကို စာရင်းထဲ ထည့်၍ ဆန်ထောက်ပံ့ခြင်း မရှိဘဲ၊ နှစ်နှစ်အောက် ကလေးငယ် များကို အာဟာရမှုန့် နှစ်ထုပ်စီ ပေးကြောင်း ဒုက္ခသည်များ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

အခြားမြို့များတွင် မီးရှို့ခံရပြီး ဒုက္ခသည်များ စားဝတ်နေရေး မပြေလည်သဖြင့် စစ်တွေမြို့သို့ ပြောင်းရွှေ့လာသူ ၈၆၆၀ ကျော်ခန့် ရှိသည်။ အဆိုပါ ဒုက္ခသည်များကို မည်သည့် အဖွဲ့အစည်းကမှ ရိက္ခာ ထောက်ပံ့ပေးခြင်း မရှိဟု ဆိုသည်။ ထို့ကြောင့် ၎င်းတို့၏ စားဝတ်နေရေးမှာ အလွန် ခက်ခဲလျက် ရှိသည်ဟု ပြောပါသည်။ အဆိုပါ ဒုက္ခသည်များကို ဦးမောင်မောင် (ဘ) ဦးတင်ရွှေ (အသက် ၅၀ နှစ်) က ပုဂ္ဂလိ အလှူရှင်များနှင့် ပူးပေါင်း၍ ထောက်ပံ့လာသည်မှာ ၂၀၁၂ ခုနှစ်မှ စ၍ ၂၀၁၅ ခုနှစ် စက်တင်ဘာလထိ ဖြစ်သည်။ ယခုအခါ ၎င်းလည်း အလှူရှင်များထံမှ အထောက်အပံ့ မရသည်မှာ လေးလကျော်ရှိနေပြီ ဖြစ်၍ စာရင်းမဲ့ ဒုက္ခသည် များမှာ ပိုမို၍ အခက်ကြုံနေရသည်။ ထို့ကြောင့် အမျိုးသမီးများမှာ သိက္ခာရောင်းစား၍ စားဝတ်နေရေး ဖြေရှင်းနေရသည့် အနေအထား ဖြစ်နေပြီး၊ အမျိုးသားများမှာ စက်လှေဖြင့် ထွက်ပြေးရမည့် အနေအထား ဖြစ်နေသည်ဟု ဆိုသည်။ 

ယခုအခါ လူကုန်ကူးမှုဂိုဏ်းသည် ဒုက္ခသည် စခန်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ စစ်တပ်တို့နှင့် ပူးပေါင်း၍ စက်လှေ ၁၀ စီး စီစဉ်လျက် ရှိသည်ဟု သိရသည်။ စက်လှေများမှာ လူ ၇၀၀ ခန့်ဆံ့သည့် စက်လှေများ ဖြစ်ပြီး၊ လူတစ်ဦးလျှင် ငွေကျပ် (၃) သိန်းဖြင့် မလေးရှားနိုင်ငံသို့ ခေါ်ဆောင်သွားမည်ဟု သိရှိရသည်။ 

စာရင်းမဲ့ ဖြစ်နေသည့် ဒုက္ခသည် များသည် ဘောဒူဖ တောင်နှင့် မြောက်တွင် နေထိုင်ကြပြီး၊ ဘောဒူဖ တောင်ဘက်တွင် ပေါက်တောမြို့မှ ပြောင်းရွှေ့လာသည့် ဒုက္ခသည် အချို့နှင့် ဒေသခံ ဒုက္ခသည် အချို့ရှိသည်။ ဘောဒူဖ မြောက်ဘက်တွင် မြေပုံမှ ပြောင်းရွှေ့လာသည့် ဒုက္ခသည် အချို့နှင့် ဒေသခံ ဒုက္ခသည် အချို့ရှိသည်။ ဆေးသမား ကျေးရွာတွင် ပေါက်တောမှ ဒုက္ခသည် အချို့နှင့် ဒေသခံ ဒုက္ခသည် အချို့ နေထိုင်ကြသည်။ အုန်းတော မြောက်ပိုင်းတွင် ဒေသခံ အချို့၊ မင်းပြားနှင့် ကျောက်တော်တို့မှ ပြောင်းရွှေ့ လာသည့် ဒုက္ခသည်များ နေထိုင်လျက် ရှိသည်။ မန်စီ ကျေးရွာတွင် သံတော်လီမှ ဒုက္ခသည် အချို့နေထိုင်လျက် ရှိပြီး၊ သံတော်လီရှိ လယ်ပြင်တွင် ဘုမေ (၁၅)၊ (၁၆) မှ ပြောင်းရွှေ့လာသည့် ဒုက္ခသည်များ နေထိုင်ကြသည်။ 

စာရင်းမဲ့ ဖြစ်နေသည့် ဒုက္ခသည် ၈၆၆၀ ကျော်မှာ မည်သည့် အဖွဲ့အစည်းမှ အထောက်အပံ့ မရသဖြင့် စားဝတ်နေရေး အလွန်ခက်ခဲလျက် ရှိပြီး၊ အထောက်အပံ့များ ရရှိရန် အလွန် မျှော်လင့်လျက် ရှိသည်ဟု ဒုက္ခသည်များက ပြောပါသည်။



RB News
7.2.2016

ဘူးသီးတောင် ။ ။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရခိုင်ပြည်နယ်၌ ပြင်းထန်စွာ မုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ရေကြီးခဲ့ပြီး၊ အိုးအိမ်များ ပျက်စီးခြင်း၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးခြင်း၊ အိမ်မွေး တိရစ္ဆာန်များ သေကြေပျက်စီးခြင်း၊ စားသုံးကုန် ပစ္စည်းများ ပျက်စီးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုသို့ သဘာဝ ဘေးအန္တရာယ် ခံစားနေရသည့် ပြည်သူများကို နိုင်ငံတကာမှ အကူအညီ ပေးရေး အဖွဲ့များ လာရောက်၍ ထောက်ပံ့ ကူညီပေးခဲ့သည်။ ၎င်းတို့ ကူညီ ထောက်ပံ့ပေးသည့် ပစ္စည်းများကို ဘူးသီးတောင် မြို့နယ် ဆေးအိုးကျ ကျေးရွာအုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟူစိန်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည့် အငြိမ်းစား ကျောင်းဆရာ ဦးဆွေယောတ်အာမတ် (ဘ) ဦးအေကာရာမ်အလီ၊ ကျေးရွာ စာရေး ဦးအီမာန်ဟူစိန်း (ဘ) ဦးဆွေယောဒ်ဟူစိန်း၊ ရာအိမ်မှူး ဦးမာမတ်ဆီဒိတ် (ဘ) ဦးမိုဇေရ်မျာ နှင့် ဦးကော်ရီမူလ္လာ (ဘ) ဦးဇောဘော်ရ် တို့က အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ပညာရေး အတွက် ကျောင်းသား/သူ များအား နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီ ပေးခဲ့သည့် ငွေများနှင့် မုန့်ထုပ်များကို ကျောင်းသား/သူ များအား အနည်းငယ် ဝေငှပေးပြီး အများစုကို ကျောင်းအထွေထွေ လုပ်သား ဦးရှော်ရီဖ်ဟူစိန်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က ပြင်ပသို့ ရောင်းချခဲ့ပြီး ရရှိသည့် ငွေများဖြင့် ၎င်းတို့၏ နေအိမ်များ ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။ ဆောက်လုပ်ခဲ့သည့် နေအိမ်များ၏ တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ငွေကျပ် သိန်း (၇၀) ခန့်စီ ရှိလိမ့်မည်ဟု ဒေသခံများက ပြောပါသည်။ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအထွေထွေ လုပ်သား တို့သည် ယခင်က လယ်ယာမဲ့၊ ပိုင်ဆိုင်မှုမဲ့၊ စီးပွားရေး လုပ်ငန်း မရှိသူများ ဖြစ်ကြပြီး၊ အလွဲသုံးစား ပြုလုပ်သည့် ငွေများဖြင့်သာ ယခုကဲ့သို့ ဆောက်လုပ်နိုင်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ 

မုန်တိုင်းကြောင့် ပျက်စီး သွားခဲ့သည့် ဘာသာရေး အဆောက်အဦများ ပြန်လည် ပြုပြင်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သည်။ ထိုသို့ ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် ကျေးရွာမှ ပြည်သူများနှင့် အလှူရှင်များ ပူးပေါင်း၍ ဗလီများနှင့် အာရဗီ စာသင်ကျောင်းများ ပြုပြင်ခဲ့သည်။ ဆေးအိုးကျ ကျေးရွာအုပ်စုတွင် ဗလီနှင့် အရဗီ စာသင်ကျောင်း (၈) ကျောင်း ပြုပြင်ခဲ့ပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က မြို့နယ် အုပ်ချုပ်ရေးမှူးက ငွေတောင်းသည်ဟု ဆိုကာ ဂေါပကများကို ခြိမ်းခြောက်၍ ပထမ အကြိမ်တွင် ငွေကျပ် (၄၂) သိန်း၊ ဒုတိယ အကြိမ်တွင် ငွေကျပ် (၂၄) သိန်း တောင်းယူ၍ ငွေကျပ် (၁၅) သိန်းကိုသာ မြို့နယ် အုပ်ချုပ်ရေးမှူးကို ပေးအပ်ပြီး ကျန်သည့် ငွေများကို အလွဲသုံးစား ပြုလုပ်ခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူးအား ပေးခဲ့သည့် ငွေကျပ် (၁၅) သိန်းကို ၎င်းတို့ ကိုယ်တိုင် သွားရောက် ပေးခဲ့ခြင်း မဟုတ်ဘဲ ရွက်ညိုတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဏ္ဏ၀ါမှ တဆင့် ပေးပို့ခဲ့သည်။ ဦးအဏ္ဏ၀ါ ဆိုသူသည် မြို့နယ် အုပ်ချုပ်ရေးမှူး၏ အကျိုးဆောင် ပွဲစား ဖြစ်၍ အနီးပတ်ဝန်းကျင်ရှိ အုပ်ချုပ်ရေးမှူးများ တစ်စုံတစ်ရာ အရေးကြုံလာလျှင် ငွေကြေးဖြင့် ကူညီဆောင်ရွက် ပေးသူ ဖြစ်ကြောင်း သိရသည်။ 

လွန်ခဲ့သည့် ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ဆေးအိုးကျ ကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် မဲမသာမှုဖြင့် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟူစိန်းက အနိုင်ရရှိခဲ့သည်။ ၎င်းသည် နှစ်ပေါင်းများစွာ မင်းဆိုးကဲ့သို့ အုပ်ချုပ်လာသဖြင့် ကျေးရွာ ပြည်သူ ၉၀% ခန့်က အနိုင်ရရှိသည်ကို မကျေနပ်ကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူး အပေါ် မကျေနပ်သူ များက မြို့နယ် အုပ်ချုပ်ရေးမှူး အမည်ဖြင့် ငွေကျပ် (၆၆) သိန်း တောင်းယူသည့် ကိစ္စကို မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးက ဦးနူရ်ဟူစိန်းကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးမှ ပယ်ရှားခဲ့သည်။ ဦးနူရ်ဟူစိန်းက ရာထူး ပြန်လည် ရရှိရေးအတွက် ရွက်ညိုတောင် အုပ်ချုပ်ရေးမှူး ဦးအဏ္ဏ၀ါကို ပွဲစားငှားကာ ငွေကျပ် သိန်း (၅၀) ပေးထားကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ငွေကျပ် သိန်း (၅၀) မှာ အရဗီကျောင်း၏ ရန်ပုံငွေ ဖြစ်ပြီး၊ အငြိမ်းစား ကျောင်းဆရာ ဦးဆွေယောဒ်အာမတ်၏ လက်ဝယ်တွင် ရှိသည့်ငွေများ ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် အုပ်ချုပ်ရေးမှူး၏ ယောက်ဖအရင်း ဖြစ်သောကြောင့် ယခုကဲ့သို့ ပူးပေါင်း၍ အလွဲသုံးစား ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောပါသည်။ 

ဒေသခံများက ယခုကဲ့သို့ အများပိုင် ပစ္စည်း၊ ငွေကြေးများကို အလွဲသုံးစား ပြုလုပ်နေခြင်းမှ ရပ်တန့်၍ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် အာဏာပိုင်များထံ တောင်းဆိုသည်ဟု ပြောပါသည်။



MYARF
RB News
7.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင် ကျေးရွာတွင် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို နယ်ခြားစောင့်ရဲ များက ရက်စက်စွာ ရိုက်နှက်ခဲ့သည့် အပြင် ငွေကျပ် (၄) သိန်းလည်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၄) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး၏ တပည့်ဖြစ်သူ အပါအ၀င် နယ်ခြားစောင့်ရဲ (၃) ဦးသည် ဘုရားပြင်အောင်ပ ကျေးရွာမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ သတင်းပေးများ ဖြစ်သော ဦးကာလာမျာ၊ ဦးရှိရာတို့နှင့် အတူ သိမ်တောင်ပြင် ကျေးရွာသို့ သွားရောက်၍ ယင်းကျေးရွာရှိ သတင်းပေး ဦးအဒူရော်ရှိတ် (ဘ) ဦးဂူလာမ်ကာဒီရ်၏ အိမ်သို့ ၀င်ရောက်ပြီး အရက်သေစာ သောက်သုံးခဲ့သည်။ 

ထို့နောက် အဆိုပါအဖွဲ့သည် ည (၈) နာရီခန့် အချိန်တွင် BD ပြေး တရားခံများ ရှာဖွေရန်ဟု ဆိုကာ အိမ်တစ်အိမ်ကို ၀င်ရောက် စီးနင်းပြီး စစ်ဆေးခဲ့သည်။ သို့သော်လည်း ယင်းအိမ်တွင် မည်သည့် BD ပြေး တရားခံ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့သဖြင့် နီးစပ်ရာ အခြားအိမ် နှစ်အိမ်ကို ၀င်ရောက်ပြီး၊ ဦးအဒူရှော်ရိဖ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၃၂ နှစ်) နှင့် ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးအဒူဆောလာမ် (အသက် ၂၅ နှစ်) တို့ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် အဆိုပါ အပြစ်မဲ့ နှစ်ဦးကို နယ်ခြားစောင့်ရဲ များက ဒေါသတကြီးဖြင့် နေအိမ်များ အပြင်သို့ ခေါ်ထုတ်လာပြီး လူမဆန်စွာ ရက်ရက်စက်စက် ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ ထို့အပြင် ငွေကျပ် (၄) သိန်းလည်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများ ရွာထဲသို့ ရောက်ရှိလာကြောင်း BD ပြေး တရားခံများကို အသိပေးခဲ့သောကြောင့် တရားခံများ သတင်း ရရှိပြီး ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

အလားတူ ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း ကြိမ်ချောင်းဈေးမှ စံကားပြင်း ကျေးရွာသို့ ပြန်နေသည့် လူငယ်နှစ်ဦး၏ ဆိုင်ကယ်ထဲသို့ WY ဆေးပြားများ ထည့်သွင်း ပေးပြီး လုပ်ကြံ ဖမ်းဆီးကာ နောက်နေ့တွင် ဘူးသီးတောင် အကျဉ်းထောင်သို့ လွှဲပြောင်း ပေးခဲ့သည်။ 

ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် ထင်ရာစိုင်းနေကြသည့် နယ်ခြားစောင့်ရဲ များ၏ ရိုဟင်ဂျာများ အပေါ် လုပ်ရပ်များမှာ ခေတ်အဆက်ဆက်တွင် အာဏာရှင် အုပ်စု၏ ဖိနှိပ် ချုပ်ချယ်မှု၊ ခွဲခြား ဆက်ဆံမှု၊ လူမျိုးတုန်း သတ်ဖြတ်မှု ဆိုသည်ထက် ပိုလွန်နေကြောင်း၊ အောက်ခြေ အာဏာပိုင်များ၏ ထင်ရာစိုင်း ဖိနှိပ်နေမှုကို ပြည်ထောင်စု အစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးရန် ဒေသခံ ပြည်သူများက အထူး လိုလား မျှော်လင့်နေသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
6.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မောင်တော မြို့ပေါ် အနောက်ဘက် လမ်းမကြီး တစ်လျှောက်၌ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် ၇း၄၅ နာရီ အချိန်တွင် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ ဦးဆောင်၍ မောင်တောရှိ အစိုးရ ဌာနဆိုင်ရာ ပေါင်းစုံမှ ၀န်ထမ်း အင်အား ၃၀၀ ကျော်တို့သည် ဗီနိုင်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ် ကျင်းပခဲ့သည်။

ဆန္ဒပြပွဲတွင် အများဆုံး ပါဝင်သူများမှာ ပညာရေးဌာနမှ ဆရာ/မ များ ဖြစ်ကြပြီး၊ ဆန္ဒပြပွဲကို အကြောင်းပြ၍ မောင်တောရှိ ဆင်ခြေဖုံး ရပ်ကွက်ရှိ ကျောင်းအချို့တွင် ဆရာ/မ သွားရောက်၍ ပညာသင်ကြား ပေးခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

ဆန္ဒပြပွဲတွင် ပါဝင်သူများသည် “နိုင်ငံတော် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး -- ဒို့အရေး .. ဒို့အရေး”၊ “နယ်စပ်ဒေသ လုံခြုံရေး -- ဒို့အရေး .. ဒို့အရေး”၊ “တိုင်းရင်းသား ပေါင်းစုံ ညီလာခံ ကျင်းပရေးကို ကြိုဆိုခြင်း” အချက် (၃) ချက်ကို တောင်းဆိုခဲ့သည်။ 

လမ်းတစ်လျှောက် ဆန္ဒဖော်ထုတ်ပြီးနောက် ဆန္ဒပြပွဲတွင် ပါဝင်သူများသည် သီရိမင်္ဂလာ ခန်းမထဲသို့ ၀င်ရောက် သွားခဲ့သည်။ အဆိုပါ ခန်းမထဲတွင် အစည်းအဝေး ကျင်းပခဲ့ပြီး၊ ထိုစဉ် လမ်းမတစ်လျှောက်တွင် လုံခြုံရေး အပြည့်ချထားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နိုင်ငံတော် အေးချမ်း သာယာရေးကို ဦးတည်သည့် လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိသည့် အနိုင်ရပါတီမှ အစိုးရသစ် တစ်ရပ် ဖွဲ့စည်းနေချိန်တွင် လက်ရှိ အစိုးရ အာဏာပိုင်များ ဦးဆောင်ပြီး ဆန္ဒပြ တောင်းဆိုခြင်းသည် ဒေသခံ ရိုဟင်ဂျာ လူမျိုး တစ်မျိုးတည်း၏ ဖိနှိပ်ခံ၊ ညှဉ်းပန်း နှိပ်စက်ခံ ဘ၀ အခြေအနေကို လက်ရှိ အစိုးရ၏ မူဝါဒ အတိုင်း ကိုင်တွယ် ကျင့်သုံးရန် အတွက် နောက်တက်လာမည့် အစိုးရသစ်ကို ဆန္ဒပြနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

နယ်စပ်ဒေသ လုံခြုံရေးဟု ဆန္ဒပြ တောင်းဆိုနေခြင်းမှာလည်း သဘာဝ မကျဟု ဆိုသည်။ မောင်တော ခရိုင်တွင် န.စ.က လက်ထက်မှ စ၍ နှစ်စဉ် ဆွဲ၊တင်၊စစ် ပြုလုပ်လျက် ရှိသည်။ ဆွဲ၊တင်၊စစ် အစီရင်ခံစာ အရဆိုလျှင် မောင်တော ခရိုင်တွင် မည်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားမှ ခိုးဝင် နေထိုင်ခြင်း မရှိသည်မှာ ထင်ရှားလျက် ရှိကြောင်း၊ အမှန်စင်စစ်မှာ ယခု လက်ရှိ အစိုးရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင် များကို ခေါ်ယူလာပြီး၊ ဒေသခံ ရိုဟင်ဂျာများ၏ မြေယာများကို လုယက်၍ ပေးနေခြင်းသာ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ဒေသခံများက ၎င်းတို့ လူမျိုးတစ်မျိုးတည်း ကိုသာ ပစ်မှတ်ထား၍ ဖိနှိပ်နေခြင်းမှာ အလွန် လူ့အခွင့်အရေး ချိုးဖောက် နေခြင်းသာ ဖြစ်ပြီး၊ ၂၀၁၂ ကဲ့သို့ ပြဿနာများ ပေါ်ပေါက်လာမည်ကိုလည်း အလွန်စိုးရိမ်လျက် ရှိနေကြကြောင်း၊ နောက်တက်လာမည့် အစိုးရအနေဖြင့် ရိုဟင်ဂျာများ ရသင့်ရထိုက်သည့် လူ့ဂုဏ်သိက္ခာ၊ အခွင့်အရေးများကို ပေးသွားမည်ဟု မျှော်လင့်လျက် ရှိသည်ဟု ဆိုသည်။



MYARF
RB News
6.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ စေတီပြင်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်း တာဝန်ခံ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၄) ဦးသည် လောင်းဒုံ ကျေးရွာအုပ်စု၊ စေတီပြင်ရွာမှ နူရ်ကာမာလ် (ဘ) ဦးအာဘူဆော်ယာဒ် အပါအ၀င် သတင်းပေး နှစ်ဦးနှင့် အတူ ဖေဖော်ဝါရီလ (၅) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာ (၂၀၁၄ ခုနှစ် မီးဘေးသင့် ဒုက္ခသည်များ ရှိသည့်ရွာ) သို့သွားရောက်၍ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ၀က်ရူးပြန် ရောဂါထ၍ စမ်းချောင်းထဲသို့ လဲကျကာ သေဆုံးခဲ့သည့် မာမတ်ရော်ဖိတ် (ဘ) ဦးအာဘူလ်ဟာရှိမ်ကို မြေမြှပ်ရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား သတင်းပို့ရန် ပျက်ကွက်ခဲ့သောကြောင့် ဦးအာဘူလ်ဟာရှိမ်ကို ဖမ်းဆီးရန် ရောက်လာသည်ဟု အကြောင်းပြသော်လည်း ဦးအာဘူလ်ဟာရှိမ်၏ အိမ်သို့ မ၀င်ဘဲ ဦးဆော်ယာဒ်အာလောမ် (ဘ) ဦးအာဘူအာလောမ်နှင့် ဦးဆော်ယာဒ်အာမတ် တို့၏ နေအိမ်များသို့ အုပ်စု နှစ်စုခွဲ၍ ၀င်ခဲ့သည်။ 

နယ်ခြားစောင့်ရဲများ အိမ်များထဲသို့ ၀င်သွားသည့် အခါ သတင်းပေးများက တံခါးအ၀တွင် စောင့်နေခဲ့သည်။ ဦးဆော်ယာဒ်အာလောမ်၏ အိမ်တွင် လင်မယား နှစ်ဦးသာ ရှိသည်။ ၎င်းတို့ လက်ထပ်ထားသည်မှာ နှစ်နှစ်ကျော် ရှိပြီး ဖြစ်သော်လည်း သားသမီး ထွန်းကားခြင်း မရှိသေးကြောင်း သိရသည်။ နယ်ခြားစောင့်ရဲ များက အိမ်ထဲသို့ ၀င်ဝင်ချင်း မိုဘိုင်ဖုန်း ထုတ်ပေးရန် ဖုန်းတောင်းခဲ့သည်။ အိမ်ရှင် ဦးဆော်ယာဒ်အာလောမ်က ဖုန်းမရှိသည့် အပြင် ဖုန်းလည်း မသုံးတတ်ကြောင်း ဖြေကြားရာ၊ နယ်ခြားစောင့်ရဲ များက ၎င်းကို လက်ထိပ်ခတ်၍ ခြေထောက်ကို ကြိုးဖြင့် ချည်နှောင်က ရိုက်နှက် ထိုးကြိတ်၍ အိမ်အပြင်သို့ ထုတ်ထားခဲ့သည်။ 

ထို့နောက် ၎င်း၏ ဇနီး ဒေါ် ------- (ဘ) ---- (အသက် ၂၅ နှစ်) ကို ရိုက်နှက်၍ နယ်ခြားစောင့်ရဲ များက အကြိမ်ကြိမ် အတင်းအဓမ္မ မုဒိန်းကျင့်ခဲ့သည်။ 

အလားတူ ဦးဆော်ယာဒ်အာလောမ်၏ အိမ်သို့ ၀င်ရောက်ပြီးနောက်လည်း ဖုန်းတောင်းခဲ့သည်။ ဦးဆော်ယာဒ်အာလောမ်က ၎င်းတွင် ဖုန်းမရှိကြောင်း ဖြေကြားရာ နယ်ခြားစောင့်ရဲ များက ရိုက်နှက် ထိုးကြိတ်ပြီး ၎င်းနှင့် အတူ မိသားစုဝင် အားလုံး၏ လက်များနှင့် ခြေထောက်များကို ကြိုးဖြင့် ချည်နှောင်ကာ အိမ်အပြင်သို့ ထုတ်ထားခဲ့သည်။ ထို့နောက် ၎င်း၏ သမီးဖြစ်သူ မုဆိုးမ ဒေါ် ----- (အသက် ၂၈ နှစ်) ကို ရိုက်နှက်၍ အကြိမ်ကြိမ် မုဒိန်းကျင့်ခဲ့သည်။ 

အမျိုးသမီးနှစ်ဦးက အကြိမ်ကြိမ် မုဒိန်းကျင့်သည်ကို မခံနိုင်တော့၍ အော်ဟစ်ကာ အိမ်နီးချင်းများ ထံမှ အကူအညီ တောင်းခံခဲ့သည်။ အမျိုးသမီးများ အော်ဟစ် နေသောကြောင့် မိသားစုများကလည်း အော်ဟစ် အကူအညီ တောင်းခံခဲ့သည်။ ၎င်းတို့၏ အော်ဟစ်သံ များကြောင့် အိမ်နီးချင်းများ စုဝေး ရောက်ရှိလာသဖြင့် နယ်ခြားစောင့်ရဲ များက လက်ထိပ်ကို ပြန်ဖြုတ်ယူကာ ထွက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရွာသားများက ဆူပူမှု ဖြစ်မည်ကို ကြောက်ရွံ၍ နယ်ခြားစောင့်ရဲ များကို လိုက်လံ ဖမ်းဆီးခြင်း မပြုလုပ်ဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်လိမ်ထံ ချက်ချင်း တိုင်ကြားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ယနေ့ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ အိမ်များသို့ သွားရောက် စစ်ဆေးကာ၊ အိမ်ရှင်များနှင့် မုဒိန်းကျင့်ခံရသည့် အမျိုးသမီးများကိုပါ ခေါ်ယူ၍ ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ရဲမှူးကြီး ကျော်တေဇာထံ သွားရောက် တိုင်ကြားခဲ့သည်။ 

တပ်ရင်းမှူးက အမျိုးသမီး နှစ်ဦးကို စစ်ဆေးပြီးနောက် နယ်ခြားစောင့်ရဲများ စေလွှတ်ပြီး မုဒိန်းမှု ကျူးလွန်ခဲ့သည့် နယ်ခြားစောင့်ရဲ များကို ဆင့်ခေါ်ခဲ့သည်။ 

မုဒိန်းကျင့်ခံရသည့် အမျိုးသမီး နှစ်ဦး၊ မိသားစု များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့သည် ညနေ နေ၀င်ပြီးသည့် အချိန်ထိ ရွာသို့ ပြန်လည် ရောက်ရှိ လာခြင်း မရှိဘဲ တပ်ရင်းမှူး၏ စစ်ဆေးမှုကို ခံယူနေကြကြောင်း သိရှိရသည်။ 

အမျိုးသမီး နှစ်ဦးသည် နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုနှင့် အဓမ္မပြုကျင့် ခံရမှုကြောင့် ဒဏ်ရာများ ရရှိ၍ ကျန်းမာရေး အခြေအနေ ဆိုးရွားလျက် ရှိနေသည်။ 

အဆိုပါ စေတီပြင် စခန်းမှ နယ်ခြားစောင့်ရဲ များသည် လမ်းသွားလမ်းလာ ရိုဟင်ဂျာ အမျိုးသမီး များကို အမြဲတစေ မဖွယ်မရာ ပြုလုပ်၍ ဆက်ဆံလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ တပ်ရင်းမှူး ဦးကျော်တေဇာသည် ယခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းတွင် တောင်ပြို အခြေစိုက် အမှတ် (၃) နယ်မြေမှ ပြောင်းရွှေ့လာသူ ဖြစ်သည်။ တပ်ရင်းမှူးသည် ၎င်း၏ တပ်ဖွဲ့ဝင်များကို ဥပဒေဘောင် အတွင်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသူ ဖြစ်သည်ဟု သိရှိရသည်။ အကယ်၍ တပ်ဖွဲ့ဝင်များ ကျူးလွန်လာပါက ဥပဒေနှင့် အညီ ပြင်းပြင်းထန်ထန် အရေးယူလေ့ ရှိသော နိုင်ငံတော် သစ္စာခံ အရာရှိကောင်း တစ်ဦးဖြစ်သည်ဟု တောင်ပြို ဒေသခံများက ချီးကျူး ပြောဆိုနေကြသည်။ ယခုလည်း တပ်ရင်းမှူးက ဥပဒေဘောင် အတွင်းမှ မှန်မှန်ကန်ကန် အရေးယူ ဖြေရှင်း ပေးမည်ဟု ဒေသခံများက ယုံကြည်နေကြသည်။



MYARF
RB News
6.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း စံကားပြင်း ကျေးရွာမှ ဦးအာဘူတော်ယုဖ် (ဘ) ဦးရှောမ်ရှု (အသက် ၃၂ နှစ်) နှင့် ဦးကူရှိတ်အာလောမ် (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၂၈ နှစ်) တို့သည် ဖေဖော်ဝါရီလ (၁) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကြိမ်ချောင်းဈေးမှ ဈေးဝယ်ပြီး အိမ်ပြန်စေဉ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ ဂိတ်ဝတွင် အစောင့်ကျနေသည့် နယ်ခြားစောင့်ရဲ၏ ခိုင်းစေချက်အရ ကြိမ်ချောင်း အလယ်ရွာမှ သတင်းပေး နူရ်ဂျူဟာရ် (ခ) မော်ရစ္ချာ (ဘ) ဦးအဒူဂေါဖ်ဖာရ်က ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် တစ်ထောင်စီ ပေးရမည်ဟု ဆိုက ငွေကျပ် တစ်ထောင် တောင်ခံခဲ့သည်။ 

ဆိုင်ကယ် ပိုင်ရှင် ဦးအာဘူတော်ယုဖ်က အဘယ်ကြောင့် ငွေကျပ် တစ်ထောင် ပေးရမည်နည်းဟု ဆိုကာ ငွေပေးရန် ငြင်းဆန်ခဲ့သည်။ သို့ဖြစ်၍ နယ်ခြားစောင့်ရဲ၏ ရှေ့မှောက်တွင် နှစ်ဦး အပြန်အလှန် စကားများခဲ့သည်။ စကားများ နေစဉ် နူရ်ဂျူဟာရ်က အသင့်ပြင်ထားသော WY ဆေးပြား ၂၀ လုံးကို ဦးအာဘူတော်ယုဖ်၏ ဆိုင်ကယ်ထဲသို့ ထည့်ပေးခဲ့သည်။ 

သတင်းပေး နူရ်ဂျူဟာရ်က WY များထည့်ပေးပြီးသည်နှင့် နယ်ခြားစောင့်ရဲက ဦးအာဘူတော်ယုဖ်၏ ဆိုင်ကယ်ကို စစ်ဆေးမည်ဟု ဆိုကာ စစ်ဆေးရာတွင် နူရ်ဂျူဟာရ် ထည့်ထားသည့် WY ဆေးပြားများကို တွေ့ရှိ၍ ဦးအာဘူတော်ယုဖ်နှင့် ဦးကူရှိတ်အာလောမ် တို့နှစ်ဦးလုံးကို ဖမ်းဆီး ချုပ်နှောင်ခဲ့သည်။ ဖမ်းဆီးခံရသည့် အပြစ်မဲ့ နှစ်ဦးက အဆိုပါ ဆေးပြားများမှာ နူရ်ဂျူဟာရ် ထည့်ပေးထားသည့် ဆေးပြားများသာ ဖြစ်ကြောင်း ၎င်းတို့၏ ဆေးပြားများ မဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုသော်လည်း နယ်ခြားစောင့်ရဲက နားမထောင်ဘဲ ၎င်းတို့ကို ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းတို့ နှစ်ဦးထံမှ ငွေကျပ် သိန်း ၅၀ တောင်းခံခဲ့သည်။ ၎င်းတို့က အပြစ်မဲ့များ ဖြစ်သောကြောင့် ငွေပေးရန် ငြင်းဆန်ခဲ့သည်။ 

ထိုစဉ် လိပ်ရကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေ စခန်းမှ ရဲမှူး (နယ်မြေမှူး) ရောက်ရှိလာပြီး၊ ဖမ်းဆီးခံထားရသူ နှစ်ဦးနှင့် ပတ်သက်၍ မေးမြန်းရာ WY နှင့် ဖမ်းဆီးခဲ့သည်ဟု ဖြေဆိုခဲ့သည်။ ထို့နောက် ရဲမှူးက ငွေညှစ်၍ ပြန်လည် လွှတ်မပေးရန်၊ အမှုဖွင့်၍ တရားရုံးသို့ ပို့ရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် နယ်ခြားစောင့်ရဲ များက ငွေညှစ်၍ ပြန်မလွှတ်နိုင်တော့ဘဲ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မောင်တော တရားရုံးသို့ ပို့ကာ ထိုမှ တဆင့် ဘူးသီးတောင် အကျဉ်းထောင် ခြံဝင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
5.2.2016

မောင်တော ။ ။ ဖေဖော်ဝါရီလ (၄) ရက်နေ့ နေ့လည် ၁၂း၄၅ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ တမန်းသား ကျေးရွာဈေး၏ အနောက်မြောက်ဘက်ရှိ ဦးဆော်လီမူလ္လာ (ဘ) ဦးနူရ်အာမတ်၏ နေအိမ်မှ စ၍ မီးစတင် လောင်ကျွမ်းပြီး အိမ်ခြေ (၂၆) လုံး မီးလောင်၍ ပြာကျခဲ့ရသည်။ အိမ်အများစုမှာ ပူးတွဲအိမ်များ ဖြစ်ကြသည်။ ယင်းအိမ် (၂၆) လုံးတွင် မိသားစု (၄၁) စုရှိသည်။ 

မီးလောင်မှုကြောင့် အမျိုးသား (၈၃) ဦးနှင့် အမျိုးသမီး (၁၂၅) ဦး အိုးအိမ်မဲ့ ဖြစ်သွားရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နှစ်နာရီခန့် မီးလောင်ကျွမ်းခဲ့ပြီး၊ အချို့ လယ်သမားများ၏ နေအိမ်များတွင် စပါးများလည်း ရှိရာ၊ စပါးများပါ မီးလောင် ပျက်စီးခဲ့သည်။ အိမ်များ အတွင်းရှိ ဥစ္စာ ပစ္စည်းများ အားလုံးလည်း ပါဝင်သွားပြီး၊ မီးလောင်မှု ဖြစ်ပွားနေစဉ် လေတိုက်နှုန်း မြင့်လာသောကြောင့် နေအိမ် အမြောက်အမြား မီးလောင် သွားခဲ့ခြင်း ဖြစ်သည်။

ရွာသားများ ၀ိုင်းဝန်း မီးငြိမ်းသတ်နေစဉ် တမန်းသားရှိ နယ်ခြားစောင့်ရဲ များနှင့် စစ်သားများ ရောက်ရှိလာပြီး ရွာသားများနှင့် အတူ မီးငြိမ်းသတ်ခဲ့သည်။ မီးငြိမ်းသတ် နေစဉ် ရွာသား အချို့ ဒဏ်ရာ ရရှိခဲ့သည်။ 

နယ်ခြားစောင့်ရဲ များနှင့် စစ်သားများက မီးလောင် ပျက်စီးခံရသည့် နေအိမ်များ၏ စာရင်းများ ကောက်ခံ ပြုစုခဲ့ပြီး ရွာသားများကို အားပေး စကား ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက မီးလောင် ပျက်စီးခံရသူ များအား တဲထိုးပေးရန် ၀ါး ၂၁၀၀ လုံး လှူဒါန်း ထောက်ပံ့ခဲ့သည်။ စားနပ် ရိက္ခာများလည်း ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ 

နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် MALTESER အဖွဲ့ ရောက်ရှိလာပြီး ဒဏ်ရာ ရရှိသူများကို ဆေးကုသ ပေးခဲ့သည်။ UNHCR မှ ၀န်ထမ်းများ ရောက်ရှိလာပြီး စာရင်းများ ပြုစုခဲ့သည်။ မီးစတင် လောင်ကျွမ်းခဲ့သည့် အိမ်မှ အိမ်ရှင်သည် ကြောက်လန့်၍ တိမ်းရှောင် လျက်ရှိသည်။ အိုးအိမ်မဲ့ ဖြစ်သွားသည့် မီးဘေးသင့် များသည် ရွာထဲရှိ ဆွေမျိုးများ၏ အိမ်များတွင် ယာယီ ခိုလှုံလျက် ရှိသည်။

ရွာသာများက မီးဘေးသင့် ဒုက္ခသည်များကို ညစာ အတွက် ဆန်၊ ငါးခြောက်၊ ငရုတ်သီး စသည်များ ထောက်ပံ့ ပေးသည်။ အနီးအနားရှိ ရွာများမှလည်း ဆန်များ ထောက်ပံ့ပေးသည်။ အာဏာပိုင်များက ခွင့်ပြုမည် ဆိုလျှင် AZG (MSF) ကလည်း ကူညီရန် အသင့်ရှိသည်ဟု AZG တာဝန်ခံ များက ပြောကြားခဲ့သည်။ 

တမန်းသား ကျေးရွာသည် မောင်တော မြို့နှင့် ၃၂ မိုင်ခန့် အကွာတွင် ရှိသဖြင့် မောင်တော မြို့ရှိ မီးသတ်ကားများ လာရောက် ကူညီနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မီးလောင်မှု စတင် ဖြစ်ပွားသည့် အိမ်တွင် မီးစတင် လောင်ကျွမ်းစဉ် တစ်ဦးမှ မရှိခဲ့သည့် အချိန် ဖြစ်သည်။ မိသားစုဝင်များ အားလုံး နေ့လည်စာ စားသောက်ပြီး အိမ်ကို သော့ခတ်ကာ စိုက်ခင်းသို့ သွားရောက်နေသည့် အချိန်ဖြစ်သည်။ နေ့လည်စာ ချက်ပြုတ်ပြီး မီးမငြိမ်းဘဲ မီးဖိုတွင် မီးထားကာ စိုက်ခင်းသို့ သွားနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရွာသားများက သုံးသပ် နေကြသည်။



MYARF
RB News
5.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးစကြူး ကျေးရွာအုပ်စု ပန်းမြောင်ရွာမှ ဦးအာဘူလ်ဟာရှိမ်၏ သား မာမတ်ရော်ဖိတ် (အသက် ၁၇ နှစ်) သည် ငယ်စဉ် ကတည်းကပင် ၀က်ရူးပြန် ရောဂါ ဝေဒနာသည် တစ်ဦး ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ပန်းမြောင်ရွာ မီးလောင်ခံရပြီး နောက်ပိုင်းတွင် မာမတ်ရော်ဖိတ် တို့မိသားစုသည် ထင်းခုတ် ရောင်းချ၍ အသက်မွေး ၀မ်းကျောင်း ပြုနေရသည်။ 

ဖေဖော်ဝါရီလ (၂) ရက်နေ့ နံနက်ပိုင်းတွင် မာမတ်ရော်ဖိတ်သည် ထင်းခုတ်ရန် တောင်ပေါ်သို့ သွားခဲ့သည်။ တောတောင်ထဲတွင် ၀က်ရူးပြန် ရောဂါ ထ၍ စမ်းချောင်းထဲသို့ လဲကျကာ သေဆုံး သွားခဲ့သည်။ မိသားစုက သတင်းကြား၍ မာမတ်ရော်ဖိတ်၏ ရုပ်အလောင်းကို အိမ်သို့ သယ်လာကာ မြေမြှပ်ရန် ပြင်ဆင်နေစဉ် ငါးစကြူး ကျေးရွာအုပ်စု လိပ်အိုင်ရွာ (နိယာရ်ဘိလ်) မှ ရာအိမ်မှူး ဦးနုရ်မာမတ် (ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း၏ သတင်းပေး) ရောက်ရှိလာပြီး၊ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ရင်းမှူး၏ ခိုင်းစေချက် အရ လာရောက် ရသည်ဟု ဆိုကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ခွင့်ပြုချက် မရဘဲ အလောင်းကို မြေမမြှပ်ရန် ပြောကြားခဲ့သည်။ 

ဆက်လက်ပြီး တပ်ရင်းမှူးအား ငွေကျပ် တစ်သိန်း ပေးမှသာ မြေမြှပ်ခွင့် ရမည်ဟု ပြောကြား၍ ငွေကျပ် တစ်သိန်း တောင်းခံခဲ့သည်။ မာမတ်ရော်ဖိတ်၏ မိသားစုသည် အလွန်ဆင်းရဲ၍ ငွေကျပ် တစ်သိန်း မတတ်နိုင်၍ ရွာထဲတွင် အလှူခံခဲ့သည်။ အလှူခံ၍ ရသည့် ငွေကျပ် ၇၅၀၀၀/- ကို ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဦးနူရ်မာမတ်၏ လက်ထဲသို့ ပေးမှသာ အလောင်းကို မြေမြှပ်ခွင့် ပြုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရောဂါကြောင့် သေဆုံးခဲ့ရသူ ဆင်းရဲသား မိသားစု မြေမြှပ်ခွင့် ရရေး အတွက် ငွေညှစ်ယူသော နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ လုပ်ရပ်မှာ အလွန်ပင် ရက်စက် ကြမ်းကြုတ်ရာ ရောက်ပေသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။



MYARF
RB News
5.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ မြို့သစ် ရပ်ကွက် (အမှတ် ၅ ရပ်ကွက်) အုပ်စု တောင်ရှည်ရွာမှ ရခိုင် အစွန်းရောက် အောင်နိုင်က သင်္ဘောဆိပ်လမ်းတွင် ကားဖြင့် လည်ပတ်နေစဉ် (၁၂) နှစ် အရွယ်ခန့် ရိုဟင်ဂျာ ကလေးတစ်ဦးက သူ့ကားနှင့်ကပ်၍ စက်ဘီးစီးသွားခဲ့သည်။ ထိုသို့ ကားဖြင့်ကပ်၍ စီးသွားသည်ကို အောင်နိုင်က ကလေးက ၎င်း၏ ကားကို ၀င်တိုက်ခဲ့သည်ဟု ဆိုကာ ဆဲဆိုပြီး ကလေးကို ရိုက်နှက်ရန် လာသဖြင့် စက်ဘီးကို ပစ်ချကာ ထွက်ပြေးသွားခဲ့သည်။ 

ထို့နောက် အောင်နိုင်ဆိုသူက ကလေးငယ်၏ စက်ဘီးကို ကားဖြင့် ကြိတ်၍ ဖျက်ဆီးကာ စက်ဘီးကို ကားပေါ် တင်၍ ယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အောင်နိုင် ဆိုသူသည် ရိုဟင်ဂျာများကို မကြာခဏ ဆိုသလို ရန်ရှာလေ့ ရှိသည်။ WY မူးယစ်ဆေးဝါး သုံးစွဲပြီး ဘူးသီးတောင် ဈေးထဲသို့ အမြဲသွားကာ ဆိုင်များမှ ပစ္စည်းများ လုယက်ခြင်း၊ ဈေးဆိုင် ပိုင်ရှင်များကို ရိုက်နှက်ခြင်း၊ ဈေးဝယ်သူများ ထံမှ ငွေပစ္စည်းများ လုယက်ခြင်း၊ ဆိုင်ကယ်စီးသူ များထံမှ ဆိုင်ကယ် အတင်းဆွဲယူ သွားခြင်း စသည်ဖြင့် အမြဲ သောင်းကျန်းလျက် ရှိသည်ဟု ဆိုသည်။ ထိုသို့ သောင်းကျန်းနေသည်ကို ဘူးသီးတောင် မြို့ရှိ အာဏာပိုင် များထံသို့ အကြိမ်ကြိမ် တိုင်ကြားသော်လည်း မည်သည့်အခါမှ အရေးယူ ဟန့်တား ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။



ထိုပန်းတိုင်သို့

ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
5.2.2016

ဟိုး​ဝေး​ဝေးက ပန်းတိုင်
ဝေးလံ​ခေါင်​ဖျားက ပန်းတိုင်
ဝိုးတဝါး​တောင်​ မမြင်​ရ​သေးတဲ့ ပန်းတိုင်
ထိုပန်းတိုင်​သို့​ပေါ့
ငါ့ ​ခြေလှမ်း​တွေ တစ်​လှမ်းပြီး တစ်​လှမ်း
ရှေ့သို့လှမ်းချီ ​နေမြဲတာ ....။

ထိုပန်းတိုင်​က ဝေးလွန်း​နေ​ပေမယ့်
ဝီရိယာက ငါနဲ့ထပ်​ကြပ်​မကွာခဲ့ပါ
ထိုပန်းတိုင်​သို့ သွားရာလမ်းက ကြမ်းတမ်း​နေ​ပေမယ့်
ဇွဲလုံ့လ​တွေက ငါနဲ့ တစ်​သားတည်းပါ
စစ်​သည်​​တော်​တစ်​​ယောက်​ရဲ့ သတ္တိလည်း
ရင်​ဝယ်​ ဖိဖိ​လေး ပိုက်လို့​ပေါ့
ငါ့ ​ခြေလှမ်း​တွေ တစ်​လှမ်းပြီး တစ်​လှမ်း
ရှေ့သို့လှမ်းချီ ​နေမြဲတာ ...။

တကယ်​​တော့
လှမ်း​နေတဲ့ ငါ့​ခြေလှမ်း​တွေ
ခိုင်​သင့်​သ​လောက်​ မခိုင်​​သေးဘူး
လှမ်း​နေတဲ့ ငါ့​ခြေလှမ်း​တွေ
ကျယ်​သင့်​သ​လောက်​ မကျယ်​​သေးဘူး
ဒါ​ပေမယ့်
ငါ့​ခြေလှမ်း​သေး​သေး​လေးတိုင်းမှာ
ယုံကြည်​ချက်​က ​တောင်​တန်းလို ကြီးမား​​နေတာပါ
မျှော်​လင့်ချက်​က ပင်​လယ်​​ရေထက်​ များပြား​​နေတာပါ
ဒီလို ယုံကြည်​ချက်
ဒီလို​မျှော်​လင့်ချက်​​​တွေနဲ့​ပေါ့
ငါ့ ​ခြေလှမ်း​တွေ တစ်​လှမ်းပြီး တစ်​လှမ်း
ရှေ့သို့လှမ်းချီ ​နေမြဲတာ ....။

ငါ့​ခြေလှမ်း ငါမလှမ်းဘဲ
ငါ့အား ငါမစိုက်​ဘဲ
ငါ့​ချွေး ငါမရင်းဘဲ
ငါ လိုချင်​တဲ့ ငါ့ပန်းတိုင်
ဘယ်​​တော့မှ မရတတ်​ဘူး
ဒီအသိတရားနဲ့​ပေါ့
ဝိုးတဝါး​တောင်​ မမြင်​ရ​သေးလည်း
ဝေးလွန်း​နေတာ မှန်​​ပေမယ့်လည်း
"လွတ်​လပ်​မှု"ဆိုတဲ့ ထိုပန်းတို​င်​သို့
ငါ့ ​ခြေလှမ်း​တွေ တစ်​လှမ်းပြီး တစ်​လှမ်း
ရှေ့သို့လှမ်းချီ ​နေမြဲတာ ....။

တကယ်​​တော့ သူငယ်​ချင်း
ပန်းတိုင်​နဲ့ နီးစပ်​ခွင့်ရဖို့
ထိုင်​​နေခြင်းထက်
ခြေလှမ်း ​သေး​သေး​လေး လှမ်းခြင်းက
ပိုမြတ်​တယ်​​လေ....။



"ရို" က​ဗျာဥယျာဉ်​မှ ပဲ့တင်​သံ (၁) (သို့) "ရို" က​ဗျာဥယျာဉ်​သို့ အလည်​ တစ်​​ခေါက် (၁)

ယျာတင် (MYARF)
RB News
4.2.2016

ထိန်းသိမ်းစို့ကွယ့့် ရင့်ပန်းအနွယ်

"ထိန်းသိမ်းစို့ကွယ့့် ရင့်ပန်းအနွယ်​" ဆို​သော က​ဗျာကို ၂၀၁၆ ခုနှစ်​ ဇန်​န၀ါရီလ ၃ ရက်​​နေ့တွင်​ ​RB စာမျက်​နှာ​ပေါ်က ဖတ်​ခွင့်​ရခဲ့ပြီးသည့်​နောက်​ ကျွန်​​တော်​သည်​ ဤက​ဗျာကို ဖွဲ့ဆိုခဲ့သည့်​ စာဆိုကို မချီးကျူးဘဲ မ​နေနိုင်​​အောင်​ ဖြစ်​​နေခဲ့ပါသည်​။

က​ဗျာ စာဆို၏ အမည်​မှာ ရိုဟင်းစိုးမိုးဝင်းဟူ၍ ပါ​ရှိ​သော်​လည်း ၎င်းအမည်​သည်​ စာဆို၏ အမည်​အရင်းလား သို့မဟုတ်​ က​လောင်​အမည်​လား ဆိုသည်​ကိုမူ ကျွန်​​တော်​ တပ်​အပ်​မသိ​ချေ။ သို့​သော်​ "ရိုဟင်း" ဟူသော စကားလုံးကို ကြည့်​ခြင်းအားဖြင့်​ စာဆိုသည်​ ရိုဟင်​ဂျာလူမျိုး ဖြစ်​​ကြောင်း သိသာပါသည်​။ ထို့အပြင်​ စာဆို၏ အသက်​အရွယ်​နှင့်​ စာဆို၏ဇာတိ တို့ကိုလည်း ကျွန်​​တော်​ ​သေ​သေချာချာ မသိပြန်​​ပေ။

မည်​သို့ပင်​ဆို​စေ ဤက​ဗျာကို ဖတ်​ခွင့်​ရသည့်​ ကျွန်​​တော်​သည်​ က​ဗျာ​ရေးသူကို အထူး​လေးစားသွားမိပြီး မမြင်​နိုင်​သော အ​ဝေးတစ်​​နေရာမှ ရိုးသားစွာ ​အ​လေးပြုလိုပါသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ ဤက​ဗျာထဲတွင်​ စာဆို၏ မြင့်​မြတ်​​သော စိတ်​ထားကို ကျွန်​​တော်​ ရှာ​ဖွေခဲ့မိ​သော​ကြောင့်​ပင်​ ဖြစ်​၏။ ​ထိမိ​လှ​သော စာအဖွဲ့အနွဲ့၊ နက်​နဲ​လှ​သော အဓိပ္ပါယ်​​တွေနှင့်​ ဤက​ဗျာသည်​ ကျွန်​​တော့်​ နှလုံးသားထဲတွင်​ သံမှိုနှင့်​ ရိုက်​သွင်းထားသလို စွဲငြိလို့ ​နေ​လေသည်​။ စာဆိုက က​ဗျာကို ​လေးလုံးစပ်​ လင်္ကာ အဖြစ်​ ဖွဲ့ဆိုထား၏။

ကဲ့ ... က​ဗျာကို တစ်​​ခေါက်​​လောက်​ ဖတ်​ကြည့်​ကြရ​အောင်​။

"ထိန်းသိမ်းစို့ကွယ့့် ရင့်ပန်းအနွယ်"

ရေးဖွဲ့သူ --- ရိုဟင်းစိုးမိုးဝင်း

- ဘူမိနက်သန် ၊ ရိုဟင်းမြေမှ
တို့ဘိုးဘွားတွေ ၊ ချမ်းငြိမ်းကာဖြင့်
သက်ဆုံးကျေပွန် ၊ နိုင်ငံ့တာဝန်
မခွဲမခြား ၊ ဘာသာလူသား ။

- ယနေ့ချိန်ခါ ၊ စွန်းရောက်တွေကြောင့်
မျက်ကန်းခေါင်းဆောင် ၊ အာဏာရှင်တောင်
ရိုဟင်းသားကို ၊ အာရကန်မွေ
အမွေပြတ်အောင် ၊ ကြိုးပမ်းဝံ့စွ ။

- ဆိုးသွမ်းရိုင်းပျ ၊ ဆင်ခြင်တုံမဲ့
ဒုစရိုက်ရှင် ၊ သူယုတ်တွေကို
စိတ်ရှည်သည်းခံ ၊ ရိုဟင်ဂျာစံ
ပျားပိတုန်းဖွယ် ၊ ရိုလူမျိုးနွယ် ။

- ဖြောင့်မတ်သိမ်မွေ့ ၊ အပြောအဆို
ရေချမ်းအိုးလို ၊ မြတ်မြတ်နိုးနိုး
ဝါရိတ္တစောင့် ၊ စာရိတ္တကောင်း
ဤနှယ်လူမျိုး ၊ မဖျောက်ရအောင် ။

က​ဗျာကို အစချီထား​သည့်​ "ဘူမိနက်သန် ၊ ရိုဟင်းမြေမှ " ဟူ​သော စာ​ကြောင်းတွင်​ပါ​သည့်​ ရိုဟင်း​မြေ ဆိုသည်​မှာ ယ​နေ့ ရခိုင်​ပြည်​နယ်​ဟု ​ခေါ်တွင်​​နေ​သော ​ဒေသကို ဆိုလိုခြင်းဖြစ်​ပါသည်​။ ထိုပြည်​နယ်​ကို ​ရှေးယခင်​က ရခိုင်​ပြည်​နယ်​ဟူ၍ ခေါ်​ဝေါ်ခဲ့ခြင်း မဟုတ်​ဘဲ အာရ်​ကာန်​ဟုသာ ခေါ်​ဝေါ်ခဲ့ခြင်းဖြစ်​သည်​။ ယ​နေ့ ရခိုင်​ပြည်​နယ်​ဟူ၍ ခေါ်​​တွင်​နေ​သော ​​ဒေသ၏ သမိုင်း​ကို ကြည့်​လိုက်​လျှင်​ "ရခိုင်​"ဟူ​သော စကားလုံးကို ရှားရှားပါးပါးပင်​ တွေ့ရှိလိမ့်​မည်​မဟုတ်​​ပေ။ အာရ်​ကာန်​သည်​ ​အင်းဝဘုရင်​၏ ကျူး​ကျော်​နယ်​ချဲ့ခြင်းခံခဲ့ရပြီး ကိုလိုနီဘဝ ရောက်​မသွားမီအချိန်​ထိ ကိုယ့်​မင်းကိုယ့်​ချင်းဖြင့်​ သီးခြားနိုင်​ငံအဖြစ်​ တယ်​တယ်​ဝါဝါ ရပ်​တည်​ တည်​ရှိခဲ့ခြင်း ဖြစ်​ပါသည်​။ ထို့​ကြောင့်​ အာရ်​ကာန်ဦးအစကတည်း ရှိ​နေ​သော လူမျိုးဖြစ်​သည့်​ ရိုဟင်​ဂျာကို အစွဲပြု၍ က​ဗျာဆရာက အာရ်​ကာန်​ကို ရိုဟင်း​မြေဟူ၍ တင်​စား​ခေါ်​ဝေါ် သုံးနှုန်းခဲ့သည်​မှာ အလွန်​ပင်​ ထိမိလှပါသည်​။

ထိုကဲ့သို့ ဘူမိနက်​သန်​ဖြစ်​​သော ရိုဟင်​ဂျာတို့၏ ဌာ​နေ အာရ်ကာန်​ပြည်တွင်​ ရိုဟင်​ဂျာ့ အဘိုးအဘွားများက နိုင်​ငံ့တာဝန်​များကို ကျရာကဏ္ဌ၌ ဘာသာလူမျိုး မခွဲမခြားဘဲ ​မိမိတို့၏ အသက်​ထက်​ဆုံးအချိန်​ထိ ငြိမ်းချမ်းစွာ ကျေပွန်​ခဲ့​ကြောင်းကို က​ဗျာဆရာက-

"ဘူမိနက်သန် ၊ ရိုဟင်းမြေမှ
တို့ဘိုးဘွားတွေ ၊ ချမ်းငြိမ်းကာဖြင့်
သက်ဆုံးကျေပွန် ၊ နိုင်ငံ့တာဝန်
မခွဲမခြား ၊ ဘာသာလူသား ။" ဟူ၍ ​ရေးဖွဲ့ထားသည်​မှာ အလွန်​ နှစ်​သက်​ဖွယ် ​ကောင်းလှပါသည်​။

ဤသည်​တွင်​ ရိုဟင်​ဂျာ့ဘိုးဘွားများ၏ ​ငြိမ်းချမ်းစွာ ​​နေတတ်​ပုံ၊ နိုင်​ငံ​တော်​ကို မြတ်​နိုးတန်​ဖိုးထား၍ နိုင်​ငံ့တာဝန်​များကို ​အသက်​ထက်​ဆုံး ကျေပွန်​ခဲ့ပုံ၊ လူမျိုးနှင့်​ ကိုးကွယ်​သည့်​ဘာသာ မခွဲခြားတတ်​သည့်​စိတ်​ထားများကို ထင်းရှားစွာ ​တွေ့မြင်​ရပါသည်​။

ထို့​နောက်​ က​ဗျာ၏ ဒုတိယ အပိုဒ်​တွင် စာဆိုက​ အစွန်း​ရောက်​​သမားများ၏ အလိုကျအတိုင်း စစ်​အာဏာရှင်​​ခေါင်း​ဆောင်​များ​က အာရ်​ကာန်​၏ မူလဘူတ ဌာ​နေတိုင်းရင်းသားဖြစ်​သည့်​ ရိုဟင်​ဂျာတို့အ​ပေါ် ​တရားလွန်​ ပြုကျင့်​​နေပုံကို လက်​ညှိုးထိုး ​ရေးဖွဲ့ထားသည်​မှာ -

"ယနေ့ချိန်ခါ ၊ စွန်းရောက်တွေကြောင့်
မျက်ကန်းခေါင်းဆောင် ၊ အာဏာရှင်တောင်
ရိုဟင်းသားကို ၊ အာရကာန်မွေ
အမွေပြတ်အောင် ၊ ကြိုးပမ်းဝံ့စွ ။" ဟူ၍ ဖြစ်​ပါသည်​။

ရိုဟင်​ဂျာတို့သည်​ အာရ်​ကာန်​​ဒေသ၏ မူလဘူတ ဌာ​နေတိုင်းရင်းသားဖြစ်​​သော်​ငြားလည်း ၎င်းတို့ကို တစ်​ဖက်​နိုင်​ငံက ခိုးဝင်​လာသူများ၊ ဧည့်​သည်​များ၊ နိုင်​ငံခြားများ စသည်​ဖြင့်​ အ​ခြေအမြစ်​မရှိ မတရား စွပ်​စွဲ၍ ရိုဟင်​ဂျာတို့၏ မူလ တိုင်းရင်းသား အခွင့်​အ​ရေးကို ဖြတ်​ပစ်ရန်​ ကြိုးစား​နေ​သော အစွန်း​ရောက်​သမားများနှင့်​ ၎င်းအစွန်း​ရောက်​သမားများ၏အလိုကျ စစ်​အာဏာရှင်​များ၏ ရိုဟင်​ဂျာတို့အ​ပေါ် မတရားကျူးလွန်​​နေမှုကို မီး​မောင်းထိုးထားပုံသည်​ အလွန်​ပင်​ ချီးကျူးစရာ ​ကောင်းလှပါသည်​။ သမိုင်းမှန်​ကို မျက်​ကွယ်​ပြု၍ ဇွတ်​ငြင်း​နေ​သော အာဏာရှင်​ကို စာဆိုက မျက်​ကန်း​ခေါင်း​ဆောင်​ဟု သုံးနှုန်းထားပုံမှာလည်း ထိမိလှပါသည်​။ ထို့အပြင်​ မူလဘူတဌာ​နေတိုင်းရင်းသားဖြစ်​သည့်​ ရိုဟင်​ဂျာတို့၏ တိုင်းရင်းသားအခွင့်​အ​ရေးကို အဓမ္မ လုယူ​ရန်​ ကြိုးစား​နေ​သော အာဏာရှင်​များကို စာဆိုက "အမွေပြတ်အောင် ၊ ကြိုးပမ်းဝံ့စွ" ဟူ၍ အာဏာရှင်​များ၏ အချည်းနှီး ကြိုးပမ်းမှုကို ​ခပ်​ပြင်းပြင်း ​မေးခွန်းထုတ်​ထားပုံမှာလည်း အံ့မခန်းဖွယ်​ ထိမိလှပါသည်​။

က​ဗျာ၏ တတိယအပိုဒ်​တွင်​မူ စာဆိုက မတရားကျူးလွန်​​နေသူများအ​ပေါ် ရိုဟင်​ဂျာတို့၏ သည်းခံတတ်​​သော စိတ်​ကို တိုတိုနှင့်​လိုရင်း​ရောက်​​အောင်​ လှလှပပ ​ဖော်​ကျူးထားပုံမှာ -

"ဆိုးသွမ်းရိုင်းပျ ၊ ဆင်ခြင်တုံမဲ့
ဒုစရိုက်ရှင် ၊ သူယုတ်တွေကို
စိတ်ရှည်သည်းခံ ၊ ရိုဟင်ဂျာစံ
ပျားပိတုန်းဖွယ် ၊ ရိုလူမျိုးနွယ် ။"

ဆင်​ခြင်​တုံတရားကင်းမဲ့​သူများ၊ ဒုစရိုက်​ရှင်​ကဲ့သို့ ယုတ်​မာ​သူများ၏ ဆိုးသွမ်းမှု၊ ရိုင်းပျမှုနှင့်​ ယုတ်​မာမှုများအ​ပေါ် အဖိနှိပ်​ခံ ရိုဟင်​ဂျာများက စိတ်​ရှည်​သည်းခံတတ်​ပါသည်​။ ဆိုလိုသည်​မှာ မိမိတို့၏ အခွင့်​အ​ရေးမှန်​သမျှကို မတရား လက်​လွှတ်​ဆုံးရှုံးခံ​လာ​ရသည်​မှာ ကာလရှည်​ကြာ ဖြစ်​နေသော်​လည်း မည်​သည့်​အခါမှ အကြမ်းဖက်​ တန်​ပြန်​ မတုန့်​ပြန်​ခဲ့​ကြောင်းကို ဆိုလိုခြင်း ဖြစ်​ပါသည်​။ ထိုကဲ့သို့ စိတ်​ရှည်​သည်းခံတတ်​ပုံသည်​ ရိုဟင်​ဂျာတို့်၏ စံလည်း ဖြစ်​သည်​ဟူ၍​ ဖွဲ့ဆိုထားပုံမှာ အလွန်​ပင်​ ရသ​မြောက်​ပေသည်​။

ထို့အပြင်​ ပျားများသည်​ မိမိ၏ ​သေးငယ်​​သော နှုတ်​သီးဖြင့်​ ပန်းမျိုးစုံမှ ဝတ်​ရည်​များကို စုပ်​ယူလာ၍ နေ့မအားညမအား ကြိုးစားအားထုတ်​ပြီး ပျားအုံ​ ​ဆောက်​ပါသည်​။ သို့​သော်​ နှစ်​နှင့်​ချီ၍ ပင်​ပင်​ပန်းပန်း ကြိုးကြိုးစားစား တည်​​ဆောက်​ခဲ့​သော ပျားအုံကို လူတစ်​ချို့က မိနစ်​အနည်းငယ်​အတွင်း ဂရုဏာကင်းမဲ့စွာ မီးတင်​ရှို့ ဖျက်​ဆီးပစ်​တတ်​ပါသည်​။ ထိုအခါ ပျားများသည်​ မိမိ၏ ကာလရှည်​ကြာ အချိန်​ယူပြီး ဆောက်​ထားသည့်​ ပျားအုံကို ​ကျောခိုင်းရ၍ အခြားတစ်​​နေရာသို့ ​မျက်​ရည်​စက်​လက်​ဖြင့်​ ရင်​နာနာ ထွက်​​ပြေးရ​သော်​လည်း အားမ​လျှော့ဘဲ တကွဲတပြားဖြစ်​ခဲ့ရသည်​မှ ပြန်​လည်​ အားယူ စုစည်းတတ်ပြီး ပျားအုံအသစ်​​ဆောက်​ရန်​ ပြန်​လည်​ အလုပ်​ဆင်းတတ်​ပါသည်​။ စာဆိုကလည်း ရိုဟင်​ဂျာတို့၏ ဘဝမှန်​ကို ပျားတို့ဘဝနှင့်​ ခိုင်းနှိုင်း၍ စပ်​ဆိုခဲ့ပုံမှာ ထိ​ရောက်​လှပြီး အလွန်​ပင်​ ရသ​မြောက်​ပါသည်​။

ထို့​နောက်​ စာဆိုက​ ​​​အေးမြသည့်​​ရေအိုးလို မြတ်​နိုးဖွယ်​​ကောင်းသည့်​ ရိုဟင်​ဂျာတို့၏ ​ဖြောင့်​မတ်​မှု၊ သိမ်​​မွေ့စွာ ​ပြောဆိုတတ်​မှု၊ ဝါရိတ္တ​စောင့်​တတ်​မှု၊ စာရိတ္တ​ကောင်းမွန်​မှု များကို က​ဗျာ၏​နောက်​ဆုံးပိုဒ်​တွင် ​ဤသို့ ဖော်​ကျူးထားပါသည်​။

"ဖြောင့်မတ်သိမ်မွေ့ ၊ အပြောအဆို
ရေချမ်းအိုးလို ၊ မြတ်မြတ်နိုးနိုး
ဝါရိတ္တစောင့် ၊ စာရိတ္တကောင်း
ဤနှယ်လူမျိုး ၊ မဖျောက်ရအောင် ။" ဟူ၍ ဖြစ်​၏။

ထိုကဲ့သို့ ​ဖြောင့်​မတ်​တည်​ကြည်​သူ၊ သိမ်​​မွေ့စွာ ​ပြောဆိုတတ်​သူ၊ ဝါရိတ္တ​စောင့်​တတ်​သူ၊ စာရိတ္တ​ကောင်းမွန်​သူများကို အာရ်​ကာန်​​မြေ​ပေါ်က ​ဖျောက်​ပစ်​မည်​ကို က​ဗျာဆရာက စိုးရိမ်​ပုံ ရပါသည်​။ ထို့​ကြောင့်​လည်း က​ဗျာဆရာက "ဤနှယ်လူမျိုး ၊ မဖျောက်ရအောင် " ဟူ၍ မိမိလူမျိုးကို​​ သော်​လည်း​ကောင်း ​ဖျောက်​ပစ်​​အောင်​ မတရားကြိုးပမ်းအားထုတ်​​နေသူများကို ​သော်​လည်း​ကောင်း စိုးရိမ်​စွာ သတိ​ပေးသည့်​ စာ​ကြောင်းဖြင့်​ က​ဗျာကို နိဂုံးချုပ်​အပ်​လိုက်​ပုံသည် အလွန်​ပင်​ ထိမိလှ​သော စာအဖွဲ့အနွဲ့ ဖြစ်​ပါသည်​။ အဆိုပါ အပိတ်​စာ​ကြောင်းက စာဆို၏ ဆန္ဒမွန်​ကို ကွက်​ကွက်​ကွင်းကွင်း ထင်​ဟပ်​​ပေါ်လွင်​​စေပြီး က​ဗျာတစ်​ပုဒ်​လုံး၏ အနှစ်​သာရကိုလည်း အထူး ပေါ်လွင်​​စေပါသည်​။

ထို့​ကြောင့်​ ဤက​ဗျာသည်​ စာဖတ်​သူများ၏ ရင်​ထဲတွင်​လည်း ကျွန်​​တော့်​ရင်​ထဲ စွဲငြိ​နေသလို စွဲထင်​ကျန်​ရစ်​​နေ​မည်​ဟု ရိုးသားစွာ ယုံကြည်​ပါ၏။

ကျွန်​​တော်​ ယျာတင်​-(ရိုဟင်းသား) ဖြစ်​ပါသည်​။


4.2.2016

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စလာမ် အသိုက်အ၀န်းကို သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့တဲ့အထဲမှာ၊ သမ္မတက အမေရိကန် မူဆလင်တွေဟာ အမေရိကန်နိုင်ငံကို တည်ဆောက်ရာမှာ ပါဝင်ပြီး၊ အားကောင်းစေတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အစ္စလာမ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတာကြောင့် အမေရိကန် မူဆလင်တွေအနေနဲ့ အလွန်မှားယွင်းပြီး၊ အပျက်သဘောဆောင်တဲ့ အမြင်တွေနဲ့ ကြုံနေရတာကိုလည်း နားလည်သိရှိကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် မူဆလင်တွေဟာ အကြမ်းဖက်မှုရဲ့ ခြိမ်းခြောက်မှုအတွက်တင် စိုးရိမ်နေရတာမဟုတ်ဘဲ၊ အလွန်နည်းပါးတဲ့သူတွေရဲ့ အကြမ်းဖက်မှုအတွက် ပစ်မှတ်ထားပြီး အပြစ်တင်ခံရမှာကိုလည်း စိုးရိမ်နေရတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။

ဒါ့အပြင် အချို့သော နိုင်ငံရေးသမားတွေရဲ့ မူဆလင်ဆန့်ကျင်ရေး လုပ်ဆောင်မှုတွေကိုလည်း ဝေဖန် ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် သမ္မတ ကိုယ်စားလှယ်လောင်း Donald Trump နဲ့ Ted Cruz တို့ ပြီးခဲ့တဲ့လတွေအတွင်းက မှတ်ချက်ပြု ပြောကြားခဲ့တာတွေအပေါ် ဝေဖန်လိုက်ပါတယ်။



ကိုဇော်ဝင်းလှိုင်
4.2.2016

မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရ တက်လာတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ရှိနေကြတဲ့ မြန်မာ သံအမတ်တွေ ကိုလည်း မကြာခင်မှာ ပြောင်းလဲ ပစ်တော့မယ် ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာ နေပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ အစိုးရသစ်ကို ဖွဲ့စည်းတော့မှာပါ။

ဒါကြောင့်လည်း စစ်အစိုးရလက်ထက်ကနေ ဦးသိန်းစိန် အစိုးရအထိ သံအမတ်နဲ့ သံမှူးအများစုကို စစ်တပ်က အရာရှိဟောင်းတွေကိုသာ ခန့်အပ်ခဲ့လေ့ရှိတာကြောင့် လက်ရှိ သံတမန်တွေနေရာမှာ အစိုးရရဲ့ အစိုးရသစ်ရဲ့ ပေါ်လစီတွေကို အကောင်အထည်ဖော်ဆောင်ပေးနိုင်သူတွေနဲ့ အစားထိုး ခန့်အပ်ဖို့လိုတယ်လို့ မြန်မာ သံတမန်ဟောင်းတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရလို့ခေါ်တဲ့ ဦးနုအစိုးရကို ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း တက်လာတဲ့ အစိုးရတွေ လက်ထက်မှာ မြန်မာနိုင်ငံက သံတမန်တွေရဲ့ အရည်အချင်းဟာ တဖြည်းဖြည်း ကျဆင်းခဲ့တယ်လို့ သံတမန်ဟောင်းတွေက ပြောပါတယ်။

အထူးသဖြင့်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ စစ်အစိုးရနောက်ပိုင်း Diplomatic Protocol လို့ခေါ်တဲ့ သံတမန် ကျင့်ထုံးတွေ၊ Career Diplomat လို့ခေါ်တဲ့ သံတမန် အရည်အချင်းနဲ့ ပြည့်ဝတဲ့ ၀န်ထမ်းတွေ လက်ရှိအချိန်မှာ အတော်လေး နဲပါးလာခဲ့တာပါ။

နိုင်ငံတကာမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးသွားရောက် တာဝန်ထမ်းဆောင်ကြတဲ့ သံတမန်တွေဟာ အစိုးရရဲ့ မူဝါဒတွေကို လိုက်နာ အကောင်အထည်ဖော်ပေးရတဲ့သူတွေ ဖြစ်တဲ့အတွက်လည်း လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ သံအမတ်တွေ၊ တခြား သံအရာရှိတွေကို အစားထိုးခန့်အပ်ဖို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲပစ်ချင်တယ်လို့ သတင်းထွက်နေတဲ့ သံအမတ်တွေ၊ သံအရာရှိတွေဟာ တကယ် ပြောင်းလဲပစ်သင့်တဲ့သူတွေဖြစ်တယ်လို့ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်လင်းထဋ်က ပြောပါတယ်။

“အခု သူ ပြောင်းမယ်ဆိုတဲ့ ၁၁ ယောက် ကျနော် Facebook ထဲမှာ တွေ့ပါတယ်။ ဒီ ၁၁ လုံးကလည်း ပြောင်းသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ၀ါရှင်တန်မှာရှိတဲ့ သံအမတ်ကြီးဆိုရင်လည်း ထောက်လှမ်းရေးကလာတဲ့ သံအမတ်ကြီးပါ။ စစ်ထောက်လှမ်းရေးအဖွဲ့တွေ ပြုတ်သွားပြီးတဲ့အခါမှာ သူတို့က ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ နိုင်ငံခြားရေးရုံးကို ပို့တယ်။ ပြီးတော့ အမေရိကားမှာ သံအမတ်ကြီးအနေနဲ့ ခန့်တယ်။ ဗြိတိန်မှာဆိုရင်လည်း ဗိုလ်ချုပ် ဦးကျော်စွာမင်းပေါ့လေ သူကလည်း စစ်ထောက်လှမ်းရေးပါပဲ။ အခုတော့ စရဖ ခေါ်တာပေါ့။ အဲဒီအဖွဲ့တွေ များပါတယ်။ အခု အရေးပါတဲ့ ဂျပန်တို့၊ အင်္ဂလန်တို့၊ ၀ါရှင်တန်တို့၊ နယူးယောက်တို့ အစရှိတဲ့ နိုင်ငံကောင်းတွေမှာရှိတဲ့ သံအမတ်ကြီးတွေကတော့ တကယ့် လူကြီးနဲ့ နီးစပ်တဲ့သူတွေ၊ ထောက်လှမ်းရေးတွေကိုပဲ စေလွှတ်တာ များပါတယ်ခင်ဗျ။ ဒီလူတွေသည် ဖယ်ထုတ်မှသာ ဒေါ်အောင်ဆန်းစုကြည် တကယ့် လုပ်ချင်ကိုင်ချင်တဲ့ ကိစ္စတွေအားလုံးဟာ အဆင်ပြေပါလိမ့်မယ်။ ဒီလူတွေကို ဆက်ပြီးတော့ ခန့်ထားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်ချင်တဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

စစ်အစိုးရလက်ထက်အတွင်း နိုင်ငံတကာကို ထိုးဖောက်ဖို့ဆိုတဲ့ မူအသစ်ချမှတ်ပြီး နိုင်ငံခြားရေးရုံးမှာ စစ်တပ်က အရာရှိတွေကို တာဝန်ပေးတာ၊ သံအမတ်တွေအဖြစ် ခန့်အပ်တာတွေ လုပ်ဆောင်ပြီး ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်ခိုင်းခဲ့တယ်လို့ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“ကျနော်တို့ သံတမန်တွေနဲ့ ပတ်သက်ပြီးတော့မှ ၉၄၊ ၉၅ လောက်က စပြီးတော့မှ နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ဆိုပြီးတော့မှ စစ်တပ်ထဲက နည်းနည်း ပညာတတ်တဲ့သူတွေကို နိုင်ငံခြားရေးရုံး ပြောင်းပြီးတော့မှ နိုင်ငံတကာသံရုံးတွေမှာ တာဝန်ထမ်းဆောင်စေပါတယ်။ လူတွေ အထင်မှားတာက ကျနော်တို့ အဲဒီအချိန်တုန်းကတော့ ကျနော်တို့က စစ်ထောက်လှမ်းရေးပေါ့လေ။ ကျနော်တို့ နိုင်ငံတကာမှာလည်း အမေရိကန်တို့ ဘာတို့က ယာယီအနေနဲ့ ရန်ကုန်မှာ ကောင်စစ်ဝန် အရေခြုံပြီးတော့မှ ရှိတာရှိပါတယ်။ အလားတူပဲ KGB ကလည်း ရုရှားသံရုံးတွေမှာ ရှိပါတယ်။ အဲတော့ ဒီ ထောက်လှမ်းရေး အပိုင်းတွေအနေနဲ့ နိုင်ငံတကာမှာ ထိုးဖောက်လို့ရအောင် ဆိုပြီးတော့မှ ကျနော်တို့ စစ်ထောက်လှမ်းရေးက ဗိုလ်မှူးရဲ့ အထက်ပေါ့လေ အဆင့်ရှိတဲ့သူတွေကို ပထမဦးဆုံး ၄၊ ၅ ယောက်လောက် စပြီးတော့မှ နိုင်ငံခြားရေးရုံးကို ပြောင်းပါတယ်။ ပြောင်းပြီးတော့မှ သံတမန်တွေခန့်ပြီးတော့မှ ကျနော်တို့ ထောက်လှမ်းရေးလုပ်ငန်းပေါ့လေ ကျနော်တို့ လုပ်တာရှိပါတယ်။”

အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ အခြေချ နေထိုင်နေတဲ့ ဒေါ်ဖြူဖြူဟာ နိုင်ငံခြားရေးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။ သူက အစိုးရတွေအနေနဲ့ သံတမန်တွေကို ဘယ်လို ရွေးချယ်ခန့်အပ်လေ့ရှိတယ်ဆိုတာကို အခုလို ရှင်းပြပါတယ်။

“သံတမန်တွေကိုခန့်တဲ့အခါ အရင် ပါလီမန်ဒီမိုကရေစီ လက်ထက်တုန်းကတော့ နိုင်ငံခြားရေးရုံးကနေ သေချာလေ့ကျင့်ပေးထားတဲ့ အရာရှိငယ်ပေါ့ တတိယအတွင်းဝန်၊ ဒုတိယအတွင်းဝန်ရော၊ ပထမအတွင်းဝန်ရော၊ နောက် သံမှူးက အဲ့အထဲကနေ အရည်အချင်းရှိတဲ့သူတွေကို သံအမတ်အနေနဲ့ လွှတ်တာရှိတယ်။ ဒါပေမဲ့လည်း ၀န်ကြီးချုပ်ဦးနုအစိုးရလက်ထက်ကလည်း နိုင်ငံရေးအရ ခန့်အပ်တယ်ဆိုပြီးတော့ နိုင်ငံခြားရေးရုံးက မဟုတ်ဘဲနဲ့ အပြင်ဘက်က သံတမန်ကိစ္စတွေ လုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့သူ၊ စိတ်ချယုံကြည်ရတဲ့သူကို အဲ့လို ခန့်အပ်တာလည်းရှိတယ်။”

သံတမန်တဦးတွေရဲ့ အရေးပါမှု အခန်းကဏ္ဍကိုလည်း ဒေါ်ဖြူဖြူက အခုလို ဆက်ပြောပါတယ်။

“သံတမန်ဆိုတာ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံခြားရေးဌာန၊ ဗြိတိန်နိုင်ငံခြားရေးရုံး၊ ဒီမြန်မာပြည်မှာဆိုရင်လည်း နိုင်ငံခြားရေးရုံး အဲဒါ တိုင်းပြည်ရဲ့ ရှေ့တန်းစစ်မျက်နှာမှာ သွားရတဲ့လူတွေ။ ကိုယ့်တိုင်းပြည်ကိုယ်စား မူဝါဒတွေကို စေ့စပ် ညှိနှိုင်း ဆွေးနွေးတတ်ရမယ်။ ပြောတတ်ရမယ်၊ ဆိုတတ်ရမယ်။ အဲတော့ အောင်ဆန်းစုကြည်တက်လာတော့ သူသိပြီ။ သူ ဟိုတလောက ကျမ တွေ့တယ်။ သူ ဌာနတိုင်း၊ ဌာနတိုင်းကို ၀န်ထမ်းတွေ သူ မဖြုတ်ပါဘူး။ သူ ပြောတယ်လေ။ ၀န်ထမ်းတွေ ကြောက်စရာမလိုဘူးဆိုတာ။ အရည်အသွေး၊ အရည်အချင်းရှိအောင် သူ လုပ်မယ်။ ပြီးတော့ သူက ဘာလဲ။ ဒီနိုင်ငံခြားရေးရုံးကိုလည်း သူ စိတ်ဝင်စားတဲ့အတွက်ကြောင့် အရည်အချင်းရှိအောင်လုပ်ပြီးတော့ သူ့မှာလည်း ဦးနုအစိုးရလက်ထက်လိုပဲ နိုင်ငံရေးအရ ခန့်အပ်ပြီး ပို့မယ့်အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။”

အခုအသစ်တက်လာတဲ့ NLD အစိုးရအနေနဲ့ နိုင်ငံခြားရေးဌာန တခုထဲမဟုတ်ဘဲ တခြားဝန်ကြီးဌာနတွေနဲ့ အစိုးရအုပ်ချုပ်ရေး ယန္တရားကြီးတခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာကြောင့် အချိန်အတော်ကြာ လုပ်ယူရလိမ့်မယ်လို့ မြန်မာ့အရေး လေ့လာသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။



MYARF
RB News
4.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကံပူးကျေးရွာ၏ မြောက်ဘက် တောတောင် အနီးတွင် စခန်းချ လုံခြုံရေး တာဝန်ယူထားသည့် နယ်ခြားစောင့်ရဲ များက ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၁၁း၃၀ နာရီခန့် အချိန်တွင် တောတောင်မှ ထင်းခုတ်ပြီး အိမ်ပြန်နေကြသည့် ကံပူး ကျေးရွာအုပ်စု၊ ဒိလ်ဖာရာရွာမှ ကလေးနှင့် လူငယ် ၃၀ ဦးကို စခန်းရှေ့မှ ဖြတ်သန်းသွားနေစဉ် ရိုက်နှက်၍ ထင်းစည်းများနှင့် ထင်းခုတ်ဓါးများကို သိမ်းဆည်းခဲ့သည်။ 

နောက်နောင် တောတောင်မှ ထင်းမခုတ်ရန်၊ အကယ်၍ ထင်းခုတ်လျှင် ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။ နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုကြောင့် ထင်းခုတ်သမား အချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထင်းခုတ်သမား များမှာ ဆင်းရဲသားများ ဖြစ်ပြီး ထင်းခုတ် ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ယခုအခါ နယ်ခြားစောင့်ရဲ များမှ ရိုက်နှက်ခြင်း၊ ထင်းနှင့် ဓါးများ သိမ်းဆည်းခံရခြင်းကြောင့် နောက်နောင် တောတောင်မှ ထင်းခုတ်ရန် အခွင့်အလမ်း ပျောက်ကွယ် သွားပြီဖြစ်၍ ထင်းခုတ်၍ မရလျှင် မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံရမည်ကို ထင်းခုတ်သမား များက စိုးရိမ်နေသည်။ 

ရိုက်နှက်ခံရပြီး ထင်းစည်းများနှင့် ဓါးများ သိမ်းဆည်းခံရသူ အချို့မှာ -- 

(၁) မာမတ်ဖိုက်ဆဲလ် (ဘ) ဦးအဒူရော်ဇောက် (အသက် ၁၇ နှစ်)
(၂) အစ္စမိုင်လ် (ဘ) ဦးဟော်လီလုရာမန် (အသက် ၂၂ နှစ်) 
(၃) မာမတ်နော်ယိမ် (ဘ) ဦးအိုဘိုင်ဒူရာမန် (အသက် ၁၂ နှစ်)
(၄) မာမတ်ရှားဟ် (ဘ) မော်လ၀ီဆော်ဒူလ္လာ (အသက် ၁၃ နှစ်)
(၅) နီယာမောတ်အုလ္လာ (ဘ) ဦးဘော်ဒီယိုဇာမာ (အသက် ၁၄ နှစ်)
(၆) အာနိုဝါရ်ရှား (ဘ) ဦးကော်လီမူလ္လာ (အသက် ၁၂ နှစ်)
(၇) မာမတ်ရော်ဖိတ်ခ် (ဘ) ဦးဆော်လီမူလ္လာ (အသက် ၁၉ နှစ်)
(၈) မာမတ်အာလောမ် (ဘ) ဦးဂူလာဟူစိန်း (အသက် ၁၈ နှစ်) တို့အပါအ၀င် (၃၀) ဦး ဖြစ်သည်။ 

သိမ်းဆည်းခံရသည့် ထင်းများမှာ တန်ဖိုးအားဖြင့် ငွေကျပ် တစ်သိန်းကျော်ဖိုး ရှိပြီး၊ ဓါး ၃၀ လက်မှာလည်း တန်ဖိုး တစ်သိန်းကျော်ဖိုး ရှိသည်။ ဓါးများ သိမ်းဆည်းခံရပြီး၊ နောက်ထပ် ဓါးတစ်လက် ၀ယ်ရန်ပင် အခက်အခဲ ကြုံရမည့် ဆင်းရဲသားများ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
4.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာ၊ ရခိုင် (န.တ.လ)၊ ဗမာ (န.တ.လ)၊ မြို၊ မာရ်မာကြီး လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ ရိုဟင်ဂျာ လူမျိုး ၈၀%၊ မြို ၁၀%၊ ရခိုင်၊ ဗမာ၊ မာရ်မာကြီး ၁၀% ရှိသည်။ ယင်းကျေးရွာတွင် ဇန်န၀ါရီလ (၇) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခဲ့ရာတွင် လူများစု ဖြစ်သည့် ရိုဟင်ဂျာများကို ဘေးဖယ် ထားခဲ့ပြီး၊ ရခိုင်၊ ဗမာ၊ မာရ်မာကြီး၊ မြို လူမျိုးများမှသာ ဆန္ဒခံယူပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခဲ့သည်။ လက်ရှိ အုပ်ချုပ်ရေးမှူး မောင်ရဲကျော် (မြိုလူမျိုး) က ပြိုင်ဘက် မောင်သိန်းညွန့် (ခ) မောင်မောင်ကို အနိုင်ရရှိခဲ့သည်။ ရှုံးနိမ့်သူ မောင်မောင်က ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံဘဲ မဲရုံရှိ လူကြီးများ ရှေ့မှောက်တွင်ပင် ရန်ပြုခဲ့၍ နယ်ခြားစောင့်ရဲ များက ၎င်းကို သေနတ်ထောက်၍ ထိန်းသိမ်းခဲ့ရသည်။ 

မောင်မောင်က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်မြ တို့ကို လာဘ်ငွေ ပေး၍ ရွေးကောက်ပွဲ ပြန်လည် ကျင်းပရန် တောင်းဆိုခဲံသည်။ ထို့နောက် မောင်မောင်နှင့် ညီဖြစ်သူ မောင်သန်းလှိုင်တို့က ရခိုင်၊ ဗမာ၊ မာရ်ကြီးများမှ ရွေးချယ်ထားသည့် ဆယ်အိမ်စုမှူး များကို ငွေပေး၍ မြိုလူမျိုး မောင်ရဲကျော်အား ကန့်ကွက်ခိုင်းခဲ့သည်။ 

ဗမာ ဆယ်အိမ်စုမှူး များကို ငွေကျပ် တစ်သိန်းငါးသောင်း၊ ရခိုင် ဆယ်အိမ်စုမှူးများကို ငွေကျပ် ၁၀ သိန်း၊ ဦးဇော်ဒီယာ အပါအ၀င် မာရ်မာကြီး လူမျိုး ဆယ်အိမ်စုမှူး များကို ငွေကျပ် ၁၅ သိန်းစီ ပေးခဲ့သည်။ မောင်သန်းလှိုင်က ဇန်န၀ါရီလ (၃၀) ရက်နေ့ နေ့လည်ပိုင်းတွင် မာရ်မာကြီးရွာသို့ သွားရောက်၍ မဲဆွယ်ရာတွင် မြိုလူမျိုးများသည် တောင်ယာ ခုတ်ထွင်း ရှင်းလင်း၍ စိုက်ပျိုးရေး လုပ်ကိုင်သော တောင်ပေါ်နေ လူမျိုးသာ ဖြစ်သည်။ ၎င်းတို့သည် တောင်ယာနှင့်သာ ထိုက်တန်သည်၊ အုပ်ချုပ်ရေးနှင့် မထိုက်တန်ကြောင်း၊ ၎င်းတို့တွင် အုပ်ချုပ်နိုင်ရန် အသိဥာဏ် မရှိကြောင်း၊ တောင်ယာ ခုတ်ရန်သာ သိကြကြောင်းဟု ပြောဆို၍ စော်ကား လှောင်ပြောင်ခဲ့သည်။ 

ဇန်န၀ါရီလ (၃၀) ရက်နေ့ နေ၀င်ချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်မြ တို့သည် လောင်းဒုံ ကျေးရွာသို့ သွားရောက်၍ ဆယ်အိမ်စုမှူး များကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် မြိုလူမျိုး ဆယ်အိမ်စုမှူး များကို မခေါ်ခဲ့သည့် အပြင် ရခိုင်နှင့် မာရ်မာကြီး လူမျိုးများထဲမှ မောင်ရဲကျော်အား ထောက်ခံသော ဆယ်အိမ်စုမှူးများကိုလည်း ခေါ်ယူ စစ်ဆေးခဲ့ခြင်း မရှိကြောင်း သိရသည်။ မောင်မောင်ကို ထောက်ခံသော ဆယ်အိမ်စုမှူးများကိုသာ ခေါ်ယူ စစ်ဆေးခဲ့သည်။ 

၎င်းတို့က မောင်ရဲကျော်အား ကန့်ကွက်ကြောင်း မောင်မောင်အား ထောက်ခံကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် မောင်သိန်းညွန့် (ခ) မောင်မောင်က လက်ရှိ အုပ်ချုပ်ရေးမှူး မောင်ရဲကျော်က တိုင်းရင်းသားများ အရေးကို အလေး မထားဘဲ ဘင်္ဂလီများကိုသာ အရေးစိုက်လေ့ ရှိကြောင်း၊ ဘင်္ဂလီ လူမျိုး BD ပြေး၊ တရားခံပြေး၊ ၀ရမ်းပြေးများကို လာဘ်ငွေယူပြီး ကျေးရွာတွင် နေထိုင်ခွင့် ပြုကြောင်း၊ တရားမ၀င် ဘင်္ဂလီများကို လက်ထပ်ခွင့်ပြုသည် ဟူ၍ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများထံ အမျိုးမျိုး လီဆယ်၍ တိုင်တန်းခဲ့သည်။ 

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လောင်းဒုံ ကျေးရွာအုပ်စု မျှာဇင်ရွာမှ အ.ထ.စ အမှတ် (၁၄) ဦးအဒူရှကူရ်၏ သမီး မဂျော်မီလာဘေဂမ်နှင့် လောင်းဒုံ ကျေးရွာအုပ်စု၊ စေတီပြင်ရွာမှ အ.ထ.စ အမှတ် (၁၄) ဦးနူရ်အာလောမ်၏ သား အာဘူလ်အာလောမ် တို့ကို အုပ်ချုပ်ရေးမှူး မောင်ရဲကျော်က လက်ထပ်ခွင့် ပြုခဲ့သည်ကို တရားမ၀င် လူများကို လက်ထပ်ခွင့် ပြုခဲ့သည်ဟု လီဆယ်၍ တိုင်တန်းခဲ့သည်။ 

ဦးအဒူရှကူရ် မိသားစုတွင် န.စ.က မှ ထုတ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်း ပျောက်ဆုံး သွားခဲ့သည်ကို တရားမ၀င်လူများဟု လုပ်ကြံ ဖန်တီး၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့တွင် န.စ.က မှ ထုတ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်း ပျောက်ဆုံး သွားသော်လည်း လ.၀.က မှ ထုတ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်း ရှိသည်။ ဆက်လက်၍ မောင်မောင်နှင့် ညီဖြစ်သူ မောင်သန်းလှိုင် တို့က အကယ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခြင်း မရှိပါက ကျေးရွာတွင် ဆူပူ အကြမ်းဖက်မှု ဖြစ်အောင် လုပ်သွားမည်ဟု ရွာသားများကို ခြိမ်းခြောက်လျက် ရှိကြောင်း ရွာသားများက RB News သို့ပြောပါသည်။ မောင်မော်သည် အစွန်းရောက် ၀ါဒီသမား တစ်ဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကလည်း လောင်းဒုံ ကျေးရွာတွင် လူမျိုးရေး အကြမ်းဖက်မှု တစ်ခု ဖန်တီးခဲ့သည်။


MYARF
RB News
4.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ လက်ဝဲဒက် ကျေးရွာအုပ်စု၊ ပုဇွန်ချောင်းရွာရှိ လယ်မြေ ဧက ၂၀၀ ခန့်ကို ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ယင်းကျေးရွာ အခြေစိုက် ခလရ (၂၃၄) တပ်ရင်းက သိမ်းဆည်းပြီး တပ်ပိုင်မြေ အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းကျေးရွာရှိ ရွာသား ၉၀% မှာ လယ်သမားများ ဖြစ်ကြသည်။ လယ်မြေများ အားလုံး သိမ်းဆည်းခံရပြီးနောက် လယ်ယာမဲ့ ဘ၀သို့ ရောက်ရှိနေသော ရွာသားများမှာ အခြား လုပ်ငန်းတစ်ခုခုလည်း မရှိသဖြင့် စားဝတ်နေရေး ကျပ်တည်းမှုဖြင့် ရင်ဆိုင် နေခဲ့ရသည်။ 

သို့ဖြစ်၍ သိမ်းဆည်းခံ လယ်မြေများကို တပ်ရင်းမှ ငှားယူပြီး လုပ်ကိုင် စားသောက် နေရသည်မှာ ယခုထိပင် ဖြစ်သည်။ မိုးရာသီတွင် မိုးစပါး စိုက်ပျိုးပြီး ဆောင်းရာသီတွင် အာလူး စိုက်ပျိုးကြသည်။ မိုးရာသီတွင် လယ်မြေ တစ်ဧက အတွက် ငှားရမ်းခ အဖြစ် စပါးတင်း ၃၀ ပေးရသည်။ ဆောင်းရာသီတွင် လယ်မြေ တစ်ဧက အတွက် ငှားရမ်းခ အာလူး ၂၃ ပိဿာခန့် ပေးရသည်။ 

၂၀၁၄ - ၂၀၁၅ ဆောင်းရာသီတွင် လယ်သမားများက လယ်မြေ ဧက ၅၀ ငှားရမ်းပြီး အာလူးစိုက်ခဲ့သည်။ ထိုစဉ် GE ဆောက်လုပ်ရေးတပ်က တပ်ရင်းကို ခြံစည်းရိုး ကာနေသည့် အချိန် ဖြစ်သည်။ GE တပ်မှ ခြံစည်းရိုး ကာရံရန် အတွက် သစ်၊ ကျောက်စရစ်၊ ဘိလပ်မြေ၊ သံချောင်း၊ သဲများ သယ်ယူရာတွင် ကားများကို အာလူး စိုက်ခင်းပေါ်မှ မောင်းနှင်သောကြောင့် အာလူး စိုက်ခင်း ၁၅ ဧကခန့် ပျက်စီးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

စိုက်ခင်းများ ဖျက်ဆီး ခံရသည့် အပြင် စိုက်ခင်း ပိုင်ရှင်များမှာ GE တပ်မှ စစ်သားများ၏ ဆဲဆို စော်ကားခြင်းကိုလည်း ခံခဲ့ရသည်။ စိုက်ခင်း ဖျက်ဆီးခံရသည်ကို ခလရ (၂၃၄) တပ်ရင်းမှူးအား တိုင်တန်းခဲ့သော်လည်း မည်သို့မှ ဖြေရှင်း ပေးခြင်း မရှိသည့် အပြင် ငှားရမ်းခလည်း လျှော့ပေါ့ ပေးခြင်း မရှိဘဲ ပုံမှန်အတိုင်း ကောက်ခံခဲ့သည်။ ထို့ကြောင့် လယ်သမားများ အရှုံးပေါ်ခဲ့သည်။ 

၂၀၁၅ - ၂၀၁၆ ဆောင်းရာသီတွင်လည်း ထိုလယ်ယာမြေ များကို ထပ်မံငှားရမ်းပြီး အာလူး စိုက်ခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလတွင် GE တပ်က ခြံစည်းရိုး ကာရံခြင်းကို စတင်ခဲ့သည်။ ယခုအခါလည်း ကားများကို အာလူး စိုက်ခင်းပေါ်မှ မောင်းနှင်သောကြောင့် စိုက်ခင်း ၁၀ ဧကကျော် ပျက်စီးခဲ့သည်။ ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် လယ်သမား များက စိုက်ခင်းတွင် ရေလောင်းခဲ့သဖြင့် ကားလမ်းတွင် ရေလောင်း ဖျက်ဆီးခဲ့သည်ဟု ဆိုကာ GE တပ်မှ တာဝန်ခံ တပ်ကြပ်ကြီး မြတ်မျိုးသန်းက စိုက်ခင်းတွင် အလုပ်လုပ်နေသည့် အလုပ်သမား ဦးအာယာတူလ္လာ (အသက် ၃၀ နှစ်) ကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ တပ်ကြပ်ကြီး မြတ်မျိုးသန်း၏ ရိုက်နှက်မှုကြောင့် ဦးအာယာတူလ္လာသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ယခုထိ အလုပ်မဆင်းနိုင် ဖြစ်နေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထိုသို့ မတရားသဖြင့် ရိုက်နှက်သည်ကို တပ်ရင်း တာဝန်ခံ အရာရှိများအား တိုင်တန်းခဲ့သော်လည်း မည်သို့မှ အရေးယူ ဟန့်တား ဖြေရှင်း ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်၊ အမှတ် (၅) ရပ်ကွက်မှ အသက် (၁၇) နှစ် အရွယ် ရိုဟင်ဂျာ လူငယ် တစ်ဦးသည် ထွေလာဂျီဖြင့် အာလူးဝယ်ယူရန် စိုက်ခင်းသို့ ရောက်ရှိလာခဲ့သည်။ ထွေလာဂျီ မောင်းလာသည့် လူငယ်ကို တပ်ကြပ်ကြီး မြတ်မျိုးသန်းက ခြေထောက်ဖြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုးကြိတ်ခဲ့သည်။ အဆိုပါ လူငယ်သည် ဘူးသီးတောင် မြို့ပေါ်ရှိ ဒေါက်တာ ဘောရှီရ်အာမတ်၏ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေရသည်။ 

အာလူး စိုက်ခင်း တစ်ဧကတွင် ငွေကျပ် ၈ သိန်းခန့် ကုန်ကျပြီး အာလူး ရောင်းလျှင် ငွေကျပ် ၁၀ သိန်းခန့် ရလေ့ရှိသည်။ ယခုအခါ GE တပ်၏ ဖျက်ဆီးမှုကြောင့် အမြတ်ငွေ ဆုံးရှုံးသည့် အပြင် အရင်းစိုက်ခဲ့သည့် ငွေများပါ ဆုံးရှုံးခဲ့ရသည်။ ယခု ဆောင်းရာသီ အစပိုင်း လယ်မြေ ငှားရမ်းချိန်တွင် ခြံစည်းရိုး ကာရံရန် ရှိသဖြင့် ကားလမ်း အတွက် နေရာချန်ထားပြီး လယ်မြေများ ငှားရမ်းနိုင်သော်လည်း တပ်ရင်း တာဝန်ခံ အရာရှိများက လယ်မြေကို ယခင်နှစ်က အတိုင်း ငှားရမ်းခဲ့သည်။ လယ်သမား များကိုလည်း ကားလမ်း အတွက် နေရာ ချန်လှပ် ထားရန် ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။



MYARF
RB News
3.2.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ တောင်ပြို လက်ယာ ကျေးရွာမှ အိမ်ခြေ ၃၀ ခန့်ကို လွန်ခဲ့သည့် (၃) နှစ်တွင် GE ဆောက်လုပ်ရေးတပ်က နယ်စပ် ခြံစည်းရိုး ကာနေစဉ် ခြံစည်းရိုး၏ အပြင်ဘက်တွင် ကျနေသဖြင့် ပြောင်းရွှေ့ခိုင်းခဲ့သည်။ အဆိုပါ အိမ်ခြေများကို နယ်စပ် မိုင်တိုင် ၃၅ အနီး တောတောင်ထဲတွင် နေရာချ ပေးခဲ့သည်။ 

ယခုအခါ ပြောင်းရွှေ့ခဲ့ရသူ များကို မိုင်တိုင် ၃၅ တွင် လုံခြုံရေး တာဝန်ကျသည့် စစ်သားများက နေရောညပါ ရွာထဲဝင်ပြီး အမျိုးမျိုး အပြစ်ရှာကာ ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ MPT ဆင်းမ်ကဒ်သုံး ဖုန်းများကို ဖမ်းဆီး၍ ကာယကံရှင်များ ရှေ့မှောက်တွင်ပင် ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည် ဟူ၍ လည်းကောင်း၊ ဖုန်းဟန်းဆက် များမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် ဖြစ်၍ မြန်မာနိုင်ငံတွင် တရားမ၀င် ဟူ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည် ဟူ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ပစ္စည်းများ ယူလာ၍ ရောင်းချသည် ဟူ၍ လည်းကောင်း စသည်ဖြင့် အမျိုးမျိုး လုပ်ကြံ ဖမ်းဆီးပြီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် အမှတ် (၁) နည်းဗျူဟာမှူး တစ်ဦး ရှိသော်ငြားလည်း စစ်သားများက ဒေသခံ ရွာသားများကို မတရားသဖြင့် အနိုင်ကျင့် ညှဉ်းပန်း နှိပ်စက်နိုင်သည်မှာ ဗျူဟာမှူးက စစ်သားများ၏ မတရားသဖြင့် နှိပ်စက်မှုများကို အမှန်တကယ် မသိသည်လား၊ သိလျက်နှင့် မသိဟန်ဆောင် နေသည်လား၊ သို့မဟုတ် လူမျိုး ဘာသာ မတူသည့် ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်ရန် ညွန်ကြား ထားသည်လား ဟူ၍ ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။ အဆိုပါ ဗျူဟာမှူးသည် ယခင်က စစ်သားများကို ဥပဒေဘောင် အတွင်း နေထိုင်ရန် ထိန်းသိမ်း ခဲ့သည့် လူကောင်းလူမွန် တစ်ဦးအဖြစ် ထင်ရှားခဲ့သည့် လူကြီး တစ်ဦး ဖြစ်သည်ဟု ဆိုသည်။



MYARF
RB News
2.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ နယ်ခြားစောင့်ရဲ များက ဇန်န၀ါရီလ (၂၃) ရက်နေ့ အာရုဏ်တက် အချိန်တွင် ကြိမ်ချောင်း အလယ်ရွာမှ မုခ်တာရ်ဟူစိန်း (ဘ) ဦးဒိလ်မာတ် (အသက် ၁၇ နှစ်) ကို WY မူးယစ် ဆေးပြား တစ်သောင်းဖြင့် ဖမ်းဆီးရမိခဲ့သည်။ မုခ်တာရ်ဟူစိန်းက ဆိုင်ကယ်ဖြင့် သယ်ဆောင် သွားစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရသည့် လူငယ်ကို ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးရာ WY ဆေးပြားများ၏ ပိုင်ရှင်မှာ ဦးရဇောဘူလ်ဟိုရ် ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ဖမ်းဆီးခံရပြီးနောက် WY ဆေးပြားများ ပိုင်ရှင် ဦးရဇောဘူလ်ဟိုရ်နှင့် လူငယ်၏ မိဘများက သိရှိခဲ့ခြင်း မရှိခဲ့ပေ။ နံနက် ၇း၃၀ နာရီ အချိန်တွင် စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးတို့ ဆိုင်ကယ်များဖြင့် သတင်းပေး နူရ်ဂျူဟာရ်နှင့် အတူ လူငယ်၏ အိမ်သို့ သွားရောက်ခဲ့သည်။ ထိုစဉ် ဦးရဇောဘူလ်ဟိုရ်သည် လူငယ်၏ အိမ်တွင် ရှိနေခဲ့သည်။ နယ်ခြားစောင့်ရဲ များက အိမ်ထဲသို့ ၀င်ရောက်ပြီး တစ်အိမ်လုံး ရှာဖွေ စစ်ဆေးခဲ့သည်။ သို့သော်လည်း မူးယစ်ဆေးဝါးနှင့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။ နယ်ခြားစောင့်ရဲများ ပြန်လည် ထွက်ခွာစဉ် ဦးရဇောဘူလ်ဟိုရ် ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

အဆိုပါသတင်းကို ချက်ချင်းပင် ကြိမ်ချောင်းရှိ စခန်း (၂၄) တွင် နေထိုင်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုကွပ်ကဲရေးမှူး၊ စခန်းမှူး ရဲအုပ်ကျော်သူရနှင့် ငါးခူရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးတို့ သိရှိသွားခဲ့သည်။ ဖမ်းဆီးခံထားရသူ နှစ်ဦးလုံးကို ပြန်လည် လွှတ်ပေးမည်ဟု ဆိုကာ နယ်ခြားစောင့်ရဲ များက ငွေကျပ် သိန်းနှစ်ရာ တောင်းခံခဲ့သည်။ ညနေပိုင်းတွင် ဒုကွပ်ကဲရေးမှူးနှင့် ခင်မင် ရင်းနှီးသူ ကြိမ်ချောင်း အလယ်ရွာမှ မော်လ၀ီအာနိုဝါရ်က ဒုကွပ်ကဲရေးမှူး၊ ငါးခူရ အခြေစိုက် တပ်ရင်းမှူး တို့နှင့် တွေ့ဆုံပြီး ငွေကျပ် (၈၅) သိန်း ပေးပြီးနောက် ဦးရဇောဘူလ်ဟိုရ် တစ်ဦးတည်း လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အဆိုပါ ငွေကျပ် (၈၅) သိန်းကို ကြိမ်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲများ၊ ဒုကွပ်ကဲရေးမှူး၊ တပ်ရင်းမှူး၊ စခန်း (၂၄) မှာ စခန်းမှူး ရဲအုပ်ကျော်သူရတို့ ခွဲဝေယူခဲ့ကြောင်း သိရှိရသည်။ 

ချုပ်နှောင် ခံထားရသည့် လူငယ် မုခ်တာရ်ဟူစိန်းကို WY ဆေးပြား ၈၀၀ နှင့်အတူ မောင်တော တရားရုံးသို့ ပို့ဆောင်ပြီး ထိုမှတဆင့် ဘူးသီးတောင် အကျဉ်းထောင် ခြံဝင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင်ခဲ့သည်။ ဦးရဇောဘူလ်ဟိုရ် ပြန်လွှတ်လာသည်နှင့် ကြိမ်ချောင်း အခြေစိုက် စ.ရ.ဖ က ဆင့်ခေါ်ပြီး ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ ထို့နောက် သတင်းတပ်ဖွဲ့ (SB) က ဆင့်ခေါ်၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ မှုခင်းစာရေး (ဂိတ်စာရေး) ကလည်း ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ အဆိုပါ မှုခင်း စာရေးသည် WY လုပ်ငန်းရှင် များ၏ WY ဆေးပြားများ သယ်ဆောင် ပေးသူ တစ်ဦး ဖြစ်သည်။ 

ယခုအခါ ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် (ခ) ဘုန်းကံနိုင် ကလည်း ငွေကျပ် သိန်း ၅၀ တောင်းခံနေသည်ဟု ဒေသခံများက ပြောပါသည်။ ဦးကိုကိုအောင် “တကယ်လို့ ငါတောင်းတဲ့ငွေ မပေးဘူးဆိုရင် ထောင်ကျအောင် လုပ်မယ်” ဟု ပြောဆို ခြိမ်းခြောက် နေသည်ဟု ဆိုသည်။

မုခ်တာရ်ဟူစိန်းကို ဖမ်းဆီးစဉ်က WY ဆေးပြား တစ်သောင်းဖြင့် ဖမ်းမိခဲ့သော်လည်း တရားရုံးသို့ ဆေးပြား ၈၀၀ သာ စာရင်းပြခြင်းမှာ ကျန်သည့် ဆေးပြားများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပြန်လည် ရောင်းချရန် ဖြစ်သည်မှာ ပေါ်လွင် နေသည်။ ထို့အပြင် ပြစ်မှု ကျူးလွန်သူကို တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ခြင်း မပြုလုပ်ဘဲ ဌာနဆိုင်ရာများက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငွေညှစ်ခဲ့သည်။ အဆိုပါ ဌာနဆိုင်ရာ များသည် နိုင်ငံတော်မှ ပုံမှန် လစာယူလျက် ရှိသော ၀န်ထမ်းများ ဖြစ်ပါလျက် ဥပဒေကို လေးစား လိုက်နာခြင်း မရှိဘဲ၊ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ခြင်း မရှိဘဲ ကိုယ်ကောင်းစားရေး အတွက် ငွေကိုသာ မက်မောလျက် ရှိသည့် နိုင်ငံတော်ကို ဖျက်ဆီးနေသည့် သစ္စာဖောက်များ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Rohingya Exodus