နောက်ဆုံးသတင်း/ဆောင်းပါးများ



Rohingya Eye
RB News
25.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဒေသခံ အာဏာပိုင် အဖွဲ့အစည်း များ၏ ဦးဆောင်မှုဖြင့် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့ထိ သုံးရက်တိုင်တိုင် မြို့မဈေးကြီးနှင့် ကမ္ဘာ့ရတနာဘဏ် ရှေ့တွင် ကျင်းပခဲ့သည်။ အဆိုပါ ရထားဆွဲ ပွဲတော်သို့ ကျေးလက် ဒေသများမှ လာနိုင်ရေး အတွက် စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့က ဗုဒ္ဓဘာသာဝင် များကို ကားများဖြင့် ပို့ဆောင် ပေးခဲ့သည်။ ပွဲတော်သို့ လာရောက်သူ (၃) ထောင်ကျော်ခန့် ရှိသည်ဟု ခန့်မှန်းရသည်။ 

ပွဲတော် ကျင်းပနေစဉ် ရိုဟင်ဂျာ အများစု နေထိုင်ရာ နာရီစင်ခွဆုံနှင့် အမှတ် (၅) ရပ်ကွက် ဈေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကားတစ်စီးနှင့် စစ်တပ်မှ ကားတစ်စီးတို့ လက်နက် အပြည့်အစုံဖြင့် လုံခြုံရေး ချထားခဲ့သည်။ ပွဲတော် လုံခြုံရေး အတွက် စစ်တပ်မှ ကား (၃) စီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကား(၅) စီးနှင့် ရဲတပ်ဖွဲ့မှ ကား (၂) စီး ချထားခဲ့သော်လည်း ည (၁၀) နာရီ နောက်ပိုင်းတွင် မော်တော်ဆိုင်ကယ်၊ ကားများဖြင့် ပြန်သွားသူ များသည် အော်ဟစ်၍ ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ ဆူပူခြင်းများ ပြုလုပ်ခဲ့သည်ကို လုံခြုံရေး တာဝန်ယူထားသည့် လက်နက်ကိုင် အာဏာပိုင်များက ဟန့်တားခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မြို့မ ဗလီကြီးရှေ့သို့ ဗုဒ္ဓဘာသာဝင် လူငယ်များ ကား (၄) စီးဖြင့် ရောက်ရှိလာပြီး ဗလီ တံခါးရှေ့တွင် စပီကာများဖြင့် သီချင်းဖွင့်ခြင်း၊ အရက်သောက်ခြင်း၊ ဗလီ အုတ်နံရံကို သေးပန်းခြင်း၊ စသည်တို့ကို ပုဒ်မ (၁၄၄) ကျော်လွန်ချိန် ည ၁၂ နာရီထိ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ပြုမှုနေခြင်းမှာ ဘာသာရေးအရ စော်ကားခြင်းသာ ဖြစ်သော်လည်း ဖြတ်သန်း သွားလာ၍ လုံခြုံရေး တာဝန်ယူနေသည့် လက်နက်ကိုင် အာဏာပိုင်များက တားဆီး ဟန့်တားခြင်း လုံးဝ မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

အနီးအနားရှိ ရိုဟင်ဂျာ လူငယ်များက ထိုသို့ ရမ်းကားနေခြင်းကို နှုတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး မည်သို့မှ တုန့်ပြန်ခဲ့ခြင်း မရှိဟု ဒေသခံများက ဆိုသည်။ 

“တကယ်လို့ ရိုဟင်ဂျာတွေကသာ မြို့မ ဘုန်းကြီးကျောင်း ရှေ့မှ သူတို့လုပ်သလို လုပ်မယ်ဆိုရင် ဖမ်းဆီး ထောင်ချခံရမယ့် အပြင် ရိုဟင်ဂျာ အိမ်တွေလည်း မီးရှို့ခံရမှာပါ။ တရား ဥပဒေက ရိုဟင်ဂျာတွေဘက်က ရပ်တည် မပေးတဲ့အပြင် တစ်ဖက်ကလူတွေကို အာဏာပိုင်တွေ ကိုယ်တိုင် မြှောက်ပေးထားသလို ဖြစ်နေတယ်” ဟု မြို့ခံ လူငယ် တစ်ဦးက ပြောပါသည်။ 

ညမထွက်ရ အမိန့်နှင့် လူ (၅) ဦးထက် ပို၍ အစုအဝေး မလုပ်ရ အမိန့်ကို ယခုလ (၈) ရက်နေ့တွင် နောက်ထပ် (၂) လ တိုးမြှင့်ခဲ့သည်။ အဆိုပါ အမိန့်တွင် အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ဈေး၊ ပန်းခြံနှင့် အများသွားလာသည့် လမ်းတွင် လူ (၅) ဦးထက် ပိုမစုရဟု ပါရှိသော်လည်း ဒေသခံ အာဏာပိုင်များ၏ ဦးဆောင်မှုဖြင့် ရထားဆွဲ ပွဲတော်ကို ကျင်းပနိုင်သလို၊ ည (၁၁) နာရီကျော် နောက်ပိုင်းတွင် အပြင်မထွက်ရ အမိန့်ကို ကျူးလွန် ဖောက်ဖျက်၍ ဗလီရှေ့တွင် ရမ်းကားနိုင်ခြင်းသည် ပုဒ်မ ၁၄၄ ကို ဒေသခံ အာဏာပိုင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင် များကသာ ကျူးလွန်နေခြင်းမှာ ထင်ရှားနေသည်။ 

ထို့အပြင် အဆိုပါ အမိန့်တွင် တည်ငြိမ်မှုကို ပျက်ပြားအောင် ဆူပူ အကြမ်းဖက်ရန် အကြောင်းရှိသည့် အတွက် ဤအမိန့်ကို ထုတ်ပြန်ရခြင်း ဖြစ်သည် ဟု ပါရှိသော်လည်း အမှန်တကယ် ဆူပူ အကြမ်းဖက်သူ များမှာ ဒေသခံ အာဏာပိုင် များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင် များသာ ဖြစ်သည်။ 

အဆိုပါ ဗလီကြီးရှေ့တွင် ရမ်းကားနေခြင်းကို ရိုဟင်ဂျာများက တစ်စုံတစ်ရာ တုန့်ပြန်မည်ဆိုပါက ဆူပူသည်ဟု အကြောင်းပြ၍ ရိုဟင်ဂျာများ၏ နေအိမ်များကို အကြမ်းဖက်ခြင်း၊ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း လုပ်ဆောင်နိုင်အောင် အကွက်ကျကျ ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့မိမြို့ဖ တစ်ဦးက ပြောပါသည်။



RFA မြန်မာပိုင်း
24.2.2016

မြန်မာနိုင်ငံ အတွင်း ဘာသာရေး ဆိုင်ရာ အယူအဆ လွဲမှားမှုနဲ့ သဘောထား တင်းမာမှုတွေ တနေ့တခြားတိုးပွား လာနေပြီး မွတ်စလင်တွေ အပေါ် ခွဲခြား ဆက်ဆံမှုတွေ၊ ရန်ပြုမှု တွေကို မြန်မာ အစိုးရ အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ် အတွင်း ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ AI က ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။

လန်ဒန်မြို့ အခြေစိုက် AI အဖွဲ့က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၅-၁၆ ခုနှစ် အတွက် နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်္ဘာ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း ဗုဒ္ဓဘာသာဝင်တွေထဲက သဘောထားတင်းမာတဲ့ အမျိုးသားရေး ဝါဒီအဖွဲ့အစည်းတွေကို တန်ခိုးသြဇာ ပိုမိုကြီးမားအောင် အားပေးခွင့်ပြုခဲ့ကြောင်း၊ ရခိုင်ပြည်နယ်က အဖိနှိပ်ခံ ရိုဟင်ဂျာတွေရဲ့ ဘဝတွေ ကလည်း တနေ့တခြားပိုမိုဆိုးဝါးလာခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွင်း လွတ်လပ်စွာ ဆန္ဒသဘောထားဖေါ်ထုတ်ခွင့်၊ ဖွဲ့စည်းခွင့် နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်တွေလည်း ပိုမိုဖိနှိပ်ချုပ်ချယ်ခံခဲ့ရကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နိုင်ငံတကာ ဥပဒေတွေကို ဥပက္ခာပြုပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက်ဖြစ်ပွားတဲ့သတင်းတွေကို ရရှိခဲ့ကြောင်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကလည်း သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို သက်ဆိုင်ရာက အရေးယူမှုမရှိသလောက်ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် ဆက်လက်ကျူးလွန်နေကြကြောင်း စသဖြင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ၂ဝ၁၅၊ ၁၆ ခုနှစ် အစီရင်ခံစာနိဒါန်းမှာ ရေးသားထားပါတယ်။

ခွဲခြားဆက်ဆံမှုဆိုင်ရာ အသေးစိပ်ဖေါ်ပြချက်တချို့မှာတော့ မြန်မာနိုင်ငံမှာ တခြားဘာသာဝင်တွေ အထူးသဖြင့် မွတ်စလင်တွေအပေါ်မုန်းတီးမှုတွေ သိသိသာသာ တိုးပွားလာနေပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေ ၄ ခုကို ပြီးခဲ့တဲ့နှစ်အတွင်း လွှတ်တော်က အတည်ပြုပြဌာန်းခဲ့ကြောင်း၊ အဲဒီမျိုးစောင့်ဥပဒေတွေထဲမှာ ဘာသာရေးနဲ့ ကျားမဆိုင်ရာ နှိမ့်ချခွဲခြားမှုတွေပါဝင်နေကြောင်း၊ ဘာသာရေးအစွန်းရောက် မျိုးချစ်ဝါဒီအဖွဲ့တွေက ဦးစွာကမကထပြုလုပ်ပြီးတင်ပြခဲ့တဲ့ ဒီဥပဒေတွေအပေါ် ဝေဖန်ပြောကြားသူတွေကို ထောင်ဒဏ်ပေးအရေးယူ တာတွေ၊ ခြိမ်းခြောက်ရန်ပြုမှုတွေ ပေါ်ပေါက်ခဲ့ကြောင်း ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့တော့ အဲဒီလူနည်းစု မွတ်စလင်တွေဟာ ဆေးဝါးကုသခွင့်၊ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ သွားလာခွင့်တွေမှာ မြန်မာပြည်တွင်းက တခြားသူတွေနည်းတူမရရှိဘဲ အနှိမ်ခံနေရကြောင်း၊ ဖမ်းဆီးခံနေရစဉ် ညှင်းပမ်းမှုတွေ သေဆုံးမှုတွေရှိသလို အဲဒီသူတွေရှိတဲ့ ရခိုင်ပြည်နယ်က ဒေသတွေ ကို နိုင်ငံတကာအဖွဲ့အစည်းတွေ သွားရောက်ခွင့်ကိုလည်း သက်ဆိုင်ရာက တင်းကျပ်စွာ ကန့်သတ် ထားကြောင်း ဖေါ်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ၊ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖေါ်ခွင့်တွေနဲ့ ပတ်သက်လို့တော့ ကျောင်း သားတွေအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်သူတွေကို အစိုးရက ဆက်လက်ဖမ်းဆီး အကျဉ်းချနေကြောင်း၊ ပြီးခဲ့ တဲ့နှစ်ကုန်အထိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၁ဝဝ ကျော်ရှိကြောင်း၊ ဇူလိုင်လအတွင်း အကျဉ်းသား ၇ထောင်လောက် လွတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားက ၁၁ ဦးပဲပါဝင်ကြောင်း၊ အစိုးရက စာနယ်ဇင်းသမားတွေ၊ လူ့အခွင့်ရေးလှုပ်ရှားသူတွေကို နောက်ယောင်ခံလိုက်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ သူတို့အိမ်တွေ ရုံးခန်းတွေကို ဝင်ရောက် မွှေနှောက်ရှာဖွေခြင်း၊ ရန်ပြုခြင်း၊ တရားစွဲဆိုခြင်း မိသားစုဝင်တွေကို ခြိမ်းခြောက်ခြင်း စသဖြင့် ပုံသဏ္ဏန်မျိုးစုံနဲ့ ဆက်လက်ဖိနှိပ်နေကြောင်း ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အောက်တိုဘာ ၁၅ ရက်နေ့ မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ပေမယ့် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ခြင်းမရှိကြောင်း၊ တချို့ကို မြန်မာ့တပ်မတော်က လက်မခံလို့ ချန်ခဲ့တာဖြစ်ကြောင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ ဆက်လက်ဖြစ်ပေါ်နေကြောင်း၊ မြန်မာ့တပ်မတော်က ကလေးစစ်သား ၁၅ဝ ခန့်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကလေးစစ်သား အဓမ္မစုဆောင်းမှုတွေကို အစိုးရတပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေက ဆက်လက် ကျူးလွန်နေကြောင်း တင်ပြထားပါတယ်။

ဒါ့အပြင် စက်မှုလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု လေထုညစ်ညမ်းမှု လုပ်ငန်းခွင် လုံခြုံစိတ်ချရခြင်းကင်းမှု စတဲ့ ပြသနာတွေအပါအဝင် လူသားတွေရဲ့မွေးရာပါအခွင့်အရေးတွေကို ကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံမှာ ဥပဒေတွေ အလုံအလောက်မရှိသေးကြောင်း၊ သတ္ထုတူးဖေါ်ရေးလုပ်ငန်းတွေမှာ လူ့အခွင့်ရေး ဖေါက်ဖျက်မှုတွေ အိုးအိမ်မဲ့ဖြစ်ရတာတွေ အများအပြားရှိနေကြောင်း၊ ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ မိမိတို့ဇာတိမွေးရပ်ကနေ စစ်မက်နဲ့ ဖိနှိပ်ညှင်းပမ်းမှုအပါအဝင် အကြောင်းမျိုးစုံကြောင့် ထွက်ပြေးနေရသူ ၂ သိန်း ၃ သောင်းကျော်ရှိနေကြောင်း ဖေါ်ပြထားပါတယ်။

အရေးယူခြင်းက လွတ်ကင်းမှု အခန်းမှာတော့ မြန်မာပြည်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့ခွင့်ရေးချိုးဖေါက်မှုတွေ အကျယ်အပျံ့ဆက်လက်ဖြစ်ပွားနေပြီး အရေးယူမှု မရှိသလောက်ဖြစ်ကြောင်း၊ သတင်းထောက် ကိုပါကြီး အသတ်ခံရမှုအတွက် စွဲချက်တင်ခံရတဲ့ တပ်မတော်အရာရှိ ၂ ဦးကို စစ်ခုံရုံးက အပြစ်ကင်းမဲ့တယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒီအမှုကို ရဲတပ်ဖွဲ့က စုံစမ်းလို့ မပြီးခင်၊ တရားရုံးကစစ်ဆေးလို့ မပြီးဆုံးခင်မှာ စစ်ခုံရုံးက အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း စသဖြင့် လန်ဒန်မြို့အခြေစိုက် AI ခေါ်နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးအစီခံစာ မှာ ဖေါ်ပြထားပါတယ်။



RB News
24.2.2016

ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ည (၆) နာရီ အချိန်တွင် ဂျပန်နိုင်ငံ၊ Gunma ခရိုင်၊ Maebashi မြို့တွင် Asahi သတင်းစာမှ သတင်းထောက် Mrs Mayuri Ito ဦးဆောင်၍ ဂျပန် ရှေ့နေများ အသင်းနှင့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။ 

ဆွေးနွေးပွဲသို့ ရိုဟင်ဂျာ အရေး စိတ်ဝင်စားသည့် ဂျပန် ရှေ့နေများ ၅၀ ခန့်နှင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်းမှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ ဒု-ဥက္ကဌ ဦးအောင်တင်၊ အတွင်းရေးမှူး ဦးမိုဟာမတ်ခါန်းနှင့် အဖွဲ့ဝင် အချို့ တက်ရောက် ဆွေးနွေးခဲ့သည်။ 

သတင်းထောက် Mr Ito က ဂျပန်နိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူနေမှု ဘ၀ အခြေအနေ၊ လွန်ခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက်၍ မှတ်တမ်းတင်ခဲ့သည့် ဒုက္ခသည် စခန်းများရှိ ရိုဟင်ဂျာများ၏ အခြေအနေ၊ ရန်ကုန်ရှိ ရိုဟင်ဂျာ ခေါင်းဆောင်များ၏ ထွက်ဆို ပြောကြားချက်များ၊ မြန်မာ့ ဒီမိုကရေစီ အခြေအနေများ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ် အခြေအနေများ၊ လွှတ်တော်တွင် စစ်တပ်မှ ကိုယ်စားလှယ် ၂၅% နှင့် အရေးကြီး ၀န်ကြီး ဌာန (၃) ကို ထိန်းချုပ် ထားမှုတို့ကို ဂျပန်ဘာသာဖြင့် အသေးစိတ် ဆွေးနွေးခဲ့သည်။ 

ထို့နောက် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ ယနေ့ထိ ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် မရသေးသည့် ရိုဟင်ဂျာ (၁၁) ဦး ကိစ္စ၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက် နိုင်ငံဖြစ်သည့် အတွက် လူ့အခွင့်အရေး ကိစ္စတွင် ဦးစားပေးသွားရန် ဦးဟာရွန်ရော်ရှိတ်နှင့် ဦးအောင်တင် တို့က တင်ပြခဲ့သည်။ 

တက်ရောက်လာသူများမှ မေးမြန်းသည်များကို သတင်းထောက် Mrs Ito၊ ဦးဟာရွန်ရော်ရှိတ်နှင့် ဦးအောင်တင်တို့က ရှင်းလင်း ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ည (၈) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။








MYARF
RB News
24.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲအုပ် ၀င်းဌေးဦး ဦးဆောင်သည့် နယ်ထိန်းရဲ များသည် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ည (၁၁) နာရီ အချိန်ခန့်တွင် ရွာသစ်ကေ ရပ်ကွက် (အမှတ် ၅ ရပ်ကွက်) သို့ သွားရောက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ခေါ်ယူ၍ အနောက်ရွာသို့ သွားရောက်ပြီး ဧည့်စာရင်း စစ်ဆေးရန်ဟု ဆိုကာ အိမ် (၃) အိမ်ကို ၀င်ရောက် စစ်ဆေးပြီး လူ (၃) ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါ အိမ် (၃) အိမ်တွင် တရားမ၀င် နေထိုင်သည့် ဧည့်သည် တစ်ဦးမှ မတွေ့ရှိခဲ့သော်လည်း အိမ်ရှင်များကို ၂၀၁၂ ခုနှစ် အရေးအခင်းတွင် ရခိုင်အိမ်များကို မီးရှို့ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရသူ (၃) ထဲမှ နှစ်ဦးကို ငွေညှစ်ပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်တစ်ဦးက ရဲများ တောင်းခံသည့် ငွေကျပ် သိန်း တစ်ရာကို မတတ်နိုင်သဖြင့် ယခုအချိန်ထိ မြို့မ ရဲစခန်းတွင် ချုပ်နှောင်ခံထားရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရပြီး ပြန်လွတ်လာသူ နှစ်ဦးမှာ -- 

(၁) ဦးရှောမ်ရှုလ်အာမီးန် (ညှစ်ခံရငွေ ကျပ် ၅ သိန်း)
(၂) ဦးဟာဘဲစ်အာမတ် (ညှစ်ခံရငွေ ကျပ် ၂ သိန်း) -- တို့ဖြစ်သည်။ 

ရဲများ တောင်းခံသည့် ငွေကျပ် သိန်းတစ်ရာ မတတ်နိုင်၍ ချုပ်နှောင် ခံထားရသူမှာ အပ်ချုပ်ဆရာ ဦးဟိုင်ဘူလ္လာ (ဘ) ဦးဆုလ်တာန် ဖြစ်သည်။ ၎င်းသည် သာမာန် အပ်ချုပ် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ပြီး၊ ရဲများ တောင်းခံသည့် ငွေကျပ် သိန်းတစ်ရာ ပေးနိုင်ရန် အထိ ချမ်းသာသူ မဟုတ်ကြောင်း၊ မောင်တော မြို့မဈေးတွင် အပ်ချုပ်၍ အသက်မွေးဝမ်းကျောင်းပြု နေထိုင်လာသည်မှာ နှစ်ပေါင်း ၃၀ ကျော် ရှိကြောင်း၊ မည်သည့်အခါကမှ ရန်ဖြစ်ခြင်း၊ လိမ်လည်ခြင်း၊ သူတစ်ပါး ဒုက္ခရောက်အောင် ပြုမှုခြင်း၊ အခြားသူများအား နှောက်ယှက်ခြင်း မရှိသူ၊ ဥပဒေကို လေးစား လိုက်နာပြီး အေးချမ်းစွာ နေထိုင်သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

၎င်းအား မီးရှို့မှုနှင့် တရားစွဲဆိုပြီး ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မောင်တော တရားရုံး၌ ရုံးတင် စစ်ဆေးခဲ့ပြီး ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားသည်။ ဇန်န၀ါရီလ လဆန်းပိုင်းကလည်း နယ်ထိန်းရဲများက ၎င်းကို ဖမ်းဆီးပြီး ရခိုင်အိမ်များကို မီးရှို့ရာတွင် ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

ရဲအုပ်ဝင်းဌေးဦး ဦးဆောင်သည့် နယ်ထိန်းရဲ များသည် မကြာခဏ ဆိုသလို ရိုဟင်ဂျာ ရွာများထဲသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးကာ အချို့ကို ငွေညှစ်၍ ပြန်လည် လွှတ်ပေးပြီး အချို့ကို မီးရှို့မှုဖြင့် တရားစွဲဆိုကာ ထောင်ချလေ့ ရှိသည်။ 

အဆိုပါ နယ်ထိန်းရဲ များသည် ဇန်န၀ါရီလ (၁) ရက်နေ့ကလည်း မြို့မ ကညင်တန်း ကျေးရွာသို့ သွားရောက်၍ ဦးအာနိုဝါရ် (ဘ) မော်လ၀ီ ဆုလ်တာန်ကို ဖမ်းဆီးပြီး ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုထားသည်။ ဦးအာနိုဝါရ် မိသားစုသည် လွန်ခဲ့သည့် (၁၀) နှစ်ကျော်က တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာအုပ်စု၊ ဖော်အီရာရွာမှ မြို့မ ကညင်တန်း ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ခြင်း ဖြစ်သည်။ ၎င်းအား ၂၀၁၂ ခုနှစ်တွင် ဘဂုံးနား ကျေးရွာရှိ ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ၂၀၁၂ ခုနှစ်တွင် ဦးအာနိုဝါရ်သည် မြို့မ ကညင်တန်း ကျေးရွာတွင်သာ နေထိုင်ခဲ့ပြီး ဘဂုံးနား ကျေးရွာသို့ သွားရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။



MYARF
RB News
24.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၈) နယ်မြေ၊ မြင်းလွတ် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး ဦးကျော်သူရီက နယ်မြေ (၈) အပိုင် ကျေးရွာများရှိ ဆန်စက် ပိုင်ရှင်များ ထံမှ ဆန်စက် လည်ပတ်ခွင့် အတွက်ဟု ဆိုကာ ယခုနှစ် ဇန်န၀ါရီလမှ စ၍ လစဉ် ငွေကျပ် နှစ်သောင်းစီ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ထို့အပြင် ယင်းနယ်မြေ အပိုင် ကျေးရွာများရှိ လိုင်စင်မဲ့ကားငယ် များမှ ၂၀၁၆ ခုနှစ်တွင် လမ်းပေါ်၌ မောင်းနှင်ခွင့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်းစီ ကောက်ခံလျက် ရှိသည်။ ငွေမပေးသော ဆန်စက်များနှင့် ကားများကို ပိတ်ပင်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ငွေများကို ဦးကျော်သူရီ၏ ဇနီးက ဦးဆောင်၍ ကောက်ခံလျက် ရှိပြီး၊ နယ်ခြားစောင့်ရဲ များက အမျိုးမျိုး စွပ်စွဲ၍ ဖမ်းဆီးခံရသူ များထံမှလည်း ၎င်းကသာ ငွေညှစ်လေ့ ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် မြင်းလွတ် ကျေးရွာအုပ်စု၊ ဟန္နားဖာရာမှ ဦးအေနာမူလ္လာသည် သပြေတော ကျေးရွာအုပ်စု၊ ဇုမ်ကာရာရွာရှိ ယောက္ခမ ဦးနော်ဇိရ် (ဘ) ဦးမောင်ဂုလ်၏ အိမ်သို့ အလည်အပတ် သွားရာ ယောက္ခမ ဖြစ်သူ ဦးနော်ဇိရ်၏ အိမ်ဝသို့ ရောက်သည့်အခါ မြင်းလွတ် နယ်မြေ (၈) စခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ၎င်းအား စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် MPT ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံး တွေ့ရှိခဲ့ရာ ဖုန်းဟန်းဆက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် ဖြစ်သဖြင့် ဘင်္ဂလား ဆင်းမ်ကဒ်လည်း ရှိနိုင်သည်၊ ရဲများကို မြင်၍ ၀ှက်ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့သည်။ 

ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ဦးကျော်သူရီက သပြေတော ကျေးရွာမှ ဦးမာမတ်ရော်ဖိတ် (ဘ) ဦးမာမတ်ဇော်လိလ် ပိုင်ဆိုင်သည့် ကားငယ် တစ်စီးကို တစ်ရက်အတွက် စီးရန် တောင်းခံခဲ့သည်။ ထိုစဉ် ဦးမာမတ်ရော်ဖိတ်၏ ကားငယ်သည် မောင်တောမြို့သို့ အငှားလိုက်သွား သဖြင့် ဦးကျော်သူရီကို မပေးနိုင်ခဲ့ပေ။ ကားမပေးနိုင်ခဲ့သည့် အပေါ် မကျေနပ် အငြိုးထားကာ ယင်းကားကို ဖမ်းဆီးရန် နယ်ခြားစောင့်ရဲ များကို အမိန့်ပေးခဲ့သည်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြင်းလွတ်ဈေးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ဦးမာမတ်ရော်ဖိတ်၏ ကားကို စခန်းရှေ့မှ ဖြတ်သန်းသွားစဉ် ရပ်တန့်ခိုင်း၍ စစ်ဆေးပြီး ကားထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်းပေးကာ ကားနှင့် အတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့ကိုပါ ဖမ်းဆီး၍ နယ်မြေမှူး ဦးကျော်သူရီ၏ ဇနီးထံ အပ်နှံခဲ့သည်။ ဦးကျော်သူရီ၏ ဇနီးက ငွေကျပ် (၁၅) သိန်းပေးမှ ပြန်လည် လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။ နောက်ဆုံးတွင် ယာဉ်ပိုင်ရှင် ဖြစ်သူက ငွေကျပ် (၁၀) သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဦးကျော်သူရီက နယ်ခြားစောင့်ရဲ များကို နေ့စဉ် မြင်းလွတ်၊ သပြေတော၊ ဂေါ်ရာခါလီ၊ ဥဒေါင်း ကျေးရွာများသို့ သွားရောက်၍ ကင်းလှည့်ခိုင်းပြီး ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး လုပ်ကြံ ဖမ်းဆီးခိုင်းပြီး ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



RB News
24.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၄) ရပ်ကွက်မှ ဆရာ ဦးဖွေယာဇူလ်ဟောက်၏ အသက် (၈) နှစ်အရွယ် သားငယ်နှင့် တစ်ရပ်ကွက်တည်းနေ ဦးဖိုက်ဆဲလ် (ခ) ဘူလုံး (ဘ) ဦးမာဆောင်း (အသက် ၃၇ နှစ်) ၏ အသက် (၁၂) နှစ် အရွယ်သားတို့သည် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် ၂း၃၀ နာရီအချိန်၌ ကျောင်းတွင် စာမေးပွဲ ဖြေဆိုပြီး ပြန်အလာလမ်းတွင် အချင်းချင်း စကားများကာ ဦးဖိုက်ဆဲလ်၏ သားက ဦးဖွေယာဇူလ်ဟောက်၏ သားငယ်ကို ပါးရိုက်ခဲ့သည်။

ပါးရိုက်ခံရသည့် ကလေးငယ်က ၎င်း၏ အစ်ကိုကြီး ဖြစ်သူ အူမောရ်ဖာရုခ် (အသက် ၃၁ နှစ်) ကို အကြောင်းစုံ ပြောပြရာ၊ ၎င်းက ညီငယ်ဖြစ်သူနှင့် အတူ ဦးဖိုက်ဆဲလ်အား တိုင်ကြားရန် သွားနေစဉ် မြို့စင် နာရီစင်အနီး မြို့မ အပ်ချုပ်ဆိုင်ရှေ့တွင် ဦးဖိုက်ဆဲလ်နှင့် တွေ့ရှိပြီး အကြောင်းစုံ ရှင်းပြရာမှ အချင်းချင်း စကားများခဲ့ကြသည်။ ဦးဖိုက်ဆဲလ်နှင့် ညီဖြစ်သူ ဂျမာလ် (အသက် ၂၇ နှစ်) တို့နှစ်ဦး ပေါင်း၍ အူမောရ်ဖာရုခ်ကို အများ ပြည်သူ ရှေ့မှောက်တွင် လူကို သေစေနိုင်သည့် လက်နက်ဖြင့် သတိလစ်သည့် အထိ ၀ိုင်းဝန်း ထိုးကြိတ် ရိုက်နှက်၍ အိမ်ပြန်သွားခဲ့ကြသည်။ 

ဦးဖိုက်ဆဲလ်နှင့် ညီဖြစ်သူ တို့က အနိုင်ကျင့်၍ ထိုးကြိတ် ရိုက်နှက်နေချိန်တွင် လမ်းမှ ဖြတ်သန်းသွားသည့် ရဲများက တွေ့သော်လည်း တားမြစ်ခြင်း မရှိခဲ့ကြောင်း၊ ခဏ အကြာမှ ရဲကားတစ်စီး ရောက်ရှိလာပြီး သတိလစ်သွားသည့် အူမောရ်ဖာရုခ်ကို တင်ဆောင်၍ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။ အူမောရ်ဖာရ်ုခ်၏ ပါးရိုး အပါအ၀င် အခြားသော အရိုး အချို့ ကျိုးသွားပြီး၊ မျက်နှာတွင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။ 

အူမောရ်ဖာရုခ်သည် အေးဆေးစွာ နေတတ်သူ တစ်ဦး ဖြစ်ပြီး၊ ဦးဖိုက်ဆဲလ်မှာ ရာဇ၀တ်မှုဖြင့် ထောင်ကျခဲ့ဖူးသူ ဖြစ်ပြီး၊ လွန်ခဲ့သည့်နှစ်က လွှတ်လာသူ ဖြစ်သည်။ ဦးဖိုက်ဆဲလ်သည် မြို့နယ် တရားသူကြီး၏ တပည့်ဖြစ်သလို၊ G-1 ရဲမှူးကြီး အောင်ထွန်းမြင့်၏ ကိုယ်ရံတော် မိုးဆွေ၏ တပည့်လည်း ဖြစ်သောကြောင့် အာဏာ အရှိန်အ၀ါဖြင့် ယခုကဲ့သို့ အနိုင်ကျင့်ခြင်း ဖြစ်သည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။ 
အူမောရ်ဖာရုခ်၏ ဖခင်ဖြစ်သူ ဆရာ ဦးဖွေရာဇူလ်ဟောက်က မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း ယခုအချိန်ထိ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း သိရသည်။



Rohingya Eye
RB News
23.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း (ဂေါဇော်န်းဒီယာ) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာသည် ကျင်းပခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် မဲရှုံးနိမ့်ခဲ့သောကြောင့် ရွာသား အပေါ် မကျေမနပ် ဖြစ်လျက် ရှိပြီး၊ ကျေးရွာရှိ လူကြီးများနှင့် မော်လ၀ီ ဆရာများကို အမျိုးမျိုး စွပ်စွဲ၍ ခြိမ်းခြောက်လျက် ရှိသည်။ 

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကညင်တန်း ကျေးရွာမှ ဦးမာမတ်ဟူဆောင်း (ဘ) ဦးတော်ဇူမ်အာလီ (အသက် ၅၅ နှစ်) ကို ရုံးသို့ ဆင့်ခေါ်၍ ကိုယ်ထိ လက်ရောက် စော်ကားခဲ့သည့် အပြင် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့သည်။ 

ဦးအေနာမ်အုလ္လာ (ဘ) ဦးအဒူရော်မန် (အသက် ၄၅ နှစ်)၊ ဦးဟာဖီဇူလ္လာ (ဘ) ဦးရှာကဲရ်မိုဟာမတ် (အသက် ၅၀ နှစ်)၊ ဦးယာဆဲရ်အူဒင် (ဘ) ဦးမာမတ်ရော်ဖိတ် (အသက် ၃၅ နှစ်)၊ ဦးအေနာယာဒ်အုလ္လာ (ဘ) ဦးဂျာမာလ် (အသက် ၂၅ နှစ်) တို့သည် ငါးဖမ်းသမားများ ဖြစ်ကြပြီး၊ အုပ်ချုပ်ရေးမှူးက ၎င်းတို့ကို မူးယစ်ဆေးဝါး သယ်ဆောင်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ၎င်းနှင့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် လာတွေ့ရန် ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ငါးဖမ်းသမားများက အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေပမာဏကို မတတ်နိုင်၍ တိမ်းရှောင် သွားခဲ့သည်။ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူးက ဦးအေနာယာဒ်အုလ္လာနှင့် တွေ့ဆုံခဲ့ပြီး စကားများခဲ့ကြသည်။ ယင်းနေ့ ညသန်းခေါင်ယံ အချိန်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် တပ်မတော် တပ်ရင်းမှ စစ်သားများကို အုပ်ချုပ်ရေးမှူးက ရွာထဲသို့ ခေါ်ဆောင်လာပြီး အဆိုပါ ငါးဖမ်းသမား (၄) ဦးကို ဖမ်းဆီးခိုင်းခဲ့သော်လည်း ငါးဖမ်းသမား များက တိမ်းရှောင် သွားခဲ့သောကြောင့် ဖမ်းဆီး မရခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“အုပ်ချုပ်ရေးမှူးကို မဲမပေးလို့ဆိုပြီး ရွာထဲကို နယ်ခြားစောင့်ရဲတွေနဲ့ စစ်သားတွေ ခေါ်လာပြီး ရွာသားတွေ အထိတ်တလန့် ဖြစ်အောင် လုပ်နေတယ်။ ရထားတဲ့ အခွင့်အာဏာကို သုံးပြီး ရွာသားတွေကို မတရား ရက်စက်နေတာကို အထက် လူကြီးတွေ အနေနဲ့ စုံစမ်း စစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူဖို့ တစ်ရွာလုံးက တောင်းဆိုပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။



MYARF
RB News
22.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် စခန်းအမှတ် (၁၈) မှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီရွာသို့ သွားရောက်၍ ဦးဟော်လီလုရာမန် (ခ) ဟောလုကို ခွင့်ပြုချက် မပါဘဲ အိမ်အသစ် ဆောက်လုပ်ခဲ့သည်ဟု ဆိုကာ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးချုပ်၏ အမိန့်အရဟု ဆိုကာ ဟောလုထံမှ ငွေကျပ် တစ်သိန်းငါးသောင်းကို ရဲမှူးချုပ် (ကွပ်ကဲရေးမှူး) ဖလား ဘောလုံးပွဲ ရန်ပုံငွေဟု ခေါင်းစဉ်တပ်၍ ရယူပြီး အိမ်ဆောက်လုပ်ခွင့် ပေးခဲ့သောကြောင့် ဟောလုက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ထံမှ ခွင့်ပြုချက် မယူဘဲ အိမ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ 

နယ်ခြားစောင့်ရဲ များက ဟောလုကို ဖမ်းဆီးပြီး ငွေညှစ်ယူနေသည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကို အချိန်မှီ တိုင်ကြားသော်လည်း ဦးကျော်သိန်းက မည်သို့မှ ဖြေရှင်း ပေးခြင်းမရှိဘဲ ငြိမ်နေခဲ့သည်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင်လည်း အဆိုပါ အင်းဒင် စခန်း (၁၈) မှ နယ်ခြားစောင့်ရဲ များက ကျောက်ပန္ဒူ ရွာကြီးသို့ သွားရောက်၍ မော်လ၀ီ အီနုစ် (ဘ) ဦးဟိုင်ဘူလ္လာ၏ အိမ်တွင် ၀ယ်ယူ စုဆောင်းထားသည့် သစ်များကို တရားမ၀င် ခုတ်၍ စုဆောင်း ထားသည်ဟု စွပ်စွဲ၍ သိမ်းဆည်း သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ သိမ်းဆည်းခံရသည့် သစ်များ၏ ကာလတန်ဖိုးမှာ တစ်သိန်းငါးသောင်းကျပ် ရှိသည်ဟု ဆိုသည်။ 

ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီရွာသို့ သွားရောက်၍ ဦးနူရ်မာမတ် (ဘ) ဦးနိုရိုဇာမာကို အိမ်ဆောက်လုပ်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးပြီး ငွေကျပ် တစ်သိန်း ရှစ်သောင်း ညှစ်ယူခဲ့သည်။ 

ဦးနူရ်မာမတ်သည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ခွင့်ပြုချက် ရယူပြီး အိမ်အသစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ နယ်ခြားစောင့်ရဲ များက မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ခွင့်ပြုချက် ရယူခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် ယူရန် လိုသည်ဟု ဆိုကာ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲ များသည် ရွာကြီးသို့ သွားရောက်၍ ဦးအိုဘိုင်ဒူရာမန် (ဘ) ဦးဒိလ်မာမတ်၏ အိမ်သို့ ၀င်ရောက် စစ်ဆေးကာ ဦးအိုဘိုင်ဒူရာမန်၏ MPT ဖုန်းတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလားဖုန်း တွေ့သည်ဟု လုပ်ကြံ၍ ဦးအိုဘိုင်ဒူရာမန်၏ အစ်မဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် နေ့စဉ် တစ်ရွာပြီး တစ်ရွာ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး လုပ်ကြံ ဖမ်းဆီးကာ ငွေညှစ်လျက် ရှိသည်။



Rohingya Eye
RB News
21.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဟိန္ဒူ လူမျိုး ဦးကျော်နိုင် (ခ) ချိုဂုံန် (အသက် ၃၅ နှစ်) သည် ရမ်းကု ဆရာဝန် တစ်ဦး ဖြစ်ပြီး၊ ဦးရှဉ့်ကျ ကျေးရွာတွင် ဆေးခန်း ဖွင့်ထားသည်။ အဆိုပါ ရမ်းကု ဆရာဝန် ဦးကျော်နိုင်ကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညသန်းခေါင်ယံ (၁) နာရီ အချိန်တွင် တဖက်နိုင်ငံမှ အမည်မသိ လူတစ်စုက ဖမ်းဆီး၍ တဖက်နိုင်ငံသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ဦးရှဥ့်ကျ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမိရ်ဟာကိမ်းသည် ၎င်း၏ ဒုတိယ သက်တမ်း အတွက် ၀င်ရောက် ယှဉ်ပြိုင်နေစဉ် ၎င်း၏ ပြိုင်ဘက် အဖြစ် ရပ်တည်ခဲ့သူ ဦးရှုနာမျာ (ဘ) ဦးဒူဒူမျာ (အသက် ၄၁ နှစ်) ရှိခဲ့သော်လည်း ဦးအာမိရ်ဟာကိမ်းက အနိုင် ရရှိခဲ့သည်။ ဦးအာမိရ်ဟာကိမ်းသည် ၎င်း၏ ဒုတိယ သက်တမ်း တည်မြဲရေးနှင့် ပြိုင်ဘက်အား အပြတ်ချေမှုန်းနိုင်ရန် ရည်ရွယ်၍ ဦးကျော်နိုင်၏ ဖခင်နှင့် ပူးပေါင်းကာ ဦးကျော်နိုင်ကို ဖမ်းဆီးသွားသည့် အမည်မသိ လူတစ်စုနှင့် ဦးရှုနာမျာ အပါအ၀င် (၁၂) ဦးတို့ အဆက်အသွယ် ရှိသည်ဟု လုပ်ကြံ၍ ငါးခူရ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်တေဇာကို အကြောင်းကြားခဲ့သည်။ 

တပ်ရင်းမှူးက ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ည (၁၁) နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ အင်အား (၇၀) ခန့်ဖြင့် ဦးရှဥ့်ကျ ကျေးရွာသို့ အဖွဲ့ (၄) ဖွဲ့ခွဲကာ ဦးရှုနာမျာ အပါအ၀င် လူ (၁၂) ဦးကို လိုက်လံ ရှာဖွေခဲ့သော်လည်း ၎င်းတို့ကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိဘဲ၊ ၎င်းတို့၏ ညီများ ဖြစ်သည့် မော်လ၀ီ နူရ်ကာဆိမ်း (ဘ) ဦးဒူဒူမျာ (အသက် ၂၁ နှစ်)၊ ချော်ရီသ်အုလ္လာ (ဘ) ဦးဇိုက်ဟူဆောင်း (အသက် ၂၅ နှစ်) (ဆေးဆိုင်)၊ ဖော်ရီသ်အာလောမ် (ဘ) ဦးဒိလ်မာမတ် (အသက် ၁၉ နှစ်) နှင့် ဦးဟာလာမျာ (ဘ) ဦးဟာရွန်ရော်ရှိတ် (အသက် ၃၈ နှစ်) တို့အား ဖမ်းဆီး၍ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် အဆိုပါ တပ်ရင်းမှူးအား ငွေကျပ် (၈) သိန်း ပေးသောကြောင့် ဦးဟာလာမျာ တစ်ဦးတည်းကို ဘူးသီးတောင် အကျဉ်းထောင်မှ ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကျန်သည့် (၃) ဦးကို ဘင်္ဂလား ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံးစီ ကိုင်ခိုင်း၍ နယ်ခြားစောင့်ရဲ များက ဓါတ်ပုံ တစ်ပုံစီ အတင်းအဓမ္မ ရိုက်ခဲ့ကြောင်း သိရှိရသည်။ ဦးရှုနာမျာ အပါအ၀င် (၁၂) ဦးကို နေ့စဉ်နေ့တိုင်း နယ်ခြားစောင့်ရဲ များက ရွာထဲတွင် လိုက်လံ ရှာဖွေနေသောကြောင့် ရွာအတွင်းရှိ အမျိုးသားများက မဟုတ်မမှန် လုပ်ကြံ စွပ်စွဲခံရပြီး ဖမ်းဆီး ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်လျက် ရှိသည်။ အိမ်များတွင် အမျိုးသမီးများနှင့် ကလေးငယ်များ စိုးရိမ် ထိတ်လန့်မှုဖြင့် နေရကြောင်း သိရှိရသည်။ 

ဦးကျော်နိုင်သည် တဖက်နိုင်ငံမှ လူများနှင့် မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင် နေသူ တစ်ဦး ဖြစ်ပြီး၊ တဖက်နိုင်ငံမှ လူများက ဦးကျော်နိုင်ထံမှ ငွေအမြောက်အမြား အကြွေးရရန် ရှိသောကြောင့် လူဆိုးများ ငှားရမ်း၍ ဖမ်းဆီးသွားခြင်း ဖြစ်နိုင်သည်ဟု ရွာသားများ သုံးသပ် ပြောဆိုနေကြသည်။ ဦးကျော်နိုင်နှင့် ဦးရှုနာမျာ အပါအ၀င် (၁၂) ဦးတို့ မည်သည့် ရန်ငြိုးမှ မရှိကြကြောင်း ရွာသားများက အခိုင်အမာ ပြောဆိုနေကြသည်။ 

“ဦးကျော်နိုင်ရဲ့ အဖေက သူ့သားကို မရရင် ဒီရွာကို ဒုချီးရားတန်းလို လုပ်မယ်လို့ ကြုံးဝါး နေတယ်။ သူ့သားနဲ့ ရွာသားတွေ အကြား ဘာပြဿနာမှ မရှိဘူး။ အုပ်ချုပ်ရေးမှူးရဲ့ ပြိုင်ဘက်တွေ မရှိအောင်၊ ၀ရမ်းပြေး ဖြစ်သွားအောင်၊ အပြစ်မဲ့ ရွာသားတွေကို တရားခံစာရင်းမှာ ထည့်နေတာ။ ကျွန်တော်တို့ တစ်ယောက်မှ အိမ်မှာ မနေရဲကြဘူး။ အားလုံး ရှောင်နေရတယ်။ ရှောင်မနေရင် အမှုတစ်ခုခုတပ်ပြီး ဖမ်းခံရမယ်။ အထက် အာဏာပိုင်တွေ အနေနဲ့ အဖြစ်မှန်ကို သေချာ စုံစမ်းပြီး အပြစ်မဲ့ လူငယ်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်” ဟု ကျေးရွာ လူကြီးတစ်ဦးက ပြောပါသည်။ 

ဦးအာမိရ်ဟာကိမ်း၏ ပြိုင်ဘက် ဦးရှုနာမျာ အပါအ၀င် (၁၂) ဦးမှာ --

(၁) ဦးရှုနာမျာ (ဘ) ဦးဒူဒူမျာ
(၂) ဦးနူရ်မိုဟာမတ် (ဘ) ဦးဇိုက်ဟူဆောင်း
(၃) ဦးဆိုက်ဖူလ္လာ (ဘ) ဦးအဘူဘော်ကော်ရ်
(၄) ဦးအီဆုပ် (ဘ) ဦးအာဗ်ဒူဇာဘဲရ်
(၅) ဦးနူရ်ဟာရှိမ် (ဘ) ဦးအာဘူတာဟဲရ်
(၆) ဦးနူရ်ကော်ရီးမ် (ဘ) ဦးရာရှိတ်အာမတ်
(၇) ဦးမိုဟာမတ်ရော်ဖိတ် (ဘ) ဦးမိုဟာမတ်ရှော်ဖိခ်
(၈) ဦးအီဆုပ် (ဘ) ဦးအာဗ်ဒူဖာသား
(၉) မော်လ၀ီဇော်ကော်ရီယာ (ဘ) ဦးဟာဇိုက်ဖာ အပါအ၀င် (၃) ဦးတို့ ဖြစ်သည်။



MYARF
RB News
21.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှား စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု စေတီရွာသို့ သွားရောက်၍ MPT ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံးကိုင်၍ လမ်းလျှောက် သွားနေသည့် ဦးဖေရာန် (ဘ) ဦးနာဇီရာ ကိုခေါ်ယူ၍ စစ်ဆေးမည်ဟု ဆိုကာ ဖုန်းတောင်းကြရာ ဦးဖေရာန်က ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ လုပ်ကြံ ငွေညှစ်ခံရမည်ကို စိုးရိမ်၍ နယ်ခြားစောင့်ရဲ များကို ဖုန်းမပေးဘဲ ထွက်ပြေး သွားခဲ့သည်။ 

သို့သော်လည်း နယ်ခြားစောင့်ရဲ များက ဦးဖေရာန်ကို သိသဖြင့် နေအိမ်သို့ လိုက်သွားပြီး ဖခင်ဖြစ်သူ ဦးနာဇီရာကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ နယ်ခြားစောင့်ရဲ များက ဦးဖေရာန်ထံတွင် ဘင်္ဂလားဖုန်း ရှိသည်ကို မြင်ခဲ့ကြောင်း၊ သားဖြစ်သူကို မခေါ်ပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည (၇) နာရီခန့် အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲ များသည် ကျောက်ပန္ဒူ ကျေးရွာအုပ်စု စေတီရွာမှ မုဆိုးမ တစ်ဦးဖြစ်သူ မနူရ်ဘာဟာရ် (ဘ) ဦးအိုဘိုင်ဒူရာမန် (အသက် ၂၇ နှစ်) နှင့် သူမ၏ ခယ်အို တော်စပ်သူ ဦးဖုက္ခိနား (ဘ) ဦးဟာဘီး (အသက် ၄၃ နှစ်) တို့ကို ငရုတ်သီး စိုက်ခင်း၌ ရေလောင်းနေစဉ် ဖမ်းဆီးပြီး၊ ဘင်္ဂလားဖုန်းနှင့် ဖုန်းဆက်သွယ်ရန် စိုက်ခင်းသို့ လာရောက်သည်ဟု လုပ်ကြံ စွပ်စွဲ၍ နှစ်ဦးစလုံး ထံမှ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့သည်။ 

အဆိုပါ လှုပ်ရှား စခန်းမှ နယ်ခြားစောင့်ရဲ များသည် မကြာခဏ ဆိုသလို ရွာထဲသို့ ၀င်ရောက်၍ ရွာသူရွာသားများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
20.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ၊ အောက်ရွာမှ ဦးရှာကဲရ် (ဘ) ဦးအဒူကော်ယုမ် (အသက် ၇၅ နှစ်) သည် ဟောင်းနွမ်းလျက် ရှိသည့် ၎င်း၏အိမ်ကို သစ်သား အသစ်ဖြင့် လဲလှယ်၍ နေအိမ်ကို ပြုပြင်ခဲ့သည်။ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က အိမ်အသစ် ဆောက်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဦးရှာကဲရ်ထံမှ ငွေကျပ် နှစ်သိန်း အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထို့အပြင် ဦးရှာကဲရ်ကို အလယ်သံကျော် အခြေစိုက် လူကုန်ကူးမှု ရဲစခန်းမှ ဆင့်ခေါ်သည်ဟု ဆိုကာ အလယ်သံကျော်၊ ဒေ့လ်ဖာရာရွာမှ ဦးဆိုက်ဘူလ်အာလောမ် (ဘ) ဦးအူလာမျာ (အသက် ၃၈ နှစ်) က ဦးရှာကဲရ်ကို အမျိုးမျိုး ခြိမ်းခြောက် နေသဖြင့် နောက်ဆုံးတွင် မတတ်သာ၍ ဦးဆိုက်ဘူလ်အာလောမ်ကို ငွေကျပ် (၄) သောင်း ပေးခဲ့ရသည်။ ဦးဆိုက်ဘူလ်အာလောမ်သည် လူကုန်ကူးမှုရဲ၏ တပည့် တစ်ဦး ဖြစ်သလို၊ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့်လည်း ဖြစ်သည်။ ၎င်း၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ရွာသားများ ဒုက္ခရောက် နေရသည်ဟု ရွာသားများက ပြောပါသည်။



MYARF
RB News
20.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ စခန်းမှူး အပါဝင် နယ်ခြားစောင့်ရဲ (၆) ဦးသည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် စံကားပြင် ကျေးရွာ တံတားသို့ သွားရောက်၍ တံတားကို ကြိုးဖြင့် ပိတ်လိုက်ပြီးနောက် ဇီးပင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း ဦးသန်းနိုင်နှင့် ဇီးပင်ချောင်း ကျေးရွာမှ ဦးရာဇာမျာ တို့ကို ဆိုင်ကယ်စီး၍ မောင်တောမြို့မှ အိမ်ပြန် သွားနေစဉ် စစ်ဆေးမည်ဟု ဆိုကာ ဆိုင်ကယ်ထဲသို့ WY ဆေးပြား ၂၀ ထည့်သွင်းပေး၍ WY တွေ့ရှိသည်ဟု လုပ်ကြံ၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ကြိမ်ချောင်း ဆေးရုံသို့ ခေါ်ဆောင် သွား၍ ဆီးစစ်ခိုင်းပြီးနောက် ကြိမ်ချောင်း စခန်းသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့ နှစ်ဦး ဖမ်းဆီးခံရခြင်းမှာ ဇီးပင်ချောင်း ကျေးရွာမှ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးအာယုဖ်၏ ပယောက ကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ဇန်န၀ါရီလတွင် ဇီးပင်ချောင်း ကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဦးသန်းနိုင်က လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာယုဖ်ကို အနိုင် ရရှိခဲ့သည်။ သို့ဖြစ်၍ လက်ရှိ အုပ်ချုပ်ရေးမှူးက အနိုင်ရရှိသူ ဦးသန်းနိုင် အပေါ် မနာလိုဖြစ်ကာ ကြိမ်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲ များကို ငွေပေး၍ အုပ်ချုပ်ရေးမှူးလောင်း ဦးသန်းနိုင်နှင့် ရွာသား ဦးရာဇာမျာ တို့ကို လုပ်ကြံ ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ည ၈း၃၀ နာရီခန့် အချိန်တွင်လည်း ကြိမ်ချောင်း စခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၁၂) ဦးသည် ဆိုင်ကယ် ၆ စီးဖြင့် ကြိမ်ချောင်း တောင်ရွာသို့ သွားရောက်ပြီး ဦးမာမတ်အာမီးန် (ဘ) ဦးဆွေတာမတ် (အသက် ၃၀ နှစ်) ကို နေအိမ်မှ ဖမ်းဆီး၍ တရားမ၀င် သစ်ခုတ် ထုတ်လုပ် ရောင်းချနေသည်ဟု စွပ်စွဲ၍ ရိုက်နှက် ထိုးကြိတ်ကာ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။ ဦးမာမတ်အာမီးန်သည် တရားမ၀င် သစ်ခုတ် ထုတ်လုပ် ရောင်းချခြင်း မရှိဘဲ တရားဝင် ခွင့်ပြုချက် ဖြင့်သာ သစ်ခုတ် ထုတ်လုပ် ရောင်းချလျက် ရှိသည်။ မောင်တော မြောက်ပိုင်းရှိ တောတောင်များကို MIKKO ကုမ္ပဏီက နှစ်ပေါင်း ၃၀ အတွက် မောင်တော အာဏာပိုင်များ ထံမှ ၀ယ်ယူ၍ သစ်ခုတ် ထုတ်လုပ် ရောင်းချလျက် ရှိသည်။ 

ဦးမာမတ်အာမီးန်က MIKKO ကုမ္ပဏီမှ တဆင့် ခွင့်ပြုချက် ရယူပြီး သစ်ခုတ် ရောင်းချနေခြင်းသာ ဖြစ်သည်။ နယ်ခြားစောင့်ရဲ များက မင်းမဲ့ တိုင်းပြည်သဖွယ် ဥပဒေမဲ့ သောင်းကျန်းနေသည်ကို ကြိမ်ချောင်းရှိ စခန်းအမှတ် (၂၄) တွင် စခန်းချ နေထိုင်သည့် ဒုကွပ်ကဲရေးမှူးက အမှန်တကယ် မသိသည်လား၊ သို့မဟုတ် မတရားသဖြင့် ငွေရှာရန် လက်အောက်ငယ်သား များကို ခွင့်ပြု၍ ဝေစုရယူကာ မသိဟန်ဆောင် နေသည်လား ဆိုသည်ကို ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။ နယ်ခြားစောင့်ရဲ များက နိုင်ငံတော် အကြည်ညို ပျက်အောင် သောင်းကျန်း နေသည်ကို အကြိမ်ကြိမ် တိုင်တန်းသော်လည်း မည်သည့် အခါမှ ဥပဒေဖြင့် အရေးယူခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
20.2.2016

မောင်တော ။ ။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဖလား ဘောလုံးပွဲကို အကြောင်းပြ၍ အင်းဒင် စခန်း အမှတ် (၁၈) မှ ရဲမှူးက အနီးအနားရှိ ကျေးရွာများမှ ငွေကောက်ခံလျက် ရှိသည်။ မောင်တော မြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်၊ ရဲမှူးချုပ် (ကွပ်ကဲရေးမှူး) ဖလား ဘောလုံးပွဲကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ စ၍ ကျင်းပလျက် ရှိသည်။ မောင်တော ခရိုင်တွင် ဒေသ (၄) ခု ခွဲခြားထားသည်။ ဒေသ တစ်ခုစီမှ အသင်း (၄) သင်းစီ ပါဝင် ယှဉ်ပြိုင်ကြသည်။ 

ဒေသ (၃) မောင်တော တောင်ပိုင်းမှလည်း အသင်း (၄) သင်း ပါဝင် ယှဉ်ပြိုင်လျက် ရှိသည်။ ထိုအသင်း (၄) သင်း အတွက် အသုံးစရိတ်ဟု ဆိုကာ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၉) မှ ရဲမှူး လင်းလင်းနိုင်က စခန်း၏ လက်အောက်ခံ ကျေးရွာများမှ ကျေးရွာ တစ်ရွာလျှင် ငွေကျပ် (၅) သိန်းစီ ကောက်ခံလျက် ရှိသည်။ 

ရဲမှူး၏ အမိန့်အရ ဟုဆိုကာ ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ရွာအတွင်းရှိ ရာအိမ်မှူး (၅) ဦးကို ခေါ်ယူပြီး ရာအိမ်မှူး တစ်ဦးလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းစီ ကောက်ခံပေးရမည်ဟု အမိန့်ချခဲ့သည်။ သို့ဖြစ်၍ ရာအိမ်မှူးများက အိမ်တစ်အိမ်လျှင် ၁၅၀၀/- ကျပ်စီ ဆင်းရဲ ချမ်းသာ မရွေးကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ရဲမှူးက (၅) သိန်းကျပ် ပေးခိုင်းသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ငွေကျပ် ခုနှစ်သိန်း ငါးသောင်း ရအောင် ကောက်ခံလျက် ရှိသည်။ ထိုကဲ့သို့ သင်္ဘောကွေ့၊ အင်းဒင်၊ သ၀န်ချောင်း စသည့် ကျေးရွာများတွင်လည်း ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
20.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ် နိုင်စိုးထွန်း၊ တပ်ဖွဲ့ဝင် တစ်ဦးနှင့် သတင်းပေး နုရ်ကာမာလ် (ခ) အောင်နိုင် တို့သည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ကြိမ်ချောင်းဈေးသို့ သွားရောက်၍ အရက်သေစာ သောက်သုံးကာ ည ၈း၃၀ နာရီ အချိန်တွင် စခန်းသို့ ပြန်သွားနေစဉ် ကြိမ်ချောင်းဈေးဟောင်း အနီးတွင် တွေ့ရှိသော ကြိမ်ချောင်း အလယ်ရွာမှ ဆီရာဇ် (ဘ) ဦးမာမတ်နော်ဆိမ်ကို ခေါ်၍ အကြောင်းမဲ့ လက်ထိပ်ခတ် ဖမ်းဆီးရန် ကြိုးစားခဲ့ရာ ဆီရာဇ်က ထွက်ပြေး သွားသဖြင့် လိုက်လံ ဖမ်းဆီးရန် ကြိုးစားသော်လည်း မမိခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကြိမ်ချောင်း လောင်းဒုံ ကြားရှိ လမ်းတစ်လျှောက်တွင် တွေ့ရှိသမျှ လမ်းသွားလမ်းလာ ရိုဟင်ဂျာ များကို စစ်ဆေးခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင်လည်း လောင်းဒုံ ကျေးရွာအုပ်စု ကြိုက်ချောင်းရွာမှ အာယာစ်ကို လမ်းမပေါ်တွင် စစ်ဆေးပြီး smart ဖုန်းကိုင်ဆောင်ခွင့် မရှိဟု ဆိုကာ ရိုက်နှက် ခြိမ်းခြောက်၍ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် စပယ်ကုံး ကျေးရွာမှ ရွာသား တစ်ဦးကို ကြိုက်ချောင်းရွာ လမ်းပေါ်တွင် စစ်ဆေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်းပေးကာ ဖမ်းဆီး ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။



Rohingya Eye
RB News
20.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ၊ နတ်ခေါင်းမ်ဒီးယာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ည (၈) နာရီ အချိန်တွင် ကညင်တန်း ကျေးရွာမှ ဦးဟာဖီဇူလ္လာ (ဘ) ဦးရှာမူဒူး (အသက် ၅၀ နှစ်) ၏ နေအိမ် အတွင်းသို့ ၀င်ရောက် ရှာဖွေခဲ့သည်။ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် နှစ်သိန်းလေးသောင်းကျပ် အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာ၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ယခုကဲ့သို့ ငွေညှစ်ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ထို့အပြင် ဦးဆီရာဇူလ္လာက ဦးမိုဟာမတ်ဟာလဲခ် (ဘ) ဦးအာမီးန်အုလ္လာ (အသက် ၃၅ နှစ်) ၏ ငွေကျပ် ငါးသိန်းတန် ဆိုင်ကယ်ကို စီးရန် တောင်းခံရာ မပေးသဖြင့် မကျေမနပ်ဖြစ်ကာ ဆိုင်ကယ်ကို အတင်းယူ၍ အလယ်သံကျော် အခြေစိုက် အထူး သတင်းတပ်ဖွဲ့ (SB) သို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။



MYARF
RB News
19.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြို့နယ် များရှိ ကျေးရွာများတွင် ရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း များကို နိုင်ငံသားပြုကဒ်များ လျှောက်ထားရန် အကျပ်ကိုင်နေသည့် အပြင် ဘာသာရေး အရလည်း စော်ကားခြင်းများ ရှိနေကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြို့နယ်များ ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များရှိ ကျေးရွာ အသီးသီးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံများ ရွေးချယ်ရန် ယခုနှစ် ဇန်န၀ါရီလ အစောပိုင်းမှစ၍ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဖြစ်သည်။ ယင်းရွေးကောက်ပွဲ များတွင် အနိုင်ရရှိခဲ့သည့် အုပ်ချုပ်ရေးမှူးလောင်း များအား အောက်ပါ အချက်အလက် များနှင့် ပြည့်စုံမှသာ ခန့်စာ ထုတ်ပေးမည် ဖြစ်သည်ဟု သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ အကျပ်ကိုင်နေသည်ဟု ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူးလောင်း တစ်ဦးက RB News သို့ပြောသည်။ 

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တောင်းခံသည့် အချက်အလက်များမှာ -- 

(၁) အုပ်ချုပ်ရေးမှူးလောင်းသည် ရိုဟင်ဂျာ (အစိုးရ အခေါ် ဘင်္ဂလီ) လူမျိုး ဖြစ်ပါက နိုင်ငံသားပြု (အစိမ်းနုရောင်) ကဒ် အတွက် လျှောက်ထားရမည်။

(၂) မြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၌ အစည်းအဝေး ကျင်းပချိန်တွင် ခန်းမထဲသို့ ၀င်သည့် အခါတိုင်း မြို့နယ် အုပ်ချုပ်ရေးမှူးကို ဦးညွတ်၍ အလေးပြုရမည်။

ရွေးကောက်ပွဲ ကာလတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း တစ်ဦးစီမှ ငွေကျပ် သိန်းပေါင်း ရာနှင့်ချီ လာဘ်ငွေ ယူခဲ့ပြီး၊ နိုင်ငံ၏ အဆင်းရဲဆုံးနှင့် အပိတ်ပင်ဆုံး ဒေသ တစ်ခုတွင် အာဂတိလိုက်စားမှု များတွင် မြို့နယ် အကြီးအကဲများ ကိုယ်တိုင် ပါဝင်လာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ငွေညှစ်ခွင့် ပေးခြင်းနှင့် သာမာန် ပြည်သူများအား ဒုက္ခရောက်စေရန် လမ်းစ ပေးနေသကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံများက သုံးသပ်ကြသည်။ 

မောင်တော မြို့နယ်တွင် ကျေးရွာအုပ်စု ၁၀၅ စု ရှိသည်။ အများစုမှာ ရိုဟင်ဂျာရွာများ ဖြစ်သည်။ အချို့မှာ ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာဝင်များ ပူးတွဲ နေထိုင်သော ရွာများ ဖြစ်သည်။ ထိုသို့ ပူးတွဲ နေထိုင်သည့် ရွာများတွင် ရိုဟင်ဂျာ လူမျိုးမှာ လူများစု ဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင် များမှာ လူနည်းစု ဖြစ်သည်။ အဆိုပါ ရွာများတွင် ဗုဒ္ဓဘာသာဝင်များ လူနည်းစု ဖြစ်သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဗုဒ္ဓဘာသာဝင်သာ ခန့်အပ်ပြီး ကျေးရွာ တာဝန်ခံ အဖြစ် ရိုဟင်ဂျာ တစ်ဦး ခန့်ထားလေ့ ရှိသည်။ ကျေးရွာ တာဝန်ခံများကို ခန့်အပ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ငွေသိန်းရာနှင့်ချီ လာဘ်ငွေ ရယူပြီးမှ ခန့်အပ်သည်ဟု ဒေသခံများက ပြောပါသည်။ 

မောင်တော မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်းနှင့် ကျေးရွာ တာဝန်ခံလောင်း ၅၂ ဦးက မြို့နယ် အုပ်ချုပ်ရေးမှူး၏ ဖိအားပေးမှုကြောင့် ဘင်္ဂလီ အမည်ဖြင့် အစိမ်းနုရောင်ကဒ် (နိုင်ငံသား စီစစ်ခံရမည့်သူများ သက်သေခံ ကဒ်ပြား) အတွက် လျှောက်ထား ခဲ့ရသည်ဟု သိရသည်။ 

ဘူးသီးတောင် မြို့နယ်တွင် ကျေးရွာအုပ်စု ၈၅ စု ရှိသည်။ ထိုထဲတွင် ကျေးရွာအုပ်စု ၂၀ မှာ သီးသန့် ရိုဟင်ဂျာရွာများ ဖြစ်ပြီး ကျန်သည့် ကျေးရွာအုပ်စု များတွင် ရိုဟင်ဂျာနှင့် ဗုဒ္ဓသာသာဝင် များနေထိုင်သည့် ရွာများ ဖြစ်သည်။ အဆိုပါ ရွာများတွင် ဗုဒ္ဓဘာသာဝင် များမှာ လူနည်းစု ဖြစ်သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် လူများစု ထဲမှ ရိုဟင်ဂျာများကို ခန့်အပ်ခြင်း မရှိဘဲ လူနည်းစု ဗုဒ္ဓဘာသာဝင် များကိုသာ ခန့်အပ် တာဝန်ပေးသည်။ ရိုဟင်ဂျာ ကျေးရွာအုပ်စု ၂၀ မှ ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း ၁၆ ဦးသည် မြို့နယ် အုပ်ချုပ်ရေးမှူး၏ ဖိအားပေးမှုကြောင့် အစိမ်းနုရောင်ကဒ် အတွက် လျှောက်ထားခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ ကျန်သည့် (၄) ဦးက ဘင်္ဂလီ အမည်ဖြင့် အစိမ်းနုရောင်ကဒ် အတွက် လုံးဝ လျှောက်ထားခြင်း မရှိကြောင်း သိရသည်။ 

လျှောက်ထားခြင်း မရှိသူများကို မြို့နယ် အုပ်ချုပ်ရေးမှူးက အစိမ်းနုရောင်ကဒ် လက်မခံလျှင် ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားမည် မဟုတ်ကြောင်း၊ ၎င်းတို့ထံမှ ယူခဲ့သည့် လာဘ်ငွေများကိုလည်း ပြန်ပေးမည် မဟုတ်ကြောင်း၊ ငွေများ ဆုံးရှုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။



MYARF
RB News
17.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သရက်အုပ် ကျေးရွာ ချောင်းဝရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ပုဇွန်ကန်သို့ သွားရောက်၍ တဲထဲတွင် ဆေးခြောက် တစ်ထုပ် ထည့်သွင်းပေးကာ အိပ်နေသည့် ပုဇွန်ကန်စောင့်နေသူ သရက်အုပ် မြောက်ရွာမှ ဦးမာမတ်ဟူစိန်း (ဘ) ဦးအော်လီဟူစိန်း (အသက် ၃၀ နှစ်) ကို ဆေးခြောက် သုံးစွဲသူဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးမာမတ်ဟူစိန်းသည် ဆေးလိပ်ပင် မသောက်တတ်သူ တစ်ဦး ဖြစ်ပြီး၊ နယ်ခြားစောင့်ရဲ များက တဲထဲတွင် ဆေးခြောက် ထည့်ပေးကာ ဆေးခြောက် တွေ့သည်ဟု လုပ်ကြံ ငွေညှစ်ခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ရွက်ညိုတောင် ကျေးရွာတွင် စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပူးပေါင်း၍ အခြေစိုက် ထားသည့် စခန်း (၁၂) မှ စစ်သားများသည် ရွက်ညိုတောင် ရခိုင်ရွာ အပြင်ဘက် လမ်းမကြီးတွင် စောင့်၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာ များကို စစ်ဆေးခဲ့သည်။ လမ်းသွားလမ်းလာ များထံမှ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ၎င်းတို့ ရှေ့မှ ဖြတ်သန်း သွားသမျှ ရိုဟင်ဂျာ များထံမှ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ အတင်းအဓမ္မ ကောက်ခံခဲ့သည်။ ငွေပေးရန် ငြင်းဆန်ခဲ့သူ အချို့ကို လူမဆန်စွာ ရိုက်နှက် ထိုးကြိတ်၍ ငွေညှစ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
17.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း၏ ညီ ဇူဘိုင်ရ် (အသက် ၂၈ နှစ်) သည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နေ့လည် ၁၂း၄၀ နာရီအချိန်တွင် Kenbo အမျိုးအစား အနီရောင် ဆိုင်ကယ်စီး၍ ဦးဥတ္တမလမ်းရှိ အေနာမ် တည်းခိုရိပ်သာ ရှေ့တွင် ကွေ့နေစဉ်၊ အမှတ် (၄) ရပ်ကွက် ဦးဥတ္တမလမ်းရှိ ဘီယာဆိုင်ရှင် ဦးအောင်မျိုးဝင်း (အသက် ၄၂ နှစ်) ၏ ခယ်မ မချစ်စိုးက ဆိုင်ကယ်ဖြင့် ဇူဘိုင်ရ်၏ ဆိုင်ကယ်ကို နောက်မှ အရှိန်နှင့် တိုက်မိခဲ့သည်။ 

မချစ်စိုးက နောက်မှ ဆိုင်ကယ်ဖြင့် တိုက်မိသည့် အရှိန်ကြောင့် ဇူဘိုင်ရ်သည် ဆိုင်ကယ်နှင့် အတူ လဲကျသွားပြီး၊ လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဆိုင်ကယ်လည်း ပျက်စီးသွားခဲ့သည်။ 

ဥပဒေအရ ဆိုလျှင် နောက်မှ တိုက်မိသူ၏ အပြစ်သာ ဖြစ်သော်လည်း တိုက်မိသူမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဖြစ်သောကြောင့် အဆိုပါ အမျိုးသမီး၏ အပြစ်ကို ကွယ်ဝှက်ပြီး အစ္စလာမ် ဘာသာဝင် ဖြစ်သူ ဇူဘိုင်ရ်တွင်သာ အပြစ်ရှိသည်ဟု မတရားသဖြင့် စွပ်စွဲ၍ မချစ်စိုး စီးနင်းလာသည့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် အမျိုးအစား အသစ်တစ်စီး လျော်ပေးခဲ့ရသည်။ ဆိုင်ကယ်၏ ကာလ တန်ဖိုးမှာ ငွေကျပ် (၄) သိန်းဖြစ်ပြီး၊ ယာဉ်ထိန်းရဲများအား ပေးသည့် ငွေအပါအ၀င် စုစုပေါင်း (၁၉) သိန်း ကုန်ကျခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဆိုက်ကယ် တိုက်သည်ကို မြင်သည့် မျက်မြင် သက်သေ တစ်ဦးက “အဲဒီ အမျိုးသမီးရဲ့ ဆိုင်ကယ်က အတော်လေး ဟောင်းနေပါပြီ၊ ဆိုင်ကယ်ရဲ့ ရှေ့မီး တစ်ခုပဲ ပျက်စီးသွားတာ။ အနိုင်ကျင့်ပြီး လျော်ကြေး ယူတယ်ဆိုရင်လည်း ရှေ့မီး တစ်ခုစာပဲ ယူသင့်တယ်။ အခုလို ဆိုင်ကယ် တစ်စီး အသစ် လျော်ခိုင်းတာကတော့ တော်တော်လေးကို မတရားလုပ်တာပဲ” ဟု ပြောသည်။ 

ဦးအောင်မျိုးဝင်းသည် သရေကညင်တန်း (န.တ.လ) ရွာ ဇာတိဖြစ်ပြီး၊ ယခင်က ဗီဒီယိုရုံ ပြပြီး စီးပွားရှာခဲ့ရာမှ ယခုအခါ WY မူးယစ်ဆေးဝါး ရောင်းဝယ်ရေးဖြင့် ကြီးပွား ချမ်းသာလာကာ၊ အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော်နှင့် ပူးပေါင်း၍ လုပ်ငန်းများလည်း လုပ်ကိုင်လျက် ရှိသလို၊ ၉၆၉ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ ယခု ဆိုက်ကယ် တိုက်သည့် ကိစ္စတွင် အလိုတော်ပြည့် ကျောင်းတိုက်မှ ဆရာတော်၏ အရှိန်အ၀ါကို သုံး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။



MYARF
RB News
17.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း သင်္ဂနား ကျေးရွာအုပ်စုတွင် မ.က.ဖ မှ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ် စစ်ဆေးလျက် ရှိသည်။ အိမ်ထောင်စု တစ်စုလျှင် ဓါတ်ပုံ ရိုက်ခ ၅၀၀၀/- ကျပ်စီ ကောက်ခံလျက် ရှိသည်။ ယင်းကျေးရွာ အိမ်ထောင်စု (၇၇၀) ရှိပြီး၊ ၅၀၀၀/- ကျပ်နှုန်းဖြင့် ကောက်ခံလျှင် ငွေကျပ် ၃၈ သိန်းကျော် ရရှိမည် ဖြစ်သည်။ 

အိမ်ထောင်စု တစ်စုမှ အခြားတစ်စုသို့ ပြောင်းရွှေ့လျှင် မ.က.ဖ အား ငွေကျပ် ၁၅၀၀၀/- ပေးရသည့် အပြင် နှစ်နေရာလုံးမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ (ပြောင်းထွက် - ပြောင်းဝင်) ကို ငွေကျပ် ၅၀၀၀/- စီ -- စုစုပေါင်း ငွေကျပ် တစ်သောင်း ပေးရသည်။ ကလေး မွေးတိုးများကို ချက်ချင်း တင်မပေးဘဲ၊ မွေးစာရင် ဖိုင်တွဲကို လက်ခံယူပြီး နယ်မြေရုံးသို့ ရောက်မှသာ တင်ပေးမည်ဟု ပြောသည်။ မွေးတိုး ဖိုင်တွဲ လက်ခံယူရန် ငွေကောက်ခံခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာတွင်လည်း လွန်ခဲ့သည့် အပတ်က စ၍ ဆွဲ၊တင်၊စစ် စတင် စစ်ဆေးလျက် ရှိသည်။ အိမ်ထောင်စု တစ်စုလျှင် ဓါတ်ပုံ ရိုက်ခ ငွေကျပ် ၃၀၀၀/- စီ ကောက်ခံလျက် ရှိသည်။ ယင်းရွာ အိမ်ထောင်စု တစ်ထောင်ကျော် ရှိသည်။ အိမ်ထောင်စု တစ်စုမှ အခြားတစ်စုသို့ ပြောင်းရွှေ့ခြင်း၊ ကလေး မွေးတိုး တင်ခြင်း၊ အသေအပျောက်များကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခြင်း များကို လုံးဝ ပြုလုပ်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ဖုရားပြင်အောင်ပ ကျေးရွာမှ ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘော်ဆိရ်အာမတ် က ယခု ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ခွင့် မရလျှင်လည်း ညောင်ချောင်း နယ်မြေရုံးသို့ သွားရောက်၍ တင်မည်ဟု ဆိုကာ စိမ်းညှင်းပြာ ကျေးရွာသို့ သွားရောက်ပြီး၊ ၎င်း၏ ဇနီးကို ၎င်း၏ အိမ်ထောင်စု စာရင်းသို့ ပြောင်းတင်နိုင်ရန် စိမ်းညှင်းပြာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာမတ်ဆာဒဲခ် ထံမှ ထောက်ခံချက် တောင်းရာ အုပ်ချုပ်ရေးမှူးက ငွေကျပ် တစ်သိန်းငါးသောင်း တောင်းခံခဲ့သည်။ ဦးကော်ဘိရ်အာမတ်သည် ဆင်းရဲသား တစ်ဦး ဖြစ်သောကြောင့် အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေကို မပေးနိုင်သောကြောင့် ထောက်ခံစာ မရခဲ့ကြောင်း သိရသည်။ 

မောင်တော မြို့နယ်၊ မြို့ဦး ကျေးရွာ (ဧတာလျာ ကျေးရွာ) အုပ်စု၊ ဇင်တိုလ္လာရွာတွင် ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ် စတင် စစ်ဆေးလျက် ရှိသည်။ ဓါတ်ပုံရိုက်ခ ငွေကျပ် ၃၀၀၀/- စီ ကောက်ခံလျက် ရှိပြီး၊ ကလေးမွေးတိုး တင်ပေးခြင်း၊ အိမ်ထောင်စု တစ်စုမှ အခြား တစ်စုသို့ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ရာခါလီ (ချောင်းတောင်) ကျေးရွာတွင်လည်း ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ် စစ်ဆေးလျက် ရှိသည်။ ဓါတ်ပုံ ရိုက်ခ ငွေကျပ် ၃၀၀၀/- စီ ကောက်ခံလျက် ရှိပြီး၊ ကလေးမွေးတိုး များအတွက် ဖိုင်တွဲ လက်ခံရန် ငွေကျပ် ၅၀၀၀/- ကောက်ခံယူပြီး ချက်ချင်း တင်မပေးဘဲ နယ်မြေရုံးသို့ ရောက်မှသာ တင်ပေးမည်ဟု ပြောကြောင်း သိရသည်။ အပြောင်းအရွှေ့များ အတွက် ငွေကျပ် ၇၀၀၀/- မှ ၁၀၀၀၀/- အထိ ကောက်ခံလျက် ရှိသည်။ နှစ်နေရာလုံးမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များကိုလည်း ထောက်ခံစာ အတွက် ငွေကျပ် ၃၀၀၀/- မှ ၅၀၀၀/- စီ ပေးရသည်ဟု ဒေသခံများက ပြောပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၂)၊ အောင်ဇံ ကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးနေစဉ် ကလေးမွေးတိုး များကို ချက်ချင်း တင်မပေးဘဲ ငွေကျပ် တစ်သောင်းစီနှင့် ဖိုင်တွဲ လက်ခံယူပြီး ဆွဲ၊တင်၊စစ် ပြီးမှသာ တင်ပေးမည်ဟု ပြောကြားခဲ့သည်။ ယခုအခါ ဆွဲ၊တင်၊စစ် ပြီးဆုံးသွားပြီး ဖြစ်၍ ကလေး မွေးတိုး တင်ပေးရာတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ထောက်ခံချက်ကြေးဟု ဆိုကာ ထပ်မံ၍ ငွေကျပ် ၂၀၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
17.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ (စေတီပြင်) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ကြိမ်ချောင်းဈေးမှ ဈေးသည် တစ်ဦးထံမှ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

အမှတ် (၅) နယ်မြေ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းအပိုင်၊ လောင်းဒုံ (စေတီပြင်) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းလှည့်နေသည့် နယ်ခြားစောင့်ရဲ များက ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ကြိမ်ချောင်းဈေးရှိ မိမိ၏ ဆိုင်ခန်းသို့ ညအိပ်ရန် သွားနေသည့် အာယားစ် (ဘ) ဦးဂေါ်ဖော်ရ် (အသက် ၂၃ နှစ်) ကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် MPT ဆင်းမ်ကဒ် ပါရှိသည့် စမတ်ဖုန်း တစ်လုံး တွေ့ရှိသဖြင့် အမျိုးမျိုး လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်ပြီး ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

အလားတူ တစ်ချိန်တည်းမှာပင် စပယ်ကုံးကျေးရွာမှ အမည်မသိ လူငယ်တစ်ဦးသည် ကြိမ်ချောင်းဈေးမှ နေအိမ်သို့ ပြန်လာနေစဉ် အဆိုပါ နယ်ခြားစောင့်ရဲ များက စစ်ဆေးပြီး၊ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိသဖြင့် လူငယ်၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးပြီး လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၂) သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဖေဖော်ဝါရီလ (၅) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် စေတီပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၄) ဦးသည် ငါးစကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာမှ ဦးဆွေတာလောမ်နှင့် ဦးဆွေယာဒ်မိုဟာမတ် တို့၏ နေအိမ်များသို့ ဘင်္ဂလားဖုန်း ရှာဖွေရန်ဟု ဆိုကာ နေအိမ်ထဲသို့ အတင်း ၀င်ရောက်ပြီး အမျိုးသမီး နှစ်ဦးကို လူမဆန်စွာ မုဒိန်းကျင့်ခဲ့သည်။ အဆိုပါ မုဒိန်းမှုနှင့် ပတ်သက်ပြီး ငါးခူရ နယ်မြေ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးကို ရပ်ရွာလူကြီးများက နည်းမျိုးစုံဖြင့် တိုင်တန်းခဲ့သော်လည်း တပ်ရင်းမှူးက ကမ္ဘာ့အလယ်တွင် နိုင်ငံ သိက္ခာကျဆင်းစေမည့် လုပ်ရပ်မျိုး ကျူးလွန်ခဲ့သည့် လက်အောက်ခံ တပ်ဖွဲ့ဝင်များကို မည်သို့မျှ အရေးမယူဘဲ မသိဟန်ဆောင် နေကြောင်း ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။



Rohingya Eye
RB News
16.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ အောက်ရွာမှ အဒူဟာဘဲစ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၃ နှစ်)၊ မာမတ်ရီယာစ် (ဘ) ဦးမူတာရ်အာမတ် (အသက် ၁၅ နှစ်)၊ မာဘူရာမန် (ဘ) ဟာဂျီရှာကဲရ်အာမတ် (အသက် ၁၅ နှစ်) နှင့် မာမတ်အာယာစ် (ဘ) ဦးဘော်ဒူရာမန် (အသက် ၂၀ နှစ်) တို့သည် ည (၉) နာရီအချိန်တွင် ဈေးမှ ပြန်လာနေစဉ် လမ်းတစ်ဝက်တွင် ဘော်ဒူဖာရာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက တွေ့ရှိပြီး စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် လူငယ် (၄) ဦးကို ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သည်ဟု စွပ်စွဲ၍ ခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ၎င်းတို့တွင် ပါလာသည့် ငွေကျပ် (၂) သိန်းကို ပေးလိုက်မှ ည (၁၀) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ညမထွက်ရ အမိန့်မှာ ည (၁၁) နာရီမှ နံနက် (၄) နာရီ အချိန်ထိ ဖြစ်သော်လည်း၊ နယ်ခြားစောင့်ရဲ များသည် ညအချိန်တွင် လမ်းတွင် တွေ့သူများကို ဖမ်းဆီး၍ ညမထွက်ရ အမိန့်ကို ကျူးလွန်သည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်နေခြင်းသည် ဥပဒေကို လိုသလို အသုံးချ၍ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
16.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ရွာကြီးရွာမှ ဈေးနှင့် ကပ်လျက်ရှိသည့် ၀ါးနံရံ၊ သက္ကယ်ဖြင့်မိုးထားသော ဗလီငယ်အား အစိုးရထံတွင် မှတ်ပုံတင်ထားခြင်း မရှိဟု ဆိုကာ လွန်ခဲ့သည့် ၂၀၁၅ ဒီဇင်ဘာလမှ စ၍ ဖြိုဖျက်ပေးရန် အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ရဲမှူးလင်းလင်းနိုင်က အမိန်းပေးခဲ့သည်။ သို့သော်လည်း ရွာသားများက ဖြိုဖျက်ခြင်း မရှိသောကြောင့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် အင်းဒင် စခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အဆိုပါ ဗလီငယ်ကို ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ဗလီငယ်သည် နှစ်ပေါင်းများစွာ ကတည်းက တည်ရှိသော ဗလီဖြစ်ပြီး၊ စစ်အစိုးရ လက်ထက်တွင် အဆိုပါ ဗလီအား ဖြိုဖျက်ခဲ့ခြင်း မရှိဘဲ၊ ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် မှတ်ပုံတင်ထားခြင်း မရှိဟု အကြောင်းပြ၍ ဖြိုဖျက်လိုက်ခြင်းသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့် များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။



MYARF
RB News
15.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ တပ်ကြပ် ခင်လှိုင်နှင့် တပ်သား ကျော်မင်းနိုင် တို့အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် (၅) စီးဖြင့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် လောင်းဒုံ ကျေးရွာအုပ်စု၊ ကြိုက်ချောင်း ကျေးရွာသို့ သွားရောက်၍ ဗလီမှ ထွက်လာသည့် ရွာသားများကို စစ်ဆေးခဲ့သည်။ စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် အားလုံးကို ပြန်လွှတ်ပေးခဲ့သည်။ 

၎င်းတို့ စစ်ဆေးပြီး ပြန်လွှတ် ပေးခဲ့သောကြောင့် အိမ်ပြန်နေသည့် သားသတ်လိုင်စင်သည် ဦးဟူစိန်း (ဘ) ဦးကာဆိမ်းကို ထပ်မံ ခေါ်သဖြင့် ဦးဟူစိန်းက နယ်ခြားစောင့်ရဲ များက တစ်စုံတစ်စုံ လုပ်ကြံ စွပ်စွဲမည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့်ရဲ များက လိုက်လံ ဖမ်းဆီးပြီး၊ နယ်ခြားစောင့်ရဲ (၈) ဦးစလုံးက လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ ထို့နောက် ထွက်ပြေးရခြင်း အကြောင်းရင်းကို မေးမြန်းရာ စစ်ဆေးပြီးနောက် ထပ်မံ ခေါ်သဖြင့် ကြောက်ရွံ၍ ထွက်ပြေးခဲ့ကြောင်း ဖြေကြားခဲ့သည်။ နယ်ခြားစောင့်ရဲ များက ဦးဟူစိန်း ထံမှ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည ၈ နာရီ အချိန်တွင်လည်း အဆိုပါ စခန်းမှ နယ်ခြားစောင့်ရဲ (၂) ဦးသည် ကြိမ်ချောင်း တောင်ရွာသို့ သွားရောက်၍ တွေ့ရှိသမျှ ဒေသခံ ရိုဟင်ဂျာ များကို စစ်ဆေးခဲ့သည်။ ထို့နောက် Honda ဆိုင်ကယ် တစ်စီးဖြင့် သွားနေသည့် ယင်းရွာမှ ဦးမုစ်တောဖာ (ဘ) ဦးမာမတ်နော်ဆိမ်ကို စစ်ဆေးပြီး WY သုံးစွဲထားသည့် အနံ့ ရရှိသည်ဟု ဆိုကာ လက်ထိပ်ခတ် ဖမ်းရန် ကြိုးစားနေစဉ် ၎င်းက ဆိုင်ကယ်ထား၍ ထွက်ပြေး သွားခဲ့သည်။ နယ်ခြားစောင့်ရဲ နှစ်ဦးက ချက်ချင်း စခန်းမှူးထံ ဖုန်းဆက်၍ အကြောင်းကြား သဖြင့် စခန်းမှူးနှင့် အဖွဲ့ ချက်ချင်း ရောက်လာခဲ့သည်။ စခန်းမှူး ရောက်ရှိလာပြီးနောက် “ဘာကြောင့် ထွက်ပြေး နိုင်ခဲ့တာလဲ” ဟုဆိုကာ နယ်ခြားစောင့်ရဲ တစ်ဦးကို လမ်းတွင်ပင် ရိုက်နှက်ခဲ့သည်။ ထို့နောက် ဆိုင်ကယ်ကို စခန်းသို့ သယ်ယူသွားခဲ့သည်။ 

ဦးမုစ်တောဖာသည် ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ထံသို့ သွားရောက်ပြီး အကြောင်းစုံ ရှင်းပြကာ စခန်းသို့ စေလွှတ်၍ ငွေကျပ် (၄) သိန်း ပေးပြီး ဆိုင်ကယ်ကို ရွေးယူခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် အချိန်မတော် ရွာထဲသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိသည်။ ကြိမ်ချောင်းရှိ စခန်းအမှတ် (၂၄) တွင် အခြေစိုက် နေထိုင်သည့် ဒုကွပ်ကဲရေးမှူး တစ်ဦး ရှိသော်ငြားလည်း နယ်ခြားစောင့်ရဲများ သောင်းကျန်းနိုင်သည်ကို ဒေသခံများက အံ့သြလျက် ရှိနေကြသည်။ နယ်ခြားစောင့်ရဲများ ဥပဒေမဲ့ သောင်းကျန်း နေသည်ကို ဒုကွပ်ကဲရေးမှူးက မသိသည်လား၊ မသိဟန်ဆောင် နေသည်လားဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။



MYARF
RB News
11.2.2016

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တော မြို့နယ်၊ ကျီးကန်​ပြင်​ အ​ခြေစိုက် အမှတ်​(၁)​ နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့ ကွပ်​ကဲ​ရေးမှူးက "ကွပ်​ကဲ​ရေးမှူး ဖလား" ဟုဆို၍ ​ဖေ​ဖော်​ဝါရီလ (၁၄) ရက်နေ့မှ စတင်​ပြီး ​ဘော​လုံး​ပွဲ ကျင်းပရန်​ စီစဉ်​လျက်​ရှိရာ အဆိုပါ ဘောလုံးပွဲကို အ​ကြောင်းပြ၍ ​​အချို့​သော ကျေးရွာအုပ်​စု တစ်​အုပ်​စုစီမှ ငွေကျပ်​ ၅ သိန်းစီ ​ကောက်​ခံ​လျက်​ရှိ​ကြောင်း သတင်းရရှိပါသည်​။

မောင်​​တော ခရိုင်​တွင်​ ဇန်​နဝါရီလ လဆန်းပိုင်း၌ နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့မှ ဦး​ဆောင်​၍​ "နယ်​​မြေမှူး ဖလား (သို့) ရဲမှူးဖလား" ဆိုကာ ​ကျေးရွာအုပ်​စု ဆယ်​အုပ်​စုစီဖြင့်​ ဘောလုံး​ပွဲ တစ်ဒါဇင်​ နီးပါး ကျင်းပခဲ့သည်​။ ​ထို့​နောက်​ အဆိုပါ ဘောလုံးပွဲများမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု အသီးသီး ရရှိခဲ့သည့်​ အသင်းများဖြင့်​ "​ဒေသ တပ်​ရင်းမှူး ဖလား" ဆို၍ ပြိုင်​ပွဲ ​လေးပွဲ ကျင်းပ ခဲ့သည်​။ ယခုအခါ "​ဒေသတပ်​ရင်းမှူး ဖလား" ​ဘော်​လုံးပွဲတွင်​ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တ ရရှိခဲ့​သော အသင်းများဖြင့်​ "ကွပ်​ကဲ​ရေးမှူးဖလား" ဆို၍ ဖေ​ဖော်​ဝါရီလ ၁၄ ရက်​​နေ့တွင်​ စတင်​ကျင်းပ​ရန်​ စီစဉ်​နေခြင်း ဖြစ်​ပါသည်​။ ​မောင်​​တောခရိုင်​တွင်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့၏ ​ဒေသစခန်းကြီး ​လေးခုရှိသဖြင့်​ ယခု ကျင်းပ​တော့မည့်​ ကွပ်​ကဲ​ရေးမှူး ဖလား ပြိုင်​ပွဲတွင်​ ​ဒေသ တစ်​ခုစီမှ အသင်း ​လေးသင်းစီ စုစု​ပေါင်း ၁၆ သင်း ဝင်​ပြိုင်​ရမည် ​ဖြစ်​သည်​။

ဝင်​ပြိုင်​ခွင့်​ ရ​သည့်​ အသင်း ၁၆ သင်းတွင်​ မန်းကျည်း​​ချောင်းစခန်း လက်​​အောက်​ခံ ပဒင်း​ကျေးရွာအသင်းနှင့်​ ​ဂေါ်ဒူသာရ​ကျေးရွာ အသင်းတို့လည်း ပါဝင်​​နေသည်​။ အဆိုပါ အသင်းနှစ်​သင်းကို ​​​ဂေါ်ဒူသာရ စခန်းတာဝန်​ခံ ရဲမှူး ငြိမ်းချမ်း​အေး ကိုယ်​တိုင်​ ဦး​ဆောင် ကိုင်​တွယ်​မည်​ ဖြစ်​​ကြောင်း ​ဖေ​ဖော်​ဝါရီလ ၁၁ ရက်​​နေ့တွင်​ မန်းကျည်း​ချောင်းစခန်း၏ လက်​​အောက်ခံ ​ကျေးရွာအုပ်​စု ဆယ်​အုပ်​စုမှ ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး များဖြင့်​ ဘဂုံးနား ​ကျေးရွာ၌ ပြုလုပ်​ခဲ့​သော အစည်းအ​ဝေးတွင်​ ရဲမှူးငြိမ်းချမ်း​အေးက ​ထုတ်​​ဖော်​ ​ပြောဆိုလိုက်​ခြင်း ဖြစ်​ပါသည်​။ ၎င်းကိုင်​တွယ်မည့်​ အဆိုပါ အသင်းနှစ်​သင်း၏ ပြိုင်​ပွဲဝင် ​စရိတ်​များကို မန်းကျည်း​ချောင်း စခန်းပိုင်​ ​ကျေးရွာအုပ်​စု ဆယ်​အုပ်​စုတို့မှ ဖြည့်​ဆည်း ပေးရမည်ဖြစ်​​ကြောင်း၊ ​ကျေးရွာအုပ်​စု တစ်​အုပ်​စုစီမှ ​ငွေကျပ်​ ၅ သိန်းစီကို ကွပ်​ကဲ​ရေးမှူး ဖလားပြိုင်​ပွဲ ကျင်းပမည့်​ ​ဖေ​ဖော်​ဝါရီလ ၁၄ ရက်​​နေ့ မတိုင်​မှီ​ ၎င်းထံ လာ​ပေးကြရန်​ အစည်းအ​ဝေး တက်​​ရောက်​လာ​ကြသော ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးများကို ရဲမှူးငြိမ်းချမ်း​အေးက အမိန့်​​ပေး မှာကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အစည်းအ​ဝေး တက်​​ရောက်​ခဲ့ကြ​သည့် ​ကျေးရွာ အုပ်​ချုပ်ရေး​မှူးများ အနက်​ အချို့က ၎င်းတို့အ​နေဖြင့်​ မိမိရွာသားများထံမှ မည်​သည့်​ အ​ကြောင်းပြချက်​ဖြင့်​ ​ငွေ​ကောက်​ခံ ရမည်​နည်း၊ မိမိ ​ကျေးရွာက ဝင်​ပြိုင်​​နေခြင်း မဟုတ်​၍ ရွာသားများက ​ငွေ ​ပေးချင်​​မှာ မ​ဟုတ်​ကြောင်း၊ ထို့အပြင် ပြည်​သူများ​ စီးပွား​ရေး ကျပ်​တည်း​ နေ​သော​ကြောင့်​ ​ငွေ​ကောက်​ခံရန်​ ခက်​ခဲမည်​ဖြစ်​​ကြောင်း တင်​ပြ ​ပြောဆိုခဲ့​သော်​လည်း ရဲမှူးငြိမ်းချမ်းအေးက ရွာမှ ​ငွေ​ကြေးတတ်​နိုင်​သူ များထံမှ ​ကောက်​ခံရန်​နှင့်​ တောင်းခံသော်လည်း ငွေပေးရန် ငြင်းဆန်သူများ၏ စာရင်းကို ၎င်းထံ တင်ပြရန်​ မှာကြားခဲ့သည်။ 

ယခုအခါ အဆိုပါ ဆယ်​အုပ်​စုမှ ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး များက မိမိတို့၏ ရွာသားများထံမှ ​ရဲမှူး ​တောင်းဆိုခဲ့​သော ငွေကို အတင်းအဓမ္မ စတင်​​ ကောက်​ခံ ​နေကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ​ကျေးရွာအုပ်စု ဆယ်​အုပ်​စုမှာ --

၁။ သ​ရေကုန်းဘောင်​​ကျေးရွာ
၂။ ​ဇော်​မတက်​​ကျေးရွာ
၃။ ဂေါ်ဒူသာရ​ကျေးရွာ
၎။ ဒုချီးရာတန်း​ကျေးရွာ
၅။ ပ​-ညောင်​ပင်​ကြီးကျေးရွာ
၆။ ဒု-​ညောင်​ပင်​ကြီးကျေးရွာ
၇။ ပဒင်းကျေးရွာ
၈။ ဘဂုံးနားကျေးရွာ
၉။ ပန်း​တောပြင်​​ကျေးရွာ နှင့်
၁၀။ ​ညောင်​​ချောင်း​ကျေးရွာ တို့ဖြစ်​ကြပါသည်​။

အခြား​သော နယ်​​မြေရှိ ​ကျေးရွာ များတွင်လည်း ကွပ်ကဲရေးမှူး ဖလား ခေါင်းစဉ်တပ်၍ ​ငွေ​ကောက်​ခံ​နေသည်​ဟု သတင်း ရရှိ​သော်​လည်း အ​သေးစိတ်​ကို ဆက်​လက် ​စုံစမ်း လျက်ရှိသည်။ 

"ကွပ်​ကဲ​ရေးမှူးဖလား" ကျင်းပမည့် ကျီးကန်းပြင်​​ကျေးရွာရှိ အားကစားကွင်းကြီးကို နယ်​ခြား​စောင့်ရဲတပ်​ဖွဲ့ G-1 ၏ လက်​ကိုင်​တုတ်​ ဖြစ်​​သော မင်္ဂလာကြီး​ကျေးရွာမှ မာမတ်​ဆလာမ်​အား ငွေကျပ်​ သိန်း ၂၄၀ ဖြင့် ​ငှားရမ်းလိုက်​ပြီး ​နောက်​ပိုင်းတွင်​ မာမတ်​ဆလာမ်​က သိန်း ၂၈၀ ဖြင့်​ တဆင့်​ခံ ​ငှားရမ်း လိုက်​ကြောင်း သတင်းရရှိပါသည်​။

မောင်​​တော ခရိုင် ​အတွင်း ​နေထိုင်​ကြ​သော ရိုဟင်​ဂျာများသည်​ အာဏာပိုင်​များ၏ အမျိုးမျိုး​သော ဖိနှိပ်​ချုပ်​ချယ်​မှု ​ဒဏ်​​ကြောင့်​ မိမိတို့၏ ဘဝကို အလွန် ခက်​ခဲကြမ်းတမ်းစွာ ဖြတ်​သန်း​နေကြရ​သော အလွန်​ ဆင်းရဲ​နွမ်းပါးသူများ ဖြစ်​ကြပါသည်​။ ယခုအခါ နယ်​ခြား​စောင့်​ရဲများက ​ဘော​လုံးပွဲများကို အ​​ကြောင်းပြ၍ ​အတင်းအဓမ္မ​ ငွေ​ကောက်​ခံ​နေ​ခြင်းသည်​ နွမ်းပါး​နေသူများကို ပို၍ အကြပ်​တွေ့​အောင်​ ရည်​ရွယ်​ချက်​ရှိရှိ တမင်တကာ ဖိအား​ပေး​နေ​ကြောင်းသာ ဖြစ်​သည်ဟု ​ဒေသခံများ အကြား ​ဝေဖန်​ ​ပြောဆို​ နေကြပါသည်​။

ဤကဲ့သို့ မတရားသဖြင့် အတင်းအဓမ္မ ​ငွေ​ကောက်​ခံ​ နေ​ခြင်းကို ရပ်​တန့်​က ရပ်​တန့်​ရန်​ လိုအပ်​​ နေပါသည်​။ ​ဒေသခံများ အ​နေဖြင့်​လည်း မတရားသဖြင့်​ ​ကောက်​ခံ​နေ​သော ​ငွေကို လုံးဝ မ​ပေးကြရန်​နှင့်​ ငွေ​ပေးရန်​ ငြင်းဆန်​ခြင်းအားဖြင့်​ မိမိကို မည်​သည့်​ ဥပ​ဒေနှင့်​မှ အ​ရေးယူနိုင်​မည်​ မဟုတ်​​ကြောင်းကိုလည်း နားလည်​သိရှိရန်​ အထူးလိုအပ်​​နေသည်​ဟု ​ရိုဟင်​ဂျာ လူ့အခွင့်​အ​ရေး လှုပ်​ရှား​သူများက ​RB News သို့ ပြောပါသည်။



MYARF
RB News
11.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၈) နယ်မြေ၊ ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှား စခန်းမှ နယ်ခြားစောင့် ရဲများသည် ဖေဖော်ဝါရီ (၄) ရက်နေ့တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု ရွာကြီးသို့ သွားရောက်ပြီး၊ ဒေသခံ (၄) ဦးကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု သတင်း ရထားသည်ဟု ဆိုကာ ၎င်းတို့၏ နေအိမ်များကို စစ်ဆေးခဲ့သည်။ အိမ်များတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ မတွေ့ရှိခဲ့သော်လည်း သတင်း ရရှိခဲ့သည်ဟု ဆိုကာ လက်နက် အင်အားပြ၍ ငွေညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူ များမှာ -- 

(၁) ဦးအာမိရ်အလီဟူစိန်း (အသက် ၆၀ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၂) ဒေါ်ဟာမီဒါ (ဦးရာမတ်အုလ္လာ၏ ဇနီး၊ မုဆိုးမ) -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၃) ဦးရော်ဟိမူလ္လာ (ဘ) မော်လ၀ီ ဦးအဒူဇော်လိလ် (အသက် ၆၀ နှစ်) -- ညှစ်ခံရငွေကျပ် တစ်သိန်း
(၄) ဒေါ်ဆေတာရာ (ဘ) ဦးနိုရ်အာမတ် (အသက် ၃၀ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်း -- တို့ဖြစ်သည်။

အဆိုပါ နယ်ခြားစောင့်ရဲ များသည် ကျောက်ပန္ဒူ ကျေးရွာသား များက ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေကြောင်း သတင်း ရထား၍ မကြာခင် တစ်ရွာလုံးကို စီးနင်း စစ်ဆေးသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ကျောက်ပန္ဒူ ကျေးရွာရှိ အခြေားသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တစ်ခု (ချောင်းကမ်းရှိ စခန်း) ကလည်း တောင်တောင်သို့ သွားသောလမ်းတွင် စောင့်ကာ တောတောင်သို့ ထင်းခုတ်ရန် သွားသည့် ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီးပြီး တိုင်းရင်းသားများမှ အပ အခြားလူမျိုးများ တောတောင်များမှ ထင်းခုတ်ခွင့် မရှိဟု ဆို၍ ဓါးများ သိမ်းယူလေ့ ရှိသည်။ 

“ဒီတောတောင် တွေကို တိုင်းရင်းသားတွေက ပိုင်ဆိုင်တာ၊ မင်းတို့ ဘင်္ဂလီတွေ မပိုင်ဘူး” ဟုဆိုကာ တောင်တက်ခွင့် လုံးဝ ပိတ်ပင် ထားသည်။ ယခုလ အတွင်း ဒေသခံ ရိုဟင်ဂျာ (၆၀) ဦးခန့် ထံမှ ဓါးများ သိမ်းဆည်းခဲ့သည်။ ထို့ကြောင့် ထင်းခုတ် ရောင်းချခြင်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေကြသည့် မိသားစုများမှာ စားဝတ်နေရေး အတွက် အလွန်ပင် အခက်ကြုံ နေရသည်။



MYARF
RB News
11.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ စံကားပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းက ယင်းကျေးရွာမှ ဦးအာမတ်ဒူလ္လာ (ဘ) ဦးဆုလ်တာန် (ရပ်မိရပ်ဖ - ငါးဦး ကော်မီတီဝင်) ကို ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဆွေးနွေးရန် ရှိသည်ဟု ဆင့်ခေါ်ပြီး၊ စခန်းသို့ ရောက်သည်နှင့် ကြိမ်ချောင်း စခန်း၏ ညွန်ကြားချက်အရ ဟုဆိုကာ ဖမ်းဆီးပြီး ကြိမ်ချောင်း စခန်းသို့ ပို့ဆောင်ခဲ့သည်။ 

ကြိမ်ချောင်း စခန်းက ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စံကားပြင် ကျေးရွာမှ ဦးအာဘူတော်ယုဖ်နှင့် ဦးကူရှိတ်အာလောမ် တို့ထံမှ ရရှိခဲ့သည့် WY ၂၀ ပြားမှာ ၎င်း၏ WY များ ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားသူ နှစ်ဦးက ထွက်ဆိုခဲ့သည်ဟု လုပ်ကြံ ပြောဆို၍ မောင်တော မြို့မှ တဆင့် ဘူးသီးတောင် အကျဉ်းထောင် ခြံဝင်းအတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင်ခဲ့သည်။ ဦးအာမတ်ဒူလ္လာသည် အကျိုးအကြောင်း တစ်ခုမှ သေချာမသိရဘဲ ချုပ်နှောင် ခံထားရသည်။ 

ဦးအာမတ်ဒူလ္လာအား ဖမ်းဆီးခြင်းမှာ ဦးအာဘူတော်ယုဖ်နှင့် ဖခင် ဖြစ်သူ ဦးရှောမ်ရှုတို့၏ လုပ်ကြံမှုကြောင့်သာ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၁) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ နယ်ခြားစောင့်ရဲ များက သတင်းပေး နူရ်ဂျူဟာရ် (ခ) မော်ရစ်ချာနှင့် ပူးပေါင်း၍ စံကားပြင် ကျေးရွာမှ ဦးအာဘူတော်ယုဖ် (ဘ) ဦးရှောမ်ရှုနှင့် ဦးကူရှိတ်အာလောမ် (ဘ) ဦးနော်ဇိရ်အာမတ် တို့ကို ကြိမ်ချောင်းဈေးမှ ဆိုင်ကယ်စီး၍ ပြန်လာနေစဉ် WY ၂၀ ပြား ဆိုင်ကယ်ထဲသို့ ထည့်သွင်း ပေးက လုပ်ကြံ ဖမ်းဆီးခဲ့ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ 

စံကားပြင် ကျေးရွာတွင် ကျေးရွာ တာဝန်ခံ ရာထူးအတွက် ဦးအာဘူတော်ယုဖ်နှင့် ဦးအာမတ်ဒူလ္လာ တို့နှစ်ဦး အမည်ထွက် နေသည်။ ထို့ကြောင့် ဦးအာဘူတော်ယုဖ် ဖမ်းဆီး ချုပ်နှောင်ခံရလျှင် ဦးအာမတ်ဒူလ္လာ ကျေးရွာ တာဝန်ခံ ရာထူးရရန် သေချာနေသည်။ သို့ဖြစ်၍ ဦးအာမတ်ဒူလ္လာနှင့် ရန်ငြိုးရှိသူ ဦးအာဘူတော်ယုဖ်၏ ဖခင် ဦးရှောမ်ရှုက ဦးအာမတ်ဒူလ္လာ ကျေးရွာ တာဝန်ခံ ဖြစ်မည်ကို မနာလိုစိတ် ဖြစ်ပြီး၊ ၎င်း၏သား ဦးအာဘူတော်ယုဖ်နှင့် တွေ့ဆုံပြီး ထိုကဲ့သို့ ထွက်ဆိုခိုင်းပြီး ဦးအာမတ်ဒူလ္လာအား ဖမ်းဆီးစေခဲ့ခြင်း ဖြစ်သည်။ 

ဦးအာမတ်ဒူလ္လာသည် စံကားပြင် ကျေးရွာတွင် လက်ရှိ (ရပ်မိရပ်ဖ - ငါးဦး ကော်မီတီဝင်) တစ်ဦး ဖြစ်သည်။ ဦးအာဘူတော်ယုဖ်နှင့် ဦးကူရှိတ်အာလောမ် တို့နှစ်ဦး WY နှင့် ဖမ်းဆီးခံရခြင်းမှာ ဦးအာမတ်ဒူလ္လာနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ၊ ဦးအာမတ်ဒူလ္လာသည် အများပြည်သူ လေးစားခံရသည့် လူရိုး လူကောင်း တစ်ဦးသာ ဖြစ်သည်။




MYARF
RB News
11.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၁)၊ အမှတ် (၂) နယ်မြေ၊ မိုင်တိုင် (၄၃) အောင်ဇံ ကျေးရွာအုပ်စု၊ ဖူရာန်မာဂျွား ကျေးရွာ အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်း၏ စခန်းခွဲ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်း၍ လုံခြုံရေး တာဝန်ယူထားသည့် မိုင်တိုင် (၄၃) လုံခြုံရေး စခန်းမှ တပ်မတော် ဒု-တပ်ရင်းမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုရဲအုပ် တို့အဖွဲ့သည် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် အောင်ဇံ ကျေးရွာအုပ်စု၊ ဖူရာန်မာဂျွား ကျေးရွာသို့ သွားရောက်၍ ယင်းရွာမှ ဦးအာမိရ်ဟူစိန်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၅၀ နှစ်)၊ ဦးရှော်ဘီရာမာန် (ဘ) ဦးအဒူဆူဖီ (အသက် ၄၇ နှစ်)၊ ဦးဖေတင်အလီ တို့ကို ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီးခဲ့သည်။ 

ဦးအာမိရ်ဟူစိန်း၏ အိမ်တွင် BD ပြေးတစ်ဦး လာရောက်၍ ခိုလှုံနေခဲ့ပြီး၊ ၎င်းကို ဦးရှော်ဘီရာမာန်နှင့် ဦးဖေတင်အလီ တို့က ထမင်းကျွေးခဲ့သည်ဟု ဆိုကာ စွပ်စွဲ၍ အဆိုပါ သုံးဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းတို့ သုံးဦးကို နယ်ခြားစောင့်ရဲ များနှင့် စစ်သားများက လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ပြီး အတင်းအဓမ္မ ၀န်ခံခိုင်းကာ လျှောက်လွှာ စာရွက် အလွတ်ပေါ်တွင် လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ ထို့အပြင် ၎င်းတို့ သုံးဦးထံမှ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲ များနှင့် စစ်သားများ၏ ထိုးကြိတ် ရိုက်နှက်မှုကြောင့် ဦးအာမိရ်ဟူစိန်းသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ စစ်သားများနှင့် နယ်ခြားစောင့်ရဲ များသည် မကြာခဏ ဆိုသလို ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖမ်းဆီးပြီး ထိုးကြိတ် ရိုက်နှက်ကာ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။




သို့

ဦးကျော်တေဇာ
နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး
ငါးခူရကျေးရွာ အခြေစိုက် အမှတ် (၅) နယ်​မြေ၊ ​မောင်​​တောမြို့

ရက်​စွဲ။ ။ ​၂၀၁၆ ခုနှစ်​ ဖေ​ဖော်ဝါရီလ (၁၁) ရက်

အ​ကြောင်းအရာ။ ။ မုဒိမ်းကျင့်ခံ ခဲ့ရသူများ၏ မှန်​မှန်​ကန်​ကန်​ ဝန်​ခံ ထွက်​ဆိုချက်​ကို ဘာသာပြန်​ လုပ်​ခဲ့သူ၏ လွှဲမှားစွာ ဘာသာပြန် ခဲ့ခြင်းအ​ပေါ် ပြန်​လည် ​စီစစ်​ပြီး ကျူးလွန် ​ခဲ့သူများကို ထိ​ရောက်​စွာ အ​ရေးယူ ​ပေးပါရန်​ တင်​ပြခြင်း။


လေးစားစွာဖြင့်

၁။ ၂၀၁၆ ခုနှစ်​ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ ည ၈း၃၀ နာရီ အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာမှ ဦးဆော်ယာဒ်အာလောမ်၏ ဇနီး ဒေါ် - ရှောမ်ရှိဒါ (ဘ) ဂူရာမျာ (အသက် ၂၅ နှစ်) နှင့် ဦး​ဆော်​ယဒ်​အမတ်​၏ သမီးဖြစ်သူ မုဆိုးမ ဒေါ် - အာမီနာခါတူ (အသက် ၂၈ နှစ်) တို့ကို လောင်းဒုံ ကျေးရွာအုပ်စု၊ စေတီပြင်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်း တာဝန်ခံ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၄) ဦးတို့က လူမဆန်စွာ ရိုက်နှက်၍ အကြိမ်ကြိမ် အတင်း အဓမ္မ မုဒိန်းကျင့် ခဲ့ပါသည်။ အကြိမ်ကြိမ် မုဒိန်းကျင့်သည်ကို မခံနိုင်တော့သည့် အမျိုးသမီးနှစ်​ဦးက အိမ်နီးချင်းများ ထံမှ ​အော်​ဟစ်​၍ အကူအညီ တောင်းခံခဲ့သောကြောင့် အိမ်နီးချင်းများ စုဝေး ရောက်ရှိလာသဖြင့် နယ်ခြားစောင့်ရဲများ ထွက်​ပြေးသွားခဲ့ပါသည်​။ ရွာသားများကလည်း ဆူပူမှု ဖြစ်မည်ကို ကြောက်ရွံ၍ မုဒိမ်းကျင့်ခဲ့သည့် နယ်ခြားစောင့်ရဲ များကို လိုက်လံ ဖမ်းဆီးခြင်း မပြုလုပ်ဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်လိမ်ထံ ချက်ချင်း တိုင်ကြားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် မုဒိမ်းကျင့်ခံခဲ့ရသူ အမျိုးသမီးနှစ်​ဦးကို သွား​ရောက်​ စစ်​​ဆေးပြီး ထိုအမျိုးသမီး နှစ်​ဦးတို့က အမှန်​အတိုင်း ဝန်​ခံ ထွက်​ဆိုခဲ့​သော​ကြောင့် ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးက မုဒိန်းကျင့်ခံရသည့် အမျိုးသမီးများနှင့် ၎င်းတို့၏ ဖခင်​များကိုပါ ခေါ်ယူ၍ လူကြီးမင်းထံသို့ လာရောက်​ အစီရင်​ခံ တိုင်​ကြားခဲ့​ခြင်း ဖြစ်သည်။

၂။ လူကြီးမင်းကလည်း အဆိုပါ အမျိုးသမီးများကို ည​နေ​စောင်း အချိန်​အထိ ကိုယ်​တိုင်​ စစ်​​ဆေး​ခဲ့​ကြောင်းသိရှိရပါသည်​။ သို့​သော် စစ်​​ဆေး ​နေစဉ်​အတွင်း ဘာသာပြန်​လုပ်​ခဲ့သူ စံပါယ်ကုံးကျေးရွာမှ ကြိမ်ချောင်းအလယ်ရွာသို့ ပြောင်းရွှေ့ နေထိုင်​​နေသူ မောင်ဆုရ် (ခ) မောင်မောင်စိုး (ဘ) ဦးအာဘုလ်အာလောမ်ချော်ဒရီ နှင့် လောင်းဒုံ ကျေးရွာအုပ်စု ကျွန်းခေါင်းရွာ ဥက္ကဋ္ဌ ဟောင်း ဦးဇာဟိတ်အာလောမ်​ တို့က မုဒိမ်းကျင့် ခဲ့ရသူများ၏ မှန်​မှန်​ကန်​ကန်​ ဝန်​ခံ ထွက်​ဆိုခဲ့မှုကို လူကြီးမင်းအား လွဲမှားစွာ ဘာသာပြန်​ခဲ့​ကြောင်း ​လေ့လာသိရှိရပါသည်​။ နောက်​တစ်​​နေ့ ဖေ​ဖော်​ဝါရီလ (၇) ရက်​​နေ့၌ လူကြီးမင်း ကိုယ်​တိုင်​ မုဒိမ်းကျင့်ခံ အမျိုးသမီးတို့၏ ​နေအိမ်​သို့ ​ရောက်​ရှိလာ၍ တဖန်​ စစ်​​ဆေး​သော အခါမှာလည်း အမျိုးသမီးများက သူတို့ ခံခဲ့ရသည့် အတိုင်း မှန်​ကန်​စွာ ထွက်​ဆို ခဲ့​သော်​လည်း ဘာသာပြန်​ လုပ်​ခဲ့သူ မောင်မောင်စိုးက ပါး သုံးချက်သာ ရိုက်နှက် ခံရသည်ဟု လိမ်လည် ဘာသာ ပြန်ခဲ့​ကြောင်း သိရှိရသည်။ 

၃။ ဘာသာပြန် လုပ်​ခဲ့သူများ ဖြစ်​ကြ​သော မောင်​​မောင်​စိုးနှင့် ဦးဇာဟိတ်အာလောမ် တို့သည် ငယ်​စဉ်​ကတည်းကပင်​ အရက်​​သေစာ အလွန်​အကျွံေ သောက်​တတ်​သူ၊ အမျိုးသမီးများကို လိင်​ပိုင်းဆိုင်​ရာ ​စော်​ကားတတ်​ သူများ ဖြစ်​ကြပါသည်​။ ထို့အပြင်​ လောင်းဒုံ နယ်​ခြား​စောင့် ရဲတပ်ဖွဲ စခန်းနှင့် ငါးခူရ စခန်းတို့တွင် ကပ်​​နေလျက်​ ​အောက်​​ခြေ အာဏာပိုင်​ များနှင့် ပူး​ပေါင်းပြီး ပြည်​သူများကို အမြဲ ဒုက္ခ​ပေး၍ ကိုယ်​ကျိုး စီးပွား ရှာ​နေသူများ ဖြစ်​ကြပါသည်​။ 

၎။ လူကြီးမင်းသည် ​ဒေသခံ ပြည်​သူများ အကြား နာမည်​​ကောင်းဖြင့် အထူး ကျော်​ကြား​နေသူ တစ်ဦး ဖြစ်ပါသည်​။ လူကြီးမင်း၏ လက်​​အောက်​တွင် ​ရှိ​သော တပ်ဖွဲ့ဝင် များကို ဥပဒေဘောင် အတွင်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်း ထားတတ်​ပြီး အကယ်၍ တပ်ဖွဲ့ဝင်များ မတရား ကျူးလွန်လာပါက ဥပဒေနှင့် အညီ ပြင်းပြင်းထန်ထန် အရေးယူလေ့ ရှိ​ကြောင်း လူကြီးမင်း တာဝန်​ထမ်း​ဆောင်​ခဲ့​ဖူးသော တောင်ပြို​ဒေသမှ ဒေသခံများက ချီးကျူး ပြောဆိုနေ​ကြသည်​ကိုလည်း သိရှိရပါသည်​။

၅။ သို့ဖြစ်​ပါ၍ အဓမ္မ မုဒိမ်းကျင့်ခံ အမျိုးသမီး များက မိမိတို့၏ အရှက်​တရား၊ မိမိတို့၏ ဂုဏ်​သိက္ခာ များကို မငဲ့မညှာဘဲ တရား မျှတမှုကို ​မျှော်​လင့်၍ မိမိတို့ ခံခဲ့ရသည့် အတိုင်း ရဲရဲဝံ့ဝံ့ မှန်​မှန်​ကန်​ကန်​ ဝန်​ခံ ထွက်​ဆို​ခဲ့မှုကို လွဲမှားစွာ ဘာသာပြန် ပြုလုပ်​ခဲ့သည့် အထက်​​ဖော်​ပြပါ ပုဂ္ဂိုလ်​နှစ်​ဦးနှင့် လူမဆန်​စွာ ရိုက်​နှက်​ပြီး မုဒိန်းမှုကျူးလွန်​ ခဲ့သည့် တပ်​ဖွဲ့ဝင်​ ​လေးဦး တို့ကို တရားဥပ​ဒေအရ ထိ​ရောက်​စွာ အ​ရေးယူ ​ပေးပါရန်​​ ​လူကြီးမင်းထံသို့ ဒေသခံပြည်​သူများက "RB ​အိတ်ဖွင့် ပေးစာ ကဏ္ဍ" မှတဆင့် လေးစားစွာ အသိ​ပေး တင်​ပြ လိုက်​ပါသည်​။


ဒေသခံပြည်သူများ




MYARF
RB News
10.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အနီးတ၀ိုက် ကျေးရွာများတွင် တံတား ဆောက်လုပ်ရန် GE ဆောက်လုပ်ရေးတပ်က စုဆောင်းထားသော ကျောက်စရစ် များကို ညောင်ချောင်း ဒေသတွင် တာဝန်ကျနေသည့် GE ဆောက်လုပ်ရေးတပ်မှ တာဝန်ခံက ဖရုံချောင်း ကျေးရွာအုပ်စု ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာထံ ကျောက်စရစ် ကားနှစ်စီးစာခန့် ခိုး၍ ရောင်းချခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် GE ဆောက်လုပ်ရေး တာဝန်ခံက ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ကျေးရွာတွင် တံတား ဆောက်လုပ်ရန် စုဆောင်းထားသည့် ကျောက်စရစ် များမှ Lifan ကားဖြင့် တစ်စီးစာ၊ ဂူတာပြင် ကျေးရွာအုပ်စု ငှက်ပျောချောင်း ကျေးရွာတွင် တံတား ဆောက်လုပ်ရန် စုဆောင်းထားသည့် ကျောက်စရစ် များမှ Lifan ကားဖြင့် တစ်စီးစာ၊ စုစုပေါင်း နှစ်စီးစာကို ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာထံ ရောင်းချခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ကျောက်စရစ် များကို ည ၈ နာရီခန့် အချိန်တွင် ဦးဆော်လီမူလ္လာ၏ အိမ်သို့ ကားဖြင့် ပို့ဆောင် ပေးခဲ့သည်။ ကာလတန်ဖိုးမှာ ကျပ် နှစ်သိန်း ကျော်ဖိုး ရှိသည်။ 

GE ဆောက်လုပ်ရေး တာဝန်ခံနှင့် ကျေးရွာ တာဝန်ခံတို့က ပစ္စည်းများ ခိုးယူရောင်းချခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများကို အလွဲသုံးစား ပြုလုပ်လျက် ရှိသည်။ တံတား ဆောက်လုပ်ရာတွင် ပစ္စည်းများ လိုသလောက် မသုံးဘဲ ပစ္စည်းများ ခိုးယူ ရောင်းချပြီး တံတားကို ပရမ်းပတာ ဆောက်လုပ်လျှင် တံတားများ တာရှည်မခံဘဲ စောစီးစွာ ပျက်စီး သွားနိုင်သည်။ အထက် အရာရှိကြီးများက စစ်ဆေးရန် လာလျှင် ရွာသားများက ခိုးယူခဲ့သည်ဟု ဆိုကာ ရွာသားများ အပေါ် အပြစ်ပုံချမည်ကို ရွာသားများက အထူး စိုးရိမ်လျက် ရှိသည်။



MYARF
RB News
9.2.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အနောက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်တပ်မှ ဗိုလ်ကြီး စိုင်းအောင်ကျော်၊ ဗိုလ်ကြီး သက်ပိုင်ဦး တို့နှင့် ပူးပေါင်း၍ ရွာသူရွာသား များကို ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် တပ်ရင်း (၅၅၁) လက်အောက်ခံ စခန်းများ ဖြစ်သည့် ကူတောင်နှင့် ရွှေလောင်းတောင် အခြေစိုက် စခန်းခွဲများမှ ဗိုလ်ကြီး စိုင်းအောင်ကျော်နှင့် ဗိုလ်ကြီး သက်ပိုင်ဦးတို့ အဖွဲ့သည် အနောက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် အတူ ရွာထဲသို့ ရောက်ရှိလာပြီး ဆယ်အိမ်စုမှူးများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ဆရာများနှင့် ကျေးရွာ အတွင်းရှိ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို အိမ်များထဲသို့ ၀င်ရောက်၍ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဦးရှကူရ်ကိုလည်း ရှာဖွေခဲ့သည်။ ၎င်းကို မတွေ့သဖြင့် ၎င်း၏ ဖခင် ဖြစ်သူ ဦးနူရ်အာမတ်ကို ပြင်းထန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ 

ထို့နောက် မော်လ၀ီ ဆရာ တစ်ပါးဖြစ်သူ ဦးအလီဂျူဟာရ် ဆိုသူကို ဖမ်းဆီးရန် ရှာဖွေခဲ့ရာ၊ မော်လ၀ီက တိမ်းရှောင် နေသဖြင့် ပစ်မိန့်နှင့် အတူ လက်ခံထားသူကို ငွေဒဏ် (၁၀) ချမှတ်မည်ဟု ကြေညာခဲ့သည်။ 

ဖေဖော်ဝါရီလ (၅) ရက်နေ့မှ စ၍ ယနေ့ အချိန်ထိ ရွာသား (၃၀) ကျော်ကို ဗိုလ်ကြီးနှင့် အဖွဲ့က ရိုက်နှက်ခဲ့သည်။ ထို့အပြင် မော်လ၀ီ ဦးအလီဂျူဟာရ်ကို ဖမ်းဆီးရန် အိမ်သို့ အကြိမ်ကြိမ် သွားရောက်ပြီး ၎င်း၏ ဇနီးကို အမျိုးမျိုး ခြိမ်းခြောက်လျက် ရှိသည်။ ဗိုလ်ကြီးနှင့် အဖွဲ့၏ ရက်စက် ကြမ်းကြုတ်မှုကြောင့် ရွာတွင် အမျိုးသား တစ်ဦးမှ မနေရဲတော့ဘဲ တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် မနီးမဝေးရှိ တောင်သို့ ထင်းခုတ်ရန် သွားနေသည့် မူဖိစ် (ဘ) ဦးနူရ်ဘော်ရှော်ရ် အပါအ၀င် လူငယ် (၄) ဦးကို အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် တပ်ရင်း (၅၅၁) မှ စစ်သားများ အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့သည်။ 

ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် စစ်သားများက အနောက်ပြင် ကျေးရွာမှ သစ်ခွဲသမား (လွှသမား) များ ဖြစ်သည့် ဦးယာစီးန်နှင့် ဦးကာမာလ် တို့ကို စစ်တပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ ခွင့်ပြုချက် မယူဘဲ သစ်ခွဲနေသည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း၊ ၀ါးနှင့် ဓနိ ရောင်းသူ ဦးဟာဘဲစ်အာမတ် (ဘ) ဦးအဒူရော်ကိမ်းကို ရွာတွင်း ဓနိနှင့် ၀ါးရောင်းနေသောကြောင့်ဟု ဆိုကာ ငွေကျပ် တစ်သိန်းနှင့် ဓနိ တစ်ထောင်၊ ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးအာဘူတာဟဲရ်ကို နွားတစ်ကောင် ရွာအပြင်ဘက် လယ်ကွင်းသို့ ထွက်ခဲ့သည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း၊ ဦးနော်ဘီဟူစိန်း (ဘ) ဦးအီလီယာစ် အပါအ၀င် (၅) ဦးကို ရွာအပြင် ထွက်၍ ချောင်းကမ်းမှ ထင်းခုတ်ခဲ့သည်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း၊ ဦးအာယုဖ်ခါန် (ဘ) ဦးဒူလားမျာနှင့် ဦးနိုရ်အာမတ် (ဘ) ဦးအဒူကာဒဲရ် တို့ကို ရွာအပြင်ဘက် တောင်ခြေစောင်းသို့ နွားကျောင်းရန် သွားခဲ့သည်ဟု ဆိုကာ ငွေကျပ် သုံးသိန်း -- ညှစ်ယူခဲ့သည်။ ထိုသို့ ငွေညှစ်ယူရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် အတူ တပည့်များ ဖြစ်သည့် ဦးအဒူလ်ဟာရှိမ်နှင့် ဦးရော်ရှိတ်တို့လည်း ပူးပေါင်း ပါဝင်ခဲ့သည်။ 

ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် အနောက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ဦးရှကူရ် (ခ) ဦးမောင်မောင်အေး တို့နှစ်ဦး ယှဉ်ပြိုင်ခဲ့ကြရာ ဦးရှကူရ်က မဲအများစု ရရှိခဲ့ပြီး အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် ဦးမောင်မောင်က ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု ဆိုကာ မြို့နယ် အုပ်ချုပ်ရေးမှူးထံ တောင်းဆိုခဲ့သောကြောင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပခဲ့သည်။ သို့သော်လည်း ဒုတိယ အကြိမ် ရွေးကောက်ပွဲတွင်လည်း ဦးရှကူရ် အနိုင်ရရှိခဲ့သည်။ 

ရွေးကောက်ပွဲ အပြီးတွင် ဆယ်အိမ်စုမှူးများကို လာဘ်ငွေများ ပေး၍ အနိုင်ရရှိသည့် ဦးရှကူရ်အား ကန့်ကွက်ခိုင်းရန်လည်း ကြံစည်၍ စည်းရုံးခဲ့သည်။ သို့သော်လည်း ဆယ်အိမ်စုမှူးများက မူလ အခြေအနေ ပေါ်တွင်သာ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်ခဲ့ကြသည်။ 

ယင်းနေ့မှ စ၍ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က စစ်သားများကို ရှေ့တွင်ထားပြီး ရွာသူ/သား များကို ထင်ရာစိုင်း ဖိနှိပ်နေသည်ဟု ဒေသခံများက ပြောပါသည်။ ထိုသို့ ပြုလုပ်နိုင်ရန် စစ်တပ်အား ငွေကျပ် သိန်း (၃၀) လာဘ်ငွေ ပေးခဲ့သည်ဟု ဦးမောင်မောင်နှင့် ခင်မင်ရင်းနှီးသည့် ပုဂ္ဂိုလ် တစ်ဦးက ပြောပါသည်။ ယင်းလာဘ်ငွေများကို ရန်ကုန်မြို့ရှိ ဦးမောင်မောင်၏ ဦးလေး အရင်းဖြစ်သူ ဟာဂျီ ဦးဆော်လိမ်က ထုတ်ပေးခဲ့ကြောင်း၊ ဦးဆော်လိမ် ဆိုသူမှာ ၂၀၁၂ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် အနောက်ပြင် ရွာသားများကို ငွေကြေး၊ ဆန်၊ အ၀တ်အထည် စသည်များ ထောက်ပံ့ ပေးကာ ရွာသားများ၏ အသက်ပေါင်း များစွာကို ကယ်ဆယ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် တူတော်မောင် ဦးမောင်မောင်၏ အကျင့်ပျက် လုပ်ရပ်များကို သိလျက်နှင့် လိုလေသေးမရှိ ငွေကြေးဖြင့် ကူညီ ထောက်ပံ့လျက်ရှိပြီး၊ ရွာသားများ ၎င်းကြောင့် ဒုက္ခရောက်နေသဖြင့် ဦးဆော်လိမ်နှင့် ရွာသားများ လမ်းခွဲခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

Rohingya Exodus